Monday, May 18, 2026

စစ်တုရင်သမားကြီး

❝ စစ်တုရင်သမားကြီး ❞ 
          ( ပီမိုးနင်း )

မသန်းရီသည် သင်္ဘောခွေးဖြူဖြူဖွေးဖွေး စုတ်ဖွားဖွားကလေးကို ပေါင်ပေါ်၌ တင်ကာ ထွက်၍ သွားသော မော်တော်ကား၏ နောက်၌ ထ၍နေသော ဖုန်များကို ရှုမျှော်၍ နေရစ်လေ၏ ။ ထိုအခါသည်ကား မွန်းလွဲ အချိန်သာသာခန့် ဖြစ်လေ၏ ။

သန်းရီ၏ ပေါင်ပေါ်၌ ရှိသော ခွေးကလေး၏ ရှေ့ လက်နှစ်ဖက်မှာ ဖြူစင်သော ပတ်တီးစီး၍ ထားလေရာ ပေါင်ပေါ်တွင် ထိုရှေ့လက်နှစ်ချောင်းမှာ တွဲလျားကျ၍ နေလေ၏ ။ သန်းရီသည် လမ်းကွေ့တွင် ပျောက်ကွယ်၍ သွားသော ကားကို ကြည့်ရာမှ ပေါင်ပေါ်ရှိ ခွေးကလေးကို ပြန်ကြည့်ကာ ပတ်တီးစီးထားသော လက်များကို ယုယစွာ ကိုင်၍ ကြည့်လေ၏ ။

သို့ကြည့်၍ နေခိုက်တွင် အဘိုးကြီးတစ်ယောက်သည် လက်သမား ကိရိယာ ထည့်သော သေတ္တာကို ထမ်းလျက် ၊ အိမ်ပေါ်သို့ နောက်ဖေးမှ လှည့်၍ တက်လာ ပြီးလျှင် ရပ်ကာ သန်းရီ နှင့် ခွေးကို ကြည့်ပြီး ဆေးဖိုး ဘယ်လောက် ကျသလဲဟု မေးလေ၏ ။ ကျွန်မ ဘယ်သိမလဲ ဖေဖေရဲ့ ကျသလောက်ပေါ့ ၊ ဟင်း ကျသလောက်ပေါ့ ၊ ဘယ်က ရနေမှကိုး ၊ နောက်ဘယ်နှခေါက် လာရဦးမှာလဲ ။

“ ကျွန်မ ဘယ်သိမလဲ ဖေဖေရဲ့ ၊ သူက ဆရာဝန် ၊ ကျွန်မ ဆရာဝန်လား ”

“ သူ ဆရာမို့ လာချင်တိုင်း လာနေရင် နင် ခံနေမလား ၊ ဒါခွေး လူမဟုတ်ဘူး ။ လှည်းလမ်းမမှာ ပစ်ထားလိုက်ရင် တစ်ပြားမှ ကုန်ကျဖို့ မရှိဘူး ”

“ ကျွန်မ ဘိုနီကို လှည်းလမ်း ပစ်ထားလို့ ငွေ သုံးဆယ်ပေး ဝယ်လိုက်တာ မဟုတ်ဘူး ”

“ သူက လှည်းလမ်းမှာ ပျော်လို့ ၊ လှည်းတောင် အကြိတ်ခံသေးတာ ။ နင်က သူ့ ကို သူပျော်တဲ့ နေရာမှာ မထားနိုင်ဘူးလား ”

“ မထားနိုင်ဘူး ”

“ ဘာပြုလို့လဲ ”

“ ကျွန်မ ခွေးကို ကျွန်မ ချစ်တယ် ”

“ ခွေးကို ချစ်တာလား ၊ မော်တော်ကားနဲ့ လာတဲ့ တိရစ္ဆာန်ဆရာကို ချစ်လို့လား ။ လက်ခြေပြေပြေနဲ့ ဆံပင် နောက်လှန်ဆီမွှေးလိမ်းတဲ့ ၊ တိရစ္ဆာန်မျိုးနဲ့ ငါနဲ့ ဘာတစ်ခုမှ မျက်နှာကြော မတည့်ဘူး ။ လက်သည်းမည်းပြောင် မျက်နှာပြောင်ပြောင် အမွေးအတောင် မရှိ ရှပ်အင်္ကျီ ထောင်ထောင်ဖြူ ကောင်မျိုးတွေဟာ ဘယ်တော့မှ နေရာကျမယ့် အကောင်မျိုးတွေ မဟုတ်ဘူး ”

“ ဖေဖေ့ကို သူ ဘာလုပ်လို့လဲ ၊ သူ တိရစ္ဆာန်ဆရာမို့ ကျွန်မခွေးကို သူ လာပြီး ဆေးကုတယ် ။ ဖေဖေနဲ့ ညှိုးသူ ရန်ဘက်လား ၊ ဖေဖေနဲ့ နေရာကျဖို့ သူ လာတာ မဟုတ်ဘူး ။ ကိစ္စရှိလို့ လာတာ ”

“ ဖေဖေ သိပါတယ် သမီးရယ် ။ ဘာကိစ္စလဲ ဆိုတာ ဖေဖေသိပါတယ် ။ ဘာမဟုတ်တဲ့ ခွေးမွဲစုတ် ခြေထောက်ကို မိနစ်နှစ်ဆယ်တိတိ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ၊ တစ်ယောက်က ကိုင် ၊ တစ်ယောက် လုပ်နေတာဟာ ဘာကိစ္စလဲ ဆိုတာ ဖေဖေ သိတယ် ။ အောင်မယ် လူလုပ်လို့ ”

“ ဖေဖေ သည်လို မပြောနဲ့ ဖေဖေ အသက်ကြီးလို့ တွေ့ကရာတွေ ပြောနေတာ ၊ ခွေးစုတ်ဝဲစား အတွက် တစ်နေ့ လေးငါးကျပ် အကုန်ခံပြီး တိရစ္ဆာန်ပြင်ဆရာနဲ့ တေ့တေ့တေ့တေ့ လုပ်နေတဲ့ သမီးက ၊ ဖေဖေ တွေ့ကရာ ပြောတယ်လို့ ဆိုချင်သလား ”

သန်းရီသည် ခွေးကို ပိုက်ကာ ထိုင်ရာ ထပြီး အိမ်နောက်ဖေး မန်ကျည်းပင် အောက်ရှိ ထိုင်ခုံတစ်ခုသို့ စိတ်မာန်ဆိုးစွာနှင့် ထွက်သွားလေ၏ ။ အဘိုးကြီး ဦးမြတ်ဖော့ လည်း အိမ်အပေါ်ထပ်သို့ တက်သော လှေကား အောက်သို့ လက်သမားသေတ္တာကို သွားချပြီး ရေအိုးစင်သို့ သွား၍ ရေကို သောက်ကာ အိမ်ခေါင်းရင်း၌ ရှိသော စားပွဲပေါ်ရှိ ဆေးပြင်းလိပ်သေတ္တာထဲမှ ဆေးပြင်း လိပ် တစ်လိပ်ကို ယူပြီး မီးညှိ၍ သောက်ရင်း ကြိမ်ပက်လက် ကုလားထိုင်ကြီး တစ်ခုပေါ်၌ လှန်၍ နေလေ၏ ။

တိရစ္ဆာန်ဆရာဝန်ကလေး မောင်ဘညိမ်းသည် သန်းရီ၏ ခွေးကို လာ၍ ကုသနေသည်မှာ သုံးရက်မျှ ကြာခဲ့လေ၏ ။ သန်းရီမှာ ရန်ကုန်မြို့ အင်္ဂလိပ်ကျောင်း၌ ပညာသင်ခဲ့သဖြင့် ခေတ်ကာလအလိုက် အတော်ကလေး ဗိုလ်ဆန်၍ နေသူ ဖြစ်သဖြင့် တစ်ကြောင်း ၊ မိန်းကလေးကလည်း အတော်ယဉ်ကျေးလှပသဖြင့် တစ်ကြောင်း ၊ ၎င်း၏ ခွေးကို အထူးအရေးစိုက်ပြီး ကုသရာ၌ ခြေကြွပင် မပေးသော်လည်း ကိစ္စမရှိဟု အောက်မေ့ ကာ နေ့စဉ် မပျက်မကွက် လာရပါသော်လည်း သန်းရီ၏ ဖခင်ဖြစ်သူ အဘိုးကြီးနှင့် မျက်နှာကြော တည့်ပုံ မပေါ်သဖြင့် ၎င်းအဘိုးကြီးနှင့် တွေ့သည့် အခါတိုင်း စိတ်လက် မသာမယာ ဖြစ်ရလေ၏ ။ သန်းရီနှင့် အတူ ခွေးကလေးကို ယုယကုသ၍ နေသည့်အခါ အလွန်ပင် စိတ်လက်ပျော်ရွှင်၍ နေသော်လည်း ဦးမြတ်ဖော့ အပါးသို့ ရောက်၍လာသည့် အခါတိုင်း ကျောထဲမှ စိမ့်ခနဲ ဖြစ်၍ သွားလေ၏ ။ ထို့နေရာတွင် ဒီခွေးကလည်း ခုထက်ထိ မပျောက်သေးဘူးလား ဟု မေးလိုက်သော အခါများ၌မူကာ အဘိုးကြီး ၏ တွန့်လိမ် ရှုပ်ထွေးသော မျက်နှာကို ခွေးနှင့် ကိုင်၍ ပေါက်လိုက်ချင်သလိုလို ဖြစ်၍ သွားလေ၏ ။ မနည်းကြီး စိတ်ကို ချုပ်၍ ထားနိုင်သောကြောင့်သာလျှင် မသန်းရီ နှင့် နေ့စဉ် တွေ့ခွင့်ရ၍ နေရှာလေ၏ ။

အဘိုးကြီးများ နဂိုက ငွေကြေးဥစ္စာ ရှိသဖြင့် အရပ်ထဲ၌ ထင်ရှားလျက် ပြောတိုင်းဆိုတိုင်း တင့်တယ်၍ နေသူ ဖြစ်လေရာ သမီးချောကလေး တစ်ယောက် အရွယ် ရောက်၍ လာသဖြင့် ၎င်း မိတဆိုး သမီးကလေးကို အရိပ် တကြည့်ကြည့် နေလေရကား ၊ တစ်ပါးသူ ကာလသားများနှင့် တွေ့မှာကို လွန်စွာမှ စိုးရိမ်၍ နေလေရာ ဘညိမ်းမှာ ဆရာဝန် မို့သာ အခွင့်ပြု၍ ထားရသော်လည်း အိမ်ပေါ်မှ ထွန်ခြစ်နှင့် ခြစ်ကော်၍ ချချင်သောစိတ်ကို ချုပ်တည်းကာ မိမိ မှန်းထားသော အမှတ် လက္ခဏာတို့ကို နှုတ်ဖြင့် မခံချည့် မခံသာ ဖြစ်အောင် အနည်းနည်း ပြောလေ၏ ။

အဆိုပါ နေ့၌ ဘညိမ်းသည် အဘိုးကြီးနှင့် အတော်ပင် ဘောက်ကျ၍ သွားသဖြင့် မသာယာသော စိတ်လက်ကို ပြေပျောက်စိမ့်သောငှာ မိမိ၏ သူငယ်ချင်း ကိုမြ အိမ်သို့ မြင်းတစ်ကောင်ကို ကြည့်ဖို့ရန် လှည့်၍ သွားလေ၏ ။ ကိုမြသည် ပြိုင်မြင်းများကို မွေးသူ ဖြစ်လေ၏ ။

မြ ။  ။ “ နေရာကျသွားပြီ ဆရာ ။ မနေ့ကဖြင့် ကျွန်တော်တောင် စိုးရိမ်လိုက်တယ် ။ အာသာကြီး တစ်ယောက်ပဲ ၊ သူတော့ အိုလည်း အိုပါပြီ ။ အောင်ကြမ်း အတွက် စိုးရိမ်နေတာပဲ ”

“ အောင်ကြမ်း မာလျှင် ပြီးရောပေါ့ ။ ခု သွားကြည့်ရအောင် ”

နှစ်ယောက်သား မြင်းစောင်းများသို့ သွားကြလေ၏ ။ မြင်းများကို လျှောက်၍ ကြည့်ရင်း စကားစမြည် ပြော၍ နေကြသတည်း ။

ထိုအခိုက်တွင် တစ်ခုသော ခြံထောင့် ဆူညံသောင်းကျန်းသော ရုန်းရင်းဆန်ခတ်အသံများကို ကြားကြသဖြင့် ပြေး၍ ကြည့်ကြရာ ဆီဆုံများ ထားသော တဲကြီး ၊ အသက်ခြောက်ဆယ်ခန့်ရှိသော အဘိုးကြီး တစ်ယောက်က တခြား အဘိုးကြီး ပိန်ပိန်သေးသေးခပ်ပုပု တစ်ယောက်အား ကြိမ်းမောင်း ဆူညံ၍ ရိုက်မောင်း ပုတ်မောင်း လုပ်၍ နေသည်ကို မြင်ရလေ၏ ။

မြ ။  ။ “  ဘာဖြစ်တာလဲ ။ တယ် ဦးဘိုးအိုက ဒေါသကြီးတာကိုဗျာ့ ”

အို ။  ။ “ ကျုပ် ဒေါသကြီးတာ မဟုတ်ဘူး ၊ ဘာမဟုတ် ညာမဟုတ် အညာသား အစုတ်အပြတ်က ၊ ကျုပ် ကို သြဇာပေးလို့ရမယ် ထင်သလား ”

မြ ။  ။ “  ဘာများ သြဇာပေးသလဲ ဦးဘိုးအိုရဲ့ ၊ သည် ဆီဆုံမှာ ခင်ဗျားတို့ နှစ်ယောက်ပဲ ရှိတယ် ။ အချင်းချင်း သင့်သင့်မြတ်မြတ် နေကြရောပေါ့ခင်ဗျာ ။ အခုတော့ နေ့တိုင်း ဘိုးအို အသံချည်း ကြားရတာပဲ ”

“ ကြားရမှာပေါ့ ။ သည် အညာသားက ဘာမသိ ၊ ညာမသိ အရာရာ တယ် စွက်ချင် ၊ တကတဲ ကျုပ်ကို ဒီအကောင်မျိုး သြဇာပေးရင် ကျုပ် အလုပ် မလုပ်ဘူး ”

“ ကျုပ်က အကောင်း ပြောတာပါ ။ သူ့ စက်ကို ကြိတ်မိမှာ စိုးလို့ပါ ”

“ ဟေ့ အညာသား မင်းတော် ။ ငါ့မှာ မျက်စိနဲ့ ၊ ငါ မင့် အဖေမဟုတ်ဘူး ။ မင်းငါ့အတွက် ဘာမှ ပူပင်စရာ မရှိဘူး ။ နားလည်လား ဘိုးအို တဲ့ ကွဲ့  ။ ဘယ်လို အကောင် မှတ်သလဲ ။ နှမ်းတစ်လုံး အတင်မခံဘူး ” ဟု ပြောပြီး ခါးတောင်းကြိုက်ကို ဖြုတ်ပြီး ထွက်သွားလေ၏ ။

မောင်မြနှင့် ဆရာဝန်ကလေးတို့လည်း မြင်းဇောင်းသို့ ပြန်၍ လာကြရာတွင် မောင်မြက တယ်ခက်တဲ့ အဘိုးကြီး ခင်ဗျာ ။ နေ့တိုင်း ဆူတာပဲ ။ ဦးကြီးဝရီးလို ဖြစ်ပြီး နှစ်ပေါင်း ကြာလွန်းလို့ သည်းခံထားရတာပဲ ။ သူ မပါတာ ဘယ်နေရာမှ မရှိဘူး ။ သူလည်း အားလုံးထဲမှာ အကြီးဆုံးပဲ ။

ဆရာဝန်ကလေးသည် နားထောင်၍ နေလေ၏ ။ စကားတစ်လုံးမှ ပြန်၍ မပြောချေ ။ မြင်းများကို အတန်ကြာ ဆက်လက် ကြည့်ရှုပြီးနောက် ဆရာဝန်သည် ကားပေါ်သို့ တက်ခါနီးသောအခါ မောင်မြကို ကြည့်ကာ ပြုံးပြီး 

“ ခင်ဗျားဆီက လူတစ်ယောက်ကို ခဏ မပေးနိုင်ဘူးလား ”

“ ဘာလုပ်ဖို့လဲ ”

“ ဘာမှ မလုပ်ပါဘူး ။ အိမ်မှာ အဖော်ပေါ့ ”

“ ဘယ်လောက် ကြာကြာလဲ ”

“ သူ ပျော်သလောက်ပေါ့ ”

“ ဘယ်သူ့ကို လိုချင်သလဲ ”

“ ဦးဘိုးအိုကို လိုချင်တယ် ”

“ ဦးဘိုးအို ကိုလား ။ ခင်ဗျားကို ဒုက္ခပေးမှာပေါ့ ၊ ဘာလုပ်ဖို့လဲ ”

“ ဘာမှ မလုပ်ပါဘူး ။ ဒီလိုပါ မိတ်ဆွေ ၊ ကျုပ်ဟာ အင်မတန် စိတ်မြန်တယ် ။ ဆေးကုရင်း အဘိုးကြီးတွေ ဘာတွေနဲ့ တွေ့ရတယ် ။ သည်တော့ စိတ်မြန်လျှင် မကိုက်ဘူး ။ အဘိုးကြီးများကို ကျုပ် သည်းညည်းမခံ နိုင်ဆုံးဘဲ ။ နောင်အိမ်ထောင်ရက်သားကျလို့ အဘိုးကြီး တစ်ယောက်ယောက် ပါနေလျှင် အခုလို သည်းသည်း မခံတတ်ပုံနဲ့တော့ ဧကန်ဒုက္ခဖြစ်မှာပဲ ။ သည်တော့ ကျုပ် ဦးဘိုးအိုနဲ့ စမ်းကြည့်ချင်တယ် ”

“ ဪ သည်လိုလား ” ဟု ပြောကာ မောင်မြက ရယ်မောပြီး “ သည်လိုဖြင့် ခေါ်နိုင်ပါတယ်ခင်ဗျာ ၊ သည်းညည်းခံနိုင်မယ် မခံနိုင်မယ်တော့ ကျုပ် တာဝန် မဟုတ်ဘူး ။ ဒါလဲ သူက လိုက်ဦးမှ ဖြစ်မှာ ”

“ ကြည့်သေးတာပေါ့လေ ။ လာ အဘိုးကြီး ဆီသွား ရအောင် ”

မကြာမီ နှစ်ယောက်သား ဦးဘိုးအို နေသော အိမ်တန်းလျားကလေးသို့ ရောက်၍ သွားလေ၏ ။ ဦးဘိုးအို သည် ပြတင်းပေါက် အနီး ၊ ဂုန်အိတ်ကုလားထိုင်ကလေး ပေါ်၌ ပက်လက်လှန်ကာ ဆေးတံအိုတစ်ခုကို ဖွာ၍ နေလေ၏ ။

မြ ။  ။ “ ဦးဘိုးအို ဟောဒီ ဆရာဝန်ကလေးက ခင်ဗျားကို စကား ပြောစရာရှိလို့ ... ”

အို  ။  ။ “ ပြောစရာ ရှိတာကို ဆိုဗျာ့ ၊ ထိုင်ဖို့တော့ ဟောဟိုက ထင်ရှူးသေတ္တာပဲ ” ဟု ဆေးတံကို ပြတင်း တံခါးဘောင်ပေါ်၌ ခေါက်ပြီး နံဘေးသို့ ချထားလိုက်လေ၏ ။

မြ ။  ။ “ သည်လိုပါ အခု ဆရာဝန်ကလေးက ဦးဘိုးအို သူ့အိမ်မှာ လာနေစေချင်တယ်လို့ ပြောတယ် ”

“ ကျုပ်က သူ့အိမ်မှာ သွားနေရမှာလား ။ ဘာဖြစ်လို့လဲ ၊ အမယ်ကြီးများကော ရှိသလား ”

ဆရာဝန်  ။  ။ “ မရှိပါဘူး ကျုပ် တစ်ယောက်ထဲပါ ” 

အို  ။  ။ “ အင်း အင်း တော်ရဲ့ ၊ နို့ဘာကိစ္စလဲ ” 

ညိမ်း ။  ။ “ ကိစ္စတော့ မရှိပါဘူး ။ ကျွန်တော်နဲ့ အဖော်ပါပဲ ” 

ဦးဘိုးအိုသည် စဉ်းစား၍ နေပြီးမှ “ ကျုပ် သည်မှာလည်း အချမ်းသာလားကပဲ ။ ကျုပ်လိုလူ သားမရှိ မယားရှိ ၊ တစ်ဆယ့်လေးငါးကျပ် ရရင် ပြီးတာပဲ ၊ အိမ်ကို ဘာလုပ်လိုက်ရမှာလဲ ”

ဆရာဝန်ကလေးသည် အကျိုးအကြောင်းကို ပြော၍ ပြလေ၏ ။ ထိုအခါ ဘိုးအိုက မျက်နှာထိ မျက်နှာထား နှင့် ဆရာဝန်ကိုမော်၍ ကြည့်ပြီး “ တော်လိုက် မောင့်နှယ် ။ နောင် ယောက္ခမ ခပ်ဆိုးဆိုးနဲ့ တွေ့ရင်လည်း ညည်းခံနိုင်အောင် ၊ ကျုပ်နဲ့ လေ့ကျင့်မလို့ ဆိုတာပလေ ” ဟု ပြောပြီး ပြတင်းပေါက်မှ အဝေးသို့ ငေး၍ နေလေ၏ ။

အတန်ငယ် ကြာသောအခါ လှည့်ကြည့်ပြီး “ ကောင်းပြီ ကျုပ်က ဘာလုပ်ရမလဲ ”

“ ဘာမှ မလုပ်ရဘူး ။ ကျုပ် ဦးကြီးတစ်ယောက် အလည်အပတ် လာနေတဲ့ အနေပေါ့ ”

“ ကျုပ်မှာ ဆရာဝန်ဦးကြီးနဲ့ တူတဲ့ အဝတ်အစား မရှိဘူး ” 

“ ဒါအတွက် အရေးမကြီးပါဘူး ”

“ ကောင်းပြီ ကျုပ် ကြိုက်တဲ့ ဆေးကို သောက်လို့ ရပါမလား ။ ကျုပ်က ဆေးတံ အမြဲသောက်တယ် ” 

“ ရပါစေ့မယ် ”

“ ရွှေဖီမိုးလွှတ် လက်ဖက်ခြောက် ကောင်းကောင်း ရနိုင်မလား ”

“ ကျွန်တော်တော့ ကာဖီသောက်တာ ၊ ဘကြီး ကြိုက်တာတော့ ရပါစေ့မယ် ”

“ ကျုပ် မပျော်ရင် ချက်ချင်း ပြန်ရမယ် မဟုတ်လား ”

“ သဘောအတိုင်းပါ ။ ဘယ်အခါမဆို ပြန်နိုင်ပါတယ် ”

“ ကောင်းပြီ ကိုင်း စမ်းကြည့်ရတာပေါ့ ဘယ်တော့လဲ ”

“ အခု ကားနဲ့ အသင့် လိုက်လာဖို့ပါပဲ ”

ဦးဘိုးအိုသည် မဆိုင်းမတွ သဘောတူသဖြင့် ကားနှင့် လိုက်ပါ၍ သွားလေရာ ဈေးသို့ ရောက်လျှင် ပုဆိုးရှည် သက္ကလပ်အင်္ကျီရင်ဖုံး ၊ နောက်ပိတ်ခြေနင်း ၊ ရှပ်အင်္ကျီခေါင်းပေါင်း အသစ်တို့ကို ဝယ်၍ ဆင်ရလေ၏ ။ သို့သော်လည်း ရင်အုပ်ကော့ကော့ ပခုံးကားကား ၊ ကျောကုန်းလန်လန် ဦးခေါင်းချွန်ချွန် ခြေခွင်ခွင်မို့ ဆင်တိုင်း အရုပ်ဆိုးသူ ဖြစ်လေရာ ၊ မကြာမီ အိမ်သို့ ရောက်လျှင် ကိုယ်လုံးပေါ် မှန်၌ ဦးဘိုးအိုသည် မိမိကိုယ်ကို မိမိ ကြည့်ပြီး အနည်းနည်း ပြင်ဆင် ဝတ်လေ၏ ။

ထို့နောက် ပက်လက်ကုလားထိုင်၌ ထိုင်သောအခါ ဆရာဝန်ကလေးက ရန်ကုန်မြို့မှ ဝယ်၍ ထားသော အကောင်းဆုံးသော ဆေးဘူးကို ပေးလေရာ ဦးဘိုးအို သည် ဆေးများကို နမ်းကာ “ ငါ ဆေးသောက်ရင် သောက်မှန်းသိရမှ ဖြစ်တာ မင်းဟာ ဆေးမဟုတ်ဘူး ။ စာပေါင်းသိုက်ကို စင်းထည့်ထားတာ ” ဟု ရှုံ့မဲ့ကာ ပြောလေ၏ ။ 

“ ကျွန်တော် သည့်ထက် ကောင်းတာ ရှာပေးပါ့မယ် ”

“ သည်ထက် ကောင်းတာ ဘာများလဲ” 

“ နေဘီကပ်လေ ”

ဦးဘိုးအိုသည် ရှုံ့ကာ ခေါင်းခါပြီး 

“ ဆေးချိုပြား ၊ ဆေးချိုပြား လက်ဟောင်းမှ မှိုတို့ ဘာတို့လဲ စင်ပေ့စေ ”

“ ဟုတ်ကဲ့ ရပါစေ့မယ် ။ ညထမင်းအတွက် ဘာမှတော့ အသင့် မရှိသေးဘူး ။ ထမင်းချက်သမားလည်း မထားဘူး ။ အိမ်တစ်အိမ်က မှာပြီး စားတယ် ။ လာလာ ပို့တယ် ။ ဦး ဘာဟင်းစားချင်သလဲ ။ ဝက်သား မစားဘူးလား ”

“ ဝက်သား အင်မတန် စားခဲတာပဲ ”

“ ဆိတ်သားကော ”

“ ညှီစော်နံတယ် ”

“ အမဲကော ”

“ အမဲသင့်ပါရဲ့ ၊ တယ်ပြီးတော့ မစားဘူး ၊ ငါးဘတ်မွှေကလေးများ မရနိုင်ဘူးလား ၊ ဘူးသီးဟင်းချိုလည်း ကောင်းပါရဲ့ ”

“ ကောင်းပါပြီ ၊ ကျွန်တော် ပြေးပြီး ပြောလိုက်ပါဦးမယ် ” ဟု ပြောပြီး ဆရာဝန်ကလေးသည် မိမိကို ထမင်းချက်၍ ပို့သော အိမ်သို့ ပြေးလေ၏ ။ သို့ပြေးရာ တွင် မိမိ၏ အကြံ ဟန်ကျပြီ အစချီပုံ အင်မတန် ကောင်းသည်ဟု အောက်မေ့ တွေးတောရင်း ဈေးသို့ သွား၍ ဆေးချိုပြား ဝယ်လေ၏ ။ အဘိုးကြီး ကြိုက်သော ဘူးသီး ၊ ငါးဘတ် ၊ ချင်း စသည်တို့ကို ဝယ်၍ လာပြီး ကူလီနှင့် ယူလာခဲ့ပြီးလျှင် ထမင်းချက်၍ ပို့သော အိမ်သို့ ပို့ပြီး နှစ်ယောက်စာ အတွက် ၊ မိမိ အကြိုက် အဘိုးကြီး အကြိုက်ကို မှာထားခဲ့၍ ပြန်လာခဲ့လေသတည်း ။

ထိုနေ့ညဉ့် ထမင်းစားကြသောအခါ ၊ ဦးဘိုးအို သည် များစွာ နှာခေါင်းရှုံ့ပြီး “ လူဆိုတာ ကိုယ့်အစာကို ကိုယ် ချက်စားရတယ် ။ ပါးစပ်နဲ့ ဝမ်းဗိုက်ထက် အရေးကြီးတာ ဘာရှိသေးသလဲ ။ သင်းတို့ ဘာတွေကို ဘယ်လို လုပ်ပြီး ကျွေးနေသလဲ ဆိုတာ သိရဲ့လား ။ မင်း ဆရာဝန်ဆို မြင်းများသာ အစာကို လူက လုပ်ကျွေးရတာ နက်ဖြန် ဒီအကောင်မတွေ မချက်စေနဲ့ ဦး မကြိုက်ဘူး ၊ အိမ်မှာ အိုးခွက်ပန်းကန် အစုံရှိရဲ့လား ”

“ ရှိပါတယ် အသုံးမပြုတာ ကြာလို့ မှိုတက်နေပြီ ထင်ပါရဲ့ ” ဟု ပြန်ပြောလေ၏ ။

ထိုနေ့ညဉ့် အဘိုးကြီးက မိမိ အေးအေးဆေးဆေး အောက်ထပ်မှာ အိပ်ချင်သည် ဟု ပြောသဖြင့် အိမ်အောက်ထပ်မှာ ၎င်းအား အိပ်ရာနေရာ ပေးရလေ၏ ။ နံနက်မိုးလင်းအားကြီး ဆရာဝန်ကလေး အိပ်၍ လွန်စွာ ကောင်းနေသော အချိန်၌ အဘိုးအိုသည် အသံကျယ်ကျယ်နှင့် ရပ်ကွက် တစ်ခုလုံး ကြားရအောင် ဘုရားရှိခိုး အမျိုးမျိုးတို့ကို ရေလဲနှင့် ရှိခိုးလေ၏ ။

ဆရာဝန်သည် အတော်ကလေး စိတ်ညစ်၍ သွားသော်လည်း ကြိုးစား၍ အိပ်လေရာ ဘုရားရှိခိုး အပြီးတွင် တစ်ဖန်အိပ်ပျော်၍ သွားပြီးနောက် အိပ်ရာမှ နိုး၍ ဆင်းလာသောအခါ မီးဖိုထဲ၌ အသံများကို ကြားရသဖြင့် ဝင်၍ ကြည့်လေရာ အိုးခွက်ပန်းကန်များကို ပြောင်လက်အောင် တိုက်ချွတ် ဆေးကြောပြီး ပျဉ်ပြားကို ရေနှင့် တိုက်၍ ဆေးကြောနေသော ဦးဘိုးအိုကို မြင်ရလေ၏ ။

ဆရာဝန်ကို မြင်သောအခါ “ ယောက်ျားကလေး သည်လောက်အိပ်လို့ ဘာဖြစ်မလဲကွဲ့ ။ ကိုင်း ဈေးကို ပြေးဝယ်ချေ ခြမ်းချေ ”

“ ဦး ဘာစားမလဲ ”

“ စုံအောင်သာ ဝယ်ခဲ့ ။ ဦး ကြိုက်တာကို ဖြစ်အောင် လုပ်ချင်တယ် ”

ဆရာဝန်သည် ကားနှင့် ဈေးသို့ ပြေးပြီး ဆန် ၊ ကာဖီ ၊ လက်ဖက်ခြောက် မကျန် ဟင်းထမင်း အတွက် လိုလေသေး မရှိရအောင် အကုန်အစင် ဝယ်ခြမ်း၍ လာပြီး မကြာမီ အဘိုးကြီးသည် ကော်ဖီကို ပြင်၍ ပြီးလေ မုန့်ကင်၍ ပြီးလေ၏ ။ ထမင်းအိုး ဆူ၍နေ၏ ။ ဘညိမ်းသည် အဘိုးကြီး၏ ကျင်လည်ပုံကို အံ့သြပြီး ၊ ငါ့အကြံ နေရာမှ ကျလားဟု တွေးမိလေ၏ ။ ထို့နောက် ကော်ဖီ သောက်ပြီးသဖြင့် “ ဦး ကျွန်တော် သွားဦးမယ် ။ ကိစ္စကုန်မှ ပြန်ရောက်မယ် ။ ထမင်းစားချိန်မှာ ကျွန်တော့်ကို မျှော်မနေနဲ့တော့ ” ဟု ပြောပြီး ကားနှင့် ထွက်၍ သွားလေ၏ ။

ထိုနေ့ မွန်းလွဲအချိန် ဦးဘိုးအိုသည် အားလပ်သဖြင့် မြို့ထဲသို့ လျှောက်၍ လည်ပတ်လေရာ တစ်ခုသော အိမ်နှင့် ခြံဝသို့ ရောက်သွားလေ၏ ။ ခြံဝအနီး၌ လမ်းကြား တစ်ခုကို တွေ့ ရှိလေ၏ ။ ထိုလမ်းကြားမှာ ဘင်္ဂလားသရက်ပင်ပျိုများက တစ်ဖက် ၊ ငှက်ပျောပင်များက တစ်ဖက် ညှပ်၍ နေသဖြင့် အတော်ပင် ရိပ်ငြိမ်သာယာသော နေရာဖြစ်လေ၏ ။ အခါမှာ ကဆုန်လ အခါဖြစ် လေရာ ပူအိုက်သော နေ့၌ ထိုနေရာမျိုးသည် သက်သာခွင့်ကို ပေးသောနေရာမျိုး ဖြစ်လေသတည်း ။

ဦးဘိုးအိုသည် တစ်ကိုယ်တည်း လျှောက်၍ သွားလေရာ ခြံအဆုံးနားရှိ နေရာ အကွေ့ကလေး တစ်ခု၌ စိမ်းလန်းစိုပြည်၍ ထူထပ်သော အရိပ်ရှိသော မန်ကျည်းပင် တစ်ပင်အောက်၌ ကျောခိုင်း၍ ထိုင်နေသော အဘိုးကြီး တစ်ယောက်ကို မြင်ရလေ၏ ။

အပါးသို့ ရောက်သောအခါ ၊ ဘာများ လုပ်နေပါလိမ့်ဟု သိလိုသဖြင့် ထိုနေသူ၏ နောက်နားမှ စီး၍ ကြည့်လိုက်ရာ တစ်ကိုယ်တည်း စစ်တုရင် ထိုး၍ နေသည်ကို တွေ့ရလေ၏ ။ စစ်တုရင် ထိုး၍ နေသော ဦးမြတ်ဖော့သည် မိမိ နောက်နား၌ ရှိသော သူ့ကို သတိမထားချေ ။ မိမိ၏ အလုပ်၌သာ နက်နဲစွာ စူးစိုက်၍ နေလေသတည်း ။ အတန်ငယ် ကြာစွာ ကြည့်နေပြီးနောက် ဦးအိုက “ ဒါကို မရွှေ့နဲ့လေ ။ အို ဒီလိုမှ မဟုတ်ဘဲ ” ဟု လွှတ်ခနဲ ပြောလိုက်လေ၏ ။

ဦးမြတ်ဖော့သည် မော်၍ ကြည့်လေ၏ ။ “ ခင်ဗျား ဘယ်သူလဲ ၊ နားလည်သလား ၊ နားလည်လျှင် လာထိုင် ၊ ဒီအရပ်မှာ စစ်တုရင် နားလည်တဲ့ လူမျိုး မရှိဘူး ။ လူတု လူယောင်တွေသာ ရှိတယ် ။ အလကား အရပ် ”

မကြာမီ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ ထိုးကြလေ၏ ။

အတန်ငယ် ကြာ၍ နေရာကျသွားသောအခါ ဆရာဝန်ဘညိမ်း၏ ကား ရောက်၍ လာလေ၏ ။ သို့သော်လည်း စစ်တုရင် ထိုး၍ နေသူ နှစ်ယောက်သည် ကားကို သတိမမူမိကြချေ ။ ဆက်လက်၍ ထိုးနေကြလေ၏ ။

သန်းရီလည်း ခွေးကလေးကို ပိုက်ကာ ဆရာဝန်ကို ခရီးဦးကြိုပြုလေ၏ ။ မကြာမီ နှစ်ယောက်သား ခေါင်းချင်းဆိုင်လျက် ခွေးကို ကုသကြလေ၏ ။

“ မင်းဖေဖေကော ”

“ ဟိုဘက်ထောင့်မှာ စစ်တုရင် ထိုးနေတယ် ။ အဖော် ရနေတယ် ”

“ ဘယ်ကလဲ ”

“ အနောက်ရွာကနဲ့ တူပါတယ် ။ မြင်းတွေ ဘာတွေ မွေးတဲ့အိမ်မှာ မြင်ဖူးသလိုလို ရှိတာပဲ ”

“ ဪ ဆီဆုံနဲ့ အိမ်ကလား ၊ ကိုမြ အိမ်ကလေ ”

“ ဟုတ်တယ် ထင်ပါရဲ့ ”

“ ဘယ်သူများပါလိမ့် ” ဟု အမှတ်တမဲ့ ဆရာဝန်က ပြောပြီး အလုပ်ကိုသာ ဆက်လက်၍ လုပ်လေ၏ ။ ဦးဘိုးအို ဟူ၍ အနည်းငယ်မှ မတွေးမိချေ ။

အတန်ကြာ၍ ခွေးကို ဆေးကုပြီးသောအခါ ၊ ခြံထဲ မှအသံများကို ကြားရသဖြင့် ဆရာဝန် ကြည့်လိုက်သော အခါ ၊ ဦးဘိုးအိုက ရှေ့က လက်ဟန်ခြေဟန် စတိုင်ပါပါ နှင့် နိုင်သူ၏ အမူအရာဖြင့် လာလေ၏ ။

၎င်း၏ နောက်၌ စစ်တုရင်ခုံကို ဆွဲကိုင်ကာ ဒေါသ ဖြစ်လျက် လက်သီးလက်မောင်း တန်းပြီး “ ခင်ဗျား နက်ဖြန်သာ လာခဲ့ပါ ။ သိပါစေ့မယ် ။ ကျုပ် ဘယ်သူ့ကို မှ အရှုံးပေးတဲ့လူ မဟုတ်ဘူး ။ ခင်ဗျား နက်ဖန် ဆက်ဆက် လာရမယ် ”

“ စိတ်သာချ ဘုရားဒကာ ဆက်ဆက်လာမယ် ။ ဆယ်ကမ္ဘာ ကစားပေမယ့် ဘုရားဒကာ ကျုပ်ကို နိုင်မှာ မဟုတ်ဘူး ” ဟု ဦးဘိုးအိုက ပြောလေ၏ ။

ဤကဲ့သို့ ပြောလေ မခံချင်ဖြစ်လေ ဦးမြတ်ဖော့ မှာ မျက်နှာများ ပျက်၍ နေလေ၏ ။ မကြာမီ ကားအနီးသို့ ရောက်လာကြရာ ဆရာဝန်က ဦးဘိုးအိုကို ကြည့်ကာ ပြုံးပြီး “ ကိုင်း ဦး တက်ပေတော့ ” ဟု ပြောလေ၏ ။

ဦးမြတ်ဖော့ ။  ။ “ ဟင်း ကျောင်းဒကာကလည်း သူနဲ့ ဘာတော်သလဲ ”

ဆရာဝန် ။  ။ “ ကျွန်တော့် ဘကြီးပါ ။ ကျွန်တော့်ဆီ အလည်လာနေတာပါ ”

ဦးမြတ်ဖော့သည် ဦးဘိုးအို ကို ကြည့်ကာ “ ကျောင်းဒကာ သူ့ဘကြီးကို ဒီလို လာပြီး နိုင်လို့ ကောင်းမှာပေါ့ ။ ကျုပ်က တိရစ္ဆာန်ဆရာဝန်လို ဘာလို လူစုနဲ့ ပတ်သက်ရင် တစ်မျိုးလုံး နိုင်ရမှ စိတ်ကျေနပ်မှာ ၊ နက်ဖြန် ဆက်ဆက်လာပါ ”

“ စိတ်ချ ဘုရားဒကာ ဘုရားဒကာလို နိုင်ရတာမှ ကောင်းတယ် ” ဟု ပြောကာ ကားနှင့် ပါ၍ သွားလေ၏ ။ အိမ်သို့ ရောက်သောအခါ ဦးဘိုးအို ညနေအတွက် အိမ်အလုပ်များကို လုပ်ကိုင်လေ၏ ။ နောက်တစ်နေ့ ထိုသို့ သွားပြန်လေရာ ဦးမြတ်ဖော့နှင့် တွေ့လေ၏ ။ ဆရာဝန်ကလေးသည် မနေ့က မော်တော်ကားနှင့် အိမ်သို့ တင်ခေါ်ရ၏ ။

ထိုကဲ့သို့ သုံးလေးရက် ကြာလတ်သောအခါ အိမ်၌ ပြန်၍ မကြည့်မရှုအားသဖြင့် ရှုပ်ပွ၍ နေသည်ကို တွေ့ရသောကြောင့် မသွားဘဲ တစ်နေ့သည် ဆရာဝန် မရှိခိုက်မှာ အိမ်ကို ဆေးကြော သုတ်သင်၍ နေလေ၏ ။

ထိုဆေးကြောသုတ်သင် ချက်ပြုတ် ပြီးစီးသော အခါ ဦးမြတ်ဖော့သည် စစ်တုရင်ခုံကို သယ်ပိုးလျက် အိမ်သို့ ရောက်၍ လာလေ၏ ။

“ ဘယ့်နှယ်လဲ ဘုရားဒကာ ယနေ့ ပေါ်လာမလားလို့ မျှော်နေတယ် ။ မပေါ်လာပါကလား ။ ဘာဖြစ်သလဲ ။ ခင်ဗျား မလာလို့ ကျုပ် လာရတယ် ။ ယနေ့ တစ်ပွဲ မနိုင်လျှင် ကျုပ်ထမင်းမစားနိုင်ဘူး လာပါ ”

“ မနိုင်လို့ ထမင်း မစားလျှင် ငတ်သေလိမ့်မယ် ကျောင်းဒကာ ၊ လာ ထမင်းစားဦး အသင့်ပဲ ။ ပြီးတော့ ကစားတာပေါ့ ” ဟု ပြောလေရာ ဦးဘိုးအို ချက်ပြုတ်သော ဟင်းလျာ အနံ့ကို ဦးမြတ်ဖော့ ရသဖြင့် မစားဘဲ မနေနိုင်အောင် သွားရည်ကျလာသဖြင့် “ နေပါလေ ကိစ္စ မရှိပါဘူး ။ သည်းခံပါ မစားပါရစေနဲ့ လာသာလာပါ ။ တစ်ပွဲရအောင် ” ဟု ပြောရင်းဆိုရင်း ဦးဘိုးအိုက လက်မြန် ခြေမြန် ပွဲရံကို ပြင်ဆင်၍ ပြီးသဖြင့် ဦးမြတ်ဖော့ မငြင်းနိုင်ဘဲ အတူတကွ ထိုင်စားရလေ၏ ။

ထိုအခိုက်တွင် ဆရာဝန်ကလေးနှင့် သန်းရီသည် အတော် ကျန်းမာသဖြင့် ခြေထောက်နိုင်သော ခွေးကလေး နှင့် ကစား၍ နေကြလေ၏ ။ ခွေးကလေးကို တစ်လက်မှ တစ်လက် ကူးပြောင်းရင်း လက်ချင်း ထိကြလေရာ မကြာမီ ခွေးကလေးကို မေ့လျော့ကြပြီး ခွေးကလေးကို ပိုက်ပွေ့သော သန်းရီ၏ ရင်ခွင်၌ ခွေးကလေးအစား ဆရာဝန်ကလေးသည် စ၍ ဝင်ရောက်လေ၏ ။ ဆရာဝန်ကလေး၏ ရင်ခွင်သို့ သန်းရီ ဝင်ရောက်လေ၏ ။ ဆိတ်ငြိမ်လုံခြုံသော ခြံထဲ၌ သန်းရီနှင့် ဆရာဝန်ကလေးသည် နတ်ပြည်သို့ ရောက်၍ နေကြလေ၏ ။ သို့နေခိုက်တွင် ဆရာဝန်ကလေးက “ မင်းဖေဖေတော့ ငါ့ဦးလေးနဲ့ ဟိုမှာ စစ်တုရင် ထိုးနေတယ် ။ တို့များကလည်း ဒီမှာ ဟဲ ဟဲ နော် ” ဟု မိမိ ပခုံးပေါ်၌ မော့ကာ မှီနေသော မျက်နှာကလေးကို တစိမ့်စိမ့်ကြည့်ကာ ပြောလေ၏ ။

ရီ ။  ။ “ ဒါထက် ကိုဘညိမ်းရဲ့ ။ ဦးဘိုးအိုဟာ ရှင့် ဦးကြီး မဟုတ်ဘူးလို့ ပြောကြပါကလား ”

“ ဦးကြီး မဟုတ်လျှင် ဘာတဲ့လဲ ”

“ အမယ် ကျွန်မ သိပါတယ် ၊ ကိုမြ အိမ်မှာ ကပ်နေတဲ့ အဘိုးကြီးပါ ။ ကျွန်မ ရှင့်အကြံကို သိပါတယ် ။ ပြောသူတွေ ရှိပါတယ် ”

“ ဘာသိသလဲ ”

“ ရှင်က အဘိုးကြီးများကို သည်းညည်းမခံနိုင်တတ်လို့ ယောက္ခမ အဘိုးကြီးတစ်ယောက်နဲ့ တွေ့လျှင် သည်းညည်းခံတတ်အောင် လေ့ကျင့်နေတာဆို ”

“ မင်း ဘယ်သူ ပြောသလဲ ”

" သြ ဒီလိုပဲ ပြောကြတာပေါ့ ”

“ ဟုတ်တယ် သန်းရီ ၊ လာ လိုက်မလား ။ မော်တော်ကားနဲ့ တစ်ခါတည်း ပြေးကြရအောင် ”

“ အို ကိုဘညိမ်း ကလည်း ပြေးလို့ ဘာကောင်းမှာတဲ့လဲ ။ လူတွေ သိလျှင် ရှက်စရာကြီး ဖြစ်မနေပေဘူးလား ။ ကျွန်မ ဘယ်တော့မှ ခိုးရာ မလိုက်ဘူး ။ ကိုဘညိမ်း မှာလည်း ဂုဏ်အသရေနဲ့ ကျွန်မမှာလည်း ဂုဏ်နဲ့ အသရေနဲ့ပါ ။ တောင်းရမ်းယူပါလား ”

“ မင်းအဖေက ငါ့ကို မျက်မုန်းကျိုးနေတယ်ကွဲ့ ။ တောင်းလို့ရမှာ မဟုတ်ဘူး ”

“ နည်းနည်းလည်း သည်းညည်းခံဦးမှပေါ့ ၊ ကိုဘညိမ်းရဲ့ သမီး မွေးထားလျှင် သားမက် တစ်ယောက် ပေါ်ပေါက်လာမယ် ဆိုတာ အမှန် စဉ်းစားမိမှာပေါ့ ။ အခုလို တွေ့ပြီး နေရတာ ပျော်စရာ မကောင်းဘူးလား ။ သမီးရည်းစား ဘဝထက် ပျော်ရတာ ဘာရှိသလဲ ”

“ မတော်တဆ မရဘဲ တစ်နည်းနည်းနဲ့ ကွဲသွားမှာလည်း စိုးတာပေါ့ ရီရယ် ။ သည်တော့ စိတ်ချရအောင် မြန်မြန်ပဲ ကိစ္စတုံးလိုက်ကြရင် မကောင်းဘူးလား ”

“ ဘယ်တော့မှ မကွဲရဘူး ။ ဖေဖေ ခွဲလို့လည်း မရဘူး ။ ဘယ်သူ ခွဲလို့မှလည်း ရမှာ မဟုတ်ဘူး ” 

ထိုအခိုက်တွင် “ သန်းရီ သန်းရီဟဲ့ ဘယ်မှာလဲ ” 

ထိုအခါ နှစ်ယောက်သား ခြံထဲမှ မထွက်သာဘဲ တစ်ခုသောပန်းရုံ အကွယ်တွင် ပုန်း၍ နေကြလေ၏ ။ အဘိုးကြီးသည် ခေါ်ရင်း အပါးသို့ ရောက်၍ လာလေရာ သန်းရီသည် ကလေးဆိုးပမာ နှုတ်ခမ်းစူလျက် မျက်နှာ အောက်ချ၍ နေလေ၏ ။ ဆရာဝန်သည် မနီးမဝေး၌ ရပ်ကာ မုဆိုးနှင့် ရင်ဆိုင် တွေ့သဖြင့် အာခံသော စိုင်ဖို လို ဖြစ်၍ နေလေသတည်း ။

“ မင်းတို့ ဘာလုပ်နေကြသလဲ ”

ရီ ။  ။ “ ဘာမှ မလုပ်ဘူး စကားပြောနေတယ် ” 

“ ဘာမှ မလုပ်ဘူး ၊ ဘာမှ မလုပ်ဘူးလား ” 

ဒေါသနှင့် ပြောကာ ထုတော့ မလိုဟန် လက်နှစ်ဖက်ကို မြှောက်ကာ သန်းရီ၏ ခေါင်းထက်သို့ မိုး၍ လာလေ၏ ။

ဆရာဝန်သည် အဘိုးကြီးနှင့် သန်းရီ၏ စပ်ကြားသို့ ဘေးတိုက် ဝင်လာကာ ဆီးရပ်တန့်၍ နေလေ၏ ။ အဘိုးကြီးမှာ ဝက်ရူးပြန်သလို ဖြစ်၍ လာလေ၏ ။ သန်းရီ သည် ချာခနဲ လှည့်ပြီး အိမ်ဘက်သို့ သွားလေ၏ ။ ဆရာဝန်သည်လည်း မိမိ၏ မော်တော်ကား ရှိရာသို့သွားလေ ၏ ။ မကြာမီ မော်တော်ကား ထွက်၍ သွားလေရာ သန်းရီသည် အိမ်ပေါ်သို့ တက်၍ သွားလေ၏ ။  

ဦးမြတ်ဖော့သည် ဒေါသအမျက် ချောင်းချောင်း ထွက်လျက် “ ငါ ဒင်း ဦးကြီးကို သွားတိုင်မယ် ။ စော်ကားတဲ့အကောင် ”ဟု ပြောပြီး အိမ်မှ ကိုင်းကွသော ကိုယ်ဟန်ဖြင့် အမြန်လာလေ၏ ။

ဦးမြတ်ဖော့ ရောက်၍ လာသောအခါ ဆရာဝန်သည် ဦးဘိုးအိုနှင့် လက်ဖက်ရည် သောက်နေသည်ကို တွေ့ရလေ၏ ။

ဦးဘိုးအိုသည် ဦးမြတ်ဖော့ကို မြင်လျှင် “ ဟင် ကျောင်းဒကာ ထိုးအား မရသေးဘူးလား ။ ယနေ့ ကျုပ်က ကျောင်းဒကာကို တမင် အနိုင်ပေးလိုက်တာပါ ။ ရှုံးတာများ အားကြီးလို့ ယနေ့ ညာလိုက်တာပဲ ။ တကယ် မထင်နဲ့ ထိုးချင်ရင် ထိုးဦး ။ ကျုပ် လိုက်ခဲ့မယ် ”

“ ဘာပြောတယ် ။ ကျုပ် တကယ်နိုင်တာ မဟုတ်ဘူးလား ။ မကြွားပါနဲ့ဗျာ ။ ဒါ ထားလိုက်ပါဦး ။ ကျုပ် အခု အရေးကြီးတဲ့ ကိစ္စနဲ့ လာတယ် ။ ခင်ဗျားတို့ တူအရီး ဘာကောင်းသလဲ ။ ကျုပ်ကို ဝိုင်းနှပ်ကြတာပေါ့လေ ”

“ ဘာနှပ်သလဲ ကျောင်းဒကာရဲ့ ။ လှေကြီးထိုးပါ ။ အရိုးခံထိုးတာပါ ။ အဆန်း မဟုတ်ပါဘူး ။ စိတ်မကျေနပ်ရင် ပြန်ပြီး ထိုးတာပေါ့ ”

“ ထိုးတာတွေ ထားလိုက်ပါဦး ၊ အခု ခင်ဗျားတူ အခု ဘယ်က လာတယ် ဆိုတာ မေးကြည့်ပါ ။ ကျုပ်တို့ လူကြီးချင်းချင်း ခင်နေရာမှာ ခင်ဗျားတူ အခုလို မျက်နှာ ပျက်အောင်လုပ်တာ ဘာကောင်းသလဲ ”

“ ဘာဖြစ်တာလဲ ကျောင်းဒကာရဲ့ ”

ဦးမြတ်ဖော့ ။  ။ အလွန်တရာ ဒေါသအမျက် ပြင်းထန်စွာ ထွက်လျက် အဖြစ်အပျက်ကို ပြော၍ ပြလေ၏ ။ သို့ပြောပြီးနောက် “ ကိုင်း ဘယ့်နှယ်လုပ်မလဲ ။ အခုလို ဖြစ်တာ တော်ရဲ့လား ။ ခင်ဗျား တူက တိရစ္ဆာန်ဆရာ ကျုပ် သမီးက အိုင်အေ ။ ခင်ဗျားတူနဲ့ ကျုပ်သမီးနဲ့ တန်းတူ မဟုတ်ဘူး ။ ကြပ်ကြပ်သတိထားပါ မြတ်ဖော့တဲ့ ”

ထိုအခါ ဦးဘိုးအိုသည် ၊ ထောင်းခနဲ ဒေါသထွက်၍ လာပြီး “ ခင်ဗျားက မြတ်ဖော့ ကျုပ်က ဘိုးအို ဘာဆိုချင်သေးသလဲ ။ သို့သော်လည်း နားထောင်ဦး ကျုပ် ပြောတာကို သေသေချာချာ နားထောင် ။ ကျောင်းဒကာသမီးနဲ့ သည်က မောင်ဘညိမ်း နဲ့ တိတ်တိတ်ပုန်း ကြိုက်ကြတဲ့ ကိစ္စဟာ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး သိရဲ့လား ။ ကျုပ် သူ့ ဦးကြီး မဟုတ်ဘူး ”

“ ဟင် သူ့ဦးကြီး မဟုတ်ရင် ခင်ဗျားက ဘာလဲ ” 

“ ကျုပ် ဘာမှလည်း မဟုတ်ဘူး ။ ဘာမှလည်း မဆိုင်ဘူး ။ ကျုပ်က ဧည့်သည် ၊ ကျုပ် ဘာမှ မတတ်နိုင်ဘူး ၊ ခင်ဗျား ကျုပ်ကို ဆူလို့ ဘယ်ဖြစ်မလဲ ”

“ နို့ ခင်ဗျားက ဘာလုပ် သည်မှာ လာနေရတာလဲ ” 

“ သည်မှာ လာနေတဲ့ အကြောင်းရင်းကို သိချင်သလား ၊ သိချင်ရင် ပြောပြမယ် ”

“ ဟောဒီ သူငယ်က တိရစ္ဆာန်ဆရာဝန်ကလေး ၊ သူက ခွေးတစ်ကောင်ကို ဆေးကုတယ် ။ ခွေးသခင်ရဲ့ မိန်းမချောကလေး ၊ အဲဒီ မိန်းမချောကလေးရဲ့ ဖခင်က အင်မတန် စိတ်တိုတဲ့ အဘိုးကြီး ၊ သည်တော့ ဒီသူငယ်က ဟိုသူငယ်မကလေးရဲ့ခွေးကို ဆေးကုရင်း အချင်းချင်း စုံမက်သတဲ့ ။ ဒါပေမဲ့ သူ့အဖေ စိတ်တိုသည့် အတွက် တစ်နေ့သ၌ သည်းညည်း မခံနိုင်ရင် တစ်ခုခုဖြစ်မှာ စိုးသတဲ့ခင်ဗျာ့ ။ သူလည်း စိတ်က ဆတ်ဆတ်ကိုး ”

“ တစ်ခုခု ဖြစ်မှာစိုးရင် ဘာပြုလို့ ကျုပ်နဲ့ ”

“ နေပါဦး ကျောင်းဒကာရဲ့ ။ စကားကို အရမ်း မပြောစမ်းပါနဲ့ ။ တယ်လဲ စိတ်က တိုတာ ”

“ စိတ်တိုရင် ဘာဖြစ်ရဦးမှာလဲ ခင်ဗျာ့ ”

“ ဘာမှ မဖြစ်ပါဘူး ။ ကျုပ်ကို အိမ်မှာ ခေါ်ထားပြီး အတူတူ နေရရင် စိတ်တိုသူ့ သည်းညည်းခံတဲ့ အကျင့်ကို ရလိမ့်မယ်လို့ သူ အယူရှိတယ် ။ သည့်အတွက် ကျုပ်ကို ခေါ်ထားတာပါ ”

“ ဪ … ကျုပ်သမီး ရရင် ကျုပ်နဲ့ တည့်အောင် ခင်ဗျားနဲ့ လေ့ကျင့်နေတယ် ဆိုပါလား ”

“ ဟုတ်တယ် ။ သို့သော်လည်း ကျုပ်လည်း ကြာကြာ လေ့ကျင့်ခန်း ပေးမနေနိုင်တော့ ကျုပ် သွားရမယ် ၊ ကျုပ် ရွာကို ပြန်ရမယ် ”

ထိုအခါ ဆရာဝန်ရော ၊ ဦးမြတ်ဖော့ရော အံ့အားသင့်လျက် ငေးမော၍ ကြည့်ကြလေ၏ ။

“ ကျုပ်ကို ကြည့်မနေနဲ့ ။ ကျုပ် သွားမယ် အခုပဲ ” 

ဆရာဝန် ။  ။ “ ဘာဖြစ်လို့လဲ ဦးရဲ့ ။ အခု ချက်ချင်းပဲလား ”

“ အခု ချက်ချင်းပဲ သွားရမယ် ။ ကျုပ်က ကျုပ် နွားသိုး ရွှေခဲကို အောက်မေ့လှပြီ ။ ဂရုစိုက်ပြီး အစာတောင် ကျွေးကြရဲ့လား မသိဘူး ”

မြတ်ဖော့ ။  ။ “ ခင်ဗျား အဟုတ် သွားတော့မှာလား ။ ခင်ဗျား သွားရင် ကျုပ် စစ်တုရင်ထိုးဖို့ လူရှိတော့မှာ မဟုတ်ပါဘူး ။ အကျိုးအကြောင်း သိရယုံ လာပြီး ပြောတာပါ ။ သင်းတို့ ကလေးချင်း တင့်တင့်တယ်တယ် ဖြစ်ကြရင်လည်း အေးတာပေါ့ ။ ကျုပ်လည်း ကြီးပါပြီ ။ ကျုပ်က နွားသိုး ထိန်းချင်သေးတယ် ။ သမီးတစ်ယောက် မထိန်းချင်ဘူး ။ အေးအေးဆေးဆေး စစ်တုရင် ထိုးနေရ ပြီးတာပါပဲ ။

“ ကျောင်းဒကာနဲ့ စစ်တုရင် ထိုးနေလို့ မပြီးသေးဘူးခင်ဗျာ ။ အလုပ်က ရှိသေးတယ် ။ ကျုပ်က ကျောင်းဒကာလို လူချမ်းသာ မဟုတ်ဘူး ။ မသေမီ ကိုယ့်အလုပ် ကိုယ်လုပ် ကိုယ့်ထမင်း ကိုယ် စားချင်သေးတယ် ”

“ မဟုတ်တာ ဘုရားဒကာကလဲ ။ ထမင်းတစ်လုတ် စားရဖို့ ဘာအရေးကြီးသလဲ ။ ခင်ဗျား မပြန်ရဘူး ။ ကျုပ်နဲ့ နေရမယ် ။ ကျုပ်သမီး သူ့လင်နဲ့ သွားလိမ့်မယ် ။ ကျုပ်မှာ ထိုးဖို့ အဖော် မရှိဘူး ။ ဟေ့ မောင်ရင် မင်း ဦးကြီး ဘယ်မှ မသွားစေရဘူး ။ မင်းဦးကြီး သွားရင် မင်းတို့ ကိစ္စဟာ ဘာမှ မဖြစ်စေရဘူးသိလား ”

ဦးဘိုးအိုသည် အံ့အားသင့်၍ နေလေ၏ ။ ဆရာဝန် နှင့် ဦးဘိုးအိုသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ စဉ်းစား၍ နေကြလေ၏ ။ ထိုနောက် ဆရာဝန်က “ ကိုင်း ဦး ကြားရဲ့လား ။ ကျုပ်ကို သနားရင် ဦး မပြန်ပါနဲ့ ။ ဦး တစ်သက်လုံး အေးအေးနေရ ပြီးရော မဟုတ်လား ”

“ မောင်က အေးအေးနေ ဆိုပေမယ့် မောင် ကတိထားတဲ့ဟာတွေ ဘယ်မှာ ကတိတည်လို့လဲ ”

“ ဘာလဲဦးရဲ့ ။ ကျွန်တော် ကတိ မတည်တာ ဘယ်မှာ ရှိလို့လဲ ”

“ မောင် ကျုပ်ကြိုက်တဲ့ ဆေးကို လုံလုံလောက်လောက် ပေးမယ်ဆို အခု ဆေးချိုပြား ကုန်နေတာ ဘယ်လောက် ကြာပလဲ ”

“ အို ကျွန်တော် မသိပါကလား ဦးရဲ့ ။ ကိုင်း သည်လိုဖြင့် ကျွန်တော် သွားဝယ်မယ် ၊ တစ်ပိဿာ ယူမလား ” ဟု ပြောပြီး ကားပေါ်သို့ ပြေးတက်ပြီး ထွက်သွားလေ၏ ။

ထိုအခိုက်တွင် အဘိုးကြီး နှစ်ယောက်သည် အတန်ငယ် ဆိတ်ငြိမ်စွာ နေကြလေ၏ ။ ထို့နောက် ဦးမြတ်ဖော့က “ ခင်ဗျား လျော့ကစားတယ် ဆိုတာ အဟုတ်လား ”

“ တကယ် ပြောတာ ဘုရားဒကာ ။ ကျုပ် လျှော့ကစားတာ ၊ မယုံရင် စမ်းကြည့် ”

“ ကိုင်း တကယ်လား ။ ခုံ ၊ ခုံသွားယူလိုက်မယ် ” ဟု ပြောပြီး ၊ ဦးမြတ်ဖော့သည် ထွက်သွားလေ၏ ။ အဘိုးကြီး အိမ်သို့ ရောက်၍ ခုံကို ယူလာပြီးသည်နှင့် တစ်ပြိုင်နက် ဆရာဝန်သည် ကားနှင့် ဝင်၍ လာလေ၏ ။

မော်တော်ကားသံ ကြားသောအခါ သန်းရီ ထွက်၍ လာလေ၏ ။

ဆရာဝန်သည် ကားပေါ်မှ မဆင်းဘဲ ။ 

“ ရီရေ … တော်တော်ကြာမှ လာမယ်ဟေ့ ၊ အဘိုးကြီး ကော ”

သန်းရီသည် ဆင်းပြေးလာလေ၏ ။ အနားသို့ ရောက်သောအခါ “ ခုပဲ ဖေဖေ ပြန်လာတယ် ။ ခုပဲ ထွက်သွားပြီ စစ်တုရင်ခုံ ယူသွားတယ် ”

“ ဟုတ်လား သည်လိုဖြင့် သူတို့ ထိုးကြဦးမယ် ။ လာတက် တစ်ပတ်လောက် လှည့်ရအောင် နေဦး နေဦး ငါ အဘိုးကြီးဘို့ ဆေးချိုပြား သွားပို့ရဦးမယ် ။ ခဏလေး နေဦးနော် ” ဟု ပြောပြီး ကားနှင့် ထွက်၍ သွားလေ၏ ။

ကားရောက်၍ သွားသောအခါ အဘိုးကြီး နှစ်ယောက် စစ်တုရင်ခုံမှာ ခေါင်းစိုက်၍ နေကြသည်ကို တွေ့ရှိရသဖြင့် အနားသို့ ကပ်ကာ ဆေးချိုပြားများကို ချ၍ ထားပြီး “ ကျွန်တော် ကိစ္စလေး ရှိသေးတယ် ။ ပြန်လည်း မပြေးနဲ့နော် ” ဟု ပြောပြီး ကားနှင့် ထွက်လာခဲ့လေ၏ ။

နောက်အတန်ကြာလာသောအခါ ဆရာဝန်နှင့် သန်းရီသည် ကားနှင့် လွင့်ထွက်သွားကြလေ၏ ။

အိမ်သို့ လသာသာတွင် ပြန်ရောက်ကြသောအခါ ၊ အိမ်၌ ဆိတ်ငြိမ်လျက် လှုပ်လှုပ်ရှားရှား ဟူ၍ ဘိုနီ တစ်ကောင်ကိုသာ တွေ့ ရလေ၏ ။ သန်းရီသည် ကားပေါ်မှ ဆင်းပြီး အိမ်ထဲသို့ ဝင်၍ ကြည့်ရာ ဖခင်ကို မတွေ့ချေ ။ ဆရာဝန်ကလေးသည် အိမ်သို့ ရောက်လာသောအခါ လသာသာ၌ အဘိုးကြီး နှစ်ယောက် စစ်တုရင် ထိုးလျက်ပင် ရှိသည်ကို မြင်သဖြင့် ကားကို ထားခဲ့ပြီး လေကလေးချွန်ကာ သန်းရီထံ ပြန်၍လာလေ၏ ။

အတော် ညဉ့်နက်၍ ဦးမြတ်ဖော့ ပြန်၍ လာသောအခါ ၎င်းတို့ နှစ်ယောက် စကား ပြောကြသည်ကို မြင်ရလေလျှင် “ ဟေ့ မောင် ၊ ဦး စစ်တုရင်ခုံကို ထားပစ်ခဲ့တယ် ။ မင်း ကားနဲ့ သွားပြီး ယူချေစမ်းပါ ။ ဦး မောလို့ အိပ်ဦးမယ် ” ဟု ပြောလေ၏ ။

ဆရာဝန်သည် အိမ်သို့ သွားပြီး စစ်တုရင်ခုံကို တင်၍ လာပြီး စစ်တုရင်ခုံကို အိမ်ပေါ်သို့ ရောက်သောအခါ အဘိုးကြီး ဟောက်လျက် အိပ်၍ နေသည်ကို တွေ့ရှိရသဖြင့် သန်းရီကို ကြည့်ကာ အဘိုးကြီးကို မျက်စပစ် ပြပြီး ခြံထဲသို့ နှစ်ယောက်သား လှည့်ဝင်၍ သွားကြလေ၏ ။

 ▢  ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
      ဇွန် ၊ ၁၉၂၉

No comments:

Post a Comment