Sunday, July 26, 2026

စခန်းသာ


❝ စခန်းသာ ❞
( ကြည်အေး )

ထိုနေရာ၌ ကောင်းကင်သည် အမိုးဖြစ်၍ မြေပြင်သည် ကြမ်းပြင်ဖြစ်လေ၏။ ရာသီတို့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲပုံကို နီးနီးစပ်စပ် တွေ့ထိခံစားနိုင်ပေ၏။ လေသည် လန်းဆတ်မွှေးမြသည်။ ပန်းတို့ အလေ့ကျ ပွင့်ဖူးမြဲပင်၊ လိပ်ပြာများ ရစ်ဝဲလှည့်ပတ်သည်ကို ငှက်များက သီချင်းဆိုပေးသည်။ နေ့သည် ရွှေရောင်၊ ညဉ့်သည် ငွေရောင်ဖြင့် ပြီးလေ၏။ မိုက်မှောင်တွင်းမှာတောင် စိန်ရောင်လက်သည်ကို ရှာလျှင် တွေ့မည်။

ထိုနေရာ၌ လူတစ်ယောက်၊ မျောက်တစ်ကောင်နှင့် တယောတစ်လက် စုဝေးလျက်သား ရှိသည်။

ထိုလူတစ်ယောက်ကား အမျိုးအမည် မထင်ရှားသူပင်တည်း။ သူသည် ဘယ်နေရာမှာ မွေးဖွားခဲ့သည် မသိ။ အရပ်ရပ်သို့ လှည့်ပတ်နေရင်း ကြီးပြင်းခဲ့သည်။ သူ၏ ကလေးဘဝသည် လွတ်လပ်သည်။ ငတ်ပြတ်သည်။ ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်ဝသည်။ မျက်ရည်နှင့် တေးတို့ဖြင့် လုံးထွေးသည်။

သူ့နာမည်ကို ဘယ်သူမှ မကြားစဖူး။ ဘယ်သူကမှလည်း မမေးမြန်းချေ။ သူ့၌ နာမည် ရှိပါသလား ဟူ၍ အံ့ဩမည့်သူ တစ်ယောက်တလေ ပေါ်ခဲ့ဖူးသလားတော့ မသိ။ သူ့ကို အားလုံးက ပစ်ပယ်ထားလေသည်။

သူသည် ညိုမောင်း၏။ ကျစ်လျစ်၏။ ရာသီနှင့် ရောဂါတို့ဒဏ်ကို မညည်းမညူ ခံနိုင်၏။ စိတ်ကူးဆန်းကြယ်တတ်သည်။ မိုးရေပေါက်ကို သောက်တတ်သည်။ သူ့နှလုံးသည် အစာဝစွာ စားရသောအခါ၌ မှန်ကန်သန်မာစွာ ခုန်လေ့ရှိသည်။ စိတ်လှုပ်ရှားသည်နှင့် အမျှလည်း နှေးတတ် မြန်တတ်သည်။ ကြာနိုင်သမျှ ကြာရှည်စွာ ခုန်မည့် နှလုံးပင်တည်း။

ရက်ပေါင်းများစွာပင် ပိုးကောင်မှ လိပ်ပြာသို့ ပြောင်းသောအဆင့်မျိုး၌ ငြိမ်သက် နေတတ်၏။ ထိုအခါ၌ သူ့လက်ဆယ်ချောင်း၌ နတ်သမီးဆယ်ယောက် ကကြသည်။ အားလုံးသောအရောင်တို့သည် ကြီးမားသော သက်တံ, တံတားကို ဆောက်ကာ သူ့ကို ဇာတိ၏ ချုပ်ငြိမ်းရာသို့ပင် ခေါ်ဆောင်တော့မည်ဟန်ကို ပြလေ၏။ ကြွေရွက်ဝါများ၊ နှင်းဆီပွင့်ဖတ်များ၊ မြေသင်းရနံ့များ၊ အဝေးမှ စိမ်းညို့မည်းမှိုင်းသော တောအုပ်များသည် သူ့ အာရုံ၌ အကျုံးဝင်၏။ သူသည် သြကာသလောက၏ ဘုရင်ဧကရာဇ် ဖြစ်၍ နေလေ၏။

ထိုတယောကို သူသည် ပူဆွေးလွမ်းဆွတ်လျက် ရှိသော မိန်းမငယ်တစ်ယောက် ထံမှ လုယူရရှိခဲ့လေသည်။ သည့်ထက်ပို၍တော့ သူ မပြောတတ်ချေ။ စင်စစ်မူ ထိုတယော၌ အတိတ်ရှိသည်။

ထိုတယောကို ပညာတတ်လို့၊ စိတ်ချမ်းသာလို၍ ( အချစ်ဖြင့် တိုင်းထွာခြင်းက လွဲ၍ ) မတူတန်သာသော မိန်းမကို ရယူချင်ခြင်းပြင်းသည့် ကျေးတောသား တစ်ယောက် ကိုယ်တိုင် ပြုလုပ်ခဲ့သည်။ တယောအိမ်ကို နိုင်ငံရပ်ခြားမှ ရသော ထင်းရှူးသားဖြင့် ပြုလုပ်သည်။ တယောတိုင်နှင့် ခလုတ်များကား မာကျောသော ပိတောက်သားပင်၊ ကြိုးလေးကြိုး အနက် အတုတ်ဆုံးကြိုးမှာ ဟောင်းအိုသော စောင်းကောက်မှ ရသည့်ပိုးဖြင့် ကျစ်သောပိုးကြိုး ပင်တည်း။ ထို့ကြောင့် ထိုးတံမှ မြင်းမြီးဖြင့် တို့ထိလိုက်သော် ရရှိသည့်အသံသည် အနည်းငယ် ထုံသော်လည်း နက်နဲသည်။

ကျေးတောသားသည် ငယ်ရွယ်တုန်းပင် ဖျားနာ၍ သေသည်။ သေမှ ငိုတတ်သော ချစ်သူထံသို့ တယော ရောက်လာသည်။ သို့သော်လည်း ကဗျာဂီတတို့သည် မပြုတတ်သော လက်များ၌ အိပ်ပျော်လျက်ရှိကာ နောက်ဆုံး သူ့ထံ ရောက်လာခဲ့မှပင် နိုးထလာကြတော့လေသည်။

ထိုတယောသည် လွယ်အိတ်ထဲ၌ အမြဲရှိကာ သွားလေရာပါသည်။ ထို့ပြင် သူ့အား မဖြစ်စလောက်သော အလေးချိန်နှင့်လည်းကောင်း ရှုပ်ရှက် ကန့်လန့်နိုင်ခြင်းနှင့် လည်းကောင်း ဒုက္ခမပေး၊ အကြောင်းမူကား သူ့လွယ်အိတ်ကို မျောက်မငယ်ကလေးက အမြဲထမ်းပိုးလေ့ရှိခြင်းကြောင့်ပင်တည်း။

မျောက်မငယ်ကလေးနှင့် သူတို့သည် အချင်းချင်း နားလည်ကြသော သူငယ်ချင်း ကောင်းများပင်တည်း။ သူတို့သည် ညဉ့်နက်သန်းခေါင်အထိ စကားပြောတတ်သည်။ ပျော်ရွှင်သောအခါများ၌ ကစားကြသည်။ စိတ်ဆိုးသည့် အခါများ၌ လည်ချင်းယှက်၍ ငိုကြသည်။

မျောက်မငယ်ကလေးသည် အမွေးညို၍ အလွန်သေးကွေးသော မျောက်မျိုးပင်တည်း။ နွေရာသီတစ်ခု၌ သူသည် မြစ်ကမ်း ချုံနွယ်များ ကြားသို့ တိုးဝင်သွားရင်းက အပေါင်းအဖော်ဖြစ်ခဲ့ကြသည်။ သူတို့သည် တစ်ယောက်မှ တစ်ယောက် ကင်းကွာ၍မရ။ တစ်ယောက် သေဆုံးခြင်းနှင့် ကျန်တစ်ယောက်သေဆုံးခြင်းသည် အချိန်ကွာခြားလိမ့်မည် မဟုတ်။

အလွန်ကြောက်ရွံ့သော အခါများ၌ သူတို့ နှစ်ယောက်သည် တဆတ်ဆတ်တုန်ကာ တစ်ယောက် ကိုယ်ကို တစ်ယောက် ဖက်ကာ အားရှိခဲ့ကြသည်။ မလောက်ငသော အစာကို ထက်ဝက်ခွဲ၍ စားခဲ့ကြ၏။ ဆောင်းရာသီ၌ ကိုယ်ငွေ့နှစ်ငွေ့ ပေါင်း၍ နွေးခဲ့ကြ၏။ နာရီပေါင်းများစွာ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်၍ ထိုင်ခဲ့ကြ၏။

တစ်ခါတစ်ရံတော့လည်း ရမ္မက်မုန်တိုင်းတို့ ထလာတတ်သည်။ သို့သော် သူတို့ သည် သစ္စာရှိ၍ ခွင့်လွှတ်တတ်ရကား အမြဲတမ်းပင် သည်နှစ်ယောက်သားသည် တည့်နေကြသည်။

မုန်တိုင်းကို ငုံ့လျှိုးခြင်းဖြင့် သူတို့ တွေ့ဆုံသည်။ သို့လျှင် သူသည် မိမိ ဝင်ဆံ့သော မည်းမှောင်သော မွဲချာစုတ်ပဲ့လှသည့် လူနေရပ်ကွက်များသို့ ကပ်တတ်သည်။ ညစ်ညမ်းခြင်း၏ အစွန်မှဆန့်ကျင်၍ ထင်လင်းလာသော အေးချမ်းသာယာခြင်းဖြင့် သူ ပြန်လာတတ်သည်။ သူ့၌ ပြန်လာနိုင်သော သတ္တိရှိသည်။

မျောက်မငယ်သည်လည်း တနွေနွေ၌ မျောက်ငယ်ကလေးများကို ချီပိုး နို့တိုက်လျက်ရှိတတ်သည်။ သို့သော်လည်း သူတို့သည် ဘယ်သူမှ ကြားဝင်၍ မရနိုင်သော နှစ်ယောက်တည်း အဖြစ်သို့ ပြန်ရောက်သည်။ ကလေးငယ် ဆိုသည်မှာ တစ်နေ့၌ ကြီးပြင်းလာ၍ သူ လိုရာ သွားတတ်သည်တကား။ မိခင်မျက်ရည်လည်း မြေပေါ်သို့ ကျချင် ကျခဲ့မည်။

ခါတိုင်းလိုပင် ဘာမှမဆန်းပြားဘဲ အေးချမ်းသော နံနက်၌ သူသည် တယောကို စမ်းမိလေသည်။ အသံတို့သည် ယက်ပေါက်ရောက်သလို တုန်တခိုက်ခိုက်နှင့် ဆန်းပြား မြူးကွန့်လာလေ၏။ မျောက်ငယ်သည် ကျန်သော သူ့ပခုံး တစ်ဖက်ပေါ်သို့ ခုန်တက်ကာ ခေါင်းကို ဖက်၍ ဟိုဘက်နားရွက်ကို ဆွဲထားသည်။ မတိုင်းဆနိုင်သော တဒင်္ဂ ဟူ၍လည်း ထင်ရသောအချိန် ကုန်ဆုံးသွားသော် သူ့တယောသည် ပခုံးပေါ်မှ လျှောကျ၍ ပေါင်ပေါ်၌ တင်လေ၏။ သို့သော်လည်း တေးသည် မပီသရုံနှင့် ပို၍ ပျောင်းညင်းရုံမျှသာ ဖြစ်လေ၏။ အကြောင်းမူကား ပဉ္စသီခနတ်၏ တမန်တော်တို့သည် လေ၌ က, ခုန်ကာ တယောကြိုးကို ဝင်တိုးမိကြပေ၏။ မျောက်မငယ်ကား ကြည်နူးသော မျက်ရည်များ တွေစိမ့်ကာ ငိုယိုနေသည်။ ချမ်းသာသသူကား နစ်မောလျက် အသေပမာ မြောကာ မှိန်းသည်။ သို့သော်လည်း အိပ်မက်မဆုံးခင် နိုးရပေဦးမည်။

▢  ကြည်အေး
📖 ရှုမဝ မဂ္ဂဇင်း
     ဖေဖော်ဝါရီ၊ ၁၉၅၃

မရိုက်နဲ့နော်


❝ မရိုက်နဲ့နော် ❞
      ( ကိုလုံ )

မိန်းမ ။  ။ မောင်ရေ တစ်ခုလောက်ပြောချင်လို့ ... 

ယောက်ျား ။  ။ ပြောလေ .. ။

မိန်းမ ။  ။ ပြောပြရင် ရိုက်မှာလား ...

ယောက်ျား ။  ။ မရိုက်ပါဘူး ခင် ... ဘာပြောစရာရှိလို့လဲ ... 

မိန်းမ ။  ။ ခင် အခု ကိုယ်ဝန်ရနေပြီ ... မောင် ...

ယောက်ျား ။  ။ Ohhhhhh ....Yessssss .... ဒီလောက် ဝမ်းသာဖို့ ကောင်းတာကို ခင်က ဘာလို့ ကြောက်နေရတာလဲကွာ ...

မိန်းမ ။  ။ ဟိုလေ တက္ကသိုလ်ကျောင်းသူ ဘဝတုန်းက အဲဒီလို အဖေ့ကို ပြောလိုက်တာ သွေးထွက်အောင် ရိုက်လို့ ...

ယောက်ျား ။  ။ ဘာ !!!!!!!!!

 ▢  ကိုလုံ
📖 ရယ်စရာ မဂ္ဂဇင်း
      မေ - ဇွန် ၊ ၂၀၁၅

ပန်းကြွေလျော မြေခပြီ

❝ ပန်းကြွေလျော မြေခပြီ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“ ဒုံ...ဒုံ...ဒုံ ”

အရုဏ်နှင့်အတူ ဖွားမြင်လာသော တုံးကြီး ခေါက်သံသည် တဖြောက်ဖြောက် ရွာချနေသည့် မိုးပေါက်သံကို ဖြိုခွဲလျက် ရမ်းဘိုကုန်းရွာတွင်းသို့ ဝင်ရောက်လာလေ၏ ။

“ အောက်အီးအီးအွတ် ”

အတောင်ကို တဖန်းဖန်းရိုက်ကာ အားယူပြီး လည်တံမော့လျက် သော့သော့ကလေး တွန်လိုက်သော ကြက်တွန်သံများကလည်း တုံးကြီးခေါက်သံနှင့် မရှေးမနှောင်း ထွက်ပေါ်လာလေသည် ။ မဲမှောင်ခြင်း အောက်၌ နစ်မြုပ်နေရာက ရမ်းဘိုကုန်းရွာမှာ လှုပ်ရှားလာ၏ ။ အမှောင်ဝတ်ရုံသည် တဖြည်းဖြည်း အရောင်ဖျော့လာ၏ ။ နိုးကြားလာသော အသံဗလံများ ဆူညံခြင်း မရှိသေးသောကြောင့် အချို့အိမ်များမှ မီးမွှေးရန်အတွက် တံစက်မြိတ် ချိုးသံများကို ခပ်ဝေးဝေးမှပင် ချိုးချိုးချွတ်ချွတ်နှင့် ကြားနိုင်ပေသည် ။

လေကလေးကလည်း အေးပါလှသည် ။ လန်ကျနေသော ထန်းရွက်များကို လေတိုးသံက နာနာဘာဝ ကောင်ကြီးများ ကျယ်လောင်စွာ ရယ်မောသကဲ့သို့သော အသံဖြင့် ထန်းတောတွင်းမှ ထွက်ပေါ်လာ၏ ။ တွဲလွဲခိုနေရာက လေတိုးသောကြောင့် ၊ ထန်းပင် ပင်လုံးနှင့် ပြေး၍ ဆောင့်လိုက်သည့်အသံများကလည်း အကွပ်ကင်းနေသော ကြမ်းပေါ်မှာ ကလေးတွေ လျှောက်ပြေးနေသည့်အသံနှင့် မခြားပေ ။ ဤအသံများ၏ ကြားမှ တစ်ခါတစ်ခါတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသော ထန်းသီးကြွေသံများမှာကား ထန်းတော တစ်ခုလုံးကိုသာမက တစ်ရွာလုံးကိုပါ ဖုံးအုပ်သွား၏ ။

“ ဟဲ့ မိန်းကလေး ... ဘယ်လဲ ”

ကိုဆေးရိုးက ခါတိုင်းမူ အိမ်ခြေရင်းက နွားတင်းကုပ်ထဲတွင် နွားနှစ်ကောင်ကို နှိုးပြီး ၊ ထမ်းပိုးတင် ၊ ပစ္စည်းပစ္စယများကို ယူငင်နေရသောကြောင့် ၊ နွားတင်းကုပ်ထဲတွင် ကြာမြင့်စွာ ရောက်ရှိနေလေ့ရှိရာက ယနေ့မူ တစ်ညလုံး အိပ်ချင်သလိုအိပ် ၊ လှုပ်ရှားချင်သလို လှုပ်ရှားနေသောကြောင့် နဖားကြိုး လည်ပြီး ၊ ဇက်ပေါ်မှာ နေသော အထုံးက နှာခေါင်းပေါက်တွင်းသို့ ဝင်နေလေ့ရှိသော နွားနီလေး၏ နဖားကြိုးအသစ် တစ်ချောင်းယူရန် တဲတွင်းသို့ ဝင်အလာတွင် စိုက်တောင်းကြီး တစ်လုံးဖြင့် တဲထဲမှ ထွက်လာသူ ချောစိန်နှင့် ရင်ဆိုင်တိုးမိခြင်း ဖြစ်နေလေ၏ ။

“ ဟဲ့ ... မေးနေတာ မကြားဘူးလား ”

ကိုဆေးရိုးက တဲတွင်းသို့ ဝင်ဝင် မေးမေး မေးလိုက်ရာ ...

“ ထန်းသီး သွားကောက်မလို့ အဖေ ”

အဖေ ဟူသော မဝံ့မရဲ ဖြေသံကလေးကြောင့် လည်ပင်းကြီး စောင်းငဲ့လာကာ ...

“ ဟေ… ဘာ… ဘာ… ဘာပြောတယ် ” ဟု အော်လိုက်မိ၏ ။

“ ထန်းသီး သွားကောက်မလို့ပါ ”

“ ဟင် နေ့တိုင်း သွားကောက်နေတာပေါ့လေ ”

“ ဟုတ်ကဲ့ ”

“ ဘယ်သူပါလဲ ”

“ ဘယ်သူမှ မပါဘူး ”

“ မသွားနဲ့ ၊ အခု အိမ်ထဲပြန်ဝင် ”

ကိုဆေးရိုး၏ အသံမှာ ဟိန်းတက်သွားသည် ။ ဒေါသသံကလေးကလည်း ခပ်ပြူပြူမြင့်လာပြီး ..

“ ဟေ့ ကျီးဒန် ”

“ တော် ”

မကျီးဒန်မှာလည်း အေးအေးဆေးဆေး နေ၍ အေးအေးသက်သာသာ ပြောဆိုဆက်ဆံလေ့ရှိသော ကိုဆေးရိုးထံမှ ကြုံတောင့်ကြုံခဲ “ ဟေ့ ” လုံးရိုက်ပြီး ခေါ်လိုက်သံကို ကြားရသောကြောင့် မီးဖိုခန်းထဲမှ ပြူးပြူးပျာပျာနှင့် ထလာသည် ။

“ ဘာလဲဟင် ”

“ မိန်းကလေးကို ညည်း ထန်းသီးကောက်ခိုင်းသလား "

မီးဖိုထဲမှ မှိတ်တုတ်မှိတ်တုတ် ထွက်လာသော မီးရောင်အောက်၌ ကိုဆေးရိုး၏ မျက်လုံးမှာ ဒေါသကြောင့် ဝင်းလက်နေ၏ ။ ယင်းသို့ ကြွေလုလု ဒေါသဟုန်ကို “ ဘာဖြစ်လို့လဲ ” ဟူသော မကျီးဒန်၏ ဝေ့လည်ကြောင်ပတ်အမေးက တုတ်နှင့် ထိုးဆွလိုက်ရကား

“ ဘာလဲ ၊ ငါမေးနေတာ မကြားဘူးလား ၊ ဘာ ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ ... ဟင် ”

ကိုဆေးရိုးက ခပ်ကျယ်ကျယ် အော်လိုက်၏ ။ မျက်လုံးအစုံဝယ် ဒေါမနဿတိမ်ပန်းသည် ပြည့်လျှမ်းစွာ အုပ်ခြယ်လျက် သူက မကျီးဒန်အား စားတော့ ဝါးတော့မတတ် စိုက်ကြည့်နေသည် ။

တကယ်တော့မူ မကျီးဒန်မှာ ကိုဆေးရိုးအား ခွန်းတုံ့မခံ ပြန်ပက်လျက် လင်ကို အနိုင်ကြီးနိုင်နေသော မိန်းမတစ်ယောက်ဟု ထင်ခဲ့ရ၏ ။ ယခုမူ တစ်ဖက်မှ ပြင်းထန်စွာ ဆင်လာသော မုန်တိုင်းကို ကြံ့ကြံ့ရပ်၍ သစ်ပင်ကြီးပမာ ရင်မဆိုင်ဝံ့ဘဲ မြက်ပင်ပမာ ပြားခံခြင်းအားဖြင့် ငြိမ်နေလိုက်ရ၏ ။ ခွန်းတုံ့ခံ ပြန်လှန်၍ ပြောပါက အဘယ်မျှထိ ဒေါသမီးတောက် ထန်ပြင်းလာနိုင်သည် ဆိုတာကို ခန့်မှန်းမိရုံသာမက ၊ အလုပ်ပျက် အကိုင်ပျက်နှင့် လူကြားမကောင်း သူကြားမကောင်း ဖြစ်လာမှာများကိုပါ ကြိုတင်သိမြင်ခြင်းနှင့် အတူ ၊ အသားပါ နာရဦးမည် ဆိုတာကိုလည်း တင် ကြိုသိသောကြောင့် ကုပ်နေလိုက်သည်တွင် …

“ ငါမေးနေတာ မကြားဘူးလား ဟင် ” ဟူ၍ ကိုဆေးရိုး၏ သံကွဲကြီးက ဆင့်ကဲလာပြန်လေ၏ ။ သို့မေးသော်လည်း မကျီးဒန်မှာ မဖြေတတ် ။ မဖြေတတ်သောကြောင့် မဖြေဝံ့သည့်အတွက် မျက်ချီးဗရပေနှင့် ပေရမ်းနေသော မျက်တောင်များကို စင်းပြီးငုံ့ နေလိုက်ရသည် ။

“ ညည်းဟာလေ ... တယ် ... ငါ ”

သားကြီး ၊ သမီးကြီးတွေ ရှိနေသဖြင့် သူ့ကို ရိုက်လားနှက်လား မလုပ်တော့ဟူ၍ တစ်ထစ်ချသိသည့် ကြားမှပင် မကျီးဒန်မှာ ဖိန့်ဖိန့်တုန်သွားရ၏ ။

“ ညည်းဟာ ချီးပဲစားနေဖို့ ကောင်းတယ် ။ ကိုယ့်သမီး ဒီအသက် ဒီအရွယ်မှာ ခုလို မိုးမိုမှောင်မှောင် မပြောနဲ့ ဒီထန်းတောထဲကို နေ့လယ်နေ့ခင်းမှာတောင် တစ်ယောက်တည်း မလွှတ်သင့်ဘူးဆိုတာ ညည်း မသိဘူးလား ”

တဲထောင့် တစ်နေရာမှ နဖားကြိုး အသစ်တစ်ချောင်းကို ဆွဲယူကာ တဲအပြင်သို့ ထွက်သွားလေ၏ ။

သည်တော့မှ မကျီးဒန်ရော ချောစိန်ပါ သက်ပြင်း ချပြီး ခေါင်းကို မော်လိုက်သည်တွင် ကိုဆေးရိုး၏ ကိုယ်တစ်ခြမ်း တဲထဲသို့ ပြန်ဝင်လာပြီး ချောစိန်အား လက်ညှိုးထိုးကာ ...

“ နင်လည်း သတိထား ၊ ကြပ်ကြပ်သတိထားလိုက်စမ်း ။ လူလို ဆုံးမတဲ့အတိုင်း ပါးစပ်နဲ့ ပြောမရရင် ၊ နွားတို့ ခွေးတို့ကို ဆုံးမသလို တုတ်နဲ့ ပြောမယ် ဒါပဲ ”

မှန်သည် ။ တုတ်နှင့် ရိုက်ခြင်း ၊ လက်နှင့် ရိုက်ခြင်း စသော ပါးနားကို ရိုက်ခြင်းမှာ တိရစ္ဆာန်နှင့် မခြားလှ ။ ဤသို့ ဆုံးမခြင်းကို လူမမယ်နှင့် ခွေးနွားစသည့် အဟိတ်တိရစ္ဆာန်များသာ ခံရလေ့ရှိ၏ ။ ကိုဆေးရိုး မူကား တောသားလူရိုင်းပင် ဖြစ်သော်လည်း သားသမီးကို တတ်နိုင်သဖြင့် ပါးစပ်ဖြင့် ဆုံးမခဲ့သည် ။

ယခုလည်း ဒေါသကို ချုပ်တည်းထားရသဖြင့် နွားနှစ်ကောင်ကို မောင်းထုတ်ပြီး ထွက်ခဲ့သည့် တိုင်အောင် နှလုံးခုန်က မပြေပါသေးချေ ။ အသက်ရှူ မမှန် ၊ မြေသို့ ခြေချရပုံကအစ ဟန်မကျ ဖြစ်နေရ၏ ။ အဖော်မပါဘဲ ထန်းသီး သွားကောက်သော ချောစိန်၌ ဘာများ အပြစ် ရှိပါသနည်း ၊ မရှိချေ ။ သို့ဖြစ်လျှင် ကိုဆေးရိုးက ဘာကြောင့် ဒေါသကြီးနေရသနည်း ။

ထန်းသီးဒုံးဒုံး မိုးဗြုန်းဗြုန်း ဟူသော ဆိုစကား အရ မိုးဖြိုင်ဖြိုင် ရွာခိုက်တွင် လှိုင်လှိုင်ကြွေလာသော ထန်းသီးတွေကို နံနက်စောစော ထပြီး သူ့ထက်ငါ ဦးအောင် ကောက်ကြရ၏ ။ ပြီးလျှင် ဖျောက်ဆိတ်မွန်းမတည့်မီ မြေမှာ မြှုပ်ကာ နတ်တော်လလောက်တွင် ထန်းပင်မြစ် အဖြစ် ဖော်ရောင်းနိုင်ရကား အရင်းမစိုက်ရဘဲနှင့် ငွေရသော အလုပ်ကို အဘယ် ဆင်းရဲသားသည် မလုပ်လိုဘဲ ရှိပါအံ့နည်း ။ ထို့ကြောင့် ချောစိန်၌ အပြစ်မရှိပေ ။

သို့သော် ... သို့သော် ... မအေ ဆိုသည်မှာ သမီးကို အုပ်ထိန်းတတ်ရမည် မဟုတ်ပါလား ။ အထူးသဖြင့် အရွယ်ရောက်နေသော သမီး၏ မိခင်သည် သူတကာထက် မျက်စိလျင်၍ နားပါးရသည် ။ အအိပ် ဆတ်ရသည် ။ ဤသို့လျှင် အပျိုအရွယ်သမီးကလေးကို မျက်ခြည်မပြတ် ကြည့်ကာနေရမည့် တာဝန်ရှိသော မကျီးဒန် မှာကား အပြစ်ရှိသည် ။ လွှတ်သင့် ၊ မလွှတ်သင့် ဆိုသည်ကို စဉ်းစားသင့်၏ ။ လောဘ နားရွက် ချည့်တက်နေလို့ မဖြစ် ။ သည်လို ဆင်ခြင် ထိန်းသိမ်းရမည့် မိခင်က တာဝန်မဲ့နေသည်ကို တွေ့ရ သောအခါ၌ ကိုဆေးရိုး၏ ဒေါသယမ်းတိုက်ကြီး ပွင့်ကွဲလာရခြင်းကား နည်းလမ်းကျပေသည် ။

ထို့ကြောင့်ပင် အိမ်မှ သုံးမိုင်ခန့်ဝေးသော လယ်ထဲသို့ ရောက်လာသည့် တိုင်အောင် ကိုဆေးရိုး၏ ဒေါသက အရှိန် မပြေနိုင်သေးခြင်းပင် ဖြစ်၏ ။ ဒေါသ ဖြစ်နေပြီ ဆိုမှတော့ ဘာကိုမျှ လုပ်၍ မရတော့သဖြင့် ကိုဆေးရိုးမှာ ကန်သင်းပေါ်ဝယ် “ ဟင်း ” ခနဲ သက်ပြင်းချသံကြီးနှင့် အတူ ပစ်ထိုင်လိုက်မိ၏ ။

သူ၏ မျက်နှာမူရာ အရှေ့ဘက်တွင်ကား ကိုင်းခေါင်းညွန့်ဖြူဖြူကလေးတွေ၏ ကြားမှ ဖောက်ထွင်းပြီး တစ်စတစ်စ တက်လာသော နေလုံးကြီးကို မြင်နေရသည် ။ နေလုံးကြီးသည် နီရဲရာမှ တဖြည်းဖြည်း ဖြူလက်လာလေ၏ ။ သို့တိုင်အောင် ကိုဆေးရိုးမှာ ကန်သင်းပေါ်မှ မထမိသေးဘဲ ဒူးနှစ်လုံးကို လက်နှစ်ဖက်ဖြင့် ပတ္တာယှက်ပိုက်ပြီး ထိုင်နေဆဲသာ ရှိသေးသည် ။ စင်စစ်မူ သူ့ခေါင်းထဲတွင် မရှင်း ၊ ရင်ထဲ၌ မလင်းနိုင်ဘဲ စိတ်ထဲမှာ မေးခွန်းတွေ စီ၍ရီ၍ ထွက်ပေါ်နေ၏ ။

“ ဒီကောင်မလေး ... အခုလိုပဲ တစ်ယောက်တည်း ထန်းသီး သွားကောက်နေတာ ကြာပြီလား ”

“ ထန်းတောထဲ ရောက်တော့ ဘယ်သူတွေနဲ့ တွေ့သလဲ ။ ပြီးတော့ ဘာဖြစ်သလဲ ” သည်အမေးကိုတော့ ကာယကံရှင်များမှ တစ်ပါး မည်သူသည် သိနိုင်ပါမည်နည်း ။ မှန်ပေသည် ။ မည်သူမျှ မသိနိုင် ။

••••• ••••• •••••

မှန်ပေသည် ။ မည်သူမျှ မသိနိုင် ။

အရုဏ်တက်လာပြီ ဆိုလျှင် ထန်းသီးမှည့်တွေက ညပိုင်းထက် ပိုကြွေသည် ထင်ရ၏ ။ မိုးကလေး တစိမ့်စိမ့်နှင့်မြေပျော့ဆိုပါက ထန်းသီးကြွေကျသံက ပိုမို ကျယ်လောင်လေသည် ။ သည်လို ကျယ်လောင်သော အသံကြီးက နှောင့်ယှက်နေပါလျက်နှင့် ရမ်းဘိုကုန်း ရွာကလေးမှာ အိပ်မောကျနေမြဲကျနေ၏ ။ ကုန်လွန်ခဲ့သော တစ်နေ့တာ၏ ထုထောင်းခိုင်းစေမှုများ အောက်၌ အဘယ်မျှ ပင်ပန်းနွမ်းနယ်ခဲ့ရကြောင်းကို သိနိုင်ရန် သည်တစ်ကွက်နှင့်ပင် လုံလောက်နေပေပြီ ။

သို့သော်လည်း အချိန်ကျပြီဆိုလျှင် ကိုဆေးရိုး၏ မျက်လုံးများက ပွင့်လာရ၏ ။ သို့ပေမဲ့ တစ်ကိုယ်လုံး နာကျင်နုံးချိနေသဖြင့် မထချင် ။ စိတ်က ထမင်းမစားဘဲ သုံးရက်လောက် ဆက်ပြီးတော့သာ အိပ်နေလိုက်ချင်သည် ။ သည်ကြားထဲမှ အားယူပြီး ထကာ အလယ်တံအခါးမှ ထွက်၍ ထန်းတောထဲသို့ ဝင်ခဲ့ရ၏ ။ ရွာလယ်တံခါးနှင့် တည့်နေသော ဘုရားငုတ်တိုကြီး အနီးရှိ သီးပင်ကြီးအောက်သို့ ရောက်လျှင် သူ၏ နွမ်းနယ်ခြင်းတို့ ပပျောက်သွားခဲ့ရလေ၏ ။

“ စောင့်လိုက်ရတာ ကိုဆေးရိုးရယ် ”

ကိုဆေးရိုး၏ ရင်ခွင်တွင်းမှ နေပြီး ချစ်စိတ်ဖြင့် မောရသော ဝေဒနာကို အန်ပြလိုက်သူမှာ လှသွယ် တည်း ။ မောင်ဖွားမိဘ မသိ ၊ လူသူလေးပါး မမြင်အောင် ချစ်ကြရသည်မို့လည်း ပီတိသောမနဿတို့ ချဉ်ဆီစိမ့်မျှ ဖိတ်လျှံနေရကာ လုံခြုံမှုအတွက် ချုံနွယ်ပိတ်ပေါင်းထက်၌ မှောင်ကမ္ဗလာက ဆင့်တင်ထားပေသေးသည် ။ လှသွယ်က ထန်းသီးကောက်ဟု အကြောင်းပြကာ ထွက်လာပြီး ကိုဆေးရိုးက လူမမြင်အောင် ချိန်းတွေ့သောကြောင့် သူတို့ ကိစ္စကို မည်သူမျှ မသိနိုင်ဟု ထင်ခဲ့ကြ၏ ။

မှန်ပေသည် ။ မည်သူမျှ မသိနိုင် ။

သည်သို့ ထင်မှတ်ခြင်းမှာ မရိုင်းလှသော်လည်း မှန်တော့ မမှန်ပါချေ ။

တစ်နေ့သော နံနက်တွင်ကား ကိုဆေးရိုးမှာ အိပ်ယာထ၌ လန်းဆန်းရွှင်ပျနေသည် ။ ရွာပြင်ဘက် ထန်းတောထဲမှ ထန်းသီးကြွေကျသံများကို နားထောင်လျက် ရွာပြင်သို့ ထွက်ခဲ့၏ ။ ရွာစည်းရိုးရှိ မိုးနှံပင်များ၏ ကိုင်းရှုပ်များကြားမှ အရုဏ်၏ငှက်တေးများကို သာယာစွာ ကြားရသည် ။ ရွာလယ် တံခါးနားမှ ကိုဘတင်၏ တိန်ညင်ကလေး တွန်သံမှာလည်း ဂရုဏာသက်စဖွယ် ဖြစ်နေရ၏ ။ အရှေ့သို့ မျှော်လိုက်သော် သစ်ပင်များ ၊ တောအုပ်များကို ဖောက်ပြီး ယို ဆင်းလာသော ပတ္တမြားရည် အရုဏ်သွေးကို မြင်နေရသည် ။ မိုးစဲခိုက် လေအေးကလေး ဖြူးနေသည်မို့ ကိုဆေးရိုးမှာ သွက်လက်စွာဖြင့် လှသွယ်နှင့် တွေ့နေ ကျ သီးပင်ရိပ်ဆီသို့ လမ်းလျှောက်လာလေသည် ။

“ အလိုလေး ... ”

ကိုဆေးရိုး၏ ရင်သည် ပွင့်သွားရလေ၏ ။ ရပ်တည်ရာ မြေအပြင်သည် သူ့ခေါင်းထက်သို့ ထောင်တက်သွားသည် ။ ရေးဝါးဝါးသာ မြင်နေရသည့် သီးပင်နှင့် ဘုရားငုတ်တိုသည် ရဟတ်ပမာ လည်နေကာ အသိတရားများသည်လည်း ပျောက်ကွယ်သွားလေသည် ။

သူတို့ တွေ့ဆုံနေကျ သီးပင်ကြီးအောက် အရောက်တွင် ကိုဆေးရိုး မြင်လိုက်ရသောအရာမှာ လှသွယ် တည်း ။ သို့သော် သူ၏ နှလုံးသားတွင် စိုက်ထားကိုး ကွယ်မှုခံရသည့် ပန်းလှရတနာမှာ ခါတိုင်းလို မိုးသောက်ဦး၌ အလှဖြင့် ဝင့်ကြွား မနေပါချေ ။ သူ၏ မြတ်ပန်းလှရတနာကို တစ်စုံတစ်ယောက်သည် နင်းဖိ ချေမွနေသည် ။ ပန်းပွင့်သည် မြေမှာ ကြွေလျောနေပြီး ပွင့်ချပ်တို့သည် ဖရိုဖရဲ ၊ ဝတ်မှုံများသည် ပြန့်ကြဲလျက် ရှိနေလေ၏ ။

ဖြစ်ဆုံရချက်မှာ တဒင်္ဂသာတည်း ။ လျှပ်တစ်မျှင် လက်ခြင်းနှင့် ပျောက်ခြင်း၏ ကြားကာလမျှသာ ကြာသောအချိန်ခန့်သာ ကိုဆေးရိုးက နာကျင်အံ့မော နေလိုက်ရခြင်းဖြစ်၍ ချက်ချင်းပင် သည်းပွတ်နှလုံးသွေးများ ပွက်ထလာရသည် ။ ဒေါသလှိုင်း တံပိုးသည် အဟုန်ဖြင့် ထကြွလာလေသောကြောင့် ကိုဆေးရိုးမှာ လှသွယ်တို့ အနားသို့ ပြေးကပ်လိုက်စဉ်တွင် သူ မမျှော်လင့်သည့်အဖြစ်တစ်ရပ်က ဘွားခနဲ ပေါ်လာ ပြန်ပေသည် ။

“ အို လှသွယ် ၊ လှသွယ် ”

လှသွယ်၏ ကေသျှင်ထက်မှ ပန်းပွင့်ကလေးကို ဆုပ်ဖဲ့ချေမှုန်းပစ်နေသူ၏ ဘေးနားတွင် ချထားသော ဓားမတိုကလေးကို လှသွယ်က ရုတ်ခနဲ ကောက်ယူ လိုက်ပြီး ထိုသူ၏ ရင်ဝသို့ ထိုးစိုက်လိုက်၏ ။ သွေးပန်းများ ဖွာခနဲ လွင့်ပန်းလာသည်တွင် ကိုဆေးရိုးမှာ

“ လှသွယ် ... လှသွယ် ” ဟု အော်လိုက်မိသည် ။

သို့ သူ အော်၍မှ မဆုံးသေးမီ ဓားဦးသည် လှသွယ်၏ နှလုံးသားထဲသို့ ငုပ်ဝင်သွားပြန်လေ၏ ။ ကိုဆေးရိုး အပေါ်၌ လှသွယ် မည်မျှ မြတ်နိုးကြောင်းကို ပြောပြနိုင်သော အရာတစ်ခုတည်း ဖြစ်သည့် နှလုံးသားကို ဓားသွားနှင့် တွေ့ဆုံသောအခါ လှသွယ်၏ နှလုံးသားသည် မြတ်နိုးခြင်းကို ပြောပြလိုက်လေ၏ ။ နှလုံးသား၏ ပြောစကားသည် ဓားသွား၏ နောက်သို့ သွေးရေအလျဉ်နှင့် စီးမျောလိုက်ပါလာလေသတည်း ။

“ လှသွယ်ရယ် … ”

ကိုဆေးရိုးမှာ လှသွယ်၏ ရုပ်ကို ပွေ့ယူလိုက်မိသည် ။ ရုပ်၌ ခိုင်မာတည်တန့်ခြင်းက နှုတ်ခမ်းဖျားဝယ် ရပ်တည်နေကာ လှသွယ်ကမူ ကိုဆေးရိုး ထံပါးမှ ခွာသွားလေပြီ ။ မွမွကြေသည့် ပန်းဝတ်မှုံကလေးများသည် သွေးအလျဉ်၌ ငိုရှိုက်ပြေးလွှားသွား၏ ။ ဆည်မနိုင်သော မျက်ရည်မိုးပေါက်တို့သည် ဝတ်မှုန်ကလေးများထံသို့ ရှိုက်လျက် ပြေးထွက်သွားပေသည် ။

ထန်းသီးသည် မှည့်လျော်၍ ကြွေချိန်ကျလို့ ကြွေရသည် ။ ဒါကြောင့်မို့ ကြွေပါစေတော့ ။ သို့သော် ထန်းသီးကြွေချိန်တွင် အပြစ်မဲ့သော ပန်းပွင့်ကလေးတွေမှာ အမှောင်ရိပ်ခိုပြီး တိတ်တခိုး ကြွေသွားရခြင်းကိုကား သိသူရှားလှသည် ။ ထန်းနှင့် ရောကာ ကြွေရသော ပန်းများ၏ ဇာတ်လမ်းကို ကိုဆေးရိုးသည် ကာလသားဝိုင်း၌ ကြားရပေါင်းများလှပြီ ။ နောက် ကိုယ်တိုင် ကြုံရကာ ရင်မ ငိုမောခဲ့ရပြီ ။

ထန်းသီးကြွေချိန်သို့ ရောက်တိုင်း ကိုဆေးရိုးမှာ ထန်းနှင့်ရောပြီး သည်တစ်မိုးမှာ ဘယ်နှစ်ပွင့် ကြွေဦးမည်နည်းဟု စိတ်မောခဲ့ရသည် ။ ဒါကလေးတွေ မြေမှာ မကြွေလျောရအောင် စိန်လှောင်ချိုင့်နှင့် ပိုက်ယူထားလို၏ ။ သို့သော် စိန်လှောင်ချိုင့်နှင့် မတန် ၊ ရွှံ့နွံ တော၌ အဟောသိကံ ကြွေစေညွှန်းသည့် ဘဝရပ်တည်ချက်က ဒါကလေးတွေကို မှောင်ရိပ်သို့ တွန်းပို့သည် ။ နင်းချေမည့် လက်အောက်သို့ ရောက်စေ၏ ။ သို့ကြောင့်သာ လေးသံကို နားစွင့်ရသော ငှက်ငယ်ပမာ ဘေးလွတ်သည့် အခါမှာလည်း လွတ်သွား၍ မလွတ်သည့် အခါများ၌ အတွက်အကုပ် ရှာရာမဲ့ကာသာ ကြွေကျကုန်ရလေ၏ ။

နေအတော်မြင့်လာပေပြီ ။

ကိုဆေးရိုးက ကန်သင်းပေါင်ပေါ်မှ မထမိသေး ။ စိမ်းရင့်တစ်တန် ၊ ရွှေရွှေတစ်ကန့် ၊ ဖန့်ဖန့်တစ်ကွက်ဖြင့် လှမာန်ဝင့်နေသော လယ်ကွက်များဆီသို့ ငေးမောနေမိသည် ။ နွားနှစ်ကောင်မှာ စားမြုံ့ တစ်ခတ်ခတ်နှင့်သာ ကိုဆေးရိုးကို စောင်းငဲ့ကြည့်နေကြ၏ ။

“ ဒီကောင်မလေးဟာ အခုလို တစ်ယောက်တည်း ထွက်ထွက်ပြီး ထန်းသီးကောက်နေတာ ဘယ်လောက် ကြာပြီလဲ ”

သည်မေးခွန်းသည် ကိုဆေးရိုး၏ ခေါင်းထဲ၌ ပွက်ပွက်ခုန်လာပြန်သည် ။ သည်အမေး၏ နောက်ဆက်တွဲတွင်ကား ကိုဆေးရိုးသည် ဒေါသမိုးစွေနေသော မျက်နှာကြီးဖြင့် ခုန်ထလိုက်ပြီး အိမ်ပြန်ရန်အတွက် ထွန်ကို နောက်သို့ ပြန်လှည့် မောင်းလိုက်တော့သည် ။ လူသ,တ်ဝါဒကို ချီးမြှင့်မြှောက်စားနေသူတို့၏ လက်ဝါးအောက်၌ ဗြဟ္မစိုရ်တရားဆိုသည်ကို လူရာမသွင်း ။ လူ့အကျင့် ဆိုသည်မှာ မရှိနိုင်လောက်ချိန်၌ လှသွယ်အား ချောင်းမြောင်းလုပ်ကြံရင်း သေသွားသော ဘဝင်း လို လူမျိုးသည်ကော အလျှံပယ် တိုးပွားမလာဟု မည်သူ ပြောနိုင်ပါအံ့နည်း ။ ကိုဆေးရိုးမှာ သည်တွေးတောမိချက်ကြောင့်လည်း အိမ်မှ ထွက်ကတည်းက ပြီးပြတ်ခဲ့သော ကိစ္စကို မပြီးနိုင် ၊ မစီးနိုင် ၊ မကြေချမ်းနိုင်လှစွာဖြင့် ပြန်လည် စစ်ဆေးရန်အတွက် အိမ်ပြန်ရန် ထွန်နှင့်နွားကို နောက်သို့ လှည့်မိခြင်းဖြစ်လေ၏ ။ သို့သော် ...

ကိုဆေးရိုးမှာ လယ်တစ်ကွက်မျှသာ ကျော်မိရုံ ရှိသေးသည် ။ နွားနှစ်ကောင်ကို ပြန်လှည့်ကာ ထွန်ကို တပ်လိုက်ပြီး ...

“ အမယ် ၊ အိမ်ပြန်ဆိုတော့ တယ်သွက်ပါလားဟင် ။ ကဲ .. သွက်ဦး ... သွက်လိုက်ဦး ”

အပြစ်မဲ့ရှာသော နွားနှစ်ကောင်ကိုသာ မိုက်မဲစွာ မဲ၍ ရိုက်နှက်ပြီး မောင်းနှင် ထွန်ယက်နေရလေတော့ သတည်း ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၅၇ ၊ စက်တင်ဘာ

အရိပ်နှင့် အမှောင်


❝ အရိပ်နှင့် အမှောင် ❞
( သံလွင်ကို - မော်လမြိုင် )

မှောင်ရိပ်ဝင်လာသောကြောင့် အိမ်တံခါးများကို လိုက်ပိတ်လိုက်သည်။ အိမ်ရှေ့တံခါးမကြီးကို မပိတ်ရသေးခင် စိတ်ထဲမှာ တစ်ခုခု လစ်ဟာနေသဖြင့် ခြံထောင့်ကို မျက်စိက အလိုလို ရောက်သွားသည်။

မိုးမခပင် ငုတ်တိုကြီး။ မနက်က တစ်ပင်လုံးကို ခုတ်လှဲပစ်လိုက်ကြသည်။ ပင်စည်၊ အကိုင်း၊ အခက်တို့ကို လိုချင်သူ တချို့ ဆွဲယူသွားဖို့ ခွင့်ပြုထားခဲ့သည်။ ကိုင်းထိုး၍ စိုက်လွယ်သော၊ အခြောက်လှန်း၍ မီးမြှိုက်လွယ်သော အပင်အစိတ်အပိုင်း အားလုံးကို သူတို့ လိုသလို ခုတ်ဖြတ် ယူသွားကြသည်။ နောက်ဆုံး သပ်ချထားခဲ့သော အရွက်များသာ မြောင်းထဲမှာ ပုံလျက်ကျန်ခဲ့သည်။

ထိုသစ်ရွက်ပုံနှင့် ပင်စည်ငုတ်တိုကို တစ်နေကုန် ထိုင်ငေးကာ အမေ နှမြောတသသ ဖြစ်နေသည်။ သည်မြေကို ပြောင်းလာစက အပင်ဟူ၍ ထိုမိုးမခပင် တစ်ပင်သာ မည်မည်ရရ ရှိနေခဲ့သည်။ ပုံမှန် ကိုင်းသပ်ပေးခြင်း၊ ကျီးပေါင်းပင် ရှင်းပေးခြင်းတို့ကို မျှော်လင့်ချက်များဖြင့် ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့ကြသည်။ အချိန်များ ရွှေ့ပြောင်းသော် အပင်သည် ညိုမှောင်သော ပင်စည်၊ စိမ်းမြသော အရွက်ရှည်များဖြင့် အုပ်အုပ်ဆိုင်းဆိုင်း ကြီးထွားလာခဲ့သည်။ အိမ်ခြံအပေါ် အုပ်မိုးဖြာကျသော သူ့အရိပ်သည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့လေသည်။

သစ်ပင်သစ်ရိပ်၏ တန်ဖိုးကို ကျွန်မတို့ ကောင်းကောင်း နားလည်ထားကြသည်။ ပူပြင်းသော ရာသီများမှာ ကျွန်မတို့ ခြံကလေးသည် သူ့အရိပ်ဖြင့် အေးအေးမြမြ ရှိနေတတ်သည်။ မွန်းလွဲနေအပူကို အိမ်မှာ နေလျက် မကြောက်ရပါ။ သင်ဖြူးဖျာ တစ်ချပ်ခင်းပြီး ကျွန်မတို့ သက်သောင့်သက်သာ စကားပြောနိုင်ကြသည်။ အမေက သူ့အိမ်အောက်မှာ ခြေလေးချောင်းထောက် သစ်သားစင်ထိုးပြီး ပန်းအိုးမျိုးစုံကိုတင်ထားသည်။ နှင်းဆီ၊ ဂမုန်း၊ ရှားစောင်း၊ ကစ်(စ်)မီ၊ ပိန်းပန်းနှင့် သစ်ခွ မျိုးနွယ်ဝင် ပန်းပင်ပေါင်းများစွာ။ မနက်ခင်း နေရောင်ခြည်၏ အနွေးဓာတ်မှာ ပန်းပင်ကလေးများ ခိုလှုံကြရပြီး ညှိုးနွမ်း လောင်ကျွမ်းစေနိုင်သော အပူဒဏ်ကိုတော့ မိုးမခပင်က ကာကွယ်ပေးထားသည်။ ထိုပန်းပင်များကို အရိပ်တကြည့်ကြည့် ပြုစုရင်း သူ့ဘာသာ အလိုလို စိတ်ချမ်းမြေ့ရသည်ဟု အမေ မကြာခဏ ရေရွတ်နေတတ်ပါသည်။

နွေ အပူလျော့၍ အနောက်တောင် မုတ်သုံလေ ဝင်လျှင် ရပ်ကွက်ထဲမှာ အိမ် တချို့တလေ ဒုက္ခရောက်ကြ ရသည်။ ဓနိမိုး၊ ထရံကာ သစ်လုံးခြေတိုင်အိမ်များ လဲကြပြိုကြသည့်အဖြစ် မကြာခဏ မြင်ရ၊ ကြားနေရသည်။ မိုးထက် လေကို ကျွန်မ ကြောက်သည်။ တဟူးဟူး တဟဲဟဲသံများဖြင့် ဝှေ့ယမ်း တိုက်ခတ်ပြီဆိုလျှင် ကျွန်မမှာ ဘုရားပဲတ နေမိသည်။ အုတ်မြစ်ခံ ခြေတံရှည်အိမ်တစ်လုံးကို လေနီလေကြမ်းများက မဖြိုချနိုင်ဘူးဟု ဘယ်သူမှ အာမမခံနိုင်။ ကြောက်တတ်သောစိတ်က အစိုးရိမ်လွန်နေတာလည်း ဖြစ်နိုင်သည်။ သို့သော် မိုးမခပင်သည် ကျွန်မတို့ အိမ်ကို လေဒဏ် မိုးဒဏ်မှ အတော်အတန် ကာကွယ်ပေးထားခဲ့သည်။ ထို့ အတွက် ကျွန်မ အနည်းငယ် စိတ်သက်သာရာရပါသည်။

မိုးကုန်ပြီး ဆောင်းအငွေ့အသက် ဝင်လျှင် ဝင်ချင်း သူသည် ရွက်ဟောင်းများကို ပင်လုံးကျွတ် ခြွေချပစ်လိုက်သည်။ ရက်အနည်းငယ်အတွင်း ပင်စည်၊ အကိုင်း၊ အခက်တို့၏ အဆစ်အကောက် များမှ ပုရစ်ဖူးကလေးများ ထွက်လာတတ်သည်။ နှင်းဝေသော မနက်ခင်းများတွင် ခူယားကောင်ကဲ့သို့ အမွေးဖြူပွပွနှင့် ရှည်လျားသော အပွင့်များကို သည်အတိုင်း ရပ်ငေးကြည့်ကာ တစိမ့်စိမ့် ကြည်နူးရသည်။ အဖန်တလဲလဲ ဟောင်းကြွေ ဖူးပွင့် အသစ် ထပ်ဖြစ်နိုင်သော သဘောတရားကို မြင်ကာ ကျွန်မ စိတ်ကို ဆင်ခြင်ခွင့်ရစမြဲ။ ထိုအချိန်မျိုးမှာ လှပသော အသစ်တရားများကို ပြန်လည်မွေးဖွားဖို့ သတ္တိခွန်အားတို့ ဖြစ်လာတတ်ပါသည်။

သစ်ပင်တစ်ပင်သာ ဖြစ်သည်။ သို့သော် ရုပ်ဝတ္ထုကို သာယာအေးချမ်းစေသကဲ့သို့ စိတ်လုံခြုံမှုကိုလည်း ပေး သည်။ လူသွားလမ်းမ၏ ထောင့်မှာ ဖြစ်သော ကျွန်မတို့ အိမ်ကို ကာကွယ်အုပ်မိုးထားသဖြင့် ရန်လို ကောက်ကျစ်သော မျက်လုံးများ အောက်မှ လွတ်မြောက်နေပြီဟု ယုံကြည် ခံစားခဲ့ရ၏။ လမ်းမ အပြင်ဘက်ကကြည့်လျှင် ကျွန်မတို့ အိမ်သည် ထိုမိုးမခပင်ကြီး၏ ဟိုးအတွင်းဘက်မှာ ငုပ်ငုပ်လျှိုးလျှိုး။ အေးချမ်းလုံခြုံ လှပြီထင်ကာ ကျွန်မ စိတ်ချ ကျေနပ်နေခဲ့သည် ဆိုပါတော့။

••••• ••••• •••••

ကျွန်မတို့ခြံသည် ပေလေးဆယ်၊ ခြောက်ဆယ် ခြံဝန်းကျယ်ဖြစ်သည်။ စည်းရိုး မရှိပါ။ ခြံပတ်ပတ်လည် မှာ ဇလပ်၊ ဇီဇဝါနှင့် ပုဏ္ဍရိက်ပင်များကို တောထ ,အောင် စိုက်ထားပြီး အလယ်မှာ ရေနံဝနေသော ခြေတံရှည် သစ်သားအိမ် ကလေးရှိသည်။ အိမ်ခေါင်းရင်း၊ ခြေရင်း၊ အိမ်ရှေ့မျက်နှာစာနှင့် နောက်ဖေးတို့တွင် မြေအလွတ်ကို ခပ်ကျယ်ကျယ်ချန်ထားပြီး ငှက် ပျောပင်၊ မာလကာပင်၊ ရှောက်ပင်၊ သံပရာပင်တို့ကို နေရာတကျ စိုက်ပျိုးထားသည်။ ကိုယ့်ခြံကိုယ့်ဝင်းနှင့်မို့ သာယာငြိမ်သက်သောနေရာဟု ယူဆ၍ ရနိုင်ပါသည်။

အိမ်ဝရန်တာကို လမ်းသွယ်ဘက်သို့ မျက်နှာမူထားသည်။ နေ့တစ်နေ့၏ မနက်ခင်း မြင်ကွင်းနှင့် ညရှုခင်းတို့ကို ထိုနေရာမှ လှမ်းမြင်ရသည်။ အမြဲတစေ မြင်နေရသော ပုံမှန် နိစ္စဓူဝအရာများ၊ တစ်ခါတစ်ရံ ပဋိပက္ခရန်ပွဲများ ဖြစ်သည်။ ထိုပစ္စက္ခ စက်ဝိုင်းမှာ ကျွန်မကိုယ်တိုင်လည်း မောမောပန်းပန်း လုံးလည်ချာလည်လိုက်နေသည်။ အိမ်၏ တာဝန်ဝတ္တရားများနှင့် ကျွန်မ အဆက်ပြတ်ရသည် မရှိပါ။ သည့်ပြင် နာမည်တပ် မရသော ဗာဟီရကိစ္စများနှင့်လည်း နပန်းလုံးနေရသေးသည်။

အိမ်တွင် အမေနှင့် ကျွန်မအပြင် ကလေးနှစ်ယောက် ရှိသည်။ အစ်ကို့သားနှင့် အစ်မသမီး။ ကျွန်မ ထိန်းပေးနေရသည်။ တူလေးက မူကြိုနေအရွယ်ဖြစ်ပြီး တူမလေးက သုံးနှစ်။ ကျွန်မ ပျင်းရိလေးလံစွာ အအိပ်မက်၍ မရ။ ကလေးများက မနက်ခင်းမှာ စောစီးစွာနိုး ထ , ပြီး အစာကို တောင်းတတ်ကြသူများ ဖြစ်သည်။ မနက် လေးနာရီတိုင်း ကျွန်မ ထ , ရသည်။ ကိုယ်လက်သန့် စင်ပြီးသည်နှင့် ချက်ရပြုတ်ရသည်။ မနက်စာအတွက် အသင့်ပြင်ဆင် ထားပြီးပါက ခြင်းတောင်းဆွဲကာ ဈေးသို့ပြေးရသည်။ ပြန်လာလျှင်ချက်ပြုတ်ရပြန်သည်။ သည်ကြားထဲ တူလေးကို လည်း အပြေးအလွှား ကျောင်း လိုက်ပို့ပေးရသေးသည်။ ထို့နောက် အဝတ်အစားများကို လျှော်ဖွပ်ပြီး တစ်နေကုန် မီးပူထိုးပေတော့။

အမေက ကျန်းမာရေး သိပ်မကောင်းသဖြင့် ကျွန်မကို မကူနိုင်။ သူ စိတ်လက် ကြည်သာပြီး လှုပ်ရှားသွားလာချင်သော နေ့များမှာတော့ တူကလေးကို ကျောင်းလိုက်ဖို့ ပေးတတ်သည်။ ကျောင်းပိတ်သည့်ရက်များမှာ ကျွန်မသက်သောင့်သက်သာ နေရဖို့ စိတ်မကူးရဲပါ။ ကလေးနှစ်ယောက်နောက် တကောက်ကောက်လိုက်ပြီး ပြောရဆိုရသည်နှင့်ပင် ကျွန်မ အသက်ထွက်ချင်ချင်။ တူလေးကကျောင်းသွားပြီး တူမလေး တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့လျှင် အဟုတ်။ နှစ်ယောက် အတူရှိပြီဟေ့ ဆိုသည်နှင့် ထိန်းမရ သိမ်းမရတော့။ တစ်ခါ ဆော့ရင်းနောက်ရင်း တူလေးက တူမလေးကို အိမ်ပေါ်မှ တွန်းချလိုက်သည်။ ကျွန်မ ခေါင်းမှာ မီးတောက်ကြီး တစ်ခု ထ , ကျွမ်းသွားသလိုပင်။ အုတ်လှေကားထစ်များပေါ်မှ အောက်သို့ တူမလေး လွင့်ကျသွားပုံကို ပြန်တွေးမိတိုင်း ကျွန်မမှာ ရင်တဖိုဖို၊ အသည်း တတုန်တုန်။ မျက်ခွံကွဲသွားပြီး သုံးချက် ချုပ်လိုက်ရသည်။ ဆိုးဆိုးရွားရွားဖြစ်မသွားသည်ကိုပင် ကျွန်မ ကျေးဇူးတင်နေရသည်။ တစ်ခုခု ဆိုလျှင် ကျွန်မ တရားခံမဟုတ်လား။

သူတို့ကို ထိန်းရင်း ပြောမနိုင် ဆိုမနိုင်သည်နှင့် ကျွန်မ ကလေးတစ်ယောက်လို ငိုချပစ်လိုက်ဖူးသည်။ ထိုအခါမှ ကျွန်မနားမှာ ကျုံ့ကျုံ့ကလေး လာထိုင်ကာ ကျွန်မကို ငြိမ်သက်ငေးမောနေကြရှာသည်။ အင်မတန် လည်လွန်းတတ်လွန်းသော တူမလေးက “တီတီ ရယ်တော့မယ်၊ ရယ်တော့မယ်၊ စိတ်ဆိုးတော့ဘူး” ဟု ကျွန်မကို သူ့လက်ညှိုးကလေးနှင့် ကျီစယ်သည်။ မျက်ရည်များကြားမှ ခပ်တိုးတိုးရယ်မောလျက် သူတို့ကို ပွေ့ဖက်လိုက်မိသည်။ သံယောဇဉ် အကိုင်းအခက်များ ကျွန်မရင်ထဲမှာ ခိုင်မာကြီးထွားလာခဲ့ပေပြီ။

••••• ••••• •••••

ညများမှာ ကျွန်မကောင်းကောင်း အိပ်မပျော်တတ်ပါ။ မဝံ့မရဲကြောက်စိတ်ဖြင့် မှေးခနဲ အိပ်ပျော်သွားပြီး ခဏမှာ သံသယနိုးကြားသည့် အသိဖြင့် လန့်နိုး လာတတ်ပြန်သည်။ ချိုးချိုး ချွတ်ချွတ် အသံများကြားက ကျွန်မ အသက်ရှူသံများ ရပ်တန့်သွားပြီး နားကို ပါးပါး စွင့်ထားမိတတ်ပါသည် ။ ပန်းရုံများကြား ခွေးတိုးသံ၊ လမ်းပေါ်မှ လူစကားပြောသံတို့ပင် ကျွန်မကို ခြောက်လှန့် နေသည်။ ဘေးတစ်ဖက် တစ်ချက်မှာ အပြစ်ကင်းစွာ အိပ်မောကျနေကြသော ကလေးနှစ်ယောက်ကို ကြည့်ရင်း ကျွန်မ ရင်မောရသည်။ စိုးရိမ်ကြောင့် ကြနေသလို တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် ကလေးများနှင့် ဒုက္ခပါပဲဟု ကျွန်မ ရတက်မအေးရပေ။

လွန်ခဲ့သော လပိုင်းများမှ စ , ခဲ့သည်။ တွေ့ဆုံနှုတ် ဆက်နေကျ မဟုတ်သည့် မျက်နှာစိမ်း တစ်ခု။ ညနေ မှောင်ရီဖျိုးဖျ အချိန်တိုင်းမှာ ကျွန်မ သတိထားမိနေသည်။ ညနေခင်းများတွင် အိမ်မှုကိစ္စ အားလုံးကို အစအဆုံးလက်စ သတ်ပြီးမှ ကျွန်မ ရေချိုးလေ့ ရှိသည်။ ပထမတစ်ခါ ထိုလူ့ မျက်နှာကို မြင်စက လျှပ် တစ်ပြက်မျှသာ။ လူသွား လမ်းမပေါ်မှာ ဖြတ်လျှောက်သွားရင်း ရေချိုးနေသော ကျွန်မကို စိုက်ကြည့်သွားသည်ဟုသာ သိလိုက်သည်။ လမ်းသွားဟန်လွဲပါပဲဟု ထင်မိခဲ့ခြင်း ဖြစ်သည်။

အမှန်က ထိုလူကို ရပ်ကွက်ထဲမှာ ကျွန်မ မမြင်ခဲ့ဖူးပေ။ တောမြေရိုင်းတို့ကို သုတ်သင်ရှင်းလင်း၍ အစိုးရက မြေနေရာ ချပေးနေစဉ် ကာလများမှာ သည်ရပ်ကွက်ကို တည်ထောင်ဖြစ်တည်စေခဲ့ကြသည့် အိမ်ထောင်စုများထဲတွင် ကျွန်မတို့ မိသားစုက ထိပ်ဆုံးက ပါခဲ့သည်။ တစ်နည်းဆိုရသော် ဖက်လှဲတကင်း ဆက်ဆံရေး မဟုတ်သော်ငြား ရပ်ကွက်တွင်းမှ လူတို့အကြောင်း ကျွန်မ ကောင်းကောင်းကြီး သိနေပေသည်။ မြင်သည်နှင့်လည်းရပ်ကွက်သား ဟုတ် , မဟုတ် ခွဲခြားနိုင်သည်။ ထိုလူစိမ်းကို အခြားတစ်ဒေသမှ အိမ်ငှားတစ်ယောက်ဟု အလွယ်တကူ ကောက်ချက်ချလိုက်သည်။ သူ့လိုပင် မြို့မှာ အလုပ်လာလုပ်ကြသော နယ်ရပ်ဝေးမှ လူတချို့ ကျွန်မတို့ ရပ်ကွက်ထဲမှာ ရှိနေသည်။ သူ့မျက်လုံးများကို ကျွန်မ မကြိုက်ပါ။ တစ်ရက်၊ နှစ်ရက်၊ ရက်များစွာကြာသော် သူ ပို၍ အတင့်ရဲလာသည်။ ဖြတ်သွားဖြတ်လာ သဘောမျိုး မဟုတ်တော့ဘဲ လမ်းမဘက် ခြံထောင့်က နေ၍ ကျွန်မကို သူ ရပ်ကြည့်နေခဲ့သည်။ ကျွန်မ ရေချိုးရသည်မှာ စိတ်မလုံတော့။ စိတ်ထဲ သရိုးသရီ ဖြစ်လာခဲ့ပြီ။ တိုင်ကီပြတ်နားမှာ ရေချိုးနေသော မိန်းမတစ်ယောက်နှင့် ထိုမိန်းမကို ရပ်ငေးကြည့်နေသော လူယောက်ျားတို့ကို မြင်လျှင် လမ်းသွားလမ်းလာတို့ ဘယ်လို ပြောကြလေမလဲ။

“ဟေ့ကောင် မင်း ဒါ ဘာလုပ်တာလဲ” ဟု ထိုလူစိမ်းကို တားမြစ်ကန့်ကွက်ကြမည် မထင်။ ဖြစ်နိုင်ခြေက ယုန်ထင်ကြောင်ထင် စကားများကိုသာ သူတို့ ပြောကြလိမ့်မည်။ ကျွန်မ၏ နားမှာ စကားသံများ ပွက်လောရိုက်သွားသည်။

မှောင်ရီဝိုးတဝါး ညနေခင်းတိုင်း ဇလပ်၊ ဇီဇဝါပန်းရုံများကြားမှာ မျက်လုံးစိမ်း တစ်စုံ အမြဲ ရှိနေခဲ့သည်။ အသားအချင်းချင်း သန့်စင်ပွတ်သပ်ဖို့ကိုပင် ကျွန်မ တွေ ဝေနေရသည်။ ခန္ဓာကိုယ်ပေါ် က ရေစီးကြောင်းများ။ တစ်ခါတစ်ရံ လုံးထွေးစိုစွတ်နေသော ဆံပင်ရှည်များ။ မတော်မတရားစိတ်နှင့် စောင့်ကြည့်ခံနေရသည်ဆိုသော အသိကြောင့် ကျွန်မ ရှက်ကြောက်ဝမ်းနည်းလာရသည်။ တစ်ပြိုင်တည်း တစ်ခုခု တုံ့ပြန်လိုက်ဖို့ ဒေါသသွေးများ ဆူပွက်လာသည်။ ကျယ်လောင် မုန်းတီးစွာ အော်ဟစ်ဆဲဆို၍ ထိုအောက်တန်းစား မျက်လုံး များကို ဖောက်ထုတ်ပစ်လိုက်ချင်သည်။ သိက္ခာနှင့် အရှက်တရားအတွက်။

ယောက်ျား၊ မိန်းမ ခန္ဓာဗေဒ ကွဲပြားခြင်းအပေါ် ပထမဆုံးအကြိမ်အဖြစ် ကျွန်မ စိတ်ပျက်ရွံရှာသွားမိသည်။

••••• ••••• •••••

မိုးမခပင် နောက်မှာ သူ အမြဲ ရှိနေသည်။ ဘေးပတ် ဝန်းကျင်က ဖြတ်သွားဖြတ်လာလျှင် တစ်စုံတစ်ယောက်ကို ရပ်စောင့်နေပုံ သူ ဖမ်းသည်။ ကျွန်မတို့အိမ်မှာ ယောက်ျားသား မရှိဟု သူ သိထားပုံ ရပါသည်။ ညနေ မှောင်၍ အချိန်ရောက်လျှင် သူ ရောက်လာလေပြီ။ ကျွန်မ ရေကို စောစောချိုးထားရသည်။ အိမ်ထဲမှ မသိမသာ ချောင်းကြည့်လိုက်သည့်အခါ တိုင်ကီပြတ်နားမှာ ထဘီကို ရင်ရှား၍ ရေချိုးနေသော မိန်းမတစ်ယောက်ကို သူ ပြူးပြဲ ရှာနေပုံကို တွေ့ရသည်။ အော်ဂလီဆန်ချင်စရာ ကောင်းလှပါဘိ။

ကျွန်မ ကြိုးစားရှောင်နေခဲ့သည်။ မကြာမီ သူ လက်လျှော့သွားလေသည်။ မှောင်ရိပ်မှာ လမ်းလျှောက်ဖြတ်သွားရင်း တစ်ချက်တစ်ချက် သူ လှမ်းကြည့်သွားသည်ကို သတိထားမိသည်။ ကိုယ်က အနေအထိုင် ဆင်ခြင်လိုက်လျှင်ရပြီဟု သဘော ထားလိုက်သည်။ တဏှာမျက်လုံးများ အောက်မှာ ကျွန်မ၏ ခန္ဓာကိုယ် အရိပ် ထင်မနေလျှင် ပြီးရော။ နောက်များမှာတော့ ကျွန်မလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါသည်။

ညတစ်ညမှာ ကျွန်မ ခြေလက် ထွက်ဆေးသည်။ အပြင်ကို ဟိုကြည့် ဒီကြည့် ရင်းနေမိစဉ်မှာပင် မိုးမခပင်ကြီး၏ ပင်စည်လုံးပတ်နောက်မှာ လူရိပ်တစ်စွန်းတစ်စကို ကျွန်မ မြင်လိုက်သည်။ နားထင်သွေးများ ထိုးတက်လာပြီး တစ်ကိုယ်လုံး ထူပူသွားသည်။

“ လူ…… လူ” ဟု အော်ဟစ်ဖို့ သတိမရ။ အံ့ဩ ကြောက်လန့်နေသဖြင့် ပါးစပ်က ဗလုံးဗထွေးသံများသာ ထွက်နိုင်သည်။ ကျွန်မ သူ့ကို မြင်သည်ဟု သိသွားသော် ပုန်းခိုနေရာမှ ထပြေးလေသည်။ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ထည်သာ မြင်လိုက်ပြီး ဘယ်သူမှန်း သေချာ မသိလိုက်ပေ။

ကျွန်မ စိတ်ချောက်ချား တုန်လှုပ်ရပြန်သည်။ အိမ်ကို လူကပ်သည် ဆိုသော ကိစ္စကို တစ်ခါမှ မကြုံဖူး။ ကြောက်လန့်စရာ ကောင်းလှသည်။ အိမ်ကပ်ရသည့် သူ့ ရည်ရွယ်ချက်ကို ဆန်းဆန်းပြားပြား လျှောက်တွေးရလျှင် ကြက်သီးမွေးညင်းများ ထ၍ အသက်ရှူကျပ်လာသည်။ ကျွန်မမှာ သက်ကြီး အမေနှင့်၊ လူမမည် ကလေးနှစ်ယောက်နှင့်။ ပြေးစရာ မြေမရှိ။ ခုခံစရာ အားအင် မရှိ။

ထိုညက ကျွန်မ အိပ်မပျော်ပါ။ တွေးတလန့်လန့် နှင့် ညသည် ပို၍ ရှည်လျားခဲ့သည်။ လမ်းမှ လူတို့ ဖြတ်လျှောက်သွားရင်း တီးတိုး စကားသံများကြားလျှင်၊ ခြံအတွင်း တိုးဝင်ဖြတ်ပြေးလာသော ခွေးသံများကြားလျှင် ငေါက်ခနဲ ထထိုင်ပြီးသား။ ကြားသော အသံများမှ ထင်ချင်သလို ကျွန်မ ပုံဖော်သည်။ ပြီး ညကင်းသမားကို ကျွန်မ မျှော်နေမိပါသည်။ သို့သော် ညဆယ်နာရီခွဲမှာ သံချောင်း ခေါက်သံ ဆယ့်တစ်ချက်ကို နောက်ဆုံး ကြားရပြီး အသံများ တိတ်ဆိတ်သွားတော့သည်။

နှလုံးခုန်သံများ ပုံမှန် တည်ငြိမ်၍ ကြောက်အား ငယ်စိတ် လျော့လာသော အခါ ဒေါသစိတ်များ ဝင်လာ ပြန်သည်။ ဘာကြောင့်များ ဒီလိုအတင့်ရဲဝံ့သလဲ။ အခွင့်အရေးရသည်နှင့် ခွန်အားကြီးသူသည် အားငယ်သူအား မကောင်းစိတ်၏ စေလိုရာ အတိုင်း ကျူးကျော်ကြံစည်တတ်မှန်း ကျွန်မ ရိပ်မိသည်။ အထူးသဖြင့် သူစိမ်းမိန်းမ တစ်ယောက်အပေါ်  ကြံစည် ယုတ်မာတတ်သော၊ အလစ်ငိုက်ဖမ်း ထိုးနှက်တတ်သော ယောက်ျားမျိုးကို ကျွန်မ ရွံလှသည်။ ကျွန်မတို့ နှစ်များစွာကတည်းက ဖန်တီးခဲ့သော ထိုအရိပ်သည် သူ့အတွက် ပုန်းခိုစရာ အမှောင်နေရာ ဖြစ်သွားခဲ့သည်။ ခံပြင်းရလေပြီ။ ကိုယ်၊ စိတ် လုံခြုံမှုအတွက် ကျွန်မ တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။ အတွေးများစွာနှင့် မေးခွန်းများစွာ သုံးသပ်ဆင်ခြင်ပြီးနောက် လွန်ဆွဲသော စိတ်နှင့်ပင် မျက်စိမှိတ် ဆုံးဖြတ်လိုက်ရ၏။

••••• ••••• •••••

မနေ့က မိုးမခပင် ခုတ်မည့်ကိစ္စအတွက် အမေနှင့် ကျွန်မ ကတောက်ကဆတ် ဖြစ်ရသေးသည်။ အမေက သူ ပျိုးထောင်လာသည့် သစ်ပင်ပန်းပင်တွေကို ခုတ်ပစ်၊ နုတ်ပစ်ရမည်ကို နှမြောတွန့်တိုတတ်သူ ဖြစ်သည်။ တကယ်တော့ ကျွန်မလည်း သစ်ပင်အေးရိပ်ကို မက်မောလှသည်ပင်။ သို့ပေမဲ့ စိတ်ထဲမှာ စိုးတထိတ်ထိတ် ဖြစ်နေရမည့်ကိစ္စကို ကျွန်မ ဘယ်လို ဆက်ပြီး သည်းခံနိုင်ပါ့မလဲ။ ထိုမိုးမခပင်ကြီးကို ကြည့်မိတိုင်း နောက်ကွယ်မှာ တစ် ယောက်ယောက်ကများ ကျွန်မကို တိတ်တဆိတ် ပုန်းကွယ်စောင့်ကြည့်နေသည်ဟု စိတ္တဇဖြစ်နေတော့မှာ။

နှမြောတသသ ဖြစ်ရသည်။ သက်တမ်းအားဖြင့် နှစ်ဆယ့်သုံးနှစ်။ နွေ၊ မိုး၊ ဆောင်း ရာသီအပြောင်းအလဲကို ကြံ့ကြံ့ခံရင်း သူ့အမြစ် များ ကျွန်မတို့ မြေမှာ ပိုမို နက်ရှိုင်းစွာ ကုပ်တွယ်ရှင်သန်နေခဲ့သည်။ သူ့အရိပ်၊ သူ့အကာအောက်မှာ မိသားစုဝင်များစွာ ခိုနား နေထိုင်ခဲ့ကြသည်။ သို့နှင့်ပင် တစ်အိုးတစ်အိမ် ထူထောင်ကြ၍ သော်လည်းကောင်း၊ ရေခြားမြေခြား ရုန်းကန် အသက်မွေး ၍သော်လည်းကောင်း ခွဲခွာ ထွက်သွားလိုက်ကြသည်မှာ တစ်ယောက်ပြီး တစ်ယောက်။ ခြံထောင့်က မိုးမခပင်ကြီးကမူ ပုံစံအရောင်သဏ္ဌာန်တချို့ ပြောင်းလဲသွားသည်မှ လွဲ၍ မြဲမြံစွာ အရိပ်ပေးလျက်ပင်။ သည်မနက်မှာတော့ လူတချို့ ခေါ်၍ သူ့ကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ဖြိုလှဲခိုင်းလိုက်ရသည်။ အမေရော ကျွန်မပါ အတော် လေး စိတ်မကောင်းကြပါ။ ခြံတစ်ဝိုက် ဝဲဖြာကျနေသော သူ့အကိုင်းအခက်များ မြေသို့ တဖုန်းဖုန်းကျသွားတိုင်း လူကလည်း နွမ်းလျနုံးချည့်သွားရသည်။ အကိုင်းအရွက်တို့ပြောင်စင်သွားချိန် ပင်စည် ထီးထီးကို ကြည့်ကာ ရင်ထဲမှာ ဝမ်းနည်းသလိုဖြစ်ရသည်။ ပုဆိန်ဖြင့် လွှဲပေါက်၍ အောက်ခြေ အနိမ့်ဆုံးနေရာကို တစစ ဖြတ်တိုက်လိုက်ကြသည့်အခါ မိနစ်အတွင်း ဝုန်းခနဲ လဲပြိုကျသွားတော့သည်။ အေးရိပ်အကာ တစ်ခုကို ဆုံးရှုံးလိုက်ရပြီဟု ကျွန်မ ချက်ချင်း သိလိုက်ပါသည်။

••••• ••••• •••••

ဆည်းဆာသည် ညအမှောင်အောက် စုံးစုံးမြုပ် သွားလေပြီ။ လမ်းထောင့် ဓာတ်မီးတိုင်မှ မှိတ်တုတ် မှိတ်တုတ် အလင်းတချို့ ဖြာကျလာသည်။ လှုပ်ရှားသွားလာနေသော အရာများ ထင်ရှားပေါ်လာလိုက်၊ မှေးမှိန်ပျောက်သွားလိုက်နှင့်။ မနက်ဖြန်တော့ မီးလုံးလဲဖို့ ဆော်သြဦးမှပါဟု တေးထားလိုက်သည်။ စက်ဘီးတစ်စီး ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ထိုအခိုက် ကျွန်မ၏ လက်ချောင်းများကို အေးစက်ပြောင်ချောသော အရာတစ်ခု လာထိတွေ့၏။ “အမေ့” ဟု နှုတ်မှ ရေရွတ်မိကာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ငုံ့ကြည့်လိုက်တော့ ကျွန်မကို မျက်လုံးဝိုင်းများဖြင့် ငေးနေသော တူမကလေး။

“လန့်လိုက်တာ တုံတုံရယ်၊ ဒါ တီတို့ကို လှန့်တာပေါ့ ဟုတ်လား၊ လာစမ်း ဒီကို”

ထွေးဖက်ပွေ့ချီ၍ တူမ လေး၏ လည်ပင်းကို လက်ချောင်းများဖြင့် ထိုးဖွကျီစယ်လိုက်သည်။ တခစ်ခစ်ရယ်သံများ ဆူညံသွားသည်။ ဆည်းလည်းသံသည် ကျွန်မရင်ထဲသို့ စိမ့်ဝင်စီးဆင်းလာပြီး တအုံ့နွေးနွေး ဖြစ်နေသော ခံစားချက်ကြီး ပေါ့ကျသွားသည်။

တံခါးမကြီး အပြင်ဘက်မှာ လရောင်ကို လှမ်းမြင်နေရသည်။ အရင်က သူ့ အရွက်များတွင် ငွေရောင် အနားကွပ်နေခဲ့သည့် မြင်ကွင်းမျိုးကို ကျွန်မ သတိရသည်။ ကလေးနှစ်ယောက် ၏ လက်များကို ဆွဲရင်း ခြေခင်းလက်သာ လမ်းလျှောက် ထွက်ရသည့် ညများကို ကျွန်မ ပျော်ရွှင်နှစ်ခြိုက်ဖူး သည်။ ယခုမူ စိတ်မပါလှ တော့။ သူတို့အား လရောင် ပုံပြင်များအကြောင်း မပြောပြဖြစ်ခဲ့သည်မှာလည်း အတော်ကြာပြီ။ စောစီးစွာ တံခါးပိတ်တတ်လာသောအကျင့်ကို ရခဲ့သောကြောင့် ဖြစ်သည်။

ခြံထောင့်တွင် ပြောင်ရှင်းနေသည်။ အရိပ်အကာ မရှိတော့သဖြင့် လမ်းဘက်ကို တိုက်ရိုက်လှမ်းမြင်နေရသည်။ ရပ်ကွက်အောက်ပိုင်းက လူတချို့ လက်ဖက်ရည်ဆိုင်ထိုင်ရန် အပြင်ထွက်သွားကြသည်။ အဓိပ္ပာယ် ဖမ်းမရသော စိုးစီစီစကားသံများ နောက်မှာ လွင့်လျက် ကျန်ခဲ့ သည်။

ပန်းရုံ၏ အခက်အလက်များကြား ခွေးတိုးပေါက်ကို ကျွန်မ သေချာ အကဲခတ် ကြည့်လိုက်သည်။ တစ်စုံတစ်ရာ ရှိနေသည့် အရိပ်အယောင် မမြင်ရပါ။ အနည်းငယ် စိတ်သာရာ ရဟန် သက်မောတစ်ချက် ချမိသည်။ ပိုမိုလုံခြုံသော အငွေ့အသက်ကို ခံစားရသော်လည်း အကျင့် ဖြစ်ခဲ့ သည့်အတိုင်း စိတ်ချ နှစ်ခြိုက်စွာ အိပ်မောကျလိမ့်မည် မထင်ပါ။ ရံဖန်ရံခါ နိုးထ,ပြီး အသံနှင့် လှုပ်ရှားမှုများကို နားစွင့်နေမိပေလိမ့်မည်။ အိမ်တံခါးမကြီးကို ကျွန်မ ပိတ်ချလိုက်သည်။ ငွေလရောင်ဖြာကျနေသည့် ပတ်ဝန်းကျင်နှင့် ကျွန်မ တသီးတခြား ဖြစ်သွားသည်။ အရိပ်နှင့် အမှောင် ကွဲပြားမှုမှာ လူတချို့၏ အခွင့်အရေး ယူတတ်ပုံကို အံ့ဩမုန်းတီးနေမိသည်။ သို့ပေမဲ့ ကျွန်မ ဘာမှ မတတ်နိုင်ပါ။ နှမြော တသ ခံပြင်းရသော စိတ်အခံနှင့်ပင် ကိုယ့်အရိပ် ကိုယ် ပြန် ဖျက်ဆီးလိုက်ရပြီ။

အိမ်အပြင်မှ အရိပ်တစ်ခု၏ အေးမြလုံခြုံမှုကို ရှာဖွေနေမိသေးသည်။ ကျွန်မ ရင်ထဲမှာ လစ်ဟာနေသည့် ခံစားချက် ဝမ်းနည်းအားငယ်လောက်အောင် လှုပ်ခတ်သွားပါသည်။

⎕ သံလွင်ကို ၊ မော်လမြိုင် ၊
📖ရွှေအမြုတေ မဂ္ဂဇင်း
     နိုဝင်ဘာ၊ ၂၀၁၇

Saturday, July 25, 2026

အုံ့ကာလေတမဲမဲ


❝ အုံ့ကာလေတမဲမဲ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ညဉ့်၏ တိတ်ဆိတ်ခြင်းသည် မည်းမှောင်ခြင်းနှင့် ပြိုင်လျက်ရှိသည် ။

အခါတိုင်းဆိုလျှင် ယခုလို သူငယ်အိပ်ချိန်မျိုးသို့ ရောက်သည့်တိုင်အောင် တောင်ပိုင်းက နှဲသံ တစ်ဂေါ်ဂေါ် ၊ အလယ်ပိုင်းက တေးသံ တကြော်ကြော်နှင့် ဆူညံလျက် နေလေ့ရှိ၏ ။ ခွေးဟောင်သံများ ၊ မီးခွက်နှင့် ညကြီး သန်းခေါင်ကျမှ နွားစာစဉ်းသူများ၏ ဓားသံ စသည်တို့ကလည်း ရမ်းဘိုကုန်းရွာကလေး၏ ညဉ့်ဦးလက္ခဏာများပင်တည်း ။ ရေနံဆီမီးခွက်ကလေးတွေ၏ မှိန်လျော့သော မီးရောင်အောင်တွင် ဝိုင်းဖွဲ့၍ တစ်သွယ် ၊ မီးထိုး၍ မပြီးသေးသော အိုးဖိုများဘေးတွင် လူစု၍ တစ်ဖုံ ပြောဆိုရယ်မောနေလေ့ ရှိကြသော်လည်း ယနေ့ညမှာမူ ရွာကလေး၏ တိတ်ဆိတ်ခြင်းက အမှောင်အောက်ဝယ် နစ်မြုပ်နေရလေသည် ။

လတပေါင်းပေမို့ ပူအိုက်ခြင်းက ထန်ပေသည် ။ တစ်ချက်တစ်ချက်တွင်မှ တိုးဝှေ့ ပေါ်ပေါက်လာသော လေပြည်က ထန်းတောတွင်းသို့ တိုးဖြတ်သွားသော အခါတွင် တဝုန်းဝုန်းနှင့် ထွက်ပေါ်လာသောအသံများက အိပ်ယာထဲတွင် မျက်စိအကြောင်သားနှင့် လဲနေရသူများအား ထိတ်လန့်စေ၏ ။

အချိန်မှာ သက်ကြီးခေါင်းချချိန်ကိုပင် လွန်ခဲ့လေပြီ ။ မကျီးဒန် အိပ်ယာဝင်ခဲ့သည်မှာ တစ်နာရီမျှ ကျော်သွားပြီ ဖြစ်သော်လည်း မှေး၍ မရ ၊ မှိတ်၍ မရနှင့် ညာဘက်သို့ လှိမ့်လိုက် ဘယ်ဘက်သို့ စောင်းလိုက်ဖြင့်သာ အချိန်ကုန်နေရသည် ။

ပျော်နိုင်ပါမည်လား ၊ မည်သို့မျှ အိပ်၍ မပျော်နိုင်ချေ ။ ဘာသံများ ကြားရပါ့မလဲဟဲ့ ဟူ၍ နားက တစွင့်စွင့် ဖြစ်နေကာ အမှောင်တွင်းပင် ဖြစ်သော်လည်း မျက်လုံးမှာ ကျီးကန်းတောင်းမှောက် ဖြစ်နေရသောကြောင့် အိပ်၍ မပျော်နိုင်ပါချေ ။ သူမ၏ ဘေးတွင် ခိုကိုးရာ အရိပ်ကောင်းသည် ရှိပါ၏ ။ သို့သော် အလိုလိုနေရင်း အားငယ်ကာ အသည်းတထိတ်ထိတ် ရှိလှချေသည် ။ ရင်တွင်း၌ တင်းကြပ်လေးလံကာ ရွံ့ကြောက်စိတ်ဖြင့် တွေနေမိတော့၏ ။

ရာသီကား ဂိမှာန်ဦးပေတည်း ။

တစ်နှစ်လုံးမှာ မိုးရေချိန် ၂၅ လက်မလောက်သာ ရွာသော သည်လို ဒေသမျိုးမှာ သည်လို အချိန်မျိုး၌ မိုးရွာရိုး မရှိခဲ့ပေ ။ သို့သော် အာကာပြင်ဝယ် မဲမှောင်အုံ့ဆိုင်းကာ ပိတ်သိုင်းလျက် ရှိနေသည် ။

သို့ရာတွင် အရည်ဖြစ်ကာ ရွာကျလာမည့် မိုးသားများတော့ မဟုတ် ။ ကျေးတောသားများ၏ ကျန်းမာရေး မပြည့်စုံမှုကို အရင်းခံကာ ဖြစ်ပေါ်လာသော ဝမ်းရောဂါကပ်ဆိုး၏ ဖုံးလွှမ်းအုပ်ဆိုင်းထားခြင်း အရိပ်အယောင်ပေတည်း ။

မြန်လည်း မြန်ထက်လှသည် လျှပ်ပြက်တာ ... ။ ဇယ်စက်တာကမှ နှေးကောင်း နှေးပေဦးမည် ။ ရမ်းဘိုကုန်းရွာတွင်းသို့ ဝင်ရောက် ထိုးမွှေလာသော ရောဂန္တရ ကပ်မုန်တိုင်းက ရွာဦးမှ ရွာဖျားသို့ ခဏကလေး အတွင်း ရောက်သွားသည် ။ အိမ်တွေ ကျွတ်၏ ။ တဲတွေ ပါကုန်၏ ။ လဲသူလဲ ၊ ကွဲသူကွဲ ပြေးလွှားအော်ဟစ် ငိုယိုသံများဖြင့် သောက်သောက်လဲအောင် ဆူညံကာ မဲမှောင်ခြင်း အောက်၌ နစ်မြှုပ်သွားရလေ၏ ။

“ ဟေ့ …. ။ ကျီးဒန်တို့ ”

“ တော .. ”

တစ်မြန်နေ့တုန်းက ဖြစ်သည် ။ နေထန်းတစ်ဖျားလောက်တွင် တဲရှေ့မှ ခေါ်သံကြောင့် တဲတွင်း၌ တကုန်းကုန်းနှင့် အလုပ်များနေသော မကျီးဒန်မှာ ..

“ တော ” ဟူ၍ အသံပေးရာက “ ဘာများပါလိမ့် ” ဟု ရွေရွတ်ရင်း တဲရှေ့သို့ ထွက်လာရာက ...

“ အမယ် သေနာယုတ် ငါ ဘယ်သူများလဲလို့ ” ရယ်မောသံလှိုက်လှိုက်နှင့် ဆိုလိုက်ကာ “ ဟဲ့ .... ၊ တဲထဲကို လာလေ … မထိုင်တော့ဘူးလား ” ဟု ဖိတ်ခေါ်လိုက်ရာ ။

“ မလာတော့ပါဘူးဟာ ဆန်ကော လာငှားတာပါ ”

တဲရှေ့တွင် ဆောင်းကုန်စ နံနက်ဦး၏ အေးစိမ့်စိမ့်ဒဏ်ကို ပုဆိုးစုတ်တစ်ထည်ခြုံလျက် ကာကွယ်ရင်း ရပ်နေသူက ပြန်ပြောလိုက်လေ၏ ။

“ အမယ် နင်တို့ စပါးတောင် ခုမှ ယပ်ရသလား ”

“ အေးပေါ့ဟာ ဖြည်းဖြည်းပေါ့ ”

သူ့အမည်ကား ကိုဘသန်းပင် ဖြစ်၏ ။

“ ဘာချက်လဲဟေ့ ... ”

သူက ဆန်ကော တစ်ထပ်ကြီးကို ခေါင်းပေါ် ရွက်လိုက်ပြီးနောက် မေးလိုက်၏ ။

“ ကန်စွန်းရွက် ချဉ်ရည်လေ ”

“ ဟင်း ... ။ တစ်အိမ် မေးလိုက်လည်း ကန်စွန်းရွက်ချဉ်ရည် ၊ တစ်အိမ် မေးလိုက်လည်း ချဉ်ပေါင်ရွက်ဟင်းနဲ့ တိုင်ပင်များ ထားကြသလားဟ ”

“ အေးပေါ့ဟ ၊ တိုင်ပင်ထားတာပေါ့ ”

သို့သော် မကျီးဒန်၏ အရွှန်းစကားကို ကိုဘသန်းက မကြားတော့ပေ ။ သူက လမ်းမပေါ်သို့ ရောက်သွားပေပြီ ။ မှန်၏ ။ ကိုဘသန်းမှာ မကျီးဒန်၏ စကားကိုသာမက သူချစ်သော ရွာသူရွာသားများ၏ အသံကိုပါ မကြားနိုင်တော့ပေ ။ အကြောင်းမှာမူ ဆွမ်းခံပြန်ချိန်လောက်မှာပင် သူက သူချစ်မြတ်နိုးသော ရွာကလေးအား မည်သည့် အခါမှာမှ ပြန်လည် တွေ့မြင်နိုင်စွမ်းမရှိသော စွန့်ခွာခြင်းဖြင့် ကျောခိုင်းသွားခြင်းကြောင့် ဖြစ်သည် ။

“ ဘယ်လိုဖြစ်တာလဲ ကောင်မရယ် …”

မနက်တုန်းက အကောင်းသား ဖြစ်ပါလျက်နှင့် ဆွမ်းခံပြန်ချိန်တွင် ခေါက်ခနဲ အသက်ပျောက်သွားရသော ကိုဘသန်း၏ ဖြစ်ရပုံကို သိလိုသော မကျီးဒန်မှာ ကလေးနှစ်ယောက်နှင့် ငိုရှိုက်ခြင်းကိုသာ အဖော်ပြု ကျန်ရစ်ခဲ့ရသော မအေးချစ်အား ရင်အဆို့သားနှင့် ပြေး၍ မေးရတော့သည် ။

“ အို ကိုဘသန်းရဲ့ အဖြစ်ဆိုးလှချည်ရဲ့နော် ”

မအေးချစ်မှာ သေသူ၏ အလောင်းကို ဗမာပီပီ နောက်ဆုံးပြုစုခြင်းဖြင့် အားရပါးရ ပြုစုနိုင်ခွင့် မရှိ ။ ဖျာလိပ်နှင့် ပတ်ကာ သုဿန်သို့ ဆွဲထုတ်သွားကြလေပြီ ။

“ ညက ကျန်တဲ့ ချဉ်ရည်ဟင်းကို ထမင်းကြမ်းနဲ့ နွှေးပြီး စားတာပဲ ရှိပါတယ် ကောင်မရယ် ၊ ဒီ့ပြင်လည်း ဘာမှ စားတာ မမြင်ပါဘူး ။ ရွာထဲက ဆန်ကော ငှားပြီးလို့ ပြန်လည်း လာရော ဝမ်းတွေ သွားပြီး ချုံစပ်မှာ လဲနေရာက ... ”

မအေးချစ်မှာ ဆက်၍ မပြောနိုင်တော့ ။ အသံသည် ဆို့၍ နစ်သွားရာက “ အို .. ကိုဘသန်းရဲ့ ” ဟူ၍ ညှစ်ကာ အော်လိုက်လေတော့၏ ။

အစသော်မူ မကျီးဒန်မှာ မတော်တဆ ဖြစ်သွားရသည်ဟု ထင်မိသော်လည်း ...

“ အို သမီးရဲ့ … အမေတို့ကို ပစ်သွားသလားဟဲ့ ” ဟူသော အသံတစ်သံသည် ရွာလယ်ဆီမှ ထွက်ပေါ်လာသော ညနေစောင်း အချိန်တွင်ကား မတော်တဆဟူ၍ သဘောမထားနိုင် ၊ ပုဇွန်မျက်စိလို ပြူးကြောင်လာရကာ ရင်တဒိတ်ဒိတ် ခုန်လာရပြီး ဘုရားသခင်ကို တမိတော့သည် ။

“ ချောင်းထဲ ဆင်းပြီး ကြက်သွန်ခင်းပေါင်းနုတ်ရာက ပြန်လာကတည်းက ဝမ်းတွေ သွားပြီး အိပ်ယာထဲမှာ လဲတာပါပဲတော် ”

သေဆုံးသူကလေးမ၏ မိခင်မှာ သေပုံသေနည်းကိုသာ မျက်ရည်အိုင်ဖွဲ့လျက် ပြောနိုင်သည် ။ ဘာကြောင့် သည်လို ဖြစ်ရသည်ကိုကား မပြောတတ် ။ သည်တစ်ယောက်ကို သုဿန်သို့ပို့ရန် ဖျာလိပ်နှင့် ပတ်၍ မပြီးသေး ...

“ သားရေ ၊ သားရဲ့ အမယ်လေး အသေဆိုးလှချည်လား သားရယ် ၊ အမယ်လေး အမေဖြေလို့ ပြေနိုင်ပါ့မလား သားရဲ့ ၊ အမေ့ကိုပါ တစ်ခါတည်း ခေါ်သွားပါတော့လား သားရဲ့ ”

တောင်ပိုင်းမှ ဒေါ်ဂျမ်းဘုံ၏ အသည်းကွဲ သူ့ မြည်တမ်းသံကို ကြားရပြန်လေသည် ။

“ အဖေရေ အဖေရဲ့ ၊ အမယ်လေး အဖေရဲ့ ကျုပ်တို့ ဘယ်သူ့ကို အားကိုးပြီး နေခဲ့ရမှာလဲ အဖေရဲ့ ။ အဖေရေ အို အဖေ ... ”

ဒေါ်ဂျမ်းဘုံ၏ အိမ်သို့ မသာမေးရန် သွားသူများမှာ လမ်းခုလတ်တွင်ပင် တန့်သွားရ၏ ။ လူအုပ်၏ တစ်ဝက်က ရှေ့သို့ ဆက်သွားကာ ကျန်လူများက အသံကြားရာ အိမ်သို့ ဝင်သွားကြရတော့၏ ။

ငိုသံအော်သံများသည် နောက်တစ်နေ့သို့ နီးလေလေ ဒလစပ် ပေါ်လာလေလေ ဖြစ်တော့သည် ။ ခွေးအူသံ ၊ ကျီးပြိုသံများက လင်သည်ယောက်ျား မသာချရန် သွားနေခိုက်တွင် အိမ်မှာ ကျန်နေခဲ့ရသော မိန်းမသားများအား ပိုလို့သာ အားငယ်စေ၏ ။

“ ကိုပိတ်စ ၊ အို ကိုပိတ်စတို့ ၊ ကိုဆေးရိုးတို့ လာကြပါဦး ၊ ခင်ညွန့် မရှိတော့ဘူးဗျ ” ဟူသော စိတ်ကို တင်းလျက် အိမ်နီးနားချင်းများထံ အကြောင်းကြားသော အသံ ။

“ ကိုကြော်ညာရေ …. ကိုကြော်ညာရဲ့ ၊ သွားတော့ သွားတော့ ” ဟူသော အလောင်းထုတ်သွားသံ ။

“ အမယ်လေး … ကိုရွှေအိုးရဲ့ ဒီလို ဖျာလိပ်ကြီးနဲ့ သွားရတာကို ကျုပ် မကြည့်နိုင်ဘူးတော့် ” ဟူသော အသံများကလည်း အိပ်၍ မရသော မကျီးဒန်အား ပို၍ ပို၍သာ နှလုံးတုန်စေတော့သည် ။

လည်ချင်ရာ လည်ပြီး ပြန်ချင်သည့်အချိန်ကျမှ ပြန်လာလေ့ရှိသော သား ၊ အေးအေးကလေး နေတတ်သော သမီး ။ ယခင်ကမူ ဂရုလည်း မထားမိ ဖာသိဖာသာသာ နေခဲ့နိုင်သော်လည်း ယနေ့ညမူ အနားသို့ ခေါ်ထားပြီး ဖက်ထားမိ၏ ။ အပြောအားဖြင့် မဆုံးနိုင်သော မိခင်၏ မေတ္တာရင်ခွင်တွင်းသို့ သားနှင့်သမီး ကို နှစ်မြှုပ်ထားခြင်းဖြင့် ကျရောက်လာသော ဘေးမှ လုံတန်ကောင်းရဲ့ဟု မကျီးဒန်က မှတ်လိုက်ကာ သား နှင့် သမီးကို တင်းကြပ်စွာ ပိုက်ဖက်ထားမိသည် ။

တစ်ဖက်မှာလည်း ရွာသူတို့ ဝတ္တရားအတိုင်း ၊ ရွာရိုးလျှောက်ပြီး တစ်လောင်းပြီး တစ်လောင်း ထမ်းထွက်နေရသော လင်ယောက်ျား အတွက် ပူပန်သည့်သောက ရေပွက်ကလည်း ထ၍, ထ၍ လှိုက်လာပြန်သောကြောင့် မကျီးဒန်၏ ရင်ဝယ် စိုးရိမ်စိတ်ဂယက်များက အကွက်ဆက်နေရလေ၏ ။

နောက်တစ်နေ့၏ မွန်းတည့်ချိန်အထိ တစ်လောင်းပြီး တစ်လောင်း ထမ်းထုတ်နေရာက ညနေပိုင်းတွင် ငိုသံတစ်ခုနှင့် တစ်ခုသည်လည်း အတော်ကြီး ခြားသွား၏ ။ မကျီးဒန်မှာ ကလေးတွေ ဆာလေရော့မည် ဟူသော ကြောင့်ကြစိတ်ကြောင့်သာ ထပြီး ထမင်းအိုး တည်မိသော်လည်း စိတ်က မပါ ။ စားချင်စိတ်လုံးလုံး မရှိ ။ သည်ထမင်းကိုပင် မသတီသလို ။ သူသည် ထမင်းထဲမှာပင် မကောင်းဆိုးဝါးတွေ လာပြီး ပြုစားတော့ မလိုလို ထင်ခဲ့၏ ။

“ မိန်းကလေး ဘယ်သွားတာလဲ .. ဟင် ၊ နောက်ဖေးသွားသလား ... ဟင် ”

“ နွားစာထည့်တာပါ အမေရဲ့ ”

မျက်စိအောက်မှ ပျောက်သွားမည် စိုးသောကြောင့် မျက်ကလဲဆန်ပျာနှင့် မေးမိသည် ။

မနေ့ညတုန်းက ဆိုလျှင် တစ်ညလုံးမှာ အိမ်ခေါင်းရင်းက ကိုဖိုးဒွေး တစ်ယောက်သာ သေတော့ရုံ ၊ ယနေ့မူ ဘာသံမျှ မကြားရတော့ချေ ။ သို့သော်လည်း နား တစွင့်စွင့်နှင့် ဘယ်ဆီကများ စီခနဲ ကြားရပါမည်နည်း ဟု စိတ်က ထင့်နေကာ မျက်လုံးမှာ ကျီးကန်းတောင်းမှောက် ဖြစ်နေရသည် ။ နေ့ခင်းကြောင်တောင်ပင် ဖြစ်စေကာမူ တစ်ရွာလုံးမှာ လူမှ ရှိပါသေးရဲ့လားဟု ထင်စရာဖြစ်အောင်ပင် တိတ်ချက်သားကောင်းနေ၏ ။ လူစလူနကို မမြင်ရ ။ တစ်ချီတစ်ချီတွင် ချောင်းထဲမှ တက်လာသော လေပြည်နှင့်အတူ ရွာလယ်လမ်းမမှ ထသွားသော ဖုန်မှုန့်များ ၊ အမှိုက်များမှ တစ်ပါး အခြားသော လှုပ်ရှားမှုကို မမြင်ရချေ ။

ယနေ့မူ အသေအပျောက် လုံးဝ မရှိတော့ပေ ။ ယာခင်းထဲသို့ ဆင်းပြေးသူများ ၊ တလင်းထဲသို့ ပြောင်းပြေးသူများကြောင့် ရွာကလေးမှာ ပြန်လည်ပြီး အသက် မဝင်လာသေးပေ ။ လာနေကျ ကျောင်းများက သော်မှ ဆွမ်းခံ မလာကြတော့ပေ ။ ကျီးနှင့်ဖုတ်ဖုတ် ဖြစ်နေခဲ့သော ရွာကလေး၏ ခြောက်သွေ့ခြင်းမှာ ... ယနေ့ ညသို့ပင် တိုင်ခဲ့ချေပြီ ။

မကျီးဒန်မှာ နားတစွင့်စွင့်နှင့် မျက်စိကြောင်နေရာက သားနှင့်သမီးကို ထစမ်းသည် ။ ကိုဆေးရိုးမှာကား သူမ၏ ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေ၏ ။ ရုတ်တရက် ထွက်ပေါ်လာသော ခွေးအူသံများက မကျီးဒန်အား ပို၍ အားငယ်စေခိုက်တွင် ညဉ့်ငှက်တစ်ကောင်သည် အိမ်ခေါင်းရင်းတွင် ကျယ်လောင်စူးရှစွာ ထိုးသွားလေသည် ။

“ ဘုရား ... ဘုရား ”

သူမ အဖို့ ဘုရားကို တခြင်းမှ တစ်ပါး အခြားလုပ်ဆောင်နိုင်ဖွယ်ရာ မရှိပါချေပြီ ။ သည်အခိုက်တွင် ...

အသံတစ်ခုက “ အုံး ” ခနဲ ကျယ်လောင်စွာ ရွာ၏ တောင်ဘက်ထန်းတောထဲမှ ထွက်ပေါ်လာပြန်သည် ။

မကျီးဒန်မှာ တစ်ရွာလုံးတွင် သူတစ်ယောက်တည်းသာ ရှိရော့သလားဟု ထင်မိသည် ။ တဒိတ်ဒိတ် ခုန်နေသော ရင်ကို ဖိအုပ်ထားလျက် ကိုဆေးရိုး၏ ဘေးတွင် ဝင်ရောက်လဲလျောင်းလိုက်မိသည် ။ ရေနံဆီမီးခွက်ကလေးမှ အရောင်သည် တဲတွင်း၌ အားနည်းစွာ ပျံ့လွင့်နေ၏ ။ သို့သော် ပြင်ပတွင်ကား အမှောင်ထုသည် ကြီးစိုးလျက်ရှိ၏ ။ စင်စစ်တော့ ရမ်းဘိုကုန်းရွာငယ်ပေါ်တွင် စိုးမိုးနေသော အမှောင်ကား ညဉ့်၏ အမှောင်သာ မဟုတ် ၊ ကိုးကွယ်ရာမဲ့ခြင်းနှင့် အားကိုးရာမဲ့ခြင်း၏ သားကောင်များဖြစ်သော အငြင်းပယ်ခံလူတန်းစားတို့၏ နစ်မြှုပ်ရာဖြစ်သော မှောင်ဘဝ၏ အမှောင်ပင် ဖြစ်သတည်း ။

•••••   •••••   •••••

“ ကိုဆေးရိုးတို့တစ်တွေ ကျန်းကျန်းမာမာပဲလား အဖေ ”

ကဆုန်လက ရန်ကုန်သို့ အဖေ ဆင်းလာရာ ရောက်မဆိုက်ပင် ကိုဆေးရိုးတို့ သတင်းကို မေးမိသည် ။

“ ဆေးရိုးတို့တော့ ကျန်းမာကြပါရဲ့ကွာ ”

“ ဒါဖြင့် ဒီ့ပြင်လူတွေကကော ဘာဖြစ်လို့လဲ ”

“ တစ်နှစ်တုန်းက ဝမ်းရောဂါ ဖြစ်လိုက်တာ ရွာ့ကို ပျက်လုနီးပါး ဖြစ်သွားတာပဲကွ ”

“ ဟင် ”

ကျွန်တော်က ထိတ်လန့်တုန်လှုပ်ခြင်း၏ အဆုံးဝယ် စိတ်မကောင်းစွာဖြင့် ငေးမောနေမိသည် ။ သည်အခိုက်တွင် အဖေက ထပ်ဆက်ပြန်သည် ။

“ မဖြစ်ကော ခံနိုင်ဦးမလားကွ ၊ ရာသီကလည်း နွေဦးပေါက် သောက်ရေကလည်း ရွာနားမှာ ကပ်နေတဲ့ သောင်ပြင်က လက်ယက်တွင်းရေ ၊ စားလိုက်ပြန်တော့ ချဉ်ရည်ဟင်း ... ”

ချဉ်ရည်ဟင်း စားနိုင်ဖို့ ဆိုရန်ပင် ၊ ဆီနှင့် ကြက်သွန်ကို ဖယ်ထားဦး အညံ့ဆုံးငါးပိ ငါးမတ်သားလောက် ရှိဖို့ လိုနေပြန်၏ ။ သို့ရာတွင် ငါးပိ ငါးမတ်သား လောက်ရှိလျှင်ကား ချဉ်ရည်ဟင်း တစ်အိုး ဖြစ်ဖို့က မခက်တော့ ။ ကန်စွန်းရွက်က အသင့်ရှိ၏ ။ မန်ကျည်းသီး ဆိုတာကလည်း ရွာထဲက ဘယ်အပင်မှာပဲ တက်တက်ရနိုင်၏ ။ ချဉ်ပေါင်ရွက်မှာ ချောင်းတိမ်ရှိ ယာထဲမှာ အလျှံပယ် ရနိုင်ရုံ ၊ မန်ကျည်းရွက်မှာလည်း နုချိန် မဟုတ်ပေမဲ့ ကြံဖန်ပြီး ခူးလျှင် ရနိုင်၏ ။ သည်မျှ အရလွယ်သော ဟင်းကိုပင် အမြဲ စားခွင့် မရကြပေ ။ သို့သော် ...

“ ပြီးတော့ အဲဒီ ချဉ်ရည်ဟင်း အကျန်နဲ့ ထမင်းကြမ်းနဲ့ မနက်မနက်မှာ မွှေးမွှေးပြီး စားကြသကွ ”

“ နောက်တော့ကော ”

“ ဒီလိုပဲ တဖြည်းဖြည်းနဲ့ ပျောက်သွားတာပဲကွ ”

ကု , မ , မည့်သူ မရှိ ၊ စောင့်ရှောက်ကယ်ဆယ်မည့်သူ မရှိသည့် ကြားထဲက တစ်ရွာလုံး ပြုတ်ပြုတ်ပြုန်း မသွားခြင်း အတွက် ဘုရားသခင်ကိုသာ ကြံဖန်ပြီး ကျေးဇူးတင်ရပေတော့မည် ။

မြို့ပေါ်ရှိ ဆေးရုံကြီး ဆိုသည်မှာလည်း ဆရာဝန် မရှိ ၊ ဓားခုတ်မှု ၊ ရိုက်မှု ဖြစ်သော်လည်း ပြင်ပဆေးခန်းများသို့ သွားရောက် ဆေးထည့်ကြရလောက်အောင် ပြည်သူ့ကျန်းမာရေးဘက်မှ အားနည်း ချို့ယွင်းနေရသည့် ကာလတွင် ရမ်းဘိုကုန်း တစ်ရွာလုံး ပျောက်မသွားခြင်းအတွက် ကံကောင်းသည် ဆိုရပေမည် ။

အငြင်းပယ်ခံ လူတန်းစား ဆိုသည်မှာ ရမ်းဘိုကုန်းရွာသားများပင် ဖြစ်လေသည် ။ သည်လို ကြားချင် ၊ နာချင်စဖွယ် လုံးဝ မရှိသော ရမ်းဘိုကုန်း၏ အဖြစ်မျိုးသည် ဤမြေပြင်၌ အဘယ်မျှ ထူပြောနေသည်ကိုကား မသိနိုင်တော့ပေ ။ ရောဂန္တရကပ်တို့သည် တသဲသဲ ၊ သတ္တန္တရကပ်တို့သည်လည်း မစဲ ၊ ဒုဗ္ဘိက္ခန္တရကပ် တို့သည်လည်း တဖွဲဖွဲ ကျရောက်နေသော သည်မြေ ၏ ကောင်းကင်ယံမှာကား ... ပြည်တွင်းစစ် မိုးသား တိမ်လိပ်တို့သည် တမဲမဲပါတကား ... ။

အုံ့၍အုံ့၍ တမဲမဲ ဖွဲ့ဆိုင်းနေသော ပြည်တွင်းစစ် မိုးတိမ်မိုးသားတို့သည် သူတို့ကို အေးမြစေသည့် မိုးပေါက်ကိုကား မရွာ ။ သံပူရည်များကိုသာ ရွာချနေပါပကော ။ ဒါတွေကား ... ရောဂါဘေး အမျိုးမျိုး ၊ ရာဇဝတ်မှု အမျိုးမျိုးနှင့် ဗြဟ္မဝိဟာရတရား ခေါင်းပါးခြင်းဟူသော မိုးတို့ပေတည်း ... ။

လမှာကား … ကိုဆေးရိုးတို့ ထံ၌ မိုးရွာလေ့ မရှိသော တပေါင်းလ ဖြစ်၏ ။ သို့သော် အာကာယံမှာကား မိုးသားတိမ်လိပ်တို့သည် အုံ့ကာသာ တမဲမဲနှင့် ရှစ်ခွင်တိုင်းမှ ဖွဲ့ဆိုင်းနေတော့၏ ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၅၇ ၊ မတ်လ

မြစ် ... သေ


❝ မြစ် ... သေ ❞
( ရည်ဝေ - လင်းရောင်ခြည် )

အလုပ်ကိစ္စဖြင့် တစ်နေကုန် အချိန်ကုန်သွားသည်မို့ အိမ်ပြန်လမ်းကို ခပ်သွက်သွက်လှမ်းလာသော မသီတာ၏ ခြေအစုံသည် အိမ်ထဲသို့ အဝင်မှာပင် တန့်၏။ ညီမ ဖြစ်သူ စန္ဒာ၏ တစ်ဖက်တစ်ချက်တွင် ထိုင်လျက် ထမင်းစားနေကြသော သားတော်မောင်နှစ်ကောင်။ ရိုးရိုးတန်းတန်း စားနေကြ တာ မဟုတ်။ စန္ဒာက ခွံ့ကျွေးနေခြင်းသာ။

“ဟေး..မေကြီး ပြန်လာပြီ။ သားတို့အတွက် မုန့်ပါလား”

ထိုင်ရာမှ မထဘဲ မေးလိုက်သည့် သားအကြီးကောင်ကို မသီတာ ခေါင်းခါပြလိုက်မိသည်။

“စန္ဒာ၊ ဒီနေ့ အလုပ်နားတာလား”

“မဟုတ်ဘူး မကြီး။ နေ့တစ်ဝက်ပဲ ဆင်းရတာ”

စန္ဒာ့အဖြေစကားကြောင့် ပါလာသည့် အိတ်ကို စာကြည့်ခန်းထဲသို့ သွားထည့်ရန် ပြင်နေသည့် မသီတာတစ်ယောက် ငွေ့ငွေ့ ပြုံးမိလေ၏။ စန္ဒာ့အကြောင်း ဘယ်သို့ဘယ်ပုံ ဆိုက်နေပြီဆိုတာကို သူ သတိမမူမိသည်မှာ ကြာပါပြီကော။ မှတ်မှတ်ရရ ဆိုရမယ် ဆိုလျှင် စန္ဒာပင် မသီတာတို့ အိမ်မှာ လာနေ သည်မှာ ၅ နှစ် ကျော်ခဲ့ပြီ။ စန္ဒာ့အလုပ်လည်း သုံးလေးခုထက် မနည်း ပြောင်းခဲ့ပြီဖြစ်သည်။ မည်သို့သော အလုပ်တွေပြောင်းသည် ဆိုတာကို မသီတာ မသိသော်လည်း ကိုအောင်ငြိမ်းကတော့ သိပေလိမ့်မည်။ သူကိုယ်တိုင် အလုပ်အင်တာဗျူးတွေ လိုက်ပို့ပေးခဲ့သည်ကိုး။

“ငါ...ခဏနားလိုက်ဦးမယ်။ စာကြည့်ခန်းထဲမှာပဲ ရှိမယ်။ ဟိုနှစ်ကောင် မုန့်ဖိုးယူမယ်ဆို စောစောစီးစီး လာယူထား”

ပြောပြောဆိုဆိုဖြင့် စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်။ တံခါးကို လော့ချလိုက်သည်နှင့် တစ်ပြိုင်နက် မသီတာ၏ ခြေအစုံသည် ပျော့ခွေကာ အောက်သို့ ပုံကျ၏။ ပင်ပန်းသည်။ သိပ်ပင်ပန်းလွန်းသည်။

••••• ••••• •••••

“သားလေးရယ် အိပ်ပါကွယ် တီတီ သီချင်းဆိုမယ်၊ သားလေးရယ် အိပ်ပါတော့ တီတီ သီချင်းဆိုချော့၊ ပစ်တိုင်းထောင်ကြီး ဘုတိုတို မျက်နှာပြုံးချိုချို၊ ပစ်ချင်သလို ပစ်လို့ကျ ကျရာထောင်လို့က”

မှေးခနဲဖြစ်လုလု မသီတာ၏ မျက်လုံး အစုံသည် စန္ဒာ၏ အသံကြောင့် ဖျတ်ခနဲ ပွင့်သွား၏။ ဖုန်းမှ နာရီကို ကြည့်လိုက်တော့ ည ၈ နာရီခွဲချေပြီ။ အမှန်တကယ်ဆို ဒီချိန်က သားငယ်ကို သိပ်ရမည့်အချိန်မဟုတ်။ သို့ပေမယ့် စန္ဒာ သားငယ်ကို သိပ်နေပြီဆို လျှင် အတွေးမဆုံးမီပင် မသီတာ့ရင်သည် ဆတ်ခနဲ ခုန်သွား၏။ ဒီချိန်ဆို ကိုအောင်ငြိမ်း ပြန်လာပြီလားမသိ။ သို့သော် စိုးစဉ်းမျှ အသံမကြားရဆိုတော့ ကိုအောင်ငြိမ်း ပြန်မလာလောက်သေးတာတော့ သေချာသည်။

“ကိုး တစ်လီ ကိုး၊ ကိုး နှစ်လီ တစ်ဆယ့်ရှစ်”

ဧည့်ခန်းရှေ့မှ ထွက်ပေါ်လာသည့် သားကြီး၏ အသံတိုးတိုးကို ကြားတော့ မသီတာ ကျေနပ်ပြုံး ပြုံးမိသည်။ သားကြီးကတော့ အတန်းထဲမှာ ဒီလလည်း အဆင့်တစ် ရပေဦးမည်။ တကယ်တော့ အဆင့် ၁ မပြတ်တမ်းရသည်ဆိုသည်မှာ မသီတာ့ အတွက် အဆန်းမဟုတ်။ စန္ဒာလည်း အကြိမ်ကြိမ် အဆင့်တစ် ရခဲ့ဖူးသည်။ စန္ဒာတို့ အတန်းထဲမှာတော့ အဆင့်တစ်သည် စန္ဒာ၏ ဂုဏ်ပုဒ်။ အစ်မကြီးဖြစ်သူ မသီတာ၏ အားပေးမှုကြောင့်ရော စန္ဒာ၏ ကြိုးစားမှုကြောင့်ပါ ဖြစ်သည်။ ဘာတဲ့။ ထိုစဉ်တုန်းကတော့ စန္ဒာ ပြောခဲ့ဖူးသည်။

“မကြီးအတွက် သမီး ပိုကြိုးစားမယ်နော်” တဲ့လေ။ ခုတော့ သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ဆွဲရှိုက်ရင်းက မသီတာ၏ စိတ်အစုံသည် ငယ်ဘဝစာမျက်နှာများကို ဖျတ်ခနဲ လှပ်လိုက်မိချေပြီတည်း။

••••• ••••• •••••

“အစ်ကိုရေ…ဒါ သီတာ့ညီမလေး စန္ဒာတဲ့။ အမေနဲ့ အဖေ အလုပ်တွေရှုပ်နေတော့ သီတာပဲ ထိန်းကျောင်းပေးနေရတာပါပဲ။ အခုလည်း သင်တန်းတက်ချင်တယ်တဲ့လေ။ အမေနဲ့ အဖေ့ကို မပြောရဲဘူးတဲ့။ ဒါနဲ့ သီတာလည်း အမေနဲ့ အဖေ မသိအောင် သင်တန်းကြေး ခိုးပေးနေရတယ်”

“ဟာကွာ အဓိပ္ပာယ်မရှိတာ။ ဒီလိုနဲ့ တို့နှစ်ယောက်က ပိုပိုဝေးတော့မှာပဲ။ တကယ်က ပိုက်ဆံစုရတော့မှာ”

ချစ်သူဖြစ်သူ၏ အလိုမကျသည့်ဟန်ကြောင့် သီတာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ထို့နောက် ..

“အစ်ကို့ကို သီတာ တစ်ခုတော့ ပြောချင်တယ်။ သီတာနဲ့ စန္ဒာဆိုတာ အသက် ၇ နှစ် ကွာတဲ့ ညီအစ်ပေမယ့် သီတာ့မွေးစား သမီးလိုပဲ။ သူမွေးကတည်းက သီတာ ထိန်းကျောင်းခဲ့ရတာပါ။ ခု သီတာကိုယ်တိုင် ရန်ကုန်မှာ အလုပ်တက်လုပ်ပြီဆိုမှ ထားခဲ့ရတာ။ သီတာနဲ့ အစ်ကိုတို့ လက်ထပ်တဲ့ အချိန်မှာ စန္ဒာလည်း လာနိုင်တာပဲ။ အဲဒီအခါ အစ်ကို့ဘက်က ဒီလိုစိတ်မျိုးနဲ့ဆိုရင်...”

ခပ်လေးလေး ညိတ်နေမိသည့် ခေါင်းအစုံကို မတ်ရင်း မသီတာ နှုတ်ခမ်းတွန့် ပြုံးလိုက်မိသည်။ ကိုအောင်ငြိမ်းနှင့် မသီတာတို့ လက်ထပ်တော့ နှစ်ဖက်မိဘက သဘောမတူသဖြင့် နှစ်ဦးသား ဘဝကို ရင်ဆိုင်ခဲ့ရသည်။ ကြုံသမျှ အခက်အခဲကို ကျားကန်ခဲ့ရသည်။ မူလက နှစ်ယောက်လုံး ဝန်ထမ်းပေမယ့် သားကြီးကို မွေးအပြီးမှာတော့ မသီတာ ဝန်ထမ်းမလုပ်တော့ဘဲ ရှိတဲ့ ပိုက်ဆံဖြင့် အိမ်ခြံမြေလောကထဲကို ခြေစုံပစ်ဝင်ခဲ့တာ ဖြစ်သည်။

အိမ်ခြံမြေပွဲစား သီတာဦးဆိုသည့် နာမည် ဖြစ်လာဖို့တော့ နှစ်နှစ်လောက်ထိ ရင်းလိုက်ရသည်။ ဒုတိယသားငယ်ကို ကိုယ်ဝန်ဆောင်ပြီ ဆိုတော့ မသီတာ အိမ်မှုကိစ္စများ မနိုင်နင်းတော့။ ထိုအချိန်မှာပဲ မိဘနှစ်ပါးက စန္ဒာကို မသီတာဆီ ပို့လိုက်ကြတာဖြစ်သည်။ ကိုအောင်ငြိမ်းကတော့ ရစကတည်းကအတိုင်း အစိုးရအလုပ်မှာ ရရစားစား ဘဝနှင့်သာ။ ရာထူးတက်သည်ရယ်လည်း မရှိ၊ လစာတိုးသည်ရယ်လည်း မသိရ။ တိုးသည် ဆိုဦးတော့ မသီတာ ရှာသည့် ပိုက်ဆံက ပိုမို၍ များပြားနေသည်မို့ မသီတာ ကိုယ်တိုင် သတိမမူမိခဲ့တာဖြစ်မည်။ ထို့ အတူ စီးပွားရေးကို ကျားကုတ်ကျားခဲ လိုက်နေမိသည့် ဒေါ်သီတာ တစ်ယောက် သားလည်း မမှုပြီ၊ ယောက်ျားလည်း မမှုခဲ့သည်မို့ ယခုလို ခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

နှာခေါင်းဝသို့ တိုးဝင်လာသည့် ဆေးလိပ်နံ့ကြောင့် ကိုအောင်ငြိမ်း ပြန်ရောက်လာပြီဖြစ်ကြောင်း မသီတာ အတတ်သိလိုက်သည်။ သို့ဆိုလျှင် သိပ်မကြာခင်မှာပဲ စန္ဒာက ထမင်းခူး ကျွေးတော့မည်ပေါ့။

“ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ လက်မခံပါနဲ့ အစ်မရယ်။ ပတ်ဝန်းကျင်မှာလည်း ကြားမကောင်းဘူး၊ အမြင်မတော်ဘူးလေ“

“အစ်မရေ ကိုယ့်လူကိုယ် နိုင်အောင် ထိန်းပါ အစ်မရယ်။ ပတ်ဝန်းကျင်က အစ်မကို မေးငေါ့နေကြပြီ”

“အစ်မရေ ကိုယ့်လူမို့ အမုန်းခံပြီး ပြောရဦးမယ်။ အစ်မယောက်ျားကို အဲလောက် စိတ်မချနဲ့။ နည်းနည်း checking လိုက်ကြည့်ဦး”

ကိုအောင်ငြိမ်းနှင့် စန္ဒာ့အသံကို ကြားရလိုကြားငြား နားစွင့်နေဆဲမှာပင်စကားလုံးများစွာ နားထဲသို့ တိုးဝင်လာ၏။ ပွဲစားတန်း ရောက်တိုင်း၊ အသိမိတ်ဆွေများနှင့် တွေ့တိုင်း ကြားရလေ့ရှိသော စကားလုံးများဖြစ်သည်။ ထိုစကားသံများ ကြားရတိုင်း မသီတာ အပြုံးဖြင့် တုံ့ပြန်မိမြဲ။ အမှန်တကယ်တော့ ဖောက်ပြန်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည်မှာ အခါခါဖြစ်ကြောင်း ရင်ဖွင့်ပြချင်၏။ စိတ်သောကကို ညည်းဆိုပြချင်၏။ သို့သော် သားနှစ်ယောက်၏ မျက်နှာလေးများကို ပြန်မြင်ယောင်မိတော့ နှုတ်ဆိတ်၍သာ နေမိလေတော့သည်။

“သားကြီး အိပ်တော့နော်။ တီလေး နားဖာကလော်ပေးမယ်။ လာ...လာ”

ဟော...စန္ဒာပင် သားကြီးကို သိပ်တော့မည်။ မျက်လုံးအစုံက နာရီကို တကူးတက ကြည့်မိပြန်သည်။ ဒီလိုအချိန်ဆို လျှင် စန္ဒာက မသီတာ့အနားသို့ လာ၍ စကားများဆိုနေတတ်ပြီး ကိုအောင်ငြိမ်းက သားတို့နှင့် ကစားတဲ့ အခိုက်အတန့် မဟုတ်ပေဘူးလား။ အရာရာသည် တိတ်ဆိတ်နေသကဲ့သို့ ရှိသည်။ တစ်ချိန်တုန်းကတော့ စန္ဒာ့ကို မသီတာ ကိုယ်တိုင် နားဖာချေး ကလော်ဖူးခဲ့သလို သီချင်းပေါင်းစုံနဲ့လည်း သိပ်ခဲ့ရသည်။ စန္ဒာက အမေ့နို့အမှတ်နှင့် မသီတာ့ထံ ကပ်ခဲ့သည့် ရင်ဖိုမှုကိုပင် ယနေ့တိုင် မမေ့နိုင်သေး။

“မကြီး…သမီး ကြီးလာရင် မကြီးကို ဒီလောက်မပင်ပန်းစေရဘူးနော်။ စာကြိုးစားမယ်၊ ဆရာဝန်ကြီးဖြစ်အောင်လုပ်မယ်။ ပြီးတော့ မကြီးကို ရှာကျွေးမယ်။ မကြီးလည်း ယောက်ျား မယူရဘူးနော်”

စန္ဒာ့စကားသံတချို့ကို ကြားယောင်မိ တော့ နှုတ်ခမ်းတွေ အပြုံးငွေ့ငွေ့သမ်း၏။ တစ်ချိန်ကတော့ မသီတာနှင့် စန္ဒာသည် အများကပင် သားအမိထင်ရလောက်အောင် ယင်းကပ်သူများဖြစ်သည်။ မိဘနှစ်ပါး ရှိသော်လည်း မသီတာပင် စန္ဒာ့အားကိုးသူသဖွယ် ရှိနေခဲ့တာဖြစ်သည်။ ယခုတော့ မိဘနှစ်ပါး ဆုံးပြီးနောက် စန္ဒာ တစ်ယောက် ဦးဆုံး အကြိမ်အဖြစ် အားကိုးတွေ့သွားခြင်းဖြစ်သည်။ သက်ပြင်းတစ်ချက်သည် သူ့အလိုလို ရိုက်၏။ မသီတာ၏ ရင်အစုံသည် မည်သူ တစ်ဦးတစ်ယောက်၏ ပယောဂမျှ မပါဘဲ ဖားဖိုကဲ့သို့ နိမ့်တုံမြင့်တုံရှိချေပြီ။

••••• ••••• •••••

“ဒေါက် ... ဒေါက်...ဒေါက်၊ မကြီး”

တံခါးခေါက်သံနှင့်အတူ မရဲတရဲနှင့် လှမ်းခေါ်လာသည့် အသံကြောင့် မသီတာ မျက်လုံးအစုံကို ဖွင့်လိုက်မိသည်။

“ဝင်ခဲ့လေ စန္ဒာ”

တံခါးကို လှပ်လာသည့် စန္ဒာ၏ မျက်လုံးအစုံသည် နီရဲမို့အစ်နေသယောင် ရှိ၏။ သားတို့ကြောင့် ငိုတာတော့မဟုတ်နိုင်။

“သမီး...သမီး ဖွင့်ပြောစရာရှိတယ်”

မည်သို့မျှ ခံစားချက်မရှိသူလို မျက်နှာသေဖြင့် မသီတာ နားထောင်နေလိုက်သည်။ အမှန်တကယ်တော့ စာဖတ်ခန်းထဲသို့ တကူးတက လာပြီး ခွင့်တောင်းသည့် ညီမငယ်ပြောမယ့်အရာကို မသီတာ ကြိုတင် ခန့်မှန်းမိနေပြီဖြစ်သည်။ သို့သော် မပြောပါနဲ့ ဟု မတားရက်။ မှန်တယ်ထင်လိုသူတွေ မှန်ကြပါစေလေ။

“ပြောလေ စန္ဒာ”

တိုးသော်လည်း ပြတ်သားသည့် မသီတာ့ စကားအဆုံးတွင် စန္ဒာတစ်ယောက် ဘာစကားမှ ဆက်မလာနိုင်တော့ဟန်နှင့် တွေတွေကြီး ရပ်နေရှာသည်။ ထိုစဉ်မှာပဲ ကိုအောင်ငြိမ်းက လိုက်ကာစကို မကာ အခန်းတွင်းသို့ ရောက်ရှိလာပြန်၏။ ကိုအောင်ငြိမ်း ရောက်ပြီဆိုတော့ တစ်ခုခု ပြောစရာရှိတာက ပိုသေချာလာပြီဖြစ်သည်ပဲ။ သားနှစ်ယောက်တော့ မောမောပန်းပန်းနဲ့ အိပ်လှပြီဖြစ်သည်။ မသီတာလည်း အိပ်ချင်နေပြီဖြစ်သည်။ မသီတာက မျက်မှန်ကို ချွတ်လိုက်ရင်း မျက်လုံးအစုံကို လက်ဖြင့် ပွတ်လိုက်စဉ်မှာပင်...

“မိန်းမ၊ စန္ဒာ့အစား ငါပြောမယ်။ ငါတို့..”

ကိုအောင်ငြိမ်း စကားမဆက်ခင် မသီတာ လက်ကာပြလိုက်သည်။ ထို့နောက်-

“ဒီနေ့ကစပြီး ကျွန်မ စာဖတ်ခန်းမှာပဲ အိပ်တော့မယ်”

ရုတ်တရက် ထကာ ပြောလိုက်သည့် မသီတာ့ တုံးတိတိစကားကြောင့် ကိုအောင်ငြိမ်းရော စန္ဒာပါ မသီတာ့ကို လှည့်ကြည့် လာ၏။ မသီတာ ကတော့ နဂိုကတည်းက ကြိုယူထားသည့် စောင်ကို အိပ်ရာခင်းအဖြစ် ခင်း၍ ခြင်ထောင်ထောင်ကာ သူတို့နှစ်ယောက်၏ အကြည့်ကို မသိနိုးနား ရှောင်ကွင်းရင်း မျက်နှာသေဖြင့်ပင်...

“ရှင့်ကို ကွာပြီး အိမ်ထောင်ကွဲတစ်ယောက်အဖြစ် ကျွန်မ မရပ်တည်နိုင်သလို သားနှစ်ယောက်ကိုလည်း မျက်နှာမငယ်စေချင်ဘူး။ စန္ဒာ့ကိုလည်း ဖောက်ပြန်သူအဖြစ် အများက လက်ညှိုးထိုးမှာကို ကျွန်မ လက်မခံနိုင်ဘူး။ ဒီတော့ ဒီနေ့ကစပြီး ကျွန်မ စာဖတ်ခန်းမှာ အိပ်မယ်။ ရှင်ဟာ ကျွန်မ ယောက်ျားဖြစ်သလို သားတို့ရဲ့အဖေလည်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ အချင်းချင်း ဘာမှ မသက်ဆိုင်တော့ဘူးလို့ မှတ်ပါ။ စန္ဒာ ညီမလေးက မကြီးရဲ့ညီမဖြစ်ပေမယ့် ကိုအောင်ငြိမ်းကတော့ အစ်မနဲ့ ဘာမှ မသက်ဆိုင်တဲ့လူ ဖြစ်သွားပြီ။ ညီမလေး စိတ်သန့်သန့်နဲ့ နေပါ။ ကျန်တာ ဘာစကားမှ လာမပြောပါနဲ့။ ကျွန်မ အိပ်ချင်ပြီ။ နှစ်ယောက်လုံးသွားပါတော့”

စန္ဒာ့ခန္ဓာကိုယ်လေး တစ်ချက်တုန်သွားတာကို သတိထားမိသော်လည်း ကိုအောင်ငြိမ်း ပွေ့ပိုက်လိုက်ဖြစ်၍ မသီတာ မနှစ်သိမ့်သာပါ။ ထို့နောက် ထွက်ခွာသွားသည့် သူတို့နှစ်ယောက် နောက်သို့ အကြည့်တို့ ရောက်သော်လည်း မသီတာ မျက်ရည်မဝဲမိ၊ အရင်းနှီးဆုံးသူ၏ သစ္စာဖောက်ခြင်းကိုလည်း ခံခဲ့ရပြီ။ အယုံကြည်ရဆုံးသူ၏ သစ္စာမဲ့ခြင်းကိုလည်း ကြုံခဲ့ရပြီ။ အတွယ်တာဆုံး သားနှစ်ယောက်၏ အချစ်ကိုလည်း ညီမငယ်ထံ ပေးဆပ်လိုက်ရပြီဖြစ်သည်မို့ ကြေကွဲခြင်းဆိုတာ ဘာလဲ မသီတာ မသိပြီ။ မသိပြီတည်း။ ဝေ့သီလာသော မျက်ရည်တို့ ကြောင့် မျက်လုံးအစုံကို မှိတ်လိုက်တော့ အိပ်ခန်းထဲရှိ ဗီရိုထဲမှ ကွာရှင်းစာချုပ်ကို ပြေးမြင်သည်။ ကိုအောင်ငြိမ်း၏ တစ်ဖက်သတ်လက်မှတ်များ ဖြည့်စွက်ထားသော စာချုပ်ကို မသီတာ လက်မခံလိုခြင်းမှာ သား တို့အတွက်ကြောင့်လား၊ စန္ဒာ့ အတွက်ကြောင့်လေလား၊ သို့တည်းမဟုတ် မသီတာ့ အတွက်ကြောင့် လေလားဆို သည်ကိုတော့ ....။  ။

⎕ ရည်ဝေ (လင်းရောင်ခြည်)
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း    
     ဩဂုတ် ၊ ၂၀၁၈

Friday, July 24, 2026

မမြင်တဲ့သူကို သီးခံပါ

❝ မမြင်တဲ့သူကို သီးခံပါ ❞
   ( မဟော်သဓာ ရွေဝင်း )

မျက်မမြင် သူတောင်းစားအဘိုးကြီးကား အသက် ခြောက်ဆယ်ခန့် ရှိလောက်သည်။

၎င်းအား ဆယ့်ငါးနှစ်ခန့်ရှိ သူငယ်တယောက်က လက်တွဲ ခေါ်ဆောင်နေသည်။

အဘိုးကြီး အနေဖြင့် လက်တဘက်က တောင်ဝှေးကို အားပြု၍ထားရ၏။

၎င်းတို့ နှစ်ယောက်သည် ရန်ကုန်အနောက်ပိုင်းရှိ လမ်းကျဉ်း လမ်းထဲ ဝင်လာ၏။

“မျက်မမြင် ဒုက္ခိတပါ ခင်ဗျား၊ လုပ်ကိုင်လဲ မစားနိုင် အားကိုးရာလဲ မရှိမို့ တောင်းစားနေရပါတယ်၊ တပြားတချပ် စွန့်ကြဲကြပါခင်ဗျား..”

အဘိုးကြီးသည် ၎င်း၏ လက်သုံး အသနားခံစကားကို ဟစ်လိုက်ရှာသည်။ စင်စစ်အားဖြင့် သုံးလေးရက် တကြိမ်ခန့် ကြားနေရသော အသံဖြစ်၏။

ညမွှေးပန်း ( ဆောင်တော်ကူးပန်းပင် ) ခြုံတခုကို ကျော်လိုက်သောအခါ၊ အခြားအိမ်ခန်းဝ တဲ့တဲ့ရောက်လာသည်။

“ဖြန်း...”

“အလိုလေး..ဘယ်လိုများ ဖြစ်ပါလိမ့်....”

အဘိုးကြီးခမြာ၊ အလန့်တကြားဖြင့် ခေါင်းခါခါ လယ်ခါခါ ဖြစ်သွားရှာ၏။

ဇလုံအပြည့်ဖြင့် ပက်လိုက်သော လက်ဆေးရေများ အဘိုးကြီး၏ မျက်နှာတည့်တည့်သို့ တိုက်ရိုက်ထိသွားသည်။

“လူမမြင်ဘူးလား‌ဗျ..”

အဘိုးကြီး၏ လမ်းပြသူငယ်က ဒေါသကြီး အော်သည်။

“မမြင်လို့ပေါ့ဟဲ့....”

အိမ်တွင်းမှ မိန်းမကြီးသည် ဇလုံကိုင်ထားရင်း ပြန်ဟောက်ခြင်း ပြု၏။

“လူတယောက်လုံး မမြင်တာ ကန်းနေသလား…”

“နင်တို့သာ အကန်း...”

အဘိုးကြီးသည် ၎င်း၏ သူငယ်အား ဤသို့သော စကားဖြင့် နှစ်သိမ့်၏။

“သီးခံ - ငါ့မြေး …. သီးခံ …. မမြင်သူကို အပြစ်မဆိုပါနဲ့” ဟူ၏။

⎕ မဟော်သဓာ ရွေဝင်း
📖လူ့ဘုံခန်းဝါ အူတက်စရာ

ဗေဒင်မယုံတဲ့ ဗြာဟ္မဏဆရာ


❝ ဗေဒင်မယုံတဲ့ ဗြာဟ္မဏဆရာ ❞

မှတ်မှတ်ရရ တစ်မနက်ပါ ။

ကျွန်တော်က အိပ်ရာက စောစော နိုးလေ့ရှိတယ် ။ အဲသည်နေ့ မနက်မှာလည်း ကျွန်တော် စောစော နိုးနေတယ် ။ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ ၊ ဟဲယာရွာမက ဦးစံလင်းရဲ့ အိမ်မှာ ကျွန်တော် တည်းခိုနေတာပါ ။ ရှမ်းပြည်နယ် ဆောင်းက အေးတယ် ။ အိပ်ရာက နိုးတော့ ဂွမ်းပုံထဲမှာ အပျင်းဆက်ထူနေတယ် ။

အင်းလေးဒေသမို့ အရာရာက အေးအေးချမ်းချမ်း တိတ်ဆိတ်နေပါတယ် ။ နားထဲမှာ ထူးဆန်းတဲ့ အသံ တစ်ခု ကြားရတယ် ။ အိန္ဒိယ ဂန္ထဝင် ရုပ်ရှင်ကားတွေထဲ ကလို သံစဉ် အနိမ့်အမြင့်က အင်မတန် နားထောင်ကောင်းတဲ့ အသံ ။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အိမ်ဦးခန်းထဲမှာ ဂန္ဓာရီ ဆန်ဆန် မြင်ကွင်းကို မြင်လိုက်ရတယ် ။ ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ် တစ်ယောက် ထိုင်နေတယ် ။ သူ့ကို ပတ်ချာဝိုင်းပြီး ဖယောင်းတိုင် ဆီမီးတွေ ထွန်းထားတယ် ။ လေအဝေ့မှာ မီးတောက်တွေက လှုပ်လို့ အရိပ်တွေက ယိမ်းထိုးနေတယ် ။

အဲသည် မြင်ကွင်းကို မြင်တွေ့ခဲ့ရတာ နှစ်ပေါင်း ၃ဝ ခန့် ရှိပြီ ဖြစ်ပေမယ့် ကျွန်တော့် စိတ်မှာ အမှတ်ထင်ထင်ပါ ။ စဉ်းစားရင် ပြန်မြင်ယောင်တယ် ။

ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်ကို သေသေချာချာ ကြည့်လိုက်တော့ ကျွန်တော်တို့ရဲ့ ခရီးဖော် ဦးလှညွန့် ဖြစ်နေတယ် ။

ကြံတိုင်းအောင် လွယ်အိတ်လုပ်ငန်းရှင် ဦးအောင်မင်း က အင်းလေးဒေသမှာ ရှိတဲ့ သူ့ရက်ကန်းလုပ်ငန်းတွေကို သွားကြည့်တယ် ။ ကျွန်တော်နဲ့ ဦးလှညွန့် က အဖော်အဖြစ် လိုက်သွားကြတာပါ ။ ဦးလှညွန့် က ကျွန်တော့် အတွက် စိတ်ဝင်စားဖို့ ကောင်းသူ ဖြစ်တယ် ။ နောင် နှစ်ပေါင်း ၃ဝ လောက် ကြာတဲ့အခါ သူ့ကို ယောဂအကျင့် ကျင့်လိုသူတွေကို စေတနာ့ဝန်ထမ်း သင်ပြပေးနေတဲ့ ဆရာကြီး အဖြစ် ပြန်တွေ့ရပါတယ် ။

ဆရာ ဦးလှညွန့် နေထိုင်တဲ့ မန္တလေးတက္ကသိုလ် အနီးက အရှေ့ပုဏ္ဏားကုန်း လို့ ခေါ်ကြတဲ့ ရပ်ကွက်က နေအိမ်ကို ကျွန်တော် သွားရောက်ပါတယ် ။ အိမ်ဝင်းထဲမှာပဲ ဘုရားကျောင်း ရှိတယ် ။ ဘုရားကျောင်းထဲမှာပဲ ထိုင်ရင်း ဦးလှညွန့် နဲ့ ကျွန်တော် စကားစမြည် ပြောကြပါတယ် ။

“ မွေးတာက မန္တလေးမှာပဲ ၊ ဒီနေရာမှာ အရင်က အိမ်ကလေး ရှိတယ် ”

ကျွန်တော်က ပတ်ဝန်းကျင်ကို စောင်းငဲ့ ကြည့်လိုက်မိတယ် ။ အိမ်ဝင်းက မန္တလေးမြို့ရဲ့ down town လို့ခေါ်တဲ့ ရန်မျိုးလုံ ရပ်ကွက်ထဲမှာ ဖြစ်ပေမယ့် အကျယ်ကြီး ။ ခြံကျယ်ဝင်းကျယ် ။ သူတို့ အိမ်ကလည်း အိမ်ကြီးရခိုင် ။

“ မိဘတွေက ဈေးချိုတော် စီရုံမှာ စာအုပ်ဆိုင် ထွက်တယ် ၊ ဝတ္ထု မပါ ပညာပေး စာအုပ်တွေပေါ့ ၊ စာရေးကိရိယာလည်း ရောင်းတယ် ၊ ကျွန်တော့်အဘိုး လက်ထက် ကတည်းက ၊ ကျွန်တော့်ဘကြီးက အိန္ဒိယနဲ့ အဆက်အသွယ် ရှိတယ် ၊ အိန္ဒိယက ပစ္စည်းကို မှာရောင်းတာ ”

“ ပညာသင်ယူခဲ့တာကို ပြောပြပါဦး ”

“ ငါးနှစ် ၊ ခြောက်နှစ်သားမှာ ဖားသားလဖုန်းကျောင်း တက်ရတယ် ။ ကျောင်းပို့တဲ့ အချိန်မှာ ကျွန်တော်က မြန်မာစကား မတတ်တော့ တအား ဒုက္ခရောက်တယ် ။ အိမ်မှာက ကိုယ့် ဘာသာစကားပဲ ပြောတာ ”

“ ဘာ ဘာသာစကား ပြောလဲ ”

“ ဘင်္ဂါလီ ၊ ကျွန်တော့်အဖေရဲ့ အဘိုးက သီပေါမင်းရဲ့ ပုဏ္ဏားတော်ပညာရှိ ဦးစိန္တာ ၊ အိန္ဒိယမှာ ကွယ်လွန်တယ် ၊ ကျွန်တော်က ကျောင်းသွားရင် ဖျားတာပဲ ၊ အဲဒီနှစ်က စာမေးပွဲ မအောင်ဘူး ”

သူက ရယ်တယ် ။ ကလေးတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ များနေတာ ဖြစ်မယ်လို့ ကျွန်တော်က တွေးတယ် ။

“ ကျောင်းမှာက လဖုန်း ကျောင်းတံဆိပ်ပါတဲ့ ဗလာစာအုပ်ပဲ ဝယ်ကိုင် ရတယ် ၊ ကျွန်တော့် အိမ်က စာရေးကိရိယာ ရောင်းတာဆိုတော့ ကျောင်းက ဗလာစာအုပ် ဝယ်မပေးဘူး ၊ ဆရာမက ကျောင်းတံဆိပ်ပါတဲ့ စာအုပ် ဝယ်ရမယ်လို့ ပြောတယ် ၊ နက်ဖြန်ခါ ဝယ်မယ်လို့သာ ကျွန်တော် ပြန်ပြောတယ် ၊ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်လည်း ပြန်မပြောတတ်ဘူး ၊ ဆရာမက နေ့တိုင်းပဲ အတန်းရှေ့ ထုတ်ပြီး ဒူးထောက်ထိုင်ခိုင်းတယ် ”

ကျောင်းသားကလေးတစ်ယောက် အနေနဲ့ ကျောင်းမပျော်ဘဲ အမြဲ စိတ်ဆင်းရဲနေမယ့် အခြေအနေမျိုးပါပဲ ။

“ ကျွန်တော့်ကို မိဘတွေက ကျူရှင်လည်း ထားပေးတယ် ၊ ဆိုက်ကားကို လပေးငှားပြီး အိမ်နဲ့ကျောင်းနဲ့ ကျူရှင်နဲ့ ကူးရတာပေါ့ ၊ တစ်နေ့တော့ ကျူရှင်က ဆရာမကို ကျွန်တော် ကျောင်းမှာ နေ့တိုင်း ဒူးထောက်ထိုင်ရတယ်လို့ ပြောပြမိ တယ် ၊ ဆရာမက ဘာကြောင့် အဲဒီလို အပြစ်ပေး ခံရတာလဲ ပြန်မေးတော့ ကျွန်တော်က သူ နားလည်အောင် မြန်မာလို မပြောတတ်ဘူး ”

ဘာသာစကား အတားအဆီးနဲ့ သူ ဒုက္ခရောက်ခဲ့ရပုံက သင်ခန်းစာ ယူဖို့လည်း ကောင်းတယ် ။ လူ့အသိုက်အဝန်းမှာ လူများစုကြားမှာ နေထိုင်ရသူ လူနည်းစုရဲ့ ခံစားမှု ၊ အဆင်မပြေမှုတွေ ကိုလည်း စာနာတတ်ကြဖို့ ကောင်းတယ်လို့ ကျွန်တော် တွေးမိပါတယ် ။

“ ကျူရှင်ဆရာမက ဆိုက်ကားဆရာကို မှာလိုက်တယ် ၊ ကလေးကျောင်းမှာ နေ့တိုင်း ဒူးထောက် ထိုင်နေရတယ်တဲ့ ၊ ဘာကြောင့်လဲ မေးဖို့ သူ့မိဘတွေကို ပြောပါဦးတဲ့ ”

ကျူရှင်ဆရာမရဲ့ စေတနာကို လေးစားဖို့ ကောင်းတယ် ။

“ ဘကြီးက မေးတော့ ကျွန်တော်က ကျွန်တော် နားလည်တဲ့ ဘာသာစကားနဲ့ ပြန်ပြောပြတယ် ၊ ကျောင်းတံဆိပ်ပါတဲ့ ဗလာစာအုပ်ကို ဝယ်ကိုင်ရမှာ ၊ မဝယ်လို့ အတန်းရှေ့ထုတ်ပြီး ဒူးထောက်ခိုင်းတယ်လို့ ၊ ဘကြီးက ကျောင်းလိုက်လာပြီး ကျောင်းအုပ်ဆရာကြီးနဲ့ တွေ့တယ် ၊ ကျွန်တော်တို့က စာရေးကိရိယာ ရောင်းတာ ၊ ကျွန်တော့်ကလေးတွေ ကိုယ့်ဆိုင်က ပစ္စည်းကို မသုံးရဘူးလား မေးတယ် ”

မိဘအုပ်ထိန်းသူရဲ့ သတ္တိကိုလည်း တစ်စွန်းတစ်စ မြင်လိုက်ရပါတယ် ။

“ သူတို့က မသုံးနဲ့လို့ ပြောလို့ မရဘူးလေ ၊ ဒါကြောင့် ကျွန်တော့် စာအုပ်တွေ ယူခဲ့ပါ ဆိုပြီး ကျောင်းတံဆိပ် ရိုက်ပေးတယ် ၊ ကျွန်တော် ဘာသာစကား မတတ်လို့ သိပ်ဒုက္ခရောက်တယ် ၊ ကျွန်တော့်ဒုက္ခမျိုး ကျွန်တော့် ကလေးတွေ မရောက်ရအောင် ကလေးတွေကို ငယ်စဉ် ကတည်းက မူကြိုပို့တယ် ”

ဦးလှညွန့်က ပြောနေရင်း အသံတွေ တုန်ယင် လာတယ် ၊ သူငယ်စဉ်က ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ပြန် အမှတ်ရတာရော ၊ ဘာသာစကား ခြားနားတဲ့ သူတွေ ကြားမှာ သူစိမ်းတွေလို ဖြစ်ပြီး အဆင်မပြေမှုတွေ သူ့သားသမီးတွေ ခံစားကြရမှာကို စိုးရိမ်ကြောင့်ကြတာရော ၊ အကြောင်းအရာပေါင်းစုံက ခံစားချက် ပြင်းထန်စေတာ ဖြစ်နိုင်ပါတယ် ။

“ မူကြိုဆရာမကို ပြောတယ် ၊ ဒီကလေးကို စာတတ်ဖို့ မူကြိုပို့တာ မဟုတ်ပါဘူး ၊ မြန်မာစကား တတ်စေချင်လို့ပါ ၊ သင်ပေးပါလို့ ”

ဦးလှညွန့်တို့က ဘင်္ဂါလီ ဘာသာစကားကို ပြောတယ်လို့ ဆိုတယ် ။ ရခိုင် မှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ ဘင်္ဂါလီတွေ ဆိုတဲ့ အသုံးအနှုန်းကို တွေ့ရတယ် ။ ဦးလှညွန့်တို့က ဟိန္ဒူဘာသာ ကိုးကွယ်တယ် ။ ဘင်္ဂါလီလို့ ပြောရင် လူတွေက မွတ်စလင်လို့ ယူဆတယ် ။ ကျွန်တော့် စိတ်မှာ မရှင်းလို့ သူ့ကို မေးခွန်းထုတ်တယ် ။

“ ဗမာလူမျိုးထဲမှာ ခရစ်ယာန်လည်း ရှိတယ် ၊ ဗုဒ္ဓဘာသာလည်း ရှိတယ် ၊ မွတ်စလင်လည်း ရှိတယ် ၊ ကိုးကွယ်တာပဲ ကွာတာ ၊ ဘင်္ဂါလီက လူမျိုး ၊ ကိုးကွယ်တဲ့ ဘာသာချင်းတော့ ကွာနိုင်တယ် ”

သူတို့ရဲ့ ထုံးတမ်းဓလေ့တွေကို ကျွန်တော် မေးတယ် ။

“ ကျွန်တော့်အသက် ခုနစ်နှစ် ၊ ရှစ်နှစ် လောက်မှာ စလွယ်တင်တဲ့ အခမ်းအနား လုပ်တယ် ”

ပုဏ္ဏားဓလေ့ စလွယ် တင်တာကို ခမ်းခမ်းနားနား လုပ်လေ့ရှိတာကြောင့် ကျွန်တော်က စိတ်ဝင်တစား ရှိပါတယ် ။

“ အရပ်ထဲက ပညာရှိတွေကို ကျွန်တော့်ဇာတာ ပြတယ် ၊ အခါကောင်းကို ရွေးတယ် ၊ သူတို့က တွက်ချက် ညှိနှိုင်းပြီးတော့ အခါရွေးတယ် ၊ ဘယ်နေ့ ဘယ်အချိန်မှာ စလွယ် တင်ရမယ်လို့ ဆုံးဖြတ်တယ် ၊ ဒီအိမ်ဝင်းထဲမှာပဲ မဏ္ဍပ် ထိုးတယ် ၊ သုံးလေးရက် စလွယ်တင် အခမ်းအနား လုပ်တယ် ”

ကျွန်တော်က စိတ်ဝင်စားလို့ စကား မထောက်ဘဲ နားထောင်နေတယ် ။ ဦးလှညွန့်က ဆက်ပြောပါတယ် ။

“ စတဲ့ရက်မှာ အရပ်ထဲက အမျိုးတွေ အားလုံးကို ကွမ်းနဲ့ ကွမ်းသီးနဲ့ အိမ်ပေါက်စေ့ ကျွန်တော်တို့ မိသားစုက လိုက်ပြီး ဖိတ်ရတယ် ၊ ညနေပိုင်းကျ လူကြီးတွေကို ကိုယ်တတ်နိုင်တဲ့ အင်္ကျီအဝတ်အစားတွေနဲ့ လိုက်ကန်တော့ပြီး သူတို့ရဲ့ မေတ္တာခံယူရတယ် ၊ နောက်ရက် စလွယ် မတင်ခင် တစ်ရက် အကြိုမှာ အမျိုးသမီးတွေက ရေအိုးလွတ်လေးတွေ ရွက်လို့ ရှေ့မှာ ဗုံသမားတွေ ၊ လင်းကွင်းသမားတွေနဲ့ ရပ်ကွက်ထဲ လှည့်တယ် ”

အဲသည်လို အခမ်းအနားမျိုး လှည့်လည်တာကို ကျွန်တော် မန္တလေး တက္ကသိုလ်မှာ ကျောင်းသားဘဝက ပုဏ္ဏားကုန်းမှာ ဖြတ်သွားဖြတ်လာ မြင်ဖူးပါတယ် ။

“ ရောက်ခါနီးမှာ ရေတွင်းကို ပူဇော်ရတယ် ၊ ရေကို ငင်ပြီး ရေအိုးတွေ ရေဖြည့်ရတယ် ၊ ရေဖြည့်ပြီးရင် ဖိနပ် မစီးရဘူး ၊ ဗုံသမားနဲ့ အရပ်ထဲ လှည့်တယ် ၊ ရေအိုးတွေကို သီးသန့်ထားတယ် ၊ ညနေကျတော့ စလွယ်တင်မယ့် ကလေးကို ဝေါပေါ်တင်ပြီး ဗုံအတီးတွေနဲ့ ရပ်ကွက်ထဲ လှည့်တယ် ၊ ပျော်တဲ့ အနေနဲ့ သီချင်းတွေ ဆိုတယ် ”

ကျွန်တော်က တိတ်ဆိတ်စွာ နားထောင်နေတယ် ။

“ စလွယ်တင်မယ့် မနက်ကျ ခေါင်းတုံး တုံးရတယ် ၊ ရေချိုးသန့်စင်ပြီး သင်္ကန်းရောင် ဒိုတီကို ဝတ်ပေးတယ် ၊ မနက်က စပြီး ရေအိုးလေးတွေ ချပြီး မယ်တော် ပူဇော်တယ် ၊ ပုရောဟိတ်က မန္တာန်ရွတ်ပြီး မီးဟုန်းပူဇော်တယ် ၊ အဲဒီ မီးနဲ့ အဲဒီနေ့ ကျွန်တော် စားရမယ့် အစာ နွားနို့နဲ့ ထမင်းချက်တယ် ၊ ဒါပဲ စားရတယ် ၊ ပုရောဟိတ်က ဗြာဟ္မဏတွေကို အချိန်ကျပြီလား မေးတယ် ၊ အချိန်ကျပြီ ဆိုတော့ စလွယ် စတင်တယ် ၊ စလွယ်ကို အသက်ထက်ဆုံး တင်ထားတယ် ”

“ စလွယ်ကို ဘယ်လို လုပ်ထားတာလဲ ”

ဦးလှညွန့်က ထိုင်နေရာက ထပြီး အရွက်တစ်မျိုးကို ယူပြတယ် ။ အရွယ် ရှည်ရှည် ၊ မြက်နဲ့ ဆင်တူပါတယ် ။

“ အရွက်တစ်မျိုးနဲ့ ချည်ကြိုးနဲ့ လုပ်ထားတဲ့ စလွယ် တင်ပေးတယ် ၊ ရွက်ရမယ့် မန္တာန်ကို ရွတ်ဖတ်တယ် ၊ စလွယ် တင်ပြီးတာနဲ့ အရပ်ထဲကို ဆွမ်းခံ ထွက်ရတယ် ၊ ထွက်သွားချိန်မှာ လူ့လောကကို စွန့်ပြီး အပြီးတိုင် ထွက်ခွာသလို ရည်ရွယ်ချက်မျိုးနဲ့ သွားရတာ ၊ အမေ ဖြစ်သူက ငယ်ပါသေးတယ် မသွားပါနဲ့ဦး ဆိုတဲ့ သဘောနဲ့ ပြန်ပြီး ချီခေါ်လာတယ် ၊ ဗြာဟ္မဏ တစ်ယောက်အနေနဲ့ အရပ်ထဲက အသိအမှတ် ပြုတယ် ၊ အဲဒီညကျ အမျိုးသားတွေက သီချင်း ဆိုပြီး အရပ်ထဲ လှည့် တယ် ”

မြန်မာ့ရှင်ပြုအလှူနဲ့ ဆင်ဆင်တူတယ်လို့ စဉ်းစားမိတယ် ။

“ နောက် ၁ဝ ရက်တိုင်တိုင် ဘုရားကျောင်းမှာ နေပြီး မနက်ဆို အိမ်တိုင်းစေ့ ဆွမ်းခံရတယ် ၊ သက်သတ်လွတ် စားရတယ် ၊ ၁ဝ ရက်စေ့မှ ကိုရင်ဘဝက ထွက်တာ ”

“ စလွယ် တင်လိုက် ပြီးတော့ ကိုယ့်မှာ တစ်ခုခု သိဒ္ဓိ ရှိသလို ခံစားလာရသလား ”

“ အဲဒီအချိန်ကတော့ သိပ်ထူးထူးခြားခြား မရှိပါဘူး ၊ နောင်ကျမှ ဘာသာတရားကို လေးလေးနက်နက် လိုက်စားမှ ”

သာသာတရားကို လိုက်စားတော့ ဘာထူးခြားမှုတွေ တွေ့ရပါသလဲ ။ ကျွန်တော် စိတ်ဝင်စားနေမိတယ် ။

ဆရာ ဦးလှညွန့်က ပြောလက်စ ဖြတ်ပြီး ကျွန်တော့်ကို ခင်ဗျား ဘုရားကို ယုံသလား မေးခွန်းထုတ်တယ် ။ ယုံပါတယ်လို့ ပြန်ဖြေလိုက်တယ် ။ ယုံရင် ( ကျွန်တော့် ပါးစပ်ကို လက်နဲ့ ညွှန်ပြပြီး ) သည်ပါးစပ်က လုံးဝ မလိမ်ဘူးလား မေးတယ် ။ ( ကျွန်တော်က ရယ်ကျဲကျဲနဲ့ ) လိမ်ဖူးပါတယ်လို့ ပြန်ဖြေပါတယ် ။ ဒါဆိုရင် ဘယ်မှာ ဘုရားကို ယုံတာ ဟုတ်မှာလဲ ။ ယုံကြည်ရင် လိုက်နာရမယ် ။ ဒါ ကျွန်တော့်ရဲ့ ခံယူချက်ပဲလို့ ပြောတယ် ။

“ ကျွန်တော် ဗေဒင် မယုံဘူး ၊ ငါ သိပ္ပံသမား ၊ ကိုယ် လုပ်ရင်ကိုယ် ခံစားရမယ်လို့ပဲ ယုံကြည်တာ ၊ ဒါပေမဲ့ လက်တွေ့ ခံရတယ် ၊ ခံရမှ ဘုရားကို ယုံကြည်လာတယ် ”

••••• ••••• •••••

❝ ယောဂ ဆရာကြီး ❞

ဗြာဟ္မဏနွယ်ဖွား ဦးလှညွန့် က ယခုအခါ မန္တလေးမြို့မှာ ယောဂကို စိတ်ဝင်စားလို့ လေ့ကျင့်ချင်သူတွေကို မနက်တိုင်း စေတနာ့ဝန်ထမ်း သင်ပြပေး နေတဲ့ ဆရာကြီး ဖြစ်ပါတယ် ။ သူ နေထိုင်ရာ ရန်မျိုးလုံရပ်ကွက်က ဗြာဟ္မဏ ဘုရားကျောင်းမှာ အတူထိုင်ရင်း ကျွန်တော် သိချင်တာတွေကို မေးပါတယ် ။

“ ၁၉၇၁ ခုနှစ်မှာ ကျွန်တော် ၁၀ တန်း အောင်တယ် ၊ ဓာတုဗေဒ အဓိကနဲ့ တက္ကသိုလ် ဆက်တက်တယ် ၊ ၁၉၇၅ ခုနှစ်မှာ ကုန်ထုတ်ဓာတုဗေဒ သိပ္ပံဘွဲ့ ရတယ် ”

ဦးလှညွန့် က သူ့ပညာရေး အကြောင်းကို ပြန်ပြောပါတယ် ။ ကျွန်တော်က ကျွန်တော် သိချင်တာတွေကို ပြန်မေးတယ် ။

“ ရိုးရိုး ဓာတုဗေဒဘွဲ့ကို မန္တလေးတက္ကသိုလ်မှာပဲ တက်ပြီး ယူနိုင်တယ် ၊ ကုန်ထုတ်ဓာတုဗေဒက ရန်ကုန်တက္ကသိုလ် သွားတက်ရမယ် ၊ ကိုယ့်အိမ်နဲ့ ခွဲရမယ် ၊ ဘာကြောင့် ယူတာလဲ ”

“ ကျွန်တော့်အဖေရဲ့ အမြင်က မြန်မာနိုင်ငံမှာ သစ်သားပေါတယ် ၊ ခဲလည်း ပေါတယ် ၊ ဒါပေမဲ့ ခဲတံကို မြန်မာပြည်မှာ မထုတ်နိုင်သေးဘူး ၊ ထုတ်ချင်တယ် ဆိုပြီး ကျွန်တော့်ကို ထုတ်ကုန်ဓာတုဗေဒ သင်ခိုင်းတာ ”

“ ရန်ကုန်မှာ နေတော့ကော ”

“ ကျွန်တော်က ဘာသာရေးကို အလေးထားတော့ စားရေးသောက်ရေး အခက်အခဲရှိလို့ မင်္ဂလာတောင်ညွန့် မှာ ရှိတဲ့ အစ်ကိုဝမ်းကွဲအိမ်က တက်တယ် ၊ နောက်နှစ်ကျ အဆင်မပြေလို့ တက္ကသိုလ် အဆောင်ကို ပြောင်းတယ် ”

အဆင်မပြေတဲ့ အကြောင်းကို ကျွန်တော် မေးတယ် ။

“ မန္တလေးက အဘိုး ဆုံးတယ် ၊ ဘာသာရေး အရ ကျွန်တော်က သူတို့ အိမ်မှာ မနေရဘဲ ရှောင်ရတယ် ၊ ဒါကြောင့် တက္ကသိုလ်ထဲက သူငယ်ချင်း အဆောင်မှာ ၁ဝ ရက် သွားနေတယ် ၊ ပြန်လာတော့ သန့်ရှင်းရေး လုပ်ပြီးမှ အိမ်ကို ဝင်ရတယ် ၊ သူတို့က ကျွန်တော် ပါလာတဲ့ အဝတ်အထည် အားလုံး လျှော်ခိုင်းတယ် ၊ လည်သာဂျာကင်ကြီးပါ လျှော်ခိုင်းတော့ ကျွန်တော် တော်တော် စိတ်ပျက်သွားတယ် ၊ ဒါကြောင့် အဆောင်ကို ပြောင်းခဲ့တယ် ”

“ အဆောင်မှာ နေတော့ စားရေးသောက်ရေးကိစ္စ ဘယ်လို ဖြေရှင်းသလဲ ”

သူတို့ ဘာသာရေးအရ အစားအသောက် ကိစ္စမှာ ရောရောနှောနှော မစားဘဲ အလွန်ပဲ စည်းစနစ် တင်းကျပ်တာကို သိလို့ ကျွန်တော် မေးပါတယ် ။

“ အိမ်ကနေ ပူရီတွေ လုပ်ပြီး ချိုင့်ကြီးနဲ့ ပို့ပို့ပေးတယ် ၊ တော်တော်လေးကို ဒုက္ခခံပြီး တက်ခဲ့ရတယ် ၊ ကျွန်တော် တက္ကသိုလ် တက်ချိန်မှာ ဦးသန့် အရေးအခင်း ၊ မှိုင်းရာပြည့် အရေးအခင်းတွေ တစ်ခုပြီး တစ်ခု ကြုံခဲ့ရတယ် ”

ရန်ကုန်မှာ တစ်နယ်တစ်ကျေး ကျောင်းတက်ရင်း ကြုံရဆုံရတာတွေကို ကျွန်တော် မေးတယ် ။

“ ကျွန်တော်က အဆောင်ကို အပြန်လမ်းမှာ လူနှစ်ယောက်နဲ့ တွေ့တယ် ၊ သူတို့ကို ဘတ်စ်ကားမှတ်တိုင် လိုက်ပို့ပေးပါတဲ့ ၊ လိုက်ပို့ချိန် လမ်းမှာ ဆွဲကြိုး တစ်ကုံး တွေ့တယ် ၊ အမှန်က အဲဒီဆွဲကြိုးက သူတို့ ချထားတာ ၊ အနီးအနားမှာ ရှိတဲ့ လူတစ်ယောက်က ဒီဆွဲကြိုးကို ခင်ဗျားတို့ အတူတူ တွေ့တာ ခင်ဗျားလည်း ဆိုင်တယ်တဲ့ ၊ ကျွန်တော်က လောဘ ဝင်သွားမိတယ် ၊ ဒီအချိန်မှာ ဆွဲကြိုးကို ဘယ်မှ သွားရောင်းဖို့ အချိန်မရှိဘူး ၊ ဆွဲကြိုးကို ခင်ဗျားယူ ၊ သူတို့ကို ခင်ဗျားနာရီ ချွတ်ပေးလိုက်လို့ သူက ဝင်ပြောတယ် ၊ နောက်နေ့ အဲဒီဆွဲကြိုးကို ဆိုင်သွားရောင်းတော့ အတု ဖြစ်နေတယ် ”

ဒါမျိုးက ဖြစ်နေကျ လိမ်နည်းပါ ။ ဒါပေမဲ့ မရိုးနိုင်ဘဲ အလုပ် ဖြစ်နေဆဲ လိမ်နည်းလည်း ဖြစ်ပါတယ် ။

“ ဒါတွင်မကဘဲ အဆင်မပြေမှုတွေ အများကြီး ကြုံလာရတယ် ၊ ကျွန်တော်က ဗေဒင် ယုံတဲ့ကောင် မဟုတ်ဘူး ၊ ဒါပေမဲ့ မန္တလေးက မိဘတွေကို ကျွန်တော့် ဇာတာ စစ်ကြည့်စမ်းပါလို့ လှမ်းမှာလိုက်တယ် ”

ဗြာဟ္မဏနွယ်ဖွား တစ်ယောက်က ဗေဒင် မယုံဘူး ဆိုတော့ ကျွန်တော့် အတွက် ပြုံးချင်စရာ ဖြစ်သွားပါတယ် ။

“ ဗေဒင်ဆရာက ဘာဘာလုပ်လိုက်ပါတဲ့ ၊ ကျွန်တော်က သိပ်အလေး မထားဘူး ၊ ကျောင်းပိတ်တော့ သူငယ်ချင်းတွေ မန္တလေး အလည် လိုက်လာတယ် ၊ မေမြို့ကို သွားလည်တယ် ၊ ကျွန်တော့် အဖေက ကျွန်တော့်ကို ကားမမောင်းနဲ့ ၊ ဒရိုင်ဘာ ခေါ်သွားလို့ သတိပေးတယ် ၊ မေမြို့က ပြန်ရောက်တော့ ဒရိုင်ဘာက သူ ရေချိုးဦးမယ် ၊ မင့် သူငယ်ချင်းတွေကို မင်း လိုက်ပို့တဲ့ ”

တစ်ခုခုတော့ ဖြစ်တော့မှာလားလို့ ကျွန်တော် တွေးပူနေမိပါတယ် ။

“ ကျွန်တော် မောင်းတော့ ကားတိုက်တာပဲ ၊ အဖေက ပြောတယ် ၊ မင်း ဗေဒင် မယုံဘူး မဟုတ်လားတဲ့ ၊ ကျွန်တော်က မယုံဘူး ၊ ကျွန်တော်က သိပ္ပံသမား ၊ ကျွန်တော် လုပ်တာ ကျွန်တော် ဖြစ်မှာပဲ ဆိုတော့ အဖေက မင်း ဒီစာရွက် ဖတ်ကြည့်တဲ့ ၊ ကျွန်တော် ဖြစ်မှာတွေ အကုန် ရေးထားတယ် ၊ အဲဒီတော့မှ ကျွန်တော် ဗေဒင် ယုံသွားတယ် ”

ကျွန်တော်က ဘယ်ဗေဒင်ဆရာ ဟောတာပါလိမ့်လို့ သိချင်လာတယ် ။

“ ယုံလာပြီးနောက် ကျွန်တော့် အမေကို ဗေဒဆရာက တန်ဆောင်မုန်းလ မကျော်ဘူး ဟောတယ် ၊ ဒါနဲ့ အမေ့ဇာတာကို ယူပြီး ရင်းနှီးတဲ့ ဗေဒင်ဆရာကို မေးတယ် ၊ အမေ သေမှာလား ၊ မသေဘူးလား အတိအကျ ဟောလို့ ၊ ဗေဒင်ဆရာက အခြေအနေ ကတော့ သိပ်မကြိုက်ဘူးဗျာ ၊ ဘုရားပဲ အားကိုးတဲ့ ”

ဘာဖြစ်မှာလဲ ။

သိချင်ဇောက ထက်သန်လာတယ် ။

“ ကျွန်တော် အိမ်ပြန်လာတယ် ၊ ဘုရားရှေ့မှာ သစ္စာအဓိဋ္ဌာန် ပြုတယ် ၊ တပည့်တော် ဘုရားရှင်ထံက ဘာအခွင့်အရေးမျှ မတောင်းခဲ့ဖူးပါဘူး ၊ မတောင်းခဲ့ရိုး မှန်ပါရင် တပည့်တော်ရဲ့ မိခင်အသက်ဟာ ဗေဒင်ဆရာတွေ ပြောကြတဲ့ တန်ဆောင်မုန်းလကို ကျော်လွှားသွားပါစေ ၊ မသေအောင် တောင်းနေတာ မဟုတ်ပါဘူး ၊ ဒါတွေ ဒါတွေ ကျွန်တော် လုပ်ပါမယ်လို့ အဓိဋ္ဌာန်ပါတယ် ”

ပြောနေရင်းနဲ့ သူ့အသံက ကြေကွဲသံ ပါလာတယ် ။

“ သစ္စာဆိုတဲ့ အတိုင်းပဲ ကျွန်တော် လုပ်တယ် ၊ အမျိုးတွေက အမေ သေတော့မယ် ဆိုပြီး လုပ်စရာတွေကို ပြင်ဆင်နေကြပြီ ၊ အမေ ကိုယ်တိုင်ကလည်း သူ့ကို ဟောထားတာ သိတယ် ”

တကယ်ကော ကျော်လွှားနိုင်ပါရဲ့လား ။ ကျော်လွှားလို့သာ ဦးလှညွန့်က ပြန်ပြောပြတာ ဖြစ်ပါလိမ့်မယ် ။

“ အမေက နှလုံးရောဂါ ၊ ဆီးချို သွေးတိုးရောဂါ ရှိတယ် ၊ အခြေအနေက မကောင်းဘူး ၊ ဒါပေမဲ့ သူတို့ ပြောတဲ့ တန်ဆောင်မုန်းလ မသေဘူး ၊ ကျွန်တော် ဘုရားကို ယုံသွားပြီ ၊ အဒေါ်လည်း ဒီလို ဖြစ်ပြန်ရော ၊ ကျွန်တော် ဒီနည်းနဲ့ပဲ ပြန်ချတာ ၊ ရတယ် ၊ ဒါကြောင့် ဒီနေ့ ဒီအချိန်အထိ ဘာသာရေးကို ကျွန်တော် လိုက်တယ် ”

သူ့ဖခင်က ပြည်တွင်းမှာ ခဲတံထုတ်ချင်တယ် ၊ သူ ဘွဲ့ရတော့ ဘာလုပ်သလဲ ။

“ ၁၉၇၅ ခု ဘွဲ့ရတော့ မိဘတွေ ဆိုင်ဖွင့်ထားတဲ့ ဈေးထဲ လိုက်တယ် ၊ ကျွန်တော့် ဇာတာက ဘုန်းကြီးဇာတာ ၊ ဈေးရောင်းရင် အလုပ် မဖြစ်ဘူး ၊ သား ရှိလာတော့ ဆိုင်ကို သားနဲ့ လွှဲပြီး ဘုရားတရားပဲ လုပ်တော့တယ် ”

“ ဆရာတို့ ဓလေ့အရ အိမ်ထောင် ဘယ်လိုချထားလဲ ”

“ ဘွဲ့မရခင်လေး ၊ ၁၉၇၅ မှာပဲ အိမ်ထောင်ကျတယ် ၊ ကျွန်တော် ၁၀ တန်း နှစ်မှာ အဘွားက အသည်းရောဂါနဲ့ အိပ်ရာထဲ လဲနေချိန်မှာ ကျွန်တော့်ကို မိန်းမ ယူပါတဲ့ ၊ ယူပါ့မယ်လို့ ၊ ကျွန်တော် ယူချင်တာက အဘွားနဲ့ မြေးတော်တဲ့ မိန်းကလေး ၊ ဒီမှာ အမျိုးတွေက ထပ်နေတာ ၊ ဒါနဲ့ အမျိုးသမီးဘက်က ကျွန်တော့် ဇာတာ တောင်းစစ်တယ် ၊ ကိုက်ပြီ ၊ ပေးစားမယ် ဆိုတဲ့အချိန် အဘွား ဆုံးသွားတယ် ၊ မင်္ဂလာကိစ္စ မလုပ်ရဘူး ၊ တစ်နှစ် ရွှေ့သွားတယ် ”

သူတို့ ဓလေ့က စိတ်ဝင်စားစရာပါ ။

“ နောက်နှစ်ကျတော့ ကျွန်တော်က ရန်ကုန် ကျောင်းသွားတက်လို့ တစ်နှစ် ရွှေ့ပြန်ရော ၊ နောက်တစ်နှစ် ကျတော့ ဗေဒင်ဆရာက အခါ မရဘူးတဲ့ ၊ အိမ်က ဒရိုင်ဘာက မြှောက်ပေးတယ် ၊ ထွက်ပြေးကြကွာတဲ့ ”

တူနှစ်ကိုယ် နီးဖို့ရာ ခရီးက ဝေးလှတယ်ဆိုတဲ့ သီချင်းစာသားကို သတိရလိုက်တယ် ။

“ ကျောင်းပြီးခါနီးမှပဲ အိမ်ထောင်ပြုဖြစ်တော့တယ် ”

ဦးလှညွန့် ယောဂကျင့်စဉ်နဲ့ ပတ်သက်လာပုံကို မေးပါတယ် ။

“ ကျွန်တော် ဂျူဒို ကစားဖူးတယ် ၊ ကရာတေး ကစားဖူးတယ် ၊ ကြက်တောင် ရိုက်ဖူးတယ် ၊ ဘောလုံး ကန်ဖူးတယ် ၊ လမ်းလျှောက်ဖူးတယ် ၊ လုပ်ခဲ့သမျှထဲမှာ ယောဂ လုပ်ရတာ အပျော်ဆုံးပဲ ”

“ ယောဂနဲ့ ဘယ်လိုက စပြီး ဆက်စပ်မိတာလဲ ”

“ ၁၉၇၂ - ၁၉၇၃ လောက်က ဗိုလ်မင်းဟံ ရေးတဲ့ သင့်ဘဝအတွက် ယောဂ ကျင့်စဉ်စာအုပ်ကို ဖတ်မိတယ် ၊ စာအုပ်ဖတ်ပြီး နည်းနည်းပါးပါး လုပ်ကြည့်ပေမယ့် ဟုတ်တိပတ်တိ မလုပ်ဖြစ်ဘူး ”

ဦးလှညွန့် ပြောတော့ ဗိုလ်မင်းဟံစာအုပ်ကို ကျွန်တော်လည်း ဖတ်ဖူးတာ ၊ အသက်ရှူတာနဲ့ ပတ်သက်ပြီး ဘယ်ဘက် နှာခေါင်းပေါက် ၊ ညာဘက် နှာခေါင်းပေါက် လေဝင်လေထွက် ပမာဏ မတူတာ ၊ အသက်ရှူ လေ့ကျင့်ခန်းတွေ လုပ်ကြည့်ခဲ့ဖူးတာ ၊ နောက်ကျ မေ့မေ့ပျောက်ပျောက် ပစ်ထားမိတာ ပြန်သတိရပါတယ် ။

“ ၁၉၉၃ ခုနှစ် လောက်ကျတော့ ကျောက်တံခါး မိဘမဲ့ ကလေးကျောင်း ၊ ကျောင်းအုပ် လုပ်နေတဲ့ ဆရာက မန္တလေး လာပြီး ၁ဝ ရက် ယောဂသင်တန်း လာပြတယ် ၊ ၁၉၉၅ မှာ နောက်တစ်ခါ လာပြီး ၁၀ ရက် သင်တန်းဖွင့်တယ် ၊ အခမဲ့ ချည်းပဲ ၊ ကျွန်တော် မသိလိုက်ဘူး ၊ ၁၉၉၈ ကျ နောက်တစ်ခါ လာတယ် ၊ ကျွန်တော် သိပြီး သွားတယ် ၊ အဲဒီကျမှ နည်းစနစ်ကျကျ လေ့လာဖို့ လိုအပ်တာကို ကျွန်တော် နားလည် သွားတယ် ”

“ ၁ဝ ရက်ပဲလား ”

“ ၁ဝ ရက်ပဲ ၊ ဆရာ ပြန်သွားတော့ အိမ်မှာ သုံးလေးရက် လုပ်ပြီး နောက်ကျ မလုပ်ဖြစ်ဘူး ၊ ၂ဝဝ၃ ခုနှစ်မှာ ၁၀ ရက် သင်တန်း လာပေးပြန်တယ် ၊ သင်တန်းဖော် အယောက် ၂ဝ လောက် ရှိတယ် ၊ အာရိယဓမ္မာရုံမှာ ”

“ ဆက်လုပ်ဖြစ်သေးလား ”

“ မလုပ် ဖြစ်ပြန်ဘူး ၊ ၂ဝဝ၆ ခုနှစ် ကျတော့ ဆရာက တစ်ခေါက် လာပြန်တယ် ၊ ကျွန်တော့်ကို ကူပြပေးပါလို့ ဆရာက ခိုင်းတယ် ၊ ဆရာ ပြန်သွားပေမယ့် ကျွန်တော် ဆက်ပြဖြစ်သွားတယ် ၊ ၂၀၀၆ ခု ၊ နိုဝင်ဘာလ ၂၅ ရက်နေ့က စပြီး ဒီနေ့ အထိပဲ မြဲနေတာ ”

“ သင်တန်းသားတွေလည်း စွဲစွဲမြဲမြဲ လာတယ်ပေါ့ ”

“ လာတယ် ၊ ဆရာ ပြပေးတဲ့ နည်းလောက်နဲ့တွင် ဆိုရင်တော့ ဒါလောက် လာကြမှာ မဟုတ်ဘူး ၊ ကျွန်တော်က ယောဂနဲ့ ပတ်သက်တဲ့ ဆရာ့ဆီက စာအုပ်တွေ ၊ နိုင်ငံခြား စာအုပ်တွေ ဖတ်တယ် ၊ မသိရင် အဘိဓာန်တွေမှာ ရှာတယ် ၊ ဖတ်တတ်တဲ့ သူတွေကို အဓိပ္ပာယ်မေးတယ် ၊ စာအုပ် တစ်အုပ်ထဲမှာ စာလုံးတစ်လုံး တွေ့တယ် ၊ ဘင်္ဂါလီ - ဘင်္ဂါလီ ရှာတယ် ၊ ဘင်္ဂါလီ - အင်္ဂလိပ် ရှာတယ် ၊ အင်္ဂလိပ် - မြန်မာ ရှာတယ် ၊ ဒေရှင်နယ်ရီပေါင်းစုံမှာ ရှာတယ် ၊ မတွေ့ဘူး ၊ နန်းတော်ရှေ့က ခရစ်ယာန် အမျိုးသမီးကြီး တစ်ယောက် အင်္ဂလိပ်စာ ကျွမ်းတယ်ဆိုလို့ သွားမေးတယ် ၊ မရဘူး ၊ နောက်ဆုံး အင်တာနက်မှာ ရှာမှ အသားတု ဆိုတာ တွေ့တယ် ”

တော်တော်ကြိုးစား လေ့လာတာပဲလို့ ကျွန်တော် မှတ်ချက်ချမိတယ် ။

“ ယောဂသင်တန်းကို စေတနာ့ဝန်ထမ်း သင်တာ ဆိုတော့ လေးစားကြရဲ့လား ”

“ ကျွန်တော် ကတော့ မိုးကြီးလေကြီး ကျနေပါစေ ၊ သင်တန်းရှိရာကို သွားတယ် ၊ တစ်ယောက် လာရင် တစ်ယောက်ကို သင်ပြတယ် ၊ ဘယ်အခြေအနေမှာ မဆို ကျွန်တော် လာတယ် ဆိုတာကို သူတို့ သိလာတော့ မိုးရွာလည်း လာကြတယ် ”

“ အကျိုး ခံစားရလို့လား ”

“ ကျွန်တော် ယောဂ နေ့တိုင်း လုပ်နေတာ ရှစ်နှစ် ရှိလာပြီ ၊ သူ့အကျိုးကို ပိုပြီး သိလာတယ် ၊ ကိုယ့်အရွယ်တွေ သေသူ သေ ၊ ကျန်းမာရေး မကောင်းသူ မကောင်း ဖြစ်တာ မြင်ရတော့ ကျွန်တော် ယောဂ လုပ်လို့ပဲ ဆိုတာ သိလာတယ် ၊ ယောဂ လုပ်တော့ အာရုံတွေကို ကျွန်တော် ထိန်းတယ် ”

“ သင်တန်း လာတက်တဲ့ သူတွေကကော ဘာအကျိုးကို မျှော်ပြီး လာကြတာလဲ ”

“ တချို့က ပြောတယ် ၊ သူတို့မှာ ဆီးချိုရှိတယ် ၊ တချို့က ကျီးပေါင်းတက်နေတယ် ၊ တချို့က သွေးတိုးရှိတယ် ၊ တချို့က ခေါင်းကိုက်တယ် ၊ ယောဂ စာအုပ်တွေထဲမှာ သွေးတိုးသမား ဆိုရင် ဘာလုပ် ၊ ဆီးချိုသမား ဆိုရင် ဘာလုပ် ဆိုတာတွေ ရှိတယ် ၊ ကျွန်တော်က သင်ပြတဲ့အခါ တစ်ကိုယ်လုံးအတွက် လုပ်ပေးတယ် ၊ ဆီးချို အတွက် ဆိုရင် အိမ်မှာ ဘယ်လို ဘယ်လိုလုပ် ၊ စားတာ ဘယ်လိုစား ဆိုတာ ညွှန်ပေးတယ် ၊ အိန္ဒိယက ထုတ်တဲ့ စာအုပ်တွေထဲမှာ သူ့နည်းနဲ့ သူ ရှိပြီးသား ”

ဆရာ ဦးလှညွန့်ကို မန္တလေး ၊ ကန်တော်ကြီးမှာ သင်ပြပေးဖို့ မြို့တော် စည်ပင်သာယာရေးအဖွဲ့က အကူအညီ တောင်းတာ ။ Road to Mandalay နိုင်ငံခြားသား အပျော်စီး အပန်းဖြေ သင်္ဘောကြီး ပုဂံ - မန္တလေး - ဗန်းမော် ခရီးစဉ်များမှာလည်း ဆရာဦးလှညွန့်က နိုင်ငံခြားသားတွေကို ယောဂ လိုက် သင်ပြပေးနေတာကို ကျွန်တော်သိပါတယ် ။ သူ သင်ပြနေတာတာဟာ စေတနာသက်သက်လို့လည်း သိတာမို့ အဲသည် အကြောင်းကို မေးတယ် ။

“ မူရင်း ယောဂ စာအုပ်တွေကို ဖတ်တဲ့အခါ ဒီပညာနဲ့ စီးပွား မရှာဖို့လို့ ပါတယ် ၊ ဒါကြောင့် ကျွန်တော် ယောဂကို စေတနာ သက်သက်နဲ့ပဲ သင်ပြပေးနေတာပါ ”

သူ့စေတနာက မှန်လို့ပဲ ဖြစ်ပါမယ် ။ သူ့ ယောဂလေ့ကျင့်ခန်းသင်တန်းက မနက်တိုင်း လူ ၅ဝ လောက် ရှိတယ် ။ အမျိုးသား ၊ အမျိုးသမီး အသက်အရွယ် ပေါင်းစုံဟာ မနက်ခင်း ဝေလီဝေလင်းက စလို့ ယောဂ လေ့ကျင့်နေကြတာကို နေ့စဉ် တွေ့မြင်ရပါတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

ထမ်းပိုးစိမ်း

❝ ထမ်းပိုးစိမ်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

မကျီးဒန် သတိရလာသောအခါ တစ်ကောင်ပြီး တစ်ကောင် ဆက်၍ မြည်လာသော ကြက်တွန်သံများကို ပထမ ကြားရလေသည် ။ သည့်နောက်၌ သူ့ဘေးတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ကိုဆေးရိုး၏ ဟောက်သံကြီးကို ကြားသည် ။ မျက်လုံးကို ဖွင့်ပြီး ပတ်ဝန်းကျင်မှ အသံဗလံများကို နားစွင့်လိုက်သည့် အခါဝယ် ရွာ၏ တောင်ဘက် တစ်ခေါ်လောက်မှ တာ လမ်းပေါ်တွင် သွားလာနေသည့် လှည်းသံများ ၊ လှည်းသမားတို့၏ သီချင်းသံများက မကျီးဒန်၏ နားထဲသို့ ပြေးဝင်လာလေ၏ ။

မျက်လုံးကို ကြိုးစား၍ ဖွင့်လိုက်ရသော်လည်း မျက်ခွံများမှာ လေးလံလှသည် ။ ထိုး၍အိပ်လိုက်ရလျှင် မွန်းတည့်အောင်များ အိပ်ပျော်လေမည်လားဟု မကျီးဒန်က မှန်းဆကြည့်မိ၏ ။ နိုးချိန်ကျ၍ နိုးလာရလေသလား ၊ အပေါ့သွားလို၍ နိုးလာရသလားဟူ၍ မကျီးဒန်က မခွဲခြားတတ် ။ မမှန်းဆနိုင် ။ စင်စစ်၌ သူတို့လို အလုပ်ကြမ်းသမားများမှာ အိပ်ပျော်ခြင်း၌ တင်းတိမ်ခဲလှ၏ အိပ်ရေးဝခဲလှ၏ ။ တစ်ခါတစ်ရံ အချိန်ကျသောကြောင့် နိုးလာရသည်မှာ မှန်သော်လည်း အိပ်ချင်ပြေခြင်း မရှိခဲ့ဖူးသောကြောင့် မကျီးဒန်မှာ စောပါသေးသည်ဟူ၍လည်း ပြန်မအိပ်ဝံ့ ။ ပြန်မအိပ်ဘဲ ထမင်းအိုး ထတည်၍ ကိစ္စပြီးသည့်တိုင်အောင် အရုဏ်မတက်လာသေးပါမူ ပြန်အိပ်၍ မိုးလင်းသွားမှာ စိုးရ ၊ ထိုင်စောင့်သောကြောင့် အိပ်ရေးပျက်ကာ တစ်နေ့လုံး ငိုက်နေမှာစိုးရဖြင့် အိပ်ရာမှ နိုးလာလျှင် နိုးလာချင်း ဘယ်အချိန်ရှိမှန်း မသိသည့် အခက်အခဲတစ်ခုကို ရှေးဦးစွာ ရင်ဆိုင်လိုက်ရလေ သည် ။

“ ဟယ် ... သိပ်တော့စောမယ် မထင်ပါဘူး ”

မိုးလင်းအမီ စလင်းသို့ ရောက်အောင် ထလာသော စလင်းတက် လှည်းများ၏ အသံကို ချင့်ချိန်လျက် မကျီးဒန်မှာ အိပ်ယာထဲမှ လူးလဲထလိုက်ရလေ၏ ။ ထမင်းအိုးဖြင့် ရေနွေးအိုး တည်ပစ်ခဲ့ပြီးနောက် နွားတင်းကုပ်ဘက်သို့ မီးခွက်ကလေး မှိတ်တုတ်မှိတ်တုတ်ဖြင့် လျှောက်သွားကာ အသင့်ချထားသည့် ကောက်ရိုးစင်းများကို နွားစာခေါင်းထဲသို့ အသာကလေး စောင်းသွန်လိုက်သည်နှင့်တစ်ပြိုင်နက် တခူးခူးဖြင့် လူလိုသူလို အိပ်နေသော နွားကြီးနှစ်ကောင်မှာ ဝုန်းခနဲထလာကြပြီး တရှူးရှူးနှင့် နွားစာခေါင်းကို နှုတ်သီးဖြင့် လာရောက်ထိုးကြလေတော့၏ ။

“ ဟဲ့ ဖယ်စမ်း ”

နွေကမှ ငွေတစ်ရာ အလိုက်ပေးပြီး လဲလိုက်သော နွားကျားကလေးက မကျီးဒန်လက်ကို လျှာဖြင့် လာထိုးသည့်အတွက် မကျီးဒန်က မာန်လိုက်သည် ။ အိမ်ခံနွားကြီးမှာမူ ကောက်ရိုးစင်းပြီးသားများကို လျှာဖြင့် တစ်ချက်နှစ်ချက်သာ သိမ်းယူပြီးနောက် မကျီးဒန်ကို မော့ကြည့်နေ၏ ။ နှမ်းဖတ်ရည်ကလေး ၊ ဖွဲနုကလေးသော်မှ မပါသည့်အတွက် မော့ကြည့်ခြင်းပင် ဖြစ်သည် ။

မကျီးဒန်က ကပျာကသီ ရေနှင့်ကောက်ရိုးကို နှယ်ပစ်လိုက်ပြီးမှ ဖွဲနုတစ်ပြည်ခန့်ကို ထည့်၍ ထပ်မံ နှယ်ပေးလိုက်၏ ။ နွားနှစ်ကောင်မှာ သည်တော့မှပဲ တရှူးရှူးနှင့် ငုံ့စားကြတော့သည် ။ နွားဆိုသည်မှာ လူက ကျွေးသလိုသာ စားရမည့် သတ္တဝါများ မဟုတ်ပါလော ။ ဟုတ်တော့ဟုတ်ပေမဲ့ သူတို့ ကြိုက်သလို မကျွေးလျှင် အဆာပြေရုံသာ စားကြလိမ့်မည် ။ အသားဖြစ် အောင် ၊ အားရှိအောင်ကား စားကြလိမ့်မည် မဟုတ် ။ ယင်းသို့ သူတို့ မစားကြ၍ အားမရှိလျှင် ကိုယ့်မှာသာ အလုပ်မတွင်ဘဲ ရှိရတော့မည် မဟုတ်ပါလား ။ သို့ကြောင့်ပင် ဘညိန်းနှင့် ချောစိန်တို့ကိုပင် ဟင်းမကောင်းဘူး စသည်ဖြင့် နွဲ့ဆိုး ဆိုးသောအခါ စိတ်တို နေသောအခါများ၌ “ မစားချင်နေဟယ် ... သေလိုက် ကြ ” ဟု ပြောတတ်သေးသော်လည်း သည်နွားနှစ်ကောင်ကိုမူ မစား စားအောင် ယုယလိုက်လျော၍ ကျွေးနေရ၏ ။

နွားစာ နှယ်ပြီး၍ လက်ဆေးနေစဉ်တွင် မီးဖိုချောင် ဘက်မှ ရေနွေးအိုး ဝေကျသံ ကြားသဖြင့် မကျီးဒန်မှာ ပြေးသွားရသည် ။ အသင့်စိမ်ပစ်ခဲ့သော အင်တုံထဲမှ ဆန်ကို ဆန်ဆေးတောင်းထဲသို့ ထည့်ကာ ရှိသေးသည် ။ သရက်ချဉ်ဆီမှ ကောက်စိုက်မောင်းကလေး ထုသံသည် ဟီ၍ထွက်လာသဖြင့် ဆန်ကိုပင် ရေစစ်အောင် စောင့်မနေနိုင်ဘဲ ရေနွေးအိုးထဲသို့ ကသုတ်ကမုတ်ထည့် အပြေးအလွှား မွှေပစ်ခဲ့ကာ ချောစိန်၏ အခန်းကလေးထဲသို့ ပြေးဝင်သွားရသည် ။

“ ချောစိန် ၊ ဟဲ့ .. ချောစိန် ”

ချောစိန်ထံမှ အသက်ရှူသံပြင်းပြင်းမှ တစ်ပါး မည်သို့မျှ တုံ့ပြန်သံကို မကြားရပေ ။

“ ဟဲ့ ... မိန်းကလေး ... မိန်းကလေး ... ချောစိန် ... ”

မကျီးဒန်က အနီးသို့ တိုးကပ်သွားပြီး တင်ပါးကို ပုတ်နိုးမှသာ ချောစိန်မှာ အင်းအင်းအဲအဲနှင့် မြည်လာဖော်ရပေ၏ ။ သို့ရာတွင် အိပ်ပျော်ရာမှ နိုးလာခြင်းကား မဟုတ်သေး ။ နောက်တစ်ချက် ခပ်စပ်စပ်က လေး ပုတ်လိုက်တော့မှ “ အာ .. အမေကလည်း နာလိုက်တာ ၊ နိုးနေပါပြီ ” ဟု ပြန်ပက်လိုက်လေသည် ။ မကျီးဒန်ကား သန်တုန်း ၊ မြန်တုန်း ၊ နှုတ်သီးထက်တုန်းဖြစ်သော သမီးကို ပြန်ပြောနေချိန်မရ ။ မီးဖိုထဲသို့ ဒရောသောပါး ပြေးဝင်သွားကာ ထမင်းအိုးကို မွှေရပြန်လေ၏ ။

မိုးသက်လေကလေးက စိမ့်ခနဲဖျန်းလာသည် ။ ရွာ၏ တောင်ဘက် ထန်းတောမှ တွဲလွဲကျနေသော ထန်းရွက်ခြောက်များနှင့် ထန်းပင် ပင်လုံးတို့၏ ရိုက်သံသည် ဆူညံစွာထွက်ပေါ်လာကာ ဝေါခနဲ ၊ ဝေါခနဲဖြင့် ထန်းရွက်စိုများ လှုပ်ရှားသံကပါ မီးတလက်လက်ဖြင့် တိတ်ဆိတ်နေသေးသော ရွာကလေး၏ ဆိတ်ညံ ခြင်းကို ဖြိုခွဲလိုက်၏ ။ မရှေးမနှောင်းပင် ထန်းသီးကြွေ ကျသံများကလည်း ကျယ်လောင်စွာဖြင့် ပြတ်တောင်း ပြတ်တောင်း မြည်ဟိန်းလာ၏ ။ မကျီးဒန်က ထမင်းအိုးစလောင်းဖုံးကို ဖွင့်ပစ်ခဲ့ပြီး အပြင်ဘက်သို့ လှမ်းကြည့်၏ ။ အပြင်၌ မှောင်နေ၏ ။ ကောင်းကင်ယံတစ်ခုလုံးမှာ မည်းမှောင်နေခြင်းဖြစ်သည် ။

လေငြိမ်သွားလျှင် ပျိုးနုတ်သမား ခေါ်သော ကျွဲချိုမှုတ်သံ ထွက်ပေါ်လာလေ၏ ။

“ သမီးရေ … ဘညိန်းကို နှိုးလိုက်စမ်း ”

မကျီးဒန်က ထမင်းအိုးပေါ်မှ အမြှုပ်များကို ဘေးသို့ဖယ်ချရင်း လှမ်းအော်လိုက်၏ ။ သူ့အသံ ဆုံးသွားလျှင် တစ်အိမ်လုံးမှာ ပြန်လည်တိတ်ဆိတ်သွားသည် ။ ချောစိန်၏ အသံက ထွက်ပေါ်မလာ ။

“ တယ် ... ဒီကောင်မလေးဟာ ... တောက် ”

ချောစိန် ပြန်အိပ်နေကြောင်း သိသည်နှင့်တစ်ပြိုင်နက် ၊ မကျီးဒန်မှာ ဒေါသသံဖြင့် လှမ်းအော်လိုက်မိတော့သည် ။ နောက်မှ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေလျှင် ၊ ကိုဆေးရိုး နိုးချေရော့မည် ဟူသော အသိနှင့် အချိန်ကုန်အောင် အိပ်ရှာပါစေဟူသည့် စေတနာတို့ကြောင့် ဒေါသကို ချုပ်တည်းလျက် ချောစိန်၏ အခန်းထဲသို့ ဝင်သွားရသည် ။

“ ဟဲ့ ကောင်မလေး ၊ ဘယ်အချိန်ရှိပြီလဲဟင် ”

ပြောပြောဆိုဆိုဖြင့် မကျီးဒန်က လိမ်ဆွဲလိုက်ရာ ။

“ အမယ်လေး ... လေး ... အမေရဲ့ ”

“ ဘာအမေရဲ့လဲ ၊ ထပါလား ”

မကျီးဒန်က ဝမ်းခေါင်းသံဖြင့် မာန်မဲလျက် ထိုင်ရာမှ ထလိုက်သည်တွင် ။

“ နေမကောင်းလို့ပါ အမေရယ် ”

“ ဘာဖြစ်ရပြန်တာတုန်းဟဲ့ ”

မာန်ပင်မာန်သော်လည်း မကျီးဒန်အသံမှာ ပျော့သွားသည် ။

“ ကိုယ်တွေ ၊ လက်တွေ ကိုက်နေတယ် အမေရဲ့ ”

“ ညည့်ကို ဇီးဖြူသီးတွေ မစားနဲ့ ပြောတာ နားမှ မထောင်ဘဲကိုးအေ့ ”

“ ကနေ့တစ်ရက် မလိုက်နိုင်လို့ပါ ”

“ ကဲ ... ဒါဖြင့် ငါလိုက် ... ”

စကားမဆုံးမီပင် ထမင်းအိုး ဝေကျသံထွက်ပေါ်လာသဖြင့် မကျီးဒန်မှာ ထပြေးရလေ၏ ။ ချက်ချင်းပင် မောင်းကလေးသံသည် နီး၍နီး၍ လာသည် ။ နွားငေါက်သံများသည်လည်း ကြိုကြားကြိုကြား ထွက်ပေါ်လာနေပြီ ။ မကျီးဒန်တို့မှာကား ဘာမျှ မပြီးစီးသေး ။ လယ်ထွန်သွားမည့်သူ နှစ်ယောက်အတွက် ထမင်း မကျက်သေး ။ ကောက်စိုက်သွားမည့် သူက လည်း အိပ်ယာမှပင် မထသေး ။ ထို့ကြောင့် မကျီးဒန်မှာ စိတ်မောမောနှင့် ထမင်းအိုးရေစစ်သည့်တိုင်အောင် စောင့်ဆိုင်းဖွဲ့ကာ နှပ်၍ စလောင်းတစ်ချပ်တွင် ငါးပိကပ်ကာ မီးကျီးပါးပါးမှာ ပြပစ်ခဲ့ပြီး ချောစိန်ထံသို့ ပြန်သွားရပြန်၏ ။

ချောစိန်ကား မှောင်ထဲမှာ ထိုင်နေသည် ။

“ ဒါဖြင့် ငါပဲ လိုက်သွားမယ် ”

“ ဟုတ်ကဲ့ အမေ ”

“ ညည်း ဘယ်နှစ်ယောက်ရပြီလဲ ”

“ ငါးဆယ်ပါ အမေရယ် ”

ချောစိန်က ညည်း၍ ဖြေ၏ ။

“ ခေါင်းတွက် ရောလား ”

“ ဟုတ်ပါတယ် ... ခေါင်းတွက် နှုတ်ရင် ၄၈ ယောက် ... ”

“ ညည့်အဖေဖို့ မျှစ်နဲ့ချဉ်ပေါင်ရွက် ကျန်တာရှိတယ် ၊ ထပြီး မွှေးပေးလိုက်ပါဦးအေ ... ပြီးမှ ပြန်အိပ်ပါ ”

မကျီးဒန်မှာ ပြောဆိုလျက်တန်းလန်းက မီးဖိုချောင်ထဲသို့ ပြန်ပြေး၏ ။ ငါးပိစလောင်းကပ်ကလေးကို ပန်းကန်ထဲထည့် ၊ ထမင်းထည့်ပြီး “ ချောစိန်ရေ ချောစိန်ရေ ” နှင့် တကြော်ကြော် ခေါ်နေသော ကောက်စိုက်သမားများရှိရာ မှောင်ထဲသို့ နောက်မှ လူလိုက်သည့်နှယ် ပြေးဝင်သွားရလေ၏ ။

••••• ••••• ••••• 

မိုးနံ့က သင်းနေသည် ။ တသုန်သုန် တိုက်ခတ်လာသော လေအေးကလေး၌ တောင်အရပ်တွင် မိုးကောင်းနေသည်ဟူသည့် သတင်းလက်ဆောင်ပါလာ၏ ။ ချောစွတ်နေသော ကန်သင်းပေါင်များပေါ်တွင် လျှောက်သွားရခြင်းက ကတိမ်းကပါးနိုင်ပေမဲ့ ကောက်စိုက်သမများမှာ အားသစ်လန်းဆန်းနေ၏ ။ မှန်ပြင်ကြီးကို ရိုက်ခွဲထားသလို ပျို့အက်လာသော တတိယအရုဏ်သည် သူတို့အား ရဲရင့်တက်ကြွနေစေ သယောင် ... ။

နှစ်ယောက်တစ်တွဲ ၊ နှစ်ယောက်တစ်တွဲ ပြောဆိုသွားကြသံများသည် လင်းဆွဲအုပ်ကြီး အော်ညံသလို ဒီးဒီး ... ဒီးဒီး .. နှင့် မြည်ဟီးနေ၏ ။ ကောက်စိုက် မောင်းသံသည် တောအုပ် ၊ တောတန်းကလေးများကို မျှောင်၍ လိုက်သွားသည် ။ အသံသြဇာပြည့်ဝသော ဥသြငှက်၏ အာလုတ်သံလို လုံ၍ဟီသည် ။ မကျီးဒန်မှာ မည်သူနှင့်မျှ စကားမဆိုနိုင် ။ ဆေးပေါ့လိပ်ကြီးကို သာ မှောင်ထဲ၌ ရဲခနဲထလာအောင် သဲမဲဖွာရှိုက်ရင်း တွင်တွင်လျှောက်လာသည် ။ ပြောင်းဖူးဖက်ဆေးလိပ်ပေတည့် လေတိုက်လျှင် ကုန်လွယ်သောကြောင့် ထိပ်ပိုင်းတွင် သစ်ရွက်စိမ်းဖြင့် ပတ်ထားသည် ။ မြောင်းရိုးတစ်လျှောက် ချုံပုတ်တစ်လွှာ၌ ပွင့်လှိုင်ကြိုင်လန်းနေသော ‘ ရေခမိုးပန်း ’ ပွင့်များသည် ကောက်စိုက်မတို့၏ ခေါင်းထက်မှ ခရေကုံးများကို နှုတ်ဆက်လိုက်ကြ၏ ။

မကျီးဒန်တို့ လူသိုက် ယနေ့အတွက် ကောက်စိုက်ရမည့် သံပုရာပင်လယ်ပွဲသို့ ရောက်ကြလျှင် အမှောင်ရိပ်သည် ပြယ်စင်လေပြီ ။ ချုံပုတ်နှင့် သစ်ပင်ရိပ်ကြီးအောက်တွင်တော့ အမှောင်၏ အကြွင်းအကျန်များသည် အဖော်ကွဲ၍ နေခဲ့ကြသည် ။ လယ်ထိပ်ရှိ ဥနှဲပင် ပုပုကလေးပေါ်မှ ချိုးနီပုကလေးများသည် ကောက်စိုက်မများ၏ အသံကြောင့် အိပ်ရေးမဝဘဲနှင့် ထပျံပြေးကြ၏ ။ သည်အခိုက်တွင် အဝေးရှိ ညောင်ပင်ကြီးဆီမှ ကျီးကန်းတစ်အုပ်သည် သံပြိုင်ဟစ်ကြွေးလျက် ရွာဆီသို့ ပျံသန်းသွားကြသည် ။ မကျီးဒန်တို့ အဖွဲ့သားများမှာ လယ်စောင့်နတ်ကို ပသရသည်နှင့် ၊ ဆေးလိပ်သောက် စကားကြောရှည်ရသည်နှင့် လယ်ကွက်ထဲသို့ ဆင်းကြသောအခါတွင် အရှေ့ရှိ ပြာလဲ့လဲ့ ကုန်းတန်းထိပ်မှ နေလုံးရဲရဲကြီးပင် ပေါ်ထွက်လာ ပေပြီ ။

“ ဟေ့ အေးရွှေ ၊ ဟိုဘက် တိုးပါအေ … မကျီးဒန်ကို ငါတို့ကြားမှာ ထားရအောင် ”

ဤကောက်စိုက်စည်းတွင် အဖြစ်ဆုံးဟု အများက အသိအမှတ်ပြုထားရသော မလှကြွယ်က သူ့ဘေးရှိ အေးရွှေ ဆိုသူအား လက်ထဲရှိပျိုးဆုပ်မှ ပျိုးဖတ်များကို လက်ဝဲလက်ဖြင့် ဖြန့်ရင်း ပြောလိုက်သည်တွင်

“ နေပါစေလားတော် ၊ ဟိုမှာ ဒေါ်ညွန့်ကြီးနဲ့ စကား ကောင်းနေတဲ့ဥစ္စာ ”

“ ညည်းမသိပါဘူးအေ … ဒေါ်ညွန့်ကြီးက လေးလေး ၊ မကျီးဒန်က အကျင့်မရှိနဲ့ တော်တော်ကြာရင် ပန်းနေပါ့မယ် ”

မလှကြွယ်က ပြန်လည်ရှင်းပြလိုက်မှ မအေးရွှေ မှာ သဘောပေါက် နားလည်သွားပြီး “ ဒေါ်ကျီးဒန် အိုး … ဒေါ်ကျီးဒန် … ဒီကိုလာ ၊ ကျုပ်တို့နဲ့ တွဲရအောင် ” ဟု လှမ်းခေါ်လိုက်၏ ။

မကျီးဒန်မှာ ပထမသော် ယောင်နန လုပ်နေသေးသည် ။ ဒေါ်ညွန့်က “ သွားသွား အဲဒီကောင်မတွေက သိပ်ဖြစ်တာ ၊ သူတို့နှစ်ယောက် ညှပ်ခေါ်သွားရင် သက်သက်သာသာနဲ့ ” ဟု နှစ်ကိုယ်ကြားကလေး ပြောလိုက်မှ မကျီးဒန်မှာ ဝမ်းသာကျေးဇူးတင်သော မျက်နှာကို ဘယ်လိုထားရမှန်း မသိ ဖြစ်လျက် မလှကြွယ်တို့ ဘက်သို့ လျှောက်သွားရလေရာ ။

“ ရီးကျီးဒန် ၊ ဒီလိုပဲ လျှောက်သွားနေတော့မှာလား ”

“ ယီးတီးယားတားနဲ့ တစ်နေကုန်သွားလည်း ပြီးတာပဲနော ... ရီးကျီးဒန် ” စသည်ဖြင့် ခနိုးခနဲ့ ဆိုကြသည် ။ မကျီးဒန်ကတော့ ပြုံးပြုံး ပြုံးပြုံးဖြင့်သာ အပျိုဘဝက ကောက်စိုက်မ အကျင့်ကို ပြန်လည်နွေးယူရင်း အလိုက်အထိုက် ပြန်ပြောလိုက်လေသည် ။

မလှကြွယ်နှင့် ချောစိန်မှာ တစ်ရွာစီ နေကြပေမဲ့ တစ်ယောက်နှင့်တစ်ယောက် အတော်ကြီး ချစ်ခင်ကြသည် ။ ကောက်စိုက်ချိန်တိုင်း တွေ့ဆုံကြ၏ ။ ကောက်ရိတ်ချိန် ရောက်လျှင် ချောစိန် ဘယ်သူ့ဆီမှာ လိုက်လဲ ၊ မလှကြွယ်ကော ဘယ်မှာ လိုက်သလဲ စသည်ဖြင့် တစ်ယောက်နှင့် တစ်ယောက် မေးမြန်းပြီးမှ တစ်ယောက် လိုက်သော စည်းထဲသို့ ကျန်တစ်ယောက်က လိုက်ပါ၏ ။ သူတို့နှစ်ယောက်မှ တစ်ယောက်သည် ကောက် စည်းခေါင်းနှင့်သော် လည်းကောင်း ၊ လယ်ရှင်နှင့်သော် လည်းကောင်း ၊ စည်းသားတစ်ယောက်ယောက်နှင့်သော် လည်းကောင်း အချင်းများလျှင် ကျန်တစ်ယောက်ပါ တစ်ယောက်၏ ဘက်မှ လိုက်ပါလေ့ရှိ၏ ။ သို့လောက် ချစ်ကြသူများ ဖြစ်သောကြောင့်လည်း မလှကြွယ်မှာ မကျီးဒန်နှင့် မကျွမ်းလှပေမဲ့ ချောစိန်၏ အစားလိုက်လာသူမို့ ချောစိန်ဟု သဘောထားကာ ခေါ်ယူလိုက်ခြင်းဖြစ်သည် ။

မကျီးဒန်သည် ဆယ်နှစ်သမီးလောက်ကတည်းက ကောက်စိုက်လာခဲ့သည်မှာ မှန်၏ ။ သို့ရာတွင် ကိုဆေးရိုးနှင့် လက်ဆက်သည့် အသက်နှစ်ဆယ်ရွယ်မှ စပြီး ကောက်စိုက်စည်းနှင့် ကင်းကွာလာခဲ့သည်မှာ တစ်ခါတစ်ရံ ကိုယ့်လယ်တွင် တစ်ယောက်စိုက်စာ ၊ နှစ်ယောက်စိုက်စာကလေးများကို ဆင်းစိုက်ခဲ့သည် မှအပ ကောက်မစိုက်သည့် နှစ်ပေါင်းမှာ သုံးဆယ် ကျော်ခဲ့ပြီ ဖြစ်သည် ။ ကိုယ့်လယ်ထဲတွင် ကိုယ့်ဘာသာကိုယ် စိုက်ခြင်း၌ အေးအေးသက်သာ စိုက်နိုင်သော်လည်း စည်းနှင့်လိုက်ရိုက်ရသောအခါတွင် အများ၏ ငြူစူမခံရအောင် အများနှင့်တန်းတူ လိုက်နိုင်အောင် ကြိုးစားရသည် ။ ထို့ကြောင့်ပင် လူစိမ်းများ ကြားတွင် ကိုယ့်ငန်းကွက်နှင့် ကိုယ် သေလုမျောပါး ဖြစ်နေမည်ကို မြင်သောကြောင့်လည်း မလှကြွယ်က လှမ်းခေါ်လိုက်ခြင်း ဖြစ်ပေ၏ ။

ကောက်စိုက်မတစ်ယောက်၏ တာဝန်ကျ ငန်းတာမှာ တစ်လံသာသာဖြစ်သည် ။ ယင်းသည်ကို ခြေကားကားထားပြီး လက်ဝဲလက်ထဲမှ အသင့်ဖန်ပေးထားသည့် ကောက်ပင်များကို လက်ယာလက်မှ ဆွဲယူပြီး အဆက်မပြတ် လက်က ထိုး ၊ ခြေက ရွှေ့ပြောင်း ဆုတ်ခွာသွားရ၏ ။ မကျီးဒန် အတွက် ငန်းကွက်ကား တစ်လံ မပြည့်တတ်ပေ ။ ဤသည့် အကွက်ထဲကိုမှ မအေးရွှေက တစ်ပင် ဝင်ထိုးသွားလိုက် မလှကြွယ်က နှစ်ပင် ဝင်ဖြည့်လိုက် လုပ်သွားသေး၏ ။ သို့ပါလျက်နှင့် အသက်ကရင့် မလုပ်တာကြာပြီမို့ မကျီးဒန်မှာ ဆွမ်းခံဝင်လာချိန်လောက်တွင် လက်အံများသေကာ ခါးက ကိုက်လာတော့သည် ။

••••• ••••• •••••

“ ဒီတစ်ကွက် ပြီးရင် ထမင်းစားကြရအောင်ဟေ့ ”

ဘယ်ဆီကရယ် မသိ ဆွမ်းစားခေါင်းလောင်းထိုးသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောက်စိုက် စည်းခေါင်းက အကြီးအမှူးအဖြစ် ခန့်အပ်ထားသည့် ဒေါ်မုန်းချစ် က ကုန်းအော်လိုက်လေသည် ။

“ နံနက်မိုးမှောင် ရေဘူးဆောင် ” ဟူသော စကားသည် တကယ်ပဲ မှန်ကန်သလား ။ တိုက်ဆိုင်ခြင်းပဲလား မသိ ။ အာရုဏ်ဦး ကြယ်တစ်မွှားမျှ မမြင်သာအောင် မိုးသားတို့ ရစ်ဖုံးခဲ့သော မိုးကောင်းကင်သည် ယခုမူ ကြည်လင်နေတော့၏ ။ နေမှာ တစ်မိနစ်ထက် တစ်မိနစ် ပို၍ပို၍ ပူလာသည်ဟု ထင်ရတော့သည် ။ မကျီးဒန်၏ တစ်ကိုယ်လုံး၌ ချွေးများ ရွှဲအိုင်လာသည် ။ ပျိုးတစ်ပင်ကို သမန်းပြင်ထဲသို့ ထိုးလိုက်တိုင်း နဖူးမှ ချွေးတစ်ပေါက်သည် ရေပြင်ထဲသို့ ပြုတ်ကျလာသည် ။ ချွေးပေါက်ကျသွားရာ ရေပြင်သည် ဂယက် ကွက်ကလေးထနေချိန် မရလိုက် ။ ပြောင်းဆန်အောင် လှုပ်ရှားနေသော ရေပြင်ထဲ၌ ပျောက်သွားရ၏ ။

“ ကြီးတော် ကျီးဒန်တော့ ဆာရော့မယ် ”

မကျီးဒန်၏ လက်ယာဘက်ဘေးမှ မအေးရွှေက ဆိုလိုက်၏ ။

“ ဆာတယ်လို့ ဟုတ်ပါဘူး အေရယ် ”

အမှန်ပင် ။

မကျီးဒန်မှာ မောပန်း နာကျင်ရခြင်းများကြောင့် ဆာလောင်မွတ်သိပ်ခြင်းကို မေ့လျော့နေသည်မှာ အမှန်ပင် ။

သမန်းပြင်တွင်းရှိ ခဲလုံးများ ၊ သစ်ဆွေး ၊ ညှောက်ဆွေးများကို လက်နှင့်ထိုးမိ၍ နာတာက တစ်မျိုး ၊ ခါးကိုက်တာက တစ်ဖုံ ၊ လက်မောင်းအောင့်တာက တစ်တန် ၊ ရင်ဘတ်က အောင့်တာက တစ်လီ အပြင် လက် မအားရသည့်အထဲမှာ မျက်လုံးတွင်းသို့ ချွေးတွေစီးဝင်သည့် ဒုက္ခက အဆိုးဆုံးဖြစ်သည် ။ သို့ကြောင့်ပင် ထမင်းဆာဖို့ကို မေ့နေသည်ဆိုသော မကျီးဒန်၏ စကားမှာ အမှန်ဖြစ်၏ ။

ကွမ်းတစ်ယာညက်ခန့် ကြာလျှင် မကျီးဒန်မှာ နောက်ဆုတ်ကာဖြင့် ကောက်ပင်များကို မဲသဲစွာ ထိုးစိုက်လာရာက ကန်သင်းခြေသို့ ကပ်မှန်းမသိ ကပ်လာကာ ကန်သင်းခုံကို တိုက်မိပြီး ပက်လက်လန်လဲကျသွားလေသည် ။ ရယ်မောသံများသည် ကွက်တိကွက်ကျား ထွက်ပေါ်လာ၏ ။ မလှကြွယ်နှင့် မအေးရွှေတို့ သော်မှ ပြုံးမိ၍ မကျီးဒန်မှာလည်း ရှက်ရယ် ရယ်၍ ထလိုက်ရသည် ။

“ ဒေါ်ကျီးဒန် ကျုပ်တို့နှင့် စားနော် ”

မလှကြွယ်က ကန်သင်းပေါ်မှ လျှောက်လာရင်း ပြောလိုက်ရာ မကျီးဒန်က

“ နေပါစေအေ ” ဟု ဆိုလိုက်၏ ။

“ ဘာဖြစ်လို့လဲ ၊ ကျုပ်တို့က ဒေါ်ကျီးဒန်ဆီက ဟင်းတွေကို တောင်းမစားပါဘူး ”

မလှကြွယ်က ရယ်၍ ပြောလာပြန်သဖြင့် ။

“ ညည်းတို့ရယ် တောင်းစားမှာ စိုးလို့ မဟုတ်ဘူး ၊ ငါ့ကို ပေးရမှာစိုးလို့ ၊ ငါးပိစလောင်းကပ်ကလေးပဲ ပါတယ် ။ အားနာလို့ပြောတာ ”

“ ဒီလိုပဲပေါ့ ဒေါ်ကျီးဒန်ရယ် နည်းနည်းစီ မျှစား ကြရတာပေါ့ ။ ကျုပ်က မျှစ်သုပ်နဲ့ ငရုတ်သီးထောင်း ပါတယ် ”

မအေးရွှေက ဝင်ပြောသည် ။ မလှကြွယ်ကလည်း သူ့မှာ ပါသော ဟင်းကို အားကျမခံ ထုတ်ဖော်ပြောပြန် ၏ ။

“ အမယ် … ကျုပ်မှာလည်း ငါးပိချက်နဲ့ မြေပဲထောင်း ပါပါတယ်တော့ ”

မကျီးဒန်မှာ ဟင်းမယ်များ စာရင်းကို ကြားရသည်နှင့် သွားရည်ကျကာ ကွိခနဲမျိုချလိုက်ရ၏ ။ အဲသည်တော့မှလည်း ဆာလောင်ခြင်းဝေဒနာမှာ ပိုမို၍ ထန်သည်းလာတော့သည် ။ ရင်ကအောင့် ၊ လက်ပြင် တစ်ကြောမှ ကိုက်ခဲရသည့်အထဲတွင် ခါးကပါ အောင့်နာ နေလေသည် ။ ဝမ်းက ဟာသည့်အတွက် လမ်းလျှောက်ရသည်မှာ အားမရှိ ။ ပူလောင်သလို ၊ မောပန်းသလို ဖြစ်နေသဖြင့် စတည်းချသည့် ညောင်ပင်ရိပ် အောက်ရှိ လယ်ကွက်ထဲမှ ရေနောက်များကို အရိပ်ထိုးသည့်နေရာကို ရွေး၍ လက်ခုပ်ဖြင့် ခပ်သောက်လိုက်ရသည် ။ အေးမြ၍လန်းဆတ်သော အရသာသည် လည်ချောင်း တစ်လျှောက်မှ နေ၍ ဝမ်းခေါင်းထဲသို့ လျှောဆင်းသွားသည် ။ သို့ရာတွင် ထိုသာယာသော အတွေ့မှာ ခဏသာ ။ ချက်ချင်းပင် တစ်ကိုယ်လုံးမှာ နုံးကျသွားလေ၏ ။

“ လာ လာ ... ဒေါ်ကျီးဒန် ”

မကျီးဒန် ရေသောက်နေခိုက်တွင် မလှကြွယ်နှင့် မအေးရွှေတို့မှာ ထမင်းထုပ်များကို ယူငင် ခင်းကျင်းပြီးနေပြီ ။

“ စားကြ ၊ စားကြ ။ ငါ့ထမင်းထုပ်က ဟောဟို ဇီးပင်ကလေးမှာ ချိတ်ထားတယ် ၊ ယူစားကြ … ”

မကျီးဒန်မှာ ခပ်ယဲ့ယဲ့ကလေးပြန်ဖြေပြီး ညောင်ပင်ရိပ် ကျနေရာတွင် ပစ်ထိုင်လိုက်သည် ။ မောပန်းနွမ်းနယ်သည့်ကိုယ်ဖြင့် အရိပ်ကျ၍ မြေသလင်းသန့်ကပါ အေးမြသော နေရာတွင် ထိုင်လိုက်ရသည့်အတွက် ဖော်မပြနိုင်အောင် ကောင်းမွန်သောအရသာကို ခံစားလိုက်ရ၏ ။ လေကလည်း ခပ်ပြေပြေတိုက်လာသဖြင့် မကျီးဒန်က မျက်စိကို မှိတ်၍ မှိန်းနေလိုက်၏ ။ သို့ရာတွင် မလှကြွယ်နှင့် မအေးရွှေတို့က သူ့ကို စောင့်နေကြ သည့်အတွက် ထိုင်ရာမှ ထသွားပြီး ထမင်းပွဲသို့ ဝင်လိုက်ရပေသည် ။

သုံးယောက်တွင် ပါသောဟင်းများကို စုဝိုင်းခင်းကျင်းထားလိုက်ပြန်တော့လည်း မင်းဖွယ်စိုးရ မဟုတ်ပေသည့် စားချင့်စဖွယ်ကလေးကား ဖြစ်လာရ၏ ။ မအေးရွှေ၏ နှမ်းထောင်းများများ ဖြူးထားသော မျှစ်သုပ်ကလေးက ငရုတ်သီးထောင်းနှင့် ထမ်းပိုးထမ်း ညီညီ အသုံးတော်ခံနေသလို မလှကြွယ်၏ငါးပိချက်မှာ ဆီမဝေ့သော်လည်း မြေပဲထောင်းကလေးနှင့် စပ် ထားပြန်သောအခါ မအေးရွှေ၏ ဟင်းမည်များကို ပြိုင်နေသည် ။ သို့ရာတွင် ဘယ်ဟင်းမည်နှင့်မျှ မိတ်ဖွဲ့ မရသောဟင်းမှာ မကျီးဒန်၏ ငါးပိကင်သာ ဖြစ်၏ဟု ယူဆကာ မကျီးဒန်မှာ အားငယ်နေသည် ။ သူတစ်ပါးလို ဖွယ်ဖွယ်ရာရာ မချက်ခဲ့ ၊ မထုပ်ခဲ့နိုင်သဖြင့် တစ်ပါး သူ၏ ဟင်းကို နှိုက်ရမှာ လက်ရွံ့ နေသည် ။ သို့သော်လည်း မလှကြွယ်တို့ကမူ “ ကောင်းလိုက်တာ ၊ ကောင်းလိုက်တာ ” ဟု ဟန်ဆောင်ပဲလား ၊ တကယ်ပဲလား မသိသော စကားများကို ပြောဆိုကာ မကျီးဒန်၏ ငါး ပိကင်ကိုသာ တစွတ်စွတ် နှိုက်ရင်းက နှစ်သိမ့်ကြ၏ ။

“ မျှစ်သုပ်စားပါ ဒေါ်ကျီးဒန်ရဲ့ ”

“ ဟုတ်ပါရဲ့တော် ကျုပ်ရဲ့ မြေပဲထောင်းလည်း မစားဘူး ”

“ စားပါတယ် အေတို့ရဲ့ ”

မကျီးဒန်မှာ အလိုက် သင့်ပြန်ဖြေရင်း နှိုက်လိုက်ရသည် ။

“ နှိုက်တယ်သာ ဆိုတယ် ၊ နည်းနည်းလေးရယ်တော် ”

မလှကြွယ်က ပြောလိုက်သည်တွင် ..

မအေးရွှေကလည်း …

“ ဟုတ်ပါရဲ့ ၊ ဒေါ်ကျီးဒန်က ရွံများရွံတတ်သလား မသိပါဘူး ” ဟု ခပ်နောက်နောက်ကလေး ရယ်သံ ဖက်ပြီး ပြောလိုက်သဖြင့် ....

“ ပေါက်ပေါက်ရှာရှာ အေ ၊ ဘယ်က ရွံရမှာလဲ ညည်းတို့ကလည်း ” ဟူ၍ မကျီးဒန်က ပြုံးပြီးဖြေလိုက်သည့် တစ်ခဏ၌ ရယ်မောသံ လွှမ်းခြုံသွားလေ၏ ။

စောစောက ပူပြင်းလှသောနေသည် တိမ်ညိုများ၏ နောက်သို့ ပြေးဝင်သွားသည် ။ တောင်ဆီမှ မိုးသားများသည် ပြာမှိုင်း၍နေလေ၏ ။ ထိုပြာမှိုင်းသော မိုးသားကို နောက်ခံရသဖြင့် ဒီမှာဘက်က ခင်တန်းချုံပုတ်တို့မှာ ပို၍ စိမ်းလာသည် ထင်ရ၏ ။ ငွေဗျိုင်းဖြူ တစ်အုပ်သည် အပြာရောင်နောက်ခံထက်၌ လှည့်ပတ်ပျံဝဲနေ၏ ။ သုတ်ဖြူးလိုက်သည့် လေအေးကလေးကြောင့် မြနုရောင်ကောက်ပင်ကလေးများမှာ ယိမ်းငဲ့သွားကြသည် ။

မကျီးဒန်တို့ ဝိုင်းမှာမူကား ငြိမ်သက်နေ၏ ။ ထမင်းကိုသာ မိုးမလာမီ ပြီးစီးအောင် ခပ်သွက်သွက် လွေးနေရသဖြင့် တိတ်ဆိတ်နေသည် ။ မလှကြွယ်တို့ လူငယ်နှစ်ယောက်၏ လက်များက သွက်ပေမယ့် မကျီးဒန်၏ လက်မှာ မှန်မှန်ပင် ။ အမှန်မှာ မလှကြွယ်တို့က မည်သို့ပင် အားမနာအောင် ရောနှောသော်လည်း မကျီးဒန်မှာ ကြိတ်၍ အားနာနေ၏ ။ တစ်ခါတစ်ရံ ချောစိန်အား ထမင်းဟင်း ဖြစ်သလို ထုပ်ပေးလိုက်ရ ဖူးသည့်အခါများအတွက် ပြန်လည် သနားလာ၏ ။ တစ်နေကုန်လုအောင် ပင်ပန်းကြီးစွာ ကောက်စိုက်ခဲ့ရသူများမှာ ညကျပြန်တော့လည်း အိမ်မှုအိမ်ရာများကြောင့် စောစောမအိပ်ကြရ ။ သည့်အထဲတွင် အိပ်ရေး မဝတဝနှင့် အိပ်ယာမှ ထကာ ထမင်းချက်ရသည့်ဒုက္ခကို တွေးကြည့်မိသောအခါ ရင်မောလာရ၏ ။ ထိုသို့ သောအခါကျမှ ယနေ့ ကောက်စိုက်မများ၏ ဘဝနှင့် သူတို့ ပျိုစဉ်က ကောက်စိုက်မဘဝကို ပြန်လည်ချိန်ထိုး၍ လွမ်းဆွတ်ရလေသည် ။

မှန်ပေသည် ။ မကျီးဒန်တို့ အပျိုဘဝတုန်းကတော့ ကောက်စိုက်မတစ်ယောက်သည် သနပ်ခါးထူထူ လိမ်း၍ လယ်ပြင်သို့ ခပ်ကြော့ကြော့ကလေး ထွက်လာနိုင်သည် ။ ဆေးလိပ်ကြိုက်သူက ဆေးလိပ်ကိုပင် ယူလာဖို့ မလို ။ ကွမ်းစားသူလည်း ပါးစပ်ထဲက ဝါးလက်စကိုပင် ထွေးပစ်လိုက ထွေးပစ်ခဲ့နိုင်သေး၏ ။ လယ်ရှင်က ထမင်းချိန်တန်လျှင် ထမင်းဖြင့် ကျွေးမွေး၍ ကောက်စိုက် မဆင်းမီ သွားရည်စာ အဆစ်ဆောင်း ရုံသာမက ဆေးလိပ်ကို တောင်းနှင့် ထည့်ပေးကာ ကွမ်းအစ်ကို ကန်သင်းထိပ်တွင် ချပေးခြင်းဖြင့် အပို လိုက်လိုက်သေး၏ ။

“ ကောက်စိုက်မတွေ ထမင်းစားရအောင် ” ဟူသော အသံ ထွက်ပေါ်လာတိုင်း မကျီးဒန်မှာ မအုန်းပွင့် နှင့် တစ်ဝိုင်းတည်း မစားရပါစေနှင့်ဟု ဆုတောင်းမိသည် ။ သည်တုန်းက ကြေးလင်ပန်း ၊ ကြွေလင်ပန်း ၊ သံလင်ပန်း စသည်တို့မှာ ကြေးရတတ်များသာ အမြတ်တနိုး သုံးကြ၏ ။ ဆင်းရဲသားသုံးပစ္စည်းမှာ ကား ဆန်ကောအရွယ်လောက်ရှိ သရိုးကိုင်ထားသော သစ်သားခွက်ဝိုင်းကြီးဖြစ်၏ ။ ၎င်းကို ဗျပ်ခွက်ဟု ခေါ်၏ ။ များသောအားဖြင့် အနီရောင်ဖြစ်၏ ။ ထမင်းစားကြစို့ ဆိုလျှင် ဗျပ်ခွက်ထဲတွင် ဟင်းပန်းကန်တွေ ထည့် ၊ တို့စရာတွေ ထည့်၍ ဘေးမှ ထမင်းကို ပုံပေးထားခြင်း ဖြစ်ရာ လူဆန့်သလောက် တိုးဝင်ဖွဲ့ဝိုင်း စားကြရလေသည် ။

မကျီးဒန် ကြောက်၍ရွံသော မအုန်းပွင့်မှာ ဟင်းချိုကို သောက်လိုက် ၊ ဆမ်းလိုက်လုပ်ပြီး ခပ်ရွှဲရွှဲ စားတတ်သည် ။ သူဆမ်းသမျှ ဟင်းရည်များသည် သူ့ ရှေ့ရှိ ထမင်းပုံထဲတွင် စိမ့်ဝင်၍ မနေ ၊ ဗျပ်ခွက်တစ်ခုလုံးသို့ ပျံ့နှံ့စီးဆင်းကုန်တော့ရာ ကိုယ့်ဟင်းရည်ကိုသာ ကိုယ်မရွံသော်လည်း သူတစ်ပါး ပါးစပ်မှ ကျ၍ လည်းကောင်း ၊ လက်ဖြင့် ထိကိုင်၍ လည်းကောင်း စီး ဆင်းလာသော ဟင်းရည်ကို မည်သူသည် မရွံဘဲ ရှိပါမည်နည်း ။

မကျီးဒန်မှာ မအုံးပွင့် ရှိသော ထမင်းဝိုင်းသို့ မဝင်ဘဲ အခြားလူချောင်ရာ ဝိုင်းကို လိုက်လံရှာဖွေလေ့ရှိ၏ ။ အခြားသော ဝိုင်းများမှာလည်း မည်သည့်အခါ မျှ လူချောင်သည် မရှိသဖြင့် နောက်ဆုံး၌ မအုံးပွင့် ရှိသော လူချောင်ရာ ဝိုင်းသို့သာ မျက်နှာပုပ်ပုပ်ဖြင့် ပြန်လှည့်ဝင်ရလေ့ရှိသည် ။ အကြောင်းမှာ လူတိုင်းလူတိုင်းကိုက မအုံးပွင့်ကို ရှောင်ကြသောကြောင့်ဖြစ်သည် ။

ဤအခါက နေ့တစ်နေ့ကို မကျီးဒန် မှတ်မိသေး၏ ။ တွေးမိတိုင်းလည်း ပြုံးမိသည် ။ မအုံးပွင့်မှာ ဟင်းရည်ရွှဲရွှဲဖြင့် စားမှ စားတတ်သူ ဖြစ်သော်လည်း ဟင်းရည်တွေ သူ့ဘက်မှာ စုနေခြင်းကိုကား သဘောမကျသောကြောင့် သူ့ဘက်မှ နေပြီး ဗျပ်ခွက်အောက်သို့ ခြေထောက် ထိုး၍ ထားလေသည် ။ တစ်ဝိုင်းလုံးမှ ဟင်းရည်တွေသည် မအုံးပွင့်နှင့် မျက်နှာချင်းဆိုင်ရှိ မကျီးဒန်၏ ထမင်းပုံထဲသို့ လာရောက်စုဝင်ကြတော့သည် ။ အစ၌ မကျီးဒန်မှာ မည်သို့မျှ မကြံတတ်ခဲ့ချေ ။ ရွံရွံနှင့် မှိတ်စားနေရာက နောက်တွင် ဉာဏ်ရကာ မအုံးပွင့်ထက် ပိုမြင့်အောင် ခြေစုံတစ်ခုံလုံးကိုပါ ဗျပ်ခွက်အောက်သို့ ထိုးသွင်းလိုက်ရာ ဟင်းရည်များ မအုံးပွင့် ဘက်သို့ ဝေါခနဲ စီးကျကုန်လေ၏ ။

မအုံးပွင့် ကလည်း မကျီးဒန် ထက် မြင့်တက်သွားအောင် ပြုလုပ်သဖြင့် ဟင်းရည်များမှာ မကျီးဒန်ဘက်သို့ ပြန်စီးလာပြန်သည် ။ သို့နှင့် မကျီးဒန်က မြှင့်လိုက် မအုံးပွင့်က ပိုပြီး မြှောက်လိုက်ဖြင့် လုပ်နေရာ ဟင်းရည်များမှာ ဟိုဘက်နှုတ်ခမ်း ၊ သည်ဘက်နှုတ်ခမ်း ကူးသန်းနေကြရာမှ တစ်ချီတွင် မအုံးပွင့်က တအား မြှောက်လိုက်သဖြင့် ဟင်းရည်များက ဗျပ်ခွက်နှုတ် ခမ်းကို ကျော်ပြီး မကျီးဒန်၏ လုံချည်ပေါ်သို့ သွားကျသည့်အတွက် အစကတည်းက ချဉ်နေသော မကျီးဒန်မှာ “ ကဲဟာ ” ဟု ဆိုလျက် ဗျပ်ခွက်ကို မအုံးပွင့် ၏ ခေါင်းပေါ်သို့ ဆွဲမှောက်လိုက်လေတော့သည် ။

မအုံးပွင့်၏ ခေါင်းပေါ်၌ ထမင်းစေ့များ ဖွေးဖွေး လှုပ်သွား၏ ။ မအုံးပွင့်နှင့် မကျီးဒန်တို့၏ ဆဲသံ ၊ ဆိုသံများသည် လယ်တောတစ်ခုလုံးမှာ အုန်းအုန်းညံသွားလေ၏ ။ သ,တ်မည် ၊ ပုတ်မည် တကဲကဲမို့ ဆွဲသူက ဆွဲ ၊ ဖျဉ်သူက ဖျဉ်နှင့် ပြောမရဆိုမရသဖြင့် ဝင်ပြီး ဆဲသူကလည်း ဆဲလိုက်သေး၏ ။

ညကျသောအခါ မအုံးပွင့်က လာတိုင်သဖြင့် မကျီးဒန်မှာ အဖေ၏ တုတ်စာ မိသွားရလေသေးသည် ။ အဖေ ဆိုသည်မှာလည်း သူတစ်ပါး၏ သားသမီးကပဲ လွန်သည် ဖြစ်စေ ၊ ကိုယ့်သားသမီးကပဲ လွန်ခဲ့သည် ဖြစ်စေ ကိုယ့်သားသမီးကိုသာ နှိမ်လေ့ရှိ၏ ။ ထို့ကြောင့်ပင် မကျီးဒန်မှာ အစစ်အမေး မခံရဘဲ အရိုက်ခံရခြင်း ဖြစ်၏ ။ အဖေကို ပြန်ကန်တော်လှန်နိုင်စွမ်းမရှိသောကြောင့်လည်း မကျီးဒန်မှာ မအုံးပွင့် ကိုသာ သဲကြီးမဲကြီး ဖိ၍မုန်းမိခဲ့သည် ။

ဟိုစဉ်တုန်းကတော့ မခံချင်သည့်စိတ် ၊ မုန်းတီးသည့်စိတ် ၊ နာကြည်းသောစိတ်တို့ဖြင့် လှိုင်ပေါခဲ့ပေမဲ့ မှားသည် ၊ မှန်သည်ကို ပြန်လည် ဆင်ခြင်တတ်ခြင်း မရှိ ။ ဆင်ခြင်ချိန် မရအောင်လည်း ဒေါသနှင့် မာနမှောင်တို့ ခြုံလွှားခဲ့သည် ။ ယခုလို ရှေ့နောက် ဆင်ခြင်တိုင်းထွာတတ်သော အရွယ်သို့ ဆိုက်ရောက်လာပြန်တော့လည်း ပြီးခဲ့သမျှမှာ ပြန်လည် နာကြည်းစရာ မကောင်းတော့ဘဲ ရယ်စရာသက်သက်သာ ဖြစ်နေပေတော့၏ ။

“ ဘာပြုံးတာလဲ ၊ ဒေါ်ကျီးဒန်ရဲ့ ”

မလှကြွယ်၏ မေးသံ ထွက်လာတော့မှ မကျီးဒန်မှာ မိမိပြုံးမိမှန်းကို သတိရလာကာ မျက်နှာကို ပြင်၍ ထမင်းလုတ်ကို ပါးစပ်တွင်းသို့ ခွံ့ရင်း ...

“ ဘာရယ်လို့ မဟုတ်ပါဘူးအေ ။ တို့ငယ်ငယ်တုန်းက ကောက်စိုက်မချင်း ထမင်းစားရင်း ရန်ဖြစ်ခဲ့တာတွေကို ပြန်တွေးမိလို့ပါ ”

“ ဪ ဒေါ်ကျီးဒန်နှယ် ”

မအေးရွှေက ထမင်းကို လက်စသတ်ကာ ညည်းတွားလိုက်လေသည် ။

“ တို့ငယ်ငယ်တုန်းကတော့ အခုလို ထမင်းထုပ် ယူမလာရဘူးအေ့ ။ လယ်ရှင်က ဗျပ်ခွက်ကြီးတွေနဲ့ ထည့်ကျွေးတော့ ဟင်းရည်တွေ နင်းကန် ဆမ်းပြီး ကိုယ့်ဘက်မှာ ဟင်းရည်တွေ မနေအောင် ခြေထိုးတဲ့ လူက ထိုးတာနဲ့ အင်မတန် ရန်ဖြစ်ချင်စရာကြီးပေါ့အေ ... ”

“ ပျော်စရာကြီးနော် ”

“ အခုနေများ ဒီလိုဖြစ်လိုက်ရင် သိပ်ကောင်းမှာ ”

မကျီးဒန်က ပြော၍ မလှကြွယ်တို့က တစ်ယောက် တစ်ပေါက်နှင့် ဝင်ရောက်မှတ်ချက်ချနေကြစဉ် ...

“ မိုးတွေ လာပြီဟေ့ ... မြန်မြန်စားကြဟေ့ ... ” ဟူသော အသံ ထွက်ပေါ်လာသောကြောင့် စကားစ ပြတ်သွားကြ၏ ။ မကျီးဒန်ရော မလှရွှေတို့ နှစ်ယောက်ပါ မိုးလာနေကျ တောင်ဘက်သို့ လည်ပြန်လှည့်ကြည့် လိုက်ကြသည် ။ စနေထောင့် တစ်ခိုဝယ်ခဲ၍ မည်းနက်လာသော မိုးသားသည် ပြိုဆင်းလာတော့မည်လားဟု ထင်ရသည် ။ ခဏချင်းပင် တဝေါဝေါ အော်၍ မိုးရော လေပါ နှောက်လျက် ပြေးလွှား ရွာချလာလေ၏ ။

••••• ••••• •••••

လက်ကျန် ငါးယောက်စိုက် လယ်ကွက်ကလေးကို လူအစိတ်ခန့် ဝိုင်းထိုးလိုက်ရာ တစ်အောင့်မျှသာ ကြာသည်ဟု ထင်လိုက်ရသည် ။ တစ်နေ့တာလုပ်ငန်း ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် “ ဟေး …. ခနဲ ” “ ဟေး ခနဲ ” ပြိုင်တူထအော်လိုက်ကြသော အသံမှာ လယ်တောတစ်ခုလုံးကို ဖုံးသွား၏ ။ ကောက်စိုက်မ များ၏ သံပြိုင်ဟစ်ညာသံသည် မနီးမဝေးရှိ မြောင်းဘောင်ကို ရိုက်ခတ်မိပြီး ပဲ့တင်ရိုက်လျက် ဟီးပျံလွင့်ဝဲလာပြန်၏ ။ ကောက်စိုက်မောင်းသေးကလေး၏ အသံသည်လည်း နှစ်လိုဖွယ်ရာ အော်မြည်ဟစ်ကြွေးလာပြန်သည် ။

မကျီးဒန်မှာကား သူ၏ အဖော်များကဲ့သို့ ဝမ်းသာအားရဖြင့် မအော်ဟစ်နိုင်ရှာ ။ ချိနေသော ခါးဖြင့် ကန်သင်းပေါ်သို့ပင် လယ်ကွက်ထဲမှ မနည်းတက်လာရ၏ ။ မိုးရွာလိုက် ၊ နေပူလိုက် ဖြစ်နေသောကြောင့် လူတိုင်းမှာ ခါတိုင်းထက်ပို၍ နွမ်းနေကြသည် ။ ထိုသို့သော လူတိုင်းလူတိုင်းထက် မကျီးဒန်မှာ ပို၍ ပင်ပန်းနွမ်းနယ်နေသည် ။ သူတကာတွေ လယ်ထိပ်သို့ ရောက်သောအခါ မကျီးဒန်မှာ ညောင်ပင်ပါးပျဉ်းကြီးများကို မှီပြီး ကျန်ရစ်ခဲ့သည် ။

“ ဒေါ်ကျီးဒန်ရေ ရှေ့က လက်ခုပ်ပင်ကြီးကျမှ နားရအောင် ” ဟု မလှကြွယ်တို့က လှမ်း၍ ခေါ်ပါသေးသည် ။ သို့ရာတွင် မကျီးဒန် ကတော့ တစ်လှမ်းမျှပင် ဆက်လက် မလှမ်းလိုတော့ ။ လက်ငင်း နားနေခြင်းကိုသာ မက်မောဖက်တွယ်နေခဲ့လေ၏ ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၅၉ ၊ ဇွန်လ