❝ မြန်မာပြည်သားရဲ့ အမှာစကား ❞
( ရန်ကုန်ဘဆွေ နှင့် တွေ့ဆုံပေးခြင်း )
ငါးနှစ်သား ပေဖူးလွှာ အထူးထုတ်အတွက် စာပေ ၊ ရုပ်ရှင် ၊ ပြဇာတ် ၊ ပန်းချီလောကမှာ ကျင်လည်နေတဲ့ စာရေးဆရာကြီး “ ရန်ကုန်ဘဆွေ ” ကို တွေ့ဆုံပေးဖို့ စီစဉ်ကြပြီး ဧပြီလ ပထမပတ် ကတည်းက ဓာတ်ပုံရိုက်ခဲ့ကြပါတယ် ။ သင်္ကြန်ရက်အတွင်း နားနေရင်း ဆရာ ရေးခဲ့တဲ့ ချစ်ဇနီးသို့ ၊ နန်းဟာဗီး ၊ တိုက်ယူရသော မျက်ရည်တစ်ပေါက် ၊ ချီလေသော် ၊ သေသော်မှတည့် ဪကောင်း၏ ၊ မြန်မာပြည်သား စာအုပ်ပေါင်းများစွာကို ဖတ်ခဲ့ပါတယ် ။
စတဲ့ ဒီစာအုပ်တွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးပေမဲ့ အင်တာဗျူးအတွက် ပြန်ဖတ်တော့ သေသေချာချာ ဖတ်ရတာမို့ အချိန်က ကြာသွားတယ် ။ ကျွန်တော် အဆင်သင့်ဖြစ်တဲ့ မေလ ပထမပတ်မှာ ဆရာနဲ့ တွေ့ဆုံဖို့ ဖ - ဆ - ပ - လ ရပ်ကွက်က ဆရာ့ တိုက်ခန်းကို သွားတော့ ခေါင်းက အနာကြောင့် ဆရာ ‘ ဦးနှောက်နဲ့ အာရုံကြော ’ ဆေးရုံမှာ တင်ထားရပါသတဲ့ ။ ဆရာ့ကို ကျွန်တော်နဲ့ ပေဖူးလွှာ စာတည်းအဖွဲ့ဝင် ဦးအောင်မြင့်တို့ သွားတွေ့ကြတယ် ။ ဆေးရုံ ခုတင်ပေါ်မှာ ပြုံးပြုံးရယ်ရယ်ပဲ တွေ့ရပေမဲ့ အင်တာဗျူး လုပ်ပါရစေလို့ ပြောမထွက်တာကြောင့် ပြန်လာခဲ့ကြပါတယ် ။ တိုက်မှာ အကျိုးအကြောင်းကို စာတည်းချုပ်ဆီ အစီရင်ခံတော့ စာတည်းချုပ် ဦးမြလှိုင် ကိုယ်တိုင် ဆေးရုံကို လိုက်ကြည့်ပြီး အင်တာဗျူးပြောဖို့ တိုက်တွန်းပေးပါတယ် ။ ဆရာကလည်း လိုလိုလားလားပဲ ပြောပါ့မယ် ဆိုလို့ ဒီအင်တာဗျူးကို ဆေးရုံပေါ်မှာပဲ မေးဖြစ်ခဲ့ကြပါတယ် ။
••••• ••••• •••••
ကျွန်တော် စာပေလောကထဲ ဝင်ရောက်လာပုံ ပြောရမှာကတော့ ခပ်ဆန်းဆန်းပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ကိုရင် ဝတ်တာက လွဲလို့ ဘုန်းကြီးကျောင်းမှာ မနေခဲ့ဖူးဘူး ။ ပြီးတော့ မြန်မာအတန်းကျောင်းလည်း တစ်ခါမှ မနေခဲ့ဖူးဘူး ။ လုံးဝကို ဘယ်ကျောင်းမှ မနေခဲ့ဖူးဘူး ။ မွေးလာကတည်းက ခုထိပဲ ။ ဒါဖြင့် ကျောင်းမနေဖူးဘဲနဲ့ စာတွေ ဘယ်လိုလုပ် တတ်သလဲလို့ စရာရှိတယ် ။
ကျွန်တော့်အစ်ကိုက အင်္ဂလိပ် - မြန်မာ စာသင်တဲ့ ကျောင်းမှာ ကျောင်းဆရာ ။ အစ်ကိုက ပထမဦးဆုံး ကျွန်တော့်ကို အိမ်မှာ စာသင်တယ် ။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန် သင်လို့ မရဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်မှာ ကျွန်တော့်ကို သိပ်ချစ်တဲ့ အမေ ရှိတယ် ။ အမေ့ကို အမှီ ပြုပြီးတော့ အစ်ကို့ကို အမြဲ အနိုင်ကျင့်တာပဲ ။ ကျွန်တော်က အိမ်မှာ ဗိုလ်ပဲ ။ အိမ်မှာ စာသင်လို့မရတော့ အစ်ကိုက အမေ့ကို ပြောတယ် ။ “ အမေ ညီလေးကို ကျောင်းထားပါတော့ ၊ ဘယ်ကျောင်းပဲဖြစ်ဖြစ် ၊ သူ နေချင်တဲ့ ကျောင်းမှာ နေပါစေ ” ဆိုတော့ အမေက “ ဟဲ့ နင့်ညီက ကျောင်းထားလို့ ရမှာ မဟုတ်ဘူး ၊ သူက စိတ်ကလည်း ခပ်တိုတို ၊ တော်တော်ကြာ တခြားကျောင်းသားတွေနဲ့ ရန်ဖြစ်ရင်လည်း လဲဟယ် ကွဲဟယ် ဖြစ်မယ် ၊ ဆရာက ရိုက်မယ် ။ ဖြစ်မှာ မဟုတ်ပါဘူး ” တဲ့ ။ အစ်ကိုက မလျှော့ဘူး ။ “ ကျွန်တော်တို့တုန်းကလည်း ဒီလိုပဲ ထားတာ မဟုတ်လား ” ဆိုပေမဲ့ အမေက မရဘူး ၊ မထားဘူး ။ အစ်ကို အိမ်မှာတင် သင်ပေးတယ် ။
အိမ်မှာ သင်လို့လည်း မရပါဘူး ။ စာသင်တာနဲ့ တစ်ပြိုင်နက် ကျောက်သင်ပုန်းတို့ ၊ စာအုပ်တို့ပေါ်မှာ အရုပ် ဆွဲတော့တာပဲ ။ ပုံအမျိုးမျိုး ဆွဲတယ် ။ အိမ်ရှေ့က ဖြတ်သွားတဲ့ ခွေးပုံ ၊ ကျွဲပုံ အမျိုးစုံပေါ့ ။ လက်ရေးလှ အရေးခိုင်း ထားလည်း ပုံဆွဲတာပဲ ။ ဒါပေမဲ့ အစ်ကိုက အမေ့ ကြောက်တော့ ရိုက်လည်း မရိုက်ရဲဘူး ။ နောက်တော့ အစ်ကိုက လက်လျှော့လိုက်ရတယ် ။ စာမသင်ရတော့ဘူး ။ နောက်တော့ ဆယ်နှစ်သား ၊ ဆယ့်နှစ်နှစ်သား လောက်မှာ အမေက ကောင်းကောင်း နေမကောင်းတော့ ငါ့သားလေး သင်္ကန်းဆီးပေးချင်တယ်တဲ့ ။ သင်္ကန်းဆီးရင် ဒီလို မရဘူး ၊ ဘုန်းကြီးကျောင်း သွားမှ ။ ဘုန်းကြီးကျောင်း သွားဖို့ရာကလည်း သင်္ကန်းတောင်းက မရ ။
အမေကပါ လှူစရာနဲ့ ကျောင်းလိုက်ရတယ် ။ ကျောင်းမှာ ရှိတဲ့ ကိုရင်ကြီးတွေက သင်္ကန်းတောင်းကို အလွတ်ချပေးတယ် ။ ကျွန်တော်က အလွတ်လိုက်ဆိုရတယ် ။ တစ်ခုတော့ ရှိတယ် ။ ကျွန်တော် ကံကောင်းတာလား ၊ ဉာဏ်ကောင်းတာလား မပြောတတ်ဘူး ။ မှတ်ဉာဏ် ကောင်းပြီး အင်မတန် ရလွယ်တယ် ။ သင်္ကန်းတောင်း ရသွားပြီ ။ အဲဒီတုန်းက ကျွန်တော်တို့ ဆီမှာက ခုလို သင်္ကန်းဝတ်ရင် သုံးရက်လောက် ဝတ်လို့ မရဘူး ။ အနည်းဆုံး ခုနစ်ရက် ၊ ဆယ်ရက် ဝတ်ရတယ် ။ ကျွန်တော် ကျောင်းမှာ မနေမှာ စိုးလို့ တစ်နေ့လုံး အမေ ကျောင်းမှာ လာနေရတယ် ။ ညကျတော့ ချော့သိပ်ပြီးမှ ပြန်ရတယ် ။ အဲဒီတုန်းက ကျွန်တော့် အသက်က မငယ်တော့ဘူး ။ ဆယ့်နှစ်နှစ်လောက် ရှိပြီ ။
ဒီကြားထဲမှာ ဘာဖြစ်လာသလဲ ဆိုတော့ ကျွန်တော့် အစ်ကိုက ကျွန်တော့်အပေါ်မှာ စေတနာ ရှိတယ် ။ မင်းကို ဒီအတိုင်း ထားရင်တော့ ပျက်စီးတော့မှာပဲ ဆိုပြီး အမေ့ကွယ်ရာမှာ ခေါင်းကို လက်သီးနဲ့ ဘာနဲ့ ထိုးပြီး ဆုံးမတယ် ။ ကျွန်တော် ခံရတာပေါ့ ။ အဲဒါကို ကျွန်တော် က ငါ့အစ်ကို ငါ့ကို အနိုင်ကျင့်တယ် ၊ ဒါလောက်တောင် အနိုင်ကျင့်လှတာ ဒီအိမ်မှာ မနေဘူး ၊ ထွက်ပြေးမယ် ။ ဒီအိမ်မှာလည်း မနေနိုင်ဘူး ၊ ထမင်းလည်း မစားဘူး ၊ ထွက်ပြေးရင် ပြန်လည်း မလာဘူး ။ နောက်တစ်ခုက ထွက်ပြေးရင်လည်း အိမ်က ဘာမှ ယူမသွားဘူး ။ အဲဒီလို စိတ်ထဲမှာ ထားတယ် ။
အိမ်က ထွက်ပြေးရင်လည်း ထမင်းငတ်မယ် ၊ ဘာညာဆိုတာလည်း တွေးမိတော့ ထမင်းအငတ် ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ဆိုတာ ကျင့်မယ် ဆိုပြီးတော့ တစ်နေ့ကို ထမင်း တစ်လုတ် တစ်လုတ် လျှော့စားတယ် ။ ဟိုဟာလေး နှိုက်သလိုလို ၊ ဒီဟာလေး နှိုက်သလိုလိုနဲ့ အချိန်ဆွဲပြီး ထမင်းလျှော့စားတယ် ။ နောက်ဆုံးကျတော့ တစ်နေ့ကို ထမင်း သုံးလုတ်တည်းနဲ့ အကြာကြီး နေတယ် ။ လူကလည်း တဖြည်းဖြည်း ပိန်ပိန်လာတယ် ။ ဒီကောင်လေး ဘာကြောင့် ပိန်ပိန်လာသလဲ ဆိုပြီး ဆရာတွေ ဘာတွေနဲ့ ပြကြတယ် ။ ဆရာတွေကလည်း ဘာကြောင့် ပိန်မှန်း မသိဘူး ။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။ နောက်တစ်ခု ရှိသေးတယ် ။ ကျွန်တော်တို့ မိဘများက တောသူတောင်သားတွေပါ ။ ရှေးက တောသူတောင်သား တွေရဲ့ ထုံးစံက မိသားစု တန်းစီပြီး အိပ်ကြတာပဲ ။ အမေက ကျွန်တော့်ကို ချစ်လွန်းတော့ အဲဒီလို မသိပ်ဘူး ။ အိပ်ရာခင်းကလေးက သန့်သန့် ၊ ပိုးခြင်ထောင်ကလေးက သန့်သန့် အဲဒီလို သိပ်တယ် ။ ကျွန်တော်တို့ ဇာတိက မြစ်ဝကျွန်းပေါ် ဒေးဒရဲမြို့အပိုင် ၊ ရေပူဝ က ဆိုတော့ ခြင်က အလွန် ကိုက်တယ် ။ ဘာလုပ်ရသလဲ ဆိုတော့ ညကျရင် လူကြီးတွေ အိပ်ပြီ ဆိုရင် ခြင်ထောင်က အပြင်ဘက် အသာ ထွက်ပြီး စောင်မခြုံဘဲ ခြင်ကိုက်ခံရတယ် ။ မနက်ကျရင် အစောကြီး နိုးပြီး ခြင်ထောင်ထဲမှာ မသိမသာ ပြန်ဝင်နေရတာ ။
ဒါပေမဲ့လို့ ခြင်ဖုတွေက သိပ်သိသာတာကိုး ။ တစ်ကိုယ်လုံး နီပြီးတော့ အပေါက် အပေါက်ကလေးတွေ အများကြီးပဲ ။ ဒီကလေးက ခြင်တွေ ကိုက်လှချေလား ၊ ဒီကောင် ခြင်ထောင်ထဲမှာ ငြိမ်ငြိမ် မအိပ်လို့ နေလိမ့်မယ် ။ ဘာညာ ဆိုပြီး သူတို့ စောင့်စောင့်ဖမ်းတယ် ။ ဒါပေမဲ့ မမိဘူး ။ ဒီလို စောင့်ဖမ်းမယ် ဆိုတာလည်း သိတယ် ။ သိတော့ မမိဘူးပေါ့ ။
အဲဒီလို နေလာခဲ့တာ အားလုံး တစ်နှစ်ကျော်လည်း အိမ်က ထွက်မပြေးဖြစ်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ တကယ် ပြေးရမှာ ကြောက်တာကိုး ။ လူကတော့ ကျင့်နေတာပဲ ။ ဘယ်တော့မှ ထွက်ပြေးဖြစ်သလဲဆိုတော့ ရှင်ပြု အပြီးမှ ပြေးဖြစ်တယ် ။ အဲဒီအချိန်မှာ စာက ဘယ်လောက် တတ်ပြီလဲ ဆိုတော့ “ ကကြီးရေက ” ၊ “ ကကြီးယပင့်ကျ ” အဲဒီလောက်ပဲ ရှိသေးတယ် ။ လုံးလုံး စာမတတ်သေးဘူး ။
ဆိုကြပါစို့ဗျာ ၊ တိုတိုပြောရမယ်ဆိုရင် မြစ်ဝကျွန်းပေါ်မြို့တွေ တစ်မြို့ပြီး တစ်မြို့ ရောက်ပြီး ဒုက္ခ သုက္ခတွေ ဖြစ်နေတာပေါ့ ။ အစ်ကိုတို့က လိုက်မယ့်နေရာမျိုးကို မပြေးဘူး ၊ မလိုက်မယ့် နေရာမျိုးကို ပြေးတာ ။ အိမ်က ပိုက်ဆံတော့ ပါလာတယ် ။ ဘယ်လောက် ပါသလဲတော့ မမှတ်မိဘူး ။ ပြီးတော့ ခမည်းလက်စွပ် တစ်ကွင်း ပါတယ် ။ မြစ်ဝကျွန်းပေါ်မှာ တစ်မြို့ပြီး တစ်မြို့ ပြေးရင်း မော်လမြိုင်ကျွန်းမှာ ပါသမျှ ပိုက်ဆံ ကုန်တာပဲ ။ ကုန်တော့ အဲဒီ ခမည်းလက်စွပ်ကလေးကို သွားရောင်း တယ် ။ ချစ်တီးက ကျွန်တော့် ရှေ့မှာတင်ပဲ ကျောက်ကလေးကို ကော်ထုတ်လိုက်ပြီး ဒါ အလကားပဲ ၊ မင်း ယူသွားမလား ဆိုတော့ ဟင့်အင်း ... ငါ ဘာလုပ်ဖို့တုံး ဆိုတော့ သူက အပြင်ကို ပစ်ချလိုက်တယ် ။ ရွှေဖိုး ပေးတယ် ။
အဲဒီလို ရောင်းပြီး မော်လမြိုင်ကျွန်းကနေ မြောင်းမြ သွားဖို့ သင်္ဘောစီးမလို့ အလုပ်မှာ နောက်က လိုက်လာတဲ့ အစ်ကိုနဲ့ တွေ့လို့ သင်္ဘောပေါ်က ဆွဲချခံရတာပဲ ။ ဒီကောင် အိမ်က ထွက်ပြေးတဲ့ကောင် ၊ ဘာညာနဲ့ ပြောတာပေါ့ ။ တစ်ကိုယ်လုံး ကြည့်တော့ ပိုက်ဆံကလည်း ကုန်ပြီ ။ လက်စွပ်ကော ဆိုတော့ ချစ်တီးဆိုင်မှာ ရောင်းခဲ့တယ် ။ ကျောက်ကော ဆိုတော့ ကျောက်ကတော့ ကျွန်တော့် ရှေ့မှာတင် ဖြုတ်ပြီး လွှင့်ပစ်လိုက်တာပဲလို့ ပြောတယ် ။ အစ်ကိုက မယုံဘူး ၊ ပြစမ်း အဲဒီဆိုင် ဆိုလို့ လိုက်ပြတော့ အစ်ကိုက နင်တို့ ကလေးဆီက လက်စွပ်ဝယ်ထားတာ ရွှေဖိုးကို ငါ အလကား ပြန်ပေးမယ် ။ ကျောက်ကို ပြန်ပေးပါလို့ တောင်းတယ် ။ မရဘူး ၊ ဆုံးသွားတယ် ။
အဲဒီမှာ ဆိုင်နဲ့ စကားများလို့ အစ်ကို အမှုဖြစ်သေးတယ် ။ သူတို့က ရွှေဆိုင်ကို တက်ပြီး လုပါတယ်လို့ တိုင်တာ ။ တကယ် စုံစမ်းလိုက်တော့ ညီ ထွက်ပြေးလို့ ၊ လက်စွပ်ရောင်းတာ ကျောက်ပြန်တောင်းလို့ စကားများတာ ဆိုတာ သိသွားတယ် ။ ပြီးတော့ သူကလည်း တရားဝင် ကျောင်းဆရာကိုး ။ ကျောင်းက ခွင့်ယူပြီး ညီကို လိုက်ရှာတာကိုး ။ အဲဒါနဲ့ အစ်ကိုက လုတယ် ဆိုတာတော့ မဖြစ်တော့ဘူး ။ ကျောက်ကတော့ ဆုံးခဲ့တယ် ။ ထွက်ပြေးတာ မအောင်မြင်ဘူးပေါ့ ။
အိမ်ကျတော့ ခမည်းလက်စွပ်တစ်ကွင်း ထပ်လုပ်ပေးပြန်တယ် ။ ဒီတစ်ခါ လုပ်ပေးတော့ ကျွန်တော့်ကို ခေါ်ပြတယ် ။ ဟိုရှေးတုန်းက ရေမွှေးပုလင်းတွေ ရောင်းတာက သစ်သားဘူးလေးတွေထဲ ထည့်ရောင်းတာ ။ အဲဒီ သစ်သားဘူးကလေးကို ဖွင့်လိုက်တဲ့အခါကျတော့ ဂွမ်းကလေး တွေ့ရတယ် ။ ဂွမ်းကလေးကို လက်နဲ့ ကာလိုက်တော့ ပန်းဆီ ဆိုးထားသလို နီနေတယ် ။ အဲဒါ ကျောက် ကြောင့်တဲ့ ။ အဲဒါ မင်း ဖြုန်းပစ်လိုက်တဲ့ ကျောက် ၊ ဟို ချစ်တီးတွေ လိမ်ယူလိုက်တဲ့ ကျောက်မျိုးတဲ့ ။ ဂွမ်းကလေး ဖယ်လိုက်တော့ နီရဲနေတဲ့ ကျောက်ကလေးတစ်လုံး တွေ့ရတယ် ။
ကျွန်တော် မဝတ်ဘူးလို့ ငြင်းပါသေးတယ် ။ မရဘူး ။ ဆိုကြပါစို့ဗျာ ။ နောက်တစ်ခါ ထွက်ပြေးတော့လည်း ဒီလက်စွပ်ကို ရောင်းခဲ့တယ် ။ ဒီတစ်ခါ ထွက်ပြေးတာ အောင်မြင်သွားတယ် ။ ရှာလို့ မတွေ့တော့ဘူး ။ ဘယ်တွေ့မလဲ ။ ရန်ကုန်ရောက်လာတာကိုး ။ ဒီတစ်ခါ တစ်ယောက်တည်း မဟုတ်ဘူး ။ အဖော်ပါတယ် ။ အဖော် သူငယ်ချင်းနဲ့ သင်္ဘောပေါ်ကနေ လှမ်းကြည့်လိုက်တော့ ကမ်းနားမှာ ဂိုဒေါင်ကြီးတွေ မြင်ရတာကိုး ။ ဒါတွေကို ရုပ်ရှင်ရုံကြီးတွေ အောက်မေ့ပြီး တို့တော့ ပွတာပဲ ။ ဒီရုပ်ရှင်ရုံတွေမှာ နေ့တိုင်း ကြည့်မယ် ။ အဲဒီ ရုပ်ရှင်ရုံတွေမှာပဲ ဖြစ်သလို အလုပ်လုပ်စားမယ်လို့ တိုင်ပင်ကြတယ် ။
အဲဒီလို ကျွန်တော်တို့ နှစ်ယောက် ပြောနေကြတာကို ကျွန်တော်တို့ နောက်နားမှာ ရပ်ပြီး ကမ်းနားကို ကြည့်နေတဲ့ ကျွန်တော်တို့ထက် ကြီးတဲ့ လူတစ်ယောက်က ပြောတယ် ။ “ မဟုတ်ဘူး ညီလေးတို့ ၊ အဲဒါ ရုပ်ရှင်ရုံတွေ မဟုတ်ဘူး ၊ ဂိုဒေါင်တွေ ” ။ “ ဂိုဒေါင် ဆိုတာ ဘာလဲ ” ၊ “ ဂိုဒေါင် ဆိုတာ ပစ္စည်းတွေ ထားတာ ” တဲ့ ။ “ နေပါဦး ၊ ညီလေးတို့က ဘယ်ကလဲ ဘာလဲ မေးတော့ အိမ်က ထွက်ပြေးလာကြမှန်း သိသွားတယ် ။ မင်းတို့ တည်းစရာ မရှိရင် တို့အိမ် လိုက်တည်းလို့ ခေါ်တာနဲ့ သူတည်းတဲ့ နေရာ လိုက်တည်း ဖြစ်သွားတယ် ။ ထမင်းစားရင် အပြင်မှာ စားရတာပေါ့ ။ သူ့အိမ်က လမ်းမတော် တရုတ်တန်းထဲမှာ ။
အဲဒီလူက ကျွန်တော်တို့နဲ့ အတူတူ ရက် ၂ဝ လောက်ပဲ နေတယ် ။ ဒီအတောအတွင်းမှာ မင်းတို့ နေရာလေး ဘာလေးရှာ ၊ ငါ ရှိနေရင် မင်းတို့ တည်းလို့ ရတယ် ။ ငါ မရှိရင်တော့ မင်းတို့ကို လက်ခံမှာ မဟုတ်ဘူး ၊ ပုလိပ်တွေ လက်ထဲရောက် ၊ ဘာရောက် ဖြစ်ကုန်လိမ့်မယ် ။ အဲဒီတော့ နေရာရှာကြလို့ ပြောတယ် ။ ကျွန်တော်တို့က မနက်စာရော ညစာပါ သူ့ကို ကျွေးရတယ် ။ မနက်စာ စားကြပြီး လမ်းခွဲ ၊ ညကျတော့ ကျွန်တော်တို့ ပြန်လာတဲ့ အထိ စောင့်ပြီး သူနဲ့ ညစာစားကြတယ် ။
ပြဿနာက ဘာတက်လာသလဲ ဆိုတော့ လမ်း မမှတ်မိတာဘဲ ။ သူငယ်ချင်းကတော့ စာတတ်တယ် ။ ဟိုတုန်းက လမ်းနာမည်တွေကို သံပြားပေါ်မှာ ကြွေ အောက်ခံ အပြာနဲ့ အဖြူ စာလုံးအပေါ်က အင်္ဂလိပ် လို ၊ အောက်က မြန်မာလို ရေးထားတယ် ။ ဒီကောင် ရှိတုန်းကတော့ ဒီကောင် ဖတ်ပြတာကို မှတ်ထားတယ် ။ ဘယ်လမ်းက ဘယ်လမ်းကို သွားရင် ဘယ်ကို ရောက်တယ် ။ ဘယ်ကားစီးရင် ဘယ်ကို ရောက်တယ်ဆိုတာ သွားတဲ့ လမ်းအတိုင်း ကားလျှောက်စီးပြီး နေရာတွေ ဘာတွေ မှတ်ထားတယ် ။
ဒါပေမဲ့လို့ သူငယ်ချင်းကလည်း ကျွန်တော်နဲ့ သိပ်ကြာရှည် မနေနိုင်လို့ ပြန်ပြေးတော့ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်တယ် ။ နေစရာကလည်း မရှိတော့ဘူး ။ အခု ကမ်းနားလမ်းရဲ့ ဟိုဘက်နားမှာ ကျောက်မီးသွေးပုံကြီးတွေ ရှိတယ် ။ အဲဒီမှာ ညဘက်ကျတော့ ကုလားလေးတွေ ၊ တရုတ်ကလေးတွေ ၊ ဗမာလေးတွေ အိပ်ကြတယ် ။ ကျွန်တော် အဲဒီ ကောင်လေးတွေနဲ့ တွေ့ပြီး အဲဒီမှာ လိုက်အိပ်တယ် ။
အဲဒီ ကလေးတွေနဲ့ ပေနေရင်းနဲ့ လမ်းတွေ မှတ်မိအောင် စာသင်ချင်လာတယ် ။ အဲဒီတော့ သိမ်ကြီးဈေးအောက်က “ ကေနာဂူမီရာ အင်ဆန်း ” စာအုပ်ဆိုင်က ဆင်တံဆိပ် သင်ပုန်းကြီးစာအုပ် တစ်အုပ်ကို နှစ်ပြားနဲ့ ဝယ်ပြီး သူငယ်ချင်းတွေက သင်ပေးတယ် ။ တေဖက် သူငယ်ချင်းတွေပေါ့ ။ ဒီသူငယ်ချင်းတွေက တစ်ယောက်က ရန်ဖြစ်ပြရင် ကျန်တဲ့ လူတွေက တစ်ဖက်က ဝင်လု ။ ပြီးတော့မှ စုပြီးတော့ စား ။ လုယက် ၊ လစ်ရင် လစ်သလို ဆွဲ ။ အဲဒါကို ရောင်းပေးတဲ့ ကောင်တွေက ရောင်းပေး ။ အဲဒီလို တေနေတဲ့ သူငယ်ချင်းတွေပေါ့ ။
အဲဒီလို နေရင်းနဲ့ ကျွန်တော်က စာဖတ်တတ်အောင် ဘာလုပ်သလဲဆိုတော့ အဲဒီ သိမ်ကြီးဈေး စာအုပ်ဆိုင်ကပဲ ပြဇာတ်စာအုပ်တွေ ဝယ်ဖတ်တယ် ။ ‘ ထိလပ်ပိုးဥ ’ ပြဇာတ်တို့ ၊ ‘ မောင်ရင်မောင် မမယ်မ ’ တို့ အဲဒီလို ပြဇာတ် စာအုပ်တွေက တစ်အုပ်မှ တစ်ပဲပဲ ပေးရတယ် ။ အထူးသဖြင့် ကျွန်တော် မှတ်မိတာက ဘီလူးကျွန်းမြမြ ဆိုတာ ရေးတဲ့ စာအုပ်က နည်းနည်း ခေတ်မီတယ် ။ တခြားစာအုပ်က အားလုံး အဆိုတွေ ၊ အငိုတွေ ၊ သီချင်းတွေချည်းပဲ ။ ပြဇာတ် စာအုပ်တွေကို စာလုံးပေါင်း ဖတ်ရင်းနဲ့ တော်တော် ဖတ်တတ်လာတယ် ။ သင်ပုန်းကြီးထဲက စာကတော့ ကကြီးရေ ကသတ် ကက် အထိပဲ ရောက်တယ် ။ ကကြီးလုံးကြီးတင် တသတ် ကိတ် တောင် မကွဲတကွဲဘဲ ။
စာဖတ်တတ်လာတော့ ဘာဖြစ်လာသလဲ ဆိုတော့ ဒီပြဇာတ် ဝတ္ထုစာအုပ်တွေ မဖတ်ရရင် မနေနိုင်တော့ဘူး ။ ဒါ့အပြင် ငါ ဒီကောင်လေးတွေနဲ့ အတူတူ မနေတော့ဘူး ။ ပြီးတော့ သူတို့နဲ့ နေရတဲ့ ဘဝကလည်း တစ်ယောက်ပေါ် တစ်ယောက် အမြဲ အနိုင်ကျင့်နေရတာ ။ အနိုင်ကျင့်နိုင်တဲ့ သူက ဗိုလ်ပဲ ။ သူများကိုလည်း အနိုင် မကျင့်ချင်ဘူး ။ ကိုယ့်ကိုလည်း အနိုင်ကျင့် မခံချင်ဘူး ။ ပြီးတော့ ခဏခဏလည်း အဖမ်းခံရတယ် ။ အခု သိမ်ကြီးဈေးထောင့်နားက လူငယ်ဂေဟာကို ခဏခဏ ရောက် တယ် ။ ရောက်ပေမဲ့လို့ လူငယ်ဂေဟာကလည်း ဒီအတိုင်း မရောက်ဘူး ။ အဲဒီလူငယ်ဂေဟာ ရောက်သွားတဲ့ ကလေးတွေဆီက ပါလာတဲ့ ပစ္စည်းတွေကို ယူပြီးတော့ မင်း နောက်ကို ဘယ်နေရာ ၊ ဘယ်နေရာ မလာခဲ့နဲ့ ဆိုပြီး လွှတ်လိုက်တာပဲ ။ အမှန်ကတော့ လူငယ်ဂေဟာ ဆိုတာ ထောင်ပါပဲ ။ သို့ပေမဲ့ မိဘတွေ ကိုယ်တိုင်က လိုက်ပို့မှ လက်ခံတာ ။
အဲဒါနဲ့ ငါတော့ ဒီမှာ နေလို့ မဖြစ်ဘူး ဆိုပြီး နေရာအသစ်ရှာတော့ ရွှေတိဂုံဘုရားပေါ် ရောက်သွားတယ် ။ အဲဒီတုန်းက အလယ်ပစ္စယာမှာ ဇရပ်လေးတွေ အပြည့်ရှိတယ် ။ အားတဲ့ ဇရပ် ဘယ်နေရာမှာ ဝင်အိပ်အိပ် ရတယ် ။ အဲဒီလို ညဘက် ဘုရားမှာ အိပ် ။ နေ့ခင်း အပြင်မှာ ဆိုးတေ ရှာစားရင်းနဲ့ သူငယ်ချင်း တစ်ယောက် သွားတွေ့တယ် ။ အဲဒီ သူငယ်ချင်းက တခြားလူ မဟုတ်ဘူး ။ ဆရာဖောင်ရဲ့သား ထွန်းခင် တဲ့ ။ သူ့ညီက အခု ဆရာမောက် လို့ နာမည်ကြီးနေတဲ့ ငမောက် ။ ငမောက် က ကျွန်တော်နဲ့ အသက်ချင်း အတူတူပဲ ။ ထွန်းခင် က နှစ်နှစ်လောက် ကြီးတယ် ။
ထွန်းခင်က ဘာကြောင့် ကျွန်တော့်ကို အပေါင်းအသင်း လုပ်ရသလဲဆိုတော့ ကျွန်တော်က ရိုးတယ် ။ မဟုတ် မခံဘူး ။ လူက မိုက်ကန်းကန်း ။ နောက်တော့ သူတို့ ဆီမှာပဲ အိပ်တယ် ။ သူ့အဖေ ဆရာဖောင် တွက်ချက်ပေးတဲ့ အတိုင်း ထွန်းခင်က ဇာတာဖွဲ့ရတယ် ။ ဟောစာတမ်းတွေ ဘာတွေလည်း ရေးရတယ် ။ သူတို့ ရေးတဲ့ ဟောစာတမ်းတွေ ဖတ်ကြည့်ပြီး ကျွန်တော်က ပြင်တယ် ။ ကျွန်တော်က ဝတ္ထုဖတ်နေတဲ့ကောင် ဆိုတော့ ဒါကို ဒီလိုရေးရင် ကောင်းမယ်ကွာ ဘာညာနဲ့ ပြင်တာပေါ့ ။ ဒီတော့ သူတို့က ကျွန်တော့်ကို မင်း ဟောစာတမ်း ရေးကွာတဲ့ ။ သူငယ်ချင်းကို ကူပြီးတော့ ဟောစာတမ်း အလကား ရေးပေးတယ် ။
တစ်ဖက်ကလည်း ဝတ္ထုက မဖတ်ရ မနေနိုင်ဘူး ။ အဲဒီတုန်းက ပြည်ကြီးမင်္ဂလာ ရွှေလိပ်ပြာ ရှိတယ် ။ ပြီးတော့ သူရိယမဂ္ဂဇင်း ရှိတယ် ။ ဘီလူးကျွန်းမြမြ ကုမ္ပဏီက ထုတ်တဲ့ စာအုပ်တွေ ရှိတယ် ။ ဒဂုန်မဂ္ဂဇင်း ရှိတယ် ။ ဗန္ဓုလဂျာနယ် ၊ ဒီးဒုတ်ဂျာနယ် ရှိတယ် ။ ကဝိမျက်မှန် မဂ္ဂဇင်း ကတော့ မပေါ်သေးဘူးလား မသိဘူး ။ မမှတ်မိတော့ဘူး ။ အဲဒီအချိန်မှာ စာဖတ်ချင်တိုင်း ဖတ်လို့ ရတဲ့ နေရာ ရှိတယ်လို့ သတင်းကြားရတယ် ။ ဘယ်မှာလဲဆိုတော့ အခု ကျွန်တော် တက်နေတဲ့ ‘ ဦးနှောက်နဲ့ အာရုံကြော ’ ဆေးရုံ နေရာမှာ အစိုးရအထက်တန်းကျောင်း Govemment High School ရှိတယ် ။ ကျောင်းထောင့်မှာ ဘား နာ့ဒ်ပိဋကတ်တိုက် ရှိတယ် ။
အဲဒီ ဘားနာ့ဒ်ပိဋကတ်တိုက်မှာ အမြဲတမ်း စောင့်ပြီး စာအုပ်တွေ ငှားပေးတဲ့ စာရေးမကြီး တစ်ယောက်ရှိတယ် ။ ကျွန်တော်တို့က မမနှင်း လို့ ခေါ်တယ် ။ မမနှင်း က ကျွန်တော်တို့နဲ့ ကွဲသွားလို့ တော်တော် အသက် ကြီးသွားတဲ့ အထိ အပျိုကြီးပဲ ။ ပထမတော့ သူက ကျွန်တော်တို့ ပုံစံကြည့်ပြီး စာအုပ် မငှားဘူး ။ ထိုင်ဖတ်လို့ပဲ ရတယ် ။ မဂ္ဂဇင်းတွေ ဘာတွေကလဲ ဝယ်မဖတ်နိုင်တော့ အဲဒီ ပိဋကတ်တိုက်မှာပဲ ထိုင်ဖတ်ရတယ် ။
တော်တော် တိုက်ဆိုင်တာတစ်ခု ရှိတယ် ။ အခု ကျွန်တော် လာတက်နေရတဲ့ ဆေးရုံနေရာက Govemment High School နေရာ ။ ကျွန်တော့်ကို စာမဖတ်ရ မနေနိုင်အောင် လုပ်ပေးလိုက်တာက ဘားနာ့ဒ်ပိဋကတ်တိုက် ။ အဲဒါတင် မဟုတ်သေးဘူး ။ ဘားနာ့ဒ် ပိဋကတ်တိုက်နဲ့ မလှမ်းမကမ်း နေရာမှာ Drawing လေ့ကျင့်ပေးတဲ့ ကျောင်းတစ်ကျောင်း ရှိတယ် ။ စနေ ၊ တနင်္ဂနွေနေ့တိုင်း လေ့ကျင့်ပေးတယ် ။ အဲဒီကျောင်းက ဘယ်လောက် ပေးရသလဲဆိုတော့ တစ်လကို တစ်ကျပ် ပေးရတယ် ။
ကျွန်တော်က အရုပ်ရေးတဲ့ ကောင်ကိုး ။ မမနှင်း နဲ့ ကျွန်တော်ကလည်း သိပ်ခင်နေပြီ ။ ခင်တာက တခြားကြောင့် မဟုတ်ဘူး ။ ဒီကောင်လေးက သိပ်စာဖတ်တဲ့ ကောင်လေး ဆိုတာ သိပ်ယုံသွားတာကိုး ။ နောက်တော့ မမနှင်း က ဝတ္ထုတွေ ဘာတွေပါ ပေးတယ် ။ ဒါနဲ့ မမနှင်း ကို ကျွန်တော် ပန်းချီသင်ချင်တဲ့အကြောင်း ပြောပြတယ် ။ မမနှင်း က မင်း အသင်းဝင်ပါလား ။ တစ်လ တစ်ကျပ်ပဲ ပေးရတယ် ။ ကျွန်တော် ပေးပါ့မယ် ၊ အပ်ပေးပါ ဆိုပြီး ဝင်ဖြစ်သွားတယ် ။
အဲဒီအချိန်မှာ ကျွန်တော့်သူငယ်ချင်း ထွန်းခင် က ရှာပေးလို့ ဗေဒင်ဟောစာတမ်း အပ်တဲ့ ဖောက်သည်တွေ ရနေပြီ ။ သူတို့က ဗေဒင် တွက်ပေးတာကို ကျွန်တော်က ဖွဲ့နွဲ့ပြီး ဖူးစကက်စာရွက် သုံးရွက်လောက် ရအောင် ရေးပေးရတယ် ။ အဲဒီတုန်းက ဟောစာတမ်း တစ်စောင်ကို သုံးကျပ် ယူကြတယ် ။ အဲဒီ သုံးကျပ်ထဲက ကျွန်တော်က ငါးမူး ရတယ် ။ ဆူးလေဘုရားပေါ်က ‘ ဗေဒကဝိန် ဆရာစိန် ’ တို့ ၊ ဘာတို့ကို ရေးပေးရတယ် ။ နောက် သူ့ကို အကြောင်း ပြုပြီးတော့ တခြား ဆရာတွေနဲ့ပါ အဆက်အသွယ် ရသွားတယ် ။ ကျွန်တော့်ကို ဘာကြောင့် ရေးခိုင်းတာလဲ ဆိုတော့ ဝတ္ထုဖတ်နေတဲ့ ကောင်ဆိုတော့ အဖွဲ့အနွဲ့ ကောင်းတာကိုး ။ အဲဒီလိုနဲ့ ဝင်ငွေလေး မတောက်တခေါက် ရနေပြီ ။
Drawing ကျောင်းတက်ဖြစ်တော့ ဘယ်သူတွေနဲ့ တွေ့သလဲ ဆိုတော့ ကာတွန်းဦးဘဂျမ်း က အဲဒီ အသင်းရဲ့ အမြဲတမ်းအတွင်းရေးမှူး ။ သူ့ဆီ သွားသင်တော့ Drawing သင်ပေးတယ် ။ ဒီဇိုင်း ဘယ်လို ရေးရမယ် ၊ မျဉ်း ဘယ်လို ဆွဲရမယ် ဆိုတာတွေ သင်ပေးတယ် ။ စည်းနဲ့ ကမ်းနဲ့ ဆိုရင် ကျွန်တော် ဘာမှ လုပ်လို့ မရဘူး ။ ဖြစ်ကတတ်ဆန်းပဲ ။ နောက်တော့ ဘာသင်ပေး သလဲဆိုတော့ အထူးသင်တန်း သုံးလမှာ အထည် ဒီဇိုင်းရေးနည်း သင်ပေးတယ် ။ ဒီနည်းက ထူးဆန်းတာက အပေါ်က ဆက်ဆက် ၊ အောက်က ဆက်ဆက် ၊ ဘေးက ဆက်ဆက် တစ်ဆက် တည်း ဖြစ်ရမယ် ။ ပုံလှရမယ် ။ နာမည် လှရမယ် ။ အဲဒါ အထည်ဒီဇိုင်းပဲ ။
ဒါကို ကျွန်တော် စိတ်ဝင်စားတယ် ။ သင်ပေးတဲ့ ဆရာက သုံးယောက် ။ သူတို့က ပြောတယ် ။ မင်းတို့ ဒီ အထည်ဒီဇိုင်းကို ပေါ့ပေါ့ မထင်နဲ့ ။ မင်းတို့ ရေးပြီး ကုလားအထည်ဆိုင်တွေမှာ သွားရောင်း ၊ သူတို့ ကြိုက်ရင် ဝယ်လိမ့်မယ်တဲ့ ။ ဒါဆို ကျွန်တော့်အတွက် အလုပ်ဖြစ်ပြီ ။ ဘာမှ ပြောမနေနဲ့ တစ်နေ့တစ်နေ့ အထည်ဒီဇိုင်းတွေ ထိုင် ရေးတော့တာပဲ ။ ပထမ outline တွေ ရေးတယ် ။ ပြီးတော့မှ အရောင်သွင်းပြရတယ် ။ အရောင်က အမျိုးမျိုး သွင်းပြရတယ် ။ ဥပမာ - အရွက်က အစိမ်းရင့်နဲ့ အပွင့်က အဝါနု ။ နောက် ဒီ ဒီဇိုင်းကိုပဲ အရွက်က အစိမ်းရင့်နဲ့ အပွင့်က အနီ ၊ ခရမ်းရောင် လုပ်ပြရတယ် ။ ပြီးတော့ နာမည်လှလှ ပေးရတယ် ။ ခေတ်စားတဲ့ ရုပ်ရှင်နာမည် ကမန်းကတန်း တပ်ပြီး သွားပြရတာပေါ့ ။ သွားပြရင် ဟဲ့ ကောင်လေးတွေ ဘာလဲ ၊ ငါ အထည်ဒီဇိုင်း ပါတယ် ။ အေး ... ခဏနေဦး ဆိုပြီး သူတို့ကိစ္စ ပြီးတာနဲ့ ယူကြည့်တာပဲ ။ ဒီဇိုင်းကြိုက် တယ် ။ နာမည်လည်း ကြိုက်တယ်ဆိုရင် ဝယ်လိုက်တာပဲ ။ အထည် ဒီဇိုင်းတစ်ခုကို ကျွန်တော်တို့က ငါးကျပ်ရတယ် ။ အပြင်က ဒီဇိုင်းရေးဆရာ တစ်ယောက်ကို သွားခိုင်းရင် အထည်ဒီဇိုင်းတစ်ခုကို ငါးဆယ် ပေးရတယ် ။ ကျွန်တော်တို့က အားနေတဲ့ ကောင်တွေ ဆိုတော့ အမြဲတမ်း မတူအောင် ရေးပြီး လည်ရောင်းတော့တာပေါ့ ။ စွံတဲ့နေ့တွေ ဆိုရင် လေး ငါးခုလောက်ကို စွံတယ် ။ မစွံတဲ့နေ့လည်း ရှိတာပေါ့ ။ ဒါပေမဲ့ စွံတာက များပါတယ် ။
ပထမဦးဆုံး ကျွန်တော် ပိုက်ဆံရတာက ဗေဒင် ဟောစာတမ်းက ရတာ ။ ဒါက မဖြစ်စလောက်ပါ ။ ဒုတိယ ပိုက်ဆံရတာက အထည်ဒီဇိုင်းက ရတယ် ။ ဒီ အခြေအနေ ရောက်တော့ ကျွန်တော်က အိမ်ငှားနေပြီး သူငယ်ချင်းတွေကိုလည်း အိမ်မှာ ခေါ်ထားတယ် ။ အဲဒီမှာ တောက ဒေါ်လေးရဲ့ယောက်ျား လက်သမားဆရာ ရန်ကုန် ရောက်လာပြီး ကျွန်တော်နဲ့ တွေ့သွားတယ် ။ ဟဲ့ကောင်လေး ... ဘယ်မှာ နေသလဲ ။ ကျွန်တော် ဒီလို ဒီလို နေပါတယ် ဆိုတော့ သူက အတင်းခေါ်တယ် ။ ကျွန်တော်က လိုက်မနေပါဘူး ။ ဦးလေးက မင်း ဘာလုပ်နေသလဲ ဆို တော့ ကျွန်တော် လုပ်ကိုင်နေတာတွေ ပြောပြတယ် ။ သူက အဲဒီလို မလုပ်နဲ့ ၊ သူ့ဆီမှာ လက်သမား လုပ်လှည့် ဆိုတော့ ကျွန်တော် သွားလုပ်တယ် ။
အလုပ် မရှိတဲ့နေ့ ဆိုရင်တော့ အိမ်မှာပဲ နေတယ် ။ စာရေး ၊ ပန်းချီရေးပေါ့ ။ အဲဒီလို နေရင်းက ဘာတွေ လုပ်လာသလဲဆိုတော့ မဂ္ဂဇင်းတွေ ၊ ဝတ္ထုတွေ ဖတ်ပြီး ဆောင်းပါးတွေ ၊ ဝတ္ထုတွေ ရေးတယ် ။ ရေးပြီးရင် လစဉ်ထုတ် မဂ္ဂဇင်းတိုက်တွေကို လည်ပို့တယ် ။ ဟိုရှေးတုန်းက မဂ္ဂဇင်းတိုက်တွေမှာ အယ်ဒီတာတွေ ဆိုတာက ခုလို လွယ်လွယ်ကူကူ ဝင်တွေ့လို့ရတာ မဟုတ်ဘူး ။ အယ်ဒီတာနဲ့ တွေ့ရတာ ခု ဝန်ကြီးတစ်ယောက်နဲ့ တွေ့ရတာနဲ့ အတူတူ ပဲ ။ ဘာမှ မထူးဘူး ။ အပေါက်ဝမှာ Peon တွေ ဘာတွေ ရှိတယ် ။ သူက တစ်ဆင့် စာရေးပြီး ကျွန်တော် ဘယ်သူပါ ၊ ဘာအတွက် တွေ့ချင်လို့ပါ ဆိုတာ ပြောရတယ် ။ ဟိုက လွှတ်လိုက် ဆိုတော့မှ ဝင်တွေ့ရတာ ။
ဒီလ စာမူ ပေးပြီး နောက်လ ဂျာနယ်ထွက်လာလို့ ကျွန်တော့်စာမူ ပါမလာရင် စာမူတွေ ပြန်တောင်း ၊ အသစ် ရေးပြီး ပြန်ပို့ ။ အဲဒီလို လစဉ် မဂ္ဂဇင်းတွေရော ၊ ဂျာနယ်တွေရော လစဉ် မှန်မှန် စာမူပို့တာ သုံးနှစ် ကြာခဲ့တယ် ။ ဘယ်ထဲမှ မပါဘဲ နေရင်းက ဘာဖြစ်လာသလဲ ဆိုတော့ လူက အကျိုး ပေးချင်လာတော့ တစ်ခါတည်း ဖြစ်လာတယ် ။ ကျွန်တော့် ဒေါ်လေး ယောက်ျား အိမ်ဆောက်ဖို့ လက်ခံထားတဲ့ အိမ်ဘေးက အိမ်က စက်ချုပ်တယ် ။ သူက စက်ချုပ်ရင်း လွန်းကလေး ပျက်သွားတယ် ။ အဲဒီတုန်းက ပုဇွန်တောင် ပေတောကုန်းမှာ ‘ ဆင်းကား ’ စက်ကုမ္ပဏီက ကိုယ်စားလှယ်ဆိုင် ရှိတယ် ။ အဲဒီကို မင်း သွားဝယ်စမ်းလို့ ခိုင်းတယ် ။
အဲဒီတုန်းက ကျွန်တော်က လူပျိုပေါက်အရွယ် ။ ဆင်းကားဆိုင်မှာ စက်ချုပ်တဲ့ မိန်းကလေးတွေက စက်ငှား ရတယ် ။ တစ်လ သုံးဆယ် ပေးရတယ် ။ ပြီးတော့ အဲဒီမှာ ပန်းရေးပေးတဲ့ Designer ရှိတယ် ။ ကျွန်တော် လွန်းသွားဝယ်တော့ ကပြားမတစ်ယောက်က ပန်းရေးပေးပြီး မိန်း ကလေးတွေက စက်နဲ့ ပန်းထိုး နေကြတယ် ။ ပန်းရေးနေတဲ့ မိန်းမက တုန်ချည့်တုန်ချည့်နဲ့ ဆိုတော့ ကျွန်တော်က “ ဟင်း ... ဖြစ်ပျက်နေလိုက်တာ ၊ ဒီပုံနဲ့များ ပန်းရေးနေတယ် ” ဘာညာနဲ့ပေါ့ဗျာ ။ ခုခေတ် လမ်းသရဲကလေးတွေလို ပြောတာပေါ့ ။ လူကလည်း လူကောင်းမှ မဟုတ်ဘဲကိုး ။
အဲဒီတော့ ဆင်းကားက ဘိုမ ဆရာမကြီးက ဟေ့ကောင် ဘာပြောတာလဲလို့ မေးတယ် ။ ကျွန်တော်က ပန်းရေးတဲ့ ဆရာမ တုန်ချည့်တုန်ချည့် ဖြစ်နေလို့ ပြောတာပါလို့ ဆိုတော့ “ အမယ် ... မင်းက ရေးတတ်လို့လား ” တဲ့ ။ “ ရေးတတ်တာပေါ့ ၊ ဘယ်လောက် ခက်တာမှတ်လို့ ၊ အလကားဟာများ ” လို့ ဆိုတော့ “ မင်း တကယ်လား ” ဆိုပြီး ကပြားမလေး လက်ထဲက ရေးလက်စကို ဆက်ရေးခိုင်းတယ် ။ ကျွန်တော် ယူပြီး ရေးချလိုက်တာ တစ်ခါတည်း ခဏလေးနဲ့ ပြီးသွားတယ် ။ မိန်းမကြီးက ကြည့်ပြီး “ မင်း အခု ဘယ်မှာ အလုပ်လုပ်သလဲ ” တဲ့ ။ “ ကျွန်တော် ဘယ်မှာမှ အလုပ် မလုပ်ပါဘူး ။ ဦးလေးတွေဆီမှာပဲ နေပါတယ် ” လို့ ။ “ မင်း ဒီအလုပ် လုပ်မစားဘူးလား ” တဲ့ ။ “ ကျွန်တော် လုပ်မစားပါဘူး ၊ ဘာလို့ လုပ်စားရမှာလဲလို့ ” ။ “ ဒီမှာ ဆရာမလေးကို သူ့အဖေ အမေတွေက နိုင်ငံခြားကနေ မှာနေတာ လူစား ရှာမရသေးလို့ မလွှတ်ရသေးဘူး ။ မင်း ဒီမှာ အလုပ် လုပ်မလား ။ လုပ်ရင် သုံးဆယ်ပေးမယ် ” တဲ့ ။
အဲဒီအချိန်မှာ စာတွေက တော်တော် ဖတ်နေပြီ ဆိုတော့ “ ကျွန်တော် သူများ လက်အောက်မှာ ကျွန်လုပ်ရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး ။ သူ့ကျွန် လုပ်စားတဲ့သူ မဟုတ်ဘူး ” ဆိုပြီး ရန်တွေ ဘာတွေ ဖြစ်ပြီးတော့ ထွက်လာခဲ့တယ် ။ အပြင်ရောက်တော့ ကောင်မလေးတစ်ယောက် နောက်က လိုက်လာတယ် ။ “ အစ်ကို အစ်ကို ခဏနေပါဦး ၊ ဆရာမကြီးက မေးခိုင်းလို့ ၊ အစ်ကို ဘယ်မှာ နေတယ်ဆိုတာ လိပ်စာ ပေးခဲ့ပါဦး ” တဲ့ ။ “ ဘာလဲ ၊ လာတိုင်မလို့လား ၊ တိုင်ချင်တိုင်လှည့် ” ဆိုပြီး ဦးလေးတွေရဲ့ လိပ်စာ ပေးခဲ့တယ် ။
အမှတ်တမဲ့ပဲ ကိုယ့်ဟာကိုယ် နေလိုက်တာ နောက် ငါးရက်လောက် ကြာတော့ ကျွန်တော်တို့ အိမ်ဆောက်နေတဲ့ နေရာကို ကားနဲ့ ပေါက်ချလာတယ် ။ ကျွန်တော်က ကိုယ့်ဟာကိုယ် နာမည် အမျိုးမျိုး ပြောင်းနေတာ ဆိုတော့ အဲဒီတုန်းက ကျွန်တော့် နာမည်က မြင့်ဆွေ ။ “ ဒီမှာ မောင်မြင့်ဆွေ ဆိုတာ ရှိသလား ” တဲ့ ။ ကျွန်တော့်အဒေါ်က ထွက်လာပြီး “ ရှိပါတယ် ၊ ကျွန်မ တူလေးပါပဲ ။ ဘာဖြစ်လို့တုံး ” ဘာညာနဲ့ မေးတာပေါ့ ။ သူတို့ စိတ်ထဲကတော့ ကားနဲ့ ဘာနဲ့ လိုက်လာတော့ ဘာများ ဖြစ်ခဲ့သတိုး ဆိုပြီး ကြောက်နေကြပြီ ။ “ သူ့မိဘများ မရှိဘူးလား ” ဆိုတော့ “ မိဘများကတော့ တောမှာပါ ။ ဒီမှာ ကျွန်မတို့နဲ့ နေပါတယ် ” လို့ ပြောတော့မှ အလုပ်လုပ်ဖို့ လာငှားတဲ့ကိစ္စ ပြောတယ် ။ အမှန်က ဒီမိန်းမကြီးက တစ်လ သုံးဆယ် ပေးမယ်လို့ ကျွန်တော့်ကို ပေါ့ပေါ့ကလေး ပြောလိုက်တာ ။ သူ့ဆီမှာ လက်ရှိ အလုပ်လုပ်နေတဲ့ ကောင်မလေးကို ခြောက်ဆယ့်ခုနစ်ကျပ်ခွဲလား ပေးထားတာ ။ အဲဒီတုန်းက ပုလိပ်တစ်ယောက်ရဲ့ လစာမှ ဆယ့်ရှစ်ကျပ်ပဲ ရတာ ။ နောက်တော့ ဒေါ်လေးနဲ့ ဒေါ်လေး ယောက်ျားကို အတင်းပြောပြီး ကျွန်တော့်ကို သုံးဆယ့်ငါးကျပ်ထိ ပေးတယ် ။
အဲဒါနဲ့ ကျွန်တော် အလုပ်ဆင်းရတာပေါ့ ။ တစ်နေ့ တစ်နေ့ အများကြီးကို ရေးပစ်လိုက်တာပဲ ။ လူက အားနေတော့ ပန်းထိုးတဲ့ ကောင်မလေးတွေနဲ့ ရင်းနှီးလာတယ် ။ ကောင်မလေးတွေက အဲဒီတုန်းက ဘယ်လို ပန်းတွေ ထိုးရသလဲ ဆိုတော့ ရှံသားအင်္ကျီပေါ်မှာ ရေးထားတဲ့ ပန်းကို ပြောင်းပြန် အတွင်းဘက်ကနေ ထိုးတာ ။ အပြင်ကနေ ကြည့်လိုက်ရင် အဖြူပဲ တွေ့ရတယ် ။ ပန်းပွင့်တွေက အဖြူ ၊ အရွက်တွေကလည်း အဖြူ ။ နှုတ်ခမ်းလေးတွေကို ကတ်ကြေးနဲ့ လျှောက်ညှပ်လိုက်တော့ နှုတ်ခမ်းသားလေးတွေက ပန်းအဖြူလေးတွေနဲ့ ဖြစ်သွားတာပေါ့ ။ အဖြူပေါ် မှာ အဖြူပဲ ။ အဲဒီ အင်္ကျီတစ်ထည်ရဲ့ တန်ဖိုးက သူ့ပင်ကို ဈေးထက် ငါးဆ ၊ ခြောက်ဆလောက် ပိုရတယ် ။
ကျွန်တော် ကောင်မလေးတွေနဲ့ တည့်အောင် ပေါင်းပြီး ပြောရတယ် ။ “ နင်တို့ သူတို့ဆီက စက်ကိုလည်း ငှားရသေးတယ် ။ ပြီးတော့ သင်ပေးတာက နည်းနည်း ၊ သင်ပြီးပြန်တော့လည်း ဒီဟာလေး တစ်ခုကို ကျွမ်းကျင်အောင် အထိုးခိုင်းတယ် ။ အထိုးခိုင်းတဲ့ ဟာတွေက အော်ဒါ ထည်တွေ ။ ပြီးတော့ ဧရာမကုန်တိုက်ကြီးတွေ ဖြစ်တဲ့ ရိုးတို့ ၊ ဝှိုက်တို့ ၊ ဝေးတို့ ရောက်သွားတယ် ။ ပြီးတော့ နင်တို့ကလည်း ပိုက်ဆံ ပေးရသေးတယ် ။ မလုပ်နဲ့ ထွက် ။ တို့ အဲဒီ စက်တွေ ငှားမယ် ။ မိဘက အခိုင်အမာနဲ့ ငှားရင် ဈေးပေါပေါနဲ့ ရတယ် ။ တို့ဘာသာ အပြင်မှာ လုပ်စားမယ် ။ ငါက ပန်းရေးမယ် ” လို့ ။ အဲဒီက ကောင်မလေးတစ်ယောက် နာမည်က မစောတင် တဲ့ ။ သူ့အမေကို ပြောခိုင်းရတယ် ။ သူ့အမေက မဖွားခင် တဲ့ ။
သူ့အမေကလည်း သဘောတူတယ် ။ အဲဒီက ကောင်မလေး လေးယောက် တစ်ပြိုင်တည်း ထွက်ကြတဲ့ အထဲမှာ မစန်း ဆိုတဲ့ ကောင်မလေးတစ်ယောက်က ဒေါက်တာဘမော်ရဲ့ တူမ တော်တယ် ။ သူလည်း ပါတယ် ။ ဒေါ်ဖွားခင် က ပေတောကုန်းမှာ နေတယ် ။ သူ့အိမ်ကနေ စက်လေးလုံး ငှားပြီး ကု,လားကုန်တိုက်တွေ လိုက်စပ်တယ် ။ မိုတီဝါးလား ဆိုတဲ့ အကြီးအကျယ် ကု,လားကုန်တိုက် ရှိတယ် ။ သူ့ဆီက ပထမဆုံး ပိတ်အုပ်တွေ ယူရတယ် ။ လက်ရာကောင်းတဲ့ နေရာတွေမှာ အင်္ကျီတွေ အချုပ်အပ် ။ ပြီးတော့ ကျွန်တော်က ပန်းရေး ၊ ကောင်မလေးတွေက ထိုး ။ ပြီးတော့ မိုတီဝါးလား ဆီ ပြန်သွင်း ။ ပိတ်စဖိုး နုတ်ပြီး ကျွန်တော်တို့ ဈေးအပေါဆုံးနဲ့ ရောင်းတာတောင် တစ်ထည်ကို ခြောက်ဆယ်လောက် ရတယ် ။ အဲဒါ အပြင်က လူတွေ မဝတ်ရသေးဘူး ။ မမြင်ဖူးသေးဘူး ။ အဲဒီလို လုပ်ရင်း ကျွန်တော်တို့ဆီမှာ မိန်းကလေး အလုပ်သမားပေါင်း ရှစ်ဆယ်လောက် ဖြစ်လာတယ် ။ အိမ်ကြီးနှစ်ဆောင် ရှေ့နောက် အပြည့်ပဲ ။
အဲဒီတော့ ကျွန်တော် ဝင်ငွေ ရှိနေပြီ ဆိုတော့ သူငယ်ချင်းတွေကို ခေါ်ပြီး ကျောင်းထားပေးတယ် ။ ငါ ကျောင်းမနေခဲ့ရတာ မင်းတို့ နေပါ ဆိုပြီး ကျောင်းစရိတ် ပေးတယ် ။ ထမင်းစရိတ် ပေးတယ် ။ အတူတူ နေခိုင်းတယ် ။ ကျောင်းက ပြန်လာလို့ အားတဲ့အချိန်မှာ ကျွန်တော် ခိုင်းတာလုပ် ။ တေပေနေတဲ့ သူငယ်ချင်းတွေထဲက လူကောင်း သူကောင်း ဖြစ်ချင်တဲ့ သူတွေကို အဲဒီလို ခေါ်ထားတယ် ။
ပန်းချီကျောင်းမှာ လူငယ်များ ကြီးပွားရေး အသင်း ဆိုတာ ရှိတယ် ။ အဲဒီအသင်းက စာပေပြိုင်ပွဲ တစ်ခု လုပ်တော့ ကျွန်တော် ဝင်ရေးတာပဲ ။ ဝင်ရေးတော့ နာမည်ရင်းနဲ့ ရေးတာပဲ ။ ပထမဆု ရတယ် ။ ပြိုင်တဲ့ လူပေါင်း ရှစ်ဆယ်လောက် ရှိတယ် ။ ဆုရတဲ့ ငွေတို့ ၊ တံဆိပ်တို့ကိုတော့ အပေါင်းအသင်းတွေ အားလုံး ကျွေးပစ်လိုက်တယ် ။ နောက်နေ့တွေ ကျွန်တော် စာရေးတော့ “ လူငယ်များ ကြီးပွားရေးအသင်း စာပေပြိုင်ပွဲဆုရ ” ဆိုတာကို ကျွန်တော့်နာမည် အောက်က ကွင်းနဲ့ ထည့်တယ် ။ အဲဒီလို ထည့်တော့ ပထမဦးဆုံး ကျွန်တော့်စာမူကို လက်ခံတာက “ သက်စောင့် ” မဂ္ဂဇင်း ၊ E.M ဒီဆူဇာ ကုမ္ပဏီက ထုတ်တာ ။ ခုနှစ်သက္ကရာဇ်တော့ မမှတ်မိတော့ဘူး ။ အဲဒီတုန်းက ကျွန်တော့်အသက်မှ ၁၈ နှစ်လောက်ပဲ ရှိသေးတယ် ။ အခု ကျွန်တော့် အသက် ၇ဝ ပြည့်ဖို့ လေးလပဲ လိုတော့တယ် ။
နောက်တစ်ခါ သက်စောင့်မဂ္ဂဇင်းလိုပဲ ကောဇာသစ်မဂ္ဂဇင်း ကလည်း လက်ခံတယ် ။ ဒီးဒုတ်ဂျာနယ်လား ၊ ဗန္ဓုလဂျာနယ်လား မသိဘူး ။ အဲဒီမှာ ဗြုတ်စဗျင်းတောင်း မှတ်ဖွယ်ရယ်ဖွယ် ဆိုတာ ရေးပေးတယ် ။ အဲဒီအချိန်မှာ ကျွန်တော်တို့ တောက လူတစ်ယောက်က ရန်ကုန် လာပြီး ‘ မြရတနာ ’ ကုမ္ပဏီ ဆိုပြီး ဝတ္ထုစာအုပ်တိုက် တစ်တိုက် ထောင်တယ် ။ အဲဒီ ဝတ္ထုစာအုပ်တိုက်မှာ ကျွန်တော်က စာပြင်ဆရာ ဝင်လုပ်ရင်း မဂ္ဂဇင်းတိုက် ထောင်ပါလားလို့ အတင်းတိုက်တွန်းတော့ သူက သဘောတူတယ် ။ အဲဒီလူ နာမည်က မောင်မြ တဲ့ ။ သူက နောက်တော့ ဒါရိုက်တာ ဒဂုန်လွန်း လို့ နာမည်ကြီးလာမယ့် သူနဲ့ ပေါင်းပြီး မဂ္ဂဇင်း ထောင်တာ ။ နာမည်က စပယ်ရှယ် မဂ္ဂဇင်းတဲ့ ။ ကျွန်တော်က အယ်ဒီတာပေါ့ ။ ဝတ္ထုတွေလည်း ရေးတယ် ။ နာမည် ကတော့ မတည်ငြိမ်သေးဘူး ။
တစ်ဖက်က ပန်းရေးတဲ့ အလုပ်ကလည်း လုပ်နေဆဲပဲ ။ ပန်းချီကလည်း ရေးစ ပြုနေပြီ ။ အဲဒီနောက်ပိုင်းမှာ နဂါးနီစာအုပ်တိုက် ဆိုတာ ပေါ်လာတယ် ။ ဂျာနယ် မထွက်သေးဘူး ။ သူ ထုတ်ချင်တဲ့အခါ ထုတ်တဲ့ လုံးချင်း စာအုပ်တွေပဲ ထုတ်သေးတယ် ။ အဲဒီမှာ ကျွန်တော် ရေးပါရစေလို့ သွားပြီး လျှောက်တယ် ။ သူတို့က ပြောတယ် ။ တို့ ရေးတာတွေက မင်းတို့ ရေးတာတွေနဲ့ မတူဘူးတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါ့ညီတို့ ရေးတာက ရိုးရိုးအပျော် ဖတ်ဖို့ ရေးတာတဲ့ ။ တို့ ရေးတာက တိုင်းပြည်ကို ပြုဖို့ တိုင်းပြုပြည်ပြု ရေးတာတဲ့ ။ တိုင်းပြုပြည်ပြုစာပေ ဆိုတာ ဘယ်လိုလဲခင်ဗျာ ဆိုတော့ ဆရာထွန်းရွှေက စိတ်ရှည် လက်ရှည်ပဲ ရှင်းပြတယ် ။
ကျွန်တော်က အဲဒီနောက်ပိုင်းမှာ နဂါးနီစာ အုပ်တိုက်က ထုတ်တဲ့ စာအုပ်တွေ စွဲစွဲမြဲမြဲ ဖတ်တော့တာပဲ ။ တစ်ဖက်က ဘာဖြစ်လာသလဲ ဆိုတော့ ဆင် စီးကရက်ရယ် ၊ ပိုလို စီးကရက်ရယ် ၊ ကတ်ကြေး စီးကရက် ရယ်က သူတို့ စီးကရက် ကြော်ငြာဒီဇိုင်းပြိုင်ပွဲ လုပ်မယ်လို့ ကြော်ငြာတယ် ။ ကြော်ငြာဒီဇိုင်းတစ်ခု အရွေးခံရရင် ဆုငွေ တစ်ထောင် ပေးမယ်တဲ့ ။ ကျွန်တော်က စီးကရက်ဘူး ပုံစံကလေးနဲ့ ဟိုဘက်ထောင့်က ကာတွန်းရုပ်ကလေးနဲ့ ကြော်ငြာဒီဇိုင်း သွားပို့တယ် ။ သူတို့က သုံးလ တစ်ကြိမ် ရွေးတာကိုး ။ ကျွန်တော် ဘယ်လောက်အထိ ပို့သလဲ ဆိုရင် တစ်ခါမှ မလွတ်ဘဲ ပို့တာ နှစ်နဲ့ ချီပြီး ကြာတယ် ။ အရွေးခံရတဲ့သူက “ စံတင် ” ဆိုတာချည်းပဲ ။ တခြားသူ တစ်ယောက်မှ မတွေ့ဘူး ။ နောက်ဆုံးကျတော့ အဲဒီလူက ဘာပြောသလဲဆိုတော့ မင်း ဒါလောက်တောင် ဇွဲကောင်း လှတာ မင်းကို အမှန်အတိုင်း ပြောပြမယ် ။ အရွေးခံရတဲ့သူ စံတင်က လွဲလို့ မင်း ဘယ်သူ့ကို တွေ့ဖူးသလဲ ။ မတွေ့ဖူးပါဘူး ဆိုတော့ “ အေး .. အဲဒီကတည်းက တို့ ရွေးတာ မှန်မှန်ကန်ကန် ဘယ်ဟုတ်ပါ့မလဲ ။ အဲဒါ မင်း သိအောင် ပြောပြတာပါ ။ အမှန်က ဒါ ဖွင့် မပြောရဘူးကွဲ့ ” တဲ့ ။ စိတ်ဆိုးသွားသလားလို့ သူက မေးသေးတယ် ။ ကျွန်တော် စိတ်မဆိုးပါဘူးလို့ ။ ဘာဖြစ်လို့လဲ ဆိုတော့ အစတုန်းက ကျွန်တော် ဒီဇိုင်းမှ မရေးတတ်ဘဲ ။ အခုတော့ အလိုလို သင်သလို ဖြစ်သွားပြီ ။ ဒီဇိုင်း ဆွဲတတ်သွားပြီလို့ ပြောခဲ့တယ် ။
ဆိုကြပါစို့ဗျာ ။ အဲဒီအချိန်မှာ နဂါးနီဂျာနယ် ထွက်လာတယ် ။ ကျွန်တော်ကလည်း ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ ထဲမှာ နာမည်အမျိုးမျိုးနဲ့ လျှောက်ရေးတာပဲ ။ နာမည် မတည်ငြိမ်သေးဘူး ။ နောက်တော့ ကျွန်တော် စဉ်းစားတယ် ။ ငါတော့ သူများနဲ့ မတူအောင် ရေးမှပဲ ဆိုပြီး နည်းလမ်းလိုက်ရှာတော့ ဂန္ထလောကက ထုတ်တဲ့ အထဲမှာ စာနုတွေ ရေးတာပါတယ် ။ အင်မတန် လှတဲ့ စာတွေပဲ ။ အိုမာခရမ်း ကဗျာတို့ ဘာတို့ဆို ဘာသာပြန်ပြီး အစီအစဉ်နဲ့ ရေးတာ အင်မတန် လှတယ် ။
အဲဒီလို ကဗျာကို စကားပြေနဲ့ ရေးသလို လှလည်း လှရမယ် ။ ကိုယ်ရေးချင်တဲ့ ဝတ္ထုအကြောင်းလည်း ဖြစ်ရမယ် ။ ဝတ္ထုတိုလည်း ဖြစ်ရမယ် ဆိုပြီးတော့ နဂါးနီ ဂျာနယ်မှာ စပြီး စမ်းရေးလိုက်တာ သူတို့ကလည်း ချက်ချင်း လက်ခံလိုက်တယ် ။ အဲဒီတော့ “ ဘဆွေ ” နာမည်နဲ့ပဲ ။
နဂါးနီဂျာနယ်မှာ ဘဆွေ က နှစ်ယောက် ဖြစ်နေတယ် ။ ကျွန်တော်က ဝတ္ထု ရေးတယ် ။ နောက်တစ်ယောက်က ပြောက်ကျားတိုက်ပွဲတွေ ဘာတွေ အကြောင်း ရေးတယ် ။ အပတ်တိုင်း အပတ်တိုင်းမှာ ဘဆွေ နှစ်ယောက် ပါနေတယ် ။ စာချင်းကတော့ မတူပါဘူး ။ အဲဒီလို နှစ်ယောက်စလုံး ပါလာပြီး လေးပတ်လောက် ရှိမှ ဂျာနယ်ကပဲ နာမည်ကို ခွဲပေးလိုက်တယ် ။ တိုက်ပွဲ အကြောင်းတွေ ဘာတွေ ရေးတဲ့ ဘဆွေကို “ ထားဝယ်ဘဆွေ ” ၊ ဝတ္ထုတွေ ရေးတဲ့ ကျွန်တော့်ကို “ ရန်ကုန်ဘဆွေ ” လို့ ။ အဲဒီကစပြီး ကျွန်တော့် ကလောင်နာမည် “ ရန်ကုန်ဘဆွေ ” ဖြစ်လာတာပါပဲ ။
ကျွန်တော့်မူက စကားလုံးကလေးတွေ လှရမယ် ၊ နုရမယ် ၊ မြန်မာဆန်ရမယ် ။ ကိုယ် ဆိုလိုချင်တာကို နားလည်စေရမယ် ။ အဲဒီ မူနဲ့ ရေးတာပဲ ။ နောက်တော့ ဆရာ ထွန်းရွှေတို့နဲ့ ပတ်သက်ပြီး နိုင်ငံရေးဆန်ဆန် ရေးရမယ့် ကိစ္စတွေ ပေါ်လာတယ် ။ အဲဒီလိုဟာတွေ ရေးမယ့် အခါကျတော့ နာမည်ပြောင်းရတယ် ။ “ စံနက်ကျော် ” ဆို တဲ့ နာမည်နဲ့ ရေးတယ် ။ ကျွန်တော့် ကလောင်နာမည် သုံးခု ရှိတာ တစ်ခုကတော့ မေ့သွားပြီ ။
“ သတိုးဆွေ ” ဆိုတဲ့ ကလောင်နာမည်နဲ့လည်း ကောဇာသစ်တို့ ၊ ဘာတို့မှာ ရေးဖူးတယ် ။ နာမည်တူ ရှိတာနဲ့ပဲ ဘဆွေလို့ ပြောင်းခဲ့တာ ။ သူရိယမဂ္ဂဇင်း မှာတော့ ပြိုင်ပွဲ ပထမရပြီး ငွေဆယ့်ငါးကျပ် ရခဲ့ပေမဲ့ မဂ္ဂဇင်းထဲမှာတော့ နာမည်ထည့်မပေးဘူး ။ “ ဆုရသူ ” လို့ပဲ ပါခဲ့တယ် ။ သူရိယမဂ္ဂဇင်းမှာလည်း နောက်တော့ အများကြီး ရေးခဲ့ပါတယ် ။
အဲဒါ ကိုဝင်းငြိမ်း မေးထားတဲ့ စာပေလောကထဲ ဝင်ရောက်ခဲ့ပုံနဲ့ “ ရန်ကုန်ဘဆွေ ” ဖြစ်လာပုံ အကြောင်းပါပဲ ။
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၆၁ - ၆၂
ဇွန် - ဇူလိုင်လ ၊ ၁၉၈၆ ခုနှစ်
No comments:
Post a Comment