❝ နွေမပီ မိုးမပီ ❞
( ဆူးငှက် )
ဇေဌစန်းမြိုင် ကြိုင်ထုံမွှေးသည်
မလေးလေဝှေ့ ချပ်ရိုးငုံညှာတံ
မေထုန်နယ်ခေတ် ခါဝဿန်မှာ
စာမေးစာပြန် ဝါတော်လှမ်းမို့
ရွှေသန်းရံခ သီဟာဘုံပြင်
လူမှူးရာနန်းရှင် ...
နတ်နှုန်းတမွတ် ညာထွတ်တင်ငယ်
သုဓမ္မာခွင် လှူပွဲခံရှင့်လေး ။ ။
လေက ငြိမ်သည် ။ တစ်ခါတစ်ခါမှသာ သွဲ့သွဲ့လေး သွေးသည် ။ နဖူးဆံစလေး တစ်စ ကနွဲ့ကလျလေးသာ လှုပ်သည် ။ လေက အငြိမ် နေက အပူမို့ ကြွက်ကြွက်သာ ဆူ ပူပါဘိ၏ ။ တွင်းရေတွေ ခမ်း ၊ ကန်ရေတွေ ခြောက်ကုန်ကြပြီ ။ သစ်ရွက်တို့ အစိမ်းဆုတ်၏ ။ ရှားစောင်း ၊ ဆူးခြုံ ၊ ကိုင်းပင် ၊ မိုးနှံတို့ ပြိုင်းပြိုင်းထလာကြသည် ။ ပေတစ်ရာလမ်းမှာ ကားတစ်စီးတလေ အပြေးအလွှား ဖြတ်သွားလေတိုင်း ကတ္တရာစေးသံ တဖြန်းဖြ န်းမြည်၏ ။ ကိစ္စမရှိ ။ ဤအပူမျိုး ၄ ရက် ၊ ၅ ရက် ၊ တစ်ပတ်မျှ ကြိတ်မှိတ် ခါးစည်းခံပြီးသော် မြစ်ပြင်တွင် လှိုင်းကြက်ခွပ်ကလေးတွေ ခေါင်းထောင်လာကြသည် ။ တောင်ဆီက မိုးမည်းမည်းတို့ ညို့တက်လာ၏ ။ မိုးရနံ့လေးတွေ ရှေ့ပြေးယူဆောင်လာသော လေကလေးက သုန်လာသည် ။
ယပ်တဖျပ်ဖျပ် ခပ်ရင်း မိုးဆီ မျှော်မိ၏ ။ မညို့တညို့ ၊ မိုးကို အားကိုးနေကြသည် ။ ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော ။ မကြာမီ ... မကြာမီ ... ။
မကြာမီ ... မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုး သားအောက်ခြေ လင်းလာပြန်တော့ သည်မိုးက ရွာ မိုးသားအညို့ ... ဝမ်းသားလုံးဆို့ လုမတတ် အချိန် မိုးသား ပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏ ။
မိုးလား လေလား ထွေပြားနေဆဲ ... ဝေါခနဲ မိုးပြေး တစ်ပြိုက် ရွာချလိုက်သည် ။ တံခါးပိတ်သူပိတ် ၊ မိုးရေခံသူခံဖို့ ပြင်ဆင်ဆဲ မိုးအရှိန်ကလည်း စဲသွားပြန်သည် ။ ကောင်းကင်သည် သူ မဟုတ်သလို စောစောက အခြေအနေနှင့် ဘာမျှ မဆိုင် လင်းထိန်ကျဲတောက် လာပြန်တော့၏ ။ နေကြောင့် ပူသည် ၊ မစို့မပို့ မိုးကြောင့် ပူသည် ။ ရေငွေ့ကြောင့် ပူသည် ။ နယုန်သည် ဤသို့ ကလူကျီစယ် လှည့်စားတတ်ချေ၏ ။ နွေနှောင်းမိုး အကူး ကာလမို့ နွေ ကလည်း အားလျှော့ ၊ မိုး ကလည်း မိုးမပီ ၊ နွေမဟုတ် မိုးမဟုတ် အခါရာသီ ။
ဒါပေမယ့် စပယ် ပွင့်သည် ။ မြတ်လေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည် ။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏ ။ ပွင့်ဦးပွင့်ဖျား လက်မောင်းတုတ်မျှ စပယ်မြတ်လေး ခိုင်သီကာ ကုံးပြီး .. ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စပယ်မြတ်လေးရနံ့ ကြူကြူလှိုင်တော့သည် ။ တော်သေးသည် ။ နယုန်မှာ စပယ်မြတ်လေး ပွင့်ပေလို့ ။
နို့မို့ ... ။
▢ ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့်
No comments:
Post a Comment