Friday, May 22, 2026

အချစ်တောမှ အပြန်


❝ အချစ်တောမှ အပြန် ❞
  ( မြတ်မင်း - ဆင်တဲဝ )

ညသည် ဝင်းလက်နေသော လရောင်အောက်၌ ဆိတ်ငြိမ်နေလေသည် ။ မည်းညစ်နေသော တောင်တန်းကြီးများသည် လှနေသည် ။ နွေလေက “ တောင်ကြားမြို့” လေးထဲသို့ တဖြူးဖြူး တိုက်ခတ်ဝင်လာနေ၏ ။ ကျောက်ပြုတ်လမ်းမကြီးကား ခုအခါ၌ လရောင်ကြောင့် အသွင်တစ်မျိုး ဖြစ်နေသည် ။ လမ်းဘေး အလုပ်သမားတန်းလျားတွေလည်း တိတ်ဆိတ်ငြိမ်ခြင်း အောက်၌ အိပ်မောကျ နေတော့သည် ။

“ ဘာဖြစ်လို့များ ငါဟာ ဒီချိန်ထိ မအိပ်နိုင်သေးတာလဲ ”

ကျွန်တော်သည် အခန်းပြတင်းကို ဖွင့်ကာ လရောင် အရသာ ခံစားရင်း အတွေးကို ဖြန့်လွှင့်နေမိသည် ။ ၁၂ နာရီ သံချောင်းခေါက်သံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြန်သည် ။

“ မဖြစ်ဘူး ၊ သွားကို သွားရမယ် ။ ဆရာမလေးဆီ သွားတွေ့မယ် ”

ကျွန်တော့် နှလုံးရင်ပြင်၌ ကြီးမားသော လှိုင်းလုံးများ ဘောင်ဘင်ရိုက်ခတ်နေသည် ။ တစ်ခါတစ်ရံ ညအလှထဲ နစ်မြုပ်ရင်း စိတ်သည် လွမ်းမောရီဝေ နေမိပြန်သည် ။ ဝါရွှေနု လရောင် အမျှင်တန်းကလေး များသည် ကျွန်တော့် အခန်းထဲသို့ ကျူးကျော် ဝင်ရောက်လာနေသည် ။ ကျွန်တော့် မျက်နှာပြင်ပေါ် ၊ ကျွန်တော့် ခုတင်ပေါ် ... ကျွန်တော့် စာကြည့်စားပွဲပေါ်၌ လရောင်သည် နားခိုနေသည် ။

ကျွန်တော်လည်း အိမ်နောက်ဖေး ခြံထဲသို့ မျက်လုံးဝေ့ကြည့်လိုက်မိသောအခါ တညင်းညင်း တိုက်ခတ်နေသော လေကြောင့် လှုပ်ရှားယိမ်းထိုး နေသော ငှက်ပျောရွက်များကို မြင်နေရသည် ။ အစိမ်းရောင် ငှက်ပျောရွက်ကလေးများမှ တစ်ဆင့် လုံချည်စိမ်းနှင့် အင်္ကျီအဖြူထည်လေးကို ဝတ်ကာ စာသင်ကျောင်းဆီသို့ ဣန္ဒြေခြေလှမ်းကလေးများဖြင့် လျှောက်လှမ်းသွားနေသော ဆရာမလေး ရုပ်လွှာကို မြင်ယောင်နေမိပြန်သည် ။

“ သူမ ပြောင်းလဲနေပြီ ။ အဟုတ်ကို ပြောင်းလဲနေပြီ ။ အစစအရာရာ ပြောင်းလဲနေပြီ ။ ကောင်းပါတယ်လေ ။ ဒီလိုပဲ ဖြစ်ရမှာပေါ့ ။ ဒီလိုပဲ ဖြစ်ရမှာပေါ့ ”

ကျွန်တော့် ရင်ထဲ၌ အကြိမ်ကြိမ် ပြောနေမိသော စကား ။

ကုန်လွန်ခဲ့သော တနင်္ဂနွေ တစ်နေ့ကပင် ကျွန်တော်သည် ဆရာမလေးကို စိတ်ထဲမှ ကျိတ်ကာ ချီးကျူးနေမိတော့သည် ။

ထိုနေ့က ကျွန်တော်တို့ တက္ကသိုလ် စာပေးစာယူ သင်တန်းသူ/သားများက နှစ်ပတ်လည်အစည်းအဝေးနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို နှစ်ထပ်ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ကြသည် ။ ထိုပွဲ၌ မိုင်းအလုပ် တစ်ဖက်ဖြင့် ဘွဲ့ယူဖို့ ကြိုးစားနေသော အလုပ်သမား ကျောင်းသားလူငယ်တွေ တက်ရောက်ကြသည် ။ မောင်မယ်သစ်လွင်တွေလည်း ပါသည် ။ ထိုအထဲမှာ နှစ်သစ် ဖြစ်သော ဆရာမလေးလည်း တက်ရောက်လာသည် ။

“ မှောင်နေပြီ ။ လိုက်ပို့ဖို့ လိုသေးလား ဟင် ”

ကျွန်တော်သည် ဆရာမလေးကို ငေးကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည် ။ ဆရာမလေးနှင့် အတူ ရပ်နေသော မနှင်းခိုင် က အလိုက်သိစွာ မျက်နှာကို အဝေးသို့ ရှောင်ငေးကြည့်နေသည် ။

“ လိုက်ပို့ရင်တော့ သိပ်ကောင်းမှာပဲ ။ ကျေးဇူးတင်မယ်လေ ၊ ဟင်း ... ဟင်း .. ဟင်း ”

ဆရာမလေးလည်း ရယ်မောကာ ကျွန်တော့်ကို စူးစူးနစ်နစ် ကြည့်နေသည် ။ ကျွန်တော်ကား သူမ အကြည့်ဒဏ်ကို ကြာကြာ မခံနိုင်ဖြစ်ကာ မျက်လွှာ အောက်ချလျက် “ ကဲ ... သွားကြစို့ ” ဟု ပြောပြီး ကျွန်တော်တို့ သုံးယောက် အစည်းအဝေးမှ ကျောခိုင်းထွက်လာခဲ့တော့သည် ။

••••• ••••• •••••

“ တောင်ကြားမြို့” ၏ လမ်းမပေါ်၌ ညနေ မှုန်ရီရီအမှောင်စများ ဖြန့်ကြက်နေသည် ။ ကျွန်တော် ၊ မနှင်းခိုင် ၊ ဆရာမလေး တို့လည်း စကားဖောင်ဖွဲ့ရင်း ကျောက်ပြုတ် လမ်းပေါ် ဖြည်းလေးစွာ လျှောက်လှမ်းနေမိကြသည် ။ ကျွန်တော်ကား ဆရာမလေးကို ကြည့်နေမိရင်း “ သူမ အဟုတ်ကို ဆရာမလေး ဖြစ်နေပြီ ” ဟု တိုးတိုးလေး ရေရွတ်နေမိပြန်သည် ။ ကျွန်တော့်စကားသံထဲ၌ ဝမ်းသာပျော်ရွှင်စိတ်များ လှိုက်နေသည် ။

ဖုန်ထနေသော လမ်းချိုး တစ်နေရာသို့ ရောက်လာသောအခါ ဆရာမလေးက စကား အနည်းငယ်ကို ပြောနေသည် ။ သူမ အသံကား အပေါ်ယံမှ ထွက်လာခြင်း မဟုတ် ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ထွက်လာခြင်း ဖြစ်သည်ဟု ကျွန်တော် ယုံကြည်နေမိသည် ။

“ ကျွန်မကိုလေ ကလေးတွေက ခြင်း ကူဆွဲပေးတာ ၊ မုန့်ဝယ်ကျွေးတာ ၊ ပန်းကုံး လှလှလေးတွေ ပေးတာကို သိပ်ကြည်နူးမိတာပဲ ။ သူတို့လေးတွေ ဝယ်ပေးတဲ့ မုန့်ကိုလည်း မစားရက်နိုင်ပါဘူး ။ စာသင်လို့ ဘယ်လောက်မောမော အပြစ်ကင်းစင်တဲ့ သူတို့ လေးတွေရဲ့ ဖြူစင်တဲ့ မျက်နှာလေးတွေကို မြင်လိုက်ရရင် အမောကို ပြေသွားတာပဲ ။ တကယ် ”

ဆရာမလေး ပြောလိုက်သော စကားသံလေးများမှာ အိပ်မောကျနေသော ကျွန်တော့် နှလုံးသားကို ဖျတ်ခနဲ လှုပ်နှိုးလိုက်သလိုပင် ၊ ရုတ်ချည်း နိုးထသွားသည် ။ ဘယ်လိုမှ မျှော်လင့် မထားသော စကားတွေ ကြားရသော အခါတွင်လည်း ရင်၌ “ အေးခနဲ ” ခံစား လိုက်ရသည် ။ ထိုခံစားရမှုမှာ နက်ရှိုင်းသော ချောက်ကမ်းပါး ထိပ်ကနေ ခုန်ချလိုက်သော လူတစ်ယောက် အသည်းအေးခနဲ ဖြစ်သွားသည့် ပုံစံမျိုးလိုပင် ။ တဒင်္ဂ၌ ကျွန်တော်သည် ဆရာမလေး စကားကို ယုံကြည်လက်ခံဖို့ ခဲယဉ်းနေမိသည် ။ သို့သော်လည်း ကျွန်တော့် ရှေ့မှာပင် ဖွင့်ပြောနေပြန်သောအခါ မယုံကြည်၍ မရတော့ ။ ယခုအခါ သူမသည် ကလေးတွေကို ချစ်တတ်နေပြီ ။ သံယောဇဉ် ထားတတ်နေပြီ ။ အားလုံးကို လေးလေးနက်နက် တွေးတောစဉ်းစားတတ်နေပြီ ။

“ ဒါကြောင့် တို့က ခဏခဏ ပြောတာ ၊ မိန်းကလေးတွေ ဆိုရင် ဆရာမလေးတွေ ဖြစ်စေချင်တာပဲ ။ တွေ့ရင် တိုက်တွန်းနေတာပဲ ”

ကျွန်တော်သည် ဆရာမလေးနှင့် မတွေ့ခင်ကပင် မိန်းကလေးပေါင်း များစွာကို ဆရာမလုပ်ဖို့ အခါခါ တိုက်တွန်းခဲ့ဖူးသည်ပင် ။

“ အခု … ဆရာမလေး ဖြစ်နေပြီလေ ။ ကျေနပ်ပြီမို့လား ဟင် ”

ကျွန်တော့်ကို မျက်လုံးလေး ဝေ့ကြည့်ရင်း ဆရာမလေး၏ နုညက်သော မေးခွန်းကို ရုတ်တရက် ကျွန်တော် မဖြေနိုင်ခဲ့ ။ သူမကိုသာ အကြာကြီး ကြည့်ပေးနေမိသည် ။ ယခုအခါ၌ ဆရာမလေး မျက်နှာပြင်မှာ ဒေါသရောင် ၊ မာနရောင် ၊ ဝံ့ကြွားမော်ဟန်သည့် အရောင်များ တစ်စက်ကလေးမှ မတွေ့ရတော့ဘဲ “ ချမ်းမြေ့ကြည်အေး ” နေသည့် ရုပ်လွှာသာလျှင် မြင်နေရသည် ။ တစ်ခါတလေမှာ ဆိုလျှင် တည်ငြိမ်အေးဆေးနေသည့် ရုပ်လွှာကပင် တပည့်ငယ်တွေကို ကြည့်ပြီး ဆုံးမနေသည့် ပုံစံအတိုင်းပင် ။ ဟိုး ယခင်က ပုံပန်းသဏ္ဌာန်တွေ ၊ စရိုက်တွေနှင့် ကွာခြားချင်တိုင်း ကွာခြားလာသည့် ဆရာမလေးကို ကြည့်နေမိရင်း ရင်မှာ ပီတိတွေ ဖြာခဲ့ရပြန်သည် ။

ကုန်ဆုံးခဲ့သော ၃ နှစ်လောက်က တောင်ကြားမြို့ တွဲဖက်အထက်တန်း ကျောင်းလေးတွင် ကျွန်တော်နှင့် ဆရာမလေး တို့ ဝေဝေဝါးဝါး လောက်သာ သိခဲ့ရသည် ။ ကျွန်တော် ၁၀ တန်းနှစ်တွင် ဆရာမလေးက ၉ တန်းကျောင်းသူ ။ ထိုစဉ်က သူမသည် ကျောင်း၌ ပေါ်ပြူလာ ဖြစ်ခဲ့၏ ။ သူမမိဘက ချောင်လည်တော့ ရွှေလိုချင် ရွှေဖြစ်ခဲ့သူ ။ ခေတ်အမီဆုံး အဝတ်အစား ၊ အသွင်အပြင်နှင့် ဝံ့ကြွားမောက်မော်နေ၏ ။ ကျောင်းနေသည်ကို ပျော်ဖို့ရွှင်ဖို့ ကောင်းသော စားကျက် တစ်နေရာ အဖြစ် သဘောထားလေသလား မသိ ။ သူမစရိုက် ၊ သူမအသွင်အပြင် လက္ခဏာများမှာ နှစ်မြို့မက်မောချင်စရာ တစ်ကွက်မှ မရှိခဲ့ပေ ။

ထိုအချိန်က ကျွန်တော်ကား ၁ဝ တန်း အောင်မှ ဘဝတစ်ဆစ်ချိုး ပြောင်းမည်ဟုတထစ်ချ ယုံကြည်ခဲ့သူဖြစ်၏ ။ မြေအောက် မိုင်းထဲ ပင်ပန်းတကြီး လုပ်ရင်း ကျွန်တော့်ကို ကျောင်းထားပေးခဲ့သော မိုင်းသမားကြီး အဖေ့ကို ငဲ့စောင်းကြည့်ရသေးသည် မဟုတ်ပါလား ။ ကြိုးစားခဲ့သည် အတိုင်းပင် ကျွန်တော်လည်း ၁ဝ တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည် ။ ထို့နောက် ရုံးစာရေးလေးဘဝနှင့်ပင် စာပေးစာယူသင်တန်း ဆက်တက်ကာ ဘဝကို စတင်ရုန်းကန်ခဲ့ရ လေသည် ။ ကျွန်တော် ၁ဝ တန်းအောင်သွားပြီး နောက်တွင်မှ သူမ ၁ဝ တန်းတက်လာသည် ။ သည့်နောက် သူမ အကြောင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည် ။

ကျွန်တော် ဒုတိယနှစ် စာပေးစာယူ သင်တန်းတက်နေစဉ်၌ သူမ အိမ်သို့ သူငယ်ချင်းမနှင်းခိုင်နှင့်အတူ မထင်မှတ်ဘဲ ရောက်သွားဖြစ်သည် ။ ထိုအချိန်တွင် သူမ ၁ဝ တန်းအောင်ပြီးနေပြီ ။ သူမလည်း စာပေးစာယူသင်တန်း တက်ရန် တာစူနေသူဖြစ် သောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်ကို ဆွေးနွေးမေးမြန်းခဲ့ရာမှ ရင်းနှီးခင်မင်မှု ရလာခဲ့ခြင်းဖြစ်သည် ။ သည့်နောက်မှာတော့ တနင်္ဂနွေညနေလေးတွေမှာ စာပေးစာယူ သင်ခန်းစာများ ဆွေးနွေးရန် မနှင်းခိုင် နှင့်အတူ ဆရာမလေးအိမ်သို့ မကြာမကြာ ရောက်သွားတတ်သည် ။ ထိုစဉ်ကလည်း သူမကို ဆရာမလုပ်ဖို့ ပြောသေးသည် ။

“ မိန်းမကလေးတွေ ဆရာမ ဖြစ်ရင် ဣန္ဒြေလေးတွေ ၊ သိက္ခာလေးတွေနဲ့ ကြည့် လိုက်ရင် သိပ်ကျက်သရေ ရှိတာ ”

“ ကျွန်မလည်း ကျောင်းဆရာမ လုပ်ဖို့ စိတ်ဝင်စားပါတယ် ။ စမ်းကြည့်ဦးမယ်လေ ”

သူမသည် မရေရာသော ခပ်ပေါ့ပေါ့ အဖြေစကား ပြောနေသဖြင့် ဆရာမလုပ် လိမ့်မည်ဟု မထင်မိခဲ့ပေ ။ ယခုတော့ ကျွန်တော် ဖြစ်စေချင်လွန်းသော ဆရာမလေး ဖြစ်နေပြီလေ ။

“ ကျွန်မလေ အပြစ်ကင်းစင်တဲ့ သူတို့လေးတွေ မျက်နှာကို မြင်လိုက်ရရင် အမောကို ပြေသွားတာပဲ ”

“ အခု ဆရာမလေး ဖြစ်နေပြီလေ ။ ကျေနပ်ပြီမို့လား ဟင် ”

ဆရာမလေး၏ နှလုံးသည်းပွတ်ထဲက ပွင့်ထွက်လာသော ထိုစကားသံလေးများကား သံမဏိလို မာကျောနေသော ကျွန်တော့်နှလုံးသားကို တစ်စစီ ၊ တစ်စစီ ခြေမွပစ်နေသလို ခံစားနေရတော့သည် ။

ထိုညက ဆရာမလေးကို လိုက်ပို့ပြီး ပြန်လာသော ညက ကျွန်တော်သည် တစ်ည လုံး အိပ်မပျော်နိုင်ခဲ့ပါ ။ နှလုံးဝိညာဉ်သည် ဆရာမလေးထံ ပျံဝဲနေတော့သည် ။

••••• ••••• •••••

အတွေးရေအလျဉ်သည် ဆရာမလေး အပါးမှ တစ်စတစ်စ ခွာလာသည် ။ ကျွန်တော့် မျက်စိအမြင်၌ လွမ်းမောဖွယ် တောင်တန်းကြီးကို မှိုင်းပျပျ မြင်နေရသည် ။ လရောင်အောက်၌ တောင်တန်းကြီးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေတော့သည် ။ ကျွန်တော်သည် ပြတင်းတံခါးကို ပိတ်လိုက်ပြီးနောက် ဆရာမလေးထံ ပေးလိုက်သော စာမိတ္တူကို နောက်တစ်ကြိမ် ဖွင့်ဖောက်ဖတ်မိပြန်သည် ။ ဤအကြိမ်ရော ဆိုလျှင် ဆယ်ခါထက်မနည်း ။

“ အချစ်ဆိုတာ ရင်ထဲမှာ အများကြီး ရှိနေတာပဲ ။ နှလုံးသားကို လှုပ်ရှားလာအောင် ရင်ခုန်လာအောင် ပြုမူနိုင်သူရှိရင် တစ်ဦးနဲ့ တစ်ဦး နှလုံးဝိညာဉ်ချင်း စကားပြောပြီး အချစ်ဆိုတာ ပေါက်ဖွားလာမှာပဲ ”

“ အခုတော့ ကိုယ်လေ ၊ ဆရာမလေးကို တိုင်းတာလို့ မရနိုင်တဲ့ အချစ်များစွာနဲ့ ချစ်နေပြီလေ ”

ကျွန်တော်က ဆရာမလေးကို ပေးလိုက်သော စာထဲမှ ဤစာ ၂ ကြောင်းကို အလွတ်နီးပါး ရနေတော့သည် ။ ဤစာကို ဒီကနေ့ညနေ ၆ နာရီ၌ မနှင်းခိုင်မှ တစ်ဆင့် ပေးခိုင်းထားပြီးဖြစ်ရာ ၊ ဤစာကို ဆရာမလေး လက်ခံရရှိမည့်အချိန် ၊ စာဖတ်မည့်ည ၁၂ နာရီအချိန် ( ည ၁၂ နာရီမှ ဖွင့်ဖတ်ရန် ရေးထား၍ ) များ၌ ကျွန်တော့်ရင်ဝယ် လှိုင်းထနေခဲ့သည် ။

ထို့ကြောင့်လည်း ဒီည ၁၂ နာရီအချိန်က ကျွန်တော့် ဝိညာဉ်ကား နေရာအနှံ့ လွင့်မျောနေခဲ့ခြင်းဖြစ်သည် ။ စာထဲ၌ ဣန္ဒြေတွေ ၊ သိက္ခာတွေနှင့် တစ်မျိုး ဆန်းသစ်လာသည့် ဆရာမလေးရုပ်လွှာမှာ ယခင်က ပုံပန်းသဏ္ဌာန်တွေနှင့် လုံးဝကွာခြားလာကြောင်း ၊ ယခုအခါ လေးစားစရာ ၊ ချစ်စရာ ကောင်းတဲ့ ဆရာမလေး ဖြစ်နေကြောင်း စာလုံးလှလှဖြင့် ရေးထားသည်ကို ပြန်တွေးမိကာ ကျွန်တော့်မှာ ပြုံးနေရပြန်သည် ။

“ ခုချိန်ဆိုရင် ဆရာမလေးဟာ ငါ့ရဲ့ စာကို ဖတ်ပြီးလောက်ရောပေါ့ ။ စာဖတ်ပြီးရင် သူမ ရင်ခုန်နေမလား ။ မျက်နှာကို တင်းထားလေမလား ၊ စာကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်လေမလား ။ ဒီစာဟာ ငါ့ရဲ့ နှလုံးသားနဲ့ ရေးထားတဲ့စာ ဖြစ်နေတော့ ဒီစာကို ဆုတ်ဖြဲပစ်တယ် ဆိုရင် ငါ့အသည်းတွေကို တစ်စစီ တစ်စစီ ဆုတ်ဖြဲပစ်သလို ၊ စိတ်ဖွာ ပစ်သလို ခံစားရမှာပဲ ”

ကျွန်တော်၏ ခန္ဓာကိုယ်တစ်ခုလုံး ပူပန်စိတ်များဖြင့် ဖုံးလွှမ်းနေတော့သည် ။

ညသည် လှပနေဆဲပင် ။ ၁၂ နာရီ ထိုးပြီး၍လည်း ကျွန်တော့်ရင်မှာ ပို၍ ခုန်နေ၏ ။ အိပ်ချင်စိတ်သည် ဘယ်ဆီလွင့်မျောသည် မသိလေတော့ ။

“ မဖြစ်ဘူး ၊ သွားကို သွားရမယ် ။ ဆရာမလေးဆီ သွားတွေ့မယ် ”

နောက်ဆုံးတွင် ရင်ထဲ၌ ဆုံးဖြတ်ချက် ခိုင်ခိုင် ချလိုက်ပြီးနောက် အနေဝေးလွန်းလှသော ဆရာမလေးအိမ်ဆီသို့ သွားရန် အိမ်ထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည် ။

အပြင်ဘက်၌ ဖိုးလမင်းသည် ကျွန်တော့် နောက်မှနေ့၌ တရိပ်ရိပ် လိုက်လာနေကာ ကျွန်တော့်ကို ပြုံးပြနေသည် ထင်သည် ။

••••• ••••• •••••

ကျောက်ပြုတ်လမ်းမပေါ် ကျွန်တော် ခြေချလိုက်မိသောအခါ ညဉ့်လေပြည်သည် တောင်ကြားမှ ဖြတ်တိုက်လာကာ ကျွန်တော့် မျက်နှာပြင်နှင့် ပွတ်သပ်ထိတွေ့ပြီးနောက် လမ်းမကြီး အတိုင်း တိုက်ခတ်သွားလေတော့သည် ။

ဝါရွှေသော လရောင်အောက်၌ လမ်းမပေါ်မှ ကျောက်စရစ်ခဲလေးများမှာ ပန်းပွင့်လေးတွေ ပြန့်ကျဲနေသကဲ့သို့ ကျွန်တော် ခံစားနေရသည် ။ ကုန်လွန်ခဲ့သော တစ်ညနေက ... ဆရာမလေးကို အိမ်လိုက်ပို့သော တစ်ညနေက ... ဤလမ်းမကြီးမှာ ရယ်မောသံတွေ လွှမ်းနေသော်လည်း ယခု ကျွန်တော် တစ်ယောက်တည်း လျှောက်နေချိန်မှာ ငြိမ်သက်တိတ်ဆိတ်လွန်းလှသည်တကား ။ အထီးကျန် ဆန်လွန်းလှသည်တကား ။

“ ခုလို လပြည့်ညမှာ ၊ အေးချမ်းသာယာတဲ့ ညမှာ ဆရာမလေးနဲ့အတူ ဟောဒီ လမ်းမကြီးပေါ်မှာ လျှောက်ရရင် သိပ်ကြည်နူးစရာကောင်းမှာပဲ ”

ကျွန်တော့် ရင်ထဲ၌ အတွေးစိတ်ကြောင့် လှပ်ခနဲ ခံစားနေရသည် ။

“ ငါ့ကို သူမ ချစ်မှ ချစ်ပါ့မလား ။ သူမက အချစ်တွေ အများကြီး ထားခဲ့ဖူးတဲ့ မိန်းကလေး တစ်ယောက်ဆိုတော့ ငါ့ကို ကြိုးရှည်ရှည်နဲ့ လှန်များ ထားလေမလား ”

ဤသို့ တွေးမိသောအခါ၌ ကျွန်တော့် ရင်သည် မောပန်းနေပြန်သည် ။

တကယ်တမ်း၌ ကျွန်တော်ကား အချစ် အရသာကို တစ်ခါမျှ ခံစားဖူးသူ မဟုတ် ။ ဆရာမလေးကား ဤလောက၌ နောကျေခဲ့သူ ဖြစ်သည် ။ ကျွန်တော်သည် သူမနှင့် ပတ်သက်ရတော့မည်ဟုဆိုလျှင် မသိချင်ဘဲ သိရတော့မည့် သူမ အတိတ်ဇာတ်လမ်းများကို ခြေရာကောက်ခဲ့ရသည် ။ သူမသည် စိတ်လှုပ်ရှားစဉ် အရွယ် ၊ စိတ်ကစားတတ်သည့် ဆယ်ကျော်သက် အရွယ်၌ ယောက်ျားလေး ၄ ယောက်နှင့် လက်တွဲဖြုတ်ခဲ့ဖူးသူ ဖြစ်၏ ။ ထိုယောက်ျားလေးများနှင့် ချစ်ကြိုက်နေစဉ်၌ သူမ နာမည်သည် အဖတ်ဆယ် မရတော့အောင် ဆိုးဝါးနေခဲ့သည် ။ မိန်းကလေး ဣန္ဒြ ရွှေ ပေး၍ မရဆိုသည့် စကားမှာ တစ်ချိန်က သူမနှင့် စိမ်းနေခဲ့ဟန်တူသည် ။

ဤအဖြစ်အပျက်မျိုးတွေ နောကျေခဲ့သော မိန်းကလေး တစ်ယောက်ကို အချစ် အကြောင်း နှမ်းတစ်စေ့စာလောက်မျှ နားမလည်သော ကျွန်တော့်လို ယောက်ျားလေး တစ်ယောက်က ချစ်ရေးဆိုသောအခါ သူမ ရယ်မောနေမလား ... ဟက်ဟက်ပက်ပက် ရယ်မောနေမလား ။

မည်သို့ဆိုစေ ၊ ယခုအခါ၌ သူမသည် ကလေးတွေရဲ့ ဆရာမ ။ တည်ငြိမ်အေးဆေးနေသည့် ဆရာမလေး ဖြစ်နေသည် မဟုတ်လား ။

“ ငါချစ်တာက ကလေးတွေကို စာသင်နေတဲ့ ဆရာမဆိုတဲ့ သူမကို ချစ်တာပါ ”

ဤအတွေးကား မွန်းကျပ်နေသော ရင်ကို လန်းဆတ်သွားစေခဲ့သည် ။

ကျောက်ပြုတ်လမ်းမဘေးရှိ နမ့်ပန်ယွန်းချောင်း ရေအလျဉ်မှာ ညင်ညင်သာသာ စီးဆင်းလျက်ရှိသည် ။ ကျွန်တော် သွားရာ လမ်းတစ်လျှောက်လုံး၌ အချစ်ကို ဖော်ကျူးထားသည့် သံစဉ်တေးသွားကို နောက်ခံ တေးဂီတသံသာ အဖြစ် တီးခတ် ပေးနေ သကဲ့သို့ ထင်နေမိပြန်သည် ။

ချောင်းရေကြည်ကြည်ထဲ၌ကား ဝိုင်းစက်နေသော လမင်းနှင့် ပြိုးပြိုးပြက်ပြက် တောက်ပနေသော ကြယ်ပွင့်ကလေးများကို မြင်နေရသည် ။ ဤကြယ်ရောင်လေးများကို ဆရာမလေး၏ ရွှန်းလက်သော မျက်လုံး အရောင်လေးများဟု ထင်နေမိပြန်သည် ။ ထိုခဏ၌ ကျွန်တော် လုံးဝ မတွေးတောခဲ့မိသော အရာတစ်ခုက ဖျတ်ခနဲ ပေါ်လာသဖြင့် ကျွန်တော်၏ လှမ်းလက်စ ခြေလှမ်းလေးများမှာ ရုတ်တရက် ရပ်ဆိုင်းသွားတော့သည် ။

မျှော်လင့်ချက် ကြီးစွာဖြင့် လျှောက်လာခဲ့မိသော ကျွန်တော်ကား ယခု တဒင်္ဂ အချိန်တိုအတွင်းမှာပင် ခေါင်းထဲ၌ နောက်ကျိရီဝေ မှိုင်းမှုန်နေရလေပြီ ။

“ တကယ်တော့ ငါဟာ စိတ်က နှိုးဆွလွန်းလို့ ၊ ဆရာမလေး မျက်နှာကို ကြည့်ချင် လွန်းလို့ ၊ စကားတွေ တဝကြီး ပြောချင်လွန်းလို့ ခရီးဝေးလွန်းလှတဲ့ နေရာကို လာခဲ့မိတယ် ။ အို ငါတကယ်ကို ဆရာမလေးဆီ လာခဲ့မိပြီ ။ ခက်တာက ငါ လာမယ်ဆိုတာ ဆရာမလေး သိထားတာ မဟုတ်ဘူး ။ ငါ သူမအိမ်ကို လာတော့ကော သူမ သိမှာတဲ့ လား ။ သူမ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော် နေမှာပေါ့ ။ ဟင်း ... ငါဟာ ငါ့စိတ်ကို အစိုးမရနိုင်ပါ့လား ။ စိတ်ကို အစိုးမရနိုင် ပါ့လား ”

ထိုအတွေးများ ခေါင်းထဲ ရောက်လာမိသောအခါ၌ ကျွန်တော့်မှာ စိတ်မကောင်း ကြီးစွာ ဖြစ်သွားရတော့သည် ။ စင်စစ် ကျွန်တော်ကား စိတ်ကူးယဉ်ပင့်ကူအိမ်၌ ကရွတ်ကင်းခွေ လျှောက်နေမိခဲ့ခြင်းသာ ။

“ အို ... ဘာပဲဆိုဆို ၊ ငါ့စာကို ဖတ်မိရင် ဆရာမလေး အိပ်ပျော်မှာ မဟုတ်ပါဘူး ။ သူမ ရင်ခုန်နေမှာပါ ။ အတွေးတွေ ဝေစည်နေမှာပါ ”

ထိုအတွေးမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိကာ လှမ်းလက်စ ခြေလှမ်းများ ကို ဆက်လျှောက်နေမိပြန်သည် ။

နောက်ဆုံးအကြိမ်အဖြစ် ကျွန်တော်သည် ခေါင်းထဲ၌ ကောက်ချက် တစ်ခု ချလိုက်မိသော အခါတွင် ခြေလှမ်းတွေက ပိုမို သွက်လာသည်ဟု ထင်ရတော့သည် ။

“ ငါ ဆရာမလေး အိမ်ကိုတော့ ရောက်အောင် သွားမယ် ။ သူမရဲ့ အိမ်နောက်ဘက်က စိန်ပန်းပြာပန်း တစ်ပွင့်ကို ကောက်ယူဖြစ်အောင် ကောက်ယူခဲ့မယ် ။ ညက သူမအိမ်နား ရောက်တဲ့အကြောင်း မနက်ကျောင်းမှာ စိန်ပန်းပြာပန်းပွင့်လေး ပေးရင်း ပြောပြလိုက်မယ် ။ စိန်ပန်းပြာပန်းပွင့်လေး မြင်ရင်တော့ သူမ ယုံသွားမှာပါ ။ တကယ်လို့များ သူမ အိပ်ရာက နိုးထနေတာနဲ့များ တိုက်ဆိုင်ခဲ့ရင်လည်း သူမကို အဲဒီ ပန်းကလေး ပေးခဲ့မယ်လေ ”

ညကား တိတ်ဆိတ်လွန်းနေသည် ။ ဖိုးလမင်းကလည်း သာပဲသာနိုင်လွန်းလှသည် ။

••••• ••••• •••••

ဆရာမလေး အိမ်အနီး ရောက်လာသော အခါတွင် ရင်မှာ တဒိတ်ဒိတ် ခုန်နေ ပြန်သည် ။ သွေးခုန်နှုန်းသည်လည်း မြန်ဆန်လွန်းနေသည် ။

ဆရာမလေးတို့ တစ်အိမ်လုံး အိပ်မောကျနေသည် ။ ပတ်ဝန်းကျင်ကား တိတ်ဆိတ်မှု အောက်၌ နစ်မြုပ်နေတော့သည် ။ ကျွန်တော်သည် ခရမ်းရင့်ရောင် စိန်ပန်းပြာပင်ကြီးကို လှမ်းကြည့်နေမိသည် ။ လရောင်အောက်၌ စိန်ပန်းပြာပန်းပွင့်လေးများ တဖြုတ်ဖြုတ် ကြွေကျနေ၏ ။ တစ်ပင်လုံး ဝေနေသဖြင့် ခရမ်းရောင်လွင်နေသည် ။ အပင်အောက်၌ ခရမ်းရောင်မင်များ ဖျန်းပက်ထားသကဲ့သို့ ရှိနေမည် ထင်သည် ။

ကျွန်တော်သည် ဆရာမလေးတို့ အိမ်နောက်ဖေးရှိ စိန်ပန်းပြာပင် အနီး ခြေသံ ဖော့ကာ နင်းပြီး တဖြည်းဖြည်း လျှောက်လှမ်းလာသည် ။ ကျွန်တော့် ရင်ခုန်သံကသာ ည၏ တိတ်ဆိတ်မှုကို ဖုံးလွှမ်းနေသည်ဟု ထင်နေမိပြန်သည် ။ ထိုခဏ၌ ကျွန်တော့် နားထဲတွင် တောင်ကြားက တိုက်ခတ်လာသော လေနုအေးနှင့်အတူ ညင်သာသော စကားတစ်ခွန်း ပြောနေသံ ကြားလိုက်ရသည် ။ ကျွန်တော်လည်း ခြေလှမ်းတွေကို ရပ်ပစ်လိုက်ကာ အသံလာရာ နေရာဆီသို့ ရှာဖွေနေမိလေသည် ။

“ သူ ... သူ ၊ ဒီကို ဘာလာလုပ်တာလဲဟင် ” 

ထိုစကားပြောသံလေးမှာ ပါးစပ်ကို လက်နှင့် အုပ်ကာ ထိန်း၍ ပြောသော အသံ ဖြစ်သည် ။ ကျွန်တော်သည် ထိုအသံလာရာ ဆီသို့ မျက်လုံး ဝေ့ဝဲ ကြည့်လိုက်မိသောအခါ ၊ ကျွန်တော့် မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် အံ့သြနေမိသည် ။ တဒင်္ဂ၌ ကျွန်တော့် တစ်ကိုယ်လုံး အသက်ရှူ ရပ်သွားပြီလားဟုပင် ထင်နေမိတော့သည် ။

အို ဆရာမလေး ... ဆရာမလေးပါလား ။

“ သူ ... ဟင် သူ ဒီကို ဘာလုပ်တာလဲ ”

ကျွန်တော်သည် စိန်ပန်းပြာပင် အောက်မှာ တစ်ယောက်တည်း ထိုင်နေသော အသံရှင်ဆီသို့ တရွေ့ရွေ့ လျှောက်သွားမိသည် ။

“ အယ် ၊ ဆရာမလေး ။   တကယ် ညကြီးမင်းကြီး ထထိုင်နေတယ်နော် ”

ကျွန်တော့်အသံတွေ တုန်ယင်နေပြီလား မသိတော့နိုင် ၊ ဝမ်းသာစိတ် ၊ အံ့ဩစိတ်တွေ ရောထွေးနေကာ ကျွန်တော့် တစ်ကိုယ် လုံးသည် လေဟာပြင်ထဲ၌ လွင့်မျောသလို ခံစားနေမိတော့သည် ။

“ သူ ... အဝေးကြီးကနေ ဘာဖြစ်လို့ လာတာလဲကွယ် ။ ညဉ့်တစ်အား နက်နေပြီ ။ သူ ... သူ တကယ်ရော ဟုတ်ရဲ့လား ။ တစ္ဆေများ လာခြောက်တာလားဟင် ”

ဆရာမလေး အသံသည် တိုးတိတ် ညင်သာနေ၏ ။ သူမလည်း ကျွန်တော့်လိုပင် အံ့သြနေဟန် တူသည် ။

“ ဆရာမလေးနဲ့ တွေ့ချင်လို့လေ ။ ညနေက စာကို ဖတ်ပြီးလောက်တဲ့ အချိန် ကတည်းက စိတ်တွေဂ ယက်ထ နေခဲ့တာ ။ တို့ စိတ်ထဲမှာ စာဖတ်ပြီးရင် ဆရာမလေး စိတ်လှုပ်ရှားနေမယ်လို့ ယုံကြည်နေမိတယ် ”

ကျွန်တော်၏ တီးတိုးလေသံကြောင့် ဆရာမလေး၏ ဆံပင်စလေးတွေ လှုပ်ခါသွားသည် ။ ကျွန်တော်လည်း ဆရာမလေးအနီး ခုံတန်းပေါ်၌ ထိုင်လိုက်သည် ။

“ စာဖတ်ပြီးတော့ သူ့ကို သိပ်တွေ့ချင်နေတယ် ။ ပြီးတော့ သူ လာမယ်လို့လည်း စိတ်က ထင်နေတယ် ။ ဘယ်လိုဖြစ်မှန်း မသိဘူး ။ ဆန်းတော့ ဆန်းတယ်ကွယ် ”

“ ဘယ့်နှယ့်လဲ ။ စာဖတ်ပြီးပြီ ဆိုရင် တစ်ခုခုတော့ သိချင်နေတယ် ”

“ သူ ... ဆန္ဒဇော သိပ်မကြီးနဲ့လေ ။ စဉ်းစားခွင့်လေးတော့ ပေးဦးလေ ။ အချိန်တွေ စောနေသေးတယ်ထင်တယ် ”

“ တို့ကို ညာလို့ ရချင် ရနေလိမ့်မယ် ။ ချစ်တတ်တဲ့ နှလုံးသားကိုတော့ ညာလို့ မရဘူးလေ ။ ဆရာမလေး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သလို ဖြစ်နေမှာပေါ့ ။ ပြောစမ်းပါဦး ”

ကျွန်တော်သည် ရွှန်းဝေသော မျက်လုံး အစုံဖြင့် ဆရာမလေးကို စူးစူးနစ်နစ် ကြည့်နေမိရင်း အဖြေတစ်ခု ပေးရန် တောင်းဆိုနေမိသည် ။ ဤအချိန်တို အတွင်း၌ ကျွန်တော်၏ အချစ်စိတ်တွေသည် တားမနိုင် ဆီးမရ ဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ် မနည်းပင် ချုပ်တည်း ထိန်းသိမ်းထားနေရ ပြန်သည် ။

“ ယောက်ျားလေးတွေရဲ့ ခဲနဲ့ ပစ်တတ်တဲ့ အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ဖူးတော့ ယောက်ျားလေးတွေ ဆိုရင် လန့်နေတာ အမှန်ပဲ ။ အဲဒီ အထဲမှာလည်း သူလည်း ခဲနဲ့ လာပစ်သလားလို့ ဒီက သံသယ ဝင်နေတယ် ။ ပြီးတော့ ဆယ်ကျော်သက် အရွယ်က မိုက်ခဲ့တာတွေကို ကောင်းအောင်ပြုပြင်လာတာ ၊ နေထိုင်လာတာ ၊ ခုမှ အနည်ထိုင်စပဲ ရှိသေးတယ် ။ ဆရာမလေး ဖြစ်ခါမှ ဘယ်ယောက်ျားလေးနဲ့မှ မပတ်သက်တော့ဘူးလို့ ဆုံးဖြတ်ထားတာ ။ ဘဝကို ကလေးတွေရဲ့ စာသင်ခန်းထဲမှာ ထာဝရ မြှုပ်နှံတော့မယ်လို့ ဆုံးဖြတ်ထားတာ ။ ခုတော့ သူ့ရဲ့စာ ဖတ်လိုက်ရတော့လည်း အားလုံးအရည်ပျော်ကုန်တယ် ။ ဝေဒနာတွေ လာပေးလာသလား ၊ သူ့ကို ဘယ်လို ယုံကြည်ရမလဲ မသိဘူးကွယ် ”

တောင်ကြားမှ ဖြတ်သန်းလာရသော လေနုအေးကား ဆရာမလေး စကားသံလေးများကို သယ်ဆောင်သွားနေသော်လည်း ကျွန်တော့် ရင်ထဲဝယ် ထိုစကားသံ ချိုချိုလေးတွေက နားခိုတွယ်ငြိ ကျန်ရစ်နေခဲ့သည် ။ ပင်ထက်မှ တဖြုတ်ဖြုတ် ကြွေကျနေသော စိန်ပန်းပြာပွင့်ကလေးများမှာ မြေပြင်အပေါ် ခုံတန်းကလေးအပေါ် ကျွန်တော်နှင့် ဆရာမလေး အပေါ် ပန်းမိုး ရွာချသလို ပြန့်ကျဲနေတော့သည် ။ ကျွန်တော်သည် ရုတ်တရက် စကားပြန်မပြောနိုင် ။ တဒင်္ဂ၌ နှစ်ဦးသား၏ အသက်ရှူသံများမှာ စိန်ပန်းပြာပင် အောက်တွင် ဆူညံနေသည် ထင်သည် ။

“ ယောက်ျားလေးတွေ အများကြီး ရှိတယ် ။ ဒါပေမဲ့ တို့က ခဲနဲ့ ပစ်တတ်တဲ့ ၊ ကြောရရုံ ကြံတဲ့ ၊ ပန်းခြွေတတ်တဲ့ ယောက်ျားမျိုး မဟုတ်ဘူး ဆိုတာကိုတော့ ဆရာမလေး အကြွင်းမဲ့ ယုံစေချင်တယ်လေး ၊ တို့ချစ်တာက ဟိုးအရင်တုန်းက သူမကို ချစ်တာ မဟုတ်ပါဘူး ။ ကလေးတွေရဲ့ ဆရာမ ၊ စာသင်ခန်းထဲက ဆရာမ ၊ သိက္ခာရှိတဲ့ ဆရာမလေး ဆိုတဲ့ သူမကို ချစ်တာပါ ။ တို့ဟာ အရာရာကို လေးလေးနက်နက် ထားတဲ့ သူပါ ”

ကျွန်တော်၏ စကားသံများမှာ မိုင်ပေါင်း များစွာက ပြေးလွှား ဖြတ်သန်းလာရသော လူတစ်ယောက်လို ၊ နွမ်းနယ်နေမည်ဖြစ် သော်လည်း ဆရာမလေး အတွက် အားမာန် ပြည့်ဝသော စဉ်းစားစရာ စကားလုံးများ ဖြစ်မည် ထင်သည် ။ ကျွန်တော်၏ စကားများသည် မည်မျှ လေးနက်ကြောင်း ဆရာမလေး သိမည် ထင်သည် ။ ဆရာမလေးသည် ရွှန်းမြမြ လရောင်အောက်တွင် ကျွန်တော့်ကို ရွှန်းလက်သော အကြည့်ဖြင့် ကြည့်နေပြန်သည် ။ ပြီးတော့ နှစ်ဦးသား ကြားလောက်ရုံ စကားကို တိုးတိုးဖွဖွလေး ပြောနေပြန်သည် ။

“ သူ သိပ်ပြောတတ်တယ် ။ တကယ်ရော ယုံရမှာလား ။ ဘဝတစ်ခုလုံး အတွက် လက်တွဲဖို့အထိ စဉ်းစားပြီးပြီလား ။ ဒီက မိန်းကလေး ဆိုတော့ ...”

ကျွန်တော်သည် ရွှေဝါရောင် လရောင်အောက်မှာ ပြုံးရုံလေး ပြုံးနေလိုက်သည် ။

“ ညဉ့်နက်သန်းခေါင် ဟိုးအဝေးကြီးကနေ စွန့်စွန့်စားစားနဲ့ လာခဲ့တဲ့ လူရဲ့အချစ်အား ဘယ်လောက် ကြီးမားတယ်ဆိုတာ ဆရာမလေး လက်တွေ့ သိနေပြီပဲ ဥစ္စာ ။ တစ်ယောက်တည်း လာခဲ့ရတဲ့ လူကို ဒီလောက်အထိ နှိပ်စက် မနေပါနဲ့လေ ။ ဆရာမ ဆိုတာ ဝေဒနာ ရှိနေတဲ့ သူကို နာ ၃ နာနဲ့ ကုစားပေးရတယ် မဟုတ်လား ။ ပြောလိုက်စမ်းပါကွာ ။ ချစ်ပါတယ်လို့ ”

သူမသည် တခြားဘက် လှည့်ကာ ပြုံးနေသည် ။ နှစ်ဦးသား ရင်ထဲ၌ ကြည်နူးရွှင်ပျ စိတ်များ ပိုမိုနေသည်ဟု ထင်မိပြန်သည် ။ သူမသည် ကျွန်တော့်ဘက် လှည့်ကာ ...

“ ကဲ … တစ်ခါပဲ ပြောမယ် ။ နောက်ထပ် မေးရတော့ဘူးနော် ”

ကျွန်တော် ခေါင်းညိတ်လိုက်သည် ။

“ သူ့ကို ချစ်တာထက် တိုင်းတာလို့ မရနိုင်တဲ့ သံယောဇဉ်တွေက ပိုပါတယ် ။ ကျေနပ်ပြီမို့လား ”

“ တကယ် ဆရာမလေးက တို့ကို အဟုတ် ချစ်တယ်ပေါ့နော် ။ သံယောဇဉ်တွေ ရှိတယ်ပေါ့နော် ”

ကျွန်တော့်ရင်ထဲ၌ ဝမ်းသာလှိုက်မော နေကာ နွေးခနဲ ခံစားလိုက်ရသည် ။ ဆရာမလေးက ကျွန်တော့်ဘက် လှည့်ကာ ပြုံးနေ၏ ။ ကျွန်တော်သည် ဆရာမလေး လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ ထိုင်ခုံမှ ထလိုက်သည် ။ ချစ်စိတ်တွေကြောင့် ထင်ပါရဲ့ ၊ နှစ်ဦး စလုံး လက်တွေမှာ နွေးထွေးလျက် ၊ တုန်ယင်လျက် ။ ပြီးတော့ နှစ်ဦးစလုံး၏ နှလုံးသားထဲသို့ ချစ်စိတ်များ စမ်းချောင်းငယ် တစ်ခုလို နွေးထွေးစွာ စီးဆင်းသွားတော့သည် ။

ကျွန်တော်သည် စိန်ပန်းပြာပန်း တစ်ပွင့်ကို ဆရာမလေးကို ကောက်ယူပေးလိုက်သည် ။

“ မနက် ကျောင်းသွားရင် ဒီပန်းလေး ပန်သွားပေးနော် ”

“ စိတ်ချ ၊ စိန်ပန်းပြာပန်းလေးကို ခေါင်းပေါ်မှာ သေသေချာချာ ၊ လှလှပပ ပန်သွားမယ်နော် ”

“ ညဉ့်နက်ပြီ ၊ တို့ ပြန်တော့မယ်နော် ”

ကျွန်တော်သည် ခပ်တိုးတိုး ပြောလိုက်သည် ။

“ သူ့ကို လိုက်ပို့ပေးမယ်လေ ။ တို့ စိတ်မချဘူး ။ ပြန်ရမှာလည်း အဝေးကြီး ။ ဒီညဟာ လှပတဲ့ည ဖြစ်နေမှာပါ ”

“ တို့အတွက် စိတ်မပူနဲ့ကွာ ။ ဆရာမလေး အိပ်ရေးပျက်မှာ စိုးလို့ပါ ”

“ မဟုတ်ဘူး ။ သူ့ကို လိုက်ပို့ချင်သေးတယ် ။ တစ်ယောက်တည်း စိတ်မချဘူး ”

“ တို့အတွက် စိတ်ချပါနော် ၊ ဆရာမလေး အိပ်ရေးပျက်နေပြီ ။ မနက်အစောလည်း ကျောင်းသွားရဦးမယ် မဟုတ်လား ။ တို့ကို ချစ်ရင် အိပ်တော့နော် ”

ကျွန်တော်နှင့် ဆရာမလေးတို့မှာ မခွဲနိုင် မခွာရက် ဖြစ်နေတော့သည် ။ တွေ့စဉ်က ဝမ်းသာလှိုက်မော၍ ပျော်ရွှင်ကြည်မွေ့ စရာ ကောင်းသော်လည်း ခွဲခွာရတော့မည် ဆိုသောအခါ နှစ်ဦးသားရင်၌ ဆွေးမြေ့ကြေကွဲ နေရပြန်သည် ။

ကျွန်တော်သည် မခွဲချင် ခွဲချင်နှင့် စိတ်မကောင်းစွာဖြင့် ဆရာမလေးကို ကျောခိုင်း ထားရစ်ခဲ့ကာ လာရာ လမ်းအတိုင်း ပြန်လာခဲ့တော့သည် ။

••••• ••••• •••••

ဖိုးလမင်းနှင့် ကြယ်ကလေးတွေက ကျွန်တော့်ကို ပြုံး၍ ကြည့်နေကြသည် ။

ကျွန်တော်သည် ဝမ်းသာစရာ ၊ ကြည်နူးစရာ ၊ ဆွေးမြေ့ကြေကွဲစရာများနှင့် ရောထွေးနေသော အချစ်တောမှ အပြန်၌ ရင်တွင်း အမျိုးအမည် ဖော်မပြနိုင်သော ဝေဒနာ တစ်ခု စွဲကပ်ပါလာသည် ။

ဤဝေဒနာကို အဆိပ်ဝေဒနာဟု အများက အမည်ပေး ကင်ပွန်းတပ်ကြစေကာမူ ၊ ဤအဆိပ်သည် ချိုမြိန်နေလိမ့်မည်ဟု ကျွန်တော် ထင်သည် ။ ယခုအခါ ကျွန်တော်သည် ဤအဆိပ်ချိုကိုပင် နှစ်ခြိုက်စွာ သောက်ဖို့ ဝန်မလေးတော့ ။

နောက် ညပေါင်းများစွာ၌ အဆိပ်ချိုကို သောက်ဖြစ်ဦးမလား ။  ။

⎕ ဆင်တဲဝမြတ်မင်း
📖မဟေသီ မဂ္ဂဇင်း    
     ဖေဖော်ဝါရီ  ၊ ၂၀၁၈

No comments:

Post a Comment