Friday, May 1, 2026

အကင်းကြွေ

❝ အကင်းကြွေ ❞
( မောင်အင်း - ဥက္ကံ )

အိမ်တိုင်း အိမ်တိုင်း၏ ဧည့်ခန်းတွင် မိသားစု ဓာတ်ပုံ တစ်ပုံစီတော့ အနည်းဆုံး ရှိနိုင်သည် ။ ဘွဲ့ယူသောပုံ ဖြစ်မည် ၊ ဘုရားဖူးထွက်ကြသော ပုံလည်း ဖြစ်မည် ။ ပွဲလမ်းသဘင် အခမ်းအနား၌ ရိုက်သော ပုံလည်း ဖြစ်နိုင်သည် ။ အချို့သည် ပုံလေး ကောင်းသည်နှင့် ပုံကြီးချဲ့ ၊ မှန်ပေါင်သွင်းပြီး ဧည့်ခန်းတွင် နေရာပေးထားတတ်သည် ။ သို့သော် ကျွန်တော့် အဘွားလို စိတ်ကူးမျိုးဖြင့် ချိတ်ဆွဲသော “ ဓာတ်ပုံ ” မျိုးတော့ ရှားမည် ထင်သည် ။ အကြောင်းမှာ အဘွား၏ အိမ်ဧည့်ခန်းမှ ဓာတ်ပုံသည် ထူးထူးခြားခြား ဖြစ်နေသောကြောင့်ပင် ဖြစ်သည် ။ အဘွားသည် အလျား တစ်ပေခွဲ ၊ အနံ တစ်ပေမျှ ရှိသော ထိုဓာတ်ပုံကို မှန်ပေါင် သွင်း၍ ဧည့်ခန်းတွင် ချိတ်ထားသည် ။ ပြီးတော့ ဓာတ်ပုံ၏ အောက်ခြေတွင်လည်း ပွိုင့်ကြီးကြီးဖြင့် စာတန်းတစ်ခု ရေးထားသည် ။

စာမှာ “ အမေနှင့် ချွေးမများ ” ဟူ၍ ဖြစ်ပြီး ဓာတ်ပုံတွင်လည်း သူနှင့် အတူ သူ့ချွေးမ “ လေး ” ယောက်တို့သာ ပါဝင်သည် ။ အမှန်တော့ အဘွား၌ သားသမီး ခုနစ်ယောက်ရှိသည် ။ သားလေးယောက်နှင့် သမီးမှာ သုံးယောက် ဖြစ်သည် ။

ကျွန်တော့်အမေ ကမူ အဘွား၏ အကြီးဆုံးသမီး ဖြစ်သည် ။

အမေ့ ပြောပြချက် အရ အဘွားသည် သားများကို အချစ်ပိုသည် ။ သမီးများနှင့်မူ သိပ် အစေးမကပ်ပေ ။

အထူးသဖြင့် ကျွန်တော့် အမေ အထက်တန်းကျောင်းသူ ဘဝဖြင့် အိမ်ထောင်ပြု သွားသော အချက်သည် သမီးများ အပေါ်၌ အဘွား မျက်မုန်းကျိုးစေသော အချက်ဟု သိရသည် ။

“ အလကားဟာတွေ ၊ အတန်းလေး မြင့်ရင် စာစီစာကုံး အရေး မသင်ဘူး ရည်းစားစာပဲ ရေးချင်နေတာ ”

အဘွား၏ ဘဝတွင် အကြီးဆုံးသမီး ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြု သွားခြင်းသည် ကျန်သမီး နှစ်ယောက်အပေါ် ဖိအားများ တိုးပွားစေသည် ။ အမေ့ ပြောကြားချက်အရ ဆိုလျှင် အိမ်ထောင်ကျစ ကတည်းက အမေ့ ကိုလည်း ယောက္ခမ အိမ်၌ ထားရစ်ခဲ့သည် ။ အမေသည် ထိုစဉ် ကာလက မင်္ဂလာဦး ပစ္စည်း အဖြစ် အဘွား ပေးသော ဆွဲကြိုးနှင့် လက်စွပ်ကို ရောင်းသည် ။ အရင်းအနှီး ပြုပြီး လမ်းဘေး၌ ဈေးရောင်းခဲ့သည် ။ တက္က သိုလ်နောက်ဆုံးနှစ် ဖြစ်သော အဖေ့ကိုလည်း ဈေးရောင်း၍ ကျောင်းထားခဲ့သည် ။ အဘွားသည် ဘွဲ့ရ၍ အဖေ အလုပ်ဝင်သည် အထိ အမေ့ကို အဆက်အသွယ် ဖြတ်ခဲ့သည် ။ သို့သော် မြေးဦး ဖြစ်သော ကျွန်တော့်ကို မွေးဖွားစဉ်၌မူ အမေ့ထံ ရောက်လာသည် ။ တစ်ဖန် ကျွန်တော် နို့ပြတ်သည်နှင့် အဘွားကပင် လာရောက် ခေါ်ယူ၍ ကျွန်တော့်ကို မွေးမြူခဲ့သည် ။

“ မင်းအမေလို မမိုက်နဲ့ ၊ ပညာစုံ အရွယ်ရောက်ရင် ကြိုက်တဲ့ သူကိုယူ အဘွား မတားဘူး ”

ထိုစကားသည် ကျွန်တော့်ကို ဆိုဆုံးမတိုင်း အဘွား၏ လက်သုံးစကား ဖြစ်သည် ။ ကျွန်တော်သည် အနေကြာသည်နှင့်အမျှ သားများ အပေါ်၌ အချစ်ပိုသော အဘွား စိတ်နေစိတ်ထားကိုလည်း သိလာခဲ့ရသည် ။

ကျွန်တော် မှတ်မိသမျှတွင် အဘွား၏သား ၊ ကျွန်တော့် ဦးလေးများသည် အသောက်အစား အနည်းငယ်စီ ရှိကြသည် ။ ရံဖန်ရံခါ အရက်နံ့ကလေး တသင်းသင်းနှင့် အိမ်ပြန်လာသည်မျိုးလည်းရှိသည် ။ ထိုအခါများတွင် ကျွန်တော့် အဒေါ် များက မကျေနပ်ပါ ။ အဘွားသည် သူတို့ ထဘီဝတ်စဉ် အချိန်ကြာသည်အား သည်းမခံဘဲ ဆူပူလေ့ ရှိပါလျက် ဦးလေးတို့ အပေါ်၌ အပြစ် မမြင်တတ်ခြင်းကို အခံခက်ကြသည် ။ ထို့ကြောင့် ဦးလေးတို့ သောက်စားလာလျှင် တိုင်တတ်သည် ။ ဆူပူစေရန် အစ ထောင်ပေးတတ်သည် ။

“ အမေက အမေ့သားတွေ သောက်စားလာတာကြ မဆူဘူး ”

“ ဟုတ်လို့လားအေ ၊ ကျုပ်က မသောက်စားဖို့ ဆုံးမထားပါတယ် ”

“ အမေ စစ်ကြည့်ပါဦး ” 

အဘွားသည် အဒေါ်တို့၏ တိုင်ကြားချက်ကို စဦးတွင် လက်မခံပါ ။ အကြိမ်ကြိမ် ဖြစ်လာသော အခါမှသာ သူ့သားများကို ခေါ်ယူ စစ်ဆေးတတ်သည် ။ ခေါ်ယူပြီး နောက်တွင်လည်း သောက်စားထားကြောင်း သိပါလျက် သားများ ဘက်မှ ကာတတ်သည် ။

“ ညည်းတို့ကလည်း အေ ၊ ငါ့သားတွေ အရက် မသောက်ပါဘူး ”

“ ဟွန်း ၊ တစ်အိမ်လုံး နံဟောင်နေတာများ ”

“ နံတာက ဘီယာနံ့ပါ အေ ၊ ကျုပ်ကို ပုလင်းခွံပါ ပြသေးတာ ။ ကျုပ် ကြည့်ပြီးပြီ ၊ ဘီယာပုလင်းတွေပါ ”

အဘွားသည် သားများနှင့် ပတ်သက်လျှင် အကဲပို၍ စောစီးစွာ အိမ်ထောင်ကျ သည့် အမေကြောင့် ကျန်သမီး နှစ်ယောက် ကိုပါ မျက်နှာသာ မပေးခဲ့ပါ ။ ကျွန်တော့် အဒေါ် နှစ်ယောက်သည် ဆယ်တန်း အောင်ဖို့အရေး အဘွားကြောင့် ပြင်ပကျူရှင် မတက်ခဲ့ရသလို ဆယ်တန်းအောင်ပြီး နောက်တွင်လည်း အဝေးသင်နှင့် ဘွဲ့ယူခဲ့ကြရသည် ။ အမေ၏ ငယ်နုစဉ် အမှားသည် အဒေါ် တို့ အထိ စက်ကွင်း မလွတ်အောင် ရှိခဲ့သည် ။ ကျွန်တော့် ဦးလေးများ ဆရာဝန် ဖြစ်သူ ဖြစ် ၊ သင်္ဘောအင်ဂျင်နီယာ ဖြစ်သူ ဖြစ်နှင့် အောင်မြင်သော ဘဝကိုယ်စီ ပိုင်ဆိုင်ထားချိန်တွင် ကျွန်တော့် အဒေါ်များက ဘွဲ့ရ အထည်ချုပ်များသာ ဖြစ်လာခဲ့သည် ။

“ အိမ်ထောင်ရေးတော့ ညည်းတို့ကို တစ်သက် အလုပ်အကျွေး ပြုမယ့်သူကို ညည်းတို့ ကိုယ်တိုင် ရှာကြ ။ ကျုပ်သားတွေ အတွက်တော့ ကျုပ် ကိုယ်တိုင် ရှာမယ် ”

သားသမီးတို့၏ အိမ်ထောင်ရေးနှင့် ပတ်သက်လျှင် ထိုအဆိုကို လက်ကိုင်ထားသော အဘွားသည် လက်တွေ့တွင်လည်း သားများအတွက် ချွေးမလောင်းကို ကိုယ်တိုင် စိစစ်ရှာဖွေခဲ့သည် ။ အထက်တွင် ဖော်ပြခဲ့သော အမေနှင့် ချွေးမများ ဓာတ်ပုံသည် ကျွန်တော့်ဦးလေး အငယ်ဆုံး၏ မင်္ဂလာပွဲ၌ မှတ်တမ်းတင်ခဲ့သော ပုံ ဖြစ်သည် ။

ကျွန်တော် မှတ်မိသမျှတွင် အဘွားသည် အငယ်ဆုံး သား၏ မင်္ဂလာပွဲ၌ လက်ကုန် နွှဲခဲ့သည် ။ သတို့သား သတို့သမီး ဝတ်စုံ ၊ အိပ်ရာ ခမ်းနား ၊ ဖိတ်စာမှ အစ ကောင်းပေ့ညွန့်ပေ့ ပစ္စည်းများကိုသာ ရွေးချယ်ခဲ့သည် ။ ထိုသို့ ရွေးချယ်ဝယ်ယူရာ၌ မူ အဘွား ၊ ချွေးမလောင်းနှင့် ကျန်ချွေးမ စသူတို့ကသာ တိုင်ပင်နှီးနှောကြပြီး အမေနှင့် ကျွန်တော့် အဒေါ်နှစ်ယောက်တို့ ပါဝင်ခွင့် မရပေ ။ မှတ်မှတ်ထင်ထင် အရှိဆုံးမှာ “ အမေက အပြင်ထရံ အတွင်း ကာတာ ” ဟု ကျွန်တော့် အဒေါ်များက ပြောဆိုသံကို အဘွား မကျေနပ်သော အဖြစ်သာ ဖြစ်သည် ။ ထို့ကြောင့်လည်း ဦးလေးငယ်၏ မင်္ဂလာပွဲ ပြီးလုလုအချိန်တွင် ချွေးမ လေးယောက်နှင့် တွဲ၍ အဘွားက ဓာတ်ပုံရိုက်သည် ။ ထိုပုံကို ပုံကြီးချဲ့စေ၍ အောက်တွင် စာတန်းထိုးပြီး သူ့အိမ်ဧည့်ခန်း၌ ချိတ်ဆွဲလိုက်တော့သည် ။ “ အမေနှင့် ချွေးမများ ” ဟူ၏ ။

ကျွန်တော့် အဘွားသည် စိတ်မာသလို ကျန်းမာရေး၌ လည်း ဒေါင်ဒေါင်မြည်သူဟု ဆိုရပေမည် ။ အသက် ခုနစ် ဆယ် ကျော်လာသည် အထိ ကြီးကြီးမားမား ဖျားနာခြင်း မရှိသလို မျက်စိနှင့် သွားများလည်း ကောင်းနေသေးသည် ။ ထို့ကြောင့် အသီးသီး အသက အိမ်ထောင်ကျပြီး ဖြစ်သော သားများ၏ အိမ်သို့ မကြာခဏ အလည်သွားလေ့ ရှိသည် ။ ဤနေရာ၌ “ သားများ၏အိမ် ” ဟု ဆိုရခြင်းမှာ မည်သည့် သမီး ရှိရာ အိမ်သို့မှ အဘွား မသွားရောက်သောကြောင့် ဖြစ်သည် ။ အဘွားသည် သားများ ထံသို့ သွားလျှင်လည်း ခြေလွတ်လက်လွတ် မသွားတတ်ပါ ။ အနည်းဆုံး ဆန်တစ်အိတ်တော့ ပါလေ့ရှိသည် ။ ပြီးလျှင် သားတို့၏ စီးပွားရေး ၊ ကျန်းမာရေးများကို စေ့ငအောင် မေးပြီး အိမ်ပြန်သည် ။

အသက် ခုနစ်ဆယ် ကျော်သည် အထိ ဒေါင်ဒေါင် မြည်အောင် ကျန်းမာခဲ့သော အဘွား ရှစ်ဆယ်ဝန်းကျင် အရောက်တွင် ဝေဒနာတစ်ခုနှင့် စတင် ကြုံသည် ။ ယင်း ဝေဒနာမှာ “ အယ်လ်ဇိုင်းမား ” ဟု ပညာရှင်များ အမည်တပ်သော “ မေ့လျော့ခြင်း ” ရောဂါ ဖြစ်သည် ။ ထိုရောဂါ စတင် ခံစားရစဉ်က အဘွားသည် မနက်စာ စားပြီးပြီလား ၊ ညစာ စားပြီးပြီလားကို ရောထွေးနေတတ်သလို ဘာဟင်းနှင့် စားခဲ့သည် ကိုလည်း မမှတ်မိအောင် ရှိနေတတ်သည် ။ အဘွားသည် ဘုရားရှိခိုးခြင်း အမှုကို အကြိမ်ကြိမ် ပြုတတ်လာသလို အဘိုးကိုလည်း တစ်ခါတစ်ရံ “ သား ” ဟု ခေါ်ဝေါ် သုံးနှုန်းတတ်လာသည် ။

“ သား ၊ ညဘက် အမေ့ နား အိပ်တာတော့ အိပ်ပါ ။ ဒါပေမဲ့ အအိပ်မကြမ်းပါနဲ့ အမေက ခြေတင် လက်တင် လုပ်လာရင် မအိပ်တတ်ဘူး ”

ထမင်းဝိုင်းတွင် လူစုံခိုက် အဘွား ထိုသို့ ပြောလျှင် အဘိုး ရယ်နေတတ်သလို ကျွန်တော်တို့ပါ ရယ်မိခဲ့လျှင် အဘွား မျက်စောင်းက လူ မရွေး ထိုးတတ်သည် ။ အမေ ကမူ သူ ရောက်လာခိုက် အဘွားနှင့် ဝေဒနာ ဖြစ်ရပ်အား တွဲ၍ မြင်လျှင် မျက်ဝန်းတွင် မျက်ရည်များ ဝဲလာတတ်သည် ။ အမေသည် အဘွားနှင့် ယှဉ်လျှင် ကျန်းမာရေး ညံ့သည်ဆိုရမည် ။ အသက် ငါးဆယ်ကျော် နောက်ပိုင်းတွင် သွေးတိုးနှင့် ဆီးချိုရောဂါ ဝင်လာသည် ။ တော်သည်မှာ ကျွန်တော်တို့ မောင်နှမ သုံးဦးစလုံး အိမ်ထောင်လည်း မကျ ၊ အလုပ်လည်း ကိုယ်စီ ရှိသဖြင့် ကျွန်တော်တို့ အရွယ်ရောက်ပြီး နောက်ပိုင်းတွင် အမေ မပင်ပန်းတော့ခြင်းဖြစ်သည် ။

ဘဝပေး အတွေ့အကြုံ အများကြီး ရှိခဲ့သော အမေသည် ကျွန်တော်တို့ မောင်နှမကို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင် မပြုဖို့ ၊ ပြုလျှင် ပင်ပန်းနိုင်ကြောင်း စနစ်တကျ သွန်သင်နိုင်ခဲ့သည် ။ ကျွန်တော်တို့ ဘဝလမ်းကို ဖြောင့်အောင် လမ်းပြနိုင်ခဲ့သည် ။

“ အမေ အိမ်ထောင်ပြုတော့ သားတို့ အဘွား ငိုတာ တက်မတတ် ချက်မတတ်ပဲ ။ အမေ့ကို ကြည့်ပြီး ရိုက်တာများ မြင်ရတာ ကြက်သီးထ , စရာ ။ အဲဒီနောက်ပိုင်း အမေ့ကို သူ စေ့စေ့ မကြည့်တော့ဘူး ။ ချစ်လွန်းအားကြီးတာ လည်းပါ ၊ သူ အတန်တန် ဆုံးမပါလျက် နားမထောင်တာကိုလည်း စိတ်နာသွားတယ် ထင်ပါရဲ့သားရယ် ”

ထိုသို့ သဘောထား တင်းမာမြဲ ဖြစ်သော အဘွား အကြောင်းကို ပြောလျှင် အမေ မျက်ရည် အမြဲ ဝဲသည် ။ ကျွန်တော့် အနေနှင့်မူ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ကျေအေး မပေးနိုင်သော အဘွား စိတ်ထားကို အံ့ဩ နေမိသည် ။ တစ်ခု သာသော အချက်မှာ အဘွားနှင့် အနေနီးပြီး ထီးထီးမားမား ရှိလှသော မြေးယောက်ျားလေး ကျွန်တော့်မှာ အဘွား၏ နေရာပေးခြင်းကို ခံခဲ့ရသည် ။ အဘွား ဘယ်သွားသွား ကျွန်တော် ပါမှ သွားလေ့ရှိသည် ။ နောက်ပိုင်းတွင် မေ့လျော့ခြင်း ဝေဒနာ ခံစားနေရသော်လည်း သူ သတိရသည်နှင့် ဦးစွာ တမ်းတသူမှာ ကျွန်တော်ပင် ဖြစ်နေတတ်သည် ။

အဘွား၏ ရောဂါနှင့် ပတ်သက်၍ ကျွန်တော် သတိထားမိသော အချက်မှာ အအိပ်ကောင်း အစားမပျက် ရှိနေငြား သူ့ပိုင်ဆိုင်မှု အများစုကို အဘွား မေ့နေတတ်သည် ။ အဝတ်အထည်မှ အစ လက်ဝတ်လက်စားများကိုပါ သူ မေ့ထားတတ်သည် ။ အထူးခြားဆုံး မေ့လျော့ခြင်းမှာ ကျွန်တော့် အမေနှင့် ကျန်သမီးနှစ်ယောက်တို့ကို အမည်များ မမှတ်မိတော့ခြင်း ဖြစ်သည် ။ အိမ်၌ မျက်နှာချင်းဆိုင် တွေ့လျှင်ပင် “ ဘယ်တုန်းက လာလဲ ” ၊ “ ခု ဘယ်မှာ နေလဲ ”  စသည်ဖြင့် သူစိမ်း ပမာ မေးမြန်းတတ်သည် ။ အဘိုးကိုမူ “ သား ” ဟူ၍ ခေါ် ပြီး အမြဲလိုလို အဘွား မှတ်မိနေသူမှာ ကျွန်တော်နှင့် သူ့ သား လေးယောက်သာ ဖြစ် နေသည် ။ တစ်ဖန် ရေချိုးပြီးတိုင်း “ နံ့သာဖြူတုံးကလေး ” သွေး၍ လိမ်းရန်လည်း အဘွား မမေ့ပါ ။

“ သားတို့ အဘွားက အမေ့ကို တအား ချစ်ခဲ့တာပါ ။ အကြီးဆုံးသမီးကို မျှော်လင့်ချက်တွေနဲ့ ချစ်လည်းချစ် ၊ အမြဲလိုလို ဆုံးမသွန်သင်မှုလည်း ရှိပါလျက် အမေ မိုက်မိတော့ အမေ အပါအဝင် ကျန်သမီးတွေကိုပါ သူ မယုံတော့ဘူးလေ ။ ချစ်လွန်းတော့ စိတ်နာပြီး မေ့ပစ်ချင်တာကြောင့် ဒီရောဂါ စ , လာတာပဲ ထင်ပါရဲ့သားရယ် ”

ကျွန်တော့် အမေနှင့် အဒေါ်များသည် သူတို့ အပေါ် အဘွား သဘောထား တင်းမာမှန်း သိပါလျက် စိတ်မခုပါ ။ ဖြေတွေး တွေးပြီး အဘွား၏ ကျန်းမာရေးကို ဝိုင်းဝန်းဂရုစိုက်ခဲ့ကြသည် ။ ဆေးဝါးမှ အစ အဘွား စားလိုသမျှကို တစ်ဆင့်ခံဖြင့် မေးမြန်းပြီး ဖြည့်ဆည်းပေးကြသည် ။ ကိုယ်၌မူ ဘယ်သူမှ အဘွားကို မမေးရဲကြပေ ။ “ ညည်းတို့ ကျွေးမှာ စားရဲပေါင် ” ဟု အဘွား နှုတ်လှန်ထိုးမှာ စိုးရိမ်ခဲ့ကြသည် ။

“ အမေ ငယ်ငယ်ကဆို အဘွားက နာမည်တောင် မခေါ်ဘူး ၊ “ လုံမ ” လို့ ခေါ်တာ ။ အစကတော့ သူငယ်ချင်းတွေ ကြားမှာ အဲလို ခေါ်ရင် အမေ ရှက်သေးတာ ။ ခုတော့ “ လုံမ ” လို့ အဘွားခေါ်မယ့် အချိန်ကို အမေ မျှော်နေမိတယ် ”

ကျွန်တော် သိသမျှတွင် ထိုစကားကို ဆိုတိုင်း အမေ မျက်ရည် ဝိုင်းတတ်သည် ။ ပိုဆိုးသည်မှာ အဘွား၏ ဝေဒနာသည် တစ်နေ့တခြား တိုးလာပြီ ဖြစ်၍ “ လုံမရေ ” ဟု ခေါ်သံအား အမေ ကြားခွင့် ဝေးလာသည့် အချက်ဖြစ်သည် ။ အဘွားသည် သူ့၌ သမီးများ ရှိသည်ကို မေ့လာသည် ။ အဘိုး ၊ ကျွန်တော်နှင့် ဦးလေးတို့မှအပ သူ့မှာ ရင်းနှီးသူ မရှိဟု ထင်နေသည် ။ မေ့တတ်ခြင်းရောဂါက တဖြည်းဖြည်း တိုး၍သာ လာတော့သည် ။

မေ့တတ်ခြင်းမှ လွဲ၍ အဘွား သန်မာဖျတ်လတ် နေချိန်တွင် ကျွန်တော့် အမေသည် ဆီးချို ၊ သွေးတိုး သာမက နှလုံးရောဂါ အထိ ဝင်လာသည် ။ နောက်ပိုင်းတွင် ဦးနှောက်သို့ သွားသော သွေးကြော ပိတ်သဖြင့် အမေ့ကို ဆေးရုံ တင်ရသည် ။ အမေသည် ဆေးရုံကြီးသို့ မည်သို့မည်ပုံ ရောက်လာသည်ပင် ကိုယ်တိုင် မသိရှာခဲ့ပါ ။

ဦးနှောက် သွေးကြောပိတ်ပြီး သတိလစ်နေသော အမေ့ကို အစာပိုက် ထည့်ရသည် ။ ဆီးပိုက် ထည့်ရသည် ။ အမေ့ အခြေအနေသည် ပြန်လည် ကောင်းမွန်ရန် မနီးစပ်သော အခြေအနေဟု ဆရာဝန်များ ပြောသော်လည်း ကျွန်တော် လက်မလျှော့ချင်ပါ ။ ထို့ကြောင့် အထူးကု ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ပြီး ဆရာဝန် ဆရာမများနှင့် အနီးကပ် ပြုစုစောင့်ရှောက်မှုကို ခံယူစေခဲ့သည် ။ သို့သော် အခြေအနေမှာ တိုးတက် မလာပါ ။

အမေသည် ဆေးရုံ ခုတင် ထက်၌ သူ့ပုတီးကလေးကို အမြဲစမ်းသည် ။ အရာရာကို မေ့လျော့နေငြား စိပ်နေကျ ပုတီးကို သူ မမေ့ပေ ။ ယောင်ယမ်း၍ စိပ်နေ တတ်သည် ။ အမေ့ကို မြင်ရ သည်မှာ အိပ်ပျော်နေသော ကလေးငယ်ပမာ ရှိလှသည် ။ ဝမ်းလည်း မသိ ၊ ဆီးလည်း မသိ ၊ ဆာလောင်ခြင်းကိုလည်း မသိတော့ပေ ။ အသက်ရှူ ကျပ်လာလျှင်မူ ဦးခေါင်းပိုင်း လှုပ်ယမ်းတတ်သည် ။ ထိုအခါ သူနာပြု ခေါ်ယူ၍ ချွဲစုပ်စက်ဖြင့် ချွဲစုပ်ထုတ်ပေးလိုက်လျှင် အမေ ငြိမ်သက်သွားပြန်သည် ။ အမေ့ ခန္ဓာကိုယ်ပေါ်တွင်မူ နှလုံးခုန်နှုန်း တိုင်းသော ပိုက်များ ၊ ဆေးသွင်းပိုက်နှင့် အောက်ဆီဂျင် ပိုက်များ ရှုပ်ထွေးနေသည် ။

“ မရတော့ပါဘူး ။ ဒါပေမဲ့ ဆေးရုံမှာက သက်သောင့်သက်သာ ရှိတာပေါ့ ”

ကျွန်တော့် ဦးလေး ဆရာဝန်သည် အမေ့ကို အကဲဖြတ်ရင်း ဆေးရုံမှာပဲ ဆက်၍ ထားစေချင်သည် ။ အမေ့ နောက်ဆုံး ထွက်သက်ကို သက်သောင့်သက်သာ ရှိစေချင်သော ကျွန်တော်ကလည်း ဦးလေး နှင်နှင်ပင် ဖြစ်သည် ။ သို့သော် အမေ၏ နောက်ဆုံး အနေအထားကို အဘွားကိုတော့ မြင်စေချင်သည် ။ သို့အတွက် ဆေးရုံသို့ အဘွား လိုက်ပါလာစေရန် ကျွန်တော် ကြိုးစားရတော့သည် ။

“ အဘွားရေ ၊ ဆေးရုံ သွားရအောင် ”

“ အလိုတော် ၊ ကျုပ်မှ ဘာမှမဖြစ်တာ ”

ကျွန်တော်နှင့် ဆိုလျှင် ခရီးသွားလေ့ရှိသော အဘွား သည် “ ဆေးရုံ ” ဟူသော စကားကြောင့် တွေတွေကြီး ကျွန်တော့်ကို ကြည့်သည် ။

“ အဘွား သူငယ်ချင်းတဲ့ ၊ သူက နာတာရှည် ဖြစ်နေတာ ။ ဒါပေမဲ့ အဘွားကို အရမ်း တွေ့ချင်ရှာတာ ။ ခေါ် လာပေးပါတဲ့ ”

လှည့်ပတ် ခေါ်ယူသော ကျွန်တော့် စကားအဆုံးတွင် အဘွား ရေချိုးသည် ။ ပြီးတော့ သူ လိမ်းနေကျအတိုင်း နံ့သာဖြူတွေ သွေး၍ လိမ်းသည် ။ ကျွန်တော့် အဖို့မူ အမေ၏ နောက်ဆုံး အခြေအနေအား အဘွားကို ပြခွင့်ရမည် ဖြစ်၍ ကျေနပ်နေမိသည် ။

ဆေးရုံ၏ သီးသန့်ခန်း အတွင်း ကျွန်တော်တို့ မြေး ဘွား ရောက်ရှိခိုက်တွင် မိသားစုဝင်များ အမေ့အနီး ဝိုင်းအုံနေသည်ကို မြင်ရ သည် ။ မျက်နှာ အမူအရာများကမူ အမေ့ အခြေအနေ ဆိုးရွားလာကြောင်း ဖော်ပြနေသည် ။ အဘွားကမူ ဝိုင်းအုံ နေသော လူအုပ်များ ကြားသို့ အတင်း တိုးဝင်သည် ။

“ ဒါလား သူငယ်ချင်း ၊ ငါလည်း မသိပါလား ။ ဘယ်သူပါလိမ့် ”

အဘွားသည် အမေ့ကို သူစိမ်း တစ်ယောက် ပမာ ကြည့်နေခိုက်တွင် လေအေးစက် တပ်ဆင်ထားသော သီးသန့်ခန်း အတွင်း၌ နံ့သာဖြူနံ့က လှိုက်ခနဲ သင်းပျံ့စွာ ပေါ် ထွက်လာသည် ။ အဘွား ကိုယ်မှ ထွက်ပေါ်လာသော နံ့သာဖြူ ရနံ့ကို ကျွန်တော်တို့ အားလုံး သတိပြုမိသလို အမေလည်း သိလိုက်သည် ထင်သည် ။ အမေ့ မျက်ခွံ အစုံက လှုပ်ခတ်သွားသည် ။

အမေ့ကို စူးစိုက် ကြည့်နေသော ကျွန်တော်သည် မျက်ခွံများ ပွင့်လာစေရန် ကြိုးစားနေသော အမေ့ အဖြစ်ကို သတိထားမိသလို နှုတ်ခမ်းလွှာအား ဖွင့်ဟ၍ တစ်ခုခုကို အမေ တမ်းတလိုက်သည်ကိုလည်း မြင်လိုက်ရသည် ။ အမေ့ တမ်းတသံသည် စကားလုံး အဖြစ် ထွက်မလာသော်လည်း “ အမေ ” ဟု ခေါ်လိုက်ကြောင်း ကျွန်တော် သိပါသည် ။ ထို့နောက် အမေ ငြိမ်သက်သွားတော့သည် ။

ငြိမ်သက်သွားသော အမေ့ကို ကြည့်ရင်း ကျွန်တော့် မျက်ဝန်း၌ မျက်ရည်များ ဝေ့ဝဲလာခိုက်တွင် အနီးရှိ အဘွားသည် ကျွန်တော့် လက်ဖဝါးကို လာ၍ ဆုပ်ကိုင်သည် ။ အဘွား၏ လက်ဖဝါးသည် အေးစက်နေသလို တဆတ်ဆတ်လည်း တုန်နေသည်အား ကျွန်တော် သတိ ပြုမိလိုက်သည် ။ ထိုခဏတွင်ပင် သတိ ချို့ယွင်း၍ မှတ်ဉာဏ် နည်းနေသော ဝေဒနာရှင် အဘွားထံမှ စကားသံ တစ်ခု ပီပီသသကြီး ပေါ်ထွက်လာသည် ။ “ လုံမရေ ” တဲ့ ။

⎕ မောင်အင်း ၊ ဥက္ကံ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဖေဖော်ဝါရီ ၊ ၂၀၁၉

No comments:

Post a Comment