❝ အကြော်ဆိုင် ❞
( ခြိမ့်သဲ )
“ တမူးက ကြီးကြပ်ဆရာ ပါမလာဘူးလား ”
“ ဟုတ်ကဲ့ ၊ ဆရာက နေထိုင်မကောင်းလို့ တည်းအိမ်မှာ ကျန်ခဲ့ပါတယ် ”
“ ဒါဆို ကြီးကြပ်တာဝန် ဘယ်သူ ယူမှာလဲ ”
တကယ်တော့ မော်လိုက်မြို့သည် ခရိုင်မြို့ကြီး ဖြစ်ပြီး ကလေးမြို့ ၊ ကလေးဝမြို့ ၊ ဖောင်းပြင်မြို့ ၊ မင်းကင်းမြို့ ၊ တမူးမြို့တို့သည် မော်လိုက်ခရိုင် အဝန်းအဝိုင်းတွင် တည်ရှိပါသည် ။ အလောင်းဘုရား ဦးအောင်ဇေယျသည် မဏိပူရကို ချီတက်ရာတွင် တပ်စခန်းချရာ နတ်ကျွန်း အောင်မြေ ကင်းတပ်မြို့သည် ကတ္တူအင်းခေါ် ကင်းတပ်အင်း ရေလျှံမှုကြောင့် အင်္ဂလိပ် ကိုလိုနီအစိုးရက မြို့ကွက် အခင်းအကျင်း ကောင်းသော မော်လိုက်မြို့ကို ပြောင်းရွှေ့ ရုံးစိုက်သည် ။ ၂၅.၆.၁၉၁၆ တွင် မော်လိုက် ခရိုင်ဝန်ရုံးကြီးကိုလည်းကောင်း ၊ ၁၇.၅.၁၉၁၇ တွင် မော်လိုက်မြို့ ဆေးရုံကြီးကို လည်းကောင်း ၊ ၁၉၁၈ တွင် စိန့်အင်းဒရူး အသိအမှတ်ပြု ဂေါက်ကွင်းကို လည်းကောင်း ၊ ၁၉၂၄ တွင် အထက်တန်းကျောင်းကြီးကို လည်းကောင်း အသီးသီး ဆောက်လုပ်ခဲ့ပါသည် ။ ရှေးဟောင်း အဆောက်အဦတွေဖြင့် ဝင့်ထည်နေသော မော်လိုက်မြို့ ဖြစ်ပါသည် ။ ကိုလိုနီခေတ် လက်ကျန် ကျောင်းအဆောက်အဦ၏ ခံ့ထည်မှု အရှိန်အဝါ ကြီးမားသောကြောင့် ကျောင်းခန်းမထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော် သိမ်ငယ်သလိုတော့ ခံစားနေရပါသည် ။ မျက်စိသူငယ် နားသူငယ်နှင့် ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေကြသော ခုနစ်တန်း ၊ ရှစ်တန်း လူရည်ချွန် ဖြေမည့်သူရော ၊ ကျွန်တော်နှင့် အတန်းတူ ကိုးတန်း လူရည်ချွန် ဖြေမည့် သူငယ်ချင်း အောင်ဝင်းရော မျက်စိမျက်နှာ ပျက်နေကြသည် ။ မြန်မာ အိန္ဒိယနယ်စပ် တမူးမြို့ အထက်တန်းကျောင်းက ယခု ၁၉၆၇ - ၆၈ ပညာသင်နှစ် စတုတ္ထအကြိမ် လူရည်ချွန် ရွေးချယ်သည့် စာမေးပွဲကို ပထမဦးဆုံး အနေဖြင့် ဝင်ရောက်ဖြေဆိုရန် ခရီးဝေးက စွန့်စား လာကြသူတွေမို့ ဖြေခွင့် မရမှာ စိုးရိမ်နေကြသည် ။ ယခင်နှစ်တွေတုန်းက အကြောင်း မညီညွတ်၍ ဖြေဆိုရန် မလာရောက်နိုင်ခဲ့ပေ ။
“ ကျွန်တော် တာဝန်ယူပါ့မယ် ၊ ကျွန်တော်က ကျောင်းကောင်စီ အတွင်းရေးမှူးပါ ”
“ ပြဿနာတော့ ရှိမှာ မဟုတ်ပါဘူး ၊ ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရင် ဖြေရှင်းနိုင်အောင်လို့ပါ ”
“ ပြဿနာ မရှိနိုင်ပါဘူး ၊ ကျွန်တော်တာဝန် ယူပါတယ် ”
“ ဘယ်သူ့ကို တာဝန် ယူမှာလဲ ”
“ ကျွန်တော့် ကိုယ် ကျွန်တော်ရော ၊ ကျွန်တော့် သူငယ်ချင်းတွေကိုရော ၊ ကျွန်တော့အောက် ညီလေးတွေကိုရော အားလုံးကို တာဝန်ယူပါတယ် ”
ကျွန်တော့် အပြောကို သဘောကျ၍ ထင်သည် ၊ ဆရာ ကိုရွှေရစ်က ထပ်မရစ် တော့ဘဲ ပြုံးနေသည် ။ ထို ခဏမှာပင် တောက်လက် သော မျက်နက်ဝန်းလေးနှင့် အသားညိုချော သဘော ကောင်းသူလေး၏ ခင်မင်နှစ်လိုဖွယ် အပြုံးကို မြင်တွေ့လိုက်ရသည် ။
ထိုအပြုံးကို ကျွန်တော့် ဘဝတစ်သက်တာပတ်လုံး မေ့ပျောက်၍ ရနိုင်မည် မထင် တော့ပါ ။
••••• ••••• •••••
သင်္ချာမေးခွန်းက တော် တော်လေး ခက်သည် ။ ဖြေ ဆိုချိန် ၂ နာရီ အတွင်း ၉ ပုဒ် ကို ဖြေဆိုရသည် ။ အချိန်သာ ရမည်ဆိုလျှင် အားလုံး တစ် ပုဒ်မကျန် ဖြေဆိုနိုင်မည် ထင်ပါသည် ။ သို့ရာတွင် ၂ နာရီ အတွင်း ၉ ပုဒ် ပြီးဖို့ မလွယ်ကူပါ ။ ထို့ကြောင့် ဖြေဆိုချိန် တစ်ချိန်လုံး ခေါင်းမဖော် စတမ်း ယား၍မျှ မကုတ်နိုင် လောက်အောင် ဖြေဆိုခဲ့ရ သည် ။ မနက်ခင်း မြန်မာစာ တုန်းကတော့ ဝါသနာ အလျောက် စိတ်အားထက် သန်သည့် ဘာသာရပ်မို့ စိတ် တိုင်းကျအောင် ဖြေဆိုနိုင်ခဲ့ သည် ။ သင်္ချာကတော့ ကျောင်းသားတိုင်းလိုလို ထူးချွန်ထက်မြက်ကြသဖြင့် တစ်ယောက်နှင့် တစ်ယောက် ဉာဏ်ရည်အဆင့် ကွာခြားမှု ရှိမည် မဟုတ် ။ သူမသာ ကိုယ်မသာ ဘာသာရပ်မို့ သူ့ ထက်ဦးအောင် ထူးခြား ထူးချွန်ဖို့တော့ လိုသည် ။
“ ကိုတင်အောင် အကြော် စားသွားပါဦး ”
အသားညိုချောလေးက ကျွန်တော့်နာမည် သိသည် ။ လူရည်ချွန် ဖြေဆိုသည့် မော်လိုက် ဒေသခံအဖွဲ့တွေ အကြော်ဆိုင်တွင် အကြော်စားရင်း စကားတွေ ဖောင်ဖွဲ့နေကြသည် ။ မိတ်ဖြစ် ဆွေဖြစ် သဘောဖြင့် ကျွန်တော် သူတို့ ဝိုင်းထဲ ဝင်ရောမိသည် ။ တမူး လူရည်ချွန် ဖြေဆိုမည့်အဖွဲ့တွေ တော့ “ မေး ခွန်းတွေ ခက်လိုက်တာ ” ဟု ပြောကာ စိတ်ပျက်လက်ပျက်ဖြင့် တည်းခိုအိမ်သို့ ကျွန်တော့်ကို မစောင့်ဘဲ ပြန်သွားကြပြီ ။
“ ကျွန်တော် ကျသင့်သမျှ ဧည့်ခံပါရစေ ”
“ ဧည့်သည်က ဧည့်သည်လို နေစမ်းပါ ၊ တမူး ရောက်ရင်တော့ ကိုတင်အောင် ဧည့်ဝတ်ကျေဖို့ မမေ့နဲ့နော် ”
“ စိတ်ချပါ ၊ သင်္ချာ ဖြေနိုင်ရဲ့လား ”
“ သင်္ချာတွေက ခက်လိုက်တာ ၊ ၅ ပုဒ်ပဲ ပြီးတယ် ၊ ဒါတောင် မှန်ချင်မှ မှန်မှာ ”
“ အဖြေချင်း တိုက်ကြည့်ရအောင်လေ ”
အဖြေချင်း တိုက်ကြည့် တော့ ၅ ပုဒ်လုံးပင် အဖြေတူ နေသည် ။ ကျွန်တော်၏ ဝှက် ဖဲကတော့ သူတို့ထက် ဂျီဩမေတြီ ပုစ္ဆာ ၂ ပုဒ်ကို ပို၍ ဖြေဆိုနိုင်ခဲ့ခြင်း ဖြစ်သည် ။ ဒါကိုတော့ ထုတ်ဖော် မပြောခဲ့ပါ ။ သူတို့ထက် ပိုမို တွက်ချက်နိုင်ခဲ့သဖြင့် စောစောက ပုဒ်ပြည့် မဖြေဆိုခဲ့၍ စိတ်ပျက်နေမှုများ အထိုက်အလျောက် ပြေလျော့သွားသည် ။ မနက်ပိုင်းတွင် မြန်မာစာနှင့် သင်္ချာ ၊ ညနေပိုင်းတွင် အထွေထွေဗဟုသုတ ဖြေဆို ဖို့ ကျန်သေးသည် ။ နောက် တစ်နေ့ လူတွေ့ နှုတ်ဖြေ ။
“ မနှစ်က ရှစ်တန်း လူရည်ချွန် ဖောင်းပြင်က ကျော်ဝင်း လည်း ၅ ပုဒ်ပဲ ဖြေနိုင်တယ်လို့ ပြောတယ် ”
မနှစ်က ရှစ်တန်း လူရည်ချွန်သည် ကိုးတန်းတွင်လည်း ဆက်လက် အရွေးချယ်ခံရန် အတွေ့အကြုံအရ အခွင့်အလမ်း ပိုများသဖြင့် သူ့ကိုပဲ အများက ပစ်မှတ်ထားကြသည် ။
“ ဆရာ ဦးမြမင်းမောင် က ကိုတင်အောင် ရဲ့ မြန်မာစာ အဖြေလွှာကို အရမ်း သဘောကျနေတာ ”
“ မြန်မာစာ အဖြေလွှာတွေ စစ်ပြီးပြီလား ”
“ ကျွန်မတို့ သင်္ချာဖြေနေ တုန်းစစ်ကြတာလေ ။ ကိုတင်အောင် စာစီစာကုံး အရေးအသား အရမ်းကောင်းတာပဲ တဲ့ ။ ဒီလောက်ပဲ သိခဲ့ရတာပါ ။ ရမှတ်တွေက လျှို့ဝှက်ထားတော့ မသိရဘူး ”
“ ဆရာ ဦးမြမင်းမောင် ဆိုတာ ...”
“ စာမေးပွဲခန်းမထဲမှာ ကိုတင်အောင်ကို ကြီးကြပ်ဆရာ ပါမပါ မေးတဲ့ ဆရာလေ ။ ဆရာက မြန်မာစာအသင်အပြ အရမ်းကောင် တယ် ”
ဆရာ ဦးမြမင်းမောင် သည် ကျွန်တော် နာမည်ပြောင် ပေးထားသော ဆရာ ကိုရွှေရစ်မှန်း သိလိုက်ရသည် ။ မသဲနုထွေး ဆိုသော ထိုအမျိုးသမီးသည် မြင်မြင်ချင်းပင် ခင်မင်ရင်းနှီးဖို့ ကောင်းသလို စကားဝိုင်းဖွဲ့ မိတော့လည်း အတွင်းသဘော စင်းလုံးချော ဆိုတာ သိလိုက် ရသည် ။
••••• ••••• •••••
“ ဒီနှစ်လည်း ကိုတင်အောင်ပဲ ရမယ် ထင်ပါတယ် ”
“ ကျွန်တော့်ကို ခုလို့ ထင်ကြေးပေးဖော်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
“ ကျေးဇူးတင်ခံချင်လို့ ပြောတာ မဟုတ်ပါဘူးနော် ”
ခင်မင်နှစ်လိုဖွယ် အပြုံး ပိုင်ရှင်မလေး မသဲနုထွေး အပြောက သဘောကျစရာ ကောင်းလှသည် ။
“ မနှစ်ကတော့ မသဲနုထွေးတို့က မြို့ခံအိမ်ရှင် ကျွန်တော်က ဧည့်သည် ။ ဒီနှစ်တော့ ကျွန်တော်က မြို့ခံအိမ်ရှင် ၊ မသဲနုထွေးက ဧည့်သည် ဖြစ်သွားပြီ ။ မနှစ်က မသဲနုထွေး လိုပဲ ဧည့်ဝတ်ကျေချင်ပါတယ် ”
ယခင် အထက်ချင်းတွင်းခရိုင် မော်လိုက်မြို့သည် ခရိုင်မြို့ကြီးပင် ဖြစ်သော် လည်း လမ်းပန်းဆက်သွယ် ရေး လွယ်ကူချောမွေ့သော ကလေးမြို့သို့ ခရိုင်ရုံးများ ပြောင်းရွှေ့လာကြရာ ခရိုင် ပညာဝန် ရုံးကြီးလည်း ကလေးမြို့တွင် အခြေစိုက်လာသဖြင့် လူရည်ချွန် ရွေးချယ်သည့် စာမေးပွဲကိုလည်း ကလေးမြို့ တွင်သာ ကျင်းပလာရသည် ။
ကျွန်တော်တို့ တမူးမြို့ အထက်တန်းကျောင်းက ၉ တန်း ( တန်းမြင့်ကျောင်းထွက် လက်မှတ်ရ ) အထိသာ သင်ကြားနိုင်သည်ဖြစ်ရာ ဆယ်တန်း တက်ရောက် သင်ကြားရေးအတွက် အခက်အခဲ များစွာ ဖြစ်မိသည် ။ ထိုစဉ်က ( ဂ ) နယ် ပညာအုပ် ဦးအေး နှင့် စိန့်မေရီ အလယ်တန်းကျောင်းအုပ် ဦးဉာဏ်မြင့်မောင် တို့၏ ကျေးဇူးကြောင့် ကလေးမြို့ အထက်တန်းကျောင်းသို့ တက်ရောက်ခွင့် ရလာပြီး လူ ရည်ချွန် စာမေးပွဲ ဖြေဆိုခွင့် လည်း ရရှိခဲ့သည် ။
“ မနှစ်က ကြုံလည်း ကြုံကြိုက်လို့ပါ ၊ အကြော် လေးတစ်ပွဲ ကျွေးဖူးတာကိုများ ကျေးဇူးတွေ အဆမတန် တင်မနေပါနဲ့ ”
ကလေးမြို့ ကျောင်းအနီးက အကြော်ဆိုင်သို့ မော်လိုက်တစ်ဖွဲ့လုံးကို ခေါ်သွားသည် ။ ပျော်ပျော်ပါးပါး အကြော်စားကြသည် ။
“ ကိုတင်အောင်က ဆေး ကျောင်းတက်မယ် မဟုတ်လား ”
“ ဆေးကျောင်းတက်ဖို့ မရည်ရွယ်ပါဘူး ၊ ကျွန်တော် က ဝိဇ္ဇာဘာသာတွဲပဲ ယူထားတာလေ ”
“ လူရည်ချွန်ထဲမှာ ဝိဇ္ဇာ ဘာသာတွဲ ယူတဲ့လူ တော် တော်ရှားမယ် ထင်တယ် ”
“ ဟုတ်တယ် ၊ မရှိသလောက်ကို ရှားပါတယ် ”
အသက် မွေးဝမ်းကျောင်းတက္ကသိုလ်များကို ဝိဇ္ဇာ နှင့်သိပ္ပံ ဘာသာရပ် ထက် လူကြိုက်များသည် ။ ဆယ် တန်း အောင်မှတ် မြင့်မားသူ တိုင်း အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ဆေး ၊ စက်မှု ၊ တိမွေးကု ၊ သစ်တော ၊ စိုက်ပျိုးရေး စသည်တို့ကိုသာ ဦးစားပေး ရွေးချယ်ကြသည် ။ ထို တက္ကသိုလ်များသို့သာ ရည်မှန်းပြီး ဆယ်တန်းစာမေးပွဲတွင် အမှတ်ကောင်းကောင်း ရအောင် ကြိုးစားကြသည် ။
“ မသဲနုထွေး ကော ... ”
ကျွန်တော့် ဘေးချင်း ကပ်လျက် ထိုင်နေသော မသဲနုထွေးက ကျွန်တော့်ကို မော့ မော့လေး ငေးကြည့်နေသည် ။ နှစ်ကိုယ်တူ နီး၍ ထင်သည် ။ မသဲနုထွေး ထံမှ နံ့သာလေပြည်ညင်းသည် သင်းခနဲ ပျံ့လာသည် ။
“ ဆေးမှတ် မီရင်တော့ ဆေးကျောင်းပဲ တက်ချင်ပါ တယ် ”
“ ဝါသနာ ပါရင်တော့ ဘယ်တက္ကသိုလ် တက်တက်ပါ ”
“ ကိုတင်အောင် က တက္ကသိုလ်ဆရာ လုပ်ဖို့ ရည် ရွယ်တာလား ”
“ မြန်မာစာကို ကျယ် ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် လေ့လာလိုက်စားချင်ပါတယ် ။ တက္ကသိုလ်ဆရာ ဖြစ်ရင်တော့ အကောင်းဆုံးပေါ့ ။ ဒါပေမဲ့ ဘဝဆိုတာ ပြောလို့ ရတာမှ မဟုတ်တာ ။ ကုသိုလ် ကြမ္မာ မမီပါခဲ့ ဆိုသလို တက္ကသိုလ်ဆရာနဲ့ လွဲချော်သွားခဲ့ရင်လည်း မြန်မာစာပေကို တစ်နည်းတစ်ဖုံ လေ့လာ လိုက်စားဖို့ ရည်ရွယ်ထားပါ တယ် ”
“ ရည်ရွယ်ချက် ကြီးမားသူတိုင်း အောင်မြင်မှု တစ်ခု မဟုတ် တစ်ခု ရတတ်ပါ တယ် ”
မသဲနုထွေး ကတော့ အားပေးစကား ပြောမြဲ ပြော သည် ။
“ ကျွန်တော် နေထိုင် မကောင်းဖြစ်ရင် မသဲနုထွေး ကို သတိရနေမယ်နော် ”
“ သတိရဖို့က နေထိုင် မကောင်း ဖြစ်မှတဲ့လား ”
“ အမြဲ သတိရနေမှာပါ ”
ကျွန်တော့် အပြောကြောင့် ခေါင်းကလေး ငုံ့သွားသည် ။ ပြီးတော့ တိုးတိုးလေး ပြောသည် ။
“ လေထဲဆောက်တဲ့ တိုက်အိမ်က ခမ်းနားပေမဲ့ ခိုင်ခံ့ပါ့မလားတော့ မပြောတတ်ဘူးနော် ၊ စိတ်ချပါ ကိုတင် အောင် နေထိုင်မကောင်း ဖြစ်ရင် ရောက်ရာ အရပ်က လှမ်းပြီး အကြောင်းကြားလိုက်လေ ၊ ကျွန်မ ဆေးလာကုပေးပါ့မယ် ”
••••• ••••• •••••
ယခု အသက်အရွယ် ရောက်မှ နောက်ကြောင်းပြန် တွေးကြည့်တော့ ကျွန်တော့် ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိသည် ။
“ ဆရာ ကျွန်တော့်ကို လူရည်ချွန် ၂ နှစ်ဆက်တိုက် နှစ်ထပ်ကွမ်း ရွေးချယ်ပေးခဲ့ တာ မှားလိမ့်မယ် ထင်တယ် ”
ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ရေးအဖွဲ့တွင် တာဝန် ယူခဲ့သော ယခင်ခရိုင် ပညာဝန် ၊ ယခု တိုင်းပညာရေးမှူး အငြိမ်းစားဆရာကြီး ဦးကျောင်း ( အကန်တော့ခံ စာပေပညာရှင် ) အား စောဒကစကား ဆိုဖူးသည် ။
“ ဆရာတော့ မှားတယ်လို့ ဟိုတုန်းကလည်း မထင်ဘူး ။ မောင်တင်အောင်က ဆရာဝန်တို့ ၊ အင်ဂျင်နီယာတို့ ဖြစ်အောင် မကြိုးစားခဲ့လို့ အားမလို အားမရ ဖြစ်နေ တယ် ထင်တယ် ။ တကယ် တော့ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေထက် စာရေးဆရာ ဖြစ်ဖို့က ပိုပြီး ခက်ခဲမယ်လို့ ဆရာထင်တယ် ။ စွန့်လွှတ်စွန့်စား အနစ်နာခံ ကြိုးစားပါမှ ရှားရှားပါးပါး ဖြစ်လာတာ ။ မောင်တင်အောင်ကို လူရည်ချွန် အဖြစ် ရွေးချယ်ခဲ့တာ ဆရာတစ်ယောက်တည်းတော့ မဟုတ်ပါဘူး ။ ဆရာ့လိုပဲ ရွေးချယ်ရေးအဖွဲ့ဝင် တိုင်းကလည်း မှားတယ်လို့ ယူဆကြမှာ မဟုတ်ပါဘူး ”
ဆရာကြီးဦးကျောင်း က တွေ့တိုင်း ဆုံတိုင်း အားပေးစကား ပြောကြားလေ့ ရှိ သည် ။ ယခု မော်လိုက်မြို့ကို ခြေချခွင့် ကြုံရပြန်ပါပြီ ။ သို့ ာတွင် ဟိုး ... လွန်လေပြီးသော ၄၅ နှစ်ကျော်က မော်လိုက်မြို့၏ ငယ်ကိုယ်ငယ်သွေးကို မြင်တွေ့ခွင့် မရတော့ပြီ ။ တစ်ခုတော့ ရှိသည် ။ ကိုလိုနီခေတ်ကတည်းက မော်လိုက်မြို့ ဆိပ်ကမ်းသည် ချင်းတွင်းမြစ်စဉ်တစ်လျှောက်တွင် အလှပဆုံး ဆိပ်ကမ်းမြို့ ဟု ကျော်ကြားခဲ့သည် ။
မော်လိုက်မြို့ တည်စဉ် ကတည်းက ချင်းတွင်းမြစ် အတွင်းက ရရှိသော ကျောက်တုံးကြီးများ ၊ ဒီပင်္ကရာ ချောင်းအတွင်းက ရရှိသော ကျောက်တုံးကြီးများကို ဒိုင်းနမိုက်စက်ယန္တရားများ အသုံးပြုကာ ခွဲခြမ်းစိတ်ဖြာပြီးမြစ်ကမ်းပါး ရေတိုက်စား ပြိုကျမှု အန္တရာယ်ကို ကာကွယ်ခဲ့ပါသည် ။ ကျောက်စီလှေကား ကိုးစင်းကိုလည်း ဆောက်လုပ်ထားရှိခဲ့ပါသည် ။ ထို့ကြောင့် မော်လိုက်မြို့ ဆိပ်ကမ်းသည် အဝေးကကြည့်ကြည့် ၊ အနီးကကြည့်ကြည့် ပြောမပြနိုင်အောင် လှလိုက်ပါဘိ ။ ယခင်က အပျိုစင် ဆိပ်ကမ်းအလှသည် ယခု အချိန်ထိ ယဉ်ဆိုသမျှ ပင်ကို အလှကို အစဉ်တစိုက် ထိန်းသိမ်းထားနိုင်သေးသည် ။
ဆုံနေကျ တည်းခိုခန်းတွင် အတူလိုက်ပါလာသော စာရေးဆရာကြီးတွေ ဒီဇင် ဘာ နှင်းမြူမှုန်အေးရိပ် အောက်တွင် မှေးမှိန်ကြဆဲ ဖြစ်မည် ထင်ပါသည် ။ နံနက်ခင်း နှင်းမြူမှုန် ပဝါပါး လွှားခနဲ လွှားခနဲ ကျဆင်းနေ သော မော်လိုက်မြို့၏ အလှ ကို မြင်တွေ့လိုက်၍ ကျွန် တော် တစ်ယောက်တည်း ကမ်းနားလမ်း အတိုင်း လျှောက်လှမ်းနေမိသည် ။ ကမ်းနားလမ်းဝယ် လေ့ကျင့် ခန်းယူ လမ်းလျှောက်သူ အချို့ကိုတော့ မြင်တွေ့ရပါ သည် ။
“ ကိုတင်အောင် ဟုတ်ပါ တယ်နော် ”
“ ဗျာ ”
လမ်းလျှောက်သူ အုပ်စု တစ်စု ကျွန်တော့်ကို ကျော် ဖြတ်အသွား အားကစား ဘောင်းဘီ ၊ ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားသူ အမျိုးသမီး တစ်ဦးက နောက်ချန်ရစ်ခဲ့ကာ ကျွန်တော့်ကို နှုတ်ဆက် စကား ဆိုလာသည် ။ ကျွန်တော့်ကို ကိုတင်အောင် ဟု ခေါ်ပြော နှုတ်ဆက်သူတို့သည် ကျွန်တော်၏ ငယ်သူငယ်ချင်းတွေသာ ဖြစ်ပေလိမ့်မည် ။ ယခုအချိန်တွင် ကျွန်တော်၏ အမည်ရင်းထက် စာရေးဆရာ ခြိမ့်သဲ ဟုသာ လူသိများနေပါသည် ။
“ ကျွန်မကို မမှတ်မိဘူး ထင်တယ် ”
အသား မဖြူသော်လည်း ချောလဲ့ညိုဝင်းသော ထိုအမျိုးသမီးသည် ငယ်ရွယ် နုပျိုခြင်းများကို အတော်ဝေးဝေးတွင် ချန်လှပ်ထားခဲ့စေကာမူ အချိုးအဆစ် ပြေပြစ်၍ အကြည့်ရ မဆိုးဟု ထင်မိသည် ။ တောက်လက်သော မျက်နက်ဝန်းကို မြင်တွေ့ရတော့ သိကျွမ်းဖူးသူဟု ထင်မြင်မိသော်လည်း အမည်ဖော်၍ မရနိုင် ။ ထိုအမျိုးသမီး၏ ဆင်းသွင်ရုပ်လွှာ လက္ခဏာကို ကြည့်သာကြည့် မမှတ်မိနိုင်တော့ပါ ။
“ ကျွန်မ သဲနုထွေးလေ ”
“ ဗျာ ”
ဟိုတုန်းက ညို၍ ချောပြီး ယခုလည်း ချော၍ ညိုသော ထိုအမျိုးသမီးသည် ယခုအချိန်ထိ အတုမဲ့ အပြုံးနှင့် နှလုံးလှပိုင်ရှင်လေး ဖြစ်နေ သည် ။ စောစောက မော်လိုက် ဆိပ်ကမ်း အလှအကြောင်း တွေးမိသေးသည် ။ ယခင်က အပျိုစင် ဆိပ်ကမ်းအလှသည် ယခုအချိန်ထိ ယဉ်ဆိုသမျှ ပင်ကိုအလှကို အစဉ်တစိုက် ထိန်းသိမ်းထားနိုင်သလို မသဲနုထွေးသည်လည်း ထိုနည်း လည်းကောင်းဟု မနှိုင်းသာ နှိုင်းသာ နှိုင်းယှဉ်မိသည် ။
“ ကျွန်တော်က မသဲနုထွေးကို မြို့ကြီးပြကြီး ဆေးရုံဆေးခန်းကြီးတွေမှာပဲ ကျင် လည်နေလိမ့်မယ်လို့ ထင်နေ တာ ”
“ ပင်စင် မယူခင်တုန်း ကတော့ တာဝန်ကျရာ နေရာ ဒေသမျိုးစုံကို သွားရောက်ခဲ့ ဖူးပါတယ် ။ အထူးကုဆရာ ဝန် ဖြစ်လာတော့ ကိုတင် အောင် ပြောသလို မြို့ကြီးပြ ကြီး ဆေးရုံဆေးခန်းကြီးတွေမှာ ကျင်လည်ခဲ့ဖူးပါတယ် ။ ခုတော့ ကိုယ့်မြို့ ကိုယ့်ဒေသကို ပြန်လာပြီး ကိုယ့်ဒေသသားတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်ပဲ ဆိုပါတော့ ”
“ ဝမ်းသာလိုက်တာ ၊ ရေများရာ မိုးမရွာဘဲ ရေရှားရာ မိုးလိုက်လို့ ရွာတာကိုပဲ ကျေနပ်လို့မဆုံးဘူး ။ ကျွန်တော်တော့ ကိုယ့်မြို့ ကိုယ့်ဒေသကို ပြန်မရောက်တော့ပါဘူး ”
“ ကိုတင်အောင် တို့က စာရေးဆရာ ဆိုတော့ ကိုယ့်မြို့ ဝန်းကျင်မှာ အစဉ်တစိုက် နေထိုင်လို့မှ မရတာ ။ ကိုတင်အောင်နဲ့ မတွေ့ရပေမဲ့ ကိုတင်အောင် ရေးတဲ့ စာကို ဖတ်ရတော့ လူချင်း အမြဲ တွေ့နေရ သလိုပါပဲ ။ အိမ်လိုက်လည်ပါဦးလား ၊ အိမ်မှာ အမေနဲ့ နှစ်ယောက်တည်း နေကြတာ လေ ”
မသဲနုထွေး၏ ဘဝက ရိုးစင်းလွန်းလှသည် ။ အမေ အိုနှင့် နေညိုချိန် အတူ လျှောက်လှမ်းနေကြသည် ။ ကျွန်တော် မန္တလေးတက္ကသိုလ် တက်ရောက်စဉ်က မသဲနုထွေး၏ သတင်းကို စုံစမ်းကြည့်သေးသည် ။ ရန်ကုန် ဆေး ( ၂ ) တွင် တက်ရောက်နေကြောင်းသာ သိရသည် ။
နှလုံးသားတွင် ဘာမှန်း ရေရေရာရာ မသိနိုင်သေးသော ဝေဒနာသည် မသဲနုထွေး ကို မြင်တွေ့စဉ်က စတင်ခဲ့ကြောင်း သတိထားမိသည် ။ သံယောဇဉ် အမျှင်တန်းပေမဲ့ ဝေးဝေးကပဲ လွမ်းခဲ့ရသည် ။ နှလုံးသားကို ချိန်ရွယ်သော သမုဒယ စကားလုံးများ ပစ်ပေါက် ဆော့ကစားမည့် အရွယ်တွင် မသဲနထွေးသည် နှလုံးသား ပစ်ကွင်းအတွင်းမှာ မရှိခဲ့သောကြောင့် နှလုံးသားပစ်မှတ် မဖြစ်ခဲ့ပေ ။ သူ့ရည်ရွယ်ချက် ၊ ကိုယ့်ရည်ရွယ်ချက် မျက်နှာမူရာ ခရီးချင်း မတူသဖြင့် လူချင်း အတူတွဲအတူလာ ခရီးသွားဖော် မဖြစ်ခဲ့ရပါ ။ ငယ်ဘဝကို တွေးမိတိုင်း စိတ်ကူးရုပ်ပုံလွှာတွင် ပါဝင်မြဲ ဖြစ်သော်လည်း အံသွားတွေ ကြွေချိန်မှာတော့ လူသိအောင် လှစ်ဟ၍ ပြရလျှင် အမြင်မတော် ရှိပေလိမ့်မည် ။
“ ကလေးဝက ဆန်တက်လာမယ့် အမြန်ယာဉ်နဲ့ နေ့လယ် ဖောင်းပြင်ကို လိုက်ရမယ် ။ ချင်းတွင်း မော်ကွန်း စာအုပ်ထုတ်ဝေဖို့ ချင်းတွင်သား စာရေးဆရာအိုတွေ စုပေါင်းပြီး ကွင်းဆင်းလေ့လာကြတာလေ ။ မော်လိုက်နဲ့ ပတ်သက်လို့ အချက်အလက်တွေ စုဆောင်းရဦးမှာမို့ မသဲနုထွေးတို့အိမ် လည်ပတ်ချိန် ရတော့မယ် မထင်ဘူး ”
“ ချင်းတွင်း မော်ကွန်း စာအုပ်က ဘယ်လို ရည်ရွှယ်ချက်နဲ့ ထုတ်ဝေမှာလဲ ”
“ ချင်းတွင်းမြေ ချင်းတွင်းဒေသရဲ့ ရည်ညွှန်းလို့ ထားရမယ့် စာအုပ် အဖြစ် ထုတ်ဝေဖို့ပါ ။ နယ်မြေဒေသ အခြေအနေကို ကွင်းဆင်းလေ့လာကြတယ် ဆိုပါတော့ ။ ဆရာ ဦးအံ့မောင် ၊ ဆရာ အောင်ချိန်ဘွား ၊ ဆရာ ဓနထွန်း ( မုံရွာ ) တို့လည်း ပါပါတယ် ။ ကျွန်တော်တော့ မော် လိုက်မြို့ရဲ့ တစ်ခါက ငယ် ဘဝကို ငယ်မူပြန်ချင်လို့ မနက်စောစော ထ,ပြီး ထွက်လာတာပါ ။ မသဲနုထွေးနဲ့ ခုလို ပြန်လည် ဆုံတွေ့ရတာ အရမ်းဝမ်းသာတာပဲ ”
“ ပြန်လည် ဆုံတွေ့ခြင်း အထိမ်းအမှတ်နဲ့ ဧည့်ခံပါရစေ ၊ ကိုတင်အောင် ဘာစား ချင်သလဲ ”
“ အကြော်ဆိုင်ပဲ ထိုင်ရ အောင်နော် ”
ကျွန်တော်သည် ငယ်ဘဝက လွမ်းမောဖွယ်ရာများကို အမှတ်ရနေဆဲ ဖြစ်ကြောင်း “ အကြော်ဆိုင် ” ကို ညွှန်းပြု၍ ပြောမိသည် ။
“ ကိုတင်အောင်လည်း မမေ့သေးဘူးနော် ”
“ မသဲနုထွေး ကျွေးတဲ့ အကြော်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ”
“ ကိုတင်အောင်လည်း အကြော် ကျွေးဖူးတာပဲ ”
“ အကြော်ထဲမှာ မော်လိုက်မြို့က အကြော်ကို အလွမ်းဆုံးပဲ ”
“ စာရေးဆရာက ပြောတတ်လိုက်တာ ” ဟူ၍ မသဲနုထွေး က တောက်လက်သော မျက်နက်ဝန်းလေးကို ထောင့်ကပ်ကာ မသဲမကွဲ ပြောလာသည် ။ ၂၀၁၆ ခုနှစ်ဆိုလျှင် မော်လိုက်မြို့သည် မြို့သက် နှစ်တစ်ရာ ပြည့်တော့မည် ။ ကျွန်တော်သည်လည်း နှလုံးသား မြို့ဟောင်းကို တူးဖော်ချင်စိတ်ဖြင့် နီးရာ အကြော်ဆိုင်တွင် ဝင်ထိုင်ဖြစ်သည် ။
စားသောက်ဆိုင်တွေ ဆိုင်ကြီးဆိုင်ကောင်းတွေမှာ ထိုင်ရတာထက် အမိုး ကျိုးတိုး ကျဲတဲ ၊ တိုင် ခရိုးခရိုင်နဲ့ အကြော်ဆိုင်မှာ ခွေးခြေပု လေးတွေပေါ် ထိုင်ရတာ လောက် အရသာ မတွေ့မိပါ ။ မသဲနုထွေးတော့ ဘယ်သို့ရှိမည် မသိ ။ မကြာတော့သော ကာလတွင် မလွဲသာ ခွဲခွာရမည်ကို မျှော်တွေးကာ မုန့်ပေါင်းပူပူ ၊ အကြော်ပူပူ ၊ ရေနွေးကြမ်းပူပူ တို့နှယ် ကျွန်တော် ရင်ထဲမှာ ပူပင်လယ်ရေလှိုင်း ဘောင်ဘင်ဝေလျက်ပင် ရှိပါတော့သည် ။
“ ကိုတင်အောင် ဘွဲ့လွန် မတက်ဖြစ်ဘူးနော် ”
ကျွန်တော် ဘွဲ့လွန် မတက်ဖြစ်သည်ကိုလည်း မသဲနုထွေး သိနေသည် ။ ဘွဲ့လွန်သာ တက်ဖြစ်လျှင် ဆရာဝန်လောင်း ဆေးကျောင်းသူ မသဲနုထွေးနှင့် တစ်နည်းတစ်ဖုံ ဆက်သွယ်ခွင့် ကြုံနိုင်သေးသည် ။ ယခုလို ဧည့်သည်ထက် မပိုနိုင်သော ဆက်ဆံရေးသည် အေးခဲ၍ နေကောင်းမှ နေပါလိမ့်မည် ။ ထို့ထက် စေးပျစ် သိပ်သည်းလျှင် ကောင်းပါ လေ့ ။
“ ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေနေတုန်း အဖေ ဆုံးသွားတယ် ။ ဘွဲ့လွန်တက်ခွင့် အမှတ်မီပေမဲ့ မိခင် မုဆိုးမရဲ့ ဘေးမှာ ကျွန်တော် ရှိနေဖို့ လိုအပ်တယ်လေ ။ ဒါကြောင့် ရရာ အလုပ် ဝင်လုပ်ရင်း ဝါသနာရင်းစွဲ စာတိုပေစလေးတွေ ရေးရာ က မတောက်တခေါက် စာရေးဆရာ ဖြစ်လာတယ် ဆိုပါစို့ ”
“ ကိုတင်အောင် က စာရေးဆရာ ဆိုတော့ နယ်မြေဒေသအနှံ့ ရောက်တတ်ပါတယ် ။ မော်လိုက်ကို နောက် တစ်ကြိမ် ရောက်ရင် ဝင်လာခဲ့ပါ ။ ငယ်ဟောင်း နှောင်း ဖြစ်လေးတွေပြောရင်း အလွမ်းသယ်ကြသေးတာပေါ့ ”
နယ်မြေဒေသ အနှံ့ ရောက်ရသည် ဆိုသော်လည်း ကြုံကြိုက်မှ ရောက်ဖြစ်တာ မျိုးပါ ။ ခုဆို မော်လိုက်ကို ၄၅ နှစ်ကျော် ၅၀ နီးပါး မှ တစ်ကျော့ပြန် ရောက်လာရခြင်းဖြစ်သည် ။ အကြောင်း အပေါင်း သင့်ပါမှ ဆုံစည်းခွင့် ဆိုတာ ပေါ်ပေါက်လာရပါသည် ။ အကြောင်းအပေါင်း သင့် မသင့် ၊ အခွင့်အခါ ပေါ် မပေါ် အတိအကျ ချင့်တွေး မျှော်ဆ၍ ရကောင်းသော အရာ မဟုတ်ပါချေ ။
“ ဘဝဆိုတာ ရည်မှန်းတိုင်းလည်း မရောက်သလို ၊ ရည်ရွယ်ချက် မမြောက်တာ တွေက များပါတယ် ။ ဖြစ် လေရာ ဘဝမှာ နေတတ်ရင် ကျေနပ်စရာ ကောင်းပါတယ် ။ ကိုယ် ဖြစ်ချင်တာတွေ မဖြစ်ရကောင်းလားလို့ ပူပန်သောက ရောက်နေရင်လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုပဲ ဖြစ်နေမယ်လေ ”
ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘဝ အနေအထားကို တွေးတွေးဆဆ ပြောနေမိ သည် ။
“ ကဲ စကားပြောလို့တော့ ကောင်းပါတယ် ။ ဆေးခန်းမှာ လူနာတွေ စောင့်နေကြရော့မယ် ၊ သွားပါဦးမယ် ။ နောက်တော့ ပြန်တွေ့ကြမယ်နော် ”
အမှတ်မထင် မသဲနုထွေး၏ နုရွသော သမုဒယ လက်ကလေးကို ဆွဲယူ နှုတ်ဆက်လိုက်မိသည် ။ ဒီတစ်ကြိမ် လက်ဆွဲ နှုတ်ဆက်ခြင်း သည် ပထမဆုံး အကြိမ်လည်း ဖြစ်သလို နောက်ဆုံး အကြိမ်လည်း ဖြစ်နိုင်ပါသည် ။
“ နောက်တစ်ကြိမ် ပြန်ဆုံဖြစ်ရင်လည်း အကြော်ဆိုင်မှာပဲ ထိုင်ကြမယ်နော် ”
မသဲနုထွေး၏ တွေခနဲ ရီဝေဝေ အကြည့် ဝတ်မှုန်လေး ထဲတွင် ငယ်ဘဝကို ပြေး၍ သတိရမှန်း သိလိုက်ပါသည် ။ မပြုံးချင် ပြုံးချင် အပြုံးတုလေး တစ်ပွင့် မခြွေချင် ခြွေချင် ခြွေကာ ခေါင်းကလေးကို ညိတ်ယောင်ပြု၍ ကျွန်တော့်ကို ကျောခိုင်း ထွက်ခွာသွားပါသည် ။ ဟိုတုန်းက အကြော်ဆိုင်မှာ ဘေးချင်း ယှဉ်တွဲထိုင်စဉ် မသဲနုထွေးထံမှ နံ့သာ လေပြည်ညင်းလေး သင်းခနဲ ပျံ့လာသည်ကို ပြန်လည်၍ အမှတ်ရမိသည် ။ ယခု မသဲနုထွေးနှင့် မျက်နှာချင်းဆိုင် ထိုင်စဉ် ဘာနံ့မျှ မရ ။ မသဲနုထွေး ကျောခိုင်း ထွက်ခွာသွားမှ နံ့သာလေပြည်ညင်းလေး သင်းခနဲ ပျံ့လာသည် ။ လေပြည်ထဲက နှုတ်ဆက် အနမ်းကို လွမ်းလိုက်ရတာ အသည်းတုန် အူတုန် ။
⎕ ခြိမ့်သဲ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၆ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment