❝ နာတာလူး ❞
( ပီမိုးနင်း )
အငြိမ်းစားအရေးပိုင် ဦးကြွယ်သည် အလွန်တရာ ခေတ်ကာလဆန်သော အဘိုးကြီး ဖြစ်လေ၏ ။ အင်္ဂလန်ပြည်၌ ရှစ်နှစ်ကျော် နေခဲ့ပြီးနောက် မြန်မာပြည်သို့ ပြန်၍ ရောက်သောအခါ စိတ်နေသဘောထားပုံ ၊ နေပုံထိုင်ပုံမှ စ၍ ဘိလပ်သား ပထမတန်းစား၏ အနေအစား အသုံးအနှုန်းမျိုးနှင့်သာ နေခဲ့လေရာ မြန်မာပြည်၌ မြန်မာကလေးများကို အင်္ဂလိပ်လူမျိုးများနှင့် တွဲ၍ ကခုန်သော အဆင့်အတန်းသို့ ရောက်အောင် ပထမ စတင် တိုးမြှင့်၍ ပေးသူဖြစ်လေ၏ ။ အကြောင်းမူကား မိမိ၏ သမီးနှင့် တူမကလေး နှစ်ယောက်မှာ ဒိုင်အိုကျောင်းထွက်များ ဖြစ်ကြလေရာ ၎င်းတို့ကို ဘိုဆန်ဆန် မွေးမြူသုတ်သင် ခဲ့ရုံမက ၎င်းတို့အား အင်္ဂလိပ်အရာရှိများနှင့် တွဲ၍ ကရန် စတင် အားပေးခဲ့လေ၏ ။ မိမိ၏ မိန်းမ မင်းကတော် ဒေါ်မြမေ မှာကား ရုပ်ရည်မလှ အကလည်း မတတ်သောကြောင့်ပေလား မသိရ ။ အခြား ဘိုများနှင့် တွဲ၍ မကခဲ့ရချေ ။ မိမိ ကိုယ်တိုင်လည်း များစွာ မကခဲ့ဖူးချေ ။ ၎င်း၏ အိမ်၌ ပီယာနိုလည်း ရှိခဲ့၏ ။ တူမကလေးနှင့် သမီးကလေးမှာ အင်္ဂလိပ်သီချင်းများကို တီးကြရ၏ ။ ဓာတ်စက်မှာလည်း အင်္ဂလိပ်ဓာတ်ပြားများသာ သွင်းရ၏ ။ မြန်မာ့ အတီးအဆိုများကို ဂီတအရာ မမြောက် ။ very elementry art အလွန် သေးသိမ်သော အတတ် ဟု ပြောလေ့ရှိ၏ ။
သို့ဖြစ်လေရာ ဇနီးသည် မင်းကတော်ကြီး အနိစ္စ ရောက်ပြီး သမီးကလေးနှင့် တူမကလေးများမှာ ကရင်းခုန်ရင်း ဘိုကတော်မကလေးတွေ ဖြစ်၍ သွားကြသောအခါ တစ်ကိုယ်တည်း နေထိုင်၍ မဖြစ်သဖြင့် သမီး အရွယ်သာသာမျှသော မိန်းမချောကလေး မစောမြကို ရှာ၍ ယူရာ၌လည်း စောမြ၏ ဘိုဆန်ခြင်းတည်း ဟူသော ဂုဏ်အရည်အချင်းကြောင့်ပင် ဖြစ်လေ၏ ။ စောမြမှာ မော်လမြိုင် မယ်သီလကျောင်းထွက် ဖြစ်လေရာ အင်္ဂလိပ်စကားမှာလည်း ထွတ်မွှတ်၍ အကမှာလည်း လွန်စွာ တော်သည်ဟု မော်လမြိုင်မြို့ပေါက် ကပြားများ အထဲ တွင် ထင်ရှားခဲ့လေ၏ ။ သို့ဖြစ်လေရာ မယ်သီလရှင် ကျောင်း ကပွဲ တစ်ခုကို သွား၍ ကြည့်ရာမှ အသိဖြစ်ပြီးလျှင် ခြောက်ဆယ်ကျော်မှ ကံပေါ်သည်ဟု အစွဲပြုကာ စောမြကို ကတော်အဖြစ်သို့ တင်မြှောက်ခဲ့ခြင်း ဖြစ်လေ၏ ။
သို့တင်မြှောက်စ အခါ၌ လွန်ခဲ့သော နှစ်တွေကို ပြန်၍ နှမြောလေ၏ ။ ကွယ်လွန်သူ မင်းကတော်ကြီးမှာ လူကြီးမိဘ ဆွေမျိုးဉာတိတို့ကြောင့် ယူရခြင်း ဖြစ်လေရာ အနည်းငယ်မျှ ဘိုမဆန်ခဲ့လေရာ ၎င်းမယ်ကတော်ကြီးနှင့် ပေါင်းခဲ့ရသော အချိန်ကာလ နှစ်ပရိစ္ဆေဒတို့မှာ ဆုံးရှုံးနစ်နာသော အချိန်ကဲ့သို့ အရေးပိုင်မင်း၏ စိတ်၌ ပြန်လှန်တွေးတော များစွာပင် နှမြောခြင်း ဖြစ်ခဲ့လေ၏ ။
“ ဟိုအခါ ဘိလပ်က ပြန်စမှာ သင်းကလေးလိုဟာကလေးမျိုးနှင့် မတွေ့ရတာ နာတာပဲ ” ဟု အောက်မေ့လေ၏ ။ သို့သော်လည်း မိမိကိုယ်တိုင် မယားချောကလေး အကတတ်ခြင်းကြောင့် အခြား ယောက်ျားများနှင့် တွဲ၍ ကမည့် အကြောင်းကိုကား သေချာစွာ စဉ်းစားမိဟန် မတူချေ ။ တူမကလေးနှင့် သမီးကလေး အခြား ယောက်ျားများနှင့် တွဲ၍ ကသည်ကို မြင်ရစဉ်အခါက “ ငါ့တူမ တယ်တော်ပါကလား ” ဟူသော စိတ်နှင့် တက်ကြွ၍သာ နေခဲ့လေရာ အခြားမည်သည့် အကြောင်းအရာကိုမျှ တွေးတောခြင်း မပြုခဲ့မိချေ ။ စောမြ အကကောင်းသည်မှာလည်း အရေးပိုင်မင်းကြောင့်ပင် ဖြစ်လေ၏ ။ ဖြစ်ပုံမှာ အခြား မဟုတ် ။ ၎င်းအရေးပိုင်မင်း၏ သမီး နှင့်အတူ အင်္ဂလိပ်များနှင့် တွဲ၍ မကမီ အခါက မြန်မာမကလေးများ ကရမှန်း မသိခဲ့ချေ ။ ၎င်းက အကြောင်းပြု သဖြင့် ၎င်း၏ တူမကလေးနှင့် သမီး အင်္ဂလိပ်များနှင့် တွဲ၍ ကတတ်ကြောင်း သတင်းပျံ့နှံ့၍ သွားသောအခါ အစိုးရ အရာရှိလူကြီး လူကုံထံသမီး မြန်မာမကလေးများသည် ကခုန်ခြင်းကို ခေတ်ကာလအလျောက် တိုးတက်ခြင်းဟု သဘောထားကာ သူ့ထက်ငါ တုပကြရာ စောမြသည်လည်း တုပသူများ အထဲတွင် တစ်ယောက် အပါ အဝင် ဖြစ်ခဲ့လေ၏ ။ သို့ဖြစ်သောကြောင့် စောမြ အကကောင်းခြင်းသည် ၎င်းအရေးပိုင်မင်း၏ ကျေးဇူးပင် ဖြစ်ကြောင်းကို စောမြ ကိုယ်တိုင်ကလည်း ဝန်ခံလေ၏ ။
စောမြနှင့် တွေ့သောအခါ အရူးအမူး မရလျှင် အရေးပိုင်မင်း အနိစ္စ ရောက်ရမလို ဖြစ်ခဲ့သောကြောင့် အခြား ယောက်ျားတစ်ယောက်နှင့် တွဲ၍ ကချေက မိမိမှာ အဘယ်ပုံဖြစ်မည်ကို တွေးတောခြင်း မရှိခဲ့ချေ ။ ယခု ညားပြီး၍ ခြောက်လခန့် အကြာ ပေါင်းရသည်မှာ ကောင်းလှသည့်အခါမို့ မျက်စိအောက်မှ မပျောက်စေချင်သည့် အခါအတွင်းမှာ စောမြ၏ အသိမိတ်ဆွေများက အကြောင်း ပြုသဖြင့် ကပွဲသို့ စောမြ သွားရောက် အခြား ဘောင်းဘီဝတ် ကပြားများနှင့် တွဲ၍ ကရသော အခါကျမှ မိမိ၏ သမီး နှင့် တူမ ကသည်ကို ကြည့်ရခြင်းနှင့် မတူပါကလား ။ ရင်ထဲမှာ ကလိသလို မချိလှပါတကား ။ ငါက အဘိုးကြီး ၊ သင်း တွဲကတာတွေက လူပျိုလူရွယ် ရွယ်တူချင်းတွေ ပါကလား ။ ဟိုးရှေးအခါများမှာတော့ ရိုးရိုးသားသား ကကြပါကလား ။ အခု ကပွဲများမှာတော့ ဘောင်းဘီဝတ် ၊ ငါလို ဘိလပ်ပြန် မြန်မာဝတ်လုံ ကလေးတွေနဲ့ အရောရော အနှောနှောမို့ အကြောသမားတွေ ဖြစ်သဖြင့် “ ဪ ... စောမြ ၊ စောမြ ၊ ငါ ဒေါသ ထစရာ ဖြစ်၍ နေရချေပေါ့ တကား ” စသည်ဖြင့် တွေးမိ တောမိ စိုးရိမ်ကြောင့်ကြ မကင်းစ ဖြစ်မိပေတော့သတည်း ။
စောမြမှာ အကကောင်းသူမို့ ကပွဲကြုံတိုင်းလိုလို စောမြ၏ သူငယ်ချင်းများသည် လာ၍ ခေါ်ကြလေ၏ ။ အရေးပိုင်မင်းမှာ “ အက်တီကစ် ” ခေါ် အင်္ဂလိပ်ထုံးစံ အလေ့တို့ကို ကောင်းစွာ နားလည်သူ ဖြစ်လေရာ သဘောသေးရာရောက်မှာ စိုးသဖြင့် လာ၍ ခေါ်သူများအား ငြင်းပယ်ခြင်း မပြုဝံ့ ၊ အလွန်တရာ သဘောကြီးသော ယောက်ျား၏ အမူအရာနှင့် ရယ်မောပြုံးရွှင်ကာ အခွင့်ပေးရသော်လည်း “ နွားပြာကြီး အောက်သွားမရှိ ” ဟူသော စကားလိုဖြစ်၍သာ နေရရှာလေ၏ ။
သာယာမကျကြောင်း စောမြ ကိုလည်း ပြော၍ မပြဝံ့ချေ ။ စောမြ မှာကား နဂိုက ဝါသနာ လွန်စွာ ကြီးသောကြောင့် အကကောင်းသူ ဖြစ်လေရာ ကပွဲသို့ သွားရသည့်အခါတိုင်း စူဠကို ရေထဲလွှတ်သလို မြူးရွှင်၍သာ သွားလေ၏ ။ သို့ဖြစ်လေရာ “ သူ အင်မတန် ဝါသနာပါတာကို ငါ တားမြစ်ရင် မုန်းထားငြိုငြင် မချစ်မခင်ဘဲ စိတ်ဝမ်းကွဲပြီး ကတဲ့ ငနဲတစ်ယောက်ယောက် နောက်ကို ကောက်ကောက်ပါအောင် လိုက်ပါ၍များ သွားလေမည်လား ” စသည်ဖြင့် တွေးတောကာ စိုးရိမ်သဖြင့် မပြောမဆို သဘောချိုသလိုလို လုပ်၍သာ နေရလေ၏ ။ ကိုယ်တိုင်ကား လိုက်၍ မကြည့်ချေ ။ အကြောင်းမူကား ဆင်ခြင် စဉ်းစားဉာဏ်ကြီးသော တရားသူကြီး ဖြစ်ခဲ့လေရာ “ ငါ မမြင်ရဘဲလျက်ပင် ဤမျှလောက် မခံမရပ်နိုင် ဖြစ်၍နေမှဖြင့် မတော်တဆ မြင်မိချေက ဧကန်ပင် မချိတင်ကဲ ဖြစ်တော့မှာပဲ ။ ငါ အခုလို အေးအေးနေလျှင် သင်း ငါ့အပေါ်မှာ ထောက်ထားညှာတာပြီး ရက်စက်စွာ သစ်စိမ်းချိုး ချိုး၍သွားမှာ မဟုတ်ပါကလား ” ဟူ၍ တွေးမိလေ၏ ။
အရေးပိုင်မင်းမှာ မိန်းမငယ်ငယ်ကို ယူသော လူကြီး အချို့ကို စက်ဆုပ်ဖွယ်ရာဖြစ်သော ငယ်ရွယ်သူတို့၏ အမူအရာကို မသုံး ၊ လူကြီးပီစွာ မယားဖြစ်သူ၏ အပေါ်၌
ဦးကြီးဝရီးများ၏ အသုံးအလေ့ အမူအရာနှင့် နေလေ့ ရှိလေရာ ကလေးကလား စကားများကိုလည်း မသုံးရဲ ၊ စောမြ ကပွဲမှ ညဉ့်နက်၍ ပြန်လာသည့်အခါ အဘယ်ပုံ အမူအရာရှိသည်များကို မသိမသာ တစေ့တစောင်း ကြည့်ရှုလေ့ ရှိလေ၏ ။ စောမြကား “ မိန်းမ အဖော်များနှင့် အိမ်ကို ပြန်၍ လာလေ့ ရှိလေ၏ ။ စောမြ အပေါ်၌ တလွဲထင်စရာ အမှတ် ဟူ၍ တစ်စုံတစ်ရာ မတွေ့ရချေ ။ မတွေ့ရသော်လည်း စိတ်မချနိုင် ။ ငါကား လူအို ဖြစ်၏ ။ သင်းက ပျို၏ ။ ဧကန်ဒိဋ္ဌ သင်းစိတ်မှာတော့ ဧကန် အတော်အတန် ဖောက်ပြန်မှာပဲ ” ဟူ၍သာ စဉ်းစားရလေ၏ ။ စဉ်းစားသော်လည်း ဖွင့်၍ မမေးဝံ့ချေ ။
မိမိကိုယ်တိုင် လွန်စွာ ဘိုဆန်မိခဲ့သူ ဖြစ်လေရာ စိတ်သဘော သေးငယ်သော အဘိုးကြီး ဟု အထင်ခံရမှာကို လည်းကောင်း ၊ အင်္ဂလိပ်လူမျိုးတို့၏ စိတ်နေသဘောထားပုံကို နားမလည်ရာ ရောက်မှာကို လည်း ကောင်း ၊ အော်နော်ရေဘယ် ခေါ် မြင့်မြတ်သော စိတ်သဘောထားခြင်းကို နားမလည်ရာကျမှာကို လည်းကောင်း လွန်စွာ စိုးလေ၏ ။
ထိုကဲ့သို့ စိတ်ကို ချုပ်တည်း၍သာ နေရလေရာ အရေးပိုင်မင်းမှာ နေ့ရောညပါ ထိုအကြောင်းများကိုသာ တွေးတောရလေ၏ ။ အားလပ်သော အငြိမ်းစား ဖြစ်လေရာ တွေးချင်တိုင်း တွေးဖို့ရန်လည်း အချိန်ရလေ၏ ။ သတင်းစာများကို ဖတ်ဟန်ရှိသော်လည်း ၎င်း၏ စိတ်မှာ ကပွဲနှင့် စောမြ ကိုသာ ထင်မြင်လေ၏ ။ တစ်နေ့က “ ထွန်းရင် ဆိုတဲ့ ဝတ်လုံနှင့် တွဲသတဲ့ ။ ဘယ်လိုများ တွဲပါလိမ့်မလဲ ။ ဒီအကောင်ဟာ အင်မတန်သည်းတဲ့ အကောင်လို့ ငါ ကြားရတယ် ။ တွဲကရင်း ငါ့မယား အကောင် ပုံပန်းကို ကြည့်ရတာက ပျာနောက်နောက် ၊ ကျောက်ပေါက်မ သဲ့သဲ့နှင့် လက်ခြေ အင်မတန် ဆော့မယ့် အကောင်ပဲ ။ သူတို့ အောက်ပ်တီမစ် ကလာပ်မှာ သူ အသည်းဆုံးလို့ ကြားတာပဲ ။ အရင် တစ်လောက မင်္ဂလာဆောင်ပွဲမှာတော့ စကြူးဝပ် ဆိုတဲ့ ယစ်မျိုး အင်စပိတ်တော်နှင့် တွဲကရ သတဲ့ ။ ယစ်မျိုး ဆိုတာ နာမည်နှင့် ကြောက်စရာကောင်း တဲ့ အကောင်မျိုးတွေပဲ ။ ငါ့မိန်းမ ကောင်းမှ ကောင်းပါတော့မလား ။ ပြောရမှာလည်း အင်မတန်ခက် ၊ ငါ မေးရင် ပက်ခနဲ ပြန်ပြောလိမ့်မယ် ထင်ပါရဲ့ ။ ရှင့်သမီး ကတာ ရှင် မြင်ရတုန်းက ဒါမျိုးတွေ တွေ့ရလို့ မှတ်ထားသလားလို့ မေးရင် ငါ ဖြေဖို့ အခက်သားပါကလား ။ မြန်မာမလေးများ ကပွဲ ဝင်တာဟာ အင်မတန်မှ စိတ်မချရတဲ့ အလုပ်ပါကလား ။ မြန်မာပြည်မှာ ငါက စတင်ပြီး အားပေးမိလို့ အခု ငါ့ရှူး ငါ့ကို ပြန်ပြီး ပတ်တာပါပဲ ။ ငါ ဒီလို အကဝါသနာပါတဲ့ စောမြနှင့် သွားရမှာကို တင်ကြို၍ သိရရင် ငါ့သမီးနှင့် ငါ့တူမကို အားပေးခဲ့မှာ မဟုတ်ဘူး ။ အခုမှ ခက်တာပဲ ။ ငါ သည်လိုချည်း လွှတ် ထားရင် စောမြတော့ ဧကန် ဒိဋ္ဌ တစ်ယောက်ယောက်နှင့် ပါသွားတော့မှာပဲ ။ သင်းကလည်း ငါနှင့် တွေ့မှ ကိုယ်ရည် စစ်ပြီး လှချင်တိုင်း လှနေပြန် ။ သူများ မျက်စိထဲမှာလည်း စောမြဟာ ငါ့မျက်စိထဲမှာလို နေမှာပါပဲ စောမြရယ် ။ နင့်နှယ် အဘိုးကြီးကို ယူမှ ယူပလေဟယ် ။ ငါ နင့်ကို သနားလိုက်ပါဘိဟယ် ။ နင် အဘိုးကြီးနှင့် နေရတာ ပျော်နိုင်ရဲ့လား ။ လူအိုစော် မနံဘူးလားလို့ ထွန်းရင်လို အကောင် တစ်ယောက်ယောက်က ကရင်းခုန်ရင်း မေးရင် သင်း ဘယ်လိုများ ဖြေပါလိမ့်မတုံး ။ ဖြစ်မိလို့ ရှိမှ ရှင် နေရတာပေါ့လို့ပဲ ပြန်ပြောမလား ။ ကျွန်မ စိတ်ညစ်တာနှင့် ကပွဲကိုချည်း လာနေတယ်လို့ပဲ ပြန်ပြောမလား ။ ငါ မြန်မြန် သေပါစေလို့များ သင်း ဆုတောင်းနေလေမလား ။ ငါတော့ သေမှာပဲ ။ သေရင် ပစ္စည်းတွေကို သင်း အကုန်ရမှာပဲ ။ ရရင် သင်း ကြာကြာနေမယ် မဟုတ်ဘူး ။ ငါ သေလို့ သင်း ပျော်ပျော်နေရစ်ရရင် ငါ ဝမ်းသာသာပဲ ။ ငါ မသေမီ သင်း ထွေနေမှာကိုသာ စိုးတာပဲ ” စသည်ဖြင့် တွေး၍သာ နေရလေ၏ ။
တစ်နေ့သ၌ ညနေအချိန် လင်မယား နှစ်ယောက် ထိုင်၍ နေကြလေ၏ ။ စောမြက မဂ္ဂဇင်းတစ်စောင်ကို ဖတ်၍ နေလေ၏ ။ အဘိုးကြီးက သတင်းစာ ဖတ်၍ နေ၏ ။ ထိုအခိုက်တွင် မော်တော်ကား တစ်စီး အိမ်ဝင်းထဲကို ဝင်၍ လာလေ၏ ။ စောမြသည် ပြတင်းပေါက်မှ လှမ်း၍ ကြည့်၏ ။
“ ကိုထွန်းရင်နှင့် မေမေတင်တို့ တူဝရီး ၊ အော် ... ခရစ္စမတ်နာတာလူး ကပွဲအတွက် ထင်ပါရဲ့ ” ဟု ပြောပြီး လှေကားတံခါးဘက်ကို လျင်မြန်စွာ သွားလေ၏ ။ အရေးပိုင်မင်း၏ မျက်နှာ ညို၍ သွားသည် ကိုမျှ သတိမထားမိဘဲ နေလေ၏ ။ ဧည့်သည်များ ဆူညံ ပြောဆိုရင်း အိမ်ပေါ်ကို ရောက်၍ လာကြလေ၏ ။
မေမေတင် ။ ။ “ အန်ကယ် ကျန်းမာရဲ့ မဟုတ်လား ၊ မင်းကတော်ကို ထည့်လိုက်ပါလို့ အခွင့်တောင်းဖို့ လာတယ် ။ မင်းကတော် လိုက်ခဲ့ပေတော့ ။ ပေါ်လင်ပိုက်ကြီးနှင့် မက်ဂီသာဒွန်းဦးတို့က အပါ ခေါ်ခဲ့ပါလို့ မရမက မှာတယ် ။ မင်းကတော်ရဲ့ ”
အရေးပိုင် ။ ။ “ ပေါ်လင်ပိုက်ကြီး ဆိုတာက ဘယ်သူလဲဟဲ့ ”
တင် ။ ။ “ အန်ကယ်ကြီး မသိဘူးလား ။ သူကြီး ဦးပိုက်ကြီး တူမလေ ။ ဝီလီချက်ကြီးကဖြင့် မင်းကတော်နှင့်မှ ကချင်သတဲ့ ”
စောမြ ။ ။ ဪ … နို့ … ဂျော်ဂျီအောင်ဘိုး နှင့် နီနီလူဝ တို့က ဝီလီချက်ကြီးကို လုနေကြတယ်လို့ ကြားပါကလား ”
“ နိုးနိုး မင်းကတော် ၊ ဒယ်နီရွှေလုပ်ကို အာသာ ရှိနေကြပြန်ပြီ ။ အခုတော့ ဒယ်နီရွှေလုပ်က သာယာဝတီ ပြန်နေလို့ သူတို့မှာ ‘ ဘေကင်စီ ’ ဖြစ်နေတယ် ”
မြ ။ ။ “ ဝီလီချက်ကြီးနှင့်တော့ မကချင်ဘူး မေမေ ။ ဒါထက် ကိုထွန်းရင်က ဘယ်သူနှင့် တွဲမယ် စိတ်ကူးထားသလဲ ”
“ ဒါတော့ မသိသေးဘူး ။ ကျွန်တော်ကတော့ ဘိလပ်သူ အစစ်မှ မင်းကတော်ရဲ့ ။ အန်ကယ်က မင်းကတော် အတွက် စိတ်မချဘူး ထင်ပါရဲ့ အန်တီမေ ” ဟု လိုက်ပါလာသူ မစ္စပေါက်ကျိုင်းအား လှည့်၍ ပြောလေ၏ ။
အရေးပိုင်မင်း ။ ။ “ ဒါတွေဟာ အန်ကယ်က စတဲ့ အလုပ်တွေပါ မောင်ရယ် ။ အန်ကယ် ဘိလပ်က ပြန်မှ အစလုပ်ပေးလို့ သည်အဆင့်အတန်းကို မောင်တို့ လူစု ရောက်ကြတာပါ ။ အန်ကယ် သဘောကြီးပါ တယ် ” ဟု ပြန်၍ ပြောပြီး မင်းကတော်ဘက်သို့ လှည့် ကာ “ ကိုင်း ... မြရေ ၊ မင်း လိုက်မှ ဖြစ်မယ် ထင်တယ် ” ဟု ပြောလေ၏ ။ မင်းကတော်သည်ကား ၎င်း၏ အခွင့်ပေးခြင်းကို မစောင့် ၊ အဝတ်အစားလဲရန် သွားဖို့ ဟန်ပြင် ပြီး ဖြစ်လေ၏ ။
ထွန်းရင် ။ “ အန်ကယ် ငယ်ငယ်ကတည်း က မကခဲ့ဘူးလား ၊ ဘိလပ်မှာ နေစဉ်က ကဖူးမှာပေါ့ ”
“ အန်ကယ်လား ၊ အင်း ... ဟိုတုန်းကတော့ အတော်ကလေး ပျော်ခဲ့ပါရဲ့ ။ အခုတော့ မတတ်နိုင်ပါဘူး မောင်ရယ် ”
“ စမ်းကြည့်ပါဦးလား အန်ကယ် ၊ ဘာဖြစ်သလဲ ။ ဒေါက်တာ တုတ်ကြီးတို့တောင် ကကြသေးတာပဲ ”
အရေးပိုင်မင်းသည် ပြုံးလျက် နေလေ၏ ။ ၎င်း၏ စိတ်၌ “ ငါ့မိန်းမ သူများနှင့် တွဲတာ ခံနေမယ့်အစား ငါလည်း သူများမိန်းမနှင့် တွဲရင် အကောင်းလေသလား ” ဟု တွေးကာ ပြောသည်မှာ “ မကတာ ကြာတော့ မောမှာပဲ ။ အလျင်တုန်းက ခြေကလေးများ ပြန်ကျင့်ရလျှင် ဖြစ်တော့ ဖြစ်မှာပေါ့လေ ။ သို့သော်လည်း အန်ကယ်တို့တော့ တွဲဘက်ရမှာလည်း မဟုတ်ပါဘူး ”
“ အို ... အန်တီမေနှင့် တွဲတာပေါ့ ။ အန်တီ ဟုတ်လား ” ဟု မစ္စပေါက်ကျိုင်းဘက်သို့ လှည့်၍ ပြောလိုက်လေရာ မစ္စပေါက်ကျိုင်းက “ ထွတ် ... နန်းဆင်းစ် ” ဟု ပြန်၍ ပြုံးရယ်ကာ ပြောလိုက်လေ၏ ။
မကြာမီ ၎င်းတို့ သွားကြလေ၏ ။ အရေးပိုင်မင်းသည် ပြတင်းပေါက်မှ ခါးထောက်ကာ ဆေးပြင်းလိပ် ကြီးကို ကိုင်လျက် ကျေနပ်သော အမူအရာနှင့် ကြည့်ကာ မကျေမနပ်ဖြစ်၍ နေလေ၏ ။ မင်းကတော်သည် နောက်သို့ လှည့်ကြည့်ကာ ကားပေါ်မှ လက်ပြ၍ သွားလေ၏ ။
အရေးပိုင်မင်းသည် သက်မကြီးချကာ ပက်လက်ကုလားထိုင်၌ ပြန်၍ လန်ချပြီး စဉ်းစား၍ နေလေ၏ ။ “ ခက်ပြီ ၊ ခက်ပြီ ။ ငါ့အတတ်နှင့် ငါ့ကို စူးတာပဲ ။ အခုပုံတော့ တယ်ကြောက်စရာ ကောင်းပါကလား ။ သည်လို ဖြစ်ကုန်မှာ ငါ သိရလျှင် ငါ စပြီး ထွင်ခဲ့မိမှာ မဟုတ်ပါကလား ကရို့ ။ ငါ သည်လိုချည်း လွှတ်ထားလို့ ဖြစ်မယ် မထင်ဘူး ။ ငါလည်း တစ်ခါတလေ လိုက်ကြည့်ဦးမှ တော်မယ်ထင်ပါရဲ့ ။ အင်္ဂလိပ်ထုံးစံတော့ လူကြီး များလည်း ကကြတာပဲ ။ ငါလည်း မြင်ဖူးတာကလေးများ ပြန်ပြီး လေ့ကျင့်ရရင် ကောင်းမလား ။ ဝေါ့လ်စ် ဆိုတဲ့ အကတော့ တော်တော် လွယ်တာပဲ ။ ဣန္ဒြေလည်း ရရဲ့ ။ အဲလေ .. စမ်းကြည့်ဦးမှ ထင်ပါရဲ့ ” ဟု တွေးပြီး ဗီရိုသို့ သွားပြီး စာတစ်အုပ်ကို ယူ၍ ကြည့်လေ၏ ။ အကသင်နည်းစာအုပ် ဖြစ်လေရာ သေချာစွာ စိုက်၍ ဖတ်လေ၏ ။ ဖတ်ရင်း ဗီရိုမှ နောက်သို့ဆုတ်ကာ ခြေသိမ်း ခြေယူကို ချောသော ကြမ်းပေါ်၌ ရှပ်တိုက်၍ ကြည့်လေ၏ ။ စာအုပ်ကိုလည်း ကြည့်၏ ။ “ အင်း.. ဖြစ်မှာပဲ ” ဟု ပြောကာ ကိုယ်လုံးပေါ် မှန်ကြီးရှေ့သို့ သွားပြီး စာကို သေချာစွာ ဖတ်ပြန်လေ၏ ။ ထို့နောက် စာအုပ်ကို ကြမ်းပေါ်သို့ ပစ်ချပြီး တစ်လှမ်း ၊ နှစ်လှမ်း အံကြိတ်ကာ လှမ်းလေ၏ ။
“ ဟုတ်ပြီ ၊ ဟုတ်ပြီ ။ အလဲ့ ... အဟန်သား ပဲ ” ဟု ပြောရင်း မှန်ထဲရှိ မိမိ၏ ပုံကို ပြုံးလျက် ကြည့်၏ ။ ထို့နောက် သာ၍ သဘောကျလျက် ခြေလှမ်း သွက်၍ လာလေ၏ ။ တိုး၍ ပြုံးရင်း မိမိကိုယ်ဟန်ကို မှန်ထဲ၌ ကြည့်ကာ ကိုယ်ခန္ဓာကို လှည့်ကာ ယိမ်းကာ ညွှတ်ကာ ကော့ကာ ကြည့်လေ၏ ။ ထို့နောက် လက်ကို ဆန့်ကာ ဖက်ဟန် လုပ်ပြီး မှန်၌ မိမိ၏ ကိုယ်ကို သဘောကျ ပုံနှင့် ပြုံးလျက် မျက်စပစ် လေ၏ ။ “ အလဲ့ … အလာကြီးပဲ ” ဟု ပြောကာ တွန့်ခနဲ လုပ်လိုက်လေ၏ ။ ထို့နောက် အတွဲကို ဖက်ကာ ဝဲလှည့်၍ ဆောင်ယူဟန်နှင့် ခပ်သွက် သွက် ရှပ်တိုက်ကာ လှည့်လေ၏ ။ ထို့နောက် မိမိကိုယ်ကို မိမိ သဘောကျလျက် အဟုတ်တကယ် တွဲဖက်နှင့် ဝဲလျက် ကသလို မိနစ်အတန်ငယ် ဆက်ကာ ရှပ်တိုက်၍ နေလေ၏ ။ ထို့နောက် ရပ်ကာ “ အမယ်လေး မောလိုက်လေဟီး ” ဟု ပြောကာ အတွဲကို လွှတ်ဟန်နှင့် လက်များကို ဆန့်၍ချပြီး မှန်ရှေ့မှ လှည့်၍ အလာမှာ ခစ်ခနဲ မြည်သော ရယ်သံကို ကြားရသဖြင့် လှေကားဘက်သို့ ကြည့်မိလေ၏ ။ ထိုအခါ နိမ့်ခနဲ ပျောက်၍သွားသော ဦးခေါင်းမည်းမည်းကို ရိပ်ခနဲ မြင်လိုက်ရသဖြင့် ဒေါသ ထွက်လျက် “ ဟေ့ ... ဘယ်သူလဲ ” ဟု ပြောကာ လှေကားထိပ်သို့ ရောက်သွားပြီး အားလွန်ကာ ကျွမ်းစိုက်၍ ကျလေ၏ ။ အရေးပိုင်မင်း၏ ဝသော ကိုယ်ခန္ဓာပွပွသည် ဘောလုံးပမာ လှေကားထစ်များပေါ်၌ ဗြောတီးလျက် လှိမ့်ဆင်းလေရာ ထွက်၍ ပြေးသော အစေခံ ကြွက်နီသည် ပြေးရာ မှ ရပ်ပြီး လျင်မြန်စွာ လာ၍ ထူမလေ၏ ။ အရေးပိုင်မင်းသည် ဦးခေါင်းကို လက်နှင့်ပွတ်ရာမှာ တစ်ဖန် ဒေါထလျက် “ ခွေးမသား နင်ပဲ ” ဟု ကြိမ်းပြီး လက်သီးနှင့် ရွယ်လေရာ ကြွက်နီသည် ကြောက်အားနှင့် မီးဖိုဘက်သို့ ပြေးလေလျှင် အရေးပိုင်မင်းလည်း ပြေး၍ လိုက်လေ၏ ။ ထိုအခါ တင်ပါးတစ်ပိုင်းလုံး စုတ်ပြတ်၍ ဖတ်လပ်ကျသော ပိုးဘောင်းဘီနှင့် အပြင်သို့ထွက်သော ရှပ်အင်္ကျီ အောက်ပိုင်းသည် လေထဲ၌ ဆူဝသော ယုန်၏ အမြီးပမာ မြောက်ချည်ကျချည် လိုက်ပါ၍ သွားလေ၏ ။ နောက်ဖေးလှေကားသို့ ရောက်သောအခါ မောမောနှင့် ထိုင်၍ချပြီး အမောဆိုက်၍ နေလေ၏ ။ အတန်ငယ် ကြာသောအခါ “ ဟေ့ကောင် လာခဲ့ ” ဟု ပြင်းထန်သော အာဏာနှင့် ခေါ်လေရာ ကြွက်နီ အပါးသို့ မရဲတရဲ ရောက်၍ လာလေ၏ ။ အရေးပိုင်သည် ကြွက်နီကို မာန်ဖီသော ဝက်သိုးကြီးလို စောင်လျက် ကြည့်ကာ စကားမပြောဘဲ အတန်ငယ်ကြာစွာ ဆိတ်ငြိမ်၍ နေပြီးမှ “ မင်း ဘာမြင်လို့ ရယ်တာလဲ ” ဟု မေးလေ၏ ။
“ ကျွန် ကျွန် ကျွန်တော်မျိုး ဘာမှ မမြင်ပါဘူး ဘုရား ” ဟု ပြောရင်း ဒူးတုန်၍ နေလေ၏ ။
“ မှန်မှန်ပြော ၊ ဘာမှ မမြင်ရင် ဘယ့်အတွက် မင်း ရယ်နိုင်သလဲ ”
“ ကျွန် ကျွန်တော်မျိုး မရယ်ပါဘူး ဘုရား ”
“ မင်း ဘာလိမ်ပြောသလဲ ၊ မှန်မှန်ပြော ။ မင်း ရယ်တာ ငါ ကြားရတယ် ။ ဘာကို ရယ်သလဲ ”
ကြွက်နီလည်း မငြင်းသာသဖြင့် “ အရှင်ဘုရား ဟိုသင်းလုပ်နေတာ မြင်မိလို့ပါ ဘုရား ”
“ သေသေချာချာ ပြောလေ ၊ ဘာသင်းလုပ်တာလဲ ”
“ ဟိုသင်း ... ဟို .. အဟင်း ၊ ကြမ်းက ချောလို့ လဲမယ်လို ဖြစ်တော့ အရှင်ဘုရား ကိုယ်ကို ဟန့်လိုက်တာ မြင်လို့ ရယ်မိပါတယ် ဘုရား "
“ မဟုတ်ဘူး ၊ နင် လိမ်တာ လာခဲ့ ။ အိမ်ပေါ်ကို တက် ။ မြန်မြန် ” ဟု ပြောပြီး လမ်းဖယ်၍ ပေးရာ ကြွက်နီ သည် ကြာပွတ်ကို မြင်ယောင်လျက် ညိုမည်းသော မျက်နှာနှင့် တက်၍ သွားလေ၏ ။ အရေးပိုင်က နောက်မှ လိုက်၏ ။ အိမ်ပေါ်သို့ ရောက်သောအခါ စားပွဲကြီးပေါ်၌ တင်ထားသော သားရေအိတ်ကို ယူ၍ ဖွင့်ပြီး တစ်စုံ တစ်ရာကို ထုတ်ယူ လှမ်းပေးရင်း “ ရော့ ... ဘယ်သူမှ မသိစေနဲ့ သွား ” ဟု ပြောပြီး အခန်းထဲသို့ ဝင်သွားလေ၏ ။ ကြွက်နီသည် ငွေစက္ကူတစ်ဆယ်တန်ကို ရသဖြင့် လျင်မြန်စွာ ပြေးဆင်း၍ သွားလေသတည်း ။
ထို့နောက် ရေမိုးချိုးပြီး အရေးပိုင်မင်းသည် အဝတ်အစား လဲ၍ ထွက်လေရာ “ ယနေ့ နာတာလူး ကပွဲပဲ ။ လူးအောင် မူးကြမှာပဲ ။ စောမြ သောက်များ နေမလား ။ သောက်လို့ မူးရင် ဖြစ်ချင်သလို ဖြစ်နေတော့မှာပဲ ။ ထွန်းရင် ဆိုတဲ့ အကောင်လည်း ယုံစရာ မရှိဘူး ။ ဝီလီချက်ကြီး ဆိုတဲ့ အကောင်လည်း လူသည်းထဲကပဲ ။ မူးမူးနှင့် တွဲကကြရင် ထင်သလို ဖြစ်ကုန်မှာ ထင်ပါကလား လေ ။ မဖြစ်ဘူး ၊ ငါ လိုက်ပြီး တစေ့တစောင်း ကြည့်ဦး မှပဲ ” ဟု တွေးကာ ပိုးဘောင်းဘီအနက်နှင့် ကုတ်အင်္ကျီ အနက်ကို ဝတ်၍ အိမ်ပေါ်မှ ဆင်းပြီး ကြွက်နီကို ပြော၍ ထွက်သွားလေ၏ ။
အိမ်ဝင်း အပြင်ဘက်သို့ ရောက်သောအခါ မိမိ ဖြစ်ပျက်ပုံကို ပြန်၍ တွေးပြီး “ အင့်ဟင် ၊ ငါ့ဖြစ်ပုံဟာ အခြေမလှဘူး ။ စောမြ တစ်ခုခု မတော်တာ လုပ်လို့ ငါ့မှာ ခိုက်ပြီး လှေကားပေါ်က ကျွမ်းထိုးပြီး ကျတာနှင့် တူတာပဲ ” ဟု တွေးကာ ရပ်၍ စဉ်းစားလေ၏ ။
စဉ်းစားလေလေ စောမြ အပေါ်၌ စွဲချက်ပေါ်လေလေ ဖြစ်လေ၏ ။ စောမြ ဖောက်ပြန်ပြီ ။ ဧကန် ဖောက်ပြန် လို့ ငါ့မှာ ဒဏ်ထိတာပဲ ငါ သွားမှ တော်မည်ဟု ပြောပြီး မြင်းရထားနှင့် သွားလေ၏ ။
နာတာလူး ကပွဲဖြစ်သော အရာရှိကလာပ်မှာ နှစ်ထပ် ဖြစ်လေ၏ ။ လမ်းမမှ ရပ်၍ ကြည့်သူများသည် လွန်စွာ များကြလေ၏ ။ သို့သော်လည်း ကသော သူများ ကို မမြင်ကြရ ။ တီးမှုတ်သံများကိုသာ ကြားရလေရာ အရေးပိုင်မင်းမှာ မကျေမချမ်းဖြစ်လျက် အဘယ်ပုံ မြင်ရမည်ကို ကြံစပြုလေ၏ ။ ကလာပ်ပေါ်ကို တက်လျှင် မိမိကို မည်သူမျှ ကန့်ကွက်မည် မဟုတ်ဟု သိသော်လည်း မယားကို မသင်္ကာ၍ လိုက်ချောင်းသည်ဟု အထင်ခံရမှာ စိုးသည့်ပြင် မိမိကို မြင်ကြ၍ ဝိုင်းပြီး ဂရုစိုက်ကြမှာကိုလည်း စိုးလေ၏ ။ မကြည့်ဘဲလည်း မနေနိုင်ချေ ။ သို့ဖြစ်၍ ရှုခင်းကို ရှာလေရာ ကလာပ် နံဘေး မှောင်သော လမ်းကြားကို တွေ့ရလေ၏ ။ သေချာစွာ ကြည့်သောအခါ ထိုလမ်းကြား တိုက်နံရံကို မှီထောင်၍ထားသော လှေကားတစ်ခုကို မြင်ရလေ၏ ။ ထိုလှေကားသည် ဆေးသုတ်သော လှေကား ဖြစ်သည်ကို သိရလေရာ ထိုလှေကားမှာ ကလာပ်နှင့် ယှဉ်လျက် မှောင်သော လမ်းကြားတစ်ဖက် တိုက်နံရံမှာ ထောင်၍ထားသော လှေကား ဖြစ်လေရာ ထိုလှေကားကို တက်၍ကြည့်ရလျှင် ကလာပ် ပြတင်းပေါက်နှင့် တေ့၍ နေသောကြောင့် မြင်နိုင်လောက်သောနေရာ ဖြစ်သည်ကို သိရလေ၏ ။
နေရာမှာလည်း မှောင်သဖြင့် တက်မည် ဆိုလျှင် လူသူ မြင်ရန် ခဲယဉ်းလေ၏ ။ သို့သော်လည်း မိမိ၏ ဂုဏ်သိက္ခာ အရွယ်ကို ထောက်သော် ထိုနည်းလမ်းသည် မဖြစ်နိုင်သော နည်းလမ်းဖြစ်သဖြင့် ထိုမလျော်သော အကြံကို ပယ်လိုက်လေ၏ ။
ထိုအခိုက်တွင် ကလာပ်ပေါ်မှ ဆင်း၍လာသူ တစ်ယောက်ကို မြင်သဖြင့် သေချာစွာ ကြည့်လိုက်သောအခါ စောမြပင် ဖြစ်သည်ကို သိရသဖြင့် မိမိကို မြင်မှာ စိုးသောကြောင့် မှောင်သောနေရာကို ခိုဝင်ရာ ထိုလမ်းကြား ဘက်သို့ နီးကပ်၍ သွားလေ၏ ။ “ ဘာဖြစ်လို့ပါလိမ့်မလဲ ။ အိမ်ကို ပြန်မလို့လား ။ ကပွဲလည်း မပြီးသေးပါကလား ” ဟု စဉ်းစားလျက် ကြည့်နေခိုက်တွင် ယောက်ျား တစ်ယောက်နှင့် မိန်းမတစ်ယောက် ဆင်း၍ လာပြီး “ ဘယ့်နှယ်လုပ်တာလဲ မင်းကတော်ရဲ့ ၊ မပြန်ပါနှင့်ဦး ” ဟု ယောက်ျားက ပြော၏ ။ မိန်းမနှစ်ယောက်က ပြန်၍ ဆွဲကြလေ၏ ။ ယောက်ျားမှာ အခြားမဟုတ် ။ ဝတ်လုံမောင် ထွန်းရင်ပင် ဖြစ်သည်ကို သိရလေရာ အရေးပိုင် ရင်ထဲမှာ လှိုင်းကြက်ခွပ်တွေ ထကြွသလို ရုန်းရင်းဆန်ခတ် ဖြစ်၍ လာလေ၏ ။ ပြေး၍ သွားပြီး အကြောင်းကို မေးကာ စောမြကို ပြန်၍ ခေါ်ချင်၏ ။ သွားလည်း မသွားဝံ့ချေ ။ “ ဘာဖြစ်တာပါလိမ့်မလဲ ” ဟူ၍သာ တွေးရလေ၏ ။ ထိုအခိုက်တွင် စောမြ တိုက်ပေါ်သို့ တစ်ဖန် လိုက်ပါ၍ သွားလေရာ စိတ်ထဲမှာ သာ၍ မသင်္ကာ ဖြစ်လေ၏ ။ “ ဟယ် ... ဘာပဲဖြစ်ဖြစ် လှေကားကို ငါ တက်ပါတော့ မယ် ” ဟု အကြံပြုမိလေ၏ ။ တောင်မြောက် လေးပါးကို ကြည့်လေ၏ ။ မည်သူမျှ မိမိကို မြင်မည့် လက္ခဏာ မရှိ သည်ကို သိရလေ၏ ။ ခဏတစ်အောင့်လောက် “ အဘယ်ပုံနေသည်ကို မြင်ရရုံမျှ ချက်ချင်းတက်ပြီး ချက်ချင်း ဆင်းရလျှင် ကိစ္စမရှိတန်ရာ ” ဟု တွေးလေ၏ ။ သို့အတန်ငယ် ကြာစွာ ချီတုံချတုံ ဖြစ်နေခိုက်တွင် တီးသံသည် သာ၍ သည်းလျက် ကသူများ တိုး၍ လှုပ်ရှားကြသည့်အသံကို ကြားရသလိုလို စိတ်၌ မှတ်ထင်ရလေ၏ ။ ထိုအခါ သိချင်ဇောက အားကြီးဆောင်သဖြင့် မိမိပြုမူပုံကို သေချာစွာ မသိရဘဲ လှေကားရှိရာသို့ ရောက်၍ သွားပြီး တစ်ခါတည်း လှေကားထိပ်နားသို့ ရောက်၍ သွားလေရာ စောမြနှင့် ထွန်းရင် မူးယစ်သော အမူအရာနှင့် ဝီခေါ်အောင် မွှေ၍ ကနေကြသည်ကို လည်းကောင်း ၊ စောမြမှာ လဲတော့မလို ယိမ်းယိုင်သဖြင့် ထွန်းရင်က ရိုးရိုးတွဲ၍ ကသည်ထက် ပိုင်နိုင်စွာ ပွေ့ဆောင်၍ ကရသည်ကို လည်းကောင်း မြင်ရသောအခါ အရေးပိုင်မင်းမှာ မူးခနဲ မိုက်ခနဲဖြစ်၍သွားပြီး ကျွီ ကျွီ ၊ ဂျရစ်ရစ် ဂျိုင်းခနဲ လှေကားရော လူရော ၊ အောက်သို့ ရောက်လေရာ လှေကားအောက်တွင် တင်ဘူးတောင်း ထောင်၍ နေသည်ကိုလည်းကောင်း ၊ လူ အမြောက်အမြား ဝိုင်း၍ လာကြသည်ကို လည်းကောင်း တွေ့ရလေ၏ ။
“ သူခိုး … သူခိုး ၊ ဖမ်း ဖမ်း ၊ ဆော်ဆော် ၊ ချချ ၊ ဘယ်က ဘိန်းစားလဲ ။ တက်လာကတည်းက ကျုပ် မြင်တယ် ။ သည့်အတွက် ထိပ်ရောက်မှ လှေကားကို ကျုပ် တွန်းပြီး လှဲချလိုက်တာ ။ မအေပေးသူခိုး မသေသေးဘူးလား ။ ဘယ်မလဲ ပုလိပ် ၊ ပတ်တရောင်တွေ တစ်ကောင်မှ မရှိဘူးလား ” စသည့် စကားများနှင့် ပြေးသံ ၊ လွှားသံ ၊ ပလိပ်ဝီစီ မှုတ်သံတွေကို ကြားရလေ၏ ။ အရေးပိုင်မင်းမှာ ကံကောင်းသဖြင့် နံရံနှင့်ပွတ်ကာ ထူးဆန်းသောနည်းဖြင့် အကျသက်သာသောကြောင့် သတိလုံးလုံး မမေ့ ။ ဘေးနံ လက်ခြေများမှာ အတော် နာကျင်သည်ကိုသာ သိရ၏ ။
“ ကျုပ် သူခိုး မဟုတ်ဘူး ။ မရိုက်ကြနဲ့လေ ။ ကပွဲကို တက်ကြည့်တာပါ ” ဟု ပြောရင်း ရိုက်ဖို့ရန် နားရင်းအုပ်ဖို့ရန် လက်ရွယ်သူများကို လက်နှင့်ဆီး၍ ကာလေ၏ ။ အချို့ကလည်း “ ဟေ့ .. မရိုက်ကြပါနှင့် မောင်ရို့ ၊ သူ့ ခမြာ ကျလို့ နာနေရှာပါပြီ ” ဟု လူတစ်ယောက်က အော်သဖြင့် မရိုက်ဘဲ နေကြရာတွင် လူတစ်ယောက်က ခါးကို တစ်ချက်နှစ်ချက် ခြေကလိန် ရိုက်မိအောင် ရိုက်လေရာ အောင့်နေသော တင်ပါးမှာ ကျိန်း၍ သွားလေ၏ ။
“ ကျုပ် ပြောပါရစေဦး ၊ မရိုက်ကြနဲ့လေ နာသလေ ၊ သူခိုး မဟုတ်ပါဘူးလေ ။ အလို .. ဟိုသင်းဖူးဂေါ ”
“ သယ် ... နင် သူခိုးမဟုတ်ရင် ဘာလဲ ။ ဒင်ဖူးလေး ။ ဘာလေးနှင့် ။ ငါ သေသေချာချာ စောင့်ကြည့်ပြီးမှ လှေကားကို တွန်းလိုက်တာ သိရဲ့လား ” ဟု လူတစ်ယောက်က ပြောလေ၏ ။
ကလာပ်အသံများလည်း ရပ်စဲ၍ သွားလေ၏ ။ အပြင် လမ်းမသို့ ရောက်သောအခါ ကြီးသော လူထုကြီး အလယ်တွင် အရေးပိုင်မင်းမှာ မြေပေါ်တွင် ဒူးတုပ်လျက် ခါးထဲက နာတာတာ ၊ ရင်ထဲမှာ အောင့်တောင့်တောင့် ဆိုသလို ဖြစ်လျက် ဘေးနံကို နှိပ်ရင်း မျက်နှာငယ်ငယ် နှင့် လူတွေကို မော့၍ကြည့်ရာ ထွန်းရင်နှင့် စောမြ၏ မျက်နှာနှစ်ခုကို ကပ်ကာ မြင်ရလေ၏ ။
“ ငါပါဟဲ့ ၊ ငါပါ ။ လုပ်ကြပါဦး ” ဟု တုန်လှုပ်သော အသံနှင့် ပြောလေ၏ ။
ထွန်းရင် ။ ။ “ ဟင် ... အန်ကယ်ကြီးပါကလား ၊ ဘယ့်နှယ်ဖြစ်တာတုံး ။ မင်းကတော် ကြည့်ပါဦး ။ ဖြစ်ရပုံ မင်းကတော်ရယ် ။ ဘယ့်နှယ်ဟာလဲ ” ဟု ပျာယီးပျာယာ ပြောလေရာ စောမြသည် ထိုင်၍ ပွေ့ထူလေ၏ ။
အရေးပိုင် ။ ။ “ ဖယ်ဖယ် ၊ နင် ငါ့ကို မကိုင်နဲ့ ။ နင့် ပါးစပ်က မစင်စော် ၊ ကြင်စော် နံတယ် ။ နင် မူးပြီး အရမ်းဖြစ်နေတယ် ကြားလို့ ငါ လာကြည့်တာ ။ နင် ဖယ် ၊ ငါ့ဘာသာ ပြန်မယ် ” ဟု ပြောကာ ဖယ်၍ ပစ်လေ၏ ။ မစ္စပေါက်ကျိုင်းက “ အစ်ကိုကြီး ၊ မတော်တာ ဖြစ်မှ ဖြစ်ရလေ အစ်ကိုကြီးရယ် ။ ကမ်း ... မင်းကတော် ၊ အိုင်က ... မ ၊ ယူက ... တွဲ ၊ ယူယာကား ဘယ်မှာလဲ ထွန်းရင် ” ဟု ပျာယီးပျာယာ ပြောလေ၏ ။
မကြာမီ အိမ်ကို ရောက်ကြလေ၏ ။ မစ္စပေါက်ကျိုင်းက “ မင်းကတော် အူရိုင်းမို့ မူးကြောင်း ၊ ‘ ကောက်တေး ’ ကလေး တစ်ခွက်စီမျှ သောက်ကြရကြောင်း ၊ ဒေါက်တာ နှင့် မစ္စထွန်းအောင် ၊ စံလှမြတ် ၊ သာဒွန်းကျော်တို့ လင်မယားက မနည်းကြီး တိုက်တွန်းကြလို့ နည်းနည်းစီ ယူကြရကြောင်း ” ပြောလေ၏ ။
မေမေတင် ။ ။ “ ဦးလေးကြီးက အမှားထဲမှာ အားလုံး အင်မတန် ‘ အော်နာရေတယ် ’ ဖြစ်ကြပါတယ် ” ဟု ပြောရာ မစ္စပေါက်ကျိုင်းက “ တင်တင်မေ ( ရှပ်တပ် ) လာ ... သွားကြမယ် ” ဟု ပြောပြီး နှုတ်ဆက်ထွက်သွားကြသောအခါ မင်းကတော်သည် အရေးပိုင်မင်း၏ ပက်လက်ကုလားထိုင်ကို ဒူးထောက်လျက် မှီကာ “ ကျွန်မ အကသွားတဲ့အခါတိုင်း သည်လို စိတ်ပူနေတာ ချည်းပဲလား ” ဟု မေးလေ၏ ။
“ လူကြီးဆိုတာ ဘယ်စိတ်ချနိုင်ပါ့မလဲ မြရယ် ။ မင်းတို့ က ရွယ်တူချင်းတွေကွယ့် ။ မှန်မှန် ပြောစမ်း ၊ ဘာဖြစ်လို့ ကလာပ်ပေါ်က ဆင်းလာတာလဲ ”
“ ချက်ကြီးက မူးပြီး ကျွန်မကို ယီးတီးယားတား လုပ်ချင်လို့ ၊ သည်အကောင်က စည်းမစောင့်ချင်ဘူး ”
“ အေး .. ငါ အစလုပ်ပေးမိတာ မှားတာပဲ ။ အင်္ဂလိပ် လူမျိုးမှာတော့ ထုံးစံမို့ ရိုးနေတယ် ။ အများအားဖြင့် စည်းစောင့်ကြတယ် ။ မိန်းမနှင့် ယောက်ျား တွဲကပေမယ့် ဘာမှ မဖြစ်ဘူး ။ ဖြစ်တော့ ဖြစ်တတ်ပါရဲ့ ။ အင်မတန် ဖြစ်ခဲတာပဲ ။ မြန်မာမှာတော့ ယောက်ျားနှင့် မိန်းမ လက်ဖျားချင်း ထိရုံနှင့် စိတ်မှာ တစ်မျိုး ဖြစ်ချင်တာမို့ အခက်သားပဲ ။ သူတို့ လူမျိုးမှာတော့ ထုံးစံမို့ ရိုးနေသည့်အတွက် မထူးလှဘူး ။ မြန်မာမှာ ထူးတယ် ။ ထူးရာ မှာ မူးကြပြီ ဆိုမှဖြင့် သာပြီး ခက်မှာပဲ ။ ငါလည်း အသက် ကြီးပါပြီကွယ် ။ သေမှာပါပဲ ။ မသေမီကလေး သည်းညည်း ခံစေချင်တာပဲ ။ သေပြီးရင် သဘောရှိ မင်းအတွက်ချည်း တစ်သိန်း အသက်အာမခံ ရှိတယ် ။ လက်ရှိ ပစ္စည်းတွေကိုလည်း သမီးနှင့် တူမမှာ ချမ်းသာပြီမို့ နှောင့်ယှက်လာကြမှာ မဟုတ်ပါဘူး ။ သည်က မသေမီကလေး အတွင်းမှာ စိတ်နှလုံးအေးအောင် မင်း သဘောထားရင် ကုသိုလ်တောင် ရမှာပါပဲ ” ဟု အလွန်ချစ်သော မျက်လုံးများနှင့် မယားထံ အသနားခံလေရာ မင်းကတော်မှာ မျက်လုံးများ ဝေ၍ လာပြီးလျှင် “ ဘယ်အခါမှ ကပွဲကို မသွားတော့ပါဘူး ” ဟူသော ကတိကို ထားလိုက်လေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
ဇန်နဝါရီ ၈ ၊ ၁၉၃၃
No comments:
Post a Comment