Monday, May 11, 2026

ဒီလုံး

❝ ဒီလုံး ❞
( ပီမိုးနင်း )

“ ဟဲ့ ဒီလုံး ပြန် ” ဟု ပြောသဖြင့် မောင်ကလေး ဒီလုံး ပြန်၍ သွားသောအခါ မယ်ရင်သည် ငဝန်မြစ် သဲသောင်ပြင်၌ ပုဆစ်တုပ်ထိုင်ကာ ချောပြောင်သော ကျောက်စရစ်ခဲကလေးများကို ပျော့ပျောင်းကော့ညွတ်သော လက်ခုံ၌ တင်ကာမြှောက်ကာ ပါးအို့နီကလေးနှင့် တူသော နူးညံ့ပြည့်ဝသော လက်ကလေးနှင့် ကျင်လည်စွာ ခုတ်၍ ဖမ်းကစား၍ နေ၏ ။

၎င်း၏ ဝါဝင်းသော လက်ကလေးပေါ်၌ ဝတ်ဆင်၍ထားသော ကြိုးလိမ်ဆောက်ဖြတ် လက်ကောက်ကလေး သုံးဆင့်မှာ ဆင်းသက်သည့် နေရောင်တွင် ဝင်းလက်ကာ ဖြာခနဲ ဖြာခနဲ အရောင် ယှက်သန်းပြီး ဇယ်ကစားသော မယ်ရင်၏ လက်ကလေးများ ကပြ လှုပ်ရှားသည်ကို စည်းချက်ကျ လိုက်၍ ပေးဟန်တူလေ၏ ။

မယ်ရင်သည် ရေချိုးခေါင်းလျှော်၍ ပြီးစမို့ ထဘီ ရင်ရှားလျက် ဆံပင်များကို ကျောဘက်၌ ဖြန့်၍ထား လေရာ ၎င်း၏ ပြည့်ဝကျော့ရှင်း ဝါဝင်းသော အသားမှာ နေရောင်ကြောင့် တိုး၍ ဝင်သဖြင့် ဦး၍ထားသော ရွှေကဲ့သို့ မှတ်ထင်ရလေ၏ ။

၎င်း၏ မျက်နှာသည်ကား အပါးရှိ သစ်တုံးပေါ်၌ ထိုင်ကာ မိမိ၏ မျက်နှာကို တစ်ခါတစ်ခါ ကြည့်လျက် စီးကရက်ကို ဖွာ၍ နေသော မောင်ထွန်းလှကို မကြည့်ဘဲ ဇယ်များကိုသာ ကြည့်၍ နေလေ၏ ။

သို့ ဇယ်များကို ကြည့်သော်လည်း စိတ်သည်ကား ဇယ်ကို စူးဟန် လက္ခဏာ မရှိချေ၏ ။ ဇယ်များနှင့် ကစားရခြင်းမှာလည်း ပျော်ရွှင်၍ ကစားရခြင်းနှင့် မတူ ။ မငြိမ်သက်သော စိတ်၏လှုပ်ရှားခြင်းကို ထွက်ပေါက်ပေးသော အနေမျှနှင့် လှုပ်ရှားကစား၍ နေရခြင်းဖြစ်ကြောင်းကို တစ်ခါတစ်ခါ ရင်ကလေးကြွအောင် သက်မချပုံကို ထောက်သဖြင့် သိသာနိုင်လေ၏ ။

ထွန်းလှသည် မယ်ရင်ကို ကြည့်ရာမှ ဝင်ဆဲဆဲရှိ သောနေကို မျိုငုံရန်အကြံနှင့် အနောက်တောင်ထောင့်ဘက်မှ တိတ်တဆိတ် ချောင်းမြောင်း တက်ချီ၍ လာသော တိမ်တိုက်ကြီးများကို ကြည့်ကာ အတန်ကလေး ကြာအောင် ငေးနေပြီးမှ ဟီးခနဲ အသက်ရှူပြီး မြို့တွင်း တံတားကြီးကို ကြည့်ကာ တံတားကြီး ပြီးပြီ ၊ မိုးများလည်း နီးလာပြီဟု ပြောပြီး စီးကရက်တိုကို သဲထဲသို့ ပစ်ချပြီး တလူလူတက်၍ လာသော မီးခိုးများကို ကြည့်၍ ညည်းသံနှင့် ပြောလေ၏ ။

မယ်ရင်သည် မောင်ထွန်းလှ၏ မျက်နှာကို တောင့်တခြင်းနှင့် ပြည့်ဝသော ဝမ်းနည်းသော မျက်လုံးများနှင့် တအောင့်လောက် မျက်တောင် မခတ်ဘဲ ကြည့်လေ၏ ။

ထွန်းလှကလည်း မယ်ရင်၏ သိမ်မွေ့သော မျက်လုံးများကို စိမ်းစိမ်းလဲ့လဲ့ ကြည့်လေရာ မယ်ရင်၏ မျက်လုံးများသည် မှိုင်းဝေ၍ နေခြင်းသည်ကား အခြား မဟုတ် ၊ အဆွေးလေပြည် ၊ ရင်မှာမွှေ၍ ၊ မဖြေဆည်နိုင် ၊ မကြည်မှိုင်ငေး ၊ ငိုချင်သည့်အရေးကို သိမြင်လျက်

“ ဒီလို မကြည့်ပါနဲ့ မယ်ရင်ရယ် ၊ မင်း ဒီလို ကြည့်ရင် ကိုကို့စိတ်ထဲမှာ ဘယ်လို ဖြစ်မှန်း မသိ ၊ အင်မတန် မချိစရာ ဖြစ်လွန်းလို့ပါကွယ် ” ဟု ပြောကာ လှုပ်ရှား ကစားခြင်းကို ရပ်၍ထားသော မယ်ရင်၏ လက်ကလေးကို ဖြည်းညင်းသာယာစွာ ကိုင်ယူလေ၏ ။

မယ်ရင်သည် မတွန့်မယုတ် မဆုတ်မရှား သနားစရာ အမူအရာနှင့် ငြိမ်သက်စွာ နေရှာပြီးမှ အသက်ကို ရှိုက်ကာ ရှူပြီး ပြီးစဖြစ်သော တံတားကြီးကို မော်၍ ကြည့်ကာ

“ ကိုကို သည်တံတားကြီးကို မြင်ရင် ကျွန်မစိတ် ဘယ်လိုဖြစ်မှန်း မသိဘူး ”

“ ဘယ်လို ဖြစ်သလဲ ”

“ အရင်ကတော့ ချစ်တယ် ၊ အခုတော့ မုန်းချင်လာပြီ ”

“ ဘာဖြစ်လို့လဲ ရင်ရင်ရဲ့ ၊ မင်းကို တံတားကြီးက ဘယ်လိုလုပ်လို့တုံး ”

“ ဘာဖြစ်လို့ သူ ပြီးသွားရတာလဲ ၊ မပြီးသေးဘဲနေရင် ကျွန်မ ချစ်နေဦးမှာပဲ ၊ ပြီးသွားလို့ ကျွန်မ မုန်းတာပါ ”

“ အေး ... ဟုတ်တယ်နော် ၊ ဘယ်တော့မှများ မပြီးဘဲ နေရင် ဒီတံတားကြီးကို ဆောက်ရင်း တစ်နှစ်တစ်ခါ လခတိုးပြီး ကိုကိုနဲ့ ရင်ရင်နဲ့ ဘယ်တော့မှ ခွဲရမှာ မဟုတ်ဘူးနော် ၊ နို့ပေမဲ့ ဒီလိုပါ ရင်ရင်ရဲ့ ၊ မင်းနဲ့ ကိုကို အခုလို တွေ့ရတာဟာလည်း ဒီတံတားကြီးကြောင့် မဟုတ်လား ၊ သူ့ကို လုပ်ဖို့ လာကြရတဲ့ အင်ဂျင်နီယာတွေထဲမှာ ကိုကို ပါလာရတာကိုကွဲ့ မဟုတ်ဘူးလား ”

“ ဟုတ်တော့ ဟုတ်ပါရဲ့ ၊ အခုလို ပြန်ကွဲရဖို့ရန် လာပြီးတွေ့ ရတော့ ဆိုးတာပေါ့ ”

“ ဪ … တကယ် ခွဲတာမှ မဟုတ်ဘဲလားကွယ် ၊ ကိုကို အလုပ်တာဝန်နဲ့ သွားရမှာပဲ ၊ စစ်တောင်းတံတား ကိစ္စပြီးရင် ကိုကို အခွင့် တစ်နှစ် ယူပြီး ရင်ရင့် ဆီကို ပြန်လာဦးမှာပေါ့ ”

“ ပြန်လာမယ် ဆိုတဲ့ စကားက နောက်စကားပါ ကိုကိုရယ် ၊ ခွဲရမှာက အခုပါ ။ သွားမိရင် ပြန်လာမှာ မဟုတ်ပါဘူး ။ တခြားရပ်ရွာမှာ ကျွန်မထက် ချောတဲ့လှတဲ့ မိန်းမကလေးတွေနဲ့ တွေ့ဦးမှာပါပဲ ၊ ကိုကိုလို ပျိုပျို ရွယ်ရွယ် လခနှစ်ရာ့ငါးဆယ်ရတဲ့ အင်ဂျင်နီယာ ဆိုတော့ ရုပ်ကလည်း မချိုမချဉ် ၊ မြင်သမျှ လာပေးချင်တာမျိုးမို့ စိတ်သာချပါ ၊ ဟောဒီက တောသူမကလေးကိုတော့ ဆက်ဆက် မေ့မှာပါပဲ ၊ မမေ့မှာကို မစိုးရိမ်ပါနဲ့ ”

“ မင်းကလား မင်းကိုယ်ကို တောသူမလို့ ဆိုတာ ၊ နေရာ တောကျတာက တခြား ၊ လူတောကျတာက တခြားကွဲ့ ၊ ဘယ်တော့မှ ကိုကို မမေ့ဘူးလို့ မှတ်လိုက်ပါ ”

“ ဒါကို ထားလိုက်ပါဦး ၊ ဟင်္သာတလမ်းရုံးမှာ ကိုကို ဝန်ထောက် ဖြစ်နိုင်တယ်လို့ ကျွန်မ ကြားပါတယ် ၊ ဘာဖြစ်လို့ ဟင်္သာတမှာ မနေချင်သလဲ ”

“ မင်းကို ဘယ်သူ ပြောသလဲ ”

“ ရှင်တို့ စာရေးကြီး ကိုဘိုးနော ပြောတာပေါ့ ”

“ သူက ဘာဖြစ်လို့ မင်းကို ပြောရသလဲ ၊ အလကား မင်းကို လိမ်တာပါ ”

“ ကိုကိုနဲ့ ကျွန်မနဲ့ အခုလို ဖြစ်နေတာကို သူ သိလို့ပေါ့ ”

“ တစ်နေ့ ရွာထဲကို သူ လာတော့ ကိုကို့ အကြောင်းကို ပြောပြ ၊ ဒီတော့ သူက ကိုကို ဟင်္သာတမှာ ဝန်ထောက်အလုပ်ကို လိုချင်ရင် ရနိုင်တယ်တဲ့ ၊ ဘာဖြစ်လို့ ဆွဲမထားသလဲတဲ့ ”

“ အလကား ဒီအရူးကြီး ပြောချင်တာ ပြောတာ ၊ ဒီမှာ ဝန်ထောက် အရှိသားပဲ ”

“ ကိုကို ကြံစရာ ရှိသေးလို့ပါ ၊ မင်းတို့ သားအမိ မဆင်းရဲရအောင် ကိုကို ဟိုကနေပြီး ငွေထည့်ပါမယ် ၊ အခုလည်း ငွေတစ်ရာတော့ ကိုကို့အိတ်ထဲမှာ ရှိတယ် ယူထားလိုက် ” ဟုပြောကာ ငွေစက္ကူကို ထုတ်၍ ပေးလေ၏ ။

“ ကျွန်မ ငွေကို လိုချင်တာ မဟုတ်ဘူး ကိုကို ၊ ငွေ ဘာလုပ်ဖို့လဲ ၊ ကျွန်မတို့ သားအမိ ကိုကို့ကို ထမင်းချက်ပြီး ကြွေးနေတာ ၊ လခလိုချင်လို့ မဟုတ်ပါဘူး ၊ ကျွန်မတို့ သားအမိမှာ ပစ္စည်း ရှိပါတယ် ၊ ကျွန်မတို့ တစ်သက် မှာတော့ကာ မဆင်းရဲနိုင်ပါဘူး ။ ကိုကို ပေးတဲ့ လခတွေကို ကျွန်မ မသုံးပါဘူး ၊ စုထားပါတယ် ။ သေသေချာချာ တံဆိပ်ရိုက်ပြီး ကျွန်မ မသုံးဘဲ ကြည့်နေဖို့ ယူထားတာပါ ။ ဦးပဉ္စင်းပေါက်တူးကို ကသစ်ဖုတံဆိပ်လေး လုပ်ပေးပါလို့ ကျွန်မ မှာထားတာ ပြီးပလား မသိဘူး ” ဟု ပြောပြီး ထွန်းလှ၏ ငွေစက္ကူများကို ယူကာ ၎င်းရှပ်အင်္ကျီ အိတ်ထဲသို့ ပြန်၍ ထည့်ပေးလေ၏ ။

ထွန်းလှနှင့် မယ်ရင်သည် တစ်ယောက်ကို တစ်ယောက် အဟုတ်တကယ် ချစ်ကြ၏ ။ သို့သော်လည်း ထွန်းလှ၏ စိတ်၌ တောသူကလေးကို ယူရမှာ များစွာ ဝန်လေးသကဲ့သို့ ဖြစ်လေ၏ ။ ဆွေမျိုးဉာတိ အသိုက်အဝန်း ကြီးကျယ်ခိုင်လုံသူ ဖြစ်သဖြင့် အမျိုးများ ကဲ့ရဲ့မှာ ကိုလည်း ကြောက် ၊ သူငယ်ချင်းမိတ်ဆွေ အသိအကျွမ်းတို့ နောက်မှာ ကိုလည်း ရွံ့လျက် ရှိနေလေရာ အခု မျက်စိ မှိတ်ကာ နုနယ်သော အချစ်ကို ချေ၍ ပစ်လျှင် မကြာမီ မေ့မှာပဲ ၊ တဖိတ်ဖိတ် အရောင်တောက်လျက် ပြောင်လက် ၍ ဝတ်ဆင်သော ရန်ကုန်သူတွေကို မျက်စိ၌ ထင်မြင်ကာ ဟိုဟာတွေနဲ့ ရောနေရလျှင် သည်ဟာမကလေးကို ချောချောမောမော မေ့မှာပဲ စသည်ဖြင့် တွေးတောကာ ရန်ကုန်မြို့ကို မရောက်သည်မှာလည်း အတော်ကြာပြီ ဖြစ်သောကြောင့် ရန်ကုန်ကို လွန်စွာ အောက်မေ့၍ နေလေ၏ ။ ဆွေမျိုးဉာတိ မိတ်ဆွေသူငယ်ချင်းတို့ကိုလည်း အောက်မေ့လေ၏ ။ ကလပ်ဟိုတယ် ပျော်စဖွယ်တို့ကိုလည်း သတိရ၏ ။ ရုပ်ရှင်ဇာတ်ကား အဆန်းအပြားတို့ ကိုလည်း ထင်မြင်တမ်းတ တောင်းတလျက်နေလေရာ အချစ်ဆိုတာ အလကားဟာပါ ၊ တော်တော်ကြာရင် မေ့မှာပါပဲ ၊ သူလည်း နောက်ချစ်သူတစ်ယောက်ယောက်နဲ့ တွေ့မှာပဲ ၊ ငါလည်း တွေ့ချင် တွေ့မှာပဲ ။ မစွဲသင့်တာ စွဲနေရင် ကြီးပွားဖို့ လမ်းပိတ်မှာပေါ့ စသည်ဖြင့် တွေးတောကာ တကယ့်အချစ် ခိုင်မာသောစိတ်ဖြင့် နွံထဲ၌ နင်းချေ၍ ပစ်ရန် အကြံပြုလေ၏ ။ သို့သော်လည်း ပတ္တမြားမှန်လျှင် နွံမှာမနစ် ဟူသော စကား၌ ပထမတွေ့ ကြုံရသော အချစ်သည် တစ်ခု အပါအဝင် ဖြစ်သည်ကို ထွန်းလှသည် မစဉ်းစားမိချေ ။

ထွန်းလှမှာ ဆွေမျိုးဉာတိ အသိုက်အဝန်း ကြီးသော်လည်း ၎င်းဆွေမျိုးတို့မှာ ဂုဏ်အရောင်အဝါသည် ပိုးစုန်းကြူး၏ အရောင်နှင့် တူ၍ နေလေ၏ ။ အကြောင်းမူကား ပိုးစုန်းကြူး အရောင်လက်သည့်အခါ အဝေးမှ နေ၍ ကြည့်လျှင် အရောင်သည် အကောင်ထက် ကြီး၍ နေလေ၏ ။ ထိုအကြောင်းကို ထွန်းလှ ကောင်းစွာသိ၏ ။ အကြောင်းမူကား မိမိ၏ အမျိုးထဲ၌ အငြိမ်းစားဝန်ထောက် တစ်ယောက်နှင့် ကိုယ်ရောင်ကိုယ်ဝါ လင်းသော နတ်နှင့် တူသည့် ဦးကြီး ဝတ်လုံတော်ရတစ်ယောက်မှ တစ်ပါး အခြား အကြီးအကျယ် မရှိလှသဖြင့် ၎င်းတို့၏ အမျိုးစု တစ်စုလုံးမှာ စိန်ဆန်ကွဲကလေးတွေကို နားကပ် လုပ်၍ ထားသကဲ့သို့ ဖြစ်၍ နေလေရာ စိန် ဟူသော နာမည်ကို ရရုံမျှ ရှိလေ၏ ။

မော်တော်ကား စီးရခြင်းတူသော်လည်း အဖိုးတန် ကောင်းကား ဝစ်လစ်စနိုက်အမျိုးနှင့် အိုဘာလင် ၊ ချက်ပလင် ၊ ဂျောက်ဂျက် မည်သား ဖို့ဒ်ကားများကို စီးရခြင်းနှင့် မတူ ။ အသစ်ကျပ်ချွတ်ဆိုင်မှ ထုတ်ကာ အသက်ရှူရင် အာမခံပြုလုပ်၍ စီးရခြင်းနှင့် စက်ကင်းဟင်း အဟောင်း တဂျောင်းဂျောင်း မည်သော ကားကို စီးရခြင်းနှင့် မတူ ။ လက်ငင်း ဝယ်စီး ။ ပြီးပြီးပိုင်ပိုင် တာမြောင်းထဲ ဝင်၍ ထိုင်သော်လည်း ကိုယ်ပိုင်မို့ ဝန်မလေးသော ကားမျိုး စီးရခြင်းက တစ်မျိုး ၊ ပူပူဆူဆူ လူသူကြားအောင် လစဉ် ပေးဆောင်ကာ ဘဝင်အတော်ပ မအေးစရာ အင်စတော် မင်ပေးကာ ဝယ်ရသော ကားမျိုးကို စီးရခြင်းက တခြား ၊ စိန်နားကပ် အငှား ပန်သလို သူတစ်ပါး ပိုင်သည့်ကားနှင့် စတိုင်များရခြင်းက တစ်မျိုး ၊ ပရိုက်ဘိတ်တက္ကစီ လော်ရီ ကို စီး ၊ ခေါင်းနားပန်း ကြီးရခြင်းက တစ်ဖုံ ဖြစ်လေရာ စိန်တစ်လုံး နားကပ်နှင့် စိန်ပြာ စိန်ဆန်ကွဲ ၊ စိန်သလဲ ၊ စိန်ဆား ၊ စိန်မွှားစိန်မှုန်နှင့် စိန်ဂုဏ် ရောက်ရခြင်းမှာ တစ်နည်းအားဖြင့် စက်ကင်းဟင်း လူကုံထံ ၊ ဂုဏ်အသရေ ရှိ မျိုးမျှ ဖြစ်၍နေကြလေ၏ ။

သို့ဖြစ်သောကြောင့် ထွန်းလှသည် အမျိုးစုထဲတွင် အချွန်ဆုံး ဖြစ်လေရာ သာ၍ ချွန်အောင် အထက်၌ ရှိသော အရောင်တို့နှင့် ရောစပ်ရန် အောက်ကနေ အရောင်လွှတ်ကာ အင်္ဂါဂြိုဟ်ကို မှန်ပြောင်းနှင့် ချိန်သည့်အလား ချိန်တွယ်၍ နေသူ ဖြစ်လေရကား မယ်ရင်ကလေးမှာ ကြိုးချင်း ထား ကြိုးချင်းငြိ ၊ မကြံဘဲ ထိသူ ဖြစ်သောကြောင့် ကြိုး အပတ် မမိရအောင် အရပ်မသိမီ ဖြတ်၍ ကြည့်ရန် ရိုးသားစွာ ကြံခြင်းမျှ ဖြစ်လေသတည်း ။

ထိုနေ့ညဉ့်၌ ကင်းတဲ အဝ၌ စာရေးကြီး ကိုဘိုးနော နှင့် ထိုင်ကာ စကားပြောကြလေ၏ ။

ဘိုးနော ။  ။ “ ဘယ့်နှယ်လဲ လမ်းဗိုလ် ၊ တယ်ပြီး မလန်းတဲ့ကိုယ် ရှိပါကလား ၊ ဘယ့်နှယ် ရန်ကုန်ကို မပြန်ချင်လို့လား ”

“ ကိုရင်ကလည်း အသိသားနဲ့ မေးနေပြန်ပါပြီ ”

“ မပြန်ချင်ရင်လည်း ဟင်္သာတမှာပဲ လုပ်ပါတော့လား ၊ ကောင်မလေးအတွက် ဝန်လေးရင်လေ ”

“ ဝန်တော့ မလေးပါဘူး ကိုရင်ရဲ့ ၊ သို့သော်လည်း ... ”

“ မလေးတော့ မလေးပါဘူး မပေါ့တာက ခက်တယ် ၊ သည်အလုပ် အတွက် ရန်ကုန်က ထွက်လာကြကတည်းက တောကို ရောက်ရင် ငါးပိ ကြပ်ကြပ်စားလို့ ပြောတာ ၊ ခင်ဗျား နားမထောင်ဘဲ ရွာထဲ သွားတည်းပြီး ထမင်းလခပေး စားလိုက်တာ အခု ဘယ့်နှယ်ရှိစ ၊ အရိုး မျက်နေပြီ မဟုတ်လား ၊ ကျုပ်တို့ကို ကြည့်စမ်း ဘယ်လောက်အေးသလဲ ၊ အားရင် လည်ပြီး ငှက်ပစ် ၊ ကိုယ့် ထမင်းကိုယ် ချက်စား ၊ အခုတောင် ဆာလာပြီ ၊ ခိုနဲ့ ဆက်ရက်နဲ့ ရောပြီး အပနားကို စက္ကူအလုပ်ခိုင်းထားတယ် ။ ဒါထက် ကျုပ်မှာတော့ တစ်ပိုင်းကျန်သေးတယ် ။ ခင်ဗျား ထမင်းစားပြီးပြီလား ၊ နေဦး ” ဟု ပြောပြီး အပနားကို ခေါ်လေ၏ ။

ပတ်တစ်ချက် အနက်ဆယ်ထွေ ဟူသော စကားကို အပနားဟူသော စကား၌ အနက်အဘယ်မျှ များသည်ကို လျင်မြန်သော ဉာဏ်ဖြင့် သိတော်မူတတ်ထသော အပနား သည် ဆပ် ဟု ပြန်၍ထူးပြီး ထိုကဲ့သို့သော အသံမီအောင် ပြေး၍ လိုက်သည့်အခါ တစ်ပိုင်းကျန်သည့် ဘရန်ဒီ ကွပ်ပုလင်း ကြေးနန်းခက်ကြီးရော ဆော်ဒါနှစ်ပုလင်း ရော အကြော်ပန်းကန်ပြားရော မိမိကိုယ်တိုင်ရော အသံ နှင့် ထက်ကြပ်မကွာ လူကပင် အသံထက် နည်းနည်းကလေး ဦးစွာ ရောက်၍ လာပြီး အနီးရှိ စားပွဲပေါ်၌ ဂျောက်ဂျက်ဂျလင်ဟု ပန်းကန် ၊ ဖန်ခွက် ၊ ပုလင်းကိုချပြီး မြတုံးကြီးနှစ်တုံးနှင့် တူလှစွာသော ဆော်ဒါနှစ်ပုလင်းကို တစ်ပုလင်းနှင့် တစ်ပုလင်း ထိခိုက်လုံးကြခြင်း မပြုကြစေရန် စိမ်းမှောင်မှိုင်းစိုသော မြက်ပေါ်၌ တခြားစီ လှိမ့်၍ ထားလိုက်ပြီး ဘရန်ဒီပုလင်းက ဖော့ကို ဖွပ်ခနဲ ဆွဲ၍ ထုတ် ၊ ဖန်ခွက်နှစ်ခွက်ထဲသို့ ဂလောက် … ဂလောက် .. ဂလောက် မည်စေပြီးနောက် ဆော်ဒါ တစ်ပုလင်းကို ကောက်ယူကာ ဖြတ် ရှူး ရှဲ ဂွပ်ဂွပ်ဂွပ် လတ်တလောချင်း ဖြူသော ဖန်ခွက်နှစ်လုံးကို ပယင်းတုံးနှစ်တုံး ဖြစ်အောင် ဖန်ဆင်းလိုက်လေသတည်း ။

စာရေးကြီးသည် အကြော်ပန်းကန်ကို ကိုင်ကြည့်ကာ -

“ ဒါ ခါလား ဆက်ရက်လား ၊ မနက်က ပစ်တဲ့ ဗျိုင်းအောက်လား ”

“ ကျီးကန်းဖြူဖြူ ၊ ဆပ် ၊ ခြေထောက်ရှည်ရှည် နှစ်ချောင်းက မြက်ခြေထောက်လေ ”

“ ဪ … ခြေစိမ်းစိမ်းနဲ့ ဗျိုင်းလား ၊ ကောင်းပေါ့ ကွယ် ”ဟု ပြောကာ ဖန်ခွက်ကို ဦးမင်းကျော်အား မြှောက်ပြီး ဦးမင်းကျော် အကုန်သောက် ပစ်မှာ စိုး၍ ကု,လား သောက်သည့်အလား ခပ်မြန်မြန် မော့လိုက်ပြီး ထွန်းလှ ကို မေးထိုးကာ ကိုင်း .. ချလေဟု ပြောကာ မိမိ၏ ဖန်ခွက်ကို စားပွဲပေါ်သို့ချပြီး အရသာခံကာ မြုံ့လျက် နှုတ်ခမ်းမွေးစုတ်ဖွား ကုပ်ကားကားကို လက်နှင့် အုပ်ကာ သာ၍ ကုပ်အောင် လုပ်သလို သပ်၍ ရွှေဥဗျိုင်းသားကို ဖဲ့၍ ပါးစပ်ထဲသို့ ထည့်ကာ စားရင်း ခပ်ပူပူမို့ မျက်လုံး မျက်ဆံ ချာလပတ်လည်ကာ ပြူးကာ ပြဲကာ ဝဲလှည့်ကာ နေလေ၏ ။ ဗျိုင်းသားမှာ ခံတွင်းကို ရောက်ကာမှ သေရာမှ ရှင်၍ အသက်ဝင်ကာ အံသွားကို ကြောက်ရှာသဖြင့် ပါးစပ်ထဲမှာ ချာလပတ်လည်ကာ အရှောင်ကောင်းသည့် လက်ဝှေ့သမားလို ရှောင်ရှားပြေးလွှားသောကြောင့် မမိ မိအောင် အမိအရ ဖမ်း၍ စားရသည့်အလား ကပျာကယာ မျက်စိ မှိတ်ကာ အံကြိတ်ကာ ဝါးလေ၏ ။ ပြေးရှောင်သော အသားမှာလည်း ထွက်ပေါက်ကို ရှာ၍ မရသောကြောင့် အရမ်းတိုးရသည့်အလား လက်ယာပါး ၌ ဖောင်းခနဲ လက်ဝဲပါးဘက်၌ ဖူးခနဲ ဖြစ်၍နေလေသတည်း ။

ထိုအခိုက်တွင် လည်ခါခါ ခေါင်းခါခါ အပူက မသက်သာသဖြင့် မျက်လုံးများမှာ ပြူးခနဲ ပြာခနဲ ပုလဲ တစ်လုံး ရွဲ တစ်လုံးဖြစ်ကြလေ၏ ။

သို့ဖြစ်၍ နေခိုက်တွင် တစ်စုံတစ်ယောက် လာ၍ လုယက်သောက်စားမှာ ကြောက်သကဲ့သို့ ကိုင်း ချလေလုပ်လေဟု အာလုပ်သံနှင့် ပြောပြီးမှ လည်ကို ဆန့်ကာ ငါးကို ဗျိုင်းမျိုသလို ဗျိုင်းကို လူမျိုလိုက်လေသတည်း ။

မောင်ထွန်းလှ သည်ကား မိမိ၏ အဖော်မှာ ဗျိုင်းသား၏ ရန်ကို အဘယ်မျှလောက် ခုခံနှိမ်နင်းခြင်းပြုရသည်ကို သတိမထားပါဘဲ ဖန်ခွက်ကို နှုတ်ခမ်း၌ တေ့ကာ နှုတ်ခမ်းစွတ်ရုံမျှ စုပ်ပြီး ဖန်ခွက်ကို လက်၌ ကိုင်ပြီး တွေးတော၍ နေလေ၏ ။

လနတ်သားသည် အရှေ့ကောင်းကင်၌ ရွှေစက်ဘီးကြီးကို စီး၍ တက်လာလေ၏ ။

စာရေးကြီး ။  ။ “ ကျုပ်တို့မှာ ဘယ်လောက် အေးသလဲ ၊ ရန်ကုန်ကို ပြန်ရခါနီးမို့ ပျော်လို့ ခင်ဗျားတို့က ကျောက်ဆူးလို ထစ်နဲ့မို့ ထင်ပါရဲ့ ၊ ရောက်ရာ ငြိနေတာပဲ ၊ ကျုပ်တို့တော့ ငြိစရာမရှိဘူး ၊ သို့သော် ဖြစ်လို့ရှိမှဖြင့် ပစ်မထားခဲ့ကောင်းဘူး မိတ်ဆွေ ”

“ ကျုပ်တော့ တော်တော်နဲ့ မိန်းမ မယူသေးပါဘူး ၊ ယူရင်လည်း ခင်ဗျား ကောင်မလေးလို ရိုးရိုးသားသားနဲ့ လင်ကို တကယ်အဟုတ်ချစ်မယ့် မိန်းမကိုမှ ယူမှာပဲ ၊ စည်းစိမ်းဥစ္စာ ဆိုတာတော့ ကံရှိမှ ဖြစ်တာပဲ ”

“ ခက်တယ် ကိုရင် ၊ ပြောတော့ လွယ်လွယ်ကလေးရယ် ၊ အစိုးရအလုပ် ဆိုတာ အရည်အချင်းနဲ့ ဘယ်လို ပြည့်စုံလို့ မိုးရောက်ပစေ ငရိုး ဖြစ်မှာပဲ ၊ ကြီးမြင့်မှာ မဟုတ်ဘူး ကိုရင်ရဲ့ ၊ အသိုက်အဝန်း ကောင်းမှ ကြည့်ရှု ရိုင်းပင်း ကူညီသူ ရှိမှ ကြီးပွားတာမျိုး ဆိုတာ ပုံသေ မှတ်ပါ ၊ ကျုပ်က လည်း ”

“ အစိုးရကိုလည်း မပြစ် မဆိုပါနဲ့လေ ၊ ခင်ဗျား ပြောသလိုသာ ဖြစ်ရင် ဘာဖြစ်လို့ သိပ္ပံတွေ ၊ ဘာတွေ ထားနေ ဦးမှာတုံးဗျ ၊ ဂုဏ်အသရေရှိသူ သားသမီးတွေကို နားရွက် ဆွဲပြီး မင်းသည်မှာလုပ် ၊ မင်း သည်မှာ ထိုင်လို့ ပြောမှာ ပေါ့ ၊ ဒါတွေထားလိုက်ပါ ၊ ခင်ဗျား အခု လခနဲ့ ဒီစကြိတ် မြို့ပေါ်မှာ နေရင် ကုန်ကျစရာ ဘာမှ ရှိမှာ မဟုတ်ဘူး ။ မြန်မြန် ကြီးပွားမှာပဲ ။ တကယ်ကြိုက်တဲ့ မိန်းမတစ်ယောက်ကိုလည်း အလုပ်အကျွေးရဦးမယ် ၊ ခင်ဗျား ရန်ကုန်မြို့သားကြီး စတိုင်မတွေကို သွား ကြံရင် အစမှာ နေရာကျအောင် နောင် ဘယ်လိုဖြစ်မယ်ဆိုတာ တွေးပြီး ကြောက်စရာတွေ အများကြီးရှိတယ် ။ လောကမှာ လာဘ် တကာ့ လာဘ်ထဲမှာ ကျန်းမာခြင်းဟာ အကြီးဆုံး လာဘ်လို့ ဆိုကြတယ် ။ အဲဒီလောက်က လွဲရင် ကိုယ့်လင်ကို တကယ်ချစ်တဲ့ မယားဟာ အကြီးဆုံး လာဘ်ပဲ ၊ ကောင်မကလေးဟာ ခင်ဗျား ပစ်သွားရင် ဟောဒီ မြစ်ထဲ ခုန်ဆင်းပြီး သေချင်သေမှာ ၊ ဒီတော့ ဘယ်သူ့ ပယောဂလည်း ကြည့် ၊ ဒီမြစ်ကို ခင်ဗျား မပြန်မီ ဖို့ပစ်ခဲ့နိုင်မယ် ဆိုရင် တောင်ပဲ မီးရထားလမ်းပေါ်မှာ ခင်ဗျား ကောင်မကလည်း အခုလို ညအခါ လာပြီး မှောက်နေမယ်ဆိုရင် မီးရထားက လမ်းဗိုလ်ကလေးရဲ့ရည်းစားပါကလား ဆိုပြီး ကျော်သွားမှာမဟုတ်ဘူးဗျ ၊ ခွနင်းလိုက်မှာ ၊ ဒီတော့ ကြပ်ကြပ် သတိထားပါ ”

“ ကိုရင် မူးတိုင်း တွေ့ကရာတွေ ပြောနေတာကိုး ၊ ဒီလောက်တောင်လည်း မဟုတ်သေးပါဘူး ”

ထို့နောက် အတန်ကြာ ဆက်လက် စကားပြောပြီး နောက် ထိုနေရာမှာပင် အပနားအား ထမင်းပွဲ ပြင်ခိုင်းပြီး နှစ်ယောက်သား စားကြပြီးနောက် အတော်ကလေး ညဉ့် နက်သောအခါ တဲထဲသို့ မဝင်ဘဲ ပက်လက်ကုလားထိုင်များပေါ်တွင် အိပ်ပျော်၍ သွားကြလေရာ အင်ဂျင်နီယာ ဗိုလ်ကြီး နှစ်ယောက် လှည့်ပတ်ရောက်လာပြီး ၎င်းတို့ကို နှိုးသော အခါကျမှ တဲထဲသို့ ဝင်ကြလေသတည်း ။

••••• ••••• •••••

နောက်မကြာမီ ရန်ကုန်သို့ ပြန်ကြလေရာ မယ်ရင်တို့ သားအမိသည် ထွန်းလှကို မီးရထားရုံသို့ လိုက်၍ ပို့ကြလေ၏ ။ မီးရထား မထွက်မီ ထွန်းလှသည် မယ်ရင်တို့ သားအမိအား မိမိကို ကောင်းစွာကျွေးမွေးပြုစုသည့် အတွက် ကျေးဇူးတင်ကြောင်း ၊ မကြာမီ ပြန်လာမည့် အကြောင်းများကို ပြောလေ၏ ။ မယ်ရင်သည် ထွန်းလှ၏ အပါး၌ ကပ်ကာ ရပ်လျက် ဆက်ဆက် ပြန်လာဖို့ရန် အတန်တန် မှာကြားလေ၏ ။ မီးရထား ထွက်၍ သွားသောအခါ သားအမိနှစ်ယောက်သည် မျက်ရည်သုတ်လျက် ကျန်ရစ်ကြလေ၏ ။ မယ်ရင်သည် လက်ကလေးကို မြှောက်ကာ မီးရထားကြီး ကွေ့၍ ပျောက်သွားသည့် တိုင်အောင် ရပ်၍ ကြည့်လေ၏ ။ ထွန်းလှသည်ကား ဟင်္သာတ အထိ တစ်လမ်းလုံး စကား မပြောဘဲ ပြတင်းပေါက်ကို မှီကာ ထွေရာများစွာတို့ကို တွေးတောလိုက်ပါ၍ လာသတည်း ။

ထိုနောက် ၇ နှစ်ကျော်ခန့် ကြာ၍ သွားလေ၏ ။ အင်ဂျင်နီယာ ကိုထွန်းလှသည် ရန်ကုန်မြို့ မိမိ၏ အခန်း ၊ ဝရန်တာ၌ ဝီစကီပုလင်းကို စားပွဲပေါ်၌ ထောင်ကာ ငွေစီးကရက်ဘူးကို စားပွဲပေါ်၌ ချပြီး ဝီစကီကို တစ်ခွက်ပြီး တစ်ခွက် ဆော်ဒါနှင့်သောက်ကာ တစ်လိပ်ပြီး တစ်လိပ် သောက်၍ နေလေ၏ ။

မိမိ၏ အခန်းနှင့် ကပ်လျက်ရှိသော အခန်းတစ်ခန်းမှ လူသံများကို ကြားရသော အခါကျမှ ထိုအခန်း၌ လူများ ပြောင်းလာသည်ကို သိရလေ၏ ။

အနီးအခန်းမှ လူသံများကို ကြားရသောအခါ စိတ်ထဲ၌ နောက်၍ သွားလေ၏ ။ အထူးသဖြင့် စိတ်ကောင်း ဖြစ်ခြင်းကို တိုး၍ လေးလံစေသော အရာသည်ကား ထိုအခန်းမှ ကြားရသော မိန်းမတစ်ယောက်၏ သာယာသော အသံ ဖြစ်လေသတည်း ။

အကြောင်းမူကား ကိုထွန်းလှ၏ စိတ်သည် မိန်းမ ဟု ခေါ်သော သတ္တဝါ၏ ကြိတ်နယ်ခြင်းကို ခံရသဖြင့် ၇ နှစ်ပတ်လုံး နွမ်းနယ်၍နေခဲ့ရာ ဤဆိတ်ငြိမ်သော နေရာ အခန်းသည် နွမ်းနယ်သော စိတ်ကို နာလံထစေ သကဲ့သို့ အတော်အတန် သက်သာခွင့်ကို ဖြစ်စေခဲ့လေရာ ယခု ကြားရသော အသံတို့ကို ကြားရပြန်သောအခါ ရောဂါ တိုးသလို ဖြစ်ရာတွင် မိန်းမ၏ အသံသည် တိုးသော ရောဂါတွင် ညှော်ဝင်၍ အတိုက်ခံရသလို ဖြစ်၍ သွားလေသတည်း ။

ကိုထွန်းလှ၏ စိတ်နှလုံး၌ စိုပြည်ခြင်းတည်း ဟူသော အချစ်၏ သာယာသော တောင်တောင်မှာ ( မ ) ဟု ခေါ်သော တောမီးလောင်သဖြင့် သွေ့ခြောက်မည်းညိုကာ ပြာလွှမ်း၍နေလေရာ ယခုအခါ တစ်ကိုယ်တည်း ဆိတ်ငြိမ်ခြင်းတည်း ဟူသော မိုးရေကြောင့် စိုပြည်၍ လာမလို ဖြစ်လေရာ မိန်းမသံကို ကြားရခြင်းသည် တောမီး၏ အရိပ်အယောင်ကို အဝေးမှ မြင်ရသကဲ့သို့ ဖြစ်ကာ စိုပြည်စ ဖြစ်သော စိတ်၏ ရွက်နုများမှာ အလိုလို ညှိုးတော့မည် ကဲ့သို့ ဖြစ်လေ၏ ။ ငြိမ်သက်၍ နေသော စိတ်၏ စမ်းရေ၌ ကျောက်ခဲကို ပစ်၍ ချသည်နှင့် တူသော မိန်းမ၏ အသံသည် ငြိမ်သက်သော ရေကို ရုတ်တရက် လှုပ် ရှားလှိုင်းဂယက်ထ၍ ကစားစေ၏ ။ သို့သော်လည်း ငါ့ အခန်းနဲ့ ငါ့ဘာသာ နေလျှင် ငါ့ကို ဘယ်မိန်းမမှ လာ၍ အနုကြမ်း စီးနိုင်မှာ မဟုတ် ။ မိန်းမသည် နုနုနှင့် ကြမ်းသော အနုကြမ်းမျိုး ဖြစ်၏ ။ ငါသည် အတွေ့မခံ ၊ သတိ နှင့် ကြံ၍ ရှောင်မည် ။ လှေကားမှာ တွေ့ဆုံလို့မှ ငါ မနှုတ်ဆက်လိုဟု အောက်မေ့ကာ ၎င်းမိန်းမများ နေသော အခန်းနှင့် ဆက်သွယ်သော တံခါး၏ မင်းတုံးကို ခိုင်သည် မခိုင်သည် ကျသည် မကျသည် စိတ်ချလက်ချ သိရအောင် မင်းတုပ်ကို ထိုး၍ စမ်းသပ်ကြည့်ရှုလေ၏ ။

ထိုအခိုက်တွင် တစ်ဖက်မှ တံခါးခေါက်သံကို ကြားရလေရာ ထိတ်ခနဲ ဖြစ်ပြီး ဖန်ခွက်ကို စားပွဲပေါ်သို့ ချကာ ငေး၍နေလေ၏ ။

ဒေါက် … ဒေါက် ဟု ထပ်မံ၍ မရဲတရဲ ခေါက်သော အသံကို ကြားရသောအခါ ထွန်းလှသည် ဖွင့်ရ ကောင်းမလားလေ ၊ ရိုင်းရာများ ကျနေမလား ၊ ကိစ္စမရှိပါဘူးလေ ၊ ကိုယ်ကောင်းရင် ခေါင်းဘယ်ရွှေ့နိုင်မှာတုံး ဟုတွေးပြီး ရက်(စ်) ဟု ခေါ်လိုက်ရာ ဆပ် ဟု ထူးပြီး ကု,လားကလေး တစ်ယောက် မီးဖိုချောင်မှ ပြေးထွက်၍ လာလေရာ ထွန်းလှက တံခါးကို ဖွင့်လိုက်ဟု ကု,လားလို ပြောလေ၏ ။

သို့ဖြစ်သောကြောင့် တစ်မိနစ်အတွင်း ဖြူစင်ခန့်ညား ၊ ရွှေသားပမာ လမျက်နှာလို လွန်စွာအေးကြည် တည်ကြည်မျက်ထား အားရှိစရာ ထွားပြည့်စွာသော ကိုယ်ခန္ဓာအလုံးအရပ်နှင့် အပျိုကြီးဟု ခေါ်ဆိုလောက်သော မိန်းမတစ်ယောက်သည် ဝင်းဝင်းကြီး ပေါ်ပေါက်၍ လာလေသတည်း ။

၎င်းမိန်းမသည် ထွန်းလှကို မြင်သောအခါ တွေဝေ ငေးမော တွေးတောသည့်ဟန် အကြည့်သန်စွာ အတန်ကလေး ကြာကြာ ရပ်တန့်ကာ ဘာလီပုံး တစ်လုံးကို ကိုင်လျက် နေပြီးမှ စားပွဲပေါ်၌ ရှိသော ဦးမင်းကျော် ကိရိယာ တန်ဆာ ဖန်ပုလင်း ၊ ဖန်ခွက် ၊ စီးကရက် ၊ ရတနာ ၊ ပါနီ ရေခဲ ၊ အသည်းအေးစရာတွေကို တစ်ဖန် ကြည့်ပြီးလျှင် သာသာကြည်လင် ရင်ကို အေးစေ မြိုက်ရေပမာ ချစ်ဖွယ်သောအသံနှင့်

“ ကျွန်မတို့ အခန်းမှာ ရေဘုံဘိုင် ဆို့နေသလား ၊ တိုင်ကီမှာ တစ်ခုခု ပျက်နေလို့လား မသိလို့ ရေကလေး တစ်ဆိတ် မစပါလို့ ပြောချင်လို့ပါ ” ဟု ပြုံးပြုံးကလေး ပြောရာ စားပွဲပေါ်၌ ရေခဲ၏ အရောင်ကို မှောင်ဖြစ်လောက်အောင် ဖြူစင်တောက်ပ ညီညွတ်လှပသော သွားကလေးများသည် ထွန်းလှ၏ မျက်လုံးနှစ်လုံးကို အရောင်လျှံစက်ကွင်းဖြင့် အုပ်ဖမ်း၍ ဆွဲယူလိုက်လေရာ မျက်လုံးနှစ်လုံးမှာ မသက်မသာ ထွက်လာ၍ ကျတော့ မလို ဖြစ်၍ သွားလေသတည်း ။

“ ယူပါခင်ဗျား ... ယူပါ ၊ ကျွန်တော်တို့ အခန်းမှာ ရေကို သုံးမယ့်သူ မရှိပါဘူး ၊ ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက်တည်းမို့ ချက်သူ ပြုတ်သူလည်း မရှိ ၊ ဟိုတယ်က မှာပြီး စားကြရပါတယ် ၊ ရေမိုးချိုးရုံ တစ်ခါတလေ လက်ဖက်ရည်တည်ရုံမျှအတွက်သာ လိုပါတယ် ။ သယ်ချင်သလောက် သယ်နိုင်ပါတယ် ။ တိုင်ကီ ပြင်မပြီးမချင်း ဒီက ရေကိုပဲ သုံးတာပေါ့ ၊ ဒါထက် ကျွန်တော် ဒီဟာကလေးအတွက် အားနာစရာခင်ဗျာ အခွင့် ပေးပါ ” ဟု ပုလင်းကို ကြည့်ပြီး အရက်ရှိန်ကလေး တောက်တောက်မို့ မိန်းမ၏ မျက်နှာကို မတွေ့မီက မပြောမဆို မတွေ့ မမြင်လိုသောစိတ် ပြင်းထန်သလောက် မျက်နှာကို မြင်ရသောအခါ အားပါးတရ ပြုံးကာရယ်ကာ ကြည့်ကာ နှလုံးအတွင်းမှာ ပေါ်လာသမျှတွေကို သွန်မှောက်ကာ ပြောလိုက်လေဘိသတည်း ။

“ ကိစ္စမရှိပါဘူး ၊ ကိစ္စမရှိပါဘူး ၊ ကြိုက်တတ်တာကိုးရှင့် ” ဟု ပြောပြီး မိန်းမသည် နောက်သို့ လှည့်ကာ “ မောင်ညွန့်ဝေ ဟောဒီမှာ မမ ပြောပြီးပြီ ၊ ဒီသံပုံးနဲ့ သွားပြီး ရေသယ်ပါကွယ် ” ဟု ပြောပြီး ထွန်းလှကို ပြန်ကြည့်ကာ

“ အားနာစရာရှင် ကျွန်မတို့ နှောင့်ယှက်သလို ဖြစ်နေပါပြီ ” ဟု ပြောလေ၏ ။

“ အို ကိစ္စမရှိပါဘူး ၊ အားနာစရာ မရှိပါဘူး ၊ ဘယ် အရပ်က ပြောင်းလာကြသလဲ ၊ ကျွန်တော် ဒီကနေ့မှ သိရတယ် ၊ တောသွားနေတာ တစ်လလောက် ကြာတယ် ၊ မနက်ကမှ ကျွန်တော် ပြန်ရောက်လာပါတယ် ”

“ ဪ … ဘယ်ကို သွားရသလဲ ”

“ မော်လမြိုင်မှာ အဆောက်အဦတစ်ခု ရှိလို့ သွားပြီးကြည့်ရပါတယ် ”

“ မောင်ကြီးက အင်ဂျင်နီယာဘက်ကလား ”

“ ဟုတ်ကဲ့ အရင်ကတော့ အစိုးရလခစား လုပ်ခဲ့ပါတယ် ။ အခုတော့ ကိုယ့်အလုပ်ကို လုပ်ပါတယ် ”

“ ဪ .. ကိုယ်ပိုင် အလုပ်ပါလား ၊ လွတ်လွတ်လပ်လပ်ပေါ့နော် ၊ ရန်ကုန်မြို့မှာကော အဆောက်အဦများ ဆောက်သလား ”

“ အများအားဖြင့်တော့ ရန်ကုန်မှာ လုပ်ပါတယ် ။ နယ်ကိုတော့ တစ်ခါတစ်ခါ အဆောက်အဦ အကြီးအကျယ် ဆောက်သူများက ငှားမှ သွားပါတယ် ။ ကျွန်တော့် အလုပ်တိုက်က ဖယ်ယာလမ်းမှာပါ ”

“ ဪ … တယ်ကောင်းတဲ့ အလုပ်ပဲ ၊ ပညာ အတတ်နဲ့ဆိုင်တဲ့ အလုပ်ပေါ့လေနော် ၊ ရန်ကုန်မြို့ကြီးက တစ်နေ့တခြား ကြီးလာလေတော့ ဒီအလုပ်များမှာ ကြီးပွားဖို့ အင်မတန်များတာပဲ ”

“ ဟုတ်ကဲ့ ၊ သင့်သင့်တော့ ရှိပါရဲ့ ၊ လခစား ထက်တော့ တော်တယ် ဆိုရမှာပေါ့လေ ”

ထိုအခိုက်တွင် ညွန့်ဝေ ခေါ်သော ထွားထွားကြိုင်း ကြိုင်း သန်သန်မာမာ ယောက်ျားပျိုသည် ခါးတောင်းကျိုက်ကာ ရေကို သယ်၍ နေလေ၏ ။

ရေသယ်ပြီးနောက် မိန်းမက “ ကျွန်မတို့ ရေ လိုတဲ့ အခါ လာယူပါရစေရှင် ၊ သွားပါဦးမယ် ” ဟု ပြောလေ၏ ။ ထွန်းလှက ယူပါ ယူပါ ၊ ဒီတံခါးကို ကျွန်တော်တို့ ဖွင့်ထားပါ့မယ်ဟုပြောလေ၏ ။ မိန်းမလည်း ထွက်၍ သွားလေ၏ ။ ထွန်းလှလည်း နှလုံးသွေးတွေ ဘာတွေ ညာတွေ ၊ ရုန်းရင်းဆန်ခတ် အသွေးဓာတ်တွေ ၊ အသားဓာတ်တွေ ၊ အုတ်အုတ်ကျက်ကျက်ဖြစ်ကာ ငေးမော နေရစ်ပြီးမှ မိန်းမအတွက် အရက်သမားဖြစ်လောက်အောင် ရတက်ပွား၍ နေသမျှတွေဟာ တစ်ချက်တည်း လွင့်စင်ပပျောက်၍ သွားသကဲ့သို့ ဖြစ်ပြီးမှ တစ်ဖန် သတိထားကာ ဟိုပုဏ္ဏား ၊ သည်ပုဏ္ဏားတွေမှ မကောင်းဘဲ ၊ သင်းကော ဘာမို့ကောင်းရမှာတုံးဟု ဟိုတုန်း ဟိုတုန်းက မိန်းမတွေကို တွေ့စဉ်ကလည်း အခုလို ဖြစ်နေတာပါပဲ ။ အခုလောက်တော့ မများဘူးပေါ့လေ ။ သို့သော်လည်း သာပြီး ဖြစ်ရင် သာပြီး ပျက်မှာပဲ ။ ငါ များများ အရောဝင်လို့ မတော်ဘူး ၊ ကောင်မက ရဲတင်းက ရဲတင်း ပါဘိသနဲ့ ၊ လူကို မြင်လျှင်မြင်ချင်း ပုလင်းကို အားနာပြီး မကွင်းဘဲ သူ့လင် ကျနေတာပဲ ငါ့ကို စကားပြောလိုက်တာ ၊ အေစီ ထင်ပါရဲ့  ၊ အေစီ ဆိုရမှာလည်း အခက်သား လေ ၊ တခြား မိန်းမနှစ်ယောက်က သူ့ကို သူဌေးကတော် လို့ ခေါ်သလိုလိုလည်း ငါ ကြားရတယ် ၊ ဘာသူဌေး များပါလိမ့် ၊ အင်္ကျီချုပ်တဲ့ စက်သူဌေးလား ၊ လခမှန်မှန် မပေးနိုင်တဲ့ ဆန်စက်သူဌေးကတော်မျိုးလား ၊ တိုင်ရာစုတ်နှင့် ဆေးသုတ်မော်တော်ဘတ် လူကိုသ,တ်တဲ့ ကား မသိ ၊ ပါချိပါချက်ကလက်ကလေး ၊ အပျက်မနှေးသည့် စက်သူဌေးမျိုးထဲကလား စသည်များကို မူးတိုင်း ရူးတိုင်း မနောဝိညာဏဓာတ် အထူးစိုင်းကာ ထင်ရာတွေ တွေး၍ နေပြီးမှ တန်တန် ဤမျှနှင့်တန် ။ ထိုမျှနှင့် လှန် ။ မတန်လျှင် မလှန်လျှင် အမှန်ပင် ဘေးသင့်ဖို့ အရေးအခွင့် ဖြစ်ပေသည်တကား စသည်ဖြင့် ဆင်ခြင်၍ နေလေသတည်း ။

နောက်တစ်နေ့ ညနေလည်း ယနေ့ညနေမှာ ကဲ့သို့ ထိုနေရာမှာပင် တစ်ကိုယ်တည်း စိတ်လက် မရွှင်တိုင်း သောက်၍ နေရာ တံခါးကလည်း မပွင့်တပွင့်မို့ တစ်ဖက်ခန်းက သူဌေးကတော်သည် သောက်အားသန်သူကို ချောင်း၍ ကြည့်ကာ သနား၍ နေလေ၏ ။ သူ စွဲလမ်းလို့ သောက်တာနဲ့ မတူ ၊ တမင်သက်သက် စိတ်လက်မကောင်း အကြောင်းတစ်ခုဖြင့် သောက်နေတဲ့ လက္ခဏာထင်ပါရဲ့ ဟု မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရာမှ မကြာမကြာ စည်းစောင်းကြည့်၍ နေပြီးမှ သုံးလေးခွက်ထက် ပို၍ သောက်နေသည်ကို မြင်သဖြင့် ဪ …. ဒုက္ခရောက်တော့မယ် ။ ဘာဖြစ်လို့ ဒီလောက်တောင် သောက်နေပါလိမ့်မလဲဟု စိတ်မှာ တွေးပြီး မဂ္ဂဇင်းစာအုပ်ကို ဘေး၌ ချကာ ခြေသံ မကြားအောင် ထ၍ လာပြီး တံခါးအနီးသို့ အရောက် တစ်ခွက်ထပ်၍ သောက်တော့မယ် ဟန်ပြင်သည်ကို မြင်သဖြင့် တံခါးကို ဖွင့်ကာ အပါးသို့ ရောက်လာပြီးလျှင် တော်ပါတော့လားတော့ ရှင့် ဟု ( တော့ ) ဟူသော စကားကို မတော်တဆ ခလုတ်တိုက်ပြီးမှ ရှင့် ဟူသော စကားရှိရာ သို့ ရောက်လေ၏ ။

ထိုကဲ့သို့ ပြောပြောဆိုဆိုနှင့်ပင် ဖန်ခွက်ကို ကိုင်ထားသော ထွန်းလှ၏ လက်ကို လက်ယာလက်နှင့် ကိုင်ဆွဲကာ လက်ဝဲလက်ကို ထွန်းလှ၏ နှုတ်သီးနှင့် ဖန်ခွက် စပ်ကြားမှာ ထားကာ ရင်ဘတ်ကို တွန်းတော့ မလိုပြု၏ ။ သို့ပြုခိုက်တွင် သူဌေးကတော်၏ နွေးသော ကိုယ်သည် ထွန်းလှ၏ ရင်ဘတ်နားသို့ ကပ်ရောက်သဖြင့် ကိုယ်ခန္ဓာ၏ အခြားသော အပိုင်းတို့မှာ တစ်ယောက်နှင့် တစ်ယောက် အဘယ်မျှလောက် ထိရောက်သည်ကို ပြောစရာ မရှိဘဲ ထွန်းလှ၏ နှလုံးမှာ သုံးဆယ့်ခုနစ်မင်း အားလုံး အကောင်လိုက် ဝင်၍ ပူးကပ်ကြသလို ရုံးရင်း ဆန်ခတ် ၊ ဒုန်းမြင်းအတန်တန် ပတ်၍ ပြေးသကဲ့သို့ ဖြစ်၍ နေလေသတည်း ။

ထိုအခါ မြာကို မုန်းထား အလကား ဥစ္စာ ၊ မအုပ်ရာဟု ယုတ်စွာအလား ချုပ်ကာထားသော အင်ဂျင်နီယာ ဆရာ ဦးထွန်းလှသည် မွှေးကြိုင်သင်းပျံ့သော သူဌေးကတော် ဆံပင်အမွှေးနံ့ကလေးက လေပြည်တိုက်၍ ပေးသဖြင့် တစ်ကြောင်း ၊ မျက်နှာ၌ မှုန်နံ့သာသသည် နံ့သာနံ့ကလေးက နှာဝကို အေးစေသဖြင့် တစ်ကြောင်း ၊ အရေလည်သော ပဒုမ္မာအင်္ကျီ အောက်မှာ အရောင် တောက်၍ နေသော ဇာပေါက်များ အကြားရှိ အသား အိအိကလေးတွေကို မြင်ရသော ရူပါရုံက ကြာပဒုံဇာတ် ကို ခင်းသောကြောင့် တစ်ကြောင်း ၊ ထိရတွေ့ရ မွေ့လှသော တင်ပါးဆုံနုနုက ရင်ခုန်အောင် ပြုလှသောကြောင့် တစ်ကြောင်း ၊ အထူးဖြစ်ရပုံကလည်း မူးရစ်၍ နေသောကြောင့် တစ်ကြောင်း ၊ ကောင်းလာသည့် အတွေ့ကို စောင်းကာဖြင့်ပွေ့မှ တော်မည်ဟူသော စိတ်အားဆင်ကြမ်းကြီးသည် ချုပ်တည်းခြင်းတည်းဟူသော ထူးသံကြိုးတို့ကို ပင့်ကူအိမ်ငြိသလောက် မှတ်ထင်ကာ ဖြစ်စေပြီးနောက် ကပ်လေနီးလေ ဖြစ်၍ နေသူကို မရှူနိုင် မရှားနိုင် ကမန်းကတန်း ဖြစ်ပြီး ကတမ်းကရမ်းနှစ်ခါ ၊ ဘယ်လိုပဲဖြစ်ဖြစ် ဟု ညွှတ်ကွင်းသို့ ဇွတ်ဆင်းကာ မလွှတ်ခြင်းကို အပိုင်ပြုပြီး အပိုင်ဟု မတရားမက်ပြီး တအားဖက်ကာ မျက်နှာကို ကြည့်လျက် မသက်မသာ မရှက်မညှာဘဲ ဆက်ကာ ဆက်ကာ အဟုတ်ရမ်းပြီး နှုတ်ခမ်းချင်း တွတ်မိကြလေ သတည်း ။

“ အလို ... အလို.. လွှတ်ပါ ၊ ဘယ့်နှယ်လုပ်တာ လဲရှင့် ၊ ဟိုဘက်က သိကုန်တော့မယ် ၊ ကျွန်မ ကိုက် လိုက်မယ်နော် ရှင့်နှာခေါင်း ပြတ်သွားချင်သလား ” ဟု သိပ်သိပ်ပြီးလည်း မရုန်းဘဲ ကြိတ်ကြိတ်ပြီး ပြုံးကာ သူ့ ရင်ထဲမှာလည်း တထိတ်ထိတ် တလိပ်လိပ်နဲ့ တဒုန်းဒုန်း ဖြစ်၍ နေသဖြင့် အဲဒီနေ့က စပြီး သမီးရည်းစား အဖြစ်သို့ တစ်ဆက်တည်း ရောက်၍ သွားသည်မှာ အောက်ပါ စကားများအရ ဖြစ်လေသတည်း ။

“ အမယ် ကျုပ် မှားပြီ ၊ သူဌေးကတော် ခင်ဗျားမှာ သူဌေးကြီးနဲ့ပါကလား ”

“ သူဌေးကြီး မရှိဘူး ”

“ ဘယ်ကို သွားသလဲ ”

“ သေသွားပြီ ၊ ရှင့်မိန်းမကော ”

“ မရှိတော့ဘူး ”

“ ဘယ်သွားသလဲ ”

“ လင်နောက် လိုက်သွားတယ် ”

“ အခု ဘယ်မှာလဲ ”

“ ရန်ကုန်မှာ ”

“ ရှင့်ဆီ မလာဘူးလား ”

“ သူ့လင်သေလို့ လာမလို့တဲ့ ”

“ ရှင်က လက်ခံမလား ”

“ သနားနေတယ် ”

“ အခုကော သနားသေးလား ”

“ မသနားတော့ဘူး ”

“ ဘာဖြစ်လို့ အရက်သောက်လဲ ”

“ သူ့ကြောင့် စိတ်ညစ်လို့ ”

“ အခု စိတ်ညစ်သေးလား ”

“ မညစ်တော့ဘူး ”

“ မသောက်နဲ့တော့နော် ”

“ မသောက်တော့ဘူး ”

“ ချစ်လား ”

“ ချစ်လား ”

“ ချစ်လို့ပေါ့ ”

“ ကြိုက်လို့ပေါ့ ”

“ ပြုတ် ”

အင်ဂျင်နီယာ၏ နှုတ်ခမ်းမှာ ကိုကင်းပွတ် သလို မျက်နှာ ချေရောင် ဖွေး၍ သွားလေ၏ ။

ဘယ့်နှယ်လဲ ဒီမိန်းမဟာ ငါ့ကို ကြိုက်မြန်လှချည်လားလေ ၊ ကောင်းမှာ ဟုတ်ပါဘူးလေ ၊ လင်နောက်ကို လိုက်ပြေးဦးမှာ ထင်ပါရဲ့လေ ။ အတွေးရ ခက်ပါဘိတော့လေ ။ တစ်ချက်မှလည်း မငြင်းပါကလား ။ ခင်ခင်ကြီး လိုဖြင့် အခက်ပဲ ။ ဪ .. ခင်ခင်ကြီး ခင်ခင်ကြီး ၊ မျိုးကြီးဆွေကြီး ဂုဏ်အသရေကြီးမို့ ငါဖြင့် တော်လှပြီဟဲ့လို့ အောက်မေ့ပြီး ဪ မယ်ရင် ခေါ်တဲ့ တောသူမကလေးကို ငါမေ့ပြီး တွေ့ခဲ့ကြတယ် ။ သူ့မေမေကြီးဘုရား လှော်တာနဲ့ ငါ့မှာ ပေရေပြီး အလကား ဖြစ်ရတာ ပါကလားကရိုး ၊ အခုလည်း ဒီသူဌေးကတော် ဆိုတဲ့ မယ်ဖြတ်စကို ငါ တကယ် ဟတ်ရတော့မလို ဖြစ်နေပြန်ပါကလား ။ ဟိုမယ်ရင်ကလေး ခမျာ ဘယ်လိုများ နေရှာပါလိမ့်မတုံး ၊ ဒင်းကလေးကို ငါ ယူပြီး ရိုးရိုးတန်းတန်း လုပ်ကိုင်ရရင် စိတ်အေးခဲ့ရဖို့ပဲ ။ အခုတော့ စီးပွားဖြစ်သော်လည်း အချစ်မရှိတဲ့ ဘဝဟာ ပြောင်းမရှိတဲ့ မီးအိမ်လို မထိန်မဝင်း ။ ကြပ်ခိုးတွေနဲ့ မလင်းနိုင်အောင် ဖြစ်၍ နေပါပကော စသည်ဖြင့် တွေးတောကာ အတွင်းခန်း ပျဉ်ထောင်အနီး ခုတင်ပေါ်၌ တုံးလုံးနေလေ၏ ။ သို့ပင် နေသော်လည်း သူဌေးကတော်၏ မျက်နှာသည် မိမိ၏ မျက်နှာကို စီး၍ နေလေ၏ ။ အဘယ်လို အစွဲဖြစ်ရပါလိမ့် မလဲဟု တွေးကြံ၍မရ ။ သည်မိန်းမဟာ ရဲပေမဲ့ သူ့အမူောအရာမှာ ကလေးရိုးနဲ့ တူတဲ့ဟာကလေးတွေ အများကြီး တွေ့ရတာမို့ ကမြင်းတယ် ၊ နန့်တယ် ၊ ပေါ့တယ် ၊ လျှပ်တယ် ၊ ဖြတ်တယ် ၊ စတယ် ဟူ၍ တွေးရမှာလည်း ခက်လှပါကလားကရိုး ။ သင်းလို မိန်းမကို ဘယ်လို မိန်းမလို့ ခေါ်ရပါ့မလဲ ၊ ခေါ်စရာလည်း အခြားမှာ မရှိ ၊ တစ်ခါမှ မတွေ့ဖူးသဖြင့် သင်းလို မိန်းမကို သင်းလို မိန်းမလို့ပဲ ခေါ်ရတော့မလို ကျနေပါကလား စသည်ဖြင့် ဖူးပွေ့ လက်တင် ဆင်ခြင်သည်ထက် ထင်မြင်၍ နေလေ သတည်း ။

ဟိုပထမ စ၍ ပွေ့ပြီး ကတည်းက ပွေ့ရသော အကြိမ်ပေါင်းတွေဟာလည်း အတော်ပင် များခဲ့လှပြီ ဖြစ် သောကြောင့် ငြင်းအားနွဲ့လျက် ဆက်လက်ကာ ဤ မုဆိုးမကလေး ချစ်စရာကို နှစ်ခါ နှစ်ခါ နစ်နစ်နာနာကြီး ချစ်ရရှာတော့မလို ဖြစ်၍နေလေရာ မယ်ရင်ကလေး ခမျာ မှာ သေ၍ အေးပြီးသည့် အချစ်ဟာကို အသစ်နွေးအောင် အလိုလိုပင် တွေးကာ မွှေးသော်လည်း အေးရာမှ မနွေးဘဲ နေပေတော့သတည်း ။

သို့ကလို နေခိုက်တွင် ဟဲ .. ဟဲ ဟု ရယ်သော ညွန့်ဝေ၏ အသံကို တစ်ဖက်ခန်းမှ ကြားရလေရာ နားစိုက်၍ ထောင်နေလေ၏ ။

ထွန်းလှသည် ငေါက်ခနဲ ထိုင်ပြီး ဦးခေါင်းမှာ မိုက်ခနဲ ဖြစ်၍သွားသဖြင့် နဖူးကို လက်နှင့် အုပ်ထားရလေ၏ ။

အင်ဟင် ... သင်းတို့ မောင်နှမနှစ်ယောက်တည်း ပါကလား ၊ ဟိုကောင်မတွေ ထွက်လည်နေကြတာပဲ ၊ မဟုတ်ပါဘူး ထင်ပါရဲ့ ၊ မောင်နှမ ဆိုတာ ငါ့ကို တစ်ပတ်ရိုက်တာပဲ ၊ ငါ့မှာ ပိုက်ဆံရှိမှန်း သိလို့ ပိုင်းမလို့ ကြံတာပဲ ၊ ပုသိမ်ကက်သူဌေးကတော် လင်သေလို့ တောမှာ ဓားပြတိုက်မှာ စိုးလို့ သူ့ယောင်းမများနဲ့အတူ ရန်ကုန်မှာ လာနေသလေး ဘာလေး ပြောတာတွေဟာ အကုန် ညာတာပဲ ၊ ဒီကောင်ကလေးကိုလည်း သူ့မောင် သူ့မောင်နဲ့ ၊ အခုတော့ သူ့မောင်ဟာ အင်း ... ဒီကောင်မ တယ်ဉာဏ်များတဲ့ ကောင်မပါကလား ၊ ငါတော့ မသင်္ကာဘူး ၊ အကဲခတ်ဦးမှပဲ ၊ ခင်ခင်ကြီး ထက် ကြောက်စရာကောင်းတာ တွေ့နေပါပြီဟု အောက်မေ့ကာ ဆက်လက် နားထောင် နေရာ နောက်ထပ် ဘာသံမှ မကြားရဘဲ နေလေ၏ ။

ထိုနေ့မှစ၍ ထွန်းလှသည် အကဲကို ခတ်လေရာ သာ၍ မယုံသင်္ကာစရာ အချက်တွေ ပေါ်လေ၏ ။ မသင်္ကာပြီး သူတို့ အကဲခတ်သည့် အခါ မသင်္ကာစရာကို များစွာ တွေ့ရတတ်ခြင်းသည် လူတို့၌ ဓမ္မတာဖြစ်၏ ။

သို့ဖြစ်သောကြောင့် သူဌေးကတော်ကို အထက်ကလို ဟက်ဟက်ပက်ပက် စကားမပြောဘဲ နေလေ၏ ။ သူဌေးကတော်က လာ၍ စကားပြောလေ သာလွန် ကြောက်ရွံ့လေ ဖြစ်ကာ သုန်မှုန်စွာ နေလေ၏ ။

နောက်ဆုံး၌ သူဌေးကတော်က -

“ ကိုထွန်းလှ ကျွန်မကို ဘာဖြစ်လို့ မုန်းသလဲ ၊ ကြောရပြီးလို့ စွန့်ပစ်ချင်တာပေါ့နော် ၊ ယောက်ျားဆိုတာ ဒီလိုချည်းမို့ ကျွန်မကတော့ စိတ်မဆိုးပါဘူး ၊ ကျွန်မ ကံဆိုးလေခြင်းလို့အောက်မေ့ပြီး ဝမ်းနည်းတာပါပဲ ။ ကျွန်မ ဘယ်သူလဲ ဆိုတာ ရှင် သိရဲ့လား ” ဟု မေးလေ၏ ။

“ ငါ သိလည်း မသိချင်ဘူး ၊ သိဖို့လည်း မလိုပါဘူး ”

“ ရှင် မသိချင်ပေမဲ့ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ ဆိုတာလို ကျွန်မမှာတော့ ငယ်ချစ်မို့ မနေချင်လို့ ပြောရမှာပဲ ” ဟု ပြောပြီး အသံတုန်တုန် ငိုသံနှင့် ထွန်းလှ ရှေ့မှာ ပုဆစ်ဒူးတုပ်၍ ထိုင်ကာ မျက်ရည်တွေ ဝေလျက်

“ ရှင် ကျွန်မအသည်းကို လှံနှင့် ထိုးတာ နှစ်ခါ ရှိပါပြီ ” ဟု ပြောလေရာ ကိုထွန်းလှသည် ၎င်းကို ကြည့်ကာ ရင်ထဲမှာ ဆို့၍ လာလေ၏ ။ သို့သော် အံ့အားသင့်ပြီးလည်း စိတ်ကို ချုပ်ကာ

“ မင်း အသည်းကို ငါ ဘယ်တုန်းက လှံနဲ့ ထိုးရသတုံး ”

“ ရှင် မမှတ်မိဘူးပေါ့လေ ၊ ဘာ မှတ်မိမလဲ ကျွန်မ ကတော့ မကောင်း ကောင်းကြောင်း စားရစေဖို့ ချက်ပြုတ် ကျွေးခဲ့ရတယ် ၊ ခြေအိတ်စုတွေကို ဖာရလို့ လက် ပေါက်တာတွေကို တွေးလိုက်ပါဦး ၊ ရှင် ပေးခဲ့တဲ့ ထမင်း လခငွေကလေးတွေကို ကျွန်မ အခုထက်ထိ မသုံးသေးပါဘူး ၊ အမှတ်တရ ရှိပါသေးတယ် ”

ထွန်းလှ၏ မျက်လုံးများ ဝေ၍ လာလေ၏ ။ မယ်ရင်၏ ရုပ်သည် မဲ့၍ ငိုရာတွင် ပေါ်၌လာလေ၏ ။ ထွန်းလှ၏ နှလုံးသည် နံဘေးကို ပွင့်ကန်၍ ထွက်တော့မလို လှုပ်ရှားလေရာ မယ်ရင် ဟု ခေါ်လေ၏ ။

“ ရှင် … ကျွန်မ မယ်ရင်ပါပဲ ၊ ရှင် ပစ်သွားလို့ စက်သူဌေးနဲ့ အမေက ပေးစားတာပါ ၊ ကျွန်မ ဆင်းရဲလို့ ရှင့်ကို ခိုးဖို့ကြံတာမဟုတ်ပါဘူး ၊ ကျွန်မမှာ ပစ္စည်းတွေ ရှိပါတယ် ၊ ကျွန်မကို အခုလို ရက်စက်စိမ်းကားပြီး မုန်းထားရင် ကြည့်မနေပါနဲ့ ၊ ကျွန်မကို အခု အသေလုပ် လိုက်ပါ ၊ သေတာက ကောင်းပါသေးတယ် ” ဟု ပြောကာ ပျပ်ဝပ်ကာ မျက်နှာကို ပေါင်ပေါ်သို့ ချ၍ မျက်ရည်ကို လက်ခုံများနှင့် သုတ်လေရာ ထွန်းလှသည် ကုလားထိုင်ပေါ်က အောက်ကို အဘယ်လို ရောက်မှန်းမသိ မယ်ရင်ကို ပွေ့မိလေ၏ ။ ကျောကို သပ်ကာ ယုယလေ၏ ။

“ မယ်ရင် ... မယ်ရင် မင်း ဘာဖြစ်လို့ အရင်က ငါ့ကို မပြောသလဲ ” ဟု မေးလေရာ မယ်ရင်က .. “ ကျွန်မ ပြောဖို့ အချိန် မရောက်သေးလို့ မပြောတာ ပါ ၊ ကိုင်း .. အခု ပြောပါ ကျွန်မမှာ ဘာအပြစ်များ ရှိလို့လဲ ”

ထိုအခါ ထွန်းလှသည် မယ်ရင်၏ နဖူးကို ကိုင်မကာ မျက်နှာကို ဣန္ဒြေနှင့်စေ့စေ့ကြည့်ပြီး မေးရ ကောင်းမလား ၊ မမေးဘဲ နေရ ကောင်းမလားဟု တွေး၍ နေခိုက်တွင်

“ မမ … မမ အခုမှ ကျွန်တော့်ဟာ သာပြီး ကြီးလာတယ် ၊ ကြည့်စမ့် ကြည့်စမ်း ” ဟု လက်မောင်းကို လှန်ကာ ကြွက်သားကို တင်းလျက် ပြေးလာလေရာ အခြင်းအရာကို မြင်လျှင် အံ့အားသင့်လျက် တင်းလျက်ရှိသော ကြွက်သားကိုလည်း လျှော့၍ မအားဘဲ လက်မောင်းကို ထောင်ကာ ကြောင်တောင်ကြီး ပေး၍ နေလေသတည်း ။ ထွန်းလှသည် မယ်ရင်ကို လွှတ်ကာ ညွန့်ဝေကို ကြည့်ပြီး

“ မင်း ဒီလုံး မဟုတ်လား ” ဟု မေးလေရာ ညွန့်ဝေက ပြုံးလျက်

“ ဟုတ်တယ် ၊ ခင်ဗျား ကျွန်တော့်နာမည်ကို မကြိုက်တာနဲ့ ပြောင်းထားတယ် ၊ ကျွန်တော် ဒီလုံး ပဲ ၊ ဘယ်တုန်းက ကိုကိုသိသလဲ ”

ဒီလုံးသည် ဆပ်ကပ် တစ်ခုကို ကြည့်ပြီး ကတည်းက ဆံဒို လို ဖြစ်အောင် အားကျင့်လျက် မိမိ၏ လက်မောင်းသားကို နေ့စဉ် ကြိုးနှင့် တိုင်း၍ ကျင့်နေလေရာ ကြွက်သားတိုးတိုင်း မိမိ၏ အစ်မအား လာ၍ ပြကာ အစ်မကို ကြွက်သားနှင့် ခြောက်လှန့်၍ နေသူ ဖြစ်လေသတည်း ။

ထွန်းလှသည် ဒီလုံး ကို ကြည့်ကာ “ မယ်ရင် ငါ ရှိတုန်းက ဒီအကောင် ချာတိတ်ကလေးပဲနော် ” ဟု ပြောလေရာ မယ်ရင်သည် စကားမပြောဘဲ နေလေ၏ ။ ဒီလုံးသည်လည်း ရှောင်၍ သွားလေသတည်း ။

နောက်မကြာမီ တိုက်ခန်း နှစ်ခန်းမှာ တစ်ခန်းတည်း ဖြစ်၍ သွားလေသတည်း ။

▢  ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
      မေ ၊ ၁၉၂၈ 

No comments:

Post a Comment