❝ ဉာဏ်ကြီးရှင် ❞
( ပီမိုးနင်း )
မဖွားမြင့်သည် မိမိ၏ ဆိုင်အခမ်းအနားကို သားနားခန့်ညားလှပစွာ ပြင်ဆင်ပြီး၍ ကုလားထိုင် တစ်ခုမှာ ထိုင်ပြီး ကျောက်ဖြူစားပွဲငယ်ပေါ်၌ မေးထောက်ကာ လမ်းမဘက်သို့ မျှော်၍ နေလေ၏ ။
ထိုနေ့သည် ဆိုင်ဖွင့်၍ ပြီးသော ပထမနေ့ ဖြစ်လေရာ နံနက် မိုးလင်းကတည်းက စ၍ ဖောက်သည်များကို မျှော်၍ နေလေ၏ ။
နာရီကို မော်၍ ကြည့်လိုက်သောအခါ ကိုးနာရီ ဖြစ်လေ၏ ။ တစ်ယောက်မျှ မလာသေးချေ ။ လမ်းမ လျှောက်၍ သွားသော သူတို့သည်ကား ‘ မျိုးမြင့် ’ လက်ဖက်ရည်ဆိုင် ဟူသော ဆိုင်းဘုတ်အသစ်ကို မြင်သည့်အခါ မဟူတရူ တစ်ရပ်သားကို မသင်္ကာသော မျက်လုံးများနှင့် ကြည့်သလို ကြည့်ပြီး မိမိတို့ သောက်နေကျမို့ လက်မှတ်ထိုးလာစရှိသော ဆိုင်များ ရှိရာသို့သာ ကျော်သွားကြလေ၏ ။
ရန်ကုန်မြို့ ပုဇွန်တောင်ရပ်သည် မြန်မာလူမျိုး ပေါများသဖြင့် မြန်မာလက်ဖက်ရည်ဆိုင်ကို ဖွင့်ရလျှင် မြန်မာတွေ များစွာ သောက်ကြလိမ့်မည်ဟု ကိုးစားပြီး မဖွားမြင့်သည် မိခင် သေဆုံးပြီးနောက် ကျန်သော ငွေကလေး ၇၀၀ လောက်ကို အရင်းတည်၍ ဖွင့်လှစ်ခြင်း ဖြစ်လေ၏ ။
၎င်းဆိုင်၌ ချီဇာမုန့် ၊ မြန်မာမုန့် အမျိုးမျိုးနှင့် တရုတ်လက်ဖက်ခြောက် ၊ မြန်မာလက်ဖက်ခြောက် အမျိုးမျိုး ၊ ကော်ဖီ ၊ လက်ဖက်ရည်အချို ကိုကိုးတို့ အပြင် ထမင်း စားလိုသူတို့သည်လည်း မြန်မာထမင်းဟင်းတို့ကို အစုံအလင် ရနိုင်လေသည် ။
မဖွားမြင့်၏ ကွယ်လွန်သူ မိခင်မှာ မော်လမြိုင်သူ ဖြစ်သဖြင့် အချက်အပြုတ် အမျိုးမျိုးကို တတ်သူ ဖြစ်သောကြောင့် မဖွားမြင့်သည် မီးဖိုချောင်နှင့် ဆိုင်ရာ အတတ်ဟူ သမျှတို့ကို မိခင် ထံမှ လက်ထပ်သင်ကြား ရရှိခဲ့လေ၏ ။
မဖွားမြင့်၏ အကြံမှာ လက်ဖက်ရည်ဆိုင် အဖြစ်မှ မြန်မာဟိုတယ် ဆိုင်ကြီး တစ်ဆိုင် ဖြစ်လောက်အောင် ကြံစည်ခြင်း ဖြစ်လေရာ ထိုအကြံအထ မမြောက်မီ အများကြီး အောင့်ကာ စောင့်ရမည်ကို မစဉ်းစားမိချေ ။
အကြောင်းမူကား ဆိုင်ကို သားနားစွာ ဖြစ်ဖို့ရန် ငွေကုန်ခံနိုင်သော်လည်း ကုန်သော ငွေကို ပြန်၍ ရအောင် လုပ်ဖို့ရန် နည်းလမ်းသည်ကား မလွယ်ကူလှချေ ။ အကယ်၍ ရိုးရိုးတန်းတန်း လူအများ သွားရာလမ်း၌ မြန်မာထမင်းဆိုင် ရိုးရိုးကို တည်ခင်းဖွင့်လှစ်ရောင်းချမည် ဆိုလျှင် ဤမျှလောက် မပြင်ရ မဆင်ရ ရွှေစာလုံး ဆိုင်းဘုတ်လည်း မကပ်ရဘဲ လျင်မြန်စွာ နေရာ ကျဖို့ ရှိလေ၏ ။
သို့သော်လည်း မဖွားမြင့်မှာ ဆရာဖြစ်တန်းနှင့် အင်္ဂလိပ်စာဆယ်တန်း အောင်သော ဆရာမလေး တစ်ယောက် ဖြစ်ခဲ့လေရာ ဆရာမ အလုပ်မှ အညောင်းစွဲသဖြင့် မမာသောကြောင့် အလုပ်ထွက်ရပြီးနောက် ယခုတစ်ဖန် ကျန်းမာ၍ အလာတွင် နောက်ထပ်မံ၍ ဆရာမ အလုပ်ကို လုပ်ရမှာကို ကြောက်၍ နေသူဖြစ်လေ၏ ။ အကြောင်းမူကား ငါ နောက်တစ်ကြိမ် ဆရာမ အလုပ်ကို လုပ်လို့ မမာမကျန်း ဖြစ်ရင် သေလိမ့်မည်ဟု စိတ်အထင် ရောက်၍ နေလေ၏ ။
သို့ဖြစ်လေရာ မိန်းမသား ဖြစ်ပါလျက် အလုပ်တိုက် တစ်ခုခုမှာ ဝင်၍ အလုပ် လုပ်ရလျှင် ဣန္ဒြေသိက္ခာ မရ လွပ်လပ်ခြင်းလည်း ရှိမည်မဟုတ်ဟု စိတ်၌ အယူသီး ပြီးလျှင် ငါ့ဘာသာ လွတ်လပ်သောအလုပ်ကို လုပ်၍စားမည်ဟု ကြံစည်ခြင်း ဖြစ်လေ၏ ။ အသက်အရွယ်မှာ မူကား နှစ်ဆယ်ကျော်ကလေးမျှ ဖြစ်လေရာ ရုပ်ရည်က သားနားသဖြင့် ၎င်း၏ သတင်းကောင်းကို ကြားရသူ ဂုဏ်အသရေရှိ ယောက်ျားပျိုတို့သည် ၎င်း၏ အကြောင်းကို တီးတိုးပြောကြသည်အခါ “ ဟေ့ မင်းလို ဝတ်လုံ ပေါက်စကလေး သူ့ကို ရရင် တစ်လေးကို ဆယ်လေး ပေးမယ် ။ မင်းလို မြို့အုပ်လောင်းလား အနားတောင် သီရမှာ မဟုတ်ဘူး ဟူ၍ လည်းကောင်း စမ်းဖူး၍ မအောင်မြင်သောကြောင့် စိတ်နာသော သူတို့သည်ကား ဒီကောင် မလား ၊ ရတာ မလို လိုတာ မရ လိုဖာနဲ့ ရလိမ့်မယ်ဟု ပြောကြလေ၏ ။
အဆိုပါနည်းအတိုင်း ဖောက်သည်ကို မျှော်၍ နေရင်း စိတ်ကူးယဉ်သလောက် သားနားစွာခင်းကျင်း ဆင်ပြင်၍ ထားသော မိမိ၏ ဆိုင်ကို ကြည့်ကာ ငါ သည်လောက်တောင် နေရာကျကျ သန့်သန့်ပြန့်ပြန့် ခင်းကျင်း စီမံထားပါလျက် ဖောက်သည် တစ်ယောက်လောက်မှ မပေါ်လာသည်မှာ အဘယ်လို အရပ် ဖြစ်ပါလိမ့်မလဲဟု ရပ်ကွက်ကို စိတ်ဆိုး၍ နေလေ၏ ။
၎င်း၏ အစေခံ မိန်းမကလေးနှစ်ယောက်မှာလည်း ဖောက်သည် တစ်ယောက်ယောက် ပေါ်ပေါက်၍ လာပေစေ အားရပါးရ ဆီး၍ တိုက်လိုက်မည်ဟု လက်ဖက်ရည်ဖျော်နည်းကို စတိုင်ကျကျကြီး လေ့ကျင့်ခန်း ထုတ်၍ ထားကြလေ၏ ။
သို့နေခိုက်တွင် ယောက်ျားကြီးတစ်ယောက်သည် မျက်စိလည် လမ်းမှား၍ လာသလို ဆိုင်ဘက်သို့ ရောက်၍ လာလေရာ မယ်သိန်း ခေါ်သူ ရှပ်ပလာမက ပြာလောင်ခတ်ကာ “ လာပြီ မမ လာပြီ လာပြီ ။ ဟဲ့ မညို ပြင်ဟဲ့ ၊ ပြင်တဲ့ မူတူးကော ဘယ်သွား အိပ်နေသလဲ ၊ လာကုန်ပြီ လာကုန်ပြီ ” ဟု ပြောရာ မူတူးနှင့် မညိုတို့သည် ဖောက်သည်ကို ဝိုင်း၍ ဖမ်းကြတော့မလို ဟန်ပြင်၍ နေကြလေ၏ ။
မဖွားမြင့် သည်လည်း ရည်းစားကို မျှော်ရသည်ထက် ပူပင်စွာ မျှော်ရသော ဖောက်သည်ယောက်ျားကြီး ဝင်၍ လာသောအခါ ပထမဝယ်မည့်သူ ဖြစ်သဖြင့် အတိုင်းမသိ ဝမ်းသာအားကြီးသောကြောင့် မိမိ၏ အပါးသို့ ၎င်းယောက်ျားကြီး ဖြတ်၍ ဝင်လာသောအခါ ၎င်း ဖောက်သည်ကြီး၏ အငွေ့အသက်ကို ခံလိုက်ရရုံနှင့် ရှိန်းခနဲ ဖြစ်ရသလို ထူးခြားသော ဝမ်းမြောက်ခြင်း၏ ဝေဒနာကို ခံစားရလေသတည်း ။
မယ်သိန်းသည် အားရအားကြီးသဖြင့် ဖောက်သည်ကြီးထံသို့ အူယားဖားယား ပြေးလာရာ ကုလားထိုင်ကို တိုးမိသဖြင့် မှောက်ထိုးမလဲ ရအောင် မနည်းကြီး သတိထားရလေ၏ ။ ဖောက်သည်ကြီးနှင့် ရင်ဆိုင် တွေ့မိသောအခါ “ ထိုင်ပါရှင် ၊ ဘာအလိုရှိသလဲ ၊ ကျွန်မ တို့ဆီမှာ လက်ဖက်ရည် အကြမ်း ၊ အနု တရုတ်တမာ ဆာဒါအချို ၊ ကိုကိုး ၊ ကော်ဖီ ၊ ဘီစကွတ် ၊ ကိတ်မုန့် အမျိုးမျိုး ရှိပါတယ် ။ လိုရာ ပြောပါ ထိုင်ပါ ။ ထမင်းဟင်းများလည်း ရနိုင်ပါတယ် ။ ဝက်သား ၊ ကြက်သား ၊ အမဲသား ၊ ဝမ်းဘဲသား ၊ ဆိတ်သား အမျိုးမျိုး စားစရာ ရှိပါတယ် ” ဟု ဤအလုပ်ကို စ၍ လုပ်ရန် မဖွားမြင့် နှင့် ခေါင်းချင်းဆိုင်၍ တိုင်ပင်ခဲ့သော လွန်ခဲ့သော ခြောက်လခန့် အခါကစ၍ ကျက်ထားသော ဈေးခေါ် စကားများကို လည်လည်ပတ်ပတ် နူးနူးနပ်နပ် ၊ ပြတ်ပြတ်သားသား ပီပီသသ နှုတ်လျှာရွရွ ဒီဃရဿ ဆန်း အလင်္ကာဂိုဏ်း ညီစွာ ရွတ်ဆိုခြင်း ပြုလိုက်လေလျှင် ဖောက်သည်ကြီးမှာ တောနယ်မှ ရောက်လာသူ ဖြစ်လေရကား ထိတ်လန့်တကြား ဖြစ်ကာ မယ်သိန်း၏ မျက်နှာကို ကြည့်ပြီး ငါတစ်ခုခု မဝယ်ရင် ဇိကုတ်ကာ ကုပ်ကို စီးလိမ့်မလားဟု တွေးတောကြောက် ရွံ့သော လက္ခဏာနှင့် မယ်သိန်း ကို ကြည့်ကာ သင်ပုန်းကြီးစာအုပ်ခြောက်စောင်တွဲ ၊ အတွင်းအောင်ခြင်း ၊ အပြင်အောင်ခြင်း ၊ ရတနာရွှေချိုင့် ၊ နမက္ကာရပါဠိရော အနက်ရော ပါတဲ့ စာတစ်အုပ်နဲ့ စရကပွေးနှင်းခူ လိမ်းဆေးကြီး မရနိုင်ဘူးလားခင်ဗျာ ဟု လွယ်အိတ်နှင့် မျက်နှာကို သုတ်ကာ မေးလေ၏ ။
မဖွားမြင့် ၊ မယ်သိန်း ၊ မယ်ညိုတို့မှာ ထိပ်ကို တင်းပုတ်နှင့် နှက်လိုက်လျှင် ဤမျှလောက် ထိတ်လန့်မည် မဟုတ် ။ ယောက်ျားကြီးကို ကြည့်ကာ အံ့အားသင့်လျက် ကြောက်ငေးကြီး ငေး၍ နေကြရလေသတည်း ။ မယ်ညို သည်ကား မျက်စောင်းထိုးကာ ခေါင်းငဲ့လျက် ရန်တွေ့၍ ထုတ်တော့မည် ပြုလေရာ မဖွားမြင့်က မျက်နှာနီလျက် ပြုံးပြီး မိမိ၏ နှုတ်ခမ်းကို လက်ညှိုးနှင့် ကပ်ကာ မယ်ညိုကို ကြည့်လိုက်ပြီး “ ဖောက်သည်ကြီး ကျွန်မတို့ ဆိုင်မှာ ဒါတွေ မရှိဘူးရှင့် ရှင် ပြောတဲ့ ပစ္စည်းများဟာ ဆူးလေ ဘုရားဈေးများမှာ ရနိုင်ပါတယ် ” ဟု ပြောလေ၏ ။
ထိုအခါ ယောက်ျားကြီးက “ ဟင် အမိတို့ ဆိုင်က ခင်းထားတာကတော့ သားသားနားနား ဘာမှ မစုံလင်ပါ ကလား ။ ဘကြီးတို့ရွာကို ရောက်လာတဲ့ အထမ်းသည် များတော့ ခြူ က စပြီး ကြေးစည် အထိ လိုရာကို ရတာပဲ ၊ အခု အထမ်းသည်တွေ မလာတာသုံးလ ကျော်သွားပြီ ”
မြင့် ။ ။ “ ကျွန်မတို့ ဆိုင်က ဖွင့်စမို့ပါ ။ နောက် တဖြည်းဖြည်းတော့ စုံပါလိမ့်မယ် ”
“ သည်လိုဖြင့် ဆူးလေဘုရား ပြန်ရမှာက အဝေးကြီးပါကလား ရေကျော်မှာ စက်လှည့်ဘီး ဝယ်ရင်း သည်ဘက်ကို ရောက်လာတာနဲ့ ဘကြီးတို့ အိမ်နားက မထွေး ဆိုတာက ပေါင်မှာ နှုတ်ခမ်းထူထူနဲ့ အကွက်ပေါ် သည့်အတွက် ဆေး မှာလိုက်လို့ ဘကြီးမြေး သာဒွန်းဦး လည်း နက်ဖြန် ဦးတေဇဝန္တကျောင်း ပို့ဖို့ ရှိတာနဲ့ စာအုပ်ရော ဆေးရော တစ်ပါတည်း ဝင်ပြီး ဝယ်ရအောင် လာတာပဲ ၊ ဘကြီးက ဦးတေဇဝန္တရဲ့ ကျောင်းဒကာပေါ့ ၊ ကျောင်းဒကာ ဖိုးသာတို တဲ့ ၊ အမိတို့ မှတ်ထား ။ ရောက်ရင်ပေါက်ရင် ဝင်တာပေါ့ ။ နို့ သည်မှာ ဘာများ ရနိုင်သလဲ ”
“ လက်ဖက်ရည် ထမင်း ရနိုင်တယ်ရှင့် ။ သောက်မလား ” ဟု မယ်ညိုက မေးလေ၏ ။
“ ဪ နေရာကျလိုက်တာ ၊ ဘကြီး ဆာလာတာနဲ့ အခန့်သင့်ပဲ ။ မန်းမရွေးနဲ့ လက်ဖက်ရည် ပြင်လိုက်စမ်း ” ဟု အရေးပါပါ အသံနှင့် ပြောလေ၏ ။
“ မန်းမရွေး မရှိဘူးရှင့် ၊ ကိတ်မုန့် ၊ ဘီစကွတ်မုန့် ကော်ဖီ ၊ လက်ဖက်ရည် ရှိတယ် ”
“ အေးလကွယ် ။ ရှိတာသာ ပြင်လိုက်ပါ ၊ ကျသလောက်ပေါ့ ” ဟု ပြောရာ မယ်ညို သည် လက်ဖက်ရည်ချိုချိုကြီးနှင့် အချိုဆုံးသော ချီစာမုန့်များကို ထည့်၍ ပေးရာ ဖောက်သည်ကြီးသည် လက်ဖက်ရည်ကို မြည်းပြီး “ အင်း ချိုလိုက်တာ အေးလို့ ၊ တယ်ကောင်း ” ဟု ပြောလေ၏ ။
မယ်ညိုရော မယ်သိန်းရော ကု,လားကလေးရော မဖွားမြင့်ရော ဖောက်သည်ကြီး၏ အနား၌ ဝိုင်းရံကာ အလိုရှိသမျှကို ပေးရန် ရွှင်ပျသော မျက်နှာများနှင့် ကြည့်၍ နေကြလေ၏ ။
ဖောက်သည်ကြီးသည် မုန့်ကို စားကြည့်ရာ အရသာ ရှိသဖြင့် အကုန် စားလေ၏ ။ ပြီးသောအခါ “ ဘယ်လောက်ကျသလဲဗျ ” ဟုမေးရာ မယ်သိန်းက တစ်မတ်နဲ့ သုံးပြားရှင့်ဟု ပြောလေလျှင် “ အေး ဒါကြောင့်လည်း ကောင်းပေတာကိုး ” ဟု လေးလံစွာ ပြောပြီး အိတ်ကပ်ထဲမှာ ထည့်၍ ထားသော လက်ကိုင်ပဝါ မည်းမည်း ညိုညိုကလေးနှင့် ကျစ်၍ နေအောင် ထုပ်ထားသော အထုပ်ကလေး ထဲမှ ငွေတစ်မတ်နှင့် သုံးပြားကို ဖြည်ထုတ်၍ ပေးပြီး “ ကျော် ရော့ ဒီး ။ တစ်ထိုင်တည်း ငွေတစ်မတ်ဟ လူကြုံပြောရော ဆိုတာ ကျနေပြီ ” ဟု ပြောလေ၏ ။ ထိုအခါ မဖွားမြင့် က ငွေတစ်မတ်နဲ့ သုံးပြားကို မယ်ညို ထံမှ ယူကာ “ ဘကြီး ပထမ လာပြီး သောက်တဲ့ ဖောက်သည်မို့ ကျွန်မတို့ အလကား ကုသိုလ်ဖြစ် တိုက်လိုက်ပါတယ် ။ ပိုက်ဆံကို ပြန်ယူပါ ” ဟု ပြော၍ ပြန်ပေးလေရာ ယောက်ျားကြီးသည် အံ့အားသင့်ကာ မဖွားမြင့် ၏ မျက်နှာကို ကြည့်လျက် “ အင်း သာဓု သာဓု ဘုန်းကြီး ပါစေ ။ သက်ရှည်ပါစေ ။ ရောင်းလို့ ကောင်းပါစေ ။ အင်း ရန်ကုန်သူ ရန်ကုန်သားများ လိမ်တယ် ကောက်တယ် ညာတယ်လို့ ပြောကြတာတွေ ဘယ်ဟုတ်လို့တုန်း ။ လူကောင်းတွေပါကလား ။ သာဓု သာဓု ၊ ဦးကြီး သွားဦးမနော် ကြုံကြိုက်ရင် ကျောင်းဒကာ ဖိုးသာတို လို့ မေးပြီး သာလိုက်ခဲ့ပါ ။ တွံတေးနယ်မှာ မေးရင် လူတိုင်း သိပါ တယ် ” ဟု ပြောပြီး ထွက်သွားလေ၏ ။ ထိုအခိုက်တွင် မောင်ကွန်းနှင့် ဘရွှေတို့ ရောက်လာလေ၏ ။ မဖွားမြင့် သည်ကား ၎င်းတို့ကို မြင်သောအခါ ပြုံး၍ နေလေ၏ ။
ကွန်း ။ ။ “ ဘယ့်နှယ်လည်း မမြင့် ဈေးဦးပေါက်ပလား ”
မဖွားမြင့်သည် လေးလံစွာ ခေါင်းခါပြီး “ မပေါက်သေးပါဘူး ။ သည်လိုသာ နေရင် ဦးသာတို နောက် လိုက်ရလိမ့်မယ်ထင်တယ် ” ဟု ဣန္ဒြေနှင့် ပြောလေရာ မောင်ကွန်းနှင့် ဘရွှေသည် နားမလည်သဖြင့် မျက်လုံး ပြူးကာ ကြည့်၍ နေကြလေ၏ ။
မယ်ညိုနှင့် မယ်သိန်းတို့ သည်ကား တခစ်ခစ် ရယ်၍ နေကြလေ၏ ။
ကွန်း ။ ။ “ မဖွားမြင့် ဘာပြောတာလဲ ” ဟု မေးလေ၏ ။
မယ်သိန်းသည် ပြေး၍ လာပြီး အကျိုးအကြောင်း ကို ပြော၍ ပြလေရာ မောင်ကွန်းသည် ရယ်မောလေ၏ ။ ဘရွှေသည်ကား ဆေးတံကို သောက်လျက် နည်းနည်းမျှသာ ပြုံး၍ နေလေ၏ ။
ကွန်း ။ ။ “ ကိုင်း .. သည်လိုဖြင့် တို့များ ဈေးဦး ဖောက်မယ် ပြင်စမ်း ။ တို့ ထမင်း မစားရသေးဘူး ၊ ဘာဟင်း ရှိသလဲ ” ဟု ပြောကာ စားပွဲတစ်ခုမှာ ထိုင်လေ ၏ ။ ဘရွှေသည်ကား “ ဟေ့ ငါ ဆိုင်က ထမင်းကို မစားဘူး ” ဟု ပြောလေ၏ ။
မယ်သိန်း က - “ ကိုဘရွှေက ကျွန်မတို့ ဆိုင်ကို ကု,လားဆိုင်တွေလို မှတ်လို့ ပြောတာလား ။ စားကြည့်ပါ ၊ ရှင်တို့ အိမ်က ဟင်းထက် သာပါတယ် ” ဟု ပြောလေ၏ ။ ဘရွှေလည်း လာ၍ ထိုင်ပြီး “ ဘာဟင်းများမို့လဲဗျာ ၊ ကိုင်း - စားကြည့် ရတာပေါ့ ။ ဪ ... မဖွားမြင့် မဖွားမြင့် ကြံကြံစည်စည် လက်ဖက်ရည်ဆိုင်ကို ဖွင့်တာ ဘယ်သူကများ အကြံပေးလို့လဲ ၊ ဗမာဖွင့်တဲ့ လက်ဖက်ရည်ဆိုင် ထဲက ဘယ်နှဆိုင် ဖြစ်မြောက်လို့ သည်အလုပ်ကို လုပ်တာလဲ ” ဟု ပြောပြီး ခါးထောက်ကာ ကုလားထိုင်နောက်မှီမှာ ကိုယ်လက်များကို ဆန့်ကာမှီလျက် ဆေးတံကို ထောင်နေအောင် ကိုက်၍ ပြောလေ၏ ။
ထို့နောက် စားဖွယ်သောက်ဖွယ်တို့ကို ပြင်ဆင်ပြီးနောက် စားသောက်ကြလေ၏ ။
မဖွားမြင့်က “ သူများ လုပ်လို့ မဖြစ်တာမှ ဖြစ်အောင် လုပ်ချင်တာ ”
ရွှေ ။ ။ “ တခြား လုပ်စရာ အလုပ်တွေ များလွန်းလို့ ခင်ဗျား လက်ဖက်ရည်ဆိုင်ထက် ကောင်းတဲ့ အလုပ်တွေ ပြည့်လို့ပါ ”
“ ကျွန်မက လက်ဖက်ရည် ဆိုင်ကိုမှ ဖွင့်ချင်တာကိုး ကိုဘရွှေရဲ့ ”
“ လက်ဖက်ရည်ဆိုင်ထက် ဂုဏ်ရှိတဲ့ အလုပ်တွေ မရှိဘူးလား ”
“ ကျွန်မ စိတ်အထင်ဖြင့် လောကမှာ ခိုးတိုက်စားတဲ့ အလုပ် မဟုတ်ရင် ဘယ်အလုပ် မဆို ဂုဏ်ရှိတယ်လို့ ထင်တာပဲ ။ ကျောင်းဆရာ ၊ စာရေး ၊ စက်လုံးစက်နှိပ်သမား စသည့် လခစား အလုပ်များကိုမှ ဂုဏ်ရှိတဲ့ အလုပ်လို့ ခေါ်ရမလားရှင့် ။ လက်ဖက်ရည်ကို သောက်သူများ ကောင်းကောင်းသောက်ရအောင် စိတ်ကောင်း စေတနာကောင်းနဲ့ ဖျော်ပြီး ရောင်းရင်ကော မကောင်းဘူးလား ”
“ မင်းတို့ ကာလ မျိုးချစ်ယောင်ယောင် ဝံသာနု ယောင်ယောင် အမျိုးသမီး ၊ အမျိုးသားတွေဟာ စိတ်နေ သဘောထား အင်မတန် အောက်ကျတာပဲ ။ လက်ဖက်ရည်ဆိုင် ဖွင့်လား ဖွင့်ချင်ရဲ့ ၊ ရှာလပတ်ရည်ဆိုင် ဖွင့်လား ဖွင့်ချင်ရဲ့ ”
“ သည်အလုပ်များဟာ ဝံသာနုနဲ့ ဘာမှ မသက်ဆိုင်ဘူး ။ ကျွန်မဖို့ ကာလမျိုးချစ် အမျိုးသား အမျိုးသမီးများကိုလည်း မျိုးချစ်ယောင်ယောင်လို့ ကိုဘရွှေ ပြောဆို ကဲ့ရဲ့ဖို့ ဘာမှမရှိဘူး ။ ကျွန်မဖို့ အမျိုးသားကို ချစ်လို့ အမျိုးသား အချင်းချင်းကို ကောက်ကျစ်စဉ်းလဲ လိမ်လည်ပြီး မစား ။ လူမျိုးကွဲ အောက်မှာလည်း ကျွန် မခံဘဲ လက် ဖက်ရည်ဆိုင် အဖျော်ဆိုင် ဖွင့်တာကို ဘာမှ ကဲ့ရဲ့အပြစ်တင်စရာ မရှိပါဘူး ”
ကွန်း ။ ။ “ အိုင်ဆေး အလုပ်တစ်ခုခုကို လုပ်နေသူ တစ်ယောက်ကို စိတ်ပျက်အောင် မပြောပါနဲ့ ၊ မင်းတို့ ငါတို့ တာဝန်က ဖြစ်မြောက်အောင်မြင်အောင် ကူညီဖို့သာ ရှိပါတယ် ”
“ ဘယ်လို ကူညီရမှာတုန်း ။ ဖောက်သည်တွေကို နားရွက်ဆွဲပြီး ခေါ်လာလို့ ဖြစ်သလား သူငယ်ချင်းရဲ့ ”
“ မင်းက သည်အရပ်တွေမှာ အတော် သြဇာရှိတယ် ။ မင်းအဖေ မသေမီက မင်းတို့ ဒီမှာ နေတာ မဟုတ်လား ”
“ ငါ့မှာသာ သည်လို သြဇာရှိရင် လိုက်ပြီး ပြောမှာ ဟောမှာပေါ့ ။ မြန်မာလူမျိုး မှန်ရင် မြန်မာဆိုင်မှာသာ သောက်ဖို့ ဟောရင် သောက်ကြမှာပဲ ”
“ မင်း ပြောသလိုဖြင့် အလုပ် တစ်ခုခုကို လုပ်မယ့် ကြံရင် ဓမ္မကထိက ဆရာ ငှားရဦးမလို ကျနေတာပေါ့ ” ဟု ဘရွှေက ပြန်၍ ပြောလေ၏ ။
စားသောက်ပြီးလျှင် ပိုက်ဆံကို ပေးကြပြီး အတန်ငယ် ဆက်လက် ဆေးလိပ်သောက်၍ နေပြီး ထွက်သွားကြလေ၏ ။
မသွားမီ ဘကွန်းက “ မဖွားမြင့် စိတ်မလျှော့နဲ့ ၊ ကြိုးစားသာလုပ်ပါ ။ နေရာကျပါလိမ့်မယ် ”
“ ကိုဘကွန်း ဘယ်တော့ လာဦးမလဲ ” ဟု မဖွားမြင့်က မေးလေ၏ ။ မဖွားမြင့်သည် မောင်ဘကွန်းကို မိမိထက် ပိုမို၍ ဂရုစိုက်ကြောင်း မောင်ဘရွှေ မြင်သောအခါ မျက်နှာညို၍ သွားလေ၏ ။
ကွန်း ။ ။ “ ငါလေ မပြောတတ်သေးဘူးကွယ် ၊ အခုတလော အလုပ်တွေ အများကြီး ကြွေးတင်ပြီး နေတယ် ။ အခန့်သင့်တဲ့ အခါ လှည့်လာဦးမယ် ၊ အိုင်ဆေး ကိုဘရွှေ ၊ ခင်ဗျားတော့ လူအားပဲ ၊ တစ်ဆိတ် လာပြီး နှုတ်စောင်မ လက်စောင်မ ဆိုသလို ဂရုစိုက်လိုက်ပါ ။ ကျုပ်တို့မှာ မိတ်ဆွေတို့ သဘောအရ ကူညီဖို့ တာဝန် ရှိပါတယ် ” ဟု ပြောလေ၏ ။
ဘရွှေ ။ ။ “ မပြောတတ်ဘူး ၊ လာကူညီချင်တာပေါ့ ၊ ဘယ်လို ကူညီရမလဲ မသိဘူးလေ ။ လက်ဖက်ရည် သောက်ဖို့ ၊ နေ့လယ်စာ စားဖို့တော့ လာမှာပဲ ”
“ ရှင်တစ်ယောက်တည်း လာပြီး သောက်လို့ ဘာဖြစ်လောက်မလဲ ကိုဘရွှေရဲ့ ။ ရှင်သူငယ်ချင်းတွေ ဘာတွေလည်း ခေါ်ခဲ့ပါ ”
“ အေးအေး ငါ့သူငယ်ချင်းတွေက လမ်းမတော်မှာ နင့်ဆီကို ဓာတ်ရထားခ အကုန်ခံပြီး လာသောက်လိမ့်မယ် ငါပြောတဲ့ စကားတော့ နားမထောင်ဘူး ။ ထောင်ရင် အေးနေကြာလှပြီ ” ဟု ပြောလေ၏ ။
ထိုအခိုက်တွင် ဘကွန်းသည် လမ်းမသို့ ရောက်ပြီး မိတ်ဆွေတစ်ယောက် နှင့် ကြုံကြိုက်သဖြင့် ဆိုင်ကို ပြကာ ဝံသာနုမျိုးချစ် လက်ဖက်ရည်တရားကို ဟော၍ နေလေ၏ ။
“ ရှင်ဘာပြောဖူးလို့လဲ ”
“ ငါ့ကို ယူရင် ဒီဒုက္ခတွေကို တွေ့ရမှာ မဟုတ်ဘူး ၊ အေးအေး ကလေး မော်တော်ကား စီးနေရမှာ ”
“ ရှင်က သူဌေးသားကိုး မှန်ပါတယ် ။ ကျွန်မက လင်ကို မမှီချင်ဘူး ၊ ကျွန်မ လုပ်စာကိုသာ ကျွန်မ စားချင်တယ် ။ လင်လည်း မယူချင် ၊ သားလည်း မမွေးဝံ့ပါဘူး ၊ သွားပါ ၊ ဖောက်သည်သာ ခေါ်ခဲ့ပါ ”
“ အေး ဖောက်သည်တော့ ငါ တစ်ယောက်ရှိတာပဲ ၊ နင် ဆိုင် ဖြစ်မြောက် ကြီးပွားရင် အဟုတ် လင်မယူဘူးလား ”
“ ဘာ ယူစရာ ရှိတော့လဲ ၊ လင် ဆိုတာ အားကိုး မရှိသူတွေသာ ယူကြရတာ ”
“ နင့်ဆိုင် ပျက်မှ ယူမယ်လား ”
မြင့် ။ ။ “ ပျက်ရင်တော့ ဒါတော့ မပြောတတ်ဘူးလေ ”
“ နင့်ဆိုင် ပျက်မှာ ကျိန်းသေပဲ ၊ စောင့်မနေနဲ့တော့ ပျက်လို့ ယူမှာဖြင့် ငါကိုသာ ယူ ။ ငါ နင့်ကို ဘယ်လို ထားမယ် ဆိုတာ သိရဲ့လား နင်အင်မတန် ရူးတဲ့ကောင်မ ၊ အကောင်း ပြောမှန်း ဘာမှန်း မသိဘူး ”
“ သွား ... သွား ရှင် ဒါတွေ လာမပြောနဲ့ ။ နောက် ဆက်ပြောရင် ဟောဒီ တံမြက်စည်းနဲ့ ရိုက်ထုတ်မယ် ၊ ဘာမှတ်သလဲ ” ဟု ပြုံးရယ်ကာ ပြောပြီး ကျောကို ဖျန်းခနဲ ရိုက်လိုက်လေရာ ဘရွှေသည် ခါးကော့၍ ထွက်ပြေးလေ၏ ။
ထိုအခိုက်တွင် ဘကွန်းသည် လမ်းမ၌ တွေ့ရသော မိတ်ဆွေတစ်ယောက်အား လက်ဖက်ရည် သောက်ဖို့ရန် နှူး၍နေရာ ၎င်းမိတ်ဆွေက ဗိုက်ကို ပုတ်ကာ “ ခုပဲ ဝက်ခြေထောက်စွပ်ပြုတ်တွေ သောက်လာလို့ပါ ။ သူငယ်ချင်းရယ် ကျေးဇူးကြီးလှပါပြီ ။ သွားဦးမယ် ” ဟု ပြောကာ ထွက်သွားလေ၏ ။ မကြာမီ သူငယ်ချင်းနှစ် ယောက်သည် လန်ချားနှင့် ထွက်သွားကြလေ၏ ။ နောက် ၇ ရက်လောက် ကြာသောအခါ ဘကွန်း တစ်ယောက်တည်း ပေါက်၍ လာလေ၏ ။
“ ဘယ့်နှယ်လဲ မမြင့် ဟန်ရဲ့လား ”
“ မဟန်ဘူး ကိုဘကွန်းရေ ။ ဘယ့်နှယ် အရပ်နဲ့ တွေ့ နေသလဲ မသိဘူး ”
ဘကွန်းသည် လက်ဖက်ရည် အပြင်ခိုင်းပြီး စားပွဲမှာ ထိုင်လျက် “ ငါ့မှာတော့ အခုတလော အတော်ကလေး ပွနေတယ်ကွဲ့ ။ အလုပ်တွေ များတာက တစ်ကြောင်း စနေနေ့ညနေက ငွေရှစ်ရာ နိုင်လာခဲ့တယ် ။ မင်း ငွေများ လိုရင် ... ” ဟု ပြောလေ၏ ။
ဘကွန်း ပန်းချီဆရာ ဖြစ်လေရာ ဝတ္ထု ၊ မဂ္ဂဇင်း ၊ သတင်းစာတို့မှ စ၍ ရုပ်ရှင်များ အခြား အလုပ်တိုက်များမှ အခြား ပန်းချီဆရာတို့ထက် အလုပ် ပိုမို၍ ရသူ ဖြစ်လေ၏ ။
“ ကျွန်မ ဒီအလုပ်ကို လုပ်တာ ငွေအလှူခံဖို့လည်း မဟုတ် ။ ငွေချေးဖို့လည်း မဟုတ် ။ ကျွန်မ ဖောက်သည်တွေကို ရောင်းလို့ ရတဲ့ ငွေမှ တစ်ပါး ဘယ်ငွေကိုမှ မလိုချင်ဘူး ”
“ မင်း အဲဒီလို မာနကြီးလို့ ခက်နေတာပဲ မင်း ။ တစ်နေ့တော့ ယောက်ျား ယူရမှာပဲ ။ သည်တော့ ယူရမယ့် အတူ စောစောစီးစီး ယူတာ မကောင်းဘူးလား မမြင့်ရဲ့ ။ ကျုပ် မမြင့်ကို တင့်တင့်တယ်တယ် မထားနိုင်ဘူးထင်လို့လား ”
“ ထားနိုင်တာတော့ သိပါတယ် ၊ နို့ပေတဲ့ ကျွန်မ အလုပ်ကို လုပ်ကြည့်ချင်သေးတယ် မဖြစ်တော့မှ ... ”
“ မဖြစ်ရင် မင်း ငါ့ကို ယူမယ်လား ” ဟု မေးသော အခါ မဖွားမြင့်သည် မောင်ဘကွန်း၏ မျက်နှာကို မျက်လုံး ခပ်မှေးလန်လန်ကလေးနှင့်ကြည့်လျက် “ ကျွန်မ မပြောတတ်ဘူး ။ ကျွန်မ အလုပ် အထမြောက်ရင်တော့ ယောက်ျား မယူဘူး ”
“ မင်း ငါ့ကို ချစ်တယ် မဟုတ်လား ပြောစမ်း ။ ယူသည် ဖြစ်စေ ၊ မယူသည် ဖြစ်စေ ၊ ချစ်တယ်ဆိုရင် တော်ပြီ ”
“ ကိုင်း ချစ်ပါတယ် ကိုဘကွန်းရယ် ။ ကိုဘကွန်း ကော ကျွန်မကို ချစ်တယ် မဟုတ်လား ”
“ ချစ်လို့သာ သည်လောက်တောင် အပင်ပန်းခံပြီး မင်းဆီကို သဲသဲမဲမဲ စွဲစွဲလမ်းလမ်း လာနေရတာပေါ့ မြင့်ရဲ့ ” ဟု ပြောကာ လက်ကို ကိုင်မည်ပြုလေရာ မဖွားမြင့်က “ ဟင်း ဘာမှတ်လို့လဲ ။ ငွေကလေး လေးငါးရှစ်ရာ ပြပြီး ဘာလုပ်မလို့ ကြံတာလဲ ။ မျက်နှာကို ကြည့်စမ်း နှူးလို့ရမယ် ထင်သလား ” ဟု ပြောလေရာ ဘကွန်းသည် ရယ်မော၍ နေလေ၏ ။
ထိုအခိုက်တွင် မဖွားမြင့်က “ ရှေ့ကို ကြည့်စမ်း ၊ ကျွန်မတော့ ပြေးရတော့မယ် ” ဟု ပြောလေရာ ‘ မျိုးမြတ် စားပွဲရုံ ’ ဟူသော စာတန်းကို မြင်ရလေလျှင် ဘကွန်း သည် အံ့အားသင့်၍ နေပြီး စားပွဲကို လက်သီးနဲ့ ထုကာ “ ဒါ တမင်သက်သက် မင်းကို လာပြီး သ,တ်တာ မဖွားမြင့်ရဲ့ သိရဲ့လား မဖွားမြင့်မှာ ရန်သူ တစ်ယောက်ယောက်ရှိ လိမ့်မယ် ”
“ ကျွန်မမှာ ဘယ်က ရန်သူမှ မရှိဘူး ။ သူလည်း သူ့စိတ်ကူးနဲ့ လာပြီး ဖွင့်တာပေါ့ ကိုဘကွန်းရဲ့ ”
ဘကွန်းသည် အတန်ကြာစွာ မျိုးမြတ်ဆိုင်ကို ကြည့်ပြီး ခေါင်းခါလျက် “ ဒါတော့ တမင် မဖွားမြင့်ကို ပြိုင်တာပဲ ။ နေဦး သွားကြည့်ဦးမယ် ” ဟု ပြောပြီး ၎င်းဆိုင်သို့ သွားမည်ပြုလေရာ မဖွားမြင့်က “ နေပါဦး ကိုဘကွန်း ၊ သူတို့ ဘယ်လို လုပ်သလဲ အတုခိုးတန် ခိုးရအောင် ။ ပြင်ဆင်ထားပုံကဖြင့် ခန့်တာပဲ ချီစာမုန့်တွေက သိပ်များတာပဲ အသိုးအပုပ်တွေ မဟုတ်ရင် အင်မတန် ကောင်းမှာပဲ ” ဟု ပြောပြီး လိုက်လာလေ၏ ။
၎င်းတို့ နှစ်ယောက် စားပွဲတစ်ခုမှာ ထိုင်ကြလေ၏ ။ ထိုအခိုက်တွင် ဘရွှေ ရောက်လာပြီး ၎င်းတို့၏ စားပွဲ မှာပင် ထိုင်လေ၏ ။ မကြာမီ လက်ဖက်ရည်များ ရောက်လာ၍ သောက်ကြရာတွင် ...
ထိုဆိုင်၌ ဝင်ရောက် စားသောက်သူ ဖောက်သည်တွေ အတော်များကြလေ၏ ။ အတန်ငယ် ကြာသောအခါ မဖွားမြင့်သည် မိမိ၏ ဆိုင်သို့ တစ်စု ဝင်လာသည်ကို မြင်သဖြင့် စားပွဲမှ ထပြီး မိမိဆိုင်သို့ ကူး၍ ပြေးလေ၏ ။
မိမိ၏ ဆိုင်ထဲသို့ ရောက်လျှင် ရောက်ချင်း မယ်သိန်းနှင့် မယ်ညိုတို့သည် ပြာလောင်ခတ်လျက် နေကြလေ၏ ။
“ မမ ကျွန်မတို့ မနိုင်တော့ဘူး မမလည်း ကူပါဦး ။ ဟော လာကြပြန်ပြီ တစ်သိုက် အမယ်လေး မမရဲ့ ၊ အခုမှ ဟန်ကျတာပဲ ၊ လာလိုက်ကြတာ ကြည့်စမ်း မမရဲ့ ၊ ဒီလူတွေဟာ တစ်ယောက်မှ အမဲသား မစားဘူး ။ ကြက်သား ၊ ဘဲသား ၊ ဆိတ်သား ၊ ဝက်သားချည်း စားကြတာပဲ မုန့်နဲ့ လက်ဖက်ရည်ကိုလည်း အတော် စားသောက်တာပဲ ၊ တော်တော်လည်း အစားကောင်းတဲ့ လူတွေ မမရဲ့ ။ တယ်ပိုက်ဆံ ပေါတဲ့ လူတွေပဲ ၊ ဟောဟိုက လူတစ်ယောက်ဖြင့် ကလေးတောင် ခေါ်လာတယ် ” ဟု ပြောလေရာ မဖွားမြင့်သည် တစ်ယောက်လျှင် သုံးမတ်ဖိုး တစ်ကျပ်ဖိုး မြိန်ရည်ယှက်ရည် အားရပါးရ စားကြသူတို့ကို ကြည့်ကာ မိမိ ကိုယ်တိုင် ထမင်း ဆာလာလေ၏ ။
အတန်ကြာသောအခါ ထမင်း စားပြီး၍ လက်ဖက်ရည်များကို သောက်ပြီး တစ်ယောက်တစ်လမ်းစီ ထွက်၍ သွားကြလေ၏ ။
( ၎င်းလူများသည် လွန်စွာ ငြိမ်ဆိတ်သူများ ဖြစ်ကြ လေ၏ ။ )
အကြောင်းမူကား စားသောက်ခြင်း အလုပ်ကို တာဝန်လို ငြိမ်သက်စွာ လုပ်ကြလေ၏ ။
ထိုအခိုက်တွင် တစ်ဖက်ဆိုင်၌ တရုတ်ရုတ် ဆူညံ၍ နေကြလေ၏ ။ အကြောင်းမူကား ဘကွန်းက မိမိကို တောအညာသား မှတ်လို့ လက်ဖက်ရည်မှာ သိပ်ပြီး ချိုချိုကြီး ဖျော်ပေးရသလား ၊ သည်ပေါင်မုန့်များဟာ ဘယ်နှရက်ကြာလို့ အုတ်ချပ်ခဲလို မာနေရသလဲ စသည်ဖြင့် ဆူပူလေရာ ဆိုင်ရှင်လုပ်သူများမှာ စကား မပြောနိုင်ဘဲ မျက်နှာပျက်၍ နေကြလေ၏ ။ ထိုအခါ ဘရွှေက ရန်ဖြစ်မှာ စိုးသည့် အတွက် ဘကွန်းကို တွဲထုတ်၍ လာရလေ၏ ။
မကြာမီ ဘကွန်းနှင့် ဘရွှေသည် မဖွားမြင့်၏ ဆိုင်သို့ ရောက်၍ လာကြပြီး ဖောက်သည်များကို မြင်ကြသောအခါ ဘကွန်းမှာ လွန်စွာ ဝမ်းမြောက်လျက် ပြင်ဆင် ကျွေးမွေးခြင်း အလုပ်၌ အစေခံများအား ကူညီ ပြောဆို၍ပင် ပေးလေ၏ ။
ဘရွှေသည်ကား ခါးထောက်လျက် ဆေးတံကို ကိုက်ကာ စားသောက်နေကြသူတို့ကို ကြည့်ပြီး ပြုံးလေ၏ ။
ဖွားမြင့်က “ ဘာပြုံးသလဲ ကိုဘရွှေရဲ့ ” ဟု မေးလေ၏ ။
“ ဘယ်က ကူလီ အစုတ်အပြတ်တွေကို လှူဒါန်းကျွေးမွေး နေတာလဲ ”
“ ဘယ်က လှူရမလဲရှင့် ၊ ရှင်တို့ချည်း ပိုက်ဆံ ပေးနိုင်တယ် ထင်သလား ၊ တစ်ယောက်ကို တစ်ကျပ် ငါးမတ်ဖိုး စားတဲ့ လူတွေရှင့် ” ဟု ပြောလေ၏ ။
“ အင်း နေ့တိုင်း သည်လူတွေ လာပြီး စားရင် နင့် ဆိုင်ကို လူကောင်းသူကောင်းတွေ လာကြမှာပေါ့ ။ ငါတို့လို အကောင်က သည်လိုဂုဏ်သရေရှိ လူတွေနဲ့ ရောပြီး အတူတူ စားဖို့လာကြလိမ့်မယ် ”
စားသောက်သူတွေ ပြီး၍ ငွေကို ပေးဖို့လာကြ သောကြောင့် ဖွားမြင့်သည် စကားကို ဆက်လက်၍ နားမထောင်နိုင်ဘဲ ပိုက်ဆံများကို ခံယူဖို့ စားပွဲသို့ သွားလေ၏ ။
ဖောက်သည်များ ထွက်သွားကြ၍ ငွေကို တွက်ကြည့်လိုက်သောအခါ နှစ်ဆယ်ကျော်ကျော် ရသဖြင့် ဖွားမြင့်သည် ငွေများကို ပြုံးလျက် ကြည့်ကာ “ ဟန်ပြီ ကိုဘကွန်းရေ ၊ ကိုဘကွန်းတို့ ဆီက ငွေချေးဖို့လည်း မလိုတော့ဘူး ။ ကိုဘရွှေလည်း သူ့မိတ်ဆွေတွေကို မခေါ်ချင် နေပါ ၊ ကိစ္စ မရှိတော့ပါဘူး ။ ဒါထက် ဘယ်က လူတွေပါလိမ့် ၊ သည်လိုချည်း လာပါစေတော် ၊ အတော် အစား ကောင်းတဲ့ လူတွေပဲ ” ဟု ပြောလေ၏ ။
ထိုနည်းဖြင့် နေ့စဉ်နေ့တိုင်း ထိုအချိန်ကျလျှင် လူတွေ တစ်ယောက်ပြီး တစ်ယောက် ဟိုက ပေါက်လာ သည်က ပေါက်လာ တစ်ယောက်နှင့် တစ်ယောက်လည်း သိပုံ မရ ။ အချင်းချင်းလည်း စကားများစွာ မပြောကြဘဲ လာရောက်ကာ လွန်ခဲ့သော နေ့က လိုပင် ဝလင်စွာ ဖောဖောသီသီ စား၍ သွားကြလေ၏ ။ လူများကို ကြည့် လိုက်သောအခါ အခြား လူသစ် မပါ လာရင်းတိုင်း လူများသာ ထပ်ကာထပ်ကာ လာကြသဖြင့် အသစ်အပို တစ်ယောက်မှ မပါလာသည်ကို တွေ့ရှိရလေ၏ ။ စားသောက်ပြီးသော အခါ၌လည်း တစ်လမ်းစီ သွားကြလေရာ မဖွားမြင့်မှာ စဉ်းစားကျပ်၍ လာလေ၏ ။ အကြောင်းမူကား ၎င်းတို့၏ ပုံပန်းကို မြင်ရသောအခါ ဤမျှလောက် စားနိုင်သောက်နိုင်မည့် အခြေအနေ ရှိသူ တစ်ယောက်ကိုမျှ မတွေ့ရ ၎င်းတို့ စားပုံသောက်ပုံ မှာလည်း များစွာ ရိုင်းစိုင်းလေ၏ ။ အချို့များမှာ အလွန် အစားကြီးကြလေ၏ ။ ၎င်းတို့မှာ သတ္တိချင်း တူသော အချက် တစ်ခုကိုလည်း တွေ့ရှိရလေ၏ ။ ထိုသတ္တိသည်ကား အခြား မဟုတ် ၊ မိမိတို့ စားသောက်သော ပန်းကန်များ၌ အကြွင်းအကျန် ဟူ၍ ကြွက်စားဖို့ မဆိုထားဘိ ၊ ပုရွက်ဆိတ်စာမှ မကျန်အောင် စားနိုင်သော သတ္တိဖြစ်လေ၏ ။
ထိုကဲ့သို့ နေ့စဉ်လာ၍ ၎င်းလူများ စားကြသောအခါ မဖွားမြင့်မှာ ပိုက်ဆံပင် ရသော်လည်း များစွာ စိတ်မကျေမချမ်း ဖြစ်၍ လာလေ၏ ။
အကြောင်းမူကား မိမိ ဉာဏ်စွမ်း ရှိသလောက် ဤကဲ့သို့ ဆင်ပြင်၍ ထားသော လက်ဖက်ရည်ဆိုင်သည် ဤလို လူစုတ်ပဲ့ အငတ်ငတ်အမွတ်မွတ် စားသူများ အတွက် ရည်ရွယ်၍ ဖွင့်သော ဆိုင် မဟုတ် ။ သားသားနားနား လူတွေ အတွက် ဖွင့်လှစ်သောဆိုင် ဖြစ်လေရာ ဘရွှေ၏ စ ကားကို သတိရမိလေ၏ ။ အကြောင်းမူကား လူစုတ်လူညစ်တွေ လာ၍ စားသောဆိုင်၌ လူသန့်လူပြန့် လာ၍ စားမည် မဟုတ်သည့်ပြင် ဤဆိုင်၌ လူညစ်တွေသာ လာ၍ စားကြောင်းကို တစ်ဖက်ဆိုင်က နေ့စဉ် မြင်၍ နေသည်ကိုပင် ရှက်စ ပြုလေ၏ ။
တစ်နေ့သ၌ မောင်ဘကွန်း လာသောအခါ ဤ အကြောင်းများကို ပြော၍ ပြလေလျှင် ဘကွန်းသည် စဉ်းစားကျပ်နေသော အမူအရာနှင့် ဆိတ်ငြိမ်စွာ နေပြီးမှ “ ရောင်းရ ပြီးရောပေါ့ မမြင့်ရယ် ၊ နောက်တော့ တဖြည်းဖြည်း ကောင်းမှန်းသိတဲ့ အခါကျတော့ ဟန်ဟန်ပန်ပန် လူတွေလည်း လာကြမှာပေါ့ ။ ဒီလို လူတွေက လူကောင်း သူကောင်းထဲကို မဝင်ဝံ့ဘူး ။ သည်တော့ လူချောင်ရာ ထမင်းဆိုင်ကို လာပြီး စားကြတာနဲ့ တူတယ် ” ဟု ပြောပြီး ၊ လက်ဖက်ရည် မှာ၍ သောက်လေ၏ ။ ထိုအချိန်သည်ကား အဆိုပါ ဖောက်သည်များ စားသောက် ပြီးစီး၍ သွားသောအချိန် ဖြစ်လေ၏ ။
“ မမြင့် သည်လိုဖြင့် ဆိုင်နေရာကျပြီး သည်ဘဝမှာ ယောက်ျားယူဖို့ လိုတော့မှာ မဟုတ်ဘူးပေါ့လေ ” ဟု ပြောကာ စားပွဲအောက်၌ မမြင့်၏ ခြေဖျားကလေးကို မိမိ၏ ခြေနှင့် နင်း၍ ထားပြီး ပြောလေ၏ ။
မမြင့်သည် မျက်နှာ၌ သွေးရောင်လွှမ်း၍ လာပြီး ဘကွန်း၏ မျက်နှာကို ချစ်ခင်ကြင်နာ မေတ္တာဆပွား သနားလည်း သနား ။ မိမိ၏ စိတ်ကိုလည်း မပိုင်မနိုင်သော အမူအရာမျိုးနှင့် ပြုံးပြီး မျက်မှောင်ကုတ်ကာ ၊ “ ကြည့်ပါဦး ကောင်မကလေးတွေ မြင်ကုန်တော့မယ် ။ အမယ်လေး နာလိုက်တာ ခြေမ ကြေတော့မယ်တော့ ” ဟု တိုးတိုးပြောပြီး နောက်သို့ လှည့်ကာ “ စင်စင်ကြယ်ကြယ် ဆေးကြကြောကြပါအေ မယ်သိန်း ညည်းလက်ဖက်ရည် ဖျော်တာ ဟိုလူများ အတွက် ပေါ့တယ် ၊ သကြားများများ ထည့်အေ့ ၊ သည်လူမျိုးတွေဟာ အချိုများများ ကြိုက်တဲ့ လူမျိုးတွေအေ့ ” ဟု ပြောလေ၏ ။
“ ဘယ့်နှယ်လဲ မမြင့်ရဲ့ ။ စကားပြန်ပြောဖော် မရတော့ဘူးလား ။ ဒီလိုပဲ နေတော့မလား ။ ဘရွှေနဲ့ ငါ နှစ်ယောက်ရှိတယ် ။ နှစ်ယောက်စလုံး မင်းကို ကြိုက်တယ် ။ တစ်ယောက်ကို ယူရင် စိတ်ကျေနပ်ပြီ ” ဟု ပြောလေ၏ ။
“ ဟင့်အင်း ကျွန်မ ဘယ်သူမှ မယူဘူး ၊ ကျွန်မ အလုပ်ထဲမှာသာ စိတ်ကို ထားတယ် ။ ဒါတွေကို တွေးဖို့ အချိန်မရသေးဘူး ”
“ အလုပ်နေရာကျနေလို့ မယူတော့ဘူးလို့ စိတ်ကို ဆုံးဖြတ်လိုက်တာလား ”
“ ဒီလိုလည်း မဟုတ်ပါဘူး ။ ဒီဖောက်သည်တွေ နဲ့လည်း ကျွန်မ စိတ်မကျေနပ်ဘူး ။ ဘယ်လို ကြံရဦးမယ် မသိဘူး ”
“ ကြံပေးရင် မင်းအလုပ် နေရာကျသွားမှာပေါ့ ” ဟု ပြုံးကာ ပြန်ပြောလေ၏ ။
“ နေရာကျဖို့ လမ်းရှိရင်လည်း လုပ်ပေးပါတော့ ။ ကျွန်မ စိတ်ညစ်လှပြီ ”
“ လုပ်ပေးရင် မင်းကို ငါ ရတော့မှာ မဟုတ်ဘဲ ။ ဘာပြုလို့ လုပ်ပေးရမှာတုန်း ”
“ ဒီလိုဖြင့် ကျွန်မကို ပျက်အောင်ကြံနေတာ ကိုဘကွန်းတို့ပေါ့လေ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ သိပါပြီ ။ ဟိုဘက်ဆိုင်မှာတော့ လူကောင်းသူကောင်းတွေ ကျပ်နေတာပဲ ။ သည်မှာ သားသားနားနား ပြင်ဆင်ထားတဲ့ နေရာမှာတော့ ဘယ်လူမှ မလာဘူး ။ ဧကံ ရှင်တို့ အတတ်ပဲ သိပြီ ၊ ကျွန်မ ရှင်တို့ကို မုန်းတယ် ။ မလာကြနဲ့ တော့ ၊ သူငယ်ချင်းမိတ်ဆွေဆို သည်လောက်ကလေးမှ အားမကိုးရရင် ဘာလုပ်ရမှာတဲ့တုန်း ” ဟု ပြောလေ၏ ။
ထိုအခိုက်တွင် ဘရွှေ ဝင်ရောက်၍ လာရာ မမြင့်သည် အဆိုပါနည်းအတိုင်း ဆီး၍ စွပ်စွဲလေ၏ ။ ဘရွှေက “ သေရပါစေရဲ့ခင်ဗျာ ။ ဟောဒီ ဆေးတံမီးလို ငြိမ်းရပါစေရဲ့ ။ ဘာမဆိုင် ညာမဆိုင် သူ့ဘာသာ အလုပ်လုပ်ဖို့ နေရာမကျတာ လူများ လာပြီး စွပ်စွဲတယ် ။ ဒါကြောင့် တစ်နေ့က ဗေဒင်ဆရာက မင်း အစွပ်အစွဲ ခံရလိမ့်မယ်လို့ ဟောတာ ၊ ဒါပါပဲ ။ သည်လောက်နဲ့ ကြိမ်းကြေပါစေတော့ ခင်ဗျာ ။ သေချင်းဆိုးနဲ့ သေရပါစေရဲ့ ” ဟု ပြောလေ၏ ။
“ ဒီလိုဖြင့် ကိုဘကွန်းပဲ ၊ ရှင်ပဲ ... ရှင်ပဲ မငြင်းနဲ့ မျက်နှာ မြင်ကတည်းက ကျွန် မသိတယ် ။ တစ်ခုခုတော့ တစ်နည်းနည်းနဲ့ ရှင်လုပ်ထားတာပဲ ”
ဘကွန်းသည် မျက်နှာနီလျက် တကယ် အပြစ် တစ်ခုခု ရှိသလို ရယ်လေ၏ ။ သို့ရယ်လေလေ မဖွားမြင့် က တလွဲ ထင်လေလေ ဖြစ်ကာ ကြိမ်းသေ စွပ်စွဲ၍ နေလေသတည်း ။
ထိုအခိုက်တွင် လက်ဆွဲသားရေအိတ် ကိုင်လျက် လူတစ်ယောက် ဝင်လာပြီး ဘရွှေကို မြင်သောအခါ “ အိုင်ဆေး မင်းကို လိုက်ရှာလိုက်တာ သူငယ်ချင်းရယ် ။ အခုမှ မောမောရှိတာနဲ့ လက်ဖက်ရည် သောက်မလို့ ဝင်အလာမှာ မင်းနဲ့ တွေ့တာပဲ ။ ပူလိုက်တဲ့နေ သူငယ်ချင်း ရယ် ၊ လန်ချားတွေလည်း တစ်ယောက်မှ မတွေ့ဘူး မေးလိုက်ရင် တိုင်းဟိုးဂီးယား ဆိုပြီး လူကိုတောင် ပြန်မကြည့်ဘူး ၊ တချို့ ကိုယ်တော်မြတ်တွေက နှုတ်ခမ်းကို လက်နဲ့ တို့ပြီး ကာပီပီးယေးဂါး တဲ့ အဟုတ်တကယ်ကျတဲ့ အကောင်တွေပဲဗျာ ။ လက်ဖက်ရည်တစ်ခွက် ပေးပါ ခင်ဗျာ ။ ခင်ဗျားတို့ သောက်ပြီးပလား သောက်ကြပါဦးလား ၊ သုံးခွက်သုံးခွက် ” ဟု လှမ်း၍ မှာလေ၏ ။
ဘကွန်းက “ ကျွန်တော်တို့ ပြီးပါပြီ ။ ဟဲ့ မယ်ညို တစ်ခွက်လုပ်ဟဲ့ ” ဟု လှမ်း၍ ပြောရလေ၏ ။
ထိုလူသည်ကား ကြော်ငြာကိုယ်စားလှယ်လိုလို လမ်းလျှောက် ကိုယ်စားလှယ်လိုလို တူသဖြင့် စကားကို သူတစ်ပါးအား ပြောခွင့် မပေး ။ မိမိကသာ ဝမ်းတော် လား သလို ပြောတတ်သူ တစ်ယောက် ဖြစ်ဟန်တူလေရာ ၎င်းကို ဘရွှေသည် ကြောက်ရွံ့အံ့သြသလို ကြည့်၍နေလေ၏ ။
“ ငါ မင်းကို တွေ့ချင်တာနဲ့ ဟိုလိုက်မေး သည်လိုက်မေး မေးလိုက်တာ နောက်ဆုံးကျမှ အောင်မြတ်ကျော် ဆိုတဲ့ ပန်းချီဆရာနဲ့တွေ့တာနဲ့ သူက ပြောလို့ ငါ ဒီလိုက်လာတာပဲ ” ဟု ပြောလေ၏ ။
အောင်မြတ်ကျော် ဟူသော နာမည်ကို ကြားရသော အခါ ဘရွှေသည် မျက်နှာ ပျက်ပြီး “ ဘယ်က အောင်မြတ်ကျော်လဲ ” ဟု မေးလေရာ
“ ဟို မန္တလေးလမ်းက အောင်မြတ်ကျော် ပေါ့ကွဲ့ ။ ဆိုင်းဘုတ်တွေ ဘာတွေ အရေးကောင်းတဲ့ အကောင် ဟာကွယ် ရာမဇာတ်ထဲက သုချိတ် ဆိုတဲ့ မျောက်နဲ့ ခပ်ဆင်ဆင် ဖြဲစပ်စပ် အကောင်ဟာပေါ့ ”
ရွှေ ။ ။ “ အော်အော် သိပြီသိပြီ ” ဟု ပြောကာ ခေါင်းညိတ်ပြီး “ နေပါဦး ဘာကိစ္စအထူး ... ”
၎င်းလူသည် ဘရွှေ အား စကားကို အဆုံးသတ်ဖို့ အချိန်မပေးဘဲ စားပွဲကို ထုကာ ဒေါပါပါနဲ့ “ အဲဒီ အကောင်ပေါ့ ၊ သူက ပြောလိုက်တယ် ။ မင်းမျိုး ( ဘာဆိုလဲကွယ် ) အဲဒီ လက်ဖက်ရည်ဆိုင်အတွက် သူက ဆိုင်းဘုတ် ရေးပေးလိုက်ရသတဲ့ အဲသူက လမ်းညွှန်လိုက် .... ”
ဘရွှေသည် မျက်နှာ ပျက်လျက် ၊ ကပျာကယာ ထိုင်ရာ ထပြီး “ အိုင်ဆေး အိုင်ဆေး ဒီမှာ ကျုပ် ပြောစရာကလေး ရှိသေးလို့ပါ ” ဟု ပြောပြီး ၎င်းလူ၏ လက်ကို ဆွဲကာ ဆိုင်ပြင်သို့ ခေါ်သွားလေ၏ ။
၎င်းလူသည်ကား ကန့်လန့် ပါသွားလျက်ပင် စကားကို မရပ်ဘဲ “ ဒါ မင်းလက်ဖက်ရည်ဆိုင်ပဲလား ဟင် ဒါက မျိုးမြင့်လေ ၊ အော် ဟိုဘက်က ဆိုင်လား ၊ အောင်မယ် ဟန်ကျလိုက်တာ နေပါဦးကွဲ့ ဖြည်းဖြည်း ဆွဲပါ ။ ဘာကိစ္စ ရှိလို့လဲ သောက်ပါ့မယ်ကွဲ့ ။ ဒီလောက်တောင် လောကွတ် ကောင်းဖို့ မလိုပါဘူး ။ မင်းဆိုင် ဆိုရင် ငါ အလကား သောက်ရမယ် ဆိုတာ အသိသားပဲ ” ဟု ပြောရင်း ပါသွားလေ၏ ။
ဘကွန်းနှင့် ဖွားမြင့်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အံ့သြနေကြလေ၏ ။
တအောင့်လောက် ကြာသောအခါ ဘကွန်းက “ မအေပေး ခွေးမသား ဒင်းဉာဏ်ကို ။ သည်ရှေ့က ဆိုင်ကို ဒင်းပျက်စီးအောင် သူတမင် တိတ်တိတ်ပုန်း ကိုယ်စားလှယ် ထားပြီး ဖွင့်တာ ဘာမသား ညာမသား ခဏနေဦး ငါ သွားပြီး ဒင်းကို ” ဟု ပြောပြီးထွက်သွားလေရာ ဖွားမြင့်သည် ဆွဲ၍ မရသဖြင့် လွှတ်လိုက်ရလေ၏ ။
မကြာမီ ဆိုင်နောက်ဖေးတွင် ဘကွန်းနှင့် ဘရွှေသည် ထွေးလုံးရစ်ပတ် တစ်ယောက် တစ်ယောက် ထိုးကြိတ်၍ နေကြလေရာ ဘရွှေသည် မြေပေါ်၌ ပက်လက် လဲ၍ နေလေ၏ ။ ဘကွန်းက လည်ကို ဖျစ်လျက်စီးပြီး မျက်နှာကို ထိုး၍ နေလေရာ ဖွားမြင့် ရော အစေခံများ ရော မနည်းကြီး ဝိုင်း၍ ရေနှင့် ပက်ခါမှ တစ်ယောက်ကို တစ်ယောက် လွှတ်ကြလေ၏ ။ ဘရွှေလည်း တစ်ခါတည်း လွတ်ရာသို့ ရှောင်ရှား၍ သွားလေ၏ ။ ဘကွန်းသည် ဆိုင်ထဲသို့ ဘိုဆံတောက်ဖိုးရိုးဖားရားနှင့် ရှပ်အင်္ကျီများ စုတ်ပြတ်လျက် ပြန်၍ ဝင်လာလေရာ ရေချိုးခန်းသို့ ခေါ်ပြီး ဖွားမြင့်က ဆေးကြော သုတ်သင်၍ ပေးရလေ၏ ။
နောက်အတန်ကြာသောအခါ ဘကွန်းနှင့် ဖွားမြင့်သည် လိုက်ကာနှင့် လုံစွာပိတ်၍ ထားသော စပါယ်ရှယ် စားပွဲခန်း၌ စကားပြော၍ နေကြလေ၏ ။
“ ကိုဘရွှေ မဟုတ်တာ လုပ်တာတော့ ကျွန်မ သိပါပြီ ။ သူလည်း ကျွန်မကို ပျက်စီးစေလိုလို့ လုပ်တာတော့ မဟုတ်ပါဘူး ။ ကျွန်မဆိုင် ပျက်ရုံကလေး ကြံတာပါ ပျက်ရင် သူ ကျွန်မကို ရမယ်လို့ ထင်ပြီး သည်လို လုပ်တာပေါ့ ။ ကိုဘကွန်း လုပ်တာလည်း ဘာကောင်းသလဲ ”
“ ငါ ဘာကိုလုပ်လို့လဲ ”
“ ဟိုလူစုတ်ပဲ့တွေကို ပိုက်ဆံပေးပြီး သည်လာ အစားခိုင်းတာ ရှင် မဟုတ်လား ”
ဘကွန်းသည် ဝန်ထုပ်ဝန်ပိုးနှင့် လက်ဆုတ်လက်ကိုင် မိသော သူခိုးလို ဖြစ်ကာ မဖွားမြင့်၏ မျက်နှာကို အကြောင်သား ကြည့်၍ နေပြီးမှ အတန်ငယ် ကြာသောအခါ
“ ကိုင်း ဒါ ဘာဖြစ်သေးသလဲ ”
“ ဒီလို လူစုတ်ပဲ့တွေ လာတော့ လူကောင်းတွေ ဘယ်က လာတော့မှာလဲ ကိုဘကွန်းရဲ့ ”
“ အော် .... ဒီလိုလား ။ ဒါတော့ ငါ သတိမထားမိဘူး ။ မင်းအ လုပ် အထမြောက်မလားလို့ ငါ လုပ်မိလုပ်ရာ လုပ်တာပဲ ၊ မင်းက ငွေပေးတော့လည်း မယူချင်ဘဲကိုး ”
“ ကျွန်မ အလုပ် အထမြောက်ရင် ဘယ်ယောက်ျားမှ မယူဘူးဆိုတာ ရှင် အသိသား မဟုတ်လား ”
“ သိတော့ သိတာပေါ့လေ ။ နို့ပေမဲ့ မင်း စိတ်မကောင်း ဖြစ်တော့ ငါ ကြည့်မနေနိုင်တာနဲ့ စိတ်လက် အေးပါစေလို့ လုပ်ရတာပါ ”
“ အခုဒီလူတွေ ပေးရတာ ငွေဘယ်လောက် ကုန်သွားသလဲ ”
“ မများပါဘူး ၊ ငွေကလေး တစ်ရာ့လေးငါးခြောက်ဆယ် ခုနစ်ဆယ်ပါ ”
ဖွားမြင့်သည် စကား မပြောဘဲ ကျောက်စားပွဲကို ခက်ရင်းနှင့် ခြစ်၍နေလေ၏ ။
“ မမြင့် ဒီလို အနှောင့်အယှက်တွေ ထဲမှာ မင်း သည်အလုပ်ကို ဆက်ပြီး လုပ်ချင်သေးသလား ” ဟု မောင်ဘကွန်းက မေးလေ၏ ။
မမြင့်သည် မောင်ဘကွန်း၏ မျက်နှာကို ဣန္ဒြေနှင့် မော်ကြည့်ပြီး “ ဟင့် ... အင်း ကျွန်မတော့ စိတ်ပျက်ပြီ ” ဟု ပြောကာ ခေါင်းငုံ့လျက် ကျောက်စားပွဲကိုသာ ခြစ်၍ နေလေ၏ ။
ဘကွန်းသည် ဖြည်းညင်းစွာ မိမိ၏ နေရာမှ ထ၍ သွားပြီး မဖွားမြင့်၏ အနား ကပ်ကာ ထိုင်ပြီး ပခုံးပေါ်သို့ လက်ယာလက်ကို တင်လိုက်လေ၏ ။
ဖွားမြင့်သည် ငြိမ်သက်စွာ နေသော်လည်း ရင်အုံမှာ ပင့်သက်ရှူရသဖြင့် ငါးပြေမကို ရေမှ ဖော်ကာ နေပူကြဲကြဲ၌ ကုန်းပေါ်တွင် ပစ်၍ ထားသလို လှိုက်ဖိုလှိုက်ဖို ဖြစ်၍ နေလေ၏ ။
ဘကွန်းသည် မိမိ ပေါင်ပေါ်သို့ ဖွားမြင့်ကို အသာ ဆွဲ၍ လှဲယူပြီး ပက်လက်နေစေ၏ ။ ဖွားမြင့်သည် ဘကွန်း၏ လည်ကို လက်တစ်ဖက်နှင့် လှမ်း၍ တွယ်နေလေ၏ ။ မကြာမီ နှစ်မျက်နှာ နှစ်ကိုယ်သည် တစ်မျက်နှာ တစ်ကိုယ်တည်း ဖြစ်၍ သွားလေသတည်း ။
▢ ပီမိုးနင်း
📖 ဒဂုန် မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၂၇
No comments:
Post a Comment