Saturday, May 9, 2026

အကြော်သည်နှင့် သူ၏ စားသုံးသူများ


❝ အကြော်သည်နှင့် သူ၏ စားသုံးသူများ ❞
      ( နန်းဧကရီရှင် )

ကျွန်မတို့ ရပ်ကွက်လေး၏ လမ်းထိပ် ၊ ကုက္ကိုပင် အောက်တွင် အကြော်ဆိုင်လေး တစ်ဆိုင်ရှိပါသည် ။ ခပ်လတ်လတ် ဒယ်အိုးနှစ်အိုး ၊ လူအင်အား သုံးယောက် ( တစ်ခါတစ်ရံ ဖခင်ဖြစ်သူပါဆို လေးယောက် ) တို့ဖြင့် တည်ထောင်ထားသော ထို အကြော်ဆိုင်လေးသည် ရပ်ကွက် အနေဖြင့်ဆို သိပ်ကြီးသည်ဟု မဆိုသာပေမဲ့ ကချော်ကချွတ် ဖွင့်ထားသည့် အကြော်ဆိုင်များထက်တော့ ခမ်းနားကြီးကျယ်၏ ။ သဘာဝအလျောက် ဖန်တီးထားသည့် ကုက္ကိုပင်ရိပ်အောက် စားပွဲဝိုင်းလေး နှစ်ခု ၊ ခွေးခြေလေး ရှစ်ခုံလောက် ချလိုက်ရုံနှင့်လည်း တင့်တယ်ရှုချင်စဖွယ်ကောင်းနေသည် ။ တကယ်တော့ ထို အကြော်ဆိုင်လေးသည် ဒီရပ်ကွက်လေး၏ အားထားရာ တစ်ခုပင် ။ ကျွန်မတို့ နေသော ရပ်ကွက်လေးက လူမျိုးစုံသည် ။ လူမျိုးစုံသည် ဆိုတာ အတန်းအစား မျိုးစုံ၏ အလယ်အလတ်တန်းစားများ ဖြစ်ပါသည် ။ ဥပမာ - မီးသွေး ရောင်းပေမဲ့ အရမ်းကြီးလည်း စုတ်ပြတ်မနေ ။ ဆိုက်ကား နင်းသည့် လူပေမဲ့ သပ်သပ်ရပ်ရပ်လေး နေနိုင်သည် ။ ဒါပေမဲ့ ချောင်လည်တယ်ဟုတော့ ပြောရမှာ ခက်ပါသည် ။ မဖြစ်မနေ စားကို စားရမယ် ဆိုလျှင်တော့ စားနိုင်သည် ။ ရှင်းရှင်း ဆိုရလျှင် အကြော်လေး နှင့်တော့ ထမင်း နပ်မှန်သည်ပေါ့လေ ။ ဒါက အောက်ခြေ ကာယလုပ်သားများ အခြေအနေပါ ။ ဟိုး အထက်တန်းစား ပင်စင်စား အရာရှိကြီးများကကော ။ ငွေကို ရေလိုသုံးသည့် စီးပွားရေးသမား လုပ်ငန်းရှင်ကြီးများ မဟုတ်သည့် အတွက် ယခင် ဘယ်လောက် ရွှေထီး ဆောင်းခဲ့ရ ပင်စင်ယူချိန်ကျ က ရှေ့ရေး နောက်ရေး ကြည့်ကာ အတိုင်းအထွာနှင့် စားရသည် ။ ခြိုးခြံသည့်အခါ ခြိုးခြံရသည် ။ မတန်ဘူးဟု ယူဆလျှင် ထိုပစ္စည်းကို စားဖို့ ၊ သုံးဖို့ စိတ်မကူးရဲ ။ အလယ်အလတ်တန်းစား၏ အလယ်အလတ်များ ဖြစ်သော စာရေး စာချီများကျတော့ ပြောနေစရာပင် မလို ။ ခြိုးခြံခြင်း ဟူသည် မွေးရာပါ ရပိုင်ခွင့် တစ်ခုလို ဖြစ်နေသည် ။ ထိုသို့သော လူတန်းစားများ စုဝေးရာ ဒီရပ်ကွက်လေးတွင် ဒီ အကြော်ဆိုင်လေးက အားလုံး၏ ချစ်ခင်အားကိုးရာ ဖြစ်နေသည်မှာ မဆန်းပါ ။ ဒီအကြော်ဆိုင်လေးက ဈေးသက်သာ သည်ကိုး ။

ဟိုး တစ်ဖက်ရပ်ကွက်မှာ အကြော်ဆိုင် တစ်ခု ရှိပါ သေးသည် ။ ဒါပေမဲ့ မတန် ပါ ။ ဘူးသီးကြော် လက်ညှိုး တစ်ချောင်း အရွယ်ကို ငါး ဆယ်ကျပ် ၊ ကြက်သွန်ကြော် လက်ညှိုးနဲ့ လက်မ တစ်ဝိုင်း လောက်ကို တစ်ရာကျပ် ၊ ငှက်ပျောကြော်တစ်လုံး သုံးရာကျပ် ၊ ဆော်ဒါတွေ အရမ်း ထည့်ထားသည့် ဗယာကြော် ပွပွတစ်ခု ငါးဆယ်ကျပ် စသဖြင့် ကျန်သည့် မန္တလေး ပဲကြော် ၊ တို့ဟူးကြော် တို့ကလည်း တစ်ခု ငါးဆယ်ကျပ် ။ ထိုအချိန် ကျွန်မတို့ ရပ်ကွက် လေးထဲက ဆိုင်ကတော့ အထူး တန်နေသည် ။ ဘူးသီးကြော် လက်ညှိုး အရွယ် တစ်ချောင်းကို တစ်ရာဖိုး လေးချောင်း ၊ ဖီးကြမ်းပျော်ပျော်ကြီးများဖြင့် သဘာဝအချိုကို အားပြု ကြော်ထားသည့် ငှက်ပျောကြော် တစ်လုံးကို နှစ်ရာကျပ် ။ ကျန်သည့် ဗယာကြော် ၊ အာလူးကြော် ၊ မန္တလေးပဲကြော်တို့က တစ်ရာဖိုး သုံးခု ၊ တစ်ခါတစ်ရံ ပုစွန်ဆိတ်လေးများ ရလျှင် တစ်ရာဖြင့် ရသည် ။ ဘာပြောပြော ပုစွန်ကြော် ငါးခု ဝယ်ကာ အချဉ်ရည် ၊ ကြက်သွန်စိမ်း ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း ၊ နံနံပင် တို့ဖြင့် သုပ်လျှင် ကာယလုပ်သားများအတွက် တစ်ပင်တိုင်ဟင်း ၊ ပင်ဇင်စား အရာရှိကြီးများ အတွက် အရံဟင်း ၊ စာရေးစာချီများ အတွက် စားပျော်သော ဟင်းတစ်ခွက် ရနိုင်သည်ပဲ ။

ပုစွန်ကြော် ဆို၍ ဒီဆိုင်လေး၏ နာမည်ကောင်း ရှိပုံကိုလည်း ပြောရဦးမည် ။ တခြား သူတွေတော့ မသိ ။ ကျွန်မ အကြိုက်ကတော့ ပုစွန်ကြော်ဆို အကောင်ကြီးကြီးတွေ ကြော်တာ မကြိုက် ။ စားပြီး မကြာ ခေါင်းထဲ ငြီးစီစီဖြစ် ၊ ညှီလာတတ်သည် ။ ပုစွန်ဆိတ်လေးတွေ ကြော်တာသာ ကြိုက်သည် ။ ဒီဆိုင်လေး အယူအဆကလည်း ထိုသို့ပင် ။ ထိုကြောင့် သူများတွေလို အကြော် စုံလျှင် ပြီးရော နေ့တိုင်း အစုံမကြော် ။ ပုစွန်ဆိတ်လေးတွေ ရသည့် အခါမျှသာ ကြော်သည် ။ ငှက်ပျောကြော်လည်း ထိုသို့ပင် ။ ပျော်နေသည့် ငှက်ပျောသီး မရလျှင် လုံးဝ မကြော် ။ မိတ်ပျက်မှာ စိုး၍ ဖြစ်သည် ။ ပြီး ပစ္စည်းပစ္စယ အဆာပလာ ထည့်တာလည်း အစပ်အဟပ် တည့်သည် ။ တခြား ဆိုင်တွေလို ပေါ့ရွှတ်ကာ ဖွယ်တယ်တယ်ကြီးလည်း မနေ ၊ အငန် ၊ အချို ၊ အစပ် အားလုံး တည့်သည် ။ ထို့ကြောင့် ဒီဆိုင်လေးက အားလုံး၏ အသည်းစွဲ ဖြစ်နေရသည်ကိုး ။ ပစ္စည်းကောင်းလျှင် ရသာတဏှာ တစ်ခု အတွက် ဘယ်တောင် တက်ရ တက်ရဆိုသည့် လူချည်းမို့ ဟိုးတခြား ရပ်ကွက်တွေကပါ လာ အားပေးကြသည် ။ ပြီး တန်လည်း တန်သည်ကိုး ။ အကဲခတ်မိသလောက် ထိုဆိုင်ပိုင်ရှင်၏ အယူအဆကလည်း ပစ္စည်းနည်းနည်း ထွက်ပါစေ ဈေးတင်ပြီး ရောင်းရမည့် အမြတ်ကို မမြင် ။ ပစ္စည်း များများထွက် အမြတ် နည်းတာကို ယူသည် ။ မလှူနိုင်လျှင် ဈေးရောင်း ဆိုသည့် မြန်မာ့ဆိုရိုး တစ်ခုကို သတိရမိသေးတော့ ။

ဆိုင်ဖွင့်သည့် အချိန်လည်း ကြည့်ပါဦး ၊ မနက် ခြောက်နာရီခွဲဆို စ ကြော်ပြီ ။ ရှစ်နာရီခွဲလောက်ဆို သိပ်စိတ်မချရတော့ ။ ကုန်ဖို့ သေချာ သလောက် နီးနီး ရှိပြီ ။ တစ်ခါတလေ ခုနစ်နာရီခွဲလောက်တောင် ကုန်နေပြီ ။ ညနေဆို လည်း လေးနာရီစ ကြော်ပြီး ညရှစ်နာရီ မထိုးခင် ကုန်ပြီ ။ ထို့ကြောင့် ထိုအချိန် အပိုင်းအခြားများဆို ဆိုင်ရှေ့ ကြိတ်ကြိတ်တိုး နေသည် ။ ဘူးသီးကြော် ငါးရာဖိုး ၊ ဗယာကြော် ငါးရာဖိုး ဆိုသည့် လူမျိုးတွေကြောင့် ခြေထောက် တောင့်အောင်ကို စောင့်ကြရသည် ။ လူတွေသည် အကြော်နှင့် ထမင်း တွက်ခြေကိုက်၍ စားနေကြသည် ထင်ရဲ့ ။

ဒီလို အားပေးကြ၍ နာမည်ကောင်းထွက် သဟ ဇတ ဖြစ်လှသည့် ဆိုင်လေးရှေ့ ယနေ့တော့ လာဝယ်သူ ပြည်သူအများ ပွစိပွစိ ဖြစ်နေကြသည် ။ ဆိုင်ရှေ့ ကျောက် သင်ပုန်းတစ်ချပ် ထောင် ထားသည် ။ ကျောက်သင်ပုန်းပေါ်ရေးထားသည်က ...

“ ယနေ့မှစ ငှက်ပျော ကြော်တစ်ခု ၃ဝဝ ကျပ် ” တဲ့ ။

“ ဟေ့ … ဘယ့်နှယ် ဖြစ်တာလဲကွ ၊ ငှက်ပျောကြော် တစ်ခု သုံးရာ ဆိုတာ မလွန်ဘူး လား ”

ကလေးနှစ်ယောက်ကို ညနေ ကျောင်းဆင်းဆို ငှက်ပျောကြော် တစ်ယောက် တစ်ခုကျ ကျွေးတတ်သော ကျောင်းဆရာက အော်တော့ အကြော်သည်၏ သမီးနှစ်ယောက်က ငှက်ပျောသီး ဈေးတွေ ကြီးလို့ ဆရာရေ ဟု ပြန်အော်သည် ။ လမ်းလျှောက်ပြီး ပြန်လာသည့် ပင်စင်စား အဘိုးကြီး ၊ အဘွားကြီး လင်မယား နှစ်ယောက် ကလည်း အထိတ်တလန့် ဖြစ်သွားသည် ။ သူတို့က ညနေစာ စားပြီးလျှင် ဒီဆိုင်က ငှက်ပျောကြော်နှင့် အချို တည်းသတဲ့ ။

ထမင်းနှင့် ငှက်ပျောကြော် စားလေ့ရှိသည့် အဘိုးကြီး တစ်ယောက်ကတော့ ဒီလို ဆိုတို့တော့ လုံးဝ မစားတော့ဘူးဟေ့ ဟု ဆန္ဒပြသည့် မျက်နှာ ပေးဖြင့် အော်သွားပြန်သည် ။ အကြော် ကြော်သည့် ညီအစ်မနှစ်ယောက် ဘာမျှ ပြန်မပြောကြတော့ ။ သူတို့မှာလည်း ဖြေရှင်းရတာ အတော် မောနေဟန်ရှိသည် ။

“ အမေရေ … အမေ ... ငှက်ပျောကြော် တစ်ခု သုံးရာ ဖြစ်သွားပြီဗျ ”

ဘာရယ် ညာရယ် မဟုတ် ၊ သတင်းဦး ၊ သတင်းထူးဆို အရင်ဆုံး ပေးချင်ပြီး ကိုယ်ပြောလိုက်သည့် စကားကြောင့်လူကြီးတွေ “ ဟာခနဲ ” ၊ “ ဟင်ခနဲ ” ဖြစ်သွားသည်ကို မြင်ချင်တွေ့ချင်သော ကလေးတို့ ဗီဇအတိုင်း ဆိုက်ကားဆရာ ကိုအုန်းဖေ သားလေးက အိမ်သို့ အော်ဟစ် အပြေး ၊ ဆုလာဘ် အဖြစ် ခေါင်းကို ဒေါင်ခနဲ အခေါက် ခံလိုက်ရသည် ။

“ သေနာလေး ၊ ဈေးတက်တာများ ဝမ်းသာအားရ အော်ဟစ် လာရသလား ၊ နောက်ဆို မှတ်ထား ။ ငှက်ပျောကြော် စားချင်တဲ့ ပါးစပ် ဒါ ကြည့်ထား ”

အမေ လုပ်သူက တုတ် ထောင် ပြလိုက်တော့ ကလေးခမျာ ခေါင်းကို ပွတ်ကာ ငြိမ်သွားရှာသည် ။

“ အို .. လွန်လွန်းအားကြီးတယ် ။ တက်,တက်နိုင်လွန်း ။ ဒါပဲနော် မောင် ၊ ညနေ ဘက် လမ်းလျှောက်ချင် လျှောက် ၊ လမ်းလျှောက်ရင်းနဲ့ အကြော်ဆိုင် ဝင်မယ် စိတ်မကူးနဲ့ ။ ငှက်ပျောကြော် တစ်ခု သုံးရာ ဖြစ်သွားပြီရှင့် ”

“ ဖြစ်တော့လည်း ဘာဖြစ်လဲကွာ ။ မင်းနဲ့ ကိုယ် နှစ်ယောက်တည်း စားတာပဲ ခြောက်ရာပေါ့ ”

“ အမယ်လေး ၊ တစ်နေ့ ခြောက်ရာ အလကား နေရင်း လမ်းလျှောက် ထွက်ရင်း အကုန် မခံနိုင်ပေါင် ။ တစ်ခုနှစ်ရာတုန်းက ဘာမှ မသိသာပေမဲ့ သုံးရာ ကျတော့ သိသာတယ် မောင်ရဲ့ ။ စားချင်ရင် ဘူးသီးကြော် တစ်ရာဖိုး သုံးချောင်း စားပေါ့ ”

“ ဘူးသီးကြော် ကိုယ်မှ မကြိုက်တာကွာ ။ မောင်က ငှက်ပျောကြော်ပဲ ကြိုက်တာ ” 

“ ဘူးသီးကြော် မကြိုက် လည်း မတတ်နိုင်ဘူး မောင် ၊ ငှက်ပျောကြော် တစ်ခု သုံးရာတော့ ခင် မကျွေးနိုင်ဘူး ဒါပဲ ။ ခင် ကလေးမီးဖွားဖို့ စရိတ်လည်း ရှိသေးတယ် ။ ခု ကတည်းက ဖဲ့စုနေရတာ ချွေတာရမယ် မောင်ရေ ၊ နောက်ဆို ပါးစပ်တစ်ပေါက် တိုးလာဦးမှာ ”

အကြီးတန်းစာရေး ခင် နှင့်မောင်တို့ အိမ်လည်း ငှက် ပျောကြော် ပြဿနာ ပွက်လောရိုက်နေသည် ။

နောက်ဆုံးတော့ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချကြသည် ။

“ ယနေ့မှစ ငှက်ပျောကြော် လုံးဝ မစားတော့ ”

အထက်တန်းစားဟု ဆိုရမည့် ပင်စင်စား အရာရှိကြီးများ အိမ်ကပင်လျှင် သုံးရာ ဆိုတော့ တွန့်ခနဲ ဖြစ်သွားသည် ။ တခြားသူတွေကတော့ ငှက်ပျောကြော်ဆို ကိုင်ပင် မကိုင်ကြတော့ ။

“ ဟေ့ စျေးနှုန်းဆိုတာ တက်မှာပဲကွ ၊ နိုင်ငံအရပ်ရပ် တက်နေတာပဲ ။ ကျနေတာ ဘာများရှိလို့လဲ ။ ကမ္ဘာနဲ့ အဝှမ်း တက်နေတာပဲ ။ အဲ တက်လာတဲ့ ကုန်ဈေးနှုန်းကို အန်တုနိုင်တဲ့ စီးပွားရေး ပြေလည်မှု ရှိဖို့ပဲ လိုတာ ”

“ ဒါတော့ သူပြောမှလား ”

ရပ်ကွက်ထဲမှာ အသက် အကြီးဆုံး ဘကြီးသာခင် စကားကို လူငယ်တွေက လှောင်သလို ပြောကြသည် ။ အင်း သူ ပြောတာ ဟုတ်သား ပဲ ။ ဈေးနှုန်း တက်တာကျ တာ အဓိက မဟုတ်ပါဘူး ၊ ပြေလည်ဖို့က အဓိကပဲ ။

ဒါပေမဲ့ ငှက်ပျောကြော် သုံးရာ ဖြစ်ပြီး နှစ်ရက် အကြာ ဆိုင်လေး၏ ရောင်းအား အတော် ကျသွားပုံရသည် ။ နေ့တိုင်း ကြော်နေသည့် အကြော်တို့ထဲ ငှက်ပျောကြော်က ဈေးကြီးသည့်အထဲ ပါတာကြောင့် အမြတ်ကိုလည်း ထိသွားပုံရသည် ။ ဒါပေမဲ့ ကျောက်သင်ပုန်းတွင် ရေးထားတာကို မဖျက်သေး ။ စားသုံးသူတွေကလည်း တင်းခံနေဆဲ ။ အနည်းအကျဉ်းသာ စားကြပြီး အများစု လူထုက မစားကြ ။

စတုတ္ထမြောက် နေ့တွင်တော့ အကြော်ဆိုင်ပိုင်ရှင်၏ သမီးအကြီးမလေးက ကျောက် သင်ပုန်းကို လူမြင်သာသော နေရာသို့ ပြောင်းထောင်လိုက်သည် ။

ဆိုင်ရှေ့က ဖြတ်သွားသူတို့ ငဲ့စောင်း ကြည့်သွားကြသည် ။

ပြီး ပြုံးသွားကြသည် ။

ကျေနပ်စွာ တီးတိုးစကား ပြောသွားကြသည် ။

ရေးထားသည်က ...

“ ငှက်ပျောကြော် တစ်ခု ၂ဝဝ ကျပ် ” တဲ့ ။

ခဏအကြာ ပင်စင်စား အဘိုးကြီး လင်မယားနှစ်ယောက် ရောက်လာသည် ။

“ ငှက်ပျောကြော်နှစ်ခု ချန်ထားပါဟေ့ ။ တော်ကြာ လာယူမယ် ” ဟု ခပ်ကျယ်ကျယ်လေး အော်သွားသည် ။ ခြောက်နှစ်အရွယ် ဆိုက်ကားသမား ကိုအုန်းဖေ၏ သားလေးလည်း ခွေလှိမ့်ရင်း လက်ထဲက ငှက်ပျောကြော်ကို တစ်ကိုက် ကိုက်လိုက်သည် ။

“ ဟေ့ ငှက်ပျောကြော် တစ်ပွဲချ ”

“ မောင်နော် ၊ တစ်ယောက် တစ်ခုပဲစား ”

“ ဟ ၊ မင်းပဲ သုံးရာဆို မစားရဘူး ဆိုလို့ မစားဘဲ နေခဲ့ ရတာ ၊ ခု အရင်နေ့တွေ အတွက်ပါ ပိုစားရမယ် ”

လမ်းလျှောက် ပြန်လာသည့် ခင်တို့ စုံတွဲလည်း ပြုံးရွှင်စွာဖြင့် ခွေးခြေမှာ ဝင်ထိုင်သည် ။ အကြော်သည် ကောင်မလေးက ရယ်မောလို့ ငှက်ပျောကြော် လာချသည် ။ ကျောင်းဆရာကလည်း နှစ်ခု ချန်ထားပါဟေ့ဟု အော်သွားသည် ။

“ ဟေ့ … ဒါပဲကွ ၊ ဈေးနှုန်းဆိုတာ စားသုံးသူ လက်ထဲမှာ ရှိတာ ။ အဲဒါ ဘာလို့လဲ သိလား ၊ တို့တွေ အားလုံးဟာ တစ်ပြေးညီ ကျပ်တည်းနေကြလို့ပေါ့ ။ တို့ရပ်ကွက်မှာ ငွေကို ငွေလို့ မမှတ်ဘဲ သုံးဖြုန်းတဲ့ သူတွေ များကြည့်ပါလား ၊ ငှက်ပျောကြော် တစ်ခု သုံးရာက လုံးဝ မကျဘူး ။ ဈေးနှုန်းကို ဖျက်နေတာ သူတို့တွေပဲ ။ ဒါကြောင့် ငါတို့ ဆုတောင်းရအောင် ။ တို့နိုင်ငံမှာ သောက်ရမ်းသုံးတဲ့ သူတွေ နည်းပါစေလို့ ”

ငှက်ပျောကြော်ကို ပလုတ်ပလောင်း ဝါးရင်း ဘကြီး သာခင် က အော်တော့ အကြော် ဆိုင်လေးထဲ ဆုတောင်းသံတွေ လျှံတက်သွားရတော့သည် ။

⎕ နန်းဧကရီရှင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၂၀၁၇

No comments:

Post a Comment