❝ မြန်မာချစ်သူ ❞
( ၁ )
ကွန်ပျူတာ မြန်မာစာလုံးရဲ့ အစဦးဆုံး အသုံးပြုတဲ့ “ အင်းဝစာလုံး ” ကို ဖန်တီးခဲ့တာ ဆရာဂျွန်အိုကယ် ဖြစ်ပါတယ် ။ ဆရာက အင်္ဂလိပ်လူမျိုး ။ ဆရာ့ မြန်မာနာမည်က ဦးလှသိန်း ။ လန်ဒန်တက္ကသိုလ် ၊ မြန်မာစာပါမောက္ခ ။
ဆရာအိုကယ် ဟိုဘက်ခန်းမှာ မြန်မာစကား ပြောနေတာကို လူ မမြင်ရဘဲ ဒီဘက်ခန်းက နားထောင်ရင် မြန်မာစစ်စစ် ပညာရှိ လူကြီးတစ်ယောက် ပြောနေတာလို့ သတ်မှတ်မှာပါ ။ စကား ဥပမာ ဥပမေယျ ၊ ပုံတိုပတ်စ ၊ ဟာသတွေ ကြွယ်ကြွယ်ဝဝ ပြောတယ် ။ လေယူလေသိမ်းနဲ့ စကား အသံထွက်က ပီသတယ် ။
မြန်မာစကားကို ဌာန်ကရိုဏ်းကျကျ ပြောသူ အဖြစ် ကျွန်တော် မှတ်ယူထားသူ နှစ်ဦး ရှိတယ် ။ ကဗျာဆရာကြီး ဆရာအံ့မောင် နဲ့ ဆရာဂျွန်အိုကယ်ပါ ။ ဆရာအိုကယ်က မြန်မာကို ချစ်တယ် ။ မြန်မာနိုင်ငံကို မကြာခဏ လာတယ် ။ မြန်မာတွေကို အကောင်းမြင်တယ် ။ သင့်ဘဝ အောင်မြင်ရေး မဂ္ဂဇင်းမှာ “ မြန်မာတွေ ပျင်းသလား ” ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါး ရေးစဉ်က ဆရာ့အမြင်ကို မေးဖူးတယ် ။ မြန်မာတွေ မပျင်းဘူး ။ အလုပ် သိပ်လုပ်တဲ့ လူမျိုးလို့ ဆရာအိုကယ်က ပြောဖူးတယ် ။
ယခုတစ်ခေါက် ဆရာ မန္တလေးကို လာတယ် ။ ကွယ်လွန်ရှာပြီ ဖြစ်တဲ့ ဆရာ့ မိတ်ဆွေ စောင်းဆရာကြီး အင်းလေးဦးမြင့်မောင်ရဲ့ဇနီး ဒေါ်ခင်မေက ဆရာအိုကယ်နဲ့ ကျွန်တော့်ကို နေ့လယ်စာ ဖိတ်ကျွေးပါတယ် ။
နေ့လယ်စာ စားရင်း ဆရာအိုကယ်က ဒီအိမ်က သိပ်ရက်စက်တယ်လို့ ဟာသ ပြောတယ် ။ ချက်ကျွေးတဲ့ ဟင်းတွေက ကောင်းတဲ့ အပြင် စားပါ စားပါ ဆိုပြီး အတင်း ထည့်ထည့်ပေးတော့ စားတာများလို့ ဗိုက်ကြီးတင်းတာ ဆရာအိုကယ်က ပြောပြီး ရယ်တယ် ။
ထမင်းစားပြီးတော့ အချို တည်းကြတယ် ။ ကျွန်တော်က ဆရာအိုကယ် မြန်မာစကား သင်ဖြစ်ခဲ့ပုံကို မေးပါတယ် ။
“ ကျွန်တော် တက္ကသိုလ်တုန်းက တက်ခဲ့တဲ့ ဘာသာက ရှေးဂရိစာပေ ၊ လက်တင်စာပေ ၊ ဒဿနိကဗေဒ ၊ ရောမခေတ်သမိုင်း ၊ ရှေးခေတ် ဂရိသမိုင်းကို လေ့လာခဲ့ရတယ် ။ အဲဒီ ဘာသာရပ်တွေကို အသုံးချမယ် ဆိုရင် ကျောင်းဆရာလုပ်လို့ ရမယ် ။ တခြားဟာတွေ လျှောက်လို့လည်းရတယ် ”
ဆရာက အေးအေးဆေးဆေး ပြော ။ ကျွန်တော်က အိမ်ရှင် ဒေါ်ခင်မေ ကျွေးတဲ့ လက်ဖက်သုပ်ကိုစား ၊ ရေနွေးကြမ်း သောက်ရင်း နားထောင်တယ် ။
“ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က နိုင်ငံခြားရေးရုံးမှာ အလုပ်ရတယ် ။ သူ့ကို ထိုင်းနိုင်ငံ လွှတ်ချင်တယ် ၊ ထိုင်းနိုင်ငံ မလွှတ်ခင် ထိုင်းဘာသာစကား သင်ခိုင်းတယ် ။ လန်ဒန်တက္ကသိုလ်က School of Oriental and African Studies ( SOAS ) ဆိုတဲ့ ကျောင်းကို ထိုင်းဘာသာစကား သင်ဖို့ သူ ရောက်သွားတယ် ”
ရေနွေးကြမ်း တစ်ပန်းကန် ငှဲ့ပြီး ဆရာအိုကယ် ရှေ့ကို ကျွန်တော် ချပေးတယ် ။
“ သူက ပြန်ပြောပြတယ် ။ ဒီကျောင်းက တော်တော် ထူးဆန်းတယ် ။ တခြား ကျောင်းနဲ့ မတူဘူးတဲ့ ။ အာရပ်စာတို့ ၊ ဂျပန်စာတို့ ၊ အာဖရိကန်စာတို့ ၊ ကိုရီးယားစာတို့ ဘာညာ စုံနေတာပဲ သင်လို့ရတယ် ။ အဲဒါအပြင် ဘာသာစကား တစ်ခုမှာ ဆရာတစ်ယောက် ၊ သုတေသနလုပ်ပေးမယ့် ပညာရှင် တစ်ယောက် လိုတယ် ဆိုရင် အလားအလာ ရှိတယ် ထင်ရတဲ့ လူတစ်ယောက်ကို ခေါ်ပြီး အဲဒီ ဘာသာစကား မတတ်ရင် ကိစ္စမရှိဘူး ။ သူတို့က ပညာရှင်အဖြစ် ခန့်ထားပြီးတော့ သူတို့ လိုချင်တဲ့ ဘာသာစကားကို သင်ပေးမယ်တဲ့ ”
စောင်းဦးမြင့်မောင်ရဲ့ သမီး ဒေါက်တာမြင့်မြင့်ချို က ရေသန့်တစ်ဖန်ခွက် ဆရာ အိုကယ် ရှေ့ ချပေးတယ် ။ စကားများများ ပြောပြီး ဆရာ အာခြောက်မှာ ကျွန်တော်တို့က စိုးပေမယ့် ဆရာက အေးဆေးပဲ ။
“ အဲဒီကျောင်းနဲ့ ကျွန်တော် ဆက်သွယ်ပြီး မေးကြည့်တော့ သူတို့က ဟုတ်ပါတယ်တဲ့ ။ ဒါဆို ယခုရောက်ရှိနေတဲ့ အချိန်မှာ ဘာသာစကား တစ်ခုခုအတွက် လူလိုနေသလားလို့ မေးလိုက်တယ် ။ ကျွန်တော် မေးလိုက်တဲ့ အချိန်မှာ မြန်မာစာ အတွက် နေရာတစ်ခု ရှိနေတယ် ။ အဲဒီအတွက် လူတစ်ယောက် လိုနေတယ်လို့ သူတို့က ပြောတယ် ”
“ ဆရာက မြန်မာစာကို ရွေးချယ်ခဲ့တာ မဟုတ်ဘူးပေါ့ ”
“ မဟုတ်ဘူး ။ အရင် တစ်နှစ်မှာ လျှောက်မယ် ဆိုရင်တော့ အာဖကန်စကား ဖြစ်ချင် ဖြစ်မယ် ။ နောက်တစ်နှစ်မှ လျှောက်ရင်တော့ ဗန်ဒူးစကား ဖြစ်ချင် ဖြစ်မယ် ။ ကျွန်တော် လျှောက်တဲ့ နှစ်မှာတော့ ( ပြုံးပြီး ) မြန်မာစကား ဖြစ်နေတယ် ”
“ အဲဒီအချိန်မှာ ဆရာက မြန်မာနိုင်ငံကို သိပြီလား ”
“ သိတော့သိတယ် ။ ကျွန်တော် ငယ်ငယ်က တံဆိပ်ခေါင်းစုတာ ဝါသနာ ပါတယ် ။ တံဆိပ်ခေါင်းတွေ ထဲမှာ မြန်မာတံဆိပ်ခေါင်းတွေပါတော့ မြန်မာပြည် အကြောင်းတွေ သိတန်သလောက်တော့ သိနေပြီ ”
“ အဲဒါ ဘယ်အချိန် လောက် ကလဲ ”
“ ၁၉၅၉ ခုနှစ်က အင်တာဗျူး မခေါ်ခင် မြန်မာပြည်အကြောင်း သိထားရင် ကောင်းမှာပဲလို့ စာအုပ်တွေ ကျွန်တော် ဖတ်တယ် ။ ဆရာလှဖေတို့ ဆရာ လုပ်နေတဲ့ SOAS ကျောင်းမှာ အဘိဓာန်ကို စာကြည့်တိုက်မှာ သွားရှာပြီး ဖတ်တယ် ။ ပြီးတော့ အနီးအနားက ဗမာတွေနဲ့ ဘယ်လို တွေ့နိုင်မလဲ စုံစမ်းတယ် ။ ဘယ်သူနဲ့ သွားတွေ့ သလဲဆိုတော့ ဒေါ်စိန်စိန် ဆိုတာ ။ လန်ဒန်တက္ကသိုလ် တက်နေတာ ။ နောက်ပိုင်းမှာ သူက ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်း ဖြစ်သွားတယ် ”
“ ဆရာမကြီးက နာမည်ကြီးပါ ပဲ ”
“ ပါဠိပါမောက္ခ ဦးတင်လွင် နဲ့ သွားတွေ့တယ် ။ သူတို့နှစ်ယောက်က မြန်မာပြည်အကြောင်း ပြောပြတယ် ။ လန်ဒန်မြို့မှာ Bratain Burma Society ဆိုတာရှိတယ် ။ အသင်းတစ်သင်း ရှိတယ် ။ သွားကြည့်တယ် ။ ဗမာတွေ နဲ့ လည်း တွေ့တယ် ။ မြန်မာပြည်ကို စိတ်ဝင်စားတဲ့ အင်္ဂလိပ်တွေ နဲ့လည်း တွေ့တယ် ။ SOAS မှာ အမှုထမ်း နေတဲ့သူ တစ်ယောက် ရှိတယ် ဆိုပြီး ကျွန်တော့်ကို ဆရာလှဖေဆီ ခေါ်သွားတယ် ။
ဆရာလှဖေနဲ့ အင်တာဗျူး မတက်ခင် ကတည်းက တွေ့ကြတယ် ။ ဆရာလှဖေ ကလည်း မြန်မာပြည်အကြောင်း သိနိုင်အောင် ကျွန်တော် ကြိုးစားနေတာ သိသွားလို့ သဘောကျပုံ ရတယ် ။ အဲဒီနောက်ပိုင်း မကြာခင် အင်တာဗျူး တက်တော့ အင်တာဗျူးဘုတ်မှာ ထိုင်နေတဲ့ အကဲဖြတ် လူကြီးတွေထဲမှာ ဆရာလှဖေလည်း တစ်ယောက် ပါနေတော့ ကျွန်တော် နှုတ်ဆက်ရတာပေါ့ ”
ဆရာအိုကယ်က ပြောရင်းရယ်တယ် ။
“ သူ ရှိနေတဲ့ အတွက် ကျွန်တော် သိပ်ပြီး ကြောက်ကြောက်ရွံ့ရွံ့ မဖြစ်ဘူး ။ အင်တာဗျူး လုပ်ကြရော ၊ တခြားသူတွေလည်း ဖြေတာပေါ့ ။ နောက်ဆုံးပိတ်ကျ ကျွန်တော့်ကို ရွေးလိုက်ရော ”
“ ဖြေသူ အားလုံးထဲက ဆရာ တစ်ယောက်ပဲလား ”
“ တစ်ယောက်ပဲ ၊ ဟုတ်တယ် ။ ခန့်စရာ နေရာ တစ်နေရာပဲ ရှိတယ် ။ ကျွန်တော့်ကို ဆရာလှဖေ ကပဲ မြန်မာစကား စသင်ပေးတယ် ။ အဲဒီ အချိန်မှာ Anna Allot ရှိတယ် ။ Anna Allot ( ခေါ်ခင်ခင်ချော ) က ကျွန်တော့်ကို မြန်မာစကား သင်ပေးတယ် ။ ဘာသာဗေဒဌာနမှာ မြန်မာဘာသာကို အသေးစိတ် လေ့လာနေတဲ့ လူ တစ်ယောက် ရှိတယ် ။ သူ့ နာမည်က Keith Sprigg, သူက တကယ့် ပညာရှင်ပဲ ။ သူက မြန်မာစကား မတတ်ဘူး ။ မြန်မာစာလည်း နည်းနည်းလေးပဲ ဖတ်တတ်တယ် ။ ဒါပေမဲ့ မြန်မာအသံတွေကို ဖမ်းထားပြီးတော့ စနစ်တကျ လေ့လာခဲ့တာ ”
ဆရာအိုကယ်က မနားတမ်း စကားတွေ ပြောနေတာ ။ ကျွန်တော်က သူ မောနေမှာ စိုးတယ် ။ သူ့ အသက်က ၇၈ နှစ်ရှိပြီ ။ ဒါပေမဲ့ ဆရာက တက်ကြွ ဖျတ်လတ်ဆဲ ။
“ နှိုက်နှိုက်ချွတ်ချွတ် လေ့လာတာ ။ သူ ကျွန်တော့်ကို ပြောဖူးတယ် ။ မနက် ၈းဝဝ နာရီကနေ ၁ဝးဝဝ နာရီ ၊ ၁၁းဝဝ နာရီလောက် အထိ မြန်မာအသံတွေကို analyse လုပ်တယ် ။ စိစစ်ပိုင်းခြား သရုပ်ခွဲတယ် ”
မြန်မာဘာသာစကားကို စနစ်တကျ လေ့လာသူတွေကို လေးစားတဲ့စိတ် ကျွန်တော် ဖြစ်ပေါ်လာတယ် ။
“ သူ ဘာ စိတ်ဝင်စားသလဲ ဆိုတော့ အသံနေ အသံထား ၊ ဥပမာ “ ပေး ” ရယ် ၊ “ ခဲ့ ” ရယ် တွဲသုံးရင် ပေးခဲ့တယ်လို့ ပြောတယ် ။ ပေးချင်တယ် ဆိုရင် ပေးဂျင်တယ် ဖြစ်သွားတယ် ။ ဒါပေမဲ့ ပေးထားတယ်ဆိုရင် ပေးဒါးတယ် လို့ ပြောတာ အနည်းအကျဉ်းပဲ ရှိပြီး ပေးထားတယ် ပြောတာများတယ် ။ ပေးပေးပါ ဆိုရင် ပေးဘေးပါလို့ အသံ မထွက်ဘူး ။ သူ့ ဆီမှာ တစ်နှစ်လုံး မြန်မာအသံထွက်တွေ လေ့လာတယ် ”
“ အဲဒီအချိန်က ဆရာ ဘွဲ့ရပြီးပြီလား ”
“ အောက်စဖို့က လက်တင်ဂရိဘာသာနဲ့ ဘီအေဘွဲ့ ရပြီးပြီ ”
“ ဆရာ ဆက် လေ့လာတာက ”
“ တစ်နှစ်လောက် လေ့လာ ပြီးတော့ ဌာနမှူးက မင်း မြန်မာပြည်သွား လေ့လာသင့်တယ် ။ မြန်မာတွေ ဘယ်လို နေတယ် ။ မြန်မာ့လူမှုရေးအကြောင်း နားလည်အောင် လေ့လာခဲ့ပါလို့ လွှတ်လိုက်တယ် ”
“ ဌာနမှူးက ဒေါက်တာလှဖေလား ”
“ မဟုတ်ဘူး ၊ အဲဒီတုန်းက Scott ၊ ဟိုခေတ်က လွတ်လပ်တယ် ။ လူတွေက တာဝန်သိသိနဲ့ လုပ်မယ်ဆိုတာ နားလည်ထားတယ် ။ ကျွန်တော့်ကို လွတ်လွတ်လပ်လပ် လေ့လာပါ ။ မြန်မာစကား နားလည်အောင် လေ့လာခဲ့ပါ ဆိုပြီး လွှတ်လိုက်တာပဲ ”
“ အင်္ဂလန်ကနေ မြန်မာပြည်ကို ဘာနဲ့ လာသလဲ ”
“ ဟိုခေတ်တုန်းက လေယာဉ်ပျံ စီးခဲတယ် ။ သင်္ဘောနဲ့ လာတာ ။ တစ်လကြာတယ် ။ ဘေဘီလိုင်းသင်္ဘောနဲ့ လာခဲ့တာ ။ ၁၉၆၀ ပြည့်နှစ်ပေါ့ ”
“ သင်္ဘောဆိပ်ကို လာကြိုကြသလား ”
“ ဆရာလှဖေ ဆီမှာ တစ်နှစ်ခွဲလောက် မြန်မာစကား သင်ပြီးမှ လာခဲ့တာ ။ အဲဒီ တစ်နှစ်ခွဲ အတွင်း ဆရာလှဖေဆီ မြန်မာပြည်က ဧည့်သည်တွေ လာတိုင်း ဆရာလှဖေက ကျွန်တော့်ကို ခေါ်ပြီး မိတ်ဆက်ပေးတာ ၊ ကျွန်တော်က အပြင်ခေါ်ပြီး ထမင်း ကျွေးတာတို့ ဆိုတော့ ဆရာလှဖေရဲ့ မိတ်ဆွေ တော်တော်များများနဲ့ ကျွန်တော် တွေ့ဖူးတယ် ။ သင်္ဘော ဆိုက်လာတဲ့အခါ အမှန်မှာ တော်တော်လေး အားနာစရာ ဖြစ်သွားတယ် ။ ဆရာလှဖေက စာတွေ ရေးပြီး ဒီကောင် လာတဲ့အခါ ဂရုစိုက်ပါလို့ ပြောထားတော့ လာကြိုတဲ့ လူတွေ တော်တော်များများ ရှိတယ် ။ ကျွန်တော် ဘယ်သူနဲ့ လိုက်သွားရမှာလဲ ဆုံးဖြတ်ရတာ ခပ်ခက်ခက်ပဲ ”
“ ဆရာ ရန်ကုန်မှာ နေတော့ ဘယ်လို နေရသလဲ ”
“ ရန်ကုန်တက္ကသိုလ် ဆရာများ အဆောင်မှာ အခန်းတစ်ခန်း ပေးထားတယ် ”
“ ဆရာ ကျောင်းတက်ဖို့ လိုသလား ”
“ မလိုဘူး ။ လေ့လာချင်ရာ လေ့လာနိုင်တယ် ။ ကျွန်တော် ဂီတကို ဝါသနာပါတယ် ။ ဂီတကို လေ့လာတယ် ။ ဂီတ လေ့လာရင်းနဲ့ မြန်မာစာ တတ်သွားလိမ့်မယ် အောက်မေ့တယ် ”
“ အဆင်ပြေလား ”
“ ရန်ကုန်မှာ ကျွန်တော် တော်တော်ကို စိတ်ပျက်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က မတောက်တခေါက် တတ်ထားတဲ့ မြန်မာစကားလေးတွေကို သိပ်အသုံး ချချင်တယ် ။ ဒါပေမဲ့ ရန်ကုန်မှာ ကျွန်တော် တွေ့တဲ့ လူတိုင်းလိုလိုက အင်္ဂလိပ်လိုပဲ ပြောကြတယ် ”
ဆရာက ပြောရင်း ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။
“ တစ်ခါတစ်ခါ ကျွန်တော် ဘာလုပ်ရသလဲ ဆိုတော့ ကျွန်တော်က လမ်းမှားပြီး မျက်စိလည်ချင်ဟန်ဆောင်ပြီး လူတွေကို မြန်မာလို ပြောတယ် ။ ဟိုဘက်လမ်းက ဘယ်လမ်းလဲ ၊ များသောအားဖြင့် မြန်မာလို မေးလိုက်ရင် သူတို့က ကျွန်တော့်ကို ကြည့်ပြီးတော့ what did you say? အင်္ဂလိပ်လိုပဲ ပြန်ပြောတယ် ”
ဆရာအိုကယ်က ရယ်တယ် ။
“ သိပ် စိတ်ညစ်ရာ ကောင်းတယ် ။ တော်တော်နဲ့ မြန်မာစကား မပြောဖြစ်ဘူး ။ ဒေါက်တာညီညီရဲ့ ယောက္ခမတွေက တောင်မြို့က ၊ အမရပူရ က ၊ စိတ်ပျက်ပျက်နဲ့ ဒေါက်တာညီညီကို အမရပူရ ဘယ်တော့ သွားမှာလဲ ။ ရန်ကုန် မှာတော့ မနေချင်တော့ဘူးလို့ ။ ဒေါက်တာညီညီက မသွားတော့ဘူး ။ သူ့မိန်းမ ကလေး မွေးတော့မယ်တဲ့ ။ ကျွန်တော် ပိုပြီး စိတ်ပျက်သွားတယ် ။ ဆရာ မသွားဘူးဆိုရင် ကျွန်တော် တစ်ယောက်တည်း သွားပါရစေလို့ ”
“ သူက ဘာပြောသလဲ ဆိုတော့ ဘယ်ဖြစ်မှာလဲ ။ အမရပူရ သွားရင် ရေတွင်းမှာ ရေချိုးရမယ် ။ ဖျာပေါ် အိပ်ရမယ် ပြောတယ် ။ ဆရာ ကျွန်တော် အဲဒါပဲ လုပ်ချင်တာ ။ မြန်မာတွေ နေသလို ကိုယ်တွေ့ ကြုံရချင်တယ် ။ မဖြစ်ဘူး ၊ မဖြစ်ဘူးတဲ့ ။ ကျွန်တော် ခဏခဏ ပူဆာတယ် ။ နောက်ဆုံးပိတ်ကျတော့ သူ လက်လျှော့လိုက်တယ် ။ သွားချင်သွား ၊ သူ စာရေးပေးလိုက်တယ် ”
••••• ••••• •••••
( ၂ )
သဲကန္တာရထဲမှာ အိုအေစစ်တစ်ခု ။
ရာသီဥတုပူပြင်းတဲ့ မန္တလေးမြို့လယ်မှာ အေးချမ်းတဲ့ နေရာလေးတစ်ခု ရှိတယ် ။ ချမ်းအေးသာစံမြို့နယ်က မန္တလေးရဲ့ အဓိက အချက်အချာ ။ ချမ်းအေးသာစံ မြို့နယ် ၇၅ လမ်းပေါ်မှာ အိမ်ကလေး တစ်လုံး ရှိတယ် ။ ကွန်ကရစ်တိုက်တွေ ကြားက သစ်သားအိမ် ။
အိမ်ရှေ့မှာ ဥယျာဉ်ရှိတယ် ။ အင်ကြင်းကျောက်တုံးကြီးတွေ ဝန်းရံထားတဲ့ ဥယျာဉ်လေးထဲမှာ သစ်ခွပင်တွေ ၊ ပန်းပင်တွေက စိမ်းစိမ်းစိုစို ။ ရေစီးကျသံလေးလည်း ကြားရမယ် ။ ကျောက်တုံးနဲ့ သစ်ခွဥယျာဉ်ထဲက သစ်ပင်ရိပ်မှာ ကွပ်ပျစ် တစ်ခု ရှိတယ် ။ ကွပ်ပျစ်ပေါ် မှာတော့ မြန်မာ့စောင်းကို အကျအန တီးနေသူ တစ်ဦးဦး ရှိနေတတ်တယ် ။
အဲဒီအိမ်က စောင်းဆရာကြီး အင်းလေးဦးမြင့်မောင်ရဲ့ အိမ်ပါ ။
စောင်းဆရာကြီး ကွယ်လွန်တာ ၂၀၁၁ ခု ၊ စက်တင်ဘာလ ၅ ရက် ဆိုရင် ဆယ်နှစ် ပြည့်ပြီ ။ ဆရာ ဦးမြင့်မောင်က ဂီတအနုပညာကို မြတ်မြတ်နိုးနိုး ၊ ပိုင်ပိုင်နိုင်နိုင် ဆည်းပူးခဲ့သူဖြစ်တယ် ။ ဆရာ တတ်ကျွမ်းတဲ့ ဂီတအနုပညာကို လက်ဆင့်ကမ်း ပေးတယ် ။ ဆရာ့ တပည့်တွေဟာ ဂီတအနုပညာ နယ်ပယ်မှာ အောင်မြင်ထင်ရှားလာကြတယ် ။
ဆရာဦးမြင့်မောင်ရဲ့ ဂီတအနုပညာအမွေကို ရရှိ ဆက်ခံသူတွေ ထဲမှာ ဆရာကတော် ဒေါ်ခင်မေလည်း ပါဝင်တယ် ။ စောင်းဆရာမကြီး ဒေါ်ခင်မေက ဆရာ ဦးမြင့်မောင် လိုပဲ ဂီတအနုပညာကို လက်ဆင့်ကမ်း ပေးဝေနေတယ် ။
ဆရာဦးမြင့်မောင်က မြန်မာ့စောင်းကို နိုင်ငံတကာ ဂီတအနုပညာ အဆင့်အတန်း ဝင်အောင် လုပ်ဆောင်ခဲ့တယ် ။ နိုင်ငံတကာ ဂီတသင်္ကေတနဲ့ တီးခတ်နိုင်အောင် ဖော်ဆောင်တယ် ။ မြန်မာ့စောင်းပညာရှင်ကြီး အင်းလေးဦးမြင့်မောင်ကို ဘီဘီစီက လန်ဒန်သို့ ဖိတ်ခေါ်ပြီး ခန်းမဆောင်မှာ စောင်း တီးခတ်စေတယ် ။ ဆရာတီး ခတ်တာကို တိုက်ရိုက် ထုတ်လွှင့်မှု ( liveshow ) လုပ်ခဲ့တယ် ။ ဂျပန် အင်န်အိတ်ချ်ကေ ကလည်း ဆရာဦးမြင့်မောင်ကို တိုကျိုသို့ ဖိတ်ခေါ်ပြီး မြန်မာ့စောင်း တီးခတ်မှုကို ရုပ်မြင်သံကြား ရိုက်ကူးပြသခဲ့တယ် ။
ဆရာဦးမြင့်မောင်ရဲ့ စောင်းပညာက အဆင့်မြင့်တာမို့ ဒီနေ့အထိ ဆရာ့ အမွေကို ဆက်ခံရယူ ၊ ပညာသင်သူတွေ ရှိနေဆဲ ဖြစ်တယ် ။
ယခုရက်ပိုင်းမှာ ဆရာဦးမြင့်မောင်ရဲ့အိမ်ကိုသွားရင် အမေရိကန်နိုင်ငံသား လူငယ်လေး တစ်ယောက် အိမ်ရှေ့က ကျောက်တုံးသစ်ခွဥယျာဉ်ထဲမှာ စောင်း တီးခတ်နေတာ တွေ့ရနိုင်တယ် ။ သူက မြန်မာနာမည် “ ကြယ်စင် ” လို့ယူထားပြီး ဂီတ အနုပညာကို လေ့လာလိုက်စားဖို့ လာခဲ့သူဖြစ်ပါတယ် ။
ဆရာဦးမြင့်မောင် သက်ရှိ ထင်ရှား ရှိစဉ်ကလည်း ဒီလိုပဲ နိုင်ငံခြားသားတွေလည်း ဆရာ့ဆီမှာ ဂီတပညာ ဆည်းပူးခဲ့တာပါ ။
ဆရာတို့ မိသားစုဟာ အလွန် အင်မတန် ဖော်ရွေပြီး ပညာပေးဝေဖို့ ထက်သန်ကြလို့ ဆရာ ကွယ်လွန်တာ ဆယ်နှစ် ရှိပြီ ဖြစ်ပေမယ့် တပည့်တွေက အခင်အမင် ၊ အဝင်အထွက် မပျက်ကြဘူး ။ ဆရာ့ကို အောက်မေ့အမှတ်ရတဲ့ အထိမ်းအမှတ်ပွဲတွေ အမြဲ လုပ်တယ် ။
ဆယ်နှစ်ပြည့် အမှတ်ရ အောက်မေ့ပွဲ မလုပ်မီရက်မှာ လန်ဒန်က ဆရာ ဂျွန်အိုကယ် ရောက်လာတယ် ။ ဆရာအိုကယ်က လန်ဒန်တက္ကသိုလ် ၊ Shcool of Oriental and African Studies ( SOAS ) မှာ တာဝန် ထမ်းဆောင်ခဲ့တာ ။ ၁၉၅၉ ခုနှစ်မှာ အလုပ် စတင်ဝင်ရောက်ပြီး မြန်မာဘာသာစကား ၊ မြန်မာမှုတွေ လေ့လာဖို့ ၁၉၆၁ ခုနှစ်မှာ မြန်မာနိုင်ငံကို သူ လာခဲ့တယ် ။ ရန်ကုန်တက္ကသိုလ်မှာ နေထိုင်ပြီး မြန်မာဘာသာစကား လေ့လာတယ် ၊ သူက မြန်မာလို ပြောချင် ၊ မြန်မာတွေ ပြောတာ နားထောင်ချင်ပေမယ့် ရန်ကုန်သူ ရန်ကုန်သားတွေက သူ့ကို အင်္ဂလိပ်ကြီးမှန်း သိတာမို့ အင်္ဂလိပ်လိုပဲ ပြောကြလို့ အခက်ကြုံ နေတယ် ။ ဒါနဲ့ ဒေါက်တာညီညီကို အကူအညီ တောင်းပြီး ဒေါက်တာညီညီနဲ့ မယားညီအစ်ကို တော်တဲ့ အမရပူရက ဦးညွန့်တို့ အိမ်ကို ဆရာအိုကယ် ပြောင်းရွှေ့ပြီး လာနေတယ် ။
အဲဒီ အတိတ်ကာလ အကြောင်းတွေကို မန္တလေးမြို့က ကျောက်တုံးဥယျာဉ် လေးရှိတဲ့ ဆရာဦးမြင့်မောင်ရဲ့အိမ်မှာ ထိုင်ရင်း ဆရာအိုကယ်က ပြန်ပြောပြတယ် ။
“ ဦးညွန့်အိမ်မှာ ရက်ကန်းစင်တွေ လေး ၊ ငါး ၊ ဆယ်လုံး ရှိတယ် ။ ဦးညွန့်တို့ မိသားစုထဲမှာ ဘယ်သူမှ အင်္ဂလိပ်စကား တစ်လုံးမှ မတတ်ကြဘူး ၊ သူတို့က အရမ်း သဘောကောင်းတယ် ။ ကျွန်တော် ထစ်အထစ်အ မြန်မာစကား ပြောတာကို ဂရုတစိုက် နားထောင်ပြီး ဒီလို ပြောတာ ထင်တယ် ဆိုပြီး အမှန် ပြင်ပေးတယ် ”
“ ဆရာက ထမင်းသောက်တယ်လို့ မှားပြောရင် သူတို့က ထမင်းစားတယ်လို့ ပြင်ပေးတာမျိုးပေါ့ ”
“ ဟုတ်တယ် ။ ဒီလိုပြောမှ ဖြစ်မှာတဲ့ ။ ခဏခဏ သင်ခန်းစာ ဖြစ်တာပဲ ”
ဆရာအိုကယ်က သူ မှား ပြောခဲ့တာတွေ သတိပြန်ရဟန် တူတယ် ။ ရယ်ပါတယ် ။
“ သူတို့ အိမ်ကို ဧည့်သည်တွေ ခဏခဏ လာတယ် ။ နိုင်ငံခြားသား တစ်ယောက် လာနေတာကိုလည်း ထူးဆန်းလို့ လာ ကြည့်တာလည်း ရှိတယ် ။ အထည်တွေ လာဝယ်တဲ့ သူတွေ ရှိတယ် ။ ဈေးသည်တွေလည်း လာတယ် ။ ကျွန်တော် လူတော်တော်များများနဲ့ စကား ပြောရတယ် ။ ရက်ကန်း လာခတ်တဲ့ လူငယ်လေးတွေနဲ့ လည်း စကားပြောရတယ် ”
“ အမရပူရ ရောက်မှ မြန်မာစကားကို ဆရာ တဝကြီး ပြောရတာပေါ့နော် ”
ဆရာအိုကယ်က ပြုံးပြီး ခေါင်းညိတ်တယ် ။
“ ပြီးတော့ ဦးညွန့်ရဲ့ အစ်ကိုက ဘုန်းကြီး ဝတ်နေတယ် ။ ကျောင်းမှာ သူတစ်ပါးတည်း သီတင်းသုံးတယ် ။ တိတ်တိတ်ဆိတ်ဆိတ် ရှိတော့ ကျွန်တော့်အနေနဲ့ မှတ်စု ရေးစရာတွေ ၊ ဘာတွေရှိရင် ဘုန်းကြီးကျောင်း သွားရေးတယ် ”
ဆရာအိုကယ်ရဲ့ မြန်မာနာမည် က ဦးလှသိန်းပါ ။ စောင်းဆရာမကြီး ဒေါ်ခင်မေ က ဆရာဦးလှသိန်း နာမည် ဘယ်သူ ပေးတာလဲ မေးတယ် ။
“ ဘယ်က ရသလဲ ဆိုတော့ အင်္ဂလန်က မထွက်ခင်ရတဲ့ နာမည်က လှဝင်း ၊ ဗုဒ္ဓဟူးသားမို့ ပေးလိုက်တာ ။ ဘယ်သူ ပေးသလဲ ဆိုတော့ သမိုင်းဆရာမ ဒေါ်ကြန် နဲ့ ဒေါ်ရီရီ ။ အမရပူရ ရောက်တော့ ကျွန်တော် သွားတဲ့ ဘုန်းကြီးကျောင်းဘုန်းကြီးက မင်းမှာ မြန်မာအမည် ရှိသလား မေးတယ် ။ လှဝင်း ဆိုတော့ ခဏ စဉ်းစားတယ် ။ လှနဲ့ ဝင်းက ရုပ်နဲ့ ဆိုင်တယ် ။ မကောင်းဘူး ဆိုပြီး လှဝင်း ကနေ လှသိန်းလို့ နာမည် ပြောင်းပေးလိုက်တယ် ”
“ ဆရာ မြန်မာစကား သင်ချင်လို့ ဇာတ်အဖွဲ့နဲ့ လျှောက်သွားတဲ့ အကြောင်းလည်း ပြောပါဦး ”
“ အမရပူရမှာ နေနေတုန်းမှာပဲ ဘုရားပွဲ ရှိတယ် ။ ဘုရားပွဲမှာ ဇာတ်အဖွဲ့ လာတယ် ။ ဇာတ်ဆရာ နာမည်က မေတ္တာစိန် တဲ့ ။ ကျွန်တော်က မေတ္တာစိန် ဇာတ်ကတာကို အသံဖမ်းထားတယ် ။ သူတို့ကလည်း သဘောကျတာပေါ့လေ ။ လူရွှင်တော်တွေ အချင်းချင်း ပြောနေတာ ကျွန်တော် ကြားတယ် ။ ဒီဇာတ်က ဘယ်လောက် နာမည် ကျော်ကြားသလဲ ဆိုရင် ရုရှားက ဧည့်သည်တော်ကြီးတွေ လာပြီးတော့ အသံဖမ်းနေကြတယ်တဲ့ ”
အင်္ဂလိပ်ကြီးဆရာအိုကယ်က သူ့ကို ရုရှားလို့ ပြောတာ ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။
“ မေတ္တာစိန်နဲ့ ခင်တယ်လို့ ဆိုရမှာပဲ ။ သူက ကချင်ပြည်နယ်ကို ဇာတ်ကဖို့ touring သွားမယ် ။ ကျွန်တော့်ကို လိုက်ခဲ့ဖို့ ခေါ်တယ် ။ တကယ်တမ်းကျတော့ သူက ကျွန်တော့်ကို ဒါလောက် တန်ဖိုးထားတာ မဟုတ်ဘူး ။ သူ့ဇာတ်ကို အသံဖမ်းထားတဲ့ တိပ်ခွေတွေကို ဇာတ် မထွက်ခင်မှာ ဧည့်သည်ပရိသတ် ခေါ်တဲ့ အနေနဲ့ ဖွင့်ချင်တယ် ”
၁၉၆ဝ ပြည့်နှစ် လောက်က ဆိုတော့ အသံဖမ်းတာ ၊ ဖမ်းထားတဲ့ အသံ ပြန်ဖွင့်တာတွေဟာ ထူးထူးခြားခြား ကိစ္စတွေ ဖြစ်မှာပဲလို့ ကျွန်တော် တွေးမိတယ် ။
“ သူနဲ့ လိုက်သွားတော့ ကျွန်တော့်ကို ဂရုစိုက်တယ် ။ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ် ”
“ ကိုလှသိန်း ပြဇာတ် ဝင်ကသေးတယ် မဟုတ်လား ” လို့ ဒေါ်ခင်မေက မေးတော့ ဆရာအိုကယ်က ရယ်တယ် ။
“ မေတ္တာစိန်က ရှေ့ပိုင်းပြဇာတ်ထဲမှာ မင်း ပါရင် ကောင်းမယ် ဆိုပြီး တရားသူကြီး အဖြစ်နဲ့ ထွက်ခိုင်းတယ် ”
“ ပွဲကြည့်ပရိသတ်က နိုင်ငံခြားသားမှန်း သိလား ”
“ သိတာပေါ့ ။ မျက်နှာဖြူတရားသူကြီး အနေနဲ့ သရုပ်ဆောင်ရတာ ။ ခက်တာ က ဇာတ်ဆရာက ပြောပြတာပေါ့လေ ၊ မင်း ပြောရမယ့်စကားက တရားခံကို တရားသူကြီး ရှေ့ ခေါ်လာမယ် ။ ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပါသည်လို့ ပြောပြီးရင် ပြန်ဝင်ရုံပဲ ရှိတယ် ။ ဒါပေမဲ့လို့ တရားခံ လုပ်တဲ့သူက သနားတော်မူပါဘုရား ၊ ကျွန်တော့်မှာ မယား ရှိတယ် ။ ကလေးတွေ ရှိတယ် ၊ ဘာညာပြောပြီး ငိုတယ် ။ ကျွန်တော် ဘာလုပ်ရမှာလဲ မသိတော့ဘူး ။ တိတ်လိုက်ဆိုတဲ့ စကားလည်း မသိဘူး ။ ခေါ်သွား လိုက်ဆိုတာလည်း မပြောတတ်ဘူး ။ ကျွန်တော် တော်တော်ကို အခက် ဖြစ်နေတယ် ။ နောက်ဆုံးပိတ်ကျတော့ အစောင့်လုပ်တဲ့ လူတွေက ဆွဲခေါ်သွားလို့ ကျွန်တော် တစ်ခန်း ပြီးသွားတယ် ”
ဆရာအိုကယ်က ပြောနေရင်း ဟက်ဟက်ပက်ပက် ရယ်တယ် ။
“ နောက်တစ်ခါ ထွက်တဲ့ အခါကျတော့ ကျွန်တော် ဘယ်လို ပြောရမယ် ဆိုတာ သိသွားတာပေါ့ ”
“ ဆရာ ဇာတ်ထဲ လိုက်တာ ဘယ်လောက် ကြာသလဲ ”
“ တစ်လ လိုက်သွားဖြစ်တယ် ။ အင်းတော်ကြီးဘုရားပွဲ ၊ ဗန်းမော်ရွှေကျီးနား ဘုရားပွဲ ၊ မိုးညှင်း ၊ မိုးကောင်း အနှံ့ပဲ ။ ဘုရားတစ်ပွဲ တစ်ပွဲမှာ သုံးလေးည ကတာ ။ တစ်နေရာက တစ်နေရာ ကူးရင် ဇာတ်ပစ္စည်းတွေ လော်ရီကားကြီးပေါ် တင်ပြီး သွားကြတာ ”
ဇာတ်သူဇာတ်သားတွေနဲ့ အတူနေ အတူစားတဲ့ အင်္ဂလိပ်လူမျိုး တစ်ယောက်ရဲ့ အနေအထားကို စဉ်းစားကြည့်တော့ မတူတဲ့ သဘာဝတွေ အများကြီးရှိမှာပဲ ။
“ ဇာတ်ထမင်း ၊ ဟင်း စားနိုင်သလား ”
“ ဟုတ်ကဲ့ ၊ စားနိုင်တယ် ဆိုလည်း မှန်တယ် ။ မစားနိုင်ဘူး ဆိုလည်း မှန်တယ် ။ ဇာတ်သမားတွေ စားတဲ့ ထမင်းဟင်းက ရိုးရိုး မြန်မာဟင်းတွေပဲ ။ သိပ်စားလို့ ကောင်းတယ် ။ အဆင့်အတန်း မြင့်တာတွေတော့ မဟုတ်ဘူး ။ ဒါပေမဲ့ မင်းသားက ကျွန်တော့်ကို ဂရုစိုက်ချင်တော့ သူ စားတဲ့ အစားအစာပဲ ကျွေးတယ် ။ ခက်တာက သူက ငရုတ်သီး အရမ်းကြိုက်တယ် ”
ဆရာအိုကယ်က ပြောရင်း ရယ်တယ် ။ အနောက်တိုင်းသားတွေက အပူအစပ် သိပ်မစားနိုင်တော့ ငရုတ်သီး ကြိုက်တဲ့ သူနဲ့ အတူတူ ထမင်း စားရတာ ဒုက္ခရောက်မှာပဲ ။
“ သူ့တပည့်က မနက်မနက်မှာ ငရုတ်သီးတွေ အများကြီး ငရုတ်ဆုံထဲ ထည့်ထောင်း နေတာ တွေ့လိုက်တော့ ၊ ငါတော့ အဲဒါတွေ မကြာခင် စားရလိမ့်မယ် ဆိုပြီး ကြိုပြီး စပ်နေတယ် ”
ဆရာက ဟက်ဟက်ပက်ပက် ရယ်တာ မျက်နှာတွေ တောင် နီတယ် ။ ကျွန်တော်တို့လည်း ဆရာအိုကယ်နဲ့ အတူ ရယ်မောမိကြပါတယ် ။
“ ဇာတ်သမားတွေနဲ့ အတူ စားမယ် ပြောရရင်လည်း မကောင်းတော့ မင်းသားနဲ့ အတူ ငရုတ်သီးစပ်စပ် ကြိတ်မှိတ် စားရတာပေါ့ ”
ဆရာ ဘယ်မှာ အိပ်သလဲ မေးတော့ ဇာတ်စင်ပေါ် အိပ်တာပဲလို့ ပြောတယ် ။ အဆင်ပြေရဲ့လား မေးတော့ အဆင်ပြေတယ်တဲ့ ။
“ ဟိုသင်းတော့ ရှိတာပေါ့ ။ ဇာတ်က မိုးလင်းတဲ့ အထိ ကတာ ။ ကျွန်တော်က မိုးမလင်းခင် ည ၁းဝဝ နာရီ ၊ ၂းဝဝ နာရီလောက် လှဲပြီး အိပ်ကြည့်တယ် ။ အိပ်လို့ မဖြစ်ဘူး ။ ဒါနဲ့ နေဖင်ထိုးအောင် အိပ်ရတာပဲ ”
“ ဇာတ်သမားတွေ ဆိုတာ အိမ်သာ ကိစ္စကို ကြုံသလို ဖြေရှင်းရတာ ။ ဆရာကော ဒုက္ခ မရောက်ဘူးလား ”
“ ဒုက္ခမရောက်ဘူး ။ တောထိုင်တာ ပျော်စရာပဲ ။ သဘာဝနဲ့ ပိုရင်းနှီးသွားတာပေါ့ ”
ဆရာအိုကယ်က ရယ်မောတယ် ။
အိမ်ရှင်ဖြစ်တဲ့ စောင်းဆရာမကြီး ဒေါ်ခင်မေက စကားပြောတာ ခဏ နားပြီး မုန့်စားကြဦးလို့ ပြောပါတယ် ။
••••• ••••• •••••
( ၃ )
“ ဆရာ ဘယ်အချိန်က စပြီး ဂီတကို စိတ်ဝင်စားခဲ့သလဲ ”
ဆရာက ဂီတနဲ့ ပတ်သက်ပြီး ပြောပြတယ် ။
“ အင်္ဂလန်မှာ ကျွန်တော် ပလွေမှုတ်တယ် ။ ကျောင်းသားဘဝ ၊ ၁၂ နှစ် ၊ ၁၃ နှစ်လောက် ကတည်းကပဲ ။ မြန်မာပြည် ရောက်တဲ့အခါ မြန်မာဂီတအကြောင်း လေ့လာမယ် ဆိုတော့ မြန်မာပလွေ ကနေ စပြီး လေ့လာရရင် ကောင်းမလား စဉ်းစားတယ် ။ ကျွန်တော် အဲဒီတုန်းက အမရပူရမှာ ၊ ပလွေ သင်ပေးမယ့် ဆရာ တစ်ယောက် ဦးထပ် ဆိုတာရှိတယ် ။ ဦးထပ်ရဲ့ သားက ပန်တျာကျောင်းမှာ နုတ်စ် တတ်တဲ့ ဆရာ ဦးကျော်ဒင် ”
ကျွန်တော်က အိမ်ရှင်တွေ တည်ခင်းတဲ့ သရက်သီးချိုချိုကို စားရင်း ဆရာ ပြောတာ နားထောင်တယ် ။
“ သိတဲ့ အတိုင်းပဲ ။ ကျွန်တော်တို့ ဆီမှာ ဂီတသင်ရင် နုတ်စ် ပြထားတဲ့ အတိုင်း တစ်သဝေမတိမ်းဘဲ မှုတ်နေရတယ် ။ တစ်လုံး မှားနေရင် မှားပြီပေါ့ ။ လူတွေက သဘော မကျဘူး ။ ဦးထပ် ဆီမှာ သွားသင်တော့ ကျွန်တော် တဖြည်းဖြည်း သဘော ပေါက်လာတာက မြန်မာပြည်မှာ တေးသွား အကွက်လေး တစ်ခုကို အမျိုးမျိုး မှုတ်လို့ ထိလို့ရတယ် ။ ကိုယ် ဉာဏ်ရှိသလို ၊ ကွန့်လို့ လုပ်လို့ ရတယ်ဆိုတာ ကျွန်တော် သဘောပေါက်လာတယ် ”
ဆရာအိုကယ်လည်း စကားပြောတာ ခဏနားပြီး အိမ်ရှင် စောင်းဆရာမကြီး ဒေါ်ခင်မေ တည်ခင်းတဲ့ သစ်သီး ၊ လက်ဖက် ၊ မုန့်စုံတွေကို ဟိုတစ်ခု ဒီတစ်ဇွန်း နှိုက်စားတယ် ။ ရေနွေးကြမ်း သောက်တယ် ။
“ မြန်မာစကားရဲ့ မူကွဲတွေ ၊ ဒေသိယ စကားတွေ လေ့လာရရင် မြန်မာစကားကို ပိုပြီး လေးလေးနက်နက် သိရမယ် ဆိုပြီး ရခိုင်စကားရယ် ၊ ထားဝယ်စကားရယ် ၊ ယောစကားရယ် ၊ အင်းသားစကားရယ် လျှောက်ပြီး လေ့လာခဲ့တာ ”
ဆရာအိုကယ်က သင်ယူလေ့လာခဲ့ပုံကို ပြန်ပြောပြတယ် ။
“ အင်းလေးကို သွားမယ် ဆိုတော့ ဦးမြင့်မောင် ဆီမှာ စောင်းပညာ သင်ယူခဲ့တဲ့ Judith Becker က စောင်းသင်မယ် ဆိုရင် ဦးမြင့်မောင်တို့ ၊ ဒေါ်ခင်မေတို့ ဆီကို သွားဖို့ ပြောတယ် ။ ကျွန်တော် ပလွေအမှုတ် သင်ရရင် အကွန့်တွေ ၊ အဖွဲ့အနွဲ့ကလေးတွေ တော်တော်နဲ့ နိုင်မှာ မဟုတ်ဘူး ဆိုတော့ ၊ ပတ္တလားကနေ စ သင်ရရင်တော့ အဆင်ပြေလိမ့်မယ် ဆိုပြီးတော့ ဦးမြင့်မောင် ဆီမှာ ပတ္တလား စသင်တယ် ”
“ ဆရာဦးမြင့်မောင်နဲ့ တွေ့စက အကြောင်းတွေ ပြောပြပါဦး ”
“ ကိုမြင့်မောင်ကို ကျွန်တော် စိတ်ထဲ ပေါ်လာသလို တီးပြလိုက်မယ် ၊ ရတယ် မဟုတ်လား မေးတော့ ကိုမြင့်မောင်က ဟုတ်တာပေါ့ ၊ ဟုတ်တာပေါ့ တီးပြ ၊ တီးချင်သလို တီးပါ ခွင့်ပြုတယ် ။ ကျွန်တော့် စိတ်ထဲက ထွက်လာသလို တီးပြတယ် ။ ပြီးတော့ ကိုမြင့်မောင် မျက်နှာကို ကြည့်လိုက်တယ် ။ သူ့ မျက်နှာက ခပ်တည်တည်ပဲ ။ ပြုံးလည်း မပြုံးဘူး ။ မျက်မှောင် ကုတ်တာရယ်လို့လည်း မဟုတ်ဘူး ”
ဆရာအိုကယ်က ပြောရင်း တသိမ့်သိမ့်ရယ်တယ် ။ ရယ်ရင်း ဆက်ပြောပါတယ် ။
“ ခပ်တည်တည်ပဲ ။ စကားလည်း မပြောဘူး ”
ဒီအချိန်မှာ ဆရာဦးမြင့်မောင်ကတော် ဒေါ်ခင်မေက ရယ်တယ် ။ ဆရာ အိုကယ်လည်း ရယ်တယ် ။
“ ဆရာ့ စိတ်ထဲမှာ သူ ကျေနပ်သွားတယ်လို့ ထင်သလား ”
ကျွန်တော် မေးတော့ ဆရာအိုကယ်က ရယ်ပြန်တယ် ။ ပြီးမှ ဆက်ပြောတယ် ။
“ ဆိုတော့ သူ ဘယ်လို သဘောရသလဲ ဆိုတာ သိချင်တာပေါ့လေ ။ ဒီလို တီးရင် ရသလားလို့ မေးတယ် ၊ အဲဒီလို မရပါဘူးတဲ့ ”
ဆရာအိုကယ်က ပြုံးနေတယ် ။ ကျွန်တော်တို့ စကားဝိုင်းမှာ အတူ ရှိနေတဲ့ ဒေါ်ခင်မေရော ၊ စောင်းဆရာကြီးဦးမြင့်မောင်ရဲ့ သမီးတွေ ဖြစ်တဲ့ မတူး ရော ၊ မချို ရော ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။
“ ကောင်းပါပြီ ၊ ဒီလိုဆို ဘယ်နေရာ မှားသွားသလဲ ရှင်းပြပါလို့ ။ ဆရာက ဆရာပဲ ။ ကျွန်တော် သိတဲ့ တီးကွက်တွေက သူ မကြားဘူးတဲ့ တီးကွက်တွေ ”
အားလုံး ရယ်ကြပြန်တယ် ။
“ ကျွန်တော် ပတ္တလား တီးတာ တစ်မျိုးကြီး ဖြစ်နေတော့ ဘယ်လို မှားတယ် ၊ ဘယ်လို မဆီလျော်သလဲ ပြောပြဖို့ ပြဿနာကြီး ဖြစ်နေပုံ ရတယ် ။ နောက်ဆုံးပိတ် ကိုမြင့်မောင်က သိပ်ဉာဏ်ကောင်းတယ် ၊ သူက ခဏ စဉ်းစားပြီးတော့မှ ဘယ်လို ပြောသလဲ ဆိုတော့ ၊ တစ်အချက်ကတဲ့ ၊ မင်း တီးတဲ့ တီးကွက်ထဲမှာ အသံ တချို့ဟာ ( မြန်မာ့ဆိုင်းဝိုင်း ) ပတ်ဝိုင်း ထဲမှာ ပါမှာ မဟုတ်ဘူး ။ ပတ်ဝိုင်းထဲ မပါတဲ့အသံ ထိလိုက်တော့ ကြောင် သွားတယ် ။ နောက်တစ်ချက်က တေးသွား အတက်အမြင့် ၊ အချိတ်အဆက်က မြန်မာ မဆန်ဘူး ။ အနောက်တိုင်း ဆန်တယ်တဲ့ ။ ကျွန်တော်ကလည်း အနောက်တိုင်းဂီတပဲ တီးဖူးတော့ ၊ အနောက်တိုင်းသံ ဂီတပဲ ထွက်နေမှာပဲ ။ အဲဒါ ခုအထိ မှတ်မိနေတယ် ။ ၁၉၆၁ ခုနှစ် ကတည်းက ကိုမြင့်မောင် အဲဒီလို ပြောပြတာ သိပ်ကျေးဇူးတင်တယ် ၊ မြန်မာဆန်ဆန် တီးတတ်အောင် ဆက်သင်မယ်လို့ ဆုံးဖြတ်တယ် ”
“ ဆရာ ပတ္တလား ဘာတွေ တက်ခဲ့သလဲ ”
“ မြမန်းဂီရိ ၊ ဝေဘာဂီရိ တက်ခဲ့တယ် ။ မြန်မာဂီတကို ကျွန်တော် ဘာစိတ်ဝင်စားသလဲ ဆိုတော့ အဖွဲ့အနွဲ့ ၊ ပုံနှိပ်ပြီးသား ကြိုး ၁၃ ပုဒ်ကို ကိုမြင့်မောင် music notes ( ဂီတသင်္ကေတ ) နဲ့ ရေးထားတာတွေ ရှိတယ် ။ အဲဒါတွေကို လေ့လာတယ် ”
ဆရာအိုကယ် ပြောပြနေတဲ့ အချိန်မှာ ရေကန်ထဲ နေတဲ့ ဖားဟာ ကန်ထဲက ကြာဝတ်ဆံတွေရဲ့ အနံ့အရသာကို မသိရှိ မခံစားပေမယ့် အဝေးက ပျားတွေ ကတော့ လာရောက် ခံစားကြတယ် ဆိုတဲ့ စကားကို သတိရတယ် ။ ကျွန်တော်က ရေကန်ထဲကဖား ။
“ ဆရာ အင်းလေးကို သွားတာ ၁၉၆၁ ခုနှစ် ၊ ဘယ်လလဲ ”
“ ရေနည်းနည်း ကျနေတဲ့ အချိန် ၊ ဧပြီလလောက် အင်းလေး ရောက်သွားတာ ။ ကျွန်တော် ဘာကြောင့် မှတ်မိနေသလဲဆိုတော့ လှေလှော်ရတာ ကျွန်တော် အရမ်းပျော်တယ် ၊ ဆေးလိပ်ဝယ်ချင်တယ်ဆို လှေပေါ် တက်ပြီးတော့ လှေလှော်လိုက် ၊ ဆိုင်ရောက်ရင် ဆေးလိပ်တွေ ဝယ်ပြီး ပြန်လာလိုက် ၊ ပျော်တယ် ”
ကျွန်တော်က “ ဟုတ်ကဲ့ ” လိုက်ပြီး ထောက်ပေးတယ် ။
“ ဒါပေမဲ့ သိတဲ့အတိုင်းပဲ ၊ အင်းလေးက လူတွေက တစ်နှစ်လုံး လှေလှော် နေရတာ ။ ရေနည်းနည်းလေး ကျသွားတာနဲ့ လမ်းလျှောက်ချင်တာ ။ တစ်ခါတစ်ခါ ပြောတယ် ။ ဟာ ပွဲစားဖူးဆီ သွားလည်ရအောင် ။ ရေကျသွားပြီ ။ လမ်းလျှောက်သွား ရအောင် ဆိုရင် ကျွန်တော်က စိတ်ညစ်တယ် ။ တစ်ခါတစ်ခါတော့ သူတို့က လမ်းလျှောက်သွား ၊ ကျွန်တော်က လှေနဲ့ ပတ်သွား ”
ဆရာအိုကယ်ရဲ့ အသက်အရွယ်က နှစ် ၈ဝ နား ကပ်နေပြီ ။ ဒါပေမဲ့ သူ့ အတွက် ၂၇ နှစ်တုန်းက အကြောင်းတွေကို ပြန်ပြောပြနေတာမို့ သူ့ရုပ်သွင်က ပြန်လည် နုပျိုလာတယ် ။ သူ့မျက်နှာပေါ်မှာလည်း အပြုံးတွေ ဝေနေတယ် ။
“ အဲဒီတုန်းက ကျွန်တော် ကလည်း ငယ်သေးတော့ ငါးဖမ်းတာ ဝါသနာပါတယ် ။ သူတို့က ဝါသနာ ပါပေမယ့် သူတို့ အရပ် ဘုန်းကြီးကျောင်း ဆရာတော်က ငါးဖမ်းတာကို ဘယ်နည်းနဲ့မှ သည်းခံလို့ မရဘူး ။ အကြီးအကျယ် ကန့်ကွက်တယ် ။ ပြဿနာက အကြီးဆုံး ငါးတွေက အဲဒီ ဘုန်းကြီးကျောင်းရဲ့ အောက်မှာပဲ အောင်းလေ့ ရှိတယ် ။ အဲဒီတော့ ကာလသားတွေက ငါးကောင်းကောင်း ဖမ်းချင်ရင် အဲဒီကျောင်း အောက် အရဲစွန့်ပြီး သွားမှ ဖြစ်တယ် ”
ကျွန်တော်တို့ အားလုံး ဘုန်းကြီးကျောင်း အောက်ကို ငါးခိုးဖမ်းမယ့် လှေပေါ် မှာ ပါလာကြသလိုပဲ ၊ အသံမထွက်ရဲဘဲ ဆရာ ပြောတာ နားထောင် နေကြတယ် ။
“ လှေက ကျောင်းတိုင်ကြီးနဲ့ မတိုက်မိဖို့ ဂရုစိုက်ရတယ် ။ လှော်တက် ကိုင်တဲ့ လူက အသံ မမြည်အောင် ဖြည်းဖြည်းချင်း လှော်ရတာ ။ ညမှာ ဘုန်းကြီးကျောင်း အောက်ကို သွားတယ် ။ ပွဲစားဖူးက လှေဦးမှာ မှိန်းသုံးခွနဲ့ ထိုင်လာတယ် ။ စကားလုံးဝ မပြောရဘူး ။ အသက်ကိုတောင် သာသာလေးပဲ ရှူရတယ် ။ လက်နှိပ်မီးနဲ့ ရေထဲကို ထိုး ၊ ငါးကို တွေ့တော့ ဖျောက်ခနဲ ထိုးလိုက်တာ ။ မှိန်းဖျားမှာ ငါး ပါလာတယ် ။ ငါးကို လှေဝမ်းထဲ ချလိုက်တော့ ဖလပ်ဖလပ်နဲ့ ကြားနေရတာ ။ ဘုန်းကြီး ကြားပါလိမ့်မယ် ။ ဖိထား ဖိထား ”
ဆရာအိုကယ်က ရယ်လည်း ရယ် ၊ ထိုင်နေရာက လက်နှစ်ဖက်နဲ့ ငါးကို ဖိကိုင်ထားပုံ လုပ်ပြတယ် ။ ကျွန်တော်တို့လည်း သူ့ပုံကို ကြည့်ပြီး ရယ်မိကြတယ် ။
“ မြန်မြန် … မြန်မြန် ၊ လှေလှော်ပြီး ကျောင်းအောက်က ထွက်ပြေးတာ ။ သိပ်ပျော်စရာ ကောင်းတယ် ”
“ ငါးကို ဖမ်းပြီး ဘာလုပ်သလဲ ”
“ ငါးကို ချောင်းကမ်းဘေးမှာပဲ ကြယ်တွေ ၊ လတွေ အောက်မှာ မီးကင်လိုက် ၊ ဖဲ့စားလိုက် ၊ ရယ်စရာ ပြောလိုက်နဲ့ ကျွန်တော့် တစ်သက်မှာ မမေ့နိုင်တော့ပါဘူး ။ ကိုမြင့်မောင်က သူ့ အင်းလေးက သူငယ်ချင်းတွေနဲ့ မကြာခဏပဲ ရယ်စရာပြောကြတာပဲ ။ ချစ်စရာကောင်းတဲ့ အင်းသားအသုံးအနှုန်း ၊ အင်းသားအချင်းချင်း နှုတ်ဆက်ပုံ ၊ အချင်းချင်းဆဲပုံ ၊ အင်းသားပုံပြင်တွေကို ကိုမြင့်မောင်တို့က ပြောလို့ မဆုံးဘူး ”
“ ဆရာဦးမြင့်မောင် လန်ဒန် လာသေးတယ်နော် ”
“ ကိုမြင့်မောင် လန်ဒန် လာတာက နိုင်ငံတကာ ဂီတပွဲမှာ စောင်းတီးဖို့ လာတာပါ ။ နိုင်ငံ တော်တော်များများမှာ ရှင်ဘုရင် နန်းတော်တွေ ရှိတဲ့ နိုင်ငံတွေမှာ ဘယ်လို ဂီတတီးကြသလဲ ဆိုတာ လူတွေကို တင်ဆက်ချင်လို့ အင်မတန် ခံ့ညားတဲ့ အင်္ဂလန်မှာ အကျော်ကြားဆုံး ဖြစ်တဲ့ RoyalFestival Hall ဆိုတဲ့ ခန်းမကြီးမှာပါ ။ အဲဒီမှာ ပွဲနှစ်ပွဲ တီးရတယ် ။ ကိုမြင့်မောင်ရယ် ၊ သူနဲ့ ပါလာတဲ့ စောင်းဆရာ ဦးသက်ဝေ တို့ နှစ်ယောက် ကျွန်တော်တို့ အိမ်မှာ တည်းတယ် ။ ပွဲက စီစဉ်ပေးတဲ့ ဟိုတယ်မှာ မနေဘူး ။ ကိုမြင့်မောင်တို့ နှစ်ယောက်က ပရိသတ် မမြင်ဖူးတဲ့ မြန်မာပုဆိုးနဲ့ ခေါင်း ပေါင်းနဲ့ ပျံနေအောင် ဝတ်ဆင် ထားပြီး ဇာတ်စင်ပေါ် တက်လာတဲ့ အခါ ပရိသတ်က ပထမတော့ လက်ခုပ်တီးပြီး ကြိုဆိုကြတယ် ။ ပြီးတော့ ကိုမြင့်မောင်တို့ တီးမယ့်သီချင်း တွေကို တစ်စမကျန် နားထောင်နိုင်အောင် တစ်ခါတည်း ငြိမ်သက်သွားတယ် ”
ဆရာအိုကယ်ကို ကျွန်တော် တွေ့ဆုံမေးမြန်း နေတာက မန္တလေးမြို့က စောင်းဆရာကြီးဦးမြင့်မောင်ရဲ့ နေအိမ်မှာပါ ။ ဆရာအိုကယ်က မကြာခဏ မြန်မာနိုင်ငံကို ပြန်လာလေ့ရှိပြီး လာတိုင်းလည်း သူ့မိတ်ဆွေကြီး စောင်းဦးမြင့်မောင်ရဲ့ အိမ်ကို လာတယ် ။ သူတို့ချင်း မိသားစုလို ဖြစ်နေကြပြီ ။
ဆရာဦးမြင့်မောင် ကွယ်လွန်တာ ဆယ်နှစ် ရှိပြီ ဖြစ်ပေမယ့် အိမ်ထဲမှာ အငွေ့ အသက်တွေက ရှိနေဆဲ ။ ဓာတ်ပုံတွေ ၊ တူရိယာပစ္စည်းတွေ ၊ ဂုဏ်ပြုလွှာတွေ ၊ စာရွက်စာတမ်းတွေ ။ ဆရာအိုကယ် ကလည်း စောင်းဆရာကြီးကို အမှတ်ရနေပုံရတယ် ။
“ လန်ဒန်မှာ ကားနဲ့ ဟိုဟိုဒီဒီ သွားလာနေတုန်း ကိုမြင့်မောင် သဘောကျတာ တစ်ခု ကျွန်တော် အမှတ်ရသေးတယ် ။ ဘာလဲဆိုလို့ရှိရင် ကားမောင်းသူတွေက ဟွန်းမတီးဘဲနဲ့ တခြား မောင်းသူတွေကိုရော ၊ ခြေလျင်သမားတွေကိုရော လက်ဟန်ခြေဟန်နဲ့ အချက်ပေးလေ့ ရှိတာပါပဲ ။ ဥပမာ - လမ်းဖြတ်လိုက် ၊ ကျွန်တော် စောင့်နေမယ် ။ အရင်မောင်းနှင့် ကျွန်တော် ဒီမှာ ရပ်မယ် ။ အခုလို ထွက်ခွင့်ပြုတာကို ကျေးဇူးတင်ပါတယ် စတဲ့ အချက်ကလေးတွေ ။ လူဝေးလို့ ဖြစ်ဖြစ် ၊ ကားသံများလို့ ဖြစ်ဖြစ် စကားနဲ့ ပြောမရတာတွေ လက်ပြလိုက် ၊ ဆလံပေးလိုက်နဲ့ အချင်းချင်း နားလည်အောင် ယဉ်ယဉ်ကျေးကျေး အသိပေးလိုက်ကြတာကို ကိုမြင့်မောင်က မကြာခဏ ချီးမွမ်းတာပါပဲ ”
“ ဆရာက လန်ဒန်တက္ကသိုလ် ၊ SOAS ( School of Oriental and African Studies ) မြန်မာစာဌာနမှာ ဘယ်အချိန်အထိ လုပ်ခဲ့သလဲ ”
“ ၁၉၅၉ ခုနှစ်မှာ အလုပ် စဝင်တယ် ။ ၁၉၉၉ ခုနှစ်အထိ ။ အဲဒီတုန်းက အသက် ၆၅ နှစ် ပြည့်တော့ ကျွန်တော် အငြိမ်းစား မယူမနေရ ဖြစ်သွားတယ် ။ ကျွန်တော် ကတော့ မယူချင်ဘူး ။ သိပ်ပျော်နေတာ ”
ဆရာအိုကယ် ကတော့ ပြောရင်းရယ်တယ် ။ သူက ရွှင်ရွှင်လန်းလန်း နေတတ်တယ် ။
ဆရာအိုကယ်က လန်ဒန်တက္ကသိုလ် မြန်မာစာဌာနက အငြိမ်းစားယူပြီး ပေမယ့် မြန်မာသံယောဇဉ်က ကြီးမားဆဲ ၊ မြန်မာနိုင်ငံကို မကြာခဏ လာရောက်နေဆဲပဲ ဖြစ်ပါတယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ
No comments:
Post a Comment