Tuesday, May 26, 2026

အဇ္ဈတ္တ


❝ အဇ္ဈတ္တ ❞
( ခန့်ညီဖေ )

‘ ကိုဘသစ် ’ တစ်ယောက် ကားနောက်ကြည့်မှန် ကနေ လှမ်းကြည့်နေရင်း ကားအမိုးပေါ် ပစ္စည်း တင်နေတဲ့ ဖိုးလုံးကို စိတ်မရှည်လက်မရှည်နဲ့ တစ်ချက်လှမ်းဟောက်လိုက်တယ် ။ ကြည့်ဦး လုပ်နေပုံကိုက နှေးတိနှေးကန်နဲ့လေ ။ ဒါကြောင့်လည်း ဒီကောင့်ကို စပယ်ယာ အဖြစ် မခေါ်ချင်ကြတာ ။ အခုလည်း မီးသွေးအိတ်ကလေး ဆယ်လုံးလောက် တင်တာကို ကမ္ဘာဆွေးနေပြီ ။ ကားထဲက ခေါင်းထုတ်ပြီး ‘ ကိုဘသစ် ’ စိတ်တိုတိုနဲ့ ဆဲလိုက်တာတောင် ဒီကောင့်ခွက်က စပ်ဖြဲဖြဲနဲ့ ပြန်နောက်နေသေးရဲ့ ။

“ အာစိကလည်း ဖြည်းဖြည်းပေါ့ဗျာ ၊ မသေမချင်း လုပ်စားရမယ့်ဟာကို ... ဘာလောနေတာတုံး ”

‘ ကိုဘသစ် ’ က ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်ရင်း ပြန်ပြောလိုက်တယ် ။

“ မင်းအမေလင်တွေက နောက်ကနေ ကျော်သွားကြတော့မှာဟ ။ ရှေ့က ပါစင်ဂျာတွေ အကုန် ကောက်တင်သွားမှ ဗိုက်မှောက်နေရမယ့်ကိန်း ။ အထူအပါး ဘာမှကို နားမလည်ဘူး ။ ဒါကြောင့် နင့်ကို ဘယ်သူကမှ မခေါ်ချင်ကြတာ ။ ငါတောင် ဖက်တီး မလာလို့ နင့်သုံးတာ ။ ဟိုကောင်က လူသာ ဝ , တာ သွက်ချက်က နင့် ဆယ်ဆမ မက,ဘူး ။ ကဲ တင်ပြီးရင် တက်တော့ ၊ မြင်လား နောက်မှာ မင်းပထွေး ထီလာသားကား လိုက်လာနေပြီ ”

‘ ကိုဘသစ် ’ က သူ့စပယ်ယာ ဖိုးလုံးကို ပြောအပြီး ကွမ်းတံတွေး တစ်ချက် ဖွီခနဲ ထွေးလိုက်ရင်း နောက်မှန်ကနေ လှမ်းကြည့်လိုက်တော့ ထီလာသားကားက သိပ် မဝေးတော့ဘူး ။ ကလပ်နင်းပြီး ဂီယာထည့် ၊ လီဘာကို ခပ်ပြင်းပြင်း နှစ်ချက်လောက် ပုတ်လိုက်ရင်း မောင်းထွက်ဖို့ အသင့်ပြင်လိုက်တယ် ။ နောက်က ကားက သူ့ကားကို ကျော်သွား မခံနိုင်ဘူးလေ ။ ရှေ့မှာ ရသလောက် တင် ၊ ဈေးချို အမြန် ရောက်အောင် မောင်းနိုင်မှ အဆင်ပြေမှာ ။ အချိန်ကလည်း မနက် ခုနစ်နာရီခွဲလုလု ။ ကျောင်းပို့ချိန်နဲ့ ဆုံလို့ လမ်းကျပ်ရင် မောကြောဆိုက်ကရော ။ ဖိုးလုံးကတော့ ဒါတွေ ထည့်တွက်နေပုံမရဘူး ။ ကားပေါ် ခပ်သွက်သွက် မတက်ဘဲ ခြေတစ်လှမ်း ကုဋေဆယ် သန်း လုပ်နေလေရဲ့ ။ ဒါနဲ့ ‘ ကိုဘသစ် ’ လည်း သူတက်လို့ မပြီးသေးခင် ကားကို ဆောင့်ပြီး မောင်းထွက်လိုက်တယ် ။ ကားမှ ထွက်ခါစရှိသေး ဟိုး ဟိုး ဆိုတဲ့ ဖိုးလုံး အသံကြောင့် ကားကို တုံ့ခနဲ ရပ်ပစ်လိုက်ရတယ် ။

နောက်ကနေ ဆင်းပြေးပြီး ကျွတ်ကျသွားတဲ့ ဖိနပ်ကို ပြေးကောက်ရင်း -

“ ဆွဲ ဆရာရေ ၊ ဖိနပ်က အလတ်ကြီး ရှိသေးတာ ။ အာစိကလည်း အစားပြန်ဝယ်ပေးမှာ မဟုတ်ဘူးလေ ၊ ဒါကြောင့် ပြေးကောက်ရတာ ”

‘ ကိုဘသစ် ’ တစ်ယောက် ခွေ :မသားလို့ စိတ်ထဲက ကျိတ်ဆဲရင်း ကားပြန် အထွက် ထီလာသားကားက ဝေါခနဲ အပြင်းမောင်း ကျော်တက်သွားတယ် ။ စိတ်ထဲ ထောင်းခနဲ ဖြစ်သွားတဲ့ ‘ ကိုဘသစ် ’ ကားကို နံပါတ်နှစ်ဂီယာ မဖြုတ်ဘဲ ပစ်ကပ် ဆွဲနင်းပြီး တောက်တစ်ချက် ပြင်းပြင်းခေါက်ရင်း ခွေ :မသားလို့ နောက်တစ်ကြိမ် ထပ်ဆဲလိုက်တာက ဖိုးလုံး ကို မဟုတ်လောက်ဘူး ။

••••• ••••• •••••

‘ ကိုဘသစ် ’ တို့ အလုပ်ကလည်း မလွယ်ဘူးရယ် ။ ခရီးသည် တစ်ယောက်ရဖို့ အသည်းအသန် လုံးပန်းရ တာ ။ ခုလို မနက်ခင်းမှာ ကုန်းရုန်းရှာထားပါမှ တော် ကာကျတယ် ။ ဈေးချိုလို ခရီးသည် များများရမယ့် နေရာမျိုးကို ခပ်သွက်သွက် ရောက်မှ အလုပ်ဖြစ်တာလေ ။ လမ်းတက် ခရီးသည်က သိပ် အားကိုးလို့ မရဘူး ။ ဒါပေမဲ့ စီးမယ့်လူ ရှိလို့ကတော့ ရသလောက် အမြတ်ပဲပေါ့  ။ မြန်မြန်မောင်း သွက်သွက်တင်မှ ဖြစ်တာ ။ အခုလို ဖိုးလုံး လုပ်ပေါက်နဲ့ဆို သေပြီ ဆရာပဲ ။

‘ ကိုဘသစ် ’ ကားမောင်းရင်း တွေးနေမိတယ် ။ ဒီရက်ပိုင်း ပိုက်ဆံ သဲ့ရှာထားမှ ဖြစ်မှာ ။ ‘ ကိုဘသစ် ’ သားလေး ရှင်ပြုအလှူ အတွက် ပြင်ဆင်နေရချိန် ဆိုတော့ အိမ်က မိန်းမကို ရှာလို့ ရသလောက် အပ်နေရတာ ဖတ်ဖတ်မောလို့လေ ။ ရှေ့က မောင်းနေတဲ့ ထီလာသား ကားကလည်း ‘ ကိုဘသစ် ’ ကားရှေ့ မလှမ်းမကမ်းမှာ ကားနောက်ပိုင်းကို မြင်နေရ တယ် ။ တယ်လီဖုန်းကြော်ငြာ ကပ်ထားတဲ့ ထီလာသားကား နောက်ပိုင်း စတစ်ကာ နီနီရဲရဲ ပေါ်က အဝိုင်းလုံးတွေဟာ ‘ ကိုဘသစ် ’ အတွက် မျက်စိစပါးမွေး စူးစရာကိုဖြစ်လို့ ။ ‘ ကိုဘသစ် ’ တို့ ဂိတ်က ကားတွေ အတော်များများဟာ အဲဒီ ဖုန်းကြော်ငြာစတစ်ကာတွေ ကပ်ထားကြတာ ခပ်များများရယ် ။ မကပ်တဲ့ ကားနည်း နည်းထဲမှာက ‘ ကိုဘသစ် ’ ကားပါတယ် ။ အဲဒီလို စတစ်ကာ ကားမကပ်လို့ ပိုက်ဆံရ ပြီးရော ကောင်တွေထဲ ငါ မပါဘူးကွ ဆိုတာ ဂိတ်မှာ ‘ ကိုဘသစ် ’ ဂုဏ်ယူ ပြောနေကျ စကားပေါ့ ။

တွေးရင်း မောင်းနေတဲ့ ‘ ကိုဘသစ် ’ က ရှေ့ကားကို ကြည့်ရင်း လီဘာခပ်ပြင်း ပြင်း တင်လိုက်တယ် ။ ဒီအချိန် ရှေ့က ထီလာသားကားက လက်ပြ တားနေတဲ့ ခရီးသည် အဘိုးကြီး တစ်ယောက်ကို တင်ဖို့ ဘေးကပ်အရပ် ‘ ကိုဘသစ် ’ က အခွင့်အရေးကို လက်လွတ်မခံဘဲ အရှိန်နဲ့ ပြန်ကျော်ပစ်လိုက်တယ် ။ မျက်နှာချင်းဆိုင်က ဆွမ်းခံ ကြွလာတဲ့ ကိုယ်တော်တစ် ပါးကတောင် ‘ ကိုဘသစ် ’ ကားကို လန့်ပြီး လမ်းဘေး အမြန် ကပ်သွားတာကို ‘ ကိုဘာသစ် ’ မြင်လိုက်ရတယ် ။ ‘ ကိုဘသစ် ’ က စိတ်ထဲကနေပဲ ဘုန်းကြီးကို တောင်းပန် ကန်တော့ရင်း ကားကို အရှိန်နှုန်းတင်မောင်းနေတာပေါ့ ။ ထီလာသား ကားလည်း နောက်ကနေ ဆက်လိုက်လာတာကို နောက်ကြည့်မှန်ကနေ တစ်ဆင့် ‘ ကိုဘသစ် ’ မြင်နေရတော့ အရှိန်ကို မလျှော့တော့ဘူး ။

မြောက်ပြင် စည်သာလမ်း ကနေ မြောက်ဘက် ကျုံးလမ်းပေါ်ကို အရှိန်နဲ့ ‘ ကိုဘသစ် ’ မောင်းကွေ့တက်လိုက်တယ် ။ ထီလာသား ကားကလည်း နောက်က မလှမ်းမကမ်းမှာ ပါလာဆဲပဲ ။ တားတဲ့ ခရီးသည်ကလည်း မရှိ ၊ ဆင်းတဲ့ ခရီးသည်ကလည်း မပါတော့ အနောက်မြောက်ကျုံးထောင့် မီးပွိုင့် ရောက်လာတယ် ။ ‘ ကိုဘသစ် ’ ကလည်း မီးပွိုင့် စိမ်းနေတာ မြင်တော့ မီအောင် အမြန်မောင်းတယ် ။ ‘ ကိုဘသစ် ’ ကားက အရောက် မီးပွိုင့်အစိမ်း မှိတ်တုတ်မှိတ် တုတ်အဖြစ် ၊ ကွက်တိမောင်း ဝင်လိုက်ရင်း ‘ ကိုဘသစ် ’ စိတ်ထဲကလည်း ဟိုကောင် ထီလာသား ကားတော့ မီးနီမိ ကျန်ခဲ့ပြီကွလို့ တွေးပြီး ဝမ်းသာနေတာ ။ ဒါပေမဲ့ နောက်ကြည့်မှန်ကနေ ‘ ကိုဘသစ် ’ လှမ်းကြည့်တော့ ထီလာသားကားက ဘယ်ကနေ ဘယ်လို ကပ်ပါလာမှန်း မသိတော့ဘူး ။ ‘ ကိုဘသစ် ’ ကား နောက် မလှမ်းမကမ်းမှာ ။

••••• ••••• •••••

‘ ကိုဘသစ် ’ က ကားကို အရှိန်မြင့် မောင်းရင်း ခေါင်းတညိတ်ညိတ်နဲ့ နောက်က ထီလာသား အကြောင်း တွေးနေမိတယ် ။ အင်း ... ဒီကောင်ကလည်း ဘယ်ခေလိမ့် ။ အရင်က မိတ္ထီလာ - တောင်ကြီး လိုင်းကား မောင်းလာခဲ့တာမို့ ကားမောင်းက ကျွမ်းတာပေါ့ ။ ဒါပေမဲ့ မန္တလေးသား ငါ့ကိုတော့ ယှဉ်ဖို့ မစဉ်းစားနဲ့လို့ တွေးရင်း ‘ ကိုဘသစ် ’ တစ်ယောက်တည်း အသံတိတ် ကြုံးဝါးနေတယ် ။

ထီလာသား ဆိုတာက ‘ ကိုဘသစ် ’ တို့ ကားဂိတ်ကို မနှစ်လောက်ကမှ ရောက်လာတာ ။ မိသားစုလိုက် မိတ္ထီလာ ကနေ မန္တလေး မြောက်ပြင် အိုးဘိုက ‘ ကိုဘသစ် ’ တို့ ကားဂိတ်နားမှာ ရှိတဲ့ သူ့ဦး လေး ဘိုင်ကြီး နွားခြံကို အစောင့် အဖြစ် နေဖို့ ပြောင်းလာခဲ့ကြသူတွေပေါ့ ။ နောက်တော့ သူတို့ဂိတ်က လူတွေနဲ့ ရင်းနှီးလာတော့ လွတ်နေတဲ့ ကားတစ်စင်း တက်မောင်းရင်း အမြဲတမ်း ဒရိုင်ဘာ ဖြစ်လာတာ ။ ဂိတ်က သူတွေကလည်း သူတို့ မိသားစု ပြောင်းလာခါစက လိုအပ်တာ ကူညီ ဖေးမကြရင်း ထီလာသားနဲ့ ဘော်ဒါဖြစ်ကြတာ များပါတယ် ။ ‘ ကိုဘသစ် ’ ကိုလည်း ထီလာသားက တရင်းတနှီး ဆက်ဆံတတ်ပေမဲ့ ‘ ကိုဘသစ် ’ ကတော့ ခပ်တန်းတန်းပဲ နေတာ ။

အတွေးတွေနဲ့ ‘ ကိုဘသစ် ’ တစ်ယောက် ၈၁ လမ်းမအတိုင်း တောင်ဘက်ကို သွက်သွက် မောင်းလာနေတယ် ။ ရှေ့ဆို မြို့ထဲ ကျောင်းဧရိယာ ရောက်လာရင် ကားက လမ်းကျပ်တော့မှာ တွေးရင်း ‘ ကိုဘသစ် ’ လက်က နာရီကို ကြည့်တော့ ရှစ်နာရီ မတ်တင်းနေပြီ ။ ‘ ကိုဘသစ် ’ ကားကလည်း ၁၉ လမ်းကို ကျော်လာခဲ့တယ် ။ သူ့ကား နောက်က ထီလာသား ကားကလည်း မနီးမဝေးမှာ အချိန်မရွေး ကျော်တက်သွားဖို့ အဆင်သင့် ။

‘ ကိုဘသစ် ’ ကားကို အရှိန်မြှင့် မောင်းရင်း ဟိုးရှေ့ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ဘုရားနီဘုရား အရောက် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရသွားပြီး စိတ်ထဲ စိုးရိမ်သွားတယ် ။ အခါတိုင်း မနက်ခင်း ဒီလိုအချိန် ဝန်းကျင်ဆို ဘုရားနီဘုရား ရှေ့ကနေ ကားတား စီးတတ်ကြတဲ့ မြတောင်တိုက်က ဆွမ်းခံအပြန် ကိုရင်လေးတွေ အုပ်စု ရှိနေတတ်တယ် ။ ကိုရင်လေးတွေက သူတို့ မြတောင်တိုက်နား နီးတဲ့ ၃၅ လမ်းနဲ့ ၈၄ လမ်း မီးပွိုင့်နားထိ လိုက်နေကျ ။ ‘ ကိုဘသစ် ’ ကလည်း ကြုံရင် ကြုံသလို အမြဲ တင်ခေါ် ပါတယ် ။ ကိုယ့် ဘာသာ ၊ သာသနာကို ခရီးသွားဟန်လွှဲ ကုသိုလ်ပြု စောင့်ရှောက်တယ်လို့ ‘ ကိုဘသစ် ’ က ခံယူထားတာ ။ ဒါပေမဲ့ ဒီနေ့တော့ ကိုရင်လေးတွေ အုပ်စုနဲ့ မတွေ့ ပါရစေနဲ့လို့ ‘ ကိုဘသစ် ’ ကျိတ်ဆုတောင်းနေမိတယ် ။ ကိုရင်လေးတွေကို ဘုရားနီ ရှေ့မှာ စောင့်တင် ၊ ဆက်မောင်းလို့ ၂၃ လမ်း ၊ ၂၄ လမ်း ကျောင်းပို့ချိန်နဲ့ ဆုံရင် ကားက ကျပ်ပြီး လမ်းပိတ်မိတော့မှာ ။ ဒါဆို သူ့ ကျော်သွားမယ့် ထီလာသားကားက ဈေးချိုရော ၊ ၂၉ လမ်း အင်းဝထောင့်ရော ၊ လမ်း ၃၀ ထိပ် စစ်ကိုင်းကားဆင်း ခရီးသည်တွေပါ အကုန်တောက်လျှောက် သိမ်းကျုံး မ သွားမှာကို ‘ ကိုဘသစ် ’ စိုးရိမ်သွားမိတယ် ။ ဒါဆို ဒီနေ့ သူ့ ဝင်ငွေ သေချာပေါက် လျော့တော့မှာကို ‘ ကိုဘသစ် ’ တွေးပူမိသွားတာ ။ နောက်ပြီး တခြားလူ မဟုတ်ဘူး ။ သူ့ နောက်မှာ ကပ်ပါလာတာက ထီလာသား ဖြစ်နေလို့ ‘ ကိုဘသစ် ’ စိတ်ကို အတော် ကသိကအောက် ဖြစ်နေစေတာလေ ။

ဘုရားနီ ဘုရားရှေ့ အရောက် ‘ ကိုဘသစ် ’ ဆုတောင်းက မပြည့်ဘူး ။ ဘုရားအပေါက်မှာ ဆွမ်းခံအပြန် မြတောင်တိုက်က ကိုရင်လေးတွေ အုပ်စုလိုက် ထွက်လာပြီး ကားကို တားကြတယ် ။ ချီတုံချတုံ ဖြစ်သွားတဲ့ ‘ ကိုဘသစ် ’ က ကားကို ရပ်ရတော့မလိုလို လုပ်ပြီးမှ နောက်က ထီလာသား မျက်နှာ ဖျတ်ခနဲတစ် ချက် မြင်ပြီး အရှိန်မလျှော့ တော့ဘဲ ဆက်မောင်းထွက် လာလိုက်တော့တယ် ။

••••• ••••• •••••

‘ ကိုဘသစ် ’ တွက်ကိန်း မှန်သွားတယ် ။ ကျောင်းတွေ ရှေ့ အရမ်းကြီးလမ်းတွေ မပိတ်သေးခင် ကပ်လွတ် သွားပြီး ၂၅ လမ်းအတိုင်း အနောက်တည့်တည့်ဆင်း ၊ ဈေးချိုနားမှာ ခရီးသည်တွေ တထောကြီး တင်ပြီး ၂၉ လမ်း အင်းဝ အအေးဆိုင်ထောင့်ကို ၈၄ လမ်းမကြီးအတိုင်း အေးအေးဆေးဆေး ဆက်မောင်း လာခဲ့တယ် ။ ယာဉ်ထိန်းရဲတွေ မရှိသေးခင် ၂၉ လမ်းထောင့်မှာ ခရီးသည် ရသလောက် တင် ။ လမ်း ၃၀ ၊ ၃၂ လမ်း ၊ နောက် ၃၈ လမ်း ၊ ၃၉ လမ်း ရွာဟိုင်းဈေးထိ ရသလောက် ခရီးသည်တင် ၊ မြို့သစ်ထိ လူက တောက်လျှောက် ကဲ့ယူ ရုံပဲတွေးပြီး ‘ ကိုဘသစ် ’ မြူး လာတော့တယ် ။

‘ ကိုဘသစ် ’ ကား ၂၉ လမ်းထောင့်မှာ ခဏရပ်ပြီး ခရီးသည်တင်ကာ ရှိသေးတယ် ။ ယာဉ်ထိန်းရဲရဲ့ ဝီစီသံ တရွှီရွှီ ကြားလိုက်ရလို့ မထွက်ချင် ထွက်ချင်နဲ့ ခွာလာခဲ့ရတာပေါ့  ။ ဒါကြောင့် ‘ ကိုဘသစ် ’ လည်း ရှေ့တစ်မှတ်တိုင် လမ်း ၃၀ ၊ ၈၄ လမ်းထောင့်မှာ စစ်ကိုင်းကား အဆိုက် ခရီးသည် ထပ်တင် နေလိုက်တယ် ။ မော်တော်ပီကယ် လစ်တုန်း ကားခဏရပ် ၊ ကွမ်းစားရင်း ‘ ကိုဘသစ် ’ တို့ ဆရာတပည့် နှစ်ယောက် လေပန်း နေလိုက်ကြတာ အတော်လေးကြာမှ ကားကို ဆက်ထွက်လာခဲ့တယ် ။ ထီလာသားကားကိုတော့ အရိပ်ယောင်လည်း မမြင် ၊ ‘ ကိုဘသစ် ’ လည်း မေ့တောင်နေပေါ့ ။

၃၂ လမ်း မန်းမြို့တော် ပေါက်စီဆိုင်ရှေ့ ခရီးသည် အတင်အချ လုပ်နေတုန်း ‘ ကိုဘသစ် ’ အတွေးထဲမှာ တော့ ရှေ့မှတ်တိုင်တွေမှာ ဆင်းမယ့်တက်မယ့် ခရီးသည်တွေ အကြောင်း ကြိုတွေးပြီး သဘောကျလို့ မဆုံးတော့ဘူး ဖြစ်နေတယ် ။ ပါလာတဲ့ ခရီးသည်တွေက အဆင်း ၊ ၃၈ လမ်း ရွာဟိုင်း ဈေးရှေ့မှာ တိုးဝှေ့တက်ကြမယ့် ခရီးသည်တွေ အစား ပိုက်ဆံတွေပဲ မြင်နေတော့တာ ။ ၃၂ လမ်းက ထွက်ဖို့ ကားထဲက ခေါင်းထုတ် ၊ နောက်လှည့် အကြည့် နောက်ကနေ မောင်းလာတဲ့ ကားကို သေချာ ကြည့်မိတော့မှ ထီလာသားကား မှတ်တိုင် ဝင်နေတာ တွေ့လိုက်ရတယ် ။ ထီလာသားကား အနောက် တွယ်စီးလာတာတွေကို မြင်တော့ ‘ ကိုဘသစ် ’ စိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားပြီး ကားကို မောင်းထွက်ခဲ့ပေမဲ့ လူနဲ့ စိတ်နဲ့က မကပ်သလို ဖြစ်သွားတယ် ။ ဒါနဲ့ ဘေးမှန်ကနေ ပိုသေချာအောင် ‘ ကိုဘသစ် ’ အသေအချာ ကြည့်လိုက်ပြီး သူ့ကားကို ၃၃ လမ်းထိပ်နားက ကွမ်းယာ ဆိုင်ရှေ့ ထိုးရပ်လိုက်တော့တယ် ။

“ အာစိ .. ဆင်းမယ့်သူ မပါဘူးဗျ ၊ ဆွဲလေ ... ဟိုမှာ ထီလာသားကားက နောက်မှာ ကပ်ပါနေပြီ ။ ကျော်သွား ပြီး ၃၆ လမ်းတို့ ၊ ရွာဟိုင်း ဈေးတို့က ခရီးသည်တွေ အကုန် ကျုံးကုန်တော့မှာပဲ ။ ဒီအာစိကတော့ လုပ်ပြီ ”

‘ ကိုဘသစ် ’ ကတော့ ဖိုးလုံးကို ဘာမှ ပြန်ပြောမနေတော့ပါဘူး ။ သူ့ကား ကျော်တက်သွားတဲ့ ထီလာသား ကားကို လှမ်းကြည့်နေလိုက်မိတယ် ။ ကားချင်း အကျော် ရှေ့ခေါင်းခန်းကနေ ထီလာသားက လက်ပြသွားတယ် ။ ‘ ကိုဘသစ် ’ ကလည်း လက်မထောင်ပြီး ပြုံးပြ နှုတ်ဆက်လျက်သား ဖြစ်သွားတာကို ကားနောက်ဘေး တွယ်ရင်း လှမ်းကြည့်နေတဲ့ ဖိုးလုံးက မြင်ဖြစ်အောင်မြင်လိုက် တယ် ။ ‘ ကိုဘသစ် ’ ကတော့ သူ့ကား ကျော်သွားတဲ့ ထီလာသား ကားနောက်က တွယ်စီးသွားတဲ့ မြတောင်တိုက်က ကိုရင်လေးတွေကို ငေးရင်း သူ့ကားကို ဖြည်းဖြည်းမောင်းထွက်လိုက်ခဲ့တော့တယ် ။ ကိုရင်လေးတွေကတော့ သပိတ်လေးတွေ လက်တစ်ဖက်က ပိုက် ၊ ကားအမိုးတန်းကို လက်တစ်ဖက်က ကိုင်ရင်း စကား တပြောပြောနဲ့ ထီလာသားကား နောက်မှာ စီးသွားကြလေရဲ့ ။

⎕ ခန့်ညီဖေ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     နိုဝင်ဘာ ၊ ၂၀၁၇

No comments:

Post a Comment