❝ သိုက်တူးသူ ❞
( ပီမိုးနင်း )
ည ( ၁၀ ) နာရီ ရထားသည် ရန်ကုန်ဘူတာကြီးမှ ထွက်လေ၏ ။ ပထမတန်းတွဲ တစ်တွဲ၌ အသက်နှစ်ဆယ်ခန့် ရှိသူ မိန်းမပျို တစ်ယောက် ၊ အသက်ငါးဆယ်ခန့် ရှိသော မိန်းမကြီး တစ်ယောက် ၊ ၎င်းမိန်းမကြီးနှင့် တွဲ၏ တစ်ဖက်ရှိ ထောင့်တစ်ခုမှာ ထိုင်သော အသက် သုံးဆယ်ခန့်ရှိ ယောက်ျား တစ်ယောက် ၊ ပေါင်း သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် စကား မပြောဘဲ အတန်ကြာစွာ သွားကြလေ၏ ။
ထို့နောက် မိန်းမကြီးက ဆိတ်ငြိမ်ခြင်းကို စ၍ ဖြိုဖျက်သော အနေဖြင့် စကားကို စလေ၏ ။
“ မောင်ရင်က ဘယ်ကို လိုက်မလို့လဲ ”
“ ကျွန်တော် ပုသိမ်ကို ၊ အဒေါ်တို့ကော ”
“ အဒေါ်တို့က ဟင်္သာတတင်ပါ ”
“ အပြန်လား ၊ အသွားလား ”
“ အဒေါ်တို့ အပြန်ပါ ၊ မောင်ရင် ကကော ”
“ ကျွန်တော်ကတော့ အသွားပါ ”
“ မေးလွန်းတယ်လည်း မအောက်မေ့ပါနဲ့ မောင်ရယ် ၊ ဘယ်လို ကိစ္စနဲ့လဲ ”
“ မေးပါ အဒေါ် ၊ ကျွန်တော်တို့ သွားရမယ့် ခရီးက အဝေးသားမို့ တစ်တွဲတည်းမှာ တွေ့ကြရခြင်းဟာ အသိမိတ်ဆွေ ဖြစ်လို့ အကြောင်းဆိုက်လာခြင်း တစ်မျိုးပါပဲ ။ အခုလို အသိမိတ်ဆွေ ဖြစ်ဖို့ရန် လမ်းအခွင့်ကြုံပါလျက်မှ တိတ်ဆိတ်နေကြမယ်ဆိုရင် ကြုံလာတဲ့ လမ်းအခွင့်ကို လက်သင့်မခံရာ ရောက်သည်သာမက မျက်နှာမြင် မုန်းချင်ပါစေ ဆိုတဲ့ ဆုတောင်းနဲ့ လာပြီး တွေ့ကြသလို ဖြစ်တတ်ပါတယ် အဒေါ် ”
“ မှန်ပေတယ် မောင်ရင် ၊ အသိမိတ်ဆွေကောင်း ဆိုတာ လိုက်လို့တောင် ရှာရပါသေးတယ် ”
“ လိုက်ရှာလို့လည်း မိတ်ဆွေကောင်းကို တွေ့ချင်မှ တွေ့မယ် အဒေါ်ရဲ့ ။ ယခုလို မရှာဘဲနဲ့လည်း မိတ်ဆွေကောင်းနဲ့ တွေ့ချင်တွေ့ တတ်တာပါပဲ ”
“ အင်မတန် မှန်ပါတယ် ။ တစ်ညအိပ် ခရီးမှာ မောင်ရင်နဲ့ အဒေါ်တို့ ယခုလို တစ်ယောက်နဲ့ တစ်ယောက် အဖော်အလှော် ဖြစ်ကြပါလျက်မှ အသိမိတ်ဆွေ မဖွဲ့ဘူး ဆိုရင် လူတို့၏ ကျင့်ဝတ်နဲ့ မညီညွတ်ဘူးလို့ ဆိုရမှာပါပဲ ”
“ အစိမ်း ၊ အကျက် မရွေးဘူး ဆိုတဲ့ စကားဟာ လူစကား မဟုတ်ဘူး အဒေါ်ရဲ့ ”
“ ဘယ်လိုပါလဲ မောင်ရင်ရဲ့ ”
“ ဒီလူဟာ အစိမ်းအကျက် မရွေးဘူး ၊ တမင် ချိုင်တာပဲလို့ ပြောတဲ့ စကားတစ်မျိုး ရှိပါတယ် ။ ဒီစကားအရ လူကျက်ကို မချိုင်နဲ့ ၊ လူစိမ်းကိုဖြင့် ချိုင်ချင်ချိုင်တော့လို့ ပြောလိုတဲ့ စကား မဟုတ်ပေဘူးလား အဒေါ်ရဲ့ ”
ဆေးပြင်းလိပ်ကို မီးညှိ၍ သောက်လေ၏ ။
“ ဒီလိုကျနေတာပဲ ” ( ကွမ်းအစ်ကို ဖွင့်၍ ယာလေ၏ )
“ ခွေးများ သဘာဝမှာ မသိတဲ့ ခွေးစိမ်းတစ်ကောင် ရွာကို ရောက်လာရင် ခွေးကျက်တွေက ဝိုင်းပြီး ဟောင်ကြ ၊ ဟိန်းကြ ၊ ရန်လိုကြတယ် မဟုတ်လား ” ( ဆေးလိပ် မီးခိုးကို မော့၍ လွှတ်လေ၏ ။ )
“ ဟုတ်ကဲ့ မောင် ၊ မောင်ရင် ပြောတာ အင်မတန် မှန်ပါတယ် ” ( ကွမ်းယာကို ပါးစပ်ထဲ ထည့်ပြီး ) “ မောင်ရင် ကွမ်းစားပါ ” ဟု ပြောကာ ကွမ်းအစ်ကို ယောက်ျား ဘက်သို့ လှမ်း၍ ပို့လေ၏ ။
“ ဒီတော့ လူမှာ ခွေးများနဲ့ မတူရအောင် အစိမ်းကို အကျက်ထက် ပိုမိုပြီး ဂရုစိုက်ဖို့ သင့်တယ်လို့ ကျွန်တော် ဆိုလိုပါတယ် ”
မိန်းမကြီး ။ ။ “ ဟုတ်ကဲ့ ၊ လူတစ်ဦးတစ်ယောက်မှာ ဘာအပြစ်မှ မရှိဘဲလျက် စိမ်းရုံနဲ့ ရန်လိုမယ် ဆိုရင် လူများဟာ တိရစ္ဆာန်နဲ့ အင်မတန်ကြီး မခြားနားကြသေးဘူးလို့ ဆိုရမှာပဲ ”
ယောက်ျား ။ ။ “ ဟုတ်တယ် အဒေါ် ၊ အခုတော့ အဒေါ်က စပြီး နှုတ်ဆက်သည့်အတွက် ကျွန်တော့်မှာ လူ့ဝတ္တရား တစ်ခု ဒီနေရာမှာ ပျက်ကွက်သလို ဖြစ်နေပါတယ် ”
မိန်းမကြီး ။ ။ “ အို .. ဒီလို မဟုတ်ပါဘူး ၊ မောင်ရင်က ယောက်ျား ၊ အဒေါ်တို့က သားအမိနှစ်ယောက် ၊ မိန်းမချည်းပါ ။ ဒီတော့ စပြီး အသိဖွဲ့ဖို့ တာဝန်ဟာ အဒေါ်တို့ အပေါ် ရှိပါတယ် ”
ယောက်ျား ။ ။ “ ဒါလည်း ဟုတ်ပါရဲ့ ၊ သို့သော်လည်း ကျွန်တော် ဘာကိစ္စနဲ့ သွားတယ်ဆိုတာ ပြောစရာ တာဝန် ရှိနေပါသေးတယ် ။ ကိစ္စကတော့ အထူး မဟုတ်ပါဘူး ။ ကျွန်တော်က ရန်ကုန်မြို့မှာ အလုပ်တိုက်ကြီး တစ်တိုက်က ခန့်ထားတဲ့ စပါးပွဲစားတစ်ဦး ဖြစ်ပါ တယ် ။ ဟိုနယ်မှာ ကျွန်တော်နဲ့ အလုပ် ဆက်သွယ်တဲ့ ပွဲစားကုန်သည်တွေ အများပဲ ရှိကြပါတယ် ။ ဒီအတွက် မရောက်မပေါက်တာ အတော်ကြာလေတော့ ဟိုကလည်း တစ်ခါတစ်ခေါက် လာရောက်ဖို့ မှာသည့် အတွက် သွားရခြင်းပါပဲ ။ အထူးကိစ္စတော့ မရှိပါဘူး ” ဟု ( ဆေးပြင်းလိပ်ကို လွှင့်ပစ်ပြီး ကွမ်းအစ်ကို ယူ၍ ကွမ်းယာလေ၏ ။ )
မိန်းမကြီး ။ ။ “ မောင်ရင့် နာမည် ”
ယောက်ျား ။ “ ကျွန်တော့်နာမည် အဒေါ်တို့ ကြားဖူးမှာပါပဲ ။ မောင်နီ လို့ ခေါ်ပါတယ် ”
မိန်းမကြီး ။ ။ “ ဪ .. ဦးနီ ဆိုတာလား ၊ အဒေါ် တို့ ကြားရတော့ အင်မတန် ကြီးပြီ အောက်မေ့မိတယ် ။ ဘာမှ မကြီးသေးပါကလား ”
မောင်နီ ။ ။ “ ကျွန်တော် အသက် ( ၃၀ ) ကျော်ပါပြီ ”
မိန်းမကြီး ။ ။ “ ဝမ်းသာတယ် ၊ မောင်ရင့် နာမည် ကိုတော့ ကြားဖူးပါရဲ့ ။ လူကိုတော့ ခုမှ မြင်ဖူးတာပဲ ။ အလုပ်ကတော့ တယ်ကြီးပေတာပဲနော် ”
မောင်နီ ။ ။ “ အလျောက် အလျောက် ကျွမ်းကျင်ရာ လုပ်ကြရတာပါပဲ ။ အဒေါ်က ရန်ကုန်ကို ဘယ်လို ကိစ္စနဲ့ လာသတုံး ”
မိန်းမကြီး ။ ။ “ အဒေါ် ယောက်ျားက ဒီသူငယ်မရဲ့ ဖခင်ပေါ့ ။ မန္တလေးကို ခေတ္တ ပြောင်းရလို့ ရန်ကုန် အထိ လိုက်ပို့ပါတယ် ”
ယောက်ျား ။ ။ “ ဪ …. အစိုးရအလုပ်နဲ့ ပြောင်းရတယ် ထင်ပါရဲ့ ”
မိန်းမကြီး ။ ။ “ မှန်ပါတယ် ၊ ရာဇဝတ်ဝန်ကလေး ပါပဲ ။ မန္တလေးကို ခေတ္တပြောင်းရတာပါ ။ ဒီ့အတွက် အဒေါ်တို့လည်း လိုက်ဖြစ်မယ်လို့တောင် အမှန် မပြောနိုင်ပါဘူး ။ ပင်စင်ယူဖို့ နီးပါပြီ ။ ရှေ့နှစ်ခါပဲ ။ အဒေါ်နာမည် ကတော့ ဒေါ်ရုံတဲ့ ။ မှတ်ထား ၊ မောင်ရင်ရဲ့ ရောက်ရင် ဝင်ပါ ”
“ လမ်းမတော်က ဦးသာရင်တို့နဲ့ အဒေါ်တို့ သိမှာပေါ့ ။ ဝန်ထောက်ကတော် ဒေါ်ရုံ မသိလို့ သူတို့ ပြောတာကို တစ်ခါနှစ်ခါ ကြားဖူးပါတယ် ”
မိန်းမကြီး ။ ။ “ သိပေါ့ မောင်ရယ် ၊ မိတ်ဆွေ မင်းကြီးပါပဲ ။ သူ့သမီး မစောက ဟောဒီက အဒေါ်သမီးနဲ့ စိန်မေရီကျောင်းမှာ အတူနေခဲ့ဖူးပါတယ် ။ မင်းကတော် ဒေါ်အုံ ကော မာပါရဲ့လား မောင်ရဲ့ ”
နီ ။ ။ “ မာပါတယ် ၊ မာပါတယ် ။ အားလုံး ကျန်းကျန်းမာမာပါပဲ ။ ကျွန်တော်နဲ့ အလွန်ပဲ ခင်ကြပါတယ် ” ( မိန်းမပျိုဘက်ကို လှည့်၍ ။ ) “ ဪ … မစောနဲ့ ကျောင်း နေဖက်ကိုး ။ အင်္ဂလိပ်စာ ဘယ်နှတန်း ရောက်သလဲ ”
သမီး ။ ။ ( ရှက်ကိုးရှက်ကန်း အမူအရာနှင့် ။ ) “ ဟုတ်ကဲ့ ၊ အတူတူ နေခဲ့ဖူးပါတယ် ။ မစောက ရှစ်တန်း ၊ ကျွန်မက ကိုးတန်းမှာ ထွက်ခဲ့ပါတယ် ”
ဒေါ်ရုံ ။ ။ “ အလကားပါပဲ မောင်ရယ် ၊ ငွေကုန်တာပါပဲ ။ အကျိုးတော့ တယ်ပြီး မရှိပါဘူး ” ( သမီးကို လှည့်၍ ကြည့်၏ )
မောင်နီ ။ ။ “ အကျိုးရှိပါသေးကော အဒေါ်ရယ် ”
ဒေါ်ရုံ ။ ။ “ အခု ကိုးတန်းမှာ ထွက်လာခဲ့တယ် ။ စကားကလေးတော့ ပြောတတ်ပါရဲ့ ။ စာကလေး ပေကလေးများလည်း ဖတ်လို့ နားလည်ဟန် ရှိပါရဲ့ ။ ဒီပြင် ဘာမှ အကျိုးမမြင်ဘူး ”
နီ ။ ။ “ နို့ စကားပြောတတ်လား ၊ ဖတ်တတ် ၊ ရွတ်တတ်တာ အကျိုးပေါ့ ။ အဒေါ်က ဘယ်လို အကျိုးများ လိုချင်သေးသလဲ ”
ရုံ ။ ။ “ သင်ထားတဲ့ ပညာကို အသုံး မချရတာ ပြောပါတယ် မောင်ရင်ရဲ့ ”
နီ ။ ။ “ ယခုခေတ်ကာလ ပညာများဟာ အသုံးမချရအောင် တမင် လုပ်ထားတဲ့ ပညာတွေပါ ။ ဒီအတွက် အထူးပြောစရာ မရှိပါဘူး ။ အသုံးကျတဲ့ ပညာ မဟုတ် လို့သာ ဒီငွေထက် နှစ်ပေါင်းများစွာ စရိတ် အကုန်အကျ မြောက်မြားစွာခံပြီး သင်ကြားကြရတာပေါ့ အဒေါ်ရဲ့ ”
မိန်းမကြီး ။ ။ “ မောင့်စကားက အဆန်း ”
မောင်နီ ။ ။ “ အင်မတန် ရိုးတဲ့ စကားပါ အဒေါ် ၊ အသုံးချလို့ရတဲ့ အတတ်ပညာ တစ်ခုခုကို သုံးနွေ သုံးမိုး သင်ရင် တတ်ပါတယ် ။ လယ်ယာစိုက်ပျိုးတဲ့ အတတ်များမှာတော့ အသုံးကျ အားကြီးလို့ တကယ်ပဲ သင်တောင် မသင်ရဘူး ။ လောကမှာ အပို အလုပ်သာ အချိန် များများ ကုန်တာပါ ။ မိန်းကလေးများမှာလည်း အရေးကြီးတဲ့ ချက်ရေးပြုတ်ရေး ၊ သိမ်းဆည်းရေးအတွက် ကုန်တဲ့ အချိန်ဟာ အရေးမကြီးတဲ့ မျက်ခုံးမွေး နုတ်ရင်း အတွက် ကုန်တဲ့ အချိန်လောက် များမယ်လို့ ကျွန်တော် မထင်ဘူး အဒေါ်ရဲ့ ”
မိန်းမပျိုကို ရိတ်ခနဲ စောင်း၍ ကြည့်ကာ ပြုံးလေ၏ ။ မိန်းမပျိုမှာ မျက်နှာနီဝင်း၍ လာ၏ ။
မထွား ။ ။ “ နောက်တစ်ခါ ကျွန်မ ဖြီးလိမ်းတဲ့ အခါ ဘယ်လောက်ကြာတယ် သိရအောင် စကင်း နာရီ ဆောင်ထားရဦးမှာပဲ ” ဟု မည်သူကိုမှ မကြည့်ဘဲ မိမိ၏ ရှေ့တည့်တည့်ကို ကြည့်ကာ မျက်နှာထား ချိုချိုနှင့် ပြောလေ၏ ။
နီ ။ ။ “ သို့သော်လည်း ဘာသာစကား တစ်မျိုးထက် နှစ်မျိုးပိုပြီး တတ်ထားခြင်းဟာလည်း ကောင်းပါ ရဲ့ ”
ရုံ ။ ။ “ နှစ်မျိုး တတ်တာဟာ တစ်မျိုးမှ မတတ်တာနဲ့ အတူတူ ဖြစ်နေရင်လည်း အလကားပဲ ”
နီ ။ ။ “ ကျွန်တော်လည်း အိုင်အေအထိ သင်ခဲ့ဖူးပါ တယ် ။ ဘီအေ မအောင်ပေလို့ တော်တော့တာပဲ ”
ရုံ ။ ။ “ ဘာဖြစ်လို့လဲ မောင်ရင်ရဲ့ ”
နီ ။ ။ “ ဘီအေအောင်ရင် မြန်မာစာကို တောင် လေးလုံးကွဲအောင် ဖတ်တတ်မှာ မဟုတ်ဘူး ”
“ ဪ … မောင် အိုင်အေ ရောက်ခဲ့သကိုး ”
နီ ။ ။ “ ရောက်ရုံပါပဲ ”
ရုံ ။ ။ “ အိုင်အေ ဆိုရင် အင်္ဂလိပ် အတော် တတ်မှာပဲ ”
နီ ။ ။ “ အိုင်အေ ကတော့ တတ်ပါရဲ့ ၊ ကျွန်တော်သာ စာကောင်းကောင်း မတတ်ခဲ့တာပါ ”
မထွားသည် မောင်နီ စကားပြောတိုင်း ကြည့်ကာ “ ဘယ့်နှယ် လူပါလိမ့်မလဲ ” ဟု ပြောကာ ပြုံးရယ်သော အနေနှင့် ပြုံးရယ်လေ၏ ။ ဒေါ်ရုံသည်လည်း တပြုံးပြုံး နေလေ၏ ။ မောင်နီသည်ကား မိမိ၏ စကားများကို ဣန္ဒြေကြီးနှင့် ပြောလေရာ သာ၍ပင် ရယ်စရာ ကောင်း၍ နေလေ၏ ။
ရုံ ။ ။ “ မတတ်ပေမယ့် မောင့်အလုပ်က ဘီအေ အမ်အေ အောင်သူ အလုပ်ထက် ကြီးနေတာပဲ ”
နီ ။ ။ “ အဆုံးကျတော့ အဒေါ်ရယ် ၊ အသက် ကောင်းကောင်း မွေးလောက်တဲ့ အတတ်ဆိုရင် သိပ္ပံကပဲ ရသည် ဖြစ်စေ ၊ ဒွန်းစန္ဒားထံကပဲ ရသည် ဖြစ်စေ အတူတူပါပဲ ။ သိပ္ပံပညာ ဆိုတာ ဘာမှ သေသေချာချာ မသိတာတွေကို ပုလဲကုံး သီသလို သီပြီး လည်ပင်းမှာ ဆွဲပေးလိုက်တဲ့ အရာတွေပါပဲ ။ ကျွန်တော့်မှာ သားသမီး ရှိရင် ခေတ်ကာလ သမယအလျောက် ပြောတတ် ၊ ဆိုတတ် ၊ ရေးတတ် ၊ ဖတ်တတ် ၊ တွက်တတ် ၊ ချက်တတ် ရုံ သင်ပေးပြီး ဝါသနာပါရာကို တွန်းပေးလိုက်မှာပဲ ။ ဘယ်သူ့သား ဘိလပ်က ဝတ်လုံဖြစ် ပြန်လာတယ် ။ ဘယ်ဝါ့သားက အမ်အေ အိုင်စီအက်စ်ပဲ ဆိုတာတွေကို အားကျပြီး သားသမီးကို မဆိုင်တာ သင်ပေးခြင်းဖြင့် ညှဉ်းဆဲခြင်းကိုတော့ မပြုလိုပါဘူး ။ လောကမှာ ရိုးသား ဖြောင့်မတ်ပြီး ဝီရိယရှိ၍ အသက်မွေးမှု တစ်ခုခု တတ်ရင် ဘာပညာမှ သင်ဖို့မလိုပါ ။ ဘယ်ဘွဲ့ ၊ ဘယ်လက်မှတ်မှလည်း ရဖို့ မလိုပါဘူး အဒေါ်ရဲ့ ။ လက်မှတ် ဆိုတာ ဒီ လက်မှတ်နဲ့ တင်းတိမ်စေတတ်တာမျိုးမို့ လူညွန့်ကို အများအားဖြင့် တုံးစေတတ်ပါတယ် ။ လက်မှတ်ရပါလျက် လူညွန့်မတုံးတဲ့ လူများဟာ ထူးချွန်တဲ့လူ အနည်းငယ်မျှသာ ရှိပါတယ် ”
“ မောင် ပြောတာ ကောင်းပါရဲ့ ၊ သို့သော်လည်း ရိုးဖြောင့်တဲ့ အတတ် ဆိုတာက မွေးသန္ဓေနဲ့ ပါတတ်တာမို့ အတော် အသင်ရခက်မှာပဲ ”
“ မခက်ဘူး အဒေါ် ၊ လူကြီးမိဘက မရိုးမသားတဲ့ အကြံ ၊ မရိုးမသားတဲ့ စကား ၊ မရိုးမသားတဲ့ အလုပ်ကို အမြဲ ရှောင်ကြဉ်ပြီး မရိုးမသားခြင်းဟာ အလွန်တရာ စက်ဆုပ်ရွံ့ရှာ ၊ မုန်းစရာကောင်းတဲ့ အရာမျိုးပါတကား ဆိုတဲ့ စိတ်ကို သားသမီးများ၏ စိတ်ထဲမှာ ပေါ်ပေါက်အောင် ကောင်းမြတ်တဲ့ နမူနာကို အမြဲ ပြမယ် ဆိုရင် တစ်ရာမှာ တစ်ယောက် ၊ ကောက်ကျစ်တဲ့စိတ် ပေါ်လာဖို့ရန် လွန်စွာမှ ခက်ပါတယ် ”
“ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုတာ မျိုးလိုပေါ့ ။ နို့ ဒါထက် စကားမစပ် မောင်ရင်မှာ ဘယ်နှယောက် ရှိပါသလဲ ”
“ ကျွန်တော့်မှာ အမေအိုကြီး တစ်ယောက်ကိုသာ မွေးကျွေးဖို့ ရှိပါတယ် ။ သားမရှိ ၊ မယားမရှိ တစ်ကိုယ်တည်း လုပ်ကိုင်ရှာကြံနေရတဲ့လူပါ အဒေါ်ရဲ့ ”
“ ဪ ... တစ်ယောက်တည်းကိုး ၊ လုပ်ကိုင်ရှာကြံ ကျွေးမွေးပြုစုဖို့ သားမယား အိမ်ထောင်မှုတာဝန် မရှိဘဲနဲ့ ဒီလောက် အလုပ်ကြီးကြီး လုပ်နိုင်တာ အင်မတန် တော်ပေတာပဲ ”
“ ကျွန်တော့်မှာ သားမယား မရှိသော်လည်း သားမယား ရှိသလို မိမိ စိတ်ထဲမှာ တာဝန်ကြီးကို ထားပြီး ကြံရ ၊ စည်ရပါတယ် ။ ငါ တစ်ယောက်တည်းပဲ ။ ဘာပူစရာ ရှိသလဲ ဆိုရင် ယခုလို ဖြစ်ဖို့ အင်မတန် ခက်မှာပါပဲ ”
“ တော်ပေတယ် မောင် ၊ တော်ပေတယ် ။ ဒီလိုဖြင့် မောင်ရင်မှာ သားမယားကို စိတ်နဲ့ ယူနေရတာပေါ့လေ ”
“ အများအားဖြင့် လူဓမ္မတာဟာ လူပျိုဆိုရင် တာဝန် မရှိလို့ ပေါ့တတ်ပါတယ် ။ သားမယားတာဝန် ရှိလာပြီ ဆိုတော့ လူချင်း မတူမှာ စိုးတာနဲ့ ကြိုးစားတာပေါ့ အဒေါ် ရဲ့ ”
“ ဒါကြောင့် ချောင်တုန်းက မချောင် ၊ ကြပ်ခါမှ ချောင်တယ်လို့ သဘင်သည်များ ပြောကြတာကိုး ။ မောင်ရင်မှာ စိတ်ထဲမှာ အိမ်ထောင်ပြုထားလို့ ဒီလောက် ကြီးပွားတာပဲ ။ အကယ်၍ တကယ်များ အိမ်ထောင်ရှိရင် ဒီထက် ကြီးပွားမှာပဲ ” ( မဖွားသည် ပြုံး၍ နေလေ၏ ။ )
“ ကံစပ်မိရင် ကြီးပွားသင့်ပေတာပေါ့ အဒေါ်ရဲ့ ၊ သူ့ကံကိုယ်ကံကလည်း ရှိသေးတာကိုး ။ သို့သော်လည်း အဒေါ်ရဲ့ လောကမှာ ယောက်ျားသာ သိုက်တူးတာ မဟုတ် ။ မိန်းမများထဲမှာလည်း သိုက်ဆရာတွေ များတတ်တာမို့ သတိထားရပါတယ် ”
“ ဟုတ်ပေတယ် မောင်ရင် ၊ ဒါ့ကြောင့် မိန်းမများလည်း ယောက်ျားနဲ့ အတန်း တူလာပြီ ဆိုတဲ့ စကားပေါ် တာပဲ ”
“ လွတ်လပ်ခြင်း တစ်မျိုးပေါ့ အဒေါ် ”
“ ဟုတ်ကဲ့ ၊ လွတ်လည်း လွတ်ကြပါရဲ့ ။ လပ်လည်း လပ်ကြပါရဲ့ ”
“ ကိုယ်ပိုင် အုပ်ချုပ်ခြင်းကို အားထုတ်နေတဲ့ ခေတ်ကြီးပေကိုး အဒေါ်ရဲ့ ”
“ မောင် ဒီလို အတွေးအတောတွေကြောင့် ကြီးပွားတာပဲ ။ မောင်နဲ့ တွေ့ရတာ အင်မတန် ဝမ်းသာပါတယ် ။ မောင်ရင့် ဇာတိက ဘယ်အစပ်ကလဲ ”
“ ကျွန်တော့်ဇာတိ မန္တလေးကပါ ”
“ မန္တလေး ဘယ်အရပ်ကလဲ ”
“ စိန်ပန်းရပ်ကပါ ၊ ဖခင် အနိစ္စ ရောက်ပြီးကတည်း က မိခင်နဲ့ အတူ ရန်ကုန်မှာ ရှိတဲ့ ဆွေမျိုးများထံ လာရောက် ခိုကိုးရာက အထက်မပြန်ဘဲ အလုပ်လုပ်နေရတော့တာပါပဲ ”
“ အဒေါ်တို့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်နှစ် ၊ ရှစ်နှစ်လောက်အခါက မန္တလေးမြို့ စိန်ပန်းရပ်မှာပဲ နေခဲ့တာပဲ ။ မောင် ဒီတော့ ဟိုမှာ ရှိသလား ”
“ ကျွန်တော် ရန်ကုန် ရောက်တာ ခြောက်နှစ်လောက် ရှိပါသေးတယ် ။ ရှိမှာပဲ ”
ထိုအခိုက်တွင် မိန်းမပျို၏ မျက်နှာသည် လင်း၍ လာလေ၏ ။ မျက်လုံးများမှ အရောင်ထွက်လျက် မောင်နီ ကို သေချာစွာ ကြည့်ပြီး ...
“ ဪ ... ရှင် ကိုနီလား ”
“ ဟုတ်ပါတယ် ၊ အခုတော့ ဦးနီလို့ ခေါ်ကြတယ် ”
“ ရှင် ခုနက နာမည်ပြောတော့ ကျွန်မ ယီးတီးယားတား ဖြစ်ပြီး စဉ်းစားပြီးနေတယ် ” ဟု ပြောပြီး အံ့အားသင့်၍ နေသော မိခင်ကို ကြည့်ကာ “ မေမေ မသိဘူးလား မေမေရဲ့ ၊ ဆေးဆရာကြီး ဦး ... ”
“ ဦးမောင် ဟုတ်ကဲ့ ၊ ကျွန်တော် ဦးမောင်သားပါ ”
“ ဪ ... မောင် ဦးမောင့်သားလား ။ အဒေါ်တို့ အသိသားပဲ ”
“ ဟုတ်ပြီ ၊ ဟုတ်ပြီ ။ ကျွန်တော်လည်း သိပြီ ”
“ မင်း မထွား မဟုတ်လား ။ အင်စပက်တော် ဦးဖြူ သမီးလေ ”
“ ဟုတ်တယ် ။ အခု ရာဇဝတ်ဝန်ကလေး ဖြစ်နေတယ် ”
“ အဒေါ့် နာမည်ကိုတော့ ကျွန်တော် ဟိုတုန်း ကတည်းက မသိဘူး ” ဟု ပြောကာ မထွားကို ကြည့်ပြီး “ ဪ …. မင်း မထွားကိုး ၊ အရင်က ဒီလို မဟုတ်ဘူး အဒေါ်ရဲ့ ။ ပိန်ပိန်သေးသေး ကလေးရယ် ။ မနက်ကျရင် ပန်းပင်တွေကို ထပြီး ရေလောင်းတော့ ဦးလေးက စာထထကျက်တဲ့ အချိန်ပေါ့ ။ ကြီးလိုက်တာ မထွား ရယ် ။ အခု အသက် ဘယ်လောက် ရှိပြီလဲ ”
“ ကျွန်မ နှစ်ဆယ်ထဲမှာပါ ”
“ ဟိုတုန်းက ( ၁၂ ) နှစ် ၊ ( ၁၃ ) နှစ်လောက် ရှိမှာလား ။ တခြားလူတွေမှ မဟုတ်ဘဲကိုး ။ အင်း ... အင်း ၊ အခုလို တွေ့ရခြင်းဟာ ကုသိုလ်ပဲနော် ” ဟု မထွားကို ပြုံးရွှင်သော မျက်နှာနှင့် ကြည့်ကာ ပြောသေး၏ ။
ထွား ။ ။ “ ဦးနီ ၊ ဦးနီကို ကြားရပါရဲ့ ၊ အသိဖြစ်ကြောင်း တစ်ခါမှ မတွေးမိဘူး ”
နီ ။ ။ “ ကွဲသွားကြတာကလည်း နှစ်ပေါင်း အတော် ကြာသွားမှကိုး မောင်ရဲ့ ”
မောင်နီသည် မထွားကို စ၍ မြင်ကတည်းက မစောနှင့်လည်း မတူ ၊ မိမိ တွေ့ကြုံခဲ့ဖူးသော မိန်းကလေး များအနက် တစ်စုံတစ်ယောက်နှင့်မျှ မတူသည်ကို သတိထားမိပြီး ဖြစ်လေ၏ ။ အပျော်အပါးကို သတိမရ ။ စက်သူဌေးကြီးများ သဘောကျပြီး နောင် တိုးတက် ကြီးမြင့်လိုသော မာန်မာနနှင့် အလုပ်ထဲ၌သာ စိတ်ကို ထားခဲ့သောကြောင့် နောက်၌ ပုံ၍ ထားအပ်သော ဆန်စပါးကို သွေ့သွေ့ ခြောက်ခြောက် ဖြစ်၍ နေသော စိတ်နှလုံးသည် ပျိုးပြီးစ ပျိုးခင်းကလေး ကဲ့သို့ လည်းကောင်း ၊ အနှံဖုံးစ ဖြစ်၍ ဖောင်းပြည့်ဝသော ကောက်ပင်ကဲ့သို့ စိုပြည်ပြည့်ဝ၍ လာခဲ့လေ၏ ။
အလုပ်ကိစ္စတို့၏ မှိုင်ဝေရှုပ်ပွေခြင်းတည်း ဟူသော ကျပ်ခိုးစင်၌ တင်၍ ဆွဲထားအပ်သော ဘူးစေ့ ၊ ဖရုံစေ့နှင့် တူသော စိတ်သည် စိုပြည်သောမြေနှင့် တူသော ရူပါရုံ သြဇာဓာတ်နှင့် တွေ့လေရာ သန်စွမ်းဖြိုးထင်သော အညှောက်တည်း ဟူသော အချစ်သည် လန်းလန်းကြီး ထွက်ပေါ်၍ လာနှင့်လေသတည်း ။
ထိုကဲ့သို့ ပြောင်းလဲခြင်း ဖြစ်ရာတွင် ထိုရူပါရုံ အသားဝါ ဝင်းဝင်းညက်ညက်နဲ့ နောင်းနောင်းပြောင်းပြောင်း ပျော့ပျော့ကလေးဟာ အခြား မဟုတ် ၊ မိတ်ဟောင်း အသိ ဖြစ်ကြောင်းကို သိရသောအခါ အားတက်၍ လာလေ၏ ။
သို့စကားပြော၍ သွားကြရင်း မင်းကတော် ဒေါ်ရုံသည် သမ်းဝေ၍ လာလေ၏ ။
“ ကိုင်း ... အဒေါ်တော့ အိပ်မှ တော်မယ် ။ မအိပ်ရင် နက်ဖြန်ခါ ကျရင် ဖျားလိမ့်မယ် ။ အဒေါ်တို့ လူကြီး ဆိုတာ မောင်တို့ လူငယ်များလို အိပ်ပျက်မခံနိုင်ဘူး ” ဟု ပြောပြီး သေတ္တာထဲက ခေါင်းအုံးတစ်ခုကို ထုတ်ယူပြီး တုံးလုံးလှဲလေ၏ ။
“ မေမေ ၊ စောင်မယူတော့ဘူးလား ။ သန်းခေါင်ကျော်ရင် ချမ်းလိမ့်မယ် ” ဟု ပြောပြီး မိမိ၏ သေတ္တာမှ စောင်တစ်ထည်ကို ထုတ်ပြီး လာ၍ မထွားသည် မိခင်ကို လွှမ်းခြုံပေးလေ၏ ။
ထို့နောက် နှစ်ယောက်သား စကားမပြောဘဲ တအောင့်လောက်သာ ကြာကြာနေနိုင်၏ ။
" မထွား ။ ။ “ ကိုနီ တစ်ခါတည်း ပုသိမ်ကို အရောက်သွားမလို့လား ”
“ တစ်ခါတည်း သွားမယ်လို့ စိတ်ကူးတာပဲ ”
“ ပုသိမ်မှာ ဘယ်လောက် ကြာမလဲ ”
“ မပြောတတ်သေးဘူး ၊ ရန်ကုန်မှာလည်း ကိစ္စတွေ မရှင်းဘူး ။ ကြာကြာကြီး နေနိုင်မယ် မထင်ပါဘူး ”
“ ဟင်္သာတကို ဝင်ပါဦးလားရှင့် ”
“ ဝင်တော့ ဝင်ချင်သားပဲ ။ ကိစ္စတွေက များတယ် ။ မထွား သိတဲ့အတိုင်းပဲ ။ ကျုပ်တို့ ကုန်သည်ဆိုတာ အားလပ်တဲ့ရက် မရှိဘူး ။ နေထွက်က နေဝင်အထိ မှိတ်တဲ့ မျက်စိမှ တစ်ပါး အမြဲ ကြံစည်ပြီး နေရတာပဲ ”
“ တစ်ရက်နှစ်ရက် ပိုကြာလို့ ကိစ္စမရှိပါဘူးရှင် ။ ဒါတော့ စိတ်သာ မူလပါ ” ဟု ချစ်စရာကောင်းသော မျက်စောင်းကလေးနှင့် ကြည့်ကာ ပြောလေ၏ ။
မောင်နီမှာ ထိုစကားကို ကြား၍ ထိုကြည့်ခြင်းကို ခံလိုက်ရသည်မှာ နွေဥတုမှာ အိုက်သွေ့ခြောက်သော ရာသီ၌ ဝင်မလို နှင့် ရေခဲကို သောက်လိုက်လေသလို တစ်ရင်လုံး အေး၍ သွားပြီး “ မထွား ပြောတာလည်း မှန်ပါ ရဲ့ ၊ သို့သော်လည်း စဉ်းစားပါရစေဦး ။ အလုပ်တွေကို ဂဏန်းချကြည့်ပါရစေဦး ”
“ အံမယ် ဟိုဘက်က တောမီးတွေ ထင်ပါရဲ့ ။ တယ် ကြီးကျယ်ပါလား ။ တသွင်လုံး ထိန်လို့ပါကလား ” ဟု မထွားက ရှေ့၌ ရှိသော ပြတင်းပေါက်ကို ကြည့်ကာ ပြောလေ၏ ။
မထွားသည် ထိုပြတင်းပေါက်မှ အပြင်ကို ကြည့်ပြီး “ တောမီးလား ၊ အိမ်တစ်အိမ်ကို မီးလောင်တာများ လား ” ဟု ပြောပြီး မိမိ၏ အနီး၌ ရှိသော ပြတင်းပေါက်ကို မလေ၏ ။
ပြတင်းပေါက်သည် မပွင့်ဘဲ တင်းကျပ်၍ နေလေရာ မောင်နီသည် ထသွားပြီး ပြတင်းပေါက်ကို မရလေ၏ ။ သို့မသော အခိုက်တွင် မထွား၏ ဦးခေါင်းနားသို့ မိမိ၏ မျက်နှာ ရောက်သဖြင့် ပေါင်ဒါဆီမွှေးနံ့ကို ရလေ၏ ။ မထွား၏ ရင်မှ ထွက်ပေါ်လာသော နွေးသော အငွေ့ သည် မိမိ၏ ရင်ကို လာ၍ ဟပ်သည်ဟု မှတ်ထင်ရ၍ ကိုယ်ခန္ဓာ တစ်လျှောက်လုံးမှာ မြေငလျင် လှုပ်ရှားသလို တသိမ့်သိမ့်ခါ၍ သွားလေ၏ ။
တံခါးဝသို့ ဖွင့်၍ ပြီးသောအခါ မီးကို ဆက်၍ ကြည့်ပြီး “ တောမီးပဲ ထင်ပါရဲ့ ” ဟု ပြောကာ မိမိ၏ နေရာသို့ မပြန်သေးဘဲ ကြည့်၍ နေပြီး မထွား၏ မျက်နှာကို ကြည့်လေရာ မထွားက နောက်ကို ဆုတ်ပြီး မိမိ ထိုင်နေသော ကော်ဇော အပေါ်၌ နေရာကို ပေးလျက် “ ထိုင်ပါလား ကိုနီ ” ဟု ပြောလေရာ မောင်နီသည် မထွားဘက်သို့ မျက်နှာကို လှည့်ကာ ထိုင်လေ၏ ။
ထို့နောက် မန္တလေးမြို့ အကြောင်းကို ဆက်လက် ပြောဆိုကြလေ၏ ။ သို့စကား ပြောကြရာ အိပ်ချင်သော စိတ်ကို လုံးလုံးကြီး မေ့လျော့ကြလျက် လက်ပံတန်းမြို့သို့ ရောက်သည်ကိုမှ သတိမရကြဘဲ မေ့မေ့လျော့လျော့နှင့် ရောက်သွားကြလေ၏ ။
ထိုည လင်းအားကြီး အချိန်၌ သာရဝေါ ဆိပ်ကမ်း သို့ မီးရထားရောက်လေရာ မထွားသည် မိခင်ကို နှိုးလေ၏ ။ ထို့နောက် မောင်နီနှင့် မထွားသည် မထွားတို့ သားအမိ၏ ပစ္စည်းများကို ကူညီရန် အောက်သို့ ချပြီး မိမိ၏ သားရေအိတ်ကို မိမိ ကိုင်မည်ပြုလေရာ မထွားက ယူပြီး ကူလီကု,လားခေါင်းပေါ်၌ ရှိသော မိမိ၏ သံသေတ္တာပေါ်သို့ မောင်နီ၏ သားရေအိတ် တင်ပေးပြီး “ ဟဲ့ ... ကူလီ ၊ သတိထား သားရေအိတ် ကျသွားမယ် ” ဟု ပြောလေ၏ ။
ထို့နောက် ရထားမှ ဆင်းကြရာ မင်းကတော်ကြီးသည် ကူလီကု,လားများ၏ နောက်သို့ မြန်စွာ လိုက်သွားလေ၏ ။ မထွားနှင့် မောင်နီသည် နောက်က ယှဉ်လျက် စကားပြောရင်း လိုက်ပါ၍ သွားကြလေ၏ ။
မထွားနှင့် မင်းကတော်ကြီးသည် မောင်နီကို ဟင်္သာတမှာ တစ်နေ့လောက် နားဖို့ရန် မရမက ပြောကြသော အားဖြင့် ထိုနေ့၌ ၎င်းတို့၏ အိမ်မှာ တည်းရလေ၏ ။
မောင်နီနှင့် မထွားသည် တစ်ညလုံးလိုလို စကား ပြောကြလေ၏ ။ တစ်အိမ်သားလုံး အိပ်ကြသော်လည်း ၎င်းတို့ နှစ်ယောက်မှာ အိပ်ရမှာကို စိုးသကဲ့သို့ ဖြစ်လေ၏ ။ အကြောင်းမူကား အိပ်၍ ပျော်လျှင် ချက်ချင်း မိုးလင်းပြီး ကွဲရမှာကို ကြောက်ကြလေ၏ ။
နံနက်လေးနာရီ ထိုးသောအခါ “ ကိုင်း .. မထွား အိပ်ပျက်ရင် နေမကောင်းတတ်ဘူး ။ ကျုပ် ပုသိမ်က ပြန်ရင် ဝင်ဦးမယ် ။ အိပ်မှတော်မယ် ” ဟု ပြောလေ၏ ။
“ ပုသိမ်က ပြန်တော့သာ မဝင်ဘဲနဲ့ တိတ်တိတ်ကလေး မသွားပါနဲ့ ။ တိတ်တိတ်ကလေးများ သွားရင် အဟုတ်ကို သတိရတော့မယ် ” ဟု မျက်စောင်းထိုးကာ ပြောလေ၏ ။
ထိုအခါ မောင်နီက စိတ်ချရအောင် ပြောဆိုပြီး မထွား၏ လက်ကို ကိုင်၍ “ မထွားဆီကို ကိုယ်ဝင်ဖို့ တာဝန်ကို မမေ့ရအောင် ဟောဒီ အထိမ်းအမှတ်ကို ယူသွားမယ် ” ဟု ပြောကာ လက်ဖျားကလေးများကို နမ်းရှုပ်လေ၏ ။
မောင်နီသည် ရန်ကုန်သို့ ရောက်သည်မှာ လေးလလောက် ကြာ၍ သွားလေ၏ ။
မထွားကို သတိရတိုင်း “ ငါ သူ့ဆီကို ဝင်မယ် ပြောပြီး မဝင်ဘဲ လာခဲ့မိလေခြင်း ” ဟု တွေးတောကာ စိတ်လက်မချမ်းမသာ ဖြစ်လေ၏ ။
သို့နေခိုက်တွင် စာတစ်စောင် ရောက်၍ လာလေရာ ထိုစာကို ဖတ်၍ကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိ ရလေသတည်း ။
ကိုကိုနီရှင့် ..
ပုသိမ်မြို့က အပြန်မှာ ကျွန်မတို့ဆီကို ဝင်မည်လို့ ပြော၍ သွားသဖြင့် တမျှော် မျှော်နေခဲ့ရာ မပေါ်လာဘဲ ယခု ရန်ကုန် ကို ရောက်နေပြီလို့ ကြားရပါသည် ။ စာကလေး တစ်စောင်မှလည်း မပေးဘဲ နေသည်မှာ အလွန် စိမ်းကားရာ ကျပါသည် ။ ထွားထွား၏ စိတ်နှင့် နှိုင်း၍ ယုံကြည်လိုက်မိတာ မနည်းဘဲ မှားပါသည် ။ ကျွန်မ မန္တလေးမှာ နေစဉ် ကတည်းက စွဲလမ်းမိတဲ့ စိတ်ကြောင့် မီးရထားပေါ်မှာ တွေ့ရသောအခါ အများကြီး ဝမ်းသာပြီး ယုံကြည်အားထားမိခဲ့ သည်မှာ အကျိုးမဲ့ ဖြစ်ပါသည် ။ သို့သော်လည်း ကိုကို့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ မဝင်ဘဲ ပြန်လေသလား ။ ယခုအခါ မကျန်းမမာသည့် အတွက် စာမပေးဘဲ နေလေသလား ဆိုတာကို တွေးပြီး စာရေးလိုက်ရခြင်း ဖြစ်ပါသည့် အကြောင်း ။
“ ထွား ”
မောင်နီသည် ထိုစာကို ဖတ်ပြီးသောအခါ စာမပေးပါဘူးဟဲ့လို့ ချုပ်ထားသော စိတ်သည် ပြေလာကာ ယခုပင် ထိုင်၍ စာပြန်ချင်သောစိတ် ပေါ်ပေါက်၍ လာ လေ၏ ။
သို့သော်လည်း အဘယ်ကျေးဇူး ရှိမည်နည်းဟု စာကို လက်ထဲတွင် ခြေပစ်ပြီး အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲ၍ ပစ်ပြီး ကုလားထိုင်၌ တွေးတောဆင်ခြင်၍ နေလေ၏ ။
မောင်နီသည် ဟင်္သာတမှ ပုသိမ်သို့ သွားရန် မင်းကတော်ကြီးနှင့် မထွား ဘူတာရုံသို့ လိုက်၍ ပို့သောအခါ ၎င်းတို့နှင့် စကားပင် ပြောရသော်လည်း စိတ်လက် များစွာ မချမ်းမသာ ဖြစ်လေ၏ ။ လမ်းတစ်လျှောက်လုံး၌လည်း စိတ်လက် လေးလံလျက် သွားလေ၏ ။ မိမိသည် သံညှပ်၍ ဖိအပ်သော ကြွက်ပမာ မထွား၏ ကျောင်းနေဖက် ဖြစ်သော မစောနှင့် ပတ်သက်၍ အချုပ် မိ၍ နေသူ ဖြစ်လေရာ ငါက တမင်သက်သက် မဖြစ်နိုင်သော အရာကို သွား၍ စမိလေခြင်းဟု စဉ်းစားကာ စိတ်ထဲ၌ များစွာ မချမ်းသာ ဖြစ်လေ၏ ။
သို့ဖြစ်၍ မထွားကို သတိရတိုင်း ဖျောက်ဖျက်ကာ ဟင်္သာတလမ်းမှ ပြန်လျှင် မတော်တဆ တွေ့ချင်တဲ့စိတ် ပေါ်ပေါက်၍ နေမည်ကို စိုးသောကြောင့် ရန်ကုန်သို့ သင်္ဘောနှင့် ပြန်၍ လာခဲ့ခြင်း ဖြစ်လေသတည်း ။
မစော မှာလည်း မထွားနှင့် သူငယ်ချင်း ဖြစ်လေရာ မတော်တာကို ကြံမိလျှင် မိန်းမနှစ်ယောက်စလုံး၏ ရှုတ်ချကဲ့ရဲ့ခြင်းကို ခံရဖို့ ရှိသည်ကို သတိရလျက် ဤမျှသာ လွန်စေတော့ ထိုထက် ပိုလွန်လျှင် မိမိမှာ ဒုက္ခသာ များဖို့ ရှိသည်ဟု ဆင်ခြင်လေ၏ ။
မစော မှာမူ အမှန်စစ်စစ် မချစ်မကြိုက်သော်လည်း မတော်တဆ အစအန ဖြစ်မိခဲ့ရာ၌ လူကြီးမိဘ သိသဖြင့် အတင်းအကျပ် စာချုပ်မိ၍ နေသောကြောင့် မစောကို မျက်နှာများသော မိန်းကလေးတစ်ယောက် ဖြစ်သည်ကိုပင် သိပါလျက် ဇွတ်နှစ်၍ ယူရတော့မည် ကဲ့သို့ ဖြစ်၍ နေလေ၏ ။ သို့ဖြစ်၍ မောင်နီမှာ ဤဘဝ၌ စည်းစိမ်ဥစ္စာ အဘယ်မျှပင် ချမ်းသာပေကာမူ အဟုတ်တကယ် ချစ်သော မိန်းမကို မပေါင်းဖော်ရဘဲ မချစ်မနှစ်သက် သူနှင့်သာ ဤဘဝ၌ ဆင်းရဲစွာ နေရလျက် လောကငရဲကို ခံရတော့မှာပဲဟု စိတ်ချပြီးလျှင် ဖြစ်လိုရာ ဖြစ်စေတော့ ဟူ၍ မိမိကိုယ်ကို ဖူးစာကံ ပစ်ချရာ၌ မခုမခံ မငြင်းဆန်ဘဲ နေပါတော့မည်ဟု မိမိ၏ စိတ်ကို တုံးတုံး ချလိုက်ရရှာလေသတည်း ။
မစောနှင့် ထိမ်းမြားမင်္ဂလာဆောင်ဖို့ အရေးသည် နီးကပ်၍ လာလေ၏ ။ မောင်နီသည် မင်္ဂလာပွဲ အခမ်းအနားကို မထင်မရှား လုပ်ချင်သော်လည်း ယောက္ခမလောင်းများက ကြီးကြီးကျယ်ကျယ် ကျင်းပလိုသောကြောင့် ဂျူဗလီဟောမှာ ထိမ်းမြားရန် စီမံကြလေ၏ ။
ညတစ်ည၌ မိမိအိမ်တွင် မစောနှင့် မစော၏ မိခင် ပါ အတူ စကားပြောဆို တိုင်ပင်၍ နေကြစဉ် လူတစ်ယောက် ရောက်၍ လာလေ၏ ။ မောင်နီက “ ကိုဘကြီး ဘာကိစ္စ ရောက်လာတာလဲ ” ဟု မေးပြီး စကားပြောနေရာမှ ထလေ၏ ။
ကိုဘကြီးသည် မသာယာသော မျက်နှာနှင့် အပါးကို ကပ်ပြီး “ ဆရာ ကျွန်တော်တို့ အားလုံး ဒုက္ခတွေ့ကြပေါ့ ဆရာ ၊ အားလုံး နှင်ပစ်တော့တာပဲ ”
“ ထိုင်စမ်းပါဦး ခင်ဗျာ့ ၊ ဘယ်လို အကြောင်းလဲ ”
“ ကိုဘိုးထင်အိမ်ကို ဓားပြတိုက်တယ် ၊ ဒီက ငွေ ထုတ်လာပြီး ပုသိမ်ကို ရောက်လို့ နောက်တစ်နေ့မှာ စီးတာပဲ ”
“ ငွေတွေ ပါသွားသလား ” ဟု မျက်နှာပျက်လျက် မောင်နီသည် မေးလေ၏ ။
“ ငွေငါးသိန်း အကုန် ချောတာပဲ ”
“ ဟိုက် ... ကိုယ်ကျိုးနည်းပြီ ၊ ကိုဘိုးထင် အိမ်မှာ ရှိသလား ”
“ ရှိတာပေါ့ ၊ သူ့မှာလည်း ဦးခေါင်းမှာ ဒဏ်ရာတစ်ချက် ရတယ် ။ အခု သူ ဆေးရုံမှာ ”
“ ဓားပြတစ်ယောက်မှ မမိဘူးလား ”
“ ဓားပြ မဟုတ်ဘူး ဆရာ ။ သူခိုး ၊ အနုကြမ်း ၊ ဓားပြ ပေါ့လေ ။ မနိုးရင် ခိုး ၊ နိုးရင် ကြမ်း ၊ ခုခံရင် တိုက် ဆိုတဲ့ အထဲကပေါ့ ။ တစ်ယောက်မှ မမိဘူး ။ အလုပ်က အင်မတန် ရှင်းတာပဲ ”
“ ပွဲစားကြီးရဲ့ မိတ်ဆွေများ ဆိုပြီး ကိုဘိုးထင် အိမ်မှာ လာတည်းတာပဲ ။ ပွဲစားကြီး အကြောင်းကို သူတို့ အကုန်သိတယ် ။ လူပေါင်း သုံးယောက် ဆရာရဲ့ ။ ပွဲစားကြီးဆီက ကိုဘိုးထင် ပေးတဲ့ စာတစ်စောင်လည်း ပါတယ် ။ ဒီစာက ဒီလူများကို မိမိတို့ကိစ္စ မပြီးမချင်း ကူညီ ကြည့်ရှုဖို့ မှာထားတဲ့စာ ဖြစ်ပါတယ် ။ သူတို့ အပြောတော့ ပုသိမ်မှာ တစ်လလောက် ကြာမလိုလိုပဲ ”
“ ဒီနောက် ဘယ်လို ဖြစ်သလဲ ”
“ ကိုဘိုးထင်က သူတို့ကို အိမ်မှာ ဧည့်သည်ရယ်လို့ ထားမိတာပေါ့ ။ ပွဲစားကြီးရဲ့ သန်းခေါင်အချိန်လောက် ကြတော့ ကိုဘိုးထင်တို့ တစ်အိမ်လုံးကို သေနတ်ပြပြီး သော့ကို ရတော့ သံသေတ္တာကို ဖွင့်ပြီး ရှိသမျှ ငွေများကို အကုန်ယူပါတယ် ။ ကိုဘိုးထင်တို့ တစ်အိမ်သားလုံးကိုလည်း ကြိုးတွေနဲ့ တုပ်ထားခဲ့ကြပါတယ် ။ ဒီအကြောင်းကို ပုလိပ် တိုင်ထားပါတယ် ။ သို့သော်လည်း မိဖို့ရန် အင်မတန် ခက်တာပဲ ”
မောင်နီမှာ ဦးခေါင်းကို တင်းပုတ်နှင့် နှက်လိုက် သလို မိုက်မွှန်၍ သွားလေ၏ ။ အကြောင်းမူကား မိမိ၏ ကြီးပွားအောင်မြင်ခြင်း၏ အထွတ်အထိပ်မှ တစ်နေ့ အတွင်း လှိမ့်လဲ၍ ကျပြီး နက်လှစွာသော ချောက်ထဲသို့ ရောက်ရပေတော့မည့် အကြောင်းကို သိလေ၏ ။ မိမိ၏ ဝီရိယဉာဏ်စွမ်းဖြင့် တည်ဆောက်၍ ထားသော ကြီးမြင့်သော ဂုဏ်သတင်းနှင့် ကြီးပွားခြင်း တောင်ကြီးသည် တစ်ညတည်း ကွဲအက်ပြိုလဲ၍ ကျသကဲ့သို့ ဖြစ်လေ၏ ။
ပွဲစားကြီး ဦးနီသည် အိမ်ပေါ်တွင် အပြန်အလှန် လမ်းလျှောက်ကာ အပြန်ပြန် တွေးတောလေ၏ ။ ဘိုးထင်သည် လူဆိုးများနှင့် ပေါင်းပြီး မိမိ၏ ပျက်စီးခြင်းကို ကြံလေသလားဟု စဉ်းစားမိလေ၏ ။ ထိုကဲ့သို့ စဉ်းစားသည့်အတိုင်း ဖြစ်မည် ၊ မဖြစ်မည်ကိုမူကား မည်သူမျှ မသိနိုင်ချေ ။
ထိုကဲ့သို့ နေသောအခိုက်တွင် လူတစ်ယောက် ရောက်၍ လာပြန်လေ၏ ။ ၎င်းလူမှာ စုတ်စုတ်ပြတ်ပြတ် မသပ်မရပ်သော အသွင် ရှိသည့်ပြင် များစွာ လှုပ်ရှားသော လက္ခဏာလည်း ရှိလေရာ မောင်နီသည် ၎င်းကို မြင်လျှင်မြင်ခြင်း “ ကိုင်း ... မင်းကကော ဘယ်လို မကောင်း သတင်း ပြောစရာရှိသလဲ ” ဟု ခါးထောက်ကာ မေးလေ ၏ ။
ထိုအခါ ၎င်းလူက စပါးအပြည့်တင်၍ တုန်ကင်း သုံးစင်းမှာ ဧရာဝတီသင်္ဘောနှင့် တိုက်မိ၍ သုံးစင်းစလုံး ပျက်စီးနစ်မြုပ်သွားကြောင်းကို အသက်မရှူဘဲ ပြောလေ၏ ။
စကားဆုံးသောအခါ မောင်နီသည် ရူးသွပ်သော လူပမာ အားရပါးရ ရယ်မောပြီး လောကမှာ ဖြစ်မိလို့ ရှိရင် ဒီလို ဖြစ်တာပဲ ကောင်းတယ် ။ မွေးတုန်းက လက်ဝါးချည်း လာခဲ့တဲ့ လူမှာ လက်ဝါးတော့ ကျန်သေးတာပဲ ။ ငါ့မှာ အရှုံး မရှိသေးဘူး ။ ကြီးကြီးကျယ်ကျယ် တစ်ခါမှ မဖြစ်ဖူးဘဲလျက် ယခုလို ပွဲစားကြီး ဦးနီရယ်လို့ နိုင်ငံမှာ ကျော်စောခဲ့၏ ။ ယခုသည်ကား တစ်ခါ ဖြစ်ဖူးပြီးသူမို့ နောက်ထပ်၍ ဖြစ်ဖို့ရန် လွယ်ကူ၏ ။ လောကမှာ နိမ့်ခြင်း ၊ မြင့်ခြင်းဆိုသည် ပင်လယ်၌ လှိုင်းစီး၍ ကစားသလို ပျော်စရာ တစ်မျိုးပင် ဖြစ်သေး၏ ။ ဤမျှလောက် များစွာသော ပစ္စည်းတွေ ပျက်စီးကြသော်လည်း ထိုပစ္စည်းများထက် အဆပေါင်း မရေမတွက် နိုင်အောင် ပိုမို၍ အဖိုးထိုက်တန်သော အရာတစ်ခုသည် ငါ၌ ကျန်ရှိ သေး၏ ။ ထိုအရာတစ်ခုသည်ကား ငါ၏ အသက်နှင့် ငါ၏ အစွမ်းသတ္တိပေတကား ။ ငါ၏ စည်းစိမ်ဥစ္စာသည် ငါတည်း ဟူသော သံချောင်းမှ ထွက်ပေါ်လာသော သံချေးမျှ ဖြစ်၏ ။ ငါတည်း ဟူသော သံချောင်းကြီး ရှိသမျှ ကာလပတ်လုံး စည်းစိမ်ဥစ္စာတည်း ဟူသော သံချေးသည် မပေါ်လာဘဲ မနေနိုင် ။ ဥစ္စာကို ငါ အမှီသဟဲ ပြု၏ ။ လောက၌ ပစ္စည်းဥစ္စာ အဘယ်မျှပင် ပျက်စီးစေကာမူ ငါ၏ စွမ်းရည်သတ္တိ မပျက်စီးလျှင် အကိုင်းကို ချိုင်အပ်သော သစ်ပင်၌ အခက်အလက် တိုးတက်ဝေဆာသလို နောက် တိုးတက်ဖို့သာ ရှိ၏ ။ ဤစည်းစိမ်ဥစ္စာတွေ ငါ့ကို စွန့်ခွာခြင်းကြောင့် ငါ၌ တစ်စုံတစ်ရာမှ မဖြစ် ။ ကန်းသွားသည်လည်း မဟုတ် ၊ ကျိုးသွားသည်လည်း မဟုတ် ၊ ရူး၍ သွားသည်လည်း မဟုတ် ။ ငတ်၍ သွားသည်လည်း မဟုတ် ၊ ပိန်၍ သွားသည်လည်း မဟုတ်ချေ ။ ဤစည်းစိမ် ဥစ္စာတွေ ငါ့ကို မစွန့်ဘဲ နေစဉ်ကလည်း ငါ၌ တစ်စုံတစ်ရာ ပိုမို၍ ထူးသည် မဟုတ် ။ ငါသည် ထမင်းနှစ်ပွဲကို တစ်ပြိုင်တည်း မစားနိုင် ။ ငါ၏ ဝမ်းခံနိုင်ရုံ မျှသာ စားနိုင်၏ ။ ပျော်နိုင်သလောက်သာ အိပ်နိုင်၏ ။ ငါ၏ မျက်လုံးများသည် တိုး၍ မလင်း ၊ ငါ၏ ကိုယ်လက်သည် တိုး၍ မရှည် ၊ စီးပွားဥစ္စာ ပျက်ခြင်းကြောင့်လည်း မည်သူမှ ငါ့ကို မကဲ့ရဲ့နိုင် ။ ဥစ္စာပျက်ခြင်းသည် ရှက်ဖွယ်သော မကောင်းမှု မဟုတ် ။ ပျက်စီးသော ဥစ္စာကို ပူပန်သောက ရောက်ခြင်းဖြင့် ငါ ပြန်၍ မရ ။ အသစ် တည်ဆောက်ဖို့ရန် အားသစ်ကို စီမံမှ ငါ ပြန်ရလိမ့်မည် ။ စသည်ဖြင့် ဆင်ခြင်ကာ မိမိ၏ အစေခံများအား ကြည်လင်ရွှင်ပျသော မျက်နှာနှင့် ညစာထမင်း ပြင်စားပြီးနောက် မကောင်းသော သတင်းကို လာရောက် ပေးသူတို့အား မိမိနှင့် အတူတကွ ထမင်းစားရန် ခေါ်လေ၏ ။
နောက်သုံးရက်လောက် ကြာသောအခါ မစော၏ မိခင်အိမ်ကို ရောက်လာပြီး မောကြီးပန်းကြီး မျက်နှာ မသာမယာနှင့် ကုလားထိုင်ပေါ်မှာ ထိုင်ကာ “ ကိုင်း .. ဘယ့်နှယ်လဲ မောင်နီ ၊ အဒေါ် ကြားရတာ စိတ်မကောင်းလို့ လာခဲ့တယ် ။ ဒီပုံဖြင့် ဘယ့်နှယ်လုပ်ကြ မလဲ ” ဟု မောင်နီ အပေါ်၌ ကြီးစွာသော အပြစ်တစ်ခု ရှိ၍ ပြောရသော အသံ အမူအရာမျိုးနှင့် ပြောလေ၏ ။
“ အဒေါ် လုပ်ချင်သလို ကြည့်ပြီး လုပ်တာပေါ့ အဒေါ်ရယ် ၊ ကျွန်တော့်မှာတော့ လူမွဲတစ်ယောက် ဖြစ်ပါပြီ ။ လူမွဲတာ ခံတာထက် ထင်ရှားကျော်ကြားတဲ့ တကယ့် လူမွဲကြီးပေါ့ ”
“ မင်း ပြောတာက တယ်ပြီး လွယ်တာကိုးကွယ့် ၊ မင်း မွဲတာကို ဘာမှ ဂုဏ်တင်စရာ မရှိဘူး ။ နိုင်ငံအသိ ဖြစ်နေတယ် ။ ခက်တာက အဒေါ်သမီး အတွက် ခက်နေတာပါ ”
“ ဘာခက်စရာ ရှိသလဲ အဒေါ် ၊ မစောမှာ ဝဋ်ကျွတ် တာပေါ့ ။ မချစ်မနှစ်သက်နဲ့ ပေါင်းဖော်ရခြင်းဟာ ယခု ဆင်းရဲခြင်းတဲ့ ။ မစော ချစ်တာက ဒဗြူတီမြို့အုပ် မောင့်သော့ ပါ ။ အဒေါ်တို့ အတင်းအကျပ် လုပ်လို့ ကျွန်တော့်ကို ယူမယ်လို့ သူ ဝန်ခံရတာ မဟုတ်လား အဒေါ်ရဲ့ ။ အခု ကျွန်တော် ပျက်စီးတာဟာ သူကောင်းဖို့ ဖြစ်တာ မဟုတ်ဘူးလား အဒေါ်ရယ် ”
“ မင်း ပြောတော့ အင်မတန် လွယ်တာပဲ ။ အဒေါ့် သမီးကို မြင်းလိုနွားလို လွယ်လွယ်ကူကူ လက်ကူး လက်ပြောင်း လုပ်လို့ ဖြစ်မယ် ထင်သလား ။ အရပ်က ဘယ်လို ပြောမလဲ ”
“ နို့ ... ကျွန်တော်က လျော်ကြေးပေးရဦးမှာလား အဒေါ်ရယ် ” ဟု ရင်ဘတ်ကို ထုကာ ပြောလေ၏ ။
“ အဒေါ် လျော်ကြေး မလိုချင်ပါဘူး ။ နို့ပေမဲ့ ဘာကောင်းမှာလဲ ။ မင်းပဲ စဉ်းစားကြည့်ပါဦး ”
“ ဒီလိုဖြစ်ရင် ကျေးဇူးပေါ့ ။ အဒေါ် အခုလာခြင်းဟာ မစောကို ကျွန်တော်နဲ့ မပေးစားနိုင်ဘူး ။ ကျွန်တော် လူမွဲနဲ့ မပေးစားနိုင်ဘူး ဆိုတာကို ပြောဖို့လာတာ မဟုတ်လား အဒေါ်ရဲ့ ။ ဘာမှ အားနာစရာ မရှိပါဘူး ။ မစော သူ ကြိုက်တဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ ညားရင် ကျွန်တော် ကြည်ဖြူပါတယ် ။ ကျွန်တော်ကလည်း လျော်ကြေးတောင်းဖို့ မလိုပါဘူး ” ဟု ပြောကာ လက်ပိုက်ကာ မတ်တတ်ရပ်လျက် အပြင်ဘက်ကို ငေးကြည့် ၍ နေလေ၏ ။
ထိုအခါ ဒေါ်အုံသည် အတန်ငယ် တွေဝေ၍ နေပြီးမှ သိမ်မွေ့သောအသံဖြင့် “ ဒီလိုကွယ့် မောင်နီ ၊ မင်းလည်း ဘယ်လိုမှ သဘောမထားနဲ့တော့ ။ မင်းလည်း စဉ်းစားကြည့်ပါ ။ အဒေါ်သမီး ဆင်းရဲမှာကို အဒေါ် စိုးတယ် ။ ဒီတော့ အဲဒါပဲ ။ အဒေါ် ပြောလိုတာပဲ ။ အဒေါ် ဒီစကားကို ပြောရတာ အများကြီး စိတ်မကောင်း ဘူး ” ဟု ပြောလေ၏ ။
“ အဒေါ် စိတ်မကောင်း မဖြစ်ပါနဲ့တော့ ။ မစောကို ဘယ်လိုပဲ ကျွန်တော် ချစ်သော်လည်း အခု အဒေါ် ပြောတဲ့အတိုင်း ကျွန်တော်နဲ့ ညားရင် ဆင်းရဲမှာပဲ ။ ကျွန်တော် သူ့ကို နှမကလေးလို ချစ်ပါတယ် ။ သူ့ကို မဆင်းရဲစေချင်ပါဘူး ။ ဒီအတွက် အဒေါ်တို့ သဘော ရှိသလိုသာ စီမံပါတော့ ။ ကျွန်တော့်မှာတော့ကား ယခုအခါ သားမယား ယူဖို့ကို ကြံစည်ဖို့ အချိန်တောင် မရတော့ပါဘူး အဒေါ်ရဲ့ ” ဟု ပြောပြီး ပြတင်းပေါက်ကို မှီကာ လမ်းမကို ငေး၍ နေလေ၏ ။
ဒေါ်အုံလည်း “ ကိုင်း ... ဒါဖြင့်ပြီးရော အဒေါ် သွားတော့မယ် ” ဟု ပြောကာ ဆင်း၍ လာခဲ့လေ၏ ။ မောင်နီလည်း ဘာကိုမှ မပြောနိုင်ဘဲ ၎င်းကို ကြည့်လျက် အိမ်ပေါ်တွင် ရပ်၍ နေရစ်လေ၏ ။
နောက် တနင်္ဂနွေ တစ်ပတ်လောက် ကြာ၍ သွားလေ၏ ။ အိမ်ကို အိမ်ရှင်အား ပြန်၍ အပ်ပြီး အိမ်ထောင် ပစ္စည်းများကို လျှော့ဈေးနှင့် ရောင်းချလေရာ ဝယ်သူ များလာ၍ သိမ်းကြသဖြင့် ဟောင်းလောင်းကြီး ကျန်ရစ်လေ၏ ။
မောင်နီသည် ၎င်းအိမ်ကို စွန့်ရတော့မည် ဖြစ်၍ လှေကားသို့ ဆင်းတော့မည် ရှိရာ လွန်စွာ အံ့အားသင့်၍ သွားလေ၏ ။
အကြောင်းမူကား အိမ်ကို ပြုံးရွှင်စွာ ကြည့်လျက် တက်၍ လာသူသည် မထွား ကိုယ်တိုင် ဖြစ်၍ နေလေ၏ ။ မိမိ၏ အဖြစ်အပျက်ကို မထွား မသိသဖြင့် လာသည်ဟု ယုံကြည်ကာ ရှက်ကြောက်ခြင်းနှင့် မျက်နှာ ပျက်၍ သွားလေ၏ ။ မထွား ပေးသော စာကို သတိရပြီး ငါ့ကို အပြစ်တင်ကဲ့ရဲ့ဖို့ လာလေသလား ။ ပုသိမ်က အပြန်မှာ ဟင်္သာတကို ဝင်မယ်လို့ ပြောပြီး မဝင်ဘဲ နေသည့်အတွက် ရန်တွေ့ဖို့ လာလေသလား ဟူ၍လည်း စဉ်းစားလျက် တံခါးဝမှ နောက်ကို ဆုတ်ကာ ရပ်၍ နေလေ၏ ။
မထွားသည် အပေါ်သို့ ရောက်လာပြီး “ ကျွန်မ အိမ်ကို လိုက်ရှာတာ မောလို့ပဲ ။ ရှင် ဘာပြုလို့ ကျွန်မတို့ကို လိမ်သွားသလဲ ။ ကျွန်မ ဒီ့အတွက် ရှင့်ကို တွေ့ဖို့ ငြိုးထားတယ် ”
မောင်နီက စကားပြန်၍ မပြောဘဲ ပြုံးနေပြီး “ မထွား ပြောတာဆိုတာကို ခံရမှာပါပဲ ။ ပြောစရာလည်း လုပ်ခဲ့ပေတာကိုး ။ သို့သော်လည်း အခု မထွား မြင်တဲ့ အတိုင်းပဲ ။ ကျုပ်မှာ ပြောနေစရာ မရှိပါဘူး ”
“ ကျွန်မ အကုန် ကြားခဲ့ပါပြီ ”
“ ဘယ်က ကြားသလဲ ”
“ ဪ …. ထင်ရှားတဲ့ လူတစ်ယောက် ဘယ်လို ဖြစ်တယ်ဆိုတာ သိဖို့ရန် မခက်ပါဘူး ။ ဒီအတွက် ကျွန်မ ပြေးလာတာပါ ”
“ ဒီလိုဖြင့် ကျုပ် လိမ်မိတဲ့ အပြစ်ကို အခွင့်လွှတ်ပြီ ဆိုပါတော့ မထွားရဲ့ ”
“ အခု ဖြစ်တာတွေကို မကြားရမီကတည်းက ကျွန်မ အခွင့်လွှတ်ပြီးပါ ။ ရှင် ဘာပြုလို့ ကျွန်မတို့ ဆီကို ပြန်မဝင်တယ် ဆိုတာ ကျွန်မ သိရပါတယ် ။ ဒီတော့ ကိုကို အပြစ်တင်ဖို့ မရှိ ၊ ချီးမွမ်းဖို့တောင် ရှိပါတယ် ”
“ ဘယ်လို ကြားသေးလဲ ”
“ ကြားတာပေါ့ရှင် ၊ ပြောနေရဦးမှာလား ”
“ ဒီလိုဖြင့် ကျုပ်ကို စိတ်မဆိုးတော့ဘူး ဆိုပါတော့ ”
“ စိတ်ဆိုးရင် ရှင့်ဆီ ဘာလုပ်လာမှာတုံးရှင့် ”
“ မစော ငွေမက်တာကို ကြားရတော့ ကျွန်မ ကိုနီကို သနားတာနဲ့ လာခဲ့တယ် ။ ရှင် သစ္စာရှိတဲ့လူ ဖြစ်တာကို မေမေကလည်း အများကြီး ပြောတယ် ”
“ အခု မင်းလာတာကို မင်းမေမေ သိရဲ့လား ”
“ မေမေတော့ မသိပါဘူး ၊ ကျွန်မ မိတ်ဆွေ တစ်ယောက် အိမ်ကို လာရင်း အိမ်အပြန်မှာ ဝင်လာခဲ့တာပါ ”
“ မင်း မေမေ သိရင် ဘယ့်နှယ်လုပ်မလဲ ”
“ အို .. ကိစ္စမရှိပါဘူး ကိုနီရဲ့ ၊ ကျွန်မ တစ်ယောက်တည်း အိမ်ကို မပြန်ရဲလို့ အိမ်လိုက်ပို့ဖို့ လာပြီး ခေါ်တာပါ ”
မောင်နီသည် စဉ်းစား၍ နေပြီးမှ “ ဟုတ်လား မထွားရဲ့ ၊ သူများတွေက ”
“ သူများတွေ ဘာဖြစ်ရဦးမှာလဲ ၊ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ ။ ရှင် အခု တစ်ယောက်တည်း ဆင်းရဲဒုက္ခ ဖြစ်တဲ့ အခါမှ ဘယ်သူ ကြည့်ရှုမလဲ ။ ရှင့် ရှပ်အင်္ကျီကို ဘယ်သူက လျှော်ပေးမလဲ ။ ဘယ်သူက ထမင်းချက်ပေးမလဲ ။ မေမေက သူကိုယ်တိုင် လာပြီး ကိုနီကို ခေါ်မလို့ လုပ်နေတယ် ”
မောင်နီသည် စဉ်းစား၍ နေပြီး “ မင်းတို့ ငါ့ကို တကယ် စိတ်မနာဘူးလား ”
“ ရှင် စာချုပ်မိနေလို့ မဖျက်ချင်တာ သိသည့်အတွက် ကျွန်မကို ဖျက်ဆီးရာကျမှာ စိုးလို့ ကျွန်မကို တမင်သက်သက် မေ့ပစ်တာကို ကျွန်မ သိပါတယ် ”
“ မထွား တွေးတဲ့ အတိုင်းပဲ စာမပေးဘဲ မလာဘဲ နေပေမယ့် စိတ်ကတော့ မေ့လို့ မရရိုး အမှန်ပါ ။ မထွားကို ရထားပေါ်မှာ မြင်ကတည်းက ယခုထက်တိုင် ဘယ်တော့မှ မမေ့ပါဘူး ။ သို့သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတဲ့ စကားလို မဖြစ်နိုင်မှန်းကို သိသည့် အတွက် တမင်သက်သက် မထွား အပေါ်မှာ လော်မာပြီး ပြောတာလို ဖြစ်မှာစိုးသည့်အတွက် ရှေးဖူးစာကံ တစ်မျိုး တစ်ဖုံစီ ရှိတာကိုပဲ ခေါင်းငုံ့ကာ ခံပါတော့မယ်လို့ စိတ်ကို တုံးတုံးချပြီး နေဆဲမှာ တစ်ဖန် စီးပွားဥစ္စာက ပျက်စီးပြန်တော့ လူတွေ့ သူတွေ့ ကိုမှ မခံတော့ပါဘူး ။ ရောက်ရာပေါက်ရာကို သွားပါတော့မယ်လို့ အခု ကြံစည်ပြီး အိမ်ကို ထွက်တော့မယ်လို့ အပြုမှာ မထွားကို တွေ့ရတာ ဝမ်းလည်းသာ ၊ ဝမ်းလည်းနည်း ဆိုတာကို ဖြစ်ရတာပါပဲ ။ သို့သော်လည်း ဆင်းရဲဒုက္ခ ရောက်သဖြင့် ခေါ်မယ့်ပြောမယ့် လူမှ မရှိတဲ့ အချိန်အခါထဲမှာ မထွား ကျုပ်ကို သတိရခြင်းဟာ ဒီဘဝမှာဖြင့် ကျေးဇူးတင်လို့ ဆုံးနိုင်တော့မှာ မဟုတ်တော့ပါဘူး ” ဟု ပြောကာ မထွား၏ မျက်နှာကို မျက်တောင် မခတ်ဘဲ ကြည့်၍ နေလေ၏ ။
“ ကျေးဇူးတင်ဖို့ မလိုပါဘူး ကိုနီ ၊ အခု ရှင်ပြောတဲ့ စကားများ အမှန် ဖြစ်ရင် ရှင် ပျက်စီးတဲ့ စည်းစိမ်ဟာ မနှမြောလောက်ပါဘူး ။ ဖေဖေလည်း အငြိမ်းစား ဖြစ်တာမို့ ဆန်စပါးအလုပ်ကို လုပ်ဖို့ရန် အများကြီး စိတ်အား ထက်သန်ပါတယ် ။ ကျွန်မတို့ သားအမိ နှစ်ယောက်က ကိုနီဟာ ဒီအလုပ်ကို အင်မတန် ကျွမ်းကျင်လို့ ကြီးပွား နေကြောင်း ပြောပြတော့ ဖေဖေက အများကြီး တွေ့ချင်တဲ့ ဆန္ဒရှိတဲ့ အပြင် မေမေက လှော်တာနဲ့ ကိုနီကို တွေ့ဖို့ရန် အင်မတန် စိတ်အား ထက်သန်နေပါတယ် ။ အခု ကိုနီ ကျွန်မကို လိုက်ပို့ရင်း မေမေ့ဆီကို လိုက်ခဲ့ပါ ။ နောက်တစ်နေ့ ဟင်္သာတကို ပြန်တော့လည်း ကိုနီ လိုက်ရမယ် ”
မောင်နီသည် စဉ်းစား၍ နေပြီးမှ “ မဟုတ်ပါဘူး ၊ မထွား စဉ်းစားပါဦးနော် ။ ကျုပ် အခု လူမွဲ တစ်ယောက် ဖြစ်နေပြီ ။ လက်ဝါးချည်းစပြီး ဒီအခြေအနေကို ရောက်ပြီးမှ အခု လက်ဝါးချည်း ပြန်၍ ဖြစ်ပါတယ် ။ ယခုတော့ ဖျာဖြစ်နေပါပြီ ။ ဖျာကစပြီး တောင်ပို့ ဖြစ်အောင် လုပ်ဖို့ မာန်စိတ်ကိုတော့ မလျှော့သေးပါ ။ ကျုပ်ဘာသာ ကြံစည်လို့ အတော်နေရာကျမှ အထောက်အပံ့ကို လိုချင်တယ် ”
“ ဘုရားတောင် အမှီ ရှိမှ ပွင့်တယ် ကိုနီ ၊ ဖျာက တောင်ပို့ ဖြစ်အောင် ထနိုင်သူဟာ တောင်ပို့က နေပြီး စရရင် တောင်ကုန်းကြီး ဖြစ်ဖို့ သာပြီး မှန်ပါလိမ့်မယ် ။ ဒီအတွက် ဟေ့ ဂါလီ ၊ ခါလီ ဟေးအောင်း ၊ လာ .. ကိုနီ ၊ ကျွန်မကို လိုက်ပို့ဦး ” ဟု ပြောကာ အတင်း ခေါ်လေရာ နှစ်ယောက်သား မြင်းရထားပေါ်သို့ ရောက်ကြလေ၏ ။ မောင်နီသည် ရှေ့က ထိုင်လေ၏ ။ မထွားသည် နောက်က ထိုင်လေ၏ ။ မကြာမီ ဘုရားလမ်း မိမိတို့ တည်း၍ နေသော အိမ်သို့ ရောက်ကြ၍ မိခင် ဖြစ်သူက အားရဝမ်းသာ မောင်နီကို ခေါ်ငင် နှုတ်ဆက်ပြီး အိမ်သားများအား မောင်နီကို မထွား၏ မောင်တစ်ဝမ်းကွဲ အဖြစ်နှင့် အသိမိတ်ဆွေ ဖွဲ့၍ ပေးကြလေ၏ ။
နောက်တစ်နေ့ ဟင်္သာတသို့ ပြန်ကြလေရာ ဝန်ထောက်ကြီးက မောင်နီကို မြင်လျှင် အားရဝမ်းသာ ဖြစ်လျက် အကြံအစည်များကို ပြောပြလေ၏ ။
နောက်ဆုံး၌ ဝန်ထောက်ကြီးက “ ကိုင်း ... မောင်ရင် ၊ ဦးတို့မှာ သားယောက်ျား တစ်ယောက်ကိုမှ အဖတ် မတင်လို့ လုပ်ကိုင်ကြံစည်ချင်ပေမဲ့ ကျောထောက် နောက်ခံ မရှိတာနဲ့ လက်ပိုက်ပြီး နေတာပဲ ။ ဦး သည်မီးရထားလမ်းမှာ ဆန်စက် တည်ချင်တယ် ။ မောင့်ကိုပဲ အားကိုးရမှာပဲ ။ မောင့်ပစ္စည်းလို သဘောထားပြီး ကြီးပွားအောင်သာ စီမံပါတော့ ” ဟု ပြောလေသည် ။
နောက် တစ်နှစ်လောက် ကြာသောအခါ ၎င်း ရထားလမ်း စပါးစက်ကြီး သုံးစက်သည် နံနက် လေးနာရီ အချိန်မှ ဥသြမှုတ်ပြီး ည ၁ဝ နာရီ အထိ ဖြိုင်ဖြိုင်ကြီး အလုပ်လုပ်၍ နေကြသည်ကို မြင်နိုင်လေ၏ ။ ဆင်းရဲသော ရွာသူရွာသားများမှာလည်း စက်ထဲ၌ အလုပ်ရကြသဖြင့် ငတ်မွတ်ခေါင်းပါးသူ မရှိဘဲ ဝပြော သာယာကြလျက် စက်သူဌေး မောင်နီ နှင့် စက်သူဌေး ကတော်ကလေး မထွားကို လွန်စွာမှ ချစ်ခင်ကြလျက် ၎င်းတို့ကို မြင်သူတိုင်း ဘုန်းကြီးပါစေ ၊ အသက်ရှည် ပါစေ ။ စည်းစိမ်ဥစ္စာတိုးပြီး စက်ကြီးတွေကို ယခုထက် တိုင် တိုး၍ တည်နိုင်ကြပါစေဟု မေတ္တာပို့ကြလေ၏ ။ ၎င်းတို့၏ ခိုင်းစေခြင်းကို ခံရသူတို့မှာ အလုပ်၌ မခိုမကပ်ဘဲ သက်စွန့်ကြိုးပမ်း လုပ်ကြလေရာ ၎င်းတို့၏ အလုပ်များသည် တစ်နှစ်ထက် တစ်နှစ် ကြီးကျယ်၍ လာလေသတည်း ။ အကြောင်းမူကား ၎င်းတို့ ခိုင်းစေသော အမိန့်စကားကို ခံယူရခြင်းကို ဖြစ်စေသည်ဟု အလုပ်သမားတို့၏ စိတ်၌ မှတ်ထင်၍ နေလေသတည်း ။
▢ ပီမိုးနင်း
📖 ဗြိတိသျှဘားမား မဂ္ဂဇင်း
အတွဲ ၁ ၊ အမှတ် ၆
ဇွန် ၊ ၁၉၂၇
No comments:
Post a Comment