Sunday, May 3, 2026

အကြမ်းဖက် ခံလိုက်ရတဲ့ မြင်းမိုရ်

❝ အကြမ်းဖက် ခံလိုက်ရတဲ့ မြင်းမိုရ် ❞
            ( မင်းည )

၁ ။

သူ ထိုင်နေကျ ဝရန်တာရဲ့ အရှေ့ကနေ သူတို့ မကြာခဏ ဖြတ်သွားတတ်ကြတယ် ။ တစ်ယောက်ကိုတစ်ယောက် တွန်းထိုးရိုက်ပုတ် နောက်ပြောင်လိုက်ကြ ၊ လမ်းဘေး ရေမြောင်းတွေ ထဲကို အပြေးအလွှား ခုန်ဆင်း ခုန်တက်လိုက်ကြ ၊ ပုလင်းခွံ ဘူးခွံတွေကို တွေ့တဲ့အခါ သူ့ထက်ငါ အလုအယက် ကောက်လိုက်ကြနဲ့ သူတို့တစ်တွေကို မြင်ရတာ သိပ်ပျော်စရာ ကောင်းတာပဲ ။ တစ်ခါတလေ ဘယ်က ဘယ်လို ရှာဖွေရလာကြမှန်း မသိတဲ့ မုန့်ပဲသရေစာတွေ ၊ အသီးအနှံတွေကို တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ငြင်းခုံ ခွဲဝေစားသောက် နေလိုက်ကြတာများ တစ်လောကလုံးမှာ သူတို့ အပြင် တခြားသူတွေ ရှိမနေကြတော့ သလိုလို သိပ်လွတ်လပ် ပေါ့ပါးနေကြတဲ့ပုံပါပဲ ။ ဒါပေမဲ့ သူတို့ အဲဒီလောက်ထိ လွတ်လပ်ပျော်ရွှင်ခွင့် ရနေကြတာဟာ သူတို့မှာ မိသားစု မရှိလို့လား ။ သူတို့ကို ပြောဆို ထိန်းသိမ်းပေးမယ့်သူ တစ်ယောက်ယောက် မရှိကြလို့များလား လို့တော့ သူ တွေးမိတယ် ။ ပြီးတော့ သူတို့မှာ သူ့လို စိတ်ညစ်ညူး သောက ရောက်စရာတွေကော မရှိကြဘူးလား ။ သူသိချင်လိုက်တာ ။ ဖြစ်နိုင်မယ် ဆိုရင် သူတို့ တစ်တွေနဲ့ သူ စကား ပြောကြည့်ချင်လိုက်တာ ။

“ အိမ်ထဲကို ပြန်ဝင်ဖို့ အချိန်ကျပြီ ဘကြီး ”

တစ်နေ့တစ်နေ့ သူ အမြင်တွေ့ချင်ဆုံး မြင်ကွင်းက သူတို့ အုပ်စုကလေးရဲ့ သွားလာလှုပ်ရှားပုံတွေ ဖြစ် နေခဲ့မယ်ဆိုရင် သူ မကြားချင်ဆုံး အသံတွေ ထဲမှာ အဲဒီ ကောင်မလေးရဲ့အသံက ထိပ်ဆုံးက ပါနေခဲ့တယ်လို့ ပြောရမှာပဲ ။ သွက်လက်ချက်ချာတယ် ။ အိမ်မှုကိစ္စ နိုင်နင်းတယ် ။ လူကြီးကို လူကြီးမှန်း သိတယ် ။ အလိုက်သိတယ် ။ ပြီးတော့ စိတ်ချရတယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ သူ့သား သူ့ သမီးတွေရဲ့ မကြာခဏ ထုတ်ဖော်ချီးမွမ်းခြင်းကို ခံရတတ်တဲ့ အဲဒီ ကောင်မလေးရဲ့ အသံက သူ့အတွက်တော့ ညဉ့်နက် သန်းခေါင်တွေမှာ ကြားရတတ်တဲ့ ငှက်ဆိုးထိုးသံတွေ လိုပါပဲ ။

ဘယ်တုန်းကမှ နားဝင်ပီယံ မဖြစ်ခဲ့သလို ကြားလိုက်တဲ့ အခါတိုင်းမှာလည်း မကောင်းတဲ့ အရိပ်နိမိတ်တွေ ပူးကပ် ပါဝင်နေတယ်လို့ သူ ကတော့ ထင်တယ် ။ အထူးသဖြင့် သူ့ မိသားစုဝင်တွေရဲ့ အကြည့်တွေ အောက်ကနေ လွတ်မြောက်သွားတာနဲ့ ဝတ် ကျေတမ်းကျေ အဆင့်ကို တောင် ရောက်မလာတတ် တော့တဲ့ ဒီကောင်မလေးရဲ့ အလိုက်သိမှု ၊ ပြုစုမှု ဆိုတာတွေကို သူ ထိတ်လန့် နေမိခဲ့ တာ တော်တော်ကြာနေခဲ့ပါ ပြီ ။ အခုလည်း သူ အိမ်ထဲကို ပြန်မဝင်ချင်သေးကြောင်း ပြောဆိုနေတဲ့ အမူအရာတွေကို ကောင်းကောင်း နားလည်နေပေမဲ့ မသိကျိုးကျွန် ပြုပြီး သူ ထိုင်နေတဲ့ ဘီးတပ်ကုလားထိုင်လေးကို ဆွဲလှည့်လိုက်တာများ သူ့နားတွေထဲမှာ လေတိုးသံ ဝီးခနဲ ကိုတောင်မှ ကြားလိုက်ရတယ် ။ ဖြစ်နိုင်မယ် ဆိုရင် ဒီကောင်မလေးကို သူ့အနီးအနားမှာ မရှိစေချင် တော့ ။ ကုန်ကုန် ပြောရရင် သူ ပိုင်ဆိုင်တဲ့ ဒီအိမ်ကြီး ထဲမှာကို မရှိစေချင်တော့ကြောင်း သူ့ မိသားစုဝင်တွေကို အသိပေးချင်နေမိတယ် ။ ဒါပေမဲ့ ဒီ ကောင်မလေး ဘာသာပြန် ပေးမှ သူ့စကားတွေကို နားလည်နိုင်ကြတော့တဲ့ သူ့မိသားစုဝင်တွေ ဆီကို သူ့စိတ်ကူး ၊ သူ့ဆန္ဒတွေက အမှန်အတိုင်း ရောက်ရှိသွားမှာ မဟုတ်မှန်းကိုလည်း သူ သေသေချာချာပဲ သိနေခဲ့တယ် ။

••••• ••••• •••••

၂ ။

ခဲမှန်ထားဖူးတဲ့ စာသူငယ် တစ်ကောင်လို အငွေ့ တထောင်းထောင်း ထွက်နေတဲ့ စွပ်ပြုတ်ပန်းကန်ကို ကြည့်ပြီး သူ အကြီးအကျယ် ထိတ်လန့်နေမိတယ် ။ ပြီးတော့ ဒီလောက် ပူလောင်နေတဲ့ စွပ်ပြုတ်ရည်ကို ကောင်မလေးသာ သူ့ကို တိုက်လာခဲ့ဦးမယ် ဆိုရင် ဘယ်လို ငြင်းဆန် ရှောင်ဖယ်ရမလဲ ဆိုတာကိုပါ အပြင်းအထန် စဉ်းစားနေမိတယ် ။

ဒါပေမဲ့ အရင် အခေါက်တွေ တုန်းကလို ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ရုံက လွဲလို့ ဘယ်လိုမှ ရှောင်ဖယ်နိုင်မှာ မဟုတ်မှန်း ကိုလည်း သူ့ကိုယ်သူ သိနေခဲ့တယ် ။ ပြီးတော့ ဒီလိုတွေ အပြုအမှု ခံရတိုင်းလည်း ကိုယ့်ကိုယ်ကို သ,တ်သေချင်မိလောက်တဲ့ အထိ သူ့ဘဝကိုသူ စိတ်ပျက်နေမိတယ် ။ တကယ်လည်းမိသားစု အရင်းအချာတွေရဲ့ မနက်တစ်ခေါက် ညတစ်ခါ ဂရုစိုက် နဖူးကလေး ဝင်စမ်းကြည့်ခြင်းကိုတောင် မခံရတော့တဲ့ လူမမာ တစ်ယောက်ရဲ့ ဘဝက သေသွားတဲ့ လူတစ်ယောက်နဲ့ ဘာများ ခြားနားနေလို့လဲ ။ မြန်မြန် သေတော့လို့ အပြော မခံရရုံ တစ်မည် မိသားစုဝင်တွေရဲ့ ဥပေက္ခာပြုခြင်းကို ခံနေရတဲ့ လူတစ်ယောက် အတွက် သွေးမတော် သားမစပ်တဲ့ အိမ်အကူ မိန်းကလေး တစ်ယောက်ရဲ့ စိတ်ထင်တိုင်း ပြုမှုနေမှုတွေကို ခံစားနေရတာ ကကော ဘာများ ထူးဆန်းတော့လို့လဲ ။

ဒီကောင်မလေး ကျွေးမှ စားရ ၊ ဒီကောင်မလေး ထူမှ ထ , နိုင်တဲ့ ဘဝမှာ မျက်လုံးတွေ ပုတ်ခတ်ပြရုံ ၊ တစ်ခါတလေ ဝူးဝူးဝါးဝါး အသံထွက် ပြနိုင်ရုံ အပြင် ဒီကောင်မလေး စိတ်ထင်တိုင်း ပြုမူနေတာတွေကို သူ ဘယ်လို တားဆီး ၊ သူ့အနားမှာ ဘယ်တုန်းကမှ ဖင်ပူ အောင်တောင် မထိုင်ဖူးကြတဲ့ ဘယ်သား ဘယ်သမီးတွေကို အသိပေးရမှာတဲ့လဲ ။

အသိပေးခွင့် ရတဲ့တိုင် အောင် ဒီ ကောင်မလေး ဘာသာပြန်ပေးမှ နားလည် နိုင်တော့တဲ့ သူ့စကားတွေကို သူ့သား ၊ သမီးတွေ နားလည်ကြလိမ့်မယ်လို့ သူ မထင်မိတော့ ။ ယုတ်စွအဆုံး သူ့ကိုယ်သူ ကိစ္စတုံး အဆုံး စီရင် လိုက်ချင်ရင်တောင် ဒီကောင်မလေး ကူညီပေးမှ ရနိုင်မယ့် ဘဝမှာ နေချင်သလို နေ ၊ စားချင်တာ စား ၊ ပြောချင်တာတွေကို ပြောဆိုခွင့် ရနေကြတဲ့ သူတို့ အုပ်စုလေးကို အားကျ ငေးမော နေမိတတ်တာ သူ့ အလွန်တော့ မဟုတ်လောက်ဘူး ထင်ပါတယ် ။ ပြီးတော့ သူ့လို ဒုက္ခိတ တစ်ယောက်ကို နိစ္စဓူဝ ညှဉ်းပန်းနှိပ်စက်နေတဲ့ ဒီအိမ်အကူမလေးကို အဝေးဆုံး ရောက်အောင် ရိုက်ပုတ် မောင်းထုတ် ပစ်ချင်နေမိတယ် ဆိုရင်ရော သူ မလွန်ဘူး မဟုတ်လား ။

••••• ••••• •••••

၃ ။

“ မနက်ဖြန် ငါတို့ မိသားစုလိုက် ခရီးထွက်ကြဖို့ ရှိတယ် ။ အဲဒါ နင် အိမ်ကို သေသေချာချာ ဂရုစိုက်လိုက်နော် မိတင် ။ အိမ်တံခါးတွေလည်း သေသေချာပိတ်ထား ၊ ပြီးတော့ ဘယ်သူ လာလာ တံခါးကို ဖွင့်မပေးနဲ့ ။ အရေး အကြောင်းရှိရင် ငါတို့ဆီ ဖုန်းဆက် ကြားလား ”

ဆိုတဲ့ သူ့နာမည် တစ်လုံးမှ မပါတဲ့ သူ့သမီးကြီးရဲ့ စကားသံတွေက သူ့နားထဲကို မိုးကြိုးပစ်သံ တစ်ခုလို တိုးဝင်လာတယ် ။ အဲဒီလိုပဲ ...

“ မှာမနေစမ်းပါနဲ့ မမရယ် ။ မိတင် ဘယ်လောက် စိတ်ချရတယ် ဆိုတာကို နင်လည်း သိသားနဲ့ ။ အဖေ့ ကိုသာ သေသေချာချာမှာ ။ မိတင် စိတ်ညစ်အောင် ကကျည်ကကြောင် သိပ်မကျနဲ့လို့ ။ တော်ကြာ မိတင် စိတ်ညစ်ပြီး ပြန်သွားမှ အားလုံး ဒုက္ခ ရောက်နေကြလိမ့်မယ် ။ ဒီ ခေတ်ကြီးထဲမှာ မိတင်လို စိတ်ချရတဲ့ အိမ်အကူတစ် ယောက် ရဖို့ဆိုတာ သိပ်လွယ်တော့တာ မဟုတ်ဘူး ”

ဆိုတဲ့ နှစ်နှစ်အလလ က ရှာဖွေကျွေးမွေးစောင့် ရှောက်လာတဲ့ မိဘထက် အိမ်အကူ မိန်းကလေး တစ်ယောက် စိတ်စနိုးစနောင့် ဖြစ် ငြိုငြင်သွားမှာကို ပိုကြောက်နေပုံရတဲ့ သူ့သား အငယ်ရဲ့ စကားလုံးတွေ ကလည်း သူ့ နှလုံးသား တည့်တည့်ကို မီးမြှိုက်ထားတဲ့ ဓားနဲ့ စိုက်ချ လိုက်သလိုပါပဲ ။ တကယ်တော့ အသည်းစွဲအောင် နာတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သူ အခုမှ သေသေချာချာ နားလည်မိရ သလို ခန္ဓာကိုယ် တစ်ခုလုံး မလှုပ်ရှားနိုင်တော့တဲ့ ရောဂါ သည် အဖေအိုကြီးကို သူစိမ်း တစ်ယောက်ရဲ့ လက်ထဲကို ယုံယုံကြည်ကြည် ထိုးအပ်ရဲတဲ့ သူတို့ တစ်တွေရဲ့ စိတ်ဓာတ်တွေကိုလည်း သူ အအံ့ဩကြီး အံ့ဩမိရတယ် ။ တကယ်ဆို အကျိုးလိုလို့ ညောင်ရေ လောင်းခဲ့တာမျိုး မဟုတ်ပေမဲ့ သူ့မှာသာ ဖန် ဆင်းပြနိုင်စွမ်း ရှိနေခဲ့မယ် ဆိုရင် သူတို့ သားသမီးတွေကို သူ ဘယ်လို ပြုစုယုယ ပျိုးထောင် လာခဲ့ရတယ် ဆိုတာကို ပြန်ပြီး ဖန်ဆင်း ပြလိုက်ချင်မိပါရဲ့ ။ ပြီးတော့ သူတို့ စိတ်ချလက်ချပါတယ်ဆိုတဲ့ အဲဒီ့ ကောင်မလေးရဲ့ လက်ထဲမှာ သူ့ရဲ့ လူ့အခွင့်အရေးတွေ ဘယ်လောက်အထိ ပျောက်ဆုံးနေခဲ့တယ် ဆိုတဲ့ အကြောင်းတွေကို သူတို့သိအောင် ပြောပြလိုက်ချင်မိပါရဲ့ ။ ဒါပေမဲ့ ဒါတွေဟာ ဒီဘဝမှာ ဘယ်လိုမှ ဖြစ်လာနိုင်စရာ မရှိတော့ဘူး ဆိုတဲ့ အကြောင်းကိုလည်း သူက သေသေချာချာ သိနေခဲ့ပြန်ပါသေးတယ် ။

••••• ••••• •••••

၄ ။

“ ဝူးဝူး ”

မအောင်အည်းနိုင်တော့တာကြောင့် ဗလုံးဗထွေး ထွက်ကျသွားတဲ့ သူ့စကားလုံးတွေရဲ့ အဆုံးမှာ ဘယ်လို ဖြစ်နေတာလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ ကောင်မလေးက မျက်စောင်း တစ်ချက် လှမ်းထိုးလာတာမို့ အသာလေး ပြန်ငြိမ် နေလိုက်ရတယ် ။ တကယ်ဆို မဖြစ် ။ သူ့သား ၊ သူ့သမီးတွေနဲ့ အတူ ရှိနေစဉ် ကာလ ကတောင် လစ်ရင် လစ်သလို စိတ်ထင်တိုင်း နှိပ်စက်ကလူ ပြုမူတတ်တဲ့ ဒီကောင်မလေးရဲ့ လူမဆန်တဲ့ စိတ်ဓာတ်ကို သူ အသိဆုံး မဟုတ်လား ။ ဒါပေမဲ့ သူ့အရှေ့ တည့်တည့်မှာ မြင်နေရတဲ့ တိုင်ကပ်နာရီကစက္ကန့် မိနစ်လက်တံတွေကတော့ ကောင်မလေးရဲ့ အကြောင်းကို သိပုံမရကြ ။ သူ့လိုမျိုးလည်း မငြိမ်သက် ။ တချပ်ချပ်နဲ့ တစ်ပတ်ပြီး တစ်ပတ် ရွေ့လျားလည်ပတ်နေကြတာကို သူ မြင်နေခဲ့ရတယ် ။ ပြီးတော့ ဒီအချိန်လောက်ဆို သူတို့ အုပ်စုလေး သူ့အိမ်နဲ့ မနီးမဝေးကို ရောက်နေကြလောက်ပြီ ဆိုတဲ့ အတွေးက သူ့စိတ်တွေကို မရိုးမရွ ဖြစ်လာနေစေတယ် ။ ခက်တာက တီဗွီက လာနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ ထဲကို အာရုံ နစ်ဝင်နေပုံ ရတဲ့ ကောင်မလေးက တုတ်တုတ်မျှ ထပ်လှုပ်မလာ ။ အဆိုးဆုံးက ကိုယ့်အိမ်မှာ ခိုင်းစေဖို့ ခေါ်ထားထားတဲ့ အိမ်အကူ တစ်ယောက်ရဲ့ မထီမဲ့မြင် ပြုတာကို ခံနေရတာပါလား ဆိုတဲ့ အသိက သူ့စိတ်တွေကို ဖိစီးနေတယ် ။ ဖြစ်နိုင်မယ် ဆိုရင် ဒီကောင်မလေးကို အခုချက်ချင်းပဲ သူ တစ်ခုခု တုံ့ပြန်လိုက်ချင် နေမိတယ် ။ ဒါပေမဲ့ ခြေလှမ်း သုံးဆယ်လောက် အကွာအဝေးသာ ရှိတဲ့ ဝရန်တာကိုတောင် သူများ တွန်းပို့ပေးပါမှ ရောက်နိုင်တဲ့သူ တစ်ယောက် အတွက် ဘာများ တတ်နိုင်မှာတဲ့လဲ ။ ဒီတော့ သူ တတ်နိုင်တာကိုပဲ လုပ်လိုက်တယ် ။ သူ့ကို ဝရန်တာကို ပို့ပေးဖို့ အတွက် ကောင်မလေး ကြားသွားအောင် နောက်ထပ်တစ်ကြိမ် အသံ ထပ်ပြုလိုက်မိတယ် ။

သူ ထင်ထားသလိုပါပဲ သူ့ရဲ့ဗလုံးဗထွေး စကားသံတွေ ဆုံးတာနဲ့ ထိုင်နေရာ နေရာကနေ ကောင်မလေးက ဝုန်းခနဲ နေအောင် ထ , လာတယ် ။ ပြီးတော့ ...

“ သေနာကြီးကလည်း မနက် မိုးလင်းတာနဲ့ အဲဒီ ဝရန်တာကို ထွက်ဖို့ပဲ တကျည်ကျည် လုပ်နေတယ် ၊ ဒီမှာ ဇာတ်လမ်း ကောင်းနေပါပြီ ဆိုမှ ။ သေလည်း မသေနိုင် ဘူးတော် ”

ဆိုတဲ့ စကားတွေ အပါအဝင် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေကို ရေရွတ်ရင်း သူ ဘယ်လိုမှ ထင်မှတ်မထားမိတဲ့ အပြုအမှု တစ်ခုကို ပြုလုပ်လိုက်တယ် ။ သူ့ဘီးတပ်ကုလားထိုင်လေးကို ဝရန်တာ ရှိရာဘက်ကို ဝှီးခနဲ နေအောင် အရှိန်နဲ့ တွန်းလွှတ်လိုက်တယ် ။ သူ အရမ်းပဲ ထိတ်လန့်တုန်လှုပ်သွားတယ် ။ ပြီးတော့ သူ့ နှုတ်ခမ်းတွေကနေ “ ဝူး ဝူး ဝါး ဝါး ” အသံတွေ တရစပ် ထွက်ကျသွားတဲ့ အထိ သူ ကြောက်လန့်တကြား အော်ဟစ်လိုက်မိတယ် ။ ဒါပေမဲ့ သူ့ အော်ဟစ်သံတွေကို ကောင်မလေး ကြားလား ၊ မကြားလိုက်ဘူးလား ဆိုတာကို သူ မသိတော့ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကောင်မလေး တွန်း လွှတ်လိုက်တဲ့ သူ့လက်တွန်း လှည်းလေးဟာ ဆွေးမြည့်စ ပြုနေခဲ့တဲ့ ဝရန်တာလက်ရန်းတွေကို တွန်းတိုက်ဖြိုချ ကျော်လွန်သွားပြီးတဲ့ နောက်မှာ သူ့ အမြင်အာရုံတွေကို မှောင်မည်းပိန်းပိတ်နေတဲ့ အမှောင်ထုကြီး တစ်ခုက ရုတ်ခြည်း ရောက်ရှိလာခဲ့လို့ပါပဲ ။ သူ လွတ်မြောက်ခဲ့ပြီ ထင်ပါတယ် ။

⎕ မင်းည
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ၂၀၁၇ ၊ ဇွန်

No comments:

Post a Comment