Saturday, May 2, 2026

ချစ်ခြင်းဆေးရောင်စုံ

❝ ချစ်ခြင်းဆေးရောင်စုံ ❞
    ▢ အဖြူရောင် ( ရွှေ )

သူနဲ့ ပတ်သက်လာလျှင် ကျွန်မသည် ကျွန်မ မဟုတ်တော့ ။ ကျွန်မ ချစ်သော သူ့အတွက် စတေးခံ ခြေနင်း မြေပြင်တလင်း တစ်ခုသာ ဖြစ်လေသည် ။ ဘဝ ၊ ဆန္ဒ ၊ အတ္တ ၊ မာန ဘာတစ်ခုမှ သူ့အပေါ် ရိပ်ငွေ့ မသန်းစေလို ။ ကျွန်မသည် ကျွန်မ မဟုတ် ၊ ဗလာသက်သက် ရေလိုပေါ့လေ ။ သူက လေးထောင့်ခွက်နဲ့ ရယူလိုလျှင် ကျွန်မကလည်း လေးထောင့်ခွက် ထဲမှ ရေ ၊ ဒါမှမဟုတ် ခွက်ဝိုင်းထဲမှ ၊ ဘူးရှည်ထဲမှ ၊ ပန်းကန်ပြားတစ်ချပ်ဆီမှ ၊ ပုလင်းလွတ်တစ်လုံးထဲမှ ... ။
                         ( အချစ် )

ချစ်ခြင်းဖြင့် ပြည့်လျှမ်းသော ဘဝတစ်ခုကို ကျွန်မ ပိုင်ဆိုင်သည် ။ ကျွန်မ ဘုရားသခင်ကို ချစ်သည် ၊ အရောင်တွေကို ချစ်သည် ၊ သံစဉ်တွေကို ချစ်သည် ၊ စကားတန်ဆာအလင်္ကာတို့ကို ချစ်သည် ။ သူတို့ကို ချစ်ရခြင်းများနှင့် ကျွန်မဘဝ ဖြစ်တည်ရခြင်း အပေါ် တကယ်ပဲ ကျေနပ်နှစ်သိမ့်နိုင်ခဲ့သည် ။ ကျေနပ်နှစ်သိမ့်ခဲ့ဖူးသည်ပေါ့လေ ... ။

သမားရိုးကျ ဖြတ်သန်းခဲ့ရသော ၂၂ ဝန်းကျင်၌ ရောင့်ရဲခြင်း ကိုလည်း ချစ် ၊ ပိုင်ဆိုင်ခြင်းကိုလည်း ချစ် ၊ အရာရာချောမွေ့ လှပသော ဘဝ တစ်ခုပါပဲ ။ အလိုက်သင့် အလျားသင့် ကုန်ဆုံးရသော ထုံးတမ်းစဉ်လာ ဓလေ့များ ပြီးလျှင် ကျန်ရှိသော အားလပ်ချိန်များမှာ အရောင်တွေနှင့် ကစားရခြင်း ၊ ဂီတ သင်္ကေတများနှင့် အသံနိမ့်မြင့် ပြောင်းလဲမှုများ အပေါ် ဆန်းစစ်လေ့လာခြင်း ၊ အက္ခရာသဒ္ဒါ စကားလုံး စာလုံးများနှင့် ကျေနပ်နှစ်သိမ့်ရခြင်းတို့သာ ကျွန်မရဲ့ အဖော် ။

ကျွန်မဘဝရဲ့ ဧကရာဇ် ဟာလည်း ကျွန်မ ၊ ကျေးကျွန် ဟာလည်း ကျွန်မကိုယ်တိုင် ။

မှိုင်းမှုန်သော ဆောင်းနံနက် ပန်းချီကား တစ်ခု အတွက် စုတ်တံများ၏ အဖိ ၊ အဖော့မှာ နစ်မြုပ်ရင်း သီချင်း တစ်ပိုင်းတစ်စ ညည်းညူမည် ။ ထိုမှတစ်ဆင့် လက်ချောင်းဖျား ဆီမှ သံစဉ်တစ်ခုကို ရှာဖွေလိုသော ယားယံ ကျီစယ်မှုတို့နှင့်အတူ စုတ်တံအား ဂီတာကြိုးလို ဆုပ်ကိုင်ချင် ဆုပ်ကိုင်မိပေလိမ့်မည် ။

ထိုဂီတ၏ စီးမျောမှု မှသည် ဘုရားသခင်၏ ဂုဏ်တော်ကို ကျူးရင့်နိုင်သေးသည် ။ နောက်တော့ မြက်ခင်းပြင်ပေါ် ခြေပစ်လက်ပစ် လှဲနေရင်း ကြည်အေး၏ ‘ လွှင့်ပစ်လိုက်စမ်း ’ ကို အော်နိုင်သေးသည် ။

အဲသလို ကျွန်မချစ်သော အရာများစွာကို ကျွန်မ စိတ်တိုင်းကျ ကိုယ်ပိုင် လွတ်လပ်ခွင့်များဖြင့် ခံစားနိုင်သည် ။

ကျွန်မဟာ အနှောင်အဖွဲ့ ကင်းသူ ၊ အချုပ်နှောင် ကင်းသူ ၊ တိမ်ငွေ့တို့ လွင့်ပါးမှုကို ကြည့်ရင်း လွတ်လပ်ပေါ့ပါးစွာ ဟားတိုက်ရယ်နိုင်သူ ၊ ကဲ ... ကျွန်မ ဘာကို မှုရမတဲ့လဲ ။

စိတ်ဝိညာဉ်တို့ ပေါ့ပါးလွတ်လပ်စွာ ရပ်တည်ခဲ့သော ကျွန်မက ကျွန်မ မဟုတ်နိုင်တော့ခြင်း၏ တရားခံမှာ သူလား ၊ အချစ်လား ကျွန်မ မဝေခွဲနိုင်ပါ ။

တွေ့စ မြင်စက အမှတ်တမဲ့ နိုင်လှသော်လည်း နှလုံးသားထိ ဝင်ရောက်လာပုံက အမှတ်တရ ဖြစ်ခဲ့သည်ပဲ ။

ကျွန်မ သူငယ်ချင်း ဖြစ်သော ၊ သူ့မိန်းကလေး ဖြစ်သော ခင်ထား၏ မိတ်ဆက်ပေးမှုဖြင့် ကျွန်မတို့ သိကျွမ်းခဲ့ရသည့် အချိန်ကတော့ စုတ်တံဖျားက ဆေးအထူအပါးလောက်တောင် စိတ်ဝင်စားမှု မရှိခဲ့ ။

မြို့စွန် မြက်ခင်းများ ဖုံးလွှမ်းသော တောစပ် တစ်လျှောက်မှာ ၊ မြက်ခင်းဘေးမှာ ၊ ကျောက်ဆောင်ကမ်းပါးတို့ ခြေရင်းမှာ ကျွန်မက ပန်းချီဆွဲရင်း ၊ သူတို့က ချစ်သူတို့ သဘာဝ ပျော်ရွှင် ရင်ခုန်ရင်း အချိန်ကာလတို့ကို ဖြတ်ကျော်ခဲ့ကြသည် ။

တိုးတိတ်ညင်သာသော သူ့သီချင်းသံတို့ကို အမှတ်မထင် နားထောင် ဖြစ်ရင်း အမှတ်ထင်ထင် ဖြစ်ခဲ့ချိန်မှာတော့ သီချင်းသံတို့နှင့်အတူ သီချင်းရှင် အပေါ် ငြိတွယ်စိတ်တို့က နက်ရှိုင်းနေခဲ့ပြီ ။

သူ့ရဲ့ ‘ ညီမလေး ’ ခေါ်သံတို့မှာ တိမ်းမူးမျောပါရင်း အတူ နေခွင့်တို့ ရှည်ကြာစေချင်မိလေသည် ။

ရည်မှန်းချက် ပြင်းထန်ပြီး တော်လွန်း ထူးချွန်လွန်းသော ခင်ထား နဲ့ သီချင်းတို့ကို ဘဝအဖော် မှတ်ထင် ယူဆနေခဲ့သော သူတို့ ကတောက်ကဆတ်ပွဲ အပြီးမှာ သူကလည်း သာမန် အချိန်များမှာထက် ပိုရီဝေသော ၊ ပိုချော့မြှူသော တေးများ သီဆိုတတ်လာသလို ခင်ထား ကလည်း ပိုပြီး ပြတ်သားသော ဆုံးဖြတ်ချက်ကို ချတတ်လာသည် ။

ကျွန်မ ပန်းချီကားတွေ ကလည်း လှေကားထစ်ပုံတွေ ၊ နောက် စုတ်တံ တစ်ချောင်းတည်း သုံးပြီး ဆွဲထားတဲ့ ရွက်ကြွေတော နီနီရဲရဲပုံတွေ ။

တစ်ခါတလေတော့လည်း ကင်းဗတ်ရှေ့ ထိုင်ပြီး သူ တစ်လှည့် ကျွန်မ တစ်လှည့် ဂီတာ တီးပြီး သီချင်းတွေ ဆိုကြ ၊ ခင်ထား က လက်ခုပ်တီးလို့ပေါ့ ။

အဲဒီနောက်ပိုင်း ရက်တွေမှာတော့ ကျွန်မရဲ့ အခန်းကဏ္ဍက မှေးမှိန် လာတာလား ၊ တောက်ပြောင်လာတာလား .. ကျွန်မကိုယ်တိုင် မဝေခွဲနိုင်ခဲ့ ။ သူနဲ့ ခင်ထား အတူ ရှိနေပြီး တစ်စုံတစ်ရာ ကျေလည်သည် ဖြစ်စေ ၊ မကျေလည်သည် ဖြစ်စေ သူက ကျွန်မကို စကားဝိုင်းထဲ ဇွတ်သွင်းခေါ်တတ်လေသည် ။

စုတ်တံကို ကောက်ကိုင်ပြီး ရင်ထဲက Feeling တွေကို ပုံဖော် နစ်မျောနေချိန်မှာ ၊ ဒါမှမဟုတ် ဂီတာတစ်လက်နှင့် သံစဉ် တိုးဖွ ညည်းတွားလိုချိန် တွေမှာ ကျွန်မ အချိန်တွေဟာ ဇွတ်အဓမ္မ တောင်းခံတတ်သော အတ္တကရုဏာရှင် သူ့အတွက် ဖြစ်ခဲ့ရပြီ ။

သူ့ဝေဒနာတွေကို မျှယူလိုစိတ် သူ့အလိုကျ ရပ်တန့်ပေးလိုက်ရတဲ့ ကျွန်မရဲ့ အနုပညာ ခံစားလိုမှုတွေ သူနဲ့ ပတ်သက်လာလျှင် မာန မရှိ ၊ အတ္တ မရှိ ။

ပန်းပွင့်တွေလည်း ကျွန်မဘဝ မဟုတ်တော့ ။ အရောင်တွေ ၊ ကဗျာတွေ ၊ အားလုံးသော ချစ်ခင်မြတ်နိုးရာတွေ သူ့ဆီမှာ သူ့မျက်ဝန်းတို့ အောက်မှာ နစ်မျောကုန်တော့တာ ။

သူ ညည်းတွားသော သူနဲ့ ခင်ထား အကြောင်း သမားရိုးကျ ဇာတ်လမ်း တစ်ခုရဲ့ ဒေါသ ပေါက်ကွဲရာသည်လည်း ကျွန်မပါပဲ ။

ကျွန်မချစ်သော လူငယ်ကလေးဟာ သူ့ကိုယ်သူ ချစ်တဲ့စိတ် ၊ သူ့ ချစ်သူကို ချစ်တဲ့စိတ်တွေနဲ့ ပူလောင်လှချေရဲ့ကွဲ့ ။

ကျွန်မ အတွက်ကတော့ သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း ထူးအိမ်သင် သီချင်း တစ်ပုဒ်ကို အဆိုမပါ တီးနေရရင် ပြည့်စုံကျေနပ်နေတော့တာပါပဲ ။

သူ့ရဲ့ အလိုဆန္ဒတွေကို ကျွန်မရဲ့ အလိုဆန္ဒ ဖြစ်လာအောင် ပေးဆပ်ရခြင်း အပေါ်မှာပဲ ကြည်နူးချမ်းမြေ့နေတော့တယ် ။

သူတို့က ချစ်သူတွေပဲလေ ၊ ပြေလည်နေချိန်မှာ မုဒိတာ ပွားဖို့ ၊ မပြေလည်ကြချိန်မှာ အားပေးဖို့ ဒီလို ဖြူစင်မှုကိုလည်း ဂုဏ်ယူကျေနပ်နိုင်ခဲ့ ။ တကယ်တော့ သူ ပြန်ချစ်ဖို့ ၊ မချစ်ဖို့ ဆိုတာထက် ကိုယ်က ချစ်နေဖို့သာ လိုတာပါပဲ ။ ကျွန်မရဲ့ ချစ်ခြင်းတွေနဲ့ ကျွန်မတို့ သုံးယောက်ရဲ့ ပုံရိပ်တွေကို ရေးဆွဲ ဆေးခြယ်နိုင်သေးတာပဲ ။ ကိုယ်ချစ်တဲ့ လူကို ဘေးမှာ ထားပြီး ကိုယ် ချစ်တဲ့ ပန်းချီဆွဲ ၊ ဂီတာတီး ၊ ကဗျာရေး လောကဟာ ဘယ်လောက်ငြိမ်းချမ်း လိုက်သလဲကွယ် ။

တစ်ခါတစ်ခါတော့လည်း ဒီလို မဟုတ်ဘဲ သူ့အချစ်တွေ ကိုသာ ရခဲ့ရင် သူ့ချစ်ခြင်းတွေ ခံယူပြီး ပန်းချီဆွဲရရင် ကျွန်မ ဘဝရဲ့ master piece တွေ ဖြစ်လာမှာပဲ လို့တောင် စိတ်ကူးယဉ်ဖူးလေသည် ။

တစ်ခါကတော့ ရက်ပေါင်း တော်တော်ကြာကြာ သူ ရော ၊ ခင်ထား ရော ချောင်းဘေး မြက်ခင်းပေါ် ရောက်မလာကြ ။

အဲဒီနေ့တွေမှာ ပန်းချီကား တစ်ချပ် ရေးဆွဲဖြစ်သည် ။ ချောင်းစပ် ကျောက်တုံးကျောက်ခဲတွေ ဘေးမှာ ထဘီရင်ရှားကို ဖြန့်ဝတ်နေသော မိန်းမတစ်ဦးရဲ့ပုံ ၊ အနောက်ဘက် တောင်စောင်းတွေပေါ်မှာ ဝင်လုဆဲ နေမင်းရဲ့ အရောင်တွေက ဝင်းဖြာကျဆင်းလို့ ။ အဲဒီ မိန်းမခန္ဓာကိုယ်က ကောက်ကြောင်း ပီပြင် ထင်ရှားလို့ အဲဒီ မိန်းမရဲ့အရှက်ကို လွှမ်းတဲ့ ဟန်ဆောင်မှု အကာအကွယ် တစ်ခုဟာ အမှန်တရား ဆိုတဲ့ နေရောင်ကို ဖုံးကွယ် မထားနိုင်သလိုပေါ့လေ ။

မပိုင်ဆိုင်လိုပါဘူး ၊ ကိုယ်ချစ်နေဖို့သာ လိုပါတယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ တကယ်တမ်း မတွေ့ရတဲ့အခါ ကျွန်မ စိတ်တို့က တိမ်းတိမ်းပွေပွေ တစ်စုံ တစ်ရာကို နာကြည်းရမလို ။

သူကကော ဘာအတွက်များ ကျွန်မကို ပတ်သက်ခဲ့ရတာလဲ ။ ခင်ထား သာ သူ့ဘဝ ၊ ခင်ထား သာ သူ့ကမ္ဘာလို့ တဖွဖွ ကြွေးကြော်ခဲ့သူက ဘာကြောင့်များ ... ဘာကြောင့်များ ... ။

ကျွန်မ ကရော သူငယ်ချင်းရဲ့ ချစ်သူ တစ်ယောက် အပေါ် ဘာအတွက်များ လက်ခံ ပတ်သက်ခဲ့သလဲ ... ။

ခင်ထား ကို မျက်နှာပူ အားနာစိတ် ၊ သူ့အပေါ် ခွင့်လွှတ်စိတ် ၊ ကိုယ့်ကိုယ်ကိုယ် နာကြည်းစိတ်တွေနဲ့ အဲဒီ ပန်းချီကားကို ဆေးနက်တွေနဲ့ ကြက်ခြေခတ်မိလေသည် ။

သူကတော့ မနေ့ကပဲ ခွဲခွာသွားခဲ့သလို လွတ်လပ်ပေါ့ပါးစွာ ပြန်လာနိုင်ခဲ့သလောက် ကျွန်မက လေးလံတင်းကျပ်စွာ ကြိုဆို ဖြစ်လေသည် ။ နောက်တော့လည်း ထုံးစံအတိုင်း သူကလည်း ရင်ဖွင့် ညည်းညူမြဲ ၊ သူ့ရဲ့ ဒဏ်ရာရ အချိန်တွေမှာ ကျွန်မကလည်း လက်ဖျားဆီက ထုံကျဉ်အေးစက်မှုတို့ကို မေ့လျော့စွာ သူ့စကားတွေမှာ နစ်မျောမြဲ ၊ ပြီးတော့ တိတ်ဆိတ်စွာ ကြေကွဲမြဲ ... ။

မျက်ဝန်းတို့ကို မှေးမှိတ်၍ သူ သီချင်း ဆိုနေလျှင် အသက်ဝင် လှိုက်လှဲလာသော သူ့သီချင်းသံကို နားထောင်ရင်း ကျွန်မ အတွေးတွေ လွင့်မျော မိမြဲ ... ။ သူ့ရဲ့ အချစ်ဟာ ဘာလဲ ၊ သူ့ရဲ့ မြတ်နိုးမှုဟာ သူကိုယ်တိုင်လား ... ၊ ခင်ထားလား .. ၊ သူ့သီချင်းတွေလား ။

သူက ခင်ထားကို ချစ်နေချင်တာလား .. ၊ လွမ်းနေချင်တာလား .. ။ ချစ်ခြင်းတွေနဲ့ အတူတကွ နီးစပ်ဖို့ထက် လွမ်းရင်း ခံစားရင်း တေးသီရင်း သူ့အနုပညာတွေ တောက်ပြောင်နေချင်တာလား ... ။ သူ ပုံဖော်တဲ့ သူ့ရဲ့ အနာဂတ်ဟာ အလွမ်းကို အရင်းပြုပါသလား ။

ဒါဆို သူ့ရဲ့ ပြက္ခဒိန်တွေမှာ ကျွန်မရဲ့ကဏ္ဍက ဘာလဲ ... ဘယ်နေရာလဲ ... ။

အခုတော့လည်း သူ ဘာအတွက် ကျွန်မကို အသုံးချနေသလဲ ဆိုတာ တွေးဖို့ထက် သူ့မျက်နှာကို ကြည့် ၊ လေအဝှေ့မှာ ပါလာတတ်သော သူ့ ကိုယ်ရနံ့တို့ကို တိတ်တခိုး ရှူရှိုက်ရင်း ဂီတာကို ညင်သာတိုးဖွ ကစားရလျှင် ပြီးပြည့်စုံတယ် ထင်နေတော့တာပါပဲ ။ ချစ်မြတ်နိုးစိတ် သက်သက်နဲ့ မျှော်ငေးကြည့်ခွင့် ရနေသမျှ ကျေနပ်နေတော့တာပါပဲလေ ... ။

▢  အဖြူရောင် ( ရွှေ )
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၀၄

No comments:

Post a Comment