Sunday, May 17, 2026

အိုဗာဖော်တိ


❝ အိုဗာဖော်တိ ❞
( မိုးသောက်ထွန်း )

ဘုရား ဘုရား ။ သူ့ရင်တွေ တဒိန်းဒိန်း ဆောင့်ခုန်သွားတယ် ။ သူ့မျက်လုံးတောင်မှ သူ မယုံချင် ။ ပွတ်သပ်ပြီး ကြည့်နေမိတယ် ။ ဟုတ်တယ် မလွဲပါဘူး ။

“ နှင်းပွင့်လွှာ ”

အသံ မထွက်ဘဲ သူ့ စိတ်ထဲကနေ ခပ်ဖွဖွ ရွတ်ကြည့်လိုက်မိတယ် ။ အမှန်အတိုင်း ပြောရရင် နှင်းကို ခုလို ပြန်တွေ့ရလိမ့်မယ်လို့ သူ မျှော်လင့်မထားဖူးဘူး ။ နှင်းကို ကြည့်နေမိတဲ့ သူ့ အကြည့်တွေကို ရုပ်သိမ်းလို့ မရ ။ ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်နေတဲ့ နှင်း မျက်နှာလေးက ပိုပြီး ခံ့ထည်လာတယ်လို့ သူ တွေးလိုက်မိတယ် ။ နှင်း ခန္ဓာကိုယ်က အရင်တုန်းကထက် ပေါင်ချိန် တိုးနေမှာ အသေအချာပဲ ။ ဝက်ပုပ်မလေးလို့ စိတ်ထဲက ရေရွတ်ရင်း သူ့အတွေးကို သူသဘောကျကာ ပြုံးလိုက်မိတယ် ။ နှင်းက ဘေးမှာ ထိုင်နေတဲ့ အမျိုးသမီး တစ်ယောက်နဲ့ စကားတွေ ပြောနေတယ် ။ ရယ်လို့ မောလို့ ။ နှင်းရဲ့ ရယ်သံလေးတွေများ ကြားရလေမလားလို့ သူ နားစွင့်လိုက်မိတယ် ။ စကားပြောသံ ဆူဆူညံညံတွေ ကြား သူ့ရဲ့ အကြား အာရုံရေဒါက နှင်းရဲ့ ရယ်သံတွေကို ဖမ်းမဆုပ်နိုင်ခဲ့ဘူး ။

“ ဟင် ”

ရုတ်တရက် မျက်ဝန်းထဲမှာ ဖြာခနဲ လက်သွားတဲ့ လတစ်စင်းကြောင့် ခေါင်းကို သူ ငုံ့ချလိုက်တယ် ။ စကားပြောနေရင်းနဲ့ ဖျတ်ခနဲ တစ်ချက် ကြည့်လာတဲ့ နှင်းရဲ့ အကြည့် တစ်ချက် ။ နှင်းရဲ့ မျက်ဝန်းထဲမှာ အံ့အားသင့်ခြင်းတွေ သူ တွေ့လိုက်ရတယ် ။ သူ ထင်တာ မမှားဘူးဆိုရင် နှင်းရဲ့ မျက်ဝန်းထဲမှာ ဝမ်းသာခြင်းသေးသေးလေး ရောယှက်နေတယ်လို့ ထင်မိတယ် ။ ယုန်ကလေး တစ်ကောင်လို ဖြူစင်တဲ့ နှင်းရဲ့ မျက်ဝန်းတွေက အခုထိ မပြောင်းလဲသေး ။ အဲဒီ မျက်ဝန်းလေးတွေကို စိုက်ကြည့်ပြီး သူ့နှလုံးသားကနေ စကားလေး တစ်ခွန်း အတင်း တိုးထွက်ခုန်ဆင်း ခဲ့ဖူးတယ် ။ “ နှင်းကို ကိုယ် သိပ်ချစ်တယ် ” ဆိုတဲ့ စကားလေးပေါ့ ။ သူ့ အကြည့်တွေကို စားပွဲပေါ်ကို နေရာလွှဲ ထားပေမဲ့ ဘယ်ဘက်ရင်အုံ အောက်က မည်းကြုတ်ကြုတ် အရာလေးကတော့ တဆတ်ဆတ် ခုန်ရင်း နှင်း ဆီကို ရုန်းထွက်ချင်နေလေရဲ့ ။ မျက်လုံးကို မသိမသာ သူ လှန်ကြည့်လိုက်တော့ နှင်းက အမျိုးသမီးဘက်ကို ပြန်လှည့်ပြီး စကားပြောနေတာ တွေ့ လိုက်ရတယ် ။ သူ ခေါင်းကို ပြန်မော့လိုက်တယ် ။

“ ဟူး ”

သက်ပြင်း တစ်ချက် ရှိုက်လိုက်ရင်း အအေး တစ်ခွက်ကို ယူပြီး မော့ချလိုက်တယ် ။ လည်ချောင်း တစ်လျှောက် စီးဝင်သွားတဲ့ အအေးတွေက နှလုံးသားနဲ့ အတွေ့မှာ အငွေ့ပြန်ပြီး ပြန်ထွက်လာသလို သူ ခံစားလိုက်ရတယ် ။ သူ့ရင်ထဲက မီးတောင်ဟောင်းလေး ပေါက်ကွဲပွင့်ထွက်လာပြန်ပါပေါ့ ။ လေပူ တစ်ချက်ကို သူ မှုတ်ထုတ်လိုက်တယ် ။ ဒါပေမဲ့ သူ့ ရင်ထဲက အတိတ်ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပူလောင်နေခြင်းက စိုးစဉ်းမှ လျော့မသွား ။ ပတ်ဝန်းကျင် လေထုသာ အပူချိန် အသင့်အတင့်ကနေ ပိုပြီး အားကောင်းသွားတယ် ။

“ ဟေ့ကောင်တစ်ယောက်တည်း ဘာတွေ တွေးနေတာလဲ ပြောစမ်း ”

အနား ရောက်လာတဲ့ သူငယ်ချင်း နှစ်ယောက်ကို သူ ဘုကြည့် ကြည့်ပစ်လိုက်မိတယ် ။ “ သူများ လွမ်းနေတာကို လာပြီး လှောင်နေတယ် ။ ရုပ်တွေက တစ်စက်မှကို ကျက်သရေ မရှိဘူး ” လို့ သူ မဲ့ရွဲ့ပစ်လိုက်ပေမဲ့ မိုးယံ နဲ့ မြင့်ဝင်း က စိတ်မဆိုးဘဲ ရယ်နေကြတယ် ။ သူ ဘာကို တွေးနေ ငေးနေလဲ ဆိုတာ ဒီနှစ်ကောင်လည်း ရိပ်မိသွားတဲ့ပုံ ။

“ မဖြစ်နိုင်တဲ့ ဟာတွေကို စိတ်ကူးယဉ်ပြီး အတိတ်ကို ပြန်လွမ်းနေရင် ရူးသွားမယ်နော် ” လို့ မြင့်ဝင်းက ပြောင်ချော်ချော် ပြည်တည်တည်နဲ့ ပြောတာကို မိုးယံက လည်း အားရပါးရ ရယ်ရင်း -

“ မင်းကလည်းကွာ သိလျက်သားနဲ့ ပြောနေသေးတယ် ။ ဒီကောင်က နေပူတာ မိုးရွာတာသာ ခံနိုင်တာ ၊ နှင်း ကျတဲ့ ဒဏ်ကို ခံနိုင်တဲ့ကောင် မဟုတ်ဘူး ” လို့ ဝင်ပြီး ထောက်တယ် ။ သူငယ်ချင်း နှစ်ယောက်ရဲ့ စ,နောက်နေမှုကို သူ မတုံ့ပြန်မိ ။ လိုက်ပြီးတော့လည်း မရယ်မိ ။ နှင်းကိုသာ ဆွေးဆွေးမြည့်မြည့် သူ ငေးနေမိတယ် ။

“ မင်း သွားပြီး နှုတ်ဆက်သင့်တယ် ”

မိုးယံကို သူ ဆတ်ခနဲ လှည့်ကြည့်မိတယ် ။ မိုးယံ မျက်နှာက ခပ်တည်တည် ။ ဒီတစ်ခါ စ,နောက်ခြင်း မဟုတ် ။

“ ဟုတ်တယ် ၊ မင်း သွား နှုတ်ဆက်လိုက်ပါလား ”

မြင့်ဝင်း ကလည်း မိုးယံ စကားကို ဝင်ပြီး ထောက်ခံ တယ် ။ သူငယ်ချင်းတွေ ပြောသလို သူ သွား နှုတ်ဆက်သင့်သလား ။ နှင်း ကရော သူ့ကို လက်ခံစကားပြောချင်ပါ့မလား ။ ခဏတော့ သူ့ ခေါင်းတွေ ထူထူပူပူ ဖြစ်သွားတယ် ။

“ နှင်း ”

အမှန်က ဒီအချိန်မှာ နှင်းပွင့်လွှာ လို့ နာမည် အပြည့်အစုံ ခေါ်သင့်တာပါ ။ ဒါပေမဲ့ သူ့နှုတ်က အလိုလို ခုန်ထွက်သွားတာ သူလည်း သတိ မထိန်းနိုင်ခဲ့ဘူး ။ နှင်းရဲ့ ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွား တာကို သူ အသေအချာ တွေ့ လိုက်ရတယ် ။ နှင်းလည်း စိတ်လှုပ်ရှား နေတာလား ။ နှင်းက ရုပ်ရှင် အနှေးပြကွက် တစ်ခုလို ဖြည်းဖြည်းချင်း မော့ကြည့်လာတယ် ။

“ ကို ... မိုး ”

နှင်းက သူ့နာမည်ကို နှုတ်ခမ်းလှုပ်ရုံလေး ခေါ် လိုက်တယ် ။

“ ကိုယ်ခဏ ထိုင်မယ်နော် ”

“ ဟုတ် ”

နှင်းက ခေါင်းကို အနည်းငယ် ငုံ့ထားတယ် ။ ရှက်သွားတဲ့ အခါတိုင်း နှင်း လုပ်နေကျ အိုက်တင် ။ မေးစေ့လေးကို ကိုင်ပြီး မော့ပါဦး ချစ်ရယ်လို့ ပြောလိုက်ချင်ပေမဲ့ ဒါဟာ အတိတ်မဟုတ်ဘူး ဆိုတာကို သူ မနည်း သတိထား နေရတယ် ။

“ မင်္ဂလာဆောင်ကို လာတာလား ”

မင်္ဂလာခန်းမထဲ ထိုင်နေတာကို တွေ့ပါလျက်နဲ့ မင်္ဂလာ ဆောင် လာတာလားလို့ မေးလိုက်တဲ့ သူ့စကားက နည်း နည်းတော့ ကြောင်တောင် တောင်နိုင်မယ်ထင် ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ ။ သူ့မှာ အစပြုစရာ စကားက မရှိ သေး ။

“ ဟုတ်ကဲ့ ၊ ကိုမိုးသောက်ရော မင်္ဂလာဆောင် လာတာလား ”

“ ဟုတ်တယ် နှင်း ”

နှင်းရဲ့ ဟန်က နည်းနည်း တည်ငြိမ်လာတယ် ။ ခေါင်းမငုံ့တော့ ။ သူ့ကိုပင် စေ့စေ့ကြည့်ပြီး မေးခွန်းထုတ်လာတယ် ။ နှင်းက သူ့နာမည်ကို အပြည့်အစုံ ခေါ်ပေမဲ့ သူ ကတော့ နှင်း လို့သာ ခေါ်မိနေဆဲ ။ ပြောစရာ စကားစက ပြတ်သွားပြန်တယ် ။ ရှေ့မှာ တွေ့ရတဲ့ ရေခဲမုန့်ခွက်လေးကို နှင်း ဘက်သို့ သူ အသာလေး တိုးပေးလိုက်တယ် ။

နှင်းက ခေါင်းလေး တစ်ချက် ဆတ်ပြရင်း ရေခဲမုန့်ကို ယူစားတယ် ။ နှင်းရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ ရေခဲမုန့်အစလေးတွေ ခိုတွယ်သွားတာမို့ တစ်ရှူးစလေးကို သူ ကမ်းပေးလိုက်တယ် ။ သူကိုယ်တိုင် သုတ်ပေးလိုက်ချင်တဲ့ စိတ်ကိုတော့ မျိုချထားလိုက်ရတယ် ။

“ ကို မိုးသောက် တစ်ယောက်တည်းလား ”

နှင်းရဲ့ မေးခွန်းက တစ်စုံတစ်ရာကို စူးစမ်းလိုက်တဲ့ မေးခွန်း ။

“ အင်း တစ်ယောက်တည်း ”

ဖြေပြီးမှ သူ့ကိုယ်သူ မလုံမလဲ ။ “ တစ်ယောက် တည်း လာတာ ” လို့ ခွဲမဖြေဘဲ သူ ရောချလိုက်မိတယ် ။

“ ကိုမိုးသောက်က အရင်လိုပဲ ၊ မဝ,ဘူးနော် ”

“ အင်းလေ ဟင်းချက် ကောင်းတဲ့ လက်ရာနဲ့ လွဲချော်ခဲ့တော့ ပိန်ဆဲပဲပေါ့ ”

အနှောင့်အသွား မလွတ်တဲ့ သူ့စကားကို နှင်းက အပြုံးလေးနဲ့ပဲ တုံ့ပြန်တယ် ။

“ နှင်းကတော့ ကိုမိုးသောက် အမြင်ပဲ ၊ ဝက်ပုပ်ကို ဖြစ်လို့ ”

“ စိတ်ချမ်းသာလို့ ဖြစ်မယ် ထင်တယ် ”

သူ့စကားကြောင့် နှင်း မျက်နှာ ကွက်ခနဲ ပျက်သွားတယ် ။ ဘာမှတော့ မတုံ့ပြန် ။

“ တအားကြီး မဝ,ပါဘူး ၊ ကြည့်ကောင်းရုံ ပြည့်ပြည့်လေးပါ ”

နှင်း မျက်နှာ ပျက်သွားတာမို့ သူ စကားကို ပြင်ပြီး ထပ်ပြောလိုက်တယ် ။ နှင်းက ဟွန့် ဆိုပြီး မဲ့ပြတယ် ။ သူ့အသည်းတွေ ကျလိကျလိ ဖြစ်သွားတယ် ။ သူ့ လက်တစ်ဖက် မြောက်တက်လာတယ် ။ ဦးတည်ရာက နှင်းရဲ့ နှာတံ ဖူးဖူးလုံးလုံးလေးဆီ ။ နောက် လက်တစ်ဖက်နဲ့ အချိန်မီ သူ ဖမ်းဆွဲလိုက်ရတယ် ။ အတိတ်တွေကို မျိုချရလွန်းလို့ လည်ချောင်းတွေပင် နာလာသလိုလို ။

“ ကို ”

နှင်းရဲ့ ခေါ်သံက အတိတ်ကို ပြန်ရောက်သွားတယ် ။ နှင်းရဲ့ အသံတွေ အတိုင်းအဆ မရှိ တုန်ခါနေတယ် ။ သူ ရူးချင်သွားတယ် ။ နှင်းကို သူ စိုက်ကြည့်လိုက်တယ် ။ နှင်းရဲ့မျက်ဝန်းတို့ အရည်လဲ့လို့ ။

“ နှင်း ပြန်တော့မယ်နော် ”

အတိတ်ကို တဖြည်းဖြည်း ခြေချလာမိတဲ့ သူတို့ နှစ်ဦးရဲ့ စိတ်တွေကို ထိန်းဖို့ ထင်ပါရဲ့ ။ နှင်းက အခုထိ သတိကောင်းဆဲပါပဲ ။ မတ် တတ်ရပ်လိုက်တဲ့ နှင်းကို သူ မော့ကြည့်ပြီး ငေးနေမိတယ် ။ သူ့ နှုတ်ဖျားတို့ ဆွံ့အ,နေဆဲ ။

“ မေမေ ”

ငါးနှစ်အရွယ်လောက် ရှိတဲ့ ကလေးမလေး တစ်ယောက် ။ နှင်း ဆီကို ပြေးလာပြီးဖက်လိုက်တယ် ။ သူ့ ရင်ထဲ နင့်ခနဲ ဖြစ်သွားတယ် ။ သူ မတွေ့ချင်ဆုံး အခန်းကဏ္ဍက ရောက်လာတယ် ။ ဆယ့်ငါးနှစ်လောက် ရှိတဲ့ ဝေးကွာခြင်း အပိုင်းအခြားမှာ ဒီလို ပြောင်းလဲမှုတွေ ရှိနိုင်တာကို သူ တွေးထားမိပြီးသား ။ မအံ့သြမိပေမဲ့ သူ ရင်ထဲတော့ နာကျင်သွားတယ် ။

“ ပြန်ကြမယ်လေ မမ ”

ကလေးမလေးနဲ့ အတူ ပါလာတဲ့ နှင်းရဲ့ညီမက နှင်းကို ပြန်ဖို့ ပြောတယ် ။

“ သွားမယ်နော် ကိုမိုးသောက် ”

နှင်းက သူ့ကို နှုတ်ဆက်ပြီး သမီးလေးကို လက်ဆွဲကာ လှည့်ထွက်လိုက်တယ် ။

“ သွားလိုက်ပါဦးမယ် ဦးဦး ”

အို နှင်းရဲ့သမီးလေးက သူ့ကို နှုတ်ဆက်လာတယ် ။ ကလေးမလေးရဲ့ အပြုံးက နှင်းနဲ့ တထေရာတည်း ။ သူ ငုတ်တုတ် ထိုင်ချလိုက်ပြီး ကလေးမလေးရဲ့ ပါးကို နမ်းလိုက်မိတယ် ။

“ သမီးလေးနာမည် ဘယ်လို ခေါ်လဲ ”

ကလေးမလေးရဲ့ ခေါင်းကို ဖွဖွအုပ်ကိုင်ရင်း သူ မေးလိုက်တယ် ။

“ မိုးစက်နှင်းပါ ဦးဦး ၊ ဦးဦးနာမည်ကရောဟင် ”

“ ဦးဦးနာမည်က မိုးသောက်ကွဲ့ ”

“ ဟယ် ဦးဦးနာမည်က သမီးနာမည်နဲ့ ဆင်တယ်နော် ”

သူ နှင်းကို မော့ကြည့်လိုက်မိတယ် ။ နှင်းရဲ့ မျက်နှာပြင်ပေါ်မှာ အဓိပ္ပာယ်မျိုးစုံ ရောယှက်လို့ ။

“ သမီး ဦးဦးကို တာ့တာ လုပ်လိုက် ၊ သွားကြမယ် ”

“ ဦးဦး တာ့တာ ”

“ အင်း အင်း တာ့တာပါ သမီးရယ် ”

တဖြည်းဖြည်း ဝေးကွာသွားတဲ့ နှင်းတို့ကို သူ ငေးကြည့်နေမိတယ် ။ ခပ်လှမ်းလှမ်း ရောက်တော့ ကလေးမလေးက သူ့ကို လှည့်ကြည့်ပြီး ပြုံးပြ နှုတ်ဆက်ပြန်တယ် ။ သူ လက်ပြန်ပြရင်း ပြုံးပြလိုက် တယ် ။ ဖျတ်ခနဲ သူ့အတွေး အာရုံထဲ မျက်နှာလေး တစ်ခု ပေါ်လာတယ် ။ သားလေး အာကာရဲ့ ပုံရိပ်လေး ။ တစ်ဆက်တည်း “ ဖေဖေ ” လို့ ခေါ် လိုက်သံကိုပါ သူ့ နားထဲကြားလိုက်ရသလို ခံစားလိုက်ရတယ် ။

“ ဟူး ”

သက်ပြင်းတစ်ချက် မှုတ် ထုတ်လိုက်ရင်း သူ့ ရင်ဘတ် ကို သူ ပြန်ငုံ့ကြည့်လိုက်တယ် ။ သူ့မျက်နှာပြင် တစ်ခုလုံး ထူအမ်းအမ်းကြီး ဖြစ်လို့ သွားပါတယ် ။

⎕ မိုးသောက်ထွန်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇူလိုင် ၂၀၁၉

No comments:

Post a Comment