❝ မူလတန်ဖိုးထဲက ထပ်ပေါင်းမိတဲ့ အနုတ် ❞
⎕ မှူးဆက်ပိုင် ( ရွှေတောင် )
‘ ပူး ’ လေးတွေက မြက်ပင်နုနုလေးတွေ စားသတဲ့ ။ ဘွားမေက ‘ ပူး ’ လေးတွေကို မြက်တောထဲ လွှတ်ပေးတယ် ။ မြက်နုနုလေးတွေကို ကိုက်စားနေတဲ့ ‘ ပူး ’ လေးတွေကို ကြည့်ပြီး သားအရမ်းချစ်တာပဲ ။ အဲ ... ‘ ပူး ’ လေးတွေကို သားအတွက် ယူလာပေးတဲ့ ဦးဖေ ကိုလည်း ချစ်တာပဲ ။
ဘွားမေ သင်ပေးထားတဲ့ အတိုင်း ဦးဖေကို ‘ ကျေးဇူးတင်ပါတယ် ဦးဖေ ’ လို့ ပြောတော့ ဦးဖေက သားကို မျက်နှာ တည်တည်ကြီးနဲ့ ပြန်စိုက်ကြည့်နေတယ် ။ သား ဦးဖေကို ကြောက်ပါတယ် ။ ဦးဖေရယ် မောနေတာကို သား တစ်ခါမှ မမြင်ဖူးဘူး ။ သားအမြဲ တွေ့နေရတဲ့ ဦးဖေ ကသားကို မျက်ထောင့်နီကြီးနဲ့ အမြဲ လိုက်ကြည့်နေပြီး သားကို အမြဲဆူပူနေတဲ့ ဦးဖေပါ ။
ဒါပေမဲ့ ဦးဖေက သားအတွက် ပါဝါရိန်းဂျားအခွေတွေ ၊ ကြောင်နဲ့ကြွက် အခွေတွေ ယူလာပေးတတ်တယ် ။ ခု ‘ ပူး ’ လေး နှစ်ကောင်ကိုလည်း ဦးဖေပဲ ယူလာပေးတာပေါ့ ။ သား မနက်ကျရင် ‘ ပူး ’ လေးတွေ နေဖို့ အိမ်ဆောက်ရဦးမယ် ။ ‘ ပူး ’ လေးတွေက ဘာစားလဲ ၊ ဘာကြိုက်လဲ ၊ ဘွားမေကို မေးပြီး သူတို့ အိမ်လေးထဲ ထည့်ပေးထားရမယ် ။
“ မြေးလေး ... ဘာ မှာဦးမလဲ ၊ ဘွားမေ ဈေးသွားတော့မယ် ၊ ဘာမုန့်ဝယ်ခဲ့ရမလဲ ”
သား ‘ ပူး ’ လေးတွေကို ချီလိုက် ၊ ချလိုက် လုပ်နေတုန်း ဘွားမေက မေးလာတယ် ။
“ သား .. အတွက် မဝယ်ခဲ့နဲ့ ဘွားမေ …. ‘ ပူး ’ လေးတွေက ကန်စွန်းရွက် ကြိုက်တယ်ဆို ၊ ဘွားမေ ကန်စွန်းရွက် ဝယ်ခဲ့ပေးပါနော် ”
“ အေးပါ မြေးရယ် အေးပါ အိမ်မှာပဲ နေနော် ၊ ဘယ်မှ လျှောက်သွားမနေနဲ့ ၊ ဘွားမေ မြန်မြန် ပြန်ခဲ့မယ်နော် ”
မနက်ပိုင်း ဘွားမေ ဈေးသွားပြီဆို သားက အမြဲ အိမ်စောင့်ပြီး ကျန်ခဲ့ရတာ ။ ဘွားမေက ပြောတယ် ။ ပလတ်စတစ် ကောက်တဲ့ ကောင်လေး အချို့က အဝတ်တွေ ၊ မုန့်တွေ အလစ် ဝင် ယူတတ်တယ်တဲ့ ။ ငါ့မြေးက အိမ်စောင့်ရင်း စောင့်ကြည့်နေပေးတဲ့ ။ ဘွားမေ ဈေးသွားပြီဆို သားက တုတ်တစ်ချောင်း ကောက်ပြီး အိမ်နံရံမှာ ထောင်ထားလိုက်တယ် ။ သားအဝတ်တွေ ၊ မုန့်တွေ လာယူခဲ့ရင် ရိုက်လွှတ်ဖို့ပေါ့ ။ ဘွားမေက ပြောတယ် ...
“ ငါ့မြေးက သတ္တိ ရှိလိုက်တာ ၊ ဘွားမေက အသက်ကြီးပြီ ၊ တုန်တုန်ချည့်ချည့်နဲ့ ငါ့မြေးကိုပဲ အားကိုးရမှာတဲ့ ”
ဟုတ်တယ် ။ မနေ့က ‘ ပူး ’ လေးတွေ လွတ်သွားလို့ ဘွားမေ လိုက်ဖမ်းတာ သိပ်မပြေးနိုင်တဲ့ ‘ ပူး ’ လေးတွေကို တောင် ဘွားမေ မီအောင် မလိုက်နိုင်ဘူး ။ ဘယ်ရမလဲ ၊ သားက ဘွားမေ ထက် ပိုမြန်တယ် ။ ‘ ပူး ’ လေးတွေကို မြန်မြန် ဖမ်းနိုင်တယ် ။
‘ ပူး ’ လေး တစ်ကောင်က သားခြေမလေးကို နှုတ်သီးနဲ့ လာထိုးတယ် ။ အိမ်ရှေ့ မြက်ခင်းပြင် ထဲမှာ သူတို့ ပျော်နေကြတယ် ။ ဦးဖေ ပြောတာကတော့ “ တစ်ကောင်က အထီး ၊ တစ်ကောင်က အမတဲ့ ၊ အမေက မကြာခင် သားပေါက်လိမ့်မယ် ” တဲ့ ၊ ဦးဖေ ကို မမေးရဲလို့ “ သား ပေါက်တယ်ဆိုတာ ဘာလဲလို့ ” ဘွားမေကို မေးရတယ် ။ ဘွားမေက သားပေါက်တယ်ဆိုတာ ‘ ပူး ’ သေးသေးလေး မွေးပေးမှာကို ပြောတာတဲ့ ။
‘ ပူး ’ လေးက ‘ ပူး ’ လေး ထပ်မွေးရင် သားမှာ ‘ ပူး ’ သုံးကောင်တောင် ပျော်စရာကြီး ။ ကျော်သူရိန်လွင် က မင်းမှာ ‘ ပူး ’ သုံးကောင် ဖြစ်သွားရင် ငါ့ကို တစ်ကောင် ပေးပါတဲ့ ။ ဘာလို့ ပေးရမှာလဲ ။ မင်းလိုချင်ရင် မင်း ဦးဖေကို ဝယ်ခိုင်းပေါ့လို့ ပြန်ပြောလိုက်တယ် ။
“ မင်း မပေးလည်း ရတယ် ဟေ့ကောင် ၊ ငါ့အဖေကို မှာလိုက်ရင် ညကျ ချက်ချင်း ဝယ်ပေးမှာ ”
ဝယ်ပေါ့ ။ ဝယ်လို့ရရင် ဝယ်ပေါ့ ။ ဘာလို့ လာတောင်း နေသေးလဲ ၊ သားကတော့ ‘ ပူး ’ လေးတွေကို ဘယ်သူ့မှ မပေးပါဘူး ။
“ မြေးလေး … ထထ ၊ ‘ ပူး ’ သေးသေးလေးတွေ မွေးနေပြီ ၊ ထ ... ထ ”
ဘွားမေ လာနှိုးတော့ သားအိပ်ရာထဲ လူးလဲထ လိုက်မိတယ် ။
“ ဘွားမေ တကယ် ပြောတာလားဟင် တကယ်လား ”
သားအိပ်မက် မက်နေတာ များလားလို့ ဘွားမေကို ထပ်ကာထပ်ကာ မေးမိသေးတယ် ။
“ တကယ် ငါ့မြေးရဲ့ တကယ် ... ထကြည့် ”
အိုး ... သား ပျော်လိုက်တာ ၊ ဘွားမေ ပြောတာ ဟုတ်တယ် ။ သား ထင်ထားသလို ‘ ပူး ’ လေးက တစ်ကောင် ထဲ မဟုတ်ဘူး ။ သုံးကောင်တောင် ။ နီတာရဲသေးသေး လေးတွေ ။ သားအကောင်သေးသေးလေးတွေကို ကိုင် မယ်လုပ်တော့ ဘွားမေက တားတယ် ။
“ သွားမကိုင်နဲ့ မြေးရဲ့ ၊ အကောင်လေးတွေက နုနု လေးတွေ ရှိသေးတယ် ၊ သေသွားလိမ့်မယ် ” တဲ့ ။ ဦးဖေ ပြန်လာတာကို သားအိမ်ရှေ့က ထွက်ကြိုပြီး ‘ ပူး ’ လေးတွေ မွေးထားပြီ ဦးဖေ သုံးကောင်တောင်ပဲ ” လို့ ဝမ်းသာအားရ ပြောတော့ ဦးဖေက ‘ ပူး ’ လေးတွေနား ခဏ လာပြီး ငုံ့ကြည့်တယ် ။
“ မင်းအတွက် ပုံပြင်စာအုပ် ဝယ်လာတယ် ”
“ ဟုတ်ကဲ့ ဦးဖေ ”
အရင်တုန်းက ဦးဖေ သားအတွက် ပုံပြင်စာအုပ် ပါလာတယ်ဆိုရင် ဦးဖေ အနား ပြေးသွားပြီး စာအုပ်တွေကို အငမ်းမရ ကိုင်ကြည့် ၊ လှန်လှောကြည့်မိတာ ။ ခု တော့ ဦးဖေက ‘ ပူး ’ လေးတွေ မွေးတာကို သားပျော် သလို မပျော်လို့ ဦးဖေကို မကျေနပ်တာနဲ့ စာအုပ်တွေ သွားမယူမိတော့ဘူး ။
“ အမေ့မြေးလည်း ဒီ ‘ ပူး ’ တွေ ရောက်မှ ကျန်တာကို ဘာမှ စိတ်မဝင်စားတော့ဘူး ၊ ကျောင်းတွေ ပြန်ဖွင့်တော့မယ် အမေ သူ့ကျောင်းဝတ်စုံတွေရော ကောင်းသေးရဲ့လား ”
“ နေပါစေ သားရယ် ၊ မြေးလေး ပျော်သလို နေပါစေ ၊ ကျောင်းဝတ်စုံက တစ်စုံတော့ ထပ်ချုပ်ပေးရမှာပေါ့ ”
ဟုတ်ပြီ ။ ဦးဖေ နဲ့ ဘွားမေ ပြောကာမှ သား သတိရတယ် ။ ကျောင်းပြန်ဖွင့်ရင် ဆရာမကို သားရဲ့ ‘ ပူး ’ လေးတွေ အကြောင်း ပြောပြရမယ် ။ ဆရာမလည်း ‘ ပူး ’ လေးတွေကို ချစ်မှာပဲ ။ စုချစ် တို့ ၊ အောင်စိုးဟိန်း တို့ ၊ ဆုဒါလီမော် တို့လည်း ချစ်မှာပဲ ။ ဦးဖေ တစ်ယောက်ပဲ ‘ ပူး ’ လေးတွေကို ချစ်ရမှန်း မသိတာ ။ အဲဒီ ဦးဖေ ဘာမှန်းကို မသိပါဘူး ။
ဟိုနေ့က သား ‘ ပူး ’ လေးတွေ ယူဆော့နေတုန်း ဦးဖေရောက်လာပြီး သားနရင်းကို ရိုက်တယ် ။ ‘ ပူး ’ သေးသေးလေးတွေကို သူ့အမေကြီးနဲ့ ခွဲထားလို့တဲ့ ။ မင်း ဝဋ်လိုက်မှာ မကြောက်ဘူးလားတဲ့ ။ “ ဝဋ်လိုက်တာ ” ဘယ်လိုမှန်း သားလည်း မသိပါဘူး ။ ဦးဖေ ရိုက်လို့ ဝမ်းနည်းတာပဲ သိတယ် ။ ဦးဖေ ရှေ့မှာ သား မငိုရဲပါဘူး ။
••••• ••••• •••••
သား တစ်ယောက်တည်းရယ် ။ ဟုတ်တယ် ။ သား ဘေးမှာ ဦးဖေ လည်း မရှိဘူး ။ ဘွားမေလည်း မရှိဘူး ။ လမ်းမအကျယ်ကြီး ပေါ်မှာ သား တစ်ယောက်တည်း ။
“ ဘွားမေရေ …. ဘွားမေ ”
သား နှုတ်က ဘွားမေကို အော်ခေါ်နေပေမယ့် အသံထွက် မလာခဲ့ဘူး ။ သား အရမ်း ကြောက်နေမိတယ် ။ သား ဘယ် ရောက်နေတာလဲ ။ အဲဒီအချိန် သား နားထဲမှာ ငိုနေတဲ့ အသံတစ်ခု ၊ ဟုတ်တယ် ။ သားဘေး ပတ်ပတ်လည်ကို ရှာကြည့်မိတော့ အဘိုးကြီး တစ်ဦး သစ်ပင်တစ်ပင် အောက်မှာ ထိုင်ငိုနေတာ ။
“ အဘိုး ၊ အဘိုးက ဘာလို့ ငိုနေတာလဲ ”
အဘိုးက အသံကြားမှ သားကို မြင်သွားတယ် ။
“ အဘိုးမှာ ဝတ်စရာ အဝတ် မရှိလို့ပေါ့ ကလေးရယ် ”
အိုး ... ဟုတ်ပါရဲ့ ။ အဘိုးခန္ဓာကိုယ်မှာ အင်္ကျီ ရှိမနေတာ သားအခုမှ သတိထားမိတယ် ။ သားမှာ အပေါ် ထပ် အင်္ကျီပါတယ် ။ ပြီးတော့ သား ချမ်းမနေပါဘူး ။ ချွေးတောင် စို့နေသေးတယ် ။
“ အဘိုး ရော့ သားအင်္ကျီ ဝတ်ထားလိုက်ပါ ”
အဘိုးက ဝမ်းသာအားရနဲ့ သားပေးတဲ့အင်္ကျီကို ယူဝတ်တယ် ။
“ အဘိုး သားရဲ့ ဘွားမေကို မြင်မိသေးလားဟင် ”
“ မြင်မိတယ် ကလေး ၊ ဒီဘက်ကို ထွက်သွားတာ မြင်မိတယ် ”
ဘွားမေ သင်ထားသလို သား အဘိုးကို ကျေးဇူးတင်စကားတောင် မပြောမိခဲ့ပါဘူး ။ အဘိုး ညွှန်ပြတဲ့ ဘက်ကို ပြေးထွက်လာခဲ့မိတယ် ။
“ ဘွားမေရေ .. ဘွားမေ ”
သား ဘယ်လောက်ကြာကြာပြေးလာရတယ် သား မသိဘူး ။ သား တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုနေတယ် ။ သား ဘွားမေကို မတွေ့ သေးပါဘူး ။ သား ဝမ်းနည်းပြီး ငိုချင်လာမိတယ် ။
“ အီ ... အီး ... ဟီး ... ဟီး ”
ဟင့်အင်း ဒီအသံက သား ငိုတဲ့ အသံ မဟုတ်ဘူး ။ ဒါဆို ဘယ်သူ ငိုတာလဲ ။ ဟော ဟိုမှာ အဘွားကြီး တစ်ယောက် ။ ဘွားမေ များလား ။ သား ဝမ်းသာအားရ ပြေးသွားမိတယ် ။ ဘွားမေ လည်း မဟုတ်ဘူး ။ ဒါပေမဲ့ ဘွားမေလိုပဲ တုန်တုန်ချည့်ချည့်နဲ့ ။
“ အဘွားက ဘာလို့ ငိုနေတာလဲ ”
“ ချမ်းလို့ပါ ကလေးရယ် အဘွား ချမ်းနေလို့ပါ ”
အဘွားက တဆတ်ဆတ် တုန်နေအောင် ချမ်းနေတာ သားမြင်နေရတယ် ။ သားကတော့ မချမ်းပါဘူး ။ ချွေးတွေတောင် ရွှဲနစ်နေသေးတာ ။ သား ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်တွေ အကုန် ချွတ်ပြီး အဘွားကို ပေးလိုက်တယ် ။ သားမှာ ဘာအဝတ်မှ မရှိတော့ဘူး ။ ပြီးတော့ သား ဘွားမေကို ဆက်ရှာနေမိတယ် ။ ရှာရင်း ရှာရင်း သား ဆက်လျှောက်ရမယ့်လမ်းက ဆုံးသွားတယ် ။ သား ဘယ်သွားရမှန်း မသိတော့ဘူး ။ စိတ်က အလိုလို ဝမ်းနည်း လာမိတယ် ။ သားမျက်ရည်တွေ ကျနေမိတယ်ထင်ရဲ့ ။ တစ်ကိုယ်လုံးလည်း စိုရွှဲလို့ ။
အဲဒီအချိန် သားခန္ဓာကိုယ် တစ်ခုလုံး လေထဲကို မြောက်တက်သွားသလို ခံစားလိုက်ရတယ် ။ အလင်းရောင်တွေနဲ့အတူ သား ခန္ဓာကိုယ်မှာ အရမ်းလှတဲ့ အဝတ်တွေ ပေါ်လာတယ် ။
“ သား ”
ခေါ်သံနဲ့အတူ သားရှေ့မှာ လူတစ်ယောက် ရှိနေ တယ် ။ သား ခုနက ဘာလို့ မမြင်မိပါလိမ့် ။
“ မေမေ ”
“ ဟုတ်ပါတယ် သားရဲ့ ၊ မေမေက သားရဲ့မေမေပါ ”
သားရဲ့နှုတ်က တစ်ခါမှ မခေါ်ဖူးတဲ့ ‘ မေမေ ’ ဆိုတာကို ထပ်တလဲလဲ ခေါ်ကြည့်မိတယ် ။
“ မေမေက နတ်သမီးလား ”
“ ဟုတ်တယ်လေ ၊ မေမေက နတ်သမီးပေါ့ ၊ သားကို တွေ့ ချင်လို့လာခဲ့တာ ၊ လာပါဦး မေမေ့ဆီကို ”
သား ခန္ဓာကိုယ်က မေမေ့ ရင်ခွင်ထဲ ရောက်သွားတယ် ။ မေမေ့ ရင်ခွင်က နွေးနေတာပဲ ။ သားမှာ ဝမ်းနည်းတာတွေ ၊ မောပန်းတာတွေ ဘာတစ်ခုမှ မရှိတော့ဘူး ။ မေမေက သားရဲ့ပါးကို နမ်းတယ် ။ ခေါင်းကိုလည်း ခပ်ဖွဖွ ပွတ်ပေးတယ် ။
သား မှေးခနဲ အိပ်ပျော်သွားတယ် ထင်ပါရဲ့ ။ ဖျပ်ခနဲ အသိ ဝင်လာလို့ မော့ကြည့်မိတော့ မေမေ မရှိတော့ဘူး ။ မေမေ ဘယ်ရောက်သွားတာလဲ ။
“ မေမေရေ …… မေမေ ”
ဒီတစ်ခါ သား တကယ့်ကို ရှိုက်ကြီးတငင်ငိုမိတာပါ ။ သား ရင်ထဲမှာ ဟာနေပြီး ရှိုက်ရှိုက်ပြီးတော့ ငိုမိတာပါ ။
“ မေမေရေ သားဆီ ပြန်လာပါ ၊ သားမှာ ‘ ပူး ’ လေးတွေရှိတယ် ၊ မေမေ့ကို သားပြမယ်လေ ၊ သားဆီ ပြန်လာပါ ... အီး ... ဟီး ”
“ မြေးလေး မြေးလေး ဘာတွေ အော်နေတာလဲ ၊ ဘွားမေ ရှိတယ်လေ ၊ ဘွားမေ မြေးလေး အနားမှာ ရှိတယ်လေ ”
“ သား ... သား ”
သား မျက်လုံး ဖွင့်ကြည့်လိုက်တော့ မျက်နှာကြက်က ပန်ကာကို တွေ့ ရတယ် ၊ သား အာခေါင်တွေ ခြောက်လိုက်တာ ။
“ ဘွားမေ သားတို့ ဘယ်ရောက်နေတာလဲဟင် ” လို့ မေးတော့ ဘွားမေက သားနေမကောင်းလို့ ဆေးရုံ ရောက်နေတာတဲ့ ။ ပြီးတော့ ဘွားမေက ပြောသေးတယ် ။ သားမေမေလည်း ပြန်ရောက်နေပြီတဲ့ ။ သားတစ်ဖက်ကို စောင်းငဲ့ ကြည့်လိုက်တော့ အန်တီကြီး တစ်ယောက် ၊ သား မသိတဲ့ အန်တီကြီး တစ်ယောက် ။
“ သား မေမေလေ ၊ သားလေးရဲ့ မေမေပါ ၊ သား သွေးလွန်တုပ်ကွေး ဖြစ်တယ်ဆိုလို့ မေမေ ပြန်လာတာလေ ”
အန်တီကြီးက သူဟာ သားမေမေ ဖြစ်ကြောင်း တတွတ်တွတ် ပြောနေတယ် ။ အန်တီကြီးရဲ့ မျက်လုံးမှာ မျက်ရည်ကြည်ကြည်လေးတွေက လဲ့လဲ့ ၊ လဲ့လဲ့နဲ့ ။ ပြီးတော့ အန်တီကြီး ပခုံးကို ခပ်ဖွဖွ ဖက်ထားပြီး သားတို့ကို ကြည့်နေတဲ့ ဦးလေးကြီး တစ်ယောက်ကို တွေ့ ရသေးတယ် ။ သား ဦးဖေကို သတိရမိသွားတယ် ။
“ ဘွားမေ ဦးဖေရော ”
“ ဦးဖေ ရှိပါတယ် မြေးရဲ့ ၊ မြေးလေးအတွက် ဆေး သွားဝယ်နေတယ် ”
အန်တီကြီးက သားရဲ့ ဘေးကို ဝင်ထိုင်ပြီး သား ခေါင်းကို လာကိုင်တယ် ။
“ သား ခေါင်းကို မကိုင်ပါနဲ့ ”
“ အို ”
အန်တီကြီး နှုတ်က တအံ့တသြနဲ့ ‘ အို ’ ဆိုပြီး လက်တွန့်သွားတယ် ။ သားက သားခေါင်းကို ဘွားမေ တစ်ယောက်ပဲ ပေးကိုင်တာ ။ ဘယ်သူမှ သားခေါင်းကိုင် တာ မကြိုက်ဘူး ။
“ မေမေလေ မြေးရဲ့ ၊ မြေးလေးရဲ့ မေမေလေ မြေးလေးကို ဘွားမေ ဓာတ်ပုံ ပြထားတယ်လေ ၊ မမှတ်မိဘူးလား ”
“ မေမေက သားရဲ့ မေမေလေ ”
အိမ်နံရံမှာ ချိတ်ထားတဲ့ မေမေ့ရဲ့ ဓာတ်ပုံကို သား မြင်ယောင် ကြည့်မိတယ် ။ အန်တီကြီး ကိုလည်း ပြန်ကြည့်မိတယ် ။
“ မှတ်မိလား သား မေမေလေ ”
အန်တီကြီးက သား ကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတယ် ။
“ သား မှတ်မိပါတယ် ”
“ ဒါဆို … ဒါဆို ”
“ ဒါပေမဲ့ … အန်တီကြီးက သားမေမေ မဟုတ်ဘူး …. ”
သား ခေါင်းကိုပါ ဘယ်ညာ ခါယမ်းပြလိုက်တယ် ။ အန်တီကြီးနဲ့ ဘွားမေက သားကို တအံ့တသြနဲ့ ပြန်ကြည့်နေကြတယ် ။ အန်တီကြီး မရှိမှ သား ဘွားမေကို ပြောပြရမယ် ။ သားမေမေကို သား တွေ့ပြီးပြီလို့ ။ မေမေက နတ်သမီးလေး ဖြစ်နေတာ ။ ဒီ အန်တီကြီးနဲ့ သား တွေ့ ခဲ့တဲ့ သားမေမေနဲ့ တူမှ မတူတာ ။ ပြီးတော့ ဘွားမေက ပြောဖူးတယ် ။ သားမေမေက သားနှစ်နှစ်သား အရွယ်မှာ နိုင်ငံခြား ဆိုတဲ့ ဟိုး ... အဝေးကြီးကို အလုပ် လုပ်ရအောင် ထွက်သွားတာတဲ့ ။ ပြန်လာဖို့ကလည်း အဝေးကြီး ဆိုတော့ သား ကြီးလာမှ ဒီကို ပြန်ရောက်မှာတဲ့ ။ အဲဒီအခါ သားအတွက် ကစားစရာတွေ ၊ မုန့်တွေ အများကြီး ပါလာမှာတဲ့ ။ ဒီအန်တီကြီးက ခဏလေးနဲ့ ဒီကို ရောက်လာတာ ။ ဘယ်လိုလုပ် သားမေမေ ဖြစ်မှာလဲ ။ အန်တီကြီးက တရှုပ်ရှုပ်နဲ့ ငိုနေတယ် ။ ဘေးက ဦးလေးကြီးက အန်တီကြီးကို တွဲခေါ်သွားတယ် ။ သူတို့ မရှိမှ သား တွေ့ခဲ့တဲ့ နတ်သမီးမေမေ အကြောင်း ဘွားမေကို တိုးတိုးလေး ပြောပြရတယ် ။ ဘွားမေက သား ပြောနေတာတွေကို သိပ် မယုံသလိုပါပဲ ။
“ အေးပါ မြေးရယ် အေးပါ မြေးရယ် ” ဆိုပြီး မျက်စိကိုပဲ ပွတ်သုတ်နေတယ် ။
ဒါနဲ့ ‘ ပူး ’ လေးတွေရော ။ သားရဲ့ ‘ ပူး ’ လေးတွေရော ။ ‘ ပူး ’ လေးတွေက အိမ်မှာပေါ့လို့ ဘွားမေက ပြောတော့ သား အိမ်ပြန်မယ် ဘွားမေ ။ ‘ ပူး ’ လေးတွေကို ဘယ်သူ အစာကျွေးမှာလဲ ။ သား ‘ ပူး ’ လေးတွေကို အစာကျွေးရဦးမှာပေါ့ ။ ဒါပေမဲ့ သားက ပြန်လို့ မရသေးဘူးတဲ့ ။ နေမကောင်းသေးဘူးတဲ့ ။ ဦးဖေ က ‘ ပူး ’ လေးတွေကို အစာ ကျွေးပါတယ်တဲ့ ။ သား ‘ ပူး ’ လေးတွေကို သား လွမ်းလိုက်တာ ဘွားမေရယ် ။
••••• ••••• •••••
ညတိုင်းညတိုင်း နတ်သမီးမေမေနဲ့ သား တွေ့ရတယ် ။ မေမေက သားကို သူ့ ရင်ခွင်ထဲ ထည့်ထားပြီး ပန်းသီးတွေ ၊ လိမ္မော်သီးတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ကျွေးတယ် ။ နတ်သမီးပုံပြင်တွေလည်း ပြောပြတယ် ။ ဦးဖေ ဝယ်လာတဲ့ ပုံပြင်စာအုပ်တွေ ထဲက ပုံပြင်တွေ ထက် နတ်သမီးမေမေ ပြောပြတဲ့ ပုံပြင်တွေက ပိုကောင်းတယ် ။
နတ်သမီးမေမေ အကြောင်း ပြောဖို့ သား ဘွားမေ ဆီကို ထသွားမိတယ် ။ ဒါပေမဲ့ သားခြေလှမ်းတွေ တန့်သွားတယ် ။ ဘွားမေ ရှေ့မှာ အန်တီကြီးနဲ့ ဦးလေးကြီး ရှိနေတယ် ။ သား အသံ မပြုဘဲ ရပ်နေမိတယ် ။
“ သိပ်လည်း စိတ်မကောင်း မဖြစ်ပါနဲ့တော့အေ ၊ ညည်းလည်း ဟိုမှာ တစ်အိုးတစ်အိမ် ထူပြီးခဲ့ပြီပဲ ၊ ကလေး နဲ့ ရှေ့လျှောက် အတူနေနိုင်တာလည်း မဟုတ်ဘူး ။ ဒီ အခြေအနေလေးကိုပဲ ခပ်ကောင်းကောင်းလို့ ဆိုရမလို ”
“ ဒါပေမဲ့ အမေရယ် သားက အသိအမှတ် မပြုတဲ့ အမေ ဖြစ်ရတာ ”
အန်တီကြီးက ကျောကလေး လှုပ်လှုပ်ပြီး ငိုနေပြန်တယ် ။ သား အန်တီကြီးကို တွေ့လိုက်ရင် အမြဲတမ်း ငိုနေတာ တွေ့ရတယ် ။ အန်တီကြီးက သားကို ကျောင်းလည်း လာကြိုတယ် ။ ဒါပေမဲ့ သား အန်တီကြီး လာကြိုတာ မကြိုက်ပါဘူး ။ ဘွားမေ လာကြိုတာပဲ သားက သဘောကျတာ ။
“ ကဲပါအေ ဒါတွေ မပြောပါနဲ့တော့ ၊ မနက်ဖြန် ပြန်မယ်ဆိုတော့ ကားလက်မှတ်ရော ဖြတ်ပြီးပြီလား ၊ ဟိုမှာလည်း သွားတာ ၊ လာတာ ၊ နေတာ ၊ ထိုင်တာ ဆင်ဆင်ခြင်ခြင် နေကြပေါ့အေ ၊ ကိုယ့်နိုင်ငံ ၊ ကိုယ့်မြေ မဟုတ်တော့ သတိလေးနဲ့နေ သတိ မလွတ်စေနဲ့ပေါ့ ”
ဒီနေ့တော့ ဘွားမေကို နတ်သမီးမေမေ အကြောင်း သား ပြောပြရမှာ မဟုတ်တော့ပါဘူးလေ ။
••••• ••••• •••••
“ သား မေမေ ပြန်တော့မယ်နော် ၊ သားအတွက် အရုပ်တွေ ၊ မုန့်တွေ မေမေ ထပ်ပို့လိုက်ဦးမယ်နော် သား ”
အန်တီကြီးက သား လက်ကလေးကို ကိုင်ပြီး လာ နှုတ်ဆက်တယ် ။ သား အန်တီကြီးကို ဘာစကားမှ ပြန်မပြောမိပါဘူး ။ ဒီ အန်တီကြီးကလည်း သနားဖို့တော့ ကောင်းတယ် ။ သားမှာ နတ်သမီးမေမေ ရှိပါတယ်ဆို တာကို အတင်း သားရဲ့မေမေ ဖြစ်ချင်နေတာ ။
“ အမေ သမီးတို့ သွားတော့မယ်နော် ”
“ အစ်ကို ကျွန်တော်တို့ သွားတော့မယ် ”
ဘွားမေနဲ့ ဦးဖေက ခြံတံခါးပေါက်ထိ အန်တီကြီး တို့ကို လိုက်ပို့ကြတယ် ။ သားကတော့ ‘ ပူး ’ ပေါက်စလေး နှစ်ကောင်ကို လက်တစ်ဖက်စီ ကိုင်ပြီး ကစားနေမိတယ် ။
ညက နတ်သမီးမေမေကို သား စိတ်ကောက်ပစ်လိုက်တယ် ။ သားတို့ အိမ်မှာ ရောက်နေတဲ့ အန်တီကြီးက သားရဲ့ မေမေ ပါတဲ့ ။ နတ်သမီးမေမေက ပြောတာ ။ ဒါဆို နတ်သမီးမေမေ ကရော ဘာလဲဆိုတော့ သူ လည်း သားရဲ့ မေမေပါပဲတဲ့ ။ ဒါဆို သားက အမေ နှစ်ယောက်လား ဆိုတော့ ဟုတ်တယ်တဲ့ ။ သား နတ်သမီးမေမေကို အရမ်း စိတ်ဆိုးတယ် ။ နတ်သမီးမေမေကို တွန်းလွှတ်ပြီး သားအကျယ်ကြီး အော်ပစ်လိုက်တယ် ။
“ မဟုတ်ဘူး ၊ မဟုတ်ဘူး သားမှာ အမေ တစ်ယောက်ပဲ ရှိတယ် ၊ အဲဒါ နတ်သမီးမေမေပဲ ”
ခု ပြန်တွေးမိရင် သား ခု ဝမ်းနည်းမိတယ် ။ နတ်သမီးမေမေက ဘာလို့ သားကို အဲဒီလို ပြောရတာလဲ ။ ဟင့်အင်း နတ်သမီးမေမေ အဲဒီလို ပြောတာ သား မကြိုက်ဘူး ။ သားမေးကြောတွေ တင်းလာတဲ့ အထိ အံကြိတ်ထားမိတယ် ။
“ ဟင် သား ”
အိမ်ပေါ်ကို လှမ်းတက်လာတဲ့ ဦးဖေက သားကို တအံ့တသြ ကြည့်ပြီး ကပျာကယာ ပြေးတက်လာတယ် ။ ဟင် ဦးဖေက ‘ သား ’ တဲ့ ။ ဦးဖေက သားကို တစ်ခါမှ ‘ သား ’ လို့ မခေါ်ဖူးပါဘူး ။ ခု ဦးဖေက ‘ သား ’ တဲ့ ။
“ သား မှန်းစမ်း မှန်းစမ်း ”
ဦးဖေက သားလက်ထဲမှာ ခပ်တင်းတင်း ဆုပ်ထားတဲ့ ‘ ပူး ’ လေးတွေကို အတင်း ဖြေခိုင်းပြီး ယူတယ် ။ ဘွားမေကလည်း လှေကားထစ် တံခါးဝကနေ သားနဲ့ ဦးဖေကို ရင်ဘတ်ဖိ ၊ မျက်လုံးကြီး ပြူးပြီး ကြည့်နေတယ် ။ ဦးဖေ လက်ထဲ ရောက်သွားတဲ့ ‘ ပူး ’ လေးတွေကို သား ပြန်ယူဖို့ လက်လှမ်းလိုက်တယ် ။
“ ဟင် ‘ ပူး ’ လေးတွေ သေနေပြီ ၊ ဦးဖေ သား ‘ ပူး ’ လေးတွေကို ဘာလို့ သ,တ်တာလဲ ၊ ‘ ပူး ’ လေးတွေကို ဘာလို့ သ,တ်တာလဲ ၊ အီး ... ဟီး ... ဟီး ... သား ‘ ပူး ’ လေးတွေ ပြန်ရှင်အောင် လုပ်ပေး ၊ ခု... လုပ်ပေး”
ငိုယို ပူဆာနေတဲ့ သားကို ဦးဖေက သူ့ ရင်ခွင်ထဲ ဆွဲသွင်းတယ် ။ ဦးဖေ အင်္ကျီမှာ သား မျက်ရည်တွေနဲ့ စိုရွှဲကုန်တယ် ။ ပြီးတော့ ဦးဖေ နှုတ်က အဆက်မပြတ် အသံထွက်နေတယ် ။
“ သားရယ် … သားရယ် ” တဲ့ ။
⎕ မှူးဆက်ပိုင် ( ရွှေတောင် )
📖စုံနံ့သာ မဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၂၀၁၄
No comments:
Post a Comment