Wednesday, May 27, 2026

အဇ္ဈတ္တ ခြေသံများ


❝ အဇ္ဈတ္တ ခြေသံများ ❞
        ( မေဇွန်အေး )

ဒီလို လွဲချော်ခြင်းမှာ မွေ့လျော်ပြီး ခါးသက်သက် ရက်စက်တတ်သည့် လောကဓံကို သူ မုန်းသည် ။ အပေါ်စီး လှောင်ပြောင်မှုနှင့် စတင်ပြီး မျှော်လင့် အောက်ကျို့စွာဖြင့် တို့ကနန်း ဆိတ်ကနန်း မြှူလာသည့် မျက်နှာပြောင် ၊ အရှက်မဲ့ ကြောင်လက်သည်းဝှက် လူမျိုးကို သူ မုန်းသည် ။ စက်ဆုပ်ရွံရှာသည် ။ မည်သို့ဆိုစေ ... ။ မပြီးဆုံးသေးသော ရှေ့ဆက်ရဦးမည့် မနက်ဖြန်အတွက် တိတ်ဆိတ်စွာ အနားယူစေနိုင်သော ဝီစကီကို သူ ချစ်သည် ။ ပြီးတော့ အားရပါးရ ရယ်မောလိုက်ချင်သည် ။

••••• ••••• •••••

အိပ်မက်များလား ။ သူ့နားကိုသူ မယုံနိုင် ။ မီးတောက်နေသော စကားလုံးများက သူ့နားထဲသို့ အလျှံညီးညီး စီးဝင်နေသည် ။ ဟုတ်ပါ့မလား ။ သူပဲ နားကြားလွဲနေသလား ။ ဘယ်လို ယုံကြည်ရမလဲ ။ အိပ်မက်တစ်ခုနှယ် ။ ဒါမှမဟုတ် သူ ဝီစကီ ကြောင်ပြီး အထင်မှား ၊ အမြင်မှား စကားတွေ ကြားနေတာများလား ။ စိတ်ကစဉ့်ကလျား နိုင်ပါဘိ ။ သူ မျက်စိကို အသေအချာ ပွတ်သပ်လိုက်သည် ။ ခေါင်းကို သွက်သွက်ခါခါ ယမ်းလိုက်သည် ။ အမူး ပြေလိုပြေငြား ။ သူ့ရှေ့မှာ ထိုင်နေသည့် သူကို စေ့စေ့စိုက်စိုက် ပြန် ကြည့်သည် ။ ဟုတ်ပါသည် ။ သူ မမှားပါဘူး ။

ဒေါ်လှလှတင့် မှ ဒေါ်လှလှတင့် အစစ် ။

သေချာအောင် ထပ်ကြည့်ပြီး ပြန်တွေးတော့ သက်၏ အဒေါ်အရင်း ခေါက်ခေါက် ။ သူ့ကို မျှော်လင့်ခြင်း များစွာဖြင့် ကြည့်နေသည့် ဒေါ်လှလှတင့် ။ ဟိုတုန်းကတော့ တစ်ချိန်လုံး သူ့အပေါ် အထင်သေး အမြင်သေး နိုင် ထက်စီးနင်း စကားလုံးများဖြင့် သဲသဲမဲမဲ ပစ်ပေါက်ခဲ့သူ ။ သူ့ကို အရောတဝင် စကား ဟဟပင် မပြောဖူးသော ၊ အကြည့်ကလေး တစ်ချက်ပင် မယဉ်ကျေးဖူးသော သူက ဒီစကားတွေ ပြောပြီး သူ့ကို နူးညံ့သိမ်မွေ့စွာ ကြည့်နေသည့် မျက်ဝန်းများကို သူ အံ့သြစွာ မြင်နေရပြီလေ ။

“ အန်တီ ဘာပြောလိုက်တာလဲ ၊ ထပ်ပြောပြပါဦး ”

သူ့စကားကို မည်သို့မျှ မယုံနိုင်သည့် အတွက် ဒေါ်လှလှတင့်ကို သေချာအောင် ထပ်မေးမိသည် ။ ထိုအခါ ဒေါ်လှလှတင့်က သူ့လက်နှစ်ဖက်ကို ယုယုယယ ဆွဲယူပြီး အကြင်နာဆုံး မျက်ဝန်းဖြင့် တိုးလျညင်သာစွာ ထပ်ပြီး အဆိုပြုလာသည် ။

“ မောင်ဇော်ရယ် သက်လည်း မရှိတော့ဘူးလေ ။ မောင်ဇော် တစ်ယောက်တည်း ဒီလို သောက်စားပြီး ဝေဒနာကို ကုစားနေတာ အန်တီတို့ မကြည့်ရက်ဘူးကွယ် ။ ကြာရင် မောင်ဇော့်ဘဝ နစ်မွန်း သွားနိုင်တယ် ။ မောင်ဇော့်ကို အနီးကပ် စောင့်ရှောက်ဖို့ ချိုလေးနွယ်ကို မောင်ဇော် လက်ထဲ ထည့်ပါရစေ ။ ချိုလေးနွယ် ကလည်း သူစိမ်းတွေ မဟုတ်ဘူးလေ ။ သက်ရဲ့ ညီမလေးပဲဆိုတော့ ...”

ချိုလေးနွယ် ဆိုတာ ဒေါ်လှလှတင့်၏ တစ်ဦးတည်းသောသမီး ။

သေချာသွားပြီ ဒေါ်လှလှတင့်၏ စကားတွေကို သူ နားကြားလွဲတာ မဖြစ်နိုင်တော့ ။ အရှက်မဲ့စွာ ခုန်ပေါက် ထွက်ကျလာသော ဒေါ်လှလှတင့် စကားတွေကို သူ နားထောင်ဖို့ နားရှက်လှသည် ။ သူ၏ ရင်ထဲမှာတော့ မျှော်လင့်ချက် ကြီးစွာဖြင့် အရှက်မဲ့စကား ပြောထွက်ခဲ့သော်ငြား သူ ဆက်နားထောင်ဖို့ အင်အားမရှိတော့ပါ၍ တယုတယ ဆွဲဆုပ်ထားသော လက်မှ သူ့လက်ကို ဆတ်ခနဲ ရုန်းဖယ် သိမ်းရုပ်လိုက်ပြီး -

“ ဟား .. ဟား .. ဟား .. ဟား ”

သူ အားပါးတရ ရယ်မောပစ်လိုက်သည် ။ ရယ်စရာ ကောင်းလွန်းလို့ပါ ။ ရယ်ရ လွန်း၍လား ဒါမှမဟုတ် နာကျင်စူးနစ်မှု တစ်ခုခုကြောင့်လားဟု သူ မဝေခွဲတတ်ပေ ။ သူ့မျက်ဝန်းမှာ မျက်ရည်စများ ဝေ့သီကာ တွဲလွဲခိုလာကြသည် ။

“ မောင်ဇော် မောင်ဇော် သတိထားပါကွယ် ။ အန်တီလေ အန်တီ ဒေါ်လှလှတင့် ပါ ။ စိတ်ကို ထိန်းပါနော် ။ ဖြစ်ပြီးရင်ပျက် ၊ ပျက်ပြီးရင်လည်း အသစ် ပြန်ဖြစ်ရတာ ဓမ္မတာပါ ။ မောင်ဇော် စိတ်ပင်ပန်းနေပြီ ၊ နားလိုက်ပါဦး ။ ပြီးတော့ ခေါင်းအေးအေး ထားပြီး စဉ်းစားနော် ။ အကောင်းဆုံးဖြစ်အောင် အန်တီတို့ သေသေချာချာ စီစဉ်ထားတာကို လက်ခံပေးပါနော် ”

သူ မရိုင်းပျချင်ပါ ။ ဒီမိန်းမကြီးကို တစ်ချိန်က သူ့ကို လက်ညှိုး ငေါက်ငေါက် ထိုးပြီး ဒဏ်ရာဒဏ်ချက် ပေးခဲ့သလို ပြန်သင်ခန်းစာ ပေးချင်သည် ။ အလကား ပလီစိချောက်ချက် မိန်းမလည် ။ ဒါပေမဲ့ သူ မလုပ်ဖြစ်ခဲ့ပေ ။ သူ့နှလုံးသားကို ကလေး ကစားစရာ အရုပ် တစ်ရုပ်ဟု ထင်မှတ်နေကြသလား ။ အံ့ဩစရာ ကောင်းလိုက်တာ ရေစီး တစ်ခါ ၊ ရေသာ တစ်လှည့် ဆိုတာ ဒါပဲထင်သည် ။

ကြောင်လက်သည်း ဝှက်ထားသလို ဟန်ဆောင် တတ်သော လူ့အသိုင်း အဝိုင်း ၊ အထူးသဖြင့် သက် နှင့် ပတ်သက်နေသူ အားလုံးကို အသည်းခါးခါး မုန်းသည် ။ မတွေ့လို ၊ မမြင်လိုတော့ပေ ။

••••• ••••• •••••

အချစ် ဆိုတာ မျက်ကန်း တစ္ဆေမကြောက်သလိုပါပဲ ။

ဆယ်ကျော်သက် အရွယ် ကတည်းက ချစ်ခဲ့ရသူ မို့လည်း သက်နှင့် သူ စွဲစွဲလမ်းလမ်း ချစ်ခဲ့မိကြသည် ။ သက် မိဘအသိုင်းအဝိုင်းက တိမ်ညွန့်စား မြင့်မားသည် ။ တစ်ဦးတည်းသော သမီး အတွက် သက်မိဘ အိပ်မက်တွေက ရွှေရောင်အိပ်မက်တွေ ဖြစ်နေတာ မဆန်းကြယ်ပေ ။ သက်ကတော့ သူ့ဘဝ ဖြစ်တည်မှုကို မနှစ်ခြိုက် ၊ မပျော်ပိုက်သူ ဖြစ်နေတာကလည်း ဆန်းကြယ်နေပြန်သည် ။

သက်က အရောင်မဆိုး သည့် ရိုးသားစိတ်နှင့် မြေကြီးပေါ်မှာ လမ်းလျှောက်ချင်သူ ။ ပြီးတော့ ပကာသနတွေ လွှမ်းနေသည့် အပေါ်ယံ အပြုံးတုတွေကို သက် ရွံမုန်းသည် ။ အဲယားကွန်း တပ်ပြီး အလုံပိတ် ထားသည့် ကားကို သက် မစီးချင် ။ သက်က အသက်ရှူမဝဟု ထင်သည် ။ သက် စိတ်ရင်းက ကားထဲမှာ လူနံ့သင်းပြီး လူသားဆန်သူများ၏ ပုံရိပ်များကို လှမ်း မြင်နိုင်သော ဘတ်စ်ကား စီးရတာ အရသာ တွေ့သည် ။ ဝေဟင်မှာ မပျော် ၊ မြေပြင် မှာသာ ပျော်ချင်သည့် ငှက်မျိုး ။

သက်၏ လူသားဆန်သော စိတ်ထားကြောင့် သူ သက်ကို မြတ်နိုးရသည် ။ ရှေ့ဆက်ရမည့် ခရီးအတွက်လည်း ခွန်အားဖြစ်စေသည် ။ ပြောရလျှင် သက် အတွက် ဘာမဆို စွန့်စားဖို့ သတ္တိအပြည့် ရှိသလို ရင်ဆိုင်ဖို့လည်း လက်တွေ့ကျကျ မတွန့်မဆုတ် ဝံ့စားရဲသည် ။

“ မောင် သက်ကို နိုင်ငံခြားမှာ ပညာသင်ဖို့ ဖေဖေတို့ ခြေလှမ်း ပြင်နေကြပြီ ။ သက် မသွားချင်ဘူး မောင် ”

သက် စကားက သူ့ နှလုံးသားကို ညှစ်ဆုပ်လိုက် သလို နာကျင်စေခဲ့သည် ။ တစ်ဦးတည်းသော သမီး လေးအတွက် ထားရှိသည့် မိဘမေတ္တာကား ချိုမြိန်လှပါသည် ။ ကြားရသူတိုင်းကိုလည်း မုဒိတာဖြစ်စေမှာ အမှန်ပါပဲ ။

“ သက် …. ဒါဆိုရင် ....”

သူ့ လည်ချောင်းမှာ တစ်ဆို့နေသော အသံက ဆက်ပြောနိုင်သော အစွမ်း မရှိတော့ ။

“ သက်တို့ မိုးအဆုံး မြေ အဆုံး ပြေးကြစို့ မောင် ”

ဒီစကားကို သက် ပြောမည်ဆိုတာ သိလျက်နှင့် သက်ပြောမှ ပြောပါ့မလား သူ စိုးရိမ်နေခဲ့တာ အမှန်ပါ ။ အခုတော့ သက် စကားက သူ့ဘဝ ၊ သူ့အချစ်တွေကို အလျားရှည်စေပြီ မဟုတ်ပါလား ။ သူက ယောက်ျားသားပဲ ။

သက် နှင့် သူ ။

တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ ၊ ထမင်းရည်ပူ သောက်ရသောက်ရ ဆိုသော ခေတ်ဟောင်း ဂန္ထဝင်သီချင်း ကို အရက်မူးလာလျှင် အော်အော် ဆိုနေတတ်သော သူ့ အိမ်ဘေးက ကိုငယ်၏ အသံထဲ သူ ရဲဝံ့စွာ ပျော်ဝင်လိုက်ပါတော့သည် ။

••••• ••••• •••••

“ ဟင် ... တူသလား တန်သလား ။ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ ။ ယောက်ျားပိုင်းလုံးကောင် ။ မင်းမှာ ခြေလက်အင်္ဂါ စုံစုံလင်လင် ရှိလျက်သားနဲ့ လုပ် စားကိုင်စားဖို့ ပျင်းတဲ့ အကောင် ။ အဖြစ် မရှိတဲ့ အကောင် ။ မိန်းကလေးတစ် ယောက်ကို ရုပ်ကလေး ဗန်းပြပြီး ချူစားနေတဲ့ကောင် ။ ငါတို့ သမီးကို နင်လိုကောင်နဲ့ သဘောမတူနိုင်ဘူး ။ အခု ချက်ချင်း ငါတို့လက် အပ်ပါ ။ မဟုတ်လို့ကတော့ မင်းကို ထောင်မကျ ကျအောင် အမှုဖွင့်ပစ်မယ် ။ ဘာမှတ်နေလဲ ”

ဒီစကားက သက် မေမေ ဒေါ်မြမြတင့်၏ ယောက်ျား မာနကို ချိုးဖဲ့နှိပ်ကွပ်သည့် စကား ။ အသည်းကြားကို ဆူးချွန်နှင့် မွှသလို ။

“ အောင်မယ်လေးတော် ၊ တန်ရာတန်ရာ မမှန်းဘူး အံ့သြပါ့ ။ ကိုယ့်ဘဝကို ကိုယ်ပြန်ကြည့်ပါဦး ။ နေတော့ တဲစုတ် ၊ မှန်းတော့ ရွှေထုပ် ။ တို့ တူမကို ဘာဆေးနဲ့ လုပ်ကြံယူထားသလဲ ။ မင်းလို ကောင်မျိုးရဲ့ အိမ်ကို လာရတာ တို့မိသားစုတွေ သန လိုက်တာ ။ ယောက်ျားပိုင်းလုံး ဆိုတာ ကြားပဲ ကြားဖူးတာ ၊ ခုမှ လက်တွေ့ မြင်ဖူး တော့တယ် ။ ကျက်သရေ မရှိလိုက်တာ ။ တို့တူမကို ပြန် ထည့်ရင်ထည့် ၊ မထည့်လို့ကတော့ ထောင်ထဲ ရောက်သွားမယ် ”

သူတို့ အိမ်ကျဉ်းကျဉ်း ကလေးထဲမှာ ကမ္ဘာပျက်ချေပြီ ။

သက် မေမေ၏ညီမ သက်အန်တီ ဒေါ်လှလှတင့် ပစ်ပေါက်လိုက်သော စကားလုံးများက သူ၏ သိက္ခာတရားကို ထိပါးစော်ကား လွန်းလာတော့ သူ သည်းမခံချင်တော့ ။ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး သူ့ကို ထိုးနှက်လှဲဖြိုလာသူ နှစ်ယောက်ကို ရင်ဆိုင်ဖို့ ထ , ရပ်လိုက်သည် ။ အဖေ မရှိ၍သာ တော်သည် ။ အဖေက စိတ်ဆက်သည် ။ မဟုတ်မခံသည့် သူမျိုး ။ ဒီစကားလုံးမျိုးတွေ ကြားပါက ပွဲကြမ်းမှာ သေချာသည် ။ အမေကတော့ အိပ်ရာထဲမှာ ရှက်လွန်း၍ မျက်ရည်တွေနှင့် ဝမ်းနည်း ငိုကြွေးနေရှာမှာပေါ့ ။

“ မောင် အသာနေ ၊ သက် ဖြေရှင်းမယ် ”

သက် စကားကြောင့် သက်ကို သူ သတိရသွားသည် ။ အခြေခံလူတန်းစားတို့ နေထိုင်ရာ ရပ်ကွက် ဆိုတော့ သူတို့ အိမ်ရှေ့မှာ လူတွေက အုံခဲလို့ ။

“ ဒီမှာ မေမေနဲ့ အန်တီ ၊ သမီး ပြောမယ် ။ သမီးက အသက် ၁၈ နှစ် ပြည့်ပြီးပြီ ။ သမီး သဘောနဲ့ သမီး ဆုံးဖြတ်ပြီး လိုက်တာတာ ။ မေမေတို့ လူတစ်ယောက်ကို ဒီလောက် နှိမ်ပြောစရာ မလိုပါဘူး ။ သားသမီးချင်း စာနာပါ ။ မေမေတို့ မတရား လုပ်လို့ကတော့ ဟောဒီမှာ တွေ့လား ၊ အဆိပ်ပုလင်း ။ နှစ်ယောက်စလုံး သောက်ပစ်လိုက်ကြမယ် ။ သမီးကို အသက်ရှင်လျက်နဲ့ တွေ့ချင်သေးရင် မေမေနဲ့ အန်တီတို့ ပြန်ကြပါတော့ ။ သမီး ရွေးချယ်တဲ့သူဟာ လူညံ့မဟုတ်ဘူးဆိုတာ မေမေတို့ သိလာမှာပါ ။ မေမေတို့ ပြန်ပါတော့ ”

နောက်ဆုံးတော့ ပြတ်သားခိုင်မာသည့် သက် စကားကြောင့် သက်မေမေ နှင့် အန်တီတို့ လက်လျှော့ကာ ပြန်သွားကြသည် ။ သက်၏ သူ့အပေါ် နှောင်ဖွဲ့ရစ်ပတ် ထားသော အချစ်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည် ။

“ သက်ရယ် ”

••••• ••••• •••••

မိဘကို စုံကန်ပြီး သူ့ ရင်ခွင်ဆီ တိုးဝင်လာသော သက်အတွက် သူ အမြင့်မားဆုံး ဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည် ။ အဖေက “ ဦးထွန်း ကားဝပ်ရှော့ ” မှာ ကျွမ်းကျင်သည့် မက္ကင်းနစ် တစ်ယောက် ။ သူ့ကို တစ်ဦး တည်းသားမို့ ပညာတတ်ကြီး တစ်ယောက် ဖြစ်စေချင် သည် ။ သို့သော် လွဲချော်ပြီး ရက်စက်တတ်သော လောကဓံတရားက အဖေ့ဘဝကို ဓားလို ထိုးစိုက်ပစ်လိုက်သလို သူ့ ဘဝကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့သည် ။ မမျှော်လင့်ဘဲ အဖေ ကားအောက် ဝင်ပြီး ကားပြင်နေစဉ် အချိန်တို အတွင်း ကားပိခဲ့ရာ အဖေ့ ခြေထောက်တစ်ဖက် ထိခိုက်ခဲ့ရသည် ။ အလုပ်ရှင် ဦးထွန်းက အဖေ့ကို အစွမ်းကုန် ဆေးကုသပေးသော်လည်း အဖေ့ ခြေထောက် တစ်ဖက်ကား မသန်မစွမ်း ဖြစ်သွားရသည် ။ အဖေ အလုပ်မလုပ်နိုင်တော့ ။

အမေကလည်း မွေးရာပါ ရင်ကျပ်ဝေဒနာကြောင့် ခါးပင်ကုန်းကုန်းကြီး ဖြစ်လာ သည် ။ ပန်းနာရင်ကျပ်ဝေဒ နာသည် အမေသည် အအိပ် ယပျက် ၊ အစားပျက် ဖြစ်လာသည် ။ နားထင်ကကျ ၊ လူ ကလည်း ပိန်လှီခန်းခြောက် နေတော့ အမေ့ ဥပဓိရုပ်က မပီမပြင် ရုပ်ဆိုးလှသည် ။ အဖေ့ခြေထောက်က ခပ်ဆာဆာ ၊ အမေ့ခါးက ကုန်းကုန်း ။ သက်မိဘများ အနေဖြင့် သူတို့၏ မိသားစု အနိဋ္ဌာရုံကို ကြည့်ပြီး ခမည်းခမက် တော်ရမှာ ရှက်ပြီး သူ့ကို နာကြည်း မုန်းတီးနေတာ ပြန်တွေးတော့လည်း သူ စိတ်မနာနိုင်တော့ပေ ။ သက်အတွက်သာ သူ အကောင်းဆုံး ကြိုးစားဖို့ လိုအပ်လာပြီလေ ။

အဖေ လုပ်ခဲ့သည့် ဦးထွန်း ကားဝပ်ရှော့ အလုပ်ရုံမှာပဲ သူ အလုပ်ဝင်သည် ။ ဦးထွန်းကလည်း အဖေ့အပေါ် ကရုဏာ ရှိရင်းစွဲမို့ သူ့အပေါ် စေတနာထားသည် ။ သူကလည်း ကြိုးစားသည် ။ သူတို့နှစ်ယောက် အကြောင်းကိုလည်း ဦးထွန်း တစ်ယောက် မိုးလုံးပြည့် စကားတွေကို နားလျှံအောင် ကြားဖူးနေတော့ သူတို့ကို ပိုပြီး စာနာသည် ။ စောင့်ရှောက်သည် ။

ကံကြမ္မာ အထိုးအနှက် ရိုက်ချက်တွေကို ကျောကော့နေအောင် ခါးစည်းပြီး ခံထားရသော သူ့အဖို့ ကံဇာတာ တက်ဖို့ ကြုံလာရသည် ။ ကံတရားက မျက်နှာသာ တစ်လှည့် ပြန်ပေးသည် ။ အဖြစ်က ဒီလိုပါ ။ ဦးထွန်း၏ ညီ အရင်းတစ်ယောက်က စင်ကာပူနိုင်ငံ၌ ကားပစ္စည်းစက်ရုံ တည်ထောင်ထားသူ ဖြစ် သည် ။ အလုပ်သမား လိုနေ၍ ရိုးသားပြီး ကားနှင့် ပတ်သက်ပြီး ကျွမ်းဝင်သူ ရှိပါက ပို့ပေးဖို့ ဦးထွန်း ဆီ အကြောင်းကြားလာသည် ။ ဦးထွန်းက သူ့ကို ဆွေးနွေးသည် ။ သူက သက်နှင့် တိုင်ပင်သည် ။ အဖေ ၊ အမေကတော့ သူ့နဲ့ သက် သဘောပါပဲတဲ့ ။ သက်က သူနဲ့ မခွဲမခွာနိုင်ပေမဲ့ သူတို့နှစ်ဦးစလုံးအတွက် တိုးတက်ဖို့ လမ်းစဆိုတော့ သက် ခေါင်းညိတ်ပါသည် ။

သက်နှင့် ခဏတာ ဝေးရပေဦးမှာပေါ့ ။

••••• ••••• •••••

သက်နှင့် သူ ဆယ်စုနှစ် တစ်ခုအတွင်း ပြောင်းလဲမှု များက အံ့ဘနန်းပါပဲ ။ သူ့ရဲ့ ကြိုးစားမှုကြောင့် သူဌေး၏ လူယုံ တစ်ယောက် ဖြစ်လာ သည် ။ လုပ်ပိုင်ခွင့်တွေ ရလာသည် ။ ဝင်ငွေ တိုးလာတော့လည်း သူ့ဘဝ အခြေအနေ မြင့်မားခဲ့သည် ။ အမေကတော့ သူတို့အားလုံးကို ကျောခိုင်းသွားခဲ့လေပြီ ။ အဖေ့ကတော့ သက်ကို စောင့်ရှောက်ရင်း တရားဘာဝနာ အားထုတ်ကာ အေးငြိမ်းသော ဘဝကို ရရှိပိုင်ဆိုင်လာခဲ့သည် ။ သူကတော့ သက် ဆီ ၆ လတစ်ကြိမ် ပြန်လာသည် ။

“ လွမ်းလိုက်တာ သက်ရယ် ”

သူနဲ့ သက် ကျယ်ဝန်းသော ခြံဝင်းအတွင်း သက် ပြုစုစိုက်ပျိုးထားသော ပန်းမျိုးစုံ ပွင့်လန်းရာ ပန်းဥယျာဉ် အတွင်း လေညင်းခံရင်း စကားတွေ ဖောင်ဖွဲ့ကြသည် ။ သူ့ရင်ထဲ ခေါင်းမှီကာ သူ့ မျက်နှာကို တစိမ့်စိမ့် ကြည့်နေသည့် သက်ကို သူ မြတ်နိုးနေမိသည် ။

“ သက် ”

“ ဟင် မောင် ”

“ မောင်တို့ မျိုးဆက်လေး ယူကြရအောင်နော် ”

သူ့စကားကို သက် ပြုံးပြီး ခေါင်းညိတ်သည် ။

“ မောင် နောက်တစ်ခေါက် ပြန်လာရင် အိုဂျီ ဒေါက်တာ ခင်ခင်အေးဆီ သွားကြမယ်လေနော် မောင် ”

“ သက်လေ မောင့်ကို လွမ်းတိုင်း ဟောဒီ ပန်းခြံထဲမှာ ပန်းတွေမျိုးစုံ စိုက်ပြီး အလွမ်းဖြေ နေရတာပါ မောင်ရယ် ၊ သက်တို့ရဲ့ သားသား မီးမီးလေးသာ ရှိခဲ့ရင် သက်က ပိုပြီး ပျော်မှာပါ မောင် ”

သက် တစ်ယောက် အားသည်နှင့် ခြံထဲ ဆင်းကာ နှင်းဆီ ၊ စံပယ် ၊ သစ်ခွ မျိုးစုံကို အရိပ် တကြည့်ကြည့် စိုက်ပျိုးရင်း သူ့ကို အလွမ်းဖြေ နေရသည်တဲ့ ။ ဪ သက်ရယ် သည်လောက်တောင် မောင့်ကို လွမ်းနေရသလားကွယ် ။ နောက်ဆိုရင် မောင်လည်း သက် အနားမှာပဲနေပြီး မောင် ကျွမ်းကျင်သည့် ပညာနှင့် ကိုယ်ပိုင် စီးပွားရေး ထူထောင်နိုင်အောင် ကြိုးစားပါမည် သက် ။ ပြီးတော့ သားသား မီးမီးတို့နှင့် ပျော်ပျော်ရွှင်ရွှင် နေကြရအောင်နော် ။

သက် မောင့်ကို ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါ ။

••••• ••••• •••••

အိပ်မက်သာ ဖြစ်လိုက်ပါတော့ ။

ဖုန်းထဲက အဖေ့ စကားသံကို သူ့နားထဲ မိုင်းတစ်လုံး ပေါက်ကွဲသလို ကျယ်ကျယ် လောင်လောင်ဖြင့် ဆူညံနေ၏ ။

“ သက် ဆုံးပြီတဲ့ ”

ဟောဗျာ ၊ သက် ဆုံးပြီ ၊ သက် ဆုံးပြီတဲ့ ။ ဗြုန်းစား ကြီး ။

လက်ကိုင်ဖုန်းကလေး ဒေါက်ခနဲ ကြမ်းပေါ်ကျသွားသည်အထိ သူ့အသိစိတ်တွေ ပျောက်ဆုံးသွားခဲ့သည် ။ စက္ကန့်ပေါင်းများစွာ ကြက် သေသေကာ မေ့လျော့နေခဲ့သည် ။ သတိရချိန်မှာ သက် ရှိရာ အမြန်ဆုံး ပြန်သွားဖို့ လုပ်စရာများ အပြေးအလွှား လုပ်ရသည် ။ သက်ရယ် ဘယ်လိုများ ဖြစ်ရတာလဲ ကွယ် ။ မောင့်ကို ထားရစ်ခဲ့ပြီလား ။

ယောက်ျားတန်မဲ့ သူ ငိုကြွေးနေမိသည် ။ ရင်ထဲမှာရော အပြင်မှာပါ ။

ဆရာဝန် ပြောပြချက် အရ သက်မှာ နှလုံးရောဂါ အစပြု ရှိနေပြီတဲ့ ။ ဒီအခြေအနေကို သက် ကလည်း သတိမထားမိ ။ သူချစ်သော ပန်းပင်ကလေးများကို ပြုစုရင်း အချိန် ကုန်လွန်နေတတ်သည် ။ ပန်းပင်လေးတွေ ၊ အထူးသဖြင့် သစ်ခွပန်းနှင့် နှင်းဆီပန်းတို့က ပိုးကျလွယ်သည် ။ သက်က သူယုယနေသော ပန်းကလေးများ ရှင်သန်ရေးအတွက် ပိုးသတ်ဆေး အမျိုးမျိုးနှင့် ကုစားခဲ့သည် ။ လေထုထဲ၌ အန္တရာယ်ရှိသော ပိုးသတ်ဆေးရည်မှ အခိုး အငွေ့များ ၊ ဓာတုပစ္စည်း အရည်များက သက်၏ အသက်ရှူလမ်းကြောင်းမှ ဝင်ရောက်ခဲ့သည် ။ ပြီးတော့ ပါးစပ်နှင့် အရေပြားမှလည်း ဝင်ရောက်ခဲ့သည် ။ ထိုအခါ သက်၏ အစပြုနေသော နှလုံးရောဂါကို အကြီး အကျယ် ထိခိုက်စေပြီး အဆိပ်အတောက် ဖြစ်သွားပုံရသည်ဟု ဆရာဝန်များက သုံးသပ်ကြသည် ။

“ ဖြစ်မှ ဖြစ်ရလေ သက်ရယ် ၊ ပန်းကလေးတွေကို ချစ်တဲ့ သက် ၊ အခုတော့ ပန်း ကလေးတွေ အတွက် အသက် ပေးဆပ်ခဲ့ရပြီကော သက် ”

ဘာကို အပြစ်တင်ရမှာလဲ ။

ခါးခါးသက်သက် ရက်စက်တတ်တဲ့ လောကဓံကိုပဲ သူ မုန်းမာန်ဖွဲ့ရသည် ။

••••• ••••• •••••

ဘာမျှ မကြာသေးပါ ။ သက် တစ်လပြည့် ဆွမ်းကျွေးသည့်ရက် ရောက်လာခဲ့သည် ။ ဒီကြားထဲ သူ မနက်ဖြန် များစွာအတွက် သက်နှင့် ပတ်သက်သည့် ဝေဒနာတွေ ဖြေလျှော့ဖို့ ၊ အိပ်စက်အနားယူဖို့ ဝီစကီကို အဖော်ပြုရသည် ။ အခန်းအောင်းပြီး သက် ဓာတ်ပုံကို ငေးငူကြည့်ကာ သူနှင့် သက် အကြောင်း ပြန်ပြောင်း အောက်မေ့မိသည် ။ အိပ်မက်ထဲ သူနှင့် သက် စကားတွေ အများကြီး ပြောဖြစ်ကြသည် ။ နေရာစုံ လျှောက်လည်သည် ။

တစ်အိမ်လုံး အလှူအတန်း ကိစ္စအဝဝကို သက် မေမေနှင့် သက်အန်တီ ဆိုသူကပဲ စီမံခန့်ခွဲသံတွေ သူ နားမဆံ့အောင် ကြားနေရသည် ။ အဖေကတော့ အိမ်အပေါ် ထပ် ဘုရားခန်းမှာပဲ အေး ငြိမ်းရာ တရားဓမ္မနှင့် အတူတကွ အေးရာအေးကြောင်း ရှာလို့ပေါ့ ။

“ ဒေါက် ... ဒေါက် ... ဒေါက် ....”

ထမင်းစားဖို့ သူ့အခန်း တံခါး လာခေါက်သည် ။ သူ မထွက် ။ အပြင်ဘက်မှ သူ့ကို ဖျောင်းဖျသည့် စကားများဖြင့် ညှို့ခေါ်သော်လည်း သူ မမှု ။ အားလုံး တိတ်ဆိတ်ကုန်မှ အဖေနှင့် သူ အတူ ထမင်းစားကြသည် ။ ရှေ့ဆက်ရမည့် ခရီးအတွက် နွေးနွေးထွေးထွေး တိုင်ပင်ကြသည် ။ ပြီးတော့ အိပ်ခန်းထဲမှာ သက် နှင့် စကားပြောသည် ။ ဝီစကီက သစ္စာရှိစွာ သူ့အတွက် အိပ်စက်ခြင်းကို ပေးသည် ။

ဒီနေ့ သက် သူ့ကို ခွဲခွာသွားတာ တစ်လပြည့်သည့် နေ့ ။ သံဃာတော်များ သင်္ခါရ တရား ၊ သံဝေဂတရား ရှည်ရှည်လျားလျား ဟောကြား သည် ။ ပြီးတော့ ပြန်ကြွသွားကြသည် ။ ဧည့်သည်များကို ဧည့်ဝတ်ကျေ ဧည့်ခံစကား ပြောသည် ။ သူ စိတ်မပါဘဲ ပင်ပန်းနေပြီ ။ သူ့အိပ်ခန်းထဲ ပြန်ချင်ပြီ ။ ဘယ်သူနဲ့မှလည်း မတွေ့ချင် ၊ မဆုံချင် ။

လူအားလုံး ရှင်းတော့ သက်အန်တီက သူ့အနား လာပြီး ‘ ချိုလေးနွယ် ’ ကို လက်ဆက်ပါတဲ့ ။

ဘာတွေလဲ ။

သူ အားရပါးရ ရယ်လိုက်ပါတော့သည် ။ စကား၏ လားရာ အနက်အဓိပ္ပာယ်ကို သူ ရိပ်စား နားလည်ပါသည် ။ ဘာကြာသေးလို့လဲ ။ သက် သူ့အနားမှာ နွေးနွေးငွေ့ငွေ့ ရှိနေသေးတယ်လေ ။ ဘာစကားတွေ လာပြောနေကြတာလဲ ။ ပြောထွက်ရက်ကြသည် ။ သက်ကို အားမနာကြတော့ဘူးလား ။ သူနှင့် တကွ သူ့ဘဝ ၊ သူ့ဓန အားလုံးကို အမြန်ဆုံး သိမ်းပိုက်ချင်ကြတာလေ ။

“ ဟား .. ဟား ... ဟားဟား ”

သူ အားရပါးရ လှောင်ရယ်နေမိသည် ။ သို့သော် ရယ်လွန်း၍လား ဒါမှမဟုတ် နာကြည်းမှု တစ်ခုခုကြောင့်လားဟု သူ မဝေခွဲတတ်ပေ ။ သူ့မျက်ဝန်းမှာ မျက်ရည် ကြည်များ ဝေ့လည် တွဲခိုလာကြသည် ။

••••• ••••• •••••

“ သက်ရေ ၊ သက်ရှိတဲ့ နေရာမှာ မောင် မနေဝံ့တော့ဘူး ။ မောင့် အပေါ် လှောင်ပြောင်မှုနဲ့ စ , ခဲ့ပြီး ရယ်မောခြင်းနဲ့ အဆုံးသတ်ဖို့ ကြိုးစားသူတွေကို မောင် ကြောက်တယ် ။ သူတို့နဲ့ ဝေးရာကို မောင် ပြန်သွားခဲ့ပါပြီ ။ သက်ကို မောင် ချစ်တယ် ။ သက် အပေါ် မောင် သစ္စာရှိရှိ ချစ်နေပါ့မယ် ။ နောက်ဘဝများ ရှိခဲ့ရင် သက်ကို မောင် ဆက် ချစ်နေဦးမယ် သက် ”

လေယာဉ်မှ လှမ်းကြည့်လိုက်တော့ -

အဖြူရောင် တိမ်တိုက်တွေက ခဲခဲဆုပ်ဆုပ် ၊ လွင့်လွင့်မျောမျော ။ ရယ်မော စိတ်ပျက်စရာ ကောင်းသော ထိုဝန်းကျင်ဟောင်းသို့ သူ ဘယ်တော့မှ ခြေဦးပြန်လှည့်တော့မည် မဟုတ် ။

သက်မှ တစ်ပါး အားလုံးကို နှုတ်ဆက်ကျောခိုင်း လိုက်ပါပြီ ။

⎕ မေဇွန်အေး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇွန် ၊ ၂၀၁၉

No comments:

Post a Comment