Tuesday, May 5, 2026

ကြည့်ချင်ပွဲ ၊ အံ့ပွဲ


❝ ကြည့်ချင်ပွဲ ၊ အံ့ပွဲ ❞
         ( ညီပုလေး )

ရုပ်ရည်က သရုပ်ဆောင်မင်းသမီးတွေထက် မလျော့တဲ့ ကောင်မလေးတစ်ယောက် ၊ အပျိုစင်လေး ။ အိစန္ဒာမိုး ၊ ရွှေစင်ခိုင်သူ ၊ မိုးသန္တာဖြိုး ၊ ထက်မို့မို့ဇော်တို့လို ခေတ်ပေါ် နာမည်လေးတစ်ခု မိတ်ဆွေတို့သာ ရွေးကြပါတော့ ။ အသားဖြူ  ၊ မေးစေ့ချွန်လေးနဲ့ ၊ မျက်လုံးကလည်း လှ ၊ မျက်ခုံးကလည်း ဆေးကူစရာ မလိုတဲ့သူကလေး ။

ဒီကောင်မလေးမှာ သူ့အသက်ထက် နည်းနည်းလေးကြီးတဲ့ ချစ်သူကောင်လေး တစ်ယောက်ရှိတယ် ။ သူတို့ချင်း ရည်ငံနေကြတယ်ဆိုပေမယ့် နှစ်ဖက်မိဘဆွေမျိုးတွေကပါ သိရှိပေါက်ကြားပြီးသား ချစ်သူတွေလေ ။ ကောင်လေးရဲ့နာမည်လည်း ဆန်းထက် မောင် ၊ မျိုးသူရကျော် ၊ သော်ဇင်အောင်ဇော် ၊ သတိုးကျော်အောင် တို့လို ခေတ်ပေါ်နာမည်လေး တစ်ခုလည်း ရွေးပေးကြပါဦး ။

ကောင်လေးနဲ့ ကောင်မလေးတို့ဟာ ရှေ့သွားနောက်လိုက် ညီလှတယ် ။ ‘ နေနဲ့လ ရွှေနဲ့မြ ’ ဆိုတာမျိုးနဲ့ ခိုင်းနှိုင်းရင် ရိုးလွန်းပြီး ဖတ်ရတာ ပျင်းစရာ ကောင်းနေမှာပေါ့ ။ သူတို့မှာ ဆော့ဖ်နဲ့ ပရာဒို ၊ တံခါးလေးပေါက်ပါတဲ့ ရေခဲသေတ္တာတွေ ၊ တစ်အိမ်လုံး အေးလေအေးစက်တွေ တပ်ဆင်ထားကြ ၊ အိမ်တွင်းရုပ်ရှင်ရုံလေး ကိုယ်စီ ပိုင်ဆိုင်ကြတဲ့ သူတွေဆိုတော့ သူတို့အတွက် နှိုင်းစရာ ဥပမာအသစ်လည်း မိတ်ဆွေတို့ပဲ စဉ်းစားပေးကြပါဦး ။

အသက်နည်းနည်း ငယ်ပေမယ့် ကောင်မလေးက အရပ်အမောင်း ကျတော့ ကောင်လေးနဲ့ ရင်ဘောင်တန်းနိုင်ပြန်ရော ။ အရပ် ငါးပေ ခြောက်လက်မ ဆိုတာ အရပ်မနိမ့်တဲ့ အထဲမှာ ပါတယ် ။ သူတို့နှစ်ယောက် ဘယ်လောက်တောင်ချစ်ကြသလဲ ဆိုတာ မွေးနေ့ လက်ဆောင် အဖြစ်နဲ့ အပြန်အလှန် ချစ်သက်လက်ဆောင် ပေးထားကြတဲ့ လက်ကိုင် တယ်လီဖုန်းကလေးတွေ အသိဆုံး ။ နှစ်ဦး တွေ့ကြတဲ့အခါ တဒိတ်ဒိတ်မြည်တဲ့ ရင်ခုန်သံ စည်းချက်တွေက သက်သေပေါ့ ။

ကောင်မလေးရဲ့ လက်ကိုင်ဖုန်းလေးဟာ ကောင်လေးက ဆက်သွယ်ရင် “ နမ်းမဝ တမ်းတတဲ့မေ ” ဆိုတဲ့ ခေတ်စားနေတဲ့ သီချင်းတီးလုံးလေး မြည်တယ် ။ အခုခေတ်ကောင် မလေးတွေ သိပ်ကြိုက်တဲ့ သီချင်းလေး ။ ကောင်လေးရဲ့ လက်ကိုင်တယ်လီဖုန်းလေးမှာ လည်း “ ချစ်သက်ဆယ်ပြန်နှင်း ” ဆိုတဲ့ အနောက်တိုင်းတေးသံလေး မြည်တာပေါ့ ။ ဒီပြင် မိတ်ဆွေတွေဆီက လာရင် မြည်တဲ့ မြည်သံက ကြားရိုးကြားစဉ် သာမန်မြည်သံတွေပါပဲ ။ လက်ကိုင်တယ်လီဖုန်းထဲမှာ အားအသစ်သွင်းထားတဲ့ ဘက်ထရီတွေ ကုန်လုခမန်း တစ်ယောက်နဲ့ တစ်ယောက် ချစ်တင်းနှောတတ်ကြတယ် ။ အိပ်ရာထက်မှာ သက်သောင်သက်သာ ကျောမှီပြီး ချစ်စကားတွေ ပြောရတာ ကောင်မလေးအတွက် ပိုပြီး ချစ်ရည်ရွှန်းလဲ့တယ်လေ ။

ဇာတ်လမ်းက ရိုးလွန်းပါတယ် ။

မြန်မာရုပ်ရှင်တွေ ၊ ဗီဒီယိုတွေ ၊ ဒီဗီဒီတွေ ရောင်တမ်း အပျော်ဖတ်ဝတ္ထုတွေ ထဲက ဇာတ်လမ်းမျိုးပါပဲ ။ ကောင်းလေး မိဘတွေ ကောင်လေးကို နိုင်ငံခြား ပညာသင်ဖို့ လွှတ်လိုက်တယ် ။ ကောင်လေးခမျာ မသွားချင်ပဲ သွားရတော့ မချိမဆံ့ ခံစားရရှာတာပေါ့ ။ ကောင်လေးမှ ဒီလိုခံစားနေရင် ကောင်မလေးမှာတော့ ဘာပြောကောင်းမလဲ ။ တော်တော်ကို လွမ်းတော့ ဆွေးတော့တာပေါ့ ။ သူများတွေလို ဘွဲ့လွန်ပညာရပ်တွေ ၊ ပါရဂူဘွဲ့တွေ ယူရအောင် လွှတ်လိုက်တာ မဟုတ်ဘူး ။ စီးပွားရေးအမြင်ကျယ်သည်ထက် ကျယ်အောင် ကုန်သွယ်မှုပညာတွေ လေ့လာဖို့ အဆွေအမျိုးတွေဆီ လွှတ်လိုက်တာလေ ။ နိုင်ငံခြားက ပြန်လာရင် သူတို့နှစ်ယောက် ‘ ပလက်တီနမ်လက်တွဲ ’ ကြရမယ်ဆိုတာ သိကြပြီးသား ။ သူတို့က သူများတကာတွေလို ကျောင်းတက်ပြီး ပညာသင်ကြားခဲ့ကြဖူးသူတွေမဟုတ်ဘူး ။ ဆရာ ၊ ဆရာမကို အိမ်ခေါ်ပြီး သင်ခဲ့ကြရသူတွေ ဆိုတော့ ကောင်မလေးမှာ ခင်မင် စရာ ဒိပြင် ကောင်လေးတွေလည်း များများစားစားမှ မရှိဘဲ ။ ဒီတော့ ကောင်မလေး လွမ်းပြီပေါ့ ။ သည်းအူထဲက လှိုက်လွမ်းမိတယ် ။ မကြုံဖူးတဲ့ ပူလောင်အမြိုက်တွေကို လိမ့်နေအောင် ခံစားနေရတာပေါ့ ။

••••• ••••• ••••

ကောင်မလေးရဲ့ တယ်လီဖုန်းမှာ ‘ နမ်းမဝ တမ်းတတဲ့မေ ’ တေးသွားလေး ဆိတ်သုန်းသွားပြီး သူစိမ်းဆန်တဲ့ သာမန်ကြားရိုးကြားစဉ် မြည်သံကြားတော့ ကောင်မလေး ခလုတ်ကို မနှိပ်ချင်နှိပ်ချင်နဲ့ နှိပ်မိတယ် ။ ချစ်သူကောင်လေးဆီက ကြည်နူးစရာအသံ လေး ၊ နာပျော်တဲ့ ချစ်တေးစကားတွေ ဖြစ်နေရင် သူအိပ်ပျော်တယ် ၊ အလွမ်းပြေတယ် ၊ ပြီးရင် မျက်ရည်ဝဲမိတယ် ။ ခက်နေတာက တယ်လီဖုန်းမြည်သံတိုင်းဟာ ကောင်လေးဆီက မဟုတ်တာဘဲ ။

ကောင်လေးက နိုင်ငံခြားမသွားခင်မှာ မှန်ကန်ရှည်မျောမျောကြီးနဲ့ အဖိုးတန်ရွှေငါး ကြီးတစ်ကောင် အိမ်ကိုလာပို့သွားတယ် ။ သူ့ကိုယ်စားအဖြစ်နဲ့ အလွမ်းဖြေရအောင်တဲ့ ။ သူ့ကိုယ်ပွား ရွှေငါးကြီးဟာ တကယ့် ရွှေငါးကြီး ။ ရွှေတွေနဲ့ ဆက်ဝယ်မှ ရနိုင်တဲ့ငါးကြီး ။ ဒီရွှေငါးကြီး ရှိရင် စီးပွားလာဘ်လာဘ ရွှင်တယ်လို့ အယူရှိတဲ့ သူတွေက လက်ကီးဖစ်ရှ် ခေါ်တဲ့ အကောင်ကြီးပေါ့ ။ ဘလူးဘေ့စ်အမျိုးဖြစ်တဲ့အပြင် ဒီငါးကြီးရဲ့ ဝမ်းဗိုက်ထဲမှာ ကွန်ပျူတာဘားကုတ်ပါသတဲ့ ။ တန်ဖိုးကတော့ ပိုင်ရှင့်ပါးစပ်ထဲက ပြောသမျှဆိုတဲ့ ငါး ။ ဒါကြောင့် ရွှေငါးကြီးလို့ ခေါ်တာပေါ့ ။ ဒီ သိန်းတွေ အများကြီးတန်တဲ့ ရွှေငါးကြီးကို အစာကျွေးရင်း အလွမ်းဖြေမိ ၊ ရေလဲပေးရင်း တမ်းတမိတယ် ။ ကောင်မလေးခမျာ ရွှေငါး ကြီးကိုလည်း ပြောချင်တာတွေ တတွတ်တွတ် ပြောမိတဲ့အထိပဲ ။

ရက်ကို လစားတာနဲ့အမျှ တယ်လီဖုန်းမြည်သံက ကျဲရာက နည်းလာတယ် ။ သစ်စိမ်းချိုး ချိုးလေပြီလား ။ သူ့ကောင်လေး ငါးစိမ်းတွေများ မြင်နေပြီလား ။ နဂိုကတည်း က အရုပ်ဆိုးလှတဲ့ ငါးကြီးဟာ တစ်နေ့တခြား ပိုအကျည်းတန်လာတယ် ။ လပ်ကီးဖစ်ရ် ကြည့်ရတာ လာဘ်မရှိတော့ သလိုလို ၊ ကျက်သရေမဲ့လာ သလိုလို ။

ရွှေငါးကြီးကို ပုစွန်ဆိတ်လေးတွေ ကောင်မလေး မကျွေးဖြစ် တစ်ရက် ကျွေးဖြစ် တစ်ရက် ဖြစ်လာတယ် ။ အခုတော့ ရေလဲတာရော အစာကျွေးတာပါ ‘ အိပုတ် ’ ပဲ လုပ်နေရပြီလေ ။ အိပုတ်ဆိုတာ သူတို့ တစ်မိသားစုလုံးရဲ့ ဝေယျာဝစ္စတွေကို ဒိုင်ခံသိမ်းကျုံး လုပ်ရသူပေါ့ ။ ကိုယ့်အမျိုးသားချင်းမို့ စကားလုံးလှအောင် ရွေးလိုက်တာပါ ။ အိပုတ် ဘာတွေ လုပ်ရတယ်ဆိုတာ ရေးမပြတော့ပါဘူး ။

နာမည်ကသာ အိပုတ် ၊ နင်းရင် နှိပ်ရင် အရိုးစူးလွန်းလို့ ဘယ်အရိုးထဲက အားတွေနဲ့ ဒီလောက် လုပ်ရတာလဲ အိပုတ်ရယ်လို့ အဆူအငေါက် ခံရတတ်သူ ။ အိပုတ် ခမျာ အိလည်း မအိသလို ပုတ်လည်း မပုတ်ရှာပါဘူး ။ ရွှေငါးကြီးကို ပုစွန်ဆိတ် တစ်လှည့် ပိုးဟပ် တစ်လှည့် ကျွေးတာ ၊ ပိုးဟပ် တစ်လှည့် အိမ်မြှောင် တစ်လှည့်ကျွေးတာ အိပုတ် စိတ်ပုပ်လို့ မဟုတ်ပါဘူး ။ အဲဒီအကောင်တွေ မရှိရင် အိမ်သန့်ရှင်းတယ် ဟုတ်လား ။ ဒီတော့ လပ်ကီးဖစ်ရှ်ကြီးလည်း ပုစွန်ဆိတ်ချည်း တစ်မျိုးတည်း စားနေရတာကနေ အပြောင်းအလဲလေး စားရတာပေါ့ ။ အိပုတ်တို့ အိမ်မှာ အိမ်မြှောင် မရှိသလောက်ရှားသွားပြီ ။ မမတို့ မေမေကြီး တို့နဲ့ သူများအိမ် သွားလည်ပတ်ရင် နံရံတွေ မျက်နှာကြက်တွေကို သူ လျှောက်ကြည့်နေမိတယ် ။ သူများအိမ်က ပိုးဟပ်တွေ ၊ အိမ်မြှောင်တွေကို အိပုတ် စိတ်နဲ့ ပြစ်မှားနေတတ်တယ် ။

••••• ••••• •••••

ကောင်မလေးမှာ ဒေါက်ဖိနပ်လှလှကြွကြွလေးတွေ အရန်အများကြီး ရှိတယ် ။ ဒေါက် ပါးပါးလေး ၊ ခေါက်ခပ်လတ်လတ် ၊ ခပ်မြင့်မြင့်ကြီး ၊ ဖန်နဲ့ လုပ်ထားတယ်လို့ ထင်ရတဲ့ ဖိုင်ဘာပလတ်စတစ် ခွာမြင့်တွေရော ၊ ကြိုးသိုင်းလေးတွေလည်း ရှိတယ် ။ ကျောက်မျက် အစစ်တွေ စီခြယ်ထားသလို ခွာမနိမ့်မမြင့် ဖိနပ်လေးတွေလည်း ရှိတယ် ။ ကောင်မလေးရဲ့ ပိုက်ဆံနဲ့ဝယ်တာ တစ်ရန်မှ မပါဘူး ။ အရပ်မြင့်တာကို သဘောကျတဲ့ ကောင်လေးရဲ့ လက်ဆောင်ချည်းပဲ ။ ဖိနပ်လေးတွေကို ဖုန်သုတ်တဲ့အခါ အိပုတ် သုတ်ရတယ် ။ ရွှံ့ပေလို့ ရေပတ်ဝတ်နဲ့ ပွတ်ရင်လည်း အိပုတ်ပဲ ပွတ်ရတယ် ။ သိပ်လှတဲ့ အဖိုးတန် ဒေါက်မြင့်လေးတွေ သူ့မမအလစ်မှာ ခဏခဏ စီးကြည့်မိတာ တစ်ရန်မှ မလွတ်ဘူး ။

အခုလည်း ကောင်မလေး အလှပြင်နေတယ် ။ “ သူ့ထက်ငါ ညာမြေဘောင် ၊ ရှာဖွေဆောင် ၊ သာလေအောင် ဝတ်ထဘီ ၊ အင်္ကျီက ငွေပွင့်ထိုး ၊ ရွှေဆင့်ကြိုး နှစ်ထပ်လိမ် ၊ နဂါးပတ်အိမ် သန္တာပေါက် ၊ ဇာပြောက်က အဆန်းဆန်း အခန်းခန်း ပြန့်ပြောကြွယ် ” လို့ ရှေးက စာဆိုခဲ့ကြတာထက် အများကြီး သာလွန်နေတော့ စာဆိုတွေ လက်မှိုင်ချရတော့မယ် ။

“ သန်းလဲ့ပြာမှုန်ညက်တို့ ၊ စုံမက်ဖွယ်ဆင်ခြုံ ၊ နံ့သာငွေလွင်မှုံကို ၊ ယဉ်ရုံသာ သူ တို့၍ ၊ မူနဂိုမျက်နှာထားနှစ် ၊ တစ်ဖက်သားမြင်သူတို့ ၊ ဘဝင်ဆူလောက်စရာ ” တဲ့ ။

နဂိုကတည်းက လှပြီးသား ကောင်မလေးက ဆေးရေးစရာရှိရင် ပါးပါး ၊ တင်စရာရှိရင် အရောင်နည်းနည်း ၊ ဖျန်းဆွတ်ရင်လည်း အနံ့သင်းတယ်ဆိုရုံ သင်းသင်းလေး ဖျန်းဆွတ်ပြီး အပြင်ထွက်လေ့ရှိတယ် ။ မက်စ်ကာရာ မျက်တောင်ကော့ဆေးပြာပြာလေး တင်တယ် ၊ တကယ့် အနုပညာမြောက်အောင် လှသွားတယ် ။ ကောင်လေးကို သတိရ လွမ်းပြီး ခြယ်သနေသလား ၊ ကောင်လေးကို ဒေါသဖြစ် မခံချင်စိတ်နဲ့ ခြယ်သနေ သလား မသိဘူး ။ အောက်ခံ ဖောင်ဒေးမိတ်ကပ် မလိမ်းဘဲ စကင်းလိုးရှင်းလေးပဲ လိမ်းတယ် ။ ပီးယာ့စ် အချောကိုင် ကရင်ပတ်ဖ်လေး ဖိလိုက်တယ် ။ ပါးကို ဆေးနီ ခြယ်မယ် လုပ်ပြီးမှ စိတ်ပြောင်းသွားတယ် ။ မခြယ်တော့ဘူး ။ ကောင်လေးနဲ့ တွေ့ ကြရင် ဆိုးနေကျ ညိုရင့်ရင့် ‘ နမ်းမပျယ် ’ နှုတ်ခမ်းဆိုးဆေးကို မသုံးဘဲ ၊ ပုလဲရောင်လေး ပါးပါးတင်လိုက်တယ် ။ ဆံပင်ကို ဟဲဒရိုင်ယာနဲ့ ပုံသွင်းမနေဘဲ ၊ ဆူးလိပ်ဘီးလေးနဲ့ ခပ်ဖွဖွပဲ ဖြီးတာကိုပဲ ကောင်မလေးအဖို့ လှသထက် လှနေတယ် ။ အခုလို ပြင်ဆင် ခြယ်သနေတာ ငါးကင်ကို သတိရလို့လား ၊ ငါးစိမ်းတွေ အတွက်လား ကောင်မလေးမှ သိမယ် ။ အခုလည်း အိပုတ် စီးမယ်ထင်တဲ့ ကြိုးသိုင်းဒေါက်ဖိနပ်လေးကို စီးနေတယ် ။ တကယ်ပဲ ဘဝင်ဆူလောက်ပါပေတယ် ။

အဝတ်လျှော်စက်ထဲ အဝတ်ဟောင်းတွေထည့် ၊ ဆပ်ပြာမှုန့်ထုပ် အသစ်ကို ဖွင့် ၊ ဆပ်ပြာတွေ လောင်းထည့်မယ် အလုပ်မှာ သူ့မမရဲ့ အော်ခေါ်သံကြောင့် အိပုတ် သူ့လက် အသာ ရုပ်လိုက်ရတယ် ။

အိပုတ် အခုတော့ သူ့မမမောင်းလာတဲ့ ကားရဲ့ နောက်ခန်းကူရှင်ပေါ်မှာ အငြိမ့်သား လိုက်လာတယ် ။ သူမြင်ဖူးတဲ့ မမရဲ့ သူငယ်ချင်းလေးတွေ ထိုင်သလို သူ ပေါင်နှစ်လုံးကို လိမ်ထားရင်း ဘေးဘီပတ်ဝန်းကျင်ကို စိတ်လွတ်ကိုယ်လွတ် ငေးမိ ငမ်းမိတယ် ။ ကောင်မလေးက ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းရင်း သီချင်းခွေတစ်ခွေ ကက်ဆက်ထဲ ထည့်လိုက်တယ် ။ သီချင်းစာသားတွေကို နားမလည်ပေမယ့် အလွမ်းသီချင်းမှန်း သိတဲ့ အိပုတ် တောင်မှ ရောယောင်ပြီး လွမ်းမိသလိုလိုနဲ့ ။

ကောင်မလေးက အလှကုန်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ ဝယ်တယ် ။ အထည်စတွေ ဝယ်တယ် ။ စားသောက်ကုန်တွေ ဝယ်တယ် ။ အိပုတ် ကတော့ ကားပေါ်မှာ ပစ္စည်းတွေ စောင့်ကျန်ရစ်ခဲ့တယ် ။ မှန်အလုံပိတ်ခဲ့ပေမယ့် လေအေးစက် ဖွင့်ထားခဲ့တော့ အိပုတ် နေသာတာပေါ့ ။ မမ အလစ်မှာ မမဝယ်လာတဲ့ ပစ္စည်းတွေကို သူ့စိတ်ကူးနဲ့ လိမ်းခြယ် ဝတ်ဆင်စားသောက် ပြစ်မှား ပြီးပြီ ။

သူ့မမက ဒီတစ်ခါတော့ တိုးလျှိုပေါက် မြင်ရတဲ့ မှန်အကြည်တွေနဲ့ ကာရံတည် ဆောက်ထားတဲ့ အအေးဆိုင်ကြီး တစ်ခုထဲကို ဝင်သွားတယ် ။ အိပုတ် သိတယ် ၊ ဒီဆိုင်မှာ သူ့မမနဲ့ သူ့ရည်းစားနဲ့ လာပြီး အအေးသောက်ရင်း အပြုံးကုန်တွေ ဖလှယ်နေကျ ဆိုင်ပေါ့ ။ အိပုတ် တွေးမိတာ သူ့မမကို ကိုကို့ကို သတိရလို့ ဒီဆိုင်ထဲ ဝင်ပြီး ဗိုက်မဆာဘဲ တစ်ခုခု သောက်တာလေလား ။ ဆိုင်ကြီးက ဈေးကြီးတဲ့ ဆိုင်ကြီးဆိုတော့ လူသူ ရှင်းနေတယ် ။

ဆိုင်ရှင် အမျိုးသမီးကြီးက ကောင်မလေးကို ပြုံးပြတယ် ။ ကောင်မလေးကတော့ ခါတိုင်း နှစ်ယောက် လာနေကျ ၊ အခု တစ်ယောက်တည်း လာခဲ့မိလို့ စိတ်ထဲ မလုံမလဲ ဖြစ်မိတယ် ။

လေအေးစက် ဖွင့်ထားပြီး မီးရောင်တွေ ထွန်းလို့ ၊ ရုပ်သံစက်က ဖက်ရှင်တီဗီရဲ့ အစီ အစဉ် လွှင့်ထားတဲ့ ဆိုင်ထဲမှာ ကိုယ်ဟန်ကျော့ရှင်းပြီး အဖိုးတန် အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ကောင်မလေး ၊ တွေးငေးငေးနဲ့ ထိုင်နေတယ် ။ အေးလွန်းလို့ အအေးချွေးတွေ သီးနေတဲ့ နို့နှစ်ချောကလက်ဖျော်ရည်ခမျာ နဂိုရည်မပျက်ရှာသေးဘူး ။

လမ်းပေါ်မှာ ယာဉ်အမျိုးစုံ ဖြတ်သွားနေကြသလို ပလက်ဖောင်းပေါ်မှာလည်း ခေါင်းရွက်ဈေးသည် ၊ လက်ပွေ့ ဈေးသည် ၊ ဂက်စ်မီးခြစ်ထည့်သူ ၊ မှတ်ပုံတင်ကတ် ပလတ်စတစ် လောင်းသူ ၊ ဂျာနယ်လက်ပွေ့သည် ၊ ပင်စင်စား ၊ ရုပ်ရှင်လက်မှတ် တိုးရောင်းသူ ၊ ပူဖောင်း သည် ၊ ထီးပြင်တဲ့သူ ၊ ပန်းလည်ရောင်းတဲ့သူ ၊ လက်သည်းခြေသည်း လှီးတဲ့သူ ၊ စည်ပင်သန့်ရှင်းရေးလုပ်သား အလွှာမျိုးစုံ ဖြစ်သွားနေကြတယ် ။

မှန်အလုံ ကာထားတဲ့ အအေးဆိုင်ထဲက တစ်ယောက်တည်း ရှိနေတဲ့ ကောင်မလေးကို သူတို့ ကြည့်ကြည့်သွားလိုက်ကြတာ ၊ ရွှေငါးဆိုင်က မှန်ကန်ထဲက ငါးတစ်ကောင်ကြည့် သလိုမျိုး ။ တချို့ကလည်း ကြည့်ချင်ပွဲကို ဖြတ်လျှောက်ကြည့်သွားသလိုမျိုး ၊ တချို့ကလည်း အံ့ပွဲပိုစတာကို ကြည့်သလိုမျိုး ကြည့်သွားကြတယ် ။

ပလတ်စတစ်နဲ့ စက္ကူစုတ်တွေ လည်ကောက်တဲ့ ကောင်လေးက မှန်လုံကားထဲမှာ ပိတ်လှောင်ထားတဲ့ အိပုတ်ကို သူ့လက်ညှိုးလေးနဲ့ ကွေးချည်ဆန့်ချည်နဲ့ ကရော် ကရော် လုပ်ပြီး လျှာထုတ်ပြသွားတယ်လေ ။

ကောင်မလေးနဲ့ ကောင်လေးနာမည်တွေကို မိတ်ဆွေတို့ကို ရွေးချယ်ဖို့ မေတ္တာ ရပ်ရတာ အလွန်အားနာဖို့ ကောင်းတယ် ။ ကျွန်တော် ရွေးလိုက်တဲ့ နာမည်တွေနဲ့ အပြင်မှာ တကယ် ရှိနေတဲ့ လူတွေရဲ့ နာမည်နဲ့ တိုက်ဆိုက်နေရင် အားနာစရာ ဖြစ်နေမှာစိုးလို့ မဟုတ်ဘူး ။

ကျွန်တော်ကလည်း တော်တော်ကို ညံ့ပါတယ် ။

ဒီကောင်မလေးနဲ့ ကောင်လေးတို့ရဲ့ သူတို့လူမျိုး ဓလေ့စရိုက်အရ မှည့်ထားတဲ့ နာမည်တွေကို မြန်မာလို ပီသအောင် စာလုံး မပေါင်းတတ်ဘူးလေ ။

⎕ ညီပုလေး
📖ဟန်သစ် မဂ္ဂ‌ဇင်း
     မေ ၊ ၂၀၀၄

No comments:

Post a Comment