❝ ထင်ယောင်မိမှား ❞
( ပီမိုးနင်း )
မြသိန်းသည် စာပို့ကု,လား လာ၍ပေးသော စာ တစ်စောင်ကို ဖောက်ပြီး ပက်လက်ကုထားထိုင်၌ ထိုင်ကာ ဖတ်လေ၏ ။ ထို့နောက် စာကို လက်ထဲ၌ ကြေအောင်ဆုပ်ကိုင်ချေမွလေ၏ ။ မျက်လုံးများကို မှိတ်ကာ စဉ်းစား၍ နေပြီး သက်မကြီးချလိုက်လေ၏ ။ ထို့နောက် တစ်ဖန် စာကို ပြန်၍ ဖြန့်ကာ ဖတ်ပြန်လေ၏ ။ တစ်ဖန် စဉ်းစားပြန်၏ ။ ၎င်းနောက် ရုတ်တရက် ထကာ အံကြိတ် လျက် “ သူတော်ကောင်းမျိုးတွေ ၊ အမျိုးမြတ်တွေ နည်း နည်းပါးပါး သောက်ရင် လူယုတ်မာ ထင်တာပဲ ။ မသောက်ဘဲ ဟန်ဆောင်ရင် သူခိုးကိုတောင် ဘုရား ထင်တယ် ။ ဒီလို အမျိုးထဲ ဝင်ရောက်လို့ ဘာအကျိုးလဲ ” ဟု တစ်ယောက်တည်း မိမိကိုယ်ကို မိမိ ပြောကာ ကြေမွသော စာကို စက္ကူခြင်းထဲသို့ ပစ်ချလိုက်လေ၏ ။ ထို့နောက် ဒရိုင်ဘာကို ကားပြင်ရန် အမိန့်ပေးပြီး အဝတ်များ လဲ၍ အိမ်ရှေ့ခန်းမှ ဆင်းသွားလေ၏ ။ ၎င်းညဉ့် ဂလုပ်ရုပ်ရှင်မှ ထွက်၍ လာရာ ၉ နာရီကျော်ကျော်ခန့် အချိန်ဖြစ်လေ၏ ။ မိုးသည် သည်းထန်စွာ ရွာ၍ နေလေ၏ ။
မိမိ၏ ကားသို့ ရောက်ဖို့ရန်ကား သည်းထန်သော မိုးရေထဲကို ဝါးတစ်ရိုက်သာသာ ဖြတ်ကူးရဖို့ ရှိလေ၏ ။ သို့ဖြစ်၍ ကူးရမည် မကူးရမည်ကို ချိန်ဆရင်း ခဏကလေး ရပ်ကာ မိုး၏ အရိပ်အဆင်ကို ကြည့်ခိုက်တွင် မွှေးကြိုင်သော ရေမွှေးပေါင်ဒါနံ့နှင့် ငွေဖလားထဲသို့ ကရားဖြင့် ရေကို လောင်းချလိုက်ရာ ထွက်ပေါ်သည့် သာယာသော အသံနှင့် တူသော ရယ်မောသံကလေးကို နံဘေးနားမှ ရရှိ ကြားမိသဖြင့် လှည့်၍ ကြည့်လိုက်ရာ ရေထိလျှင် ပျက်စီး၍ သွားလိမ့်မည် မှတ်ရလောက်အောင် နူးညံ့လှပသေးငယ်သော ပိုးဖဲထီးကလေး အောက်၌ မိန်းမပျိုနှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် ပူးကပ် စွာရပ်လျက် ရယ်မော စကားပြောဆိုနေကြသည်ကို မြင်ရလေ၏ ။ တစ်ယောက်သော မိန်းမပျိုမှာ အသက် နှစ်ဆယ်ကျော်ခန့် ရှိ၍ လွန်စွာ လည်ပတ်ပါးနပ်သော အသွင် ရှိလေ၏ ။ ရွှေခြေချင်း ဝါဝင်းဝင်းများနှင့် ဖြူစင်သော ခြေခုံခြေမျက်စိ ပွတ်တိုက်ထားသလို မှတ်ထင်ရသော ဖြူဝင်းလှပပြေပြစ်သော ခြေသလုံးများပေါ်အောင် ပန်းနားနှင့် ထဘီအပြာကို လက်ကလေးတစ်ဖက်နှင့် ပင့်ကာ ဒူးကလေး နှစ်ဖက်ထိ စေ့အောင် ကပ်၍ ရပ်နေသော အလွန်လှပသော မိန်းမပျိုကလေး၏ မျက်နှာသည်ကား အလွန် ရိုးသား၍ အပြစ်ကင်းစင် ချစ်ဖွယ်သော အသွင် ရှိလေရာ ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် ထက် မကျော်သေးဟု မြသိန်း၏ စိတ်၌ မှတ်ထင်ကာ နှလုံးသွေး လှုပ်ရှား၍ သွားလေ၏ ။ ၎င်း မိန်းမပျိုကလေးသည်ကား လှပဖြူဝင်းသော သွားကလေးများ ပေါ်အောင် ပြုံးလျက် ဝါဝင်းသော မျက်နှာကလေးကို ခပ်မော့မော့ကလေး ထားပြီး မည်းမှောင်သော မိုးကို ကြည့်၍ နေလေ၏ ။ အကြီး မိန်းမပျိုသည်ကား “ ငါ့ ညီမကလေးကို ထိတဲ့အကောင် ပါးကျိုးမယ် ” ဟူသော မျက်နှာမျိုးကို ဆောင်လျက် နီး၍ လာသော ယောက်ျား ဟူသမျှ အပေါ်မှာ ရန်ထောင်လိုသော အသွင် ရှိလေ၏ ။ ထိုအသွင်သည် တကယ့်အသွင်ဖြစ်လေသလားဟု မည်သူမျှ မပြောနိုင်ချေ ။ မြသိန်း သည်ကား အငယ်မိန်းကလေးနှင့် အကြီးမိန်းမပျိုကို ယှဉ်ပြိုင်ကာ ကြည့်လျက် အကဲခတ်၍ နေလေ၏ ။ အခြားယောက်ျားများသည်လည်း မိုးရေထဲသို့ မထွက်ဘဲ ရပ်ရင်း ၎င်းလှပသော မိန်းကလေးကို အစိမ်းစားတော့ မလိုကြည့်ကြလေ၏ ။ အကြောင်းမူကား ဖဲစီးကြိုးပန်းရောင် နက်မှောင်ရှည်လျားသော ဆံပင် ၊ ၎င်း ဆံပင်အောက်ရှိ ကြော့ရှင်းသော ကျောနှင့် ခါးတင်တို့ သည် အလှဆုံး ရုပ်ရှင်မင်းသမီးကလေးထက် လှပလေ၏ ။ အရှေ့တိုင်းသူကလေးများ၏ အလှသည် တကယ် လှသောအခါ ကျောက်ရုပ်နှင့် တူသော အနောက်တိုင်း သူမကလေး၏ အလှမျိုးကို ညှိုးမှိန်ခြင်းသို့ ရောက်စေလေ၏ ။
အတန်ငယ် ကြာသောအခါ မိုးသည် လုံးလုံးမစဲ သော်လည်း သွန်းလောင်းခြင်းအား အရှိန်မှာ နည်းပါး ဆုတ်ယုတ်၍သွားလေ၏ ။ စောင့်၍ နေသော လူထုသည်လည်း ထို့အတူနည်းပါး၍ သွားလေ၏ ။ မြသိန်းသည်ကား ရူပါရုံငါးမြားကြိုးနှင့် ချိတ်မိသောကြောင့် မိမိ၏ ကားရှိရာသို့ မသွားနိုင်သေးဘဲ နေလေ၏ ။ မိန်းပျိုနှစ်ယောက်သည်ကား ဖဲထီးကလေးကို နှမြောသောကြောင့်လားမသိ မထွက်သေးဘဲ နေလေ၏ ။
သို့နေခိုက်တွင် မြသိန်းသည် ကောင်းကင်ကို တစ်ဖန် မော့ကြည့်ပြီး “ ဟင် … လာပြန်ပြီ တော်တော်နဲ့ ရပ်မယ့် မိုးမဟုတ်ပါဘူး ထင်ပါရဲ့ ” ဟု ပြောလေ၏ ။ မိုးသည် မြသိန်း၏ စကားကို တအားဆင့်ကာ ထောက်ပံ့ ပြန်လေ၏ ။
“ ကိုင်း … ဘယ့်နှယ်လုပ်မလဲ လာပြန်ပြီ ၊ မင်းတို့ ဘယ်သွားမလို့လဲ ” ဟုပြုံးရယ်ကာ မေးလေ၏ ။ မိန်းမပျိုကလေးသည် ရိုးသားသော မျက်နှာနှင့် မြသိန်းကို ကြည့်ပြီး မိမိ အဖော်၏ မျက်နှာကို ကြည့်လေ၏ ။ အဖော်ဖြစ်သူက “ ဘယ့်နှယ်လူကြီးပါလိမ့် ” ဟု ပြောသော ကြည့်ပုံမျိုးနှင့် ကြည့်ပြီး စကားပြန်၍ မပြောဘဲ သူငယ်မကလေး၏ ပခုံးကို ကိုင်ကာ မြသိန်းနှင့် ခပ်ဝေးဝေးကလေးသို့ ရောက်အောင် နံဘေး ရွှေ့လိုက်လေ၏ ။
မြသိန်းသည်ကား တစ်ခုခုကို စမိလျှင် လျှော့တတ်သူမျိုးမဟုတ်ပေ ။ စကားတစ်လုံး ထပ်၍ ပြောခြင်းကြောင့် မိမိမှာ တစ်စုံတစ်ရာဖြစ်ဖို့ မရှိသည်ကို တွေးဆကာ မိုးရေပက်မှာကို စိုးသဖြင့် တစ်လှမ်း ခပ်စွေစွေကလေး ဆုတ်လိုက်ရာ ၊ ပေတင်သားရေဖိနပ် နက်နက်ပြောင်ပြောင် သေးသေးချွန်ချွန်ကလေးသည် ချော်သလို ဖြစ်၍ သွားပြီး ၎င်းတို့၏ အနီးသို့ ရောက်၍ သွားလေ၏ ။ မိန်းမပျို နှစ်ယောက်သည် အသံထွက်အောင် ကျိတ်ကာ ရယ်ကြလေ၏ ။ မြသိန်းသည် ရှက်ကိုးရှက်ကန်း ပြုံးကာ ကြည့်လိုက်ရာ မိမိဘက်သို့ စူးစိုက်လျက် နေရာမှာ တစ်ဖက်သို့ သိမ်းရုပ်လိုသော အငယ်မကလေး၏ မျက်လုံးများကို သိမြင်လိုက်ရလေ၏ ။
“ မကြောက်ပါနဲ့ အစ်ကိုကြီးမှာ ကားနဲ့ပါ ။ မင်းတို့ နေရာကို လိုက်ပို့နိုင်ပါတယ် ” ဟု မိမိ၏ ကားဘက်သို့ မေးငေါ့ကာ ပြောလိုက်လေ၏ ။ ထိုအခိုက်တွင် လူအနည်းငယ်တို့သည် မြင်းရထားနှင့် ရောက်လာ၍ လက်မှတ်ရောင်းရာသို့ ပြေးကပ်လာကြ၏ ။ ၎င်းတို့မှာ ကပြားအဖိုအမများ ဖြစ်ကြလေ၏ ။
အကြီးမိန်းကလေးသည် သားနားသစ်လွင်လျက် ဓာတ်မီးရောင်နှင့် မိုးရေတွင် တောက်ပြောင်၍ နေသော ကားကို မြင်ရသောအခါ မျက်လုံးမျက်နှာ ပျောင်းပျော့သိမ်မွေ့၍ သွားလေ၏ ။
“ ဟိုဟာ ရှင့်ကားလား ” ဟု ပြုံးကာ မေးလေ၏ ။ မြသိန်းသည် ခေါင်းညိတ်လိုက်ပြီး “ လာလေ ဘယ်မြို့ ပို့ရမလဲ ”ဟု မငြင်းနိုင်အောင် ရွှင်ပျစိတ်ချ ရိုးသားသော အမူအရာနှင့် ပြောပြီး မိုးရေကို ဖြတ်ကူးပြီး ကားသို့ ရောက်သွားလေ၏ ။ မိန်းမပျိုနှစ်ယောက် တိုင်ပင်ကာ လိုက်ရကောင်းမည် မကောင်းမည်ကို တိုင်ပင်ကြဟန် တူလေ၏ ။ မြသိန်းသည် ကားကို နှိုး၍ ၎င်းတို့ အပါးကပ်လာပြီး “ လာလေ ကြောက်စရာ မရှိပါဘူး ။ တက် … မိုး ဒီထက် သည်းလာရင် မင်းတို့ ခွကျနေမှာ ” ဟု အမိန့် ပေးသလိုပြောရင်း တံခါးကို လှည့်ကာ လှမ်းဖွင့်၍ ပေးလေ၏ ။ မိန်းမပျိုနှစ်ယောက်သည် မကြာမီ ကား ပေါ်သို့ ရောက်ကြလေ၏ ။ မိန်းမပျိုအကြီးက “ အီဒင်လမ်း ” ( ဗိုလ်တထောင်ဈေးလမ်း ) ဟု ပြောလေ၏ ။ ကားလည်း ထွက်လေ၏ ။ ဆူးလေဘုရားလမ်းမှ ဘားလမ်း ( မဟာဗန္ဓုလပန်းခြံလမ်း ) ဘက်သို့ရောက်လေ၏ ။ အရှေ့ကို မောင်း၍သွားရာ စပတ်လမ်း ( ဗိုလ်အောင်ကျော်လမ်း ) ဘက်သို့ ရောက်လျှင် မိုးစဲ၍ သွားလေ၏ ။ လရောင်နှင့် ဓာတ်မီးရောင်များဖြင့် လမ်းများသည် လင်း ပြောင်၍ နေလေ၏ ။ မြသိန်းသည် ကားကို နှေးနှေးမောင်းရာမှ နောက်သို့ လှည့်ကာ
“ အိမ်မသွားခင် ဘယ်သွားချင်ကြသေးသလဲ ။ ကန်တော်ကြီး ပတ်မလား ”
မိန်းမပျိုနှစ်ယောက်သည် ပြုံးလျက် ရှက်ကိုး ရှက်ကန်းနေလေ၏ ။ အငယ်မကလေးက “ အားနာစရာကြီး အစ်ကိုကြီးအိမ်က ဘယ်မှာလဲ ”
“ မောင်ဂိုမာရီလမ်း ( ဗိုလ်ချုပ်အောင်ဆန်းလမ်း ) မှာ အစ်ကိုကြီး ရှိနေတယ် ။ ကိစ္စ မရှိပါဘူး ။ ကံထူးလို့ အစ်ကိုကြီးနဲ့ တွေ့ကြတာပဲ ။ အစ်ကိုကြီးက လူရိုးပါ ။ မကြောက်ပါနဲ့ ။ အားလည်း အားပါတယ် ။ မင်းတို့က ဆူမယ့်လူ မရှိရင်တော့ ”
“ အမယ် အစ်ကိုကြီးက ကျွန်မတို့မှာ ဆူစရာ ဘယ်သူမှ မရှိပါဘူး ”
“ ကိုင်း ၊ ဒီလိုဖြင့်ပြော ၊ ဘယ်ကိုလဲ ”
“ ကျွန်မတို့တော့ လေကလေး ခံရရင် တော်ပါပြီ ။ ရှင် သဘောရှိရာ မောင်းပြီးတော့ ကျွန်မတို့ကို အိမ်အရောက် ပို့ရမယ်နော် ” ဟု အကြီးက ပြော၏ ။
“ အို … စိတ်ချ အစ်ကိုကြီး အိမ်ရောက်ရင် အလကား ပျင်းနေမှာ စိုးလို့ပါ ။ မင်းတို့ မပါရင် အင်းလျား ကန်ပေါင်ပတ်မလို့ ၊ အစ်ကိုကြီးက တစ်ယောက်တည်း ကားနဲ့ လည်ပတ်တတ်တယ် ”
“ ကားကလေးက သိပ်သွားတာပဲ ၊ ငြိမ့်က ငြိမ့်နဲ့နော် ” ဟု မိမိ၏ အဖော်အား ပြောလေ၏ ။ မြသိန်းသည် ၎င်း၏ သာယာသော အသံကလေးကို နားထောင်၍ မငြီးနိုင်အောင် ရှိလေ၏ ။ ကန်တော်ကြီးသို့ ရောက်ပြီးနောက် အင်းလျားကို တစ်ပတ် လှည့်ကြလေ၏ ။ ထို့နောက် ပြန်ကြလေရာ အီဒင်လမ်းထိပ်သို့ ရောက်သောအခါ မိန်းမပျို အကြီးက “ ကျွန်မတို့ ဒီကပဲ ဆင်းပါရစေတော့ ” ဟု ပြောလေ၏ ။ မြသိန်းလည်း ရပ်ပေးလေ၏ ။ ထို့နောက် မိမိတို့ အိမ်ကို အဝေးမှ လှမ်း၍ ပြကာ နံပါတ်ကို ပြောလေ၏ ။ မိမိတို့၏ နာမည်များကိုလည်း ပြောပြီး အသိမိတ်ဆွေ ဖြစ်ကြလျက် မြသိန်း ပြန်၍ လာလေ၏ ။ ထိုညဉ့်၌ ကြင်လှ၏ မျက်နှာကိုသာ ထင်မြင်၍ အိပ်မက်အောင်စွဲကာ နေလေသတည်း ။
နံနက် မိုးလင်းအားကြီးမှ ကောင်းစွာအိပ်ပျော်လေရာ အိပ်ရာမှမထမီ သူငယ်ချင်းဘမြိုင် နှင့် မောင်သစ်တို့ ရောက်၍ လာကြပြီးလျှင် အိပ်ရာထဲမှ ဆွဲ၍ ထူကြလေ၏ ။
“ အိုင်ဆေး အိပ်လှချည်လား ၊ ညက မအိပ်ရဘူး ထင်တယ် ၊ အဟုတ် ပြောစမ်း ဘယ်ကို သွားသလဲ ” ဟု ဘမြိုင်က မေးလေ၏ ။
မြသိန်းသည် မျက်နှာကို ပွတ်သပ်ကာ လူး၍ထပြီး “ ဘယ်မှမသွားရပါကလား ၊ ညက စာဖတ်ရင်း မျက်လုံး ကျယ်သွားလို့ လင်းအားကြီးမှ အိပ်ရတယ် ” ဟု မျက်တောင်စင်းစင်းနှင့် ၎င်းတို့ကို မကြည့်ဘဲ တစ္ဆေပူးသလို သမ်းဝေ လှုပ်ရှားကာ ပြောလေ၏ ။
“ အိုင်ဆေး ညာလို့ မရဘူး ၊ တို့များက ‘ အန်ဒါဆင် ’ က ထွက်အလာမှာ မြင်ရတယ် ၊ တို့က မနှောင့်ယှက်ချင်လို့ မင်းကို ချမ်းသာပေး လွှတ်လိုက်တာသိလား ။ ဘယ်က မြာကလေးလဲ ၊ ပြောစမ်း ” ဟု မောင်သစ်က ခါးထောက်ကာ ရပ်လျက် မေးလေ၏ ။
မြသိန်းသည် အိပ်ရာမှ ယခုမှ နိုးသလို ဖြစ်၍ လာပြီး မျက်လုံးများ ကျယ်လေ၏ ။ ၎င်းတို့ကို နားမလည်သော အမူအရာနှင့် ကျီးကန်းကို ကြည့်လေ၏ ။ ထို့နောက် စကားပြန်၍ မပြောဘဲ လျင်မြန်စွာ အိပ်ရာမှ ခုန်၍ ချပြီး ရေချိုးခန်းသို့ ပြေးရင်း “ ဟေ့ ... ဘိုးညွန့် လက်ဖက်ရည် ထပ်ပြင်ဟေ့ ” ဟု အစေခံအား အော်ပြော၍ သွားလေ၏ ။
ရေမိုးချိုးပြီးနောက် စားပွဲ၌ ထိုင်ကာ လက်ဖက်ရည်သောက်ကြလေ၏ ။ သူငယ်ချင်း နှစ်ယောက်သည် ၎င်း၏ အကဲကိုကြည့်ကာ စကားမပြောဘဲ နေကြလေ၏ ။ မြသိန်း မှာမူကား မိမိ တွေ့ရသော အကြောင်းကို ပြောချင်လှသဖြင့် အသည်းယား၍ နေ၏ ။ မိတ်ဆွေများ ကလည်း ထိုအကြောင်းကို ဆက်၍ မမေးဘဲ အခြား အကြောင်းကို ပြော၍ နေလေ၏ ။ ထို့နောက် ဆက်လက်ကာ သည်းမခံနိုင်သဖြင့် “ နေပါဦးကွယ် ၊ မင်းတို့ ဟာတွေထားလိုက်ပါဦး ၊ မင်းတို့ တကယ် မြင်သလား ” ဟု မြသိန်းက မေးလေ၏ ။
“ ဘာကိုလဲ ” ဟု မောင်သစ်က သတိမေ့ဟန် ဆောင်၍ မေးလေ၏ ။
“ ဟင် … မင်းအဖေ ငါ ၊ နို့ … မင်းတို့ မြင်တယ်ဆို ၊ အဟုတ် မင်းတို့ အန်ဒါဆင် မှာလား ”
ဘမြိုင်က ပြုံးလျက် ဘိုးသစ်ကို မျက်စပစ်၍ ပြလေ၏ ။
“ မြင်ပါတယ်ဗျာ ၊ အဟုတ်ပါပဲ ၊ အန်ဒါဆင်ကို ငါတို့က အဝင် ”
“ မင်းတို့ ခုတင်က ပြောတော့ အထွက်ဆို ။ ဘာသဘောလဲ ”
“ ထွက်ထွက်ဝင်ဝင်ကွယ် ။ မြင်တယ်ဆို ပြီးရောပေါ့ ”
“ မင်းတို့ ဘာသောက်သလဲ ”
“ မိုးအေးလို့ ဘရန်ဒီကလေး တစ်ခွက်စီ သောက်ပြီး ထွက်လာတယ် ၊ မင်း ကားနဲ့ ဆူးလေဘက်ကို သွားတယ် မဟုတ်လား ”
မြသိန်းသည် သဘောကျလျက် ပြုံးကာ လက်ဖက်ရည်ကို မွှေ၍ နေလေ၏ ။
အတန်ငယ်ကြာစွာ ဆိတ်ငြိမ်၍ နေကြပြီးမှ မြသိန်းက မေးလေ၏ ။
“ ဘယ့်နှယ်လဲ ဖြောင့်ရဲ့လား ”
“ ဖြောင့်ပါရဲ့ဗျာ ၊ ဘယ်လိုများ တွေ့လာသလဲ ၊ မင်းတို့ သိတာ ဘယ်လောက် ကြာပြီလဲ ”
မြသိန်းသည် တွေ့ပုံကို အားရပါးရမြိန်ယှက်စွာ ပြော၍ ပြလေ၏ ။ သူငယ်ချင်းနှစ်ယောက်လည်း ထောက်ခံချည် တစ်လှည့် ဖြည့်စွက်သည် တစ်ခါ မေးခါ တစ်လှည့် သေချာစွာ နားထောင်ကြလေ၏ ။
“ ငါ ဒီလောက် ချောတဲ့ ကောင်မကလေးမျိုးကို မမြင်ဖူးသေးဘူး ။ အခုမှ တွေ့ဖူးတာပဲ ” ဟူသော စကားဖြင့် အဆုံးသတ်လေ၏ ။
ဘမြိုင်က “ ရီးတီးယားတားနဲ့ အဟုတ် ဖြစ်သွားမယ်နော် ၊ မင်းက တွေ့ဖူးတာ မဟုတ်ဘူး ”
မြသိန်း ။ ။ “ မင်းက အရူး အမဲသားကျွေးတာမျိုးလို ထင်လို့လား ဟေ့ ၊ ဒီအရာမျိုးမှာ အံခွနေပြီ မှတ်ပါ ”
သစ် ။ ။ “ ကိုယ့်လူ ဒါလောက်တောင် မညံ့ပါဘူးကွယ် ၊ ဒီလိုဟာမျိုးအတွက် စိတ်ပူစရာ ရှိမယ် မဟုတ်ပါဘူး ”
သိန်း ။ ။ “ ကိုရင်တို့ သတိထား ပြောကြနော် ။ ဒီကောင်မကလေးဟာ ကိုရင်တို့ ထင်တဲ့ အစားမျိုးထဲက မဟုတ်ပါဘူး ”
မြိုင် ။ ။ မဟုတ်ရင် တော်ပါရဲ့ သူငယ်ချင်း ။ ဟုတ်နေမှာ စိုးလို့ ပြောတာပါ ”
သိန်း ။ ။ “ ဘယ်လို အစားထဲကဆိုတာ ကိုရင်တို့သိစေမယ် ။ ဒီလောက်တော့ နားလည်ပါတယ် သူငယ်ချင်းရယ် ”
ထိုနောက် အတန်ကြာ ဆိတ်ငြိမ်၍ နေကြလေ၏ ။ မြသိန်းသည် အိပ်ရာထဲသို့ စီးကရက်ဘူးနှင့် မီးခြစ်ယူရန် သွားပြီး ပြန်လာသောအခါ ဘမြိုင်နှင့် မောင်သစ် စကားပြော နေရာမှာ တစ်ယောက်ကို တစ်ယောက် လက်ကုတ်ကာ စကားရပ်လိုက်သည်ကို မြင်လိုက်ရလေ၏ ။ သို့သော်လည်း မမြင်ဟန်ဆောင်၍ ၎င်းတို့အား စီးကရက်များ ထုတ်၍ ပေးပြီး တအောင့်တနား စကား ဆက်လက်၍ ပြောပြီး အလည်အပတ်သွားဖို့ အကြောင်းများကို တိုင်ပင်ပြီးနောက် သူငယ်ချင်းနှစ်ယောက်ထွက်၍ သွားကြလေ၏ ။
မြသိန်းသည် တစ်ကိုယ်တည်း စဉ်းစား၍ နေလေ၏ ။ ဒီကောင်မကလေးကို ဘမြိုင် သိဖူးလို့လား ၊ ပိုးများ နေသလား စသည်ဖြင့် စဉ်းစားနေပြီးနောက် သစ္စာရှိသော သူငယ်ချင်းမိတ်ဆွေဟောင်းများပဲဟု စိတ်ချကာ ရောက်လာသော စာများကို ကြည့်လေ၏ ။ ထို့နောက် နံနက်ဘက်ဆိုင်ရာ အလုပ်အနည်းငယ်ကို လုပ်လေ၏ ။ သို့သော်လည်း ၎င်း၏ စိတ်သည် အလုပ်ထဲသို့ မဝင် ။ လှပသော မိန်းမပျိုကလေး၏ ထံသို့သာ ရောက်၍ နေလေသတည်း ။ သို့ဖြစ်သောကြောင့် အဝတ်အစားများကို လဲပြီး အရေးတကြီး လုပ်ကိုင်စရာ တစ်စုံတစ်ရာမျှ မရှိသည်နှင့် ဒရိုင်ဘာအား ကား အပြင်ခိုင်းပြီး နံနက်လေကို ခံရင်း အီဒင်လမ်း ( ယခု ဗိုလ်တထောင်ဈေးလမ်း ) ဘက်သို့ရောက်၍ သွားလေ၏ ။ သို့သော်လည်း အိမ်၌ မည်သူကိုမျှ မမြင်ရ ။ ပြတင်းတံခါးများလည်း ပိတ်၍ ထားသည်ကို မြင်ရသဖြင့် အိမ်သို့ ပြန်၍ လာလေ၏ ။
တစ်ဖန် ညနေဘက်၌ အီဒင်လမ်းဘက်သို့ ရောက်၍ သွားပြန်လေရာ ပြတင်းပေါက်မှ မျှော်၍နေသော မိန်းမပျိုကလေးကို မြင်ရလေ၏ ။ မိန်းမပျိုကလေးက ချက်ချင်း မှတ်မိ၍ အားရဝမ်းသာ အိမ်ကို လာစေချင်သော အမူအရာကို ပြလေ၏ ။ မြသိန်းလည်း နှေးနှေးမောင်းလာသော ကားကို ရပ်ကာ ဆင်းပြီး လျင်မြန်သော ခြေလှမ်းဖြင့် အိမ်ဘက်သို့ သွားလေ၏ ။ ပြတင်းပေါက်မှ ဝင်းဝင်းတောက် ထက်သန်သော စိတ်အရောင်ဖြင့် ငုံ့ကာ ကြည့်၍နေသော မျက်နှာကို မော်ကြည့်ကာ အိမ်လှေကားသို့ ပြေးနင်း၏ ။ လှေကားထစ်ကို နင်းမိသောအခါ လျင်မြန်သော အရှိန်ကို လျှော့လိုက်လေ၏ ။ ၎င်းနောက် ဖြည်းညင်းစွာ နင်းတက်၍ သွားလေ၏ ။ အိမ်ပေါ်သို့ မရောက်မီ အိမ်ရှေ့ခန်း၌ အရေးကြီးသော ဧည့်သည်ကို ဧည့်ခံရန် အတွက် အလုပ်များ၍ နေခြင်း၏ အမှတ်လက္ခဏာဖြစ် သော လှုပ်ရှားသံများကို ကြားရလေ၏ ။ မကြာမီ စားပွဲဝိုင်းကြီး၌ မြသိန်းသည် အိမ်သားများနှင့် ဝိုင်းကာ ထိုင်လျက်ရှိလေ၏ ။ အိမ်သားဆိုသည်ထက် အိမ်သူ ဟု ဆိုလျှင် သာ၍ မှန်ပေမည် ။ အကြောင်းမူကား အဒေါ်ကြီး တစ်ယောက် သူငယ်မနှစ်ယောက်အပြင် အစေခံမိန်းမပျို တစ်ယောက်သာ ရှိလေရာ ထိုအစေခံမကလေးမှာ လူမမယ် အရွယ်မရောက်သေးသူကလေး ဖြစ်လေ၏ ။ မြသိန်းက ဒုက္ခမရှာဖို့ ပြောသော်လည်းမရ ။ အစေခံကလေးကို အလုပ်ပေးကြ၏ ။ လက်ဖက်ရည်များ ၊ မုန့်များ စားပွဲ၌ ပြည့်၍နေ၏ ။ မြသိန်းအိမ်၏ ပြင်ဆင်ခြင်း၌ နွမ်းပါးသော သားနားခြင်း အခြေအနေကို မြင်ရ၏ ။ အတော်ကျယ်သော ဘုရားစင်၌ တင်ထားသော ပန်းသည် အလတ်ဆတ်ဆုံး အသစ်ဆုံး ဖြစ်လေ၏ ။
“ တူမများက မနေ့ကတည်းက ပြောတယ် ။ မိုးရွာလို့ မောင်ရင်က ကားနဲ့ လိုက်ပို့လိုက်သတဲ့ ။ ဒီတော့ အဒေါ်က အိမ်ကိုရောက်အောင် ဘာပြုလို့ မခေါ်သလဲလို့တောင် ပြောလိုက်ရသေးတယ် ။ မောင်ရင်က ဘယ်မှာ အလုပ်လုပ်သလဲ ”
မြသိန်းသည်ကား လွန်စွာ ဝင့်ဝါခြင်း မရှိဘဲ ကိုယ်ပိုင်အလုပ်ကို လုပ်သူ ဖြစ်ကြောင်း ပြောလေ၏ ။ မြသိန်းသည် အပြောနည်း၏ ။ များစွာ နားထောင်၏ ။ အဒေါ်ကြီးက နွမ်းပါးသော အခြေအနေကို မြသိန်း မြင်မှန်း သိသောအခါ
“ ဒေါ်ဒေါ်တို့လည်း အရင်ကတော့ ဒီလို မဟုတ်ပါဘူး ။ ဒေါ်ဒေါ့်ယောက်ျား ဝန်ထောက်မင်း မရှိကတည်းက ပျက်စီးဆုံးပါးပြီး ဘဝပြောင်းသလို ဖြစ်တာပါပဲ ။ ဒီတူမကလေးက မောင်က မွေးတာပါ ။ အခုတော့ မရှိကြဘူး ။ ငယ်ကတည်းက အဒေါ်နဲ့ နေခဲ့ရတော့ သားအမိ ဖြစ်နေတော့တာပဲ ”
မြသိန်းက ဇာတိဇာမြစ်ကို မေးလေ၏ ။
“ အဒေါ်တို့ ရန်ကုန်ဌာနေပါပဲ ။ အစိုးရအမှုထမ်း အလုပ်နဲ့ နေခဲ့တော့ အရပ်ရပ် နှံ့နေတာပေါ့လေ ။ အခုတော့ ဝန်ထောက်မင်း မရှိတော့မှ ကိုယ့်အရပ်မှာ ပြန်ပြီး အခြေစိုက်ရတော့တာ ၊ တောင်ငူမြို့မှာ ခြံတစ်ခုနဲ့ အိမ်တစ်ခု သာယာဝတီမှာ အိမ်တစ်လုံး ၊ ပုသိမ်မှာ လယ် ပစ္စည်း အနှံ့အပြား ဖြစ်နေလေတော့ အကုန် ထုခွဲရောင်းချပြီး ငွေကလေး ဘာကလေး ချေးပြီး နေရတာပဲမောင် ။ မုဆိုးမကိုး ။ သူ ရှိတုန်းကတော့ အခိုင်းအစေနဲ့ အေးအေး ထိုင်စားရတာကလား မောင် ။ ပူရမှန်းပင် ရမှန်းမသိ ။ သားထောက် သမီးခံ ကလည်း မရှိလေတော့ အခုလို အဖြစ်မျိုး ရောက်လိမ့်မယ် ဆိုတာ ဘယ်တွေးမိမလဲ ။ အခုတော့ လောဘမာနတွေလည်း မရှိတော့ပါဘူး ။ ရှာချင် ဖွေချင် လိုချင် လောဘများလည်း ကုန်ခန်းပြီး ဒီတူမကလေးများနဲ့ ထမင်းတစ်ဝမ်း အေးအေး စားနေရရင် ရောင့်ရဲပြီး ၊ အားရင် ပုတီးစိပ် ၊ နံနက် အရုဏ် ဆွမ်းကပ် ၊ ဘုရားရှိခိုး ၊ ဒီအလုပ် ရှိတော့တာပဲ ” စသည်ဖြင့် ပြော၏ ။ မြသိန်းလည်း ကြင်နာသနား အားပေး ထောက်မသည့် စကားများကိုသာ ပြောရလေ၏ ။ နောက်ပြန်ခါနီးသောအခါ မိန်းမကြီးက မကြာမကြာ လာလည်ရန် မှာလေ၏ ။ ကြင်လှ ကလည်း လှေကားသို့ ရောက်အောင် လိုက်လာပြီး “ ကိုကို လာလည်နော် ၊ ဆက်ဆက် ၊ ဘယ်တော့လာဦးမလဲ ” ဟု ချစ်ဖွယ်သော အမူအရာ ၊ မျက်လုံးများနှင့် ပြောလေ၏ ။ လှေကားထိပ်၌ မြသိန်းသည် ခေတ္တ ရပ်လျက် နှုတ်ခမ်းပါးစပ်နှင့် မပြုံး ၊ မျက်လုံးဖြင့် ပြုံးသော မျက်နှာကလေးကို စိုက်ကာ ကြည့် ပြီး “ နောင် ကိုကို လာအားကြီးလို့ မုန်းနေမှာလား ” ဟု ခပ်တိုးတိုး ပြောလေ၏ ။
“ အမယ် … ကိုကိုက ဒီလိုမဟုတ်ပါဘူး ။ ဘယ် အခါမဆို လာနိုင်ပါတယ် ”
မိန်းမကြီးကလည်း ခေါင်းရင်း ဘုရားစင်ကို မီးထွန်းဖို့ သွားရာမှ နောက်ကို လှမ်းကြည့်ပြီး “ အရီး သားချင်းလို သဘောထားပြီး ဘယ်အခါမဆို အဒေါ် ရှိရှိ မရှိရှိ လာနိုင်ပါတယ် ” ဟု ပြောလေ၏ ။
“ ကိုကို နက်ဖြန်ညနေဘက် လာဦးမယ် ” ဟု ပြောပြီး ဆင်းတော့မည် ပြုလေ၏ ။
မယ်သစ်လည်း မလှမ်းမကမ်းမှ နေ၍ “ မကြင်လှရေ အခန့်သင့်ပဲ ၊ ဗြိတိသျှဘားမားက မနက်ဖြန် ကားသစ် လဲမယ်လို့ ကြော်ငြာထားတယ် ”
“ ဟုတ်တယ် ကိုကို ၊ လှ သိပ်ကြည့်ချင်တာပဲ ။ အင်္ဂလိပ်ရုပ်ရှင်က နားမလည်ဘူး ”
“ ကောင်းပြီ ၊ နက်ဖြန်ခါ ကိုကို လာမယ် ၊ ဘယ်မှ မသွားကြနဲ့နော် ” ဟု ပြောပြီး ဆင်း၍ လာခဲ့လေ၏ ။ မြသိန်းသည် ကြင်လှကို တိုး၍ စွဲမက်ခြင်းဖြစ်လေသတည်း ။
နောက်တစ်နေ့ မြသိန်း ရောက်၍သွားသောအခါ အိမ်၌ အဒေါ်ကြီး မရှိ ။ အစေခံမကလေးနှင့် ကြင်လှ၏ အဖော်ကိုသာ တွေ့ရလေ၏ ။
ကြင်လှ၏ အဖော်သည် မြသိန်းကို တစ်ယောက်တည်း ဧည့်ခံလေ၏ ။ ကြင်လှကို မြင်ချင်ဇောနှင့် မေးရ ကောင်းမလား ။ မမေးဘဲနေရ တော်မလား စသဖြင့် တွေးဆကာ ဣန္ဒြေ မရနိုင်အောင် ဖြစ်၍ နေလေ၏ ။
မြသိန်းက “ အဒေါ်ကြီး ရှိသလား ” ဟုမေးရာ အဒေါ်ကြီး အသိတစ်ယောက် အိမ်သို့ သွားနေကြောင်း ပြောလေ၏ ။ ထို့နောက် ကြင်လှ၏ အကြောင်းကို မေးမည်ပြုပြီးမှ မမေးသေးဘဲ အိမ်အတွင်းသို့ အမှတ်မဲ့ လှမ်း ကြည့်လိုက်လေ၏ ။ မိန်းမပျိုက
“ ရှင် ဘာပြုလို့ လာသလဲ ၊ ကြင်လှကို လိုချင်လို့လား ။ ကြင်လှကို မကြံပါနဲ့ ။ ကျွန်မ ညီမကလေး အရင်းလို သူ့ကို ချစ်နေမိလို့ပါ ။ ကျွန်မကတော့ ဘာမှ ကိစ္စမရှိပါဘူး ။ ကြင်လှကိုတော့ ” ဟု ပြောခိုက်မှာ ကြင်လှ အိပ်ရာခန်းထဲမှ ဆံပင် ကပိုကရိုနှင့် ထဘီကို ပြင်၍ ဝတ်ရင်း ထွက်ကာ နောက်ဖေးသို့ သွားသည်ကို ရိပ်ခနဲ မြင်လိုက်ရလေ၏ ။ သို့ မြင်ရုံမျှနှင့် ရင်ထဲမှာ ဖိုထိုးသလိုဖြစ်၍ သွားလေ၏ ။ အစွဲသည် လွန်စွာ ပြင်းထန်၍ လာလေ ၏ ။
“ အခုမှ အိပ်ရာက နိုးရတယ် ” ဟု မိန်းမပျိုက မြသိန်းအား ပြောလေ၏ ။
မြသိန်း မှာကား ထိုစကားကို ကြားရသောအခါ အံ့အားသင့်၍သွားလေ၏ ။ ဒင်း … ဘာစကားကို ပြောလိုက်ပါလိမ့်မလဲ ။ ဘယ့်နှယ် မိန်းမလဲ ဟု စဉ်းစားလေ၏ ။
ထို့နောက် “ ဟင် … ငါ့ကို ဘယ်လိုလူ ထင်လို့ ဒီစကားပြောတာလဲ ” ဟု မြသိန်းက မေးလေ၏ ။
“ ဘယ်လိုလူလို့ ထင်ရမလဲရှင် ။ ရှင်တို့ ယောက်ျား ဆိုတာ မိန်းမကလေးများကို အလကား ကုသိုလ်ဖြစ် သဘောထားပြီး မော်တော်ကားနဲ့ လိုက်ပြီး တင်ပို့နေသလား ။ ရှင်တို့ တစ်ခုခုအလိုရှိလို့ပေါ့ ” ဟု ပြန်၍ ပြောလေ၏ ။
မြသိန်းမှာ မျက်နှာပျက်၍ သွားလေ၏ ။ စိတ်လည်း ဆိုး၍လာ၏ ။ ကြင်လှ ဟာ ဒီလို မိန်းမနဲ့ နေတာ တော်ရဲ့လား ။ ပျက်စီးသွားမှာပါလား ။ ကြင်လှရဲ့ အဒေါ်ဟာ ဒီကောင်မအကြောင်းကို မသိလို့ ထားတာ ထင်ပါရဲ့ ။ အဲလေ ငါလည်း ဒီကောင်မထက် မသာလှပါ ကလား ။ ဘာပြုလို့ သူတို့ကို ကားနဲ့ တင်ပြီး ရုပ်ရှင်ကို ခေါ်ချင်ရသလဲ ဟု မိမိ ကိုယ်ကို တွေးဆ စစ်ဆေးသော အခါ မိမိမှာ ထိုမိန်းမထက် ပိုမို၍ မမြတ်သော ရည်ရွယ်ချက်ရှိသည် ကိုသိရလေ၏ ။ သို့သော်လည်း ကြင်လှ ကို စွဲသော ရမ္မက်သည်ကား ထိုစကားကြောင့် လျော့၍ မသွား ၊ စိုးရိမ်ကြောင့်ကြပူပန်ခြင်းဖြစ်ကာ တိုး၍ပင် ခိုင်မာ၍လာလေ၏ ။ သို့ ခိုင်မာခြင်းသည် ထူထဲသော အမှောင်ကဲ့သို့ ဖြစ်၍လာလေ၏ ။ မိန်းမကြီး ဝန်ထောက်ကတော်ကြီး ဖြစ်သဖြင့် ဤတူမကလေးသည် သာလွန်၍ အဖိုးတန်လေ၏ ။ ကြင်လှ၏ ရိုးသားသော ကလေးအသွင်သည်လည်း ၎င်းအဖော်၏ သိနားလည်သော အသွင်နှင့် မတူ ၊ ကွဲပြားလွန်းစွာပင် ခြားနားသည်ကို သိရလေ၏ ။
မကြာမီ ကြင်လှ၏ ခြေသံကို ကြားရလေ၏ ။ ကြင်လှသည် ဆံပင်ကပိုကရိုနှင့်ပင် ပြုံးပြုံးကလေး ကြည့်ပြီး “ သြ ... ကိုကို ရောက်နေပြီကိုး ၊ ကျွန်မ အိပ်ပျော်နေတယ် ” ဟု ပြောပြီး ပြန်၍ ဝင်သွားလေ၏ ။
ဪ ... အင်မတန်မှ ရိုးသားတဲ့ စိတ်ကလေးပါပဲ ဟု မြသိန်း၏ စိတ်၌ အောက်မေ့သော်လည်း ငါ ဘယ်အတွက် သည်ကို လာသလဲဟု တွေးလိုက်သောအခါ အဘယ်ပုံ အယူရှိရမည်ကို ဝေခွဲ၍မရဘဲ နေလေ၏ ။ မယ်သစ် ပြောသော စကားကို ထောက်လျှင် ဒင်းကလေးဟာ ယခုထက်ထိ အပြစ်ကင်းစင်သူကလေး ဖြစ်မှာပဲ ။ သည်မျှလောက် ချောမောလှပ ယဉ်ကျေးနူးညံ့သူကလေး တစ်ယောက် မတော်တဆ မိုက်တုန်းရူးတုန်းမှာ ပျက်စီး သွားရင် အင်မတန်မှ နှမြောစရာ ကောင်းမှာပဲဟု အောက်မေ့လေ၏ ။
မကြာမီ ကြင်လှ ပြုပြင်ပြီးလိမ်း၍ ထွက်လာသော အခါ တွေ့စကနှင့် မတူ ၊ အထူး ပိုမိုလှပ အထူးချစ်ဖွယ်ရာ ကောင်းသည်ဟု မှတ်ထင်လေ၏ ။
ကြင်လှ ထွက်လာပြီးနောက် မကြာမီ ကားနှင့် ထွက်ကြလေ၏ ။ ဗြိတိသျှဘားမားရုပ်ရှင်ကို သုံးယောက် အတူ ကြည့်ကြလေ၏ ။ ကြင်လှမှာ ထိုညနေ၌ အထူး ရွှင်ပျ၍ နေလေ၏ ။ ကြင်လှ၏ အသောခန်းတစ်ခု၌ ရယ်မောကာ မြသိန်းသည် မိမိ၏ ပေါင်ကို လက်ဝါးနှင့် ရိုက်ပြီး ကြင်လှ၏ ပေါင်ကို လက်နှင့် ပုတ်ကာ ပြောလိုက်လေ၏ ။ ပေါင်ကို ပုတ်ရာ၌ ကြင်လှ၏ လက်ကို ဆုပ်မိ လေ၏ ။ ကြင်လှသည် ငြင်းဆန်ခြင်း မပြုဘဲ နေလေ၏ ။ ထိုအခါ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ဖျစ်ညှစ် ကာနေလေ၏ ။ ထို့နောက် မြသိန်း၏ လက်သည် ကြင်လှ၏ ခါးကိုဖက်မိလေ၏ ။ မိမိ ဘက်သို့ ဆွဲယူလိုက်ရာ အနည်းငယ် ငြင်းဆန်ဟန်နှင့် ကပ်ပါ၍ လာလေ၏ ။ ထို့နောက် မှောင်တိုင်း နှစ်ယောက်သား နီးကပ်၍ နေကြလေတော့သတည်း ။ သို့သော်လည်း ချစ်စကား ကြိုက်စကားများကိုမူကား မည်သူကမျှ စ၍ မပြောချေ ။ ပွဲပြီးသောအခါ မြသိန်းသည် အိမ်ပေါ်သို့ အရောက် လိုက်၍ ပို့ပြီး ပြန်၍ လာသောအခါ ကြင်လှ မှာ ဝမ်းနည်းသော မျက်နှာနှင့် ကျန်ရစ်လေ၏ ။
မြသိန်း အိမ်သို့ ရောက်သောအခါ ငါ ချက်ချင်း ပြန်လာတာ မှားလေခြင်း ၊ သူတို့ အိမ်မှာ ယောက်ျား လည်း မရှိ ။ စောင့်ရှောက်တဲ့ အနေနဲ့ ငါ အိပ်၍ နေရလျှင် သူတို့ အခွင့်ပြုမှာပဲဟု အောက်မေ့လေ၏ ။ ထိုကဲ့သို့ အတန်တန် တွေးပြီးနောက် ဟိုတယ်သို့ ညစာစားရန် သွားလေ၏ ။ ဟိုတယ်မှ အပြန် ၎င်းတို့၏ အိမ်ဘက်သို့ ကားကို လှည့်၍ မောင်းလာလေရာ အိမ်ရှေ့သို့ မရောက်မီ လမ်းထောင့်မှာပင် ခပ်နှေးနှေး မောင်း၍ လာလေ၏ ။ အိမ်ရှေ့သို့ ရောက်သောအခါ ကြင်လှတို့၏ အခန်းနှင့် တည့်တည့် မှောင်ရိပ်၌ သဏ္ဌာန် နှစ်ခု တွေ့ရလေ၏ ။ ထိုသဏ္ဌာန် နှစ်ခုမှ အိမ်ပေါ်က ဆင်းလာကြသလား ၊ အောက်ခန်း တစ်ခုမှ ထွက်၍လာကြသလားဟု သေချာစွာ မသိရချေ ။ မြသိန်းသည် တစ်ခုသော မှောင်အရိပ်၌ ကားကို ရပ်ကာ ကြည့်၍ နေလေရာ ထွက်၍ လာသော သဏ္ဌာန် နှစ်ခုသည် ဓာတ်မီးတိုင် တစ်ခုဘက်သို့ ကပ်ရောက်၍ သွားလေရာ ဘမြိုင် နှင့် မောင်သစ် ဖြစ်သည်ကို သိရလေ၏ ။ ထိုအခါ မျက်လုံးများ ပြာလျက် မော်တော်ကား စောင်းပြီး မှောက်လုခမန်း ဖြစ်သည်ကိုဟု စိတ်၌ မှတ်ထင်မိလေ၏ ။ ၎င်းတို့ အတော် ဝေး၍ သွားသောအခါ ကားကို နောက်သို့ ပြန်လှည့်ပြီး အခြားသော လမ်းဖြင့် အိမ်သို့ မောင်း၍ ပြန်ခဲ့လေ၏ ။ အိမ်သို့ ရောက်သောအခါ တစ်ညလုံး မအိပ်နိုင်ဘဲ ဒီအကောင် နှစ်ယောက် ဘယ်အတွက် ဟိုနေရာကို ရောက်သလဲ ။ ကြင်လှ ကို ပိုးပန်းရန် သွားတာပဲ ထင်ပါရဲ့ ။ ငါက သူတို့ကို သူငယ်ချင်း အစစ်လို့ အောက်မေ့ခဲ့တယ် ။ အခု သူတို့ဟာ သူငယ်ချင်း မဟုတ် ၊ ငါ့ရန်သူတွေပါကလား ဟု တွေးမိလျက် များစွာ ဝမ်းနည်းခြင်း ဖြစ်လေ၏ ။
သို့သော်လည်း နောက်တစ်နေ့ ဘမြိုင်နှင့် မောင်သစ် လာကြသောအခါ ထိုအကြောင်းနှင့် ပတ်သက်၍ စကား တစ်စုံတစ်ရာ မပြော ၊ တဖြည်းဖြည်း သိသာအောင် စုံစမ်းဦးမည်ဟု အောက်မေ့ကာသာ နေလေ၏ ။ မြသိန်းသည် နေ့စဉ် ကြင်လှတို့၏ အိမ်ကို သွား လေ၏ ။ ကားနှင့် လည်ပတ်လေ၏ ။ ကြင်လှကို တစ်နေ့ မတွေ့ရလျှင် မနေနိုင်ချေ ။ သို့သော်လည်း ကြင်လှ အဖော်ဖြစ်သူမှာ အဘယ်အခါမျှ ကြင်လှနှင့် မခွာ ၊ သွားရာကို လိုက်ပါခဲ့လေ၏ ။
ညတစ်ည၌မူကား ရုပ်ရှင်မှ ထွက်ပြီးနောက် အင်းလျားဘက်သို့သွားရာ မယ်သစ်သည် ကားပေါ်၌ အိပ်ပျော်လေ၏ ။ စော်ဘွားကလေးကုန်းနှင့် အင်းလျားကန်ကြီး စပ်ကြား၌ လရောင်တွင် လေပြေနှင့် လှုပ်ရှားကစား၍ နေသော အင်းလျားရေပြင်၏ တောက်လွင်သာယာသော အဆင်းကို ရှုကြည့်ရင်း လေပြည်ကို ခံယူကာ တစ်ခုသော မှောင်ရိပ်၌ ကားရပ်၍ နေသည်ကို မယ်သစ် မသိ ချေ ။ ထိုမျှလောက် အိပ်မောကျ၍ နေလေ၏ ။ မြသိန်းနှင့် ကြင်လှသည်ကား တစ်ယောက် ခါးကို တစ်ယောက်ဖက်ကာ ကြင်လှက မြသိန်း၏ ရင်ခွင်၌ ကပ်မီလျက် ဦးခေါင်းကို တင်၍ နေလေ၏ ။ တောက်ပလျက် နေသော ကန်ရေ နှင့် နောက်ခံကြယ်ရောင်တို့၏ ပြန်ဟပ်ခြင်းသည် အထူး ကြည်နူးဖွယ်သော အဆင်းကို ဖြစ်စေလေသတည်း ။ အတန်ငယ် ကြာစွာ ရပ်၍ နေပြီး တစ်ဖန် မြို့ဘက် သို့လှည့်၍ မောင်းလာကြလေသတည်း ။
မြို့ထဲမှ စားစရာ သောက်စရာများကို ဝယ်ခြမ်းပြီး အီဒင်လမ်းအတိုင်း အိမ်သို့ ရောက်လာကြလေ၏ ။ ကားကို အိမ်ရှေ့၌ရပ်၍ ထားပြီး အတော် ညဉ့်နက်စွာ နေလေ၏ ။ ဆယ့်တစ်နာရီခန့် အချိန်လောက်တွင် ပြတင်းပေါက်မှ အိမ်ရှေ့ကို ကြည့်လိုက်ရာ မနီးမဝေး နေရာ၌ မယောင်မလည် ရပ်ရင်း အိမ်ကို လှမ်းကြည့်ပြီး၍ လန်ချား တစ်စင်းကို ခေါ်၍ အမြန် ပြန်သွားသော ဘမြိုင်ကို မြင်လိုက်ရလေ၏ ။
ထိုအခါ မြသိန်း၏ စိတ်၌ မသင်္ကာဖြစ်ခဲ့ခြင်းမှာ အခြေခံ ခိုင်လုံ၍ သွားလေ၏ ။
ဘယ်အတွက် ဒီအကောင် ဒီအိမ်အနီးမှာ တရစ်ဝဲဝဲ နေသလဲ ။ ကြင်လှ နဲ့ သိဖူးကြိုက်ဖူးသဖြင့် ငါ့ အပေါ်၌ မနာလိုသောစိတ် ဖြစ်နေတာ အမှန်ပဲ ။ ကြင်လှ အကြောင်း ပြောစဉ်ကလည်း သူ၏ အမူအရာတစ်မျိုး ဖြစ်၍ စကား တစ်မျိုး ပြောသည် ။ သူ့အကြံကို မောင်သစ် လည်း သိမှာ ပဲ ။ သူတို့ နှစ်ယောက် ငါ့ကို မကောင်းကြံနေကြသည်ဟု ပုံသေစိတ်ချခြင်း အဖြစ်သို့ ရောက်လျက် သစ္စာဖောက်သော သူငယ်ချင်းအတွက် ကြီးစွာ ဝမ်းနည်းခြင်း ဖြစ်မိရှာလေသတည်း ။
အတော် ညဉ့်နက်သောအခါ မြသိန်းသည် အိမ်သို့ ပြန်လေ၏ ။ လှေကား အတက်တွင် ဦးခေါင်းကို အရိုက်ခံရလျက် လျှပ်စစ်ဓာတ်လိုက်သလို ဖြစ်၍သွားပြီး မည်းမှောင်သော ချောက်ကြီးထဲသို့ နက်စွာကျသွားသကဲ့သို့ ဖြစ်ပြီး မေ့လျော့၍ သွားလေသတည်း ။ ထို့နောက် ဆေးရုံကျမှ သတိရလေ၏ ။
သတိရသော်လည်း ဒဏ်ရာမှာ အတော် ပြင်းထန်သဖြင့် မည်သူမည်ဝါ လာရောက် ကြည့်ရှုသည်ကို အမှတ်မထားနိုင်ဘဲ နေလေ၏ ။ မြင်ရသော သူငယ်ချင်း မိတ်ဆွေများကိုလည်း အိပ်မက်၍ မြင်ရသည်ဟု မှတ်ထင်လေ၏ ။
နောက် ၇ ရက်လောက် ကြာ၍ ညနေအချိန် အိပ်ပျော်နေရာမှ နိုးလာသောအခါ အပါး၌ ထိုင်၍ နေသော ဘမြိုင်ကို မြင်ရလေ၏ ။ မြသိန်းသည် ဒေါသထွက်လေ၏ ။ အကြောင်းမူကား မိမိကို ရိုက်သူမှာ အခြားလူ မဟုတ် ။ ဘမြိုင်ပင် ဖြစ်သည်ဟု စိတ်ချယုံကြည်ပြီးသား ဖြစ်လေ၏ ။ ပြုံးရွှင်ချစ်ခင်သောမျက်နှာနှင့် မြသိန်း၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ မြသိန်း၏ မျက်နှာကို ကြည့်လျက် “ ဘယ့်နှယ်လဲ သူငယ်ချင်း ၊ တော်တော် သက်သာပလား ၊ ဒဏ်ရာ တော်တော်ကြီးသွားတာပဲ ။ သူငယ်ချင်းရယ် ” ဟု ပြောလိုက်လေရာ မြသိန်း၏ မိုးကြိုးသွား ဒေါသသည် ပျောက်ကွယ်၍ သွားလေ၏ ။ သို့သော်လည်း ရန်သူကို ဟက်ဟက်ကြီး စကားမပြောချင်သောစိတ်သည် ပျောက်ပျက်၍ မရနိုင်သော စိတ်ဖြစ်၏ ။ သို့ဖြစ်သောကြောင့် ဘမြိုင်၏ ပြုံးသော မျက်နှာကို ရှောင်လွှဲကာ နာကျင်သော အမူအရာဖြင့် ရှုံ့လျက် စုတ်သပ်ရင်း ဒဏ်ရာရှိသော ဦးခေါင်းကို လက်နှင့် စမ်းသပ်ယောင် ပြုကာ အိမ်ရှေ့တည့်တည့်ကို ကြည့်လျက် “ သေတော့မသေပါဘူး ထင်ပါရဲ့ သူငယ်ချင်းရယ် ” ဟု ပြောကာ မျက်ရည်လည်၍လာလေ၏ ။ ထိုမျက်ရည်သည်ကား ငါ၏ သူငယ်ချင်း ငါ့ကို လုပ်ရက်လေခြင်း လုပ်ပြီး ပါလျက် ပရိယာယ်ဆင်ကာ ငါ့အား အဘယ်အခါမျှ ထပ်မံ အသေသ,တ်ရန် ကြံခြင်းဖြစ်ပါသလဲဟု တွေးတောဝမ်းနည်းကာ ဝမ်းနည်းခြင်းဖြစ်လေ၏ ။
ဘမြိုင်သည်ကား စကားတစ်ခွန်းမျှ ဆက်လက်၍ မပြောဘဲ အတန်ကြီးကြာစွာ နေလေ၏ ။ မိမိ၏ အပြစ် မကောင်းမှုကိုသိသဖြင့် ရှက်ကြောက်၍ နေသောသူ၏ အသွင် ရှိလေ၏ ။ မြသိန်းသည် အမှတ်တမဲ့ ဘမြိုင်၏ မျက်နှာကို ကြည့်လေ၏ ။ ဘမြိုင်၏ မျက်နှာ ပျက်၍ နေသည်ကို သတိထားမိလေ၏ ။
ဟန်ဆောင်လေသလား ။ ငါ ယခု မသေသဖြင့် နောင်သ,တ်ရန် အယုံသွင်းခြင်း ဖြစ်လေသလားဟု တွေးကာ မြသိန်းသည် တစ်စုံတစ်ရာမျှ မေးမြန်းခြင်း မပြုဘဲ ဆိတ်ငြိမ်စွာ တစ်ချက်တစ်ချက် စုတ်သတ်ရင်း ဦးခေါင်းကိုသာ လက်တစ်ဖက်နှင့် စမ်းသပ်ယောင် ပြုလေ၏ ။
ဘမြိုင်သည်ကား မြသိန်း၏ စိတ်၌ မည်သူကို မည်သို့ အယူရှိနေသည့်အကြောင်းကို သိလေ၏ ။
“ ငါ သိပ်ပြီး အံ့သြတာပဲ ။ ငါ့ကို မုန်းတဲ့ရန်သူလည်း ဘယ်မှာမှ မရှိဘူး ။ ဘယ်သူနဲ့မှ ခိုက်ရန် ဖြစ်ဖူးတာလည်း မဟုတ်ဘူး ”
“ ရန်သူဆိုတာ ဘယ်သိနိုင်မလဲ သူငယ်ချင်း ၊ မင်း အီဒင်လမ်းကို သွားတာ သိတဲ့သူ သိမှာပဲ ။ သိကြတဲ့ အထဲမှာ ဟိုကောင်မလေးကို တိတ်တဆိတ် ကြိုက်နေတာ ရှိချင်ရှိမှာပဲ ”
မြသိန်းသည် ဘမြိုင်၏ မျက်နှာကို လျင်မြန်စွာ ကြည့်လေ၏ ။ ဘမြိုင်သည်ကား အခြားကို ငေး၍ နေလေ၏ ။
“ ငါ အခုလို ဖြစ်တာ သူတို့ မသိကြသေးဘူး ထင်တယ် ၊ မင်းတို့ အီဒင်လမ်းကို မရောက်ဘူးလား ”
“ ရောက်တယ် ၊ သူတို့ မရှိကြတော့ဘူး ။ ကျောက်မြောင်းဘက်ကို ပြောင်းသွားကြပြီ ”
“ ဟင် … ဘာဖြစ်လို့လဲ ၊ ကျောက်မြောင်း ဘယ်နေရာမှာလဲ ”
“ အိမ်လခ မပေးနိုင်လို့ ပြောသံကြားတာပဲ ။ ကျောက်မြောင်း သူတို့ နေတဲ့နေရာကိုတော့ ငါတို့ ရောက်သွားတယ် ”
“ နို့ ပြောမပြဘူးလား ”
“ ပြောလို့ ဘာအကျိုးလဲ သူငယ်ချင်း ။ မင်းက ဒီကောင်မကလေးကို တကယ် ယူမယ် ကြံနေသလား ။ မင်း မယူရဘူး ၊ စိတ်သာချပါ ”
မြသိန်းသည် ဒေါသဖြင့် တောက်လျှံသော မျက်လုံးများဖြင့် ဘမြိုင်ကို ကြည့်လေ၏ ။ ထို့နောက် နှုတ်ခမ်းတွေ လက်တွေ တုန်လှုပ်လျက် “ မင်း ဘာစကားကို ပြောတာလဲ ။ မင်း ငါ့ဆီ လာမတွေ့နဲ့တော့ ၊ မင်း ကောင်းတဲ့ အကောင်မဟုတ်ဘူး ။ တကယ်ဆိုရင် သူတို့မှာ အိမ်လခ မရှိ ။ အင်မတန် ကျပ်နေရင် ငါ့မျက်နှာကို ထောက်ပြီး သူတို့ကို ကြည့်ရှုလို့ မင်းတို့ ငွေကို ငါ ပြန်မပေးဘဲ နေမှာလား ။ ဟိုအကောင်လည်း မကောင်းဘူး ။ မင်းတို့ နှစ်ယောက် ငါ့ရန်သူတွေပဲ ။ မင်းတို့ မျက်နှာကို ငါ မကြည့်ချင်ဘူး ။ အခု ဆင်းသွား ” ဟု ကြိမ်းလေ၏ ။
မြသိန်း သည် ကျန်းမာချေက ဘမြိုင်ကို ထိုးကြိတ်ကန်ကြောက်၍ ပစ်မည် အမှန် ဖြစ်လေ၏ ။ သို့ဖြစ်၍ ဒေါသကို မနည်း ချုပ်တည်း၍ ထားရလေ၏ ။
ဘမြိုင်သည်ကား အပြုံး မပျက်ချေ ။ ထိုအခိုက်တွင် လှပသော မိန်းမပျိုတစ်ယောက်သည် ခုတင် အနီး၌ ရပ်လာလေ၏ ။ မြသိန်းသည် အံ့အားသင့်၍ နေလေ၏ ။
“ ဘယ့်နှယ်လဲ ကိုသိန်း ၊ ရှင့်သူငယ်ချင်း ကိုသစ် ထံက စာရလို့ ကျွန်မ လိုက်လာခဲ့တယ် ။ အခု ဘယ့်နှယ်နေ သလဲ ” ဟု ပြောကာ ခုတင်ပေါ်၌ ထိုင်လေ၏ ။
မြသိန်းသည် မနု၏ မျက်နှာကို စိုက်ကာ ကြည့်၍သာ နေလေ၏ ။ ထို့နောက်မှ “ အင်မတန် ကျေးဇူးတင်တယ် နုနုရယ် ၊ ငါ့ကို မင်း ဒီလောက် ဂရုစိုက်မှန်း မသိဘူး ”
“ ရှင်က တလွဲ ထင်တာကိုး ။ ဖေဖေက ရှင်တို့ သောက်တာ စားတာကို သဘော မကျလို့ စာပေးစာယူတောင် မလုပ်ရဘူးလို့ ကျွန်မကို ပြောထားတယ် ။ နို့ပေမဲ့ ကျွန်မက မရေးဘဲ မနေနိုင်ဘူး ။ ရေးပေမဲ့ အင်မတန် သတိထားရတယ် ။ အခုတော့ ရှင်ဖြစ်ပျက်တဲ့ အကြောင်းကို ကြားတော့ ဘယ်လိုပဲ ဖြစ်ဖြစ်လို့ အောက်မေ့ပြီး ဖေဖေ့ စကားကို နားမယောင်ဘဲ လိုက်လာခဲ့တယ် ။ ကျွန်မ ကြား ရပါတယ် ။ ရှင့်အကြောင်းတွေကို ရှင့်သူငယ်ချင်းက ပြောပြပါလိမ့်မယ် ”
“ ဘာလဲ နုနုရယ် ၊ ငါ့အတွက် စိတ်ပူလို့ လာတာလား ။ ရန်တွေ့ ချင်လို့ လာတာလား ။ မင်းတို့ တစ်မျိုးလုံးက ငါတစ်ခါတလေ နည်းနည်းကလေး သောက်တတ်တဲ့ အတွက် ငါ့ကို ပစ်ပစ်ခါခါ လုပ်ထားတယ် ။ မင်းတို့က အမျိုးမြတ်မျိုး ။ ဘုရားနဲ့ တရားနဲ့ လူစုတွေပါ နုနုရယ် ။ တို့ကတော့ မင်းတို့ တစ်တွေလို သူတော် ကောင်းတွေ မဟုတ်ဘူး ။ နည်းနည်းပါးပါးတော့ အပေါင်းအသင်းနဲ့တွေ့တဲ့အခါ သောက်မိတာပဲ ။ ဘယ်သူ့ကိုမှတော့ မတရား မလုပ်ဘူး ။ ငါမှ သူတော်ကောင်း ၊ တခြားလူတွေ ငါ့လောက် သူတော်မကောင်းဘူး ဆိုတဲ့ စိတ်မျိုးလည်း မထားဘူး ။ မင်း ဖေဖေကတော့ အသောက်အစား မရှိ ။ ကျယ်ကျယ် ဘုရားရှိခိုးရင် လူကောင်းလို့ အယူရှိတာကလား ။ ဒီတော့ ငါတို့လို လူမျိုးနဲ့ တွေ့ရရင် တစ်သက်လုံး စိတ်ဆင်းရဲမှာပဲ ။ သည်အတွက် မင်းကို တမင်သက်သက် မတွေ့တော့ပါဘူး ဆိုပြီး စိတ်ကို ဖြတ်ထားရတာပါ ” ဟုပြောလေ၏ ။
နုနုသည် မျက်ကွင်းများ နီလျက် “ ကျွန်မကတော့ ရှင့်ကို မဖြတ်နိုင်ဘူး ။ တစ်ယောက်ဆို တစ်ယောက်ပဲ ” ဟု မျက်ရည်သုတ်ကာ ပြောလေ၏ ။
ဘမြိုင် ။ ။ “ ကျွန်တော် ပြောပြမယ် ။ မနု … မနု အကြောင်းကိုတော့ သူ ခဏခဏ ပြောတာပဲ ။ ဟို ကောင်မလေးနဲ့တွေ့ပြီးမှ အပြော ရပ်တော့တာပဲ ။ ဒီတော့ ကျွန်တော်နဲ့ ကိုသစ်နဲ့ သိသမျှကို ချက်ချင်း ပြောပြရမှာ အခက် ဖြစ်နေတာပေါ့ ။ သူက အင်မတန် စွဲနေတာလားခင်ဗျာ့ ။ မပြောဘဲ နေရင်လည်း တကယ် ဖြစ်သွား မှာ စိုးရသည့်အတွက် တနင်္ဂနွေ တစ်ပတ် နှစ်ပတ်လောက် တစ်ယောက်ကို တစ်ယောက် မတွေ့ဘဲ နေရရင် သူ့စိတ်ထဲမှာလည်း ပြတ်သွားမှာပဲ ။ ကျွန်တော်တို့လည်း စိတ်ချလက်ချ ကောင်မကလေးအကြောင်း စုံစမ်းခွင့်ရမှာပဲလို့ သဘောထားပြီး ကြံခဲ့ရတာပါ ။ ကျွန်တော်က လူရိုက်ဖူးတာ မဟုတ်တော့ လက်မှန်းချိန်သား မရသည့် အတွက် ဒဏ်ရာ ပြင်းသွားတယ် ။ တနင်္ဂနွေနှစ်ပတ်လောက် ဆေးရုံမှာ နေရရုံ ဒဏ်ရာမျိုးကို မှန်းလိုက်တာပါ ။ အခုတော့ လက်လွန်သွားတယ် ။ ရှင်မှ ရှင်ပါဦးမလား ဆိုတာ စိတ်ပူလိုက်ရတာလည်း မနည်းပဲ ”
မြသိန်းသည် အံ့အားသင့်လျက် မျက်လုံးပြူးကာ ဘမြိုင်ကို ကြည့်၍ နေလေ၏ ။ ဘမြိုင် သည်ကား နုနု ကို သာ ကြည့်လျက် စကား ဆက်ကာ
“ သူ့အဒေါ်က ဝန်ထောက်ကတော်လေး ဘာလေး ဆိုတာ အလကား ၊ ခေါင်ကြားမကြီး အစစ်ခင်ဗျာ့ ။ ကိုသစ် ကိုယ်တိုင် သွားကြည့်ပါတယ် ။ ကျွန်တော့် နှမကို မရိုသေလို့ ပြောတာလည်း မဟုတ်ပါဘူး ။ ငွေ ၅၀ ကျပ် ကုန်ပါတယ် ။ ကောင်မလေးကိုတော့ သနားလို့ ပယ်လိုက်တယ် ။ ငြင်းတော့ ဘယ်လူကမှ မငြင်းပါဘူး ။ သူငယ်ချင်းက တကယ် အကောင်းထင်ပြီး ချစ်နေတဲ့ ဟာကလေး ဖြစ်လေတော့ သဘောမထားရက်နိုင်ပါဘူးလို့ ကိုသစ် စိတ်မှာ ဆင်ခြင်ပြီး ... ”
မြသိန်း ။ ။ နို့ .. ဘယ်သူနဲ့ ဖြစ်သလဲ ။
ဘမြိုင် ။ ။ အကြီးမပေါ့ ။ လှတော့ နှစ်ယောက်စလုံး လှကျတာပဲ ။ အဲဒါ ကျုပ်တို့ လက်တွေ့ စုံစမ်းသိရတာပဲ ။ စိတ်မကျေနပ်သေးရင်လဲ ဟု ပြောပြီး ဆေးပြင်းလိပ်ကို ဖွာရင်း ခုတင်အနီး၌ ဦးခေါင်းစိုက်ချကာ လမ်းလျှောက်၍ နေလေ၏ ။
မြသိန်း နှင့် နုနုသည် တစ်ယောက်ကို တစ်ယောက် ကြည့်၍ နေကြလေ၏ ။ နုနုက “ ဟင် ” ဟု နှုတ်မှ အသံထွက်ပြီး ပြုံးလျက် အံ့သြခြင်း၏ အမှတ်ဖြင့် မြသိန်း၏ မျက်နှာကို ကြည့်ရင်း ခေါင်းညိတ်လေ၏ ။ မြသိန်း ကလည်း မျက်နှာပျက်လျက် ရှက်ပြုံးပြုံးပြီးလျှင် နုနု၏ လက်တစ်ဖက်ကို ကိုင်ဆုပ်၍ ထားလေ၏ ။
ဘမြိုင်ကလည်း “ ကိုင်း ... သူငယ်ချင်း အလင်း ရလောက်ပြီ ။ ငါလည်း သွားဦးမယ် ။ မသေပါဘူး သူငယ်ချင်း စိတ်ချပါ ” ဟု ပြောကာ ရယ်မောလျက် နုနု ကို နှုတ်ဆက်ပြီး ထွက်၍သွားလေ၏ ။
“ နုနု မင်းအဖေ စိတ်ဆိုးမှာကို တကယ် ခံဝံ့ပါ့မလား ”
“ စိတ်ဆိုးရုံမက အမွေပါ ဖြတ်ပစ် ကိစ္စမရှိပါဘူး ။ သိပ်ပြီး အယူသီးတာတော့ ဘုရားသံ ၊ တရားသံနဲ့ လာလာ စကားပြောတဲ့ ဘုန်းကြီး လူထွက် တစ်ယောက်ကိုတော့ဖြင့် သိပ်အထင်ကြီးနေတာပဲ ။ ကြာကြာနေရင် ကျွန်မကို ဒီဘုန်းကြီးလူထွက်နဲ့ ပေးစားမှာ ”
“ ဒီလိုဖြင့် မင်း ပြန်ဖို့ မလိုတော့ပါဘူး ”
“ ကျွန်မ ညီမ ကျောင်းဆရာမကလေး ရှိပါတယ် ။ သူနဲ့ အတူတူ နေမှာပေါ့ ရှင် မာမှ … ”
“ မာရင် ”
“ ဒါတော့ … ”
“ ဒါတော့ ဘာဖြစ်သလဲ ”
“ ဘာဖြစ်ဖြစ် ” ဟု နုနုက နီမြန်းသော မျက်နှာနှင့် ပြောလေ၏ ။
အချစ်ဖြင့် ပြည့်ဝထက်သန်သော မျက်လုံးလေးလုံးတို့၏ အရှိန်သည် ဓားသိုင်းကစားသလို အချစ်သိုင်း ရိုက်၍ နေကြလေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၃၁
No comments:
Post a Comment