❝ အစွန်းအထင်း ❞
( နောင်ရိုးနွယ် - မုံရွာ )
အခန်း ၁
“ အဖေ ... သမီး သွားလိုက်ဦးမယ်နော် ၊ အဖေ့ဖို့ ဘာမုန့် ဝယ်ခဲ့ရဦးမလဲ ”
အဖေက ခေါင်းယမ်းပြတယ် ။ ကျွန်မ အဖေ့ကို ကောင်းပေ့ဆိုတဲ့ မုန့်တွေ ဝယ်ကျွေးချင်တာပါ ။ ဒါပေမဲ့ အဖေက လက်မခံဘူး ။ အခု လောက်ထိအောင် ခေါင်းမာ နေနိုင်လိမ့်မယ်လို့လည်း ကျွန်မ မထင်ခဲ့မိတာ အမှန် ။ အဖေက သိပ်ပြီး ခေါင်းမာတယ် ။ အထူးသဖြင့် ကျွန်မ အပေါ်မှာ အခဲမကျေသေးဘူး ၊ အခုအချိန်ထိ အမျက်ရှနေတုန်း ဆိုတာ ကျွန်မ သိပါတယ် ။ ကျွန်မ ကျွေးတဲ့မုန့် မှန်သမျှ အဖေ မစားဘူး ။ နောက်ဆုံး ကျွန်မ ကျွေးတဲ့ ထမင်းကိုတောင် အဖေက မစားဘူး ။ ဒါကြောင့် အဖေ့ကို ထမင်းကျွေးဖို့ အတွက် လူတစ်ယောက် ငှားပေးထားရတယ် ။
“ ကြီးမေ ... နောက်ထပ် နာရီဝက်လောက်နေရင် အဖေ့ကို ထမင်း ကျွေးလိုက်နော် ၊ ကျွန်မ ဆိုင်ကို ခဏ သွားလိုက်ဦးမယ် ။ နောက်ပြီး ဒီနေ့ အိမ်ကို မျိုးတင့်လာ လိမ့်မယ် ထင်တယ် ။ ကင်းဘတ်စ တချို့ လာပို့လိမ့်မယ် ၊ သူ မနေ့တုန်းက မလာအားလို့ ။ တကယ်လို့ မျိုးတင့် လာရင် ကျွန်မကို စောင့်ခိုင်းထားပါဦး ။ ကျွန်မလည်း သိပ်မကြာပါဘူး ”
“ အေးအေး သမီး ... ကြီးမေ အားလုံး လုပ်ထားလိုက်ပါ့မယ် ”
“ သမီး သွားလိုက်ဦးမယ်နော် အဖေ ”
အဖေက ဘာမှ ပြန်မပြောဘူး ။ ကျွန်မကိုသာ ရီဝေစွာ စိုက် ကြည့်နေတယ် ။ ကျွန်မ လည်း အခန်းထဲကနေ ချက် ချင်း ထွက်လာခဲ့လိုက်တော့ တယ် ။ အဖေ့ ပါးစပ်က ပြောလာမယ့် “ အေးအေး သမီး ” ဆိုတဲ့ အသံကို ကျွန်မ သိပ်ကြားချင်တာပေါ့ ။ ဒါပေမဲ့ အဖေ့ဆီက ဒီလိုစကားကို ကြားရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ အဖေ ကျွန်မကို စကား မပြောတော့တာ နှစ်တွေမှ မနည်းတော့ပဲ ။ အမေ မရှိ ကတည်းက ဆိုတော့ အခု ဆိုရင် ဆယ်စုနှစ် တစ်ခုတောင် ကြာခဲ့ပြီ ။ ကျွန်မလည်း နေသားကျနေခဲ့ပါပြီ ။
••••• ••••• •••••
အခန်း ၂
အမေနဲ့ ကျွန်မတို့ရဲ့ စကားစစ်ပွဲက ကာလအတန် ကြာတဲ့အထိ ငြိမ်းချမ်းရေး မရခဲ့ဘူး ။ မဆုတ်မနစ် တိုက်ကြရင်း နောက်ဆုံးမှာတော့ အမေ ရှုံးသွားခဲ့တယ် ။ အမှောင်ထု တစ်ခုရဲ့ ဝါးမျိုခြင်း ခံနေရတဲ့ ကျွန်မကို အမေက တမင်တကာ အရှုံး ပေးသွားခဲ့တာပါ ။ အမေ့ရဲ့ စစ်ရှုံးခြင်းမှာ အသက်နဲ့ ခန္ဓာ ပါ ကျရှုံးသွားခဲ့တယ် ။ ဒါပေမဲ့ ကျွန်မကတော့ အမှောင်ထုထဲမှာ ပျော်နေဆဲပါပဲ ။ ဒီတော့လည်း အဖေက အမေ့ နေရာမှာ လူစားဝင်လာရတော့တာပေါ့ ။
“ ညည်း ... မိဘစေတနာကို နားမလည်သေးဘူးလား ချိုဇင် ”
“ သမီးက ဘာလုပ်နေ လို့လဲ အဖေ ”
“ ဘာ … သမီးက ဘာလုပ်နေလို့လဲ ဟုတ်လား ။ ညည်းကြောင့် ညည်းအမေ သေရတယ်ဆိုတာ ညည်း မသိတာလား ၊ တမင်တကာ မသိချင်ယောင် ဆောင်နေတာလားဟင် ”
ကျွန်မ အဖေ့စကားကို စိတ်ထဲမှာ မထားပါဘူး ။ ဒီစကားတွေကို အမေလည်း ဖန်တစ်ရာတေအောင် ပြောဖူးခဲ့ပြီးပြီ ။ အဲဒီတုန်းကလည်း ကျွန်မ နားမထောင်ခဲ့ဘူး ။ အဲဒီလို ကျွန်မက နားမထောင်တော့ အမေက ထမင်းမစားဘဲနေပြီး အကျပ်ကိုင် ဆန္ဒပြတော့တယ် ။ ဒါပေမဲ့ ကျွန်မကလည်း လက်မလျှော့ပါဘူး ။ နောက်ဆုံး အမေကပဲ နှလုံးရောဂါနဲ့ လုံးပါးပါးသွားခဲ့တော့တယ် ။ ဒါကိုများ ကျွန်မကြောင့် သေတာတဲ့ ။
လူတစ်ယောက်အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆိုတာ ရှိပါတယ်။ အဲဒီ အခွင့်အရေးတွေထဲမှာလည်း နှလုံးသားရေးလည်း ပါတယ်။ နှလုံးသားရဲ့ စေစားချက်အတိုင်း မည်သူ့ကို မဆို လွတ်လပ်စွာ ချစ်ခွင့် ရှိတယ် ။ အကြီး ကိုလည်း ချစ်ခွင့်ရှိတယ် ။ အငယ် ကိုလည်း ချစ်ခွင့်ရှိတယ် ။ မိန်းမ မိန်းမချင်း ၊ ယောက်ျား ယောက်ျားချင်းလည်း ချစ်ခွင့်ရှိတယ် ။ ဒါကို ကျွန်မ လက်ခံတယ် ။ ကျွန်မလည်း မည်သူ့ကို မဆို ချစ်ခွင့် ရှိတာပဲလေ။
ကျွန်မချစ်တဲ့ သူက ကျွန်မထက် ဆယ်နှစ်ကျော်လောက် ကြီးတယ် ဆိုပေမဲ့ စီးပွားရေးမှာ ပြည့်စုံကြွယ်ဝ သူ တစ်ယောက် ။ ဂုဏ်သရေ ရှိတဲ့ လူကုံထံ အသိုင်းအဝိုင်း ထဲကလူ ။ သူ့မှာ မိန်းမကြီးနဲ့ သားသမီးနှစ်ယောက် ရှိတာက လွဲရင် ကျန်တာ ဘာအပြစ်မှ မရှိဘူး ။ ဒါကိုပဲ ကျွန်မ မိဘတွေကို အပြစ်လို့ မြင်နေကြတယ် ။ ပတ်ဝန်းကျင် ကိုလည်း ထည့်တွက်ခိုင်းလာတယ် ။ ကျွန်မကတော့ ပတ်ဝန်းကျင် ဆိုတာကို ထည့်မတွက်ချင်ပါဘူး ။
“ ညည်းရဲ့ အပုပ်နံ့က မိသားစုကိုပါ လွှမ်းခြုံနေပြီ ။ အခုဆိုရင် ငါ ဘယ်ကိုပဲ သွားသွား ၊ အားလုံးက ငါ့ကို မကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေပြီဟဲ့ ။ အဲဒါ ညည်း နားလည်ရဲ့လား ။ လူတစ်ယောက်ရဲ့ အစွန်းအထင်းက ကျန်အရာတွေကိုပါ ပျက်စီးစေတယ် ဆိုတာ ညည်း သဘောပေါက်ရဲ့လား ။ တောက် ”
အဖေကတော့ တောက် တစ်ချက် ခေါက်ပြီး အိမ်ထဲ ကနေ ထွက်သွားတော့တယ် ။ ကျွန်မလည်း ဘာမှ မဖြစ် သလိုပဲ နေလိုက်တော့တယ် ။ အဖေ ပြောတဲ့ လူတစ်ယောက်ရဲ့ အစွန်းအထင်း ဆိုတာကိုတော့ ကျွန်မ စဉ်းစားနေမိပါတယ် ။ အစွန်းအထင်း တစ်ခုက တခြား အရာတွေကိုပါ ပျက်စီးစေတယ် ဆိုတာ ဟုတ်ရဲ့လားပေါ့ ။ ကျွန်မကတော့ လုံးဝ လက်မခံပါဘူး ။
တချို့ကလည်း ဆိုကြသေးတယ် ။ “ လူ့ဘဝဆိုတာ အစွန်းအထင်း ကင်းအောင် နေရမယ် ” တဲ့ ။ ဘယ်လူတွေကများ ဘယ်လောက်အထိ အပြစ်အနာအဆာ ကင်းနေကြလို့လဲ ။ အားလုံး အပြစ်အနာအဆာတွေ ၊ အစွန်းအထင်းတွေနဲ့ ချည်းပဲ မဟုတ်လား ။ ထင်ရှားတာနဲ့ မှေးမှိန်တာလောက်ပဲ ကွာခြားကြတာပဲလေ ။ ဒီလို အစွန်းအထင်းတွေ ၊ အမည်းစက်တွေလောက်နဲ့သာ ကျန်အရာတွေ အားလုံး ပျက်စီးကြမယ် ဆိုရင် လူ့လောကကြီး တစ်ခုလုံး ပျက်စီးရတော့မှာပေါ့ ။ ဘာပဲဖြစ်ဖြစ် ကျွန်မက အသက်ပြည့်ပြီးတဲ့သူ တစ်ယောက်လေ ။ ဘယ်သူရဲ့ အဆုံးအဖြတ်ကိုမှ နာခံနေစရာ အကြောင်း မရှိဘူး ။ လူတိုင်း ကိုယ့်သမိုင်း ကိုယ် ရေးရမှာပဲ မဟုတ်လား ။
••••• ••••• •••••
အခန်း ၃
ကျွန်မရဲ့သမိုင်းကို ကျွန်မကိုယ်တိုင် ရေးခြစ်နေတုန်းမှာပဲ ကံကြမ္မာမင်အိုးက ဝုန်းခနဲ မှောက်ကျသွားခဲ့တယ် ။ အဲဒီအထဲမှာ ကျွန်မရဲ့ ဘဝကလေးလည်း ရေစုန်မျောပါသွားတော့တယ် ။
“ ညည်း မရှက်ဘူးလား ချိုဇင် ၊ ငါ ရွာထဲမှာ ဘယ်လို မျက်နှာပြရမလဲ ။ ညည်း ငါ့ကို အဖေလို့ရော သတ်မှတ် သေးရဲ့လား ”
ကျွန်မ နှုတ်ဆိတ် နေမိတယ် ။ အခါတိုင်းဆိုရင် ကျွန်မက ပြန်ခံပြောနေကျ ။ အမေ မသေခင်တုန်းကလည်း ကျွန်မ ပြန်ခံပြောခဲ့တယ် ။ အမေ သေပြီးတော့လည်း အဖေ့ကို ပြန်ခံပြောခဲ့တယ် ။ ဒါပေမဲ့ အခု ပြန်ခံမပြောမိဘူး ။ ပြန်ခံပြောဖို့လည်း ကျွန်မ သတ္တိမရှိတော့ပါဘူး ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ခဲ့တဲ့ ကျွန်မက အခုတော့ ပတ်ဝန်းကျင်ကို ဘယ်လို ရင်ဆိုင်ရမယ်မှန်းတောင် မသိတော့ဘူး ။
“ ညည်း ... ပတ်ဝန်းကျင်ကို ဘယ်လို ရင်ဆိုင်မလဲ ၊ ညည်းလုပ်ရပ်ကြောင့် ငါ့ ဘဝပါ ပျက်စီးပြီ ။ ငါ အသက်ရှင် နေလို့လည်း ဘာမှ မထူးတော့ဘူး ။ အသက်လည်း မရှင်ချင်တော့ဘူးဟာ ။ ညည်းသာ အဆင်ပြေသလို နေခဲ့တော့ ”
“ အဖေ မလုပ်နဲ့ ... အဖေ ...”
“ ... ”
ကျွန်မစကား မဆုံးခင်မှာပဲ အဖေက အိမ်ပေါ်ကနေ ခုန်ချလိုက်တော့တယ် ။ ကျွန်မ ကမန်းကတန်း ပြေးဆွဲပါသေးတယ် ။ ဒါပေမဲ့ ကျွန်မ နောက်ကျသွားခဲ့တယ်လေ ။ ဒီတစ်ခါတော့ အဖေလည်း အတော်ကို ရှက်သွားပုံပါပဲ ။
‘ နောင်တ ’ ဆိုတဲ့ စကားကို ကျွန်မ အဓိပ္ပာယ် မဖွင့်ဆိုတတ်ပါဘူး ။ တချို့တွေကတော့ ပြောကြတာပေါ့ ။ နောင်မှ တ , ရလို့ နောင်တလို့ ခေါ်တာတဲ့ ။ ဘာပဲ ဖြစ်ဖြစ်ပါလေ ။ နောင်တ ဆိုတဲ့ အရာကတော့ ကျွန်မကို လွှမ်းခြုံသွားခဲ့ပါပြီ ။ ကျွန်မ တကယ်ပဲ နောင်တ ရသွားခဲ့ပါပြီ ။ ကျွန်မ လုပ်ရပ်က ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲလောက်အောင် ဖြစ်သွားခဲ့တယ် ။ ကျွန်မ မှားပါတယ် ။ မိန်းမကြီး ရှိနေတဲ့ သူနဲ့ အတူတူ ချိန်းတွေ့နေချိန်မှာ သူ့မိန်းမကြီးနဲ့ မိသွားခဲ့တာ ။ မိတာမှ လုံးဝကို ပက်ပင်းတိုးတာပါပဲ ။
ကျွန်မရဲ့သိက္ခာတွေ မရှိတော့ပါဘူး ။ ဖြစ်စက ဆိုရင် ထူပူပြီး သွေးရူးသွေးတန်းကို ဖြစ်လို့ပဲ ။ အမေသာ ရှိရင် ဘာတွေ ဖြစ်မလဲ မတွေးရဲဘူး ။ ကျွန်မတို့ နေရတာက တောရွာ ။ တစ်ခုခုဖြစ်တာနဲ့ မိနစ်ပိုင်း အတွင်း တစ်ရွာလုံး သိတော့တာပဲ ။ ဒါကြောင့် ကျွန်မရဲ့ အရှက်မဲ့မှုက တစ်ရွာလုံးရဲ့ တံတွေးခွက် ထဲကို ရောက်သွားတော့တယ် ။ အဖေလည်း ဒေါသထွက်ပြီး ကျွန်မကို ရိုက်တယ် ။ ဆူတယ် ။ နောက်ဆုံး ကျွန်မကို ပြောနေရင်းကပဲ အိမ်ပေါ် ကနေ ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ် ။ ဒါပေမဲ့ အဖေ ကံကောင်းပါသေးတယ် ။ အောက်ပိုင်းသေပြီး လူညွန့် တုံးသွားတာပဲ ရှိတယ် ၊ အဖေ မသေရှာဘူး ။ တော်တော်တော့ ကုယူလိုက်ရတာပေါ့ ။ အခုတော့ အဖေလည်း ဒုက္ခိတ ဖြစ်သွားခဲ့ပါပြီ ။
••••• ••••• •••••
အခန်း ၄
အဖေ ကျွန်မကို စိတ်နာသွားခဲ့တယ် ။ တခြားသူတွေနဲ့သာ စကားပြောပြီး ကျွန်မကိုတော့ ဆိုးဆိုးကောင်းကောင်း စကား မပြောတော့ဘူး ။ နောက်ပြီး မိသားစုရဲ့ စီးပွားရေးက ကျွန်မပေါ် ရောက်လာခဲ့တယ် ။ ကျွန်မလည်း ပိုင်ဆိုင်သမျှ ပစ္စည်းတွေအားလုံး ရောင်းချကာ မန္တလေးကို ပြောင်းလာခဲ့တယ် ။ နောက်တော့ သူဇာ ဆိုတဲ့ သူငယ်ချင်းကောင်း တစ်ဦးနဲ့ တွေ့ခဲ့တယ်ပေါ့ ။
“ အဲဒီ အလုပ်ကို ငါ စိတ် ဝင်စားပါတယ် ။ သူများ အလုပ်ဆိုရင် အိမ်မှာ အဖေ တစ်ယောက်တည်းမို့ စိတ်မချဘူး ။ ကိုယ်ပိုင်အလုပ် လေးဆိုတော့ ငါ့အတွက် အဆင်ပြေတာပေါ့ ”
“ အေးပါ .. အဖေ့ကို မေးကြည့်လိုက်ဦးမယ် ။ အဖေကလည်း ပန်းချီ ဝါသနာအိုးဆိုတော့ အဆင်ပြေဖို့တော့ သေချာသလောက်ပဲ ”
သူဇာရဲ့စကားကို ကြားရတာ ကျွန်မ အားရှိသွားတယ် ။ သူဇာ့အဖေရဲ့ ပန်းချီကားတွေကို ကျွန်မက တစ်ဆင့် ယူရောင်းတယ် ။ နောက်တော့ တခြား ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပါ တစ်ဆင့် ယူရောင်းခဲ့တယ် ။ တဖြည်းဖြည်း အဆင်ပြေ လာတော့ ပြခန်းလိုလို ပန်းချီ အရောင်းဆိုင်လေး ဖြစ်လာ တော့တယ် ။
ကျွန်မ ကံကောင်းပါသေးတယ် ။ ဘဝသစ်မှာ ရိုးသားခဲ့တယ် ။ ကြိုးစားခဲ့တယ် ။ အဲဒီရဲ့ အကျိုးဆက် ကတော့ ကျွန်မ စီးပွားရေး အဆင်ပြေလာခြင်းပါပဲ ။ အခုဆိုရင် ကျွန်မ ဆိုင်ကလေးရဲ့ သက်တမ်းကလည်း ဆယ်နှစ်ခန့် ရှိလာခဲ့ပြီလေ ။ စီးပွားရေးကို ဖိဖိစီးစီး လုပ်လာရင်းကနေ အခုတော့ ကိုယ်ပိုင်တိုက် ခန်းနဲ့ ဖြစ်လာခဲ့တယ် ။ ဆိုင်ကလည်း တရေးရေး အောင်မြင်လာတယ်ပေါ့ ။ ဝန်ထမ်းတွေကလည်း စိတ်ချရပါတယ် ။ လူငယ်သဘာဝ နည်းနည်းပါးပါး လွဲတာလောက်ပဲ ရှိကြတာပါ ။
အလုပ်သမားတွေရဲ့ သဘာဝလို့ပဲ ဆိုရမယ် ။ ကျွန်မရောက်တာနဲ့ ဆိုင်ဝန်ထမ်းတွေ အားလုံး အနေကျပ် နေကြတော့တယ် ။ ကျွန်မကတော့ ကလေးတွေကို မငေါက်ရက်ပါဘူး ။ ပျော် လည်း ပျော်စေချင်တယ် ။ ဒါကြောင့် တတ်နိုင်သမျှ ဆိုင်မှာ ကြာကြာမနေဘဲ ခဏတစ်ဖြုတ် လာပြီး ပြန် တာ များတယ် ။ ဒီနေ့လည်း အဖေ့အတွက် မုန့် ဝယ်စရာ ရှိတာနဲ့ ချက်ချင်း ပြန်လာခဲ့လိုက်မိတယ်လေ ။
“ ပြန်တော့မှာလား မမ ”
“ အေးကွယ် … မင်းတို့ ဘကြီးအတွက် မုန့်ဝင်ဝယ်ရဦးမှာမို့ပါ ။ နောက်ပြီး အိမ်မှာလည်း ကြီးမေတစ်ယောက်တည်းဆိုတော့ မမ ပြန်မှ ဖြစ်မှာ ။ ညည်းတို့ရဲ့ ဂျာကြီး မျိုးတင့်လည်း အိမ်ရောက်နေလောက်ပြီ ။ မမ ပြန်ရောက်မှ သူက ဒီကို လာရမှာလေ ။ ကဲ ... မမ ပြန်လိုက်ဦးမယ် ၊ အားလုံး အေးအေးဆေးဆေးသာ နေကြတော့ ”
ဆိုင်က ဝန်ထမ်းတွေကို နှုတ်ဆက်ပြီး ကျွန်မ ချက် ချင်း ပြန်လာခဲ့လိုက်တယ် ။ အဖေ့အတွက် မုန့်တစ်ခုခု ဝယ်ရဦးမှာ ဆိုတော့ ကျွန်မ ခပ်မြန်မြန် ပြန်လာခဲ့ရတာ ပေါ့ ။ နောက်ပြီး ဟိုကောင် မျိုးတင့်ကိုလည်း စိတ်ပူနေရ တယ် ။ မျိုးတင့်က ကျွန်မဆိုင်မှာ လုပ်သက် အကြာဆုံးနဲ့ အယုံကြည်ရဆုံးမို့သာ မန်နေဂျာ ဖြစ်နေတာ ၊ သူ လုပ်သမျှတွေက တစ်ခုမဟုတ် တစ်ခုတော့ လွဲတတ်တယ် ။ ဒါပေမဲ့ ကျွန်မ တစ်ခါမှ မဆူပါဘူး ။ သူလည်း ကျွန်မကို လေးစားရှာပါတယ် ။
••••• ••••• •••••
အခန်း ၅
“ ဒုက္ခပါပဲ မျိုးတင့်ရယ် ... ဒီလို စွန်းထင်းပေကျံနေတဲ့ ကင်းဘတ်တွေကို ဘယ်လို ပန်းချီဆရာက ကြိုက်မတုံးဟဲ့ ”
“ ကျွန်တော် တောင်းပန်ပါတယ် မမရယ် ၊ မနေ့ညက ကျွန်တော့်ကလေးတွေ ဆော့တာဖြစ်မယ် ။ ကျွန်တော်လည်း သတိ မထားလိုက်မိ ဘူးဗျာ ။ နောက် မဖြစ်စေရပါဘူး မမ ”
“ တော်ပြီဟယ် ... နင့် မှာလည်း ဆင်ခြေကို မကုန်နိုင်တော့ဘူး ။ မသေမချင်း မှတ်ထားစမ်း မန်နေဂျာဆိုတဲ့ ကိုမျိုးတင့်ရဲ့ …. ”
“ ဟာဗျာ…. မမကလည်း ... အဲလိုကြီးတော့ မခေါ်ပါနဲ့ ”
“ အောင်မယ် ... မဟုတ် တာကျမှ လာရှက်နေတယ် ။ နင်မှတ်ထား ၊ ဘာပဲဖြစ်ဖြစ် အဖြူထည် အတိုင်း ထားမှ တန်ဖိုးရှိမယ့် အရာမျိုးကို နောက်ဘယ်တော့မှ အစွန်း အထင်း မပေကျံစေနဲ့ ။ အဖြူ ပေါ်မှာ မလိုအပ်ဘဲ ကျတဲ့ အမည်းစက်တို့ ၊ အစွန်းအထင်းတို့ ဆိုတာက လူတိုင်း နှာခေါင်းရှုံ့တဲ့ အရာပဲဟဲ့ ”
ကျွန်မ စကားကို မျိုးတင့် နားလည်မလားတော့ မသိဘူး ။ နောက် မဖြစ်စေရပါဘူးလို့သာ တဖွဖွ ပြောနေတော့တယ် ။ ကျွန်မက ကင်းဘတ်အသစ် ပြန်သွားဝယ်ခဲ့ လိုက်တော့ ဆိုတော့ “ မရှိသုံးလေး သုံးရင် ရပါသေးတယ် ” တဲ့ ။ ကျွန်မလည်း သေချာ ရှင်းပြလိုက်တယ် ။ လောကမှာ အစွန်းအထင်း ပေကျံသွားလို့ နောက်ထပ် အသစ် ပြန်ဝယ်လို့ရတဲ့ အရာတွေ ရှိသလို အသစ်ပြန်ဝယ်လို့ မရတဲ့ အရာတွေလည်း ရှိကြောင်းပေါ့ ။ နောက်ပြီး ကင်းဘတ် ဆိုတာက နောက်ထပ် အသစ် ပြန်ဝယ်လို့ရတဲ့ အရာထဲမှာ ပါကြောင်း ၊ ဒါကြောင့် ထပ် ဝယ်ခိုင်းကြောင်း ပြောလိုက်တော့ တဟုတ်ဟုတ်နဲ့ နားထောင်နေရှာတယ် ။
မျိုးတင့် ပြန်သွားတာကို ကြည့်နေရင်း ကျွန်မ အလိုလို ဝမ်းနည်းလာမိတယ် ။ နောက်မှ ဝယ်လာတဲ့ မုန့်တွေ ယူပြီး အဖေ့အခန်းထဲကို ဝင်လာခဲ့မိတော့တယ် ။
“ အဖေ အိပ်နေတာလား ၊ ဒီမှာ အဖေ စားကောင်းမယ် ထင်တဲ့ မုန့်လေးတွေပါတယ် ”
အဖေက ကျွန်မကို ချာခနဲ လှည့်ကြည့်လိုက်တယ် ။ နောက်ပြီး ကျွန်မ မထင်မှတ်ထားတဲ့ အရာတစ်ခုကို အဖေ လုပ်တယ် ။ ကျွန်မလည်း သိပ်ပျော်သွားတာပေါ့ ။ မယုံလို့ ဆိုပြီး အဖေ့ လက်ကို ဆုပ်ကိုင်လိုက်ရင်း သေသေချာချာ ထပ်မေး လိုက်မိသေးတာ ။
“ အဖေ ... သမီး အိပ်မက် မက်နေတာ မဟုတ်ပါဘူးနော် ။ အဖေ တကယ်ပဲ သမီးလို့ ခေါ်လိုက်တာပေါ့နော် ”
အဖေက ခေါင်းညိတ်ပြ တယ် ။ အဖေ့မျက်ဝန်း တစ်စုံမှာလည်း မျက်ရည်စတို့က ရစ်သီလို့ ။ ကျွန်မက ငိုတော့ အဖေက မငိုနဲ့တဲ့ ။ သမီးကို ပြောစရာ ရှိတယ်တဲ့လေ ။ ကျွန်မ သိပ်ချစ်လိုက်တာ အဖေရယ် ။ ဒီတစ်သက် မရတော့ဘူးလို့ ထင်ထားတဲ့ အရာကို အဖေ ပေးခဲ့တာ ။ ကျွန်မ အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ အပျော်မျိုးကို အဖေ ပေးခဲ့တာ ။ ကျွန်မ အဖေ့ကို ချက်ချင်း ထိုင်ကန်တော့ပစ်လိုက်မိတယ် ။ နောက်ပြီး -
“ ပြောလေ အဖေရဲ့ ၊ သမီး မြေဝယ်မကျ နားထောင်ပါ့မယ် ”
“ စောစောတုန်းက သမီးအသံတွေကို အဖေ ကြားပါတယ် ။ ဘာပဲဖြစ်ဖြစ် အဖြူထည်အတိုင်း ထားမှ တန်ဖိုးရှိမယ့် အရာမျိုးကို နောက်ဘယ်တော့မှ အစွန်း အထင်း မပေကျံစေနဲ့ ။ အဖြူ ပေါ်မှာ မလိုအပ်ဘဲ ကျတဲ့ အမည်းစက်တို့ ၊ အစွန်းအထင်းတို့ ဆိုတာက လူတိုင်း နှာခေါင်းရှုံ့တဲ့ အရာပဲ ဆိုတဲ့ စကားတွေပေါ့ သမီးရယ် ။ အဖေ့သမီးလေးက အတော်တောင် ရင့်ကျက်နေပြီပဲကွယ် ”
ကျွန်မ အဖေ့ရင်ခွင်ထဲမှာ ခေါင်းထိုးလိုက်မိတယ် ။ စိတ်ထဲမှာလည်း မျိုးတင့်ကို ပြောခဲ့တဲ့ ကျွန်မရဲ့စကားတချို့ကို ပြန်ကြားယောင်နေမိ တယ် ။ နောက်ပြီး မျိုးတင့်က ကျွန်မကို ပြောတဲ့ “ မရှိသုံးလေး သုံးရင် ရပါသေးတယ် ” ဆိုတဲ့ စကားကို တွေးလိုက်မိချိန်မှာတော့ ပိုပြီး ဝမ်းနည်း မိသွားတယ် ။ ကျွန်မ ဘဝကလည်း မရှိသုံးပဲ သုံးနေရတဲ့ အရာ တစ်ခုလိုပဲပေါ့ ။ ကျွန်မ အဲဒီလို စဉ်းစားနေတုန်းမှာပဲ အဖေက စောစောက စကားကို ပြန်ဆက်တယ် ။
“ ဒီသဘောတရားကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကသာ သမီး သိနေခဲ့ရင် အဖေတို့ မိသားစုလေးက သိပ်ပျော် စရာကောင်းမှာပဲ သမီးရယ် ”
ကျွန်မ အဖေ့ကို ဖက်ထားလိုက်တော့တယ် ။ အတိတ်ကိုသာ ပြန်သွားလို့ ရရင် ကျွန်မ ပြန်သွားပြီးတော့ အစွန်းအထင်းတွေကို ဖျက်ပစ်လိုက်မိမှာပါ အဖေရယ် ။ ဒါပေမဲ့ အခုတော့ ကျွန်မ နောင်တ မရချင်တော့ဘူး ။ ဘဝသစ်မှာပဲ အဖေ့ကို ချစ်တော့မယ် ၊ ပြုစုကြင်နာတော့မယ်လို့ ဆုံးဖြတ်ထားလိုက်တယ် ။ ကျွန်မဘဝမှာ အဖေ ရှိရင် ကျန်တာ ဘာမှ မလိုတော့ပါဘူး ။
“ အဖေ ရော့ ... ဒီမုန့်လေး စားလိုက်ဦးနော် ၊ ဗိုက်ဆာနေပြီမလား ”
အဖေက ကျွန်မကို ခေါင်းညိတ်ပြတယ် ။ ကျွန်မ အဖေ့လက်ထဲကို မုန့်စိုကလေး တစ်ခု ထည့်ပေးလိုက် ချိန်မှာတော့ အဖေက ပြုံးလို့ ။ နောက်ပြီး ကျွန်မ ခေါင်းကို ခပ်ဖွဖွလေး ကိုင်သပ်ရင်း “ လိမ္မာ လိုက်တာ သမီးရယ် ” တဲ့ ။ ကျွန်မ အဖေ့ကို အားယူ ပြုံးပြပြီး ကျွန်မရဲ့ ပါးပြင်ပေါ်က မျက်ရည်စ,တွေကိုပါ ခပ်ဆတ်ဆတ် သုတ်လိုက်မိတော့တယ် ။
⎕ နောင်ရိုးနွယ် ၊ မုံရွာ ၊
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၉
No comments:
Post a Comment