❝ အချစ်စစ်၏ လေညင်းနုနု ❞
( နီနီနိုင် - သထုံ )
ကြက်သွန် ... ကြက်သွန် ...
မြင့်နိုင် ရေရွတ်လိုက်တယ် ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ မိုးသားတွေနဲ့ မည်းမှောင်နေတယ် ။
“ ဘုရား ဘုရား ”
ဒီတစ်ခါ ရွာရင်တော့ ကြက်သွန် ဖော်ခါနီးမှ ၊ အရင်းပြုတ်တော့မယ် ။ ကြက်သွန် စိုက်ရတာလည်း ရှုံးတစ်လှည့် ... မြတ်တစ်လှည့်ပါပဲ ။ မနှစ်က ဧကနှစ်ဆယ် စိုက်တာ အမြတ်တွေရလို့ ၊ လိုက်ထရပ် ကားတစ်စီး ဝယ်လိုက်တယ် ။ ဒီနှစ်တော့ ပထမအကြိမ် ရေဝပ်သွားလို့ အရှုံး ပေါ်တယ် ။ ခု ... နွေကြက်သွန်က မတ်လမှာ ဖော်ရတော့မယ် ။ ခုချိန် မိုးရွာရင် ဥအပုပ်တွေ များပြီး အရင်း ပြန်ပေါ်ပါ့မလား မသိဘူး ။
“ ကိုနိုင် သူများသမီးတွေ ရှင်ပြုကုန်ပြီ ၊ စုတို့ သမီးလည်း ကိုးနှစ်တည်း ရောက်လာပြီး နားသမင်္ဂလာ လုပ်ပေးချင်တယ် ကိုနိုင် ရယ် ”
ဇနီးသည် စုစုဝင်းရဲ့ စကားကြားယောင်လာတယ် ၊ မြင့်နိုင်တို့ အညာဓလေ့ဟာ သား ယောက်ျားလေး မွေးထားရင်ဖြစ်ဖြစ် ၊ သမီး မိန်းကလေး မွေးထားရင် ဖြစ်ဖြစ် ၊ လှူဖို့ အဓိကပဲ ဖြစ်သည် ။ နွေရောက်ရင် အိမ်ပြင်ဆောက်ဖို့ ။ ဘာညာသာရကာ အတွက် မစဉ်းစား ။ ကားဝယ်လိုက်တာကလည်း ကြက်သွန် သယ်ရတာ အဆင်ပြေအောင် မဖြစ်မနေ ဝယ်လိုက်ပေမယ့် စုစုဝင်းက တားသေးတယ် ။
“ ကိုနိုင် ... စုတို့သမီး နားသဖို့ မစဉ်းစားဘူးလား ။ ဘာလဲ သမီးအရင်း မဟုတ်လို့ မစဉ်းစားတာလား ”
မြင့်နိုင်တို့ အိမ်ထောင်သက် ဆယ်နှစ်အတွင်း သားသမီး မထွန်းကားလို့ စုစုဝင်းရဲ့ တူမအရင်းကို မွေးစားထားတာပဲဖြစ်တယ် ။ သမီးအရင်း ရှိသူများပင် သူတစ်ပါး သားသမီး မောင်ရင်လောင်းကို ထည့်ပြီး နားသကြသည် ။ မြင့်နိုင်တို့ အညာဓလေ့က အလှူပွဲတွေဆိုရင် ဖိတ်ကြားထားသူတွေက အလှူငွေ ပါဝင်ကြတယ် ။ ချစ်စရာဓလေ့ပါ ။
ခုတော့ မိန်းမကလည်း စကားနာထိုး မိုးကလည်း မြင့်နိုင် စီးပွားရေးကို ထိုးနှက်နေကြပြီလေ ။
“ ကိုမြင့်နိုင် ... ကိုမြင့်နိုင် ”
ဟော့ - လာပါပြီ အလုပ်သမားတွေ ။
“ မိုးအုံ့လို့ လာတာလား ။ ငါလည်း စိတ်ညစ်နေပြီကွာ ”
“ ဟုတ်တယ် ကိုမြင့်နိုင် ၊ ကျွန်တော်တို့ အခင်းမှာ သွားစောင့်မလို့ ဆရာကိုမြင့်နိုင် လိုက်မလား ”
“ အေးကွာ သွားကြတာပေါ့ ”
“ မိန်းမရေ - ကိုယ်အခင်းထဲ သွားဦးမယ်ဟေ့ ”
စုစုဝင်း ဆီမှ အဖြေမရခင် မြင့်နိုင်တို့ သုတ်သီးသုတ်ပျာ ထွက်လာကြတယ် ။
“ တောက် ... ဖော်ခါနီးမှကွာ ။ ဒီ တစ်ချီ မြတ်ပြီလို့ ထင်တာ ။ အမြတ်ရရင် မိန်းမက လှူမယ် တကဲကဲ လုပ်နေတာ ”
“ လေတော့ တိုက်လာပြီ ကိုမြင့်နိုင် ။ လေတိုက်ရင် မိုးသားတွေ လွင့်ကောင်းပါရဲ့ ။ အင်း ... ရာသီဥတုကလည်းဗျာ ဆောင်းကုန်စမှာ ဘယ်လို ဖြစ်ပါလိမ့် ”
မြင့်နိုင်နဲ့ လက်တွဲဖော် သောင်းထွန်းက ဆွေးဆွေးမြည့်မြည့် ပြောရှာတယ် ။ အခင်း ဖော်ပြီးရင် နောက်ဆုံးအရစ် အလုပ် သမားခ ရကြမှာလေ ။ ဒီတော့ သူတို့လည်း စိတ်ပူပြီပေါ့ ။ စုစုလင်း ကလည်း မွေးစားသမီးကို နားသမင်္ဂလာပြုရင် သောင်းထွန်းနဲ့ ဟန်တင်တို့ရဲ့ သားနှစ်ယောက် ကိုပါ ထည့်ပြုမယ် လို့ ကတိကဝတ် ပေးထားတာ ၊ အားလုံးက ကြက်သွန် စံချိန်မီ ထွက်ချင်ကြတယ် ။ ဈေးကောင်းလည်း ရစေချင်တယ် ။
“ ဟောဗျာ ... ပြောရင်းနဲ့ ရွာပြီ ။ ကိုဟန်တင် မြောင်းဖောက်ထုတ်ထားရအောင် ”
ကိုဟန်တင်ရော ကိုသောင်းထွန်းပါ ပေါက်တူး ကိုင်ကြလေပြီ ။ မိုးက သည်းကြီး မည်းကြီးတော့ မဟုတ်ပေမယ့် အခင်းတစ်ခု လုံးတော့ ရေဝင်လာပြီ ဖြစ်လို့ မြောင်းတွေ ဖောက်ပြီး အသင့်ရှိတဲ့ရေစုပ်စက်နဲ့ စုပ်ထုတ်နေရတယ် ။ တစ်နာရီ ကျော်ကျော် ရွာပြီးမှ မိုးတိတ်သွားတော့တယ် ။ အခင်းထဲမှာတော့ ရေနည်းနည်းပဲ ရှိတယ် ။ ရေ ဆိုတာကလည်း မြေကြီးထဲ စိမ့်ဝင်မှာလေ ။ ကြက်သွန်ခင်းတော့ မိုးဆက်မရွာမှ အပျက်အစီး နည်းမှာ ၊ နောက်ရက် ဆက် ရွာရင်တော့ တာ့တာ လုပ်ရတော့မယ် ။
မိုးမရွာပေမယ့် နေကြ ခြစ်ခြစ်တောက် မပူတော့ ရေဝပ် နေတာတွေ စုပ်ထုတ်ရပြန် တယ် ။ သုံးရက်နေမှ နေပွင့်လာတော့တယ် ။ အမြတ်အစွန်း အတွက် မသေချာတော့ဘူး ။
“ ကိုနိုင် ... ကြက်သွန် အခြေအနေ ဘယ်လို ရှိလဲဟင် ။ စုကတော့ ဆရာတော်ကို လျှောက်ထားပြီးပြီ ”
မြင်နိုင် စိတ်ညစ်သွားတယ် ။
“ အေးကွာ ... နောက် ၁၅ ရက်လောက် စောင့်ပြီးရင် နတ်တော့မယ် ၊ ပွဲစားက မိုးမရွာ ခင်ကတည်းက ၊ ၁၈ဝဝ နဲ့ ချုပ်ထားတာပဲ ။ အခုတော့ မသိသေးဘူး ။ စရန်လည်းယူထားတော့ ဒီဈေးပေးမှာပဲ ။ အဲ့အထွက် ကောင်းပါစေလို့ပဲ ဆုတောင်းရမှာပဲ ”
မြင်နိုင် အပြောကြောင့် စုစုဝင်း မျက်နှာလေး ညှိုးငယ်သွားတယ် ။
မြင့်နိုင်ဟာ ဇနီးသည်ရဲ့ လိုအင်ဆန္ဒ ပြည့်အောင် ချေးငှားပြီး လုပ်ပေးချင်ပါရဲ့ ။ အိမ်ထောင်ကျခါစကတည်းက ဒီကြက်သွန်ကို သာ စိုက်ပြီး ၊ ဘဝကို ရင်းနှီးမြှုပ်နှံခဲ့တာ ဆိုတော့ ရှုံးတစ်လှည့် ၊ မြတ်တစ်လှည့်ပါပဲ ။ လှူမယ် ဆိုရင်တောင် သိန်း ၁ဝဝ အနည်းဆုံးပါ ။ ကိုယ်ပိုင်ငွေ သိန်းရှစ်ဆယ်လောက် ရှိမှ အဆင်ပြေနိုင်မယ် ။ သူတစ်ပါး အကူငွေကိုလည်း မျှော်လင့်နေလို့ မရဘူး ။ အသွားရှိရင် အပြန်ရှိတယ် ဆိုပေမယ့် ကိုယ်က သား သမီးအရင်း မဟုတ်တော့ ပြည့်ပြည့်ဝဝ ကူပါ့မလား ။ မိန်းမကတော့ တွက်နေတာပဲ ။ တွက်သာ တွက်တယ် စက်မရှိတဲ့ ဘဝရောက်မှာလည်း စိုးတယ် ။
ခက်တာက စုစုဝင်း မှာ မွေးချင်း နှစ်ယောက်ပဲ ရှိတယ် ။ မိဘတွေ ကွယ်လွန်ကုန်ပြီ ။ သူ့အစ်မက ဆက်သွယ်ရေးဝန်ထမ်းနဲ့ အကြောင်းပါပြီး နေပြည်တော်မှာ လိုက်နေရတယ် ။ သမီးနှစ်ယောက် မွေးထားသူ ဖြစ်တယ် ။ မွေးချင်း များတာက မြင့်နိုင်ပဲ ၊ စုစုဝင်း က တူမအရင်း ဖူးပွင့်သူဇာ ကို တရားဝင် မွေးစား ကတည်းက မြင့်နိုင်အမေနဲ့ အစ်ကို ၊ အစ်မ ၊ ညီ ၊ ညီမတွေက သဘောကျခဲ့တာ မဟုတ်ဘူးလေ ။ ဒီတော့ မြင့်နိုင် မိသားစု ဘက်ကို အကူအညီ တောင်းလို့ရမှာ မဟုတ်ဘူး ။ မြင့်နိုင် မိသားစုဝင်တွေ ဘဝင်မကျ တော့ စုစုဝင်းနဲ့ ယောက်မတွေကလည်း ဆက်ဆံရေး ကျဲသွားတယ် ။ ခေါ်ခေါ်ပြောပြောတော့ ရှိပါတယ် ။
ဒီလိုနဲ့ ကြက်သွန် ဖော်မယ့်ရက် ရောက် လာတော့ ပွဲစားဘိုထိန် ရောက်လာပြီ ။
“ ကိုမြင့်နိုင်ရေ ၊ ရက်လည်း ကျပြီ ပြီးသလောက် ဖော်လိုက်ရအောင် ”
“ လာပါ ဘိုဟိန် ၊ အဆင်သင့်ပါပဲ ”
မြင့်နိုင် အခင်းထဲ ရောက်တော့ ရင်တွေ ခုန်နေတယ် ။ ဒီအခင်းရဲ့အထွက်နှုန်းကို ပိဿာသုံးထောင် မှန်းထားတယ် ။ လျော့လည်း အချိန် ငါးဆယ်ပေါ့ ။ အရင်းနုတ်ပြီး သိန်းသုံးဆယ် အသာလေး ကျန်နိုင်တယ် ။ ပျိုးပင်တွေ ဈေးကြီး မိသွားလို့ ၊ နို့မို့ ဒီထက် ကျန်မယ် ၊ အခုတော့ မိုးကြောင့် မှန်းဆလို့ မရနိုင်တော့ဘူး ။
တကယ်ပါပဲ ၊ အခင်း နုတ်ပြီးချိန် အလေအလွင့် အပုပ်တွေများတော့ အရင်း မီရုံလေးပဲ ပြန်ရတော့တယ် ။ မြင့်နိုင် စိတ်ဓာတ် ကျလို့ မဖြစ် ၊ နွေကြက်သွန် အတွက် ပျိုး ထောင်ရောင်းတဲ့ ဝက်လက်ကို သွားတယ် ။ နောက်တစ်ချီ အတွက်ပေါ့ ။ ပြန်လာတော့ အမေ ခေါ်လို့လို့ မိန်းမကို ပြောပြလိုက်တယ် ။
“ စုရေ ... အမေခေါ်လို့ သွားရအောင် ”
အမေက မြင့်နိုင်ကို ခေါ်တော့ စုစုဝင်း လိုက်ရပြန်တယ် ။ သမီးကိုတော့ အိမ်နားက မရီလွင်တို့ဆီ ခဏ ထားခဲ့တယ် ။ မြင့်နိုင် အမေကလည်း ဒါးရယ်ကောင်း မှာပဲ နေတယ် ။ ကျန်ညီအစ်ကို မောင်နှမများက ဒါးရယ် ကောင်းမှာ နေသူ ရှိသလို ပုဏ္ဏားရွာမှာ နေသူလည်း ရှိရဲ့ ။ မြင့်နိုင် အထက်မှာ အစ်မကြီး မြင့်မြင့်ခိုင် ၊ အစ်ကိုကြီး ကိုတင့်နိုင် ၊ မြင့်နိုင် အောက်မှာ ညီတစ်ယောက်နဲ့ ညီမ နှစ်ယောက်ရှိတယ် ။
အမေဟာ မြေးဆယ်ယောက် ရှိနေပြီ ။ ပြီးတော့ အစ်မကြီးနဲ့ အတူနေသူ ဖြစ်တယ် ။ ဒီအိမ်နဲ့ ဝိုင်းဟာ ကွယ်လွန်သူ ဖခင်နဲ့ မိခင်ပိုင် အိမ်နဲ့ ဝိုင်းဖြစ်တယ် ။
“ လာ ... လာ ... သား ၊ ကြက်သွန် အခြေအနေ မကောင်းဘူးဆို ”
“ ဟုတ်တယ် အမေရယ် ၊ နွေကြက်သွန်ပဲ အားကိုးရတော့မယ် ”
“ အားမငယ်ပါနဲ့ သားရယ် ၊ ဒီလိုပဲပေါ့ ... ဪ .. သား .. အမေလည်း အသက် ခုနစ်ဆယ် ကျော်လာပြီ ၊ အမေ့သားတွေကို ပဉ္စင်းခံပေးပြီး မြေးထီးတွေကို ရှင်ပြုမယ် ။ မြေးမတွေကို နားထွင်းမယ် ။ အမေ စုဆောင်းထားတဲ့ ငွေကြေးကို မတည်လိုက်မယ် ။ သူစိမ်းတွေ မထည့်တော့ဘူး ၊ အမေ့ သွေးသားပဲ လှူမယ် ”
အမေ့စကားကြောင့် စုစုဝင်း ခေါင်းထောင်လာတယ် ။ ကျားတစ်ကောင်ကို ဆွပေးလိုက်သလို ဖြစ်သွားပြီပေါ့ ။
“ ဘယ်လိုအမေ ။ သွေးသားအရင်း ဟုတ်လား ၊ ကျွန်မတို့မှာ ကလေး မရှိလို့ ဒီလို ပြောလိုက်တာလားဟင် ... ကျွန်မလည်း ကျွန်မသမီးကို လှူဖို့ အားခဲထားတယ် ဆိုတာ အမေတို့ ကြားမှာပါ ။ ခုတော့ အမေတို့က အရင် ဦးအောင် လှူတယ် ။ ပြီးတော့ သွေးသား အရင်းတဲ့ ။ သမီးရဲ့ သမီးဟာ အမေ့သွေးသား မဟုတ်ပေမယ့် သမီးရဲ့ သွေးသားပဲ ”
စုစုဝင်းက ဒီလိုလူမျိုး ။ အနေအေးပေမယ့် မထင်ရင် မထင်သလို ပြောတတ်သူမို့ ၊ စုစုဝင်းနဲ့ ယူမယ် ဆိုတုန်းက အမေတို့ အစ်မတို့ ကန့်ကွက်ကြသေးတယ် ။
“ ဟဲ့ ... ညီမလေး ၊ ဒီလိုလည်း မဟုတ်ပါဘူးကွယ် ၊ ညီမသမီးကိုလည်း ထည့်ပါ ။ အလှူ လုပ်ခါနီး စိတ်ဝမ်းမကွဲပါနဲ့လား ၊ ကဲ ... မကြီး ပြောမယ် ။ ရဟန်း သုံးပါး ၊ ရှင်လောင်း ငါးပါး ၊ နားသ သုံးယောက် ဖူးပွင့် တစ်ယောက်နဲ့ဆို လေးယောက်ပေါ့ ။ အမေက သူစုထားတဲ့ ငွေသိန်းနှစ်ဆယ် မတည် ပေးတယ် ။ မကြီးတို့ မောင်နှမ ခြောက်ယောက် ထဲမှာ ရှိသူတွေက ပိုထည့်ပေါ့ ။ မကြီးက ဆယ့်ငါးသိန်းနဲ့ မြင့်နိုင် ကလည်း ဆယ့်ငါးသိန်းလောက်ထည့်ပေါ့ ။ ကျန်တဲ့ လူတွေက အနည်းဆုံး ဆယ်သိန်း မတတ်နိုင်ရင် ငါးသိန်းစီ ထည့်ကြပေါ့ ။ မိဘ ကျွေးဆပ်သလို သဘောထားပါ ”
မကြီး စကား ဆုံးတာနဲ့ စုစုဝင်း မတ်တတ် ရပ်လိုက်တယ် ။
“ ကျွန်မ မွေးစားသမီးက ဘာမှ မတော်စပ်တဲ့ အတွက် သွေးသားရင်းတွေ နားသထဲ မှာ မထည့်နိုင်သလို ၊ ငွေဆယ့်ငါးသိန်းလည်း မထည့်နိုင်ဘူး ။ အဲ ... ငါးသိန်းတော့ ကျွန်မမှာ ရှိတယ် ။ မနက်ဖြန် လာပေးမယ် ”
ပြောပြောဆိုဆို အိမ်ပေါ်က ဆင်းသွားတော့ မြင့်နိုင် ထလိုက်ရကောင်းနိုးနဲ့ ပေကတ်ပြီး ထိုင်နေလိုက်တော့တယ် ။
••••• ••••• •••••
“ စုစု ... မင်း ဘယ်လို လုပ်လိုက်တာလဲ ... ။ ငါ့မိသားစုတွေ ရှေ့မှာ အရှက်ခွဲရတယ်လို့ကွာ ... တောက် ”
မြင့်နိုင် ပေါက်ကွဲတော့ စုစုဝင်းက ငိုတယ် ။
“ စုတို့မှာ ကလေး မရှိတာကို နှိမ်စရာ ဖြစ်နေတယ် ။ အလှူထဲမှာလည်း ငါးသိန်းပဲ ထည့်နိုင်မယ် ။ ဟီး ... ဟင့် .. ဟင့် ”
“ ဒီလိုမလုပ်နဲ့ စုစု ... အစ်မကြီး ပြီးရင် မောင်နှမ ခြောက်ယောက် ထဲမှာ ငါတို့က ချောင်လည်တယ် ။ ဒီတော့ ဆယ့်ငါးသိန်း လောက်ထည့်မှ ကောင်းမယ် ။ မင်းလည်း ရှေ့နှစ် လှူပေါ့ ”
“ မလှူဘူး... စုသမီး ကိုလည်း မထည့်ဘူး ဒါကြောင့် ရှင့်မိဘအိမ် မသွားချင်တာ ၊ ရောက်တာနဲ့ သူ့မြေးတွေ အကြောင်း ချီးမွမ်းခန်းထုတ်လို့ မပြီးနိုင်ဘူး ။ ကျွန်မသမီး ကိုတော့ ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင် မထင်ဘူး ၊ လူတစ်ယောက်ရဲ့အားနည်းချက်ကို ထိုးနှက်နေတာပဲ ”
မြင့်နိုင် စိတ်ညစ်သွားတယ် ။ ဘာပြောရမှန်း မသိ ။ မောင်နှမတွေကလည်း ပြောချင်စရာ ဖြစ်နေတော့ မြင့်နိုင် စုစုဝင်းကို အပြစ် မဆိုရက်ပြန်ဘူး ။
“ ဒီပွဲတော့ ဖြစ်အောင်သွားပါ စုရယ် ၊ တော်ကြာ ... အမေ စိတ်မကောင်းဖြစ်နေပါ့မယ် ”
မြင့်နိုင်ဟာ စုစုဝင်းရဲ့ ခံစားချက်ကို သိလို့ ချော့ရပြန်တယ် ။ ဒီလိုနဲ့ အလှူပွဲ ဖြစ်မြောက်သွားတယ် ။ မြင့်နိုင်က ထည့်ဝင်ငွေကို စုစုဝင်း ဆီက မယူဘဲ ကြက်သွန် ပွဲစားဆီက ငွေဆယ့်ငါးသိန်း ချေးလိုက်တယ် ။ ဒါကို စုစုဝင်း ရိပ်မိလောက်တယ် ။ ဘာမှတော့ ထပ်မပြောဘူး ။
ရဟန်းထွက်တဲ့ အချိန် နွေကြက်သွန် စိုက်ဖို့ လုံးပန်းရပြန်တယ် ။ ပျိုးဝယ်ရတာနဲ့ မြောင်းဖော်ရတာနဲ့ ၊ အိမ်ကို မကပ်နိုင်ဘူး ။ ညဘက်မှ အိမ်ပြန်ရောက်တယ် ။
“ စုရေ ... ကိုယ် ထမင်း ဆာလာပြီ ”
စုစုဝင်းက ပြင်ဆင် ကျွေးတယ် ။
“ ကိုနိုင် ... သမီး ကျောင်းပိတ်တုန်း မမတို့ ရှိတဲ့ နေပြည်တော်ကို သွားချင်တယ် ”
ထမင်းလုတ် ပါးစပ်ထဲ ထည့်ခါနီး မြင့်နိုင် အံ့ဩသွားတယ် ။ ဒီလို ပြောပုံအရ ဒီနွေမှာ သူ မလှူတော့ဘူးလားလို့ အတွေး တစ်စ ဝင်လာတယ် ။
“ အင်း ... သွားလေ ။ ဘယ်တော့ သွားမှာလဲ ၊ ကိုယ်က မအားတော့ ... ”
“ ရပါတယ် ကိုနိုင် စုတို့ လိုင်းကားနဲ့ သွားမှာပါ ”
စုစုဝင်း စိတ်ပြောင်းသွားတဲ့ အတွက် မြင့်နိုင် ဝမ်းသာသွားတယ် ။ နောက်ရက်မှာ စုစုတို့ သားအမိကို နေပြည်တော် သွားဖို့ မန္တလေးကားကွင်း ပို့ပြီး ပြန်လာခဲ့တယ် ။ ပျော်သလောက် နေပါစေလို့ ထားလိုက်တယ် ။ နှစ်ပတ်လောက် အကြာမှာ ပြန် မလာသေးလို့ သူ့ဖုန်းဆက်ကြည့်တယ် ။ ဖုန်းက စက်ပိတ်ထားလို့ မရီးဆီ ဆက်တယ် ။
“ ဟဲ့ ... မောင်မြင့်နိုင် ၊ စုစု တစ်ယောက်တည်း ပြန်သွားပြီလေ ၊ သမီးလေးကို ကျောင်းဖွင့်ခါနီးမှ လာခေါ်မယ်တဲ့ ”
“ ဗျာ ”
“ မရောက်သေးဘူးလား ”
“ မရောက်သေးလို့ပါ မမ ”
မြင့်နိုင် အသံ တုန်ယင်နေတယ် ။ စုစု ဘာဖြစ်လို့ ... ဘယ်ရောက်သွားပြီလဲ မသိ ။ အမေနဲ့ မကြီးတို့ကို အရင်ဆုံး ပြောပြလိုက်တယ် ။
“ ဒုက္ခပါပဲ သားရယ် ။ ဘယ်လို လုပ်ကြမလဲ ”
“ မောင်လေး ... ရဲစခန်းတိုင်ထား ရအောင်လေ ။ မကောင်းဘူးလား ”
မကြီး ပြောမှ လုပ်သင့်တာကို သတိရပြီး ကျောက်ဆည်ရဲစခန်းမှာ လူပျောက် တိုင်ကြားရတော့တယ် ။ မြင့်နိုင် ရူးမတတ် ခံစားရတယ် ။ သေသည် ရှင်သည် မသိ ၊ တစ်ရက် မြင်နိုင် ဖုန်းဖွင့်လိုက်ချိန် မက်ဆေ့လေး ရောက်လာတယ် ။
“ ကိုနိုင် ...
သားသမီး ရအောင် နောက်မိန်းမ ယူပါ ။ မိသားစု အလယ်မှာ သားသမီး မထွန်းကားလို့ မျက်နှာငယ်ရမယ့် အဖြစ်မျိုး မခံပါနဲ့ ။ စု ရိုးသားစွာ ရုန်းကန်နေပါတယ် ”
“ တောက် ”
မြင့်နိုင် တောက်ခေါက်သံက ကျယ်လောင်သွားပါတော့တယ် ။ ပြီးတော့ အသံထွက်အောင် ငိုချလိုက်တယ် ။
••••• ••••• •••••
မြင့်နိုင် လုပ်ငန်း ချဲ့ထွင်လိုက်တယ် ။ ကြက်သွန်စိုက်ခင်းကို တပည့်များနဲ့ လွှဲပြီး ဖရဲ ၊ သခွား စိုက်သလို ကြက်သွန်လှောင်ခြင်း အလုပ်ကို တစ်စိုက်မတ်မတ် လုပ်တယ် ။ ဖရဲပေါ်ချိန် ကိုယ်တိုင် မူဆယ် တက်ရောင်းတယ် ။ ဒီလို သွားရောင်းတာလည်း အကြောင်းရှိတယ် ။ စုစုဝင်းများ ရောက်နေလေသလားလို့ ရှာရတာလည်း မောလှ တယ် ။
မြင့်နိုင် တစ်ယောက်တည်း စားဝတ်နေရေး စိတ်မချလို့ အမေ လာနေမယ်လို့ ပြောတာတောင် သူ လက်မခံဘူး ။ အဲ ... အမေ စိတ်ချမ်းသာအောင်တော့ ညစာ အတွက် ကြုံရင် ကြုံသလို ဝင်စားဖြစ်တယ် ။
ဒီလိုနဲ့ မြင့်နိုင် စီးပွားရေး ဦးမော့လာတယ် ။ ဒီတော့ အိပ်ကို အုတ်ညှပ် နှစ်ထပ် အိမ်ပြင်ဆောက်လိုက်တယ် ။ ပစ္စည်းတွေ ပြန်ပြီး နေရာချဖို့ လုပ်ရပြန်တယ် ။ စုစုဝင်း သေတ္တာကို နေရာချပြီးတဲ့အချိန်မှာ အတွေး တစ်ခုပေါ်ပြီး စုစုဝင်း သေတ္တာကို ဖွင့်ဖို့ သော့ ရှာပေမယ့် သော့မတွေ့တဲ့ အတွက် ပတ္တာကို ဖြုတ်လိုက်တယ် ။ အဝတ်အစားတွေ အစီအရီနဲ့ ပရုပ်နံ့ သင်းသင်းလေး ထွက်ပေါ်လာတယ် ။ စုစုဝင်းနဲ့ အဆက်အသွယ် မရတာ တစ်နှစ် ရှိပြီ ။ မရီး ဖြစ်သူက ညီမစိတ်နဲ့ မကျန်းမမာ ဖြစ်နေလို့ မြင့်နိုင် ငွေပို့ပေး လိုက်သေးတယ် ။ မရီး ဖြစ်သူရဲ့ခင်ပွန်းက အရာရှိငယ်တစ်ယောက်မို့ ဘဝကို ကျားကန်နေရတယ် ။
သဲလွန်စများ ရမလားလို့ သေတ္တာကို မွှေနှောက် ကြည့်တယ် ။ အင်္ကျီအထပ်ကို မလိုက်တော့ အောက်ဆုံးမှာ ဒိုင်ယာရီစာအုပ် တစ်အုပ် ။
“ အလို ... စုစုက ဒိုင်ယာရီတွေ ဘာတွေ ရေးလို့ပါလား ”
စိတ်ထဲက ပြောရင်း ... စာရွက်တွေ လှန်လှောကြည့်တယ် ။ အစမှာတော့ သားသမီး မရှိလို့ မျက်နှာငယ်ရကြောင်း ၊ ယောက္ခမနဲ့ ယောက်မ ၊ လင်ညီအစ်မတွေ အကြောင်း ရေးထားပြီး နောက်ဆုံးတစ်ပိုဒ် ဖတ်ရင်း မြင့်နိုင် ဒေါသတွေ ဆူဝေလာတယ် ။
“ ကိုနိုင်ရေ ... ဖွင့်ပြောချင်ပေမယ့် မပြောရက်လို့ မျိုသိပ် ထားလိုက်ပါတယ် ။ ကျောင်းမှာ သမီးဖူးပွင့်ကို ကိုနိုင့်တူမက ... နင်နဲ့ငါနဲ့ ဘာမှ မတော်ဘူး ။ ငါတို့ ဘွားဘွားကိုလည်း ဘွားဘွားလို့ မခေါ်နဲ့တဲ့ ။ သမီး ပြန်လာတော့ ငိုလိုက်တာ ကိုနိုင်ရယ် .. စု ရင်ထဲမှာ နင့်နေတာပဲ ”
မြင့်နိုင် အောက်က သန်းနိုင်သမီး အိချောခင် ပြောတာပဲဖြစ်မယ် ။ သန်းနိုင် မိန်းမ ဌေးဌေးဦး ဟာ စုစုကို အမြဲ ပြိုင်နေသူ ဖြစ်တယ် ။ စုရဲ့ ဒဏ်ရာဟာ မသေးပါလား ။ အစ်မနဲ့ မောင်နှမတွေ ၊ တူ ၊ တူမတွေ ဘယ်လောက်များ ထိုးနက်နေပါလိမ့် ။ မြင့်နိုင် အောက် သန်းနိုင် နဲ့ စုစုက ရွယ်တူ ဖြစ်သလို ကျောက်ဆည်မှာ ကျောင်းတက်တော့လည်း အတူတူ ။ သန်းနိုင်က စုစုဝင်းကို ရည်းစားစာ ပေးဖူးသလို စုစုဝင်းက ပြန်မကြိုက်တော့ အမုန်းကြီး မုန်းသွားတယ် ။ စုစုဝင်းနဲ့ မြင်နိုင် ကြိုက်တော့ အရင်ဆုံး တားသူက သန်းနိုင်ပဲ ။ သန်းနိုင် အိမ်ထောင်ကျ ကလေး မွေးပြီးတော့ ကလေး မမွေးသေးတဲ့ မြင့်နိုင် ကိုတောင် ...
“ ကိုလေးကလည်းဗျာ ... အမြုံမကို ကွာလိုက်စမ်းပါ ”
လို့ မကြာခဏ ပြောဖူးတော့ မြင့်နိုင် စုစုဝင်း ခံစားချက်ကို နားလည်လိုက်ပါပြီ ။ သားသမီး ရနိုင်သူတွေ ကလေးမွေးစားရင် သားသမီးရနိုင်တယ် ဆိုလို့ တူမလေးကို မွေးစားလိုက်ခြင်း ဖြစ်တယ် ။
ပြီးတော့ ဆေးစာအုပ် တစ်အုပ် တွေ့ ပြန်တယ် ။ ဆေးစာအုပ်လေး လှန်လှော ကြည့်ရင်း အမှတ်ရလာတယ် ။ စုစုဝင်း ... သူ့သူငယ်ချင်း ရှိရာ မန္တလေးမြို့သို့ ညအိပ် နှစ်ခေါက်လောက် သွားလာဖူးတာကို အမှတ်ရနေတယ် ။
“ စုရယ် ... ဆေးစစ်ချင်ရင် ကိုယ့်ကို ပြောပြပါလားကွယ် ၊ အတူတူ စစ်မှ ဖြစ်မှာပေါ့ ”
မြင့်နိုင် ရင်ထဲက ဆွေးဆွေးမြည့်မြည့် ပြောလိုက်တယ် ။
“ စုရေ နှစ်တွေ ပြောင်းပေမယ့် မင်းကို မမေ့နိုင်ပါလားကွာ ၊ မင်းသက်ရှိထင်ရှား ရှိရင် ကိုယ့်ဆီ ပြန်လာခဲ့ပါနော်
”
ထိုနေ့က မြင်နိုင် အလုပ် လုပ်ဖို့ စိတ်မပါတော့ဘူး
••••• ••••• •••••
“ သားရယ် ... စုစုဝင်း ထွက်သွားတာ သုံးနှစ်ကျော်လို့ လေးနှစ်ထဲ ရောက်ပြီ ။ သားလည်း အတော်လေး စုဆောင်းမိပြီပဲ ။ မိန်းမ ယူလိုက်ပါလား သားရယ် ”
မြင့်နိုင် ... အမေ့ စကားကြောင့် မအံ့ဩပါဘူး ။ တစ်နေ့ ဒီစကား ကြားရမယ် ဆိုတာ သိပြီးသားမို့ပါပဲ ။
“ မယူချင်သေးဘူး အမေ ... ။ သူ ပြန်လာရင်လာ .. မပြန်လာရင်တောင် အဖြူ အမည်း သဲကွဲပြီးမှ စဉ်းစားမယ် ”
“ အေးလေ သားသဘောပါပဲ ။ စုစုဝင်းက တော်တော် မိုက်တာပဲကွယ် ”
မြင့်နိုင် အံ့ဩသွားတယ် ။ အမေ ... ချွေးမကို စိတ်ပူရမယ့်အစား အပြစ်တင်နေသေးလို့ပါ ။
“ စုစုဝင်း မမိုက်ပါဘူး အမေ ၊ တကယ် မိုက်တာ အမေ့သမီးတွေ ။ စုစုဝင်း ကလေး မရတာကို အမြုံမ ဆိုပြီး ပြောတာ အမေ့သား သန်းနိုင်ပဲ ။ သူ့မိန်းမကလည်း စုစုဝင်းကို သန်းနိုင် .. ဟိုတုန်းက စိတ်ဝင်စားခဲ့တယ် ဆိုပြီး မနာလိုဘဲ ပြိုင်နေတာ ။ အမေ့ချွေးမတွေ ထဲမှာ စုစုဝင်းက အလှဆုံးမို့ မနာလိုတာ လည်း ပါတာပေါ့ .. ပြောရရင် အရှည်ကြီးပါ ”
“ အေးကွယ် .. အားလုံး မှားကြတယ်ပဲ မှတ်ပါတော့ သားရယ် ”
••••• ••••• •••••
ဖရဲကားနဲ့ မူဆယ် လိုက်သွားရင်း ကားတွေ ပိတ်ကုန်ပြီ ။ ဂုတ်တွင်းမှာ ကားတွေ အစီအရီနဲ့ သွားပြီး ကျောက်မဲ ရောက်ဖို့ မမှန်းနိုင် ။ အရင်ရက်က မပိတ်ဘူးဆိုလို့ စားစရာ အပိုထည့်မလာတော့ ဗိုက်ထဲမှာလည်းသံစုံတီးဝိုင်းက မြည်နေပြီ ။ ဖရဲကား အချိန်မီ ရောက်ဖို့လည်း အရေးကြီးနေတော့ မြင့်နိုင် စိတ်ညစ်ပြီပေါ့ ။
လေးနာရီခန့် ကားပိတ်ရာမှ ကားလမ်း ပွင့်သွားတော့တယ် ။
“ ကားဆရာကြီးရေ - ကျောက်မဲမှာ ရပ်ပြီး ထမင်းစားမယ်ဗျာ ”
ဒီလိုနဲ့ ကျောက်မဲထမင်းဆိုင်ကို ရောက်လာကြတယ် ။
“ ကြွပါဆရာတို့ ၊ ဘာဟင်းနဲ့ သုံးဆောင်မလဲ ”
ကောင်တာမှ အမျိုးသမီး ကြိုဆိုသံကို ကြားရတော့ မြင့်နိုင် လှမ်းကြည့်လိုက်ရာ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွား သလို ခံစားလိုက်ရတယ် ။
“ စု ... စု မင်း ဒီမှာ ရောက်နေတာ လားကွာ ”
စုစုဝင်း ခေါင်းငုံ့နေတယ် ။ မျက်လုံးမှာ မျက်ရည် အပြည့်နဲ့ ။
ထိုအခိုက်မှာပင် ...
“ မေမေ ... သား အာလူးကြော် စားမယ် ”
သားသား ကပ်လာတဲ့ အတွက် စုစုဝင်း လန့်သွားတယ် ။
“ သား ... မမတွေနဲ့ သွားကစား ”
“ ဟင့်အင်း ... မေ့မေ့နားမှာပဲ နေမယ် ”
မြင့်နိုင် အံ့ဩသွားတယ် ။ ကလေးက မေမေတဲ့ ။ ဒါဆို စု အိမ်ထောင်ကျ နေပြီပေါ့ ။
ကလေးကို စိုက်ကြည့်လိုက်တော့ မြင့်နိုင်ကို ပြုံးပြတယ် ။ ကလေးက တစ်ယောက်ယောက်နဲ့ တူသလိုလို ၊ ပါးတစ်ဖက် မှာလည်း ပြုံးလိုက်ရင် ပါးချိုင့်နဲ့ ။ မြင့်နိုင် သူ့ပါးကို ယောင်ယမ်းပြီး ကိုင်မိလိုက် တယ် ။
“ နန်းစောရေ ... ကောင်တာ ခဏ ထိုင်ပေး ။ လာ ကိုနိုင် ... အိမ်ထဲ ဝင်ပါဦး ”
မြင့်နိုင် စုစုဝင်း ခေါ်ရာ ဆိုင်နောက်ဘက်ရှိ တစ်ထပ်အိမ်လေးဆီ လိုက်သွားတယ် ။
“ ဒေါ်လေး ... လာပါဦး ”
ဒေါ်လေး ဆိုသူက အပြင် ထွက်လာတယ် ။
“ ဒေါ်လေး … ဒါ သမီး ပြောပြောနေတဲ့ ကိုနိုင်လေ ”
“ ဟယ် ... ဟုတ်လား ၊ ဝမ်းသာလိုက်တာအေ ။ ကံမကုန်တော့ ပြန်ဆုံကြပြီပေါ့ ။ ဖိုးလပြည့် အဖေ ပေါ်လာပြီပဲ ။ ဟဲ့ ... စုစု သူ့အဖေနဲ့ ကလေးကို တွေ့ပေးလိုက်လေ ”
“ ဗျာ ”
မြင့်နိုင် ဘာမှ နားမလည်တော့ပါ ။ ကလေးကို မြင်မြင်ချင်း သူ့ပုံရိပ်လေး ပြန်မြင် ရသလို ထင်ရတယ် ။ နှုတ်ခမ်း ၊ မျက်လုံး ၊ မျက်ခုံးတောင်သူနဲ့တူနေသယောင် ။ မြင့်နိုင်မှာ ပါးချိုင့် ပါသလို ကလေးမှာလည်း ပါးချိုင့်နဲ့ပါလား ။
ဒီတော့ မမေးမဖြစ် မေးလိုက်ရတယ် ။
“ စု ... အိမ်ထောင် ကျနေပြီလား ”
“ အို ... မဟုတ်တာ ကိုနိုင်ရယ် ။ စုက ကိုနိုင်သာ အိမ်ထောင်ကျနေပြီ ထင်နေတာ ”
“ ကိုယ် ... စုကို သေတဲ့အထိ စောင့်ဖို့ ဆုံးဖြတ်ထားတာပါ ... ခုတော့ စုက ”
ထိုအခိုက် -
“ သား ... ကိုနိုင် ၊ အထင်မလွဲပါနဲ့ကွယ် ။ စုစု ဒီရောက်လာတာ မန်းလေးက တူမ လဲ့လဲ့အောင် ပို့လိုက်တာပါ ။ စုစု ဒီရောက်တော့ ပါတာလေးတွေ ထုခွဲပြီး ထမင်းဆိုင် အသေးလေး စဖွင့်ပြီး ကံလိုက်တယ်ပဲ ပြောရမလားမသိဘူး အခုလို ထမင်းဆိုင် အကြီးကြီး ပိုင်ဆိုင်လာတာပါ ။ ဒီရောက်တော့ စုစု ဓမ္မတာ မလာလို့ စစ်ကြည့်မှ ကိုယ်ဝန် ပါလာမှန်း သိတော့တယ် ။ မောင်နိုင့်ကို အကျိုးအကြောင်း ပြောပြဖို့ အဒေါ် တိုက်တွန်းပါတယ် ။ မောင်နိုင် ယုံတယ်ပဲထား ၊ မောင်နိုင့် မိဘတွေက မယုံမှာ စိုးလို့ ကိုယ်ယောင် ဖျောက်နေတာ ။ သားဖိုးလပြည့်က ဖအေနဲ့ တော်တော် တူတာပဲ ။ နေဦးခဏ .. အဒေါ် ပြမယ် ”
မြင့်နိုင် ခုမှ သတိရတော့တယ် ။ စုစုကို မြေလှန်ရှာတုန်းက မန္တလေးက လဲ့လဲ့အောင် ကို သူမမေးမိတာ နောင်တရလို့ မဆုံးဘူး ။
ဒေါ်လေး ဆိုသူက ဗီရိုထဲက စာရွက် စာတမ်းတွေ ထုတ်ပြတယ် ။ မွေးစာရင်း ဖြစ်နေတယ် ။ မွေးဖွားရက်ကို ကြည့်တော့ အိမ်က ထွက်သွားပြီး ကိုးလနီးပါးမှာ မွေးထားတာပဲ ... ဒါဆို ..
“ သား ... သား ... ဖေဖေ့ဆီ လာပါဦး ”
“ သားကို နာမည် ဘယ်လို ပေးထားလဲ စု ”
ကလေးက ချက်ချင်း မလာဘဲ သူ့အမေဘက် လှည့်ပြီး
“ သားနာမည် ဝေယံမြင့်နိုင်ပါ ဦးဦး ”
သွက်လွန်းတဲ့ သားပါလား ။ မြင့်နိုင် ရင်ထဲမှ ကမ္ဘာ့အကြီးဆုံး ရေတံခွန် စီးကျတာထက် သားအပေါ် စီးကျတဲ့ မေတ္တာဟာ တားမရပါ ။
“ မေမေ … ဒါ သားအဖေ ဦးမြင့်နိုင် လားဟင် ”
စုစုက ငိုနေရာမှ ...
“ ဟုတ်တယ်သား သားဖေဖေအရင်းပဲ ၊ ဖေဖေ ခေါ်နေတယ်လေ သွားလိုက် ”
သားက မြင့်နိုင် အနား ပြေးကပ်လာတော့ မြင့်နိုင် သားကို ကျစ်ကျစ်ပါအောင် ဖက်ထားရင်း ငိုချလိုက်မိပါပြီ ။
“ ရင်မှ ဖြစ်သောသား ... အသည်းပေါက်အောင် ချစ်တဲ့သား ”
မြင့်နိုင် ဘဝ ပြည့်စုံသွားရပြီလေ ။ ။
⎕ နီနီနိုင် ( သထုံ )
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၈
No comments:
Post a Comment