❝ ဝက်တရား စီရင်ခန်း ❞
( ကြည်လင်ဟိန်း )
( ၁ )
သူ လမ်းလျှောက်လာသည် ။
တစ်နေရာ ရောက်တော့ သူ့ ခြေအစုံကို တုန့်ရပ်သွားသည် ။
မျက်စိက ဘေးကို မသိမသာ စွေကြည့်၏ ။ မျက်စိကြည့်ရာ နောက်သို့ သူ့ခေါင်းက အလိုအလျောက် လည်ပြီး ပါသွားသည် ။
သူ့ နှာခေါင်း နှစ်ပေါက်က လေထဲတွင် ပါလာသော အနံ့ကို ရှုံ့ချည်ပွချည်နှင့် စူးစမ်းသည် ။ အနည်းအကျဉ်း ရလိုက်သော အနံ့ကိုပင် သူ ၏ အဆုတ်တွင်းသို့ မစားရ ဝခမန်း အားပါးတရ ရှူသွင်း လိုက်သည် ။
ထို့နောက် သူ့စိတ်ကို တုံးတုံးချပြီး ထိုနေရာသို့ ရဲဝံ့သော ခြေလှမ်းများဖြင့် တန်းတန်းမတ်မတ် လျှောက်သွားသည် ။ ပထမဆုံး တွေ့သော ခုံပုကလေးတွင် အားပါးတရ ထိုင်ချလိုက်သည် ။ ပြီး ရှေ့တွင် မြင်နေရသော အရာများကို စူးစူးစမ်းစမ်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာ၏ ။ အနည်းငယ် လေ့လာရုံနှင့် သူ လိုချင်သော အရာများကို တွေ့ ပေပြီ ။
သူ့ စိတ်က ရွေးချယ်ပေး သော ကောင်းနိုးရာရာများကို မလွတ်တမ်း ကြည့်ရင်း သူ့ လက်ညှိုးကြီးနှင့် ဆတ်ခနဲ ဆတ်ခနဲ ထိုးပြလိုက်သည် ။ စန္ဒရား မတီးတတ် သူ တစ်ယောက် လက်ညှိုး တစ်ချောင်းနှင့် တီးသလို ၊ ယခုလည်း သူ့ လက်ညှိုးကြီးက ဟိုဟာ ထိုးပြ ဒီဟာ ထိုးပြ နှင့် အလုပ်များနေတော့၏ ။ ပြီး သူက တံတွေး တစ်ချက် မျိုချရင်း ခံတွင်း ရှင်းလိုက်မိသည် ။
ခြင်းတောင်းကြီးသည် အတော်ပင် ကြီး၏ ။ ကြိမ်လုံးများနှင့် ရက်လုပ် ထား၍လည်း ခိုင်မည် ၊ ခံ့မည် ၊ တာရှည်ခံမည်ဟု ထင်ရပေသည် ။ ဆီဝအောင် ပွတ်တိုက်ထားသောကြောင့် ကြိမ်လုံးများသည် အကြောကြီးများ ပမာ အမြှောင်းလိုက် ပေါ်လွင်နေသည် ။ ယခု ခေတ် လူငယ်တွေ၏ ကျောပိုးအိတ် ပမာ ခြင်းတောင်းကြီးတွင်လည်း ထားစရာ ၊ သိုစရာ ၊ ချိတ်စရာ ၊ တွဲစရာ ၊ သိမ်းစရာ နေရာတွေ သူ့ နေရာနှင့် သူ ပါပြီးသား ။ ထူးရှယ် ခြင်းတောင်းကြီးပင် ။ ခြင်းတောင်းကြီး ပေါ် မှာတော့ ပစ္စည်းပစ္စယတွေက စီစီရီရီ ။ ပြုတ်မကျအောင် စီကာ စဉ်ကာ တင်ထားသည်ကပင် အတုခိုးစရာ ဖြစ်၏ ။
ဝါညိုညို အဆင်းရှိသော ဆီတွေက ပွက်ပွက်ထနေသည် ။
လေးပွက် ၊ ငါးပွက် ၊ ခြောက်ပွက် ။
သူ ငယ်ငယ်က ကြားဖူးခဲ့သည်ကို ဖျတ်ခနဲ သတိရသွား၏ ။
လိမ်လိမ်မာမာ နေ ၊ မဟုတ်တာ မလုပ်နဲ့ ၊ မမှန်တာ မပြောနဲ့ ၊ သူ့ ဥစ္စာ မခိုးနဲ့ ၊ သူများအသက် မသတ်နဲ့ ။ အဲဒါတွေ လုပ်မိရင် ငရဲပြည်က ဆီပူအိုးထဲ ဇောက်ထိုးကျမယ် ။ ဆီပူအိုးကြီးထဲမှာ ဆီတွေက ပွက်ပွက်ဆူနေတာ ။ အငွေ့ တထောင်းထောင်းနဲ့ ၊ ဘယ်လောက် ပူလိုက်မလဲ ၊ စဉ်းစား ကြည့်စမ်း ။ သူ့ အတွေး ကို တစ်နေရာ ကမန်းကတန်း ရွှေ့လိုက်ရသည် ။
ထိုစဉ် သူ့ မျက်လုံးတွေက ဓားပေါ် ရောက်သွားပြန် သည် ။ ဓား ၊ မြည့်နေအောင် သွေးထားသော ဓား ၊ နေရောင်အောက်တွင် တဝင်းဝင်း တလက်လက် ဖြစ်နေ၏ ။ ထိုးလို့ ၊ ခုတ်လို့ ၊ လှီးလို့ ရသည့် ဓားဦးချွန်မျိုး ။ သေးသေးသွယ်သွယ် ပါးပါးလျလျနှင့် အန္တရာယ် များသည့် ဓား ၊ ရိုးရိုး သံဓား မဟုတ် ၊ စတီးဓား ။ ဘယ်လို ကျောက်နှင့် ဘယ်လို သွေးထားသည် မသိ ၊ မြမြ ထက်နေသည် ။ ထို ဓားကို ကြည့်ပြီး သူ ကြက်သီး တစ်ချက် ထသွား၏ ။ ကျောရိုး တစ်လျှောက် စိမ့်တက်သွားသည် ။
ဓားကိုင်လက်က လှုပ်ရှားစ ပြုပြီ ။ တဖြည်းဖြည်း ချင်း မြန်လာ၏ ။ မည်သို့ ထိုး ၊ ခုတ် ၊ လှီး ၊ ဖြတ် သည်ကို မျက်စိ အမြင်ကပင် လိုက်မမီတော့ ။
( ၂ )
သူ့နာမည် ခေါ်သံ ကြားလိုက်သည် ။
သူ ကမန်းကတန်း ထရပ် လိုက်သည် ။
“ ခင်ဗျား ရှေ့ကို ကြွပါ ”
သူက ရှေ့ကို လှမ်း ကြည့်လိုက်၏ ။ ရှေ့မှာ လူတစ်ယောက် ထိုင်သာရုံ သစ်သားတန်းများနှင့် လုပ်ထားသော ဝက်ခြံ တစ်ခုကို တွေ့ ရ၏ ။ ဝက်ခြံထဲတွင် ထိုင်ခုံ တစ်လုံး ရှိသည် ။ ဝက်ခြံ ဘေး စင်မြင့်ပေါ် တွင် တရားသူကြီး ဝတ်စုံနှင့် တစ်စုံတစ်ယောက် ထိုင် နေသည် ။
သူက ဘေးနှင့် နောက်ကို ဝဲလည်ပြီး ကြည့်လိုက်၏ ။ တောက်ပြောင်စူးလက်နေသော မျက်လုံးများ ၊ သူ့ကို စူးစူးရဲရဲ ဝိုင်းကြည့်နေသည် ။ စားတော့ ဝါးတော့မည့် အသွင်နှင့် ကြည့်နေခြင်း ဖြစ်၏ ။ အမှတ်တမဲ့မို့ သူ လန့် သွားသည် ။ သေချာပေပြီ ၊ သူ တရားရုံး တစ်ခု အတွင်း ရောက်နေသည် ။ ဤ တရားရုံးအတွင်း မည်သို့မည်ပုံ ရောက်နေရသည်ကို သူ နားမလည် ။ မည်သည့် အမှုကိစ္စကြောင့် ဆိုသည်ကို သူ မသိ ။
“ ခင်ဗျား ဝက်ခြံထဲကို ကြွပါ ”
အသံ ထပ်မံ ထွက်ပေါ် လာသည် ။ စိတ် မရှည်တော့သည့် အသံမျိုး ။ အသံ သြဇာကြောင့် သူ တွန့်သွား၏ ။
မှိုင်းမိနေသူလို လေးလံသော ခြေလှမ်းတွေနှင့် ဝက်ခြံ ဆီ သူ လျှောက်သွားသည် ။ ဝက်ခြံ တံခါးဖွင့်ပြီး အတွင်းမှ ထိုင်ခုံတွင် ထိုင်လိုက်မိ၏ ။
သူ ဘာကြောင့် တရားရုံး ရောက်နေပါလိမ့် ။ တရား ရုံးသာ မဟုတ် ၊ ဝက်ခြံ တွင်းပင် ရောက်နေပြီ ။ ဘာလဲ ၊ ဘာကိစ္စလဲ ၊ ဘာအမှုလဲ ၊ သူက သက်သေလား ၊ တရား လိုလား ၊ တရားခံပင် ဖြစ်နေပြီလား ။
သူ ဘာတွေများ လုပ်ခဲ့မိပါလိမ့် ။
“ ခင်ဗျားကို မေးမယ် ။ မှန်မှန်ကန်ကန် ဖြေပါ ။ မှန်မှန် မဖြေရင် အပြစ် ပိုကြီးမယ် ။ နားလည်တယ် နော် ”
“ ဟုတ်ကဲ့ ၊ ဒါပေမဲ့ ကျွန်တော် ဘာများ ... ”
“ မမေးသေးဘူး ၊ မေးမှ ဖြေပါ ”
တစ်စုံတစ်ယောက် သူ့ ဝက်ခြံဘေးမှာ လာရပ်သည် ။ မှောင်ရိပ်ကျနေ သဖြင့် မည်သူမည်ဝါ မသဲကွဲ ။ သို့သော် ထို ရုပ်သွင်မျိုးကို သူ မြင်ဖူးသည် ။ ဘယ်မှာ မြင်ဖူးပါလိမ့် ။ စဉ်းစားစမ်း ၊ သိတယ် ၊ သိကို သိတယ် ။ ရင်းရင်းနှီးနှီးကို သိနေတယ် ။ ထိုသူက ဝက်ခြံပေါ် လက်တစ်ဖက် တင်ရင်း သူ့ကို စေ့စေ့ကြည့်ပြီး ...
“ အခု ဘယ်နှစ်ရာစု ရောက် နေသလဲ ”
“ ၂၁ ရာစု ပါ ”
“ ၂၁ ရာစုရဲ့ ဆောင်ပုဒ်ကို သိသလား ”
“ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး နဲ့ ကမ္ဘာရွာမှာ မှီတင်းနေထိုင်ကြတဲ့ လူ ၊ တိရစ္ဆာန် ၊ သဘာဝ အရင်းအမြစ်များ အဓွန့်ရှည် တည်တံ့ရေးပါ ”
“ ၂၁ ရာစုမှာ ဘာတွေ တိုးတက်လာသလဲ ”
“ သိပ္ပံ နဲ့ နည်းပညာတွေ တိုးတက်လာပါတယ် ။ ပုံစံတူ လူသားတွေ ထုတ်လုပ်ဖို့ ကြိုးစားနေပြီ ။ မျိုးရိုးဗီဇ ပြုပြင် ပြောင်းလဲထားတဲ့ တိရစ္ဆာန်နဲ့ သစ်ပင်သီးနှံတွေ ထုတ်လုပ်ဖို့ ကြိုးစားနေပြီ ။ လူတွေရဲ့ သက်တမ်း ရှည်သထက် ရှည်အောင် ကြိုးစားနေပြီ ။ လူ အတုတွေက အစစ်တွေ နေရာမှာ အစားဝင် အလုပ် လုပ်ပေးပါတော့မယ် ”
“ တယ်ဟုတ်ပါလား ၊ ဒါတွေကျ သိသားပဲ ”
“ ဟုတ်ကဲ့ ၊ ဖတ်မှတ်ထား တာတွေပါ ”
“ ခင်ဗျားက ဘာကို အဓိက ထားသလဲ ”
“ လူသာ အဓိကပါ ”
“ လူ ပဓာန ဆိုတော့ တခြား သတ္တဝါတွေကို ဂရုစိုက် မထားတဲ့ သဘောပေါ့ ”
“ ဒီလို မဟုတ်ပါဘူး ။ ဒီ ကမ္ဘာမြေ ပေါ် မှာ အသက် ရှင် နေကြတဲ့ သစ်ပင်တွေ ၊ တိရစ္ဆာန်တွေနဲ့ လူတွေ အားလုံးဟာ သက်ရှိ သတ္တဝါတွေ ဖြစ်လို့ အားလုံးကို လေးစားပါတယ် ။ အားလုံးကို ဂရုထားပါတယ် ။ လူက တော့ အသိဉာဏ် ပိုရှိတာပေါ့ ”
“ ၂၁ ရာစုနဲ့ ပတ်သက်ပြီး ခင်ဗျား အမြင် သိချင်တယ် ။ လူသားတွေ တိုးတက်သလား ၊ ဆုတ်ယုတ်သလား ”
“ တိုးတက်နေပါတယ် ၊ သိပ္ပံပညာနဲ့ အတူ လူတွေရဲ့ အတွေးအခေါ် ၊ ကိုယ်ကျင့်သိက္ခာ ၊ စိတ်နေစိတ်ထား ၊ ယဉ်ကျေးမှု ၊ ကိုးကွယ်ယုံကြည်မှု အားလုံး တိုးတက်လာ ပါတယ် ။ နေထိုင်စားသောက်တဲ့ နေရာမှာ အရင်ကထက် စာရင် အများကြီး တိုးတက်လာပါတယ် ။ လူတွေ ရဲ့ အသိတရားတွေ မြင့်လာတယ် ဆိုရမှာပေါ့ ဆရာရယ် ”
“ ခင်ဗျား ဒါတွေ သိသားပဲ ”
“ ဟုတ်ကဲ့ ၊ သူများ ပြောတာတွေနဲ့ ဖတ်မှတ် ထားတာတွေပါ ”
“ ခင်ဗျား အသိဉာဏ် ရှိသင့် သလောက် ရှိရဲ့သားနဲ့ ဘာလို့ ဆင်ဆင်ခြင်ခြင် မနေနိုင်ရတာလဲ ”
“ ခင်ဗျာ ၊ ဘာကို ပြောတာပါလိမ့် ။ နား မရှင်းဘူး ဆရာ ”
“ ခင်ဗျား ဘာလို့ ဆင်ဆင်ခြင်ခြင် မနေနိုင်ရတာလဲလို့ မေး နေတာ ”
“ ကျွန်တော် သွားတာ ၊ လာတာ ၊ ထိုင်တာ ၊ စားတာ ၊ သောက်တာက အစ ဆင်ခြင်ပါတယ် ။ သတိလည်း ထားပါတယ် ။ ကျွန်တော် ဘာအပြစ်များ ကျူးလွန် မိလို့ပါလဲ ”
“ ကိုယ့်အပြစ် ကိုယ် မသိဘူးလား ”
“ ဟုတ်ကဲ့ ... မသိပါဘူး ”
“ ခင်ဗျားမှာ အပြစ် ရှိတယ် ”
“ ဗျာ ”
“ မဗျာနဲ့ ၊ ခင်ဗျား နေ့လယ် က ဘယ်သွားသလဲ ”
“ ကျွန်တော် မြို့ထဲ သွားပါတယ် ”
“ မြို့ထဲ သွားပြီး ဘာတွေ လုပ်ခဲ့သလဲ ”
“ ဟုတ်ကဲ့ ၊ နေ့လယ်ပိုင်း က စာအုပ်တိုက်တွေ သွားပြီး စာမူခထုတ် ၊ စာအုပ် လှည့်ယူပါတယ် ။ ညနေပိုင်း ကျ တော့ နည်းနည်း စိုစိုပြည်ပြည် ရှိတာနဲ့ လျှံနေတဲ့ ရေကို ၁၉ လမ်းမှာ ဇလုတ် သွား တိုက်ပါတယ် ။ ဟဲ ... ဟဲ ... ဆေးဖြစ်ဝါးဖြစ် လောက် တော့ ကျွန်တော် မှီဝဲတတ်ပါတယ် ။ အလွန်အကျွံတော့ မလုပ်ဘူး ။ မိန်းမက ရှိသေးတယ်လေ ဆရာရဲ့ ”
“ ခင်ဗျား ၁၉ လမ်းမှာ ဘာတွေ စားခဲ့ သောက်ခဲ့သလဲ ။ သေသေချာချာ ရှင်းပြပါ ”
“ ၁၉ လမ်း ဆိုတာ ဆူပါလမ်း ဆရာရဲ့ ။ တစ်ကမ္ဘာလုံးက ထွက်တဲ့ ယမကာတွေ ရနိုင်သလို တစ်ကမ္ဘာလုံး ဘယ်မှာမှ ဝယ်လို့ မရတဲ့ ယမကာမျိုး ၁၉ လမ်းမှာပဲ ရတယ် ။ ကျွန်တော် တစ်ပိုင်းနဲ့ ... ”
“ ဒီမှာ ၊ ခင်ဗျားကို အရက်ဋီကာ ချဲ့ခိုင်း နေတာ မဟုတ်ဘူး ။ ၁၉ လမ်းမှာ ဘာ စားခဲ့သလဲ မေးနေတာ ”
“ ဆရာက သေသေချာချာ ရှင်းပြ ဆိုလို့ ရှင်းပြနေ တာပါ ။ ၁၉ လမ်းမှာ တစ်ပိုင်းတစ်စိတ်နဲ့ ဝက်သားတုတ်ထိုး သုံးပွဲ မြည်းပြီး အိမ်ကို ဖြောင့်ဖြောင့်မတ်မတ် ပြန်ပါတယ် ဆရာ ။ ဘာ ပြဿနာမှ မဖြစ်ခဲ့ပါဘူး ”
“ ဝက်သားတုတ်ထိုး ”
“ ဟုတ်ပါတယ် ဆရာ ၊ နာမည် ဆိုးပေမဲ့ သိပ် ကောင်းတဲ့ အစားအစာပါ ။ ညနေက ဝက်နားရွက် ၊ ဝက်လျှာ ၊ ဝက်နို့အုံက တစ်ပွဲ ၊ ဝက်အဆုတ် ၊ ဝက်ကျောက်ကပ် ၊ အူမကြီးနဲ့ အူနုက တစ်ပွဲ ၊ ဝက်အသည်း နဲ့ ဝက်နှလုံး က တစ်ပွဲ ၊ ကျွန်တော် သုံးပွဲ စားခဲ့ပါတယ် ”
“ တော်တော် အရသာ ရှိမှာ ပေါ့ ”
“ ဟ ... ရှိတာပေါ့ ဆရာရယ် ၊ ဘယ့်နှယ် ပြောပါလိမ့် ။ အသီးမှာ သရက် ၊ အသားမှာ ဝက် ဆိုစကား ရှိတာပဲ ”
“ ခင်ဗျားဟာ လူ တစ်ယောက် ဖြစ်ပြီး စောင့်ထိန်းသင့်တဲ့ လူ့ကျင့်ဝတ်တောင် မစောင့်ထိန်းနိုင်တော့ဘူး ဆိုတော့ ခင်ဗျားမှာ အပြစ် ရှိသလား ၊ မရှိဘူးလား ”
“ ဗျာ ၊ ဝက်သားတုတ်ထိုး နဲ့ လူ့ကျင့်ဝတ် ။ ဘာတွေ လဲဆရာရယ် ၊ ကျွန်တော် နားမလည်တော့ဘူး ”
“ ခင်ဗျား နားလည်ရမယ် ။ အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူ ဖြစ်လာတဲ့ ခင်ဗျား ပိုပြီး နားလည်ရဦးမယ် ။ ကဲ ... ကောင်းပြီ ၊ ခင်ဗျား နားမလည်ရင် ကျုပ် ပြောပြမယ် ။ ခင်ဗျားဟာ လူတစ်ယောက် ၊ အသိဉာဏ် ရှိပါတယ် ဆိုတဲ့ လူတစ်ယောက် ၊ အသိဉာဏ် ရှိတဲ့ ခင်ဗျားတို့လို လူတွေက စောင့်ထိန်းရမယ့် လူကျင့်ဝတ်မှ မစောင့်ထိန်းနိုင်ရ င် ရှေ့လျှောက်ပြီး ဒီ ကမ္ဘာကြီး ဘာဖြစ်သွားမလဲ ၊ ခင်ဗျား စဉ်းစားမိရဲ့လား ။ တိရစ္ဆာန် ဆိုတာ လူတွေရဲ့ အစားအစာ တစ်မျိုး ဖြစ်တာ မှန်ပေမယ့် သူတို့ လည်း အသက်နဲ့ပဲ ။ နည်းနည်း စာနာဦးမှပေါ့ ။ မစားနဲ့ မပြောပါဘူး ။ ဒါပေမဲ့ အာသာ တငမ်းငမ်းနဲ့ လွန်လွန်ကျူးကျူး စားတာတော့ မကောင်းဘူး ။ ခင်ဗျားတို့ရဲ့ လူ ဆိုတဲ့ သိက္ခာနဲ့ ကျင့်ဝတ်တွေ ဘယ် သွား ထားမလဲ ။ ခင်ဗျားတို့ လူသားတွေ ခုလို ကိုယ့် လျှာမှ ကိုယ် မထိန်းနိုင်ကြတော့ရင် ဒီ မြေကမ္ဘာကြီး မကြာခင် ပျက်သုဉ်းသွားလိမ့်မယ် ။ အဲဒါရော စဉ်းစားမိရဲ့လား ”
“ ဟုတ်ကဲ့ ၊ ကျွန်တော် နားလည်ပါပြီ ။ နောက်ဆို ဆင်ဆင်ခြင်ခြင် စားသောက်ပါတော့မယ် ”
“ အင် … ဒါပေမဲ့ နောက်ကျ သွားပြီ ။ ခင်ဗျား .. နောင်တဟာ နောက်ကျသွားပြီ ”
“ ဗျာ ... ဘာဖြစ်လို့လဲ ”
“ ဘာဖြစ်ရမလဲ ၊ ခင်ဗျား ညနေက စားခဲ့တဲ့ ဝက်ဟာ မျိုးပွား စမ်းသပ်နေတုန်း မှာ ထွက်ပြေးသွားတဲ့ ဝက် အတု ဖြစ်နေလို့ပဲ ။ ကျုပ်တို့လို ဝက်တွေရဲ့ ကိုယ်က တစ်သျှူးစ ယူပြီး စမ်းသပ်နေတုန်း လွတ်သွားလို့ ပိုးတောင် မသတ်ရသေးဘူး ။ ပိုး မသတ်ရသေးတဲ့ ဝက်အတုရဲ့ ကလီစာတွေ စားမိရင် ကလီစာထဲမှာ ပါတဲ့ ဗိုင်းရပ်စ် တစ်မျိုးဟာ ခင်ဗျား သွေးကြောတွေက တစ်ဆင့် ခင်ဗျား ဦးနှောက်ထဲကို မကြာခင် ရောက်သွားတော့မယ် ။ ဦးနှောက်ထဲ ပိုး ရောက်သွားရင် ခင်ဗျား သေရင် သေ ၊ မသေရင် ရူးပြီသာ မှတ်တော့ ။ ခုတောင် ခင်ဗျား ဦးနှောက်ထဲ ရောက်နေပြီလား မသိဘူး ။ ဟား ... ဟား ... ဟား ... ဟား ”
( ၃ )
သူ အိပ်ပျော်နေသည်လား ။
အိပ်မက် မက်နေသည်လား ။
ညနေက တစ်ပိုင်း တစ်စိတ် နှင့် ဝက်သားတုတ်ထိုး သုံးပွဲ တန်ခိုးပင်လား ။
သူ့ ကိုယ်မှ ချွေးစေးများကို ပုဆိုးစသနှင့် သုတ်လိုက်သည် ။ အာခေါင်တွေ ခြောက် နေသည်မှာ မျိုချစရာ တံတွေး မရှိတော့ သလောက် ဖြစ်၏ ။ ဗိုက်ကလည်း အိုးတိုးအောင့်တောင့် ၊ အစာအိမ် ဆီက နာ သလိုလို ၊ အသည်းဘက်က အောင့် သလိုလို ပါလား ။ ရင်ထဲက ပျို့အန်ချင်စိတ်ကို ထိန်းရင်း သူ ထထိုင်ဖို့ ကြိုးစား၏ ။
လက်စသတ်တော့ သူ ထိုင်နေတာကိုး ။ ထိုင်နေတာမှ အကျအန ။ ဝက်ခြံထဲမှာ ထိုင်နေတာ ။ သူ့ဘေးမှာ ဝက်တွေ ဝိုင်းနေပြီး သူ့ကို စားတော့ ဝါးတော့မည့် အသွင်နှင့် ကြည့်နေကြ၏ ။ ခုမှ သတိရလာသည် ။ ဝက် တစ်သျှူးစနှင့် မျိုးပွား စမ်းသပ်ဆဲ ဝက်အတု တစ်ကောင်၏ ကလီစာ စားမိမှုနှင့် သူ ဝက်တရား စီရင်ခံနေရတာပါကလား ။
“ ခင်ဗျားဟာ အသိဉာဏ် ရှိပါတယ် ဆိုတဲ့ လူသား ၊ ယဉ်ကျေးမှုတွေ ၊ သိက္ခာတွေ ၊ ကျင့်ဝတ်တွေ ၊ ကိုယ်ချင်းစာတရားတွေ ရှိပါတယ် ဆိုတဲ့ လူသား ။ ဒါပေမဲ့ ခင်ဗျား ကိုယ့် လျှာလေးတောင် ကိုယ် မထိန်းနိုင်ဘူး ။ သတ္တဝါချင်း မစာမနာ ၊ ပက်ပက်စက်စက် စားတယ် ။ တိရစ္ဆာန်တွေဟာ ငါတို့ လူသားတွေရဲ့ စားစရာ ရိက္ခာတွေ ၊ ငါတို့ ပြုသမျှ ခံရမယ် ဆိုပြီး မဆင်မခြင် သ,တ်တယ် ၊ မဆင်မခြင် စားတယ် ။ ကျုပ်တို့က ခင်ဗျားကို အဲဒီလို အာသာ တငမ်းငမ်းနဲ့ စားမယ် ဆိုရင် ခင်ဗျား ဘယ်လို ခံစားရမလဲ ။
ကိုယ်ချင်းစာ တရား ခေါင်းပါးတယ် ။ ဒါကြောင့် ခင်ဗျားမှာ အပြစ်ရှိတယ် ။ မကြာခင် အချိန်အတွင်းမှာ ခင်ဗျား သေရတော့မယ် ။ ပိုးမသတ်ရသေးတဲ့ ဝက်တွေမှာ ဗိုင်းရပ်စ် တစ်မျိုးပါတယ် ။ အဲဒီ ဗိုင်းရပ်စ်က ခင်ဗျား ဦးနှောက်ကို ဖောက်စားပြီး အပြစ်ပေးကြတော့မယ် ”
“ တရားသူကြီးမင်း ခင်ဗျား ၊ သ,တ်တဲ့ လူက သ,တ်ပါ တယ် ၊ ရောင်းတဲ့ သူက ရောင်းပါတယ် ၊ ကျွန်တော်က ...”
“ ကျွန်တော်က ဘာဖြစ်သလဲ ”
“ ကျွန်တော်က စားရုံ စားတာပါ ”
“ အဲဒီ စားတာလည်း အပြစ်ပဲ ”
သူ အမူးလွန် အိပ်ပျော်သွားပေပြီ ။ ။
◾ကြည်လင်ဟိန်း
📖 နွယ်နီ မဂ္ဂဇင်း
၂၀၀၀ ၊ စက်တင်ဘာလ
No comments:
Post a Comment