Friday, May 15, 2026

အံ့သေးတယ်


❝ အံ့သေးတယ် ❞
      ( ပီမိုးနင်း )

ကာလကတ္တားသိပ္ပံ ကျောင်းတော်ကြီးမှ ပညာသင်ကြားလာသော ဘီအေဘီအလ် မောင်မောင်ခသည် ဘီအလ်အတတ်ပညာကို တတ်မြောက်လာပြီးနောက် အမှုလိုက်ရဖို့ အရေးက မိန်းမကို လှည့်ရခြင်းထက် ၊ တရားသူကြီးကို လှည့်ပတ်ကာ တရားဥပဒေနှင့် ပြောရသည်ထက် ခက်ခဲသောအရာဟု မိမိ စိတ်တွင် အမြဲ အောက်မေ့လေ့ ရှိသည့်ပြင် တွက်ချေကိုလိုက်၍ ကြည့်လိုက်မည်ဆိုပါက ရှေ့နေ၏ အတတ်ပညာမှာ “ တိုက်ပစ် ” ခေါ် လက်နှိပ်စက်ရိုက်သူ ငှားရခြင်း ၊ မြင်းရထားခ ပေးရခြင်း ၊ အလုပ်ခန်း ငှားရခြင်း စာရေး ထားရခြင်း တို့ကြောင့် ရသမျှသော ငွေတို့မှာ စရိတ်ကို နုတ်ရသည် အတွက် မိမိဖို့မှာ ဆိုခဲ့ပါလျှင် ငွေကြေးရဖို့ရာ အမှုသည်များ ထံမှ နှူးရနှပ်ရသော ဗာဟီရကိစ္စတို့မှာ ကြီးလေးသော ဝန်ကြီးတစ်ခုဖြစ်လေ၏ ။ ဘီအလ် အတတ်ပညာမှ တတိယတန်း ၊ ဒုတိယတန်းရှေ့နေဖို့ လောက်မှ ဟန်မကျသောကြောင့် အရင်းမစိုက် လှေထိုးလိုက် ဆိုတဲ့ စကားလို မိန်းမ ယူခြင်းသာလျှင် မျှော်လင့်အားထားဖွယ်ရာကြီး တစ်ခုဟု အောက်မေ့ကာနေလေ၏ ။

တစ်နေ့တွင် မောင်မောင်ခသည် ဒိစကြိတ်မြို့ တစ်မြို့သို့ အမှုကိစ္စ ရှိ၍ သွားရန် မီးရထားဒုတိယတွဲကို တက်လိုက်လေရာ မူးမိုက်၍ ရထားပေါ်မှ ချော်ကျတော့ မလို ဖြစ်သွားလေ၏ ။ အကြောင်းမူကား အချိုရှာ သကာနှင့်တွေ့  ၊ အပျိုရှာ ကညာနှင့်တွေ့ ဆိုသော စကားအရ ဒုတိယတွဲ၌ ကြုံတွေ့သော အရာသည်ကား မပုမမြင့် မကြုံလွန်း ၊ မျက်ခုံးမျက်စ ၊ မျက်လုံး လည်တိုင်မှစ၍ ကမ္ဘာ ပေါ်ရှိ အလှဓာတ် အပေါင်းတို့ စုပေါင်းကာ ဖြည့်လိုက်သော အသက် ၁၈ နှစ်အရွယ်ရှိ အင်္ဂလိပ်မဖြူဖြူကလေး ဖြစ်လေ၏ ။

မောင်မောင်ခသည် မီးရထားရှိ သံတိုင်ကို မြဲမြံစွာ ကိုင်ကာ မိမိကိုယ် ကိုမှ မနိုင့်တနိုင်နှင့် ဆွဲတက်ကာ ၎င်း မိန်းကလေးနှင့် မျက်နှာချင်းဆိုင် ရှိသော နေရာတွင် ခပ်မှိုင်မှိုင် ထိုင်နေလေ၏ ။

မောင်မောင်ခသည် မိမိရှေ့ ထိုင်နေသည့် အထဲတွင် ရှေ့မှောက်၌ ရှိသော မိန်းမပျိုကလေး အပေါ်တွင် အကြိုက်ရော အချစ်ရော ကရုဏာရော မုဒိတာရော ထွေးယှက်ကာ ပေါင်းဆုံရောပြွမ်းပြီးလာသောကြောင့် မကြာခဏ မော်၍ ကြည့်မိလေရာ ၊ သူ့မျက်လုံး ကိုယ့်မျက်လုံး လေးလုံးသော မျက်ဆန်လေးတန်သော မျက်စောင်းလေးချောင်းသော မျက်ကြောတို့သည် လက်ဝှေ့သမားများ ကဲ့သို့ လည်းကောင်း ၊ ခွပ်လှည့်ပေးသော ကြက်များကဲ့သို့ လည်းကောင်း ရင်ဆိုင်တီး လင်းကွင်းများ ကဲ့သို့ မရှောင်သာအောင် မျက်နှာချင်းဆိုင်မိကြလေရာ အင်္ဂလိပ်မကလေးမှာ ဣန္ဒြေနှင့် နေကာ မိမိ၏ ဂါဝန်များ ကို တင်းအောင် ဆွဲထိုင်ပြီး မိမိ အနီးရှိ လက်ဆွဲသားရေအိတ်ကလေးကို ဆွဲယူကာ ပေါင်ပေါ်တွင် တင်ပြီး မိမိ၏ရှေ့တူရူတွင် ထိုင်နေသော ယောက်ျားပျိုကလေးက မိမိ၏သားရေအိတ်ကို လုယူမည်ကို စိုးရိမ်မကင်း သကဲ့သို့ ဖြစ်နေလေ၏ ။

အတန်ငယ် ကြာသောအခါ ရန်ကုန်ဘူတာကြီးမှ မီးရထားကြီးသည် ဥဩမှုတ်၍ ဂျုတ်ဂျုတ် ဂျုတ်ဂျုတ် နှင့်မြည်ကာ ပြည်မြို့ဘက်သို့ ထွက်ခွာသွားလေ၏ ။ ထိုအချိန်အခါတွင် မောင်မောင်ခမှာ မိမိ၏ လက်တွင် ကိုင်ထားသော ကဝိမျက်မှန်တိုက်မှ ကဝိမျက်မှန်မဂ္ဂဇင်း စာအုပ်ကြီးကို အားရပါးရ ဖတ်နေဘိသောအလား တစ်ရွက်ပြီး တစ်ရွက် လှန်ကာလှန်ကာ ခုတ်ရာ တခြား ထစ်ရာ တခြား ဖြစ်သကဲ့သို့ မဂ္ဂဇင်းကို တွင်တွင်ကြီး လှန်ရင်း အင်္ဂလိပ်မကလေးကိုသာ စိတ်တွင် အမြဲစွဲကာ မဂ္ဂဇင်းကို ကျော်၍ အင်္ဂလိပ်မလေးကိုသာ စိုက်၍စိုက်၍ ကြည့်မိလေ၏ ။

အင်္ဂလိပ်မကလေးမှာ မောင်မောင်ခ ကြည့်သည်ကို သိ၍ မိမိလက်တွင် ကိုင်ထားသော ဇာကိုသာ အတွင် ဂရုစိုက်၍ ထိုးလေ၏ ။ တစ်ခါတစ်ရံ ဇာများ မှားမှားနေ၍ ပြင်ကာပြင်ကာ ထိုးရလေ၏ ။ မောင်မောင်ခ၏ မဂ္ဂဇင်း မှာ လွတ်၍ ကျမလောက် ဖြစ်လေ၏ ။

ယင်းကဲ့သို့ သွားရင်း ကြည့်မြင်တိုင်ဘူတာသို့ မီးရထားဆိုက်သည့်တိုင်အောင် တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ သွားကြရာ အင်းစိန်ဘူတာသို့ ရောက်ကာ အင်္ဂလိပ်မကလေးမှာ လက်ညောင်းသဖြင့် ဇာကို အနီးတွင် ချထားလေ၏ ။ မောင်မောင်ခမှာ မျက်လုံးညောင်းသဖြင့် မဂ္ဂဇင်းကို ပေါင်ပေါ်တွင် တင်ကာ ပြတင်းပေါက်မှ ကွင်းပြင်လယ်များကို ကြည့်၍ နေလေ၏ ။ ၎င်းတို့ နှစ်ဦး အဘယ်ကို ကြည့်ကြစေကာမူ စိတ်တွင် မည်သူမည်ဝါလဲ ဘယ်သူ့ သားမြေးလဲဟု စိတ် ပုတီးစိပ်သကဲ့သို့ ဖြစ်၍ နေလေ၏ ။

အင်းစိန်ဘူတာသို့ ရထား ရောက်သောအခါ မောင်မောင်ခ စိတ်တွင် တဒိန်းဒိန်းနှင့် တို့တွဲကို လူများ တက်လာဦးမှာလားဟု စိုးရိမ်မကင်း ဖြစ်ကာ ထင်မိထင်ယောင် ရှိအောင် အင်္ဂလိပ်မအနား သွားထိုင်ရရင် ကောင်းမလား စသည်ဖြင့် စိတ်ကူးဖဲရိုက်ကာ ငါ အနီး သွားထိုင်ရင် အင်္ဂလိပ်မက ဒီအကောင် နောက်ပိုးပဲဟု စိတ်တွင် အောက်မေ့မှာကိုလည်း စိုးရိမ်မကင်း ဖြစ်ပြီး ထကာ ပြတင်းပေါက်မှ ဦးခေါင်းပြုကာ ကြည့်နေရင်း ဟောဟို အင်္ဂလိပ်မ ဗိုက်ပူမကြီးတို့ တွဲများ တက်လာမလား စသည်ဖြင့် စဉ်းစားရင်း ဟန်လုပ်ကာ အင်္ဂလိပ်မ ဘက်သို့ ကြည့်လိုက် ဈေးသည်များကို ကြည့်လိုက်နှင့် နေရာ အင်္ဂလိပ်မဘက်သို့ အကြည့်တွင် အင်္ဂလိပ်မသည် ဣန္ဒြေနှင့် နေလေ၏ ။ ဤကဲ့သို့ ထင်ယောင် ထင်မှား နေစဉ်တွင် ရထားကြီးမှာ အင်းစိန်ဘူတာမှ ထွက်သွားလေ၏ ။ ထိုအခါမှ မောင်မောင်ခ၏ စိတ်တွင်အေးသွားလေ၏ ။

ယင်းကဲ့သို့ တဖြည်းဖြည်း သွားကြလေရာတွင် နှစ်ဦးစလုံးမှာ ဝမ်းနည်းလာကြလေ၏ ။ အကြောင်းမူကား လူသတ္တဝါတို့မှာ အစုအဝေးနှင့် နေကြသောကြောင့် စကားပြောဖော် မရှိခြင်းကြောင့် ဖြစ်လေ၏ ။ တန်ကြာသောအခါ အင်္ဂလိပ်မကလေးက “ ကျေးဇူးပြု၍ ရှင်၏ သတင်းစာကို မဖတ်ရဘူးလား ” ဟု ချိုသာသောအသံနှင့် မေးလေရာ မောင်မောင်ခမှာ ထိုင်ရာမှ ထကာ သတင်းစာကို ပေါ့ပါးစွာယူပြီး အင်္ဂလိပ်မ လက်သို့ ပေးရင်း ၎င်းပြင် မြန်မာလို ရေးထားသော ကဝိမျက်မှန်မဂ္ဂဇင်းလည်း ရှိပါသေးသည် ။ အရုပ်များက လှပါဘိနဲ့ ကြည့်စမ်းပါဦး ဟု လောကွတ်ပိုကာ ထပ်၍ ပေးလေ၏ ။ အင်္ဂလိပ်မက ကျေးဇူးတင်ကြောင်း ပြောရာ မောင်မောင်ခ စိတ်တွင် မိမိကို သရော်သည် မှတ်ထင်မိလေ၏ ။

အင်္ဂလိပ်မကလေးမှာ သတင်းစာကို ရသောကြောင့် ကျေးဇူးတင်၏ ။ မောင်မောင်ခမှာ သတင်းစာကို ပေးရသောကြောင့် ကျေးဇူးတင်၏ ။ မောင်မောင်ခမှာ အင်္ဂလိပ်မကလေးသတင်းစာ ဖတ်နေသည်ကို ကြည့်ရင်း ကမ္ဘာပေါ်တွင် အချောအလှမှာတော့ ပထမ ရထိုက်တဲ့ မိန်းကလေးပါပဲဟု စိတ်တွင် ချီးမွမ်းရင်း စကားကို ပြောလိုသော်လည်း အင်္ဂလိပ်မမှာ ဦးခေါင်းမှ မဖော်ဘဲ သတင်းစာကိုသာ တွင်တွင်ကြီး ဖတ်၍နေလေ၏ ။

သတင်းစာ ဖတ်ပြီး၍ မောင်မောင်ခကို ပြန်အပေး တွင် မောင်မောင်ခက “ ဘယ်သွားမလို့လဲ ” ဟု မေးလေ၏ ။

အင်္ဂလိပ်မ ။  ။ “ ကျွန်မ ပြည်ကို သွားမလို့ ” 

မောင်မောင်ခ ။  ။ “  ပြည်မှာ နေသလား ”

အင်္ဂလိပ်မ ။  ။ “  မနေပါ ၊ ရန်ကုန်မှာ နေပါသည် ၊ ရှင်ကော ဘယ်မှာ နေသလဲ ”

မောင်မောင်ခ ။  ။ “ ရန်ကုန်မှာ နေပါတယ် ၊ အခု ပုသိမ် သွားမလို့ ”

အင်္ဂလိပ်မ  ။  ။ “ ဘယ်မှာ အလုပ်လုပ်သလဲ ”

မောင်မောင်ခ ။  ။ “ ဒါ ကျုပ်ကတ်ပါပဲ ” ဆိုကာ လှမ်း၍ ပေးလိုက်လေ၏ ။

အင်္ဂလိပ်မ ။  ။ ကတ်ကို ကြည့်ပြီးလျှင် “ ကာလကတ္တားက ပြန်လာတာ ဘယ်လောက် ကြာပြီလဲ ”

မောင်မောင်ခ ။  ။ “ မကြာသေးပါ ၆ လလောက် ရှိပါသေးတယ် ။ မင်းနာမည် ဘယ်လို ခေါ်သလဲ ” 

အင်္ဂလိပ်မ ။  ။ “ ကျွန်မနာမည် မေရီ ” ဟု ရှက်ကြောက်ကာ ပြောလေ၏ ။

မောင်မောင်ခ ။  ။ “ ဘာကိစ္စနဲ့ သွားမလို့လဲ ” ဟု ဆက်၍မေးလေရာ “ ကျောင်းပိတ် အလည်သွားမှာပါပဲ ” ဟု ပြန်ပြောလေ၏ ။

မောင်မောင်ခ ။  ။ “ ဘယ်ကျောင်းမှာ နေသလဲ ” 

မေရီ ။  ။ “ ကွန်ဘင့်မှာ နေပါတယ် ” 

ခ ။  ။ “ ဂါဝန်နဲ့ နေသလား ” 

မေရီခေါ် မညွန့်သည် ခေါင်းညိတ်၏ ။

ခ ။  ။ “ ဘယ်အတန်း ရောက်ပလဲ ” 

မညွန့် ။  ။ “ ဆယ်တန်းမှာ ”

ထို့နောက် အခွင့် မရှိသဖြင့် ဆိတ်ငြိမ်စွာ နေရင်းတွင် လက်ပံတန်းသို့ ရောက်ရာ မောင်မောင်ခမှာ ဝမ်းနည်းစွာ မညွန့် ကို ခွဲခွာပြီး ပုသိမ် မီးရထားကို စီးရလေ၏ ။ မညွန့်မှာ တစ်ယောက်တည်း ပြည်မြို့သို့ ပါသွားလေ၏ ။

••••• ••••• •••••

( ၂ )

တစ်နေ့သော ညနေတွင် မောင်မောင်ခမှာ နေ့အလုပ်များ ပြီးစီး၍ ညနေအချိန် ဘုရားလမ်းတွင် လမ်းလျှောက်ရင်း မိမိ မျက်လုံးများတွင် မထွက်သော မျက်နှာလေးမှာ ဘုရားလမ်းကို ဖြတ်ကာ လက်ဆွဲသားရေအိတ်ကလေးကို ကိုင်ကာ လာသော မေရီနှင့် ရင်ဆိုင် တွေ့လေ၏ ။

ထိုကဲ့သို့ တွေ့သောအခါ တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ ရပ်၍ ကြည့်နေကြလေ၏ ။ အကြောင်းမူကား ပျိုရွယ်သူများမှာ အကျွမ်း အလွန်ဝင်မှသာ ပြောဆိုခြင်း ရှိကြသောကြောင့်တည်း ။ ထိုကဲ့သို့ ကြည့်နေခြင်းများမှာ မျက်လုံးချင်း ဓားပြတိုက်နေခြင်း ဖြစ်လေ၏ ။

အတန်ငယ် ကြာသောအခါ မောင်မောင်ခသည် ဦးထုပ်ကို ချွတ်ကာ အရိုအသေ ပေးလေ၏ ။ ထိုအခါ မိန်းကလေးသည် ထွက်၍ သွားလေ၏ ။ မောင်မောင်ခမှာ သွားခွင့် မပြုဘဲသွားသော မိန်းကလေးကို ကြည့်ကာ ကျန်ရစ်ခဲ့လေ၏ ။

မောင်မောင်ခသည် မျက်စိတစ်ဆုံး စိုက်ကြည့် နေရစ်ခဲ့လေ၏ ။ ၎င်းနောက် သူ ဘယ်မှာ နေသည်ကို ငါ သိအောင် ကြံမည်ဟု စိတ်ကူးကာ မိမိ တိုက်သို့ လှည့်ကာ ပြန်လေ၏ ။

နောက်ရက်ပေါင်း များမကြာမီ ကျောင်းဖွင့်သဖြင့် မောင်မောင်ခသည် ကျောင်းရှေ့ သွား၍ ကျောင်းဆင်းချိန်တို့တွင် စောင့်လေရာ တစ်နေ့တွင် မေရီကို တွေ့မြင်ရ၍ သူ့အဖော်များနှင့် ကွဲရင် ငါ ဝင် စကားပြောမည် ။ ငါ့ကို ငြင်းပယ်က အခြားမြို့များတွင် လိုက်လံရှာဖွေရ မှာပဲ ဟု စိတ်တွင်ပိုက်ကာ နောက်မှ လိုက်ရာ ဆေးရုံကြီး ဘက်မှ ချိုးပြီး မဂိုလမ်းဘက်သို့ သွားသည်ကို မြင်ရလေ၏ ။ မဂိုလမ်း ရောက်ကာလ အဖော်များနှင့် ကွဲပြီး ဖြစ်၍ မောင်မောင်ခက ဦးထုပ်ကို ချွတ်ကာ နှုတ်ဆက်လေ၏ ။ မေရီလည်း ပြုံးရယ်ကာ ပြန်၍ နှုတ်ဆက်လေ၏ ။

မေရီ ။  ။ “ ရှင် ကျွန်မကို တမင် လိုက်နေတာလား ” 

ခ ။  ။ “ မင်း ရိပ်မိတဲ့ အတိုင်းပါပဲ ၊ မင်း ငါ့ကို ရိုင်းတယ် ထင်ရင်လည်း ထင်တော့ ၊ မင်း ကိုပဲ ငါ့ မျက်စိထဲ တရေးရေး မြင်နေလို့သာ လိုက်နေတာပေါ့ ၊ မင်း နောက်ကို လိုက်လာတာ အသိသားနဲ့ မစောင့်တာ မုန်းလို့လား ”

မေရီ ။  ။ “ ရှင့်ကို ဘာဖြစ်လို့ မုန်းရမှာလဲ ၊ သို့သော်လည်း ရှင်တို့ ယောက်ျားများ အလိုကို လိုက်ပြီး ရှင်တို့ အပျော်လိုက်ဖို့ရန် အတွေ့ခံရမှာလား ”

ခ ။  ။ “ မင်း ငါ့စိတ်ကို မသိလို့ ဒီစကားမျိုး ပြောတာပါ ၊ ငါ ဒီလိုလူမျိုး မဟုတ်ပါဘူး ”

ထိုအခါ မိန်းမပျိုကလေးသည် စကားမပြောဘဲ မောင်မောင်ခနှင့် အတူ ယှဉ်၍ လမ်းလျှောက်သွားလေ၏ ။

မေရီ ။ “ ရှင့်စိတ်က သဘောရိုးအတိုင်း ဖြစ်ရင် ကျွန်မ ငြင်းစရာ မရှိပါဘူး ၊ ရှင် ဝတ်လုံ လုပ်နေတယ် ဆိုတာ သိပါရဲ့ ၊ ရှင့်နာမည်တော့ မှတ်မိပါရဲ့ ရှင် ဂျော့ မဟုတ်လား ”

မောင်မောင်ခမှာ မြန်မာလို ဆိုရင် မောင်မောင်ခ ၊ အင်္ဂလိပ်လိုဆိုရင် ဂျော့ ဖြစ်လေ၏ ။ မီးရထားပေါ်တွင် ပေးခဲ့သော ကတ်မှာ ဂျော့ ဟု ရေးထား၏ ။

ထို့နောက် ဆက်လက်၍ စကားပြောသွားကြရာတွင် မေရီ ခေါ် မညွန့် နှင့် မောင်မောင်ခ တို့သည် ချစ်ကြောင်းကြိုက်ကြောင်း အတိအလင်း ပြောခွင့်ရကြ သဖြင့် သမီးရည်းစား ဖြစ်ကာ သွားကြလေ၏ ။

မောင်မောင်ခသည် ညနေတိုင်း သွား၍ တွေ့ကြလေ၏ ။ ၎င်းတို့ တစ်ယောက်တစ်ယောက် မြန်မာ နာမည် ထုတ်ဖော် မပြောဘဲ ၊ အင်္ဂလိပ်ထီး ၊ အင်္ဂလိပ်မတို့ ကဲ့သို့ သွားလာနေထိုင်ကြလေ၏ ။

အင်္ဂလိပ်မကလေး မညွန့် မှာ လက်ပံတန်းမြို့တွင် ဆွေမျိုးညာတိများ ရှိသည့်အပြင် မိမိကိုယ်တိုင် လက်ပံတန်းသူ ဖြစ်လေ၏ ။

အင်္ဂလိပ်ကလေးမှာ ပုသိမ်မြို့တွင် နေထိုင်သော သူဌေးမင်း၏ တစ်ဦးတည်းသော သား ဖြစ်လေရာ မိမိ မိဘများက သား၏ ချစ်ခြင်းဖြင့် ကာလကတ္တားမြို့သို့ ပညာသင်လွှတ်ရာ ဘီအေဘီအလ် အောင်လာသော ဂျော့ ခေါ် မောင်မောင်ခ ဖြစ်လေ၏ ။

••••• ••••• •••••

( ၃ )

သူဌေးမင်း ဦးသန့်သည် မီးရထားတွဲတွင် ကျောင်းဒကာ ဦးခန့်နှင့် တွေ့ကြရာ

“ မာရဲ့နော် ကျောင်းဒကာ ဦးခန့် ”

ခန့် ။  ။ “ မာပါရဲ့ သူဌေးမင်း ၊ ယခု ဘယ်က လာကြသလဲ ” 

သန့် ။  ။ “ ဟော သားကလေး ရန်ကုန်မှာ အလုပ် လုပ်နေလို့ အခြေအနေ သွားကြည့်ရတယ် ကျောင်းဒကာရဲ့ ”

ခန့် ။  ။ “ ဘယ်သူတုန်း ”

သန့် ။  ။ “ မောင်မောင် ခဆိုတာ ကျုပ်သားလေ ... ဘီအေဘီအလ် ”

ခန့် ။  ။ “ ဩော်ဟုတ်လား ။ ဒီလို ပညာဆိုတော့ စိတ်ချရပါတယ် ။ ပူဖို့ မရှိပါဘူး ။ မပြည့်တဲ့ အိုးသာ ပူရတာမျိုးပါ သူဌေးမင်းရဲ့ ”

သန့် ။  ။ “ ကျောင်းဒကာမှာ သမီးလေး တစ်ယောက် ရှိသေးတယ် မဟုတ်လား ။ မောင်မောင်ခ မွေးပြီး လေးနှစ်လောက်ကြာတော့ မွေးတာလေ ”

ခန့်  ။  ။ “ သူဌေးမင်းနှယ် ရှိပါသကော ။ သတိ ကောင်းပါကလား ။ ယခု ကျောင်းနေတယ် ။ ၁၀ တန်းမှာ ၊ နာမည်ကတော့ မညွန့်တဲ့ ”

သန့် ။  ။ “ ကဲကဲ စကားများများ ပြောမနေနဲ့ ကျောင်းဒကာ ။ လူခင်ချင်းလည်း ဖြစ်ကြတယ် ။ အကျိုးအကြောင်း အသိချင်းလည်း ဖြစ်ကြတော့ ကျောင်းဒကာ သမီးနဲ့ ကျုပ်သား ပေးစားဖို့ စီစဉ်ပါ ”

ခန့် ။  ။ “ ဘယ့်နှယ်ဗျာ ၊ လူကို မမြင်ရသေးဘဲနဲ့ ဘယ့်နှယ်လုပ်ပြီး စီမံမလဲ ”

သန့် ။  ။ သားရေအိတ်မှ ထုတ်ကာ မောင်မောင်ခ၏ ဓာတ်ပုံကို ပြလေရာ ။

ဦးခန့်လည်း သားရေအိတ်မှ ဓာတ်ပုံကို ပြလေ၏ ။ ၎င်းပုံမှာ ယောထဘီကို ဝတ်၍ ကြုံ့ကြုံ့ထိုင်နေသော မညွန့် ဖြစ်လေ၏ ။

ထိုအခါ နှစ်ဦးသော လူကြီးတို့သည် သဘောကျကာ အသေအချာ ကြည့်ကြပြီး မိမိတို့ကို သြဇာပေးနေကြ ဖြစ်သော ဇနီးသည်များ ရှိသေးကြောင်းပြောကာ ဓာတ်ပုံကို လဲယူကာ သွားကြလေ၏ ။

နောက်တစ်လလောက် ကြာသောအခါ ဆူးလေဘုရားလမ်းတွင် မောင်မောင်ခ နှင့် မညွန့် တို့သည် လမ်းလျှောက် သွားကြရင်း မောင်မောင်ခက “ တယ်ပြီး စိတ်လေးတယ်ကွယ် ။ လာ တို့များ တက္ကစီကို ငှားပြီး ကန်တော်ကြီး တစ်ပတ် လျှောက်စီးကြရအောင် ”

မညွန့်မှာ မျက်ဆန်ပြူး မျက်လုံးပြူးနှင့် မောင်မောင်ခ ကို ကြည့်ပြီး “ ကျွန်မ အခြား မိန်းကလေးများလို မော်တော်ကားနဲ့ ကန်တော်ကြီးတို့ကို အပျော်လိုက်ပြီး မော်တော်ကား စီးလေ့ မရှိဘူး ။ ရှင့်ကို ကျွန်မ အစတုန်းက လူရိုးလူကောင်းရယ်လို့ ယုံကြည်အားထားပါတယ် ”

မောင်မောင်ခ ။  ။ “ မဟုတ်ပါဘူး မေရီရယ် မင်းကို တစ်မျိုးတစ်မည် ဘယ်လိုမှ သဘောမထားပါ ။ မင်းနဲ့ တို့ အကြောင်းကို အထူးတလည် ပြောစရာ ရှိလို့ခေါ်တာပါ ။ လာ ဟောဟို တက္ကစီနဲ့ သွားကြမယ် ” ဆိုကာ မော်တော်ကားနဲ့ ကန်တော်ကြီးကို သွားကြလေ၏ ။

မညွန့် ။  ။ “ ဂျော့ ကျွန်မ သိပ်စိတ်လေးတာပဲ ။ ကျွန်မတို့ နှစ်ဦးရဲ့ ချစ်ခြင်းဟာ မကြာခင် ကွဲလိမ့်မယ်လို့ ထင်ပါတယ် ။

မောင်မောင်ခ ။  ။ “ အလို ... ဘယ်လိုကြောင့်လဲ မစ္စမေရီရယ် မင်း စိတ်လေးတာထက် ငါ စိတ်လေးတာက အများကြီးလေးတယ် ။ ငါ ပြောပြမယ် မင်းနားထောင် ဂျော့တို့ မိဘများက ဂျော့ကို မကြာခင် မိန်းမပေးစားမယ်တဲ့ ။ ဒီအကြောင်းနှင့် ပတ်သက်ပြီး ဂျော့က မစ္စရီကို ပြောပြလိုသဖြင့် ခေါ်တာပါ ”

မညွန့် ။  ။ “ ဂျော့ ပြောသလိုပဲ ကျွန်မကိုလည်း ကျွန်မ မိဘက မကြာခင် အိမ်ထောင်ပြုပေးမလို့ ၁ဝ တန်း စာမေးပွဲတောင် မဝင်ရဘူးတဲ့ ”

မောင်မောင်ခ ။  ။ “ ဟုတ်လားဒါဖြင့် ကံတူအကျိုးပေး ဖြစ်နေကြပါပြီပကော ... ကိစ္စမရှိဘူး မေရီ မင်းမိဘများနှင့် ငါ့မိဘများက တို့များကို မကြည့်သော်လည်း ငါနှင့် မင်းတို့ နှစ်ယောက် ကောင်းကောင်းစားပြီး ကောင်းကောင်းကြီး ဝတ်ဆင်၍ သူများလို မော်တော်ကား မစီးနိုင်သော်လည်း ရထားပိုင်တော့ စီးနိုင်ဦးမှာပါပဲ ” ဟု ပြောရင်း တရယ်ရယ်နှင့် မိမိတို့ ကိုယ်မှာ နှစ်ယောက် တစ်ကိုယ်တည်း ဖြစ်အောင် ကျပ်တည်းစွာ ပွေ့ဖက်ကာ အသက်ကိုမှ မှန်အောင် မရှုနိုင်တော့ဘဲ အချစ်၏ အာရုံကို ခံစားကာ နေလေရာမှ “ ငါ ပြောတာ သဘောကျရဲ့လား မေရီ ”

မေရီ ။  ။ “ ကျွန်မ ကြောက်လှပါတယ် ကျွန်မ ငယ်ငယ်ကတည်းကစပြီး မိဘစကား နားထောင်လာတော့ ယခု နားမထောင်ရင် မကောင်းပါ ။ နားမထောင်ရမှာ ကြောက်တယ် ”

မောင်မောင်ခ ။  ။ “ မိဘစကား နားမထောင်ရမှာက အရေးမကြီးဘူး ။ မင်းနဲ့ ငါ ကိစ္စ မြန်မြန်ပြီးစီးဖို့က အရေးကြီးတယ် ”

မေရီ ။  ။ “ ရှင် ယခု ပြောတဲ့ စကားက သာပြီး အရေးကြီးနေပါတယ် ”

ထို့နောက် စကားပြောရင်း ကန်တော်ကြီးကို တစ်ပတ်ပတ်ကြပြီးလျှင် မော်တော်ကားနှင့် ပြန်လာပြီး ဝမ်းနည်းသော အမူအရာနှင့် တစ်ဦးကို တစ်ဦး နှုတ်ဆက်ကာ ခွဲကြလေ၏ ။

••••• ••••• •••••

( ၄ )

မညွန့်သည် ရန်ကုန်အရှေ့ပိုင်းရှိ မိမိ အဒေါ်အိမ်မှ ကုလားထိုင် တစ်ခုပေါ်တွင် ထိုင်နေရင်း မိမိ၏ အဖြစ်အပျက်များကို ပြန်လှန်စဉ်းစားရင်း စိတ်ငယ်လာပြီး လက်တွင် ကိုင်ထားသော စာအုပ်ကို နံဘေးသို့ ပစ်ချပြီး ထ၍ သွားကာ စိတ်ပြေလက်ပျောက် ရှိစေတော့ဟု စိတ်တွင် အောက်မေ့ကာ ပီယာနိုကို အသာ စိတ်မပါ့တပါ့နှင့် တီးခေါက်လေ၏ ။ ထိုသို့ တီးခေါက်ရင်း စိတ်မှာ တစ်စ တစ်စ ပါလာပြီး သီချင်းသံနှင့် ပီယာနိုသံတို့မှာ ရောပြွမ်း၍ လာလေ၏ ။ ထိုသို့ တီးခေါက်နေရင်းတွင် ဝမ်းနည်းစရာ ဟူသမျှမှာ ပပျောက်လုခမန်း ဖြစ်၍ သွားလေ၏ ။ ပီယာနို တီးရင်း အတော် မောပန်းလာသောအခါ ပီယာနို ရှိ စားပွဲပေါ်တွင် တင်ထားသော ဖခင်ထံမှ စာကို မြင်၍ ပီယာနိုကို မတို့ချင် တို့ချင်နှင့် တို့ပြီး စာကို ယူကာ တစ်ခါ ထပ်၍ဖတ်လေ၏ ။ မိမိနှင့် ပေးစားမည့်သူမှာ မြန်မာဝတ်လုံ ဘုရားလမ်းတွင် နေသော မောင်မောင်ခ ဖြစ်ကြောင်း စာတွင် တွေ့ရှိရသောကြောင့် အောက်ပါ အတိုင်း စာရေးလေ၏ ။

        ကိုမောင်မောင်ခ ရှင့်
        ကျွန်မ ကိုမောင်မောင်ခ တစ်ခါမျှ မမြင်ဖူးသော်လည်း ဖခင်ထံမှ အကြောင်းမျိုးစုံ ကြားသိရသဖြင့် ကိုမောင်မောင်ခကို ကျွန်မ မြင်ယောင်လျက်သာ နေပါသည် ။ ဘယ်နည်းနဲ့ မဆို ကျွန်မတို့ နှစ်ယောက်မှာ လူကြီးမိဘတို့ ဝတ်ကို မငြင်းနိုင်ဘဲ တွေ့ကြရတော့မည် ။ ကိုမောင်မောင်ခ၏ နာမည်ကို ကြားကတည်းက အလွန်မှ တွေ့ချင်စိတ် ရှိပါသည် ။ ကျွန်မကို မိန်းမပေါ့လို့ ထင်ရင်လည်း ခံရမှာပါပဲ ၊ ယခုနေ့ ညနေ ဘုရားကြီး အနီး ပန်းခြံထဲမှာ ကျွန်မ ရှိပါလိမ့်မည် ။ ကိုမောင်မောင်ခက တွေ့ချင်လိမ့်မည်လို့ ထင်ပါသည် ။
                 မညွန့် ..

ထိုစာကို ရေးပြီးနောက် ပြန်၍ ဖတ်ရင်း ပြုံးရယ်ကာ သည်စာကို ဖတ်ရသည်နှင့် တစ်ပြိုင်တည်း ငါ့ကို ကမြင်းတဲ့ မိန်းမ ထင်ပြီး စိတ်ပျက်မှာပဲ ။ စိတ်မပျက် သေးရင် လွှတ်လိုက်တဲ့ မယ်ဆင့်ကို မြင်ရုံနဲ့ ယုံစရာရှိရဲ့ဟု တွေးတောကာ တစ်ကိုယ်တည်း ခိုးခိုးခွတ်ခွတ်နှင့် ရယ်၍ နေလေ၏ ။

မညွန့်၏ အရီးဒေါ်ဥသည် မညွန့် ရယ်သံကို ကြား၍ သိလိုသော ဇောနှင့် ကပျာကယာ မညွန့် ရှိရာသို့ ဝင်ကာ တောင်မြောက်လေးပါးကို ကြည့်လေ၏ ။ ထိုသို့ ကြည့်နေစဉ်တွင် မညွန့်သည် စာကို ရင်ဘတ်ကြားထဲသို့ သွင်းထားပြီး စားပွဲကို မှီကာ သန်းဝေ၍ နေလေ၏ ။ အဒေါ်ဖြစ်သူကို ကြည့်ကာ ဖြူစင်သော သွားကလေးများကို ဖြဲပြီး ဦးခေါင်းကို စောင်းကာ ပြုံးရယ်လေ၏ ။

“ ဟဲ့ကောင်မ နင် ဘာဖြစ်နေသလဲ ” ဟု ဣန္ဒြေနှင့် မေးလေ၏ ။

မညွန့်သည် ဖက်ခွက်တွင် ရေစက်ကျသံကဲ့သို့ ဖြစ်ကာ ကြည်လင်သော မျက်နှာနှင့် တခွတ်ခွတ်ရယ် လေ၏ ။

“ အလို ... ဘာများ ဖြစ်နေပါလိမ့်မလဲ ၊ မိညွန့် နင်ရူးနေသလား ”

“ မရူးပါဘူး ကြီးကြီးရဲ့ ၊ ကျွန်မ ရယ်ချင်လွန်းလို့ပါ ” 

ဒေါ်ဥ ။  ။ “ ဒီလိုပဲ အင်္ဂလိပ်ကျောင်းမှာ ထားလို့ စာတွေတတ်ပြီ ဆိုမှဖြင့် ရယ်လို ရယ် ၊ ငိုလို ငိုနှင့် တော်ပါ ၊ ညည်းကို ကျောင်းမထားတော့ဘူး တို့ဝတ်လုံနဲ့ ပေးစားရမယ် ”

မညွန့် ။  ။ “ အဲဒီ ဝတ်လုံအကြောင်း တွေးရယ်တာပါ ” 

ဒေါ်ဥ ။  ။ “ ဘာဖြစ်လို့ ရယ်ရတာလဲ ” 

ဒေါ်ဥ ။  ။ “ ရယ်မိမှာပေါ့ ကြီးကြီးတို့ လူက ဘယ့်နဲ့ လူကြီးလည်း ကြောက်စရာ ကောင်းတယ် ” ဟု ပြောကာ ထပ်၍ ရယ်လေ၏ ။

“ ဟဲ့ မိညွန့် နင်ရူးသလား ။ ပြောလေ ကဲလေပါ ကလား ။ ဒီမှာ လူကြီးချင်း ပြောရုံရှိသေး ညည်းက သွားတွေ့ပြီးပြီပေါ့လေ ။ ဒါ ဂါဝန်ဝတ်တဲ့ အကျိုးပေါ့လေ ။ ငါ အစက အပြောသား ဒီဂါဝန်ဝတ်ကျောင်းမှာ မထားနဲ့ ။ ဂါဝန်ဟာ လူကို မြှောက်တယ် မြှောက်တယ် ပြောတာ ကြည့်ပါလား ၊ အခု ဘယ်လို ဖြစ်နေတယ် ဆိုတာ သစ်တုံး တစ်တုံး ဂါဝန် ဝတ်ပြီးထား ၊ ၅ ရက်လောက်ကြာ သွားပေါက် ကြည့်ပါလား ရမှာမဟုတ်ဘူး ဒီထိအောင် မာတာမျိုး ညည်း ဒီလို အင်္ဂလိပ် စိတ်ကျပ်ကျပ်ပေါက် ။ အင်္ဂလိပ်စုတ်နှင့် ညားနေလိမ့်မယ် ။ ကြည့်ပါလား အိမ် ပေါ်တောင် ဖိနပ် မချွတ်ချင်ဘူး ။ ညည်း လင်ရရင် အင်္ဂလိပ်တွေနဲ့ တွဲပြီး လမ်းလျှောက် နေမှာပေါ့လေ ”

မညွန့်သည် စကားတစ်ခွန်းမှ ပြန်၍ မပြောဘဲ ပြုံးလျက် ကြီးကြီး ကိုသာ ကြည့်၍ နေပြီးမှ

“ ကြီးကြီးတို့ လင်က ဩော် ယောင်လို့ယောင်လို့ ကြီးကြီးတို့လူက လာလာချင်း ဆောက်နဲ့ထွင်း ဆိုသလို ကြောက်စရာအင်မတန် ကောင်းတဲ့လူပဲ ” 

နု  ။  ။ “ သယ် ... ဘယ့်နှယ် လုပ်လိုက်သလဲ ၊ ပြောပါအေ မြုံစိစိ လုပ်မနေပါနဲ့ ”

ညွန့် ။  ။ “ ဘယ့်နှယ်လူလည်း မသိဘူး ၊ လူဝံလိုပဲ ” 

နု ။  ။ “ ဘယ့်နှယ် လုပ်လိုက်သလဲ ရူးတူးတူး အူတူတူနဲ့ လူဝံက ဘယ့်နှယ် လုပ်လိုက်သလဲ ”

ညွန့်  ။  ။ “ တကတဲ ကြီးကြီးကလည်း ပေါက်ပေါက်ရှာရှာ မေးလိုက်တာ ... ”

နု ။  ။ “ အလို .. ဖြစ်မှ ဖြစ်ရလေ ၊ နေပါဦး တိုးတိုးပြောပါ ၊ လူတွေ ကြားကုန်ပါ့မယ် ။ ဘယ့်နှယ်များ လုပ်လိုက်သေးသလဲ ”

ညွန့် ။  ။ “ ခုတင်ကပဲ ...”

ဒေါ်နုသည် ဒေါသထကာ “ ဟဲ့မယ်သင် အခန်းထဲမှာ ရှာစမ်း ဘယ့်နှယ် မှတ်လို့လဲ ” ဟု မြည်တွန်ကာ လိုက်၍ ရှာလေ၏ ။

ညွန့် ။  ။ “ ကျွန်မ စားပွဲမှာ မှီနေတုန်းက ပြတင်းပေါက်က လာပြီး ကလိထိုးသွားတယ် ”

“ ဖြစ်မှ ဖြစ်မှရလေတော် ... ကလိထိုးသွားသတဲ့ ၊ မှန်မှန် ပြောစမ်းပါအေ ၊ ဘယ့်နှယ်များ လုပ်သွားသေးသလဲ ”

ညွန့် ။  ။ “ ဒီလို ကြီးကြီးရဲ့ ကျွန်မ စားပွဲကို မှီပြီး အိပ်ပျော်သွားတုန်း အိပ်မက်ထဲမှာ ကျွန်မကို ကလိထိုး သွားတယ်လို့ အိပ်မက်မက်တာပါ ကြီးကြီးရဲ့ ”

ဒေါ်နု ။  ။ “ ညည်းဖြင့် ဒီလိုပဲ ၊ တစ်ယောက်တည်း ဒါကိုပဲ စဉ်းစားနေတာပေါ့လေ ၊ စောစောက ပြောပါတော့အေ ၊ ဒီလိုအိပ်မက်ကြောင့် ညည်းနှယ် ရူးပဲရူးတတ်တယ် အေ ၊ စိတ်ချပါ စိတ်ချပါ မြန်မြန်ပေးစားပါ့မယ် ”

မညွန့်သည် ဆက်လက်၍ ရယ်လေရာ “ တော်ပါ အေ တော်တော်ကြာတော့ အမယ်လေး မအော်ပါနဲ့ ” ဟု ပြောဆိုကာ မိမိ အခန်းသို့ ဝင်သွားလေရာတွင် မညွန့်က “ အနာမခံ အသာမစံရဘူး ကြီးကြီးရဲ့ ”

ဒေါ်နု ။  ။ “ ဘာပြောတယ် ” ဟု နောက်သို့ လှည့်၍ မေးရာ “ ဘာမှ မဟုတ်ပါဘူး ကြီးကြီးရယ် ၊ ယားကျိကျိ ဖြစ်နေလို့ပါ ” ဟု ပြောလေရာ ဒေါ်နုသည် မျက်စောင်းထိုးကာ ထွက်သွားလေ၏ ။

••••• ••••• •••••

( ၅ )

မညွန့်သည် မီးဖိုရှိ မယ်သင် ထံသို့ သွားပြီး

“ မယ်သင် ကျွန်မကို တစ်ခု ဆောင်ကြဉ်းပေးပါ ” 

“ ဘာလဲ သွားပြီး ချိန်းဖို့လား ” 

“ မဟုတ်ပါဘူးရှင် ” 

“ ဘုရားနားရှိ ပန်းခြံထဲမှာ မောင်မောင်ခ ရှိလိမ့်မယ် ၊ ၎င်းကို ပြောပါ ။ မညွန့် ဆိုတာ ကျွန်မပဲ ။ ကိုမောင်မောင်ခ ဆိုတာ ရှင် မဟုတ်လား ။ ရှင့်ကို တွေ့ချင်လွန်းလို့ လာခဲ့ကြောင်း ညည်းလိမ္မာသလို ကြည့်ပြောတာပေါ့အေ ”

၎င်း မယ်သင်သည် ပုပုကွကွ ၊ အသားကလည်း မည်းမည်း ကျောက်ပေါက်မကလည်းများ တစ်နေ့လုံး ကြည့်လို့ နှစ်ပြားမတန်တဲ့ မိန်းမဖြစ်လေရာ စကားပြောရာတွင် ယောက်ျားများကို မြင်က ပြုံးရွှင်စွာနှင့် အမဲ ထင်တတ်သူ တစ်ယောက်ဖြစ်ကာ ယောက်ျား မြင်တိုင်း အားရပါးရ ပိုးလေ့ရှိ၏ ။

မညွန့် ။  ။ “ မယ်သင် ကောင်းကောင်းကြီး ညည်း နှူးလိုက်နော် ၊ ညည်းကို ကြိုက်ရင် ကော်တာပဲ ဝတ်လုံကတော် ဖြစ်မှာအေ့ ။ ရော့ ညည်း လက်ကောက် လုပ်ဖို့ရာ ရွှေဒင်္ဂါး တစ်ပြား ၊ ငါလွှတ်ကြောင်းကို ဘယ်သူမှ မသိစေနှင့်နော် ”

မယ်သင်သည် အဝတ်များ လဲပြီးနောက် မှန်ကို လက်နှစ်ဖက်ဖြင့် အားရအောင် အနီးသို့ ကပ်ကြည့်ပြီး မညွန့် အပြောခိုင်းသော စကားများကို စတိုင်ပါပါ မှန်တွင် ကြည့်ပြီး နှစ်ခါသုံးခါ ပြောပြီး မဲ့ကာရွဲ့ကာ မိမိ ကိုယ်ကို ဝတ်လုံ၏ ရည်းစား အစစ်ကဲ့သို့ မှတ်ယူကာ ပီတိတွေ ဖြာပြီး မျက်ရည်များ တစက်စက်နှင့် ကျလာလေ၏ ။ ထို့နောက်မှ မျက်ရည်များ သုတ်ပြီး ကပျာကယာ ထွက်၍ သွားလေ၏ ။

မောင်မောင်ခသည် စာကို ရရှိသောအခါ မညွန့် ဟု စာတွင် လက်မှတ်ထိုးထားသည်ကို တွေ့ရ၍ စိတ်တွင် မချိတင်ကဲဖြစ်ကာ ငါ့ကို မှာလို့ ရှိမှဖြင့် ငါ သွားမှတော်မှာပဲဟု စိတ်တွင်အောက်မေ့ကာ သွားဦးမှ တော်တော့မယ်ဟု တစ်ယောက်တည်း ပြောကာ ဘုရားကြီး အနီးရှိ ပန်းခြံသို့ မြန်မာလို ဝတ်၍ ထွက်သွားလေ၏ ။

မောင်မောင်ခသည် ပန်းခြံ ထဲတွင် ယောင်ပေ ယောင်ပေနှင့် လျှောက်နေရင်း ချုံကွယ်မှ မိန်းမတစ်ယောက် ထွက်လာပြီး

“ ရှင် ကိုမောင်မောင်ခ မဟုတ်လား ”

“ အေးဟုတ်တယ် ”

“ နင်ဘယ်သူလဲ ”

“ ကျွန်မ မညွန့်ပါ ၊ မိဘချင်းက သဘောတူကြောင်း ပြောထားလို့ ရှင့်ကို တွေ့ချင်လို့ လာတာပါ ။ ကျွန်မ စောင့်နေရတာ ကြာလှပြီ ။ ရှင်က အခုမှ လာတာကိုး ” 

မောင်မောင်ခသည်

“ အေး ငါ မင်းနဲ့ စကား မပြောနိုင်သေးဘူး ။ ကိစ္စ ရှိသေးတယ် ” ပြောကာ ထွက်၍ သွားလေ၏ ။ ထွက်၍ အသွားတွင် နောက်မှ လိုက်လာသလားဟု ကြောက်ရွံ့ကာ ဒီသရဲမကြီး ငါ့ကိုလာခြောက်တာပဲ ။ အမယ်လေး ငါ ဘယ့်နှယ်ဖြစ်ပါလိမ့် ၊ ကြောက်စရာကြီးပါကလား ဟု တစ်ယောက်တည်း ညည်းညူကာ အပြန်တွင် စိတ်၏ ပူပန်ခြင်းနှင့် အိမ်သို့ ရောက်လေ၏ ။

နောက်တစ်နေ့ ညနေတွင် ဂျော့ နှင့် မေရီတို့သည် ကျောင်းဆင်းချိန်တွင် တွေ့ကြပြီးနောက် ယခင်တစ်နေ့ ကလို တက္ကစီတစ်စီးနှင့် လျှောက်၍ လည်ကြရာ ဂျော့ က မိမိ တစ်နေ့က ပန်းခြံထဲတွင် မယ်သင် ခေါ် မညွန့်နှင့် တွေ့ကြောင်း ပြောပြမည် ကြံစည်သော်လည်း ပြောပြချေက မေရီ စိတ်တွင် အတွေ့ ခံရမလားဟု စိတ်တွင် မိမိ အပေါ် တစ်မျိုးတစ်မည် ထင်မည်ကို စိုးရိမ်မကင်း ဖြစ်သဖြင့် မပြောဘဲ နေလေ၏ ။ မညွန့် စိတ်တွင်လည်း မိမိ ကြံစည်ပုံ ကိုမောင်မောင်ခ အား ပြောပြရ ကောင်းမလား စဉ်းစားရင်းတွင် ဟယ် မပြောတော့ပါဘူး ဟု စိတ်တွင် အောက်မေ့ကာ နေလေ၏ ။

မစ္စမေရီ အေးအေးနေသည်ကို မောင်မောင်ခ မြင်သောအခါ “ မေရီ မင်းကတော့ မင်း ယူမယ့် လင်အတွက် မင်းက စိတ်အေးနေတာပေါ့လေ ”

မေရီ ။  ။ “ ကျွန်မ စိတ်မအေးပါဘူး ။ စိတ်ထဲမှ အင်မတန် ပူနေတာပါပဲ ။ သို့သော်လည်း သူတို့ ရုတ်တရက် ပေးစားလိမ့်ဦးမယ် မထင်တာနဲ့ စောင့်ရရင် ကောင်းမလားလို့ ကျွန်မ တွေးနေတာပဲ ။ သည့်အပြင် သူတို့ စီမံထားတဲ့ လူက ကျွန်မကို ကြိုက်မှာ မဟုတ်ဘူး ”

မောင်မောင်ခ ။  ။ “ မေရီ သည်စကားကို ဘာပြုလို့ မင်းပြောရသလဲ ။ မင်းကို မြင်ပြီးတဲ့ လူသည် ဤကမ္ဘာပေါ် တွင် မကြိုက်နိုင်တဲ့ လူ ရှိဦးမှာလား မင်းမှာ ပညာကလည်း ရှိ ၊ ရုပ်ကလည်း ချော ၊ ဥစ္စာကလည်း ပေါ မင်းကို မြင်သော သူတိုင်း အရူးလို ဖြစ်နေတာ ငါ အသိသားပဲကွယ် ။ မင်းက ဟောဒီလို ပြုံးလေ ကြိုက်သူတွေ ပေါလေပေါ့ ”

မေရီ ။  ။ “ ဂျော့ စိတ်သာချပါ ။ ဘယ်သူ့ကိုမှ မြူသလို ပြုံးပြီးလည်း မကြိုက်ပါဘူး ။ ကြိုက်ရင်လည်း လက်မခံပါဘူး ဂျော့ တစ်ယောက်က လွဲရင် ဘယ်သူ့ကိုမှ မယူပါဘူး ”

ဂျော့ ။  ။ “ ဒီလိုဖြစ်ရင် ဘာပြုလို့ ဆိုင်းပြီး နေရမှာလဲ ၊ လာခဲ့ပါ ငါ ခေါ်တာကို လိုက်ခဲ့ပါ ။ မင်းနဲ့ ငါနဲ့ ကလောမြို့ကို တက်ပြေးပြီး အေးအေးကလေး နေမယ် ။ မင်းကို ကြိုက်တဲ့ယောက်ျား ငါ့ကို ကြိုက်တဲ့ မိန်းမ ကျန်ရစ်သူ နှစ်ယောက် ညားရစ်ခဲ့အောင် လုပ်လိုက်မယ် ” ဟု ပြောကာ မညွန့် ကို ပွေ့ဖက် ယူလေရာ မညွန့်မှာ ငြင်းဆန်ခြင်း မဖြစ်နိုင်သောကြောင့် မောင်မောင်ခ၏ ရင်ခွင်တွင် ပြောင်းမေ့လျှော့ကာ ပျားရည်အိုးတွင် ကျအပ်သော ပုရွက်ဆိတ် ပမာလို လက်ခြေတို့မှာ မလှုပ်ရှားဘဲ မှိန်းနေပြီး ( ဂျော့ ) ကျွန်မ မငြင်းနိုင်တော့ပါ ။ ခေါ်ရာကို ကျွန်မ လိုက်ပါတော့မယ် ” ဟု ပြောလေလျှင် “ ဟုတ်ကဲ့လား မစ္စမေရီရဲ့ ။ ငါ စိတ်ချရတော့မှာလား ၊ ဒီအတိုင်း မှန်ရင် ကမ္ဘာလောကကြီးမှာ ငါ့ထက် ကံကောင်းတဲ့လူ ရှိသေးရဲ့လား ” ဟု ပြောကာ ကနွဲ့ကလျ ပျော့ပျောင်းသော မညွန့်ကလေးကို ပွေ့ရင်း ပြောလေ၏ ။

နောက် ၇ ရက်လောက် ကြာသောအခါ မောင်မောင်ခ နှင့် မညွန့် တို့မှာ ပျောက်ချင်းမလှ ပျောက်၍ သွားကြလေ၏ ။

        ဖေဖေ ကျွန်မဖြင့် ဖေဖေ ပေးစားမယ့် လူကို ယူရမှာ ကြောက်လွန်းလို့ ကျွန်မ ချစ်တဲ့ ရည်းစားနဲ့ လိုက်ပြေးပါပြီ ။ ကျွန်မ ယောက်ျားသည် ကျွန်မကို ကလေးကဲ့သို့ ပြုစုပါသည် ။ ဖေဖေတို့ စိတ်ကျေမှ လာဝံ့ပါတော့မည် ။
                 မညွန့်

သူဌေး ဦးသန့်သည် စာတစ်စောင်ကို ရရှိလေ၏ ။ ၎င်းစာမှာ အောက်ပါအတိုင်း ဖြစ်လေ၏ ။

        မွေးသဖခင် ကျေးဇူးရှင်ခင်ဗျား ။
        ကျွန်တော် နှင့် မရေမရာ ပေါ့နန့်သော ( မိန်းမနှင့် ပေးစားရန် ကြံစည်တဲ့ အတွက်များစွာ ဝမ်းနည်းပါသည် ။ ) ကျွန်တော် စွဲစွဲမြဲမြဲ ချစ်မည်ဖြစ်သော မိန်းမတစ်ယောက်နှင့် ထွက်ပြေးရပါသည် ။ ကျွန်တော်ကို အပြစ်လွှတ်ပါ ။ ဖေဖေ ပေးစားမည့် မိန်းမကို ယူဖို့ အလွန် ခဲယဉ်းပါကြောင်း ။
               မောင်ခ

ထိုစာကို ရသောအခါ ဦးသန့်သည် ရန်ကုန်သို့ လိုက်လာရာ ဦးခန့်နှင့် တွေ့ကြလျှင် အသီးသီး စာများကို ဖတ်ကာ ယူကျုံးမရ ဖြစ်ကြလေ၏ ။

နောက်နှစ်လလောက် ကြာသောအခါ ဝါခေါင်လတွင် သပြေကသီး ရေကကြီးသနဲ့ ဆီးကင်းကကြွေ မိုးကစွေနှင့် မွေးမေတို့ထံ ပြန်ချင်ပြီ ကိုဒါသရယ် လမ်းပြပါဦး ဆိုတဲ့ သီချင်းလို မိခင် ဖခင်တို့ထံ ပြန်ချင်စ ပြုလာလေ၏ ။ တစ်နေ့သော ညနေ အချိန်တွင် မညွန့်သည် မိမိသည် မောင်မောင်ခ နှင့် မပေါင်းလို၍ မယ်သင်နှင့် လှည့်ပတ်ပုံကို ပြောပြလေရာ မောင်မောင်ခက ဟိုက် မှားကုန်ပြီ ၊ လူကြီးတွေ မျက်နှာပျက်စရာ ဖြစ်ကုန်ပြီ လာလာ နံနက် ပြန်မှပဲ ဆိုကာ အထုပ်အပိုးများကို ပြင်ကြလေ၏ ။

နောက်နှစ်ရက်ခန့် ကြာသောအခါ မောင်မောင်ခ နှင့် မညွန့်တို့ စုံတွဲမှာ ဝမ်းသာအားရနှင့် ဦးခန့် အိမ်သို့ သွားကြရာတွင် မညွန့်က “ ရှင် အပြင်မှာ နေဦး ” ဆိုကာ ဖခင် သတင်းစာ ဖတ်နေသော အခန်းသို့ ခြေဖျားထောက်ကာ ဝင်သွားပြီး အသာ ရပ်နေရာ ဖခင်မှာ သတင်းစာကို အချတွင် မညွန့်ကို ချစ်တာက တစ်မျိုး ဒေါထတာက တစ်ဖုံနှင့် “ နင် ငါ့ဆီကို ဘာပြုလို့ လာရသလဲ ။ နင့်လင် ဗိုလ်စုတ်ကော ဘယ်မှာလဲ နင့်ကို ကန်ပစ်လိုက်တယ်မဟုတ်လား ”

“ ရှိပါတယ် ပါပါ ၊ ထွက်ခေါ်လိုက်မယ် ”  ဆိုကာ မောင်မောင်ခကို ခေါ်ကာ “ ဟောဒါ ကျွန်မ ဖခင်ပါပဲ ” ဟု ပြရာတွင် ဦးခန့်သည် ကြက်သေသေစွာ ကြည့်နေပြီးမှ “ မင်း ဘယ်သူ့သားလဲ ဘာလုပ်သလဲ ”

“ ကျွန်တော် ပုသိမ်က ဦးသန့် သားပါ ။ ကျွန်တော့်နာမည် မောင်ခ ပါ ကျွန်တော် ဝတ်လုံပါ ” ဟု ပြောရာ ထိုအခါ ဦးခန့် အံ့အားသင့်ကာ ဝမ်းသာလုံးကြီး ဆို့ပြီး ဦးသန့်ထံ အမြန် သံကြိုးရိုက်၍ ခေါ်လေ၏ ။

နောက်တစ်နေ့တွင် ဦးသန့် ရောက်လာရာ မိမိသား နှင့် ချွေးမကို တွေ့ရသဖြင့် အားရပါးရ ဖြစ်ကာ “ မင်းတို့ ကိုယ်ကို မင်းတို့ ဘိလပ်သားတွေ လုပ်လို့သာ ဒီလို ဖြစ်တာ ကဲကဲပြီးတာ ထားလိုက်ကြ ၊ ကဲ ကျောင်းဒကာ နေ့ကောင်း ရွေးပေတော့ ”

( နောက်တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော ရုံကြီးတွင် ) မောင်မောင်ခ ဘီအေဘီအလ် နှင့် မညွန့် တို့ မင်္ဂလာပွဲထိုင်ကြီး ကျင်းပလေသတည်း ။

▢  ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
      မတ် ၊ ၁၉၂၉

No comments:

Post a Comment