❝ မပျော်တစ်ခဏ ၊ ပျော်တစ်ဘဝ ❞
[ သင်္ချိုင်းမှာ ကွယ်လွန်သူရဲ့ အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ မထည့်ခင် သက်ဆိုင်သူတွေက နောက်ဆုံး အရိုအသေ ပေးတဲ့ အနေနဲ့ ကန်တော့ကြတယ် ။
နှလုံးစိတ်ဝမ်း ကြည်လင်ချမ်းမြေ့စွာ ကန်တော့နိုင်ကြတာ မဟုတ်ပါဘူး ။ သောကတွေ ပြည့်လျှံပြီး မျက်ရည်လည်ရွဲ ကန်တော့တာ ၊ ကန်တော့ပြီးလို့ ရုပ် အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်တော့မယ် ။ မီးသင်္ဂြိုဟ်စက် သံတံခါးဝကို ဖွင့်လိုက်တာနဲ့ အထဲက မီးတောက်မီးလျှံတွေက တဝေါဝေါ တောက်လောင်လို့ နီရဲတဲ့ မီးလျှံထဲ အလောင်းကို ထိုးသွင်းလိုက်ပြီး သံတံခါးကို ဂျိန်းခနဲ ပိတ်ချလိုက်တဲ့အခါ စီခနဲ ငိုကြွေးသံတွေ ညံသွားတယ် ။ အချို့လည်း ငိုရင်း အလုံးဆို့လို့ မေ့မြော သွားတယ် ။ မီးသင်္ဂြိုဟ်စက်ကြီးရဲ့ ခေါင်းတိုင်ဝက မည်းခနဲ ထွက်လာတဲ့ မီးခိုးတွေကို ငေးစိုက်ကြည့်နေပြီး မပြန်နိုင်သူတွေကို အချို့က ဇွတ်ဆွဲ ခေါ်သွားရတယ် ။
ကွေကွင်းရခြင်းဒုက္ခ အပူမီးနဲ့ ဒုက္ခသည်တွေကို တည်ငြိမ်တဲ့ မျက်နှာနဲ့ ရှုကြည့်နေလေ့ရှိတဲ့ ရဟန်းတော် တစ်ပါးကို သင်္ချိုင်းမှာ နေ့စဉ်လိုလို တွေ့မြင်နိုင်ပါတယ် ။ သည်ရဟန်းတော်ကတော့ တောင်စလင်းတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒ ဖြစ်ပါတယ် ။ ဆရာတော်က ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်းရဲ့ သြဝါဒါစရိယ ဆရာတော် ဖြစ်ပါတယ် ။ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်းက နာရေးကားတွေနဲ့ ရုပ်အလောင်းတွေ သင်္ချိုင်းကို ပို့ဆောင်ပေးတယ် ။ ဆရာတော်က နာရေးကားနဲ့ သင်္ချိုင်းကို လိုက်ပါပြီး အသုဘကမ္မဋ္ဌာန်း ရှုလေ့ရှိတယ် ။ ဆရာတော် သီတင်းသုံးတဲ့ တောင်စလင်းတိုက်သစ်ကို သွားရောက်ပြီး ဆရာတော်ရဲ့ ဘဝနဲ့ အတွေ့အကြုံကို မေးလျှောက်တယ် ။ ]
••••• ••••• •••••
ဘုန်းကြီးကို ရေစကြိုမြို့နယ် မီးလောင်ကျွန်းရွာမှာ ခမည်းတော် ဦးထွန်းလှိုင် ၊ မယ်တော် ဒေါ်လှမြိုင်တို့က ၁၃၀၉ ခု ဝါဆိုလပြည့်ကျော် ၁၀ ရက် စနေနေ့မှာ မွေးဖွားတယ် ။
ဆယ်နှစ်သားမှာ ကိုရင်ဝတ်တယ် ။ ဘုန်းကြီးငယ်ငယ်က ဂီတသဘင် အနုပညာ ဝါသနာပါတာ ။
မန္တလေး နှစ် ၁ဝဝ ပြည့် ရာပြည့်ပွဲနှစ်မှာ ခမည်းတော်နဲ့ မန္တလေး လိုက်လာတယ် ။ ရည်ရွယ်တာက တန်းကျောင်းတက်မယ် ၊ အနုပညာ လိုက်စားမယ်ပေါ့ ။ မန္တလေးကို ကိုရင်ဝတ်နဲ့ ပါလာတာ ။ ဆရာတော် ဦးဇဋိလရဲ့ ဝါခင်းကုန်း ကျောင်းမှာနေတယ် ။ ဘီဘီအိုအေ မြန်မာဗုဒ္ဓဘာသာ မိဘမဲ့ကလေးများကျောင်းမှာ တန်းကျောင်းစာ သင်တယ် ။ ဝါခင်းကုန်း ဆရာတော် ဆီမှာ ဘုန်းကြီးစာ သင်တယ် ။
ကိုရင်လေး စာသင်တာကို သင်ချင်အောင် ဖြစ်မှာပေါ့ ။ ဆရာတော်ကြီးတွေ ကလည်း စာတော်တယ် ၊ ဉာဏ်ကောင်းတယ်လို့ အားပေးကြတယ် ။ ဒကာ ၊ ဒကာမတွေကလည်း သိပ်တော်တာပဲ ဆိုပြီး ဗလာစာအုပ်တွေ ဝယ်ပေးကြ ၊ မြှောက်ပြောကြတော့ ကိုရင်လေးလည်း ပိုကြိုးစားတယ် ။ သည်လိုနဲ့ တန်းကျောင်းစာ မသင်တော့ဘဲ ဘုန်းကြီးစာပဲ တစိုက်မတ်မတ် သင်ဖြစ်ပြီး သာသနာရေးထဲ ရောက်တော့တာ ။ ဝါခင်းကုန်း ဣစ္ဆာသယတိုက်ကျောင်းမှာ ဗုဒ္ဓဘာသာ ၊ သာသနာရေး အခြေခံ စာတွေ သင်တယ် ။
ဝါခင်းကုန်း ဝန်းကျင်က ကံကောက်ရွာဟောင်း ရွာသစ် ၊ ကံကောက်ကြီး ရွှေခဲဖွား ၊ တောင်ကုန်းကြီး ၊ ရဲမွန်တောင်ရွာတွေဟာ ဘုန်းကြီးကို ဆွမ်းလောင်းလှူတဲ့ ကျေးဇူးရှင်တွေပေါ့ ။ အဲသည်တုန်းက တောရွာတွေကလည်း ဆင်းရဲကြတော့ ပဲပြုတ်နဲ့ ဗယာကြော်ပဲ လောင်းနိုင်တာ ။ ဗယာကြော် တစ်ခုရဖို့ လွယ်မှတ်လို့ ။ ရွှေခဲဖွားရွာမှာ အကြော်သည် ဦးထွန်းရွှေရဲ့ အကြော်ဆိုင်ကို ဆွမ်းခံ ဝင်ရပ်တော့ ဦးထွန်းရွှေက ကိုရင် နှစ်ခါ ရှိပြီလို့ ပြောတာ ။ ဆွမ်း ဘယ်ဝမှာလဲ ။
တစ်ခါတလေ နယူးစီဗီလိုင်းဘက် အထိ ဆွမ်းခံကြွတယ် ။ ကိုရင်ဘဝမှာ တီတီစီ ( ဆရာအတတ်သင်ကောလိပ် ) စားဖိုဆောင် မီးဖိုချောင်ထဲ အထိ ဝင်ပြီး ဆွမ်းခံတာ လောင်းရှာကြတယ် ။ ရဲသိပ္ပံစားဖိုဆောင် မီးဖိုချောင်လည်း ဆွမ်းဝင်ခံတယ် ၊ လောင်းပါတယ် ။
ရပ်ကွက်တွေထဲ ဆွမ်းလှည့်ခံရင် မိုးမိပြီး ဖျားတဲ့အခါ ဖျားတာပဲ ။ ဆရာတော် ဦးဇဋိလက မျက်လုံးဖြဲပြီး ဆရာမောင် ဆေးနီမှုန့်ကို မျက်စဉ်း ခတ်ပေးတာ ။
မန္တလေးမှာ အစားအသောက် ဆင်းရဲတော့ ရွာပြန်ပြေးချင်စိတ် ပေါက်တဲ့အခါ ပေါက်တယ် ။ အထူးသဖြင့်တော့ သင်္ကြန်ပြီးချိန်ခါဆို ရွာသိပ်လွမ်းတာ ။ ပိတောက်တွေပွင့် ၊ သစ်ရွက်ဝါတွေက ကြွေ ၊ ဥသြက တွန် ၊ လေပွေက ဝှေ့ နဲ့ မန္တလေးနဲ့ ရေစကြို သွားဖို့ရာ ယခုခေတ်လို ကားတွေ ဘာတွေက မရှိဘူး ။ သင်္ဘောပဲ ၊ ဂေါဝိန်သင်္ဘောဆိပ်မှာ တစ်ရက်မှ သင်္ဘောတစ်စင်းပဲ ရှိတာ ။ သင်္ဘောခက လေးကျပ် ၊ ငွေရှစ်ကျပ် ရှိရင် ရွာကို တစ်ခေါက်ပြန်လို့ ရတယ် ။
ရွာပြန်ရောက်ရင် ပျော်တယ် ။ မန္တလေး ပြန်ရမှာ ကြောက်တယ် ။ မန္တလေးကို မဖြစ်လို့ ပြန်လာခဲ့ရရင် မပျော်ဘူး ။ အသက် ၁၈ နှစ်သား ကိုရင်ကြီး ဘဝမှာ လူထွက်ချင်စိတ် တော်တော် ဖြစ်လာလို့ ရွာကို လူထွက်မယ် ဆိုပြီး လှမ်းမှာလိုက်တယ် ။ အမေ့ အဖေ ၊ အဘ ဦးဖိုးသောင်းက သူ့သား ရဟန်း ဦးအာသဝကို အခေါ်လွှတ်လိုက်တယ် ။ ဦးအာသဝက အမေ့မောင် ဘထွေး တော်တာပေါ့ ။ လူထွက်ဖို့ ရွာပြန် လိုက်သွားတော့မယ် ဘုရားလို့ ဝါခင်းကုန်းဆရာတော် ဦးဇဋိလကို လျှောက်တော့ ဆရာတော်က ကိုရင် သာသနာ့ဘောင်မှာ မပျော်လို့ လူထွက်မယ် ဆိုရင်လည်း မတားပါဘူး ။ ဒါပေမဲ့ လူ့ဘောင်ဆိုတာ အင်မတန် ဆင်းရဲဒုက္ခ ကြီးမားတယ် ။ ကိုရင့် မိဘများကလည်း ဆင်းရဲနွမ်းပါးတော့ နွားနဲ့ ဖက်ပြီး ထွန်ယက် စားသောက်ရလိမ့်မယ်လို့ ဟောပြောပြီး ပြန်ခွင့်ပေးတယ် ။
အဘကလည်း သူ့မြေး ရှင်လိင်ပြန်ရင် ဝတ်ဖို့ ဆိုပြီး ပုဆိုးအင်္ကျီတွေ ချုပ်ထားတာ ။ သူ့လယ် နှစ်ဧကလည်း ကျုပ်ဖို့ ပေးမယ် ခွဲဝေထားတာ ။ ဘုန်းကြီးက ဧရာဝတီအစုန် သင်္ဘောကြီးပေါ် လိုက်သွားရင်း ဆရာတော် ပြောလိုက်တဲ့ ဆင်းရဲဒုက္ခတွေကို ဆင်ခြင်ကြည့်ပြီး လူမထွက်တော့ဘူး ဆုံးဖြတ်လိုက်တယ် ။ ရွာပြန်ရောက်လို့ လူမထွက်တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ပြောလိုက်ရော အဘက စိတ်ဆိုးသွားတာပေါ့ ။ အဘလည်း အဲသည် စိတ်နဲ့ပဲ သေရှာသလား မသိဘူး ။ နောက် ထပ် တစ်နှစ်လောက် နေတော့ ဆုံးရှာတာပါပဲ ။ ဘုန်းကြီးလည်း ရဟန်းဘဝမှာ မြဲသွားတယ် ။
ရဟန်းဖြစ်တော့ မစိုးရိမ်တိုက်ဟောင်းကို ပြောင်းပြီး စာပေပရိယတ္တိ သင်တာ ငါးဝါ ကြာတယ် ။ ပထမငယ် ၊ ပထမလတ် ၊ ပထမကြီး သင်ယူတယ် ။ ပြီးတော့ ၁၃၃၈ ခုမှာ တောင်စလင်းတိုက်ကို ပြောင်းတယ် ။ တောင်စလင်းတိုက် ၊ နန္ဒီသေနာရာမတိုက်တို့မှာ စာချတန်းသင်ပြီး ၁၉၅၂ ခုမှာ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရတယ် ။ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ ကထိကနည်းပြသင်တန်း တက်တယ် ။ ကမ္ဘာအေး ပြည်တွင်း ပြည်ပ သာသနာပြုသင်တန်းတွေ တက်တယ် ။ ၁၃၆၀ ပြည့် နှစ်မှာတော့ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ ဆက်ကပ်ခံရပါတယ် ။
ဗုဒ္ဓဂယာကို ဘုရားဖူး သွားချင်တဲ့သူတွေကို ဘုန်းကြီးက နိဗ္ဗာန်ကူးတို့ ပို့ပေးနေတာ ဆယ်ခေါက် ရှိပြီ ။ ဘုရားဖူးသွားတဲ့ သူတွေဆီက ဘာမှ အလှူမခံပါဘူး ။
ဘုန်းကြီး အိန္ဒိယကို ဆယ်ခေါက် ၊ တရုတ်ပြည်ကို နှစ်ခေါက် ၊ ထိုင်းနိုင်ငံကို ခြောက်ခေါက် ၊ သီရိလင်္ကာကို သုံးခေါက် ကြွပြီးပြီ ။ ဘုရားဖူး ပို့ပေးတာပါ ။ ရှမ်းတောင်တန်း ၊ ချင်းတောင်တန်းတွေကိုလည်း သာသနာပြု ကြွတယ် ။
နာဂစ်လေပြင်းမုန်တိုင်းတိုက်လို့ ဒုက္ခရောက်သူတွေကို အကူအညီပေးဖို့ ရန်ကုန် တိုင်းနဲ့ ဧရာဝတီတိုင်း အနှံ့ တစ်လလောက် သွားခဲ့သေးတယ် ။
ဘုန်းကြီးက ဗြဟ္မစိုရ်ရုံးခန်းဘက်ကို သွားပြီး ထိုင်လေ့ရှိတယ် ။ မန္တလေးမှာ ယာဉ်တိုက်မှုဖြစ်လို့ လမ်းပေါ်မှာ သေနေတဲ့ အလောင်းတို့ ၊ ကျုံးထဲမှာ ရေနစ်သေတာ ၊ မီးရထားလမ်းပေါ်မှာ ရထားကြိတ်သေတာ ၊ မေမြို့ ( ပြင်ဦးလွင် ) တောင်ဆင်းလမ်းမှာ ကားမှောက်သေတာ ၊ ကိုယ့်ဘာသာကိုယ် သ,တ်သေတာ ၊ သေနည်းမျိုးစုံနဲ့ သေကြတဲ့အလောင်းတွေ ၊ ပိုင်ရှင်မဲ့ အလောင်းတွေကို ဗြဟ္မစိုရ်က ကောက်ယူပေးပြီး ဆေးရုံ ရင်ခွဲရုံအအေးတိုက်ကို ပို့ပေးရတယ် ။ အချို့ အလောင်းတွေက အပုပ်အပွ ၊ အပိုင်းပိုင်း ပြတ်နေတာမျိုး ၊ ဒါမျိုးတွေကို ကောက်ပေးရတာ ၊ ဘုန်းကြီးက အဲသည်လို ကောက်တဲ့ ကိစ္စတွေမှာ ဗြဟ္မစိုရ်က ဝန်ထမ်းတွေနဲ့ လိုက်သွားပြီး ကောက်တယ် ။ ဘုန်းကြီးပါတော့ အချို့ ကိစ္စတွေမှာ လုပ်ရတာ လွယ်ကူတယ် ၊ အဆင်ပြေတယ် ။
ဗြဟ္မစိုရ်က နာရေးကားတွေ အသုဘ ပို့ပေးတဲ့အခါ ဘုန်းကြီးက တစ်နေ့ တစ်ခေါက်လောက်တော့ ကြိုးစားပြီး လိုက်ပေးတယ် ။ အဓိကကတော့ ဘုန်းကြီး ကိုယ်တိုင်က သင်္ချိုင်းမှာ အသုဘကမ္မဋ္ဌာန်း ရှုချင်လို့ပါ ။ ဘုန်းကြီး သုသာန်အထိ လိုက်လာတာ မြင်တော့ နာရေးရှင်တွေ သောကလည်း လျော့တာပေါ့ ။ ဂရုတစိုက်နဲ့ ဘုန်းကြီးလိုက်တယ် ဆိုပြီး နာရေးရှင်တွေက သောက လျော့တယ် ။
ဘုန်းကြီးက ဆင်းရဲတဲ့ နာရေးကို ဦးစားပေးပြီး လိုက်ပို့တယ် ။ ချမ်းသာတဲ့ နာရေးကို သိပ်မလိုက်ချင်ဘူး ။ သူတို့က လှူတာ လက်မခံချင်လို့ပါ ။
ဘုန်းကြီး ဆောင်ရွက်ပေးခဲ့တာတွေထဲမှာ အမှတ်ထင်ထင် ရှိနေတဲ့ ကိစ္စတစ်ခုလည်း ပြောပြဦးမယ် ။ မန္တလေး တိုင်းရင်းဆေးရုံ ၊ ရင်ခွဲရုံဟောင်းမှာရှိတဲ့ မကျွတ်မလွတ်သေးသူတွေကို ကြာနီကန်သုသာန် ပြောင်းရွှေ့ပေးဖို့ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးအောင်အောင်က ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကို အကူအညီ တောင်းခံတယ် ။
ရင်ခွဲရုံဟောင်း အတွင်းထဲမှာ အမိန့်စာ တစ်စောင် ကြိုတင် ကပ်ထားတယ် ။ “ မန္တလေး တိုင်းရင်းဆေးရုံကြီးရှိ ရင်ခွဲရုံအား နိုင်ငံတော်အစိုးရ၏ အမိန့်အရ ရွှေ့ပြောင်း ဖျက်သိမ်းမည်ဖြစ်၍ ရင်ခွဲရုံတွင် မှီတင်းနေထိုင်ကြသော မည်သည့် ပုဂ္ဂိုလ်မဆို ကြာနီကန်သုသာန်သို့ ပြောင်းရွှေ့နေထိုင်ရေး စီစဉ်သယ်ပို့ပေးမည် ဖြစ်ပါသည် ။
သို့ပါ၍ ၂ဝဝဝ ပြည့်နှစ် မေလ ၁၉ ရက်နေ့မှ စ၍ နေထိုင်ခွင့် မပြုတော့ကြောင်းနှင့် လိုက်ပါပြောင်းရွှေ့ နေထိုင်ကြရန် အမိန့်ထုတ်ပြန်လိုက်သည် ။ အမိန့်အရ အောင်အောင် ( ဆေးရုံအုပ်ကြီး ) ၊ မန္တလေးတိုင်းရင်း ဆေးရုံကြီး ”
ဘုန်းကြီး ဦးဆောင်ပြီး ဗြဟ္မစိုရ်က နာရေးယာဉ်ကား သုံးစီး တိုင်းရင်းဆေးရုံကို သွားကြတယ် ။ ဆေးရုံ ရင်ခွဲရုံဟောင်းကို အသုံးပြုခဲ့တာ ၂၉ နှစ် လောက်ရှိပြီ ။ ယခုအခါ ရင်ခွဲရုံအသစ် ဆောက်ပြီးလို့ ဖျက်သိမ်းပြောင်းရွှေ့ဖို့ ဖြစ်တယ် ။
ဘုန်းကြီးဘဝမှာ နာရေးကိစ္စတွေကို အကူအညီပေးနိုင်ခွင့်ရတာ အင်မတန်မှ ကျေနပ်စရာ ကောင်းပါတယ် ။ ဘယ်သူမဆို နာမှုကိစ္စနဲ့ ကြုံတွေ့ရရင် သောကမီး လောင်မြိုက်တာချည်းပဲ ။ သောက ရောက်နေတဲ့ သူကို ကိုယ် ကူညီလိုက်လို့ သူတို့မှာ အတန်အသင့် သက်သာရာ ရကြရင် ကောင်းတယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁
No comments:
Post a Comment