Tuesday, May 19, 2026

သူ့ မုဒိတာ


❝ သူ့ မုဒိတာ ❞
    ( သုမောင် )

မေတ္တာ ၊ ကရုဏာ ၊ မုတိတာ ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရား လေးပါးမှာ ဘယ်တရားက အရေးကြီးဆုံးလဲ ဆိုတာ သာမန်လူတွေ အဖို့ ဆုံးဖြတ်ရ ခက်ပါတယ် ။ လူကြီးသူမတွေ အဆိုအရတော့ ဥပေက္ခာတရားက အရေးကြီးဆုံးပါတဲ့ ဘာကြောင့်လဲ ဆိုတော့ အစီအစဉ် အလိုက်ဆိုရင် နောက်ဆုံးမို့လို့ ပါတဲ့ ။ နော့ပေမယ့် တရား တစ်ပါးစီဟာလည်း သူ့ဘာသာသူ အရေးကြီးပါသတဲ့ ။ ဒီနေရာမှာ လူတွေရဲ့ သဘာ၀တရားနဲ့ ယေဘုယျကို ပြောရရင်တော့ အဲဒီ တရားလေးပါး စလုံးကို ပွားများနိုင်ဖို့ ခက်သလို တစ်ပါးချင်းစီကို စောင့်ထိန်းဖို့တောင် မလွယ်ပါဘူး ။ ဘာပဲဖြစ်ဖြစ် လူတွေဟာ မိမိ စိတ်ကလေး ကြည်လင်နေတဲ့ အခါမျိုးမှာတော့ ကိုယ် သန်ရာသန်ရာ တစ်ပါးပါးကို ပွားများနိုင်တတ်ကြပါတယ် ။ တကယ်တော့ လူဆိုတာ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန်မာနတွေ ဘယ်လောက်ပဲ ရှိနေပါစေ တစ်ခါတစ်ရံမှာတော့ ဗြဟ္မစိုရ်တရား တစ်ပါးပါးတော့  ပွါးတတ်ပါတယ် ။ ဆိုကြပါစို့ ၊ ပတ်ဝန်းကျင်နဲ့ ဘယ်လောက်ပဲ သဟဇာတ မဖြစ်တဲ့ သူပဲ ဆိုစေ ။ ကိုယ့်သားသမီး အပေါ်တော့ ချစ်ခြင်းမေတ္တာ မပျက်ပါဘူး ။ ဒီအတွက် မေတ္တာ တစ်စိတ်တစ်ပိုင်းလေးတော့ ပွားတယ် ဆိုရမှာပဲ ။ ဒီလိုပဲ ကိုယ့်ပြဿနာနဲ့ ကိုယ် စိတ်ရှုပ်ထွေးနေတုန်းမှာပဲ နွမ်းပါးတဲ့ လူကို သနားကရုဏာသက်တတ်ပါသေးတယ် ။

ကိုင်း ... အကျယ်ချဲ့ရင်တော့ ရှည်ပါရော့မယ် ။

ဒေါ်အေးအုန်း နဲ့ ဒေါ်အေးဦး အမြွှာညီအစ်မ အကြောင်းပဲ ပြောပါရစေ ။

အထူးသဖြင့် ဒေါ်အေးဦး အကြောင်းပါ ။ သူ့ရဲ့ မုဒိတာပွားတတ်ပုံလေး ဆိုကြပါစို့ ။ သူရို့ ညီအစ်မက မရှိမရှားထဲကပါ ။ အများနည်းတူ လှူနိုင်တန်းနိုင် ၊ ပေးနိုင်ကမ်းနိုင် ဆိုပါစို့ ။ အမြွှာညီအစ်မ ဆိုတဲ့ အတိုင်း မိဘလက်ငုပ်အလုပ် နဲ့ မိဘတွေအိမ်မှာ အတူ နေကြတာပါ ။ ဒါပေမဲ့ ပြောကြကြေး ဆိုရင်တော့ ဒေါ်အေးဦး က အခရာပါ ။ အိမ်စီးပွားရေးကို သူကပဲ ဦးဆောင်တယ် ။ ပြီးတော့ သူက အိမ်ထောင်သည် လုပ်တတ်ကိုင်တတ်လည်း ရှိတယ် ။ အကြီးမ ဒေါ်အေးအုန်း ကတော့ အပျိုကြီးပါ ။ ထုံးစံအတိုင်း ရိုးရိုးအအပေါ့ ။ အမြွှာ ဆိုပေမယ့် စရိုက်သဘာဝကတော့ နည်းနည်း ကွာခြားတာ ပေါ့လေ ။ 

အထူးခြားဆုံး စရိုက်ကတော့ စောစောက ပြောသလို အငယ်မဒေါ်အေးဦးဟာ သူမတူအောင် မုဒိတာ ပွားတတ်တာပါပဲ ။ အကြီးမကတော့ မုဒိတာ မပွားတတ်ဘူး မဟုတ်ပါဘူး ။ ဘုရားနဲ့ တရားနဲ့မို့ စိတ်ထားကတော့ မြင့်မြတ်ပြီးသားပါ ။ နော့ပေမဲ့ အပျိုကြီး ဆိုတော့လည်း နည်းနည်းပါးပါးတော့ ကပ်စေးလေး ဘာလေး နှဲတာပေါ့ ။ ဒီတော့လည်း ကိုယ့်ဖို့ သိတတ်တာ ရှိတာပေါ့ ။ အငယ်မ ဒေါ်အေးဦး ကတော့ အိမ်မှာ ငွေကိုင်ပီပီ  အပေးအယူ သဘောကို ပိုနားလည်တယ် ။ ငွေရေးကြေးရေးမှ မဟုတ်ဘူး တရားသဘော မှာလည်း မရှိလို့ မလှူ ၊ မလှူလို့ မရှိ ဆိုတာကို သဘောပေါက်တယ် ။ ညောင်စေ့လောက် လှူပေမယ့် ညောင်ပင်ကြီးလောက် ရတာ ကို သိတယ် ။

ဒေါ်အေးဦးဟာ အိမ့်စီးပွားရေးကိုတင် ကိုင်တွယ်တာ မဟုတ်သေးဘူး ။ အိမ်ထောင်မှုကိုလည်း နိုင်နင်းတယ် ။ ချက်ရေးပြုတ်ရေးကအစ ဆိုပါစို့ ။ အကြီးမကြီးကတော့ အပျိုကြီး ဆိုတာထက် လွန်ပြီး ရိုးရိုးအအကြီးမို့ ထမင်းဟင်း ခူးခပ်ပေးတာ ၊ တူ တူမတွေကို “ ဟဲ့ ဟဲ့ ” နဲ့ ဆုံးမနေတာလောက်ပါပဲ ။ သဘောကတော့ ဒေါ်အေးဦးဟာ သူ့အစ်မကို အိမ်ဦးခန်းထားပြီး ပူဇော်ထားသလိုပါပဲ ။ ချစ်လည်း သိပ်ချစ်ကြတဲ့ ညီအစ်မကိုး ။ ဒါတွင် မကပါဘူး ။ မိဘ လက်ငုတ် စီးပွားရေးကရတဲ့ အမြတ်အစွန်းထဲက တစ်မိသားစုလုံး စားဝတ်နေရေး ၊ အိမ်စရိတ် စတာတွေ နုတ်ပြီးရင် ပိုတဲ့ ငွေတစ်ဝက်ကို အစ်မကြီးကို ပေးပါတယ် ။ အိမ်မှာ ဘာမှ မလုပ်ရဘဲ အမြတ်တစ်ဝက် ပေးရတယ်လို့လည်း သဘော မထားဘူး ။ ပြောတာ ကြည့်ဦး ။ မုဒိတာ ပွားတတ်တာ ပြောပါတယ် ။

“ ငါ့အစ်မကြီးတို့ များ အတိတ်ကံ ကောင်းလိုက်တာနော် ” တဲ့ ။ သူ့ဘက်က လုပ်အား စိုက်ရတာကို ထည့်မတွက်ရှာဘူး ။ ဒီကြားထဲ သူ့ယောက်ျားရတဲ့ သီးသန့်ဝင်ငွေကိုလည်း သူ့မိသားစုအတွက် သုံးတဲ့ အပြင် ကြုံရင် ကြုံသလို အစ်မကြီးကို ဆင်သေးတာ ။ ဥပမာ သူ့ယောက်ျား လခထုတ်လို့ ဒေါ်အေးဦးအတွက် ထဘီတစ်ထည် ဆိုရင် အစ်မကြီးဒေါ်အေးအုန်းအတွက် တစ်ထည် ကန်တော့တာ ။

ဆိုကြပါစို့ရဲ့ ။ သူရို့ ညီအစ်မိသားစုဟာ ဘာမှ ပြောပလောက်အောင် ပြဿနာ မရှိခဲ့ကြပါဘူး ။ အထူးသဖြင့် အငယ်မ ဒေါ်အေးဦးရဲ့ အမြဲတမ်း မုဒိတာပွားနေတတ်တာကိုက အဆင်သင့်စရာဖြစ်ခဲ့ပါတယ် ။ ဒေါ်အေးအုန်း ကလည်း အားအားရှိ စိပ်ပုတီးစိပ်ပြီး မေတ္တာပို့နေတတ်ပြန်တော့ ဘုတ်နဲ့ ကျီးလို အလွမ်းသင့်နေကြတာပေါ့ ။

ဒီနေရာမှာ ဒေါ်အေးဦး မုဒိတာပွားတတ်ပုံလေးတွေကိုပဲ ဆက်ပြီး ပြောပြပါရစေတော့ ။

သူရို့ရဲ့ အိမ်ချင်းကပ်ရက်မှာ မိသားစုတစ်ခု ရှိတယ် ။ ပြောရရင်

ဒေါ်အေးဦးတို့ထက် နေနိုင်စားနိုင်ထဲကပါ ။ အဲဒီ အတွက်လည်း “ ဟဲ့ ... သူတို့က စုစုဆောင်းဆောင်းနဲ့ လိမ္မာတာကိုး ” လို့ ပြောတတ်သလို တစ်ဖက်အိမ်က သားသမီးတွေနဲ့ သူ့သားသမီးတွေ အရွယ် တူတွေမို့လည်း ပြိုင်တာဆိုင်တာ မရှိဘူး ။ ဆယ်တန်းစာမေးပွဲမှာ သူ့သားက ရိုးရိုးအောင်ပြီး ဟိုဘက်က သမီးက ဒီလေးလုံး ပါတာ မနာလို မဖြစ်တဲ့ အပြင် ဂုဏ်ပြုဆုတောင် သွားပေးလိုက်သေးတာ ။ ဟန်လုပ်တာ မဟုတ်ဘူး ။ နှစ်နှစ်ကာကာ ချီးမွေးတာ ။ ဧည့်သည် လာရင်တောင် ဟိုဘက်အိမ်က သမီးလေး တော်ကြောင်း ကြားက ဝင်ပြီး ချီးမွမ်းတာ ။ ဒီလို ပြောလို့ သူများတကာ မိဘမျိုးတွေလို “ တွေ့လား .. နင့်ကို ဟိုဘက်အိမ်က ကလေးရဲ့ ချေးကျွေးသင့်တယ် ” ဆိုတာမျိုး ဝေးရော ။ ယှဉ်ပြီး မပြောဘူး ။ ကိုယ့်သားကိုလည်း ချီးကျူးပျက်တာ မဟုတ်ဘူး ။ တက္ကသိုလ်ရတဲ့ လိုင်းမှာ ရိုးသားကြိုးစားဖို့ နဲ့ “ သားရယ် အမေ ဆိုရင် ဘွဲ့ ဝေးလို့ ဆယ်တန်းတောင် မရောက်ဖူးပါဘူး ” ဆိုပြီး ယောနိသောမနသိကာရ နှလုံးသွင်း သေးတာ ။

ဟော ... ဟိုဘက်အိမ်က ဒုတိယကောင် ဆယ်တန်းအောင်တော့ သူနဲ့ ရွယ်တူ သူ့သားက ကျရော ။ “ သားရေ ဆက်ကြိုးစား ” တဲ့ ။ “ အားမငယ်နဲ့ ” ဆိုတာတောင် ပါလိုက် သေးတယ် ။ ပြောချင်တာက မနာလို မဖြစ်နဲ့ ပေါ့လေ ။ တကယ့်စိတ်ရင်းနဲ့ကို ပြောတာ ။ ဒါတွင် မကသေးဘူး ။ ဟိုဘက်အိမ်ကကောင်က စင်ကာပူ ကျောင်းသွားတက်ချင်တယ် ဆိုတော့ သူရို့မိဘများက မော်တော်ကား ရောင်းပြီး ပို့ပေးရှာတယ် ။ ဒီတော့လည်း “ ဪ .... မိဘမေတ္တာများ ပြောပါတယ် ။ ကိုယ့်ဖို့ မကြည့်ဘူး ။ သားသမီး နောင်ရေး ကြည့်တာ ” တဲ့ ။ ဝင်ပြီး မုဒိတာ ပွားပေးတာ ။ အိမ်နီးချင်းမို့ ခင်မင်ရင်းစွဲနဲ့ မုဒိတာ ပွားပေးနေသလား ဆိုတော့ မဟုတ်သေးဘူး ။

“ အောင်မယ်လေး ငါ ဈေးဝယ်နေကျ ကန်စွန်းရွက်သည် နှစ်လုံး ပေါက်လို့ အတော် ရလိုက်တယ် ။ အဲဒါ ညည်း ရပ်တော့ ၊ ရတာလေးနဲ့ လုပ်ငန်းချဲ့ ဆိုပြီး ပြောခဲ့ရသေးတယ် ။ သူ့ခမျာ ဝါသနာပါလို့ရယ် မဟုတ်ရှာပါဘူး ။ သူ့ဘဝ တိုးတက်ချင်ဇောနဲ့ လုပ်ရရှာတာ ။ ခုတော့လည်း လမ်းဘေးဈေးသည် ဘ၀က ကျွတ်ပြီပေါ့ ” တဲ့ ။ နီးစပ်ရာ လူကို လျှောက်ပြောတော့တာပဲ ။ ဟုတ်ပါ့ ။ ဒေါ်အေးဦး ပြောပါတယ် ။

ပြောရဦးမယ် ။ သတင်းစာတွေ ၊ ဂျာနယ်တွေထဲ သိန်းပေါင်းဘယ်လောက် ဘယ်လောက်တန် အဆောက်အအုံကြီး စသဖြင့် လှူတဲ့ တန်းတဲ့ သတင်းများ ပါလာရင် “ သာဓု … သာဓု ... သာဓု” ဆိုပြီး အသံထွက် ရွတ်တော့တာပဲ ။

“ မောင်မင်းကြီးသားများ ရှေ့လျှောက် ဒီထက် ချမ်းသာပါစေ ။ နောက်ဘဝ နတ်ပြည်ရောက်ပါစေ” ဆိုပြီး ဆုတောင်းပေးရတာ အမောပဲ ။ “ တို့များလည်း ရှိမှဖြင့် လှူချင်လိုက်တာ ” ဆိုတဲ့ ယှဉ်ပြိုင်ချင်တဲ့ စကားတောင် မပြောဘူး ။ မုဒိတာ ပွားနေတာ ။

ဒီလို သူများ ကောင်းစားတာ ၊ အခြေအနေ တင့်တာကိုမှ လိုက်ပြီး မုဒိတာ ပွားနေတာ မဟုတ်ဘူး ။ ပြောင်းပြန် မုဒိတာမျိုးလည်း ပွားတတ်သေးရဲ့ ။ ကိုယ့်ရပ်ကွက် မီးလာလို့ အိမ်ရှေ့ရပ်ကွက် မီးမလာတဲ့ အခါမျိုး အင်ဗာတာလေးတွေ ဟိုတစ်အိမ် ဒီတစ်အိမ် ထွန်းကြပြီ ဆိုရင်တော့ “ ဟိုဘဝက ဆီမီး လှူခဲ့တဲ့ အကျိုးပေါ့ ။ ဘာပဲဖြစ်ဖြစ် အင်ဗာတာလေး ထွန်းနိုင်ရှာသားပဲ ” ဆိုပြီး ရှာကြံ အကောင်းမြင်ပါတယ် ။

နာဂစ်မုန်တိုင်းတုန်းကလည်း အရပ်ထဲ ငွေတိုးပေး ၊ အပေါင်ခံတဲ့ လူမျိုးခြား အိမ်ဝင်းထဲ မန်ကျည်းပင်ကြီး ဝုန်းဆို ပြိုလဲပါရော ။ အဲဒါ ဒေါ်အေးဦး တစ်ယောက် ညကြီးမင်းကြီး အူယားဖားယား ပြေးကြည့်ရှာတယ် ။ ပြန်လာတော့ ဘာပြောတယ် မှတ်သလဲ ။

“ ကံကောင်းတယ်ဟေ့ အိမ်ပေါ် မကျဘူး ။ ကြည့်နော် ... ဘာပဲပြောပြော ဘာလုပ်ငန်းပဲလုပ်တယ် ဆိုဆို မိသားစုစီးပွားရေးအတွက် အလှူဒါနလေးက  မပြတ်တော့ နတ်မတာပဲ ။ အဲဒီ မန်ကျည်းပင် စဉ်းတီတုံး ဖြတ်ရောင်းရင် မနည်းရမှာ ” ရှာကြံပြီး အဆိုးထဲက အကောင်း ရှာတာ ။ မုဒိတာ ပြောင်းပြန် ။

ဒီလိုပါပဲ ။ ဒေါ်အေးဦးရဲ့ မုဒိတာပွားတတ်ပုံကတော့ ပြောရင် မဆုံးနိုင်ပါဘူး ။ အဲဒီလို မုဒိတာ ဆိုတဲ့ ( အရေးကြီးဆုံးပဲ ဆိုပါစို့ ) ဗြဟမ္မစိုရ်တရား တစ်ပါးတည်း ပွားနေရုံနဲ့ ဘယ်လောက်အမျိုးများသလဲ ဆိုတာ ပြောပါ့မယ် ။ ဖြစ်ချင်တော့ ဒေါ်အေးဦး မုဒိတာပွားလို့ အကောင်းဆုံး အခြေအနေ ဆိုပါစို့ ။ ဟုတ်ပါရဲ့ ။ မုဒိတာ ဆိုတာက မိမိမှ တစ်ပါး အခြားသူ အတွက် ပွားရတာ မဟုတ်လား ။ ကြည့်ပါ ။ ကံတရားများ အကျိုးပေးချင်တော့ အစ်မကြီး ဒေါ်အေးအုန်း ထီပေါက်ပါလေရော ။ ပေါက်တာမှ သိန်း ၅၀၀ ဆု ။ ဘာပြောကောင်းမလဲ ။ ဒေါ်အေးအုန်း ထက်တောင် ဒေါ်အေးဦးက ပိုပြီး ဝမ်းသာသေးတာ ။ လျှောက်ကြွားလိုက်ရတာလည်း ( ဂုဏ်ယူတာပေါ့လေ ) အမော ။ သဘောကတော့ သူ့အစ်မကြီးရဲ့ သီလ ၊ သမာဓိ ၊ မေတ္တာ ၊ ဘာဝနာ ၊ ဒါနအကျိုး ၊ ရှေးရှေးက ကုသိုလ် စသဖြင့်တဲ့လေ ။ ဒီနေရာမှာလည်း သူ့ကိုယ်သူနဲ့ နှိုင်းသေးတာ ။ ဘာတဲ့ “ ကျွန်မက စီးပွားရေးသောင်းကျန်းနေတာကိုး ၊ မမ လိုမှ ဘုရားတရား သေသေချာချာ အာရုံမပြုနိုင်တာ ” တဲ့  ။ အစ်မကြီးက “ ဘာပဲဖြစ်ဖြစ် ညည်းတစ်ဝက် ဆိုင်ပါတယ်အေ ” ဆိုတာတောင် “ မမရေ အဖေ့လက်ငုတ်ဟာ ညီအစ်မ နှစ်ယောက် တစ်ဝက်စီ ဆိုင်တာပါ ။ ခုဟာ မမရဲ့ ရှေးကုသိုလ်နဲ့ ပေါ်လာတဲ့ ရွှေအိုးကြီးပါ ” တဲ့ ။ ဒါပေမဲ့ သူလည်း ပုထုဇဉ်ပဲလေ ။ လိုချင်မျက်စိတော့ ရှိတာပေါ့ ။ ဒါကြောင့် ရိုးရိုးသားသား ပြောရှာပါတယ် ။

“ မမ သဒ္ဓါရင် မမ တူ ၊ တူမတွေကို နည်းနည်းပါးပါး ပေးပါ ” တဲ့ ။ မနေပါဘူး ။ အစ်မကြီးကလည်း သူ့တူ ၊ တူမတွေ စီးဖို့ ဆိုပြီး ( စကားအလှ သုံးတာပေါ့ ) မော်တော်ကားတစ်စီး ဝယ်ပေးပါတယ် ။ ( အောက်ကားပါ )

ကိုင်း ... ဒီမှာတွင် မုဒိတာ အကျိုးတရား ပြီးပြီလားတဲ့  ။ ငွေကြေးဓန ကိစ္စကတော့ ပြတ်ပါရဲ့ ။ လူ့သဘော လူ့သဘာဝက မပြတ်တာပါပဲ ။ အင်း တိုတိုတုတ်တုတ်နဲ့ အကျဉ်းချုပ် ပြောရရင်တော့ “ ဒဲ့ ” ဆိုပါစို့ ။ အစ်မကြီး ဒေါ်အေးအုန်း ထီပေါက်တဲ့ နေ့ ညကစလို့ ဒေါ်အေးဦး အိပ်မရတဲ့ ရောဂါ စွဲကပ်တော့တာပါပဲ ။

စဉ်းစားလို့ မရတာက တစ်ပါးသူငါ အတွက် မုဒိတာ အမြဲပွားနေတတ်တဲ့ ဒေါ်အေးဦး ဟာ တစ်အူတုံ့ဆင်း အမြွှာညီအစ်မရင်းကျမှ မုဒိတာ မပွားနိုင်တဲ့ ကိစ္စပါ ။

“ အနေဝေးတော့ ခင် ၊ အနေနီးတော့ ကြဉ် ” ဆိုတာ “ ဝေးတသက်သက် ၊ နီးတကျက်ကျက် ” ဆိုတဲ့ စကားနဲ့ သိပ်မထူးပါဘူး ။

နော့ပေမယ့် သူရို့ ညီအစ်မရဲ့ ချစ်ခြင်းမေတ္တာ မပျက်တာပါပဲ ။ ဟော ... မေတ္တာဆိုတာက ဗြဟ္မစိုရ်တရား လေးပါးမှာ ထိပ်ဆုံးနော် ။ မုဒိတာ ကတော့ တတိယ ။ ကြားထဲမှာက ကရုဏာ ဆိုတာ ခံနေသေးတယ် ။ နောက်ဆုံးတော့ ဥပေက္ခာ ကလည်း ခြားနေပြန်တယ် ။ ကြည့်စမ်း ၊ မေတ္တာ နဲ့ မုဒိတာ ဟာ ကြားခံတွေကြောင့် အစေး မကပ် ၊ တစ်ထပ်တည်း မကျ ဖြစ်နေပါပေါ့ ။

ဪ ... တစ်ထပ်တည်း ကျဖို့ တကယ်တော့လည်း မေတ္တာ နဲ့ မုဒိတာ မလွယ်ပါ လား ။ အကယ်လို့ တစ်ထပ်တည်း ကျခဲ့ရင်လည်း ခေတ်စကားနဲ့ ပြောရရင် “ ပွဲသိမ်း ” ပေါ့ ။

စောစောက မြန်မာစကား ပြန်ဆက်ရရင် ...

“ ဝေးတသက်သက် နီးတကျက်ကျက် ” ဆိုတာက ရန်သတ္တရု ဖြစ်နေတာကို ပြောဟန် မတူဘူး ။ အတွင်းစိတ်မှာ “ ကျိတ် ” ခိုးလိုးခုလု ဖြစ်နေတာမျိုး ပြောတာ ထင်ပါရဲ့လေ ။

သူဌေး တစ်ယောက် ထီထပေါက်တာ ဆင်းရဲသားက မုဒိတာ ပွားနိုင်တယ် ။ ဒါမှမဟုတ် မနာလို ဖြစ်နိုင်တယ် ။ ဒါ သဘာဝကျပါတယ် ။ ဆင်းရဲသား ငွေတစ်သောင်းလောက် ကောက်ရတာကို သူဌေးက မုဒိတာ မပွားနိုင်ဘဲ မနာလို ဖြစ်တာကတော့ သဘာဝတောင် မကျပါဘူး ။

အနေနီးပေမယ့်
အခြေကြီးရင်တစ်မျိုးထင်
ပြောင်းပြန်မြင်တော့
အသွင်ပြောင်း ။
‘ မုဒိတာ ’ ဘုရားစကားရယ်က
လူ့ပြည်ရွာ တိုက်တစ်လွှားမှာ
ဆပွားစေ ... ကြောင်း ။  ။

▢  သုမောင်
📖 ကိုစံလွင် မစော ဝတ္ထုတိုများ

No comments:

Post a Comment