❝ အကျယ်စံ ❞
( ကိုစက်ဖေ )
ချောင်းဆိုးနေစဉ် ရုတ်တရက် ခါးဆန့်လိုက်မိသောကြောင့် နံရံနှင့် ခေါင်း ဆောင့်သံ ပေါ်လာ၏ ။ ခေါင်းကို အသာ ပွတ်ရင်း ပြန်လည် အိပ်ပျော်နိုင်ရန် ကြိုးစားသော်လည်း အနီးက ဟောက်သံကြောင့် ချက်ချင်း အိပ်မပျော် ။ ခြင်ထောင် အပြင် ထွက်နေသော သက်ထွေး၏ ခြေထောက် တစ်ဖက်မှာ ခြင်တွေက ပွဲတော်ကြီး ကျင်းပနေကြ၏ ။
နာမည်အရင်းက သက်ထွန်း ။ မူးပြီး အိပ်တိုင်း သေးပေါက်သဖြင့် သတင်းစာတွင် မတင်လိုက်ရဘဲ သက်ထွေး အဖြစ်သို့ အမည်ပြောင်းလေ၏ ။ ကိုယ်တိုင် အကိုက်ခံရတာ မဟုတ်သေး ။ သို့သော်လည်း ခြင်အုပ်ကြီးက အားပါးတရ လွေးနေပုံကို မြင်ရခိုက်တွင် အော်ဂလီစိတ် ဖြစ်လာ၏ ။ အသေအချာ ရွယ်ကာ ရိုက်ထည့်လိုက်ရာ လက်ဝါးမှာ ရဲခနဲ ။ ပြန်ပြောရန် ခက်လှသော ကျေနပ်ခြင်းကို ဖြစ်ရ၏ ။ အရိုက်ခံရသူက မလှုပ် ။ သို့သော် အမှတ်မထင် နှာခေါင်းဆီသို့ ဆိုးဆိုးရွားရွား အနံ့တစ်ခုက ဝါးလုံးထိုး ဝင်လာပြန်သည် ။ သက်ထွေး၏ မူပိုင် သေးထွက်ခြင်းပင် ။ ခြင်ထောင်အတွင်း ကသောကမျော ပြန်ဝင်ရ၏ ။ အထဲမှာလည်း အိုအောက်အောက် ခြင်ထောင်မှိုနံ့က အိပ်မပျော်သမျှ ဒုက္ခပေးပါလိမ့်မည် ။ ညမီးရောင် အောက်က ခြင်ထောင်အမိုးနှင့် ဘေးတွင် ခြင် ၊ ကြမ်းပိုး အပေါင်းတို့၏ သွေးလား ၊ လူသွေးလား မခွဲခြားနိုင်သည့် ညိုညိုအကွက်တွေက ကွက်တိကွက်ကျား ။ ကျောနှင့်ကြမ်း ထိရုံသာ ရှိသေး၏ ။ စူးခနဲ ဖြစ်သွားသည့်အပြင် ယားကျိကျိ ခံစားချက်ပါ ပေါ်လာ၏ ။ ဓာတ်မီး ထိုး၍ ကမန်းကတန်း အိပ်ရာခင်းကို စစ်လေရာ မီးခြစ်ဆံခေါင်း အရွယ်ရှိသည့် ကြမ်းပိုး အုပ်ကြီးမှာ ကြက်ဝိုင်းကို ရဲ , လာသကဲ့သို့ ကွယ်ရာထောင့်ရာသို့ ပြေးကြလေ၏ ။ တစ်ကောင် မကျန် ဖျစ်သ,တ်လိုက် ၊ လက်ကို နမ်းလိုက် ၊ နှာခေါင်း ရှုံ့လိုက် ။ တစ်ကောင်သော ကြမ်းပိုးက ကြမ်းကြားသို့ တိုးနေ၏ ။ နှိုက်မရ ။ ထိုးကော်စရာ တစ်ခုခုလည်း မတွေ့ ။ အမှိုက်ပုံမှာ ကွမ်းယာအိတ်ခွံများနှင့်အတူ သွားကြားထိုးတံ တစ်ခုခု ရှိနိုင်၏ ။ အိပ်ရာထက်က ထ , ကာ ဓာတ်မီးဖြင့် သွားကြားထိုးတံ ရှာပုံတော် ဖွင့်လိုက်၏ ။ မည်မျှပင် ခြေဖော့ နင်းစေကာမူ ကြမ်းခင်းကြောင့် အသံမျိုးစုံ ထွက်နေသည် ။ အမှိုက်ပုံတွင် တော်တော်နှင့် မတွေ့ ။ ဘေးလွယ်အိတ်ထဲက မီးခြစ်ကို သတိရသည် ။ ဖယောင်းတိုင်ကို သုံးကာ အနှီကြမ်းပိုး အပေါ်တွင် ဖယောင်းစက် ချလျှင် ဂူသွင်းပြီးသားဖြစ်မည် ။ ခုတင်ပေါ် ပြန်တက် ပြီးလျှင် သေတ္တာပေါ် မှ ဘေးလွယ်အိတ်ကို ဖွင့်ကာ မီးခြစ်ကို ထုတ်၏ ။ ပြန်ကြည့်တော့ အမောင်ကြမ်းပိုးက နေရာမှာ မရှိတော့ ။ ခေါင်းအုံးနှင့် ခြင်ထောင် အနားတွန့်များ အကြား လိုက်ရှာသော်လည်း မတွေ့ ။ အိပ်ရာပေါ်သို့ ပြန်ရောက်ချိန်တွင် သံချောင်းခေါက်သံ သုံးချက် ပေါ်လာ၏ ။ အိပ်မရသည့် အဆုံး အဆောင်နှစ်ခုကြား လမ်းကူးတွင် ရှိသည့် ထိုင်ခုံပေါ်တွင် ထိုင်ကာ ဆေးလိပ်ကို မီးညှိလိုက်သည် ။ အားပါးတရ ရှိုက်သွင်း အပြီး ပြန်ထုတ်လိုက်သည့် မီးခိုးများက သံဆန်ခါ ကြားမှ တိုးဝင်သော လေအေးကြောင့် လွင့်ပါးသွား၏ ။ မီးခိုးတွေ ။ တစ်ခဏအတွင်း ဖြစ် ၊ တည် ၊ ပျက် ကြသော်လည်း ရတတ်သမျှ တစ်ခဏလေးတွင် လွတ်လပ်ပေါ့ပါးကြ၏ ။ ဝေ့ဝဲပျံသန်းကြ၏ ။ ရင်ဘတ် တစ်ခုလုံး မို့မောက်လာသည် အထိ လေကို ရှူသွင်းရင်း ဆေးလိပ်မီးခိုးငွေ့နှင့် အတူ သက်ပြင်းပူပူတွေကို မှုတ်ထုတ်လိုက်သည် ။ နောက်ထပ် ၊ နောက်ထပ် ၊ အကြိမ်ကြိမ် ။
“ ဦးအိမ်မြဲ အိပ်မရဘူးလား ” ဟူသော မေးသံကြောင့် လှည့် ကြည့်လိုက်တော့ အဆောင်မှူး ။
လူငယ် အင်ဂျင်နီယာလေး ပေမဲ့ အတော်ရည်မွန်၏ ။ ရှိလှ အသက်အစိတ်ပေါ့ ။ တူ အရွယ် ၊ သားအရွယ် ကလေး တစ်ယောက် ။ အဆောင်မှူးက မီးခြစ်ငှားပြီး ဆေးလိပ်တိုလေးကို မီးညှိသည် ။ ဆေးလိပ်ကို တစ်ဖွာ ရှိုက်လိုက်ပြီး အောင့်ထားပုံရ၏ ။ ခဏနေတော့ မီးခိုးများက အလိပ်လိုက် ။
“ ဦးလေး နေရတာ အဆင်မပြေတာ ရှိရင် ကျွန်တော့်ကို ပြောပြပါလား ၊ နားထောင်ချင်တယ်ဗျာ ”
“ အခက်အခဲရယ်လို့ သိပ်မရှိပါဘူး ဆရာရယ် ။ ကျောတစ်ခင်းစာ ရဖို့က အဓိက မဟုတ်လား ။ လူတိုင်း ခံနိုင်တဲ့ ဒုက္ခလောက်တော့ စာမဖွဲ့ပါဘူးဗျာ ”
အဆောင်မှူးက ရယ်ကျဲကျဲနှင့် ကြည့်နေသဖြင့် မလုံမလဲ ခံစားရသည် ။ ပြောစရာကတော့ မရှိမဟုတ် အများကြီး ရှိပါသည်ကော ။
“ နေရတာကတော့ ဆရာ သိတဲ့ အတိုင်းပါလေ ။ အခက်အခဲ မရှိတော့ ဘယ် ဟုတ်ပါ့မလဲ ။ ဒီအလုပ်မှာ ပိတ်ရက်ကလည်း ရှား ၊ တစ်လကို တနင်္ဂနွေ လေးရက် ပိတ်ပေးတယ်သာ ဆိုတယ် ။ အဆောင်နေတဲ့ အတွက် နှစ်ရက်က ပြန်ဆင်းပေးရတယ် ။ ကျန်တဲ့ နှစ်ရက်ကလည်း အလုပ် အရေးကြီးရင် ဆင်းရပြန်တယ် ။ တစ်လ လုပ်တာ တစ်လ စားလို့ကုန် ။ မိသားစု များလို့ မလောက်ငရင် အကြွေးတင် ။ နေရတော့ ခြေသုတ်ခုံလို နေရာတွေမှာ ဝက်တွေလို တိုးဝှေ့ပြီး နေရတယ် ။ နေစရာ ကျောတစ်ခင်း အတွက် ခက်တဲ့သူတွေ အဖို့ ရန်ကုန်ဟာ ထောင်ကြီး တစ်ခုနဲ့ မခြားပါဘူး ။ လုပ်သားတွေကရော ထောင်သားတွေနဲ့ ဘာမကွာလို့လဲ ဆရာ ။ အကျဉ်းစံ မဟုတ်ပေမဲ့ အကျယ်စံတွေပါဗျာ ။ ပြီးတော့ ကျွန်တော့် အကြောင်းက ပြောစရာ ထွေထွေထူးထူး မရှိပါဘူးဗျာ ”
“ ပညာရေးပါရဂူ ဖရန့် မက်ကုတ်က ပြောဖူးတယ် ။ လူတိုင်းမှာ ပြောပြစရာ ကိုယ် ပိုင်ပုံပြင်လေးတွေ ရှိတယ်တဲ့ ။ တစ်နေ့ ကျွန်တော် စာရေး ဖြစ်တဲ့အခါ ဦးလေးရဲ့ ဇာတ်လမ်းတွေကို ရေးဖြစ်လာမှာပါ ”
“ ဆရာကလည်း ငယ် ငယ်ရွယ်ရွယ် ချမ်းချမ်းသာသာ လူတွေ ၊ မိဘပေးစားတဲ့ မိန်းကလေးကို မယူချင်လို့ ထွက်ပြေးရင်း သောင်တင် နေတဲ့ ကောင်လေးတွေ ကသာ ဇာတ်လိုက် လုပ်ပြီး ၊ တက္ကသိုလ် တက်နေတဲ့ ကလေးတွေရဲ့ အကြောင်း ကသာ စိတ်ဝင်စားစရာ မဟုတ်လား ။ ကျွန်တော် ဖတ်ဖူးပါတယ် ။ စိတ်ဆင်းရဲစရာတွေကို ဘယ်သူက ဖတ်ချင်မှာလဲ ဆရာရယ် ”
အဆောင်မှူးက မီးသေစ ဆေးလိပ်ကို ထပ်ညှိလိုက် ပြီး ...
“ ဖတ်သူ မရှိလည်း သိမ်းထားမှာပေါ့ဗျာ ”
“ ကဲ ဒါဖြင့် နားထောင်ဗျာ ” ဟု ဆိုကာ အစီခံရောက် လုနီးပါး သဘာဝတံဆိပ် ဆေးလိပ်တိုကို ထိုင်ခုံမှာ ပွတ်ခြေလိုက်၏ ။
••••• ••••• •••••
ရန်ကုန် ။ မြန်မာနိုင်ငံ အရပ်ရပ်က လူများ နားယဉ်လှသော မြို့ကြီး ။ နာဂစ် အပြီး အခြေချတော့ ယောင်လည် လည် ။ သရက်တောတိုက်က အသိ ဘုန်းကြီး ကိုသာ ရှာ မတွေ့ခဲ့လျှင် ဘယ်အထိ လေလွင့်နေရမည် မသိ ။ မှတ်ပုံတင် တစ်ခုတည်းဖြင့် အသက်အရွယ် မရွေး ရနိုင်သောအလုပ်မှာ လုံခြုံရေး အလုပ်သာ ။ လုပ်အားက လွဲလျှင် မလှူနိုင်သောကြောင့် သင်ဖြူးဖျာ အခင်းလေးနှင့် ကျောင်းနံရံ တွေ ပူလှသည့် အဆုံး အိပ်ရာ ပြောင်းလိုက်သည် ။ ဆယ့်ငါးပေခန့် ရှိတတ်ပြီး လူရှစ်ယောက် အလှည့်ကျ အိပ်ရသည့် လုံခြုံရေး အိပ်ဆောင်လေးတွေ ဆီကို သူ ပြောင်းခဲ့သည် ။ ပြောင်းရွှေ့ရတာ မခက် ။ မြွေရေခွံအိတ်လေး တစ်လုံး ကသာ အိမ်ရယ်လေ ။ အလုပ်ချိန်က တစ်ကြိမ် ဝင်လျှင် ဆယ့်နှစ်နာရီ ။ နှစ်ရက်ကို သုံးကြိမ်ဝင် ။ အနားရသည့် အချိန်လေးမှာ ကျောပူအောင် အိပ်ကြည့်၏ ၊ မရ ။ မျက်လုံးက လွဲလျှင် ဘာမျှ မလုပ်ရသည့် အလုပ်မှာ မပျော် ။ ဆွမ်းကျန် ၊ ဟင်းကျန်တွေ အစား တစ်နေ့ ရှစ်ရာ နှင့် ရအောင် ချက်သည့် ထမင်းဟင်းတွေ ကိုလည်း ခြောက်လထက် ပို၍ သည်းမခံနိုင်သည့် အဆုံး အလုပ် ရှာမိ၏ ။ လှိုင်သာယာရှိ “ ဟုတ်ကဲ့ ” ချိုချဉ်စက်ရုံမှာ ထုပ်ပိုးရေး ဝတ်စုံက သူ့ကိုယ်မှာ ရောက်လာသည် ။ နှစ်ရက်ခန့် ထမင်းစားနိုင်သော ငွေကြေးနှင့် လဲခဲ့ရသည့် ထောက်ခံစာတွေက အလုပ်လုပ်ခွင့်ရအောင် ကူညီခဲ့သည် ။ နေရ စားရတာ သရက်တော ကျောင်းတိုက်ကို လွမ်းချင်စရာ ။ စက်ရုံရှေ့ ထမင်းဆိုင်လေးက စားရတာ ပြန်တွေးမိတော့ လည်ချောင်းကို ယောင်ယမ်း စမ်းမိ၏ ။ အလုပ်ဖော် အညာသား မိတ်ဆွေတစ်ဦးက ပြောင်းဆန် မာပုံကို စာချိုး တစ်ခု ရွတ်ပြဖူးသည် ။ “ စားပြန်ရင် အာခေါင် ဖဲ့တယ် ၊ ဖင်ချဲ့တဲ့ ပြောင်း ” ဟူ၏ ။ ပြောင်းဆန်တော့ မစားဖူး ။ သို့သော် ဤထမင်းက အနှီ ပြောင်းဆန်ကို နားပန် ကျင်း၍ ထိုင်ထ ဆယ်ကြိမ်လောက် လုပ်ခိုင်းနိုင်လောက်အောင် ဆရာကျမည်မှာ မလွဲ ။ အမဲသားဟင်းက ဝါးမရ ။ ထမင်းတစ်လုတ် ရေနွေးတစ်ခွက် ။ ထမင်းနှင့် ဟင်းအနှစ်ကို ရောနယ်ပြီး ရေနွေးနှင့် မျှောချရတာ အကြိမ်ကြိမ် ။ ထမင်းလုတ်တိုင်းမှာ မြက်သီးတွေက ဖယ် , မနိုင် ။ နေရပြန်တော့လည်း ဆယ်ပေပတ်လည် တစ်ခန်းမှာ သုံးယောက် နေရသည့် စီမံကိန်းအိမ်ရာ ။ လူနှင့် စာရိတ္တက အားလုံး ရေမျောကမ်းတင် ။ အပြင်မှာ အဝတ် မလှန်းရဲ ။ ဝယ်လာစ သွားတိုက်ဆေးဘူးလေး ရေချိုးခန်းမှာ ကျန်ခဲ့တာ ပြန်ရှာမရတော့ ။ အခန်းနီးသူ အချို့က အိမ်ထောင်သည်တွေ ။ အိပ် ချိန်မရှောင် ရန်ဖြစ်သူတွေက ဖြစ် ၊ မူးသူက မူး ။အပေါ်ထပ်က ခြေသံတွေက မိုးခြိမ်းသံ အလား ။ မရပ်မနား အသံ ထွက်နေတတ်သည့် စက်ရုံကမှ နားချမ်းသာရာ ရသေး၏ ။ ခြောက်လအတွင်း ခန္ဓာကိုယ် တစ်ဝက်လောက်က ယူပစ်လိုက်သလို ချုံးကျသွား၏ ။ မနေနိုင်သည့် အဆုံး နောက် အလုပ်နှင့် အိပ်ရာအသစ် တစ်ခုဆီ ပြောင်းခဲ့ရပြန်သည် ။
အင်းစိန် ၊ ဂျပန်လမ်းပေါ် က အထည်ချုပ်စက်ရုံမှာ အလုပ်ရတော့ နေရတာ မဆိုးလှ ။ စက်ရုံ အနီးက အဆောင်လေးမှာ အခန်းလေး တစ်ခန်းနှင့် နေရသည် ။ သည်နှစ်ပိုင်းတွေ အတွင်း ပထမဆုံးအကြိမ် အဖြစ် အခန်းကိုယ်ပိုင်နှင့် နေရသည် ။ လူဆယ်ယောက် သာရှိသည့် အဆောင်လေး ။ ကောင်းကောင်း အိပ်စက်ခွင့် ရ၏ ။ ပွဲစား အားကိုးခဲ့ရသောကြောင့် တစ်လစာ အပို ကုန်ရသော်လည်း “ တန်တယ် ” ဟု အခါခါ တွေးမိသည် ။ အထည်ချုပ်စက်ရုံမှာ မီးပူတိုက်ရသည့် အလုပ်က မဆိုး ။ လုပ်နိုင်လျှင် လုပ်နိုင်သလောက် ရ၏ ။ ခြောက်လအတွင်း စုမိသည့် ငွေကြေးက မယုံချင်စရာ ။ ပြောစရာက တစ်ခုသာ ။ တစ်နေ့လျှင် ဆယ်နာရီ မတ်တတ်ရပ်ကာ အလုပ် လုပ်ရသည် ။ တော်ရုံလူ မလုပ်နိုင်တာ မဆန်း ။ ပြန်လာတိုင်း နံရံဘက်ကို ခြေထောက် ထောင်ထားရ၏ ။ လေးနှစ်လောက် လုပ်အပြီး ခြေသလုံးမှာ သွေးကြောကြီးများ ခုံးထ , လာသည် ။ ကျန်းမာရေး ချို့ယွင်းကာ နားလိုက်ရချိန်တွင် ရွှေပြည်သာ ၊ သံတင်း ဘက်မှာ ပေနှစ်ဆယ်ပတ်လည် ခြံကလေး တစ်ကွက် ဝယ်ရန် ခဲလေသမျှ ဆေးရုံပေါ်တွင် သဲရေကျ သွားရသည် ။
အလုပ် နားလိုက်ရ သောကြောင့် အဆောင်ခပင် မပေးနိုင်အောင် အလွန်ကျပ် တည်းနေစဉ် မိတ်ဆွေတစ်ဦးက ကူညီသဖြင့် မြောက်ဥက္ကလာက စက်ရုံတစ်ရုံမှာ နေ စားငြိမ်း အလုပ်ရခဲ့သည် ။ လုပ်ရတာ မပင်ပန်း ။ သံ ထည်များ ဆေးသုတ်ရသည့် အလုပ် ဖြစ်သောကြောင့် ဆာ လဖျူရစ်အက်စစ်တွေ မဖြစ်မနေ သုံးရ၏ ။ ရောက်စက သံချေးချွတ်ရသည့် အလုပ်ကို တစ်နေကုန် လုပ်ရသော်လည်း အကျွမ်းဝင်လာတော့ ဆေးမှုတ်ရသည် ။ လူတစ်ရာနီးပါး နေသော အဆောင်တွင် အခန်း ဟူ၍ မည်မည်ရရ မရှိ ။ ကြမ်းပေါ်မှာ အိပ်ရ ၊ နေရ၏ ။ တစ်ဦးလျှင် ခြောက်ပေပတ်လည် နေစရာရ၏ ။ အိပ်ပျော်နေမောခိုက် တစ်ဦးဦး လမ်းလျှောက်လျှင် ဝါဆို ၊ ဝါခေါင်မှာ သိကြားနှင့် အသူရာ စစ်ခင်းသည့် အလား ။ အလုပ်သမားဝန်ကြီး ဌာနက စစ်မည်ဟု သတင်း ထွက်လာမှ ပန်းစုံနှင့် ဖြစ်သလို ရိုက်ထားသော ခုတင်နဲ့နဲ့လေးများ တစ်ယောက် တစ်လုံးစီ ရ၏ ။
“ အိမ် ” ဟူသော ဝေါဟာရကို အကြိမ်ကြိမ် တွေးသည် ။ အဆွေအမျိုး ၊ မိသားစုနှင့် ပိုင်ဆိုင်သမျှ အားလုံးကို နာဂစ် က ဝါးမျိုသွားခဲ့၏ ။ မည်သူ့ကိုမျှ အပြစ် မဆိုချင်တော့ ။ ကိုယ်ပိုင်အိမ် တစ်လုံးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့် မရခဲ့သည်မှာ ကိုးနှစ်တင်းတင်း ပြည့်ခဲ့ပြီ ။
စိတ်ကူးနှင့် အိမ်လေး တစ်လုံး ဆောက်ကြည့်သည် ။ သုံးပင် ၊ လေးခန်း ၊ သွပ်မိုး ၊ ဝါးထရံကာ အိမ်ကလေး ဆိုလျှင် ရပြီ ။ အိမ်ရှိလျှင် အိမ်ကလေးကို ထိန်းသိမ်းမည့် အိမ်ရှင်မ တစ်ဦးတော့ လိုအပ်သည် ။ သမီးလေးတစ်ဦးလည်း ရှိဦးမှ ။ အိမ်ဦးခန်းမှာ ဘုရားကျောင်းဆောင်ဘထားမည် ။ ညမအိပ်မီ နာရီဝက်ခန့် တရားထိုင်ချင်သည် ။ မနက် အိပ်ရာက နိုးလျှင် ပန်းတွေဝေနေသည့် ဘုရားကျောင်းဆောင်မှာ ဘုရားရှင်ကို အာရုံပြု ကြည်ညိုမည် ။ မျက်နှာသစ် ပြီးလျှင် ဇနီးသည်က ပြင်ဆင်ပေးထားသော နံနက်စာကို သမီးလေးနှင့် အတူတူ စားမည် ။ ထမင်းချိုင့်လေးကို ဆွဲကာ အလုပ်သွားမည် ။ လစာထုတ်ရက်များ ရောက်လျှင် သမီးလေး ကြိုက်တတ် သည့် အစားအသောက် တစ်ခုခုကို ဆိုင်က ဝယ်၍ ပြန်လာမည် ။ ခြံဝမှာ မျှော်နေသော ဇနီးနှင့် သမီးက သူ့ကို မြင်လျှင် အားရဝမ်းသာ ကြိုဆိုကြမည် ။
“ ဖေဖေကြီး ” ဟု ခေါ်ကာ ရင်ခွင်ထဲ ခေါင်းကလေး တိုးဝင်လာသော သမီးလေး၏ ပါးကို အားပါးတရ မွှေးကြူလိုက်ဦးမည် ။ သနပ်ခါး စစ်စစ်ကိုမှ ကြိုက်သော ဇနီးသည်က သမီးလေးကိုပါ သနပ်ခါးတွေ ဖုံသ , နေအောင် လိမ်းပေးထားလိမ့်မည် ။ ချွေးစိုစိုနှင့် နမ်းမိ၍ ပါးကွက်ကလေး ပျက်ကာ မျက်နှာမဲ့နေသော သမီးလေးအား ပါဆယ်ထုပ်လေး ပြလိုက်လျှင် ကလေးပီပီ ချက်ချင်း ပြုံးရွှင်သွားပါလိမ့်မည် ။ သမီးနှင့် ဇနီး၏ လက်ကို တစ်ဖက်စီ ဆွဲကာ အိမ်ထဲသို့ ဝင်မည် ။ ဇနီးက ပခုံးဆီမှ လွယ်အိတ်ကို ယူ၍ ရေအေးအေး တစ်ခွက် သောက်ပြီးမှ ရေချိုးရန် သတိပေးမည် ။ မောပန်းလာသမျှ သန့်ရှင်းသပ်ရပ်စွာ လှည်းကျင်း ပြင်ဆင်ထားသော “ အိမ်လေး ” ထဲသို့ ခိုဝင်လိုက်သည်နှင့် အပန်းပြေပါလိမ့်မည် ။ သမီးလေး ရွတ်ပြသည့် စာတွေကို နားထောင်နေစဉ် ဇနီးသည်က ရေလဲပုဆိုးကို လာပေး မည် ။ ကသောကမျော ကျောက်စည်ထဲက ရေကို ချိုးရမည် ။ နောက်ကျလျှင် အိမ်ကြီးရှင်မက ရွှေစိတ် တော် ညိုပါလိမ့်မည် ။ ပုဆိုး ရေလဲပြီး အိမ်ပေါ် တက်လာချိန် ဇနီးသည်က တဘက် တစ်ထည်နှင့် ရေသုတ်ပေး မည် ။ မမီမကမ်းဖြင့် ခေါင်းကို ရေသုတ်နေစဉ် ဆံနွယ်နုနု ဝဲနေသည့် ဇနီး၏ ရှင်မတောင် ရပ်ဝန်းလေးကို သမီး မသိအောင် ခိုးနမ်းလိုက်ဦးမည် ။
••••• ••••• •••••
“ ဦးလေး မှာလည်း အိပ်မက်တွေ ရှိခဲ့တာပဲနော် ။ အိမ် တစ်လုံးနဲ့ မိသားစု ဘဝလေး ပိုင်ဆိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်ဗျာ ။ အလုပ် သွားဖို့ အားရှိအောင် ကျော ဆန့်ဦးမယ်ဗျာ ” ဟု ပြောပြောဆိုဆို အဆောင်မှူး ထွက်သွားပြီးမှ ပြန်လှည့်ကာ “ ကျန်းမာရေးကို ဂရုစိုက်ပါ ဦးလေး ။ လူ့ခန္ဓာကိုယ် ထဲကို ဓာတုပစ္စည်းတွေ အပြင်ကနေ စိမ့်ဝင်နိုင်တဲ့ နေရာ သုံးခု ရှိတယ် ။ ပါးစပ်ရယ် ၊ နှာခေါင်းရယ် ၊ အရေပြားက တစ်ဆင့် စိမ့်ဝင်တာရယ်ဗျ ။ ပါးစပ်နဲ့ နှာခေါင်းက ဝင်ရင် ချက်ချင်း သိကြပေမဲ့ အရေပြားက စိမ့်ဝင်ရင်တော့ နှစ်နဲ့ ချီပြီး ကြာလာမှ ဒုက္ခပေးတာ ။ ဦးလေးချောင်းဆိုတာ များတယ်နော် ။ ဒီမှာက ကျန်းမာရေး အကာအကွယ် ပေးတာ နည်းလွန်းတယ် ”
အဆောင်မှူး၏ စေတနာ စကားကို နားလည်ပါသည် ။ သို့သော် သည်အလုပ်မှ မလုပ်ပြန်လျှင် ၊ ခေါင်းကို ခါလိုက်ပြီး သူလည်း အလုပ် သွားဖို့ ပြင်ရန် တွေးမိ၏ ။ “ အိမ်ကလေးရယ် ၊ ဇနီးရယ် ၊ သမီးရယ် ” လေထဲမှာ ဆေးလိပ်မီးခိုးတွေလို ပျောက်ကွယ်သွားရသည် ။ အတွေးများသည် လက်တံ မပါသော နာရီတစ်လုံးလိုပင် မရပ်မနား လည်နေ သော်လည်း တိကျသော ရည်ညွှန်းရာကို မပြနိုင်ခဲ့ ။
အဆောင်က ကျွေးသည့် မသေထမင်းကို စားကာ အလုပ်သွားဖို့ ပြင်ရသည် ။ သည်နေ့ အလုပ် မလုပ်ရ ။ သူဌေးသမီး၏ မွေးနေ့ဖြစ်၍ ဝန်ထမ်းတိုင်းကို မဲချကာ လက်ဆောင်လည်း ပေးမည်ဖြစ်ကြောင်း သိရ၏ ။ အလုပ်ထဲမှာ သန့်ရှင်းရေး အနည်းငယ် လုပ်ရသည် ။ သူဌေးသမီးလေး မလာခင် စက်ရုံတစ်ခုလုံး ပူဖောင်းဆင်သူ ဆင် ၊ ဖဲကြိုးချိတ်သူ ချိတ် ၊ မွေးနေ့စတေကာလေးတွေ ကပ်သူက ကပ်ကြသည် ။ နေ့လယ်စာ အဖြစ် ဒံပေါက် တစ်ပွဲရ၏ ။ အရွယ်တူ စက်ရုံမန် နေဂျာက သွေးတိုး ရှိသည် ဆိုကာ ပေးသဖြင့် ညနေစာ အတွက်ပါ ဖူလုံတော့မည် ။ ဒံပေါက် မစားရတာ ကြာလှပြီ မဟုတ်ပါလား ။
အားလုံး မျှော်နေကြသော ကံစမ်းမဲ နှိုက်သည့် အချိန်ကို ရောက်လာသည် ။ မီးပူ ၊ ပေါင်းအိုး ၊ ဖုန်း ၊ ကျောပိုးအိတ် စသဖြင့် ဗလာမပါ ပေါက်ကြသည် ။ ဦးအိမ်မြဲ အမည်နှင့် အတူ အမျိုးသမီး လက်ကိုင်အိတ် ဟု ပူးတွဲကြေညာသံ ကြားရချိန်မှာ ဘဝတူတွေ ဆီက ရယ်သံသဲ့သဲ့ ပျံ့လွင့်လာ၏ ။ ဘီးတစ်ချောင်း လောက်ပင် အသုံး မရှိသော ပစ္စည်းက လှောင်ပြောင်နေ သယောင်ယောင် ။ ဒံပေါက်ကို စားပြီး အီလည်လည် ၊ မူးရိပ်ရိပ် ။ လေချဉ်တက်တိုင်း ပေါ်လာတတ်သည့် မဆလာနံ့ သင်းသင်းလေး ကိုတော့ ဘယ်လို ကြိုက်နည်း ကြိုက်မှန်း မသိ ။ အလုပ်ဆင်းချိန်မှာလည်း ချက်ချင်း ပြန်မနား နိုင်သေးဘဲ ဒံပေါက်ထုပ် တစ်ဖက် ၊ မဲပေါက်သည့် လက်ကိုင်အိတ်ကို တစ်ဖက် ကိုင်လျက် အဆောင်မှူး၏ နောက်သို့ ပြေးလိုက်သည် ။
“ ဆရာရေ ခဏလေးဗျာ ” ဟု လှမ်းခေါ်လိုက်လျှင် အဆောင်မှူး လှည့်ကြည့်၏ ။
“ ဒီလိုဗျာ ။ ဆရာ ပေါက်တဲ့မဲနဲ့ ကျွန်တော့်မဲနဲ့ လဲချင်လို့ပါ ”
“ ဦးလေး နောက်နေတာလား ။ ကျွန်တော် မဲပေါက်တာ ဘာမှ မဟုတ်တဲ့ ကီးချိန်း ပါဗျာ ။ လှတော့ လှပါရဲ့ ၊ တန်ဖိုး မရှိပါဘူး ။ ဦးလေး ပေါက်တဲ့ လက်ကိုင်အိတ်က အကောင်းစားဗျ ”
“ လဲသာ ပေးပါဗျာ ။ ဆရာ နယ်ပြန်ရင် ဆရာကတော် အတွက် တစ်ခါတလေလည်း လက်ဆောင်ပါရာ ရောက်တာပေါ့ ”
နောက်ဆုံးတော့ နီညိုရောင် လက်ကိုင်အိတ်လေးကို ဆ , ကာ ၊ ကြည့်ကာဖြင့် အဆောင်မှူးက အဆောင် ပေါ်သို့ တက်သွားလေ၏ ။ တန်ဖိုးမညီသည့် လဲလှယ်မှု တစ်ခုအတွက် သက်ဆိုင်သူ နှစ်ဦးလုံးမှာ အပြုံးတွေ ဝေလို့ ။
ညစာ စားပြီး ကတည်းက လဲထားသော အိမ်ပုံစံ ကီးချိန်းလေးကို ဆုပ်ကိုင်ထားရ သည်မှာ အိပ်မက် တစ်ခုအား ဆုပ်ကိုင်မိသလို တော်တော်နှင့် အိပ်မပျော် ။ သက်ထွေးက လူမိုက်ကံကောင်း ။ တန်ဖိုးကြီး အရက်တစ်လုံး မဲပေါက်သဖြင့် ထုံးစံအတိုင်း သေးနံ့ ရှူရဦးမည် ။ သင်းကလည်း မအိပ်နိုင်သေး ။ ဥတု ပူပူက တလူးလူး နှင်၏ ။ ချွေးတွေက တလိမ့်လိမ့် ၊ တစိမ့်စိမ့် ။ အိပ်မပျော်လည်း ကိစ္စ မရှိ ။ လက်ထဲမှာ အိပ်မပျော်ခင် တွေးစရာ တစ်ခု ရပြီလေ ။ သက်ထွေး ဖွင့်လိုက်သော ပန်ကာလေကြောင့် အိုက်စပ်စပ် ဖြစ်နေရာက အနည်းငယ် သက်သာ လာ၏ ။ မနက်က စိတ်ကူးကို ပြန်တွေးကြည့်သည် ။ သမီးလေးရယ် ၊ ဇနီးရယ် ၊ အိမ်လေးရယ် အစဉ်လိုက် ပြန်ပေါ် လာသည် ။
နောက်တစ်နေ့နံနက် အလုပ်ဝင်တော့ ပြဿနာကြီး တစ်ရပ်က ကြိုနှင့်၏ ။ ချောင်းဆိုးသဖြင့် အလုပ် ကောင်းစွာ မလုပ်နိုင်သည့် သတင်းက မန်နေဂျာနားသို့ ပေါက်သွား၏ ။ ရွှေဂုံတိုင်ရှိ ဓာတ်ခွဲခန်း တစ်ခုတွင် ဆေးစစ်တော့ တီဘီ ရှိကြောင်း သိလိုက်ရသည် ။ ရွေးချယ်ခွင့် မရှိ ၊ ငြင်းဆန်ခွင့် မရှိ ၊ ကာကွယ်ခွင့် မရှိ ။ ဖြစ်လာသည့် ဝေဒနာကို အံခဲကာ လက်ခံနိုင်ရန် ကြိုးစားလိုက်ရသည် ။ ဆရာဝန်က မှာလိုက်သည့် အားဖြည့် အစားအစာ ၊ လေကောင်းလေသန့် ရသည့် ဝန်းကျင် ဘယ်မှာ ရှာရပါမည်နည်း ။
“ ကိုအိမ်မြဲကို အနားယူစေချင်တယ်ဗျာ ။ အခုလို ပြောရတာ အားနာပါတယ် ။ ဒါပေမဲ့ ကျန်းမာရေး ကောင်းရင်တော့ အချိန်မရွေး ပြန်လာခဲ့ပါ ။ အခုကလည်း ပိုဆိုးလာမှာ စိုးရိမ်လို့ ဒီလို ခေါ်ပြောရတာပါ ။ နားမယ်ဆိုရင် တစ်လစာလည်း အပို ထုတ်ပေးလိုက်ပါ့မယ် ”
မန်နေဂျာက ယဉ်ယဉ်ကျေးကျေးလေး အလုပ် ထုတ်လိုက်ပြီ ။ ဘယ်သွားလို့ သွားရမှန်း မသိသေး ။ သရက် တောတိုက်ကို ပြန်ရမည်လား ၊ လုံခြုံရေး အလုပ်ကို ပြန်သွားရမည်လား မပြောတတ် ။ နောက်ဆုံးတော့ အထုပ်ကလေး ဆွဲလျက် ထွက်လာခဲ့ရသည် ။ စက်ရုံအနီးက ငမိုးရိပ်ချောင်း တံတားပေါ်၌ အထုပ်လေးကို ချကာ ခဏ ထိုင်နားလိုက်သည် ။ စက်ရုံ ခေါင်မိုးပြာပြာကြီးကို လှမ်းမြင်ရသည် ။ သဲထမ်းနေသည့် ယောက်ျား ၊ မိန်းမများ အစီစီ ။ ထိုစဉ် အိမ်တစ်လုံး ကဲ့သို့ စုလစ်မွမ်းချွန်များ ဆင်ယင် ထားသည့် အနက်ရောင် ကား တစ်စီးက နာရေးကူညီမှု အသင်းဘက်သို့ မောင်းသွားသည် ။ နောက်ဆုံး အချိန်မှာ သည်လို ကားလေးတော့ စီးလိုက်ချင်ပါသည် ။
⎕ ကိုစက်ဖေ
📖ရွှေအမြုတေ ရုပ်စုံ
မဂ္ဂဇင်း ဧပြီ ၊ ၂၀၁၈
No comments:
Post a Comment