❝ ဆူးပင်များ ❞
( ခွန်းဆင့်သူသူ )
ဘဝမှာ ကံကြမ္မာက အဖေ ၊ အမေ ၊ ညီအစ်ကို မောင်နှမ ဆိုတာကို ရွေးချယ်ခွင့် မရှိဘူးတဲ့ ။ ကျွန်မ ဘဝမှာတော့ သူငယ်ချင်း ဆိုတာကိုလည်း ရွေးချယ်ခွင့် မရှိပါဘူး ။ ကျွန်မ ဘဝမှာ ဆူးပင်နဲ့ တူတဲ့ သူငယ်ချင်းတွေ ရခဲ့ဖူးတယ် ။
••••• ••••• •••••
ကျွန်မ ပထမတန်း ကျောင်းသူ အရွယ်တုန်းကပေါ့ ။ ဆရာမက အတန်းထဲမှာ နေရာချ ပေးတော့ ကျွန်မ ဘေးမှာ ထိုင်ခွင့်ရတဲ့ သူက ကျွန်မထက် သုံးနှစ်လောက် အသက် ကြီးတယ် ။ လူကောင်ကလည်း ကျွန်မထက် ထွားပြီး စကားပြောရင် အော်ကျယ် အော်ကျယ်နဲ့ စွာလည်း စွာတယ် ။
ကျောင်းဖွင့်စ နှစ်ပတ် အတွင်းမှာ သူက ကျွန်မကို အနိုင်ကျင့်တော့တာပဲ ။ သူက စာရေးခုံကို မြေဖြူနဲ့ မျဉ်းသားပြီး ...
“ နင် ဒီစည်းကနေ ငါ့ ဘက်ကို ကျော်မလာနဲ့ ။ နင့် စာအုပ်တွေ ၊ နင့် ပစ္စည်းတွေ ငါ့ဘက် ကျော် လာရင် နင့် မုန့်ဖိုးထဲက ငါ့ ကို ၁ဝ ပြား ပေးရမယ် ။ မပေးရင် နင့်ကို ငါ မခေါ်တော့ဘူး ။ ဆရာမကိုလည်း ငါ့ဘက်ကို အတင်း တိုးတယ်လို့ သွား တိုင်မယ် ”
ကျွန်မက လူ ကြောက်တတ်တယ် ။ စကား ကျယ်ကျယ် ပြောရမှာလည်း ရှက်တယ် ။ သူ့လိုလည်း မစွာတတ်ဘူး ။ တစ်ခုံတည်း အတူ ထိုင်နေပြီး သူ မခေါ်တော့မှာလည်း စိုးတယ် ။ ကျွန်မရဲ့ ခဲတံတွေ ၊ စာအုပ်တွေ ၊ ပေတံတွေကို သူ့ဘက် မရောက်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ပေမယ့် ကျောင်းဆင်းချိန် မတိုင်ခင်တော့ သူ့ကို ကျွန်မ မုန့်ဖိုးတစ်မတ် ရတဲ့ အထဲက ၁ဝ ပြား ပေးရတာချည်းပဲ ။ သူက ကျွန်မ ပစ္စည်းတွေကို သူ့ ဘက် မရောက် ရောက် အောင် ( ကျွန်မ အလစ်မှာ ) ရွှေ့ပစ်တာကိုး ။ ကျွန်မက သိလို့ ပြောရင်လည်း အတင်း ခံငြင်းတော့တာပဲ ။ နောက်ဆုံး ကျွန်မကပဲ အလျှော့ပေး လိုက်ရတာပေါ့ ။ တစ်ခန်းလုံး ကြားရ လောက်အောင် ကျယ်တဲ့ သူ့ အသံကြီးကို ကျွန်မက ကြောက်တယ်လေ ။
အဲဒီလိုနဲ့ တစ်လလောက် ကြာတော့ ကျွန်မတို့ရဲ့ နောက်ခုံက ကောင်မလေးက ဆရာမကို တိုင်လိုက်တယ် ။ ဆရာမက ကျွန်မတို့ နှစ်ယောက်ကို ခုံ ပေါ်တက် ၊ မတ်တတ် ရပ်ခိုင်းပြီး အကြာကြီး ဆူတယ် ။ ကျွန်မကို ဒီလောက် နုံရလား ၊ အ ရလား ၊ သူ့ကို မတိုင်ရကောင်းလား ဆိုပြီး ဒေါသထွက် ၊ သူ့ကိုလည်း ငယ်တဲ့သူကို အနိုင်ကျင့်ရမလား ၊ ဗိုလ်ကျရလား ဆိုပြီး စိတ်ဆိုး ။ ပြော ပြောပြီး ကျွန်မတို့ရဲ့ ခြေသလုံးတွေကို နီရဲအောင် ရိုက်တာ ။ သူ့ကိုတော့ ပို ရိုက်ပါတယ် ။
ပြီးတော့ ကျွန်မကို တခြား ခုံမှာ ပြောင်း ထိုင် ခိုင်းတယ် ။ အဲဒီလို ဘဝ အစမှာပဲ သူငယ်ချင်း ဆိုတာ နာကျင်စေခဲ့တယ် ။
••••• ••••• •••••
ကျွန်မ ဒုတိယတန်းမှာ အတန်းပိုင်က ဆရာ ။ အသက်ငယ်လို့ ကျွန်မတို့က ဆရာလေးလို့ ခေါ်တယ် ။ ဆရာလေးက သဘောကောင်းပြီး မျက်နှာက ချိုနေတာပဲ ။ စာသင်ရင်လည်း ပုံတိုပတ်စတွေ ပြောပြလို့ ကျွန်မတို့ ပျော်ရတယ် ။ ကျောင်းသားတွေကိုလည်း ရိုက်ခဲတယ် ။
ဒီတစ်ခါ ကျွန်မဘေးမှာ နေရာကျတဲ့ သူငယ်ချင်းက ကျွန်မနဲ့ ရွယ်တူ တရုတ်မလေး ။ သူက အတန်းထဲမှာ စာ အတော်ဆုံးမို့ ဆရာလေးရဲ့ အချစ်ဆုံးပေါ့ ။ တစ်ရက်တော့ သူက ကျွန်မရဲ့ ပုလဲလက်စွပ်လေးကို ကိုင်ကြည့်ပြီး “ လှလိုက်တာ ၊ ငါ့ လက်နဲ့ တော်လား ဝတ်ကြည့်မယ် ” ဆိုလို့ ကျွန်မက ချွတ် ပေးလိုက်တော့ သူ့လက်မှာ ဝတ်ကြည့်ပြီး “ လှလိုက်တာနော် ငါ ဝတ်ထားမယ် ၊ ကျောင်းဆင်းမှ ပြန်ပေးမယ်နော် ” တဲ့ ။ ကျွန်မလည်း ခေါင်ညိတ် လိုက်ရတာပေါ့ ။ ကျောင်း ဆင်း ခေါင်းလောင်းထိုးလို့ နိုင်ငံတော်သီချင်း ဆိုခါနီးမှာ ကျွန်မကို လက်စွပ် ပြန်ပေးတယ် ။
နောက် တစ်နေ့ မုန့်စားဆင်းချိန်မှာ တရုတ်မလေးက ...
“ နင့် လက်စွပ်ကို မနက်ပိုင်းမှာ နင်က ဝတ်ပေါ့ ။ မုန့်စားဆင်း ပြန်တက်တဲ့ အချိန်မှာ တော့ ငါ့ကို ခဏ ပေးဝတ်ဟယ် ။ ကျောင်းဆင်းရင် ငါ ပြန်ပေးမယ် ၊ ငါ ဝတ်ချင်လို့ပါ ”
ကျွန်မက ...
“ ငါ့ အမေ ဆူလိမ့်မယ် ” ဆိုတော့ ...
“ နင့် အမေ မမြင်ပါဘူး ။ ငါတို့က ဟိုဘက် အဆောင်ကို သွားတာမှ မဟုတ်တာ ” တဲ့ ။
ကျွန်မ အမေက တတိယတန်း သင်တဲ့ ဆရာမလေ ။ ကျွန်မက မပေးဘူးလို့ ပြောမထွက်ဘူး ။ သူ့ကို ကြောက်လို့ တော့ မဟုတ်ဘူး ၊ အားနာတာနဲ့ တူပါတယ် ။
ဒီလိုနဲ့ သူက သူ့အချိန် ရောက်ရင် လက်စွပ်ကို တောင်းတော့တာပဲ ။ ကျောင်းဆင်း ခေါင်းလောင်း ထိုးမှပဲ ကျွန်မကို ပြန်ပေးတယ် ။ ကျွန်မမှာတော့ စိတ်ညစ်ရပြီ ။ စာသင်ရတာ စိတ် မဖြောင့်တော့ဘူး ။ သူ့ လက်ထဲမှာ လက်စွပ် ကျပျောက်သွားရင် ဘယ်လို လုပ်မလဲ ။ သူ့ကို အလျော် တောင်းရင် လျော်နိုင်မှာ မဟုတ်ဘူး ။ သူ့ မိဘတွေက ဆင်းရဲတယ် ။ ကျပျောက် သွားတယ်ဆိုပြီး ပြန်မပေးတော့ရင်ကော ငါ ဘယ်လို လုပ်ရမလဲ ။ အမေနဲ့ အဘွားက ငါ့ကိုပဲ ရိုက်မှာ ။
ကျွန်မမှာ အတွေးတွေ များပြီး နေ့ခင်းပိုင်း တစ်ချိန်လုံး စာသင်ရတာ မပျော်တော့ဘူး ။ သူ့ လက်ထဲက လက်စွပ်ကိုပဲ ကြည့် ကြည့် နေရတယ် ။ ကျောင်းဆင်းလို့ ကျွန်မ လက်ထဲ လက်စွပ် ပြန် ရောက်မှပဲ စိတ်အေးနိုင် တော့တယ် ။ တစ်ခါတလေ ကျောင်းဆင်း ခေါင်းလောင်းထိုးလို့ စာအုပ်တွေ ကောက်သိမ်း ၊ လွယ်အိတ်တွေ ပြင်လို့ လက်စွပ်ကို ပြန်မပေးသေးရင် ကျွန်မမှာ စိတ် ယကို မောလို့ ။ ငါ့ လက်စွပ် ပေးတော့လေလို့လည်း ပြောမထွက်ဘူး ။ အဲဒီလို ကျွန်မ သူ့အတွက် နဲ့ စိတ်ပူပန်ရတာတွေ ၊ အနှောင့်အယှက် ဖြစ်နေတာတွေ သူကတော့ သိဟန် မတူဘူး ။ အပြုံးလည်း မပျက်ဘူး ၊ လွတ်လပ်ပျော်ရွှင် လို့ ။ ကျွန်မမှာတော့ စိတ် ဒုက္ခတွေ ရောက်လိုက်ရတာ ။
နောက်တော့ ကျွန်မတို့ အကြောင်းကို သိသွားတဲ့ နောက်ခုံက ကောင်မလေးက ဆရာလေးကို သွားတိုင်တယ် ။ ကျွန်မ အမေကိုလည်း သွားတိုင်တယ် ။ ( အမေ့ကို မျက်နှာ လုပ်ချင်တာလည်း ပါမှာပေါ့ ။ ) ကျွန်မတို့ နှစ်ယောက်ကို ဆရာလေးက အတန်း အပြင်ကို ခေါ် ထုတ်ပြီး အကြာကြီး ဆူတယ် ။ ရိုက်လည်း ရိုက်တယ် ။ အိမ်ရောက်တော့ အမေက မေးတယ် ။
“ ဆရာလေးက ဘယ်ကို ရိုက်လိုက်လဲ ”
ကျွန်မက နာနေတဲ့ လက်ဝါးလေးကို ဖြန့် ပြတော့ …
“ အေး ... လက်က နာ နေလို့ မရိုက်ဘူး ။ ဟိုဘက်လှည့် ၊ ဆရာမ သမီး ဖြစ်ပြီးတော့ ဒီလောက် နုံရလား ၊ အ ရလား ၊ နုံ ဦးမလား ၊ အ ဦးမလား ”
ဆိုပြီး ခြေသလုံးကို ကြိမ်လုံးနဲ့ ဆော်တော့တာပဲ ။ အဘွား ကလည်း အနုံမ ၊ အအမ ဆိုပြီး ဗိုက်ခေါက်ကို အဆစ်ဆွဲလိမ်လိုက်သေးတယ် ။
အဲဒီလို သူငယ်ချင်း ဆိုတာ အခွင့်အရေး ယူလွန်းခဲ့တယ် ။
••••• ••••• •••••
ကျွန်မ ၄ တန်းနှစ်မှာတော့ အတူ ထိုင်ခွင့်ရတဲ့ သူငယ်ချင်းတွေက မြန်မာမလေး နှစ်ယောက် ။ မူလတန်းကျောင်းလေး မှာတော့ ၄ တန်းကျောင်းသား ဆိုတာက အတန်းကြီး ကျောင်းသားတွေပေါ့ ။
ကျွန်မတို့ဟာ မုန့်စားဆင်းတိုင်းလည်း အတန်း ငယ်တုန်းကလို ထုပ်ဆီးတိုးတမ်း ၊ ခုံညင်းတိုက်တမ်း ၊ စိန်ပြေးတမ်း ဆိုတာတွေ တစ်ခါတလေပဲ ကစားဖြစ်ကြတော့တယ် ။ မုန့်စားဆင်းချိန်မှာ မုန့်လေးတွေ ကိုယ်စီ ဝယ်ပြီး ကျောင်းထောင့်က ရေစင်ကြီး အောက်မှာ ထိုင် စကားပြောကြတယ် ။ မုန့်စားရင်းနဲ့ ကြည့်ရတဲ့ ရုပ်ရှင်အကြောင်း ၊ မင်းသားမင်းသမီးအကြောင်း ၊ သီချင်းအကြောင်း ၊ သူ့ အိမ် အကြောင်း ၊ ကိုယ့် အိမ် အကြောင်း ခံစားမှုလေးတွေကို လူကြီးလေးတွေလို ပြောဖြစ်ကြတယ် ။ တစ်ခါတလေတော့လည်း ရုပ်ရှင်ဖွက်တမ်း ၊ စကားထာဝှက်တမ်းပေါ့ လေ ။
ကျွန်မက အိမ်က အဘွား အကြောင်း ပြောပြဖြစ်တယ် ။ အဘွားက ချောလှ သလောက် အရိုက် ကြမ်းတယ် ။ ကျွန်မတို့ ညီအစ်မ လေးယောက်မှာ ကျွန်မကို အနှိမ်ဆုံးပဲ ။ တစ်အိမ်လုံးမှာ ကျွန်မ တစ်ယောက်တည်း အသားမည်းပြီး အဖေ့ဘက်က အမျိုးတွေနဲ့ တူတယ် ဆိုပြီး မချစ်ဘူး ။ ကျွန်မမို့ အပြစ် ရှိပြီလား ဆိုရင် အပြစ်နဲ့ အဆမတန် ရိုက်နှက်တတ်တယ် ။ ခိုင်းတဲ့ ကောင်မလေးကိုလည်း မတရား နှိပ်စက်တယ် ။ ကျွန်မ အိမ်မှာ မပျော်ဘူး ၊ မနေချင်ဘူး ၊ ကျောင်းမှာပဲ ပျော်တယ် ။ အဲဒါလေးတွေ ပြောပြတာပေါ့လေ ။
ကျောင်းပိတ်ရက် တစ်ရက် မနက်ခင်းမှာ
ပေါ့ ။ အဘွား တစ်ယောက် ဈေးထဲ ကနေ ဒေါကန်ပြီး ပြန်လာတယ် ။ ကျွန်မ လက်ကို ဆောင့်ဆွဲပြီး ..
“ အသားမည်းမ လာဦး ၊ နင်က ငါ့အကြောင်း မကောင်းလျှောက် ပြောတယ်ပေါ့လေ ။ နင့် သူငယ်ချင်း မြမြသိန်း က ငါ့ကို ပြောလိုက်တယ် ။ ငါ က အရိုက်ကြမ်းတယ် ၊ အပြစ် မရှိ အပြစ်ရှာတယ် လို့ ပြောတယ်ဆို ။ အိမ်မှာ မနေချင်ဘူး ပြောတယ်ဆို ။ ဟို အတန်းကို သွားနေပါလားဟဲ့ ။ သွားမလား ဟဲ့ ... ကောင်မ ။ ငါ့ အကြောင်း အပြင်မှာ ဖောက်သည်ချတဲ့ ကောင်မ ။ ပြောဦးမလား ငါ့အကြောင်း ၊ ပြောဦးမလား ”
ကျွန်မကို အခန်းတံခါး ပိတ်ပြီး ရိုက်တာ သူ မောမှပဲ ရပ်တော့တယ် ။ တံမြက်စည်းလည်း ကျိုးသွားတယ် ။
အဲဒီလို ဘဝမှာ သူငယ်ချင်း ဆိုတာ သစ္စာမဲ့ခဲ့တယ် ။
••••• ••••• •••••
တက္ကသိုလ် ဆိုတာ ကျွန်မ အတွက် အရာရာ ပျော်စရာကြီးပါပဲ ။ ဘတ်စ်ကား ကျပ်တာလည်း ပျော်စရာ ၊ စပယ်ယာ ငေါက်ငမ်းတာ လည်း ပျော်စရာ ၊ အတန်း လစ်ရတာလည်း ပျော်စရာ ၊ ကျောင်းလခ ကြွေးကျန်တာလည်း ပျော်စရာပဲပေါ့ ။
ကျွန်မက စကားနည်းပြီး ဘာသိဘာသာ နေတတ်တဲ့ သူ ။ အလိုက် မသိတတ်တဲ့ သူ ။ မိသားစုနဲ့လည်း သီးသန့် ဆန်ဆန် နေတတ် တော့ ခင်မင်တွယ်တာမှုတွေ ၊ ကြင်နာမှုတွေ ဆိုတာ ကျွန်မနဲ့ သူစိမ်း ဆန်ဆန် ပါပဲ ။ ဘယ်သူ့ကိုမှ မချစ်တတ် ၊ မကြင်နာ တတ်တဲ့ ကျွန်မက မေဂျာတူ သူငယ်ချင်း ငါးယောက်ကို အရမ်း ခင်တွယ် သွားခဲ့တယ် ။ သူတို့နဲ့ပဲ ကျွန်မရဲ့ တစ်နေ့တာတွေ ကုန်ဆုံးလို့ သူတို့စိတ်နဲ့ ကျွန်မကိုယ် ဖြစ်ခဲ့ရတယ် ။
အမြဲ တတွဲတွဲနဲ့ မခွဲဘဲ နေလာကြတဲ့ ကျွန်မတို့ဟာ တတိယနှစ်မှာ ယောက်ျားလေး တစ်ယောက်ကို အတူတူ စိတ်ဝင်စားခဲ့ကြတယ် ။ ကျွန်မတို့ရဲ့ နေ့စဉ် စကားဝိုင်းဟာ သူ့ရဲ့ အကြောင်းများနဲ့ ရင်ခုန် ၊ ပျော်မြူး ၊ ငြင်းခုံရဖန် များလာတော့ သူ့ရဲ့အကြည့်များက ကျွန်မတို့ အုပ်စုဆီ ရောက်ရောက်တတ်လာတော့ အားလုံး သဘောတူညီချက် ယူရတော့တယ် ။ သူက ကျွန်မတို့ အုပ်စုထဲက တစ်ယောက်ယောက်ကို စိတ်ဝင်စားခဲ့ရင် ကျန်တဲ့သူတွေက မနာလို မဖြစ်ကြေး ဆိုတာကိုပေါ့ ။ ဒီသဘော တူညီချက်ကို ကျွန်မက လွဲလို့ ဘယ်သူမှ မလိုက်နာကြဘူး ဆိုတာ သိရှိလိုက်ရတဲ့ အချိန်မှာတော့ အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပြီလေ ။
သူက ကျွန်မကို စိတ်ဝင်စားခဲ့တယ်တဲ့ကွယ် ။ သူတို့ဆီက အကူအညီ တောင်းခဲ့တာ တွေကို ကျွန်မကို ပြောမပြ ၊ ကျွန်မက စိတ်မဝင်စားကြောင်း လုပ်ကြံပြီး သွားပြောကြ ၊ ကျွန်မနဲ့ သူ မဆုံမိအောင် အမျိုးမျိုး ဖန်တီးကြနဲ့ ၊ ကျွန်မတို့ နှစ်ယောက်ရဲ့ ရိုးသားမှုတွေကို စော်ကားခဲ့ကြတယ် ။ ကျွန်မမှာတော့ သူ့ဆီက စကားလေး တစ်ခွန်း ၊ စာလေး တစ်စောင်များ ရမလားလို့ သူငယ်ချင်းတွေ မသိအောင် တိတ်တိတ်လေး မျှော်လိုက်ရတာ ။ ဘုရား ... ဘုရား ... ကျွန်မ ဒီလို သူငယ်ချင်းမျိုးတွေကို တခုတ်တရ တွယ်တာခဲ့မိပါလား ။ သူငယ်ချင်း ဆိုတဲ့ ဝေါဟာရနဲ့ မတန်တဲ့ သူတို့တွေကို ကျွန်မက ကိုးကွယ်လွန်းခဲ့သတဲ့လေ ။ ကျွန်မ အတော်မိုက်မဲခဲ့တာပဲ ။
သူက ကျောင်းသာ ပြီးဆုံး သွားတယ် ။ ကျွန်မကို စကားလေး တစ်ခွန်း ဒါမှမဟုတ် နှုတ်ဆက်စကားလေးတောင် ပြောဖော် မရတော့ ကျွန်မ သူ့ကို မမျှော်တော့ဘူးလေ ။ ကျွန်မကို စိတ်မဝင်စားဘူးလို့ပဲ ထင်ခဲ့မိတယ် ။ ကျွန်မ ကျောင်းအပြီးမှာ ကျွန်မကို စွဲစွဲမြဲမြဲ လိုက်နေတဲ့ ကောင်လေး တစ်ယောက်ရဲ့အချစ်ကို လက်ခံလိုက်တယ် ။ သူနဲ့ပဲ လက်ထပ်ခဲ့တယ် ။ ကျွန်မကတော့ ကျွန်မ ဘဝကို ကိုယ့်ဘာသာ ဖန်တီးခဲ့သူ ၊ ပိုင်စိုးခဲ့သူ အဖြစ် အမြဲ ကျေနပ် ဂုဏ်ယူနေခဲ့တာ ။ အခုတော့ သွားပါပြီ ။ ကျွန်မဘဝ ၊ ကျွန်မရဲ့ ကံကြမ္မာကို သူတို့က ဖန်တီးခဲ့ကြပြီ ။ အမြဲတမ်း စိတ်သွားရာ ကိုယ်ပါ တတ်တဲ့ ကျွန်မက သူတို့ ရဲ့ အဖန်တီးခံ ဖြစ်ရတယ်တဲ့လေ ။ ကျွန်မ ရှက်လိုက်တာ ၊ ရှက်လွန်းလို့ ရှင်သန်နေတဲ့ ကျွန်မရဲ့ စိတ်တွေ သေဆုံးသွားခဲ့ပြီ ။
အဲဒီလို သူငယ်ချင်းဆိုတာ နှလုံးသားကို သေစေခဲ့တယ် ။
••••• ••••• •••••
အဲဒီလို ကျွန်မကပဲ နုံချာ လွန်းတာလား ၊ ကံတရားရဲ့ ရက်စက်မှုကြောင့်လားတော့ မသိပါဘူး ။ ဆူးပင်နဲ့ တူတဲ့ သူငယ်ချင်းတွေ ရခဲ့ရတယ် ။ နှစ်တွေ ကြာခဲ့ပြီ ဆိုပေမယ့် ကျွန်မ ရခဲ့တဲ့ ဒဏ်ရာတွေကို တော့ ဘယ်တော့မှ မေ့လို့ ရမှာ မဟုတ်ပါဘူး ။ နောက်ထပ်လည်း ကျွန်မ ဘဝမှာ ဆူးပင်တွေ ဘယ်နှစ်ပင်လောက် ပေါက်ဦးမလဲ ဆိုတာ မသိနိုင်ပေဘူးလေ ။ ဘယ်လောက်ပဲ များများ ဂရုစိုက်စရာတော့ မလိုတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ခံစားတတ်တဲ့ ကျွန်မရဲ့ နှလုံးသားလေးက ဆူးဒဏ်ရာ ဗရပွနဲ့ သေဆုံးသွားခဲ့တာ ကြာခဲ့ပြီလေ ။ ။
◾ခွန်းဆင့်သူသူ
📖 မဟော်သဓာ မဂ္ဂဇင်း
၂ဝဝ၆ ခုနှစ်
No comments:
Post a Comment