Saturday, May 16, 2026

ဆရာ မသေပါ


❝ ဆရာ မသေပါ ❞
( မဟာတောင်တွင်းက ဆရာအောင်သင်းသို့ အလွမ်း )
             ( နိုင်မြင့် )

၁ ။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် နေ့လယ် မွန်းတည့် အချိန် လောက်က ကျွန်တော့်ဆီသို့ မောင်နှင်းပန်း ဖုန်းဆက်သည် ။ ကျွန်တော် ဖုန်းကိုင်လိုက်တော့ သူက “ ဆရာ ဦးအောင်သင်း ဆုံးသွားပြီ ”  ဟု ပြောသည် ။ “ ဟင် ...” ဟု ပြောပြီး ကျွန်တော် တော်တော်နှင့် ပြန်မပြောနိုင်သေး ။ မောင်နှင်းပန်းက ဆက် ပြောသည် ။ “ အခုလေးတင် ဆုံးသွားတာကွ ။ ဖေ့စ်ဘွတ်ခ်မှာ တွေ့တွေ့ချင်းပဲ ငါ မင်းဆီကို ချက်ချင်း ဆက်လိုက်တာ ။ ဒါပဲနော် ” ဟု ပြောပြီး သူ ဖုန်းချသွားသည် ။ ကျွန်တော်သည် လက်ကိုင်ဖုန်းကို ဆက် လက်ကိုင်ထားဆဲ ။ အသက် ၈၈ နှစ် ဆိုသည့် အရွယ်၌ လူကြီးရောဂါဖြင့် ဆရာ ကွယ်လွန်သွားခြင်းသည် ရင့်မှည့်နေသော သစ်သီး တစ်လုံး အပင်ထက်မှ ညှာတံ ကြွေကျသွားခြင်းနှင့် တူပါသည် ။ ကိုယ်နေ သွယ်သွယ် ၊ လက်ပြင် ကိုင်းကိုင်း ၊ ဟောပြောပွဲ ဟောသည့် အခါသာ အားထည့်သော်လည်း ပုံမှန် စကားပြောပါက ဖွဖွသာသာ လေသံဖြင့် ပြောဆိုတတ်သော ဆရာ့ ပုံရိပ်တွေကို ပြန်လည် မြင်ယောင်မိပါသည် ။

၂ ။

ကျွန်တော် ပထမဦးဆုံး ဖတ်ရှုခဲ့ဖူးသော ဆရာ့ စာမှာ ချိုတကူး နှင့် ဂုဏ်ရည်မတူ ပင် ဖြစ်ပါသည် ။ ချိုတကူး ဆိုသော ကု,လားလေး တစ်ယောက် ၊ သူ့ ဘဝကို သူ မသနားဘဲ ဂုဏ်ရည်မတူ ရုပ်ရှင်ဇာတ်ကားထဲက မေသစ်ကို သနားသဖြင့် ဝမ်းနည်းမျက်ရည်ကျပုံကို ရေးဖွဲ့ထားပြီး အတု နှင့် အစစ် သဘာဝကို သရုပ်ဖော်ထားသည့် စာတမ်း တစ်ပုဒ် ဖြစ်ပါသည် ။ ကျွန်တော် ဖတ်ဖူးသည်က အထက်တန်း အဆင့် စကားပြေ လက်ရွေးစင် စာအုပ်ထဲတွင် ဖြစ်ပါသည် ။

ဆရာ့ ဟောပြောပွဲကို ပထမဦးဆုံး နားထောင်ဖြစ်သည်ကတော့ ၁၉၉၄ ဒီဇင်ဘာလတွင် ဖြစ်ပါသည် ။ ကျွန်တော် ပူပူနွေးနွေး ဆယ်တန်း အောင်မြင် ပြီးခါစ တက္ကသိုလ် တက်ရန် စောင့်စားနေသော ကာလငယ် တစ်ခု ဖြစ်ပါသည် ။ မြောက်ဥက္ကလာပ ရှိ ကျွန်တော်တို့ နေထိုင်ရာ ရပ်ကွက်ကလေးသည် လွတ်လပ်ရေးနေ့ အကြို စာပေဟောပြောပွဲ ကျင်းပ ပါသည် ။ ဟောပြောမည့် ဆရာများ၏ စာရင်းကို ကြည့်လိုက်တော့ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၊ ဆရာ မြသန်းတင့် နှင့် ဆရာ ဦးအောင်သင်း တို့ပင် ဖြစ်ပါသည် ။ ကျွန်တော်က ဆရာ မြသန်းတင့်၏ စာအုပ်များ ၊ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၏ စာအုပ်များကို အထိုက်အလျောက် ဖတ်ဖူးပြီးပြီ ဖြစ်သည် ။ ထိုစဉ်က ဆရာ မောင်စိန်ဝင်း၏ ကဗျာ တချို့ဆိုလျှင် နှုတ်ဝယ် အလွတ် ရနေ၏ ။ သို့သော်လည်း ဆရာဦးအောင်သင်း၏ စာကိုမူ ချိုတကူး နှင့် ဂုဏ်ရည်မတူ မှ လွဲ၍ တခြား မည်သည့် စာကိုမှ မဖတ်ဖူးသေးပေ ။

ဟောပြောပွဲ စတင်သော အခါ ဆရာမောင်စိန်ဝင်း က ရှေးဦးစွာ ဟောပြောသည် ။ ကျွန်တော် မှတ်မိသလောက် ပြောရလျှင် ကဗျာ တစ်ပုဒ်နှင့် နောက်ကြောင်းခံ ဇာတ်လမ်း အကြောင်း ဖြစ်ပါသည် ။ ဆရာ မင်းသုဝဏ်၏ ပျဉ်းမငုတ်တို ကဗျာ နှင့် သာဓက ပေးသွားခဲ့ပါသည် ။ သူ့တပည့် အလုပ်သမား ကိုကျော်ဝင်း အကြောင်းလည်း ပါဝင်သည် ။ ဒုတိယ ဟောပြောသူက ဆရာ မြသန်းတင့် ဖြစ်ပါသည် ။ ဝတ္ထုတစ်ပုဒ် မွေးဖွားခြင်း ခေါင်းစဉ်ဖြင့် ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် အကြောင်းကို ဟောပါသည် ။ ဆရာမြသန်းတင့်၏ လေသံမှာ အနည်းငယ် တိုးလျပြီး ဟောပြောပွဲ ပရိသတ် လောက်သာ ကြားရပါသည် ။

“ ကျွန်တော် ထောင်ကျ တာ မဟုတ်ပါဘူး ။ မော်စကိုကို သွားနေတာပါ ။ အခုတော့ မော်စကို မဟုတ်ပါဘူး ။ နယူးယောက် ။ ဘာဖြစ်လို့လဲ ဆိုတော့ အသစ်တွေ ရောက်လာလို့ ” ဟု ပြောတော့ ပရိသတ်က ရယ်မောကြပါသည် ။ ဆရာ မြသန်းတင့်က ယနေ့ခေတ် လူငယ်များ ပျက်စီးရာတွင် လူငယ်များမှာ အပြစ် မရှိ ၊ လူကြီးများတွင်သာ အဓိက တာဝန်ရှိကြောင်း ပြော၍ အဆုံးသတ်လိုက်ပါသည် ။

ထို့နောက် ဆရာ မြသန်းတင့် ပြီးသောအခါ ဆရာ ဦးအောင်သင်း တက်လာပါသည် ။ အချိန်က ည ဆယ်နာရီခွဲကျော် ၊ ဆယ့်တစ်နာရီ ထိုးသို့ ချဉ်းကပ်လုပြီ ဖြစ်ပါသည် ။ ဆောင်းတွင်း၏ အအေးဓာတ်ကလည်း ယခုလို ဆောင်း မျိုးမဟုတ် ။ တဖြည်းဖြည်း စိမ့်၍လာပါသည် ။ သို့သော်လည်း ပရိသတ်မှာ မပြန်နိုင်သေးဘဲ ဦးအောင်သင်း ဘာ ဟောမလဲဟု ဇွဲကောင်းကောင်းနှင့် စောင့်စား မျှော်လင့်နေကြသည် ။ ဆရာက စစချင်း အဖွင့်စကား ဆိုပါသည် ။

“ အခုနက မြသန်းတင့် ပြောသွားတဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည့်အကြောင်း တော်တော် ကောင်းပါတယ် ။ မြသန်းတင့် အတွေ့အကြုံတွေက နည်းတာမှ မဟုတ်ဘဲနဲ့ ။ ကိုးကိုးကျွန်း မှာ ” ဟု အစချီ လိုက်တော့ ပရိသတ်များဆီက “ ဝါးခနဲ ” ရယ်သံ ထွက်လာပါသည် ။ အခု ပြန်တွေးကြည့်တော့မှ ဆရာသည် ပရိသတ်ကို ကိုယ့်ဘက်သို့ ရောက်အောင် ရင်းနှီးမှု စတင် ယူလိုက်ခြင်းပင် ဖြစ်သည်ဟု နားလည် မိပါသည် ။ ဆရာ ဟောပြောသည့် ခေါင်းစဉ်က “ ယနေ့လူငယ် နှင့် ရသစာပေ ” အကြောင်း ပင် ဖြစ်သည် ။ ဆရာက ပြောလိုက် ၊ ပရိသတ်က လက်ခုပ်တီးလိုက်နှင့် ဟောပြောပွဲက တော်တော်ကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာသည် ။ ဆရာ မြသန်းတင့် ဟောတုန်းက ပရိသတ်လောက်သာ ကြားရသော်လည်း ဆရာ ဦးအောင်သင်း ဟောတော့ တစ်ရပ်ကွက်လုံး ညံနေပါသည် ။

“ ဗန္ဓုလ လောက် ဘယ်သူ မျိုးချစ်စိတ် ရှိမလဲ ၊ ဗန္ဓုလ လောက် ဘယ်သူ သတ္တိ ကောင်းမလဲ ။ ဒါပေမဲ့ ဟိုက ထုံး ဆို သေရော ၊ ကိုယ်ကမှ ပြန် မထုံးနိုင်တာကိုး ”

“ မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ ရေခဲ သုံးမရ သလို ၊ ဖင် အောက်မှာ ခုထိုင်ထားတဲ့ ရေနံ မတူးတတ်ရင် အလကားပဲ ။ အဲဒီတော့ တူးတတ်တဲ့ နိုင်ငံခြားက ကောင်တွေ ခေါ် ၊ ကျုပ်တို့က ပေါက်တူး ပေါက်ပြားတွေ ကိုင်ပြီး နောက်ကနေ လိုက် ၊ ကြွေးကြော်သံက ပါလိုက်သေးတယ် ။ ကူလီမျိုးဟေ့ တို့ဗမာ ” 

“ ပညာ မတတ်ဘဲ မျိုးချစ်စိတ် တစ်ခုတည်းနဲ့ တိုင်းပြည်ကို ကာကွယ်ရင် သေလို့ မလောက်လို့ အိမ်ပြန်ပြီး လူမှာရမယ် ”

“ နိုင်ငံတော်က ကာကွယ်ရေးသည် တက္ကသိုလ်ကျောင်း စာသင်ခန်းမထဲမှာ ရှိတယ် ဆိုတာကို သဘောပေါက် ပါ ။ နိုင်ငံတော်စီးပွားရေးသည် တက္ကသိုလ် ကျောင်း စာသင်ခန်းမထဲမှာ ရှိတယ်ဆိုတာ သဘောပေါက်ပါ ” 

အစရှိသော ဟောပြောချက်များဖြင့် ပညာ၏ တန်ဖိုးကို လူငယ်တွေ တန်ဖိုး ထားအောင် ဆရာက ဟောပြောခဲ့သည် ။

“ နေဦး ၊ ခဏ နေဦး လက်ခုပ်ကို စွတ်မတီးနဲ့ ။ ငါ အရေးကြီးတာ ပြောဦးမယ် ” ဟု ဆိုကာ ပရိသတ်၏ လက်ခုပ်သံကို တားယူခဲ့ရသည် အထိပင် ဖြစ်ပါသည် ။ လက်ခုပ် တီးခိုင်းသော ဆရာ မဟုတ် ။ လက်ခုပ် တီးသည်ကို တားခဲ့သော ဆရာပင် ဖြစ်ပါသည် ။

“ ခင်ဗျားတို့ သိထားတာ က ရန်သူမီးကို တကယ်ပဲ သတိပြုပါ ဆိုတဲ့ သီချင်း ။ မူလ သီချင်းက အဲဒါမဟုတ်ဘူး ။ စာမြှောင် ကပ်ထားတာ ။ မြန်မာပြည်ကြီးမှာ အဆင့်အတန်း နုလို့ ညစ်ညမ်းမှုတွေ ဖြစ်ပေါ် နေတာ ။ သေချာစွာ စဉ်းစားလိုက်ရင် ပညာ အခြေခံ နည်းလို့သာ ပါတီတွေ ကွဲကြ ၊ အလွဲလွဲ အမှားမှား ဖြစ်ပေါ်နေတာ ။ ပညာ ပညာ ပညာ မရှိလို့ စိတ်နေ မမြင့်ကြတာ ” ဟူ၍လည်း သီချင်းဆိုပြပြန်ပါသည် ။

ထို့နောက် ရသစာပေ အကြောင်း ဟောပြောရာ တွင်လည်း ပရိသတ် အများစု နားလည် လောက်သည့် ဥပမာများဖြင့် ဟောပြောခဲ့ပါသည် ။ သို့ဖြင့် ဆောင်းည၏ အအေးဒဏ် ဒီဂရီ တရိပ်ရိပ် တက်လာသော်လည်း မြောက်ဥက္ကလာ ပရိသတ်မှာ ဆရာ၏ ဟောပြောမှုမှ ရုန်းမထွက်သာ ဖြစ်နေသည် ။ ထိုနေ့ညက ဆရာသည် ဦးနု ဟော ခဲ့သော မိန့်ခွန်းကို ဦးနု လေသံ အတိုင်း အတတ်နိုင်ဆုံး တူအောင် ပြောပြီး ဟောပြောပွဲ အဆုံးသတ်ခဲ့ပါသည် ။

ဆရာ့ ဟောပြောမှု နားထောင်ပြီးမှသာ ကျွန်တော်သည် ဆရာ့ စာအုပ်များကို ရှာဖွေ ဖတ်ရှုမိပါသည် ။ ထို ကာလက ဆရာ့ ဆောင်းပါးများသည် လည်း အခုလို ပေါင်းချုပ် အနေဖြင့် မထွက်သေး ။ ဝတ္ထုရေးရာ ဆောင်းပါးများ နှင့် မျိုးဆက်သစ်တို့ တိုးတက် ရစ်ဖို့ လောက်သာ ရှိပါသည် ။ ထို့နောက်တွင်မှ မိုးမိုး ( အင်းလျား  ) အမှတ်တရ ဟောပြောသော အမွေ ၊ မုံရွာစာပေဟော ပြောပွဲ ဖြစ်သော ကိုယ်ကျင့် နဲ့ ပညာ ၊ ရည်မှန်းချက် နှင့် ပြဿနာအထွေထွေ အစရှိ သော စာအုပ်များ ထွက်လာပါသည် ။ ဆရာ့ ဆောင်းပါးများ ပါဝင်သည့် စာပေ ဂျာနယ်များကိုတော့ အသိ တစ်ယောက်ဆီက ငှားရမ်း ဖတ်ရှု ဖြစ်ခဲ့ပါသည် ။

၃ ။

၁၉၉၆ ၊ ၁၉၉၇ ကာလများ ။ အစိုးရက တက္ကသိုလ်တွေ ပိတ်ထား သဖြင့် ကျွန်တော်တို့ မျှော်လင့်ချက် ကင်းမဲ့နေသော အချိန်ပင် ဖြစ်ပါသည် ။ ဘယ်အချိန် ပြန်ဖွင့်မည်ကိုလည်း တိတိကျကျ မသိရ ။ ကျွန်တော် အပါအဝင် လူငယ်ထု လမ်းစပျောက်နေသည့် ကာလငယ် တစ်ခုပင် ဖြစ်ပါသည် ။ ထိုကာလ ၁၉၉၇ တွင် ဆရာ၏ အသံထွက် စာအုပ် နှစ်အုပ် စာပေလောကက ထွက်ပါသည် ။ တစ်ခွေက တကယ့်အနုပညာ ဖြစ်ပြီး နောက် တစ်ခွေက လက်ခံလိုက်စမ်းပါ ဖြစ်ပါသည် ။ သို့သော်လည်း ဆရာ့ ဟောပြောပွဲကို အရှင်လတ်လတ်နားထောင်ဖူးသူများ အဖို့ ထို အသံထွက် စာအုပ် နှစ်အုပ် စလုံးသည် အနှစ်သာရ အားဖြင့် ကောင်းမွန်စေကာမူ အားရမည် မထင်ပါ ။

ထိုစဉ်က ဆရာသည် မြောက်ဥက္ကလာ နီလာ ၃ လမ်းရှိ ဆရာ ဇာနည်အောင်ကြည် ၏ ကျူရှင်တွင် မြန်မာစာ လာ ရောက် ပြသပါသည် ။ ဆရာ့ စာအုပ်များကို ဖတ်ရှုပြီး ဆရာ့ကို တွေ့ချင်ကြသော ကျွန်တော်တို့ သူငယ်ချင်း တစ်စု တိုင်ပင်ကြသည် ။ ကျွန်တော် ပါသည် ။ ထွန်းထွန်းဦး ( မောင်နှင်းပန်း ) ပါသည် ။ အခြား သူငယ်ချင်း နှစ်ယောက်လည်း ပါပါသည် ။ စာသင်ချိန် ပြီး၍ ထွက်လာသော ဆရာ့ကို လမ်းခုလပ် တစ်နေရာ မှ ကျွန်တော်တို့က ဆီးကြိုပြီး နှုတ်ဆက်သည် ။ ထိုအခါ ဆရာကလည်း ဖက်လဲတကင်း ပြန်ပြီး နှုတ်ဆက်ပါသည် ။

“ ကျွန်တော်တို့ ဆရာ့ကို စောင့်နေတာ ... ဆရာ ” ဟု ကျွန်တော်တို့ ပြောသောအခါ ဆရာက “ မင်းတို့ ဘာကိစ္စရှိလို့လဲ ” ဟု ပြန်မေးပါသည် ။ ဆရာ့ မေးခွန်းကို သင့်တင့် လျှောက်ပတ်အောင် ကျွန်တော်တို့ ပြန်မဖြေနိုင်ပါ ။ ထို့နောက် ကျွန်တော်တို့က ဆရာနှင့် အတူ လမ်းလျှောက်ရင်း မေဓာဝီလမ်းဆုံ ကား မှတ်တိုင် အနီးသို့ အရောက်တွင် “ ဆရာ ... အချိန်ရရင် လက်ဖက်ရည် သောက်ပါဦး ” ဟု ပြောတော့ ဆရာက လက်ခံပါသည် ။ ထို့နောက် ကားမှတ်တိုင် အနီးရှိ ကံထူး လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်တို့နှင့် ဆရာ အတူထိုင်ရင်း စကားတွေ စတင်ပြော ဖြစ်ခဲ့ကြပါသည် ။ ကိုယ် လေးစားရသော စာရေးဆရာကြီး တစ်ဦးနှင့် တစ်ဝိုင်းတည်း ထိုင်ပြီး စကားပြောဖို့ အခွင့်အရေးရသဖြင့် ကျွန်တော်တို့ တော်တော်ပျော် သွားခဲ့ပါသည် ။ တစ်ခု ရှိသည်က ဆရာသည် အခုမှ စတွေ့သော ကျွန်တော်တို့ အုပ်စုကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက တွေ့ကြုံ သိကျွမ်းပြီးသား လူတွေလို ဆက်ဆံပါသည် ။ ဟိတ်ကြီးဟန်ကြီး လုံးဝ မရှိပါ ။

ကျွန်တော်တို့ကလည်း ဆရာ့၏ ဦးအေးမောင် ၊ ဆွေဇင်ထိုက် နှင့် ကြည်မင်း အင်တာဗျူးစာအုပ် အကြောင်းကို မေးတော့ ဆရာက “ ကိုကြည်မင်း အင်တာဗျူးက အပြည့်အစုံ မဟုတ်သေးဘူးကွ ။ ကတ်ကြေးစာ မိသွားသေးတယ် ” ဟု ဆိုပါသည် ။ ကျွန်တော်တို့လည်း ဆက်မမေးဘဲ ဆရာ့ အပြောကိုသာ ဆက်လက် နားစွင့်နေမိပါ သည် ။

“ ငါလည်း မေးလို့လည်း ပြီးရော ကိုကြည်မင်းက ဒီလို ဘာရမလဲ ဆရာသင်း ။ ကျွန်တော်က ပြန်မေးရဦးမှာပေါ့ ဆိုပြီး သူက ငါ့ကို မေးခွန်း တစ်ခွန်း မေးတယ်ကွာ ။ လူငယ်တွေ အနာဂတ်ပညာရေး အတွက် ဘယ်လို ဖြစ်စေချင်သလဲတဲ့ ။ သူက အဲသလို မေးတော့ ငါက လူငယ်တွေ အပေါ်မှာ နားလည်မှု အပြည့်အဝ ရှိတဲ့ လူကြီးတွေ စီမံတဲ့ ပညာရေးပဲ ဖြစ်စေချင်တယ်လို့ ဖြေ လိုက်တယ် ။ အဲဒီတော့ သူ က ကျွန်တော် မေးတာကို ဆရာက နည်းဗျူဟာ သုံးပြီး ဖြေမယ်ထင်တာ ။ ဆရာက မဟာဗျူဟာ သုံးပြီး ဖြေလိုက်တဲ့ အတွက် မေးစရာ မရှိတော့ပါဘူးလို့ ပြန်ဖြေတယ် ။ စာပေစိစစ်ရေး လည်း ရောက်ရော အဲဒီ အပိုဒ် ကတ်ကြေးစာ မိတာပါပဲကွာ ” ဟု ရှင်းပြပါသည် ။

“ ကျောင်းပိတ်ရက် ဆိုတဲ့ စာသားကိုလည်း စိစစ်ရေး လက်မခံတော့ ငါ နွေရာသီ ကျောင်းပိတ်ရက်လို့ ပြောင်းရေးရတယ် ။ နောက်ပြီး ကံ့ကူလက်လှည့် ဆောင်းပါး ပေါင်းချုပ် ထွက်တော့ကွာ မျက်နှာဖုံးက ဆီးသီးတွေက ဝလုံးနဲ့ တူနေလို့တဲ့ ။ အညှာလေးတွေ ထည့်လိုက်ရတယ် ”

“ ဟို တစ်လောက စစ်ကိုင်းဆောင် ကျောင်းသားဟောင်းများ တွေ့ဆုံပွဲတဲ့ကွာ ။ ငါ လည်း ကိုယ့်နေရာ ကိုယ် ထိုင်နေတာပေါ့ ။ အဲဒီ အချိန်မှာ အကုန်လုံးက ဝုန်းဆို တစ်ညီတည်း မတ်တတ် ထရပ် လိုက်ကြတယ် ။ ဗိုလ်ခင်ညွန့် ဝင် လာတာကိုးကွ ။ ငါ့ အမြင် ပြောရရင် သူက ကျောင်းသားဟောင်း တစ်ယောက် အနေနဲ့ လာတာ ။ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ လာတာ မဟုတ်ဘူး ။ ဒီတော့ ငါ မတ်တတ် မရပ်နိုင်ဘူး ။ ရပ်ချင်တဲ့ သူတွေ ရပ်ကြပစေ ။ ငါ တစ်ယောက်တည်း ဆက် ထိုင်နေတယ် ”

ကျွန်တော်တို့ကလည်း ငယ်ရွယ်စဉ် အချိန်ကောင်းတွင် တက္ကသိုလ်များ ပိတ်ထား သဖြင့် အစိုးရအပေါ် မကျေနပ်မှု အစိုင်အခဲများကို ဆရာ့ထံမှာ ရင်ဖွင့် ဖြစ်ပါသည် ။ ဆရာသည် လူငယ်များ၏ မကျေနပ်ချက်များ ရင်ဖွင့်ရာ “ ဟစ်တိုင် ” သဖွယ်ပင် ဖြစ်ပါသည် ။

ထိုနေ့က ဆရာနှင့် နာရီဝက်ခန့် စကား ပြောပြီး လမ်းခွဲခဲ့ကြ သော်လည်း ကျွန်တော်တို့ အဖို့ ဆရာနှင့် စကားပြောခဲ့သည်ကို အိပ်မက်ဆန်ဆန် ခံစား မိကြပါသည် ။ သည့် နောက်ပိုင်း တခြား သူငယ်ချင်းများ မပါဘဲ ဆရာနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင် နှစ်ခါ လောက် တူတူ ထိုင်ဖြစ်ဖူးပါသည် ။ ဆရာ့ကို ကျွန်တော် မေးခွန်း တစ်ခွန်း မေးကြည့် ဖူးသည် ။

“ ဆရာ ချိုတကူး နှင့် ဂုဏ်ရည်မတူ က ကံ့ကော်မြိုင်စာတန်းတွေထဲမှာ ပါတာနဲ့ ကျောင်းသုံးစာအုပ်ထဲမှာ ပါတာ မတူပါလား ။ ကျောင်းသုံးစာအုပ်ထဲမှာ နောက်ဆုံးပိုဒ်တွေ မပါဘူး ”

ဆရာက ဖွဖွ ပြုံးလိုက်ပြီး -

“ ဆရာဇော်ဂျီ ဖြုတ်ပေးတာကွ ” ဟု ဆရာက လေးလေးစားစား ဆိုပါသည် ။

ကျွန်တော်က “ ဆရာ ၊ ကျွန်တော့်ကို ပညာနဲ့ ပတ်သက်တဲ့ အမှတ်တရ တစ်ခုခု ရေးပေးပါလား ” ဟု တောင်းဆိုတော့ ဆရာက ကျွန်တော့်၏ မှတ်စု စာအုပ်ထဲတွင် အောက်ပါ အတိုင်း ရေးပေးခဲ့ပါသည် ။

        အကျိုးတရား တစ်ခုကို တွေ့လိုက်ရင် အကြောင်းတရား ရှိစမြဲ ဆိုတာ သတိရှိပါ -
        အဲဒီ အကြောင်းတရားကို ရှာခြင်းဟာ ပညာ ဆည်းပူးခြင်းပါပဲ ။
        အကြောင်းတရား တွေ့အောင် ရှာတတ်ရင် ပညာရှိ ဖြစ်တာပါပဲ ။
                 အောင်သင်း
                  ၁၉ -၂ - ၉၉

၄ ။

နောက်တော့ ကျွန်တော်သည် ဆရာနှင့် တစ်ပတ် တစ်ရက် တွေ့ဆုံဖို့ အကြောင်းက ဖန်လာပါသည် ။ သူငယ်ချင်းများ ဖြစ်ကြသော ကိုနေမျိုး နှင့် ကိုမင်းထွေးနောင် တို့က ဆေးတက္ကသိုလ် ( ၂ ) ရှေ့က ရပ်ကွက်လေးထဲတွင် ပညာပျိုးခင်း အမည်ဖြင့် ကျူရှင် ဖွင့်ထားသည် ။ ကျူရှင် ဆိုသော်လည်း အောင်မြင်သော ကျူရှင် မဟုတ်ပါ ။ ကိုယ့်အပိုင်း ရပ်ကွက်ထဲရှိ ကလေးများသာ လာရောက် တက်ကြသော ကျူရှင် အသေးစားလေး ဖြစ်ပါသည် ။ ကိုနေမျိုး က ကျွန်တော့်ကို အကူအညီ တောင်းသဖြင့် ကျွန်တော်လည်း သူ့ ကျူရှင်တွင် လုပ်အားပေး သဘောမျိုးဖြင့် သင်ပေးဖြစ်ခဲ့ပါသည် ။ သူက တစ်နေ့ကျတော့ မြန်မာစာ သင်ပေးဖို့ ဆရာကြီး ဦးအောင်သင်းကို မေတ္တာရပ်ခံပြီးပြီ ဆိုပါသည် ။ သူက ပြောသည် ။ “ ဆရာကြီးက ပထမတော့ ငြင်းတယ်ဗျ ။ နောက်တော့မှ ကျွန်တော်က မဟုတ်ဘူး ဆရာကြီး ၊ ကျွန်တော့် ကလေးတွေက ဆရာကြီး စာအုပ်တွေ ဖတ်ပြီး ဆရာကြီးနဲ့ စာ အရမ်း သင်ချင်နေလို့ပါ ဆိုပြီး ကလေးတွေ ခေါင်းစဉ် တပ် လိုက်တော့မှ “ ဟေ .. ဟုတ်လား ” ဆိုပြီး ချက်ချင်း သဘောတူပြီး အချိန် ရှာကြံပေး လိုက်တယ်ဗျာ ”

ပထမဆုံး စာသင်ချိန် ပြီး နောက် ကျူရှင်လခ အတွက် ကိုနေမျိုးက ဆရာ့ကို မေးပါသည် ။

“ ဆရာ ၊ ကျွန်တော်တို့ ဆရာ့ကို လခ ဘယ်လောက် ကန်တော့ရမလဲ ” 

“ ဇာနည်အောင်ကြည် က တော့ ငါ့ကို တစ်ယောက် ငါးရာနှုန်းနဲ့ ရှင်းတယ် ။ မင်းတို့ အဲဒီအတိုင်း ရှင်းဖို့ အဆင် မပြေလည်း အဆင်ပြေသလို ရှင်းပေါ့ ” ဟုပဲ ပြောပါသည် ။ ကျူရှင်လခနှင့် ပတ်သက်ပြီး ဘယ်ရွေ့ ဘယ်မျှဟု မပြောဘဲ ကလေးတွေ အဖို့ အဆင်ပြေသည့် အနေအထား ဖြစ်လျှင် ပြီးတာပဲဟု ဆရာက ဆိုပါသည် ။ ငွေကြေးနှင့် ပတ်သက်သော ဆရာ့ သဘောထားကို ထိုကဲ့သို့ တွေ့ရပါသည် ။

ထို နှစ်ပိုင်းများ အတွင်း က ဆရာ့၏ စာပေ ဟောပြောခွင့် ပိတ်ထားသော ကာလပင် ဖြစ်ပါသည် ။

“ ဆရာဇော်ဂျီ စာကြည့်တိုက် အထိမ်းအမှတ် အနေနဲ့ ငါ ဖျာပုံ ရောက်တယ်ကွာ ။ ခရိုင်ဥက္ကဋ္ဌက ငါ့ ဘာပြောသလဲ ဆိုတော့ ဆရာဦးအောင်သင်း စကားပြော ကောင်းမှန်း သိပါတယ် ။ ဒါပေမဲ့ ဘာမှ မပြောတာက ပိုကောင်းပါလိမ့်မယ် ဆိုလို့ ငါ မပြောခဲ့ရဘူး ကွာ ” ဟုလည်း ရင်ဖွင့်တတ်ပါသေးသည် ။

ထို စာသင်နှစ် ပြီးဆုံးခါနီး တွင် စာပေဟောပြောပွဲ ပြုလုပ် မရသဖြင့် ကျောင်းသားများ အတွက် ဆရာ့ ဘဝ အတွေ့အကြုံများကို လက်ဆင့်ကမ်းသော ဟောပြောပွဲ အသေးစား ပြုလုပ်ချင်သည် ။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ကျူရှင် ဆရာ တစ်ဖြစ်လဲ တက္ကသိုလ် ကျောင်းသားများက ဆရာနှင့် တိုင်ပင်သည့်အခါ ဆရာက သဘော တူသည် ။ လာရောက် နားထောင်မည့် သူများက တော့ ကျွန်တော်တို့ ကျူရှင်ရှိ ကျောင်းသား ကျောင်းသူများ အပါအဝင် မြောက်ဥက္ကလာ အတွင်း တခြား နေရာရှိ ကျွန်တော်တို့ တပည့်များကိုပါ ခေါ်ထားသည် ။ ဟောပြောမည့် နေရာက တော့ ဆေးကျောင်းရှေ့ ရပ်ကွက်လေး တစ်ခု အတွင်း နှစ်ထပ်တိုက်အိမ် တစ်အိမ်၏ အပေါ်ထပ်တွင်ပဲ ဖြစ်ပါသည် ။ မိုက်ခရိုဖုန်း မရှိပါ ။ ဆရာက စားပွဲတစ်လုံး ရှေ့မှာ ထားပြီး ကု,လားထိုင် တစ်လုံးတွင် ထိုင်နေသည် ။ စားပွဲပေါ်တွင် အသံဖမ်း သည့် တိပ်ခွေ အလွတ် ထည့်ထားသော ကက်ဆက်အသေးစားလေးတွေ ရှိ၏ ။ ဦးအောင်သင်း ဟောမည်ဟု ပြင်ပ ပရိသတ်ကို အသိပေးလိုက်လျှင် အိမ်ကျိုးကျမည်က သေချာသည် ။ ဟောပြောပွဲ အပိတ်ခံထားသည့် ကာလ ဖြစ်သဖြင့် ကျွန်တော်တို့ ကလည်း ပြင်ပ လူများကို အသိ မပေးရဲ ။ နီးစပ်ရာ ကျွန်တော်တို့ သူငယ်ချင်းများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း လိုက်တော့ အယောက် သုံးဆယ် ဝန်းကျင်ခန့်ပဲ ရှိပါသည် ။

ထို့နောက် ဆရာက သူ့ ဘဝ ဖြစ်စဉ်ကို စတင် ပြောပြပါတော့သည် ။ သူ ငယ်စဉ်က နိုင်ငံရေးထဲ ပါ သွားပြီး ထောင်ထဲသို့ ရောက်သည့် အကြောင်း ၊ ထောင်ထဲမှာ အင်္ဂလိပ်စာ သင်ပေးမည့် သူများနှင့် ကြုံသဖြင့် ထောင်ကျသော်လည်း ကံကောင်းခဲ့ရကြောင်းတို့ကို ပြောပြသည် ။ ဆရာ အဓိက ပြောသည်ကတော့ ဘဝတွင် အားစိုက်ပြီး လုပ်ခဲ့သော အရာကလေးများက တစ်နေ့သော အခါ ရောက်လျှင် ကောင်းကျိုးပြုတတ်ကြောင်းကို ပြောလိုသည်ဟု ကျွန်တော် နားလည်မိသည် ။ သို့ဖြင့် ဆရာ့ ဟောပြောမှု ပြီးဆုံးသောအခါ ကျောင်းသားများကတော့ ဆရာ့ ကန်တော့ပြီး အသီးသီး ပြန်သွားကြပြီ ။ ကျွန်တော်တို့ ကျူရှင်ဆရာ ပေါက်စများ သာ ကျန်ရစ်ခဲ့သည် ။ ထိုအခိုက် အိမ်ရှင် အဒေါ်ကြီးက အိမ် အောက်ထပ်မှ အပေါ် သို့ တက်လာသည် ။

“ ဆရာရေ ... ပြောလည်း မပြောချင်ပါဘူး ။ ဆရာ အပေါ် မှာ စကားပြော နေတုန်း ကျွန်မကို ရပ်ကွက်ရုံးက ခဏ လာပါဦးဆိုလို့ လိုက်သွားရသေးတယ် ” ဟု ပြောသည် ။ ဆရာက အံ့ဩသွားပုံရသည် ။

“ ဟင် ... ဘာဖြစ်လို့လဲ ” 

“ နယ်မြေခံ ထောက်လှမ်းရေးက ခေါ် စစ်တာ ဆရာ ။ မထင်မှတ်တဲ့ အကြောင်းတရားတွေ သွားတိုက်ဆိုင်တာလည်း ပါမှာပေါ့ ။ နေရာက ဆေးကျောင်းရှေ့ ၊ ဦးဆောင် လုပ်တဲ့သူတွေ ထဲမှာ တက္ကသိုလ်ကျောင်းသားတွေလည်း ပါတယ် ။ ဟောတဲ့ သူကလည်း ဦးအောင်သင်း ဆိုတော့ သူတို့ နည်းနည်း အလုပ်ရှုပ် သွားတာပေါ့ ။ ဘာများပါလိမ့်ဆိုပြီး ”

“ သူတို့က ဘာမေးပါလိမ့် ” 

“ ဆရာက ကျွန်မအိမ်မှာ ကျောင်းသားလေးတွေကို ဘာ ဟောတာလဲလို့ မေးတာ ။ ကျွန်မက ဘဒ္ဒကမ္ဘာမှာ ရှိတဲ့ လူငယ်တွေက မိုက်မိုက်ရိုင်းရိုင်းတွေ ဖြစ်နေလို့ ဆရာဦးအောင်သင်း က လိမ္မာ ယဉ်ကျေးအောင် ဆုံးမပေးနေတာလို့ ဖြေလိုက်တယ် ”

အဒေါ်ကြီး၏ စကား အဆုံး ကျွန်တော်တို့ ရယ်မောမိလိုက်သည် ။

“ သူတို့က နောက်တစ်ခါ ဒီလို ဟောပြောပွဲမျိုး မလုပ်ဖို့ဘဲ ပြောပါတယ် ။ တခြား ထွေထွေထူးထူးတော့ ဘာမှမပြောပါဘူး ” ဟု အဒေါ်ကြီးက ရှင်းပြသည် ။

“ ထောက်လှမ်းရေးက တော့ မပြောနဲ့တော့ ။ ငါ့ မိန်းမ ရွှေရောင်းပြီး အိမ်ဆောက်တာတောင် ထောက်လှမ်းရေးက ဘယ်က ငွေနဲ့ အိမ်ဆောက်တာလဲ ဆိုပြီး ငါ့ကို လာမေးသေးတယ် ။ ငါ ကျောင်းဆရာ ဆောက်တဲ့ အိမ်ဟာ ငွေဖြူနဲ့ ဆောက်ထားတာပါကွာလို့ သူတို့ကို ပြောလိုက်ရသေးတယ် ” ဟု အကြောင်းတိုက်ဆိုင်၍ ဆရာက ပြောပြဖူးပါသည် ။

ထိုသို့ တက္ကသိုလ် ပိတ်ထားစဉ် ကာလက ကျွန်တော်တို့ စီစဉ်ခဲ့သော ဆရာနှင့် ပတ်သက်သည့် ဟောပြောပွဲကလေး ကလည်း လွမ်းစရာပင် ဖြစ်ပါသည် ။

၅ ။

နောက်ပိုင်း ၁၉၉၉ ဒီဇင်ဘာလ ကုန်ခါနီးတွင် တက္ကသိုလ်တွေ ပြ န်ဖွင့်တော့ ကျွန်တော်သည် အင်းစိန် မှ လှိုင်သာယာ သို့ ရောက်သွားသည် ။ ဆရာလည်း အသက်အရွယ်အရ မြောက်ဥက္ကလာသို့ စာ လာ မသင်နိုင်တော့ပါ ။ ဆရာနှင့် တော်တော်လေး အဆက်အသွယ် ပြတ်သွားပါသည် ။ နောက် နှစ်တွေ တော်တော်လေး ကြာတော့မှ ဆရာချစ်ဦးညို ရေးသားသည့် စာပေဟောပြောပွဲ ဘက်ဂရောင်း ၊ ဦးအောင်သင်း ပရိုဖိုင်းနှင့် အခြား ဆောင်းပါးများ စာအုပ်ထဲမှ ဆရာ့ ဖုန်းနံပါတ် ဝ၉၈၀ ..... ကို တွေ့လိုက်ရတော့မှ ဆရာ့ ဆီသို့ ကျွန်တော် ဖုန်းဆက် ဖြစ်သည် ။ ၂၀၁၀ မတ်လ ပိုင်းလောက်ကဟု ထင်ပါသည် ။ ဆရာ့ဆီသို့ လာချင်သည့် အကြောင်းကို ပြောတော့ ဆရာက လာမည့် အချိန်ကို ဖုန်းကြိုဆက်ဖို့ ပြောပါသည် ။ ထို့နောက် မောင်နှင်းပန်း ၊ ကျွန်တော် နှင့် တခြား သူငယ်ချင်း တစ်ယောက် တို့သည် ဆရာ့ကို ကန်တော့ရန် မုန့် တချို့ ဝယ်ပြီး စမ်းချောင်းမြို့နယ် ၊ ဓမ္မိကဝတီလမ်းရှိ ဆရာ့ အိမ်သို့ ရောက်ရှိခဲ့ပါသည် ။ ဆရာက အပေါ်ထပ် ဝရန်တာမှာ ပက်လက်ကုလားထိုင် တစ်လုံးဖြင့် ထိုင်နေသည် ။ ဆရာ့ကို အနီးကပ် စောင့်ရှောက်သော အစ်ကိုကြီး တစ်ယောက်က တံခါး လာဖွင့်ပေးသဖြင့် ကျွန်တော်တို့ အပေါ် သို့ တက်ခဲ့ကြပါသည် ။ ဆရာ့အိမ်တွင် အခြား အိမ်သားများကို မတွေ့ရပေ ။ ဆရာ့ကို ကြည့်ပြီး အထီးကျန် ဆန်သလို ကျွန်တော် ခံစားမိသည် ။

ထို့နောက် ကျွန်တော်က “ ဆရာ ၊ ကျွန်တော်တို့ မြောက်ဥက္ကလာက ဆရာ ဇာနည်အောင်ကြည့် အိမ်နားမှာ နေတဲ့ သူတွေပါ ” ဟု စတင် မိတ်ဆက်တော့ ဆရာက “ ငါ မင်းကို မှတ်မိတယ် ” ဟုပဲ ဆိုပါသည် ။ ဆရာ မှတ်မိသည် ဆိုသည်မှာ နာမည်နှင့် လူ အတိအကျ တွဲ မှတ်မိခြင်း မဟုတ်ဘဲ မျက်နှာကို မှတ်မိသည့် သဘောပဲ ဖြစ်ပါသည် ။ ဆရာ့ကို ကျွန်တော်တို့က ကန်တော့တော့ ဆရာက ဆုတွေပေးသည် ။

“ ဆရာ ၊ ဆရာ့ စာအုပ်တွေ ထဲက အတ္ထုပ္ပတ္တိ အကျဉ်းမှာ ဆရာ မွေးတဲ့ ခုနှစ်က ၁၉၂၇ ၊ ဆရာ မြသန်းတင့် က ၁၉၂၉ ဆိုတော့ ဆရာက နှစ်နှစ် ပိုကြီးတာပေါ့  ။ ဒါပေမဲ့ ဆရာ ချစ်ဦးညို ရေးတဲ့ အထဲမှာ ဆရာ မြသန်းတင့်က နည်းနည်း ပိုကြီးတယ်လို့ ရေး ထားတယ် ။ အဲဒါက ဘယ်လို ... ”

“ အဲဒါက ဒီလိုကွ ၊ ဒါက မြသန်းတင့်ကို ငါ့အသက် အမှန် မပြောဘူး ။ သူက ပြောတယ် ၊ ကိုအောင်သင်း ခင်ဗျား ပြောတဲ့ အကြောင်းအရာတွေ ၊ ခေတ် ဖြတ်သန်းပုံတွေ အရ ခင်ဗျား ကျွန်တော့်ထက် မငယ်လောက်ဘူး နော်တဲ့ ။ သူက အဲသလို ဆိုတော့ ငါက နေစမ်းပါ ။ ဘယ်နှယ့် ပေါက်ကရ ၊ ခင်ဗျားက ကျုပ်ထက် အသက် ပိုကြီးတဲ့ဟာကို ဆိုပြီး ပြောလိုက်တာ ။ မြသန်းတင့် ခမျာ သေတာ သွားတယ် ။ ငါ့ အသက်မှန်ကို သိမသွားဘူး ” ဟု ဆိုပါသည် ။

ဆရာက ဆက်ပြောပါသည် ။

“ တစ်လောကကွာ ငါ တစ်ယောက်တည်း ညဘက် ဝီစကီခွက်လေး ဘေးမှာ ချပြီး တီဗွီကြည့်နေတာ ။ ငါ့ကို ထောက်လှမ်းရေးက ကောင်နှစ်ကောင် လာမေးတယ်ကွ ။ ဘယ်က ရလာတဲ့ သတင်းမှား လည်း မသိပါဘူး ။ ဆရာကြီး ဒဂုန်တာရာ ရယ် ၊ ဆရာမကြီး လူထုဒေါ်အမာ ရယ် ၊ ဆရာဦးအောင်သင်း ရယ် သုံးယောက် ပေါင်းပြီး နိုင်ငံရေး အသင်း တစ်ခု ဖွဲ့မလို့ဆို ဟုတ်သလားတဲ့ ။ အဲဒီတော့ ငါက မင်းတို့ ဗိုလ် ( ... )  က သေမှ ဆင်းမယ့်ဟာကို ငါက ဘာဖြစ်လို့ အလုပ်ရှုပ် ခံပြီး ဘာ အသင်း ဖွဲ့စရာလိုလဲ ဆိုတော့ ဒီကောင်တွေ မျက်စိမျက်နှာ ပျက်ပြီး ဘာ ဆက်မေးရမှန်း မသိတော့ဘူး ” ဟုလည်း ဆိုပါသည် ။

ထို့နောက် ဆရာ သော်တာဆွေ ၊ ဦးကျောက်လုံး တို့နှင့် အတူတကွ ဟောပြောခဲ့ကြသည့် ကျုံပျော်စာပေဟောပြောပွဲ အကြောင်းကို မေးတော့ ဆရာက ပြောပြချင်ဟန် မရှိပါ ။ ထို့ကြောင့် ကျွန်တော်တို့လည်း အလိုက်သိစွာ ဆက် မမေးတော့ပါ ။ ဆရာ့ကို စောင့်ရှောက်သော အစ်ကိုကြီးက နာရီကို ကြည့်လိုက်ပြီး “ ဆယ့်နှစ်နာရီ ဆိုရင် တော် တော့ ။ ညညဆို ခဏခဏ ထပြီး တော်တော်နှင့် ပြန်မအိပ်ဘူး ” ဟု သတိ ပေးပါသည် ။ ထို့ကြောင့် ကျွန်တော်တို့လည်း ဆရာ့ကို အားနာပြီး နှုတ်ဆက် ပြန်ခဲ့ကြပါသည် ။

၆ ။

၂၀၁၀ စက်တင်ဘာလ သို့ ရောက်တော့ ကျွန်တော် သည် မြန်မာပြည်ကို ခေတ္တ ခွဲခွာကာ စင်ကာပူနိုင်ငံတွင် အအေးခန်းအင်ဂျင်နီယာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည် ။ ထိုကာလ အတွင်း ၂၀၁၁ ဧပြီလထဲတွင် စင်ကာပူ မှာ စာပေဟောပြောပွဲ ပြုလုပ် မည်ဟု သိရှိရပါသည် ။ သဇင်မဂ္ဂဇင်း က စီစဉ်ခြင်း ဖြစ်ပြီး ပင်နင်ဆူလာပလာဇာတွင်လည်း စာပေဟောပြောပွဲ လက်မှတ်များ ရောင်းပါသည် ။ ဟောပြောမည့် ဆရာများကတော့ ဆရာ ကျော်ဝင်း ၊ ဆရာ ဦးဘုန်း ( ဓာတု ) ၊ ဆရာ ချစ်ဦးညို နှင့် ဆရာ ဦးအောင်သင်း တို့ပင် ဖြစ်ပါသည် ။ ရက် အတိအကျ ပြောရလျှင် ဧပြီ ၂၄ ရက် ၊ နေ့လယ် တစ်နာရီ မှ ည ရှစ်နာရီ အထိ ဖြစ်ပြီး NUS ရှိ ယူစီစီခန်းမတွင် ကျင်းပမည် ဖြစ်ပါသည် ။ လက်မှတ် တစ်စောင်ဈေးနှုန်းကိုတော့ ကျွန်တော် အတိအကျ မမှတ်မိတော့ပါ ။ ဆရာ ဦးအောင်သင်း လာမည် ဆိုသဖြင့် ကျွန်တော့် သူငယ်ချင်း လင်မယားပါ စာပေဟောပြောပွဲသို့ ကျွန်တော်နှင့် အတူ ပါလာပါသည် ။ ထို့နောက် စာပေဟောပြောပွဲ မစတင်မီ ဆရာ့ကို တိုက်ပုံအင်္ကျီ အနက် ဝတ် ထားပြီး လွယ်အိတ် လွယ်လျက် တွေ့ရပါသည် ။ ဆရာ့ကို ကျွန်တော် သွား နှုတ်ဆက်တော့ “ ငါ မင်းကို မြင်ဖူးတယ် ” ဟုပဲ ပြန်ပြောပါသည် ။ ထိုအခိုက် ဆရာ့သား ကိုအောင်မြိုင်သင်း နှင့် အမျိုးသမီး နှစ်ယောက် ရောက်လာသည့် အတွက် အလိုက်သိစွာ ဆရာ့အနားမှ ကျွန်တော် ဖယ်ခွာ ခဲ့ပါသည် ။

အရင်တုန်းက ဟောပြောပွဲ စတင်ပြီ ဆိုလျှင် ဆရာက နောက်ဆုံး ဟောလေ့ ရှိ သော်လည်း ဒီတစ်ခါ ကျတော့ ဆရာက ရှေးဦးစွာ ဟောပါသည် ။ ဆရာ့ကို ဆရာချစ်ဦးညို က စင်မြင့်ထက်သို့ တွဲပို့ပါသည် ။ ကြာကြာ မတ်တတ်ရပ် မဟောနိုင်တော့သဖြင့် ထိုင်ခုံ တစ်လုံးဖြင့် ဟောပါသည် ။ ဆရာ ဟောပြောသည့် ခေါင်းစဉ်က  ကိုယ့်မြေ ကိုယ့်ရေ ။ ဆရာ ဟောပြောလိုသည့် အဓိက အချက်ကတော့ စင်ကာပူ တွင် အလုပ် လုပ်ကိုင် နေကြသော မြန်မာ အချင်းချင်း ရိုင်းပင်းကူညီမှု ရှိပါက စင်ကာပူ သည်ပင် ကိုယ့်မြေ ကိုယ့်ရေ ဖြစ်လာလိမ့်မည် ဟူသော အချက်ပင် ဖြစ်ပါသည် ။ အသက်အရွယ် အရ ဆရာသည် ဟိုယခင် ဟောပြောပွဲများလို လေသံ မတင်နိုင်တော့ပါ ။ ဟိုတုန်းကတော့ ပြောလိုသည့် အဓိက အကြောင်းအရာသို့ ရောက်ပြီ ဆိုလျှင် လေသံ ကို သိသိသာသာ တင်ပစ် လိုက်ကာ ပရိသတ်၏ အာရုံကို ရယူ တတ်ပါသည် ။ ဆရာ ဟောပြောသည့် အချိန်က တော့ စုစုပေါင်း မိနစ်လေးဆယ်ခန့်သာ ကြာပါသည် ။ စင်ကာပူ သို့ ဒုတိယအကြိမ် ဆရာ ရောက်လာပြီး ရေးသူ ဖတ်သူ ဆွေးနွေးပွဲ သဘောမျိုး ပြုလုပ်သော်လည်း ကျွန်တော် မရောက်ဖြစ်တော့ပါ ။ ၂၀၁၁ ဧပြီလ ၂၄ ရက်နေ့ က ကျွန်တော် ဆရာ့ကို နောက်ဆုံး တွေ့ခဲ့ရခြင်းပင် ဖြစ်ပါသည် ။

၇ ။

တစ်ချိန်တုန်းက ဆရာနှင့်တွေ့ တုန်း “ ဆရာ ရေးတဲ့ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ကိုတော့ ကြိုက်တော့ ကြိုက်ပါတယ် ဆရာ ။ ဒါပေမဲ့ စာပေ သဘောတရား ဆောင်းပါးတွေ လောက် တော့ မကြိုက်ဘူး ” ဟု ကျွန်တော်က ပြောတော့ “ ငါ မင်းလောက်ကို မရည်ရွယ်တော့ဘူး ” ဟု ပြောခဲ့သည်ကို ပြန်လည် အမှတ်ရမိပါသည် ။

“ ငယ်ငယ်မှာ ကိုယ့်ကိုယ် ကို ခိုင်းရတယ်ကွ ။ ငယ်ငယ်မှာ ကိုယ့်ကိုယ် ကို မခိုင်းရင် အသက်ကြီးရင် သူများ ခိုင်းတာ ခံရတတ်တယ် ” 

“ ဦးနှောက် ခါးတောင်းကျိုက်မှ ခေါင်းဆောင် ဖြစ်မှာ ၊ ခါးက ခါးတောင်း ကျိုက်လို့ ကူလီပဲ ဖြစ်မှာ ” 

“ တိုင်းပြည်ကို ချစ်ရင် ပညာကို ချစ်ရတယ် ၊ ပညာမဲ့တဲ့ကောင် တိုင်းပြည်ကို ချစ်ရင် ဒုက္ခ ရောက်ပြီသာ အောက်မေ့ ”

“ သမိုင်းကို သုံးသပ်တဲ့ နေရာမှာ တစ်စုံတစ်ယောက်ကို အားနာနေရင် အနာဂတ်ကို သစ္စာဖောက်ရာ ရောက်တယ် ”

အစရှိသော ရင်တွင်းဖြစ် ချွေးနှဲစာ စကားများကို ကျွန်တော်တို့ အတွက် ဆရာ ထားရစ်ခဲ့ပါသည် ။ ဆရာ ဟောပြောစဉ် အခါတုန်းက ယခုကဲ့သို့ ဟောပြောခွင့် လွတ်လပ်ခွင့် အထိုက်အလျောက် မရသေးပါ ။ စကားလုံး တစ်လုံး မှားသွားလျှင် ဒုက္ခ ရောက်သွားနိုင်သော ခေတ်ကာလတွင် စကားပရိယာယ် ကြွယ်ဝစွာ သုံးစွဲခဲ့ပါသည် ။ သာဓက ပြရလျှင် “ လူက အသက်ကြီးရင် ညစ်ပတ်တယ်နော် ။ ဘာလို့လဲ ဆိုတော့ ရေက သိပ်မချိုးနိုင်တော့ဘူး ” ဆိုသည်မျိုးပင် ဖြစ်ပါသည် ။ ဆရာ့ ဟောပြောပွဲတွင် ထောက်လှမ်းရေးများ လာ ရောက် နားထောင်တတ် ပါသည် ။ ဤသည်ကို သိသော ဆရာက ဆောင်းတွင်းဘက် ဖြစ်သဖြင့် မီးရောင်တွင် လာရောက် ပျံသန်း နေကြသည့် ပိုးကောင်များကို လက်ဖြင့် ဝှေ့ယမ်းရင်း “ စကားပြော တာလည်း ဒီကောင်တွေ သတိထား နေရတယ် ” ဟူ၍ ပညာသားပါပါ တွယ် တတ်ပါသည် ။

ဆရာ၏ စာများသည် ဆရာ့ စကားဖြင့် ပြော ရလျှင် “ အလုပ် လုပ်သော စာများ ” ဖြစ်ပါသည် ။ ဆရာ့စာ ၊ ဆရာ့ အတွေးအခေါ် များကို လိုက်နာ ကျင့်သုံးခဲ့ကြသော ဆရာ ရည်ရွယ်ခဲ့သည့် မျိုးဆက်သစ်များ ပင်လျှင် လူကြီးတန်း ၊ လူလတ်တန်း အရွယ်သို့ ရောက်ရှိလာပြီ ဖြစ် ပါသည် ။ တစ်ခါတုန်းက ပိတောက်ပွင့်သစ် မဂ္ဂဇင်းတွင် “ အတိုင် မရ အလှည့် မရ အောင်သင်း ” ဟု ကဗျာဆရာ တစ်ဦးက တိုက်ခိုက် ထိုးနှက်ခဲ့ သော်လည်း လူငယ် စာဖတ်ပရိသတ် အများစုက ဆရာ့ စေတနာကို သဘောပေါက်ကြပါသည် ။ သို့သော် နောက်ပိုင်း လူငယ်စာ ဖတ်ပရိသတ်အများစုက စာပေဝေဖန်ရေးဆရာ ၊ စာပေသဘောတရားဆရာ ၊ ဆရာ အောင်သင်း ထက် စာလျှင် လူငယ် ပြုပြင်ရေး ဆောင်းပါးများ ရေးသော ဆရာ အောင်သင်း အဖြစ် အသိများခြင်းက ဆရာ၏ ရည်ရွယ်ချက်မြောက် အောင်မြင်သည်ဟု ဆိုရပါမည် ။

၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် နေ့တွင် ဆရာ ကွယ်လွန် ပါသည် ။ သို့သော် ဆရာ၏ စာများ ၊ ဆရာ့ အတွေးအခေါ်များ ၊ ဆရာ့ စေတနာများ စာဖတ်ပရိသတ်များ အကြား ဆက်လက် ရှင်သန်နေသရွေ့ မဟာတောင်တွင်းက ဆရာ အောင်သင်း မသေသေးပါဟု ဆိုချင်ပါသည် ။

◾ နိုင်မြင့်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလ

No comments:

Post a Comment