Tuesday, May 12, 2026

အခစားလင်


❝ အခစားလင် ❞
( ဆွေဝင်းနီ - ပွင့်ဖြူ )

“ ဒီမှာကြည့် ”

ဆိုပြီး အတောင်ပံနှစ်ဖက်ကြား ‘ လက်ညှိုးနှင့် လက်မ ’ သွင်းလိုက်၏ ။ ‘ ဗြုတ် ’ ခနဲ အသံကြားလိုက်ရ၏ ။

အော်နိုင်ဖို့ မပြောနှင့် ၊ သေခါနီး အတောင်ပံနှစ်ဖက် ခတ်တာတို့ ၊ ခြေထောက်နှစ်ချောင်း ဆန့်ငင်ဆန့်ငင် ဖြစ်တာတို့ပင် မလုပ်နိုင် ။ အသက်ပင် ဘယ်က ထွက်သွားမှန်း မသိ ။ အကြောဆွဲသလို တစ်တွန့်နှစ်တွန့် လောက်သာ ဖြစ်ပြီး ငြိမ်ကျသွား၏ ။

“ မြင်တယ် မဟုတ်လား ၊ ဘယ်လောက် မီးသေထားလဲ ။ တော့်လိုသာ တကရော်တည်း ကရော်ပြီး တဗြုန်းဗြုန်း တဗျန်းဗျန်း ဖြစ်နေရင် မခက်လား ။ ပတ်ဝန်းကျင်ကိုလည်း အနှောင့်အယှက်ဖြစ်တယ် ။ ဒါမျိုးက လူကြားလို့ မသင့်တော်ဘူး ” 

ပါးစပ်ကလည်း ပွစိပွစိပြော ၊ လက်ကလည်း နမူနာလုပ်ပြနေလိုက်သည်မှာ တစ်ကောင်ပြီး တစ်ကောင် ။ ပြီးတာနှင့် အိမ်ခန်းထဲ လှမ်းပစ်ထည့်နေတာများ သေချာမှ သေချာ ။ ကြမ်းပြင်နှင့် ထိတွေ့သည့် တဘုတ်ဘုတ် အသံက လွဲပြီး တစ်ကောင် တစ်မြီးမှ အမွေးခတ်သံပင် မကြားရ ။ မီးသေလိုက်သမှ ပြောသလိုတိကျ ၊ လုပ်သလို ပိုင်နိုင်လွန်းသည့် မိန်းမ ။ ကိုရင်နန်း ကြက်သီးလည်း ထ ၊ လက်ဖျားလည်း ခါမိရဲ့ ။ အထူးအဆန်း မဟုတ်ပါဘဲ အရူးအနှမ်းလို ပြူးပြူးကြောင်ကြောင်နှင့် တအံ့တသြ ကြည့်နေမိ၏ ။ သည်လိုပါပဲ ။ သူလုပ်ပုံ အထာမကျလွန်းသည့်အခါ မကြာခဏ လုပ်ပြနေကျ ။ သည်နေ့ကျမှ သူ့စိတ်တွေ ဘာဖြစ်နေသည်မသိ ။ ‘ ဟင်းကောင် ’ တွေကို ကြည့်ရင်း ကြည့်ရင်း ရင်တွေတုန်လာ၏ ။ နှလုံးတွေ အခုန်မြန်လာ၏ ။ သနားတာလား ၊ ကြောက်တာလား ခွဲခြားရ ခက်လှသည့် ဝေဒနာတွေက အသက်ရှူကျပ်သလိုလို လှိုက်မော ဆို့တက်လာ၏ ။ သူတစ်ပါး အသက်တွေ သူတို့ နှစ်ယောက် လက်ဖျား၌ ပန်းလေးတွေပမာ ကြွေလွင့်နေရသည်မှာ နေ့စဉ် ... ။ အဘယ် မွေးညင်းပေါက်တွေကမှန်းတော့ မပြောတတ် ။ ထိုအသိတွေ ၊ သတိတွေသည် ရံဖန်ရံခါ ဆိုသလို ကိုရင်နန်း မခေါ် ပါဘဲ ခိုးကြောင်ခိုးဝှက် ဝင်လာကြသည် ။ ထိုအခါမျိုးတွင် သူ့လက်တွေမှာ သူ စီရင်ခဲ့သည့် သူတစ်ပါးဝိညာဉ်တွေ ဝိုင်းပြီး ခိုစီးနေကြသလို လေးလံနေတတ်၏ ။ သူ ဆက်မလုပ်ချင်တော့ ၊ ထွက်သာ ပြေးချင်နေမိ၏ ။

သို့သော် ...

ကိုရင်နန်း ထိုမိန်းမကို မခွဲနိုင် ။

“ ဘာကြောင်ကြည့်နေတာလဲ ၊ ဆက်လုပ်လေ ။ တော့် ပုံစံကလည်း ဟင်း ... မပြောလိုက်ချင်ဘူး ။ လာ ... ဒီကလေးကလည်း တစ်မျိုး ။ ကသီရတဲ့ ကြားထဲ ” 

သူ့ကို ငေါက်ဆတ်ဆတ်ကလေး လှမ်းပြောရင်း အနီးနားမှာ နို့စို့ချင်၍ ကပ်နေသော ကလေးကို ရင်ခွင်ထဲဆွဲထည့်ပြီး အင်္ကျီလှန်ပေး၏ ။ ဘက်ထရီ မီးရောင်ခပ်လဲ့လဲ့ အောက်က ‘ ဟင်းကောင် ’ တွေကို ကြည့်ပြီး ကိုရင်နန်း လက်တွန့်နေရခြင်း ဖြစ်၏ ။ နေ့စဉ်နှင့်အမျှ ရွာနီးစပ်ချုပ်တွေကို ‘ ဟင်းကောင် ’ ဝယ်ရာ သဲမာနောက် သူ လိုက်ရ၏ ။

အိမ်ပြန်ရောက်သည်နှင့် နားနားနေနေ မနေနိုင် ။ ထုံးစံအတိုင်း ‘ ဟင်းကောင် ’ တွေကို ချက်ချင်းစီရင်ရ၏ ။ သည်နေ့ကျမှ ဘာကြောင့် မှန်းမသိ အကုသိုလ်ဓာတ်က မလာ ။ သည်ကောင်တွေကိုသနားနေမိ၏ ။

“ ဟောတော် ... ဘာလုပ်နေတာတုံး ၊ ဒီလူ့ နှယ် လုပ်ပါဆိုကာမှ အေးတိအေးစက်နဲ့ ။ တော်ကြာ သူများ ဟင်းကောင်တွေပါ လုပ်ပေးရဦးမှာ ။ ဒီနေ့က ခါတိုင်းထက် ကသီမှန်း သိလျက်သားနဲ့ ဟို အကြီး ကောင်မလေး ရေနွေးအိုး မဆူသေးဘူးလား ။ ဆူရင် ဒီမှာ လုပ်ပြီးသား ဟင်းကောင်တွေ လာယူလေ ။ မြန်မြန်လေးဟေ့ မြန်မြန်လေး ။ ဒီကောင်လေးကလည်း မှန်းစမ်း ... မပြီးနိုင်ဘူး ”

ပါးစပ်က ရေပက်မဝင် ပြောလိုက်ပြန်ကာ နို့စို့နေသည့်ကလေးကို ရင်ခွင်ထဲ ကနေ ကြမ်းပြင်ပေါ် ချလိုက်သည် ။

“ အေးပါဟာ .. အေးပါ ခဏနော် သဲမာ ခဏ ” 

ကိုရင်နန်းသည် ပုလင်းပြားလေးကို ဆွဲကာ အိမ်ပေါ် ကနေ ကသုတ်ကရက် ဆင်း ပြေး၏ ။

“ ဆိုင်ကနေ မူးအောင်လည်း လုပ်မလာနဲ့ဦး ။ အလုပ်ပြီးမှ ကိုယ့်အိမ်မှာ ကိုယ် အေးအေးဆေးဆေး သောက် ” ဟူသည့် သဲမာ လှမ်းအော်သံက ထုံးစံအတိုင်း ဟိုဘက်တစ်လမ်းကျော် အရက်ဆိုင်ကတောင် ကြားရမည်မှာ မလွဲ ။ အပြောလွတ် ။

“ အိမ်ကနေ တမှာတည်း မှာ နေတာတောင် မင်းက လာလိုက်ရင် အပိုလေးနဲ့ ၊ သဲမာ အလေးကို မမြည်းရသေးဘူးနဲ့ တူတယ် ” ဆိုပြီး အရက်ဆိုင်ပိုင်ရှင် ဦးလေးရှစ်ချောင်း က စ,နောက်နေကျ အတိုင်း ဆီးပြောဦးမှာ ။

အရင် ယောက်ျားတုန်းကလည်း ပြောမရသဖြင့် သဲမာက စိတ်တိုပြီး အလေးနှင့် ဆွဲပစ်ပေါက်ရာ ခေါင်းမှာ လေးချက်တောင် ချုပ်ရဖူး ကြောင်း ဦးလေးရှစ်ချောင်း က ပြောပြ၍ သိရ၏ ။

••••• ••••• •••••

နဂိုကမှ မိန်းမပုံစံနှင့် ယောက်ျားဆန်ရသည့် အထဲ ဟင်းကောင်တွေကို ကိုယ် တိုင် လုပ်နေရသဖြင့် စိတ် ကြမ်းလူကြမ်း ဖြစ်လာရလေသလား မသိ ။ သဲမာ ဆို သည့်အတိုင်း နာမည်နှင့် လိုက်အောင် အသည်းက မာ လွန်းလှသည် ။ အကြောင်း မသိလျှင် မထင်ချင်စရာ ။

သဲမာ ဘဝအကျိုးပေးနှင့် သဲမာ ဆုတောင်းက တခြားစီ ။ မျက်ခုံးလေးကဆို ဆွဲထားသလား အောက်မေ့ရ ၊ သေးသေးနက်နက် တန်းတန်းလေး ။ မို့မို့အစ်အစ် မျက်ခွံအောက်က မျက်ဝန်းလဲ့ပြာပြာလေးကလည်း ကြည့်ဦး ၊ ကြယ်စင်လေးလို ရွှန်းလဲ့တောက်ပလို့ ။ နှာတံလေးက ပေါ်ပေါ် ၊ ပုံ့ပုံ့ပို့ပို့ ပါးအစုံလေးနှင့် နှင်းဆီဖူးငုံ နှုတ်ခမ်းအစုံလေးကလည်း ချယ်ရီရောင် ဖျော့ဖျော့လေး သန်းနေရဲ့ ။ အသားက ညိုညက်ညက် ၊ ကိုယ်လုံးပေါက်က ဘတုတ် ဘတက်နှင့် တောင့်တင်းဖွံ့ ဖြိုးပြီး မြင်ရသူ ဖိုသတ္တဝါ တွေ စွဲမက်လောက်စရာ ။ ယောက်ျားနှစ်ယောက် ရဖူး သည့် ကလေးနှစ်ယောက် အမေ နှင့်ပင် မတူ ။ ခွဲနိုင် ခွာနိုင်ဖို့ မပြောနှင့် ၊ ကိုရင်နန်း ခမျာ သဲမာကို မျက်စိအောက်ကနေ အပျောက်မခံနိုင်အောင်ပင် ချစ်ခင်စွဲလမ်းနေရ၏ ။ ကိုရင်နန်း အိမ်ပြန်ရောက်တော့ သဲမာသည် ဟင်းကောင်တွေကို ဆက်လုပ်နေတာ တွေ့ရ၏ ။

နောက်ထပ် ဟင်းကောင်တွေလည်း တိုးလာပုံ ။ စောစောကတည်းကထက် ပိုပြီး များလာ၏ ။

“ တော့်မလဲ တစ်ဒုက္ခ ၊ ဒါလောက်ကလေးကိုပဲ ရဲဆေး တင်နေရတယ် ။ ယောက်ျားရင့်မာကြီး လုပ်နေပြီး ဟင်း ... မပြောချင်ဘူး ။ ဒီမှာ တိရစ္ဆာန်ဖြစ်ရပြီ ဆိုကတည်းက လူလောက် ဆုတောင်းမကောင်းလို့ ။ သတ္တဝါ လူချွတ်မှ ကျွတ် သတဲ့ ၊ တော်မကြားဖူးဘူး လား ။ အခုလို လုပ်ပေးတာ သူတို့ကို သနားရာတောင် ရောက်သေး ။ ရော့ ဆက် လုပ် ၊ ကျုပ်က လင်ယူတာ ၊ အိမ်ကို ဘုန်းကြီးပင့်ထားတာ မဟုတ်ဘူး ”

သဲမာသည် ပါးစပ်က ပွစိပွစိဆီးပြောရင်း သူ့ရှေ့ကို ဟင်းကောင်တွေ ထိုးပေးသည် ။ သူ ကောက်လိုက်တာနှင့် ဟင်းကောင်သည် ကရော်ကရော် ဆိုပြီး အော်ရင်းရုန်းကန်၏ ။

“ ဟေ့လူ အသံ မထွက်စေနဲ့လေ ” 

သဲမာက လှမ်းငေါက်၏ ။

“ ခု ထက်ထိကို သောက်ချိုးမကျ နိုင်ဘူး ။ ဒီမှာကြည့် ” ဟု ဆိုကာ လုပ်ပြပြန်သည် ။

“ ဟင်းကောင်ကို ကောက်ကိုင်လိုက်တာနဲ့ ဒီလို အတောင်နှစ်ဖက်ကိုပါ အုပ်ကိုင်ရတယ် ။ ပြီးတော့ ဟောသလို ရင်အုပ်ကနေ အသာ ပြောင်းကိုင် ၊ ညာလက်နဲ့ ကျောကုန်းကနေ ငြိမ်သွားအောင် အမွေးလေးတွေကို တစ်ချက်နှစ်ချက် ပွတ်သပ် ချော့မြူပြီးမှ လက်ညှိုးနဲ့ လက်မကို အတောင်နှစ်ဖက်ကြား ထိုးသွင်း ။ ဆတ်ခနဲ ဖိကုတ်ဆွဲလိုက်ရတယ် ။ လက်သည်းရာလည်း မထင်စေနဲ့ဦး ။ အဲဒီနေရာမှာ အဆုတ်ရှိတယ် ။ ဒါကြောင့် အဆုတ်ပျက်စီးသွားလို့ အသက်ရှူလမ်းကြောင်းပိတ်ပြီး ညင်ညင်သာသာ ကိစ္စပြီး သွားတဲ့သဘော ။ သေချာလုပ် ၊ ရော့ ” 

ကိုရင်နန်းသည် သဲမာ ပြသလို လက်တွေ့ လုပ်ပြလိုက်သည် ။ ရုန်းရင်းဆန်ခတ် မဖြစ်တော့သော်လည်း သဲမာလောက်တော့ မသေသပ်သေး ။

သို့ပေမို့ ထင်၏ ။ သက်ပြင်းတချချနှင့် “ သေချာအောင်လုပ် ၊ သေချာအောင်လုပ် ” ဆိုပြီး သဲမာသည် လုပ်ပြီးသား ဟင်းကောင်တွေကို လက်နှစ်ဖက်နှင့် စုကိုင်ဆွဲပြီး အိမ်အောက်ကို ဆင်းသွားသည် ။ မတတ်နိုင် ။ တဖြည်းဖြည်းမှ ကျွမ်းကျင်သွားလိမ့်မည်ဟု သဘောထားလိုက်၏ ။ ကိုရင်နန်း အိမ်မှာ ကိုယ် စားဖို့ လုပ်ဖူးတာက အသံထွက်တာ ၊ ဒဏ်ရာထင်တာ ပြဿနာ မရှိ ။ ဟင်းကောင်၏ လည်ပင်းကို အတောင်နှစ်ဖက်ကြား သွင်း ၊ ကြက်ခြေခတ် ဆွဲလိမ်ပြီး သဲမာ ပြောသည့် အဆုတ်နေရာကို ထင်းစနှင့် နှစ်ချက်သုံးချက်လောက် ဆင့်ရိုက်ပစ်လိုက်တာပဲ ။ ခြေထောက်နှစ်ချောင်း ဆန့်ငင်ဆန့်ငင် ဖြစ်ရင်း ခဏနေ ကိစ္စပြီးကရော ။ အခုတော့ လက်ဝင်လိုက်တာမှ အလွန် ။

အိမ်အောက်မှ ဒန်အိုးကြီးကြီးနှင့် ရေနွေးအိုး တည်ပြီး ဟင်းကောင်ကို ရေနွေးဖျော ၊ အမွေးနုတ် နေနှင့်သူ သမီးအကြီးဆုံးမလေး ။ အသက်က ရှစ်နှစ်တောင် မပြည့်သေး ။ လုပ်ရသည်က အရွယ်နှင့် မလိုက် ။ စိတ်တိုင်း မကျလျှင် အဆူအပူ အခေါက်အထစ် ခံရသည်က မကြာခဏ ။ သည်ကလေး မလေးခမျာ ကျောင်းဆိုသည်မှာ ဘယ်နေမှန်း မသိ ။

သဲမာ ကလည်း ကူညီရန် ဟင်းကောင်တွေနှင့် အိမ် အောက် ဆင်းသွားခြင်းဖြစ် ၏ ။ တစ်မိသားစုလုံး ဘဝနွံ ထဲ နစ်နေလိုက်ကြသည်မှာ အောက်ကြမ်းပြင်က ငရဲပြည် ဖြစ်လိမ့်မည် ထင်ပါရဲ့ ။ လောကမှာ ဘဝနွံထဲ နစ်နေ ကြသူတွေချင်း အတူတူ တချို့က ဖော့ထားနိုင်ပြီး တချို့က လှုပ်လေ မြုပ်လေဖြစ်နေကြ ။ ကိုရင်နန်း နှင့် သဲမာ တို့လို နေ့စဉ် မလွတ်တမ်း အကုသိုလ်ကို မိတ်ဖွဲ့နေရသူတွေ အဖို့ ပိုပြီးလေးအောင် ကျောက်ခဲဆွဲနေသည့် အလား နွံ အကြိုက်ဘဝတွေ ။

သဲမာ ကသာ ပြန်ချစ်မည်ဆိုပါလျှင် သေမှ ကျမည့် ငရဲဆိုတာ ထားဦး ၊ သည် လူ့ဘုံမှာတင် သဲမာနှင့် လက်တွဲပြီး မီးပုံထဲကိုတောင် ခုန်ဆင်းကာ သေပွဲဝင်ရဲသည်ဟူ သော ချစ်ခြင်း၏ စာဖွဲ့စကားတွေ လွန်လွန်ကြူးကြူး ဝန်ခံခဲ့ဖူးသည့် ကိုရင်နန်း ။ အခုတော့ လက်ပေါ်ကျသည့် ဖယောင်းစက်အပူကလေးမျှ လောက်ကိုပင် ပူတတ်လာချေပြီ ။ သို့ပါသော်လည်း သဲမာ အပေါ် မခွဲနိုင်သည့် စွဲလမ်းစိတ်က အကုသိုလ်ကို အနိုင်ယူထားသလိုလို ။ သွေးကြောထဲ ချော်ရည်တွေ စီး ဆင်းနေသည့်အလား နှလုံးသားတွေ ဆူပွက်လာပြီး နားရွက်တွေ ထူပူလာ၏ ။ ခေါင်းထဲမှာလည်း တရိပ်ရိပ် မူးယစ်လာ၏ ။ ဟင်းကောင်တွေကလည်း သူ့ မျက်လုံးထဲမှာ လှုပ်ရှားနေသဖြင့် စိန်ခေါ်နေသလို ထင်လာ၏ ။

“ သင်းတို့က ငါ့ကို စမ်းတာလား ။ အေး ... ပြရသေးတာပေါ့ ကွာ ။ ငါ့အကြောင်းကို ... ” ဆိုပြီး ကိုရင်နန်း စိတ်ထဲ ဒေါသတွေ ပူးကပ်လာကာ လက်ရဲဇက်ရဲ ဖြစ်လာ၏ ။ ဟင်းကောင်တွေကို ရန်သူ ထင်လာ၏ ။ အရက်တန်ခိုး တွေ ပြလာသည့်သဘော ။ တွေဝေဝန်လေးနေခြင်း မရှိတော့ဘဲ တစ်ကောင်ပြီး တစ်ကောင် ။

“ ကြည့်စမ်း လုပ်လိုက်ရင် ဒီကောင်မလေး ပေါ့ရွှတ်ရွှတ်နဲ့ စိတ်ကို မချရဘူး ။ ဒီ အမွေးနုလေးတွေပါ ပြောင် အောင် သပ်သပ်ပြီး နုတ်ရ တယ်ဆိုတာ သင်ထားလျက် သားနဲ့ ။ ကြည့်ဦး ... ကျန်နေ တယ် ။ ဘက်ထရီကလည်း အားနည်းနေလား မသိဘူး ။ နောက်နေ့ကျ အားသွင်းဆိုင် ပို့လိုက်ဦး ။ ငေးမနေနဲ့လေ ၊ ဟိုမှာ မီးသေတော့မယ် ။ ထင်းထပ်ဖြည့်မှပေါ့ ၊ အိုးထဲ လည်း ရေနည်းနေလား ကြည့် ။ အိမ်ပေါ်က လူရေ လုပ်ပြီးသားတွေ အောက်ကို အရင် လာပို့လှည့်ဦး ”

••••• ••••• •••••

ကိုရင်နန်းနှင့် သဲမာ ကလည်း လင်မယားလို့သာ ဆိုတာပါ ။ ရပ်သိရွာသိ အုပ်တင် တောင်းရမ်းထားတာမျိုး မရှိခဲ့ ။ ရပ်မိရပ်ဖတွေကနေ တစ်ဆင့် မိဘချင်း နား ဖောက်တာတို့ ၊ ကန်တော့ပေး ကန်တော့ခံတို့ ၊ ရွှေကြိုးတားခြင်း နှင့် ခဲကြေး ဟူသည်တို့ စသဖြင့် မင်္ဂလာလက္ခဏာ အင်္ဂါရပ်ထုံးစံ ဘာတစ်ခုမှ မရှိခဲ့သောသူနှစ်ယောက် ။

ကိုရင်နန်း၏ ရွာနှင့် မိဘအသိုင်းအဝိုင်းကဆို မိန်းမရနေသည်ဟုပင် မထင် ။

မြို့ ဟင်းကောင်ဒိုင် တစ်ခုမှာ အလုပ်သွားလုပ်နေသည့် သဘောသာ လက်ခံထားကြ ၏ ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ထုံးစံအတိုင်း ပါဏာတိ ပါတကံ ပြစ်မှုထိုက်သည့် အလုပ် သိကြသော်လည်း ကိုရင်နန်း ကို မတားကြ ။ အိမ်မှာ နေလည်း ငါးပါးသီလ တစ်ပါးမှ မလုံသူဟု ပြောရမလောက် ။ မိဘ အဆုံးအမလည်း မခံ ။ အလုပ်လုပ်မှ ပါးစပ်လှုပ်ရသည့် မိသားစု စားဝတ်နေရေးကိုလည်း ပြန် စောင်းမခတ် ။ ရသမျှ လုပ်အားခ အရက်ဆိုင်ပဲ ပူဇော်နေတာ ။

သည်ကြားထဲ အရက်ကြွေးက နောက်လိုက် မလွတ် ။ မူးပြီး ဘယ်အချိန် ပြဿနာတက်လာဦးမလဲ ပူပန်ရသည်မှာလည်း နေ့စဉ် ။ ပြောမရ ဆိုမရ ပေယျာလကန် ကံထားရသည့်အတူတူ သူ့ ဘဝသူ ဘယ်လို မောင်းမောင်း ၊ ဘယ်လို ကျောင်းကျောင်း ၊ သူ့ဘာသာသူ စိတ်တိုင်းကျ အဆင်ပြေလျှင် ပြီးရော ဆိုပြီး ကိုရင်နန်းကို လွှတ်ထားလိုက်ခြင်းဖြစ်သည် ။

သဲမာ ကျ ထိုသို့ မဟုတ် ။ ဘဝအကျိုးပေးက ပတ်ဝန်းကျင် ရေအလျဉ်အတိုင်း စီးမျောနေရသော်လည်း သူမဘဝ သူမ ဘယ်ကမ်း တင်တင် ၊ ဘယ်သောင် ဆိုက်ဆိုက် မထူးပိုက်ထားခြင်းမျိုး မရှိ ။ ကြုံသလို ရင်ဆိုင်တတ်အောင် လောကဓံက သင်ကြားပေးလိုက်ပြီးသား ။ သည်တော့ မိန်းမဟူသည့် ဆင်ခြေ သဲမာ ထံတွင် ရှိမနေ ။ ယောက်ျားတစ်ယောက်ထက် သာသည့် လူသားသတ္တိတွေသာ ပြည့်ဝနေသူဟု သတ်မှတ်ရမည်လား မသိ ။ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုသည် ကုသိုလ် ၊ အကုသိုလ်ဖြစ် မဖြစ်ထက် သူတစ်ပါး ပစ္စည်းဥစ္စာ ခိုးယူ စားသောက် လိုသည့် အချောင်စိတ် မရှိဖို့ဘဲ အဓိက ဟူ၍သာ ခံယူထားပုံ ။ သူမ ထိုအလုပ်နှင့် ပတ်သက်ပြီး ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ကြပါစေ သဲမာ ကတော့ သူမကိုယ်သူမ အောက်ကျ နောက်ကျနိုင်သည် မထင် ၊ ဂုဏ်တောင်ယူမိသေး၏ ။

မရှိတော့သည့် မိဘနှစ်ပါး ကိုလည်း တွေးမိတိုင်း ကျေးဇူးတင်နေမိသည်မှာ နေ့စဉ်နှင့် အမျှ ။ မိမွေဖမွေဆိုသည်မှာ တန်ဖိုးထားတတ်လျှင် မြတ်သည်ဟု သဲမာက ယုံကြည်ထား၏ ။ သည် အလုပ်နှင့်ပဲ မိဘတွေက လူ ဖြစ်အောင် ငရဲ မကြောက် ငအုံ မကြောက် လုပ်ကိုင်ကျွေးခဲ့၏ ။ သဲမာ ကတော့ မိဘတွေ၏ သည်ကျေးဇူးကို အပြစ် မြင်ဖို့ မပြောနှင့် ၊ ဘယ်တော့မှ လည်း စော်ကားလိမ့်မည် မဟုတ် ။ တချို့သားသမီးတွေလို မိဘ မွဲလို့ ငါ ဆင်းရဲရတာ ဟူသည့် မိဘ အပေါ် အပြစ်မြင် စော်ကားသည့် အတွေးမျိုး သဲမာ တစ်ခါမှ မဖြစ်ပေါ် ဖူးခဲ့ ။ မိဘအမွေဆိုသည်မှာ ပညာ ၊ ငွေကြေး ၊ စီးပွားဥစ္စာ ၊ ခြံမြေတိုက်တာတွေမှ မဟုတ်ဘဲ မိဘ၏ အသက်မွေးဝမ်း ကျောင်း အလုပ်သည်လည်း အမွေ အဖြစ် သဲမာ ယူဆ၏ ။

“ တော့်မိဘ ဆင်းရဲလို့ တော် အဆင်မပြေတာ မဟုတ်ဘူး ။ ကိုယ့်ဘဝကိုယ် မသိလို့ တော် မဖြေရှင်းတတ်တာပါ ။ အလကား ကိုယ်အသုံးမကျလို့ အရက်သမား ဖြစ်တဲ့ဟာ မိဘကို ဆွဲမထည့်နဲ့ ”

ကိုရင်နန်းက သူ အရက်သမား ဖြစ်ရပုံအကြောင်း ရင်ဖွင့်စဉ်က သဲမာ ပြန်ပြောခဲ့သည့်စကား ။ မိဘတွေဆင်းရဲတော့ စားဝတ်နေရေး မပြေလည် ၊ မပြေလည်လို့ အလုပ် လုပ်ရပြန်တော့လည်း ပင်ပင်ပန်းပန်းနှင့် စိတ်နွမ်းကိုယ်နွမ်း ။ ထိုပုံစံအတိုင်း ဖြတ်သန်းရသည်က နေ့စဉ် ။ လန်း ရသည့်ရက်ဟူ၍ မရှိ ။ အလုပ်ကြမ်းလူကြမ်းနှင့်ပဲ လုပ်ငန်းခွင်မှာ ကျင်လည်နေရ၏ ။ သည်တစ်သက် လွတ်မြောက် ရာမမြင်သောအခါ အရက် သည် တချို့လူတွေ လမ်းစဉ် အတိုင်း ထွက်ပေါက်ဖြစ်ခဲ့ရ ။ ဤသည်ကို ကိုရင်နန်းက သူ အရက်သမား ဖြစ်ရသည်မှာ မိဘတွေ ဆင်းရဲသောကြောင့် ဟူသည့် အကြောင်းပြချက်နှင့် ပတ်သက်ပြီး သဲမာ လုံးဝလက်မခံ ။ ရှင်းပြသော် လည်း ကိုရင်နန်း က နားမဝင် ၊ သူ့အထင် သူ့အစွဲက သူ့အသည်းမှာ အရက်လို စွဲနေပြီ ။

သဲမာလို မိဘကျေးဇူးကို မြင်အောင် မကြည့်တတ် သဲမာကလည်း အငြင်းအခုံ ဇွတ်ပြောဆိုတာမျိုး မလုပ် ပါ ။ ဘဝကို အရက်ဆွေး လိုက်အောင် မိုက်နေသည့် လူ တစ်ယောက် ၊ လိမ္မာလာဖို့ထက် သဲမာ လောကထဲမှာ အသုံးတည့် တန်ဖိုးရှိနေဖို့ပဲ လို၏ ။ သဲမာ အတွက် လူ လိမ္မာဖြစ်ရန် အဓိကမကျ ခိုးဆိုးလုယက် သ,တ်ဖြတ် သောင်းကျန်းနေသည့် လူစားမျိုး မဟုတ်လျှင် ပြီးရော သဘောထားသူ ။ လိမ္မာရေးခြား ရှိသူထက် ကိုရင်နန်း လို ပေတေ သောက်စားနေသည့် သူမျိုးနှင့်ပဲ သဲမာ လက်ရှိ ဘဝက ထိုက်တန်သည်ဟုသာ ခံယူထား၏ ။

အချစ် လည်း မလို  ၊ သဲမာမှာလည်း မရှိ ။ အချစ် အလိုလိုက်ခဲ့မိသဖြင့် သဲမာ ကလေး တစ်ယောက်နှင့် ကျန်ခဲ့၏ ။ ဘဝကော ၊ နှလုံးသားပါ ပုံပေးခဲ့ရာ သေလုမြောပါး ခံစားခဲ့ရသည် ။ အသက်ပင် အနိုင်နိုင် ကျန်၏ ။ ဒုတိယအိမ်ထောင်ကျတော့ သဲမာမှာ မိဘနှစ်ပါးစလုံး မရှိတော့ ။ လင်ပစ်မ ၊ မိဘမဲ့တစ်ကောင်ကြွက် ၊ တစ်ခုလပ်ဘဝမို့ မိန်း ကလေးသဘာဝ သိမ်ငယ် စိတ်က အားကိုးချင်မိတာ လား မသိ ။ ခြံလုံဖို့ စည်းရိုး ခတ်သလို တစ်ခုလပ်မ တစ် ယောက်၏ အရှက်သိက္ခာ အတွက် အကာအကွယ်ရလေ မလား ယူလိုက်မိပါ၏ ။ မထူး ။ အရင်လင် ဆိုးလို့ နောက်ထပ်ကိုး ၊ လင်သူခိုးနှင့် ညား ဆိုသလိုပဲ ။

သဲမာကို အခု နို့စို့ ကောင် ဗိုက်ငါးလနှင့် လက်ဆောင်ပေးခဲ့ပြီ ။ အဆစ်အဖြစ် စုထားသည့် ငွေစကြေးစထုပ် ကလေးပါ မ,ပြေးပါလေ ရော ။ နှလုံးသားကို မထိခိုက် ခဲ့သော်လည်း ဗိုက်ကိုတော့ ထိခိုက်သွား၏ ။ သဲမာ သူမ ကိုယ် သူမ သဘောပေါက်လိုက်ပြီ ။ ယောက်ျားတွေ သဲမာကို ချစ်သည်ကြိုက်သည်ဆိုခြင်းမှာ သဲမာ၏ ဘဝကို မဟုတ် ။ လူသာ ဖြစ်သည်ဟု ဆိုခြင်းကို ... ။

ထို့ကြောင့် သည်တစ်ခါ ကိုရင်နန်းကို လင်အဖြစ်  မယူတော့ဘဲ အလုပ်အကိုင် ၊ အသွားအလာ ၊ အနေအထိုင် အတွက် အဖော် အဖြစ်သာ ပေါင်းသင်းဆက်ဆံလိုက်၏ ။ ဟင်းကောင်ဝယ်က အပြန် တိုင်း နောက်ကနေ မူးမူးရူးရူး နှင့် ရည်းစားစကား လိုက်ပြောခဲ့စဉ်က သဲမာ တစ်ခွန်းပဲမေး ၊ တစ်ခွန်းပဲ ပြန်ပြောရင်း အဖြေ ပေးခဲ့သည် ။

“ ချစ်တာကြိုက်တာတွေလုပ်မနေနဲ့ ကိုရင်နန်း ၊ အဲဒါတွေ ကျုပ်အတွက် အပိုတွေ ။ ကျုပ် တစ်ခုပဲ မေးမယ် ။ ကျုပ် အလိုကျအတိုင်း တော် နေနိုင်လုပ်နိုင်လား စဉ်းစား ။ နေနိုင်လုပ်နိုင် တယ်ဆိုရင် တော် ကျုပ်နဲ့ အတူ လာနေလှည့် ”

••••• ••••• •••••

ကိုရင်နန်း အိမ်ကပြင်မှာ အရက်ကလေး တကျိုက် ကျိုက် ၊ အမြည်းလေး တမြိုက်မြိုက်နှင့် သဲမာ လာရာလမ်းကို မျှော်နေမိ၏ ။ ကိုရင်နန်း မျက်လုံးတွေက အိမ်ရှေ့အမှောင်ထဲဆီ စူးစိုက်လျက် ။ ကြောင်တစ်ကောင်လို ညအမှောင်တွင်း ထိုးဖောက် မြင်နိုင်စွမ်းလျှင်လည်း အကောင်းသား ။ ကိုရင်နန်း တို့ ရပ်ကွက်ကလေးက ဟင်းကောင်ဒိုင်အိမ်က လွဲပြီး လျှပ်စစ်မီးမရှိ ။ ရပ်ကွက်သာ ဆိုသည် ၊ ဆင်းရဲသား လက်လုပ်လက်စားတွေ ဖြစ်သလို တဲအိမ်လေးတွေနှင့် နေသူတွေက အများစု ။ ပြီးတော့ ရပ်ကွက်၏ အစွန်အဖျား ။ ကျူးကျော်ဆန်ဆန် ။

“ သဲမာ သွားရင်းကိစ္စ အဆင်ပြေပါစေ ”

စိတ်ထဲက အကြိမ်ကြိမ် ဆုတောင်းရင်း ကိုရင်နန်း တထိတ်ထိတ် ။

သဲမာ ပြောသွားသည့် စကားက သည်တစ်ညသာ ဆိုသော်လည်း ကိုရင်နန်း အဖို့ ကိန္နရီကိန္နရာလို ရက်ပေါင်း ခုနစ်ရာ လွမ်းရဆွေးရမည့် ကိန်း ။ မဖြစ် ။ ဘယ်လိုမှ မဖြစ် ။ တစ်ညတာ မပြောနှင့် သဲမာ အနားက တစ်ဖဝါးမှ မခွာနိုင် ။ နာရီမိနစ်စက္ကန့် အလစ်ဟင်းမခံနိုင် ။ ဖြစ်နိုင် လျှင် သဲမာ၏ အရိပ်လို နေ ချင်သူ ။

တစ်ရပ်ကွက်လုံး အိပ်မောကျနေပြီ ။

ညနှင့်အတူ တိတ်ဆိတ်ငြိမ်သက်နေရဲ့ ။

ဆင်းရဲသား လက်လုပ် လက်စားတို့၏ တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှ ည သည် မှေးစက်နားခိုရာဘဝ တွေ ။ သဲမာ ကလည်း ကြာ လွန်းလှ၏ ။ ညဉ့်နက်စ, တောင်ပြုနေပြီ ။ သက်ကြီး ခေါင်းချ ကြက်တွန်သံတွေ လည်း သဲ့သဲ့ ကြားနေရ၏ ။ သွားကြိုရလျှင် ကောင်းမည် လား ။ အဖော်မပါ ဘာမပါ ခြေလျင်ခရီး ၊ ညကြီးမင်းကြီး လည်း ဖြစ်ပြန် ၊ မြို့ထဲနှင့် မနီးမဝေး ဆိုသော်လည်း သဲမာက မိန်းမသား ။ အဆင်သင့် မတွေ့လို့များ စောင့်နေရလေ သလား မပြောတတ် ။ လိုက် သွားလျှင် ကောင်းမည်ထင် ၏ ။ အိမ်ထဲ လှမ်းကြည့်လိုက်ပြန်တော့ ကလေးနှစ်ယောက် အားနည်းနေသည့် ဘက်ထရီ မီးရောင် နီကြင်ကြင် အောက်တွင် အိပ်မောကျနေ၏ ။ အသက်ရှူသံ ပြင်းပြင်းလေးတွေပင် ကြားနေရ ။ သည်ကလေး နှစ်ယောက် ထားပြီး သဲမာ နောက် လိုက်သွားလို့လည်း မဖြစ်ပြန် ။

သက်ပြင်းတချချ ၊ ဖင်တကြွကြွ ၊ တွေးတဆဆ လုပ်ရင်းနှင့်သာ သဲမာကို တမျှော် မျှော်လုပ်နေရတော့၏ ။

ဆန္ဒတွေ စောနေသည့် ကိုရင်နန်း မျက်လုံးတွေက အိမ်ရှေ့လမ်းအမှောင်ထဲမှာ စူးစိုက်တိုးဝင်နေ၏ ။ ငှဲ့လက်စအရက်ခွက်ကိုပင် သောက်ဖို့ရာ မေ့နေသည် ။ သည်နေ့ လုပ်ရသည့် ဟင်းကောင်တွေ ကလည်း ခါတိုင်းထက် များသွားသည် ။ နေ့စဉ် ရောင်းနေကျ မြို့မဈေးအတွက်နှင့် အလှူတစ်ခုက အော်ဒါမှာ ထားသောကြောင့် ဖြစ်၏ ။ ဟင်းကောင် ဒိုင်သွင်းနေကျ ဝယ်လက်တွေလည်း ရွာစဉ် လည်ပြီး ခြေတိုအောင် ရှာရ၏ ။ ဟင်းကောင်ဒိုင်ဆီက လို အပ်သည့် ငွေထုတ် ၊ ဝယ်ပြီး တော့မှ ဟင်းကောင် ပြန် သွင်း ။ အမြတ်ယူ ။ ဝယ်စဉ် က ငွေကော ၊ အလေးချိန်ပါ ကျန်အောင် ဝယ်တတ်လျှင် ကိုယ့်အတွက် ပို၍ ကျန်၏ ။

သဲမာ ကတော့ အပြောနှင့်ပဲ ချူ၏ ။ အလေးချိန် မခိုး ။

တချို့ကလည်း ဟင်းကောင်ဒိုင်ဆီက ဟင်းကောင် ဖောက်သည် ပြန်ယူပြီး ရွာနီး စပ်ချုပ်လည် ၊ ခေါင်းရွက် ဗျပ်ထိုး သွားရောင်းကြ၏ ။

သဲမာ ကတော့ ထိုသို့ မလုပ် ။ ဈေးထဲမှာပဲ ဟင်းကောင်ဒိုင်၏ ခုံဆိုင်တွင်သာ နေ့စားခနှင့် လိုက်လုပ်၏ ။ ကိုရင်နန်း ကတော့ အိမ်မှာ ကလေးနှစ်ယောက်နှင့် နေရ၏ ။ နေ့လယ် ထမင်းစားပြီး လောက် တစ်ခါ ခဏတစ် ဖြုတ်နေပြီး ဟင်းကောင်အရှာဝယ် ရွာတွေကို ထွက်ရပြန်၏ ။ တစ်ခါတလေလည်း အဆင်ပြေ ၊ တစ်ခါတလေလည်း အဆင်မပြေ ၊ နေ့တွက် မကိုက် တတ် ။ ကိုယ့်အိမ် ကိုယ်ပြန် ၊ ရောက်သည့်အချိန်က နေဝင် မိုးချုပ်မှ ။ မောသည်ပန်းသည် ရယ်လို့လည်း နားမနေနိုင် ။ ထုံးစံအတိုင်း ဟင်းကောင်တွေကို စီရင် ၊ အမွေးအမှင်တွေ သန့်ရှင်း ၊ ပြီးတာနှင့် ဟင်းကောင်ဒိုင်အိမ် ပို့ပေးရ၏ ။

သည်လိုနှင့် သဲမာတို့၏ ဘဝလွတ်မြောက်နေ့ မရှိ သံသရာ လည်နေရ၏ ။

ဤတွင် အိမ်ရှေ့ အမှောင်ထဲ လမ်းဆီမှ မီးမမှိတ်ဘဲ စိတင်ပြီး ထိုးလာသည့် ဓာတ်မီးရောင်လေး မြင်လိုက်ရသဖြင့် ကိုရင်နန်း ဝမ်းသာသွား၏ ။

“ သဲမာ ပြန်လာပြီ ” 

သူ့ ပါးစပ်က မပွင့်တပွင့် ကြည်နူးသံလေး ထွက်သွား၏ ။ ဟုတ်သည် ။ သဲမာ ပြန်လာပြီ ။ သွက်သွက်ကလေး ရှေ့တိုးလာနေသော ဓာတ်မီးရောင်လေးကို ကြည့်ခြင်းအားဖြင့် သဲမာတစ်ယောက် အမြန်ဆုံး ခြေလှမ်းတွေနှင့် ပြန်လာနေကြောင်း သိသာလှ၏ ။ သဲမာကို စောင့်ရင်း တမျှဉ်းမျှဉ်း သောက်နေမိသည် အရက်အရှိန်ကြောင့် ညင်ညင်သာသာလေး ရီဝေယစ်မူးလျက် အပျော်အပြုံးတလက်လက် ၊ အချစ်သွေးတွေ ယောက်ယက်ခတ် ဆူပွက်လာသော ကိုရင်နန်း ။

တစ်ဖက်ကလည်း ရင်ထဲမှာ တထိတ်ထိတ် ... ။

အသွားတုန်းက သဲမာ ပြောသွားသည့် စကားက ကိုရင်နန်းကို ခြောက်လှန့်စိုးရိမ်နေဆဲ ။

“ အဆင်ပြေပါစေ ၊ အဆင်ပြေပါစေ ” 

ရင်ထဲကနေ မဝံ့မရဲ ကျိတ်ပြီး ဆုတောင်းနေမိသည်က အကြိမ်ကြိမ် ။ ရင်တဖိုဖို အသည်း တအေးအေး ၊ စိတ်တဆွေးဆွေး ၊ ဆန္ဒတစောစော မျှော်တော်ဇောနှင့် ရင်မောနေရင်း ကပဲ သဲမာ လှေကားပေါ် ရောက်လာ၏ ။

“ အဆင်ပြေခဲ့တယ် တော်ရေ့ ၊ အဆင်ပြေခဲ့တယ် ။ မြန်မြန်လုပ် ၊ ကျုပ်က အိပ်ချင်လှပြီ ။ ဟင်း ... တစ်နေ့တစ်နေ့ သူ့ပေးတာနဲ့ လောက်ကော လောက်လား မသိဘူး ” 

ငေါ့ထေ့ထေ့ လှမ်းပြောရင်း မျက်နှာလေး စူပုပ်ပုပ် လုပ်ထားသည့် သဲမာ မျက်နှာ ။

ဘက်ထရီမီးရောင် နီကြင်ကြင် အောက်တွင် အစွမ်းကုန် လှလွန်းပြီး ချစ် စရာကောင်းနေရဲ့ ။ ပျော်လိုက်သည့် ဖြစ်ခြင်း ။ ကိုရင်နန်း၏ ဖောသွပ်စမျက်နှာ လပြည့်ဝန်းပမာ ရွှန်းရွှန်းဖြာကာ ဝင်းလက်လို့ ။

“ ဆရာမဆီ သွားဖို့ နောက်တောင် ကျနေပြီ  ။ ဆရာမနဲ့ တွေ့ရင်တွေ့ ၊ မတွေ့ ရင် တော် ဒီည အိမ်အောက် ဆင်းအိပ်ဖို့ ပြင်ထား ”

ဆိုပြီး ဓာတ်မီးလေး ဆွဲ ၊ ဘောက်ဆိုက်ဘောက်ဆိုက်နှင့် ပြောပြီး ထွက်သွားကတည်းက တထိတ်ထိတ် စိုးရိမ်စိတ်တွေနှင့် ကျန်နေခဲ့ရတာ ။ အခုတော့ ရင်အေးရပြီလေ ။

သဲမာက အချစ် မလိုဘူး ဆိုသော်လည်း ကိုရင်နန်းက တော့ သဲမာကို ချစ်ရရင် သေပျော်နေပြီ ဆိုသော လူစားမျိုး ။

ကြည့်စမ်း ၊ ရွှေပြည်နန်း သနပ်ခါးလေးက သင်းလို့ ။

စောစောကထက် ကိုရင်နန်းစိတ်တွေ အရက် အရှိန်နှင့်အတူ သဲမာ အပေါ် ယစ်မူးလာ၏ ။ သွေးလည်ပတ်မှုတွေ ဆူဝေပွက်ထ,လာ၏ ။ သဲမာက ကိုရင်နန်းကို အတူတူ နေထိုင်ခွင့် အပြင် ထမင်းကျွေး၏ ။ လုပ်အားခ ဆိုပြီးလည်း တစ်နေ့ကို နှစ် ထောင်ပေး၏ ။ ထိုနှစ်ထောင်သည် ဘီအီးအရက် နှစ်လုံးဖိုးနှင့် အမြည်းဖိုးနှင့်ပဲ ကုန်၏ ။ ဤသည်ကို သဲမာက ရွဲ့ပြောခြင်းဖြစ်၏ ။

သဲမာ ပြောချင်ရာ ပြော ၊ ဆိုချင်ရာဆို ကိစ္စ မရှိ ။

သည်မျှသာမက သေဆို သေ ၊ ရှင်ဆိုရှင် သဲမာ လိုအင် အတိုင်း ဖြစ်ဖို့ အဆင်သင့် ။ သူ့လို လူ့အမှိုက်ပုံထဲက သစ်ရွက်ဆွေးတစ်ရွက်လို ကြေမွ ပျက်စီးခါနီး လူတစ်ယောက် ၏ အခြေအနေမျိုးနှင့် သဲမာ ရင်ခွင် ခိုလှုံပျော်ရွှင်ခွင့် ရတာကိုပဲ လောကမှာ ထူးခြားသော ကံတစ်ခု ပိုင်ဆိုင်ထား သကဲ့သို့ ကျေနပ်နေမိသူ ။

“ နင်တို့သားက ငရဲ စည်းစိမ်ကို နတ်စည်းစိမ်နဲ့ မှားနေတာဟ ။ အဝီစိဆင်းဖို့ အကုသိုလ်ရိက္ခာတွေ စုပြီး သယ်နေသလိုပဲ ”

မိဘတွေဆီ အလည်အပတ်ရောက်ခဲ့စဉ်က အမေ့ အစ်ကိုကြီး ပြောခဲ့ဖူးသည်ကိုပင် ကိုရင်နန်း ဂရုမစိုက် ။ သဲမာ့ စကားပဲ သူ့နှလုံးသား ထဲမှာ အမြစ်တွယ်နေ၏ ။

သဲမာ့ စကားက ..

“ အဖေ ပြောခဲ့ဖူးသလို ပေါ့တော် ၊ တစ်ခါတစ်ရံ ကံက ဘဝကို စီမံခန့်ခွဲတတ်တယ် ။ တစ်ခါတစ်ရံ ဘဝက ကံကို စီမံခန့်ခွဲတတ်တယ် ။ လူဆိုတာ အခြေအနေပေါ် မူတည်ပြီး လုပ်ကိုင်ရင်ဆိုင် ရုန်းကန်ကြရတာ ဆိုတော့ ဘယ်လို ဘဝမျိုးပဲ ရောက်ရောက် မတုန်လှုပ်နဲ့ သမီးတဲ့ တော့် ”

⎕ ဆွေဝင်းနီ ၊ ပွင့်ဖြူ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဖေဖော်ဝါရီ ၊ ၂၁၁၈

No comments:

Post a Comment