Saturday, May 9, 2026

နှမချင်း မစာ

❝ နှမချင်း မစာ ❞ 
      ( ပီမိုးနင်း )

စာရင်းငှားကလေး ဘိုးလှသည် မိမိ၏ စာရင်းဒိုင် အိမ်နောက်ဖေး တင်းကုပ်ထဲ၌ ထွန်သွားခုတ်ရင်း လှရင် ၏ မျက်နှာကလေးကို ထင်မြင်ကာ မကြာမကြာ လက်အလုပ်ကို ရပ်လျက် စိတ်အလုပ်ကို လုပ်ကာ ငေးမော တွေးတောခြင်း ပြုလေ၏ ။

လှရင်နှင့် ဘိုးလှသည် တိတ်တဆိတ် ချစ်ကြိုက်ခဲ့ကြသည်မှာ သုံးနှစ်နီးနီး ကြာခဲ့လေ၏ ။ သို့သော်လည်း အနီးသို့ တစ်ခါသာ သေသေချာချာ ကပ်လျက် နာရီ ဝက်ခန့်လောက် ဦးသာဒွန်း၏ အလှူအိမ်မှာ တွေ့ကြုံ စကားပြောခဲ့ရ၏ ။ ထိုအခါမှာလည်း ကိုးလခန့် ကြာခဲ့လေရာ ထိုနောက် တစ်ကြိမ်တစ်ခါမျှ လှရင်နှင့် စကား မပြောရ ။ အဝေးမှ အရိပ်အယောင်ကိုသာ မြင်ကြရလေ ၏ ။ နှစ်ယောက်တည်း တွေ့ရသော ထိုအခါက လှရင်၏ နူးညံ့သိမ်မွေ့ ဖယောင်းအတွေ့ နှင့်တူသော လက်ကလေးကို မရဲတရဲ ကိုင်ခဲ့ရသည်မှာ ယခုတိုင် နွေးနွေးကလေး ရှိသေးသည်ဟု မှတ်ထင်ရလေ၏ ။

လှရင်မှာ အတော်ကလေး ချမ်းသာသော မိဘဆွေမျိုး အသိုင်းအဝိုင်းတို့အပြင် မောင်ဖြစ်သူကလည်း လူဆိုး တစ်ယောက် ဖြစ်သဖြင့် ဆင်းရဲ၍ စာရင်းငှား လုပ်ကာ မိခင်နှင့် နှမကလေးကို ကျွေးမွေးထောက်ပံ့သော ဘိုးလှမှာ မမီသည့် ပန်းကို တုံးခုကာ လှမ်းရသည်နှင့် တူ၍ နေလေ၏ ။ လှရင်၏ မောင်ဖြစ်သူ လူဆိုးကလည်း အမြဲ ဓားကြိမ်းကြိမ်းလျက်နေလေရာ ဆင်းရဲသူ ဘိုးလှမှာ ဤတစ်သက်တွင် လှရင်နှင့် ပေါင်းရပါတော့မည်လားဟူ၍ပင် အခါခါ တွေးတောကာ စိတ်ပျက်ခြင်း ဖြစ်ခဲ့လေ၏ ။ သို့သော်လည်း အဟုတ် တကယ် ချစ်သောစိတ်သည် လည်းကောင်း ၊ ဘိုးလှ၏ စိတ်ကို ကျားကန်ထောက်ပင့်၍ ထားရသည် ဖြစ်ရကား အဘယ်မျှပင် စိတ်ပျက်စေကာမူ လှရင်၏ ဝမ်းနည်းသော မျက်နှာကလေးကို မြင်တိုင်း အားသစ်ကို ပြန်၍ ရလေ၏ ။ သို့ဖြစ်လေရာ ယောက်ျားတံခွန် လူရည်မွန်က ဟူသော စကားအရ အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျား၏ စိတ်အားသတ္တိကို အစွဲပြုကာ တစ်ကိုယ်တည်း အံကြိတ်လျက် မရမနေ ဟူသော စိတ်ကို တင်းကာ ထွန်သွားကိုသာ အငြိုးနှင့် ခုတ်သလို လုပ်သဖြင့် အလုပ် ပိုမိုလုပ်၍ တွင်လေ၏ ။

လှရင် ကိုယ်တိုင်ကလည်း မောင်ကို ကြောက်ရ၏ ။ သို့ဖြစ်လေရာ ဘိုးလှ၏ နောက်သို့ တိတ်တဆိတ် လိုက်ဖို့ရန် ခက်လေ၏ ။ အကယ်၍ပင် လှရင်က လိုက်စေကာမူ အဘယ်ကို ပြေး၍ ၊ အဘယ်ပုံ အသက်မွေးရမည်နည်းဟူသော စဉ်းစားရန် အချက်တို့မှာ ကြီးစွာသော အခက်အခဲကြီးကို ဗန်းတင်ပြကြလေသတည်း ။

အခြား အခက်အခဲကြီး တစ်ခု ရှိပြန်သည်ကား အထူးစိတ်မချဖွယ်ရာ ဖြစ်လေ၏ ။ ထိုအချက်မှာ အခြား မဟုတ် ။ လှရင်နှင့် ဘိုးလှ တိတ်တဆိတ် ကြိုက်ချစ်၍ နေကြကြောင်းကို လှရင်၏ မောင်ဖြစ်သူ ကာလသားခေါင်း လူဆိုးဖြစ်သူက သိရသဖြင့် ကလဲ့စားချေသော အနေဖြင့် ဘိုးလှ၏ နှမကလေးကို အတင်း ဗလက္ကာရ အဓမ္မကြံစည်ဖျက်ဆီးမည်ဟူသော ခြိမ်းခြောက်သော သတင်းများကို မကြာမကြာ ကြားရလေရာ မတော်တဆ လှရင်ကို ဘိုးလှ ဆောင်ယူ၍ ပြေးလေက ဘိုးလှ၏ နှမချောကလေးဖြစ်သော မယ်ရင်မှာ အဘယ်သို့သော ဘေးရန်နှင့် တွေ့ရရှာမည်ကို မသိရသဖြင့် များစွာ ကြောက်မက်ဖွယ် ကောင်း၍ နေလေ၏ ။ အကြောင်းမူကား ထိုကဲ့သို့သော တောမြို့ငယ်ကလေးများမှာ ပစ္စည်း ဥစ္စာ အတော်အတန်ရှိ၍ ဆွေမျိုးဉာတိများ ကောင်းသူတို့သည် မိမိတို့ထက် အားငယ်သူတို့ အပေါ်၌ ဆွေဂုဏ် ၊ မျိုးဂုဏ် ၊ ဥစ္စာဂုဏ်နှင့် မိုက်ဂုဏ်ကို အားကိုးပြုကာ မင်းပြစ်မင်းဒဏ် မဖြစ်ဘဲ နှိပ်စက်ကြလေသည် ။ ရပ်ငယ် ရွာငယ်များမှာ လက်အောက်သား ပုလိပ်အရာရှိကလေးများအား အတော်အတန် အစာခွံ့ နိုင်လျှင် ထိုအရပ်များသို့ ဗြိတိသျှဖြောင့်မတ်ခြင်း ၊ ဗြိတိသျှတရားဥပဒေမှာ လွယ်ကူစွာ မပေါက်ရောက်နိုင် ။ လွန်စွာထင်ရှားသော ပြစ်မှုကြီးများသော်မှ ဂါတ်တဲတွင် အပြီးသတ်ကြရသည်များကို ကြားသိနိုင်လေသည် ။ ထိုကဲ့သို့သော မတရားမှုများကို မခံနိုင်သူတို့က အထက်သို့ ပေါက်ရောက်အောင် ကြိုးစားရာ၌လည်း မကောင်းသော ထက်အောက် အရာရှိများမှာ မိမိတို့၏ အထက်၌ တန်ခိုးကြီးသော သခင်ကောင်း ၊ ဆရာကောင်းများ ရှိကြသဖြင့် ထိုသခင်ဆရာတို့က မိမိတို့၏ လက်အောက်ငယ်သား တစ်ယောက်ကို မှိုင်းမကာ စာတစ်ကြောင်းမျှ ရေးလိုက်ခြင်းသည် တစ်ရွာလုံး ၊ တစ်ရပ်လုံး ဝိုင်း၍ လက်မှတ်ရေးထိုး တိုင်တန်းသော စာများ ထက် ခရီးရောက်နိုင်လေသည် ။ သို့ဖြစ်လေရာ ရပ်ငယ်ရွာငယ်များ၌ ငွေကုန် ခံနိုင်သူတို့ မည်သူကိုမျှ ကြောက်စရာ မရှိ ။ ၎င်းတို့ထက် ဆိုးသော ဓားပြလူဆိုး မှသာ နိုင်တတ်ကြလေသတည်း ။ ဘိုးလှသည်လည်း ထိုသို့ တန်ခိုးကြီးသော ရန်သူများ အလယ်သို့ ဆင်းဆင်းရဲရဲ ကျရောက်လျက် အလုပ် ဖြစ်၍ နေလေသတည်း ။

သို့အလုပ် လုပ်၍ နေသော အခိုက်တွင် ယောက်ျားပျို တောသားကလေး တစ်ယောက် တင်းကုပ်ထဲသို့ ရောက်၍ လာပြီး ဘိုးလှ၏ ရှေ့မှာ မတ်တတ်ရပ်လေ၏ ။

ဘိုးလှက မော်ကြည့်ပြီး အလုပ်ဆိုင်း ရပ်ကာ ...

“ ဟင် ... မင်း လာပုံ ထူးပါတယ် ။ ဘာများဖြစ်သလဲ ”

ဟု မေးလေ၏ ။

ယောက်ျားပျိုကလေးသည် တောင်မြောက်လေးပါးကို ကြည့်ပြီး ထိုင်လေ၏ ။

“ အခု တစ်ယောက်တည်းပဲ မဟုတ်လား ”

“ အေး .. ပြောစမ်းပါဦး သာဆန်းရယ် ။ အိမ်က လာတာလား ”

“ သိပ်ခက်နေတာပဲ ။ ခင်ဗျား အမေကလည်း ကျုပ်ကို မျက်မုန်းကျိုးနေတယ် ။ သူတို့ကို သွားပြီး မပြောနိုင်ဘူး ။ မယ်ရင်ကို ကိုအောင်သာကြီးတို့ လူစုက အခုည ပွဲကို အသွားမှာ အတင်းဆွဲပြီး လှည်းနဲ့ တင်မလို့ တိုင်ပင်နေကြတယ်လို့ ကြားရတယ် ။ အခုလည်း နေနည်းနေပြီ သွားလို့လည်း မဖြစ်ဘူး ။ နေဝင်ရင် မယ်ရင် ပွဲကို အမှန် သွားမှာပဲ ။ သွားရင် ပါပြီပဲ ”

“ ဟုတ်လား နေပါဦး ။ ဘယ်သူ မင်းကို ပြောသလဲ ”

“ သူတို့ဆီကို သွားမလို့ ။ မတွေ့တာလည်း ကြာ ပြီ ။ ရွာထိပ်ရောက်တော့ ရွာကလာတဲ့ ဘိုးဆောင်ကြီးနဲ့ တွေ့လို့ ဘိုးဆောင်က လှမ်းခေါ်ပြီး အောင်သာ ... ဒီလို ဒီလို ကြံနေတယ် ပြောတာနဲ့ ။ မင်းဆီ ချက်ချင်း ပြေးလာတာပဲ ”

“ ဘန်ပွေးကုန်းပွဲကိုလား ။ သူတို့ သွားမတဲ့လား ”

“ ဒီပွဲရှိတာပေါ့ ။ သွားမှာမို့ ကြံတာပေါ့ ”

“ ရွာက ဆိုရင် သုံးမိုင်လောက် ဝေးမယ် ။ သူတို့ နေမဝင်မီ ထွက်ကြမှာပဲ ။ မယ်ရင်က ဘယ်သူနဲ့ လိုက်မှာတဲ့လဲ ”

“ သူ့ အမေလည်း ပါမှာပေါ့ ။ ဒါတော့ သေသေချာချာ မမေးလိုက်ပါဘူး ။ အောင်သာက တစ်ယောက်ယောက်ကို အဆွယ်ခိုင်းမှာပဲ ။ ဒီအကောင်ဟာ မပိုင်ဘဲကို ကြံမှာမဟုတ်ဘူး ”

ဘိုးလှသည် အသားတွေ ဆတ်ဆတ်တုန်လျက် အံကြိတ်ကာ လက်သီးများကို ဆုတ်ပြီး ဆောင့်ကြောင့်ထိုင်လျက် စကားမပြောဘဲ တွေ၍ နေလေ၏ ။ အတန်ငယ် ကြာသောအခါ

“ တယ်လေ ... ငါ ဒီခွေးသားကြီးကို လှံနဲ့ ထိုးသ,တ်ချင်တာပဲ ။ သင်းတို့ကြောင့် ငါ စိတ်ကို ချုပ်ထားသော တစ်ကျွန်း လည်း မကြောက်ဘူး ။ စက်တိုင်လည်း မကြောက်ပါ ဘူး ။ အမေ့အတွက် ငါ ဒီရွာမှာ အညံ့ခံနေရတာ .. အခု ဘယ်နဲ့ လုပ်မလဲ ”

“ အခု မြင်းနဲ့ စိုင်းပြေးနိုင်ရင် သူတို့ကို အုပ်မိမှာပဲ ။ တခြားနည်းတော့ မရှိပါဘူး ။ နေအတော် နည်းနေပြီကွယ့် ။ လှည်းနဲ့ဆိုရင် တက်လားဆင်းလားနဲ့ ကြာနေဦးမယ် ”

“ မြင်းလည်း ငါ မစီးတတ်ဘူး ။ စီးတတ်လို့လည်း မြင်း ဘယ်က ရမှာလဲ ”

“ ဒါလည်း တစ်ခက်ပဲ ”

“ အောင်သာက ဘယ်သူ့ အတွက် လုပ်မှာလဲ ။ ဘယ်သူက လုပ်ခိုင်းတာလဲ ”

“ သူ့ အတွက်တော့ မဟုတ်ဘူး ။ ထန်းပင်ကုန်း သူကြီးသားက ငွေပေးပြီး ခိုင်းသလိုလို ပြောတာပဲ ။ အဲဒီလို မဟုတ်ရင်လည်း ခင်ဗျားကို မုန်းလို့ လုပ်တာ ဖြစ်ရင် တစ်မျိုးတစ်မည် ကြံဖို့နဲ့တူတယ် ။ သူ့နှမနဲ့ ပတ်သက်ပြီး ခင်ဗျားကို ငြိုးနေတယ်လို့ ပြောသံ ငါ ကြားရတယ် ၊ ဟုတ်ရဲ့လား ”

“ ငါလည်း ကြားတာပဲ ။ ငြိုးမှာပေါ့လေ ။ လမ်းမှာ တွေ့လို့မှ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ဘဲ မေတ္တာရှိတယ်လို့ ဘယ်သူ ဆိုမလဲ ။ ငါ့ကို ငြိုးတာ အမှန်ပဲ ။ ဒါထက် ဒီကနေ့ည လဆန်းသုံးရက် မဟုတ်လား ။ လမိုက်မှာမို့ ကြံဖို့လွယ်တာပေါ့ ။ မြန်မြန်လုပ်ဗျာ့ ။ တော်တော်ကြာ မမီဘဲနေမယ် ”

“ ဘယ်နှယ့် လုပ်မလဲ ။ ထွန်သွားခုတ်ဖို့ အလုပ်တွေလည်း ရှိသေးတယ် ”

“ အမယ်လေးဗျာ ။ နှမ လူလုမှာထက် ထွန်သွားများက ပိုပြီး အရေးကြီးနေရသေးသလားဗျ ။ ထလေ ... ဘယ်နှယ့်ဖြစ်ဖြစ် တစ်နည်းနည်းတော့ ကြံရမှာပေါ့ဗျာ ”

ဘိုးလှသည် ထိုင်ရာမှ ထပြီး လုံချည် ပြင်၍ ဝတ်ရင်း

“ ဘယ်လို လုပ်မလဲ ။ ငါတော့ မကြံမတတ်အောင် ရှိတာပဲ ။ မင်းပဲ စိတ်ကူးစမ်းပါဦး ”

“ ဒါမျိုးဆိုတာ စိတ်ကူးနေရတာ မဟုတ်ဘူးဗျ ။ ဦးတည်ရာ လုပ်ရတာ ၊ သွား ... ဓားယူ ၊ ဒုန်းပြေးမယ် ၊ မြင်းလောက်တော့ မမြန်ဘူး သို့ပေမဲ့ ... ”

“ အေး ... ဒါပဲကောင်းတယ် ။ မင်းကော ဓားရှိရဲ့လား ။  မရှိရင် ” ဟု ပြောပြီး ဘိုးလှသည် အိမ်ပေါ်သို့ တက်ပြီး ဓားတစ်လက်နှင့် လှံတစ်စင်းကို ဆွဲ၍ ဆင်းအလာမှာ စာရင်းကိုင် လင်မယားက ထိတ်လန့်တကြား ဖြစ်ကာ ..

“ ဟဲ့ .. ဘိုးလှ ... ဟ ... ဟိုက ... သာဆန်းပါ လား ။ ဘယ်လိုလဲ ၊ ဘာဖြစ်တာလဲ ၊ နေပါဦးဟ ။ ဒီအကောင်တွေဟာ တယ်ခက်ပါလား ... ” စသည်ဖြင့် ပြေးလိုက်၍ ဆွဲကြလေ၏ ။

ထိုအတွင်း သာဆန်း လက်သို့ လှံရောက်၍ သွားလေ၏ ။ ဘိုးလှက အကြောင်းကို ပြောမပြဘဲ “ ဘာမှ မဟုတ်ပါဘူး ။ ကိစ္စရှိလို့ပါ ။ ကျွန်တော်တို့အတွက် မပူပါနဲ့ ။ အရေးကြီးနေလို့ပါ ။ ကျွန်တော့် နှမကို .. ” ဟူ၍ ပြောပြီး စာရင်းဒိုင် လင်မယားထံမှ ရုန်းထွက်ကာ ဆင်း၍ လာကြပြီး ခြံစည်းရိုးပေါက်မှ လယ်ပြင်ထဲသို့ နှစ်ယောက်သား ကူးရောက်၍ သွားကြလေ၏ ။

စာရင်းဒိုင်လင်မယားလည်း လိုက်၍သာ ကြည့်လိုက်ကြလေရာ နှစ်ယောက်ကား ခါးတောင်းများကို မြှောင်အောင်ကျိုက်လျက် ဒုန်းပြေး၍ သွားကြသည်ကို မြင်လိုက်ကြရလေ၏ ။

“ စာရင်းဒိုင်က အခြား အိမ်နီးပါးချင်းတို့ကို ပြောပြီး ၎င်းတို့နောက်သို့ လိုက်ရန် ကြံလေရာ မိန်းမဖြစ်သူက မတော်တာ ၊ သူတို့ ဘာလုပ်ဖို့ သွားမှန်းလည်း မသိဘူး ။ လူသူလေးပါး မသိကောင်းတာ ဖြစ်ရင် ဘယ့်နှယ်လုပ် မလဲတော့ ။ အခု သူတို့ သွားတာ ဘယ်သူမှ မြင်ရတာ မဟုတ်ဘူး ”

“ ဒီအိမ်က လှံနဲ့ ၊ ဒီအိမ်က ဓားကို ယူသွားကြတာကွယ့် ။ နောင်ခါကျတော့ မီးခိုးလျှောက်လိုက်လာရင် ဒီနှစ် လယ်လုပ်ဖို့ စပါးပေး ယူထားတာကလေးတွေ ပုလိပ်စာ ဖြစ်ကုန်မှာ မင်း သိရဲ့လား ”

“ နေပါဦးတော် ... ရှင် ဘယ်ကိုမှ မသွားကြောင်း အများသိရင် ပြီးရော မဟုတ်လား ။ သင်းတို့ မတော်တာ လုပ်ခဲ့လို့ မီးခိုးလျှောက်လိုက်ရင် မသိဘူး ပြောလိုက်တာပေါ့ ။ ဒီလှံနဲ့ ဓား သူတို့ တိတ်တိတ်ယူသွားတယ် ဆိုရင် ပြီးရော မဟုတ်လား ။ ရှင့်နှယ်တော် ... ကြံပြီး ကြောက်ရန်ကော ” ဟု မိန်းမက ပြောလေ၏ ။

ထိုနောက် မိန်းမက ယောက်ျားအား ရှင် ဓမ္မာရုံကို သွားနေ ၊ ယနေ့ ည ဆရာမင်း တရားဟောမယ်လို့ ပြောတယ် ။ အခုတောင် ပရိသတ်များ ရောက်နေတော့မယ် ။ ထင်ထင်ရှားရှား နေနော် ။ ကုပ်ချောင်းချောင်း မှောင်ရိပ်မှာ ခိုမနေနဲ့ ။ လူထဲသူထဲ ကျရင် နောက်ဆွယ်က အမြီးကုပ်ကုပ် နဲ့ ဘယ်လိုလူလည်း မသိဘူး ။ လာလာ .. ” ဟု ပြောကာ ကလေးကို ခါးထစ်ခွပြီး မိမိ၏ ယောက်ျားလက်ကို ကိုင်ဆွဲကာ အိမ်ရှေ့သို့ ခေါ်သွားလေ၏ ။

အိမ်ရှေ့သို့ ရောက်သောအခါ မိန်းမက အိမ်နီးပါးချင်း ဒေါ်ဆယ် ၊ အရီးသဲအုံ ၊ ကိုမြမိုးတို့ ၊ ကိုရွှေဆိုင် တို့ကို ခေါ်ကာ အော်ကာ ယနေ့ည ဓမ္မာရုံမှာ ဆရာမင်း တရားဟောမယ် ဆိုတာ ဟုတ်ရဲ့လားရှင် ဟု မေးလေ၏ ။

“ ကြားတာပဲ မသင်းမြိုင်ရေ ။ ကျုပ်တို့တော့ မနာ အားဘူး ။ ကိုသာဘော် တစ်ယောက်အသံ မကြားပါ ကလား "

“ ရှိပါတယ် ။ ဘယ်မှ မသွားပါဘူး ။ ညက အိပ်မက် မက်ရာ ကတောက်ကတက် မက်လို့ ပုတီးစိပ်နေတယ်တော့ ။ ဒါနဲ့ တရားကလေးများ နာချင်တယ် ပြောလို့ မေးတာပါ ။ မစံပယ်ရဲ့ ယောက်ျားကော အသံ မကြားပါကလား ”

“ ဓမ္မာရုံကို သွားပြီ ။ ကိုသာဘော် လိုက်သွားပါစေ ။ စိတ်လက် ပြေပျောက်တာပေါ့ ။ အိပ်မက်ဆိုတာ အိပ်ရင် မက်တတ်တာပါပဲ ။ ဒါတွေကို ဥပါဒါန်ကပ်နေရင် ဘယ် ကုန်နိုင်မလဲ ”

“ ဟော .. ကိုသာဘော် မစံပယ်တို့ အိမ်ကလည်း ဓမ္မာရုံကို သွားပြီတဲ့ ။ လိုက်သွားပါလား ” ဟု အသံကျယ် စွာပြောပြီး ကိုသာဘော်၏ အနားကပ်ကာ “ ဟိုလူဒီလူ ကြားအောင် မြင်အောင် ခေါ်ပြီး ဆော်သြရင်း သွားတော့ ။ နို့မှ ရှင် ဘယ်ကိုမှ မသွားကြောင်း လူသိမှာ ။ ဟို အကောင်တွေ အတွက် မပူနဲ့ ။ အမိုက်အတူးတွေ ၊ သူတို့ ထိုက်နဲ့ သူတို့ကံ ။ ဘာပဲဖြစ်ဖြစ် ” ဟု ပြောလေရာ ကိုသာဘော်လည်း ဓမ္မာရုံသို့ လူတန်ကြားခေါ်ပြော ၊ ဆော်သြရင်း ထွက်၍ သွားလေ၏ ။

ဘိုးလှနှင့် သာဆန်း တို့သည် ရွာနှင့် အတန်ကလေး ကွာဝေး၍ သွားသောအခါ နေသည် တောင်ကွယ်၍ ပျောက်လေ၏ ။ အသံနက်ကြီးနှင့် ဟိန်းဟောက်နေသည့် အသံပမာ ပတ်မသံကို ကြားရလေ၏ ။ ဘိုးလှ နှင့် သာဆန်းတို့သည် မရပ်မနား ပြေးကြလေ၏ ။ လူသူ မတွေ့ရအောင် လှည်းလမ်း ၊ လူသွားလမ်းတို့ကိုလည်း ရှောင်ရသဖြင့် ခရီးမှာ ဖြတ်လမ်းကာ တစ်ဝက်နီးနီး ကြုံ့၍ သွားလေ၏ ။ ကံအားလျော်စွာ ၎င်းတို့အား မည်သူမှ သတိထားဟန် မရှိကြချေ ။ မှောင်သောအချိန် ဖြစ်သဖြင့် သိမြင်သူ တစ်စုံတစ်ယောက်ပင် ရှိစေကာမူ အပါးသို့ ရုတ်တရက် လွယ်ကူစွာ မကပ်ဝံ့သဖြင့် မေးမြန်းစုံစမ်းခြင်း မပြုကြလေသလား မသိရချေ ။

သို့ပြေးကြရာ လူနှစ်ယောက်ကို ဝင်၍ တိုးမိလု ကမန်း ပွတ်၍သွားလေရာ ထိုလူနှစ်ယောက်မှာ အံ့အားသင့်လျက် ရပ်ပြီး လွန်၍ သွားသည်နှင့် ထိုနှစ်ယောက်က လှည့်၍ ကြည့်ကြလေ၏ ။ သို့သော်လည်း ၎င်းတို့အား လှမ်း၍ မေးမြန်းခြင်း မပြု ။ ၎င်းတို့အကြောင်းကို အချင်းချင်း ထင်မြင်ချက်ပေး၍သာ မိမိတို့၏ လမ်းကို မိမိတို့ အစဉ်တစိုက် သွားကြလေ၏ ။

ထိုနောက် များမကြာမီ လူတစ်ယောက် ထိုကွင်းထဲ၌ တွေ့ပြန်လေရာ ထိုလူက ဟေ့လူတွေ ပြေးလှချည်လား ။ ဘာဖြစ်သလဲဟု မေးလိုက်လေ၏ ။ သာဆန်းက နွားပျောက်လို့ဗျို့ ။ သတင်းကြားတာနဲ့ လိုက်တာဟု မောသံနှင့် ပြောရင်း မရပ်ဘဲ ပြေးလေ၏ ။

အခြားလူ သုံးယောက်မှာ လှည်းတန်းတစ်ခုမှာ ရပ်ကာ ၎င်းတို့ကို ကြည့်၍ နေကြဟန်ရှိလေ၏ ။ သို့သော်လည်း မေးမြန်းခြင်း မပြုကြချေ ။ ၎င်းတို့သည် လူသူလေးပါး မမြင်ရအောင် လမ်းကို အဘယ်မျှပင် ရှောင်သော်လည်း ပွဲရှိသောကြောင့် မိမိနည်းတူ ဖြတ်လမ်း သွားသူတို့နှင့် မလွတ်နိုင်သဖြင့် တစ်ခါတစ်ခါ တွေ့ရခြင်း ဖြစ်လေ၏ ။

ဆိုင်းသံသည် တဖြည်းဖြည်း နီး၍ လာလေ၏ ။ နောက်အတန်ကြာသောအခါ အဝေး၌ မီးရောင်များနှင့် သွားလာကူးသန်းသော လူများကို မြင်စပြုလေ၏ ။ ဇာတ်ဝင်မီးအိမ်သည် အဝေးမှ လူများကို လှမ်း၍ ခေါ်ဟန် ရှိလေ၏ ။ လယ်ပြင်၌ အဆီးအတား မရှိသော လေသည် လှည်းလမ်းများက ဖုန်မှုန့်များကို မမြင်နိုင်သော လက်ဖြင့် ဆုပ်ယူကာ ကြဲဖြန့်သည်နှင့် တူလေ၏ ။ ခေါ်သံ အော်သံတို့နှင့် လှည်းများ၏ ခလောက်သံ ခြူသံတို့သည် ဆိုင်းသံများနှင့် ရော၍စပ်ကာ မည်းမှောင်သော လေပြင်မှာ ပွဲသတင်းကို ဆောင်ကြလေ၏ ။

မည်းနက်သော ကတ္တီပါကောင်းကင်မှာ ကြယ်တို့ သည် ဘော်ကြယ်တွေ ပေါက်သလို မှေးမှိန်သောအလင်းဖြင့် အမှောင်ကို ဖောက်ထွင်းရန် ကြိုးစားကြလေ၏ ။ နာနာဘာဝ ၊ ဖုတ် ၊ ပြိတ္တာ ၊ တစ္ဆေကြီးတွေ မတ်တတ်ရပ်၍ နေသည်နှင့်တူသော သစ်ပင်တို့သည် ၎င်းတို့ကို ဆိတ်ငြိမ်စွာ ကြည့်၍ နေကြဟန် တူလေ၏ ။

နှစ်ယောက်သား မရပ်မနား ပြေးကြရာ ရွာကို မည်းနက်သော တိမ်တန်းပမာ မြင်စပြုကြလေ၏ ။ တဖြည်းဖြည်း ရွာမီးများ လမ်းပေါ်၍ လာလေ၏ ။ ခွေးဟောင်သံ ၊ မောင်းထောင်းသံတို့ကို ကြားစပြုလေ၏ ။ ရွာထိပ်မှ ပွဲဘက်သို့ သွားသောလမ်းတွင် လှုပ်ရှားသွား လာသော မထင်ရှားသော သဏ္ဌာန်များကို မြင်ကြလေ၏ ။ တစ်ခါတစ်ခါ အမှောင်ကို လှည်းလမ်းမှထသော ဖုန်များက ထပ်၍ ဖို့သဖြင့် လှုပ်ရှားသွားလာသော ကြီးသော ပုရွက်ဆိတ်ကြောင်းကြီးနှင့် တူသောသဏ္ဌာန် မှာ ပျောက်ကွယ်၍ သွားလေ၏ ။

လှည်းလမ်းမှ လွင့်သော ဖုန်များသည် ပြင်းထန်သောအနံ့ကိုဆောင်ကာ မောပန်းစွာ အသက်ရှူသော အပြေးသမားနှစ်ယောက်၏ နှာခေါင်းများကို ဆို့ပိတ် လုခမန်း ဝင်ရောက်ကြလေ၏ ။ မျက်နှာများ ၊ လည်ပင်းများမှာ ချွေးသည် ဖုတ်နှင့်ရောလျက် အသားလှကတ္တီပါ ဆေးရည်တစ်မျိုးကို သုတ်လိမ်းသလို ဖြစ်၍ နေလေ၏ ။

ပွဲသွားပွဲလာတို့မှာ တစ်စုံတစ်ရာ လှုပ်ရှားခြင်း မရှိသည်ကိုထောက်လျှင် မယ်ရင်ကို လှည်းတင်ခြင်း အလုပ် အထမမြောက်သေးကြောင်း သိရလေ၏ ။

ရွာကို အရောက် ပြေးရမလား ၊ ရောက်၍ မယ်ရင်တို့ သားအမိကို အုပ်မိလျှင် တော်ရဲ့ ။ မအုပ်မိ၍ ပွဲသို့ သွားဖြစ်ချေက အဘယ်နေရာမှာ ရှာရဖို့ ခက်လေ၏ ။ ပွဲသွားပွဲလာများဘက် သွား၍ မေးမြန်းစုံစမ်းလျှင် သိကြပါ့မလား ။ စုံစမ်းနေခိုက် အချိန်ကုန်ကာ အောင်သာ၏ အကြံ အောင်လေမည်လားလည်း စိုးရိမ်လေ၏ ။ သို့ဖြစ်သောကြောင့် တစ်ခဏမျှ ရပ်ကာ နှစ်ယောက်သား ထိုင်ရာ သာဆန်းက ပွဲဈေးတန်းဘက်ကို လာလျှင် သာ၍ ကောင်းမည် ။ ရွာမှာတော့ ရှိတော့မည် မဟုတ် ။ နေရာကောင်း ရအောင် စောစောထွက်ကြမှာပဲဟု ပြောသည် ။ ပွဲလမ်းကို ပြေးကြပြီး အတန်ကလေး ကြာသောအခါ အရှိန်ကိုသတ်ကြလျက် လာသူများကို ဆီးစောင့်ကြည့်ရှု ကြလေသည် ။

မယ်ရင်တို့ သားအမိကို မမြင်ရချေ ။ ကြည့်ရာ ဘိုးလှသည် အဖော်မိန်းမကြီး နှစ်ယောက် အလယ်၌ မိန်းမပျို ပျပ်ပျပ်တစ်ယောက်ကို မြင်သဖြင့် သာဆန်းကို လက်ကုတ်ပြီး ဟောဟိုမှာ လှရင် မဟုတ်လား ။ အောင်သာကြီး နှမလို့ ငါထင်တာပဲ ပြောလေ၏ ။

သာဆန်းက အသံကို ချုပ်ကာ ရယ်လျက် မယ်ရင် ကို ကြည့်ပါလို့ ဆိုတာ ခင်ဗျားမျက်စိက လှရင် ကို ရှာနေတာကိုဗျာ့ ။ တယ်မြင်တတ်ပေတယ် ။ အခုနေ လှရင် က ပြေးရအောင်လို့ ပြောရင် နှမတစ်ယောက် ဘာဖြစ်ဖြစ် ဆိုပြီး ထားခဲ့မှာလားဟု ပြောလေ၏ ။

အို ... မင်းကလည်း မဟုတ်တာ ။ မင်းကလည်း မင်းအတွက် ပြောနေတာပါလား ဟု ဘိုးလှက တိုတိုတုတ်တုတ် ပြန်၍ပြောလိုက်လေ၏ ။

၎င်းတို့ နှစ်ယောက်မှာ ညီအစ်ကို ကဲ့သို့ ချစ်ခင်ကြလေရာ နှမကလေး မယ်ရင်ကို သာဆန်း ပိုးကြောင်း ၊ ဘိုးလှ ကောင်းစွာ သိသော်လည်း သာဆန်း၏ စိတ်သဘောဖြောင့်မှန် ၊ တည်ကြည်ရဲရင့်စွာ စွန့်စားတတ်ခြင်းကို သိသဖြင့် ခွင့်လွှတ်ကာ လျစ်လျူရှုထားခဲ့ရာ ထိုအကြောင်းနှင့် ပတ်သက်၍ ဤတစ်ကြိမ်သာ မိမိ သိသော အရိပ်အခြည်ကို သာဆန်း သိအောင် နှုတ်ဖြင့် ပြောလိုက်ခြင်း ဖြစ်လေ၏ ။

တစ်ဖန် ဘိုးလှက သာဆန်းကို လက်တို့ကာ “ အဲဒီမိန်းမကြီးက ဒေါ်လုပ်ကြီး လားကွယ့် ။ သေသေချာချာ ကြည့်စမ်းပါဦး ။ ဒေါ်လုပ်ကြီး ဖြစ်ရင် ကော်တာပဲ ။ ဒေါ်လုပ်ကြီးနဲ့ ငါနဲ့တော့ ဖြောင့်ပြီးသား ။ ပထမဦး သူက စပေးလို့ လှရင်နဲ့ ငါနဲ့ ဖြစ်ရတာ ၊ နောက်မှ အောင်သာကြီးကို ကြောက်လို့ ဒေါ်လုပ်ကြီး နောက်ဆုတ် နေတာ ။ ငါနဲ့ လှရင် ဖြစ်တဲ့အထဲ ၊ ဒေါ်လုပ်ကြီး ပါတာ ဘယ်သူမှ မသိဘူး ။ ဒေါ်လုပ်ကြီး အပေါ်မှာ ငါ့ကျေးဇူး တွေ တော်တော်များတယ် ”

သာဆန်းက “ လာလာချေ သေးဗျာ ၊ နှမ လူလုမယ် ကြံနေတဲ့အထဲမှာ .. ရည်းစားက အရေးကြီးနေလိုက်တာ ။ တော်ဗျာ ၊ လာ .. သွားမေးရအောင် ” ဟု ဒေါသနှင့် ပြောလေ၏ ။

ထိုအခိုက် ဒေါ်လုပ်ကြီးနှင့် လှရင်သည် လူစု ထဲမှ ခွဲထွက်ကာ ကိစ္စအသေးအဖွဲ အတွက်လိုလို လှည်းလမ်းမှ ထွက်လာကြသည်ကို မြင်ရလေလျှင် ဘိုးလှ၏ ရင်ထဲ မှာ အေးတစ်ချက် ၊ နွေးတစ်ခါ အမောတွေ အပန်းတွေ ပြေ၍ သွားပြီး မယ်ရင်ကို အောင်သာ လှည်းတင်မည့် အရေး သာဆန်း သတိပေးလို့မှ သတိမရအောင် မေ့တစ်ချက် လျော့တစ်ချက် ပြုစပြုလေ၏ ။

သာဆန်းက လက်ကို ဆွဲကာ အတွင်သာ ခေါ်လေ၏ ။ ဘိုးလှသည်ကား မြေစိုက်သစ်ငုတ်ကြီးလို ဖြစ်ကာ မရွေ့မလျား ။ လှရင်၏ ယဉ်ကျေးလှပသော ရူပါရုံကို ပြေး၍ ပိတ်မိဟပ်မိသော စက္ခုအာရုံကြိုးဆိုင်း၍ ထားသလို ဖြစ်၍ နေလေရာ နေရာမှ မခွာနိုင်ဘဲ နေလေတော့ သတည်း ။

လှရင်နှင့် ဒေါ်လုပ်ကြီးသည် လှည်းလမ်းရှိ သွားလာသူများနှင့် ဝါးတစ်ရိုက်ခန့် ကွာသော မီးလောင်သည့် စပါးငုတ်တိုတွေ ထောင်၍ နေသည့် ရိုးပြတ်လယ်ကွင်း အတွင်းသို့ ရောက်ကြလေလျှင် ဘိုးလှသည် သာဆန်း ကို ချုံအကွယ် တစ်ခုသို့ ဆွဲခေါ်ပြီး နှစ်ယောက်သား တိုင်ပင်လျက် နေကြလေ၏ ။

ထိုအခိုက်တွင် လူခေါ်သော ပတ်မကြီးနှင့် လင်းကွင်းကြီး၏ အသံသည် လေမုန်တိုင်း ကြမ်းသလို အာကာသကောင်းကင်မှာ သောင်းကျန်း၍ နေသည်ကို ကြားရလေ၏ ။ သာဆန်းသည်ကား ဘိုးလှကို များစွာ စိတ်ဆိုးလျက် ကြိတ်ကာ ဆဲရေးတိုင်းထွာရင်း သွားလာ သူတို့ကိုလည်း မျက်တောင် မခတ်ဘဲ ကြည့်၍ နေလေ၏ ။

သို့ကြမ်းနေခိုက်တွင် ရင်ထဲမှာ ဖို၍သွားလေ၏ ။ အကြောင်းမူကား လှရင် ကဲ့သို့ မိန်းမကြီး တစ်ယောက် နှင့် တွဲယှဉ်၍ သွားသော မယ်ရင်ကို လူစုထဲတွင် မြင်ရ လေသတည်း ။

သာဆန်းသည် မယ်ရင်ကို စိုက်ကာ ကြည့်၍နေ လေ၏ ။ ပျောက်၍ သွားမှာကို လွန်စွာ စိုးရိမ်၍နေလေ၏ ။

ထိုအခိုက်တွင် လှည်းလမ်းတစ်ဖက် မည်းမည်းမည်းမည်းနှင့် သွားသော မထင်ရှားသော လူလေးငါးယောက်တို့၏ အရိပ်အယောင်ကို သာဆန်း မြင်ရလေရာ ဘိုးလှ ကို လက်ကုတ်လေ၏ ။

ဘိုးလှ သည်ကား သာဆန်း လက်ကုတ်သည်ကို မသိ ။ စိုက်မိစိုက်ရာကို စိုက်ကာ တောင်ပို့ကြီးပမာ အဓိဋ္ဌာန်သည့် ရသေ့ကြီးအလား တစ်စုံတစ်ရာအတွင်း သို့ စိတ်ဝင်စား၍ နေလေသတည်း ။

“ ဟေ့လူ ဟိုဘက်မှာ မြင်ရဲ့လား ။ ကြည့်ပါဦး ... ခင်ဗျားကြီးရဲ့ ။ သိပ်ခက်တဲ့လူပါဗျာ ” စသည်ဖြင့်ပြောကာ တင်ပါးကို ဆိတ်လေ၏ ။

ဘိုးလှသည်ကား မလှုပ်မယှက် ကိုယ်ကျောက်တုံး ဖြစ်ကာ နေလေ၏ ။

“ တယ်ခက်ပါကလားကရို …. ခင်ဗျားနှမ ပါတော့မယ် ။ ဟိုဘက်မှာ အောင်သာကြီးတို့ လူစု ခင်ဗျာ့ ။ မယ်ရင်ကို သုတ်တော့မှာ ” ဟု ပြောကာ ပေါင်လိမ်၍ ဆွဲပြန်လေ၏ ။

ဘိုးလှသည်ကား သစ်တုံး ဖြစ်မြဲအတိုင်း နေပြန် လေ၏ ။

“ တယ်လေ ... ဘယ်နှယ်ဖြစ်ဖြစ် ကျောလှံနဲ့ ဆောင့် သ,တ်လိုက်ရရင် ဖားသေသေတော့မှာပဲ ။ ဘယ်နဲ့ အကောင်ကြီးများ တွေ့နေရပါလိမ့်ဗျာ ။ ဟိုဘက်မှာ ခင်ဗျာ့ ရန်သူတွေ ” ဟု နားနားကပ်ကာ ပြောလေ၏ ။

ဘိုးလှသည် ပါးမှ ခြင်ကို ပုတ်သလို လက်နှင့် ပုတ်ပြီး “ ဟင် ... နေပါဦးလေ ... တယ်လောတာကို ... ” ဟု ပြန်၍ ပြောပြီး လှရင် ဒေါ်လုပ်ကြီးတို့ ဘက်ကိုသာ စူးစိုက်၍ နေလေ၏ ။

သို့နေရုံမက သာဆန်း၏ စကားကို အနည်းငယ်မျှ အမှတ်ထားပုံမပေါ်သည့်အမူအရာနှင့် “ ဟေ့ …. သာဆန်း ၊ ဘယ်နှယ့်ဖြစ်ဖြစ် ၊ ငါ .. လှရင်ကို အတင်းသုတ်ချင်ပြီ ။ ဒေါ်လုပ်ကြီး ဘာဖြစ်မှန်း မသိဘူး ။ ကြည့်စမ်း ကြည့်စမ်း ။ လှရင်က စောင့်နေရရှာတယ် ”

“ တော်ပါဗျာ ၊ ခင်ဗျား ကျုပ် အလကား လာပြောပါတယ် ။ ဟိုဘက်မှာ အောင်သာတို့လူစု ခင်ဗျား မြင်ရဲ့လား ။ ဟိုမှာ မယ်ရင် ။ လူတွေ ကျပ်နေလို့ ရှေ့မတိုးနိုင်ဘူး ။ ဟောဟို ကြံဆိုင်မှာ ရပ်နေတယ် ။

“ ဟင် .. ဟုတ်လား ။ ဘယ်မလဲ ။ အေး ... အောင်သာ ဘယ်မလဲ ”

ထိုအခိုက်အတွင်း ခြူသံ ၊ ခလောက်သံ မပါ လှည်းသံချည်း မှောင်ထဲတွင် ကြားရ၍ ကြည့်ကြရာ မည်းမည်းရိပ်ရိပ် ခပ်လှမ်းလှမ်းမှာ ရပ်လာသော လှည်းယာဉ်ကလေးနှင့် တူသော အရာကို မြင်ကြရလေ၏ ။

ဘိုးလှသည်ကား ပွဲထဲတွင် မတ်တတ်ရပ်နေသော လှရင် ကိုသာ အာရုံစိုက်လျက် နေလေ၏ ။

သာဆန်းက လက်တို့ကာ “ ဒီလှည်းနဲ့ တင်မှာပဲ ။ လာလာ .. လှည်းနား သွားစောင့်ရအောင် ” ဟု ပြောလေရာ ...

အေး ... ဟု ပြောပြီး နောက်သို့ အတော်ဝေးစွာ ဆုတ်ခွာလျက် ကျွဲစားကျက် တောစပ်တစ်ခု၏ အရိပ်အယောင် သာလွန်မှေးမှောင်သော နေရာသို့ သွားကြလေ၏ ။

သို့ ကျောခိုင်း၍ သွားကြခိုက်တွင် တရုတ်ရုတ် ဆူညံလှုပ်ရှားသော အသံများကို ကြားရသဖြင့် လှည့် ကြည့်ရာ လူတွေ ရှုပ်ယှက်ခတ်၍နေကြသည်ကို လည်းကောင်း ၊ မထင်မရှားသော လူလေးငါးယောက် ၊ မိန်းမ နှင့်တူသော သဏ္ဌာန်တစ်ခုကို ပွေ့ချီကာ လှည်းဘက်သို့ ပြေးကြသည်ကို လည်းကောင်း မြင်ကြရလေ၏ ။ ထိုအခါ လှည်း ရှိရာသို့ နှစ်ယောက်သား ပြေးကြရာ လှည်းနှင့် မနီးမဝေးသို့ ရောက်လျှင် ရုန်းကန်နေသော မိန်းမတစ်ယောက်၏ ပါးစပ်မျက်နှာများကို အဝတ်များနှင့် စည်းနှောင်ကာ အတင်းအဓမ္မ အကြမ်းကိုင်ကြလျက် လှည်းပေါ်သို့ တင်ရာ လှည်းပေါ်ရှိ လူသုံးယောက်က ဆီး၍ အတင်းဆွဲပွေ့ကြပြီး လှည်းထွက်၍ သွားသည်ကို မြင်ကြရလေ၏ ။

ထိုရှုပ်ပွေသော အလုပ်သည် စက္ကန့်အနည်းငယ်မျှ လေပွေဝှေ့သလို မှတ်ထင်လိုက်ရလေ၏ ။

သာဆန်းနှင့် ဘိုးလှသည် တစ်ဟုန်ထိုး ပြေးခုန်ကာ လှည်းနောက်မြီးကို ဆွဲကိုင် လှည်းပေါ်သို့ ခုန်တက်ကြလေရာ လှည်းပေါ်က လူတစ်ယောက်က နေရာ မရှိဘူးဗျာ ။ ခင်ဗျားတို့ပါ လိုက်လို့ ဘယ်ဖြစ်မလဲဟု ပြောလေရာ သာဆန်းနှင့် ဘိုးလှကို သူတို့က ဤ မိန်းမကို ဖမ်း၍ တင်ပေးသော မိမိတို့၏ အဖော်များဟု မှတ်ထင်ကြောင်း သာဆန်း၏ လျင်မြန်သော စိတ်၌ အသိပေါ်ပေါက်ကာ အို ... ကိစ္စမရှိဘူး ။ ဟိုဘက်နား အထိ တင်ပါ ဟု ပြောရင်း တအား ကျားစီးသလို စီး၍ တွန်းပြီး လှည်းပေါ်မှ လူတစ်ယောက်ကို ကန်ချလိုက်လေ၏ ။ ကျန်နှစ်ယောက်မှာ ခုခံမည် ပြုပြီးမှ ဓားချက် ဦးတော့မည်ကို မြင်သောအခါ ပြန်၍ ထိုင်ကြလေ၏ ။ သာဆန်းသည် တစ်ယောက်ကို အတင်းကန်၍ ချပြန်၏ ။ တစ်ယောက်က မိမိဘာသာ ခုန်ဆင်း၍ ပြေးလေ၏ ။

မိန်းမမှာ ကြောက်အားနှင့် ဝပ်လျက် ခေါင်းငုံ့၍ နေလေ၏ ။ ဘိုးလှက ရှေ့ကိုမောင်း ၊ ရှေ့ကိုမောင်း ဟု ပြောပြီး မယ်ရင် ... မယ်ရင် ကိုင်း … ဘယ့်နှယ်ရှိစ ပွဲကြည့်ချင်ဦး ဟု သက်မကြီးချသော အသံကြီးနှင့် တိုင်းထွာပြီး ပွေ့ယူကာ မျက်နှာ၌ လွှမ်းမိုးထားသော အဝတ်များကို ကပျာကယာ ဖြေလေ၏ ။ ဖြေရင်းဆဲရေး ကြိမ်းမောင်း လေ၏ ။ ငါတို့နဲ့ တွေ့လို့ပေါ့ ။ မတွေ့ ရင် မခက်ဘူးလား ။ သာဆန်း လာပြီး ပြောပေလို့ပေါ့ ။ ကိုင်း ... သာဆန်း ငါ့စာရင်းဒိုင် အိမ်ကိုပဲ မောင်းဟေ့ ။

မယ်ရင် သည်ကား စကားပြန်၍ မပြောဘဲ ထိတ်လန့်ရာမှ သတိ မရသေးသကဲ့သို့ ဖြစ်၍ နေလေ၏ ။

မယ်ရင် ၊ မယ်ရင် ၊ ငါလေ ... အစ်ကိုလေ ၊ ဘာဖြစ်သလဲ ။ ဘယ်နဲ့လုပ်ကြသလဲ ။ ဟိုမှာလေ သာဆန်းရယ် လေ ။ ဟေ့ ... သာဆန်း လာပါဦးကွယ့် ။ စကားလည်း မပြောဘူး ။ မှောင်မိုက်တာကလည်း မည်းလို့ ။ ဘယ်လို နေသလဲလည်း မသိရဘူး ။ လာပါဦး ဟု ပြောကာ နွားကြိုးကို ကိုင်လေ၏ ။ ကံအားလျော်စွာ လှည်းလမ်းသို့ ရောက်လေရာ စွတ်၍ မောင်းလေ၏ ။

မှောင်ထဲ၌ အဘယ်ကိုရောက်သည်ဟု မသိကြရချေ ။ မှောင်သော ညဉ့်အခါ၌ လယ်ပြင်၌ မျက်စိလည် လမ်းမှားခြင်းသည် ပင်လယ်မှာ လမ်းမှားသည်နှင့် မခြား လှချေ ။

သာဆန်းသည် နွားကြိုးကို ဘိုးလှ အား ပေးပြီး မယ်ရင်ကို လာ၍ ပွေ့ထူကာ မယ်ရင် ၊ မယ်ရင် ၊ ဒီမှာလေ ။ ငါလေ …. ဘယ့်နှယ် နေသေးသလဲ စသည်ဖြင့် တုန်လှုပ်သောအသံနှင့် ပွေ့ချီယုယကာ မေးလေ၏ ။

မှောင်၍ နေသောကြောင့်နှင့် နောက်ကို ပြန်၍ မကြည့်ရှု ဂရုမစိုက်နိုင်သောကြောင့် တစ်ကြောင်း ၊ သာဆန်းသည် မယ်ရင် ကို သဘောရှိ ပွေ့ကိုင်ခြင်း ပြုနိုင်လေ၏ ။

မယ်ရင်သ ည်ကား စကားပြန်၍ မပြော ။ ငိုရှိုက်ရင်း ဒေါသနှင့် ဖယ်ပါ ၊ မထိပါနဲ့ ။ ရှင် ဘယ်သူလဲ ဟု မေးလိုက်လေ၏ ။

" ဘိုးလှလည်း အသံကို ကျက်မိသဖြင့် သာဆန်း အား “ ဟေ့ ... ဟေ့ ... လာလာ ၊ ကြိုးကိုင် .. ငါ သိပြီ ။ ငါ သိပြီ ” ဟု ပြောကာ ငိုရှိုက်လျက် နေသူကို ပွေ့ယူပြီး မှန်းစမ်း နင့်မျက်နှာ ဟု ပြောကာ သေချာစွာ ကြည့်လေရာ မိန်းမက အမယ်လေး ကိုဘိုးလှ ရဲ့ ဟု ပြောကာ ဘိုးလှ ၏ လည်ကို ဖက်၍ ငိုလေ၏ ။

ဘိုးလှသည်ကား ပြန်လှန် မေးခွန်းမထုတ်တော့ဘဲ တအားပွေ့ယူကာ ဖြစ်မှ ဖြစ်ရ လေ ... အောင်သာ ရယ် ။ ငါ့နှမကို ကြံလိုက်တာ ။ နင့် နှမ ဖြစ်နေပါပေါ့ကလား … ဘယ့်နှယ်လဲ လှရင် ... ဒါ ငါ့အကြံ မဟုတ်ဘူး ။ ငါ့ကို အလွဲများ မထင်နဲ့ ။ ဖြစ်ပျက်ပုံ မြင်ရဲ့မဟုတ်လား ဟု ပြောလေရာ သာဆန်းမှာ အံ့အားသင့်လျက် ရင်ဘတ်ကို လက်နှင့် ဖျန်းခနဲ မြည်အောင် တီးပြီး မောလိုက်လေဗျာ ဟု ညည်းပြီး နွားကိုသာ ကြိမ်သခါ မောင်းနှင်၍ နေရရှာလေတော့သတည်း ။

ထိုနွားကို သာဆန်းက ကြိမ်သ၍ မောင်းနှင်ခိုက်မှာ ဘိုးလှက မှားယွင်းသူ အောင်သာ၏ နှမ ဖြစ်သော မိမိ ချစ်သူ လှရင်၏ ကျောကို လက်နှင့် ပွတ်သပ်ကာ အားမငယ်ရအောင် တရားဆွယ်လျက် မယားသယ် ဖြစ်ဖို့သာ စိတ်ကို တုံးချပေတော့ ။ ပြန်လို့ မလွှတ်နိုင် ။ ပိုင်စရှိ မှဖြင့် ပိုင်တော့မည် ။ မိမိက အနိုင် ကြံရသည်လည်း မဟုတ် ။ သင့်မောင်က သဒ္ဓါတက်ကာ လာဆက်သည့် မယားမို့ ကြိုးစား၍ ပေါင်းရတော့မှာပဲ ဟူသောအကြောင်း များကို လှရင်၏ နားတွင်းသို့ မရပ်မနား အသက်မရှူဘဲ ခရားအတွင်းက ရေကို သွန်းသလို ကစားရင်းပင် စကား သွင်းလျက် လင်းရှာလေတော့သတည်း ။

နံနက် မိုးလင်းသောအခါ အောင်သာ နှမကို လှည်း တင်ပြီး သူကြီးသား တစ်ယောက်လက်သို့ အပ်လိုက်သည် ။ ထိုအခင်းဖြစ်ပွားလျက် အောင်သာ၏ မိဘ ဆွေမျိုးများမှာလည်း ကျီးကန်းတွေ ဆူညံသလို ဖြစ်နေကြလေ၏ ။ အောင်သာမှာ ညက နှမကို လှည်းတင် ရသဖြင့် ရရှိသော အခနှင့် တစ်နေရာမှာ ပျော်ပါး သောက်စားမူးယစ်၍ နေလေရာ တစ်စုံတစ်ရာ အဖြစ် အပျက်အကြောင်းကို မသိ ။ မိမိ ကိုယ်တိုင်လည်း ပွေ့၍ မတင် ။ လက်အောက်ငယ်သား သရဲသဘက်များအား အလုပ်ကို လွှဲပြီး ကိုယ်တိုင်မှာ လျင်မြန်စွာ ရှောင်ရှား၍ သွားလာခဲ့သောကြောင့် မှားပုံကို မသိ ။ မိမိကိုယ်တိုင် လက်ညှိုးထိုး လွဲလေသလား ။ မိမိက တစ်ဆင့် ခိုင်းသူများကပဲ မှားလေသလား မသိရ ။ ရွာကို နံနက်အခါ ပြန်ရောက်၍ လာသည်နှင့် တစ်ပြိုင်တည်း ဆွေမျိုးတွေ ဝိုင်းအုံကာ မျက်နှာကို လက်ညှိုးနှင့် ထိုးဖောက်ကြတော့မလို ဆူပူကြသော အခါကျမှ ရှက်နာကြီး ကျပြီး သူကြီးသားထံ လျင်မြန်စွာ ပြေးလေရာ သူကြီးသားမှာ လှည်းပေါ်မှ ကျသော ဒဏ်ရာနှင့် မသက်မသာ ဖြစ်၍ နေသည်ကို တွေ့ရလေ၏ ။

အောင်သာသည်ကား သူကြီးသားဖြစ်ပုံကို မသိရသဖြင့် ၎င်း၏ အိပ်ရာအနီး ကပ်ကာ “ သူငယ်ချင်း ငါတော့ မှားခြင်းကြီး မှားတာပဲ သူငယ်ချင်းရယ် ” ဟု ပြောလေရာ သူကြီးသားမှာ ဣန္ဒြေကြီးစွာနှင့် အောင်သာ ကို မကြည့်ဘဲ မျက်နှာလွှဲ၍ နေလေ၏ ။

“ ပြန်ပေးပါ သူငယ်ချင်းရယ် ။ ငါ မှားတာကိုတော့ ပြောမပြပါရစေနဲ့တော့ ။ ငါတော့ ပြောမပြပါရစေနဲ့တော့ ။ ငါတော့ သုသာန်ထွက်ပြီး ငါ့ကိုယ်ကို လင်းတစာ ကျွေးပြီး သ,တ်ချင်တော့တာပဲ သူငယ်ချင်းရယ် ။ ဘယ်မှာထားသလဲ ။ ဖြေစမ်းပါ ။ မင်းငွေကို ပြန်ပေးဆိုရင်လည်း ပေးပါ့မယ် ။ ဟောဒီမှာ အခုတောင် ပါလာသေးတယ် ” ဟု ခါးပိုက်ကို ဖြေကာ ငွေစက္ကူ အစအနကလေးများကို ပြလေ၏ ။

သူကြီးသား ဘိုးမောင်က “ တန်ပါ အောင်သာ ရယ် ... မင်းမို့ အရှက်မရှိဘဲ ငါ့ဆီ မျက်နှာလာပြဝံ့တာ ။ ငါ အံ့သြလို့ မဆုံးဘူး ” ဟု ပြောပြီး မျက်နှာကို ရှုံ့ကာ စုတ်သပ်လျက် ခါးကို လက်တစ်ဖက်နှင့် နှိပ်ရင်း တစ်ဖက်သို့ စောင်းလိုက်လေ၏ ။

အောင်သာမှာ အစဉ်းစားခက်လျက် “ အင့်ဟင် မင်း ဘာကို ပြောတာလဲ ” ဟု မေးလေ၏ ။

ဘိုးမောင်သည် ဒေါသထွက်လျက် တစ်ဖန် ပြန်လှည့်ပြီး “ မင်းဉာဏ်တွေကို ငါ မသိဘူး ထင်သလား ”

“ ဘာဉာဏ်လဲ သူငယ်ချင်းရယ် ။ ချော်လဲသူကို မင်း ဖိထောင်းရင် ခံရမှာပဲ ။ ငါ ဘာဉာဏ်မှလည်း မယူရပါလား သူငယ်ချင်းရဲ့ ”

“ ဟေ ... မင်းတို့လောက်ပါးရင် ငါ မင်းတို့ကို မခိုင်းဘူး ။ ဟိုကောင်မကို တစ်ဖက်က လူဆိုးတွေ အစောင့်ခိုင်းထားပြီး ချက်ချင်း ပြန်ပြီးလုသွားတာ မင်း မသိဘူးလား ”

“ ဟင် .. ငါ မသိပါလား သူငယ်ချင်းရဲ့ ။ လှရင်ကို လူလုသွားသလား ။ အမယ်လေး သူငယ်ချင်းရဲ့ ဒါနဲ့ ကိုယ်ကျိုးကြီး နည်းတော့တာပါပဲ သူငယ်ချင်းရဲ့ ။ အတင်ခံရတာ ဟိုကောင်မကလေး မဟုတ်ပါဘူးတဲ့ကွယ် ။ ငါ့နှမပါကွယ့် ။ မင်းဆီဆို တော်သေးရဲ့ကွယ့် ။ ကိုယ့်လူချင်းထဲ ရောက်လို့ ၊ အခုတော့ ဘယ်ဇယ် ၊ ဘယ်ဝါ့သားက လာပြီး ကျုပ်နှမလေးကို လုသွားရလေခြင်း သူငယ်ချင်းရယ် ၊ အကောက် မကြံရရိုး အမှန်မို့ ငါ့နှမ မင်းဆီမှာ ရှိလို့ လက်မလွန်သေးရင် ပြန်ရမလား လာတာ သူငယ်ချင်းရယ် ။ ငါ့ကို အလွှဲမထင်ပါနဲ့ သူငယ်ချင်းရဲ့ ။ တစ်ဆိတ် ရှာပေးပါဦး ။ မင်းတို့ စုံစမ်းရင် သိနိုင်ပါတယ်ကွယ် ။ ငါ့နှမကလေး အချစ်ဆုံး နှမကလေးမို့ပါ သူငယ်ချင်းရဲ့ ။ မင်းနဲ့ဆိုရင် တော်ပါသေးရဲ့ ။ အခု ဘယ်သူခိုး ဘယ်ဓားပြ မကောင်းဆိုးဝါး လက် ရောက်ရသလဲဆိုတာ မသိရတာ ။ အသည်းနာစရာ ကောင်းတော့တာပဲ ” စသည်ဖြင့် မင်းသားကြီး ငိုချင်းချသလို မရှက်နိုင် ၊ မကြောက်နိုင် မူးယစ်သည့် အရှိန်ကလေးကလည်း တထောင်းထောင်းနှင့် ဇာတ်ကြောင်းကို ပြောလေရာ ဘိုးမောင်မှာ မယုံနိုင် ဖြစ်၍ နေပြီးမှ အဟုတ်အမှတ် မှားခြင်းဖြစ်ကြောင်း သိရသောအခါ ဖြစ်ပျက်ပုံကို ပြန်၍ပြော ခါးကြော ၊ ရင်ကြော ၊ တင်ပါးဆုံကြောတွေ ပုစွန် ကျစ်စာ မြေစိုင်ခဲတို့နှင့် အနှံ ခံရ၍ နာကျင်လှသောကြောင့် မထနိုင် ၊ မစုံစမ်းနိုင်ကြောင်း ဝမ်းနည်းစွာ ပြန်ပြောလိုက်ရာ အကြံရကျပ်ကာ အောင်သာ မှာ ရွာကို ပြန်ရန် မျက်နှာ မလှ ၊ ဝိုင်း၍ ဆဲဆိုကြမှာ စိုးသောကြောင့် မပြန်ဝံ့ဘဲ တလည်လည် ခြေဦးတည့်ရာ သွားရရှာလေတော့သတည်း ။

သို့သွားရာ ဇရပ်ပျက်ကြီး တစ်ခုသို့ ရောက်လျှင် နေပူသဖြင့် ၎င်းဇရပ်အောက်၌ ထိုင်ကာ အမောဖြေနေခိုက်မှာ အပေါ်မှ ခစ်ခနဲရယ်သော မိန်းမရယ်သံလိုလို ကြားရသဖြင့် မော်၍ ကြည့်ရာ တိုး၍ ရယ်ပြန်လေ၏ ။ အောင်သာသည် မော်၍ ကြည့်ရာ ( နှမကို လှည်းတင် ရလို့ မောလာတာ ထင်ပါရဲ့ ) ဟူသော စကားကို ကြားရပြန်လေရာ ရှက်ရှက် ဒေါသထွက်လျက် ဇရပ်ပေါ်သို့ လှည့်၍ တက်ရာ လှရင်၏ ခါးကို လက်တစ်ဖက်နှင့် ဖက်ကာ တစ်ဖက်မှ ဆောင်ဓားကို ကိုင်လျက် မတ်စွာ ရပ်၍ နေသော ဘိုးလှကို တွေ့ရလေ၏ ။

ထိုအခိုက် စန္ဒရီပမာ လှံကို ထမ်းလျက် မီးဖိုချောင် နှင့်တူသော နိမ့်သော အထပ်ခန်းကလေးမှ တက်ရောက်လာသော သာဆန်းကို မြင်ရလေလျှင် အံ့အားသင့်လျက် ရပ်တွေ၍ နေလေသတည်း ။

ထိုအခိုက် လှရင်က “ နှမ တစ်ယောက်လုံးကို ငွေနဲ့ ရောင်းပြီး စတုဒီသာ စွန့်ဖို့ကြံတာ ... အခု ကိုဘိုးလှနဲ့ ကိုသာဆန်း ကယ်လို့ ချမ်းသာတာ ။ အခု ဘာ မကောင်း ကြံချင်သေးသလဲ ” ဟု ပြောရာ ...

အောင်သာက “ ဘာမှ မကြံပါဘူးကွယ် ။ မင်းတို့ သဘောအတိုင်းပါ ” ဟု ပြောပြီး ပြန်ရန် ဆင်းတော့မယ် အပြုမှာ သာဆန်းက “ ဟေ့လူ ဒီမှာ ပြောစရာရှိသေးတယ် ” ဟု ခေါ်ပြီး အခု သတင်းဖြစ်နေမှာက နှမကို ကာလသားတစ်စုကို ငွေနဲ့ ရောင်းစားတယ် ဆိုတဲ့ သတင်းမျိုး ၊ သည်တော့ ခင်ဗျား အင်မတန် ယုတ်မာသူ ဖြစ်နေတယ် ။ ကျုပ်တို့နဲ့ မတွေ့ရင်လည်း အများကြီး ပြောကြမှာလို ဖြစ်မှာပဲ ။ သည်တော့ကာ ခင်ဗျားအပေါ်မှာ အပြစ်ပေါ့အောင် ဒီလိုပြော ... ”

“ ဘယ်လို ပြောရမလဲ ”

“ ပြောမလား ”

“ ပြောသင့်လည်း ပြောရတာပေါ့ ”

“ ကိုင်း ... ဒီလိုဖြင့် ပြောသင့်တာပဲ ။ ဒီလိုပြော ။ ကိုဘိုးလှကို ချစ်လို့ ။ ကိုယ်တိုင် သဘောတူလို့ လှရင်ကို တမင် ဘိုးလှနောက် ထည့်လိုက်တယ်လို့ ပြောင်ပြောင်သာ ပြောလိုက် ၊ ကိုဘိုးလှကလည်း ကျုပ် ပင်ပန်းတဲ့ အတွက် မယ်ရင်ကို ကျုပ်လက်သို့ မြန်မြန်အပ် ။ ကြာကြာ မဆိုင်းနိုင်ဘူး ” ဟု ပြောလေရာ ...

ဘိုးလှက “ မင်းသဘောပဲ ။ အပ်ဖို့ မလိုပါဘူး ” ဟု ပြောပြီး အောင်သာဘက်သို့ လှည့်ကာ “ ဘယ့်နှယ်လဲ ပြောမလား ” ဟု မေးရာ အောင်သာက အတန်ငယ် စဉ်းစားပြီး ပြုံးလျက် ကိုင်းလေ ပြောတာပေါ့ ။ ဒါတော့ ကြံကြံဖန်ဖန် ဖြစ်ရတဲ့အကြောင်းကို ပြောမယ်ဟု ပြန်၍ ပြောပြလေ၏ ။

ထိုနေ့ညနေ တောထဲ၌ ဝှက်၍ထားသော လှည်း နှင့် နွားကို ထုတ်ကာ အောင်သာသည် နှမနှင့် ယောက်ဖကို အိမ်သို့ ကိုယ်တိုင် ပို့ကာ မိမိ ဝန်ခံသည့် ကတိ အတိုင်း ပြောရလေ၏ ။

အောင်သာမှာ လူမိုက်လူဆိုး ဖြစ်လေရာ ၎င်း၏ သဘောတူခြင်း ရရှိပြီး သူတို့မှာ အခက်အခဲ မရှိတော့သည် ဖြစ်ရကား မကြာမီ မိုးသံလေသံတွေ ဝေလျှံ၍ အလာ နံနက်နေ ထန်းတစ်ဖျားလောက် အချိန်တွင် ကိုယ်ပိုင်လယ်ကို ထယ်ထိုးလျက်နေသော မောင်ဘိုးလှ နှင့် မနီးမဝေး လယ်ကန်သင်းများပြင်လျက်ရှိသည့် သာဆန်း ထံ လှရင် နှင့် မယ်ရင်တို့ ထမင်းပို့ လာကြလေ၏ ။

လယ်ကန်သင်းဆုံ ကြို့ပင်ကြီး၏ အရိပ်အောက်၌ ထမင်းကို တပျော်တပါး စားကြမည် ပြင်၍နေခိုက်တွင် ဝါးကျည်တောက်ကြီးတစ်လုံးကို လွယ်လျက် ခါးထောင်းကျိုက်ကြီး တကြားကြားနှင့် အပါးသို့ ရောက်၍ လာသူသည်ကား ထန်းတောမှ ထန်းရည်လွယ်၍ လာသော အောင်သာ ဖြစ်လေရာ ငါးယောက်သား ရယ်မောပြောဆိုကာ ပျော်ပွဲကို ကျင်းပ၍နေကြသည်ကို မြင်နိုင်လေသတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment