Thursday, May 28, 2026

ပျားရွှေအုံ

❝ ပျားရွှေအုံ ❞
   ( ပီမိုးနင်း )

ညနေစောင်း သုံးနာရီ အချိန်ခန့်တွင် စောလွင်သည် အလုပ်နှင့် ဆိုင်သော လက်ဆွဲသားရေသေတ္တာကို ကိုင်ကာ ရပ်လျက် သားနားသော အိမ်မြင့်ကလေး၏ ပြတင်းပေါက်ကို မော့ကာကြည့်၍ နေလေ၏ ။ ပြတင်းပေါက်၌ မြင်ရသူသည်ကား အသက် နှစ်ဆယ်အရွယ်ခန့်ရှိ မိန်းမပျိုကလေး တစ်ယောက် ဖြစ်လေ၏ ။ ၎င်းသည် တံစက်မြိတ်မှ ဆွဲချည်ထားသော သစ်ခွပန်း စိုက်သော အုန်းခွံထွေး တစ်ခုကို ရေဖျန်း၍ နေလေ၏ ။ ထိုအုန်းခွံထွေးကို သေချာစွာ ကြည့်လိုက်သောအခါ ပျားအုံနှင့် တူသော မည်းသော အစု တစ်ခုကို မြင်ရလေ၏ ။

“ ဘာလဲ ရွှေရည်ငွေရည် လောင်းသလား ” ဟု စောလွင်က မေးရာ မိန်းမပျိုသည် ထိတ်လန့်သော အမူအရာနှင့် ၎င်းကိုကြည့်ပြီး မျက်မှောင်ကြုတ်လျက် အုန်းခွံပေါ်၌ ရှိသော ကြိုးတန်းပေါ်သို့ တဘက် တစ်ခုကို လွှားတင်လိုက်လေရာ အုန်းခွံထွေး ပျောက်ကွယ်၍ သွားလေ၏ ။

“ ရှင် ဘာကို မြင်လို့လဲ ” ဟု မိန်းမပျိုက မေးပြီး အခန်းအတွင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်၍ သွားလေ၏ ။

“ အင့်ဟင် ၊ ဘာဖြစ်လို့ စိတ်ဆိုးပါလိမ့် ။ ပျားတော့ ပျားပဲ ” ဟု တွေးပြီး နေရာအခြေအနေကို ကြည့်၍ နေလေ၏ ။ နေရာသည် စည်မျက်နှာလို ညီလေ၏ ။ လက္ခဏာ အားဖြင့် ဧကတစ်ရာကျော်လောက် ရှိမှာပဲဟု တွေးလေ၏ ။ ခုန်ကြီး ဆိုတာ ဒီနေရာပဲ ။ ပြောလိုက်တဲ့ အိမ်ဟာ ဒီအိမ်ပဲ ။ ပျဉ်ထောင် ပျဉ်အုတ်ကြွပ်မိုး ၊ မဒရပ်အိမ် ၊ ရှေ့က ဆင်ဝင် ၊ ပတ်ဝန်းကျင် ပန်းခြံ ၊ လက်ဝဲဘက်က မြင်းဇောင်း ၊ ဟိုတစ်ဖက်က နွားတင်းကုပ် ၊ အိမ်အောက်မှာ လှည်းယာဉ် တစ်ခု ၊ ဟုတ်ပြီ ဒါပဲ စသည်ဖြင့် တွေးတော၍ နေခိုက်တွင် သူငယ်မကလေးသည် လှေကားမှ ဆင်း၍လာရာ စောလွင်သည် ၎င်း၏ အပါးသို့ ရောက်၍ သွားလေ၏ ။

“ ဒါ ခုန်ကြီးဆိုတာ မဟုတ်လား ” ဟု စောလွင်က မေးလေ၏ ။

“ ဟုတ်ပါတယ် ၊ ဘာအလိုရှိပါသလဲ ” ဟု သားနားသော စောလွင်ကို အကဲခတ်သော မျက်လုံးကြီးများနှင့် ကြည့်လေ၏ ။

“ ကိစ္စ မထူးပါဘူး ။ ဒီကနေပြီး သွားရင် နေမဝင်မီ မီးရထားရုံကို ရောက်ပါ့မလား ”

ထိုအခိုက်တွင် အသက်လေးဆယ်ကျော် ငါးဆယ် ခန့်ရှိ ယောက်ျားကြီး တစ်ယောက် အပါးသို့ ရောက်၍ လာလေ၏ ။

မိန်းမပျိုက “ ဖေဖေ ၊ ဘူတာရုံကို သွားမလို့တဲ့ ။ ဖြစ်ပါ့မလား ”

“ မောင် ဘယ်က လာသလဲ ”

“ ရန်ကုန်မြို့ကပါပဲ ။ အရောင်းအဝယ်နဲ့ ပတ်သက်ပြီး နယ်လှည့်လာရတဲ့ ကိုယ်စားလှယ်ပါ ။ ခရီး လွန်နေတယ် ။ အခု သမ္ဘရာတိုင်းဘက်က လှမ်းပြီး ရောက်လာပါတယ် ။ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ဒီဘက်ဆီကို ရောက်ဖို့ပဲ ”

“ မောင် အခုပုံ သွားလို့ မဖြစ်ဘူး ။ တစ်နေ့က ဝက် ဝယ်လာတဲ့ တရုတ်နှစ်ယောက်ကို ဟောဟို ထိန်ပင် အောက်မှာ သ,တ်ပစ်လိုက်တယ် ။ မြွေကင်းလည်း အင်မတန် များတယ် ။ ဘကြီးမြင်းလည်း လွတ်နေတယ် ။ နွားနှစ်ကောင်လည်း လွှတ်ထားခိုက် နက်ဖြန်ခါ ကျမှ ဘကြီးကို ယ်တိုင် ပို့ပေးမယ် ။ မောင် ယနေ့ည ဒီမှာပဲ တည်းပေရော့ ”

“ ဒါထက် သမီးရေ ၊ ဒီနေရာကို ဝယ်မယ် ဆိုတဲ့ ပုသိမ်မြို့က သူဌေး ယနေ့ ရောက်ဖို့ပဲ ။ ကိုင်း .. မောင် အိမ်ပေါ်ကို တက် ။ ကျုပ်တို့ နေရာက အင်မတန် ဆိတ်ငြိမ်ပြီးတော့ သမီးက မနေနိုင် ။ ကျုပ်တို့က အရှေ့ဘက် မီးရထားလမ်းက အခု ပျက်စီးပြီး ဆင်းရဲလို့ လက်ရှိ အရင်က စွန့်ပစ်ထားတဲ့ ဒီချောင်ကို လာပြီး ခိုတာပဲ ။ အခုတော့ ဝယ်မယ့် သူဌေးက အင်မတန် လိုချင်နေတာနဲ့ မြို့ကို ပြန်ပြီး ပြန်နိုင်ကောင်းရဲ့လို့ အောက်မေ့တာပဲ ”

“ ဖေဖေ ဘယ်လောက်နဲ့ ရောင်းမယ်လို့ ပြောထားသလဲ ”

“ ဖေဖေတော့ နှစ်သောင်းလောက်လို့ ဆိုချင်တာပဲ ။ မရရင် သောင်းခုနစ်ထောင် ၊ ဒါမှမရရင် သောင်းငါးထောင် ၊ ဒါမှမရရင် တစ်သောင်းလောက်ပေါ့ ” ဟု ပြောရင်း အိမ်ပေါ်ကို ရောက်သွားကြလေ၏ ။

မကြာမီ မိန်းမပျိုသည် မီးဖို၌ အလုပ်များလေ၏ ။ ထို့နောက် သားအဖ နှစ်ယောက်သည် အိမ်ရှေ့ခန်းတွင် ဧည့်သည်နှင့်အတူ လက်ဖက်ရည်သောက်ရင်း အလုပ်အကိုင် အကြောင်းအရာများကို ပြောဆို၍နေကြရာ ဦးပန်း၏ အသိမိတ်ဆွေများစွာတို့ကို စောလွင် သိသဖြင့် ဦးပန်းသည် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏ ။

ထိုအခိုက်တွင် လှည်းသံခြူသံများကို ကြားရလေ၏ ။ သုံးယောက်သား ထ၍ ကြည့်ကြရာ လှည်းမောင်းသမားနှင့် လူဝဝကြီး တစ်ယောက် ၊ အဖော်မိန်းမ တုတ်တုတ်ကြီး နှစ်ယောက် ပါသော လှည်းတစ်စီးသည် အိမ်နံဘေးသို့ ရောက်လာသည်ကို မြင်ကြရလေ၏ ။ သားအဖ နှစ်ယောက် ဝမ်းမြောက်ဝမ်းသာ ဆင်း၍ ခရီးဦးကြို ပြုကြလေ၏ ။

( ဦးပန်း ) “ ကျုပ် ယနေ့ ရောက်လာကြမယ်လို့တောင် မထင်မိဘူး ။ ကြွကြွပါ ။ ကြွကြပါ ။ သမီးရေ လက်ဖက်ရည်များ ပြင်ပါကွယ် ” ဟု ပြောလေရာ တင်နု သည် ဧည့်သည်များ၏ သားရေအိတ်ကြီးကို ရွက်လျက် အိမ်ပေါ်ကို တက်လေ၏ ။ ဖခင်နှင့် ဧည့်သည်များသည်ကား အောက်၌ စကားပြောလျက် နေရစ်ကြလေ၏ ။

( စော ) “ ပုသိမ်က ဧည့်သည်များလား ” ဟု မေးလေရာ တင်နုက အလွန်တရာ ကျွမ်းဝင်ရင်းနှီးပြီးသူ၏ အမူအရာမျိုးနှင့် ပြုံးကာ “ ဟုတ်ပါတယ် ၊ ကျွန်မတို့ ဒီတောထဲက လွတ်ရတော့မှာပဲ ။ လေးလိုက်တဲ့ သားရေအိတ်ကြီးရှင် ” ဟု ပြောပြီး အခန်းထဲသို့ ဝင်ရာ စောလွင်က လိုက်၍ သေတ္တာကြီးကို ချပေးလေ၏ ။ ထိုအခိုက် လှေကားမှ ကစဉ့်ကလျားကျသော အသံများကို ကြားရသဖြင့် သွား၍ကြည့်ကြရာ စားစရာသောက်စရာ ခြင်းကြီး ပြုတ်ကျ၍နေသည်ကို တွေ့မြင်ရသဖြင့် စုဆောင်း ကောက်ကာ အိမ်ပေါ်သို့ တင်ပို့ကြရာ နှစ်ယောက်သား အကျွမ်းရော အချစ်ရော ဝင်စပြုသည်ကို သိရလေ၏ ။

ထို့နောက် နှစ်ယောက်သား ပစ္စည်းများကို နေရာချ၍ နေကြလေ၏ ။ ဦးညွန့်နှင့် ဦးပန်း ၎င်းပြင် မိန်းမကြီး နှစ်ယောက်သည်ကား အိမ်ရှေ့ခန်း၌ စကားပြောကြရာ အချီးနိဒါန်း မပါဘဲ ဦးညွန့်က မြေနှင့်အိမ် အရောင်းအဝယ်အကြောင်းကို စ၍ ပြောလေရာ ဦးပန်းက ထိုနေရာ၏ အကြောင်းအရာကို ပြောပြပြီး အဖိုးနှစ်သောင်းကို ဆိုလေ၏ ။

“ ဟင် .. များလှချည်လား ကျောင်းဒကာရဲ့ ။ ဒီတောထဲမှာ ဒီလောက်တန်တဲ့ နေရာများ ရှိသလားရှင့် ။ ကျွန်မ မှန်တာ ပြောမယ် ။ ကျွန်မယောက်ျားက သူ့စိတ်နဲ့ သူ့ကိုယ် ထင်ရာလုပ်တတ်တာ ။ ဒီအရွယ်ကျမှ ရှိတဲ့ ပစ္စည်းနဲ့ အေးအေးနေရောပေါ့ရှင် ။ လောဘကို မသတ်နိုင်ဘူး ။ ဒီနေရာမှာ နောင် အလားအလာ အကြီးအကျယ် မြင်တယ်ဆိုပြီး မရမက ယူလို့ လိုက်လာရတာ ကျွန်မ သဘောမကျဘူး ”

ဦးညွန့် ။  ။ “ သဘောမကျရင် မင်း ငြိမ်ငြိမ်နေကွယ့် ။ ငါ့စိတ်ကူးနဲ့ ငါ နောင်ခါတော့ မင်းတို့ သိရမှာ ”

“ ကောင်းပါပြီရှင် ။ သဘောအတိုင်းပါပဲ ” ဟု ပြောပြီး ပဝါနှင့် ရင်ကို ယပ်ခတ်၍ နေလေ၏ ။ မကြာမီ ဒေါ်မိက မိမိ၏ ညီမကို ခေါ်ကာ နေရာကို လှည့်လည် ကြည့်ရန် ဆင်း၍ သွားလေ၏ ။ စောလွင်နှင့် တင်နုတို့ သည်ကား နေရာခမ်းနား ပြင်ဆင်၍ နေကြလေ၏ ။ ထိုအခိုက် အဘိုးကြီးနှစ်ယောက် ဆင်း၍ သွားကြလေ၏ ။ နှစ်ယောက်တည်း ကျန်ရစ်ကြလေ၏ ။ ထို့နောက် ဦးပန်း တက်၍ လာပြီး ဝမ်းမြောက်ခြင်းနှင့် ဝမ်းတောက်စွာ သမီးထံ ကပ်လာပြီး “ နေရာကျပြီ သမီး ၊ ည ထမင်း စားပြီး စာချုပ်လက်မှတ်ထိုးဖို့ ရှိတော့တယ် ။ လက္ခဏာ မှာတော့ ဒီလို မောင်ရင်ရဲ့ ” ဟု စောလွင် ဘက်ကို လှည့်ကာ စကားဆက်သည်မှာ ။

“ အခု သူဌေး ဦးမြတ်စံက ကုမ္ပဏီလီမိတက် တစ်ခု ဖွဲ့ပြီး တောင်အထိ သံလမ်းဖောက်လိမ့်မယ် ။ ဒီနေရာ တစ်ဝိုက်ဟာ ပုံစံထဲမှာ ပါနေတော့ ပြောတဲ့ ဈေးကို ရမှာ ။ ဒီယုန် မြင်လို့ ဒီချုံ လာထွင်တာ ” ဟု ပြောလေ၏ ။

“ နောင်ခါကျလို့ သူတို့ ဘယ်လောက်ပဲ မြတ်မြတ် ဖေဖေရယ် ။ သူတို့ဟာက ဆောက်ဖြစ်မှ ကျောင်းဒကာ ပါ ။ ကျွန်မတို့ အခုလတ်တလော လိုချင်တဲ့ ဈေးကို ရရင် တော်ပါပြီ ။ ဘယ်လောက်လို့ ဖေဖေက ဆိုသလဲ ”

“ တစ်သောင်းလေ ”

“ အလို ... ဖေဖေ့ဟာက ။ ချိန်တော့မိုး ထိုးတော့ ကြွက် ဆိုတာလို ”

“ တော်ရောပေါ့ သမီးရယ် ။ ဖေဖေလည်း တင်းတာပဲ ။ ဖေဖေတို့သားအဖ ခေါင်းကိုက်နေတာကို သိလို့ သူက ပိုပြီးတင်းတာ သမီးရဲ့ ။ သည့်ထက် တင်းရင် ငါးထောင်ဆိုလည်း ဖေဖေ ယူရမှာပဲ ။ သူတို့ လာပုံတော့ ထူးတယ် ။ ဦးမြတ်စံ အလုပ်ဟာ အောင်မြင်တော့မယ့် ဆဲဆဲ ဆိုတာ သိလို့ အပြေးလာပြီး အုပ်တာနဲ့ တူတာပဲ ”

“ တော်ပါပြီ ဖေဖေရယ် ၊ ဒီလိုဖြင့် စာချုပ်လက်မှတ် ထိုးပြီး တစ်သောင်း ချေမှာတဲ့လား ”

“ ချေရမှာပေါ့ ” ဟု အောင်မြင်ပိုင်သူ၏ အမူအရာနှင့် ပြောကာ စောလွင်နှင့် တင်နုကို သားနှင့်သမီး ကြည့်နည်းမျိုးနှင့် တစ်လှည့်စီ ကြည့်လေ၏ ။

တင်နုသည် စောလွင်ကို ဝင်းတောက်သော မျက်လုံးများနှင့် ကြည့်ကာ “ ကျွန်မ လွတ်ပြီ ။ ဒီသုသာန်ကြီးကိုဖြင့် စွန့်ရတော့မယ် ” ဟု အားရဝမ်းသာ ပြောပြီး ဖခင် ဘက်သို့ လှည့်ကာ “ ဖေဖေ ဒီလိုဖြင့် နက်ဖြန်ခါ ကျွန်မတို့ ရန်ကုန်ကို သွားမယ်နော် ” ဟု အသက်မရှူဘဲ ပြောပြီး စောလွင်ဘက်ကို လှည့်ကာ “ နက်ဖြန်ခါ အတူတူ သွားကြရမှာပေါ့နော် ။ ရှင်လည်း သွားမယ် မဟုတ်လား ”

စောလွင်သည် ကူညီဝမ်းသာသူ၏ မျက်နှာထားနှင့် တင်နုအား ချစ်စရာ ကလေးတစ်ယောက်ကို လူကြီးက ကြည့်သလို ပြုံးလျက် စိုက်ကာ ကြည့်ပြီး ခေါင်းညိတ်လေ၏ ။

ထိုအခိုက် ဧည့်သည်များ တက်၍လာသော ခြေသံများကို ကြားရလေ၏ ။ တင်နုသည် လေးသော သေတ္တာကြီးကို သတိရပြန်လေ၏ ။ သို့သော်လည်း ရှိပါစေလေ ။ တစ်စုံတစ်ရာ အလိုရှိရင် သူတို့ဘာသာ လာပြီး ဖွင့်အယူ နိုင်သားပဲ ။ ဒီက ကိုဟိုဒင်းကတော့ ခိုးမယ် မဟုတ်ပါဘူး ဟု တွေးပြီး ဧည့်သည်များနှင့်အတူ အိမ်ရှေ့ခန်းသို့ သွားလေ၏ ။ စောလွင်သည် မိမိအတွက် သတ်မှတ်ပြီးသော အခန်းကို ဝင်ပြီး ခုတင်ပေါ်မှာ ထိုင်လျက် ဦးညွန့်၏ သေတ္တာကြီးကို စိုက်ကာကြည့်ရင်း စဉ်းစား၍ နေလေ၏ ။ ဧည့်သည်များလည်း မိမိတို့၏ အခန်းသို့ မကြာမီ ရောက်ကြလေ၏ ။ စောလွင်သည်ကား မိမိ၏ အခန်း၌ ထိုင်ကာ ပြတင်းပေါက်မှ အပြင်ဘက် ကိုင်းတော ၊ သက်ကယ်တော ဝါးပင်ဝါးရုံများကို ကြည့်ကာ မိမိ ကိုယ်ကို နတ်ဥယျာဉ်သို့ ရောက်၍ နေလေသလား စသည်ဖြင့် စဉ်းစား၍ နေလေ၏ ။

သို့နေခိုက် ဧည့်သည်များအား ရေမိုးချိုးဖို့ရန် စီမံဖို့ တင်နုအား ဦးပန်းက ပြောဆိုမိန့်မှာသည်များကို ကြားရလေ၏ ။ ဧည်သည်များသည်ကား တင်နုကို များစွာ ဒုက္ခမပေး ။ မိမိတို့၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်ပြီ ဟူသော အနေမျိုးနှင့် လွတ်လပ်စွာ မိမိတို့ဘာသာ ရေမိုးချိုးဖို့ စီမံနေကြလေရာ တင်နုမှာ နေရာများကို ညွှန်းရုံသာ ညွှန်းလေ၏ ။

စောလွင် ထိုကဲ့သို့ ထိုင်နေခိုက်တွင် ဦးညွန့်သည် အင်္ကျီမပါ ။ ပိတ်ပိုင်းကြီးနှင့် ကြီးသောကိုယ်ကို ပတ်ရစ်ကာ ရေချိုးပြီးစမို့ ကိုယ်ရေစက်လက်နှင့် အခန်းထဲသို့ လျင်မြန်စွာ ဝင်၍လာပြီး “ ဟာ ... ရေချိုးလို့ ကောင်းလိုက် တာ ” ဟု ပြောကာ သေတ္တာကြီးကို သော့ခတ်ရန် ကြီးမား ကားကျယ်သော တင်ပါးကြီးများကို ကုန်း၍ ထောင်မြောက်လိုက်ရာ စောလွင်၏ နှာခေါင်းကို တင်ပါးဆုံ ထိလုခမန်း ဖြစ်၍ သွားပြီး ပြတင်းပေါက်မှ ဝင်သော နေရောင်ကို ၎င်းတင်ပါး ကားကားကြီးများနှင့် ကွယ်  လိုက်ရာ တစ်ခန်းလုံး မှောင်ကျသွားလေ၏ ။ ၎င်း၏ ဦးခေါင်းနှင့် ပခုံးစပ်ကြားမှာ လည်ပင်း ဟူ၍ အစအနမျှ မမြင်ရ ရှေ့သို့ အတော်အားယူသော နဂဘာရီ အုန်းသီးနှင့် တူသော ဦးခေါင်းနှင့် ပခုံးနှင့် တိုက်ရိုက် ဂဟေဆော် ထားသည်ဟု မှတ်ထင်ရလေ၏ ။

သော့မှာ ခတ်၍ အပေါက်မတည့် ။ သော့မှား၍ နေလေသလား ။ ထိုသေတ္တာသော့ ပျောက်လေသလား မသိရ ။ အပေါက်ကို မတေ့မိ၍ဘဲလား မသိရ ။ အတန်ကြာ၍နေလေရာ စောလွင်က “ ဘာလဲ ဦး ၊ မျက်နှာသုတ်ပဝါလား ” ဟု မေးလေ၏ ။

“ ဟုတ်ကဲ့ မောင် ၊ ဒီသော့ ဘာဖြစ်နေပါလိမ့် ” ဟု ပြန်၍ မကြည့်ဘဲ ကျိတ်ကာ ခတ်၍သာ နေလေ၏ ။

“ ဒီမှာ ရှိပါတယ် ဦး ” ဟု ပြောပြီး စောလွင်သည် ပြတင်းပေါက် အပြင်ဘက်တွင် လွှား၍ ထားသော မျက်နှာသုတ်ပဝါကို လျင်မြန်စွာ ဆွဲယူ၍ ဦးညွန့်၏ ကျယ်ဝန်း ကြီးမားလျက် အမွေးအမှင်တွေပေါ်မှာ ရေပေါက်တွေ သီး၍ နေသော ကျောဘက်သို့ တင်ပေးလိုက်ရာ ဝုန်းခနဲ မြည်သော အသံကြီးကို ကြားရမှ စောလွင်သည် ပျားအုံကို သတိရလေ၏ ။ သတိရသောအခါ လွန်ပြီးဖြစ်လေ၏ ။ အကြောင်းမူကား မျက်နှာသုတ်ပဝါအောက်၌ ကပ်ကာ ပြတ်၍ ပါလာသော ပျားအုံ၏ တစ်ဝက်သာ သာ ပျားစုသည် ဦးဘိုးညွန့်၏ ကျောထက်၌ သံပြိုင်ညီစွာ တေးစုံတွဲဆိုကြလျက် ဦးဘိုးညွန့် တစ်ကိုယ်လုံးကို အင်္ကျီမလိုအောင် ပတ်ခြုံကာ ဂဠုန်ဆေး ထိုးဖို့ရန် ကြိုးစားကြလေသတည်း ။

စောလွင်မှာ ပျားစက်ကွင်း ကောင်းစွာ မလွတ်သဖြင့် မေးစေ့မှာ တစ်ချက် အတုပ်ခံရလေရာ ရိပ်မှောင်သော ခုတင်အောက်သို့ တိုးဝင်ကာ ဝမ်းလျားမှောက်လျက် မှောင်ထဲတွင် ပျားများ မမြင်ရအောင် နွားမသားဝှက် - ကိုယ်ပျောက် ဂါထာကို ဖန်ခါခါ မန်း၍ နေလေ၏ ။

ဦးဘိုးညွန့်၏ ကြီးမားသော ကိုယ်ခန္ဓာသည်ကား ကြီးပုံနှင့် မလိုက်အောင် လျင်မြန်ခြင်း၏ အထွတ်အထိပ်သို့ ရောက်လျက် အခန်းထဲမှ အပြင်သို့ လွင့်စဉ်၍ ထွက်လေ၏ ။ အလယ်ခန်းမ၌ ဂေါ်ရင်ဂျီကု,လား နတ်ပူး သလို ချာလပတ်လည်၍ နေလေရာ ၎င်းကို ဇွဲနပဲကြီးစွာ ပတ်ရုံသော ပျားများသည် ၎င်းကို စွန့်ခွာခြင်း မပြု ။ ပတ်ကာရစ်ကာ ဝှေ့သော လေပွေပမာ ။ ၎င်းကို ပတ်ရစ် လေရာ ဦးဘိုးညွန့်မှာ ပျားလေပွေ အဝှေ့ ခံရသကဲ့သို့ လည်းကောင်း ၊ တစ်ကိုယ်လုံးမှ ခိုးလျှံတွေ ထသကဲ့သို့ လည်းကောင်း ဖြစ်၍ နေလေ၏ ။

ဒေါသအမျက် ခြောင်းခြောင်းထွက်သော ပျားတို့သည်ကား “ ရေဒမာဒီ ကိုးဒဒေါင်ဒွါ ၊ ဘေလေဆပ် ၊ ဘေလေဆပ် ” ဟု သံပြိုင်ဆိုလျက် အားတက်သရော စိတ်အားထက်သန်စွာ မြီးညောင်းရိုးများနှင့် ဆောင့်ကြ ပွတ်ကြလေ၏ ။ ထိုမျှနှင့် မကျေနပ်သော ပျားလေပွေသည် ကျွဲလောက်နီးနီး ကိုယ်ပေါက်ကြီးသော ဦးဘိုးညွန့် ကို ပတ်ရစ်ကာ ဝှေ့၍ ပစ်လိုက်ရာ ဦးဘိုးညွန့်သည် အလယ်ခန်းမကြီးမှ လှေကားအနီးသို့ ရောက်ပြီး နဂိုက ရှေ့လောကြီးသော ဦးခေါင်းနှင့် လှေကားထိပ် ပေါ်သို့ ကျလေရာ လှေကားမှ ဒိုးလှိမ့်သလို ဒေါင်လိုက် လှိမ့်ပြီး ပထဝီမြေမျက်နှာသို့ ဒုတ်ဒုတ်ထိ သက်ရောက်လေလျှင် အိမ်ပေါ်၌ ရှိကြကုန်သော ခပ်သိမ်းသော ဧည့်သည် နှစ်ယောက်နှင့် သားအဖ နှစ်ယောက်သည် ပြေးဆင်း၍ လိုက်ကြလေ၏ ။ သူဌေးကတော် ဒေါ်မိ၏ စိတ်မှာ မူကာ နေပူထဲမှ လာပြီး ချက်ချင်း ရေချိုးသောကြောင့် အပူကန်ကာ အခိုးတွေလျှံ၍ ဖြစ်တဲ့ ရောဂါလား ။ သို့တည်းမဟုတ် ဦးဘိုးညွန့်မှာ ဗိုက်ပူလွန်စွာ ဝလေရာ မော်တော်ကား တာယာ ( ပန်ချာ ) ပေါက်သလို ပေါက်ကာ အခိုးတွေ ထွက်သော ရောဂါပေလားဟု ထိတ်လန့်စွာ တွေးတောကြလေ၏ ။ အကြောင်းမူကား ပတ်ခြုံလိုက်သော ပျားများကို မှုန်မွှားသော မျက်လုံးများက အခိုးကို ထင်မြင်ကြသဖြင့် ဆင်ခြင်ရင်း ကြက်သေသေကာ မတ်တတ်ကြီး ငေး၍ နေရစ်လေ၏ ။

ထိုအခိုက် ဦးဘိုးညွန့်သည် ပျားမီးခိုး တလူလူနှင့် ပူပူဆူဆူ လုပ်ကာ တစ်ဟုန်တည်း ရောက်ရာပေါက်ရာကို ပြေးလေ၏ ။ ပျားတို့သည်ကား မကောင်းဆိုးဝါး မှတ်ထင်ကာ ယံဒုန္နိမိတ္တံ ကို ရွတ်လျက် လိုက်မြဲတိုင်း စွဲမြဲသော ဝီရိယ မလျှော့သော လုံ့လနှင့် ကြိုးစား၍ လိုက်ကြလေ၏ ။

ဒေါ်မိသည် သတိရသောအခါ ဆင်း၍ လိုက်လေ၏ ။ သို့လိုက်ရင်း ဧကန်ဒီတောဟာ နတ်ကြီးတဲ့တော ဖြစ်ရာ၏ ။ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်သည့် အတွက် ရုတ်တရက် သရဲသဘက် ပူးကပ်ပြီး ထူးခတ်၍ မရအောင်ဖြစ်ခြင်း ထင်ပါ့ကလားဟု တွေးဆပြန်ပြီးလျှင် ပြေးလိုက်ရာမှ လှည်းလမ်းမတွင် ပုဆစ်တုပ်ကာ လက်အုပ် ချီလျက် “ ရှင်ကြီးရှင်ကောင်းများ ၊ အမှားအယွင်း တစ်ခုခု ရှိလျှင် အခွင့်ပြုတော်မူကြပါ ဘုရား ၊ မလိမ္မာ၍ တစ်ခါတစ်ရံ မိုက်မှားမိသည်ကို ဗွေယူတော်မမူကြပါနဲ့ ၊ တင်ပါ့မယ် ၊ သပါ့မယ် ။ ချမ်းသာပေးတော်မူကြပါ ဘုရား ” စသည်ဖြင့် ဆုတောင်း၍ နေရှာလေတော့သတည်း ။

သစ်ပင်တွေ ၊ ကိုင်းတောတွေမှာ တသောသော ရယ်မောကာ ယိမ်းထိုးလှုပ်ရှား၍ နေကြလေ၏ ။ ဆိတ်ငြိမ်သော တောရပ်မှာ ဧည့်သည်များ ရောက်စမှာထက် ပိုမို၍ အသက်ဝင်သလို လတ်ဆတ်ခြင်း ဖြစ်လေ၏ ။ စောလွင် သည်ကား ခုတင်အောက်မှ ထွက်ဖို့ရန် သတိမရသေးဘဲ ပြတင်းပေါက်မှာ ကျန်ရစ်သော ပျားတို့၏ ပရိတ်သံကို နာခံလျက် ဝမ်းလျားမှောက်ကာ နေရရှာလေတော့ သတည်း ။

အတန်ကြာသောအခါ ပြင်းထန်စွာ နင်းဆောင့် ပြေးတက်၍လာသော ခြေသံကို ကြားရလေရာ ခုတင်အောက်မှ လျင်မြန်စွာထွက်ပြီး အိမ်ရှေ့ခန်းသို့ ခြေဖျား ထောက်ကာ ပြေးလေ၏ ။ ပက်လက်ကုလားထိုင်၌ ပက်လက်လှန်၍ တင်ပျဉ်ချိတ်ပြီး ဒူးနှံ့လျက် “ စိန်ခြူး ကြာညောင် ကြာညောင် ။ လရောင်တွေ လင်းပါလို့ လေး ။ မှန်လေ ရွှေလေဖြူလေ ပြတင်းလေး ငယ်က … ” ဟု နီဝါကြောင်ကြားသော စာရင်းကိုင် စာရေးကြီး အသံမျိုးနှင့် တေးညည်းကာ မျက်နှာမှာ သောမနဿတဂုဏ် ၊ ညာဏသမ္ပယုတ် ယှဉ်ကာ ကြီးစွာသော ငြိမ်သက်ခြင်း အခြေအနေ၌ တည်နေလေသတည်း ။

“ ဘယ့်နှယ် သွားလုပ်လိုက်တာလဲရှင့် ။ အမယ်လေး ဒုက္ခပါပဲ ” ဟု လှုပ်ရှားသော ကိုယ် ၊ လှုပ်ရှားသော သဏ္ဌာန် ၊ လှုပ်ရှားသော အသံ အမူအရာနှင့် ရင်ကို ထုကာ ရှေ့နားသို့ ဘွားခနဲ ပေါ်လာပြီး ပြောလေ၏ ။ စောလွင်လည်း တေးကို ရပ်ကာ “ ဘာဖြစ်သလဲ ” ဟု ငေါက်ခနဲ ထောင်ကာ ရိုးသားသော မျက်နှာနှင့် တင်နုကို မေးလေ၏ ။

ထိုအခိုက်တွင် အသံများသည် အိမ်ဘက်သို့ ပြန်၍ နီးကပ်လာလေ၏ ။ ဦးဘိုးညွန့်မှာ တစ္ဆေပူးသလို ဖြစ်ကာ တွဲယူဆောင်ကြဉ်းရာသို့ ပြန်လည် လိုက်ပါ၍ လာလေရာ ၎င်း၏ ကြီးမားသော ကိုယ်မှာ စေ့စပ်သေချာစွာ ထိုးကြကုန်သော ပျားတို့၏ လက်ချက်ကြောင့် ပိုမို ဝလင် တောက်ပသော တစ်ကိုယ်လုံးနှင့် ပါးအို့နဖူးများ မှာ နှင်းဆီးပန်းပွင့်ကလေးတွေ ကပ်သလို ဘော်ကြယ် ပေါက်သလို ဝင်းလျှံတောက်ပ၍ လာလေ၏ ။

နဂဘာရီ ဦးခေါင်းမှာ ဒဿဂီရိ ခေါင်းဆယ်လုံး ပူးသလားဟု မှတ်ထင်ရလေ၏ ။ ပျားများသည်ကား မျက်စိလည်လမ်းမှား တောလမ်းများစွာတို့၏ အကြိုအကြားမှာ ဝင်္ကပါလှည့်၍ ကျန်ရစ်ကြလေ၏ ။ အိမ်ပေါ်ကို ရောက်ပြီးနောက် ၎င်းကို ပက်လက် ကုလားထိုင် ပေါ်၌ တင်ကြရလေ၏ ။ ဒေါ်မိမှာ ခြေမကိုင်မိ လက် မကိုင်မိ ဖြစ်ကာ တောင်စမ်းမြောက်တို့ ရွေ့တော့မလို ပိုက်တော့မလို ။ လေးလုံးရှစ်ဖက် ခန္ဓာကိုယ်ကို ပတ်ပတ် လှည့်ကာ ပူဗျာပါပွား၍ နေလေ၏ ။ ထို့နောက် ရင်ကို ထုကာ “ မဖြစ်ဘူး ၊ မဖြစ်ဘူး ။ ကံကောင်းလို့ ကံကောင်းလို့နော် ။ ပျားစွဲတဲ့ အိမ်ပါကလား ။ အမယ်လေး မဖြစ်ပါ ဘူး ။ သူတော်ကောင်း နတ်များ တင်ကြိုပြီး နိမိတ်ပြတာပါပဲ ။ အိမ်ပေါ်ကို အတက်မှာ ခြင်းပြုတ်ကျတုန်းက စိတ်ထဲမှာ တစ်ခါ ထင့်တယ် ။ လှည်းကိုင်းတောကို တိုးဝင်တုန်းက တစ်ခါ ။ အမယ်လေး ကြောက်လှပါပြီ ။ ဒီအိမ်နဲ့ ဒီမြေကို မဝယ်ဝံ့ပါဘူး ကိုဘိုးညွန့်ရဲ့ ။ ကျုပ် အတန်တန် တားပါ ရက်ကနဲ့ ။ ရှင် ဇွတ်အတင်း ဝယ်ချင်တာကိုး စာချုပ်လက်မှတ် မထိုးရသေးလို့ တော်တော့ တာပဲ ” စသည်ဖြင့် ဦးဘိုးညွန့်မှာ အဆုံးဘဝကို ကူးခါနီးတော့သလို တောက်တီးမြည်တွန်စ ပြုလေ၏ ။

ထိုအခါ တင်နုတို့ သားအဖ နှစ်ယောက်မှာ မှိုင်တွေ ကျ၍ သွားလေ၏ ။ တင်နုမှာ မျက်ရည်ကို သုတ်ကာ နောက်ဖေးသို့ ဝင်သွားလေ၏ ။ ဦးပန်းမှာ မတ်တတ်ရပ်လျက် ဦးခေါင်းကို စဉ်းစားလျက် ညိတ်ကာ သက်မကြီး ချလေ၏ ။

နက်ဖြန်နံနက် ဒေါ်မိက ဆူပူသဖြင့် ၎င်းတို့ကို မီးရထားရုံသို့ပို့ရန် ဦးပန်းကိုယ်တိုင် လှည်းကို ပြင်ရလေရာ တင်နုမှာ တရှုပ်ရှုပ်ငိုလျက် နောက်ဖေးမှာ ထိုင် တိုင်မှီ၍ နေလေ၏ ။ စောလွင်သည် ၎င်းအပါးသို့ မရဲတရဲ ကပ်၍ သွားလေ၏ ။

“ မတင် မတင် ဘာဖြစ်လို့ ဒီလောက်တောင် ဖြစ်ရတာတုန်း ။ လက်မလွှတ်ချင်တဲ့ ဥစ္စာရင်းမှန် ပစ္စည်းမို့ အောက်မေ့လိုက်ပါ ။ သည်ထက် နေရာကျချင်လို့ အခုလို ပျက်ရတာများလား မသိဘူး ။ မငိုပါနဲ့ မနုရယ် ” ဟု ပြောလေ၏ ။

တင်နုသည် တောက်လောင် နီမြန်းသော မျက်လုံး ၊ မျက်နှာနှင့် ထိုင်ရာမှ မော်ကြည့်ကာ “ တော်ပါရှင် ၊ ဒီအကြောင်းကို မပြောပါနဲ့တော့ ” ဟု ပြောပြီး စကား ဆက်မလို လုပ်ပြီးမှ မဆက်ဘဲ နှုတ်ခမ်းကို ကိုက်၍ နေလေ၏ ။ နောက် အတန်ငယ်ကြာမှ စကားဆက်ကာ ၎င်းကို မကြည့်ဘဲ မျက်ရည်သုတ်ရင်း “ အခု အိမ်မှာ ဘယ်သူမျှ မရှိဘူး ။ ဖေဖေလည်း သူတို့ကို လိုက်ပို့ရမယ် ။ ကျွန်မ တစ်ယောက်တည်းရယ် ”

“ တစ်ယောက်တည်းပင် ကျန်ရစ်တာကို စိတ်မချလို့ ။ မသွားသေးဘဲ ဆိုင်းနေတာပါ ။ သူတို့ကို ပို့ပြီးလို့ ဦး ပြန်လာရင် သွားပါ့မယ် ။ နှင်ဖို့ မလိုပါဘူးကွယ် ” ဟု စောလွင်က ပြန်၍ ပြောလေ၏ ။

“ ရှင့်ကြောင့်ပဲ ။ ရှင် မရောက်လာရင် ဒီကနေ့ ကျွန်မတို့ သားအဖ ရန်ကုန်ကို ရောက်ဖို့ ။ အခု ရှင် ဘယ်အကြိုအကြားက တမင်သက်သက် ဖျက်ဆီးဖို့ ပေါ်လာတာလဲ မသိဘူး ။ ရှင်ဟာ မကောင်းဆိုးဝါးနဲ့ လာတဲ့လူ ။ ကျွန်မ သိတယ် ” ဟု ပြောပြီး စောလွင်၏ မျက်နှာကို လျင်မြန်စွာ မော်ကြည့်ပြီး မျက်နှာကို ဒူး နှစ်ဖက်ပေါ်သို့ ပြန်၍ချကာ “ အိ ... အိ ... အီ ... အီး ... ” ဟု ဆွဲငင်ကာ ကလေးကလေးလို ရှိုက်ငင်ပြန်လေ၏ ။

ထိုအခိုက်တွင် “ ချော်လွန် ချော်လွန် ” ဟု ခေါ်သော ကုလားသံကို အိမ်ရှေ့ဘက်မှ ကြားရလေရာ နှစ်ယောက်စလုံး အိမ်ရှေ့ကို ကြည့်ကြလေ၏ ။ တင်နုသည် မျက်ရည်ကို သုတ်ရင်း ထိုင်ရာမှ ထ၍ သွားလေ၏ ။ “ ချော်လွန် ချော်လွန် ” ဟူသော အသံပြန်၍ ပေါ်လာပြန်၏ ။ စောလွင်သည် ထွက်၍ သွားလေ၏ ။ ကြေးနန်းကု,လား တစ်ယောက် စာအိတ်အဝါလေးကို တင်နုအား ပြ၍ နေသည်ကို တွေ့ရလေ၏ ။ တင်နုက ဖတ်ပြီး စာအိတ်ကို စောလွင် အား ပေးလေ၏ ။ စောလွင် ယူ၍ ကြည့်ရာ မိမိ၏ နာမည်ကို တွေ့သဖြင့် ဖွင့်၍ ကြည့်၏ ။ မျက်နှာမှာ လင်းတောက်၍ လာလေ၏ ။ တင်နုသည် ဣန္ဒြေနှင့် မျက်လုံးများကို ဖြဲကာ ကြည့်၍ နေလေ၏ ။ စောလွင်သည် ကြေးနန်းစာကို တင်နုအား ဖတ်ရန် ပြန်၍ ပေး၏ ။

ထိုကြေးနန်းမှာ “ သတင်းစာမှာ ကြေညာလိုက်ပြီ ။ ဘယ်အဖိုးနဲ့ မဆို ဝယ်လိုက် - မြတ်စံ ” ဟူသော ကြေးနန်းစာ ဖြစ်လေရာ တင်နု၏ အံ့သြသော မျက်လုံးမှာ တွေးဆ ထင်မြင်ခြင်း အလင်းရောင် ပေါ်၍ လာလေ၏ ။

“ ဘယ်က မြတ်စံလဲ ”

“ မင်းတိုင်ပင် အမတ် ဦးမြတ်စံလေ ။ ဒီက ဦးကြီး အရင်းပေါ့ ။ အဖေပါပဲ ။ သူ့မှာ သားသမီး မရှိဘူး ။ ကျောက်တောင် တစ်တောင်ကို ဝယ်ပြီး ကတည်းက မီးရထားလမ်း တစ်လျှောက် ကန်ထရိုက် အလုပ်တွေ ဟူသမျှ သူ အကုန်ရတာပေါ့ ။ အခု အလုပ်ကြီး တစ်ခုကို စပြန်ပြီ ။ ဘာမဆို သူ့လက်နဲ့ ထိရင် ရွှေဖြစ်တဲ့ လူပါပဲ ”

“ ဘာကို ဝယ်ရမှာလဲ ”

“ ဒီနေရာကိုလေ ။ ဒါအတွက် တမင် စုံစမ်းဖို့ လာတာ ။  အလုပ်ကြီးများ ဆိုတာ ။ သတင်းစာထဲမှာ မကြေညာသေးမီအတွင်း ဘယ်သူ့ကိုမှ မပြောကောင်းလို့ မပြောဘဲ နေရတာပါ ”

တင်နု၏ မျက်နှာမှာ ထက်သန်၍ လာလေ၏ ။

“ ဒီလိုဖြင့် ကျွန်မတို့ ဒီနေရာက လွတ်ရဦးမှာပေါ့ ”

“ အခု လွတ်ပြီ ။ အဘိုးကို ပြောဖို့ လိုတော့တာပါပဲ ။ မင်းပဲ ပြောပြော ၊ မင်းအဖေပဲ ပြောပြော ” ဟု ပြောလေ၏ ။

တင်နုမှာ မယုံကြည်နိုင်အောင် ဖြစ်၍ နေလေ၏ ။

“ မင်းတို့ မပြောချင်ရင် ဒီကပဲ ပြောလိုက်ရမလား ”

စောလွင်သည် မိမိ၏ အခန်းထဲသို့ ခပ်အေးအေး သွားပြီး စာအုပ်ကလေး တစ်အုပ်ကို သေတ္တာထဲမှ ယူ၍ လာလေ၏ ။ အိမ်ရှေ့ခန်းသို့ သွား၍ ထိုင်လေ၏ ။ တင်နု လိုက်၍ သွားလေ၏ ။ စာအုပ်ကလေးကို စောလွင်သည် စားပွဲပေါ်၌ တင်၍ ဖွင့်ပြီး ရှပ်အင်္ကျီအိတ်က ဖောင်တိန်ပင်ကို ဆေးဆေးလေးလေး ထုတ်ကာ အလွန်သားနား သော လက်ရေးကို ရေး၍ စက္ကူကို တင်နုအား ပေးရင်း “ စာချုပ် လိုသေးသလား ” ဟု မေးပြီး ခါးထောက်လျက် စိုက်ကာ ကြည့်၍ နေလေ၏ ။

တင်နု၏ မျက်လုံးများ ကျယ်လျက် မယုံသလို မျက်နှာထားနှင့် စောလွင်ကို ကြည့်ကာ “ ငါးသောင်း ၊ ဒါ တကယ်လားရှင့် ။ ကျွန်မ ဖေဖေကို သွားခေါ်လိုက်မယ် ” ဟု ပြောကာ ခေါ်မည်ပြုလေရာ စောလွင်က ဖော့ရုပ်ကလေးနှင့် တူသော လက်မောင်းကလေးကို ဆွဲ၍ ကိုင်ရာ “ အသာနေဦး ၊ ဟိုလူစု သွားပါစေ ။ ပြန်လာမှ အမောပြေအောင် အေးအေး ပြောတာပေါ့ ။ ဟင် ... ဟိုမှာ တောင်းကြီး ကျန်နေရစ်ပါကလား ။ ဟော ... သွားကြပြီ ” ဟု စောလွင်က ပြောလေ၏ ။

ထို့နောက် နှစ်ယောက်စလုံး မျက်လုံးချင်း ညှို့၍ နေကြလေ၏ ။ ကြင် ကြင် ကြင် ကြင် မြည်သော ဆည်းလည်းသံသည် တဖြည်းဖြည်း ဝေး၍ သွားလေ၏ ။

စောလွင်သည် တင်နု ပခုံးကို လက်နှင့် ရစ်ပတ်ကာ ခြင်းကြီးရှိရာသို့ သွားပြီး ငှက်ပျောဝက်မလွတ်သီးနှင့် ထောပတ်ဘူး ၊ အသားဘူးများ ၊ မုန့်များတို့ကို တွေ့လေ၏ ။

မကြာမီ မီးဖို၍ ရေနွေးအိုးကလေး ဆူလေ၏ ။

ထို့နောက် အိမ်ရှေ့ခန်းတွင် နှစ်ယောက်သား ခေါင်းချင်း ဆိုင်လျက် ပြောင်လက်သော သင်ဖြူးကြီးပေါ်တွင် မျက်နှာချင်းဆိုင်ကာ ပျော်ပွဲစား၍ နေကြလေ၏ ။

မွန်းမတည့်မီ ဦးပန်း ပြန်၍ ရောက်လာသောအခါ ၎င်းတို့နှစ်ယောက် ခေါင်းချင်းဆိုင်ကာ ဖဲကစား၍ နေကြသည်ကို တွေ့ ရလျှင် ခက်ထန်သော မျက်နှာနှင့် တင်နုကို ကြိမ်းမောင်းပြီး စောလွင်ကို ကြည့်ကာ “ လှည်းပေါ်မှာ မင်း ပါမလာကြောင်းကို လမ်းတစ်ဝက်ကျမှ သိတယ် ။ ဒါကြောင့် အခု မီးရထားရုံကို ရောက်ရောက်ချင်း ပြန်လာခဲ့တယ် မောင် ၊ မောင့် မျက်နှာကို ပြပြီး နေဝံ့တာများ မောင်ရယ် ” ဟု ပြောခိုက်တွင် တင်နုသည် ဖခင်ထံ ထသွားပြီး “ ဖေဖေ ဖေဖေ ” ဟု လက်ဝါးခုံးခုံးကလေးနှင့် ဖခင်၏ ရင်ဘတ်ကို ပုတ်ရင်း မော့ကာ ချက်လက်မှတ်ကို ထောင်ပြလျက် “ ဒါ ဘာလဲသိလား ” ဟု ပြုံးရယ်ကာ ပြောလေ၏ ။

အဘိုးကြီးမှာ ယီးတီးယားတား ဖြစ်၍ နေလေ၏ ။

ထို့နောက် နေ့လယ်စာ ဝိုင်း၍ စားကြရင်း အကျိုးအကြောင်းကို ပြော၍ ပြကြလေသတည်း ။

▢  ပီမိုးနင်း
📖 သူရိယ ရုပ်စုံသတင်း
      သြဂုတ် ၂၈ ၊ ၁၉၃၂

No comments:

Post a Comment