❝ စိန်လက်စွပ် ❞
( ပီမိုးနင်း )
ဆရာမ မစိန်သည် စာအုပ်ထည့်သော လက်ဆွဲခြင်းကလေးကို ကိုင်လျက် မြင်းရထားပေါ်မှ ဆင်း၍ လာပြီး သုံးထပ်တိုက် အပေါ်ဆုံးထပ် မိမိ၏ အခန်းကလေးကို စိတ်အားထက်သန်စွာ မော်၍ ကြည့်ပြီး မိမိကို စိုက်ကာ ကြည့်၍ နေဟန်ရှိသော ပွင့်လျက်ရှိသော ပြတင်းပေါက်၏ မည်းမှောင်သော မျက်လုံးကို မြင်ရသောအခါ လှပသော မျက်နှာကလေးမှာ ညှိုးငယ်၍ သွားပြီး အားလျော့သော ခြေလှမ်းနှင့် လှေကား ရှိရာသို့ ကပ်သွားလေ၏ ။
လှေကားခြေရင်း၌ ရပ်ကာ နောက်မှ လိုက်လာသော မြင်းရထား ကု,လားအား ပိုက်ဆံသုံးမူးကို ထုတ်၍ ပေးပြီး လှေကားပေါ်သို့ အေးဆေးသော ခြေလှမ်းများနှင့် အားယူကာ တက်သွားလေ၏ ။
မစိန်မှာ ဘောင်းဘီဝတ် ၊ ဂါဝန်ဝတ်ကလေးများ၏ ကျောင်း၌ လေးတန်းမှ ဆယ်တန်းသို့ တိုင်အောင် မြန်မာစာကို သင်ပေးရသော ကျောင်းဆရာမကလေး တစ်ယောက်ဖြစ်ရာ အသက် ၁၈ နှစ်အရွယ် နုနယ်သူကလေးမှာ အလုပ်နှင့် မမျှသဖြင့် အမှန် ပင်ပန်း၍ လာ လေ၏ ။
လှေကားကို တက်ရင်း “ ကိုလှသိန်း မလာပါဘူး ထင်ပါရဲ့ ၊ ဘာလာမလဲလေ ငါ့ဆီကို ဂုဏ်ပျက်ခံပြီး လာမှာ မဟုတ်ပါဘူး ၊ ငါ့မှာ အညတရ ကျောင်းဆရာမကလေး ၊ သူ့မှာတော့ သူဌေးသား ငါ့ဆီကို လာရင် လူသူလေးပါး မြင်ပြီး မဲ့ကြ ၊ ရွဲ့ကြ ၊ ကဲ့ရဲ့ကြမှာကို စိုးမှာပါပဲ ၊ ပြီးတော့လည်း သူ့ ဦးလေးက သူ့ကို သဘော မကျရင် ပစ္စည်းတွေကို တစ်ပြားမှ မပေးဘဲ နေမှာပဲ ၊ ဒါတွေကို ငဲ့ပြီး မလာဘဲနေတာ ထင်ပါရဲ့၊ သို့သော်လည်း ကိုလှသိန်းဟာ အင်မတန်မှ ကတိတည်တာမို့ တစ်နည်းနည်းနဲ့တော့ ကြံပြီး လာဖို့ရှိတာပဲ ” စသည်ဖြင့် တွေးလေ၏ ။
လှသိန်းမှာ ဖခင် ကွယ်လွန် အနိစ္စရောက်ခဲ့ရာ အသက်အရွယ် ငယ်ရွယ်သူမို့ ပစ္စည်းဟူသမျှကို ဦးလေး ဖြစ်သူ ဦးဘသိန်းက ကွယ်လွန်သူ၏ အလိုအတိုင်း အကုန်အစင် ထိန်းအုပ်၍ နေရလေ၏ ။ အရွယ်မရောက်သေးသော သားယောက်ျားကလေးများအတွက် သုံးစား မကုန်နိုင် ၊ များပြားသော ပစ္စည်းဥစ္စာ အစုအပုံကြီးကို ထားခဲ့ခြင်းသည် သားသမီးကို ရန်သူ၏ လက်တွင်းသို့ ချခဲ့သည်နှင့် တူပေသည်ဟု ကွယ်လွန်သူ သူဌေးမင်း ဦးဘညိန်း၏ စိတ်၌ သဘောရရှိခဲ့သဖြင့် ညီဖြစ်သူ ဦးဘသိန်းအား လွှဲအပ်ခဲ့ခြင်း ဖြစ်လေ၏ ။ ဦးဘသိန်းမှာ ဦးဘညိန်း၏ လက်ရုံး ဖြစ်ခဲ့လေရာ ဦးဘသိန်း၏ အလုပ်များ၌ များစွာ ကူဖော်လောင်ဖက် ရခဲ့သည်ဟု အများက အယူရှိကြလေ၏ ။ ဦးဘညိန်း ကိုယ်တိုင်ကလည်း ထိုကဲ့သို့ အယူရှိလေ၏ ။ သို့သော်လည်း ဦးဘသိန်းမှာ ကူဖော်ထက် လောင်ဖော်ရခြင်းက ပိုမိုခဲ့သည်ကို မည်သူ မျှ မသိကြ ။ ဦးဘညိန်း ကိုယ်တိုင် အနည်းငယ်မျှကလေး သော်မှ ၎င်း အပေါ်၌ မယုံမကြည် မသင်္ကာ မဖြစ်ခဲ့ပေ ။ စင်စစ်မှာ ဦးဘညိန်း၏ ပစ္စည်းများမှာ ဦးဘသိန်း အလိမ္မာဉာဏ်သုံး၍ တိတ်တဆိတ် ဖြုန်းတီးခဲ့သော်လည်း အရာမယွင်းနိုင်အောင် ကြီးမားသောအရှိန်နှင့် တိုးတက်ခဲ့လေ၏ ။ နောက်ဆုံး၌ ဦးဘညိန်း ကွယ်လွန် အနိစ္စ ရောက်သောအခါ ယုံကြည်လက်စရှိသော အစ်ကိုသည် သားကလေးနှင့် တကွသော ပစ္စည်းအစုအပုံကြီး အတွက် သစ္စာရှိသော အထိန်းအစောင့်တစ်ယောက် ရှေးကုသိုလ်ကံကြောင့် ငါ့မှာ ရရှိခဲ့တာပဲဟု စိတ်ချကာ လွှဲခဲ့ခြင်း ဖြစ်လေ၏ ။
လှသိန်းသည် ဦးလေးကို ဖခင်လို သဘောထားကာ ကာလသား လူပျိုလူရွယ်ကလေးပင် ဖြစ်၍ လာသော်လည်း ဦးလေးထံမှ လက်ဖြန့်ကာ တောင်း၍ သုံးရလေ၏ ။
တစ်ကြောင်းမှာလည်း ဖခင်၏ အလုပ်အကိုင်များ အကြောင်းကို ဦးလေး ဖြစ်သူသာ အကုန်အစင် သိကာ လှသိန်းမှာ ဦးလေးက ပုံ၍ လွှဲပါလျှင် ဘာကို လုပ်ရမည် ကိုမျှ မသိနိုင်အောင် ဖြစ်၍ နေသဖြင့် အလုပ်များကို နားလည် တတ်မြောက်ဖို့ရန် ဦးလေး၏ အခိုင်းအစီအမံ ကိုသာ ခံ၍ နေရလေ၏ ။
ဆရာမ မစိန်မှာ ကောလိပ်ကျောင်း၌ လှသိန်းနှင့် အတူတူ နေခဲ့ရသည့်အခါမှစ၍ ချစ်ခင်ခဲ့ကြရာ ယခု အခါ၌ကား အချိန်အရွယ်က သင်ပြလာသဖြင့် ရိုးရိုး သူငယ်ချင်းလို ချစ်ရာမှ အငွေ့အသက် တစ်မျိုး ပြောင်းကာ အချစ်၏ အဖူးအငုံကလေးများ ပွင့်အာသလို နှစ်ယောက်စလုံးမှာ ပွင့်အာစပြုလေ၏ ။
မစိန်မှာ ကောလိပ်ကျောင်း၌ နေရသော်လည်း ကြာကြာ မနေရ ။ မိဘကွယ်လွန် အနိစ္စရောက်သဖြင့် ပညာကို ဆက်လက်၍ မသင်နိုင်ဘဲ ကျောင်းမှ ထွက်ကာ ကိုယ်တိုင် အစွမ်းအစကလေးနှင့် အသက်ကို မွေးရင်း ကြီးပွားတိုးတက်ခြင်း၏ လမ်းကို ခက်ခဲစွာ ထွင်းဖောက်၍ နေရသူကလေး တစ်ယောက် ဖြစ်လေ၏ ။
လှသိန်းသည် မိမိ၏ သူငယ်ချင်းမကလေးအား များစွာ ကူညီထောက်ပံ့ချင်သော်လည်း ငွေကြေး အစုအပုံကို အစိုးမရသောကြောင့် မတတ်နိုင်ဘဲ နေခဲ့လေ၏ ။ ယခုမှာ အချစ်၏ မှည့်ဝင်းခြင်းကို သိ၍ လာသောအခါ တသီးတခြား ထောက်ပံ့ရန် မလို ၊ အမြဲတစ်သက်ပန်လုံး ထောက်ပံ့ဖို့သာ ရှိလေတော့သတည်း ။
မစိန်သည် တံခါးကို မရဲတရဲ တွန်း၍ ကြည့်လိုက် သောအခါ ဝမ်းသာလုံးဆို့လျက် မွှန်၍ သွားလေ၏ ။
ထို့နောက် “ အမယ်လေး ကိုလှသိန်းရယ် ၊ ဓာတ်မီးကလေးများမှ ဖွင့်ဖော် မရဘူး ၊ တစ္ဆေလို ငုတ်တုတ်ကြီး ” ဟု ပြောရင်း အပြေးကလေး သွားလေရာ မှောင်ထဲတွင် ကုလားထိုင် တစ်လုံးပေါ်၌ ငုတ်တုတ်နေသောသူ၏ သန်မာသော ရင်ခွင်ထဲသို့ ရောက်၍ သွားလေသတည်း ။
အတန်ငယ်ကလေး ကြာမှ လေသံကလေးနှင့် ...
“ မလာတော့ဘူးလားလို့ ၊ ကျွန်မ အခန်းကို ကြည့်တော့ မှောင်နေတာ မြင်တာနဲ့ မောသွားတာပဲ ” ဟု ဓာတ်မီးကို ဖွင့်ရင်း ပြောလေ၏ ။
ဓာတ်မီးရောင်သည် အခန်းမှာ ပြည့်လျှံသွားလေရာ စိတ်ကူး လွန်စွာယဉ်သော အိမ်ရှင်၏ အထိမ်းအမှတ် လက်ရာတို့ကို မောင်လှသိန်းသည် အံ့သြချီးမွမ်းသော မျက်နှာထားနှင့် ကြည့်လျက် လှပကျက်သရေရှိသော အခန်း၏ ဆင်ယင်ထားပုံနှင့် ဆင်ယင်တတ်သူကလေး၏ မျက်နှာကို နှိုင်းယှဉ်၍ နေလေ၏ ။
“ လာမယ်လို့ ကတိထားပြီးမှ မလာဘဲ နေပါ့မလား ဆရာမရဲ့ ”
“ အမယ်လေး လုပ်နေပြန်ပါပြီ ၊ ဆရာမလေး ဘာလေးနဲ့ ”
“ နို့ .. ဆရာမလို့ မခေါ်ရရင် ဘယ်လို ခေါ်ရမှာလဲ ”
“ နာမည်ကို ခေါ်ပါလား ” ဟု ချစ်ဖွယ်သော နှုတ်ခမ်းကလေးများကို စူကာ မျက်စောင်းထိုး၍ ပြောလေ၏ ။
လှသိန်းသည် ပြေပြစ်လှပ နူးညံ့သိမ်မွေ့လှသော လက်ကလေးကိုဆွဲကာ မိမိ၏ ပေါင်ပေါ်၌ ထိုင်စေမည် ပြုရာတွင် ဆရာမကလေးက ..
“ နေပါဦး ၊ မောမောပန်းပန်းနဲ့ ရေကလေး ဘာကလေး ချိုးလိုက်ပါရစေဦး ” ဟု ပြောရင်း နောက်ဖေးသို့ ထ၍ ပြေးသွားလေ၏ ။
အတန်ငယ် ကြာသောအခါ လေမီးဖိုကလေးမှာ တရှဲရှဲ မြည်လျက် ရေချိုးခန်းမှ ရေသံများသည် ရေနွေး ဆူသံနှင့် ရောစပ်၍ နေလေ၏ ။
ထို့နောက် နှစ်ယောက်သား စားပွဲငယ်ကလေး တစ်ခုမှာ ယှဉ်လျက်ထိုင်ကာ လက်ဖက်ရည်သောက်၍ နေကြလေသတည်း ။
“ ဘာပြုလို့ မလာဘူး ထင်တာလဲ ”
“ လူသူလေးပါး မြင်ရင် ပြောကြဆိုကြမို့ ပြောတာပါ ”
“ ဘာပြောစရာ ရှိသလဲ စိန်ရယ် ၊ စိန် အခု တစ်ယောက်တည်း ဆင်းရဲလို့ ကျောင်းဆရာမကလေး လုပ်ရပေမဲ့ မျိုးရိုးဇာတိ ရှိပါသေးတယ် ၊ မျိုးရိုးဇာတိမှာ ကိုကို့ ထက် သာပါသေးတယ် ။ ကိုကိုက မိဘရဲ့ဂုဏ်နဲ့ မမြဲတတ်တဲ့ ပစ္စည်းဥစ္စာကလေး သာတာပါ ။ ဒါလည်း စိန် သိရင် စိတ်ပျက်စရာကြီး ” ဟု သာယာသော မျက်နှာမှာ မှေးမှိန်လျက် ပြောပြီး လက်ဖက်ရည်ပန်းကန်ကို ကိုင်လျက် မစိန်၏ မျက်နှာကို စိုက်ကာကြည့်ရင်း စဉ်းစား၍ နေလေ၏ ။
“ စိန် ”
“ ဘာလဲ ကိုကို ”
“ ကိုကိုမှာ ဘာမှ မရှိဘူး ၊ အခု လူလုံးချည်းပဲ ”
“ ဘာဖြစ်လို့လဲ ”
စိန်သည် မယုံမကြည် ဖြစ်၍ နေလေ၏ ။
“ ငနဲကြီးက ခွလုပ်နေတယ် ၊ စကားပြော မတည့်ဘူး ၊ အခု ငွေလည်း တောင်းလို့ မရဘူး ။ ဘာမှ မဆိုင်ဘူးတဲ့ ။ ဖေဖေ့ ပစ္စည်းတွေဟာ သူ့ကြောင့် ဖြစ်တာ ။ သူသာ ဆိုင်တယ်လို့ ပြောနေတယ် ”
“ ဟင် .... ဘယ့်နှယ် ဖြစ်တာလဲ ”
“ ဒီလိုပါ စိန်ရဲ့ ၊ မိတ်ဆွေတစ်ယောက် မြင်းရှုံးလို့ ရှုံးတဲ့ ငွေကလည်း အလုပ်တိုက်ကငွေ ဖြစ်နေတာနဲ့ အလုပ်ပြုတ်ရုံမက ထောင်ကျမလို ဖြစ်နေတဲ့ အတွက် စိန်လက်စွပ်ကို ချွတ်ပေးလိုက်တယ် ။ ဒါနဲ့ ဆူတာပဲ ။ မြင်းလောင်းပစ်တာလို့ စွပ်စွဲပြီး ဒီပစ္စည်းတွေကို လွှဲပေး လိုက်ရင် ကုန်မှာကို စိုးရိမ်တဲ့ အနေနဲ့ ဖယ်ထုတ်ထားတာပဲ ။ ကိုကို သိပါတယ် ။ ဖယ်ထုတ်ချင်လို့ တမင် အပြစ်ရှာနေတာ ကြာပါပြီ ”
“ ဒီပစ္စည်းတွေထဲမှာ သူ အချို့အဝက် ဆိုင်သလား ”
“ ဖေဖေက ရှယ်ယာ နည်းနည်းပါးပါး ခွဲပေးတယ် လို့တော့ ကြားတာပဲ ။ နည်းနည်းပါးပါးတော့ ပါမှာပေါ့ ၊ အခုတော့ သူက အကုန် သူ့ဟာချည်း လုပ်ချင်နေတာ ”
“ ဒီလိုဖြင့် လောဘဇောတိုက်တာပေါ့ ။ ပြောလို့ မရတော့ဘူးလား ”
“ သူ့ကို ယုံခဲ့လို့ အကုန် ပုံထားခဲ့တော့ သူ့လက် သူ့ခြေ သူလုပ်တိုင်း ဖြစ်နေတာပဲ ။ ရှေ့နေတွေ ဘာတွေနဲ့ သူ ထင်သလို အနိုင်ကြဲနေတာပဲ ”
“ ဒါတွေ ခက်တာပဲ ၊ သားကို မယုံ ၊ ညီကို ယုံလို့ သားဒုက္ခ ဖြစ်ရမလို ကျနေတာပေါ့ ”
“ ဟိုတုန်းကတော့ ကိုကိုကလည်း ငယ်သေးတာကိုး ၊ ကိုကို လူလားမြောက်အောင် သူ ကြည့်ရှုပြီး ပညာကလေး ဘာကလေး သင်ပေးဖော် ရတာ အများကြီး ကျေးဇူးတင်ရမလို ကျနေတာပဲ ၊ ဖေဖေကတော့ သူ့ညီကို သူ့လို ရိုးတယ် ထင်တာကိုး ”
“ မှားတာပဲ ၊ အစိုးရကို ဖြစ်ဖြစ် ခိုင်လုံတဲ့ ကုမ္ပဏီကြီး တစ်ခုခုကို ဖြစ်ဖြစ် ခိုင်ခိုင်လုံလုံ လွှဲခဲ့ရင် ကိုကို အခုလို ဖြစ်မှာမဟုတ်ဘူး ။ စိန် ကြားဖူးတာဖြင့် ပစ္စည်းဥစ္စာ အမြောက်အမြားနဲ့ အရွယ်မရောက်သေးတဲ့ကလေးများ ကျန်ရစ်ရင် ပစ္စည်းထိန်းတဲ့ ကုမ္ပဏီများကို ကိုယ်စားလှယ်အဖြစ်နဲ့ ကလေးများကို ကြည့်ရှု နေရာချထား စောင့်ရှောက်ဖို့ လွှဲနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ကြားဖူးတာပဲ ”
“ ဖေဖေက သိပ်ရိုးတာ စိန်ရဲ့ ၊ ဒါမျိုးကို သတိ ထားမိဟန် မရှိဘူး ။ ဒါထက် ဒီလိုဖြင့် ကိုကို ဘယ်နဲ့ လုပ်မလဲ ၊ ကိုကို သူနဲ့ မပြိုင်နိုင်ဘူး ။ သူ့လက်ထဲမှာ ငွေကြေး ရှိနေတော့ တရားတွေ့ ရင်လည်း သူသာ နိုင်မှာပဲ ။ ငွေများ တရားနိုင်ဆိုတဲ့ စကားဟာ အခုကာလ မှာမှ ပေါ်တဲ့စကား မဟုတ်ဘူး စိန်ရဲ့ ၊ အခု အနေပုံတော့ ဒီအရပ်မှာ မနေဘဲ ပြေးဖို့သာ ရှိတာပဲ ”
“ မဟုတ်တာပဲ ကိုကိုရယ် ၊ ဒီလောက်တောင်လည်း မဖြစ်နိုင်ပါဘူး ။ ကိုကို ဘာပြုလို့ ပြေးရမလဲ ”
“ နို့ ... မပြေးရင် စိန်က ကျွေးထားနိုင်မလား ”
“ ကိုကို အကျွေးခံရင် စိန် ကပြီး ကျွေးမှာပေါ့ ၊ ကိုကိုက မနေရင်သာပေါ့ ”
“ မနေနိုင်ဘူး ၊ ကလည်း မက ၊ ခုန်လည်း မခုန်ပါနဲ့ ၊ ကိုကို ကိုတော့ ကန်ထုတ်လိုက်ပြီး လူမသိအောင် ကြိတ်ခံမှ ဖြစ်မှာပဲ ။ လူသူလေးပါး သိရင် သူလည်း မကောင်းဘူး ။ ကိုကို ကြမ်းပိုးဖြစ်တာလည်း လူသူလေးပါး သိရုံရှိမှာပဲ ။ ဖြစ်ပျက်ပုံကို အများသိကြရင် မည်သူမျှ မသနား မကူညီဘဲ အလကားလူ ဖြစ်တာကို သာ သိကြပြီး အများကြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရုံ ရှိမှာပဲ ၊ သည်အတွက် ကိုကို တော်ရာကို ပြေးဖို့ ရှိတော့ တာပဲ ”
“ ကိုကို ဘယ်ကို ပြေးမလဲ ၊ ပြေးရင် စိန် လိုက်မှာပဲ ”
“ စိန် လိုက်လို့ ဘာဖြစ်မလဲ ၊ ကိုကို့စိတ်မှာ မိဘ ပစ္စည်းဥစ္စာနဲ့လည်း လူ မလုပ်ချင်ဘူး ၊ ကိုယ်စွမ်းကိုယ်စနဲ့ လူလုပ်ချင်တာမို့ ဒီဦးလေးတစ်ယောက် အခုလို ပြုလုပ်လိုက်ခြင်းဟာ ကိုကို့ အစွမ်းသတ္တိတွေ ပေါ်ထွက်ဖို့ ဖြစ်တာပဲ ။ သည့်အတွက် ကျေးဇူးတင်ရမလို ဖြစ်နေ တာပဲ ။ ထီပေါက်လို့ ရတာ ၊ မိဘအမွေ ရတာ ၊ ရွှေအိုး ငွေအိုး ကောက်ရတာဟာ ကိုကို့ စိတ်မှာ လူစတုံးအောင် လုပ်တာမျိုးတွေပဲလို့ အောက်မေ့တာပဲ ၊ သင်း မတရား ပြုတဲ့အတွက် ကိုကို လူစွမ်းကောင်း ဖြစ်လာတာကို ပြပြီး သေရရင် ပစ္စည်း ခြောက်သိန်းကျော်ကို ရတာထက် ပိုပြီး အဖိုးတန်မှာပဲ .. ”
“ ကိုကိုသွားရင် စိန် လိုက်မှာပဲ ”
“ မလိုက်ရဘူး ၊ ကိုကို့ အကြံအောင်လို့ စိန့်ကို နန်းတော်ကြီး မန်းရှင်း ခေါ်တဲ့ အိမ်တော်ကြီးနဲ့ ထားနိုင်တဲ့ အခါကျမှ စိန့်ကို ကိုကိုနဲ့ အတူနေဖို့ အခွင့်ပေးမယ် ။ ကိုယ်စွမ်းသမျှဟာတွေလည်း စိန့် အတွက်ပါပဲ ။ သည်တော့ကာ ကိုကို အထမြောက်အောင်မြင်ပါစေဆိုတဲ့ ဆုတစ်ခုကိုသာ တောင်းရစ်ပါ ”
မစိန်မှာ မျိုတော့မည်ဆဲဆဲ လည်ချောင်းသို့ ရောက်၍ နေသော ကိတ်မုန့်ကလေးကို မမျိုနိုင်အောင် ဆို့၍ လာသော်လည်း မောင်လှသိန်း သိပြီး စိတ်မကောင်း ဖြစ်မှာကို စိုးသဖြင့် ကြိုးစား၍ မျိုလိုက်ရလေ၏ ။ မျက်လုံးများစွာမှာ ဝေလျှံ၍ လာသော မျက်ရည် အစအန ကလေးများမှာ ဓာတ်မီးရောင်နှင့် တွေ့လျှင် သိသွားမည်ကို စိုးသဖြင့် ခေါင်းငုံ့ကာ လက်ဖက်ရည်ပန်းကန်ကိုသာ စိုက်လျက် ကြည့်၍ နေလေ၏ ။
နှစ်ယောက်စလုံး ဆိတ်ငြိမ်၍ နေကြလေသတည်း ။
ထိုနောက် မစိန်သည် အားယူလျက် ဣန္ဒြေကို တတ်နိုင်သမျှ ဆောင်ကာ ပြောင်းလဲဖောက်ပြန် ကရုဏာ ဒေါသနှင့် ဝေလျှံသော အသံကလေးဖြင့် ပြောသည်ကား ...
“ ကိုကို .. ဘယ်ကို သွားမလဲ ”
“ ကိုကို မြန်မာပြည်မှာ မနေဘူး ၊ အခြေကျတဲ့ အရပ်ကို နေရာတကျ ရောက်မှ စာရေးလိုက်မယ် ၊ ကိုကို့အတွက် ဘာမှမပူနဲ့ ၊ ဟောဒီ ပထဝီမြေ မိခင်ကြီးဟာ သောက်သုံးလို့ မကုန်နိုင်တဲ့ ရင်နို့ကို ပေးတာမို့ ကိုကိုမှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ် ၊ လက် ၊ မျက်လုံးရှိသမျှ အစွမ်းကို သုံးပြီး အဲဒီ နို့ရည်စုပ်ယူပြီး မလိုင်ခရင် ၊ အဆီဥကလေး များကို သဲ့ယူပြီးမှ စိန့်ကို ကိုကို ခေါ်ယူပါ့မယ် ၊ ကိုကို မရှိခိုက်မှာ ကိုကို့ကို တစ်နေ့မှ မမေ့ဘဲ တွေးမြော်နေတဲ့ အချစ်ပန်းကလေး တစ်ခုဟာ အညှာမှ မပြုတ် ၊ တောင်လေ မြောက်လေ မုန်တိုင်းတွေ ချီ၍ သုတ်သော်လည်း အညှာမှာ မြဲခိုင်ပြီး နေပါကလား ဆိုတဲ့ မျှော်လင့်ခြင်း ရိက္ခာကလေးကိုသာ ကိုကို အမြဲရပါစေ ၊ မသေလျှင် ရွှေထီးမှာ စံရအောင် ကြိုးစားဖို့ အမိဝမ်းမှ မွေးလာတဲ့ ယောက်ျားကောင်း တစ်ယောက် ဖြစ်ပါတယ် ။ ကိုကို စိတ်ချရပါ့မလား ”
“ ဒါအတွက် စိန်ကို မေးဖို့ မလိုပါဘူး ... ၊ ကိုကို့လို ယောက်ျားကောင်းတစ်ယောက်ဟာ ရောက်ရာမှာ တံခါးကို ဟာလာဟင်းလင်း ဖွင့်ပေးမယ့် ဆောင်တော်ကူးမတွေနဲ့ တွေ့မှာကိုသာ စိန် အမြဲ စိတ်ပူပြီး တမျှော်မျှော် နေရမှာပါပဲ ”
“ ကိုကို စိန်နဲ့ နီးနီးကပ်ကပ် တွေ့ခဲ့ရတာ ငါးနှစ် ကျော်ပြီး ၊ ကိုကို ပြစ်မှုတစ်စုံတစ်ရာ ပြုဖူးသလား ”
“ မှန်ပါတယ် ၊ ချီးမွမ်းလောက်ပါပေတယ် ၊ စိန့်လို အလှဆုံး ၊ အမွှေးဆုံး ယောက်ျား ဟူသမျှ၏ နှလုံးကို အထုံရနံ့ဖြင့် လွှမ်းအုပ်ကာ ဖမ်းဆုပ်နိုင်သူကလေးကိုမှ လက်ဖျားနဲ့ မထိဘဲ မချိမဆံ့ ချုပ်တည်းပြီး နေနိုင်မှဖြင့် စိန် ခြေဖျားကို မမီတဲ့ သာလာယံဇရပ်မတွေရဲ့ ရန်လောက်ကို လွယ်လွယ်ကလေးနဲ့ ခုခံတိုက်လှန်နိုင်ပါတယ် စိန် ရယ် ၊ ဒါအတွက် စိုးရိမ်စရာ မရှိပါဘူး ”
“ ကိုကိုကလည်း တစ်ကမ္ဘာလုံး မခံနိုင်အောင် မပြောပါနဲ့ ၊ စိန် က လွဲရင် သာလာယံဇရပ်ချည်း ဖြစ်ကြရတော့မှာလား ကိုကိုရဲ့ ”
“ အားလုံးတော့ ဘယ်ဟုတ်မလဲ စိန်ရယ် ၊ သာလာယံဇရပ်လို မိန်းမများကိုသာ ပြောတာပါ ”
“ ဒီလိုဖြင့် သာလာယံမ ဟုတ်တာတွေနဲ့ တွေ့ရင် ဘယ့်နှယ်လုပ်မလဲ ”
“ ဒီတော့ မတည်းဘဲ နေတာပေါ့ ၊ သစ်တစ်ပင် ဝါးတစ်ပင် အောက်မှာ ခုတင်ကလေး ဘာကလေး ဆောက်တည်ပြီး နေရတာပေါ့ ”
“ တော်ပါ ... ဒါတွေ ထားလိုက်ပါဦး ၊ ကိုကို အခု ပြောနေတာတွေဟာ တကယ့်ကို စိန့် စိတ်ထဲမှာ မယုံနိုင်အောင် ရှိတာပဲ ။ ဒီလိုသာ မှန်ရင် ကိုကို ခံနိုင်ပေမဲ့ စိန်တော့ မခံဘူး ၊ စိန် သွားပြီး ... ”
“ စိန် စိန် သွားပြီး ဘာလုပ်မလဲ ”
“ ဆူမှာပေါ့ ”
“ ဆူရုံမက ဝေဝေ ၊ ဘာမှ မတတ်နိုင်ဘူး ၊ စိန် သွား လို့ အလကားပဲ ၊ ငနဲကြီးက သာပြီးတောင် အရွဲ့ လုပ်ဦးမှာ ၊ စိန် သွားဖို့ ကိုကိုလည်း အခွင့်ပေးမှာ မဟုတ်ဘူး ”
စိန်စိန်သည် စဉ်းစား၍ နေလေ၏ ။ အတန်ကြာသောအခါ ...
“ ဒီလိုဖြင့် ကိုကို တကယ် သွားတော့မှာလား ”
“ ကိုကို ပလန်တွေ ထုတ်ပြီးလို့ အသင့် ဖြစ်နေပြီ ၊ စိမ်းကားမှ ဘုရားဖြစ် ၊ စွန့်စားမှ စီးပွားဖြစ်သတဲ့ ၊ ကိုကို တော့ စွန့်ပြီး သွားတော့မှာပဲ ”
“ ကိုကို သွားရင် စိန် ဘယ်နဲ့လုပ် နေရမလဲ ”
“ စောင့်နေပေါ့ ”
“ ဘယ်လောက်ကြာကြာ စောင့်ရမလဲ ”
“ ကိုကို ချမ်းသာပြီး ပြန်လာတဲ့ တိုင်အောင် စောင့်ရမှာပေါ့ ”
“ ဘယ်တော့ ချမ်းသာပြီး ပြန်လာမလဲ ”
“ ဒါတော့ ကုသိုလ်ကံ ပေးရင်လည်း မြန်မြန် ချမ်းသာမှာပဲ ”
“ ကိုကို မြန်မြန်ဆိုရင် ချမ်းသာမှာ မဟုတ်ဘူး ၊ ထီပေါက်သူ ၊ မြင်းနိုင်သူ ၊ အမွေရသူ ၊ ရွှေအိုး ၊ ငွေအိုး ကောက်ရသူများမှ တစ်ပါး ရိုးရိုး လုပ်ကိုင်ရှာဖွေသူများမှာ မြန်မြန်ချမ်းသာဖို့ အင်မတန် ခဲယဉ်းတာပဲ ”
“ စိန် ပြောတာ သိပ်မှန်တာပဲ ”
“ မှန်ရင် ဘယ်နဲ့လုပ်မလဲ ၊ စိန် လိုက်ခဲ့ရမလား ”
“ လိုက်ရင် စိန် ဆင်းရဲမှာပေါ့ ။ စိန် အခုလို အလုပ်မျိုးလည်း နောက်ကို ပြန်ရချင်မှ ရမယ် ။ ကတိ သစ္စာ တည်သော အခါဝယ် ၊ သြဇာလေးနက် ပေါ်ဆီတက် ၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သတဲ့ ၊ ကိုကို ကတိသစ္စာ တစ်ခု ထားမယ် ... ဒီသစ္စာဟာ မှန်ရင် ကိုကို မြန်မြန် ချမ်းသာလာပြီး စိန်နဲ့ ပြန်တွေ့ရပါစေသားဆိုတဲ့ သစ္စာပဲ ”
“ ဘယ်လို ဆိုမလဲ ”
“ ဒီလူ့ပြည်မှာ ဘယ်အရပ်ကိုပဲ ရောက်ရောက် ၊ စိန် က လွဲရင် ဘယ်မိန်းမ ၊ ဘယ်အပျို ၊ ဘယ်လောက် ချောချော ၊ စိတ်နဲ့တောင်မှ မပြစ်မှားပါဘူးဆိုတဲ့ ကတိ ထားမယ် ၊ ဒီကတိမှန် မြန်မြန် ချမ်းသာပြီး စိန့်ထံ ပြန်လာ ရပါစေသားဆိုတဲ့ ဆုပေါ့ ”
“ သိပ်ကောင်းတဲ့ဆုပေါ့ ကိုကိုရယ် ၊ သည်အတိုင်း ဆိုရင် စိန် နေရစ်နိုင်တာပေါ့ ။ နေရစ်ရုံမကဘူး စိန် ကလည်း ကိုကိုက လွဲရင် နတ်သားကလေးလို ချောသူ ဖြစ်ပါစေ ၊ စိတ်ကတောင် မဥပါဒ်ပါဘူး ၊ ဒီသစ္စာ မှန်ရင် ကိုကိုနဲ့ ချမ်းချမ်းသာသာ မကြာမီ ပြန်တွေ့ ရပါစေသား ဆိုတဲ့ သစ္စာကို ဆိုပါတယ် ”
“ သည်အတိုင်း ဆိုရင် စိန်ရယ် ကိုကို စိတ်ချ လက်ချ ကြီးပွားအောင် ကြိုးစားနိုင်တာပေါ့ ၊ မျက်စပ် ပိုးဝင် ဆံတစ်ပင်ကင်း ချစ်ခြင်းမယားတဲ့ စိန်ရဲ့ ၊ စိန်နဲ့ ကိုကိုမှာ မည်သူကမျှ မသိကြပေမဲ့ အချစ်က ခိုင်မြဲ ပြီးတာမို့ စိတ်အားဖြင့် အကြင်လင်နဲ့ မယား ဖြစ်နေပါပြီ ။ သည်တော့ သွားရာလာရာ လုပ်ကိုင်ကြံစည်ရာမှာ နောက်ဆံတငင်ငင် ဖြစ်နေသမျှ ကာလပတ်လုံး အကြံအစည် ဖြောင့်နိုင်မှာ မဟုတ်ဘူး ၊ သည့်ပြင်လည်း အိမ်မှာ နေရစ်သူက မတော်တဆ ဖောက်လွဲဖောက်ပြန် ပြုပြီ ဆိုမှဖြင့် သွားလာ ရှာဖွေရတဲ့ လူမှာ ဘေးအန္တရာယ် များတတ်သတဲ့ ၊ သည်တော့ စိန်က ဒီလို သစ္စာကိုများ ဆိုရင် ကိုကို လေ သုံးလ မကြာဘူး ချမ်းသာပြီး ပြန်လာရမှာပဲလို့ ထင်တာပဲ ”
“ ကိုင်း .. ဒီလိုဖြင့် အခု ကိုကို သွားရတော့မှာ အမှန်ပဲလား ”
“ အမှန်ပါပဲ ၊ အကုန်သေချာပြီးမှ စိန့်ကို နောက်ဆုံး ပြောတာပါ ”
“ ကောင်းပြီ ကိုကို ၊ စိန်ဟာ အချို့ အချို့ မိန်းကလေးများလို ပလီကာချွဲကာ ကိုယ့်ယောက်ျားရှေ့မှာ ပြောပြီး ကွယ်ရာမှာ တစ်မျိုး လုပ်တတ်တာမျိုး မဟုတ်ဘူး ၊ စိတ်ပူရင် ကြိတ်ပြီး ပူတာပဲ ၊ ဆွေးရင် ကြိတ်ပြီး အတွင်းမှာ ဆွေးမှာပဲ ၊ မျက်နှာမှာတော့ သူများလို ငိုလား ရယ်လား လုပ်မပြတတ်ဘူး ၊ တကယ်ချစ်တာဟာ မျက်လုံးထဲက မျက်ရည်လေးတစ်စက်နှစ်စက်မှာ တည်တာ မဟုတ်ပါဘူး ၊ သစ္စာမှာ တည်တာပါ ။ စိန် စိတ်ကို တင်းနိုင်ပါတယ် ။ လာ အခု ပြောတဲ့အတိုင်း ကျမ်းသစ္စာ ကျိန်ဆိုကြရအောင် ၊ ဒီသစ္စာကို ဆိုပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပင် ဝေးစေကာမူ စိတ်ချင်းဆက်ပြီး နေရာမှာမို့ ဝန်လေးစရာ မရှိပါဘူး ၊ တစ်ဘဝ ကူးတာမှ မဟုတ်သေးဘဲလား ကိုကိုရဲ့ ” ဟု ပြောကာ ညောင်ရေအိုး ရှိရာသို့ သွားပြီး ထိုနေ့ပင် အသစ် လဲ၍ ထားသော ရေကို ဖန်ခွက်၌ ထည့်ကာ ငါးပါး သီလခံကြပြီး နတ်များကို တိုင်တည်ကာ သစ္စာဆိုကြ လေ၏ ။
ထို့နောက် အကြာကြီး ပွေ့ဖက်လျက် မခွဲနိုင် လောက်အောင် နှစ်ကိုယ် ဆက်သလိုဖြစ်ပြီးမှ အချစ် ဆိုသည့် အပင်ပျိုကလေး၏ အကိုင်းနှစ်ခုကို တအား ဆွဲ၍ ခွဲရသည့်အလား နာကြည်းစွာ ခွဲခွာကြပြီးနောက် မောင်လှသိန်းမှာ အိမ်ပေါ်မှ ဆင်း၍ လာခဲ့လေသတည်း ။
••••• ••••• •••••
အခန်း ( ၂ )
မစိန်သည် နောက်တစ်နေ့ ဦးဘသိန်း၏ ခမ်းနားသော အိမ်ကြီးသို့ ရောက်၍ သွားလေ၏ ။ အိမ်ရှေ့ခန်း၌ ရပ်ကာ တိတ်ဆိတ်သော အခြေအနေကို ကြည့်၍ နေလေ၏ ။ အိမ်ကြီးမှာ ဇရပ်ကြီး ကဲ့သို့ ဆိတ်ငြိမ်၍ နေလေ၏ ။ မျက်နှာကြီးကို ဖြဲလျက် စိန်စိန်ကို ကြည့်၍ နေဟန်ရှိသော နာရီကြီး တစ်ခုသာ တီးတိုးစကား တဖျစ်တောက် တောက် ပုတီးစိပ်သလို ပြောမြည်နေလေ၏ ။
လူတစ်ယောက်ကိုမျှ မတွေ့ရ ။ တန်ဆောင်းဇရပ်ကြီးနှင့်တူသော ကျယ်သော အခန်းကြီးမှာ စွန့်ပစ်ထားသော နေရာနှင့် တူလေ၏ ။ ထိုအိမ်ကြီးမှာ မောင်လှသိန်း၏ ဖခင် ဆောက်ခဲ့သော မောင်လှသိန်း၏ အိမ်ပင် ဖြစ်ကြောင်းကို ဆရာမ သိသဖြင့် ကိုလှသိန်း မှာတော့ ကား တစ်ရပ်တစ်နယ်ကို သွားရတော့မယ် ၊ ဒီအခြေအနေကို စွန့်ရတာဟာ အင်မတန်မှ ခက်ခဲမှာပဲဟု တွေးမိလေ၏ ။ နံရံ ဟူသမျှ၌ ပြောင်လက်သော ငါးမတ်တန် ကလင်ဒါကားတို့သည် မှန်ရောင်တောက်၍ နေကြလေ ၏ ။ ဦးဘသိန်းသည် ငွေပုံကြီးမှာ ထိုင်လျက် နေသော်လည်း ‘ အတ် ’ ခေါ် အလှပညာမျိုးကို ဝေလခေါင်း ၊ ဂျော့ခေါင်းလောက် အရာရောက်ကြောင်း များစွာ ဂရုမထား ။ ယဉ်ကျေးသော လူမျိုးတို့၏ လူကုံထံ အထက်တန်းစားများ ယူလေ့ရှိသော အလှပညာ ပန်းချီ ပန်းပုကို အားပေးခြင်း ၊ ဂုဏ်ကို ယူရမှန်းလည်း မသိ ။ အမျိုးသား တိုးတက်ယဉ်ကျေးခြင်းလမ်း၌ အရေးကြီး တစ်ခုဖြစ်သော ယဉ်ကျေးခြင်း အရာတို့၌ လူကုံထံတို့၏ တာဝန် ဝတ္တရားဖြစ်သည့် နမူနာပြခြင်း အကြောင်းကိုလည်း နားမလည်ချေ ။ သို့ဖြစ်လေရာ ဥရောပတိုင်း ၊ အိန္ဒိယတိုင်းဖြစ် တောက်ပြောင်သော ရှိုးကပ်ကားမျိုးတို့ဖြင့် တန်ဆာဆင်၍ ထားသည်မှာ ပန်းချီဆရာများ မျက်ရည် တောက်တောက်ကျလောက်အောင် အရောင်တောက်၍ နေလေ၏ ။
ဆရာမကလေးမှာ ခေတ်ကာလ ပညာကို တတ်သဖြင့် စိတ်ကူး ယဉ်ကျေးခြင်း အရာမှာ အများတို့ထက် အတော်အတန် ရှေ့နားကျသူ ဖြစ်လေရာ ဆင်ယင်၍ ထားပုံကို မြင်လျှင် မြင်ချင်း မျက်လုံးကို သဲနှင့် ဆီး၍ ပက်သလို ဖြစ်၍ သွားပြီး ဒီလို လူကြီးလူကောင်းလုပ်သူ များကမှ ထူးမြတ်တဲ့ မြန်မာပညာကို အားမပေးရင် ငါတို့ အမျိုးသား၏ ယဉ်ကျေးခြင်း ခြေလှမ်းမှာ ထူးခတ် ခံရတဲ့ ဆင်ထက်ပင် ဖင့်နှေး၍နေဖို့သာ ရှိပေသည် တကားဟု တွေးတောကာ ဝမ်းနည်းလေ၏ ။ ဦးဘသိန်း၏ ဦးနှောက်မှာ ဒင်္ဂါးတွေ ကြွပ်တက်သလို တက်ပြီး နေသဖြင့် ရဲရင့်သော ပန်းချီလက်မှ တိုက်ရိုက်ထွက်သော အသက်သွေးရှင်လျက်ရှိသည့် စုတ်ဆီစုတ်နှစ်တို့ကို ဘုထစ်ထူသည် မှတ်ထင်ကာ ချောချောပြောင်ပြောင် အရောက်တောက်သော ရုပ်ပုံကားမှ အကောင်းဟု စွဲမှတ်သော အသိမျိုး၏ အဆင့်အတန်းစား ဖြစ်လေရာ ဤလို လူမျိုးတွေမှာ ဣစ္ဆာသယ လိုရာရတဲ့ ငွေလက်နက်ကို ရထားခြင်းဟာ အမျိုးသား အတွက် အနည်းငယ်မျှ ဂုဏ် တက်စရာ မရှိကြောင်းကို တွေးတောကာ နှမြောသေး၏ ။ ပန်းချီဆရာများသည် ဤလူမျိုး၏ စိတ်ကို သိမြင်ကြချေက ပန်းချီအလုပ်ကို အများကြီး စိတ်ပျက်ကြမှာပေ တကားဟု ဆင်ခြင်လျက် ဤအိမ်ကို ပညာသည် လူကောင်းများ မရောက်ပါစေသားဟု ဆုတောင်းမိလေ၏ ။ အကြောင်းမူကား ပန်းချီကျော်တကာ ပင်ပန်းစွာ ရေးရသောကားကို မြင်လျှင် လစ်သိုရုပ်ပုံမျိုးနှင့် စံထိုးကာ ခြောက်မူးမျှ ပေးချင်မည့် လူကုံထံ မဟုတ်ကြောင်း ဝမ်းနည်းစွာ တွေးမိလေ၏ ။
ခံ့ညားတောက်ထိန်ပြီး ကျယ်သော လှေကားကြီး၏ နံရံမှာ အရိုင်းအကြမ်း လှပဝင်းထိန်သော တောကား တောင်ကား ၊ ညဈေးတန်းမှာ ချိတ်၍ ရောင်းသည့်ကားများနှင့် ပြည့်နှက်လျက်နေလေရာ လှေကားမှာ သုတ်သော အရောင်တင်ဆီမှ မပေါ်သာအောင် ပျောက်ကွယ်၍ နေလေ၏ ။
ဦးဘသိန်းသည်ကား ပန်းချီကျော် တစ်ယောက် ဘိလပ်က အပြန်တွင် ပန်းချီပြပွဲကြီးကို လုပ်ရာ စိတ်ကူးယဉ်ကျေးခြင်း၏ အငွေ့အသက် ကူးစက်သဖြင့် ထိုရုပ်ပုံကားများဖြင့် မိမိ၏ စိတ်ကူးဉာဏ် မထူမအန်းကြောင်းကို ပြကာ ဂုဏ်ယူ၍ ဆွဲချိတ်ထားသောကားများ ဖြစ်ကြလေ၏ ။ ပြပွဲမှ ကားတစ်ချပ်လျှင် တစ်ရာ ၊ နှစ်ရာ ပေး၍ ဝယ်သွားသော သူများကို မသိမလိမ္မာသော အရူးတွေပဲဟု စွဲမှတ်ကာ ၎င်းတို့ထက် သာသော စိတ်ကူးဉာဏ် ယဉ်ကျေးခြင်းကို ပြဖို့ရန် ထိုကားများဖြင့် တန်ဆာဆင်ခြင်း ဖြစ်လေရာ လယ်တောမှ လာရောက်ကြသော အခိုင်းအစေတို့က ငါတို့ဆရာ အင်မတန် စိတ်ကူးယဉ်ကျေးပါ ကလား ဟူ၍ ချီးမွမ်းကြလေ၏ ။
သို့ ... မစိန် ရပ်၍ နေခိုက်တွင် အစေခံ တစ်ယောက် ပေါ်၍ လာသဖြင့် သူဌေးမင်းကို တွေ့လိုကြောင်း ပြောလေရာ အစေခံက မချိုမချဉ် မျက်နှာနှင့် အကဲခတ်သလို ကြည့်ပြီး အတွင်းခန်း တစ်ခုထဲသို့ ပျောက်၍ ဝင်သွားလေ၏ ။
နောက်မကြာမီ ကျယ်သော အတွင်းခန်းကြီး တစ်ခု၏ ထောင့်၌ လက်ပြောင်သော ပက်လက်ကုလားထိုင်ကြီး တစ်ခုပေါ်တွင် သတင်းစာကို ကိုင်လျက် နှုတ်ခမ်း ပြင်ကာ ကြည့်၍ နေသော ၊ ခန့်ညားသော ယောက်ျားကြီး၏ ရှေ့သို့ ရောက်၍သွားလေ၏ ။
ထိုလူကြီးမှာ ခံ့ညား၏ ။ မောင်လှသိန်း၏ ဦးလေး ဖြစ်လေရာ ခန့်ညားသောလူမျိုး ဖြစ်သည်ကား မငြင်းနိုင်ပေ ။ အသက် ငါးဆယ်ကျော်ခန့် ရှိသော်လည်း မျက်နှာထားမှာ အသက် နှစ်ဆယ်ထက် ပို၍ မကြီး ။ အပျော်ဖြင့် ပျော်၍ ကျကုန်သော အသားအသွေးတို့၏ အရေး အမှတ်တို့မှာ မျက်နှာရှိ အကြောင်းများ၌ သိသိသာသာ ထင်ပေါ်၍ နေလေ၏ ။ ၎င်းသည် လှပသော ဆရာမကလေးကို မြင်သောအခါ ပက်လက်နေရာမှ ထူထပြီး အစာကို တွေ့သော သားရဲ၏ မျက်လုံးများနှင့် ဆရာမကလေးကို ကြည့်လေ၏ ။ ဆရာမကလေး နောက်၌ ရပ်နေသော အစေခံမှာ အလိုက်သိစွာ ရှောင်သွားလေ၏ ။
“ ဘာအလိုရှိသလဲ ၊ လာလေ ထိုင်ပါ ” ဟု ပြောကာ ကုလားထိုင် တစ်ခုကို ပြလေ၏ ။
“ ကျွန်မ ကိုလှသိန်း အတွက် လာပါတယ် ၊ ကိုလှသိန်း အခု တခြားကို သွားတော့မယ် ”
“ သွားရင် ဘာဖြစ်သလဲ ” ဟု မျက်နှာပျက်လျက် မေးလေ၏ ။
“ ဒီအကောင် နာမည်ကို မကြားချင်ဘူး ၊ တခြား အကြောင်းကို ပြောပါ ”
“ ကျွန်မ တခြားအကြောင်း ဘာမှ မပြောစရာ မရှိဘူး ၊ ကိုလှသိန်းကို တစ်ဆိတ် ပြန်ကြည့်ဖို့ ပြောတာပါ ”
“ ဒီအကောင်နဲ့ ဘယ်လို သက်ဆိုင်သလဲ ၊ ဪ ... အင်း ၊ အေး ၊ သိပြီ ။ ဒီအကောင်နဲ့ တွေ့တာ ကံဆိုးတာပေါ့ ။ ငါ့တူမ မိန်းမချောပဲ ၊ ဒီအကောင် ကောင်းတဲ့ အကောင်မဟုတ်ဘူး ” ဟု ပြောရင်း မိမိ၏ နေရာမှ ထ၍ လာပြီး ဆရာမ၏ အနီး၌ ရစ်ဝဲစပြုလေ၏ ။
ဆရာမမှာ ၎င်း၏ ထက်သန်သော မျက်နှာကို မြင်သောအခါ ကြောက်ရွံ့၍ သွားလေ၏ ။
“ ကျွန်မနဲ့ သူနဲ့ အကြောင်းပါတာ သုံးလေးလ ရှိပြီ ။ အခု ဦးလေးက ပြန်မကြည့်လို့ သွားတော့မယ်တဲ့ ။ ဦးလေး ပြန်ကြည့်ရင် ကျွန်မတို့ ကွဲမှာ မဟုတ်ဘူး ”
“ တူမကို ဦးလေး သနားတယ် ၊ ဒီကောင်နဲ့ ဖြစ်ရင် တူမ ဆင်းရဲတော့မှာပဲ ၊ သည့်အတွက် တူမလို အဖိုးတန် ဂုဏ်သရေရှိ အမျိုးသမီးကလေးတစ်ယောက် ဒီကောင် မတရားပြုကျင့်မှာကို စိုးလို့ ဦးလေး ပြန်မကြည့်ချင်တာ ၊ သင်း ဖျက်ဆီးခဲ့တာ များပြီ ၊ တူမ ပထမလည်း မဟုတ်ဘူး ၊ နောက်ဆုံး ဟုတ်မယ်လို့လည်း ဦးလေး မထင်ဘူး ၊ ဒီအကောင် နောင်တရအောင် လွှတ်ထားဦးမှပဲ ”
“ သူ့မှာ ဘာအပြစ်ရှိသလဲ ”
“ သူ့ အပြစ်တွေကို တူမ မသိသေးဘူးလား ၊ တူမလို မသိသူတွေ နောက်ဆုံး လွန်ပြီးမှ သိတာတွေ အများပဲ ရှိကြသတဲ့ ။ တူမကို မြင်မြင်ချင်း ဦးလေး အင်မတန်မှ နှမြောတာပဲ ။ ဒီလိုအကောင်နဲ့မှ ဖြစ်ရလေခြင်း တူမရယ် ” ဟု ပြောကာ ဆရာမ၏ ကုလားထိုင် နောက်မှီကို လာ၍ ကိုင်လေ၏ ။ ၎င်း၏ ပါးစပ်မှ အရက်နံ့ ရသဖြင့် ဆရာမသည် မွှေးသောလက်ကိုင်ပဝါနှင့် နှာခေါင်းကို ပိတ်လိုက်လေ၏ ။
“ ဒီအကောင်မျိုး ဘာလုပ်မလဲ ၊ သူ့မှာ ဘာမှ မရှိဘူး ၊ ပညာလည်း မလုံလောက် ၊ သူ့ အဖေ အလိုလိုက်လို့ ပျက်စီးနေတဲ့အကောင် .. ၊ ငွေအသိန်း တစ်ထောင် ပုံပေးလည်း တစ်နှစ် နှစ်နှ စ်အတွင်း ကုန်ပြီး မွဲမှာပဲ ၊ ပြီးတော့ တူမကြီးက ပဲပြုတ်ရောင်း ကျွေးမလား ”
“ ကျွန်မ အင်္ဂလိပ်ကျောင်းဆရာမ ”
“ ဟင် ... ဒါဖြင့် သာ နှမြောစရာ ကောင်းတာပေါ့ တူမရယ် ၊ ပညာကလေးနဲ့ ရုပ်ကလေးနဲ့ မင်းကတော် ၊ စိုးကတော် ၊ သူဌေးကတော် ဖြစ်ဖို့ ရုပ်ကလေး ” ဟု ပြောကာ ပခုံးကို လက်နှစ်ဖက်နှင့် ကိုင်လိုက်လေရာ ဆရာမသည် ရုတ်တရက် မတ်တတ်ထလိုက်လေ၏ ။ ဝင်၍ လာသော တံခါးမှာ ပိတ်၍ နေသည်ကို တွေ့ ရလေလျှင် ဆရာမမှာ ကြီးစွာ ထိတ်လန့်ခြင်း ဖြစ်လျက် ...
“ ကျွန်မ သွားတော့မယ် ” ဟု ပြောလေ၏ ။
“ ဘယ်ကိုလဲ တူမရဲ့ ၊ မြန်လိုက်တာ နေပါဦး ၊ တူမ လက်ချောင်းကလေးတွေ နဝရတ်ကိုးပါးနဲ့ တော်တဲ့ လက်ချောင်းကလေးတွေပဲ ” ဟု ပြောကာ .. ပျော့ပျောင်း သော လက်ကလေးကို ကိုင်ယူလေ၏ ။ ဆရာမမှာ ရုန်းနိုင်ဖို့ အခြေအနေ မရှိသည်ကို သိသဖြင့် အဘယ်ပုံ ကြံရမလဲ ၊ ငါတော့ မိနေပြီဟု စဉ်းစား၍ နေလေ၏ ။ ထိုအတွင်း ကိုဘသိန်းသည် မိမိ၏ လက်သန်းဝတ် စိန်လက်စွပ်ကို ချွတ်ကာ ဆရာမ၏ လက်သူကြွယ်ကို စွပ်၍ ပေးလေ၏ ။ ဆရာမမှာ ငြိမ်လျက် အကြံယူ၍ နေလေ၏ ။ မူးယစ်နေသော ဦးဘသိန်းသည် မိမိကို သဘောတူပြီ မှတ်ထားကာ သန်မာသော လက်များနှင့် ပွေ့လိုက်ရာ ဆရာမ၏ လျင်မြန်သော စိန်လက်စွပ်နှင့် လက်သည် ကိုဘသိန်း၏ မျက်နှာပေါ်သို့ ဝင်းခနဲ ရောက်၍ သွားလေ၏ ။ ကိုဘသိန်း၏ မျက်လုံးမှာ မီးပွင့်လျက် ဖျောင်းခနဲ မြည်၍ သွားလေ၏ ။ မျက်လုံးမှ သွေးများ သည် ချောင်းစီး၍ ကျလာလေရာ ကိုဘသိန်းသည် ဆရာမကို လွှတ်ပြီး မျက်နှာကို ပိတ်လျက် ...
“ အမယ်လေးဗျာ့ ၊ အမယ်လေး .. လာကြပါဦး ” ဟု အော်ကာ အခန်းထဲတွင် ချာလည်လည်၍ နေလေ၏ ။ ဆရာမသည် တံခါးကို ပြေး၍ ထုလေ၏ ။ တစ်စုံတစ်ယောက်မျှ လာ၍ မဖွင့်သဖြင့် ပြတင်းပေါက်တ စ်ခုကို ပြေး၍ ဖွင့်ပြီး ...
“ လာကြပါဦး ရှင့် ၊ ဟောဒီမှာ ကျွန်မကို ... ” ဟု တအား အော်လေ၏ ။
ဆရာမကို ပထမ မြင်ရသူသည် အခြားသူ မဟုတ် ၊ မောင်လှသိန်း ဖြစ်လေ၏ ။ မောင်လှသိန်းမှာ သွားခါနီး စရိတ် မလုံလောက်သဖြင့် ရှာကြံစုဆောင်းရန် သွားလာ နေခိုက်မှာ ထိုလမ်းသို့ ရောက်လာခြင်း ဖြစ်လေ၏ ။ ကိုလှသိန်းသည် အိမ်ထဲသို့ ပြေးဝင်၍ လာပြီး တယ်လီဖုန်းနှင့် ဂါတ်ကို တိုင်လေ၏ ။ မကြာမီ ပုလိပ်များနှင့် အရပ်သား အချို့တို့သည် အိမ်ထဲသို့ ရောက်၍ လာကြရာ သူဌေးဦးဘသိန်း ဖြစ်၍ နေပုံကို တွေ့မြင် ကြရလျှင် အံ့အားသင့်၍ နေကြလေ၏ ။ အကျိုး အကြောင်းကို တစ်စုံတစ်ရာ စစ်မေးခြင်း မပြုနိုင်ဘဲ ဆေးရုံကိုသာ ပို့ကြရလေသတည်း ။
••••• ••••• •••••
နောက် တနင်္ဂနွေ တစ်ပတ်လောက် ကြာသောအခါ ဦးဘသိန်း၏ မျက်လုံးမှာ ဒဏ်ရာလွန်စွာ ပြင်းထန်သဖြင့် ကုသ မရရုံမက ထိခိုက်သော အကြောမှာ တစ်ဖက် မျက်လုံးနှင့် အရေးအကြီးဆုံးသော အကြော ဖြစ်သောကြောင့် ထိုမျက်လုံးပါ ထိခိုက်မှာ များစွာစိုးရိမ် ရကြောင်းနှင့် ပြောလေ၏ ။
လှသိန်းသည် မိမိ၏ ဦးလေးကို အထူးဂရုစိုက် ကြည့်ရှုရလေ၏ ။ ဆရာမကလေးမှာလည်း အပါးမှ မခွာ ။ မိမိ၏ လက်ချက်ကြောင့်ဖြစ်သောကြောင့် လွန်စွာမှ ဝမ်းနည်းခြင်းဖြစ်လေ၏ ။ ပုလိပ်က စစ်မေးသောအခါ ခင်းထားတဲ့ ကြမ်းက အင်မတန် ချောသဖြင့် ဦးဘသိန်း ကုလားထိုင် ပေါ်မှ လျင်မြန်စွာ ထိုင်ရာတွင် ကုလားထိုင် ချော်၍ လဲပြီး မိမိ၏ မျက်လုံးမှာ အခြား ကုလားထိုင်ထောင့်စွန်းတစ်ခုနှင့် ဆောင့်မိ၍ ပေါက်ကြောင်း ၊ ဆရာမက ထွက်လေရာ ပုလိပ်က မသင်္ကာသဖြင့် “ ဆရာမ ဘာကိစ္စ သူဌေးမင်းထံကို ရောက်လာသလဲ ” ဟု မေးလေ၏ ။
ဆရာမက “ မိမိမှာ ကိုလှသိန်းနှင့် ပတ်သက်ပြီး တူမ ၊ သူဌေးမင်းနှင့် တူဝရီးတော်ကြောင်း ၊ ကိုလှသိန်းက ငွေအတောင်းခိုင်းလို့ သွားတောင်းရာမှာ ကျွန်မတို့ အင်မတန် အသုံးကြီးကြောင်း ၊ ငွေဟာ အလကားရတာ မဟုတ်ကြောင်း ၊ အခုခေတ်မှာ လွန်စွာ ကျပ်တည်းပြီး ငတ်မွတ်နေသူတွေ အများ ရှိကြတဲ့ အထဲမှာ နင်တို့က မိဘလုပ်စာ အလကား ရတိုင်း သုံးချင်သလို သုံးသလား ၊ ဆင်းရဲသားခမျာများကို ကိုယ်ချင်းစာ ကြည့်ကြဦး စသည် ဖြင့်ပြောပြီး ချက်ကို ရေးဖို့ရန် စိတ်ဆိုးဆိုးနှင့် ဆောင့်ထိုင်ရာမှ ကုလားထိုင် ချော်လဲကြောင်း ” စသည်ဖြင့် အစစ်ခံလေရာ ဦးဘသိန်းက “ နင်တို့ လင်မယားပဲ လွန်လွန်အားကြီးတယ် ၊ ငါက အစ်ကို့ ပစ္စည်းကို မကုန် တန် မကုန်ကျရအောင် စောင့်ထိန်းရတာ ၊ များအား ကြီးတော့လည်း ဘယ်စိတ်ရှည်နိုင်တော့မလဲ ၊ အင်စပိတ်တော်မင်းရဲ့ အခု ကျုပ်တူမ ထွက်ချက် အတိုင်းပါပဲ ၊ တခြားဘာမှ မဖြစ်ပါဘူး ” ဟု ပြောပြီး လှသိန်းကို ခေါ်ကာ “ ကိုင်း... ဦးလေးတော့ မင်းတို့ လင်မယားကြောင့် ဒုက္ခ တွေ့ပြီ ၊ ဒီပစ္စည်းတွေ ကိုလည်း မထိန်းနိုင်တော့ဘူး ၊ ဦးလေးလည်း တစ်သက်လုံး ဘဝဆုံးတော့တာပဲ ။ ငါ့ တူလည်း အရွယ်ရောက်ပြီ ၊ မင်းတို့ ပစ္စည်းများကို မင်းတို့ပဲ ဂရုစိုက် ထိန်းသိမ်းပေတော့ ၊ ဦးလေး ကိုတော့ ပစ်မထားကြပါနဲ့ကွယ် ” ဟု ညှိုးငယ်သော အမူအရာနှင့် အသနားခံရှာလေ၏ ။
“ စိတ်ချပါ ဦးလေး ၊ ကျွန်တော် ဂရုစိုက်ပါမယ် ၊ ဦးလေး တစ်သက်မှာလည်း မဆင်းရဲရပါဘူး ” ဟု ပြောလေ၏ ။
ပုလိပ်အရာရှိများ ထွက်၍ သွားသောအခါ နှစ်ယောက်စလုံးကို အပါးသို့ ခေါ်ပြီးလျှင် မိမိ တစ်ဖက် တစ်ချက်မှာ ထိုင်စေလျက် ၎င်းတို့၏ လက်များ ကိုင်ပြီး ကိုယ်တိုင် ထပ်၍ ပေးရင်း မျက်ရည်များ တတွေတွေ ကျဆင်းလျက် “ ဦးလေး မှားတာကို ဗွေယူကြသလား ၊ ဦးလေး အသောက်အစား လွန်လို့ မှားတာပါ တူမောင် ၊ တူမကြီးကလည်း အခွင့်လွှတ်ပါနော် ” ဟု ပြောလေ၏ ။
ထိုအခါ နှစ်ယောက်သား မျက်နှာများကို လက်ကိုင်ပဝါများနှင့် တို့ကြလေ၏ ။ ငိုရှိုက်သံကို ဦးလေး ဖြစ်သူ မကြားရအောင် ပဝါနှင့် ပါးစပ်ကို ဆို့ကြလေ၏ ။ ထိုသို့ ဆို့သော်လည်း မရ ၊ “ ကျ ... ကျ ... ကျွန်တော်တို့ ဗွေမယူပါဘူး ဦးလေးရဲ့ အဟင့် ” ဟု မြည်သော လှသိန်း ၏ ငိုသံနှင့် စကားကို ကြားရသဖြင့် လှသိန်းကို မိမိ၏ နံဘေးသို့ တင်းကျပ်စွာ ဆွဲယူလျက် မိမိ၏ မေးစေ့ကို လှသိန်း၏ ဦးခေါင်း၌ တပ်ကာ ပင့်သက်ရှူပြီး သက်မ ကြီးချလိုက်လေ၏ ။ လှသိန်းနှင့် မစိန်တို့သည် ဝမ်းမနည်းရအောင် အားပေးကြလေ၏ ။
နောက်ရက်များ မကြာမီ သူဌေးဦးလှသိန်းနှင့် သူဌေးကတော် ဒေါ်စိန်တို့ ဧည့်ခံပွဲတွင် မျက်စိ သီသီမျှ မြင်ရသော ဦးလေးကြီး ဦးဘသိန်းသည် ဧည့်ခံပွဲ ထိပ်တွင် ရပ်လျက် မိမိအစ်ကို၏ အလိုဆန္ဒအတိုင်း မောင်လှသိန်း အား လွှဲအပ်ကြောင်း အများ သိအောင် ပြောပြလေ ရာ အားလုံး လက်ခုပ်လက်ဝါး တီးကြလေ၏ ။ နောက်တစ်နေ့ ဦးဘသိန်း၏ မြင့်မြတ်ရိုးမတ်သော စိတ်အကြောင်းနှင့် ပတ်သက်၍ ချီးမွမ်းသော သတင်းများသည် သတင်းစာ ဟူသမျှတို့၌ ပါရှိလေသတည်း ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment