❝ လူထဲကလူ ❞
[ ၂ဝဝ၈ ခု ၊ မေလ နှစ်ရက်နေ့က မြန်မာနိုင်ငံကို နာဂစ်လေပြင်းမုန်တိုင်း ဝင်ရောက် တိုက်ခတ် သွားခဲ့တယ် ။ မုန်တိုင်းကြောင့် လူပေါင်း ၁၃၈,၃၇၃ ဦး သေ ၊ ပျောက်ကြောင်း သတင်းထုတ်ပြန်တယ် ။
မုန်တိုင်းဒဏ် ခံရပြီးတဲ့ နောက်မှာ ဒေသခံတွေ ကလည်း အချင်းချင်း စောင့်ရှောက် ကူညီမှု လုပ်တယ် ၊ အစိုးရတာဝန်ရှိသူတွေကလည်း ကယ်ဆယ်ရေး ၊ ပြန်လည် ထူထောင်ရေး စီမံချက်တွေ ရေးဆွဲတယ် ။ ပုဂ္ဂလိက တစ်ဦးချင်း စေတနာရှင်တွေ ၊ အသင်းအဖွဲ့တွေကလည်း ကိုယ် စွမ်းနိုင်သလောက် ဝင်ရောက်လှူဒါန်း ပါဝင်လုပ် ဆောင်ခဲ့ကြတယ် ။ နာဂစ်မုန်တိုင်း နောက်ပိုင်းမှာ မြန်မာ့စေတနာနဲ့ စည်းလုံးညီညွတ်မှုကို မြင်တွေ့ကြရတယ် ။ နိုင်ငံတကာ စေတနာရှင်တွေရဲ့ အကူအညီတွေ ကိုလည်း လက်ခံရရှိခဲ့ပြီး မုန်တိုင်းကြောင့် ပြိုလဲရာမှ ကြိုးစားပြီး ပြန်ထခဲ့တယ် ။
မုန်တိုင်း တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေး ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပါဝင်ဖို့ ဧရာဝတီတိုင်းက ဖျာပုံ ၊ ဒေးဒရဲ ၊ ဘိုကလေး ဒေသတွေကို ကျွန်တော် နှစ်ပတ်ကျော် ရောက်ခဲ့တယ် ။
အကူအညီ လာပေးကြတဲ့ စေတနာရှင်တွေကို အင်တိုက်အားတိုက်နဲ့ စနစ်တကျ အကူအညီ ပေးခဲ့ကြတဲ့ ဒေသခံတွေ အများကြီး တွေ့မြင်ခဲ့ရတယ် ။ အဲသည်လို အရည်အချင်း ရှိတဲ့ ဒေသခံတွေရဲ့ ကူညီမှုသာ မပါဝင်ရင် ကူညီကြသလောက် ထိရောက်မှာ မဟုတ်ဘူး ။
ဖျာပုံမြို့က အောင်ရတနာ ကွန်ပျူတာ ၊ မိတ္တူ ၊ ဓာတ်ပုံ ၊ ပုံနှိပ်လုပ်ငန်း ၊ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးထင်အောင်ဟာ လေဘေး ကယ်ဆယ် ထူထောင်ရေးလုပ်ငန်းမှာ ယခုအထိ အင်တိုက်အားတိုက် လုပ်ဆောင်နေသူ တစ်ဦး ဖြစ်တယ် ။ လေဘေး ကယ်ဆယ်ထူထောင်ရေး လုပ်ကိုင်နေသူ အများကြီး ထဲမှာ ဦးထင်အောင်ဟာ နမူနာကောင်း တစ်ယောက် ဖြစ်တယ် ။
နာဂစ် အလွန်မှာ ဘာတွေ ဆက်လုပ်ဖို့ လိုနေသေးသလဲ ဆိုတာ ပြန်လည် သုံးသပ်တဲ့ တွေ့ဆုံပွဲမှာ ဦးထင်အောင်နဲ့ ပြန်ပြီး ဆုံတွေ့ ရတယ် ။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ကြပါတယ် ။ ]
••••• ••••• •••••
မေလ နှစ်ရက်နေ့မှာ နာဂစ်မုန်တိုင်း တိုက်တယ် ။ ဖြစ်ပုံကို ဘယ်လို ပြန်ပြောရမှာလဲ ။ သေကျေပြိုလဲ ပျက်စီးတာ အများကြီးပေါ့ ။ ကျွန်တော် စိတ်ထိခိုက်သွားတယ် ။
နယ်ကလည်း သတင်းတွေ လာတယ် ။ ဘယ်ဆီမှာတော့ ဘယ်လို ဖြစ်သွားပြီ ၊ ရေက ရှစ်ပေလောက် တက်ဝင်လာတယ် ၊ အိမ်တွေ အကုန်လုံး တိုက်ပါသွားတယ် ၊ လူတွေ ဘယ်နှမိုင်လောက် မျောပါသွားတယ် ၊ ဒါနဲ့ တစ်ခုခုတော့ လုပ်မှပဲ တွေးပြီး သုံးရက်နေ့မှာ ပုံစံတစ်ခု ရိုက်တယ် ။ ရွာအမည် ၊ အိမ်ထောင်စု ဘယ်လောက်ရှိသလဲ ၊ လူဦးရေ ယောက်ျား ၊ မိန်းမ ဘယ်လောက် ၊ ကျွဲနွား ဘယ်လောက် သေတယ် ၊ ဆုံးရှုံးမှု ဘယ်လောက် ရှိတယ် ၊ အဲသည် စာရင်းလေးကို လက်လှမ်းမီသလောက် ရွာတွေကို လုပ်ခိုင်းတယ် ။
ဒေသအာဏာပိုင်တွေကို သွားတွေ့တယ် ။ ကယ်ဆယ်ရေး ၊ ပြန်လည်ထူထောင်ရေး ဖွဲ့ပြီး စလုပ်ကြတဲ့ အချိန်ပေါ့ ။
ကျွန်တော်တို့ မိသားစုမှာ ရေခဲစက် ရှိတယ် ။ စက်ရုံကြီးကတော့ ဘာမျှ မကျန် တော့ဘူး ။ အကုန်လုံး လန်သွားပြီ ။ မိသားစုပိုင် ခြံလုပ်ငန်း ရှိတယ် ။ ဒါလည်း တော် တော် ထိခိုက်သွားတယ် ။
ဘေးဒုက္ခ ကြုံတွေ့ ရတဲ့အခါ ကူညီကယ်ဆယ်ရေး လုပ်ချင်တဲ့ စိတ်ဓာတ် ရှိသူတွေနဲ့ လက်တွဲ ဖြစ်တယ် ။ ကျွန်တော်တို့ အိမ်က ဖျာပုံမှာ Centre ( အလယ်ဗဟို ) လည်း ကျတော့ ကိုထွန်းထွန်းထွေးတို့ ၊ ကိုအုန်းဟန်တို့လို လူတွေ အိမ်ရောက်လာတယ် ၊ ဘာလုပ်ကြမလဲ တိုင်ပင်တယ် ။ ဆန်တွေ စဝေပေးကြမယ်ပေါ့ ။
ဖြစ်နေတာတွေက အများကြီး ၊ သတင်းကြားတဲ့ နေရာတွေကို သွားကြတာပေါ့ ။ ဒေသအာဏာပိုင်တွေလည်း ပါတယ် ။ အတူ တွဲသွားတာပေါ့ ။
မေ ငါးရက် ၊ ခြောက်ရက်လောက် အထိ ရပ်ဝေးက အကူအညီတွေ မလာနိုင် သေးဘူး ။ ခြောက်ရက်နေ့ ညမှာ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို ရန်ကုန်ကို သွားကြတယ် ။ ဘယ်သူတွေ ၊ ဘာတွေ ကူညီနိုင်မှာလဲ စုံစမ်းတာပေါ့ ။
အဲသည်အချိန်က ဖျာပုံက လူငါးယောက်ပဲ သေတယ် ။ အခြား မြို့တွေမှာ အများကြီး သေတယ်လို့ သတင်းက ဖြစ်နေတာ ။ ရန်ကုန်မှာ လူငယ်အဖွဲ့လေး တစ်ဖွဲ့နဲ့ တွေ့ ရတယ် ။ သူတို့က ကူညီချင်တယ် ။ တွေ့ကြုံခဲ့ရတာတွေကို မေးတယ် ။ ဘာတွေ ကူညီရမှာလဲ မေးတယ် ။ နေဖို့ အတွက် ဘာလိုမယ် ၊ စားဖို့ အတွက် ဘာလိုမယ် ၊ ကျွန်တော်တို့က အကြံဉာဏ်တွေ ပေးတာပေါ့ ။
ကျွန်တော်တို့ ဖျာပုံနဲ့ ယှဉ်ရင် ဘိုကလေးနဲ့ အခြားဒေသတွေမှာ သေတာ ပိုများတယ်လို့ သူတို့က သတင်းကြားပြီး ဘိုကလေးကို သွားချင်တယ်တဲ့ ။ ကျွန်တော်တို့က သွားသင့်ပါတယ် ။ ကျွန်တော်တို့နဲ့ ယှဉ်ရင် သူတို့က ပိုဆိုးပါတယ်လို့ ပြောလိုက်တယ် ။ ဘယ်နေရာပဲ သွားသွား ဒုက္ခရောက်နေသူတွေ အတွက် အကူအညီ အထောက်အပံ့ ဖြစ်မှာပဲ ။ ကျွန်တော်တို့ စိတ်ထဲမှာ ငါ့ဆွေ ၊ ငါ့မျိုး ၊ ငါ့ရွာမှ ဆိုတဲ့ စိတ် မရှိတော့ဘူး ။ အားလုံးဟာ ဒုက္ခ ခံစားနေရတဲ့ သူတွေ အတူတူပဲလို့ အာရုံထဲ ရောက်နေတာ ။
ကျွန်တော်တို့ ဖျာပုံ ပြန်ခဲ့ကြတယ် ။ လှူဒါန်းကူညီမယ့် သူကို မျှော်နေကြတာပေါ့ ။ လူတွေမှာ ဖြစ်ခဲ့ပြီးပြီ ၊ ဘာထပ်ဖြစ်ဦးမှာလဲလို့ စိုးရိမ်စိတ်က ရှိနေတယ် ။ အဲသည်အချိန်မှာ ဒါရိုက်တာမောင်သီတို့ ရုပ်ရှင်အဖွဲ့က ဆက်သွယ်လာတယ် ။ ဆန်အိတ် ၅ဝဝ လှူချင်တယ်တဲ့ ။
ကျွန်တော်တို့ ဘယ်လို စဉ်းစားသလဲ ဆိုတော့ အဲသည်အချိန်က လူတိုင်း ဝမ်းရေး အတွက် အခက်အခဲ ရှိနေတဲ့ အချိန် ဆန် ဆင်းဝေလို့ ရုတ်ရုတ်သဲသဲ ဖြစ်မယ် ဆိုရင် အလှူရှင်တွေ စိတ်ကွက်သွားမှာ စိုးတယ် ။ ကိုယ့်ဒေသ အတွက်လည်း မကောင်းဘူး ။
ဖျာပုံနဲ့ မနီးမဝေးမှာ မှော်ဘီ ရှိတယ် ။ လူအသေအပျောက်ကလည်း တစ်ရွာ တည်း ၁၁၂ ယောက် သေထားတယ် ။ အဲသည် ရွာကို ဦးစားပေး ရွေးလိုက်တယ် ။ ရုပ်ရှင်အဖွဲ့ ရဲ့ ဆန်ကား ရောက်လာတယ် ။ အိမ်ထောင်စု ၊ လူဦးရေစာရင်းတွေ အဆင်သင့် ရှိပြီးလို့ ဝေပေးလိုက်တယ် ။ လူတွေဟာ ဒုက္ခရောက်နေကြသူချင်း အတူတူမို့ အချင်းချင်း စာနာစိတ်နဲ့ စနစ်တကျ တန်းစီပြီး ကိုယ့်အလှည့် ရောက်မှ ကိုယ်ယူတယ် ။ လုယက်ယူတာ ၊ တိုးဝှေ့ယူတာ လုံးဝ မရှိဘူး ။ လာလှူတဲ့ သူတွေရော ၊ စီစဉ်ပေးရတဲ့ ကျွန်တော်တို့ပါ ကျေနပ်ကြတယ် ။ အဲဒါ စဝေဖြစ်တာပဲ ။
ဘယ်မြို့ ဘယ်ရွာက လာလှူလှူ အဆင်သင့် ဖြစ်နေအောင် ကျွန်တော်တို့က data ( အချက်အလက် ) တွေ လက်လှမ်းမီသလောက် စုထားတယ် ။ ကျွန်တော်တို့ စိတ်ချင်းတူတဲ့ လူတွေ စုထိုင်ဖြစ်တော့ စုရပ်လေးတစ်ခုလို ဖြစ်လာတယ် ။ လှူချင်တဲ့ လူ ၊ ကူညီချင်တဲ့လူ တစ်ဦးဦးရဲ့ မိတ်ဆွေ ဆက်သွယ်လာတယ် ဆိုရင် ကျွန်တော်တို့ဆီ ခေါ်လာတာပဲ ။ လှူချင်တဲ့ လူတွေကလည်း သတင်းကြားနဲ့ ဆက်သွယ်တယ် ။
အလှူရှင် လာရင် ဆန် ဘယ်နှတင်း ပါတယ် ၊ အဝတ် ဘယ်နှထည် ပါတယ် ၊ တစ်ယောက် ဘယ်လောက်နှုန်း လှူချင်တယ် ဆိုရင် ကျွန်တော်တို့မှာ ရှိတဲ့ အချက်အလက် အရ ဒါဆိုရင် ဘယ်ရွာ သွားလှူနိုင်တယ် ။ လူဦးရေ ဘယ်လောက် ရှိတယ် ။ လှူချင်တဲ့ အနေအထားနဲ့ အံကျပဲ ။ ခရီးကတော့ ဘယ်လောက် ဝေးတယ် ၊ အချိန် ဘယ်လောက် ကြာမယ် ဆိုတာပါ စီစဉ်ပေးနိုင်တယ် ။
တစ်ရက်မှာတော့ ဒေါက်တာစံဦးက ပြောတယ် ။ ညီလေး မန္တလေး စေတနာရှင်များ အဖွဲ့က ဆယ်ဘီးကားကြီးတွေ ရှစ်စီးနဲ့ အပြည့် ပစ္စည်းတွေ လာလှူချင်တယ် ၊ ညီလေးတို့ စီစဉ်ပေးပါတဲ့ ။
အဲသည်နေ့က မိုးတွေ တအား ရွာနေတာ ။ မန္တလေး စေတနာရှင်များအဖွဲ့က ဦးအောင်ဇော်ဝင်းနဲ့ ဦးကိုကိုတို့ ရှေ့ပြေး အဖြစ် ရောက်လာတယ် ။
ကျွန်တော်တို့ မြို့ခံအဖွဲ့ ဆယ်ယောက်လောက်နဲ့ ဆုံကြတယ် ။ ဦးအောင်ဇော် ဝင်းတို့ မန္တလေးအဖွဲ့က ပစ္စည်းတွေ ဆယ်ဘီးကားကြီး ရှစ်စီး ပထမ လာမယ် ။ နောက်လည်း ဆက်လာမယ် ။ အထူးကု ဆရာဝန်ကြီးတွေနဲ့ ဆရာဝန် ၊ ဆရာမတွေ နှစ်ဆယ်ကျော် ပါမယ် ။ ဆေးတွေလည်း ပါမယ် ။ ရေရရှိရေးအတွက် အဝီစိတွင်း တူးဖို့ ကိရိယာတွေရော ၊ ပညာရှင်တွေလည်း ပါလာမယ် ။ လုပ်အားပေးမယ့် သူတွေလည်း ပါမယ် ။ နေရေးထိုင်ရေးအတွက် ရွက်ဖျင်တဲတွေ ပါမယ် ၊ မီးစက်တွေ ပါမယ် ။ တစ်နေရာမှာ တဲထိုး နေကြမယ် ။ လယ်ကွင်း တစ်နေရာ စီစဉ်ပေးပါတဲ့ ။
ဒါကတော့ မဖြစ်ဘူး ။ သူတို့က ကိုယ့်ဒေသကို ကူညီဖို့လာမယ့် ဧည့်သည်တွေ ။ လယ်ကွင်းထဲမှာ မိုးရွာအစို နေပူအခြောက် တဲထိုး နေရတာကတော့ မဖြစ်သင့်ဘူး ။ စနစ်တကျ နေရာ စီစဉ်ပေးရမယ် ။
ကျွန်တော်တို့ အဖွဲ့ထဲမှာ ဆရာဦးအေးမြင့်လည်း ပါတယ် ။ ဆရာနဲ့ ဆရာ ကတော် ဒေါ်ညွန့်ရွှေတို့က ဖျာပုံမှာ မုဒိတာ ဘော်ဒါဆောင် ဖွင့်ထားတယ် ။ ကျွန်တော်တို့ လိုအပ်ချက်ကို မြင်တဲ့ ဆရာဦးအေးမြင့်က မန္တလေးအဖွဲ့ ကို သူ့အိမ်မှာ ထားချင်တယ်တဲ့ ။ ဘော်ဒါဆောင် ဆိုတော့ အိပ်ရာခုတင်တွေ ကလည်း အဆင်သင့် ၊ အိမ်သာ ရေချိုးခန်း ကလည်း အလုံအလောက် ။ ကျောင်းကလည်း ပိတ်ထားတာမို့ နေရာတွေလည်း ရှိတယ်လို့ ဝမ်းမြောက်ဝမ်းသာ ကမ်းလှမ်းတယ် ။
နေစရာကတော့ အဆင်ပြေသွားပြီ ။ ဆယ်ဘီးကားနဲ့ ရှစ်စီးတိုက် ပါလာမယ့် ပစ္စည်းတွေ ဘယ်မှာ ထားကြမှာလဲ ။ ပစ္စည်းပမာဏနဲ့ ပေးနိုင်တဲ့ နေရာက မရှိဘူး ။ ဘုန်းကြီးကျောင်းတွေမှာ ထားဖို့ကလည်း မဖြစ်နိုင်ဘူး ။ ဘုန်းကြီးကျောင်းတွေမှာလည်း လေဘေး ဒုက္ခသည်တွေနဲ့ ပြည့်နေတာ ။
ချမ်းမြေ့မင်္ဂလာခန်းမရှေ့ရောက်တော့ ကျွန်တော်တို့ အဖွဲ့ထဲက ကိုသံချောင်းက ဝင်သွားတယ် ။ ပိုင်ရှင် ဦးကျော်ဦးက နာဂစ်မုန်တိုင်း အတွင်းမှာ သူ့အမေကို ဘေးလွတ်ရာ ပို့ပေးရင်း ပြိုကျတဲ့ နံရံ ပိပြီး ကွယ်လွန်ရှာတာ ။ သူ့ဇနီး ကျန်ရစ်တယ် ။ ခန်းမကြီးက အကျယ်ကြီးမို့ မန္တလေးက လာမယ့် ပစ္စည်းတွေ ထားမယ် ဆိုရင်တော့ ထားလောက်တယ် ။ ဒါပေမဲ့ အဲသည် အစ်မကို အကူအညီ တောင်းရမှာ အားနာတယ် ။ သူ့ကို သွားပြောတော့ သူ့ဘက်က ဝမ်းမြောက်ဝမ်းသာ လက်ခံတယ် ။ သိပ်ကျေးဇူးတင်စရာ ကောင်းတယ် ။
ကျွန်တော်တို့ ကွပ်ကဲရေးရုံးကိုလည်း သွားပြီး အခြေအနေကို သတင်းပို့ကြတယ် ။ ကူညီလုပ်ကိုင်ရမယ့် အစီအစဉ်တွေ အသေးစိတ် ညှိနှိုင်းပြီး ခွင့်ပြုချက်တွေ ယူတယ် ။
မုန်တိုင်း ဖြစ်သွားတဲ့ အနေအထားကြီးက ဘယ်လို ခေါ်မလဲ ။ စစ်ကြီး ပြီးစလိုပဲ ။ လူတွေက ကြောက်လန့်ပြီး ငြိမ်သက်တိတ်ဆိတ်နေတာပဲ ။ သာမန် နေ့မျိုး ဆိုရင် သီချင်းသံတွေ ကြားချင် ကြားရမယ် ။ လူတွေ ပြောကြ ဆိုကြတဲ့ အသံတွေ အုန်းအုန်းကျွက်ကျွက် ကြားရင် ကြားရမယ် ။ ခုတော့ အချိန်နဲ့ အမျှ တိတ်ဆိတ်နေတာပဲ ။
မှောင်စပျိုးလေးမှာ မန္တလေးက ကုန်ကားကြီးတွေ ဖျာပုံမြို့ထဲကို ဝင်လာတာ မျက်စိထဲက အခုထိ မထွက်သေးဘူး ။ အဲသည်လို ဆယ်ဘီး ကားကြီးတွေ ကျွန်တော်တို့ မြို့ကို တစ်ခါမျှ မလာဖူးဘူး ။ ကားပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေ ကလည်း အပြည့်အမောက် ။ ကျွန်တော်တို့ မြို့က လျှပ်စစ်ကြိုးတွေနဲ့ မလွတ်ဘူး ။ မန္တလေးက လာကြတဲ့ အဖွဲ့ထဲမှာ ဆရာဝန်လေးတွေ volunteer ( စေတနာ့ဝန်ထမ်း ) ပါလာတယ် ။ ဟိုး မြို့အဝင် ကတည်းက သူတို့က မီးကြိုးတွေကို ဝါးလုံးတွေနဲ့ မ ၊ ထောက် ၊ ပင့်ပေးတယ် ။ ဆင်အုပ်ကြီး တရွေ့ရွေ့ တန်းစီဝင်လာသလိုပဲ ကုန်ကားကြီးတွေ တဖြည်းဖြည်းချင်း မြို့ထဲကို မောင်းဝင်လာတာ ။
ဖျာပုံမြို့သူ မြို့သားတွေက ပစ္စည်းတွေ မျက်မြင် မြင်တွေ့ ရတော့ အားတက်သွားတယ် ။ အကူအညီတွေ အလုံးအရင်းနဲ့ တကယ် ရောက်လာပြီပေါ့ ။
နာဂစ်မုန်တိုင်း ဖြစ်ပြီးတဲ့နောက် ဒါရိုက်တာမောင်သီတို့အဖွဲ့က ဖျာပုံကို ဆန်အိတ် ၅၀ဝ ပထမဆုံး လာလှူပြီးတဲ့ အခါ တစ်ဦးချင်း ၊ တစ်ဖွဲ့ချင်း လာလှူကြတာကို ကျွန်တော်တို့က လူဦးရေ စာရင်းအရ သွားရေးလာရေး လမ်းကြောင်း ၊ အဆင်သင့် သွားနိုင်ရန် မော်တော်ယာဉ် ၊ ရေယာဉ် ၊ လုံခြုံရေး life jacket လှူဒါန်းလိုသော ပစ္စည်းတွေကို ကြိုတင် ဆောင်ရွက်ပေးခဲ့ကြတယ် ။
ပစ္စည်းတွေ အများအပြားကို ဆယ်ဘီးကားကြီး ရှစ်စီးနဲ့ တင်ပြီး မန္တလေး စေတနာရှင်များအဖွဲ့ ရောက်လာတော့ သူတို့ အဖွဲ့တွေ နေထိုင်ရေးနဲ့ ယူလာတဲ့ လေဘေး ကယ်ဆယ်ရေးပစ္စည်းတွေ ထားဖို့ အတွက် စီစဉ်ပေးကြတယ် ။ မန္တလေးအဖွဲ့က အုပ်ချုပ်သူ ၊ ဆရာဝန် ၊ သူနာပြု ၊ ပစ္စည်းထိန်းသိမ်းမယ့်သူ ၊ စာရင်းကိုင်မယ့်သူ ၊ ချက်ပြုတ် ကျွေးမွေးမယ့်သူ ဆိုပြီး အဖွဲ့တွေ စနစ်တကျ ဖွဲ့ပြီး စေတနာ့ဝန်ထမ်းတွေ ရောက်လာတာ ။
မန္တလေးအဖွဲ့ တည်းခို နေထိုင်တဲ့ မုဒိတာ ဘော်ဒါမှာ ညစဉ်လုပ်ငန်း အစီအစဉ်တွေ ရေးဆွဲကြ ၊ ဆွေးနွေးညှိနှိုင်းကြတယ် ။ ကျွန်တော်တို့မှာ ရှိတဲ့ မြေပုံ ၊ စာရင်းဇယား တွေ ယူပြီး ဘယ်ဒေသမှာ လောလောဆယ် အပူတပြင်း အကူအညီ လိုနေတယ် ဆိုတာ ပြောပြတယ် ။
လေပြင်းတိုက်တာ ခံရတာချင်း တူပေမဲ့ ဖျာပုံမြို့ တောင်ဘက်ခြမ်းနဲ့ ဒေးဒရဲ မြို့နယ် တောင်ဘက်မှာ ဆုံးရှုံးမှု ပိုများတယ် ။ ဖျာပုံမြစ်ကနေ ကျုံကန် လောက် အထိ မြစ်တန်းမှာ ဘယ်လိုဖြစ်သွားတယ် ၊ ဖျာပုံမြို့ကနေ ကျုံကဒွန်း အထိ ကားလမ်း တစ်လျှောက်မှာ ဘယ်လောက် ဆိုးသွားတယ် ။ ဖျာပုံ ကနေ ဂေးဂု ၊ သရက်ပင်ဆိပ်ဘက်မှာ ဘယ်လို အခြေအနေ ရှိတယ် ၊ ဖျာပုံ တစ်ဖက်ကမ်း ဒေးဒရဲမြို့နယ် သောကြာအုပ်စု ၊ အကယ်အုပ်စုမှာ ပျက်စီးမှု ဘယ်လို ရှိတယ် ဆိုတာ အသေးစိတ် ချပြကြတယ် ။ ပြီးတော့ လမ်းကြောင်း သုံးကြောင်း ဆွဲကြတယ် ။ ပြီးတော့ လိုင်းအတွက် ကွင်းဆင်းကြတယ် ။ ဆာဗေး ဆင်းတဲ့ အထဲမှာ လမ်းအလိုက် ကျွမ်းကျင်သူတွေကို ထည့်ပေးတယ် ။ ကျွန်တော်တို့ ဖျာပုံမြို့မှာ လေဘေးကယ်ဆယ်ရေးကိစ္စကို လူအား ၊ ငွေအား ၊ အကြံ ဉာဏ်အားတွေနဲ့ ပါဝင်ကူညီ လုပ်ဆောင်တဲ့ သူတွေ အများကြီး ထွက်ပေါ်လာတယ် ။
မန္တလေးအဖွဲ့က ယူလာတဲ့ ပစ္စည်းတွေက အစုံပဲ ။ အစားအသောက် ၊ သောက်ရေသန့် ၊ ဆေးဝါး ၊ အိမ်အသုံးအဆောင် ပစ္စည်း ၊ အဝတ်အထည် ၊ အဝတ်အထည် ထဲမှာ အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီ ၊ ဘရာစီယာက အစ ပါတယ် ။ အဝတ်အထည်တွေကို ငါးနှစ်အထက် ၊ ငါးနှစ်အောက် ၊ ၁၂ နှစ်အထက် ၊ ၁၂ နှစ်အောက် ၊ ကျား ၊ မ ခွဲခြားပြီး အထုပ်တွေ ထုပ်ယူလာတာ ။ ဒါလောက် တိုတောင်းတဲ့ ကာလလေး အတွင်းမှာ ဒါလောက်အများကြီးကို စနစ်ကျအောင် စီမံခန့်ခွဲလာနိုင်တာ အံ့သြမိတယ် ။
မှတ်မှတ်ရရ တစ်ခု ပြန်ပြောရရင် ကိုထွန်းထွန်းထွေးနဲ့အတူ ကျုံကန် ဘက်ကို မန္တလေးအဖွဲ့ က တစ်ဖွဲ့ လွှတ်လိုက်တယ် ။ အဖွဲ့ထဲမှာ အထူးကုဆရာဝန်တွေ ၊ ဆရာမတွေ ပါတယ် ။ သားဖွားမီးယပ် အထူးကုဆရာဝန်မကြီးလည်း ပါတယ် ။ ပစ္စည်းတွေ ဝေပေးမယ့် စေတနာ့ဝန်ထမ်း လုပ်အားပေးတွေလည်း ပါတယ် ။ သွားတာက ရေလမ်း ခရီး ။ ည ၁၁းဝ၀ နာရီအထိ သူတို့အဖွဲ့ ဖျာပုံကို ပြန်ရောက် မလာဘူး ။ သူတို့ ပြန်မလာလို့ ကမ်းနားဆိပ်ကို ကျွန်တော် ဆင်းသွားခဲ့တဲ့ ညက ခံစားမှုကို ယခုထိ မမေ့သေးဘူး ။ စိတ်ထဲမှာ စိုးရိမ်လိုက်တာ ။ သူတို့ အဖွဲ့နဲ့ ဆက်သွယ်ဖို့ ကမ်းရိုးတန်းသုံး တယ်လီဖုန်း ပါသွားတယ် ။ ဖုန်းကလည်း ခေါ်လို့မရ ။ ကမ်းနားမှာ သွားစောင့်ရင်း မှောင်မည်းတိတ်ဆိတ်နေတဲ့ ညမှာ စိတ်ချောက်ချားလိုက်တာ ။ အဲသည် ဆိပ်ကမ်းကို ရောက်တိုင်း အဲသည် ညကို သတိရနေတယ် ။
၁၁း၃ဝ နာရီလောက်မှ သူတို့ ပြန်ရောက်လာတယ် ။ ပြောရမယ် ဆိုရင်တော့ အကယ်ဆယ်ခံရမယ့်သူတွေအားလုံး အိပ်မောကျနေလောက်တဲ့ အချိန်မှာ ရေ မကျွမ်းကျင်တဲ့ အညာသူ ၊ အညာသားတွေက ကူညီချင်တဲ့ စိတ်ဆန္ဒတွေ များလို့ မကြောက်မရွံ့ လုပ်ခဲ့တာ ကျွန်တော် မမေ့နိုင်ဘူး ။ အဖွဲ့ထဲမှာ ပါသွားတဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီး ဒေါက်တာ ဒေါ်နှင်းရီအေးက ဘာပြန်ပြောသလဲ ဆိုတော့ ရွာမှာ ဆေးခန်း ဖွင့်လိုက်တော့ လာပြတဲ့ လူနာတွေ အများကြီးပဲတဲ့ ။ လူနာတွေကို မကြည့်ဘဲ ပြန်မလွှတ်နိုင်လို့ မိုးချုပ်တဲ့ အထိ ကြည့်ပေး ၊ ကုသပေးနေကြတာတဲ့ ။ အဲသည် အချိန်တုန်းက လူတွေကလည်း သူတို့ကို ဂရုတစိုက် လာကြည့်မယ့်သူ ၊ အခြေအနေ မေးမယ့်သူ မျှော်နေကြတာလေ ။
မန္တလေးအဖွဲ့က နောက်ပိုင်းမှာလည်း ဆန်အိတ်တွေ လာပို့တာနဲ့ ဆယ်ဘီးတပ် ကားကြီး ဆယ်စီးတိုက်လောက် ပစ္စည်းတွေ ဖြစ်သွားတယ် ။ ကူညီတဲ့ ငွေနဲ့ ပစ္စည်း တန်ဖိုးအားဖြင့်လည်း ကျပ်သိန်း ၁၇ဝဝ ၊ ၁၈ဝဝ လောက် ဖြစ်သွားတယ် ။ ရက်ပေါင်း ၂ဝ လောက် လုပ်သွားကြတယ် ။
ကျွန်တော်တို့ အဖွဲ့ က ဖျာပုံမှာ သတင်း အချက်အလက် စင်တာလေးလို ဖြစ်သွားတယ် ။ လေဘေးကယ်ဆယ်ရေးလုပ်ငန်း လာလုပ်ကြတဲ့ World Vision တို့ ၊ WFP တို့ ၊ MSF တို့ ၊ Care Myanmar တို့ ၊ Unicef တို့က ကျွန်တော်တို့နဲ့ လာဆက်သွယ်လို့ အများကြီး အကူအညီ ပေးနိုင်ခဲ့တယ် ။ ဆာဗေးဆင်းရာမှာ ဒေသခံတွေနဲ့ ချိတ်ဆက် ပေးလိုက်တယ် ။
တဖြည်းဖြည်းနဲ့ လေဘေးကယ်ဆယ်ရေး ၊ ထူထောင်ရေးအတွက် လာတဲ့ သူတွေကို ကျွန်တော်တို့အဖွဲ့ လေးက ကူညီပေးနေတာ အဆင်ပြေတော့ လာတဲ့ သူတွေက ဖျာပုံမှာ ဦးထင်အောင်တို့အဖွဲ့ ရှိတယ်လို့ နောက်လူတွေကို ညွှန်ပြပေးတယ် ။
ကူညီချင်သူတွေက ဆက်သွယ်တာနဲ့ ဘာတွေ လှူချင်တာလဲ ။ ဆန်လား ၊ အဝတ်အထည်လား ၊ ငွေလား ၊ ဘယ်လမ်းခရီးပိုင်း လှူချင်တာလဲ ၊ ကုန်းလမ်းလား ၊ ရေလမ်းလား ၊ အလှူရှင်တွေ ဘက်က အချိန် ဘယ်လောက် ပေးနိုင်သလဲ ။ နီးနီးလား ၊ ဝေးဝေးလား ။
တဖြည်းဖြည်းနဲ့ ခရီးသွားဧည့်လမ်းညွှန် လူငယ်အဖွဲ့တွေ ၊ ကုမ္ပဏီတွေ ၊ မြန်မာ ပြည်အရပ်ရပ်က လုပ်ငန်းရှင် အစုအဖွဲ့တွေ ၊ အသင်းအဖွဲ့တွေ ၊ စေတနာရှင် ရဟန်း ရှင်လူတွေကို ဇော်ဝင်းထွဋ်တို့ ၊ ကိုမြတ်ခိုင်တို့ ၊ Air China က ဒေါ်သန်းသန်းလေးတို့ lead ( ခေါင်းဆောင် ) လုပ်လာတဲ့ အဖွဲ့တွေနဲ့ ဆက်စပ်မိတယ် ။ ကျွန်တော်တို့က အလှူရှင်တွေ မရောက်သေးတဲ့ နေရာတွေ ပို့ပေးတယ် ။ စာပေ ၊ ဂီတ ၊ ရုပ်ရှင်နယ်ပယ် ပေါင်းစုံက ရောက်လာကြတယ် ။ ယခုအချိန်ထိ အလှူရှင် ၇ဝ ကျော်လောက်ကို လတော်တော်ကြာကြာ ကျွန်တော်တို့ လုပ်ပေးဖြစ်ကြတယ် ။
ကျွန်တော်တို့က လူတွေကို မှီခိုလွန်းတဲ့စိတ် ဖြစ်သွားမှာ စိုးတယ် ။ လယ်သမားတွေ လယ်ထဲ ပြန်ရောက်အောင် ၊ ကျောင်းသားတွေ ကျောင်းခန်းထဲ ပြန်ရောက်အောင် ကြိုးစားလုပ်ကြတယ် ။
ကိုဇော်ဝင်းထွဋ်တို့က လယ်ထွန်စက်တွေ ယူလာတယ် ။ အဓိက လိုအပ်တဲ့ ရွာတွေကို တစ်ရွာ ထွန်စက် လေးစီးနှုန်းလောက်နဲ့ ရွာခြောက်ရွာကို ခွဲဝေပေးတယ် ။ မှော်ဘီ ၊ အချာကြီး ၊ သမိန်ထော ၊ ကုန်းတန်း ၊ တင်ပုလွဲ ၊ ကွန်ဒိုင်းရွာတွေက ဆင်းရဲနွမ်းပါးတဲ့ လယ်သမားတွေကို ဦးစားပေးပြီး ထွန်ယက်ပေးတယ် ။ လှူတဲ့ သူတွေက လှူတော့ လယ်သမားတွေ ကလည်း မဖြစ် ဖြစ်အောင် ကြိုးစား စိုက်ကြတယ် ။ လယ်တွေ အောင်နေတာ ပြတောင် ပြချင်သေးတယ် ။
ကိုဇော်ဝင်းထွဋ်တို့က ထွန်စက်တွေကို ရွာတွေမှာ ဈေးလျှော့ချပြီး ရောင်းပေး တယ် ။ ရတဲ့ ငွေကို အဲသည် ရွာရဲ့ ပညာရေး ၊ ကျန်းမာရေး အတွက် ဆက်ပြီး ထူထောင်ပေးမှာ ။ သည်တော့ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေက အမျှင် မပြတ်ဘူး ။ သူတို့ အဖွဲ့က ယခု ဘုန်းကြီးသောင်ကျေးရွာ မင်္ဂလာသောင်တန်းရပ်ကွက်မှာ စာသင်ကျောင်း တစ်ကျောင်း လှူလို့ ကျွန်တော်တို့က တာဝန်ယူ ဆောင်ရွက်ပေးနေတယ် ။
မန္တလေးစေတနာရှင်အဖွဲ့ ကလည်း ငွေကျပ်သိန်း ၆ဝဝ နဲ့ ဦးအောင်ဇော်ဝင်း ရောက်လာတယ် ။ ရွာတွေရဲ့ စီးပွားရေး မြှင့်တင်ပေးချင်တယ်တဲ့ ။ ကျောင်းသားတွေ ရေရှည် ပညာသင်ယူနိုင်ဖို့ ကျောင်းသားမိဘတွေ စီးပွားရေး လိုအပ်တယ် ။ အဲသည် ဒေသတွေက ကျောင်းသားမိဘတွေ စားဝတ်နေရေး ရပ်တည်နိုင်အောင် ဒေသမှာ ရှိတဲ့ လယ်သမားတွေကို အတိုးမဲ့ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးတယ် ။
ဒေးဒရဲ ပိုင်ထဲက ဆိုရင် မျှော်စင်ကျေးရွာ ၊ ညောင်ကားယားကျေးရွာ ၊ ဖျာပုံ ပိုင်ထဲက ကွန်ဒိုင်းကျေးရွာတို့မှာ ငွေထုတ်ချေးတာပါ ။ စပါးပေါ်ရင် အဲသည်ငွေကို ပြန်သိမ်းပြီး ပညာရေး အတွက် ဆက်သုံးမယ် ။ စာသင်ကျောင်း ဆောက်လှူမယ့်သူ မရှိရင် အဲသည်ငွေနဲ့ ကျောင်းဆောက်မယ် ။ ကျောင်းလှူမယ့်သူ ရှိရင် ပညာရေးအတွက် လိုအပ်တာ ဖြည့်ဆည်းပေးဖို့ စီစဉ်ထားတယ် ။
ထူထောင်ရေးလုပ်ငန်းတွေက ရေရှည် လုပ်ရမှာ ။ ကျွန်တော်တို့ကတော့ ကြိုက်တဲ့လူ လာပါ ၊ လာတဲ့ လူကို ကွပ်ကဲရေးနဲ့ ချိတ်ဆက်ခိုင်းတယ် ။ ကျန်တာ အားလုံး ကျွန်တော်တို့က လုပ်ပေးတယ် ။
ကိုအုန်းဟန်ရယ် ၊ ကိုထွန်းထွန်းထွေးရယ် ၊ ဆရာ ဦးအေးမြင့်ရယ် ၊ ကိုပေါက်ရယ် ၊ ကျွန်တော်ရယ် ထိုင်ပြီး လုပ်ပေးနေဆဲပဲ ။
အချို့ အစွန်အဖျားလေးတွေမှာ လေးတိုင်စင်လေးနဲ့ ပီနန်အိတ်ခွံကို အမိုးမိုး အကာ ကာပြီး နေတဲ့ အနေအထားမျိုးကို ပစ္စည်း လိုက်ဝေရင်း တွေ့တော့ အလှူရှင်တွေက အိမ်ကလေးတွေ ဆောက်ပေးတယ် ။ ရန်ကုန်က on line donation အဖွဲ့ ဆိုရင် တစ်သိန်းတန် အိမ်ကလေးတွေ ဆောက်ပေးချင်တယ်လို့ ဆိုတယ် ။ အိမ်အလုံး ၅ဝ စနစ်တကျ ဆောက်ပေးပြီး ကြေးသွန်းဘုရား အဆူ ၅ဝ လှူကြတယ် ။
ဆရာချစ်စံဝင်း အဖွဲ့ ကလည်း မြို့ပေါ် ( ၁၅ ) ၊ ( ၁၆ ) ရပ်ကွက်မှာ ရွာသာအေး ၊ ကွန်ဒိုင်းကြီးရွာတွေမှာ နှစ်သိန်းတန် အိမ်လေးတွေ ၉၃ လုံး ဆောက်ပေးတယ် ။ ဝေးလံခေါင်းပါးတဲ့ ရွာမှာ စက်ယန္တရား ၊ မျိုးစပါး ၊ ဓာတ်မြေဩဇာ ၊ ဒီဇယ်ဆီတွေ ပေးတယ် ။ သီတဂူဆရာတော်ဘုရားကြီး မတည် လှူဒါန်းငွေ သိန်း ၂၅ဝ နဲ့ ဆရာ ချစ်စံဝင်းအဖွဲ့ လှူဒါန်းငွေ ပူးပေါင်းပြီး ဒေးဒရဲမြို့နယ် ရွာသာအေးရွာမှာ သိန်း ၃၀၀ ကျော်တန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်း ဆောက်လုပ်နေတယ် ။
ကျွန်တော့်မှာ အမေနဲ့ ညီအစ်ကို လေးယောက် ရှိတယ် ။ မိသားစုဝင် အားလုံးက ကူညီရတာ ဝါသနာပါတယ် ။ ညအိမ်ပြန်ရောက်တဲ့အခါ ကျွန်တော်တို့ ဘယ်ဒေသကို ဘယ်သူတွေနဲ့ သွားပြီး ဘာတွေ ကူညီခဲ့တယ် ဆိုတာ အမေ့ကို ပြန်ပြောပြကြရင် အမေက သိပ်ကျေနပ်တယ် ။
ကျွန်တော်တို့ စေတနာ့ဝန်ထမ်း အလုပ်လုပ်တာ အဖေ့ဆီက ရတဲ့ အမွေ ဖြစ်ပါတယ် ။ အဖေက လူမှုဝန်ထမ်း အလုပ်တွေ အများကြီး လုပ်ခဲ့တယ် ။ မလွန်ဆန်လှူ အသင်းထောက်ရုံးကို အိမ်မှာ ဖွင့်ထားခဲ့တယ် ။ ၁၉၉၀ ပြည့်နှစ်က အဖေဆုံးတော့ ကျွန်တော်တို့ ဆက်လုပ်ကြတယ် ။
ကျွန်တော့် ဇာတိကတော့ ဖျာပုံ ပဲ ။ အမေ့ဘက်က အဘိုးဆိုရင် ခြံတွေ ဧက ရာကျော် ပိုင်တယ် ။ အမေ့ကို မွေးတဲ့ လမုဝရွာမှာ ခြံတွေ ရှိသေးတယ် ။ ကျွန်တော့် အမျိုးတွေ အများကြီး ရှိတယ် ။ ၁၅ မိနစ်လောက် သွားရင် ရောက်ပါတယ် ။
ဒါပေမဲ့ အဲသည် ရွာကို ကျွန်တော် ဘာမျှ အကူအညီ မပေးဘူး ။ ကျွန်တော်တို့က ဦးဆောင်ပြီး လုပ်နေရတာကိုး ။ ကျွန်တော် အစွန်းရောက်တယ်လို့ ပြောချင်ရင်တော့ ပြောလို့ရတာပေါ့ ။ သူတို့အတွက် စိတ်မကောင်းပါဘူး ။ သူတို့ နစ်နာတာပေါ့ ၊ ဒါပေမဲ့ ကျွန်တော် လိပ်ပြာသန့်ချင်တယ် ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁
No comments:
Post a Comment