❝ အကာထဲက အလွှာ ❞
( ဇွဲဆုပန် - ဆားလင်းကြီး )
မနက်လင်းပြီ ဆိုတာနဲ့ ဘယ်နေရာကို သွားရမယ် ဆိုတာ မသိသေးဘူး ။ မနေ့ညနေက သူများအိမ်က အပြည့် ဆွဲထားတဲ့ ရေအိုးထဲမှာ ရေက တစ်ဝက်ကျိုးနေပြီ ။ သတ္တုချိုင့်ဆင့် တစ်ခုကို ခွက်အဖြစ် သုံးထားတာမို့ ချိုင့်ခွက်ကလည်း အောက်က ပေါက်နေပြီ ။ အဲဒီ ခွက်နဲ့ပဲ ပါသလောက် ရေလေးနဲ့ မျက်နှာကို ကစုန်းကမွှား သစ်ပစ်လိုက်တယ် ။ ပြီးမှ ဆားအိတ်ထဲ လက်ညှိုးကို တံတွေးဆွတ်ပြီး ပါးစောင် အထက်အောက် နှစ်ဖက်လုံး လေးငါးချက်စီ ပွတ်ပြီး သွားတိုက်လိုက်တယ် ။ အာလုတ် နှစ်ချက် ၊ သုံးချက်လောက် ကျင်းပြီး မျက်နှာကို အင်္ကျီအောက်စနဲ့ပဲ လှန်သုတ်ပစ်လိုက်တယ် ။ ဒီအချိန်အထိ ကဲစိန်မက မထသေးဘူး ။ ကျုပ်က အကြီးမို့ ညီမလေး နိုးတာနဲ့ အရန်သင့် ဖြစ်အောင် တုတ်ချွန်နဲ့ အိတ်ပါ ပြင်ထားရတယ် ။
“ ညီမလေး ထတော့ ၊ နောက်ကျလိမ့်မယ် ၊ တော်ကြာ အမှိုက်သိမ်းကား လာရင် ငါတို့ မရဘဲ နေလိမ့် မယ် ”
ပြောရင်းနဲ့ ခြေထောက်ကို လှမ်းဆွဲနှိုးတော့ အိပ်မှုန်စုံမွှား ဗိုက်လှန် ကုတ်ရင်း ထလာတယ် ။ အဲလိုမှ မဆွဲရင် ထမှာ မဟုတ်တော့ဘူး ။ ဒါတောင် ဆံပင်စုတ်ဖွားကို တဗျင်းဗျင်း ကုတ်ရင်း ထိုင်ချင် ထိုင်နေတတ်သေးတာ ။ အရင်တုန်းကဆို အမေက အရင် နိုးပြီး ပြင်ဆင်ပေးထားပေမဲ့ အခု ကလေးမွေးပြီးစ ဆိုတော့ ဘာမှ လုပ်မပေးနိုင်ဘူး ။ လာလိမ့်ဦးမယ် ၊ ကျုပ်တို့လို ဘဝတူ တစ်ယောက်တော့ ထပ်တိုးလာဦးမှာ ။ အမေ့ကို ထပ်မမွေးနဲ့တော့လို့ ပြောပြန်တော့လည်း ခေါင်းသာ ပူအောင် အခေါက်ခံရတယ် ။
“ ငါက ဘယ်က ပိုက်ဆံရှိလို့ တားရမှာလဲ ။ နင် ကိုယ့်နေရာ ကိုယ်နေ ငပွေးရဲ့ ”
အဲဒီလိုနဲ့ပဲ ကျုပ် အောက်မှာ သုံးယောက် ထပ်မွေးတယ် ။ အဖေ ကလည်း ဘယ် အလုပ်မှ လက်ကြောတင်း အောင် လုပ်တာ မဟုတ်ဘူး ။ သူ လုပ်လို့ ရတဲ့ငွေ ကလည်း သူ သောက်တာနဲ့ပဲ ကုန်ရော ။ ဘာမှ မကျွေးနိုင်ဘဲနဲ့ တစ်ယောက်ပြီး တစ်ယောက်တော့ မွေးထားတယ် ။
ကျုပ်လို အရွယ်တွေ ကျောင်းတက်နေချိန်မှာ ကျုပ်က ကိုယ့်ဝမ်းစာ ကိုယ်ရှာ စားနေရပြီ ။ ငှက်တွေတောင်မှ သူတို့ မွေးထားတဲ့ သားသမီးကို အစာရှာ ကျွေးလို့ ၊ အချိန်တန်တော့ အပျံသင်လို့ လွတ်ပြီ ဆိုမှ နောက်တစ်ကောင်ကို ထပ်မွေးတယ် ။ ဟုတ်ပေါင် ကျုပ်အဖေနဲ့ အမေကတော့ကလေးတွေက တစ်ယောက်ပြီး တစ်ယောက် မွေးတယ် ။ အပျံလည်း သင်မပေးဘူး ၊ အစာလည်း ဝလင်အောင် ရှာမကျွေးခဲ့ဖူးဘူး ။
အခု အလုပ်ကလေး တောင်မှ ဟိုဘက် ဘဲအင်းအစွန်က ငတောက်က ပြောပြ သင်ပြလို့ လုပ်တတ်တာ ။ မနက်စာကို မနေ့က နှစ်ရာ ချန်ထားပြီး အမေ့ကို အကုန် အပ်လိုက်တာလေ ။ ဒီနှစ်ရာက ဘယ်တော့မှ ပြန်မရမယ့် ၊ ဘယ်တော့မှ အပ်လိုက်တိုင်း ပြန်မထွက်လာတော့မယ့် အမေ့ ချွေးခံအင်္ကျီထဲ မထည့်ခင် မသိအောင် ချန်ထားရတာ ။
ပြောပြန်ရင်လည်း နင်တို့ ထမင်းစားဖို့လေလို့ မပြောဘူး ၊ နင်တို့ မျိုဖို့ ၊ ဆို့ဖို့လေလို့ သံကုန်ဟစ်ဦးမှာ ။
ညီမလေးလည်း အဆင်သင့်ဖြစ်ပြီမို့ သူလည်း သူ့ တာဝန်နဲ့ သူ ထမ်းရရှာတယ် ။ မောင်နှမ နှစ်ယောက် ထွက်ခဲ့ကြတယ် ။
ဈေးတန်းထဲ ရောက်အောင် အရင် ပြေးပြီး ကောက်ညှင်းပေါင်း တစ်ယောက် တစ်ထုပ် ဝယ်ပြီး စားလိုက်တယ် ။ ဗိုက်ထဲ အစာ ထည့်လိုက်မှ နေသာထိုင်သာ ရှိသွားတယ် ။ ရေလည်း သောက် ၊ အစာလည်း စားပြီးပြီ ဆိုတော့ အလုပ်ကို စတင်ကြတော့တယ် ။
သူများ စွန့်ထားတဲ့ အမှိုက်ပုံးတွေမှာ ပလတ်စတစ်အိတ်အခွံတွေ ၊ ပုံးစုတ်တွေ ၊ ဂျပ်စက္ကူတွေ ၊ ဒန်သတ္တုတွေ ၊ သံတိုသံစတွေ လိုက်ကောက်ရတာ ။ တစ်ခါတလေ တစ်မြို့လုံး နှံ့မှ ငါးရာ ခြောက်ရာရတာ ။ ကိုယ်လို လူတွေက ရှိသေးတာ ဆိုတော့ ဦးအောင် ပြေးရတာလည်း ရှိတယ် ။ ခွေးလိုက်လို့ ပြေးရတာလည်း ရှိတယ် ။ လွယ်တော့ မလွယ်ပါဘူး ။
ညီမလေးကို သယ်ရပေါ့တဲ့ ပလတ်စတစ် ၊ စက္ကူ အဲလိုဟာတွေကိုပဲ သယ်ခိုင်းရ တယ် ။ လေးတဲ့ သံတိုသံစ တွေကျ ကိုယ်က သယ်ရ တယ် ။ ပြီးရင် ဈေးလမ်း ကြားထဲက အရီးမော်ကြည့် ဆီ သွားပြီး ရောင်းရတာ ။
အရီးမော်ကြည့် ဆီ ရောင်းရတာက တန်တယ် ။ သူက စာရင်းမှတ်ရုံပဲ မှတ်တာ ၊ ကတ္တား ချိန်တာက အစ ကိုယ့်လက်နဲ့ ကိုယ့်ခြေ ။ ပစ္စည်းတွေလည်း ကိုယ်တိုင်ပဲ ရွေးပြီး ပုံပေးရတာ ။ လုပ်တတ်ရင် လွှတ်ထားပေးတာ ဆိုတော့ အဆင်ပြေတယ် ။
တစ်နေ့ကို သုံးခေါလောက် ထွက်နိုင်ရင်တော့ ကိုက်ပါတယ် ။ မောင်နှမ နှစ်ယောက်ပေါင်း နှစ်ထောင် ၊ သုံးထောင် ရတဲ့ အခါလည်း ရှိတာပေါ့ ။ ငတောက်က ကျူပ်ထက် လျင်တယ် ။ သူက ကျုပ်ထက် လုပ်လာတာ ကြာပြီ ဆိုတော့ လစ်ရင် လစ်သလိုက လုပ်တတ်သေးတာ ။ အရီးမော်ကြည်က ငတောက် ဆိုရင် ကိုယ်တိုင် ထမချိန် ပေးရင်တောင် သေချာကြည့်နေတာ ။ ဒီကောင်က အလေး စီးအောင် လုပ်တတ်လို့လေ ။
ဒီနေ့တော့ ဟင်းကောင် စားရဖို့ အကြောင်းက ဖန်လာတယ် ။ ရှားရှားပါးပါးပါပဲ ၊ ဒီလို အခွင့်အရေးက ရခဲတယ် ။ ဘယ်ကားပေါ် ကျခဲ့တယ် မသိဘူး ၊ သံတုံးကြီး တစ်ခုက ရလိုက်သေးတယ် ။ သံတုံးကြီးကို မြင်မြင်ချင်း မကောက်ရဲသေးဘူး ။ ဘေးကို ကြည့်တော့ လူရှင်းနေတာမို့ ကြာကြာ မစောင့်တော့ဘဲ ကောက်ခဲ့လိုက်တော့တယ် ။
ပိုက်ဆံလေး လိပ်ပြီး ဘောင်းဘီအိတ်ထဲ ထည့်တော့ ညီမလေးက “ အစ်ကို ငါ ရေခဲသုပ် စားချင်တာ ” တဲ့ ။ သူ လက်ထဲမှာ နှစ်ရာ ရှိလျက်သားနဲ့ ကျုပ်ဆီက ပိုက်ဆံကို မြင်တော့ သူကလည်း ဝေစု လိုချင်သေးတာ ။
“ ရုပ်ရှင်ရုံနားက တစ်ပွဲ တစ်ရာ ပေးရတာ ၊ အဲဒီမှာ ဝယ်စားရင် နှစ်ပွဲတောင် စား ဦးမှာ ” ဆိုတော့ မဟုတ်ဘူး ။ မချိုသက် ရောင်းတဲ့ ရေခဲသုပ် မှ စားချင်တာတဲ့လေ ။ ဟုတ်တော့ ဟုတ်ပါတယ် ။ မချိုသက် ရေခဲသုပ်က ပိုပြီး စားကောင်းတာကိုး ။ သူက အစုံ ပါတယ် ။ ကျောက်ကျောတွေ ပါတယ် ။ အရောင်စုံ သုံးလေးမျိုး လုပ်ပေးထားတာ ။ ငှက်ပျောသီး ၊ စပျစ်သီး ၊ သခွားမွှေးသီးကအစ အကုန် ထည့်ပေးတယ် ။ ကျုပ်က တော့ အရင်က တစ်ခါ စားဖူးပါတယ် ။ ညီမလေးကိုတော့ စားဖူးအောင် ကျွေးချင်တာပါ ။ ဒါပေမဲ့ ဟင်းကောင်းလေးက စားချင်သေးတာ ဆိုတော့ အမေ့ကိုလည်း နေ့တွက်ကိုက် အပ်ချင်သေးတာရောမို့ အမျိုးမျိုး စဉ်းစားရသေးတာလေ ။
နောက်ဆုံးတော့ တစ်ရာ က ပါသွားသေးတာ ။ သူ စားနေရပြီး ကျုပ်က ဘေးမှာ ကြည့်နေတော့ “ အစ်ကို နင်က တစ်ရာ စိုက်ထားတာဆိုတော့ စားဦးလေ ” တဲ့ ။ တစ် စွန်းနှစ်စွန်းတော့ စားလိုက် သေးတယ် ။ သုံးရာတော့ တန်ပါတယ် ။ ညီမလေးက သူ စားချင်တာကို စားရတော့ မျက်နှာမှာ တပြုံးပြုံးနဲ့ ။
အမေ့ကို ပိုက်ဆံအပ်တော့ အမေက “ ဒီနေ့ နှစ်ရာ လောက် လျော့တယ်နော် ” တဲ့ ။ ဘာဝယ်စားသေးလဲ ၊ ဘာလဲလို့ ထပ်မေး နေသေးတယ် ။ ဘာရမလဲ ။ ကျုပ်ကလည်း ကျုပ်တို့လို ကောက်တဲ့ လူတွေက များတော့ ပစ္စည်း ရှားတာရော ၊ ဈေးနည်းတာရော စုံအောင် လျှောက်ပြောလိုက်တယ် ။ အမေက ကျုပ်တို့ကိုသာ နိုင်တာပါ ။ အဖေ အရက်ဖိုး တောင်းရင် နှစ်ရာ ဆိုလည်း ဖတ်ခနဲ ။ ငါးရာ ဆိုလည်း ဖတ်ခနဲ ။ ပြန်မပြောနိုင်ဘူး ။ ပေးလိုက်ရတာ ။ ပုံမှန်တော့လည်း ဘယ်အပ်နိုင်တော့ မှာလဲ ။ ငွေပုံမှန် ရအောင် ကျုပ်တို့က ပုံမှန်ငွေရတဲ့ သူတွေမှ မဟုတ်တာ ။
မောင်နှမ နှစ်ယောက် ရေချိုးတော့ အခါတိုင်းလို မဟုတ်ဘူး ။ အခါတိုင်းထက် ပျော်နေတယ် ။ ညီမလေးက ပိုပျော်နေတာ ။ ရေတောင် အကြာကြီး ချိုးနေလို့ မနည်း အော်လွှတ်ရတယ် ။ တော်တော်ကြာ နေမကောင်း ဖြစ်ရင် မလွယ်ဘူး ။
ရေချိုးရင်း အဝတ်က နှစ်ထည်သုံးထည်လောက် လျှော်ပေးရသေးတာ ။ အမေလည်း မီးထွက်ပြီ ဆိုတော့ ကျုပ်တို့ အတွက် နည်းနည်းတော့ တာဝန် ပေါ့သွားပါပြီ ။ ထမင်း မချက်ရတော့ဘူး ။ အရင် ရက်တွေက အပြင်က ပြန်လာရင် မောမောနဲ့ ထမင်း ချက်ရသေးတာ ။ ခုတော့ ရေချိုးပြီးရင် ခဏကလေး ထိန်းပေးပြီး ထမင်းစားရတော့မှာ ။
အမေ့ဟင်းက ဒီညလည်း ချဉ်ရည်ဟင်းနဲ့ ချင်း ငရုတ်သီးထောင်းပဲ နေဦးမှာ ။ ငရုတ်ဆုံသံ တဒုန်းဒုန်းက ကြားနေရတာ ။ ငရုတ်သီး မ ထောင်းမိဘဲ ဆုံနဲ့ ကျည်ပွေ့ ရန်ဖြစ်နေတဲ့ အတိုင်း ဆုံသံပဲ ကြားနေရတယ် ။
ဒီနေ့ည ကိုရီးယားကား က သွားကြည့်ချင်သေးတာ ။ အရင် တီဗွီမှာ လာတုန်းက ဂျူမုံ ကားကို အစအဆုံး အကုန် မကြည့်လိုက်ရဘူး ။ အခုတော့ ခွေထိုးတာ ဆိုတော့ အကုန် ကြည့်ရမှာလေ ။
တီဗွီ ရှိတဲ့ အိမ်က သိပ်တော့ မဝေးပါဘူး ။ သူတို့ကိုလည်း ဖားထားရသေးတာ ။ ဟိုရောက်ရင် မမကြီးကို ရေခပ်ပေးရ ၊ ထမင်းပန်းကန်တွေ ဆေးပေးရသေးတာ ။ အဲဒါပြီးမှ ခွေက ဖွင့်ပေးတာ ။ မမကြီးကလည်း ဇာတ်ကားကို တော်တော်လေး စွဲနေတာလေ ။ ရေသောက်ချင်တာတောင်မှ ကိုယ်တိုင် ထ သောက်တာ မဟုတ်ဘူး ။ ခပ်တိုက်ရတယ် ။ ရေသောက်ရင်းတောင် လွတ်မှာ စိုးလို့ ခွေကို ရပ်ထားပြီးမှ သောက်တာလေ ။
မနက်က အိပ်ရာနိုးတော့ အမေ့အရိုက် ခံလိုက်ရတယ် ။ ဘာကြောင့် ရိုက်မှန်း မသိဘူး ။ ညီမလေးကတောင် ခေါင်းထောင် ကြည့်ပြီး ပြန်အိပ်သွားတယ် ။ အသံကို ခုနစ်သံတင်ပြီး အရုဏ်တက်ကို ဖွင့်ပေးလိုက်တယ် ။ ကျုပ်ကလည်း ကျုပ်ပါပဲ ။ အသားဟင်းလေး စားရမ လားလို့ ဘယ်က ကျခဲ့မှန်း မသိတဲ့ သံတုံးလေးကို ရောင်းပြီး ပိုက်ဆံကို ယူထားလိုက်တာ ။ ဖြစ်ချင်တော့ ရေချိုးရင်း ဘောင်းဘီအိတ်ထဲမှာ ပါသွားတယ် ။
အမေ အဝတ်တွေ ရုပ်ရင်း ကျုပ် ဘောင်းဘီ အိတ်ကပ်ထဲက ပိုက်ဆံ တွေ့သွား တယ် ။ ဘယ်လိုမှ ပြောလို့ မရတဲ့အဆုံး အရိုက်ပဲ ငြိမ်ခံနေလိုက်ရတယ် ။ အမေထောင်ပြတဲ့ ပိုက်ဆံ တစ်ထောင်တန်လေးက နွမ်းကြေနေတယ် ။ တစ်အိမ်လုံး ငိုသံတွေနဲ့ ပွက်လောရိုက်လို့ ။ အဖေကတော့ ကောင်းချီး ပေးပါတယ် ။ “ ကောင်းတယ် ၊ ကောင်းတယ် ” ဆိုပြီး ခေါင်းတညိတ်ညိတ် လုပ်နေလေရဲ့ ။ မနေ့ညနေက အရှိန်မသေသေးဘူး ။
မောင်နှမ နှစ်ယောက် အိမ်က ထွက်ခဲ့တော့ ညီမလေးက ရှိုက်တုန်းပဲ ရှိသေးတာ ။ ဒီနေ့တော့ မနက်စာ ငတ်ပြီ ။ အသားလေး စားရမလားလို့ ပိုက်ဆံ လစ်ထားပါတယ် ။ ကျုပ် အသုံးမကျမှုကြောင့် အရိုက်ခံရတယ် ။ မနက်စာ ငတ်တယ် ။
“ အစ်ကို ငါ နေမကောင်းဘူးဟာ ၊ ငါ မလိုက်ချင်တော့ဘူး ဒီနေ့ ”
အိမ်က ထွက်မှ ညီမလေးက မလိုက်ချင်ဘူးလို့ ကျုပ်ကို ပူဆာတယ် ။ ဘယ်ဖြစ်မလဲ ။ တော်ကြာ အရိုက်က ထပ်ခံနေရဦးမှာ ဆိုတော့ လိုက်ခဲ့တာပဲ ကောင်းပါတယ် ။ ညီမလေး မျက်နှာကို ကြည့်လိုက်တော့ နီရဲနေတယ် ။ အဖျား တက်တာများလားလို့ နဖူးကို စမ်းကြည့်တော့ ပူကျက်လို့ ။ အမေ ရိုက်လို့လား ၊ ဒါမှမဟုတ် ရေချိုး မှားသွားလို့လား ။ အခုနေ အိမ်ပြန်နေခဲ့ရင်လည်း အရိုက် ခံရရုံက လွဲလို့ ဘာမှ ရမှာ မဟုတ်ဘူး ။ ဗိုက်ကလည်း ဆာနေရော့မယ် ။ ခက်တာက ကျုပ်နဲ့ မလိုက်လည်း ဘယ်မှာ နေခဲ့မှာလဲ ။
“ ညီမလေး ဗိုက်ဆာလား ၊ အရီးမော်ကြည့်ဆီ ပိုက်ဆံသွားချေးမယ် ။ ပြီးရင် ကောက်ညှင်းပေါင်း ဝယ်စားရအောင် ၊ အစားစားရင် ကောင်းသွားမှာပါ ”
အရီးမော်ကြည့်ဆီ ပိုက်ဆံချေးမယ် ဆိုတော့ ကျုပ် လက်ကို ဆွဲပြီး တားတယ် ။ ပြီးမှ သူ့ ရှင်မီးအင်္ကျီထဲက ပိုက်ဆံ နှစ်ရာ ထုတ်ပေးတယ် ။ ကြည့်စမ်း ဘယ်အချိန်က ဝှက်ထားတယ် မသိဘူး ။
မနေ့ကသာ ညီမလေးကို ပိုက်ဆံ အပ်ထားလိုက်ရင် ဒီနေ့ အသားဟင်းလေးတော့ စားရမှာ ။ အရိုက်လည်း ခံရမှာ မဟုတ်ဘူး ။ အခုတော့ ... ။
ဗိုက်ဝသွားတော့ မောင်နှမ နှစ်ယောက် လုပ်ငန်း စလိုက်တယ် ။ နတ်ချောင်းလမ်းဘက်က ဆေးဆိုင်ရှေ့မှာ ဂျပ်စက္ကူ အစုတ်တွေရော ၊ ပလတ်စတစ်ဘူးခွံတွေရော တော်တော်လေး ရလိုက်တယ် ။ ညီမလေးက နေမကောင်းဘူး ဆိုတော့ သူက ဘာမှ မကူညီနိုင်ဘူး ။ ကျုပ်ပဲ အိတ်တွေထဲက မွှေလိုက် ၊ နှောက်လိုက် ၊ ရှာလိုက် ၊ စုလိုက် လုပ်နေရတယ် ။ ပြီးတော့ အားလုံးကို သန့်ရှင်းအောင် လုပ်ပေးထားခဲ့ရသေးတာ ။ အဲလိုမှ မလုပ်ရင် နောက်ကျ သူတို့က အရှာခံမှာ မဟုတ်ဘူး ။
ဆေးဆိုင်နားက လေးငါးရာဖိုးတော့ မကလောက်ဘူး ရပါတယ် ။ အဲဒီနားမှာပဲ အသားတွေကို အတုံးတွေ ရှည်ရှည်တွေ လုပ်ပြီး နေပူလှန်းထားတာကို မြင်တော့ ညီမလေးက ကြည့်နေရှာတယ် ။ မီးကင် စားလိုက်ရလို့ ကတော့ ဘယ်လောက် ကောင်းလိုက်မလဲလို့တောင် ကျုပ်က တွေးလိုက်မိသေးတယ် ။ ကျုပ်တို့က မျက်စိနဲ့ ကြည့်ပြီး သွားရည်ကျနေရတာ ။ ကျီးတစ်အုပ်ကတော့ ကုက္ကိုပင် ပေါ်ကနေ အသံတွေ ပေးနေလေရဲ့ ။ အလစ်ချောင်းနေကြတာ နေမှာပါ ။
“ အစ်ကို နောက်တစ်ခါ ပိုက်ဆံကို အမေ့ အကုန် မအပ်နဲ့နော် ၊ ငတောက် ပြောတဲ့ ထမင်းဆိုင်မှာ တစ်ပွဲ ငါးရာနဲ့ အသားဟင်းပါ စားလို့ရတယ်တဲ့ ၊ အဲဒီမှာ သွားစားရအောင်လေ ” တဲ့ ။ ညီမလေးက မနေ့က အစီအစဉ် မအောင်မြင်တော့ အစီအစဉ်တစ်မျိုး ဆွဲပြန်တယ် ။ ညီမလေးလည်း သနားပါတယ် ။ ကျုပ်ကြောင့် သူပါ အရိုက်ခံလိုက်ရတယ် ။
ကျုပ်ကတော့ တစ်အိမ်လုံး စားရအောင်လို့ လုပ်တာပါ ။ မလိမ့်တပတ် ဆိုပေမဲ့ ကျုပ် အသုံးမကျတာနဲ့ဘဲ အရိုက်ခံ အဖတ်တင်တယ် ။
“ အစ်ကို တကယ်ဆို ငါတို့ အိမ်ပြန်ရင် ကြက်ရိုးတော့ ကောင်းကောင်း စုတ်ရမှာဟ ”
ညီမလေး ပြောတာကို နားထောင်နေရင်း အမှိုက်ရှာကြည့်နေတုန်းမှာပဲ အသံဆူညံဆူညံကို ကြားလိုက်ရတယ် ။ ကြည့်လိုက်တော့ ကျီးက အလစ်သုတ်သွားတာ နေမှာ ။ ကျီးတွေကိုလည်း လိုက်ခြောလှန့်နေတာကို တွေ့လိုက်ရတယ် ။ ပိုင်ရှင်က ဘယ်လောက် အော်အော် ကျီးက တစ်ဟုန်ထိုး ပျံသွားတယ် ။ သူ့နောက်က သုံးလေးကောင်က တအအ မြည်ပြီး လိုက်သွားတယ် ။ ကျုပ်တောင် အသံ မြည်လိုက်ရင် အသားတုံး ကျလာမှာပဲလို့ မျှော်လင့်ရင်း ကြည့်နေမိတယ် ။ ညီမလေးကို ကြည့်လိုက်တော့ ကျုပ်လိုပဲ တွေးနေမလားဘဲ ။ ခေါင်းလေး မော့လို့ လိုက်ကြည့်နေတယ် ။
နေ့လယ်စာ ပြန်စားတော့ ပိုက်ဆံက နေ့တွက် ကိုက်ဖို့ တစ်ဝက်တောင် မကျိုးသေးဘူး ။ မုန်ညှင်းဖူးပေါင်း နဲ့ ၊ အချဉ်ဟင်းနဲ့ ထမင်းကို နှစ်ပန်းကန်လောက် စားပစ်လိုက်တယ် ။ ညီမလေး ကတော့ ထမင်း မစားတော့ဘဲ ရောက်ကတည်းက အိပ်ရာ ထဲကို ဝင်အိပ်နေတော့တယ် ။
“ ကဲစိန်မ ၊ ဘာဖြစ်တာတုံး ၊ ထမင်း မစားတော့ဘူးလား ။ သေပန်း ပွင့်တော့ မလို့လား ”
အမေ့အသံ စူးစူးက ဟိန်းထွက်လာတယ် ။ တော်ကြာ လက်က ပါနေမှာစိုးလို့ ညီမလေး ဖျားနေတဲ့ အကြောင်း ဝင်ပြောလိုက်ရတယ် ။
ညီမလေးခမျာ အသက်နဲ့ လူနဲ့ မလိုက် လုပ်နေရတာ ။ သူ စားချင်တဲ့ အသားကလည်း မစားရ ။ အခုတော့ နေမကောင်းလို့ အိပ်တာတောင်မှ မလွယ်ခန်း ။
“ နင်တို့ ရတဲ့ ငွေလေးနဲ့ ဘာမှ စားလောက်တာ မဟုတ်ဘူး ။ အေး သေလို့ကတော့ ဖျာနဲ့ လိပ်ပြီး မြေဖို့လိုက်မှာ ၊ ဘုန်းကြီးပင့်လိမ့်မယ် မထင်နဲ့ ” ဆိုပြီး အဖေက ဝင်မှောင့်လိုက်သးတယ် ။
သူတို့ မွေးထားတာ မဟုတ်တဲ့ အတိုင်းပဲ ။
ထမင်းကို ကတိုက်ကရိုက် စားပြီး တစ်ခေါက် ပြန်ထွက်ခဲ့တယ် ။ လက်တောင် မသုတ်ခဲ့ဘူး ထင်ရဲ့ ။
နေ့လယ်ပိုင်းမှာ အိမ်တစ်အိမ်ရှေ့ ရောက်တော့ အမှိုက်တွေ ရှင်းနေတာနဲ့ ကြုံတယ် ။ အဲဒီမှာ ကူပြီး ရှင်းပေးတယ် ။ အခါတိုင်းတော့ သူတို့ လွှင့်ပစ်ပြီးမှ ကောက်တာ ။ ဒီခါ ကူရှင်းပေးတော့ ရောင်းလို့ရတာတွေလည်းရ ၊ ကူညီပေးလို့ မုန့်ဖိုးလည်းရ ဆိုတော့ နေ့တွက်က ကိုက်ပါတယ် ။ ကျော်တောင် သွားတယ် ။ အိမ်ပြန်တော့ မျက်နှာပန်း လှပါတယ် ။
အိမ်ရောက်တော့ ညီမလေးက အိပ်ရာပေါ်မှာ ခွေခွေလေး ပုဆိုးခြုံပြီး အိပ်နေတယ် ။ အပူတော့ မကျသေးဘူး ။ အမေ ပြောတော့ ဆေးတိုက်ထားတယ်လို့ ပြောတာ အဖေကတော့ သူ့ခုတင်မှာ မရှိတော့ဘူး ။ ဘုံဆိုင်ကို အချိန်မှန် သွားပြီထင်ရဲ့ ။ ကိုယ့်သားသမီး နေမကောင်းတာတောင် အရက်သောက် မပျက်ဘူး ။ အမေကတော့ ထမင်း ချက်နေပြီ ။
ကျုပ် ရေချိုးမယ် လုပ်တော့ အမေက ညီမလေးကို ထမင်းရည် တိုက်ခိုင်းတယ် ။ ထမင်းရည်ပန်းကန်ပေးရင်း အင်္ကျီအိတ်ထဲကို စမ်းကြည့်တယ် ။ ပြီးမှ ကျုပ်ကို မျက်စောင်း တစ်ချက် ထိုးပြီး မီးဖိုနား ပြန်သွားတယ် ။ တစ်ဖက်က ကလေးထိန်းရသေးတယ် ။
ညအထိ ညီမလေးက အဖျား မကျသေးဘူး ။ အမေက ရေချိုး ခိုင်းနေသေးတာ ။ မနက်ကျရင်လည်း ညီမလေးက ကျုပ်နဲ့ အတူ လိုက်နိုင်မှာ မဟုတ်ဘူး ။ တီဗွီလည်း သွားမကြည့်နဲ့ ဆိုတော့ စောစော အိပ်ရာဝင်ဖို့ လုပ်တယ် ။ အိပ်မယ်ဆိုမှ အမေက ကလေး နို့တိုက်ရင်း ကျုပ်ကို လက်ယပ် လှမ်းခေါ်တယ် ။ အဖေ့ကို လက်ညှိုးထိုး ပြပြီး လက် ခါပြတယ် ။ အနားကို ကပ် သွားတော့ ခေါင်းအုံးထဲက ပိုက်ဆံ အထပ်လေး ထုတ်ပြီး မမကြီးတို့ အိမ်မှာ ပေါင်ထားတဲ့ စောင်ကို သွား ရွေးခိုင်းတယ် ။
ညီမလေးက အဖျား တက်နေရှာတယ် ။ ဒီည ဂျူမုံ ကား နောက်ဆုံး အပိုင်းမို့ ကြည့်ချင်တာ စောင်သွား ရွေးရင်းမှပဲ ခဏလောက် ကြည့်ရတော့မှာပဲ ။ ညီမလေးကို ငန်းဆေး တိုက်တော့ ဆေးတွေ ပြန်အန်တယ် ။ ကျုပ်လည်း ညီမလေးနဲ့ အတူ အိပ်လိုက်ရတယ် ။
မအိပ်ခင် အမေနဲ့ လေပေးဖြောင့်လို့ ။ မနက်ကျရင် ညီမလေးကို ကြက်စွပ်ပြုတ် ဝယ်တိုက်ချင်တယ်ဆိုတော့ အမေက ဝယ်တိုက်ဖို့ ခွင့်ပြုတယ် ။ ညီမလေး သိရင် ဘယ်လောက် ဝမ်းသာမလဲ ။ ဒါပေမဲ့ အမေ့မှာက ပိုက်ဆံက အပို မရှိတော့ဘူး ။ ဆန် ဝယ်လိုက်တာရယ် ၊ စောင် ရွေးလိုက်ရတာရယ်မို့ ကျုပ် မနက်စောစော အလုပ်ရှာရမှာပေါ့ ။
မနက်က အမေတောင် မနှိုးရဘူး ။ ကျုပ်ဘာသာ စောစော နိုးတယ် ။ ညီမလေးက မသက်သာတော့ တစ်ညလုံး ကောင်းကောင်း မအိပ်ရဘူး ။ ထထပြီး အော်တယ် ။
အိပ်ရာနိုးကတည်းက ညီမလေးအတွက် ကြက်စွပ်ပြုတ် ဝယ်ဖို့ ငါးရာလောက်က လိုချင်နေမိတယ် ။ ဒါမှမဟုတ်ရင် ကြက်သား ဝယ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ ။ ကြက်သားလည်း ကျွေးရအောင် ။
ဈေးနားရောက်တော့ ကျီးတွေရဲ့ အသံတွေက ဆူညံနေတယ် ။ စောသေးလို့ပဲလား မသိဘူး ။ အမှိုက်ကလည်း ခါတိုင်းလို မပေါဘူး ။ ငတောက် နဲ့ တွေ့တော့ ငတောက်ကလည်း ညည်းရှာတယ် ။ အခုတလော ဝင်ငွေနည်းလို့ အိမ်က ဆူတာရော ၊ အသုံးလည်း မသုံးရကြောင်း စုံနေတာပဲ ။ ငတောက်လည်း သူ့အပူနဲ့ သူ ၊ ကျုပ်ကလည်း ကျုပ်အပူနဲ့ ကျုပ် ။
ခဏနေတော့ ကုက္ကိုပင် ခွကြားမှာ ကျီးတစ်ကောင်က အစာတစ်ခု ချီလာတာကို မြင် လိုက်ရတယ် ။ ကျုပ်လည်း ဟိုနေ့က အသားတုံးကို ပြေးမြင်လိုက်တယ် ။ ထတဲ့ပြီး ကျောက်ခဲနဲ့ လိုက်ထုတယ် ။
ငတောက်က ရောက်လာတဲ့ပြီး ပါလာတဲ့ လေးခွနဲ့ ကျီးကို ပစ်ပေးတယ် ။ ကျီးပါးစပ်က အတုံးတစ်ခုက ကျလာတယ် ။
အိမ်မရောက်ခင်မှာဘဲ အမေ့အသံကို ကြားနေရတယ် ။ ကျုပ် သုတ်ခြေတင်ရင်း လက်ကလည်း ညီမလေး အတွက် အသားထုပ်က ယမ်းခါယမ်းခါနဲ့ ပါလာတယ် ။ အမေ့ အသံကိုသာ ကြားနေရတယ် ။ အိမ်က ရောက်ခဲနေတယ် ။ ဘယ်လိုမှ မရောက်နိုင် ဖြစ်နေတာ ။
အမေ့အသံက ညီမလေး ဆုံးပြီလို့ ထအော်လိုက်တယ် ထင်တယ် ။ အဲဒီမှာ လက်ထဲက အထုပ်ကလည်း ပြုတ်ကျပြီး ဘယ်မှာ ကျန်ခဲ့တယ် မသိတော့ဘူး ။
“ ကဲစိန်မ ၊ ညီမလေး ”
ကျုပ် အသံကုန် ဟစ်ပြီး ငိုပစ်လိုက်တယ် ။ ခြေထောက် ကတော့ လှုပ်လို့ မရအောင် ဖြစ်နေတာပေါ့ ။
“ ဟဲ့ ငပွေး ငပွေး ” လို့ ခေါ်တဲ့ အသံကို ကြားလိုက်ရတော့ ကျုပ်လည်း မျက်လုံး ဖွင့်ကြည့်လိုက်တော့ အမေရယ် ၊ ညီမလေးရယ်က တစ်ဖက် ၊ အဖေက တစ်ဖက် ကျုပ် ဘေးမှာ စိုးရိမ်တဲ့ မျက်နှာတွေနဲ့ ။
တော်သေးတာပေါ့ ။
အိမ်ပြန်သွားတော့ ထော့နင်းထော့နင်းနဲ့ပါ ။ တစ်နေရာ အရောက်မှာတော့ ချိုင့်ကျင်း တစ်ခုမှာ ခလုတ်တိုက် လဲပြီး ကျုပ် ဒူးကွဲသွားတယ်တဲ့ ။ ကျုပ် လိုက်တဲ့ ကျီးပါး စပ်ထဲက အသားတုံး မဟုတ်ဘဲ ချေးတုံးကြီး ဖြစ်နေတာရော ပြောပြတော့မှ ကျုပ်မှာ ရယ်ရမလို ၊ ငိုရမလိုနဲ့ ... ။
⎕ ဇွဲဆုပန် ( ဆားလင်းကြီး )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၂၀၁၄
No comments:
Post a Comment