❝ ရင်ဘတ်များ ❞
⎕ လင်း ( ဆေး - ၁ )
မင်္ဂလာရှိလိုက်တာဟုပင် ဆိုရပါမည် ။
တယ်လီဖုန်းလာပါသည် ။
အတန်ကြာ ကွဲကွာနေသော အနုပညာ သူငယ်ချင်း တစ်ဦး၏ ပင်ကိုအသံကို ပြန်လည်မိတ်ဆက်ခန်းနှင့်အတူ ကြားရပါသည် ။ သူ တိုင်ပင်လိုသောကိစ္စ ၊ အရိပ်အမြွက်မျှ ရုပ်လုံးကြွလာသော်လည်း ပြည့်စုံတိကျစေခြင်း စိတ်ရင်းအခံဖြင့် အထောက်အထား အပြည့်အစုံနှင့် တကွ မျက်နှာချင်းဆိုင် ဆွေးနွေးမှ အရာရောက် အားထက်မြက်မည် ထင်ကြောင်း တောင်းပန် ပြန်ကြားလိုက်ပါသည် ။ သူ့ထံမှ သူ့အစ်ကို အယ်ဒစ်တာ နှင့်အတူ ယခု ညနေ မိမိနှင့် လာတွေ့မည် ဟူသော အဆိုပြုသံကို ကြားရပါသည် ။ သူက ဝန်ထမ်း ၊ ယခု နယ် ရောက်နေသည့် ကဗျာဆရာ ။ မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် အတူတကွ ဖြတ်သန်း ဖူးသည် ။ သူ့ အစ်ကိုက အထင်ကရ ကဗျာဆရာ ၊ အယ်ဒီတာ အကျော်အမော် တစ်ပါး ။ အဖုံးကို ကြွေစက္ကူဖြင့် ပုံနှိပ်၍ အတွင်းစာသားကို ဖယောင်းစက္ကူဖောက်ကာ စာကူးစက်ဖြင့် လှည့်၍ ဖြန့်ချိသည့် လက်ရေး ကဗျာစာအုပ်ကလေးများ ကို ဖန်တီးပြုစုသော သူတို့ အဝန်းအဝိုင်းအတွင်း မိမိ သူငယ်ချင်း ဆရာမောရူးဆိုး ကို အကြောင်းပြု ရောက်ရှိ သွားကာ ကဗျာအချို့ အတူတကွ ပါဝင် ရေးသားခဲ့ဖူးပါသည် ။
သူ့ အစ်ကိုကိုတော့ မဟာနန္ဒာမိုးဝေ ကာလက စသိခဲ့ရကာ ယခုလည်း စာပေပွဲလမ်း အချို့တွင် မကြာမကြာ ဆုံဖြစ်တတ်ကြပါသည် ။ သူ့အစ်ကိုကား လက်ရေး အလွန်လှ၏ ။ သူ ပြုစုပွေ့ ပိုက်ထားသော ဂဏန်း ရောင်စုံများကို မြင်ဖူး၏ ။ ဂဏန်းကို ကဗျာလို မွေးသော ကဗျာဆရာ အယ်ဒီတာ ။
ထုံရစ်ကျစ်နှင့်
စကားပွင့်ဝေ ၊ ဆောင်းညနေ ။
••••• ••••• •••••
သူတို့ ညီအစ်ကို နှစ်ယောက် ကျေးလက်က လာပါသည် ။ အနုပညာ ကို ရူးသွပ်ခံစားပါသည် ။ ဆန်ရေလှိုင်း တံပိုးများ အကြားတွင် သက်လုံပြည့်စွာ လက်ပန်းမကျ စတမ်း ကူးခပ်ပါသည် ။ အတွေးနု ၊ အရေးနု သော်လည်း သွင်ပြင်ဟန်ပန် မနွဲ့ပါ ။ အင်မတန် တည်ပါသည် ။ မြို့ပြ၏ ဒိုဘီကျ ယဉ်ကျေးလွန် နှုတ်မှုရေးရာကို သိပ် အသားပေးလေ့ မရှိပါ ။ ယုံကြည်ရာကို မဆုတ်မနစ် အားထုတ်သော ရုပ်ရည် ရင့်ထော်ထော်ဟန် ထွက်ပါသည် ။ မိမိတို့ အကြားတွင် ပြဿနာ မရှိ ။ လှိုင်းအလျားညီ ၊ ကြိမ်နှုန်းတူ ၊ အလူမီနီယံ ဘာသာဗေဒသမားများ ။
သို့သော် …
ယခု ညနေ ပြန်အတွေ့မှာ ဘာသာဗေဒ ပြောင်းသွားပါသည် ။ မိမိ၏ ပရိယေသန ဘာသာဗေဒကို မဏ္ဍိုင် ထား၍ ဆွေးနွေးကြရ၏ ။ ထိုသို့ ဆွေးနွေးမှ ရမည့် အကြောင်းအရာ လာဖြစ်ခြင်းကိုလည်း အားလုံး သိသည် ။ သည်နေရာတွင် ပုံတိုပတ်စ မပါ ။ ထိုးဇာတ် မပါ ။ အမူအရာ အပို မပါ ။ ပကတိ ဖြစ်ရပ်မှန်များ စကားဝိုင်း ပရိဝုဏ် ထဲတွင် လာရောက် ဝပ်စင်း ခယနေသည် ။ အဆုံးအဖြတ် ပြုပိုင်ခွင့်သည် မိမိထံ ရှေးရှုရွေ့လျား လာနေ၏ ။ မိမိ တိမ်းရှောင်ဖယ်ရွှေ့ဖို့ မကြိုးစား ။ တစ်စိတ်တစ်ပိုင်း တာဝန်ယူသော သဘောလည်း သက်ဝင်ကာ ၊ ပညာရှင့် ဉာဏ် ဝင်္ကန္တအရှိန်အဝါ နှင့်လည်း အကျုံးဝင်ကာ မိတ်ရင်းဆွေရင်း ဟူသော စိတ်ရင်း ရောင်ပြန်လည်း လက်ဟပ်စေသော သဘော ပေါင်းရုံး ကာ အသုံးအနှုန်းကို စပြင်သည် ။
သူတို့ ညီအစ်ကို လက်ဆင့်ကမ်း ပေးသော မှတ်တမ်းများကို မိမိ ဖတ်သည် ။ ကောက်ချက်များကို ဆန်း စစ်သည် ။ ပုံပါ တည်နေရာ ၊ အရွယ်အစား ၊ အနေအထားကို တွက်ချင့်သည် ။ အတွေ့ အကြုံနှင့် ချင့်လျာသော ကိုက်ထိုးဖြတ်စ သုံးလေးစ အာရုံထဲမှာ လွင့်ဝဲလာသည် ။
“ အဖေက အသက် ဘယ်လောက် ရှိပြီလဲ ”
“ ၇၅ ”
အယ်ဒီတာက ဖြေသည် ။ လန်ဒန်တစ်လိပ် ကမ်း ပေး၏ ။ မီးခိုးထောင်းထောင်း ထနေသော လူသုံးဦး၏ အသံမပါ ဗလာပြကွက် ။
“ အခုအတိုင်းက ခွဲရဖို့ များတယ်ဗျာ ။ ဘာလို့လဲ ဆိုတော့ နေရာက အစာဟောင်း ထွက်ပေါက်ဝမှာ ။ အခု အထိတော့ အနာပေါ့ ။ ဒါက ခဏကြာတော့ ကျီးပေါင်းတက်တာ ဘာညာနဲ့ အဲဒီက ထွက်ပေါက်ဝ လာပိတ်လို့ အစာ မဆင်းရင် အစာ စားလို့ မရဘူး ။ စားသမျှ က အစာအိမ်ထဲမှာ စုပြုံပြီး အစာအိမ် တင်းကား လာလိမ့်မယ် ။ နောက်တစ်ချက်က အသက်နဲ့ နေရာ ။ ဒီ အသက်နဲ့ ဒီနေရာမှာ ဆိုရင် ကင်ဆာကိုလည်း ထည့် စဉ်းစားရပါတယ် ။ ဘယ်ဟာပဲ ဖြစ်ဖြစ် ခွဲဖို့လိုတယ် ။ ကင်ဆာ ဆိုရင်တော့ နောက်က ဓာတ်ကင်တာတို့ ဆေးသွင်းတာတို့ ခွဲပြီးရင် လိုက်ရလိမ့်မယ် ။ အစာအိမ်ထဲ ပြွန်ထည့် ကြည့်ထားတဲ့ အဖြေမှာ အနာလို့ ရေးထားတယ် ။ အဲဒီလို ကြည့်ရင်း ဖဲ့ယူလိုက်တဲ့ အသားစကို စစ်ကြည့်တော့ ကင်ဆာ ဟု ယူဆရဖွယ် အထောက်အထားများ မတွေ့ ရလို့ ဆိုတယ် ။ ကင်ဆာ ဟုတ် မဟုတ် ခွဲကြည့်မှ သေချာမယ် ”
ညီ ဖြစ်သူက ...
“ အခု ပြထားတဲ့ ဆရာဝန် ပဲ ခွဲမှာလား ”
ထိုသူက ဆေးမှတ်တမ်း စာအုပ် အဖုံးတွင် ရိုက်နှိပ် ထားသော ခရမ်းပြာ စာကြောင်းများကို ထိုးပြ၏ ။
“ သူ ကတော့ မခွဲနိုင်ဘူး ။ သူက အရပ်အခေါ်တော့ သမားတော် ။ ခွဲစိတ် အထူးကု ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ကု ပါရဂူ တစ်ယောက် ယောက်ဆီ လွှတ်ရလိမ့်မယ် ”
“ အဲဒီ ဆရာကတော့ ဒေါက်တာဦး …….. မဟာမြိုင်မှာ ခွဲလို့ ပြောတယ် ”
“ အခု လူနာက ရန်ကုန်မှာပေါ့ ”
“ ဟုတ်တယ် ။ ကန်တော်လေးက အစ်ကို့ အိမ်မှာ ”
“ ဒါဖြင့် ဒီလိုလုပ်မလား ”
ကျွမ်းဝင်မှု ၊ ကျွမ်းကျင်မှု ၊ ဆက်ဆံရေးပုံသဏ္ဌာန် ၊ အကုန်အကျ ၊ ခရီးတာ အကွာအဝေး ၊ အစွဲအလမ်း ၊ ပြုစုမှ အရန်အင်အားစု အရင်းအမြစ် ၊ ကာယကံရှင်၏ ဆန္ဒ သဘောထား ၊ မိသားစု အဆောက်အအုံ၏ ခိုင်မာ တောင့်တင်းမှု အပေါင်းလက္ခဏာများ ၊ အနုတ်လက္ခဏာများ ၊ မျှခြေ ၊ ရေစီးရေလာ ကောင်းမွန်မှု ၊ မိမိ နှုတ်ခမ်း နှင့် လျှာသည် ဒစ်ဂျစ်တယ် ( လ် ) ချိန်ခွင်ပုံ ပေါက်လာသည် ။
“ အဘိုးကြီး ကတော့ တက်ကြွနေတာပဲ ”
အယ်ဒီတာက ကျောလုံ သော်လည်း စိတ်မလုံသဖြင့် တစ်ခွန်း ဝင်ပြော၏ ။
••••• ••••• •••••
ချိန်းထားသော နံနက်မှာ ချိန်းထားချိန်ထက် သူတို့ မိသားတစ်စု စဉ်းငယ် စော ရောက်လာသည် ။ သို့သော် အားလုံး ပုံမှန် ။ ညီ ဖြစ်သူက စစ်ဆေးမှု အဖြေလွှာ တစ်ရွက် ကျန်နေခဲ့၍ အိမ်ပြန်ယူရန် အတွက် အတန်ငယ် ချိန်သား လွဲသွားရရှာသည် ။ ဆေးရုံ ရောက်တော့ ဆရာဝန်ကြီးကို ခေတ္တ စောင့်နေရသည်မှ အပ အစစအရာရာ အထစ်အငေါ့ မရှိ ။ လူနာက ကြည်လင်လန်းဆန်းနေသည် ။ လူနာ့ ဇနီးက ဘာတစ်ခွန်းမှ မဟ ။ စိုးရိမ်ဟန်လည်း မပြ ။ သားနှစ်ယောက် အစီအမံကို ပုံမှန်ဟန်ထား နှင့်ပင် လိုက်နာလှုပ်ရှားနေသည် ။ သားနှစ်ယောက်၏ ပုံစံကလည်း စနစ်တကျ ကွပ်ကဲနေသော ခေါင်းဆောင်ကောင်းတို့၏ တည်ငြိမ်ဟန် အပြည့် ။ သူတို့ အနုပညာတွေထဲက ရုပ်လုံးများလို အတွေးမျှင် တို့ဖြင့် မဆိုင်းတွဲ ။ ဘဝ၏ ပစ္စက္ခအနေအထားနှင့် အံဝင်စွာ လက်တွေ့ကျကျ ။ အနီးကပ် အကဲခတ် နိုင်ပါမှ တောင်ပံခတ်နေသော အာရုံ၏ အပူငွေ့ လာ ဟပ်တာကို ခံစားရသည် ။ ၂ဝဝဝ ပြည့်နှစ် ဖတ်စာသစ်၏ စာမျက်နှာ တော်တော်များများကို အာဂုံဆောင်ထားနိုင်ပုံ လည်း ရ၏ ။ ကျင့်သားရ ဘောလုံးသမား တစ်ဦးလို အချိတ်အဆက် ၊ အထွက်အဝင် ညင်သာသည် ။
သူတို့ ညီအစ်ကို နှစ်ယောက်လုံးက မျက်မှန် ကိုယ်စီနှင့် ။
အသိ နှင့် ကိုယ် ထက်ကြပ် မကွာ ပါပါသွားကာ လိုရာ ကို ရွေ့ ရွှေ့ရွှေ့ သွားကြသည် ။ ရောက်သွားရာ အရပ်မှာ စက္ခုအာရုံကို အသုံးချကာ ဖတ် ၊ မှတ် ၊ ရေးသွင်း ၊ ရေးထိုး ၊ ပေးဆပ် ၊ လက်ခံ ၊ ဖြေဆို ၊ ပြုံး ၊ နှုတ်ဆက် ၊ သွက်သွက်လက်လက် ။ ထိုအရာတွင် ပြီးဆုံး၍ ခေတ္တ အနား ရသွားလျှင်တော့ သူတို့ မျက်လုံးများက အုံ့ပြ ။ အဖေ့ဘဝ လက်ကျန် အနာဂတ်ကို ကြောင့်ကြ ။
••••• ••••• •••••
မနက်စောစော ...
ကိုဌေးဝင်း ဖုန်းဆက်၏ ။ အစည်းအဝေးက ညနေ ၄ နာရီ ၊ ပန်ဒါ မှာ ။
“ လိုဂိုဒီဇိုင်း ယူလာမယ်နော် ”
“ ပါမယ် ကိုဌေးဝင်း ။ ကျွန်တော် နဲ့ ဂရပ်ဖစ်ဒီဇိုင်း ဆရာ ၁ နာရီမှာ ချိန်းထားပါတယ် ”
“ အိုကေ … အိုကေ ”
အချိန်တန်၍ ဂရပ်ဖစ် ဒီဇိုင်းဆရာ့ အလုပ်ခန်း ရောက်သည့်အခါ ဆရာက ယုံကြည်စိတ်ချမှု အပြည့်နှင့် ဆင်ပြီးသား ဒီဇိုင်းကို အချောသတ်ရန် မော်နီတာပေါ် ပြန်ပေါ်သည် ။ အရုပ် စုံသလောက် ရှိမှ ထအော်သည် ။
“ သွားပြီ ... ဆရာရဲ့ ”
“ ဘာဖြစ်တာလဲ ”
“ ၂၅ ဆိုတဲ့ ရွှေစာလုံး တင်မယ့် အောက်ခံပေါင် အနီကို ဆေ့ ( ဖ် ) မလုပ်ထားမိဘူး ။ ပေးပေး မူရင်းပုံ ပြန်ပေးဦး ”
“ ပုံ ရွေးရုံလေးပဲ ဆိုပြီး အိမ်မှာ ထားခဲ့တယ် ”
သူ့ လက်ထဲက ကြွက်ကို နှိပ်ကာ လိုက်ရှာနေသည် ။
“ ပြန်ယူရင် ကောင်းမယ် ”
မိမိအိမ် တစ်ခေါက်ပြန် ။ နှစ်ခါ အမှား မခံနိုင် ။ ထို့အတွက် ပစ္စည်း အပြည့်အစုံ ယူကာ ဂရပ်ဖစ် ဒီဇိုင်နာ၏ အလုပ်ခန်းဆီ ပြန်လာ ။ ဆရာက အခန်းဝမှာ ရပ်နေသည် ။ မိမိကို လမ်းဖယ်မပေး ။
“ ဘာလဲ လက်ဖက်ရည် သောက်မလို့လား ”
“ လာလေ ”
သူ အခန်းဝမှ ဆင်းလာကာ မိမိနှင့် ယှဉ်လျှောက်ရင်း ...
“ စောစောက ဖုန်းလာတယ် ။ အမေ နေမကောင်းလို့တဲ့ ”
“ ဘာဖြစ်တာလဲ ”
“ ရင်ဘတ် အောင့်တယ်တဲ့ ။ လက်တစ်ဖက်လည်း ကိုက်တယ်တဲ့ ”
“ ဟာ .. အဲဒါဆို မပေါ့နဲ့ လေ ”
“ အိမ်မှာ ဆရာလေး ရှိတယ် ။ ညီ အငယ်ဆုံးကောင်ကိုတော့ လွှတ်လိုက်ပြီ ။ ဘာဖြစ်တာလဲ ဆရာ ”
“ နှလုံးသွေးကြော ကျဉ်းရင် အဲဒီလို လက္ခဏာ ပြတတ်တယ် ”
“ ဟုတ်တယ် ။ အမေ တစ်ခါ ဖြစ်ဖူးတယ် ”
မိမိတို့က ထိုင်ရရုံ ရှိသေး ။ မစီမာက လက်ဖက်ရည် နှစ်ခွက် လာချပေးသွားသည် ။ မိမိကတော့ ဇွန်းတစ်ချောင်းတည်းပါ ၊ ရှယ်တီးကို စမွှေသည် ။ အချိုခြောက် ၊ အဆီရောင် တောက်နေသည့် မြေနီရောင် အရည်သား ထဲတွင် နို့နှစ်ရောင် ရောမျှ စပြုကာ တောက်စူးအား ပါးမှုန့်လာသည် ။ ဂရပ်ဖစ်ဒီဇိုင်နာက သူ့ မူအတိုင်း လန်ဒန်တစ်လိပ် ကို လက်ခလယ်နှင့် လက်သန်းကြား ညှပ်ကာ မီးခိုးငွေ့အိမ်ရာမှ အသိမဲ့ အာရုံလွင့်နေသည် ။
စကားဝိုင်းက မသာယာ ။
သူ့ မျက်ဝန်းမှာ မြူအုံ့ နေသည် ။ မိမိက အလိုက်တသိပင် ။
“ မောင်ရင် လိုက်သွားချင် လည်း သွားလေ ။ ကိုယ့် ကိစ္စက စောင့်လို့ ရပါသေးတယ် ”
“ ရပါတယ် ”
မပြတ်သားမှု ၊ ဆိုင်းဆွံ့ မှုတွေ သူ့မျက်နှာပေါ်မှာ ဝေ့ဝေ့လာသည် ။ စကားဝိုင်းရော လက်ဖက်ရည်ခွက်များပါ အာရုံက အဖက်မလုပ် ။ အရာ မသွင်းတော့ ။ လူ နှစ်ယောက် အကြားရှိ ဆက်ဆံရေး မျက်နှာစာ အပေါ်ဆုံးလွှာ ခပ်ပြန့်ပြန့် တင်းဆန့်လာ သယောင် ။ ထိုအချိန်မှာ စကားလုံးများ မြုံအ သွားသည် ။ ခဏနေတော့ သူ စီးကရက် တစ်ချက် ဖွာကာ ...
“ ဒီလို လုပ်ရအောင်ဗျာ ”
“ ပြော ”
“ ဆရာ ခဏ လိုက် ကြည့်ပေးပါလား ။ ဆရာ့ ကားနဲ့ပဲ အမေ့ဆီ သွားလိုက်ရအောင်ပါ ”
မိမိ ရင်ထဲ တစ်ချက် လှိုက်ဖိုသွား၏ ။ သူက အဆင်းရဲ အငတ်အပြတ်ခံကာ ပန်းချီ ပညာကို သင်ယူခဲ့သည် ။ မြောင်း ဆိုသော ဝေါဟာရ လောက်ကို သူ မမှုသည် အထိ ထုသားပေသား တမန်း ညက်ခဲ့သူ ။ ဂရပ်ဖစ်ဒီဇိုင်း နှင့် ဒက် ( စ် ) ( ခ် ) တော့ပ် ပတ်ဘလစ်ရှင်း ခေတ် ထလာသည့် အခါမှာ သူ အမြင် ပွင့်ခဲ့သည် ။ ကံကြမ္မာက သူ့ကို လာ မျက်နှာချို သွေးသည် ။ သူ ကွန်ပျူတာဂရပ်ဖစ် သင်စဉ်က သူ့ ဆရာနှင့် သူ နှစ်ဦးတည်း ရှိသဖြင့် နေ့စဉ် သင်သမျှ သင်ခန်းစာကို အထူး ဖတ်မှတ် လေ့ကျင့်ရန် မလိုဘဲ တိုက်ရိုက် လုပ်ငန်းခွင် သင်တန်း ဝင်သလို သင်ရင်းလုပ် ၊ လုပ်ရင်းသင်နှင့် သင်ရိုးကျေ လုပ်ရည်ဝသွားသော ဘဝ ရောက်ခဲ့ရသည် ။ တစ်စင် ထောင်နိုင်လာသည် ။ ညီတွေ ၊ တူတွေကို သူ့လိုပင် ပြန်သင်ပေးနိုင်လာသည် ။ သင်ရင်း လုပ်ရသော ထိုကလေးတွေ အလုပ်အတွက် ရသော လုပ်အားခကို ကလေးတွေပဲ ပြန်ခံစားစေသည် ။ ပန်းချီလည်း ပြန်ရေး လာနိုင်သည် ။ ပြပွဲ တင် ဖြစ်လာသည် ။
တစ်လောက ကတုံးဖက်ရှင်နှင့် ဇာတ်ညွှန်းရေးဆရာ၏ ဖိတ်ကြားမှုကို အကြောင်းပြုကာ ဗီဒီယိုကွန်ပျူတာတည်းဖြတ်စက်နှင့် တည်းဖြတ်သော ကိစ္စ လေ့လာရန် ထို တည်းဖြတ်ခန်းကို လိုက်ရှာကြရင်း သူနှင့် မိမိ လမ်း တစ်လမ်းထဲက ပန်းချီပစ္စည်း အရောင်းဆိုင် တစ်ဆိုင်ကို ဝင်လေ့လာဖြစ်ကြသည် ။ ပစ္စည်းအချို့ စ ဝယ်ရာက သူ သဘောကျသွားပြီး နောက်တစ်နေ့ ဆေး တွေရော ကင်းဘတ်စတွေပါ ဝယ်ဖြစ်သွားသည် ။ သည့်နောက် ....
မိမိက သူ့ မေတ္တာရပ်ခံချက်ကို ပြန် တုံ့ပြန်ရ၏ ။
“ ကျွန်တော် လိုက် ကြည့်ပေးလို့ ရပါတယ် ။ ဒါပေမဲ့ ကျွန်တော့်မှာ အခု ဘာကိရိယာမှ မပါလာတာ ”
“ ရတယ်ဗျာ ။ အခြေအနေ တော့ မှန်းလို့ ရတာပေါ့ ”
“ ကဲ .. လာထ ။ တစ်ခုတော့ ရှိတယ် ။ ရင်ဘတ် အောင့်တာ သက်သာဖို့ လျှာအောက်မှာ ထားရတဲ့ ငုံဆေးလေးလောက်တော့ ဝယ်သွားသင့်တယ် ”
“ ဒါလည်း ရတယ် ။ အမေတို့ တိုက် အောက်ဘက်မှာ ဆေးဆိုင် ရှိပါတယ် ”
မိမိ အာရုံထဲတွင် ...
သူ ရေးလက်စ ဆိုသော သူ့အမေ တစ်ကိုယ်စာ အရွယ်အစားခန့် ရှိသည့် သူ့ အမေ ဆီဆေး ပုံတူကားကို မြင်နေမိသည် ။
ဪ …. ဒီလူတွေ ။
⎕ လင်း ( ဆေး - ၁ )
📖မဟေသီ မဂ္ဂဇင်း
၂၀၀၁ ၊ ဇူလိုင်လ
No comments:
Post a Comment