Thursday, May 21, 2026

တက်ကြွသူ

❝ တက်ကြွသူ ❞
    ( ပီမိုးနင်း )

ဒေါက်တာကျော်ဒင်သည် အထူးပင်ပန်းလျက် ပက်လက်ကုလားထိုင်တွင်လှန်ကာ ဆေးပြင်းလိပ်ကို ဖွာ၍ နေလေ၏ ။ ထိုအခါ ညဉ့်ရှစ်နာရီ အချိန် ဖြစ်လေ၏ ။

နံဘေး ပြတင်းပေါက်ထဲသို့ မြစ်ဘက်မှ ဝင်၍လာသော လေအေးကလေးသည် ပင်ပန်းသော စိတ်ကို ဖျော်ဖြေနေသော်လည်း ထိုညဉ့်၌ကား စိတ်ထဲ၌ မချမ်းသာစရာ အကြောင်းကြီး တစ်ခု ပေါ်၍ နေသည်ကို ပြေပျောက်အောင် မပြုနိုင်ချေ ။

ဆရာဝန်ကလေးသည် အသက်သုံးဆယ်ကျော်မျှ ရှိ၏ ။ ၎င်း၏ ဘွဲ့မှာ အထက်တန်း ဆေးဆရာဝန်ကြီးများ၏ ဘွဲ့မဟုတ် ။ အယ်အင်ပီဘွဲ့မျှ ဖြစ်လေရာ ဆရာဝန်ကြီး မဟုတ်သော်လည်း အစိုးရဆေးဆရာဝန်အဖြစ်နှင့် နှစ်ပေါင်းအတော်ကြာ လုပ်ခဲ့ဖူးသောကြောင့် အတွေ့အကြုံများသူ ဖြစ်လေရာ ပတ်ဝန်းကျင်ရှိ ဆင်းရဲသားများ ၏ အားကိုးရာကြီး ဖြစ်လေ၏ ။

၎င်း၏ စိတ်၌ အင်္ဂလိပ်ဆေးပညာသည် ဆင်းရဲသားများအတွက် မဟုတ် ၊ လူကုံထံများအတွက် ကဲ့သို့ ဖြစ်၍ နေသည်ကို နှစ်ပေါင်းများစွာကပင် စဉ်းစားမိခဲ့လေ၏ ။ ဆင်းရဲသော ဝေဒနာရှင် တစ်ယောက်သည် အင်္ဂလိပ်ဆေးဆရာဝန်များထံသို့ သွားရောက်ဆည်းကပ် ကြရသည့်အခါ ဆေးဖိုး ကြီး၍ ခြေကြွဖိုးကိုမျှလည်း မခံနိုင် ၊ ယခုကာလ ဆေးဆရာများကလည်း လူမမာတို့ အတွက် ဆေးတိုက်ခြင်းထက် ဆေးထိုးခြင်းကို ပိုမို အားကိုးပြုကြလေရာ ဆင်းရဲသူများမှာ ငွေကုန် မခံနိုင်လျှင် အသေခံနိုင်ရမည်ကဲ့သို့ ဖြစ်၍ နေလေ၏ ။

ထိုအကြောင်းကို ဒေါက်တာကျော်ဒင်သည် စဉ်းစားကာ မိမိမှာ ငွေကြေး အတော် စုဆောင်း၍ ရလျှင် ဆင်းရဲသားများကို ကုသော ဆေးဆရာဝန် တစ်ယောက် အဖြစ်နှင့် လွတ်လပ်စွာ ဆိုင်ဖွင့်၍ နေဖို့ရန် အမြဲ ကြံစည်ခဲ့လေရာ ယခုအခါ အထမြောက်သဖြင့် ရန်ကုန်မြို့ ကြည့်မြင်တိုင် အစွန်အနား ဆင်းရဲသားတွေ များသော အရပ်၌ ဆေးဆိုင်ဖွင့်၍ နေလျက် ဆေးကုနေသည်မှာ သုံးနှစ်မျှ ကြာခဲ့လေ၏ ။

အခါများစွာ တကယ့် ရောဂါမဟုတ် စိတ်ထဲ၌ ရောဂါမှတ်ထင်ပြီး လာရောက် စုံစမ်းသူတို့အား ရေစိမ်း ရေနီကို စပ်ကာ အပြစ်ကင်းသော မြေဖြူမှုန့်ကလေး ၊ ဆားကလေးများ ထည့်စပ်၍ နှစ်ကျပ် ၊ နှစ်ကျပ်ရှစ်ပဲနှင့် အင်္ဂလိပ်ဆရာများ ရောင်းလေ့ရှိသော ၁၂ အောင်စ ဆေးပုလင်း တစ်လုံးကို နှစ်ပဲနှင့် ပေးလိုက်၏ ။ ထိုကဲ့သို့ ပေးသဖြင့် သက်သာရာ ရသော လူမမာတို့က ဒေါက်တာ ကျော်ဒင်အား ဘုရားလောက်ပင် မှတ်ထင်ကာ ကျေးဇူးတင်လျက် လာရောက်ကန်တော့ကြ၏ ။ အခါများစွာမှာလည်း တကယ့် ရောဂါတို့၌ အဖိုးလွန်စွာတန်သော အယ်လိုပယ်သစ် ဆေးများ အစား ဟိုမီယိုပါသစ် ၊ ဘိုင်အိုကယ်မစ်ဆေး တစ်မူးတစ်မတ်တန်တို့ကို ပေး၍ ကုသ ကယ်ဆယ်၏ ။ အခါများစွာမှာလည်း မြန်မာ့ဆေးပင် ဆေးမြစ် ဆေးရွက်တို့ကို ၎င်း၏ အိမ်နောက်ဖေး၌ ရှိသော ဟင်းသီးဟင်းရွက် ကြက်ဟင်းခါး ၊ မုံညင်း ၊ ထိကရုန်း ၊ ဆူးပုပ် ၊ သင်္ဘောမယ်ဇလီ ၊ ကန့်ကြုတ်နီ စသည်တို့ကို ကျိုချက်၍ မပုပ်အောင် စီမံထားသော ဆေးဆီ ဆေးရည်တို့ဖြင့် ကုသလေ၏ ။ အလွန်အရေးကြီး၍ အင်္ဂလိပ်ဆေးကို မသုံးဘဲ မနေနိုင်သည့် အခါများ၌သာ အင်္ဂလိပ်ဆေးကို သုံးသော်လည်း ဆေးဖိုးမှာ နာမည်မျှ ဖြစ်လေရာ ၎င်း ကုသသည့် ရောဂါတို့မှာ စေတနာစိတ် မေတ္တာစိတ်သာ သြဇာတက်၍ နေလေ၏ ။

သို့ပင် ဆင်းရဲသားများ အပေါ်၌ ညှာတာသော်လည်း ၎င်းမှာ မဆင်းရဲချေ ။ ရန်ကုန်မြို့ရှိ ထင်ရှားသော ဆေးဆိုင်ကြီးများနှင့် ကုသ၍ နေသော သူများလောက် မကြွယ်ဝသော်လည်း ဆရာမွဲ ၊ ဆရာစုတ် မဟုတ် ၊ နှစ်ယောက်စီး မော်တော်ကားကလေးနှင့် လူမမာများကို လှည့်၍ ကြည့်ရှုနိုင်သည့်ပြင် ၎င်း၏ ဆေးရုံကလေးမှာ ပြောင်လက်သန့်ရှင်း အခင်းအကျင်း သားနားလျက် တင့်တယ်လျောက်ပတ်စွာ ငွေကိုလည်း ချက်လက်မှတ်နှင့် သုံးနိုင်သူ တစ်ယောက် ဖြစ်လေ၏ ။ အကြောင်းမူကား “ လူ့သတင်း လူချင်းဆောင်သည်ဟူသော ” စကားအရ ၎င်း ကုသ၍ ချမ်းသာရာရသူတို့က တစ်ဆင့် ပြောပြသဖြင့် ရန်ကုန်မြို့တွင်းရှိ ဆေးဆရာဝန်ကြီးများ ထံ၌ ကုသ၍ မပျောက်သော ဂုဏ်သရေရှိ လူမမာတို့သည် ဒေါက်တာကျော်ဒင်ကို လာရောက် စမ်းသပ်ကြရာ တကယ့် ခက်ခဲသော နာတာရှည်ကြီးများပင် ပျောက်သဖြင့် မြို့ကြီးရှိ လူကုံထံများကပါ ၎င်းအား ကိုးကွယ်စ ပြုကြလေ၏ ။

ထိုလူကုံထံတို့ ထံမှ ရရှိသော အဖိုးအခကြောင့် ဆင်းရဲသားများအပေါ် ညှာတာနိုင်သော်လည်း မိမိ ကိုယ်ကိုမူ မညှာတာဘဲ နေ့ညဉ့် မစဲ ခေါ်လာသူတို့ကို မပျက်မကွက် အပင်ပန်းခံ၍ လိုက်လံကြည့်ရှု ကုသလေ၏ ။

ထိုညဉ့်၌ အထူး ပင်ပန်းသည်မှာ ကုန်ခဲ့သော ညဉ့်၌ သုံးကြိမ် လိုက်ရသည့်အပြင် နံနက်မိုးလင်း ၇ နာရီ အချိန်လောက်က စပြီး တစ်နေ့လုံး သွား၍ နေရလေရာ ထမင်းကိုပင် ကြုံရာမှာ စားခဲ့ရလေ၏ ။

ပတ်ဝန်းကျင်မှာ ဆင်းရဲစုပ်နုတ် အိမ်ကုပ် အိမ်ပုတ်ကလေးများနှင့် အငှားနေထိုင်ကြသော တိုက်တန်းလျားများကြောင့် ရပ်ကွက်မှာ မသာယာ မလှပ မသန့်ရှင်းသော ရပ်ကွက်ဖြစ်လေ၏ ။

မစောတင်နှင့် ရပြီး ကတည်းက မြို့ထဲသို့ ပြောင်းရွှေ့ကုသရန် စောတင်က အကြိမ်ကြိမ် ပြောသော်လည်း မိမိကို အားကိုး၍နေသော သူတို့ကို စွန့်ပစ်ကာ မသွားရက်သောကြောင့် မယား ဆရာကတော်ကလေး စိတ် မသာယာသည်ကိုမျှ မညှာတာ မထောက်ထားနိုင်ဘဲ မိမိ၏ နေရာကို ခင်တွယ်၍သာ နေခဲ့လေ၏ ။

စောတင် မှာ ဒိစကြိတ်မြို့သူကလေး တစ်ယောက် ဖြစ်လေ၏ ။ ၎င်း၏ ဖခင်မှာ ကျောင်းဆရာ ဖြစ်လေရာ လူကုံထံသားသမီးများနှင့် လူကုံထံ မိဘတို့ကို အပေါင်း အသင်းပြုလျက် အသက်ကို အတော်ကလေး အထက် ကျအောင် ကြံဆောင်ကြိုးစား၍ မွေးရသူ ဖြစ်လေရာ ဒုတိယသမီးအလတ် ဖြစ်သော စောတင်မှာ တကယ့် ဆရာဝန် လူပျိုလူရွယ် လူချောလူသန့် ကျော်ဒင် နှင့် တွေ့ရသောအခါ အဘယ်မှာ သဘောမတူဘဲ နေနိုင်ပါမည်နည်း ။

စောတင်မှာ စိတ်နေသဘောထား အထက်တန်းကျသူ တစ်ယောက် ဖြစ်၍ ဖခင်မှာ စည်းစိမ်ဥစ္စာ ကြီးကျယ်စွာမရှိသော်လည်း ကျောင်းဆရာ တစ်ယောက်ဖြစ်လျက် အထက်တန်းကျသူတို့က ၎င်း၏ ဖခင်ကို ဆရာ ... ဆရာဟု ခေါ်ကြလေရာ ငယ်စဉ်ကပင် စိတ်မြင့်လျက် ဆင်းရဲသည်ကို ဆင်းရဲသည် မထင်ဘဲ အထက်ကိုသာ စိတ်နေသဘောထားရော မျက်ခုံး မျက်စရော ပျံတက်၍ နေခဲ့လေ၏ ။

ဆေးဆရာဝန်ကတော် ဖြစ်ရမည် ဟူ၍ တွေးလိုက် သောအခါ မိမိ၏ မြင့်သော စိတ်မှာ ကောင်းကင်သည် ချိတ်တည်ရာ ရသလို ဖြစ်၍ သွားလေ၏ ။ ဆေးဆရာဝန်ကတော် ဆိုသည်မှာ အဟုတ် အထက်တန်းကျနိုင်၏ ။ ယခုအထိ အငှားဝတ်ဆင်ခဲ့ရသော စိန်ရွှေတို့နှင့် အဟုတ် တကယ် ထိန်ဝေနိုင်၏ ။ ဆေးဆရာဝန်များဟာ မော်တော်ကား ကြီးကြီး စီးနိုင်သည် ။ အိမ်ကြီးခြံကြီး ၊ ကြေးဆိုင်းဘုတ်ကြီးနှင့် အစေခံဘွိုင်ကုလား ၊ ကွန်ပေါင်ဒါ လက်ထောက်များကိုလည်း ထားကြသည် စသည်ဖြင့် တွေးခေါ်ကာ ကြည်နူးခြင်း ဖြစ်လေ၏ ။

ထို့အပြင် ရန်ကုန်မြို့ကြီး၌ ရုပ်ရှင်တွေ ၊ ဆပ်ကပ်တွေ ၊ ပွဲလမ်းသဘင်တွေ ၊ ဘုရားပွဲတော်တွေကလည်း လွန်စွာများ ၊ ရွှေတိဂုံဘုရားကြီးကိုလည်း ခဏခဏ လင်မယားနှစ်ယောက် အတူသွားရမည် ဟူသော အကြောင်းတွေကို စဉ်းစားလိုက်တိုင်း ဆရာဝန်ကလေးတစ်ယောက်နှင့် ထိမ်းမြားရမည့် နေ့ကို စိတ်စော၍ နေခဲ့လေ၏ ။

သို့စိတ်စောသည့်အတိုင်း လက်ထပ်ပြီးစီးကြ၍ ကြည့်မြင်တိုင်သို့ ရောက်သောအခါ မိမိ အထင်နှင့် များစွာ မကိုက် ။ ဆရာဝန်ကတော် ဖြစ်ရသည်ကား မှန်၏ ။ ဆရာဝန်ကတော်ကလေးရယ်လို့ ရိုသေလေးစား နှုတ်ခွန်းဆက်သ ခေါ်ချင်ပြောချင်သူကား များ၏ ။ သို့သော်လည်း အထက်တန်းကျသူများ မဟုတ် ။ ဆင်းရဲစုတ်နုပ်သူတွေ ဖြစ်သည်ကို တွေ့ရှိရလေ၏ ။ ဆရာဝန်ကလေး၏ အိမ်မှာ တစ်သီးပုဂ္ဂလ ခြံကြီးနှင့် အိမ်မဟုတ် ။ ရွှေစာလုံးကြီးများလည်း မရှိပေ ။ တိုက်ခန်းမှာ အတော်သား သားနားနားမျှ ဖြစ်၍ သစ်သားဆိုင်းဘုတ်ကြီးကိုသာ တွေ့ရ၏ ။ ကွန်ပေါင်ဒါ အစား မိမိ လင်ယောက်ျားသာ ရှိ၏ ။ အစေခံချွတ်ကရားကလေး တစ်ယောက် ရှိသည်ကား မှန်၏ ။ မော်တော်ကားမှာလည်း ဝင်းထိန်ပြောင် လက်သော ရိုးရွိုက်ကားကြီးမျိုး မဟုတ် ။ နှစ်ယောက်ထိုင် ရဲနောကားစုတ်ကလေး ဖြစ်သည်ကို တွေ့ရှိရလေ၏ ။ စိန်နားကပ်ကလေး ၊ စိန်လက်ကောက်ကလေးများနှင့် ဆင်ယင်တန်ဆာမှာမူ အတော်စုံလင်သော်လည်း နေရာ အရပ်ကို သဘောမကျ ။ အဘယ်ကြောင့် ရန်ကုန်မြို့ သန့်ရှင်းသပ်ရပ်သော နေရာ ရပ်ကွက် တစ်ခုမှာ မနေသလဲဟု စိတ်ထဲ၌ မချင့်မရဲဖြစ်လေ၏ ။ သို့သော်လည်း ထိုအကြောင်းတို့ကို ယောက်ျားဖြစ်သူအား ပြော၍ မပြဘဲ တတ်နိုင်သမျှ သည်းခံခဲ့၏ ။ နံစော်သော ဆေးနံ့ဝါးနံ့တွေ အထဲ၌ နေရခြင်းမှာ ဝန်လေးသည် မှတ်ထင်၏ ။ ဆေးဆိုင် တခြား ၊ အိမ် တခြား နေရလျှင် ကောင်းမည်ဟု အောက်မေ့၏ ။ စုတ်နုပ်ဆင်းရဲ ညစ်ပေစုတ်ပြတ်သော လူမမာတွေ နေ့စဉ် လာသည်ကို မရှုစိမ့်နိုင်အောင် ဖြစ်လေ၏ ။ ဆရာဝန်ကလေးသည် အလုပ်များသောကြောင့် စိတ်ချလက်ချ နှစ်ယောက်အတူ မော်တော်ကား စီးကာ လည်ပတ်ခြင်း မပြုနိုင် ။ မိမိမှာ အခန်းထဲတွင် ကုပ်ကုပ်နေရ၏ ။ ဆရာဝန်မှာ တစ်နေ့လုံး လူမမာတွေ နှင့် အချိန်ကုန်ရင်း လင်ယောက်ျား မောပန်း၍ လာသည့်အခါ မိမိမှာ တစ်ယောက်တည်း နေရသဖြင့် မောပန်းသောကြောင့် လက်ဖက်ရည်နွေးနွေးကိုမှ ဆီး၍ အသင့် ပြင်ဆင်ကာ မပေးနိုင်ချေ ။ အနီးရှိ ဆိုင်မှ မှာ၍ သောက်ရလေ၏ ။

ထိုကဲ့သို့ တစ်နေ့ပြီး တစ်နေ့ ရက်လတောင်တာ အတော်လွန်၍ လာသောအခါ ငြီးငွေ့ခြင်းသည် တိုးတက်၍လာလေရာ ရန်ကုန်မြို့ရှိ အသိမိတ်ဆွေများထံ သွား၍ လည်ပတ်စ ပြုလေ၏ ။ ရုပ်ရှင်များ ၊ ပွဲများကို အဖော်များနှင့်အတူ သွား၏ ။ ခြံများထဲသို့ ပျော်ပွဲစား လိုက်စပြု၏ ။ အသိမိတ်ဆွေ ယောက်ျားမိန်းမတွေ များ၍ လာလေသတည်း ။ သို့သော်လည်း အိမ်သို့ ပြန်လာ၍ အိမ်ကို မြင်သည်နှင့် တစ်ပြိုင်နက်တည်း နှာခေါင်းရှုံ့၏ ။ လင်နှင့်တွေ့သည်နှင့် တစ်ပြိုင်တည်း နှုတ်ခမ်းမဲ့စ ပြုလေသတည်း ။

အခါများစွာ လင်မယား အချေအတင် စကားများကြ၏ ။ လင်က သည်းမခံနိုင်သဖြင့် ဒေါသနှင့် ပြောသည့်အခါ စောတင်သည် အချို့သော မိန်းမများလို မျက်ရည် မကျ ။ ခြေကို ဆောင့်နင်းကာ တံခါးတွေကို ဝုန်းခနဲ ဒိုင်းခနဲ နေအောင် ဖွင့်ပိတ်ပြီး ဓာတ်စက်ကို ဖွင့်ကာ နားထောင်ရင်း မဂ္ဂဇင်းကို ဖတ်လေ့ရှိ၏ ။ ဓာတ်စက်သံရော ၊ မဂ္ဂဇင်းရော အဘယ်ပုံ အာရုံစိုက်နိုင်သည်ကိုမူကား လင်ဖြစ်သူ တွေးတောကြံဆ၍ မရဘဲနေလေ၏ ။ အကယ်၍ လင်စိတ်ဆိုးသဖြင့် မယားမျက်ရည် ကျလျှင် လင်ဖြစ်သူက ယုယပိုက်ထွေး မျက်ရည်ကလေးများကို သုတ်၍ ပေးရင်းအရေးကို အေးချမ်းစေနိုင်ဖို့ ရှိ၏ ။ စောတင်မှာ ထိုကဲ့သို့ မဟုတ်ချေ ။

ရှေးရောမလူမျိုးသည် ဝိုင်အရက်ကို သောက်ရင်း နက်နဲသော ကျမ်းဂန်ကြီးများကို ဖတ်ကာ စောင်းများ ၊ ပလွေများနှင့် မိမိတို့ကိုယ်ကို ဖျော်ဖြေကြသည်ဟု ကျော်ဒင်က စာဟောင်းများ၌ ဖတ်ဖူး၏ ။ ထိုလူမျိုးသည် မိမိတို့၏ စိတ်ကို စိတ်ဖြာ၍ အာရုံများစွာတို့ကို တစ်ပြိုင်တည်း ခံစားနိုင်သော်လည်း စောတင်သည် ရောမလူမျိုး ဝင်စားသူ မဟုတ်က အဘယ်နည်းဖြင့် ထိုကဲ့သို့ ခံစားနိုင်ပါသနည်းဟု ကျော်ဒင်မှာ အခါခါ စဉ်းစား အံ့သြခြင်း ဖြစ်မိလေသတည်း ။

အခါများစွာ စောတင်၏ အသိမိတ်ဆွေ ယောက်ျား ၊ မိန်းမပျိုရွယ်သူတို့သည် စောတင်ကို အိမ်သို့ လာ၍ ကား နှင့်ခေါ်ကြ၏ ။ စောတင်ကလည်း အခေါ်လာမည့် သူတို့ကိုသာ တစ်နေ့ပြီး တစ်နေ့ မျှော်၍ နေလေ၏ ။

ထိုနေ့ည၌ ဆရာဝန်သည် အောက်ဆေးခန်း၌ အလုပ်များ၍နေစဉ် အိမ်ပေါ်၌ အခေါ်လာသူ နှစ်ယောက် ရှိလေ၏ ။ တစ်ယောက်မှာ မိန်းမပျို ဖြစ်၍ တစ်ယောက် မှာ ၎င်းမိန်းမပျို၏ မောင်တော် မောင်ဘစိုး ဆိုသူ စာရေး ဖြစ်လေ၏ ။

ဘစိုးမှာ ချမ်းသာ၏ ။ မိမိ ရသော လခကို သုံးဖြုန်း၍ နေ၏ ။ မိန်းမချောချောလှလှကလေးတွေ အများအပြားတို့နှင့် အကျွမ်းဝင်သူ ဖြစ်၏ ။ ၎င်း၏ စိတ်၌ မိန်းမ ဟူသမျှကို ငွေကုန်ခံလျှင်ရသည်ဟု သဘောပိုက်၍ ထားသူ ဖြစ်လေ၏ ။ အပျိုအအို မရှောင် ပြောင်ပြောင်ပိုးတတ် အရကပ်သူ ဖြစ်လေ၏ ။

၎င်းတို့သည် အတော်စောသော အချိန်မှ ရောက်၍ အိမ်ရှေ့၌ ဘစိုး၏ ကားကြီးကို ရပ်ဆိုက်ကာ အိမ်ပေါ်၌ စကားပြော၍နေကြရင်း မိန်းမပျိုနှစ်ယောက်မှာ တုံးလုံး နေရာမှ အိပ်ပျော်၍ သွားကြ၏ ။ အကြောင်းမူကား ပွဲလမ်းသဘင် အပျော်အပါး အတော် လိုက်စားသူများ ဖြစ်ကြသဖြင့် အိပ်ပျက်ကြလေရာ ခေါင်းချရာမှ ပျော်လွယ်ကြလေ၏ ။ စောတင်မှာ ဖျင်ပက်လက်ကုလားထိုင်၌ သားနားစွာ ဝတ်စားလျက်ထိုင်ရင်း စီးကရက်ကို ဖွာလျက် ပြတင်းပေါက် အပြင်ဘက်သို့ ငြီးငွေ့သော မျက်နှာနှင့် ကြည့်ကာ ငေး၍ နေလေ၏ ။

ဘစိုးသည် ကုလားထိုင်ခြေရင်း၌ ပုဆစ်တုပ်ကာ ထိုင်လျက် လက်တစ်ဖက်ဖြင့် စောတင်၏ လှပပြေပြစ်သော ခြေခုံကို အုပ်ကာ ကိုင်လေ၏ ။ လက်တစ်ဖက်ဖြင့် စောတင်၏ ဒူးကို ကိုင်လေ၏ ။

သို့ကိုင်လျက်

“ လိုက်ခဲ့ပါ စောရယ် ၊ သံလျင်ဘုရားပွဲဟာ ဘယ်လောက်ပျော်စရာ ကောင်းတယ်ဆိုတာ သိရပါလိမ့်မယ် ” ဟု ပြောလေ၏ ။

စောတင်သည် စကားပြန်၍ မပြောဘဲ သက်မကြီး ချကာ တစ်ရင်လုံး ကြွအောင် အသက်ကို ရှိုက်၍ ရှူလေ၏ ။

စိုး ။  ။ ဒီအခန်းကလေးထဲမှာချည်း အောင်းနေလို့တော့ ဘာလုပ်မလဲ ။ ငယ်ငယ်ရွယ်ရွယ် လှလှပပနဲ့ ဒီလို အခန်းအောင်းနေရင် သီလရှင် လုပ်နေပါလား စော ရဲ့ ၊ ဒီဆရာဝန်က စောကို ဂရုစိုက်နိုင်တာလည်း မဟုတ်ဘူး ။ စောနဲ့ ထိုက်တန်အောင်မထားဘူး ၊ ဒီတော့ ပျော်ပျော်ပါးပါးသာ နေပါ ။ ဟိုမှာပဲ အိပ်ကြတာပေါ့ ။ မမလေးနှင့် တင်တင်လည်း ပါမယ် ။ ဟိုကျရင် အခြားအဖော်တွေလည်း တွေ့ဦးမှာပဲ ၊ နက်ဖြန်ခါကျတော့ မော်တော်ကားနဲ့ ကျောက်တန်းတို့ သုံးခွတို့ကို လျှောက်လည်တာပေါ့ ။ သုံးခွ ကနေပြီး ပဲခူး လှည့်ချင် လှည့်လိုက်ဦး ၊ ပဲခူးမှာ တောရပ်တွေ ကျောင်းတွေ ဘုရားတွေကို လည်ပြီးကြည့်ရ ဖူးရအောင် ၊ ဒီမှာလည်း ရုံးပိတ်ထားတာနဲ့ အခန့်သင့်ပဲ ၊ နောင် ဒီလို အခန့်သင့်မှာမဟုတ်ဘူး ၊ ဒီဆေးနံ့တွေ နောက် ဖေးနံ့တွေရော နေတဲ့ လေကို စောရှူမယ့် အစား တစ်ခါ တလေ ပင်လယ်က လာတဲ့လေ ၊ တောင်ထိပ်က လာတဲ့ လေကလေးများကို ရှူစမ်းပါ ၊ စော လိုက်မယ်ဆိုရင် မြန်မာပြည်တစ်ပြည်လုံး နှံ့အောင် မော်တော်ကားနဲ့ လည်နိုင်ပါတယ် ။ မသကာ ငွေနှစ်ထောင်သုံးထောင် ကုန်တော့မပေါ့ ”

“ ဟုတ်တယ် ကိုဘစိုး ၊ ဒီမှာ နေရတာ သိပ်ပြီး ပျင်းစရာကောင်းတာပဲ ၊ တစ်နေ့လာလည်း လူနာတွေ ၊ တစ်နေ့ မြင်ရလည်း လူစုတ်တွေကြီးပဲ ။ ဘာမှ အထူးတလည်လည် မတွေ့ ရဘူး ”

“ အဲဒါကြောင့် ပြောတာပေါ့ စောရဲ့ ၊ လိုက်ခဲ့ပါ ၊ ဒီနေရာနဲ့ စောနဲ့ မတော်ပါဘူး ”

ထိုကဲ့သို့ ပြောဆိုနေခိုက်တွင် အဘိုးကြီးလို မိမိ၏ အလုပ်ကိုသာ ဂရုစိုက်၍ နေသော ဆရာဝန်မှာ နာတာရှည်မိန်းမကြီးတစ်ယောက်ကို စမ်းသပ်၍ နေလေ၏ ။

စောတင်နှင့် ၎င်း၏ အဖော်များရှေ့၌ ဆရာဝန်သည် အသက်ခြောက်ဆယ်ကျော် အဘိုးကြီးလို ဖြစ်၍ နေလေ၏ ။ ၎င်းတို့၏ စိတ်ထဲ၌ ဆရာဝန်သည် မိမိ၏ အလုပ်မှ တစ်ပါး တစ်စုံတစ်ရာကိုမျှ မသိ ။ လူရိုးလူအကြီး ဖြစ်၍ နေလေ၏ ။

အကြောင်းမူကား ဆရာဝန်၏ ရှေ့၌ ရန်ကုန်မြို့ အကြောင်း ၊ ရုပ်ရှင်အကြောင်း ၊ မြင်းပွဲအကြောင်း ၊ ဘောပွဲ အကြောင်း စသည်များကို ပြောကြသည်မှာ ဆရာဝန်မှာ တစ်စုံတစ်ရာ နားမလည်ဘဲ နေလေ၏ ။ နားမလည်သောအခါ ဆရာဝန်ကို လူအ ၊ လူနုံတစ်ယောက်ဟု စိတ် ထဲ၌ ကျိတ်ကာ မှတ်ထင်ကြလေ၏ ။ သို့မှတ်ထင်ရာမှ ရှုတ်ချသော ောစိတ် ပေါ်လာလေ၏ ။ ရှုတ်ချသောအခါ များစွာ မလေးစားသော စိတ်အနေသို့ ရောက်ကြလေရာ ရဲတင်းစ ပြုကြလေ၏ ။ စောတင် သည်လည်း ဆရာဝန် အား ခါတိုင်းထက် ပိုမို၍ မထေမဲ့မြင် ပြုစပြုလေ၏ ။

ဆရာဝန်သည် မိန်းမကြီးကို စမ်းသပ်၍ ပြီးသော အခါ အခြား လူမမာတစ်ယောက် လာ၍ ခေါ်သဖြင့် လိုက်သွားရပြန်လေ၏ ။ ပြန်၍လာသော အခါ လမ်းမမှ မဝင်ဘဲ လမ်းကြားတစ်ခုမှ လာပြီး နံဘေးတံခါးမှ ဝင်လေ၏ ။

ဝင်ပြီးနောက် ဆေးများကို စပ်၍ လိုက်ပါလာသူအား ပေးလိုက်ပြီး လက်များကို ဆေး၍ သုတ်ကာ ကုလားထိုင်၌ ထိုင်ပြီး အိတ်ထဲက ဆေးပြင်းလိပ်ဘူးကို ထုတ်၍ မီးညှိတော့မည် အပြုတွင် ဦးခေါင်း၌ ဒဏ်ရာတွေနှင့် အဝတ်ကို ပတ်လျက် ယိမ်းထိုးကာ ဆင်းရဲစုတ်နုတ်သော အသက်လေးဆယ်ခန့်ရှိ ယောက်ျားကြီးတစ်ယောက် ဝင်ရောက်၍လာပြီး စားပွဲကို ကိုင်မှီကာ ဆရာဝန်အားမောပန်းလျက် စကား မပြောနိုင်သေးဘဲ ကြည့်၍ နေလေ၏ ။ စားပွဲကို ကိုင်သောက် လက်မှာ စက္ကူထုပ် တစ်ထုပ် ပါ၍ လာလေ၏ ။

“ ခင်ဗျား ဘယ်ကလဲ ၊ ဘာဖြစ်လာသလဲ ၊ လူရိုက်လိုက်သလား ၊ မမာဘူးလား ”

“ လူမရိုက်ပါဘူး ကျွန်တော့်ဘာသာ သမံတလင်းမှာ ညနေက ချော်လဲလို့ပါ ၊ မမာတာတော့ မှန်ပါတယ် ” ဟု တုန်လှုပ်ကာ မောပန်းသော အသံနှင့် ပြောလေ၏ ။ ထိုင်ထိုင်ဟု ဆရာဝန်က ကုလားထိုင်ကို ပြပြီး “ ဘယ်လို မမာသလဲ ”

“ မမာလို့ လာတာလည်း မဟုတ်ပါဘူး ၊ တခြား အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ ”

“ ဘယ်ကို ကိစ္စလဲ ”

“ ဆရာဝန်ဟာ အင်မတန် ရိုးသားဖြောင့်မှန်တယ် ၊ သနားတတ်တယ်ဆိုလို့ လာပါတယ် ”

“ ပြောလေ … ခင်ဗျားရောဂါ တော်တော်ကြီးတယ် ၊ အခု စမ်းသပ်ပြီး ဆေးတစ်ခုခုကို မြန်မြန်ပေးမှ ဖြစ်လိမ့်မယ် ။ ဆေးထိုးရလိမ့်မယ် ထင်တယ် ” ဟု ပြောရင်း အပါး၌ ရှိသော နားကြပ်ကို ကိုင်လေ၏ ။

“ နေပါဦး ဆရာ ၊ ကျွန်တော့် အတ္ထုပ္ပတ္တိကို ပြောပါရစေဦး ”

“ ရှည်ရှည် မပြောနဲ့ ခင်ဗျားဒုက္ခဖြစ်သွားလိမ့်မယ် ။ ခင်ဗျား ရုပ်မကောင်းဘူး ၊ ဆေးထိုးမှ ဖြစ်မယ် ။ ခင်ဗျား လဲတာဟာ အလိုလို မူးပြီး လဲတာ မဟုတ်လား ”

“ ဟုတ်ပါတယ် ၊ သည်းခံပါဦးဆရာ ၊ ကျွန်တော် သာယာဝတီကပါ ။ ကျွန်တော် စီးပွားပျက်လာပါတယ် ။ သားနှစ်ယောက် သမီးတစ်ယောက်နဲ့ နေရာမှာ ဓားပြများ အိမ်ကို မီးရှို့ သွားကြပါတယ် ။ အိုစာမင်းစာအတွက် လယ်ကလေး ချောင်းကလေး ဝယ်ဖို့လို့ ဘဏ်မှာ စုထားတဲ့ ငွေတစ်သောင်းကို ထုတ်ပြီး အိမ်မှာ ခေတ္တထားရာမှာ ဓားပြများတိုက်ကြပါတယ် ၊ ငွေတစ်သောင်းလည်း ပါသွားပါတယ် ။ ကျွန်တော့ သားနှစ်ယောက်မှာလည်း ဓားပြသ,တ်လို့ သေပါတယ် ။ ကျွန်တော့်သမီး ခင်ဥမှာ ယခု အသက် ၁၈ နှစ် ရှိပါသေးတယ် ။ ကောင်းကောင်း မကျန်းမာတဲ့ အပြင် မောင်နှစ်ယောက် ရှေ့တွင်သေတာကို မြင်တော့ ထိတ်လန့်ပြီး ရောဂါတိုးလာတာနဲ့ ရန်ကုန် မှာ ဆေးဝါးကုသ လုပ်ကိုင်ရှာကြံရင်း ဆိုတာလို ဆွေမျိုး များ ဆီက ငွေကလေးငါးရာ ယူပြီး ထွက်လာခဲ့ကြပါတယ် ။ ရန်ကုန်ကို ရောက်တော့ ဘိုးသစ်နှင့် မြဘူး ဆိုတဲ့ နှစ်ယောက်နဲ့ အသိဖြစ်ပြီး သူတို့က ကျွန်တော့် ငွေကလေး ငါးရာနဲ့ အရင်းစိုက်ပြီး ဟောဒါတွေ လုပ်ဖို့ရန် ပြောပါတယ် ” ဟု ပြောကာ လက်ထဲက စက္ကူတွေကို ပြပြီး စကားဆက်ကာ -

“ ပြောရုံမက လုပ်ပြတော့ အဟုတ်တကယ်ပဲ ဖြစ်တာပါပဲ ။ သူ့မှာ ကိရိယာမစုံလို့ စုံအောင် ကျွန်တော်က ငွေကလေးငါးရာအနက် သုံးရာကို ထုတ်ပေးလိုက်မိပါတယ် ။ သုံးစွဲစမ်းသပ် ကြည့်တော့ ဘဏ်တိုက်ကတောင် မသိဘူး ၊ အင်မတန် ကောင်းတာပါပဲ ၊ အိမ်မှာ မှန်ဗီရိုထိပ်ပေါ်မှာ သေတ္တာနဲ့ သုံးသောင်းဖိုး ရှိပါသေးတယ် ။ အခုယူလာတာက တစ်သောင်းဖိုး ရာတန်ချည်းပဲ ”

ဆရာဝန်သည် အံ့အားသင့်လျက် စဉ်းစား၍ နေပြီး ငွေစက္ကူထုပ်ကြီးကို ကြောက်ရွံ့သော အမူအရာနှင့် ကြည့်ကာ

“ နို့ ဒါ ဘာဖြစ်သလဲ ”

“ သမီးကလေး အင်မတန် ရိုးဖြောင့်ရှာပါတယ် ။ ဒီတော့ ‘ ဖေဖေရယ် မင်းပြစ်မင်းဒဏ် မကင်းတာတွေကို မလုပ်ပါနဲ့ ၊ ကျွန်မတို့ ငတ်သေရင် ဒုက္ခတွေတောင် ငြိမ်းပါသေးတယ် ’ ဆိုပြီး ကျွန်တော့်ကို ငိုကြွေးတောင်းပန်ပါတယ် ”

“ အင်း တောင်းပန်တော့ ဒီကို ဒါတွေ ခင်ဗျား ဘာလို့ ယူလာသလဲ ”

“ မြဘူးက လူဆိုးပါ ဆရာ ၊ အင်မတန် ကြောက်ရတဲ့လူပါ ။ ကျွန်တော့် သမီးကိုလည်း သူ ချစ်စကား ကြိုက်စကားပြောပါတယ် ။ မကြိုက်ရင် သ,တ်ပစ်ပါလိမ့်မယ် ”

“ သ,တ်မှာဖြစ်ရင် တခြား ထွက်ပြေးပါလား ၊ ဒီငွေစက္ကူကို ဘာလုပ်ရမလဲ ”

“ ကျွန်တော် မီးရှို့ပစ်ချင်လို့ပါ ၊ ကျွန်တော့်သမီးက ဖျက်ဆီးပစ်ပါလို့ အတန်တန် တောင်းပန်ပါတယ် ။ စက္ကူတွေလည်း အတုရယ်လို့ ဘယ်သူမျှ မပြောနိုင်အောင် ကောင်းနေပါတယ် ”

“ ဖျက်ဆီးပစ်လိုက်ပါလား ဘာဖြစ်လို့ ဒီကို ယူလာသလဲ ”

“ ကျွန်တော့်ဘာသာ ကျွန်တော် ဖျက်ဆီးပစ်ရင် မြဘူး ရောက်လာတော့ ငွေစက္ကူတွေ ဘယ်မှာလဲလို့ မေးပါလိမ့်မယ် ။ ကျွန်တော် မီးရှို့ပစ်ရင် သူ ယုံကြည်မှာ မဟုတ်ပါဘူး ဆရာ ၊ ကျွန်တော်တို့ သူ့ကို လာလိမ်လည်တယ်ဆိုပြီး သားအဖနှစ်ယောက်စလုံးကို သ,တ်ပစ်ပါလိမ့်မယ် ၊ ဒီတော့ အများက ရိုးဖြောင့်တယ် ၊ မလိမ်တတ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ကို သက်သေတင်ပြီး သူ့ရှေ့မှာ မီးရှို့ ပစ်ဖို့လာတာပါ ၊ ဆရာ သဘောတူရင် ဒါတွေကို ယူထားလိုက်ပါ ။ အိမ်မှာ ရှိတဲ့ မှန်ဗီရိုပေါ်က စက္ကူတွေကိုလည်း ကျွန်တော် ပြန်ယူပါ့မယ် ။ မြဘူး လာရင် မရှို့ဖြစ်ဘဲ နေပါလိမ့်မယ်ဆရာ ၊ တစ်ဆိတ် မြန်မြန် လုပ်ပေးစမ်းပါ ကျွန်တော် သွားယူရမလား ၊ ဒီစက္ကူတွေ ရှိရင် ကျွန်တော့် သမီးကိုလည်း သူ မြန်မြန်ကြီး ယူပါလိမ့်မယ် ၊ ကလေးမက လည်း သူ့ကို ကြောက်တယ် မယူဝံ့ဘူး ၊ ကျွန်တော့် အိမ်က စမ်းချောင်း နံပါ (   ) မှာ ရှိပါတယ် ”

“ ဒါထားလိုက်ပါဦး ၊ ခင်ဗျား အင်မတန် ရုပ်ပျက်တယ် ၊ မှန်စမ်း ရင်ဘတ်ကိုလှန်စမ်း ” ဟုပြောပြီး နားကြပ်ကို ယူကာ ၎င်းယောက်ျားကြီးအား စမ်းသပ်ရန် စားပွဲပေါ်သို့ အထိုင်ခိုင်းပြီး ပက်လက်နေလို့ ပြောလေ၏ ။ လူကြီးသည် ပက်လက်လှန်၍ ချလိုက်သည်နှင့်တစ်ပြိုင်တည်း မလှုပ်မရှား ငြိမ်သက်၍ သွားလေ၏ ။

ဆရာဝန်သည် ၎င်း၏ မျက်နှာကို ကပ်ကာ ကြည့်လေရာ အသက် မရှိတော့သည်ကို သိရလေသတည်း ။ အင်း … ဧကန် နှလုံးရောဂါပဲ ၊ ဒုက္ခသောကတွေ အားကြီးလို့ နှလုံးခိုက်ပြီး မူးမိုက်၍ သေရှာတာပဲဟု တွေးတောကာ လူကြီး၏ ရင်ဘတ်ကို ဆရာဝန်သည် လက်နှင့် စမ်းသပ်ကာ ဆင်ခြင်၍ နေလေ၏ ။

ထို့နောက် ငွေစက္ကူထပ်ကြီးကို ယူ၍ သေချာစွာ ကြည့်၏ ။ မိမိ၏ အိမ်ထဲ၌ ရှိသော ရာတန်တစ်ချပ်နှင့် မီးရောင်မှာ ယှဉ်၍ ကြည့်၏ ။ မည်သည့် အချက်မျှ မခြား ၊ တကယ့်ရာတန် အစစ်လို ဖြစ်၍နေသည်ကို တွေ့ရလေ ၏ ။ ထိုအခါ ဒေါက်တာကျော်ဒင်၏ စိတ်၌ များစွာ တပ်မက်သောစိတ် ပေါ်၍လာလေ၏ ။

အဘယ်ပုံ လုပ်ရမည်ကို စဉ်းစား၍ နေလေ၏ ။ စောတင်ကို တက်၍ ပြရလျှင် အင်မတန် ဝမ်းသာမှာပဲ ဟူ၍လည်း အောက်မေ့၏ ။ သို့သော်လည်း မိမိ၏ စိတ်၌ အပြီးအပိုင် ဆုံးဖြတ်ချက်ကို မပြုသေးမီ စောတင်ကို သွား၍ပြရလျှင် မိန်းမတို့ဓမ္မတာ တပ်မက်သည့်လောဘ လွှမ်းမိုးအား ကြီး၍လာပြီးလျှင် အမှားကိုပြုမိမှာ ကြောက်ရွံ့သည့်အတွက် မပြသေးပါဘူးလေဟု အောက်မေ့ကာ ခေတ္တမျှ ငွေစက္ကူများကို ကိုင်ရင်း လူသေကို ကြည့်၍ နေလေ၏ ။

သို့ကြည့်နေခိုက်တွင် အိမ်၌ ကျန်ရှိသေးသည် ဆိုသော ငွေစက္ကူများကို တွေးမိ၏ ။ မတော်တဆ မြဘူး ခေါ်သော လူဆိုးလာပြီး ကလေးမကလေးကို အတင်း ဗလက္ကာရ မတော်မတရားပြုလုပ်မှာကိုလည်း စိုးရိမ်ခြင်း ဖြစ်လေ၏ ။ သို့ဖြစ်လေရာ လူသေကို အဝတ်ဖြူတစ်ခုနှင့် အုပ်လေ၏ ။ ထို့နောက် စောတင်အား အကြောင်းကို ပြောပြ၍ သွားရလျှင် ကောင်းလေမလားဟု တစ်အောင့်မျှ ရပ်ကာ စဉ်းစားလေ၏ ။

ဟင် မပြောသေးပါဘူး ၊ နောက်မှ သိတာပဲ ကောင်းပါတယ်ဟု အောက်မေ့ကာ ငွေစက္ကူများကို သက္ကလပ်အင်္ကျီအတွင်း အိတ်ထဲထည့်ပြီး အခန်းတံခါးများကို အကုန်ပိတ်ကာ အတွင်းမှ မင်းတုပ်များချလေ၏ ။ ထို့နောက် နံဘေးပေါက်မှ ထွက်ပြီး အပြင်မှ သော့ခတ်၍ မှောင်ထဲတွင် ကားနှင့် ထွက်သွားလေသတည်း ။

သေသူ ပြောသောနေရာကို ဆရာဝန်ကလေးသည် အတော်ရှာရလေ၏ ။ လမ်းမြှောင်လမ်းကွေ့ များ၌ မှား၍ နေပြီးမှ နောက်ဆုံး၌ ရောက်၍ သွားရာ မှောင်သော ညဉ့် အခါ ဖြစ်သောကြောင့် အိမ်နံပါတ်များကို ကောင်းစွာ မမြင်ရသဖြင့် အနီးအပါး အိမ်တစ်အိမ်ကို ဝင်၍ နံပါတ်ကို ပြောပြကာ ထိုနံပါတ် အဘယ်မှာ ရှိသည်ကို မေးလေ၏ ။

ယောက်ျားကြီး တစ်ယောက်က စိတ်မှန်းနှင့် ပြောလိုက်ရာ တံခါးပိတ်၍ ထားသော တစ်ထပ်တိုက်အိမ် တစ်ဆောင် ရှိရာသို့ ရောက်သွားလေသတည်း ။

ဆရာဝန်ကလေးသည် ကားကို ရပ်ကာ ဆင်းပြီး အိမ်ခွေးကတက်ကို ခြေဖျားထောက်၍ တက်ကာ ခေါက်တံခါး အကြားမှ အတွင်းကို ကြည့်ရာတွင် မီးရောင်ခပ်မှေးမှေးကို မြင်ရလေ၏ ။

တံခါးကို ခေါက်လေ၏ ။ အတွင်းမှ တစ်စုံတစ်ရာ အသံကိုမျှ မကြားရချေ ။ နံပါတ်ကို ကြည့်လေ၏ ။ နံပါတ်မှန်၍ နေသည်ကို တွေ့ ရှိရ၏ ။ သူငယ်မကလေး အိပ်ပျော်နေသလား ၊ မြဘူး နောက် ပါသွားလေသလားဟု စဉ်းစားနေခိုက်တွင် လူတစ်ယောက်သည် အရက်မူးသံနှင့် လမ်းမ၌ တေးဆို၍ လာပြီး ဤအိမ်ဘက်သို့ စိုက်ထိုးစိုက်ထိုးနှင့် ဝင်၍ လာလေရာ ဧကန်မြဘူး ဆိုတဲ့ အကောင်လာပြီဟု ဆရာဝန်၏ စိတ်၌ မှတ်ထင်ကာ မှောင်ရိပ်ခိုပြီး အရေးရှိက ထိုး၍ချရန် အသင့်ဟန်ပြင်၍ နေလေ၏ ။

အရက်မူးသမားသည် အိမ်တံစက်မြိတ်သို့ ဝင်မိသောအခါ

“ ဟင့် … မင့်အမေကလွှား ၊ ရော .. ငါ မူးလာပါကလား ၊ အိမ်များတောင် မှားလို့ ၊ မှောင်လိုက်တာလည်း မည်းလို့ပါကလား ” ဟု ပြောပြီး “ ရွှေလရောင်လင်းပါလို့ ငွေယုန်ငယ်ကျဉ်းပါပေါ့ ၊ ကြက်မင်းကဆော် ” ဟူသော တေးကို ဆို၍ သွားလေ၏ ။

ထိုအခါ အိမ်တစ်အိမ်တွင် လူတစ်ယောက်က “ ဟေ့ …. သာပြောင် ၊ ငွေယုန် သူ့ဘာသာသူ ကျဉ်း ဘာဖြစ် သလဲ ၊ ဒီကြက်မင်းက ဘာဆိုင်သလဲ ” ဟု အော်၍ပြောလေ၏ ။

“ မပြောတတ်ပါဘူးလူရယ် ၊ မှောင်လွန်းလို့ ဘာ ဆိုမိမှန်းမသိဘူး ၊ မင်း မအိပ်သေးဘူးလား ”

“ မအိပ်သေးဘူး ၊ မင်းကို စောင့်နေတယ် ၊ မနေ့ကဟာ အတွက် ဒီကနေ့ ပေးမယ်ဆို ”

“ နက်ဖြန်မှယူ သူငယ်ချင်းရယ် ၊ မင်းဟာက ရေ တစ်ဝက် ရောထားတယ် ထင်တယ် ၊ အခု တစ်လုံးလောက် မရှိဘူးလား ”

“ တစ်ပိုင်းလောက်တော့ ရှိတယ် ၊ ကလောက်ချိုက်တော့ မဟုတ်ဘူး ၊ ဆိုင်ကပဲ ငါသောက်ဖို့ ထားတာ ”

“ တစ်ပိုင်းရရင် တော်ပြီ ၊ ငါ့လူ အလိမ္မာသား ” ဟု ပြောပြီး ဝင်သွားလေ၏ ။

ဆရာဝန်ကလေးသည် အခြား တံခါးတစ်ခုကို သွား၍ တွန်းရာ အလိုလို ပွင့်၍ သွားသဖြင့် အိမ်ထဲသို့ ရောက်ပြီး မတ်တတ်ရပ်ကာ တောင်မြောက်လေးပါးကို ကြည့်လေ၏ ။

ကြည့်သော်လည်း လူတစ်ယောက်ကိုမျှ မမြင် ။ အသံကိုလည်း မကြားရချေ ။

အင့်ဟင်း .. ဒီအိမ်မှ ဟုတ်ပါ့မလား ဟု တွေးပြီး ခပ်မှိန်မှိန်ထွန်းထားသော လသာမှန်အိမ်ကို မြှင့်ပြီး အိမ် အတွင်းအပြင် ဝင်ထွက်ကြည့်လေရာ သေသူ ပြောသွားသော မှန်ဗီရိုကို တွေ့ လေ၏ ။ မှန်ဗီရိုထိပ်ကို ကြည့်လိုက်သောအခါ သေတ္တာတစ်လုံးကို မြင်ရ၏ ။ ထိုအခါ ဆရာဝန်သည် ကုလားထိုင်တစ်လုံးကို ယူပြီး ၎င်းကုလားထိုင် ပေါ်သို့ တက်ကာ ဗီရိုထိပ်က သေတ္တာကို ဖွင့်၍ ကြည့်လေရာ ငွေစက္ကူအထုပ်တွေကို တွေ့မြင်ရသဖြင့် မျက်လုံး ပြူးလျက် မြွေပွေးနှင့် တွေ့ရ၍ ထိတ်လန့်သလို မျက်တောင်မခတ်အားဘဲ တွေဝေ၍ နေလေသတည်း ။

ထို့နောက် ငွေစက္ကူသေတ္တာကို ပင့်မြှောက်ချီယူကာ ကုလားထိုင်မှ ကြမ်းပေါ်သို့ အဆင်းတွင် ဗီရိုအတွင်း မှ ထိတ်လန့်၍ အော်သော အသံတစ်ခုကို ကြားရသဖြင့် ဆရာဝန်သည် ထိတ်ခနဲ ဖြစ်ပြီး သေတ္တာကို ကုလားထိုင်ပေါ်၌ တင်ကာ စဉ်းစား၍ နေလေ၏ ။

ထို့နောက် ဗီရိုကို ဖွင့်လိုက်ရာ ဖြူဖျော့ကြောက်ရွံ့သော သူငယ်မချောချောကလေးကို ဆံပင်တွေ ဖိုးရိုးဖားရားနှင့် တွေ့ရှိရလေ၏ ။

သူငယ်မကလေးသည် ဆရာဝန်၏ မျက်နှာကို ကြောက်ရွံ့သော မျက်လုံးများနှင့် မော်ကြည့်ကာ ကြင်နာသော မျက်နှာကို မြင်သဖြင့် အားရှိ၍ လာပြီး “ ရှင် ဘယ်သူလဲ ၊ ကျွန်မကို ကယ်နိုင်ရင် ကယ်ပါ ၊ ကျွန်မ ကြောက်လွန်းလို့ပါ ” ဟု ပြောလေ၏ ။ “ မင်း ဘာဖြစ်လို့ ဒီအထဲ ဝင်နေရသလဲ ”

“ ရှင်လာတာကို ကိုမြဘူး လာတယ် ထင်လို့ ကြောက်ပြီး ဝင်ပုန်းနေပါတယ် ။ ကျွန်မကို ကယ်နိုင်ရင် ကယ်ပါ ”

ထို့နောက် ကုလားထိုင်ပေါ်က ငွေစက္ကူသေတ္တာကို မြင်လျှင် အံ့အားသင့်ကာ ဆရာဝန်၏ မျက်နှာကို ကြည့်ပြီး ရှင် သူခိုးလား ဟု မေးလေ၏ ။

ဆရာဝန်ကလေးသည် အကျိုးအကြောင်းကို တိုတိုတုတ်တုတ်နှင့် ပြော၍ပြ၏ ။ သူငယ်မကလေး၏ ဖခင် သေဆုံးကြောင်းကိုလည်း သိစေ၏ ။ ထိုအခါ သူငယ်မကလေးက

“ ကျွန်မကို ကယ်ပါ ဆရာရဲ့ ၊ မြန်မြန် ဒီစက္ကူတွေကိုလည်း ယူသွားပြီး ဖျက်ဆီးပစ်ပါ ။ ကျွန်မ ကြောက်လွန်းလို့ပါ ” ဟု ဆရာဝန်၏ ခြေကိုဖက်၍ တောင်းပန်လေ၏ ။

ဆရာဝန်ကလေးသည် ခေတ္တမျှ စဉ်းစားလေ၏ ။ စောတင်သည် လွန်စွာ ဆူပူသူဖြစ်၏ ။ ဤမိန်းမချောကလေးကို သနားသဖြင့် ခေါ်၍ အိမ်၌ ဆေးဝါးကုသလျှင် တစ်မျိုးတစ်မည် မှတ်ထင်ကာ အပြစ်များ ရှာလေမည်လားဟု တွေးတောကြောက်ရွံ့ခြင်းဖြစ်လေ၏ ။ သို့သော်လည်း စောတင်၏ တွေးတောခြင်းများထက် ဤသူငယ်မကလေး၏ ချမ်းသာခြင်းက သာလွန် အရေးကြီးသည်ဟု စဉ်းစားပြီး ကိုင်းလာ မြန်မြန် ဟု ပြောကာ သေတ္တာထဲက ငွေစက္ကူထပ်များ ပိုက်၍ သူငယ်မကလေး ကို လက်ဆွဲလျက် အိမ်မှ ဆင်းကာ ကားပေါ်သို့ တက်ပြီး မောင်းနှင် ထွက်သွားကြလေသတည်း ။

အိမ်သို့ ရောက်သောအခါ ဆရာဝန်သည် သူငယ်မကလေးအား ဖခင်၏ အလောင်းကို ပြလေ၏ ။ သူငယ်မကလေးသည် အပါး၌ရပ်ကာ ဖခင်၏ မျက်နှာကို ကိုင်တွယ် စမ်းသပ်ကာကြည့်ရင်း တရှုံ့ရှုံ့ငိုကာ မျက်ရည်များကို သုတ်လျက်

“ ဖေဖေ … ဖေဖေတော့ ဝဋ်ကျွတ်ပြီ ၊ ကျွန်မဘယ်လို နေရလဲ ” ဟု တိုးတိုးကလေး ပြောလေ၏ ။ ဆရာဝန်သည် အကျိုးအကြောင်း စောတင် အား ပြောပြရန် အိမ်ပေါ်သို့ ပြေးတက်လေ၏ ။ အခန်းထဲ၌ စောတင် မရှိသည်ကို တွေ့ ရလေလျှင် ရှာဖွေလေ၏ ။ ရှာဖွေသော်လည်း အဘယ်မှာမှ မတွေ့ ရသဖြင့် စိတ်ဆိုး လျက် အိပ်ရာကို သေချာစွာ ကြည့်ရာ နှစ်ယောက်အိပ်သော နေရာမှာ အလယ်၌ ခေါင်းအုံးနှစ်လုံး ဆင့်လျက် တစ်ယောက်အိပ် ဖြစ်၍ နေသည်ကို တွေ့ရှိရလေ သတည်း ။ ခေါင်းအုံးပေါ်၌ ချိတ်နှင့် တွယ်၍ ထားသော စာတစ်စောင်ကို တွေ့ ရသဖြင့် ဖတ်၍ ကြည့်ရာ အောက်ပါအတိုင်း တွေ့ရှိရလေ၏ ။

        ကိုကျော်ဒင် ကျွန်မ မပျော်ပိုက်ဘူး ၊ ဒီအိမ်မှာ နေရခြင်းဟာ ငရဲခံရသည်နှင့် တူပါသည် ။ သည့်အတွက် အပျင်းပြေ အဖော်များနှင့် အလည်အပတ် လိုက်သွားပါသည် ၊ ရှင် နှစ်သက်တဲ့ နေရာမှာ ရှင်တစ်ယောက်တည်း ပျော်ပျော်ပါးပါးနေပါ ။
        တင်

ဆရာဝန်သည် ထိုစာကို လက်တုန်စွာနှင့် ဖတ်၏ ။ စာကိုဆုတ်ဖြတ် ချေမွ၍ ဒေါသနှင့် လွှင့်ပစ်၏ ။ ထို့နောက် ချာခနဲလှည့်၍ လာပြီး အောက်သို့ ဆင်းလာခဲ့လေရာ သူငယ်မကလေးသည် ကုလားထိုင်၌ ငြိမ်သက်စွာ ထိုင်၍ နေသည်ကို တွေ့ရှိရလေသတည်း ။

“ ကိုင်း .. မင်းဖခင် သေဆုံးပြီ ၊ ပြန်မလာတော့ဘူး ပူမနေနဲ့ ၊ ငါ မင်းကို ကြည့်ရှုထားမယ် ၊ ဒီငွေစက္ကူတွေကို ဘယ့်နှယ်လုပ်မလဲ ” ဟု ပြောလေ၏ ။

သူငယ်မကလေးသည် ငွေစက္ကူများကို ကြောက်ရွံ့သော မျက်နှာနှင့် ကြည့်ကာ

“ ကျွန်မတော့ ချက်ချင်း ဖျက်ဆီးပစ်ချင်တာပဲ ” ဟု ပြောလေ၏ ။

ဆရာဝန်သည် ပြုံးလျက် ၎င်းကို ကြည့်ပြီး “ မင်း သူဌေးမကလေး ဖြစ်မှာ ၊ ဒီငွေစက္ကူတွေကို ဘယ်သူကမှ အတုလို့ မပြောနိုင်ဘူး ၊ အမြောက်အမြားသာ မသုံးဘဲ တဖြည်းဖြည်း သုံးရင် မင်း တစ်သက်လုံး သုံးမကုန်ပါဘူး ၊ ဘယ့်နှယ် သဘောရသလဲ ”

“ ကျွန်မ မဟုတ်မမှန်တာကို မလုပ်ချင်ဘူး ။ ကျွန်မ ဖခင်လည်း ဘယ်တော့မှ မတရားတာကို မလုပ်ခဲ့ဘူး ၊ ကျွန်မ ဖေဖေမှာ မကောင်းတဲ့ လူတွေ သွေးဆောင်လို့ မှားမိတာပါ ၊ ကျွန်မ တောင်းပန်တော့ နောင်တရပါတယ် ။ ဘုရားနဲ့ ဆန့်ကျင်တာ ၊ မင်းနဲ့ ဆန့်ကျင်တာများကို ကျွန်မ အင်မတန် ကြောက်ပါတယ် ။ ဒါတွေကို မလိုချင်ပါဘူး ” ဟု ပြောလေ၏ ။

ဆရာဝန်သည် သဘောကျလျက် သူငယ်မကလေး၏မျက်နှာကို သေချာစွာ စိုက်၍ ကြည့်ရာ မြင့်မြတ်သော စိတ်အရှိန်သည် မျက်နှာ၌ ပေါ်၍ နေသည်ကို တွေ့မြင်ရလေသတည်း ။

မကြာမီ ငွေစက္ကူများကို နှစ်ယောက်သား သမံတလင်းပေါ်၌ ငွေစက္ကူ တစ်ထုပ်လုံး ပုံကာ မီးခြစ်နှင့် ရှို့လေ၏ ။ မီးတောက်၍ လာလေ၏ ။ ထို့နောက် တစ်ထုပ်ပြီး တစ်ထုပ် မီးထဲသို့ ထည့်ကြလေရာ နောက်ဆုံး၌ ပြာဖြစ်၍ သွားလျှင် ဆရာဝန်က ထိုပြာများကို ဖိနပ် နှင့် သိမ်းကာ အခန်းထောင့်၌ ပုံ၍ ထားပြီး လက်များကို ပွတ်သပ်ကာ စိတ်ကျေနပ်သော အမူအရာနှင့် သက်မကြီးချကာ သူငယ်မကလေးနှင့် ယှဉ်ကာ အလောင်းကို ကြည့်ပြီး ထိုအလောင်းနှင့် ပတ်သက်၍ စီမံရန် နည်းလမ်းကို တိုင်ပင်ကြလေ၏ ။

၎င်းနောက် သူငယ်မကလေး၏ ဘက်သို့ လှည့်ပြီး -

“ ကိုင်း … မင့် အရေးက ရှိသေးတယ် ၊ ကျန်းမာပုံ မပေါ်ဘူး ၊ ဘာရောဂါ ရှိသလဲ ၊ ဆေးထိုးရလိမ့်မယ် ထင်တယ် ၊ မှန်းစမ်း မရှက်နဲ့ မကြောက်နဲ့နော် ၊ မကြားဝံ့ ရှေ့နေ ၊ မမြင်အပ် ဆေးဆရာတဲ့ ၊ ငါက ဆရာဝန် မင်း ရောဂါကို မြန်မြန်ပျောက်အောင် ကုသဖို့ တာဝန်ရှိ တယ် ။ မှန်း .. ခပ်လန်လန်ကလေးထိုင် ” ဟု ပြောပြီး နားကြပ်ကို ယူကာ ရင်ကို ထောက်ကာ ထောက်ကာ စမ်းသပ်လေ၏ ။

ထို့နောက် ခေါင်းခါလျက် ခါးထောက်၍ ရပ်ပြီး စဉ်းစား၏ ။ ထို့နောက် တစ်ဖန် နားကြပ်ကို အတွင်းသို့ အသားနှင့် ထိအောင်ထောက်ကာ မကျေနပ်သဖြင့် ထပ်မံ စမ်းသပ်ပြန်လေ၏ ။

“ အသက်မှန်မှန် ရှူစမ်း ”

သူငယ်မကလေးသည် ကြွခနဲ ကြွခနဲ ဖြစ်အောင် အသက်ကို ရှူလေ၏ ။

ထို့နောက် နားကြပ်ကို ရုပ်သိမ်းပြီး တစ်ဖန် မကျေနပ်ပြန်သဖြင့် ရင်ဘတ်နံဘေး စသည်တို့ အပေါ်၌ လက်ချောင်းများကို တင်ကာ တီးခေါက်၍ စမ်းသပ်ပြန်လေ၏ ။ ပြီးသောအခါ

“ ကိစ္စမရှိဘူး ၊ ဘာမှ မကြောက်နဲ့ မင်း မကြာမီ ကျန်းမာဝဖြိုးပြီး အခုထက် လှလာလိမ့်မယ် ” ဟု ပြောကာ ဆေးဗီရိုကို ဖွင့်ပြီး ပုလင်း တစ်ခုထဲမှ ဆေးတစ်လုံးကို ထုတ်၍ ပေးလေ၏ ။ ဖန်ခွက်နှင့် ရေကို ယူလာ၍ ပေးလေ၏ ။ ထို့နောက် ဆရာဝန်သည် ချွတ်ကရားကလေး နေသော နေရာသို့ သွား၍ ချွတ်ကရားကလေး အိပ်နေသည်ကို တွေ့ရှိရသဖြင့် မနှိုးဘဲ ခြေဖျားထောက်ကာ ပြန်လာပြီး လေမီးဖိုကလေးနှင့် ရေနွေးကို တည်လေ၏ ။ ၎င်းနောက် မကြာမီ ပူနွေးမွှေးကြိုင် နို့မလိုင်တွေ တစ်လက်မခန့် ကြွ၍နေသော ကော်ဖီနှစ်ခွက် ပြီးစီးလေ၏ ။

အိမ်ပေါ်သို့ တက်ပြီးလျှင် မုန့်သေတ္တာကို ယူလာပြီး စားပွဲငယ်တစ်ခု၌ နှစ်ယောက်သား စားသောက်ကြလေ၏ ။

သူငယ်မကလေးမှာ ရှက်ကိုးရှက်ကန်း ဖြစ်၍ နေသော်လည်း ဆရာဝန်က အားပေးသဖြင့် တစ်ကြောင်း ၊ အလွန်ကောင်းသော လူတစ်ယောက် ဖြစ်သည်ကို သိရ လေသောကြောင့်တစ်ကြောင်း ရဲ၍ လာပြီးလျှင် စားသောက်လေ၏ ။

သူငယ်မကလေးသည် နောက်တစ်ရက် နှစ်ရက် အတွင်း အသစ် ဖြစ်ကာ လတ်ဆတ်ရွှင်လန်းလျက် စိတ်လက်ရွှင်ပျကာ ဖြူဖျော့သော ပါးကလေးများမှာ နှင်းဆီရောင်ကလေး ပေါ်စပြုလေ၏ ။

သူငယ်မကလေး အတွက် အိမ်ပေါ်ရှိ အိပ်ရာကို ပေးလေ၏ ။ မိမိမှာမူ ဆေးခန်းထဲ၌ ဖျင်ခုတင်ကလေးနှင့် နေရှာလေသတည်း ။

သူငယ်မကလေးသည် လျင်မြန်သွက်လက်ထက်မြက်လျက် ဆေးခန်းတွင် ကူဖော်လောင်ဖက် များစွာရလေ၏ ။ ဆရာဝန် သင်သမျှ ပြသမျှကို လျင်မြန် စွာ တတ်မြောက်အောင် ကြိုးစား၏ ။ ဆရာဝန်မှာ စောတင် မရှိသည့်အတွက် ငြိုငြင်ပူပင်ခြင်း မဖြစ်ရအောင် နတ်များက အဖော်လာ၍ ပေးသလို ဖြစ်လေ၏ ။ အကြောင်းမူကား စောတင် ရှိစဉ်က ဆေးခန်းတွင် တစ်ယောက်တည်း အလုပ် လုပ်ရလေ၏ ။ ဤသူငယ်မ ကလေးသည်ကား အဖော်ရရုံမက မကြာမီ ကွန်ပေါင်ဒါ ဆေးစပ်ဆရာမကလေး ဖြစ်နိုင်မည်ကို သိရလေသတည်း ။

အချိန်မဲ့ ချမ်းအေးစွတ်စိုသော ညဉ့်များ၌ လူမမာများ လာ၍ ခေါ်သဖြင့် ဆရာဝန်သည် လိုက်ရတော့မည် ရှိသည့်အခါ တံခါးမှ ထွက်တော့မည် အပြုတွင် အဘယ်မျှပင် ညဉ့်နက်စေကာမူ သူငယ်မကလေးသည် တံခါးအနီး၌ ရပ်ကာ နေသည်ကို တွေ့ ရ၏ ။ အပါးသို့ကပ်မိလျှင် ပူနွေးသော လက်ဖက်ရည်ပန်းကန်ကို ပေးလေ၏ ။ ဆရာဝန် ပြန်၍ လာလျှင် ဆေးခန်းထဲ၌ အငွေ့တလူလူနှင့် စောင့်၍ နေသော လက်ဖက်ရည်ကရားနှင့် ပန်းကန်များကို တွေ့ရ၏ ။ စောတင် ရှိစဉ်က ဤကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မတွေ့ခဲ့ရဖူးသည်ကို ဆရာဝန် ပြန်လှန်တွေးတောမိလေ၏ ။

ဆရာဝန်ကလည်း ၎င်းကို အသုံးကျမှန်း သိသဖြင့် မိန်းမကြီးတစ်ယောက်ကို ခေါ်ပြီး ၎င်းအတွက် သင့်လျော်သော အဝတ်အစားများကို ဝယ်၍ ပေးရန် ငွေများကို ပေးလေ၏ ။ သူငယ်မကလေးမှာ ကျန်းမာလတ်ဆတ်၍ လာရာတွင် တိုးတက်လှပ စောတင် ထက်ပင် ဟန်ကျပါကလားဟု ဆရာဝန်၏ စိတ်၌ တွေးမိလေ၏ ။

သို့ပင် တွေးမိသော်လည်း များစွာ အရောမဝင်ဘဲ အစေခံမကလေးလိုပင် ပြောဆိုကာ ကြင်ကြင်နာနာ ခိုင်းစေ အသုံးပြုလေ၏ ။ သူငယ်မကလေးသည် မိမိ၏ အပေါ်၌ ကြင်နာသောကြောင့် ရဲတင်းခြင်း မရှိဘဲ ကျေးဇူးရှင်တစ်ယောက်ကို ပြုစုရသလို သဘောထားကာ အမူအရာမှ တစ်ပါး တစ်စုံတစ်ရာ ပိုမိုခြင်း မရှိချေ ၊ စိတ်ထဲ၌ တစ်စုံတစ်ရာ ပိုမို၍ပင် လာစေကာမူ အမူအရာမျက်နှာ၌ မပြဘဲ မောင်နှမများ နေသလိုသာ နေရှာလေ၏ ။

ဆရာဝန်ကလည်း ထိုနည်းအတိုင်းပင် နေသော်လည်း စိတ်ထဲ၌ သူငယ်မကလေးကို နေရာတိုင်း၌ စောတင် နှင့် ယှဉ်ပြိုင်၍ နေလေ၏ ။ စောတင်နှင့် ယှဉ်ပြိုင်တိုင်း သူငယ်မကလေးမှာ ဆရာဝန်၏ စိတ်ထဲ၌ အနိုင်ရ၍ နေလေသတည်း ။

တစ်နေ့သ၌ ခါတိုင်းနှင့်မတူ အလုပ်ပါးသဖြင့် ညနေအချိန်၌ ဆရာဝန်သည် မော်တော်ကားနှင့် လည်ပတ်ရန် စိတ်ကူးလေ၏ ။ သူငယ်မကလေးသည်ကား အိမ်တွင်းကား ဆရာဝန်၏ အဝတ်အစားများကို မီးပူတိုက်၍ နေလေ၏ ။

ဆရာဝန်သည် အခန်းထဲသို့ ဝင်သွားရာ သူငယ်မကလေးသည် ထိတ်လန့်သလို ဖြစ်ကာ အလုပ်ကို ရပ်လျက် ဆရာဝန်၏ မျက်နှာကို ကြည့်၍နေလေ၏ ။

“ အလည် လိုက်မလား ၊ အင်းလျားဘက်ကို သွားမယ် ” ဟု ပြောလေ၏ ။

သူငယ်မလေးသည် ရှပ်အင်္ကျီတစ်ထည်ကို ခေါက်မည် အကြံနှင့် ကိုင်လျက် ဆရာဝန်၏ မျက်နှာကို ကြည်ဖြူစွာ မရဲတရဲကြည့်ကာ လိုက်ချင်လျက် မပြောဝံ့သော အမူအရာ တစ်မျိုးကို မျက်နှာ၌ ပြလေ၏ ။

ဆရာဝန်က “ ဪ …. ဒါတွေ ထားခဲ့ပါ ၊ မင်း တစ်နေ့လုံးမအားဘူး မမောဘူးလား ၊ သွား ... ကောင်းကောင်းမွန်မွန် ဝတ်ချေ ၊ ဆံပင်များကိုလည်း ဖြီးပါ လိမ်းပါဦးကွဲ့ ” ဟု ပြောကာ ကျောကို ကိုင်လျက် အလုပ် လုပ်သော နေရာမှ ဖယ်ရှားလိုက်လေ၏ ။

သူငယ်မကလေးသည် ဆရာဝန်၏ မျက်နှာကို ပြုံးချိုသော အမူအရာနှင့် လှည့်၍ ကြည့်ရင်း ဖြီးလိမ်းသော မှန်ဗီရို ရှေ့သို့ ရောက်သွားလေ၏ ။ ဆရာဝန်လည်း အိမ်ပေါ်မှ ဆင်းကာ ကားပေါ်မှာ ထိုင်လျက် သူငယ်မကလေးကို စောင့်၍ နေလေသတည်း ။

မကြာမီ သူငယ်မကလေးသည် ကားပေါ်သို့ ရောက်ပြီး နှစ်ယောက်သား ယှဉ်၍ ထိုင်ကာ မောင်းနှင်၍ သွားကြလေ၏ ။

အင်းလျားအနီး လေပြည်အေးချမ်း ပက်ဖျန်းသော နေရာ တစ်ခု၌ ကားကို ရပ်ကာ နှစ်ယောက်သား စကား ပြောကြရာတွင် ဆရာဝန်သည် အင်္ကျီအိတ်ထဲမှ သတင်းစာတစ်ပိုင်းကို ထုတ်ယူကာ သူငယ်မကလေးအား ပြလေ၏ ။ ထိုသတင်းစာမှာ အခြားမဟုတ် ။ ငွေစက္ကူလုပ်မှုနှင့် မြဘူး သည် မိမိနှင့် ငွေစက္ကူလုပ်ဖော်ဖြစ်သော သူကို သ,တ်ပစ်သဖြင့် ၎င်းအပေါ် လူသတ်မှု ၊ ငွေစက္ကူလုပ်မှု နှစ်မှုနှင့် ပုလိပ်ကစွဲဆိုပြီး ရုံးသို့ တင်ကြောင်း သတင်းဖြစ်လေရာ သူငယ်မကလေး၏ မျက်နှာသည် လင်း၍ လာပြီးလျှင် သက်မကြီး ချလိုက်လေသတည်း ။ ထို့နောက် မကြာမီ နေဝင်၍ သွားပြီးလျှင် မှောင်ကျ၍ လာလေ၏ ။

ဆရာဝန်သည် သူငယ်မကလေး၏ လက်နှစ်ဖက်ကို ကိုင်ဆွဲကာ

“ မင်းပျော်ရဲ့လား ” ဟု မေးလေ၏ ။ သူငယ်မကလေးက ဆရာဝန်၏ မျက်နှာကို ချစ်ခင်သော မျက်လုံးများနှင့် မော်ကြည့်ကာ “ ကျွန်မ နတ်ပြည်ကို ရောက်နေတယ်လို့ ထင်တာပဲ ” ဟု ပြောလေ၏ ။

“ မင်း ကြောက်စရာ ရန်သူ တစ်ယောက်မှ မရှိတော့ဘူး ၊ ဘယ်ကိုမှ သွားဖို့ မလိုတော့ဘူး ၊ ငါ့ကို အရင် မိန်းမတစ်ယောက် စွန့်ပြေးတယ် ၊ မင်းကော စွန့်ပြေးမှာလား ” ဟု ပြောကာ သူငယ်မကလေး၏ ကိုယ်ကို ရင်ခွင်သို့ ဆွဲသွင်းလေ၏ ။

နောက်တစ်လလောက် ကြာသောအခါ ဘစိုးနှင့် နေရခြင်း၌ မှန်းသလောက် စိတ်လက်မပျော် မချမ်းသာ သဖြင့် ဖခင်ထံ ပြန်နေရာ ကျော်ဒင် ရန်ကုန်ကို ပြောင်း၍ နေပါမည်ဟု ကတိထားလျှင် ပြန်၍လာမည် ဟူသော စာတစ်စောင်ကို ပေးလိုက်သော စောတင်၏ စာကို ရရှိလေ၏ ။

ကျော်ဒင်သည် စာကို ဆုပ်၍ ပစ်ပြီး “ ပြုပြင်ပြောင်းလဲခြင်းအသစ် ဖြစ်ပြီ ၊ မဖြစ်နိုင်တော့ဘူး ၊ ကျေးဇူးတင်ပါ၏ ” ဟူသော သံကြိုးကို စောတင် ထံသို့ ရိုက်ကြား လိုက်လေတော့သတည်း ။

▢  ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၁၉၃ဝ 

No comments:

Post a Comment