Thursday, May 7, 2026

တကယ့်အချစ်

❝ တကယ့်အချစ် ❞
       ( ပီမိုးနင်း )

ဘတင်သည် အိမ်ရှေ့ခန်း ပက်လက်ကုလားထိုင်၌ ထိုင်ကာ စီးကရက်များကို တစ်လိပ်ပြီးတစ်လိပ် သောက်၍ နေလေ၏ ။

ထိုအခါသည် မိုးဦးပေါက်စ ညနေချမ်းအခါ ဖြစ်လေ၏ ။ ကိုးခွင်မှာ ညိုမှိုင်းလျက် ။ ပတ်ဝန်းကျင်ရှိ ခြံများကို လတ်ဆတ်သစ်လွင်သော ဆေးရောင်ဖြင့် ခြယ်၍ ထားသည်နှင့် တူလေ၏ ။

မိုးကို ဆောင်ယူသော လေသည် အနီးရှိ ပြတင်းပေါက် တံခါးရွက်များကို လှုပ်ရှားရိုက်ခတ်ခြင်း ဖြစ်လေ၏ ။ သစ်လွင်သော လောကဓာတ်သည် အထူးသာ၍ နုပျိုသော အသွင်ကို ဆောင်၍ နေလေသတည်း ။

ဘတင် မှာမူကား သာယာခြင်းကို မသိချေ ။ နုပျို စိမ်းစို၍ မခြောက်သေးသော ဆေးဖြင့် ခြယ်၍ထားဟန် ရှိသော်လည်း ၎င်း၏ စိတ်၌ ထိုကဲ့သို့ နုပျိုခြင်းမျိုး မရှိ ၊ သွေ့ခြောက်၍ နေလေ၏ ။ အကြောင်းမူကား မိဘ၏ အမွေ ၊ လယ်ခြေယာခြေ ၊ အိမ်ယာခြံမြေ ၊ ဘဏ်တိုက်၌ စုပုံလျက်ရှိသော ငွေတို့သည် ငြီးငွေ့သော သူတို့အား စိတ်၏ ဖျော်ဖြေခြင်းကို ပေးနိုင်သော သတ္တိ မရှိ ။ ငွေကို သုံးရခြင်း အလုပ်မှာ လွန်စွာ ရိုး၍ နေသဖြင့် မထူးမခြား ၊ မဆန်းပြား အလကား အလုပ်ဟု မှတ်ထင်၍ နေလေသတည်း ။

အကြောင်းမူကား ငွေ၏ အစွမ်းဖြင့် ရရှိခံစားနိုင် သမျှသော အရာတို့ကို ခံစားရရှိခြင်း၌ လွယ်ကူခြင်း ဖြစ်၍နေသော သူ၏ စိတ်ဝယ် ၊ ကြွယ်ဝချမ်းသာခြင်းသည် ဆင်းရဲနွမ်းပါးခြင်းထက် ပိုမို၍ သြဇာသည် မရှိ ။ လိုရာကို ရနေကျ ဖြစ်သူမှာ မရနိုင်သော အရာကိုသာ လိုချင်တောင့်တ၍ နေလေသတည်း ။

ထိုတောင့်တသော စိတ်သည်ကား အခြား မဟုတ် ၊ မမလေး ဖြစ်လေ၏ ။ မမလေး သည်ကား ဘတင်၏ စည်းစိမ်ဥစ္စာကို ဆန်ကွဲ တစ်ခြမ်းမျှ သဘောမထား ။ မောင်စိုးရွှေ က လွဲလျှင် ဂျော့ဘုရင်သား ဝေလမင်းသား ကိုပင် ဖွဲနှင့် သလဲ အမျိုးအစား ထဲသို့ သွင်းချင်သကဲ့သို့ ဖြစ်၍ နေလေ၏ ။

စိုးရွှေသည် ဘတင်၏ သူငယ်ချင်း ဖြစ်လေ၏ ။ သာမန် သူငယ်ချင်း မဟုတ် ၊ လွန်စွာချစ်သော သူငယ်ချင်း ဖြစ်လေ၏ ။ ရုပ်ရည်မှာ စိုးရွှေနှင့် ဘတင်သည် တစ်ယောက်နှင့် တစ်ယောက် များစွာ မသာကြချေ ။ သို့သော်လည်း အဘယ်အတွက်ကြောင့် မမလေးသည် ဘတင်ကို မကြိုက် ၊ စိုးရွှေကို ကြိုက်ရသည်ဟူသော ပြဿနာနှင့် ပတ်သက်ရာ၌ ဖူးစာရေးနတ်သာလျှင် ဖြေရှင်းချက်ကို သိနိုင်ဖွယ် ရှိလေသတည်း ။ အကြောင်း မူကား အမှတ်တမဲ့ ကြည့်လျှင် အသားဖြူ၍ ဘိုဆံတောက် ရှိသော စိုးရွှေက ပို၍ လှဟန် တူသော်လည်း သေသေချာချာ ကြည့်သည့် အခါ၌ကား အသားညို၍ ဆံပင်ရှည်ထားသော ဘတင်က ပိုမို၍ ယဉ်ကျေးဖွယ်ရာ ရှိသည့် အဆင်းရှိလေ၏ ။ မမလေး မှာမူကား ဆင်းရဲသော မိန်းမချောကလေးတစ်ယောက် ဖြစ်လေ၏ ။

ဖခင်ဖြစ်သူ အခွန်ဝန် ဦးမြနှင့် မိခင် ဒေါ်စိုး သေဆုံး ကတည်းက ငွေကြေးဥစ္စာ စုပုံလျက် မကျန်ရစ်ခဲ့သောကြောင့် တစ်ဦးတည်းသော သမီးဖြစ်သည့် မမလေး မှာ အဒေါ်တစ်ယောက်၏ အိမ်၌ နေကာ အချုပ်အလုပ်ဖြင့် ဆင်းရဲစွာ အသက်မွေးရရှာလေသတည်း ။ စိုးရွှေနှင့် ဘတင်သည် မမလေး၏ အိမ်သို့ အတူတကွ သွားလာလည်ပတ်ကြလျက် မမလေးကို နှစ်ယောက်စလုံး ပြိုင်တူ ပိုးပန်းခဲ့ကြပြီးနောက် စိုးရွှေက အရေးသာသောအခါ ဘတင်မှာ မမလေး ထံသို့ တစ်ခါသာ မိတ်မပျက်ရုံမျှ သဘောထားလျက် သွားရရှာ လေသတည်း ။

စိုးရွှေမှာ အထည်တိုက်ကြီး တစ်တိုက်၏ ခရီးသွား ကိုယ်စားလှယ် ဖြစ်လေရာ လခမှာ ကျပ် ၂၅ဝ နှင့် ခရီးစရိတ်ကိုသာ ရလေ၏ ။ ယခုသည်ကား စိုးရွှေသည် ရန်ကုန်မြို့မှ ထွက်ခွာ၍ သွားသည်မှာ သုံးလခန့် ရှိသော်လည်း သတင်းကိုမျှ မကြားရ ။ အဘယ်အရပ်သို့ ရောက်၍ နေသည်ကို မသိရချေ ။

မိန်းမမြင်လျှင် ကြိုက်တတ်သူ ဖြစ်လေရာ ရောက်ရာ၌ ဆေးစက်ကျရာ အရုပ်များ ထင်၍ နေလေသလား ။ မတော်တဆ ဤကဲ့သို့ ဖြစ်နေလျှင် မမလေး သူ့ခမျာမှာ သနားစရာ ဖြစ်၍ နေတော့မှာပဲဟု စိတ်၌ အောက်မေ့၍ နေလေသတည်း ။

ဘတင်သည် မမလေးကို ယခုအခါမှ ကလေးလိုသာ သဘောထားရလေ၏ ။ သို့ပင် သဘောထား ရသော်လည်း သဘောမရ ။ မြင်ရလျှင် စိတ်ထဲမှာ တစ်မျိုးဖြစ်တတ်သောကြောင့် သူငယ်ချင်း အပေါ်၌ မနောကံမျှဖြင့် သစ္စာဖောက်ရမည်ကိုစိုးကာ မမလေးနှင့် တွေ့ဆုံခြင်းကို နည်းနိုင်သမျှ နည်းအောင် သတိနှင့် မိမိကိုယ်ကို သိမ်းဆည်းရှာလေသတည်း ။

စိုးရွှေ ရန်ကုန်မြို့သို့ မသွားမီ မမလေးကို ကြည့်ရှု စောင့်ရှောက်ရန် မိမိအား မှာ၍သွားသည်ကို ဘတင် သည် သတိရကာ စည်းစောင့်၍ နေလေ၏ ။ ငါ ဘယ်လို စောင့်ရှောက်ရပါ့မတုံး ။ မမလေး ဆီကို မရောက်တာလည်း အတော်ကလေး ကြာပြီ ၊ သူ့ဆီကိုတော့ စာ ရောက်မှာပဲ ။ ယနေ့ညနေ သွားပြီးကြည့်လျှင် တော်လေမလား ။ သူ့ကို မြင်ရပြန်ရင် ငါ့စိတ်ထဲမှာ အင်မတန်မှ ဝန်လေးခြင်း ဖြစ်ရပါကလား စသည်ဖြင့် တွေးတောကာ နေလေသတည်း ။

သို့နေခိုက်တွင် လှေကားမှ ခြေသံကြား၍ ထိုင်ရာ ထပြီး လှေကားကို ကြည့်လိုက်သောအခါ ရင်ထဲမှာ ရှိန်းခနဲ ဖြစ်၍ သွားလေ၏ ။ တက်၍ လာသူကား မမလေး ကိုယ်တိုင် ဖြစ်၍နေလေ၏ ။

ဪ .... မမလေးလား ။ တစ်ယောက်တည်းလား ။ မလာစဖူး ထူးလှချည်ကလား ။

မမလေးသည် အောက်ကို ပြန်ကြည့်ကာ “ မသန်း လာလေ ” ဟုခေါ်ရင်း အပေါ်သို့ တက်လေ၏ ။ မသန်း ခေါ်သော မိန်းမပျိုလေးသည် နောက်က လိုက်၍ လာလေ၏ ။

မမလေး၏ မျက်နှာမှာ နီမြန်းစွာ ပြုံးလျက် ရှိသော်လည်း စိတ်လက် မချမ်းသာခြင်းမှာမူ ဖုံးကွယ်၍ မရချေ ။

“ ထိုင်ကြပါ ၊ ထိုင်ကြပါ ၊ ချွတ်ကရား ” ဟုခေါ်ပြီး ဧည့်သည်များအား “ ဘာသောက်မလဲ လင်မနစ်လား ၊ ဇင်တိုလား ၊ ကရင်ဆိုဒါလား ၊ လိုင်းမကြူးလား ” ဟု မေးလေ၏ ။

မမလေး ။  ။ “ ဘာမှ မသောက်ချင်ပါဘူး ။ ကျေးဇူးပါပဲ ကိုဘတင် ”

တင် ။  ။ “ အို ... ဘယ့်နှယ် မသောက်ဘဲ နေရမလဲ ။ ချွတ်ကရား ကိုကိုဂျင်း ” ဟု ပြောလိုက်လေ၏ ။ မကြာမီ ထိုင်၍ နေကြသော ကျောက်စားပွဲပေါ်သို့ ဖန်ခွက်များ ရောက်လာလေ၏ ။

တင် ။  ။ “ ဘယ်လို ကိစ္စထူးသလဲ မမလေး ။ ကျုပ် ကူညီနိုင်တာများ ရှိသလား ”

မမလေးသည် ရှက်ကိုးရှက်ကန်းနှင့် ပြုံးကာ “ ကိုစိုးရွှေ ဆီက ဘာသတင်းမှ မကြားရလို့ ၊ ကိုဘတင့် ဆီကို စာများရောက်သလားလို့ မေးချင်တာနဲ့ ကျွန်မတို့ လမ်းကြုံခိုက်မှာ ဝင်လာခဲ့တယ် ”

“ ဪ ... ဘာသတင်းမှ မကြားဘူးလား ။ ဒီကိုလည်း စာတစ်စောင်မှ မရောက်ဘူး ။ တိုက်ကို သွားပြီး မေးရင် သိမှာပေါ့ ”

“ ကျွန်မ တိုက်ကို မသွားချင်လို့ ဒီလာတာပဲ ။ ခါတိုင်းတော့ တနင်္ဂနွေတစ်ပတ် စာတစ်စောင် ရောက်တယ် ။ ရောက်ရာအရပ်က လက်ဆောင်တွေ ဘာတွေလည်း ပို့တာပဲ ။ အခုတော့ သွားကတည်းက ဘာ သတင်းမှ မကြားဘူး ။ စုပ်စမြုပ်စ ပျောက်နေတာပဲ ” 

“ အင်း ... ဒီအကောင် ဘာများ ဖြစ်နေပါလိမ့်မလဲ ။ ဘာမှတော့ ဖြစ်ဖို့ မရှိပါဘူး ။ ရတဲ့ငွေကို တိုက်ပြန်ပြီး ဗီ-ပီ-ပီနဲ့ ပို့ရတယ် ။ ဘယ်လို အကြောင်းပါလိမ့်မလဲ ” 

“ ကျွန်မ သိပ်ပြီး စိတ်မချဘူး ။ အိပ်မက်ရာမက် များလည်း ကယောက်ကယက်နဲ့ ဘာများ ဖြစ်မလဲ မသိဘူး ”

“ ဘာမှဖြစ်မယ့် လက္ခဏာ မဟုတ်ပါဘူး ။ ဒီ အကောင်ဟာ ရောက်ရာပေါက်ရာ ဆေးစက်များချနေ သလား မသိပါဘူး ” ဟု ပြုံးရယ်ကာ ပြောလေ၏ ။ မမလေး မျက်နှာမှာ မှုန်၍ သွားပြီး “ ကိုစိုးရွှေ ဒီလို လူမဟုတ်ပါဘူး ။ အင်မတန် သစ္စာရှိပါတယ် ” 

“ အင်း .. ဟုတ်ကဲ့ ။ ဒီလိုလည်း မဖြစ်တန်ပါဘူး ။ ဘယ်လိုများ ဖြစ်နေပါလိမ့်မလဲ ”

စကားမပြောဘဲ အတန်ကြာစွာ ဆိတ်ဆိတ် နေကြလေ၏ ။

“ ကိုဘတင် သူတို့တိုက်ကို တစ်ဆိတ် သွားမေးပေးစမ်းပါ ”

“ မေးရတာပေါ့ ။ နက်ဖြန် သွားမယ် ။ အခု တိုက် ပိတ်ကရောပေါ့ ” ဟု လက်ပတ်နာရီ ကြည့်ကာ ပြောလေ၏ ။

“ ဆက်ဆက် သွားမေးစမ်းပါ ကိုဘတင် ။ ကျွန်မ သွားဦးမယ် ”

“ ဒီလောက်တောင်လည်း စိတ်ပူမနေပါနဲ့လေ ။ ပြန်လာတော့မယ် စိတ်ကူးလို့ စာမပေးဘဲများ နေသလား မသိဘူး ။ တကတဲဗျာ အခုအနေက စပြီး ဒီလောက်တောင် ပူနေရသလား ။ ဒီပုံဖြင့် မမလေးတို့ မင်္ဂလာဆောင်ပြီးရင် စိုးရွှေ ဒီအလုပ်က ထွက်ရတော့မလို ဖြစ်နေတာပဲ ”

သန်း ။  ။ “ ဒီအခါကျတော့ ကိုစိုးရွှေ သွားရာ ကောက်ကောက်ပါအောင် လိုက်နေမှာပေါ့ ။ အခုတော့ မတော်သေးဘူး ထင်ပါရဲ့ ”

“ ဟုတ်ကဲ့ ဒါလည်း တစ်မျိုးကောင်းတာပဲ ” 

“ ကျုပ်တို့မှာတော့ ဒီလိုကုသိုလ်မျိုး မရှိတဲ့ ဘဝနဲ့ ကြုံတွေ့ နေရလေတော့ သူတစ်ပါး ပျော်တာကိုကြည့်ပြီး ကူညီပြီး ပျော်ရဖို့ ရှိတော့တာပါပဲ ”

မမလေး ။  ။ “ ကိုဘတင်လို လူမှ ဒီလို ကုသိုလ်မျိုး မရှိရင် တခြားလူတွေဖြင့် လောကမှာ နေဖို့တောင် ကောင်းတော့မှာ မဟုတ်ပါဘူး ။ ကိုဘတင် ရုပ်ရည်နဲ့ ကိုဘတင် ပညာနဲ့ ၊ ကိုဘတင် အခြေအနေနဲ့ ဆိုရင် ရန်ကုန်မြို့မှာ လက်ရွေး ဆန်ရင်းသားတွေဆို သဘောကျ ရနိုင်ပါတယ် ။ ကျွန်မတို့လို ၊ ကိုစိုးရွှေတို့လို ၊ သူလို ငါလို ရွက်ကြမ်းရေကျို အောက်တန်းစားကလေးတွေ ပျော်ရတဲ့ အပျော်မျိုးဟာ အားကျလောက်တာ မဟုတ်ပါဘူး ”

“ ဪ .. ဒါတော့ ကိုယ့်ကိုယ်ကိုယ်ထင် ရွှေနန်း ဟာ ခုတင် ဖြစ်တာပေါ့ ။ နတ်ရုပ်ကို ထန်းပလပ် ထင်ပေတာကိုး ”

“ တော်ပါ ကိုဘတင်ရယ် ၊ မလှောင်ပါနဲ့ ။ ကျွန်မ စိတ်ချနေမယ်နော် ။ တစ်ဆိတ်သွားပြီး မေးပေးစမ်းပါ ။ ကျွန်မတို့ သွားဦးမယ် ” ဟု ပြောပြီး ဆင်းသွားကြလေ ၏ ။ ဘတင်သည် အိမ်အောက်ထိအောင် လိုက်၍ ပို့လိုက်လေ၏ ။

နက်ဖြန်နံနက် အလုပ်တိုက်သို့ ဘတင် သွားရောက် မေးရာ နောက်ဆုံး စိုးရွှေ ထံမှ ရောက်လာသော စာများကို တွေ့ ရလေ၏ ။ ထိုစာများမှာ လေးငါးရက်အတွင်း ရောက်သောစာများဖြစ်လေရာ ၎င်းစာများအရ မင်းဘူး ၊ ရေနံချောင်းမြို့များမှာ ကူးသန်း၍ နေသည်ကို သိရလေ၏ ။

သို့ဖြစ်သောကြောင့် ဘတင် စိတ်၌ အမျိုးမျိုးသော တွေးတောခြင်းများသည် ပေါ်ပေါက်၍ လာလေ၏ ။ စိုးရွှေမှာ တစ်စုံတစ်ရာ ဘေးအန္တရာယ် မဖြစ်သည်မှာ စိတ်ချရင် အဘယ်အတွက် မမလေးထံ စာမပေးသည်ကို တွေးကြံ၍ မရချေ ။ ဧကန် တစ်နေရာရာမှာ အပျော် လွန်၍ နေဟန်ရှိသည် ။ စာမပေးစရာ အကြောင်းတစ်စုံ တစ်ရာ မရှိ ။ ငါးစိမ်းမြင် ငါးကင်ပစ် ဆိုသည့် စကားလို ဖြစ်၍ နေတာပဲ ။ လူပုံက ချောချောမို့ ဥစ္စာစောင့် သိုက်ကောင်း တစ်ခုခုနှင့် တွေ့၍ နေတာ ထင်ပါရဲ့ ။ မမလေး အား ငါ ဘယ်လို ပြောရမည်လဲ ။ ရေနံချောင်း မှာ ရှိကြောင်း ပြောရလျှင် စိုးရွှေမှာ တစ်စုံတစ်ရာ ပူပင်စရာ မဖြစ် အကြောင်းကို သိရမှာပဲ ။ သိတာက ကိစ္စ မရှိဘူး ။ စာမပေးတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး မမလေး လည်း ငါ တွေးသလို တွေးမှာပဲ ။ သည်လို တွေးမိရင် အင်မတန် စိတ်ပူရှာတော့မယ် ။ ဒါမျိုးဟာ ရူးတတ်တဲ့ အရာမျိုးပဲ ။ လင်တရူးဆိုတာ ဒါမျိုးပဲ ။ ငါ တစ်စုံတစ်ရာ မပြောဘဲ နေရင်လည်း သာပြီး စိုးရိမ် ကြောင့်ကြခြင်း အင်မတန်မှဖြစ်ပြီး ပူပန်သောက ဖြစ်ရရှာတော့မှာပဲ ။ မတော်တဆ သူကိုယ်တိုင် တိုက်ကို သွားပြီး မေးရင်လည်း သူ ရေနံချောင်း ၊ မင်းဘူး မှာ ရှိတာ ကို သိမှာပဲ ။ သိရင် မိန်းမနဲ့ တွေ့နေလို့သာ ငါ့ဆီကို စာမပေးတာဘဲလို့ တွေးပြီး ရူးမှာကို စိုးရတယ် ။ ငါ တိုက်သွားပြီး မမလေးအား စိုးရွှေ အကြောင်း ဘာမှ မပြော ဖို့ရန် ပိတ်ထားမှ နေရာကျမယ် ထင်ပါရဲ့ ဟု စဉ်းစားလေ၏ ။ သို့ စဉ်းစားသည့် အတိုင်း တိုက်သွားပြီးလျှင် စာရေးကြီးနှင့် စာရေးများအား မှာကြား ပိတ်ပင်၍ ထားလေ၏ ။

ထိုနောက် မမလေး ထံ သွားပြီး ဝမ်းနည်းသော အမူအရာနှင့် စိုးရွှေ အကြောင်းကို တစ်စုံတစ်ရာ မကြား မသိကြောင်း ၊ မိမိ ဆက်လက် စုံထောက်ရှာဖွေမည့် အကြောင်းကို ပြောကာ အားပေး၍ ထားလေ၏ ။

မမလေး ထံမှ ပြန်လာ၍ လမ်းတွင် တစ်စုံတစ်ရာသော အရာကို တွေးမိပြီး မိမိ စိတ်ကူးပုံကို သဘောကျလျက် ပြုံးလေ၏ ။

အိမ်သို့ရောက်သောအခါ စာတစ်စောင်ကို ထိုင်၍ ရေးလေ၏ ။ စာနှင့်တကွ ငွေစက္ကူတစ်ရာတန်တစ်ချပ်ကို စာအိတ်၌ ထည့်ပြီးပိတ်ကာ လိပ်စာတပ်၍ ချွတ်ကရားကို ခေါ်ပြီး ရေစစ္စရီ လုပ်ပို့ရန် စေခိုင်းလိုက်လေ၏ ။

နောက်တစ်ရက် နှစ်ရက် ကြာသောအခါ ဘတင်သည် မမလေးထံ သွား၍ လည်လေရာ မမလေးသည် အားရဝမ်းသာနှင့် စာတစ်စောင်ကို ဘတင်အား လာ၍ ပြလေ၏ ။ ဘတင်သည် အားရဝမ်းသာသော အမူအရာနှင့် ဪ .. စာရောက်လာပလားဟု ပြောကာ စာကို ဖတ်လေရာ အောက်ပါအတိုင်း တွေ့ ရလေ၏ ။

        ချစ်နှမ
        ကိုကို အင်မတန် အလုပ်များနေသည် ။ စာတိုက်နဲ့ဝေးသော နေရာများသို့ ရောက်နေပါသည် ။ ထားဝယ်မြို့မှာ ကိုကို့တိုက်နဲ့ ဆိုင်သော အလုပ်များကို ချောမောစွာ ပြီးစီးသဖြင့် နယ်တစ်နယ်မှာ သတ္တုကောင်းရှိသည်ဟု သတင်းရသောကြောင့် လိုက်လံစူးစမ်း နေပါသည် ။ ကျန်းမာပါသည် ။ နှမလည်း ကျန်းမာစေရန် ဆုတောင်းပါသည် ။ နှမ ငွေများလိုလိမ့်မည် အောက်မေ့သဖြင့် ငွေတစ်ရာ ဤစာနှင့် တစ်ပါတည်း ထည့်ပေးလိုက်ပါသည် ။ မောင့်အတွက် စိတ်မပူပါနှင့် ။ ကိစ္စများ ပြီးစီးချောမောသည်နဲ့ တစ်ပြိုင်တည်း ပြန်လာပါမည် ။ နှမကို နေ့ရော ညပါ သတိရပါသည် ။

ဘတင်သည် လွန်စွာ ဝမ်းသာသော အမူအရာ နှင့် “ အဲဒါကြောင့် စိတ်မပူပါနဲ့လို့ ပြောတာ ။ ကိုင်း ... အေးသွားပြီ မဟုတ်လား ”

“ ဟုတ်ကဲ့ ၊ အေးသွားပါပြီ ။ ကိုဘတင် တိုက်ကို သွားမေးသေးသလား ”

“ တိုက်ကိုတော့ သွားမေးတာပဲ ၊ တိုက်ကလည်း ဘာမှ မပြောဘူးတဲ့ ။ ဒီအကောင်လည်း တစ်မျိုး အကောင်ပဲ ။ ထင်ရာစွတ်ပြီး သွားတဲ့အကောင် ၊ တိုက် စာပေးသည် ဖြစ်စေ ၊ မပေးသည်ဖြစ်စေ မမလေးဆီ စာရောက်ရင် ပြီးတာပဲ မဟုတ်လား ”

မမလေးသည် ပြုံး၍ နေလေ၏ ။

တင် ။  ။ “ ဘယ်လို သတ္တုများ လိုက်ရှာနေသလဲ မသိဘူး ။ ရွှေတွင်းများ တွေ့မလား ၊ ရွှေတွင်း တွေ့ရင် မမလေး ရွှေသူဌေးကတော် ဖြစ်ဦးမှာပဲ ” 

“ သတ္တု မတွေ့ဘဲနဲ့ သူ့အလုပ် လစ်ဟင်းတယ် ဆိုပြီး အလုပ်ဖြုတ်ပစ် ခံရမှာ စိုးသေးတယ် ကိုဘတင် ရဲ့ ။ သတ္တုသူဌေးဖြစ်ဖို့ အလုပ်ကတော့ အင်မတန် ခက်တာပဲ ။ သတ္တုရှာလို့ သူဌေးဖြစ်သွားတယ်ဆိုတာ တစ်ခါမှ မကြားရဖူးသေးပါဘူး ။ ဒါထက် တိုက်ကို စာမရေးတာက သိပ်ပြီးဆိုးတာ ကိုဘတင်ရဲ့ ။ အလုပ် ပြုတ်မှာ စိုးရတယ် ”

“ အလုပ်အတွက်က အရေးမကြီးပါဘူး မမလေးရယ် ။ လက်ထဲမှာ ငွေရှိရင် ရင်းနှီး လုပ်ကိုင်စား ဖြစ်တာပဲ ”

“ ကိုစိုးရွှေမှာ ငွေမရှိဘူး ကိုဘတင်ရဲ့ ၊ ကျွန်မ မှာတော့ သိတဲ့အတိုင်းပဲ ”

“ အို ... ဒါတွေ ပူစရာ မရှိပါဘူး ။ စိုးရွှေနဲ့ မမလေး ဆင်းဆင်းရဲရဲ ဖြစ်နေရင် ကျုပ်က ကြည့်နေနိုင်မှာလား ။ စိုးရွှေကလည်း ညီအစ်ကို အရင်းလို ချစ်တာ ။ မမလေးကလည်း နှမပါပဲ ။ မမလေးကသာ ဘယ်လို သဘောထားမယ် မသိရတာပါ ”

“ ကြားရတာ ကျေးဇူးတင်လှပါပြီ ကိုဘတင်ရယ် ။ တကယ် အခု ထုတ်ပြီး မ လိုက်သလိုပါပဲ ”

“ ဘာမှ ကျေးဇူးတင်စရာ မရှိပါဘူး ။ ကိုင်း ၊ မမလေး သွားဦးမယ်နော် ။ သတင်းကြားရတာ အင်မတန် ဝမ်းသာတယ် ၊ မမလေး စိတ်မကောင်းဘူး ဆိုတာ ကြားရတော့ အိပ်လို့တောင် မဖြစ်ဘူး ”

ဘတင်သည် အိမ်သို့ ရောက်သောအခါ ချွတ်ကရားအား အိပ်ရာလိပ်နှင့် သေတ္တာကို ပြင်ခိုင်းလေ၏ ။ ထိုနေ့ညဉ့်၌ မော်လမြိုင် စာပို့ရထားကြီးနှင့် လိုက်ပါ၍ သွားလေသတည်း ။

နောက် ရက်အနည်းငယ် ကြာသောအခါ မမလေး ထံ အထုပ်တစ်ခု ရောက်၍ လာလေ၏ ။ မမလေးသည် အထုပ်ကို ကြည့်လိုက်သောအခါ စိုးရွှေ ထံမှလာသော အထုပ်ဖြစ်သည်ကို သိလေ၏ ။ ဖြေကြည့်သောအခါ စိုးရွှေ၏ စာနှင့် အထက်၌ ပေါ်သော ပိုးထည်လုံချည်များ ဖြစ်သည်ကို တွေ့ရှိရလေရာ မမလေးမှာ အတိုင်းမသိ အားရဝမ်းသာ ဖြစ်ပြီး ကိုစိုးရွှေ ဟာလေ ဘယ်နှယ်လူ ပါလိမ့်မလဲ မသိဘူး ။ စာမပေးဘဲ နေတော့လည်း တစ်ခါတည်း ပျောက်နေတာပဲ ။ ပေးမယ့်ပေးတော့လည်း မရပ်မနား ။ ပို့တဲ့ လက်ဆောင်တွေကလည်း အဖိုးတန် ပါဘိသနဲ့ ။ ဒီက အတွက် ငွေကြေးကို နှမြောရမှန်း မသိဘဲ အရမ်းမဲ့ ဖြုန်းနေတော့တာပဲဟု တစ်ကိုယ်တည်း ပို့လိုက်သော ပစ္စည်းများကို ကိုင်တွယ်စဉ်းစားကာ သောမနဿ အဟုန်ကြောင့် မျက်ရည်များ ဝေ၍လာလေ သတည်း ။

၎င်း ပေးပို့လိုက်သော စာနှင့် လက်ဆောင်များမှာ မော်လမြိုင်က ဖြစ်သဖြင့် အောက်ပါစာကို ပြန်ကြား ရေးသားလိုက်လေ၏ ။

        ကိုကို
        ကိုကို့ထံမှ စာများ မရစဉ်အခါက အများကြီး စိတ်ပူခဲ့ပါတယ် ။ ယခုမှာ စာများနှင့် လက်ဆောင်များကို ရသဖြင့် စိတ်အေး၍ သွားပါပြီ ။ လက်ဆောင်များအတွက် အများကြီး ကျေးဇူးတင်ပါသည် ။ နှမအတွက် ငွေကြေး အကုန်ခံသည့်အတွက် ကျေးဇူးတင်သော်လည်း ကိုကိုမှာ နှမအတွက် ချို့ငဲ့ခြင်းဖြစ်မှာကို စိုးပါသည် ။ ကိုကိုမေတ္တာကြောင့် နှမ ကျန်းမာပါသည် ။ မောင်လည်း ကျန်းမာဖို့ရန် အမြဲဆုတောင်းပါသည် ။ ကိုကို ရောက်လာမည့် နေ့ကိုသာ အမြဲ မျှော်၍နေပါကြောင်း ၊ ကိုကို ပေးလိုက်တဲ့ အထည်များကို နှမ ချက်ချင်း ဝတ်ဆင်ဖို့ရန် ချုပ်လုပ်ပြီးစီးပါပြီ ။ ၎င်းတို့ကို ဝတ်သည့်အခါတိုင်း ကိုကို့ကို အစဉ် အောက်မေ့ပါသည် ။ စာ ခဏခဏ ပေးပါ ။ မြန်မြန်ကြီး ရောက်လာလိမ့်မည်ဟု မျှော်လင့်လျက် ရှိနေပါသည် ။
                မမလေး

နောက်တစ်နေ့နံနက် စာတိုက်ကြီး၌ စာရေးတစ်ယောက်သည် ထိုစာကို အခြား စာအိတ်တစ်ခုထဲ ထည့်ပြီးလျှင် မိမိ၏ ဒိုင်ယာရီစာအုပ်၌ ရေးမှတ်၍ ထားသော လိပ်စာတစ်ခုကို ကြည့်ကာ လိပ်စာအသစ် တပ်သည်ကို မမလေးသည် မသိဘဲ နေရှာလေသတည်း ။

မင်းဘူးမြို့ ဈေးအနီး အိမ်တစ်အိမ်ရှေ့၏ နံဘေး ပန်းခြံထဲ၌ ယောက်ျားပျို တစ်ယောက်နှင့် မိန်းမပျို တစ်ယောက်သည် စကားပြော၍ နေကြလေ၏ ။ မြူတိမ်ကင်းသော ညဉ့်ဖြစ်သဖြင့် လမင်းသည် ဝင်းဝင်းကြီး သာ၍ နေလေ၏ ။ အခြား ယောက်ျားပျို တစ်ယောက်သည် ခြံအပြင်ဘက် တစ်ခုသော မှောင်ရိပ်မှ ၎င်းတို့ကို ကြည့်၍ နေ၏ ။ ၎င်းမှောင်ကျသော နေရာ မှာ ခြံအတွင်းရှိ အပျိုလူပျို နှစ်ယောက် စကားပြော၍ နေသောနေရာနှင့် နီးကပ်သဖြင့် ၎င်းတို့ ပြောသော စကားများကို ကောင်းမွန်စွာ ကြားရလေသတည်း ။

အပြင်က ချောင်းမြောင်း ကြည့်ရှု၍ နေသော ယောက်ျားပျိုသည် များစွာ ဒေါသဖြစ်၍ နေသော လက္ခဏာ အမူအရာရှိလေ၏ ။

“ ကိုကိုမှာ တကယ်မိန်းမ မရှိဘူး ဆိုတာ ကျိန်ဝံ့ပါ့မလား ”

“ ဘယ်သစ္စာကို ဆိုရမလဲ အေးမြိုင်ရဲ့ ။ အခုတောင် ကျုပ်ကို မယုံသေးဘူးလား ။ ကျုပ်နဲ့ ရန်ကုန်မှာ အသိ ဖြစ်တဲ့ လူတွေလည်း မင်းဘူးမှာ ရှိကြပါတယ် ။ မအေးမြိုင် မေးကြည့်ရင် သိနိုင်ပါတယ် ”

အပြင်က နားထောင်၍ နေသူမှာ ပြောချင်အား ကြီးသဖြင့် နှုတ်ခမ်းမှ တရွရွ ဖြစ်၍ နေလေ၏ ။

ဟုတ်ကဲ့ ၊ မယားတော့ မရှိပါဘူး ။ ယူတော့မယ် ဆဲဆဲဖြစ်နေတဲ့ မမလေး ဆိုတာကတော့ တမျှော်မျှော် နေတာပါပဲ ဟု အသံကြားအောင် ပြောလိုက်မည် ကြံလေ၏ ။ သို့သော်လည်း မပြောဘဲ ချုပ်တည်း၍ ထားရလေ၏ ။

မြိုင် ။  ။ “ ကျွန်မက ကိုစိုးရွှေကို သစ္စာလည်း အဆိုမခိုင်းချင်ပါဘူး ။ အကျိန်လည်း မခိုင်းချင်ပါဘူး ။ ကိုစိုးရွှေ လိမ်ရင်လည်း ခံရမှာပါပဲ ။ အခုတော့ ကိုစိုးရွှေ ကို ယုံလို့ ကျွန်မကိုယ်ကို ပုံပြီး အပ်မိပါပြီ ၊ ရှင် သိတဲ့ အတိုင်းပဲ ။ မေမေ ကလည်း ကိုစိုးရွှေကို သားအရင်းလို ချစ်နေတာမို့ ကျွန်မတို့ သားအမိနှစ်ယောက်မှာ ကိုစိုးရွှေ ကောင်းရင် လူချီးမွမ်း ခံရဖို့ ရှိတာပါပဲ ။ ကျွန်မတို့မှာ မောင်ဖွား ရှိတာ မဟုတ် ။ အမေမုဆိုးမနဲ့ ဒီသမီး တစ်ယောက် ရှိတာမို့ ရှိတဲ့ ပစ္စည်းများကို ကူညီထိန်းဖို့ရန် အားကိုး တစ်ခုရယ်လို့ သဘောထားပြီး လူကဲ့ရဲ့ခံပြီး ပုံအပ်ရတာပါ ။ မနေ့ကတောင် မေမေက ကျွန်မကို ကြည့်ပြီး သမီးရယ်တဲ့ ၊ အခုအနေများ မောင်စိုးရွှေ ထွက်သွားမယ်ဆိုရင် သမီးအတွက် မေမေ ရင်ကွဲတော့မှာပဲလို့ မျက်ရည်စက်လက်နဲ့ ပြောရှာတယ် ။ သည်တော့ ကျွန်မက ကိုစိုးရွှေ ဒီလိုလုပ်မယ့်လူစား မဟုတ်ပါဘူးလို့ ပြောပြီး အားပေးရသေးတယ် ။ အခုတော့ မောင်ကြီး မယ်မယုံ သုံးပုံတစ်ပုံ ဆိုတာလို ဖြစ်နေတာပဲ ကိုစိုးရွှေ ။ ကျွန်မတို့ဖြင့် ကံကိုပဲ အားကိုး ပြုရတော့တာပဲ ။ အခုတော့ ရှင့်လက်ထဲ ရောက်နေတော့တာပဲ ”

“ စိတ်ချပါ မအေးမြိုင်ရယ် ။ မအေးမြိုင်ဟာ ကျုပ် တစ်သက်မှာ တွေ့ ရတဲ့ ပထမအချစ်ပါ ။ သည်ဘဝမှာ မိန်းမ မယူဘဲ ရဟန်း လုပ်ဖို့တောင် စိတ်ကူးမိဖူးပါတယ် ။ ဘယ်မိန်းမကိုမှ မချစ်ခဲ့ရရိုး အမှန်ပါ ။ အခုတော့ ရှေးက ရေစက်ကြောင့် ထင်ပါရဲ့ ။ မအေးမြိုင်ကို မြင်ကတည်းက ရဟန်း လုပ်ချင်တဲ့ စိတ်တွေ ပျောက်ပြီး နဖူးစာ ရွာလည်တယ် ဆိုတာများဟာ တယ်မှန်ပါကလားနော် ။ မအေးမြိုင်နဲ့ တွေ့ရဖို့ရန် အတွက် တမင်သက်သက် ဖူးစာဖန်တာမို့ ဘယ်မိန်းမကိုမှ မချစ်ဘဲ နေခဲ့ရတာပါပဲလို့ စိတ်ချလက်ချ သိရတော့တာပါပဲ ။ စိတ်ချပါ မအေးမြိုင် ၊ ကျုပ် ရန်ကုန်ကိုတောင် မပြန်တော့ပါဘူး ” 

“ ရှင့်မှာ ရည်းစားမရှိဘူး ဆိုတာ ဘုရားစူး မြေမျို ” 

“ အို ... မအေးမြိုင် ကလည်း ကျုပ်ကို ကြိုက်ချင်တဲ့ မိန်းမများလည်း တစ်ယောက်တလေ ရှိချင် ရှိမှာပေါ့ ။ ကျုပ်ကတော့ မအေးမြိုင်ကို အခု ချစ်သလို ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးပါဘူး ။ ပုထုဇဉ် ဆိုတာတော့ တစ်ခါတလေ မျက်စိအာရုံဆိုတာ ဘယ်ကင်းမလဲ မအေးမြိုင် ရဲ့ ။ အချစ်၏ စူးရောက်နက်နဲခြင်းသာ ပဓာန ဖြစ်တာပါ ”

ကိုယ့်လိပ်ပြာကိုယ် မရှက်တဲ့နွား ။ မမလေး ကို မရရင် ရေထဲ ဆင်းသေမယ် ဘာမယ်နဲ့ ။ စာရေးပြီး နူးလို့ မမလေးက သူ့ကို အဟုတ် ထင်ပြီး အလိမ်မိသွားတာ ။ အခုတော့ ချေးစားတဲ့ ပါးစပ်လို မဟုတ်တာတွေ လျှောက်ပြောနေတယ် ။ တယ် ၊ ငါ ဝင်ပြီး ပြောလိုက်ရ မကောင်းဘူးဟု စိတ်ထဲမှာ ကြိမ်းမောင်းလျက် တစ်ကိုယ်တည်း ဒေါသဖြစ်၍ နေလေ၏ ။ သို့သော်လည်း ငါ ဘယ်လိုပင် ဝင်၍ တောပေမဲ့ အကျိုးရှိမှာတော့ မဟုတ်ပါဘူး ။ သင်း တစ်မျိုးတစ်မည် ကြံဦးမှာပါပဲ ။ သည့်ပြင်လည်း သစ္စာ မရှိတဲ့ လူတစ်ယောက်ကို မမလေး ယူရရင်လည်း မမလေးမှာ အရှည်သဖြင့် ဒုက္ခသာများဖို့ ရှိတာပဲဟု တွေးပြီး မှောင်ရိပ်မှ ထွက်၍ သွားလေသတည်း ။

ထိုနောက် ရက်များ မကြာမီ ရန်ကုန်သို့ ရောက်၍ လာပြီး မမလေး ထံ သွားလေရာ မမလေး က အားရဝမ်းသာ စိုးရွှေထံမှ ရရှိသော လက်ဆောင်များနှင့် စာများကို ပြလေ၏ ။ ဘတင်သည်ကား ဝမ်းသာလေဟန် ဟန်ဆောင်၍သာ နေရလေ၏ ။ စိတ်ထဲ၌မူကား မင်းဘူးမြို့၌ မိမိ မြင်ခဲ့ရသော အဖြစ်အပျက်ကို ပြော၍ ပြချင် လှသောကြောင့် နှုတ်ခမ်းဖျား ၊ လျှာဖျားများမှာ ထိုးထိုးထွန့်ထွန့် ဖြစ်၍ နေလေသတည်း ။

သို့သော်လည်း ပြောသော စကားကို ယုံလျှင်တော်ရဲ့ ။ မယုံလျှင် မိမိကိုပင် အထင်လွဲပြီး အနားကပ်မှ မခံဘဲနေမှာကို စိုးရသဖြင့် တစ်ကြောင်း ၊ မမလေး စိတ်မကောင်းဖြစ်မှာကို စိုးသဖြင့်တစ်ကြောင်း ချုပ်တည်း၍ ထားပြီးလျှင် စိုးရွှေ ထံမှ ပေးသော စာများ ၊ လက်ဆောင်များ အနေနှင့် မကြာမကြာ မမလေးအား စာတိုက်က နေ၍ ပေးပို့လျက်သာ နေရရှာလေ၏ ။

သို့ ပေးပို့သည့် စာများ၌ အလုပ်တွေ များ၍ ဖောက်သည်များ စပ်ဟပ်ခြင်း အလုပ်၌ အလွန်တရာ တွင်ကျယ်၍ နေသဖြင့် ရုတ်တရက် ရန်ကုန်ကို ပြန်မလာနိုင်သေး သည်အတွက် များစွာ စိတ်မကောင်းဖြစ်၍ နေကြောင်းများ ပါရှိလေ၏ ။

မမလေးသည်ကား လက်ဆောင်ကို ချစ်သူ မဟုတ် ။ လူကို ချစ်သူ ဖြစ်လေရာ လက်ဆောင်များနှင့် စိတ်မကျေနပ်သဖြင့် စိုးရွှေ ပြန်မလာသည့် အတွက် တစ်နေ့ထက် တစ်နေ့ ပိုမို စိတ်ပူ၍ နေလေ၏ ။

စိတ်လက်မသာမယာ ဖြစ်သည့်အခါတိုင်း ဘတင် ထံ လာရောက်မေးမြန်း စုံစမ်းလေ၏ ။ တစ်ခါတစ်ခါ များ၌လည်း ကိုဘတင် အိမ်ကို မလာဘူးဟု စာရေး၍ မှာ၏ ။ ဘတင်မှာ မမလေး၏ စိတ်ကို ဖျော်ဖြေရသော အလုပ်ဖြင့် မအားမလပ် နေရသည်သာမက အဘယ်လို ပြောရမည် ၊ အဘယ်လို လိမ်ရမည့် နည်းလမ်းတို့ကို အမြဲ ကြံစည်၍ နေရလေ၏ ။

အကြောင်းမူကား ဘတင်၏ စိတ်၌ မိမိ မဟုတ် တကယ် ချစ်သော မမလေး၏ စိတ်မှာ သောကငြိုငြင် ပူပင်ခြင်းမှ ကင်းစေဖို့ရန်သာ အောက်မေ့လေ၏ ။ သို့ အောက်မေ့ကြံစည်ရတော့သဖြင့် မိမိ၏ အချစ်ကို ချိုးနှိမ်ကာ မမလေးအား မိမိဘက်သို့ ပါအောင် သွေးဆောင်ရန် အလုပ်ကိုပင် ကြံစည်ဖို့ရန် စိတ်လက်မအား ဖြစ်၍ နေလေသတည်း ။

မကောင်းသတင်းကို ပေးသူတို့မှာ အချစ်ကို မရ ။ အမုန်းကိုသာ ရမြဲ ဖြစ်သည်ကို ဘတင်သည် မိမိ၏ ချစ်သူတစ်ဦး သစ္စာဖောက်သည့် သတင်းထက် မကောင်းသော သတင်းသည် မရှိသည်ကိုလည်း ဘတင် သိ၏ ။ သို့ဖြစ်သောကြောင့် စိုးရွှေ၏ မကောင်းသတင်းကို ပြောလိုက်ပါချေက မမလေး၏ မုန်းထားခြင်းကိုသာ ခံရပြီး မမလေးမှာ ပိုမို ဆင်းရဲဒုက္ခကိုသာ ခံရဖို့ ရှိသည်ကို စဉ်းစားကာ မပြောဘဲ နေလေ၏ ။

စိုးရွှေ ထံမှ မမလေး ထံသို့ လက်ဆောင်များ ၊ စာများ မရောက်ဘဲနေသည်မှာ တစ်လကျော်ခန့် ကြာ၍ သွားလေ၏ ။ မမလေး၏ ပူပန်ခြင်းသည် တစ်နေ့ထက် တစ်နေ့ ပြင်းထန်၍ လာလေ၏ ။

ဘတင်ကို တစ်နေ့ မတွေ့ရလျှင် မနေနိုင်အောင် ရှိလေသတည်း ။ သို့ဖြစ်သောကြောင့် ဘတင်သည် တစ်ရက်ခြား တစ်ခါ ၊ နှစ်ရက်ခြား တစ်ခါ မမလေး ထံ သွား၍ အားပေးရလေ၏ ။ မိမိ ကြံစည်ပါဦးမည်ဟု ဝန်ခံရလေ၏ ။ ဘတင် မသွားဘဲ သုံးလေးရက် နေသည့် အခါ မမလေးသည် ဘတင်ထံသို့ လာရလေ၏ ။ သို့ဖြစ်သောကြောင့် အချို့သော အသိမိတ်ဆွေများက မမလေး သည် ဘတင်နှင့် ဖြစ်နေပြီဟူ၍ပင် စ၍ ပြောကြလေ သတည်း ။ သို့သော်လည်း ထိုသတင်းသည် မမလေး၏ နားသို့ မရောက်ချေ ။ များစွာ မိတ်ဆွေတို့ကလည်း မမလေး၏ ဖြူစင်သော စိတ်သဘော အကြောင်းကို သိကြသဖြင့် တစ်ကြောင်း ၊ ဘတင်၏ သစ္စာရှိခြင်းကို ယုံကြည်ကြသဖြင့်လည်းကောင်း ထိုသတင်းစကားများကို မယုံကြည်ဘဲ နေကြလေ၏ ။

ဘတင် နှင့် တွေ့သည့် အခါတိုင်း မမလေး မှာ မျက်ရည်ကျလေ၏ ။ ထိုမျက်ရည်တို့သည် ဘတင်၏ အသည်းနှလုံးကို အရည်ပျော်စေလောက်အောင် ပူလောင်သော မျက်ရည်များ ဖြစ်ကြလေ၏ ။

တစ်နေ့သ၌ မွန်းလွဲအချိန် ဘတင်သည် မမလေး ထံ စိုးရွှေ၏အပေးနှင့် ပေးဖို့ရန် လက်ဆောင်သေတ္တာ တစ်ခုကို အိမ်ရှေ့ခန်း၌ လုပ်ကိုင်စီမံလျက်နေလေ၏ ။ ထိုအခိုက် အထုပ်မှာ ပြီးစီးသဖြင့် သဘောကျလျက် စားပွဲပေါ်၌ တင်ကာ ကြည့်၍ နေလေ၏ ။ ထိုအခိုက်တွင် ခေါင်းမော်၍ ကြည့်လိုက်သောအခါ စားပွဲတစ်ဖက်၌ မမလေး ရပ်၍ နေသည်ကို မြင်ရလေ၏ ။

ထိုအခါ ဘတင်သည် ထိတ်လန့်တကြား ဖြစ်ပြီးလျှင် ကပျာကယာ အထုပ်ကို ဖယ်ပြီး လိပ်စာကို မမြင်ရအောင် လိပ်စာကို မှောက်၍ ထားလိုက်လေ၏ ။

မမလေး၏ မျက်လုံးများသည် အထုပ်ကို စူးစူးစိုက်စိုက် ကြည့်၍ နေလေ၏ ။ လက်တစ်ဖက်မှာ ကုလားထိုင်ကို ကိုင်လျက် တောင့်တင်းသော ကိုယ်နှင့် ညိုမှိုင်း အုံ့ဆိုင်းသော မျက်နှာမှာ ပစ်လတ္တံ့သော မိုးကြိုးကို ဆင်၍ နေသော မိုးတိမ်၏ အသွင်ကို ဆောင်လေ၏ ။ ဘတင်၏ အပြစ် မကင်းသော စိတ်သည် မျက်လုံး၌ ထင်ပေါ်ကာ မမလေး၏ မျက်နှာကို ဆိုင်၍ မကြည့်နိုင်ဘဲ နေသဖြင့် မျက်နှာကို ချကာ လှုပ်ရှားသော လက်ချောင်းများသည် ကျောက်စားပွဲကို ဖဲ့တော့ရွဲ့တော့ မလို ကိုင်တွယ်၍ နေကြလေ၏ ။ တစ်ဖန် မမလေး၏ မျက်နှာကို ပြန်၍ ကြည့်လိုက်သောအခါ ခက်ထန်သော မျက်နှာမှာ ခန့်ညားသော ကျက်သရေ၏ အဆင်းအရောင် ပေါ် လျက်နေသည်ကို တွေ့ ရှိရသဖြင့် ရှိရင်း အချစ်၏ အရှိန်သည် သွေးကို ဆူဝေတက်ကြွစေသဖြင့် ရှေ့၌ ကပိုကရို အသွင် ရပ်လျက်နေသော မမလေး၏ ငါးရံ့ကိုယ်ကလေးကို အတင်းပွေ့ယူကာ အားရပါးရ နမ်းရှုပ်ချင်သောစိတ် ပေါ်ပေါက်၍ လာသဖြင့် မိမိ ကိုယ်ကို အနိုင်နိုင် ချုပ်တည်း၍ ထားရသတည်း ။

မမလေးသည်ကား ဘတင်၏ မျက်နှာနှင့် အထုပ်ကို တစ်လှည့်စီ ကြည့်နေပြီး ဟိုဟာ ဘာထုပ်လဲ ။ ကျွန်မကို ပြစမ်းဟုပြောကာ အထုပ်ကို လှမ်းယူကိုင်လေ၏ ။ ဘတင် သည်ကား အထုပ်ကို မပေးဘဲ လက်နှင့် ဖိ၍ထားလေ၏ ။

ကျွန်မ မသိဘူး မှတ်သလား ။ ဘာအထုပ်လဲ ပြ ဟု ခပ်မာမာ ပြောကာ အထုပ်ကို ဆွဲယူ၍ လိပ်စာကို ဖတ်လိုက်သောအခါ မျက်နှာများစွာ ပျက်ပြီး ဘတင်၏ မျက်နှာကို ဒေါသဖြင့် တောက်လောင်သော မျက်လုံး များနှင့် ကြည့်၍ နေလေ၏ ။

ဒါ ကိုဘတင် ဉာဏ်ပေါ့လေ ။ ကျွန်မ မသင်္ကာ နေတာ အတော်ကြာပြီ ။ ပြစမ်း ဒီအထဲမှာ ဘာပါသလဲဟု ပြောပြီး ကြိုးများကို ဖြူစင်သော သွားကလေးများ နှင့် ကိုက်ကာ ဖြတ်လေ၏ ။ သို့ ကိုက်ကာ ဖြတ်ခိုက်တွင် လက်များမှာ တုန်လှုပ်လျက် ၊ ကြည်လင်တောက်ပသော မျက်လုံးများ ဝင်းခနဲ လက်ခနဲ နေလေ၏ ။ ဘတင် မှာမူ ရာဇဝတ်သင့်သောသူပမာ ၊ မငြိမ်မသက်ဖြစ်ကာ မိမိ လက်ချောင်းများကို မိမိချိုး ၊ မိမိ၏ လက်သည်းများကို မိမိ ခွာသလို လက်များ လှုပ်လှုပ်ရှားရှား ဖြစ်၍ နေကြသတည်း ။

မကြာမီ အထုပ်ပွင့်လေ၏ ။ အတွင်း၌ အလွန် အဖိုးထိုက်သော ပိုးထည်များနှင့် ရှည်သောဆံစုနှစ်စင်း ကို တွေ့မြင်ရလေ၏ ။ မမလေးသည် ဘတင်ကို စိတ်ဆိုးသောအမူအရာနှင့် စိုက်ကာကြည့်နေလေ၏ ။ ဘတင်သည်ကား မော်၍ မကြည့်ဘဲ ခေါင်းငုံ့၍ နေလေ၏ ။

မမလေးသည် ၎င်းအထည်များကို လှန်လှော ရှာသောအခါ စာအိတ်တစ်အိတ်ကို တွေ့ ရလေ၏ ။ ထို စာအိတ်ကို ဖောက်၍ကြည့်သောအခါ တစ်ရာတန် ငွေ စက္ကူတစ်ချပ်နှင့် စာတစ်စောင် ထွက်လာလေ၏ ။ မမလေးသည် ၎င်းပစ္စည်းများကို တုန်လှုပ်သော လက်များနှင့် ကိုင်ကာ ဘတင် ကို ကြည့်လျက် “ ကိုဘတင် ရှင် ကျွန်မကို အရူးလုပ်နေတာ ဘယ်လောက် ကြာပြီ လဲ ။ ရော့ ... ရှင့်ဟာတွေကို ကျွန်မ ဘာလုပ်ရမှာလဲ ” ဟု ပြောပြီး ငွေစက္ကူကို ပစ်ချပြီး အထည်များကို တွန်း၍ ဖယ်လိုက်လေ၏ ။

ထိုနောက် မျက်ရည်များ ဝိုင်းလျက် နှုတ်ခမ်းများနှင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ကာ စာကို ဖတ်လေ၏ ။

        ချစ်နှမ
        ကိုကိုထံ အလုပ်တိုက်က အမိန့်ထပ်၍ ရောက်သဖြင့် တခြား တစ်နယ်ကို သွားရပါ ဦးမည် ။ ရုတ်တရက် မပြန်လာနိုင်သည့် အတွက် ဝမ်းနည်းပါသည် ။ ကိုကို့ အတွက် နှမ စိတ်မပူဖို့ရန် ဤစာနှင့် ဤပစ္စည်းများကို ပေးပို့လိုက်ပါသည် ။ နှမကို ကိုကို ဘယ်တော့မှ မမေ့ ။ အမြဲ သတိရခြင်း၏ အထိမ်း အမှတ် အဖြစ်နှင့် ဤပစ္စည်းများနှင့် ငွေကို ပို့လိုက်ခြင်း ဖြစ်ပါသည် ။ တစ်လ မလွန်မီ ရန်ကုန်သို့ အရောက်လာပါမည် ။ စိတ်ချပါ ချစ်နှမ ။ ကိုကို ကျန်းမာပါသည် ။
               စိုးရွှေ

စာရွက်သည် မမလေး၏ လက်ထဲ၌ လေတိုက်သလို လှုပ်ရှား၍ နေ၏ ။ မမလေး မှာလည်း စုန်းတစ္ဆေ ပူးသလို ဖြစ်၍ လာလေ၏ ။

ဒါ ရှင့်အတတ်တွေပေါ့လေ ။ ကျွန်မကို ဘယ်လို မိန်းမမျိုးမှတ်လို့ ပစ္စည်းနဲ့ လှည့်စားနေတာလဲ ။ ကိုဘတင်ကို မောင်အရင်းလို သဘောထားပြီး ကျွန်မ အားကိုးလို့ တိုင်ပင်ခဲ့တာပေါ့ ။ ကိုဘတင်က ကျွန်မကို အရူးလုပ်ပြီး ကျွန်မ စိတ်ညစ်နေတဲ့အထဲမှာ ကိုဘတင် ကတော့ ကြိတ်ပြီး ရယ်နေတာပေါ့လေဟု စာကို ဆုပ်ခြေကာ လျင်မြန်သော အသံစကားကို ပြွတ်ထိုးသလို ပြောလိုက်လေ၏ ။

“ မရယ်ပါဘူး မမလေးရယ် ။ မမလေး စိတ်ညစ်နေမှာ စိုးလို့ လုပ်ရတာပါ ”

မမလေးသည် ၎င်း၏ စကားကို မကြားသော အမူအရာနှင့် ဆက်ကာ “ ဒီလို ဉာဏ်မျိုးနဲ့ ကျွန်မကို လှည့်စားဖို့ ကြံရင်ရမယ်လို့ ကိုဘတင် ထင်သလား ”  ဟု မေးလေ၏ ။

“ ဒီလိုလည်း မဟုတ်ပါဘူး မမလေးရယ် ။ မမလေး အင်မတန် စိတ်လက်ပူပင်သောက ရောက်နေတာ မြင်တာနဲ့ သောကမှ ပြေပျောက်ပါစေတော့လို့ အောက်မေ့ပြီး ကြံမိကြံရာ ကြံတာပါ ။ မမလေးကို ချစ်လည်းချစ် ၊ သနားလည်း သနားလို့ပါ ”

“ ချစ်တဲ့ စကားကို မပြောပါနဲ့ ကိုဘတင်ရယ် ။ ကျွန်မကို ချစ်ရင် သနားရင် ကျွန်မကို ကူညီဖို့သာ ရှိပါတယ် ။ ဒီလို တစ်ပတ်ရိုက်ဖို့ မသင့်ပါဘူး ။ ဒီလိုဖြင့် ကျွန်မက ပြန်ပေးတဲ့ စာတွေကိုလည်း ကိုဘတင် ရတာ ပေါ့လေ ”

“ ဟုတ်တယ် ၊ မငြင်းပါဘူး ”

“ ဒီလိုဖြင့် ရှင် အင်မတန် မကောင်းတဲ့ လူတစ်ယောက်ပေါ့ ”

“ မမလေး ဘယ်လိုပဲ ထင်ထင် ကိစ္စမရှိပါဘူး ။ ကျုပ်ကတော့ မမလေးကို သနားလို့ လုပ်တာပါပဲ ။ စိုးရွှေ မှာတော့ကာ ... ”

“ ကိုစိုးရွှေ ဘာဖြစ်သလဲ ။ ကိုစိုးရွှေဆီက စာတွေကို ရှင် လမ်းက ဖြတ်ယူပြီး ကိုစိုးရွှေဆီကို ကျွန်မ စာမရေးနိုင်အောင် လုပ်တာမဟုတ်ဘူးလား ”

“ ဒီလိုလုပ်ရင် ဘယ်အတွက် လုပ်တယ် ဆိုတာ မမလေးပဲ စဉ်းစားကြည့်ပါ ။ ဘယ်အတွက် လုပ်ရမလဲ ” 

“ ရှင် ယုတ်လို့ ဒီလို လုပ်တာပေါ့ ”

“ မမလေး မှားမှာပေါ့ ” 

“ ကိုစိုးရွှေ ဘယ်မှာလဲ ” 

“ စိုးရွှေ မင်းဘူးမှာ ”

“ ဒီလိုဖြင့် ကိုဘတင်ရယ် ရှင် ကျွန်မကို မပြောဘဲနဲ့ အခုလို ကြံစည်နေတာ စိတ်ကောင်းရှိတယ်လို့ ကျွန်မ ဘယ်နှယ် ပြောနိုင်ပါ့မလဲ ”

“ မင်းဘူးမှာ ရှိတဲ့ အကြောင်းကို ပြောရရင် မမလေး သာပြီး စိတ်ဒုက္ခဖြစ်မှာ သိလို့ မပြောဘဲ နေရတာပါ ။ မမလေးက ကျုပ်ကို တလွဲ ထင်ရင်တော့ ဘာတတ်နိုင်မလဲ ”

“ ရှင့်ဆီက ရတဲ့ ငွေနဲ့ ရှင်ပေးတဲ့ ပစ္စည်းတွေကို ကျွန်မ ခုချက်ချင်း ပြန်ပေးပါရစေ ။ ကိုစိုးရွှေ မင်းဘူးမှာ အခု ရှိတယ် ၊ မရှိတယ် ကိုသာ ကျွန်မ သိပါရစေ ”

“ ပြန်ပေးချင်ရင်လည်း ပြန်ယူရတာပေါ့ ။ စိုးရွှေ မင်းဘူးမှာ အခု ရှိတယ် မရှိတယ်တော့ သေသေချာချာ မပြောနိုင်ဘူး ”

“ အရင်လထဲကတော့ ကိုယ်တိုင် မျက်စိနဲ့တွေ့ခဲ့ တာပဲ ။ မြင်သမျှကို ပြောပြရင် မကောင်းတတ်လို့ မပြောဘဲ နေတာပါ ”

အတန်ငယ်ကြာစွာ ဆိတ်ငြိမ်၍ နေကြလေ၏ ။

ထိုအခိုက်တွင် အိမ်ရှေ့မှာ မြင်းရထားတစ်စင်း ဆိုက်လာသည်ကို နှစ်ယောက်စလုံး အသံ မကြားကြဘဲ လှေကား၌ ခြေသံများကို ကြားကာမှ သတိရကြလေ၏ ။

မကြာမီ အိမ်ပေါ်သို့ ရောက်လာသူများမှာမူကား စိုးရွှေ နှင့် အေးမြိုင် ဖြစ်၍ နေလေ၏ ။ မမလေးသည် ၎င်းတို့ကို မြင်လျှင်မြင်ချင်း မတ်တတ်က လဲ၍ကျလေရာ ဘတင်သည် ပွေ့ယူ၍ ထားရလေ၏ ။ စိုးရွှေ နှင့် အေးမြိုင်သည် အံ့အားသင့်၍ နေကြလေ၏ ။ ဘတင်က ဒေါသအမျက် ချောင်းချောင်းထွက်ပြီး မင်းတို့ ဘယ်ကလဲ သွားကြ ။ ငါ့အိမ်ပေါ်ကို မတက်နဲ့ ဟုပြောကာ လှေကားသို့ လက်ပြလေ၏ ။ စိုးရွှေသည် အတန်ငယ် တွေဝေ၍ နေလေ၏ ။ အေးမြိုင်သည် အံ့အားသင့်လျက် ကြောင်တောင် ဖြစ်၍ နေလေ၏ ။ ထိုနောက် စိုးရွှေသည် အေးမြိုင်ကို လက်ကုတ်ကာ အိမ်ပေါ်မှ သုတ်သုတ် ဆင်း၍ သွားလေရာ အေးမြိုင် လိုက်ပါ၍ သွားလေသတည်း ။

“ ကိုဘတင် ကျွန်မ ဘာဖြစ်သွားတာလဲ ”

“ ကျွန်မ မြင်ရတာ တကယ်ပဲလား ” ဟု အားငယ်သော အသံနှင့် မေးလေ၏ ။

“ စိတ်ကို ခိုင်ခိုင်ထား မမလေး ။ သူက သစ္စာဖောက်တာပဲ ။ ကိုယ်က ဖောက်တာမှ မဟုတ်ဘဲ ။ ကျုပ် ဒီအကြောင်းကို သိတာ အတော်ကြာပြီ ။ မမလေး စိတ်မကောင်းမှာ စိုးလို့ မပြောဘဲ မမလေး စိတ်အေးအောင် ကြံမိကြံရာ ကြံနေရတာပါ ”

မမလေးသည် ဘတင်၏ မျက်နှာကို စိုက်ကာ ကြည့်လေ၏ ။ မျက်လုံးများ၌ မျက်ရည်တွေ ဝိုင်း၍ လာလေ၏ ။ ဘတင်၏ မျက်နှာ၌ အထက်ထက်က မမြင်ဖူးသော အရာ တစ်ခုကို မြင်ရလေ၏ ။ ထိုအရာသည်ကား မြင့်မြတ်သော ယောက်ျားစိတ်မှ ထွက်ပေါ်သော ချစ်ဖွယ်ရာကောင်းသော ကျက်သရေ၏ အဆင်းအရောင် ဖြစ်လေသတည်း ။

ထိုအခါ ဘတင်သည် မမလေး၏ မျက်လုံးများ၌ ထင်ရှားပေါ်လာသော အနက်အဓိပ္ပာယ်ကို သိမြင်လျက် မမလေးကို အဟုတ်တကယ် ချစ်တဲ့ လူတစ်ယောက် ရှိသမျှ ကာလပတ်လုံး အားငယ်စရာ မရှိပါဘူးဟု ပြောကာ မမလေးကို ပွေ့ယူ ထူမပြီးလျှင် မိမိ၏ ရင်ခွင်သို့ ကပ်လေ၏ ။ မမလေး၏ ကိုယ်တစ်ကိုယ်လုံးမှာ တကယ့် အချစ်၏ အရှိန်ဖြင့် သိမ့်သိမ့်ခါ၍ သွားပြီးလျှင် အမြဲ ခံစားရမည့် စိတ်၏ ချမ်းမြေ့ငြိမ်သက်ခြင်းကို ယခု တွေ့ရှိရသော ကိုယ်၏ ချမ်းမြေ့ငြိမ်သက်ခြင်းဖြင့် အစပြုလေသတည်း ။

ထို့နောက် အတန်ငယ် ကြာသောအခါ မမလေး သည် မိမိကိုယ်တိုင် ရှုတ်ချတွန်းဖယ်၍ ပစ်မိသော အထုပ်ကို ယုယကိုင်တွယ် ပိုက်ထွေးကာ ကိုဘတင် ဒီအထုပ်ကလေးနဲ့ ဒီငွေရော ၊ ဒီပစ္စည်းများရော ၊ ကြိုးရော မကျန် ရိုရိုသေသေ သိမ်းထားပြီး မှန်သေတ္တာကလေးနဲ့ ထည့်ထားရင် မကောင်းဘူးလားဟု ပြောလေ၏ ။

ဘတင်သည်ကား အငြိုးနှင့် ချစ်ရသော မမလေးကို တအား ပွေ့ကာ နမ်းရှုပ်၍ မဝနိုင်ဘဲ အထုပ်ကလေးကို ပိုက်လျက် နေသော မမလေးကို ပွေ့ကာ အိပ်မက် ပမာ လွင့်ပျောက်၍ ပြေးမှာ စိုးသလို ဖြစ်၍ နေရှာလေ၏ ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment