Saturday, May 2, 2026

ထွေး၏ အမှား

❝ ထွေး၏ အမှား ❞ 
       ( ပီမိုးနင်း )

မောင်ထွန်းမြိုင်သည် အလုပ်မှ အထုတ်ခံရသဖြင့် မှိုင်တွေချကာ နေလေ၏ ။ မထွေး နှင့် ညားပြီးသည်မှာ အခါလည်ကျော်ကျော်မျှ ရှိသေး၏ ။ လခ တစ်ရာ့ငါးဆယ်ကို အားကိုးပြီး မထွေးကို တင့်တင့်တယ်တယ် ထားနိုင်ပြီဟု အားကိုးပြုကာ ယူခဲ့လေရာ ယခုမှာမူ ကိုးစားသမျှသည် ဒုက္ခတွေ့ ရဖို့သာ ကံကြမ္မာက ဖန်လာသလို ဖြစ်၍ နေလေသတည်း ။

“ ငါ ဒီလိုဖြစ်မယ် ဆိုတာကို စောစောက သိရင် မင်းကို ဒီလောက် မြန်မြန်ကြီး ခိုးခဲ့မှာ မဟုတ်ဘူး ။ အခု တော့ ငါ့အတွက် မပူပါဘူး ။ မင်း တံတွေးခွက်မှာ ပက်လက်မျောရတော့မှာလို ဖြစ်တဲ့အတွက် စိတ်မကောင်း ဖြစ်ရတာပါပဲ ” ဟု ပြောကာ မထွေး၏ လည်ကိုဖက်ကာ မျက်ရည်တွေ ဝိုင်းလျက် ပြောပြီး နှုတ်ခမ်းကို ကိုက်ကာ သက်မကြီးချလေ၏ ။

မထွေးသည် မောင်ထွန်းမြိုင်၏ နူးညံ့ပျော့ပျောင်းသော ဆံပင်ကို လက်နှင့် သပ်ကာ လှန်လျက် လှပသော နဖူးကို ကြည့်ပြီး မချိသမျှ ပူပန်သော စိတ်ကို ချုပ်တည်းကာ

“ ပူစရာမရှိပါဘူး ကိုထွန်းမြိုင် ၊ ရှင့်မှာ ပညာ အရှိသားပဲ ။ ဒီတိုက်မှာ နေရာ မကျရင် တခြား တိုက်တစ်ခုမှာ နေရာကျမှာပေါ့ ” 

“ မင်း ပြောတာက လွယ်တယ် မထွေးရဲ့ ၊ အလုပ်ရဖို့က အင်မတန် ခက်တာ ၊ ပညာတတ်တဲ့ လူတွေဟာ ရန်ကုန်မြို့မှာ တစ်ပုံတစ်ခေါင်းကြီး ရှိတာကလား ၊ အလုပ်တစ်ခုခု လစ်လပ်ရင် ဝင်ရဖို့ အင်မတန် ခက်တာပဲ ၊ ပညာတတ်တိုင်း အလုပ် ရတာ မဟုတ်ဘူး ၊ ဖြတ်စား လျှပ်စားတွေကို လာဘ်ပေးပြီး အလုပ်ဝင်သူတွေက အများကြီး ရှိတာကလားကွဲ့ ၊ သူဌေးတိုက်များမှာ လုပ်ရတာဟာ ဒါတွေ ခက်တာပဲ ၊ သူတို့ စိတ်က အလွဲထင်ရင် တစ်ချက်လွှတ်လုပ်တတ်ကြတာပဲ ။ ကုမ္ပဏီကိုတော့ စိတ်မဆိုးပါနဲ့ ။ သူတို့မှာ ငွေမလောက်တော့ ဟို အာလိပ်ဇန်ဒါ ခေါ်တဲ့ ဘိုလုပ်တာကို ခံကြရတာပဲ ။ သူက ရှယ်ယာ ငွေ တစ်သိန်းကျော်ဖိုး ဝင်ပြီး သူ့လူ တစ်ယောက်ကို ငါ့ နေရာမှာ ထားချင်တာကိုးကွဲ့ ။ ဒီတော့ တခြားပါတနာတွေကလည်း သူ စိတ်ဆိုးမှာ ကြောက်တော့ ဘာမှ မပြောနိုင်ဘဲ ငါ့ကို လက်လွှတ်လိုက်ရတာပဲ ။ တစ်လအတွက် ငွေကိုတော့ နက်ဖြန် လာယူပါလို့ ဘိုကြီးက ပြောလိုက်တာပဲ ” 

“ အလုပ်က ထုတ်တယ်ဆိုရင် အပြစ် ပြရမှာပေါ့ ၊ မပြဘဲနဲ့ ထုတ်နိုင်သလား ” 

“ တိုက်မှာ ငွေမလုံလောက်လို့ ထုတ်ရတယ်လို့ ပြောတာပဲ ၊ ဒါတွေ ထားလိုက်ပါတော့ကွယ် ၊ မင်းကို ဘယ်လို ထားရမလဲမသိဘူး ၊ ဒီအခန်းမှာတော့ နေနိုင်တော့မှာ မဟုတ် ၊ လခ ၃၅ ကျပ်နဲ့ ဒီလိုအခန်းမျိုးကို ရဖို့ သိပ်ပြီးခက်တာပဲ ။ အခန်းကို စွန့်ရမှာ သိပ်ပြီး နှမြောတာပဲ ” 

“ ဘာပူစရာရှိလဲ ကိုထွန်းမြိုင် ၊ ကျွန်မ ပြန်ပြီး မေမေတို့နဲ့ နေရတာပေါ့ ” 

“ အပြောတော့ လွယ်ပါရဲ့ ၊ မင်းနဲ့ ငါ တွေ့ကြတော့ အရပ်က ဘယ်လို ပြောကြတယ်ဆိုတာ မှတ်မိသေးရဲ့လား ” 

“ ဘယ်သူက ဘယ်လိုပြောပြော ဘာပြုရဦးမှာတုန်း ၊ ပါးစပ်ပေါက် တစ်ထောင် ပြောတာကို ကျွန်မ နားနှစ်ဖက်တည်းနဲ့ ဘယ့်နှယ်လုပ်ပြီး အကုန် နားထောင်နေနိုင်မှာတုန်း ” 

“ နားမထောင်ဘူး ဆိုပေမဲ့ မဖြစ်သေးဘူးကွယ် ။ အခုလိုများ ပြန်သွားရင် သူ့လင်က မယားတစ်ယောက်ကို မကျွေးနိုင်လို့ အိမ်ပြန်နေရတယ် ၊ အခု ဘာမှ မပို့ဘူး ၊ သူ့မှာ အလုပ်အကိုင် မရှိဘူး ၊ ကိုယ့်ဘာသာကို သွားယူလာဖို့လို့ ပြောကြလိမ့်မယ် ။ မင်းနဲ့ ငါနဲ့ တွေ့တုန်းက အခွင့်ယူနေတာကို သူတို့က အလုပ် မရှိတဲ့ ရန်ကုန်အစွန် အနားသားလို ဖာထဲက အကောင်လို့ အမှန် ပြောနေကြတယ် မဟုတ်လား ။ မင့်မောင် နှစ်ဝမ်းကွဲ ဘိုးဆိုင်တို့ ဘိုးကြိုင်တို့ လူစုတွေက သာပြီး ကဲ့ရဲ့ကြမှာပဲ ” 

“ ကဲ့ရဲ့မှာပေါ့ ၊ သူတို့က ကျွန်မကို ရမှ မရဘဲကိုး ။ သူတို့ မရလို့ ပြောတာ သူတို့လိပ်ပြာ သူတို့ မရှက်လို့ပေါ့ ”  

“ သူတို့ မရှက်ပေမဲ့ ငါရှက်တယ် ၊ ငါ မင်းကိုတော့ မပြန်စေချင်ဘူး ” 

“ မပြန်ရင် ကိုထွန်းမြိုင် သာပြီး စိတ်ညစ်ရမှာပေါ့ ။ အခုအနေ ကျွန်မ တောကို ပြန်နေရင် ဘယ်သူမှ ဝန်လေးဖို့ မရှိသေးဘူး ။ အခုရှိတဲ့ ငွေနှစ်ရာကို ကိုထွန်းမြိုင် စရိတ် လုပ်ပြီး တစ်နေရာရာမှာ နေပြီး အလုပ်ကို ကြိုးစား ရှာရင် တစ်နေရာရာမှာ ရမှာပဲ ၊ အခုလို အတူတူနေရင် စားတာက ကုန် ၊ အိမ်လခကလည်း ကုန်နဲ့ ငွေကလေး ချောသွားလိမ့်မယ် ။ ဒီတော့ အိမ်လခတွေ ဘာတွေ အတွက် ပူရမယ် ၊ ပင်ရမယ် ၊ အိမ်ရှင်က ချမ်းသာပေးမှာ မဟုတ်ဘူး ။ ဒီတော့မှ ပစ္စည်းကို ဝရမ်းဖမ်းလား ၊ ဘာလားနဲ့ သာပြီး ရှက်စရာ ကောင်းမယ် ၊ တောက လူတွေ ပြောတာ ဆိုတာက ဒီလောက် အရေးမကြီးဘူး ”  

“ မင်းက ခွဲနေချင်လို့လား ”  ဟု မောင်ထွန်းမြိုင်သည် မထွေးကို ယုယကာ မေးလေ၏ ။

“ ဪ .. ခွဲနေချင်တယ်လို့တော့ ဘယ်ဟုတ်မလဲ ။ လူ့ဘဝမှာ အကြင်လင်မယားရယ်လို့ ဖြစ်ကြမှဖြင့် တစ်ခါတလေတော့ အခိုက်အတန့် ဆိုတာလို မတတ်သာရင် ခပ်ခွာခွာ နေကြရတာပေါ့ ။ ဒီလို ဖြစ်ရခြင်းများဟာလည်း ကိုထွန်းမြိုင်နဲ့ ကျွန်မမှာသာ မဟုတ်ဘူး ၊ လောကမှာ အများကြီးပဲ ရှိကြတယ် ၊ သေကွဲတောင် ခွဲကြ ရသေးတာပဲ ။ အခု ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ ငါတို့ထက် ပူတဲ့ လူများ ရှိတော့မှာ မဟုတ်ဘူး ၊ ငါတို့ဟာ ကံ အဆိုးဆုံးပါပဲလို့ မှတ်ထင်ပြီး နေကြတာပဲ ၊ တကယ်ဆိုတော့ ကျွန်မတို့ထက် ဆင်းရဲဒုက္ခရောက်ပြီးနေကြတဲ့ လူတွေဟာ အခု တစ်ခဏအတွင်းမှာ မနည်းကြီး များကြမှာပဲ ” 

“ မထွေး ပြောတာတော့ မှန်ပါရဲ့ ၊ သို့သော်လည်း ကိုယ့်အပူသာပူတယ်လို့ လောကမှာ ထင်ကြစမြဲကလား ၊ သူများ အပူအတွက် သူများ ပူကြလိမ့်မပေါ့ ” 

“ အပူ ဆိုတာက နောင်လည်း တွေ့ဦးမှာပဲ ၊ ရှေး မညားမီတုန်းကများ ခုထက်တောင် ပူရသေးတယ် မဟုတ်လား ။ ပြီးတော့ ဘာများဖြစ်သေးသလဲ ၊ အခုအထိ အတူတူ နေခဲ့ကြပြီ ။ ဓားတွေ ၊ တုတ်တွေ ၊ ရန်သူတွေထဲမှာ အသက်စွန့်ပြီး ကျွန်မတို့ ပြေးလာခဲ့ကြရတယ် မဟုတ်လား ။ အခုလောက်ကလေး အတွက် စိတ်မညစ်ပါနဲ့ ။ စိတ်ညစ်ရင်လည်း ကျွန်မဖြင့် ငိုချင်တာပဲ ”
 
“ မညစ်ပါဘူးကွယ် ၊ ငါ့အတွက် ညစ်တာမဟုတ်ပါဘူး ။ ငါ့အတွက် မင်း စိတ်ပူမှာကို တွေးတွေးပြီး စိတ်ပူတာပါပဲ ” 

“ ကျွန်မကလည်း ကျွန်မအတွက် စိတ်မပူပါဘူး ။ ကျွန်မ အတွက် ကိုထွန်းမြိုင် စိတ်ပူမှာပဲဆိုတာ တွေးပြီး ကိုထွန်းမြိုင်အတွက် စိတ်ပူတာပါပဲ ။ အခု ဘယ်လို ကြံမလဲ ” 

“ မကြံတတ်အောင် ရှိတော့တာပဲ ၊ ဒီအတွင်းမှာ ရန်ကုန်မြို့မှာ အလုပ်တိုက် ရှိသမျှတွေကို နေ့ရှိသမျှ လိုက်ပြီး ရှာမှာပဲ ၊ ဟိုအရင်က ရန်ကုန်ကို မရောက်မီ တောမှာ နေစဉ် အလုပ်အကိုင် မရှိ ၊ မကြံတတ်မစည်တတ်နဲ့ နေတုန်းက ငါ ရန်ကုန်မှာများ နေရရင် တိုက်ရှိသမျှတွေကို ဝင်ပြီး အလုပ်ရှာမှာပဲလို့ နေ့စဉ် စိတ်ကူးမိတာပဲ ။ လာဖို့ရန်ကလည်း စရိတ် မရှိ ၊ နေဖို့ရန်လည်း နေရာ မရှိ ၊ အသိဆို ရန်ကုန်မှာ တစ်ယောက်မှလည်း မရှိကိုးကွဲ့ ၊ ဒီ့ပြင်လည်း ငါ့မှာ မိဘ မရှိ ၊ ဆင်းရဲတဲ့ အရီးတစ်ယောက်နဲ့ နေရလေတော့ ထမင်းကိုသာ စားရပြီး အဝတ်အစားလည်း မရှိတာနဲ့ ရန်ကုန် လာချင်တာနဲ့မလာနိုင်ဘဲ ရန်ကုန်မြို့ ကိုသာ နေ့တိုင်း တွေးပြီး ရန်ကုန်ကို ရောက်ရင် ငါ တော်ပြီ ၊ ရန်ကုန်ကို ရောက်ရင် တစ်နေရာရာမှာ အလုပ်ရမှာပဲဆိုတာကိုသာ စဉ်းစားပြီး ရန်ကုန်ကို ရောက်ဖို့ချည်း တောင့်တနေခဲ့တာပဲ ” 

“ အဲဒီတုန်းကများ ညအိပ်ရာ ဝင်လိုက်ရင် တစ်ခါတည်း ရန်ကုန်ကို ရောက်လာတာပဲ ။ အဲဒီလို အိပ်မက်ပြီး ရောက်တဲ့အခါများ မိုးမချုပ်ပါစေနဲ့ ၊ နေမဝင်ပါစေနဲ့ ။ နေဝင်ရင် အလုပ်တိုက်တွေ ပိတ်ကုန်တော့မယ် ။ ပိတ်ကုန်ရင် ငါ ဝင်ပြီး အလုပ်ကို မေးဖို့ အချိန်ရတော့မှာ မဟုတ်ဘူး ဆိုတဲ့ စိတ်နဲ့ ရန်ကုန်မြို့ကြီးထဲမှာ တစ်ခါ တလေ နေပူကြဲကြဲ ၊ တစ်ခါတလေ မိုးရွာထဲမှာ လမ်းလျှောက်ပြီး အလုပ် ရှာနေရတာပဲ ၊ အဲဒီလို အိပ်မက်ထဲမှာ အလုပ်ရှာတုန်းက နေ့များကလည်း တိုလိုက်တာလေ ၊ ခဏခဏ မိုးချုပ်ပြီးသွားတာပါပဲ ၊ အဲဒီလို ဖြစ်ပြီး အိပ်ရာက နိုးလာတဲ့အခါများ စိတ်ညစ်လိုက်တာလေ ဘာပြောစရာ ရှိမလဲ ” 

စသည်ဖြင့် အတိတ်ကို ပြန်၍ ရှုမျှော်သော မျက်လုံးများနှင့် အဝေး၌ ပြေး၍ နေသော တိမ်ညိုကြီးများကို ကြည့်ကာ ပြောလေ၏ ။ အကြောင်းမူကား ၎င်းတို့နေသော အခန်းသည် လေးထပ်တိုက် အပေါ်ဆုံးအခန်း ဖြစ်လေ၏ ။

သို့ပြော၍ နေခိုက်တွင် မထွေး သည်လည်း ငေးစိုက်ကာ မလှုပ်မရှား စဉ်းစားစားစား နားထောင်၍ နေပြီး သက်မကြီးချကာ

“ နောက်တော့ ရန်ကုန်ကို တကယ် ရောက်လာတာ နော် ” ဟု ပြောကာ ထွန်းမြိုင်၏ မျက်နှာကို ကြည့်လေ၏ ။ 

“ အေး ... အလုပ်တော့ မရှာရဘူး ၊ မိတ်ဆွေတစ်ယောက်နဲ့ပတ်သက်ပြီး တစ်ခါတည်း အလုပ်နဲ့လာခဲ့တာပဲ ”

“ အခု ဟိုတုန်းကနဲ့ မတူဘူး ၊ အလုပ်ကိုလည်း လုပ်ဖူးလို့ အလုပ်တတ်နေပြီ ၊ ရန်ကုန်မြို့မှာလည်း နေတယ် ၊ အသိမိတ်ဆွေတွေလည်း များတယ် ။ ရန်ကုန်မြို့အကြောင်းကိုလည်း သိတယ် ၊ ကိုင်း ... ဘာပူစရာ ရှိသေးသလဲ ” 

“ ငါ့အတွက် ပူလို့ မဟုတ်ပါဘူး ၊ မင်းကို ယူတုန်းက ကောင်းကောင်းမွန်မွန် ခံ့ခံ့ညားညား ရန်ကုန်မြို့မှာ နေရာတကျ ထားနိုင်မယ်ထင်လို့ ယူတာ ၊ အခုလို ဖြစ်တော့ စိတ်ညစ်တာပေါ့ကွဲ့ ၊ မင်းအမေမှာလည်း ချမ်း သာတာ မဟုတ်ဘူး ၊ တခြား သမီးတွေ သမက်တွေ ကောင်းလို့ တင့်တင့်တယ်တယ် နေနိုင်တာကလားကွဲ့ ၊ ဒီတော့ သူ့ကို သွားပြီး ဝန်လေးအောင် လုပ်ဖို့ မတော်ဘူး ”  

မထွေးသည် မှိုင်၍ သွားလေ၏ ။

ထို့နောက် “ ကိုင်း မထွေး စိတ်ညစ်မနေနဲ့ ၊ သုံးလေးရက် အတွင်း တစ်ချက်ချက်မှာ နေရာကျဖို့ မရှိရင် မင်းကို ပြန်ပြီး လွှတ်မယ် ၊ ငွေတစ်ရာလောက် ပါရင် မင်းတို့ သားအမိ တောမှာ နှစ်လသုံးလလောက်တော့ နေသာ ထိုင်သာ ရှိမှာပေါ့ ” 

“ ကျွန်မ ငွေကို ယူသွားရင် ကိုထွန်းမြိုင် ဘယ့်နှယ် လုပ်နေမလဲ ၊ ကျန်တဲ့ ငွေကလေး တစ်ရာနဲ့ ရန်ကုန်မြို့မှာ ဖြစ်ပါ့မလား ။ ကျွန်မ မယူဘူး ၊ တောရောက်ရုံသာ လိုက်ပြီးပို့ပါ ။ ဟိုကျတော့ ကျွန်မလည်း ကြံမှာ ဖန်မှာပေါ့ ”  

“ ဘာကြံမလဲ ” 

“ ကျွန်မ အချုပ်အလုပ် အတတ်သားပဲ ၊ ကျွန်မမှာ စက်ကလေးရှိတယ် ၊ ကျွန်မကတောင် ငွေပို့နိုင်သေးတာရဲ့”

“ ဒီလိုလည်း ဘယ်ဖြစ်မလဲကွယ် ၊ မင်းမှာလည်း ငွေ ပါဦးမှပေါ့ ၊ ကိုကို့မှာတော့ ယောက်ျားပဲ မစိုးရိမ်နဲ့ ၊ မတတ်သာ ရှေ့နေတစ်ယောက်ဆီမှာ စာရေးလုပ်တာပေါ့ ” 

“ အမယ်လေး သည်လို စကားမျိုးကို မကြားပါရစေနဲ့ ၊ ကျွန်မယောက်ျား ရုံးစာအိတ်ကလေး ကိုင်ပြီး ရှေ့နေ နောက်က လိုက်တာကို စိတ်ထဲမှာ တွေးလို့တောင် မဖြစ်ဘူး ၊ ဒီလို လုပ်လို့ရတဲ့ ပိုက်ဆံကို ကျွန်မ မစားဘူး ၊ အငတ်ခံသေမယ် ။ ဒီလိုများ လုပ်ရရင် ကျွန်မ ရင်ကွဲပါရဲ့ ” ဟု ပြောလေရာ မောင်ထွန်းမြိုင်သည် မထွေးကို သာ၍ နီးစွာ ပွေ့ယူပြီး ကျောကို လက်နှင့် သပ်လျက် 

“ ကွယ် မပူပါနဲ့ ၊ နေရာကျတော့မှာပဲ ၊ လူကောင်း တစ်ယောက်မှာ ဘယ်သူကပဲ မတရားလုပ်စေကာမူ ခဏ ဆင်းရဲမှာပါ ။ နောက်ဆုံးကျတော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး ” ဟု ပြောရသော်လည်း မိမိ၏ မယားကို ခေတ္တမျှ ခွဲခွာပြီး တောသို့ ပို့ထားရမည့် အရေးကို တွေးရှုကာ မခံချည့်သဖြင့်

“ ကိုင်း ... မထွေးရေ ၊ စကားပြောနေတာ အချိန် ကုန်တယ် ၊ အခု အချိန်ရှိခိုက်မှာ ကြံမယ် ” ဟုပြောကာ မထွေးကို လွှတ်ပြီး ခေါင်းပေါင်းအဝတ် ဝတ်ဆင်ကာ ဖိနပ်ကို စွတ်ပြီး တိုက်ပေါ်မှ ဆင်း၍သွားလေ၏ ။ မထွေးသည် တံခါးကို ပိတ်ပြီး အိပ်ရာထဲသို့ ဝင်လာ၍ ပက်လက်လှန်ကာ တိုက်မျက်နှာကြက်ကို ကြောင်တောင်ကြီး ကြည့်ရင်း မိမိ၏ ယောက်ျား တဖားဖား သွားလာရှာကြံ ရသည်ကို ထင်ကာမြင်ကာ သနား၍ မဆုံးဘဲ နေရှာလျက် ခွဲခွာရမည့်အရေးကို တွေးတောကာ မျက်ရည် ပေါက်ကြီးများသည် ခေါင်းအုံးပေါ်သို့ စီးကျ၍ လာလေသတည်း ။

မောင်ထွန်းမြိုင်သည် သုံးရက်တိတိ မနေမနား အလုပ်ကို ရှာလေ၏ ။ ညဉ့်အချိန်များ၌လည်း အသိမိတ်ဆွေ ရှိသမျှကို တွေးပြီး ၎င်းတို့ထံသို့ သွား၍ စုံစမ်းမေးမြန်းလေ၏ ။ ရှိသော ငွေကလေးများ လျော့မှာ စိုးသဖြင့် အခါများစွာ လမ်း၌ ဆာလောင်မွတ်သိပ်သော်လည်း လက်ဖက်ရည်ကိုမှ ဝယ်၍ မသောက် ။ လန်ချားကို မစီး ၊ အလွန်ဝေးသော လမ်းများ အတွက်သာ သုံးပြားတစ်ပဲ တစ်မူး အကုန်ခံ၍ ဓာတ်ရထားကို စီးလေ၏ ။ အလွန်တရာ ဆေးလိပ်သောက်ချင်သည့်အခါ ကု,လားဖက်လိပ်ကလေးများကို တစ်ပြားဖိုးနှစ်ပြားဖိုး ဝယ်ပြီး လူမမြင်သောနေရာမှာ တအောင့်တနား သောက်လေ၏ ။ ရေငတ်လျှင် ဘိလပ်ရေကို မသောက်ဘဲ ရှာလပတ်ရည်ကိုသာ ဝယ်၍ သောက်၏ ။ တရုတ်တန်း မဂိုတန်းများ၌ စားသောက်၍ နေသူတို့ကို မြင်သည့်အခါ ငါ့မိန်းမလည်း စားချင်မှာပဲဟုတွေးကာ မိမိ မစားဘဲ မယားအတွက် အနည်းငယ် ဝယ်ခြမ်း၍လာပြီး အိမ်ကို ရောက်သည့်အခါ ပျော်ပျော်ရွှင်ရွှင် ကြည်လင်သောမျက်နှာနှင့် “ ငါတော့ ဆာဆာရှိတာနဲ့ ကြိတ်လာခဲ့ပြီဟေ့ ” ဟု ပြောကာ ပါသော အထုပ်ကို မိန်းမအား ပေးလေ၏ ။ မထွေးသည်ကား မိမိ၏ယောက်ျား မိမိဘာသာ စား၍လာသည် ဆိုသော
စကားကို မသင်္ကာသဖြင့် အနည်းငယ်မျှ စားဟန် ပြုကာ “ ကျွန်မ အင်မတန် ထမင်းစားလို့ ကောင်းတယ် ၊ မစားနိုင်တော့ဘူး ၊ လူများ ဆင်းရဲပြီ ဆိုမှဖြင့် အင်မတန် စားသောက်ကောင်းတာပဲ ” 

“ ဟုတ်တယ် မထွေးရေ ၊ ငါလည်းပဲ ပဲပြုတ် မြင်တာတောင် စားချင်တာပဲ ၊ ဝယ်စားလာခဲ့တာပဲ ” ဟုပြောကာ စားစရာကလေးများမှာ တစ်ယောက်ကို တစ်ယောက် ညှာ၍ စားရသည့်အတွက် မကုန်ဘဲ ကျန်၍ များနေလေ၏ ။

ဤကဲ့သို့ အလုပ်ရှာရာ အဘယ်မှာမျှ နေရာမကျသဖြင့် နောက်တစ်ရက် လွန်လျှင် မထွေးကို တောသို့ ပို့ရတော့မည်မှာ သေချာ၍နေလေ၏ ။ ထိုနေ့ညဉ့် ရှစ်နာရီ အချိန်တွင် မောင်ထွန်းမြိုင်သည် အိမ်သို့ ရောက်၍လာ သောအခါ မထွေးသည် ၎င်း၏ မျက်နှာကိုကြည့်လေ၏ ။ သို့ကြည့်ရာ အခါတိုင်းနည်းတူ အားတက်ဖို့ရန် အရိပ် လက္ခဏာ မမြင်သောအခါ မေးမြန်းခြင်းကို မပြုဘဲ ထမင်းကိုသာ ပြင်လာလေ၏ ။

မောင်ထွန်းမြိုင်သည်ကား ဖိနပ်ကို မချွတ်ဘဲ ပက်လက်ကုလားထိုင်၌ ထိုင်ကာ မထွေးကို ကြည့်ပြီး မချိသော ပြုံးခြင်းဖြင့် ပြုံးလျက် ဦးခေါင်းကို ခါပြီးလျှင် “ အလုပ်များ တကယ် ရှာမှ တကယ်ရှားတာပဲဟေ့ ” ပြောလေ၏ ။

“ မရလည်း ဘာကိစ္စရှိလဲလေ ” ဟု ပြောကာ ထွန်း မြိုင် ရှေ့တွင် ပြုံးပြုံးကလေး ထိုင်လျက် ဖိနပ်ကြိုးကို ဖြုတ်၍ ပေးလေ၏ ။ ထို့နောက်

“ ထမင်းစား ကိုကိုထွန်းမြိုင် ”  ဟု လက်ကို ဆွဲမြှောက်လေရာ ထွန်းမြိုင်သည် ထလေ၏ ။ မထွေးသည် ၎င်း အင်္ကျီခေါင်းပေါင်းတို့ကို ယူ၍ ချိတ်လေ၏ ။ ထို့နောက် ထွန်းမြိုင်သည် ရေမိုးချိုးပြီး မထွေးနှင့်အတူ ထမင်းစားလေ၏ ။

ထိုညဉ့်၌ မျက်နှာချင်းဆိုင်ကာ တစ်ယောက်ကို တစ်ယောက် အားပေးရင်း အိပ်ရာ ပြင်ကြလေ၏ ။ တော၌ အဘယ်ပုံ နေမည်ထိုင်မည် ၊ ထွန်းမြိုင်က ရန်ကုန်မှာ အဘယ်ပုံ ကြံစည်မည့်အကြောင်းများကို ပြောရင်း ညဉ့်နက်မှ အိပ်ပျော်၍ သွားကြလေသတည်း ။ 

နံနက် မိုးလင်းသောအခါ ထွန်းမြိုင်က “ ကိုင်း ... မထွေးရေ ၊  ၊ မင်း ယနေ့ည ပြန်မှ တော်မယ် ၊ အိပ်ရာပြင်ဆင် ရစ်ပေတော့ ၊ ငါ သွားပြီး ရှာကြည့်မယ် ၊ နေရာကျရင်လည်း ပြန်ဖို့လိုမှာ မဟုတ်ဘူး ” ဟု ပြောကာ ထွက်သွား ပြန်လေ၏ ။

မထွေးသည် နေရာကျမှာ မဟုတ်ပါဘူးလေ ဟု တွေးကာ စိတ်အားငယ်ငယ်နှင့် တောသို့ ပြန်ရန် ပြင်ဆင် သိမ်းဆည်းလေ၏ ။

သို့သိမ်းဆည်းပြီး မောမောနှင့် သံသေတ္တာပေါ်မှာ ထိုင်ကာ ကြမ်းပေါ်ကို ကြည့်၍ နေရာမှ စိတ်အားငယ်ငယ် နှင့်ပင် ထပြီး ဆက်လက်၍ ပြင်ဆင်ခြင်းများကို မပြုဘဲ အဝတ်အစား လဲပြီးလျှင် မှန်ထဲ၌ ကြည့်ကာ မျက်နှာကို တို့ပတ်တစ်ချက်နှစ်ချက် ရိုက်ပြီးလျှင် ထီးကလေးကို ဆွဲ၍ အခန်းပြင်သို့ ထွက်လေ၏ ။ တံခါးကို ပိတ်ပြီး မကြာမီ အောက်သို့ ရောက်လေရာ ဆယ်နာရီခန့် အချိန် ဖြစ်၍ မိုးတိမ်စင်လျက် နေပွင့်ခိုက်မို့ မရမ်းရောင် ပိုးထီးကလေး ကို ဖျတ်ခနဲဖွင့်ကာလမ်းသို့ လေပွေသလို လျင်မြန်စွာ လျှောက်၍ သွားလေ၏ ။

မကြာမီ ဓာတ်ရထားစခန်းသို့ ရောက်လေရာ ဓာတ်ရထားကို စီး၍ ဈေးကြီးဘက်သို့ ပါသွားပြီးလျှင် ဈေးကြီးမှ ဘုရားလမ်းသို့ ရောက်သွားလေ၏ ။

ဘုရား မရောက်မီ လမ်းခုလတ်တွင် ဓာတ်ရထားမှ ဆင်းပြီးနောက် အိမ်ကြီး တစ်အိမ်၏ ရှေ့သို့ ရောက်လေရာ ၎င်းအိမ်သို့ ဝင်ပြီး အစေခံမလေး တစ်ယောက်အား မေမေစော ရှိသလားဟု မေးလေ၏ ။

“ မေမေစော ရှိပါတယ် ၊ ကျွန်မ သွားပြီး ပြောလိုက်ဦးမယ် ” ဟု ပြောပြီး အစေခံမကလေးသည် အိမ်ပေါ်သို့ တက်သွားလေ၏ ။

ထိုအိမ်သို့ မထွေး လာခြင်းမှာ အခြားကြောင့် မဟုတ် ။ သူတစ်ယောက်တည်း ရှာကြံတာထက် ငါပါ ကူပြီး ကြံရလျှင် သာပြီး ခရီးရောက်မှာပဲဟု အတွေး ရောက်ကာ မိမိ၏ ယောက်ျား အလုပ်လုပ်သောတိုက်က သူဌေးနှင့် မေမေစော အကြောင်းပါသည်ဟု ကြားရ သဖြင့် မေမေစော ကိုလည်း ၆ လ လောက်က ဥပုသ် ဇရပ် တစ်ခုမှာ တွေ့ဖူး၍ အသိဖြစ်ဖူးသောကြောင့် စွန့်စား၍ လာခြင်းဖြစ်လေ၏ ။

မေမေစာ သည်ကား ပစ္စည်းဥစ္စာ အိမ်ပိုင်ယာပိုင်နှင့် နေသော ဘိုကတော်မုဆိုးမ ချောလှခံ့ညား ဂုဏ်သတင်းကြီးမားသူ ဖြစ်လေရာများသော ဘိုမြန်မာသူဌေး အရာရှိတို့သည် ၎င်းကို ပိုးပန်း၍ နေကြလေ၏ ။ မောင်ထွန်းမြိုင် အလုပ်လုပ်သော တိုက်က မန်နေဂျာသည်ကား သဲသဲမဲမဲ မရှက်မကြောက် ပိုး၍ နေလေရာ မေမေစော သည်လည်း အစဉ်းစားကြီးလျက်သာ နေခဲ့လေ၏ ။ 

လူကို စုံမက်သလား ၊ ဥစ္စာ ဆို အုပ်ခါ စားမလို့လားဟု သို့လော သို့လော တွေးတောကာ အင်းမလှုပ် အဲမလှုပ် လက်လည်း မခံ ၊ လှန်၍လည်း မပစ် ၊ ကျောက်ဆောင်လို မလှုပ်မရှား နေခဲ့သည်မှာ တစ်နှစ်နီးနီး ကြာခဲ့လေ၏ ။ 

မေမေစာသည်ကား မိမိယောက်ျား သေဆုံးကတည်းက မှဲ့ပေါက် မစွန်းအောင် နေခဲ့သဖြင့် မညှိုးနွမ်းသော ဂုဏ်သတင်း ရှိသူ ဖြစ်လေရာ ပိုးပန်းသူတို့မှာ အရ ခက်လေလေ တပ်မက်လေလေ ဟူသော လူတို့၏ သဘောအရ မေမေစော အကြောင်းကို တွေးသည့်အခါတိုင်း နာမည်က စော သော်လည်း အဘယ်နေရာမှ မစော သဖြင့် မိမိတို့မှာသာ စောစော၍ နေရသည်ကို စဉ်းစားကာ မော၍သာ နေကြရသဖြင့် ကျတော့မလို ကျတော့ မလိုနှင့် သစ်ပင်ပေါ်မှာ တင်၍ နေသော လေတံခွန် ၊ မီးပုံးပျံတို့ကို လိုက်ကြရသူများကဲ့သို့ မကျေမချမ်း ဖြစ်ကြရလေ၏ ။

အဆိုပါ တိုက်က သူဌေးသည်ကား မိမိ ကိုယ်တိုင်လည်း ဥစ္စာအတော် ရှိသူ ဖြစ်လေရာ သဲသဲမဲမဲ စွဲစွဲလမ်းလမ်း မျှော့လို တွယ်၍နေသော အကောင် ဖြစ်သဖြင့် မေမေစောသည် တွန်းဖယ်၍လည်း မပစ်ရက် ၊ ဆွဲ၍လည်း မဖက်ဝံ့ဘဲ ရွံ့ရွံ့ကြောက်ကြောက်နှင့် ၎င်းလာသည့်အခါ လက်သင့်ခံလျက် စဉ်းစား၍သာ နေခဲ့လေ၏ ။

သို့နေလေရာ အချို့က ၎င်းတို့နှင့် ညားနေပြီဟု ပြောကြမည်ကို မထွေးသည် နားစွန်နားဖျား ကြားပြီး တကယ် အတည်တကျ တိုင်းသိပြည်သိ လင်မယား အဖြစ်သို့ ရောက်၍နေပြီဟု စိတ်ချယုံကြည်ကာ မိမိ၏ လင်အတွက် ကူညီပြောဆိုပေးရန် တောင်းပန်အသနားခံ ရလျှင် တော်လေမည်လားဟု စဉ်းစားကာ ရောက်၍ လာ ခြင်းဖြစ်လေသတည်း ။

မကြာမီ သူငယ်မကလေး ဆင်း၍ လာပြီး “ မေမေက နာမည်ပြောပါတဲ့ ” ဟု ပြောလေရာ မထွေးက မထွေး လို့ ပြောပါ ။ လွစ္စလမ်းက မထွေး ဟု ပြန်ပြောလေ၏ ။ 

အစေခံမကလေး တက်သွားပြီး ပြောလေရာ မေမေစော မှာလည်း မိမိထံသို့ နှစ်နာရီကျော်ကျော် လာ၍ စကားပြောနေသော ထို ဘိုကို ပြန်စေချင်သဖြင့် မထွေးကို လာစေဖို့ရန် အခွင့်ပေးလိုက်လေ၏ ။

မထွေးသည် အားရဝမ်းသာ တက်၍ သွားရာ မေမေစော နှင့် စကားပြောနေသော အသက်သုံးဆယ် ကျော်ခန့် ခံ့ညားသားနားသော ထွားထွားမြင့်မြင့် ဘိုက မိမိကို နှောင့်ယှက်ရန် လာတဲ့ ကောင်မလေးပဲဟု အတွေး ရောက်ကာ မျက်နှာခပ်တင်းတင်းနှင့် ကြည့်လေ၏ ။ မေမေစောက မထွေးကို ပျူပျူငှာငှာ -

“ လာပါ ထိုင်ပါ ၊ ညည်းတို့ ဘယ်မှာ နေကြသလဲ ၊ ဘာဖြစ်လို့ ခဏခဏ မလာသလဲ ၊ အခု လာပုံထူးတယ် ၊ ဘယ်လိုကိစ္စလဲ မေ့ကို ပြောစမ်း ” ဟုပြောကာ ကုလားထိုင်ကို ပြလေရာ ဘိုသည် ပြုံးချိုလျက် မထွေးကို ကြည့်၍ ခေါင်းညိတ်လေ၏ ။

မေမေစောသည်ကား သူဌေးကတော် မမြမေ မသေမီက ဒေါ်မြမေနှင့် အကြောင်းပြုကာ ဥပုသ်ဇရပ်မှာ အသိဖြစ်ခဲ့ကတည်းက မျက်မှန်းတန်းမိခဲ့သော်လည်း မထွေးမှာ ဂုဏ်ရည် မတူသဖြင့် ဝင်လားထွက်လား မလုပ်ရဲဘဲ နေခဲ့လေ၏ ။

“ မာရဲ့လား ၊ ဘယ်လိုကိ စ္စလဲ ၊ ညည်းယောက်ျားကော ” 

“ ကျွန်မ ယောက်ျားရော ၊ ကျွန်မရော မာပါတယ် ။ အခုလာတာကတော့ ကျွန်မယောက်ျားအတွက် မေမေစော တတ်နိုင်ရင် ကူညီပေးဖို့ ကျွန်မ တောင်းပန်ဖို့လာတာပဲ ။ မေမေစောယောက်ျားကလည်း ကျွန်မယောက်ျား အလုပ်လုပ်တဲ့တိုက်က သူဌေးကြီး ဖြစ်တယ်လို့ ကျွန်မ ကြားတာနဲ့ လာခဲ့ပါတယ် မေမေ ” 

ဟု ပြောလေရာ မေမေစော၏ မျက်နှာသည် ဝင်းထိန်၍ လာလေ၏ ။ ဘိုကြီး၏ မျက်လုံးများမှာ အရောင်လက်ကာ မထွေးကို အံ့အားသင့်သော အမူအရာ ၊ ရွှင်ပျသောလက္ခဏာနှင့် ကြည့်လေ၏ ။ မထွေး သည်ကား မည်သူ့ကိုမှ မကြည့်ဘဲ ခေါင်းကလေး ငဲ့ကာ လည်ကလေးကို တွန့်ကာ ရှိုက်ကာ ရှိုက်ကာ အသက်ရှူ၍ အားယူကာ မိမိ၏ ထီးကို လက်နှစ်ဖက် ကြားမှာ ထားပြီး ထီးရိုးလုံးလုံးကလေးကို ပွတ်ကာသတ်ကာ ထိုစကားများကို ပြော၍ နေလေရာ ဘိုကြီးနှင့် မေမေစောမှာ စကား မပြောဘဲ တစ်ယောက်ကို တစ်ယောက် မျက်စောင်းထိုးကာ မချိုမချဉ် ကြည့်၍နေကြလေ၏ ။

ဘိုကြီးသည်ကား ကြည်နူးသော မျက်နှာနှင့် စီးကရက်ကိုဖွာကာ ထိုင်ရာမှ ထပြီး မနီးမဝေး ပြတင်းပေါက်ကို သွား၍ လက်ကို နောက်သို့ ပစ်လျက် ခြံထဲကို ကြည့်၍ နေလေ၏ ။

“ ညည်းယောက်ျားနာမည် ဘယ်သူလဲ ၊ မောင်ထွန်း ဘသူ ဆိုလား ” 

“ ကိုထွန်းမြိုင်ပါ မေမေရဲ့ ၊ ကျွန်မနဲ့ အကြောင်းပါတာ အခါလည် ရှိပါသေးတယ် ။ ကျွန်မတို့မှာ ဘာမှ ပစ္စည်း မရှိဘူး ၊ သူ့မှာလည်း မိဘ မရှိ ၊ ကျွန်မ မိဘလည်း မချမ်းသာဘူး ၊ ဒီအတွက် ကျွန်မတို့မှာ သိပ်ပြီး ဒုက္ခဖြစ် နေပါတယ် ။ မေမေစော ကယ်နိုင်မှာပဲ ” 

“ မေမေ ဘယ်လို ကယ်ရပါ့မလဲ ၊ မေမေ ဘယ်နည်းနဲ့ ကယ်နိုင်မယ် ထင်သလဲ ” 

“ မေမေစောယောက်ျားကို မေမေစော ပြောရင် ငြင်းမှာမဟုတ်ပါဘူး ။ မေမေစော မကယ်ရင် ကျွန်မတို့ သိပ်ပြီး ဒုက္ခရောက်ရတော့မှာပဲ ” 

“ သူ့မှာ ဘာအပြစ်ရှိသလဲ ” 

“ ဘာအပြစ်မှတော့ မရှိပါဘူး ၊ မေမေစော ယောက်ျားက သူတစ်ပါး တိုက်တာနဲ့ အထင်လွဲတာပါ ”  

ဘိုသည် နောက်ကို လျင်မြန်စွာ လှည့်ကြည့်ပြီး ပြန်၍ လှည့်သွားလေ၏ ။ ထို့နောက် စီးကရက်ကို ပြုံးလျက်ဖွာကာ စီးကရက်ထိပ်က ပြာကို မှုတ်၍ နေလေ၏ ။ 

“ အခု ကျွန်မယောက်ျား အလုပ် လည်ရှာတာ ဘယ်မှာမှ မရတာနဲ့ နက်ဖြန်ကာ ကျွန်မ တောကို ပြန်တော့မယ် ၊ ဒီမှာ အိမ်လခတွေ ဘာတွေနဲ့ နေရင် ဝန်လေးဖို့သာ ရှိပါတယ် ၊ မေမေ ဩဇာရှိပါလိမ့်မယ် ၊ ကျွန်မတို့မှာ အားကိုးရာမဲ့နေ ဖြစ်ပါတယ် ” 

“ သူ ဘယ်ဘက်က လုပ်သလဲ ” 

“ စာရင်းကိုင်စာရေးကြီးပါ ။ အင်မတန် တော်ပါတယ် ၊ စာအရေးအသားမှာလည်း အင်မတန် ကောင်းပါတယ် ၊ အရင် ဒီတိုက်မှာ စာပေးစာယူဘက်က လုပ်ခဲ့ဖူးပါတယ် ” 

ထိုအခါ ဘိုကြီးက လှည့်၍ကြည့်ကာ “ အို ထွန်းမြိုင်က စာရေးတတ်ပြီလား ” 

ထိုအခါ မြန်မာစကား နားမလည်ဘူး မှတ်ထင်ရသော ဘိုကြီးက မြန်မာလို ပြောသောအခါ မထွေးသည် အံ့အားသင့်လျက်

“ ရေးတတ်ပါတယ် သခင် ၊ သူ့အကြောင်းကို စုံစမ်းကြည့်ရင် သိနိုင်ပါတယ် ” 

“ ကောင်းပြီ ၊ ကျွန်ုပ် စုံစမ်းကြည့်မည် ” ဟုပြောပြီး မေမေစောအား ထွန်းမြိုင် ဒီလို ဒုက္ခတွေ့လိမ့်မယ် မထင်လို့ မိမိ ထုတ်ပစ်လိုက်ကြောင်းကို ဘို အာလိပ်ဇန်ဒါ က ပြောပြလေသည် ။

မေမေစောက မြန်မာဘာသာဖြင့်

“ အလိုက် ( ကစ ) မင်း ဒီလိုလုပ်တာ ဘာကောင်းသလဲ ၊ ကြည့်စမ်း သည်မိန်းမကလေး ဘယ်လောက် ဒုက္ခများနေသလဲ ။ မသနားဘူးလား ၊ သူ့ယောက်ျားကို အလုပ် ပြန်ပေးလိုက်ပါ ” 

“ မစော ၊ ကျွန်ုပ် စိတ်မဆိုးပါဘူး ။ ကျွန်ုပ် မှားသွားပြီ ။ အများကြီး စိတ်မကောင်းဘူး ဖြစ်သည် ။ မစောက အလုပ် ပြန်ပေးရမည် ဆိုလျှင် မနက်ဖြန်ခါ လာပါစေ ၊ အလုပ် ပြန်ရမယ် ၊ မစော မျက်နှာကို ထောက်လို့ အလုပ်ကို ပြန်ပေးမည် ” ဟု ပြုံးရွှင်သော မထွေးအား ခေါင်းညိတ်၍ ပြောလေ၏ ။

ထို့နောက်တစ်ဖန် မေမေစော အား အင်္ဂလိပ်စကားဖြင့် “ မစော မင်း တစ်ခုပါပဲ ၊ မင်း ကောင်းရင် ကောင်းတာပဲ ၊ မင်း ဆိုးရင်ဆိုးတာပဲ ၊ အခုလည်း မင်း မျက်နှာကြောင့် ငါ ဒီမိန်းမကလေး၏ ယောက်ျားကို အလုပ်ပြန်ပြီး သွင်းရတော့မယ် ၊ ကျုပ်အလုပ်တိုက်မှာ ပျက်စီးသွားသော် ကိစ္စမရှိဘူး ၊ မစော ကျုပ်ကို ဆိုးတဲ့လူတစ်ယောက် ဖြစ်တယ်လို့ မထင်ရင် တော်ပါပြီ ၊ ဒီတော့ မစောက အလုပ် ပြန်ပေးပါဆိုတဲ့အတွက် ထွန်းမြိုင် ကို အလုပ် ပြန်ပေးရပါတော့မယ် ၊ ဒီတော့ မစော စကားကို ကျုပ် နားထောင်သလို ဒီမိန်းမကလေး ပြောတဲ့ စကားကိုလည်း မစော သဘောကျလိမ့်မယ် ထင်ပါတယ် ။ သူ့ပါးစပ်ကို မြန်မာဖူးစာနတ်က စီးပြီး ပြောတာလို့ မစော မယုံကြည် ဘူးလား ” ဟု ပြောသောအခါ မေမေစောသည် ပြုံး၍ နေလေ၏ ။

ထို့နောက် မေမေစောသည် မထွေးအား “ အေး ... မထွေး ၊ ညည်း ယောက်ျားကိုသာ ဝမ်းမြောက်စရာ သတင်းကောင်းကို ပြန်ပြီးပေးပေတော့ ၊ အခု လခ ဘယ်လောက်လဲ ” 

“ ကျွန်မယောက်ျား တစ်ရာ့ငါးဆယ် ရပါတယ် ”  

“ ဘယ်လောက်ကြာပလဲ ” 

“ ခုနစ်နှစ် ရှစ်နှစ်လောက် ရှိပါပြီမေမေ ”  

“ စာရင်းကိုင် ကောင်းကောင်းတတ်သလား ”  

“ တိုက်မှာ အလုပ်လုပ်သမျှ လူတွေဟာ အခက်အခဲဆိုရင် ကျွန်မ ယောက်ျားကို လာလာပြီး မေးကြရပါတယ် ” 

မေမေစောသည် အာလိပ်ဇန်ဒါ ကို ကြည့်ကာ အင်္ဂလိပ်ဖြစ်ရင် သည်လို စာရင်းကိုင်မျိုးကို လခဘယ် လောက်ပေးမလဲဟု မေးလေ၏ ။

“ ဘာဖြစ်လို့လဲ ၊ လေးရာ ငါးရာလောက်တော့ ပေးရမှာပေါ့ ” 

“ ဒီလိုဖြင့် ကွာလှချည်ကလား ၊ မြန်မာလူမျိုးက ညံ့လို့လား ” 

“ ညံ့တော့ မညံ့ပါဘူး ၊ သို့သော်လည်း .. ”  

“ သို့သော်မလဲပါနဲ့ ၊ မင်းတို့ လုပ်တာ မတရားဘူး ၊ အခု အများကြီး စိတ်ညစ်ရအောင် လုပ်တဲ့ အတွက် လခ တိုးပေးဖို့ ကောင်းတယ် ” 

“ မစော ပြောရင် ကျုပ်ပေးမှာပဲ ၊ ဘယ်လောက် ပေးစေချင်သလဲ ” 

“ ၃ဝဝလောက် မပေးနိုင်ဘူးလား ၊ သုံးရာ မများပါဘူး ၊ ဘို ထက်တော့ သက်သာသေးတာပဲ ”  

“ နေပါဦးလေ ၊ တဖြည်းဖြည်းပေါ့ ၊ ကိုင်း ၂ဝဝ ယူပါစေ ၊ ကျုပ်တစ်ယောက်တည်း အလုပ် မဟုတ်ဘူး ၊ နောက်ကို ကျုပ် ကြည့်ပေးပါမယ် ၊ အခု ၂ဝဝ ယူပါစေဦး ” ဟု ပြောလေရာ မေမေစောသည် မထွေးကို ဝမ်းမြောက်ဝမ်းသာ ကြည့်ပြီး

“ ညည်း လာတာ ရက်ကောင်းနေ့ကောင်းကို ရွေးလာတာပဲ ၊ လခ ၂ဝဝ နဲ့ နက်ဖြန် အလုပ်ဝင်ရမယ်လို့ ညည်းယောက်ျားကို ပြန်ပြီးပြောတော့ ညည်းယောက်ျား မျှော်နေလိမ့်မယ် ပြန်ပြန် ”  ဟု ပြောလေ၏ ။

အာလိပ်ဇန်ဒါ က မထွေးကို ပြုံးလျက် ကြည့်ကာ

“ မင်းက ရက်ကောင်းရော ၊ နာရီကောင်းရော ရွေးပြီးလာတာကိုး ၊ အများကြီး ကျေးဇူးတင်ပါတယ် ၊ စိတ်ချပြီး သွားပါတော့ ”  ဟုပြောလေလျှင်

မထွေးသည် ဝမ်းမြောက်အားကြီးသဖြင့် မွှန်ပြီး ကျေးဇူးတင်သော စကားကို မြန်မြန်ကြီး ထွေးလုံးရစ်ပတ် ပြောကာ အိမ်ပေါ်မှ အောက်ကို ရောက်မှန်း မသိ ၊ ဓာတ်ရထားကိုမှ မစောင့်နိုင်ဘဲ မြင်းရထားကို ခေါ်၍ စီးပြီး ဈေးမှ လှည့်ကာ ဆိုင်အမျိုးမျိုးသို့ ဝင်၍ ဝယ်ခြမ်းပြီး အိမ် အရောက် အမြန် သွားလေ၏ ။

မထွေးသည် အိမ်၌ ညနေစောင်းသောအခါ ပြတင်းပေါက်မှ ကုန်းကာ လှမ်းကာ မျှော်ရသဖြင့် အောက်သို့ ကျတော့မလို တစ်ခါနှစ်ခါ ဖြစ်လေ၏ ။ မောင်ထွန်းမြိုင် မပေါ်လာနိုင်သဖြင့် မငြိမ်မသက် ဖြစ်ကာ ထချည် မျှော်ချည် ဖြစ်၍ နေလေ၏ ။ မီးဖိုချောင် နှင့် အိမ်ရှေ့ခန်းကို ကူးချည်သန်းချည် နေလေ၏ ။ ညရထားနှင့် ခရီးသွားရန်ပြင်ဆင်ထားသည့် ပစ္စည်းများ ကို မိမိတို့၏ အသီးအသီး နေရာများ၌ ပြန်၍ ထားကာ အခါတိုင်းလို ခြေရာ လက်ရာ မပျက် ရှိစေလေ၏ ။

ထို့နောက် အတိုင်းမသိသော ကြီးမားသောဝမ်း မြောက်ခြင်း အရသာကို ခံစားကာ ပက်လက်ကုလားထိုင်တွင် လှန်၍ နေလေ၏ ။

ထိုအခိုက်တွင် မောပန်းလေးလံစွာ တက်၍လာသော နှေးသောခြေလှမ်းကို ကြားရလေလျှင် အိပ်ပျော် ဟန်ဆောင်၍ နေလေ၏ ။

ထွန်းမြိုင်သည် တံခါးကို တွန်း၍ ဖွင့်ပြီး ဝင်လာရာ မထွေးသည် ကုလားထိုင်ပေါ်၌ အိပ်နေသည်ကို တွေ့ရသဖြင့် ခြေဖျားထောက်ကာ နင်းပြီး ခုတင်ပေါ်၌ ထိုင်ကာ မောမောပန်းပန်းနှင့် ဖိနပ်ကို ချွတ်လေ၏ ။

မထွေးသည် မျက်လုံးဖွင့်ကာ ကြည့်၍ နေပြီး

“ ဪ .... ကိုထွန်းမြိုင် ပြန်လာတာတောင် ကျွန်မ မသိဘူး ၊ ညက မအိပ်ရတာနဲ့ မေ့ခနဲပျော်သွားတယ် ၊ ဘယ့်နှယ်လဲ ” 

“ မဟန်ပါဘူးကွယ် ၊ မင်း ပြင်ပြီးပြီလား ”  

“ ကျွန်မတော့ ပြင်ပြီးပြီ ၊ အသင့်ပဲ ” ဟု ပြောကာ မီးဖိုထဲ ဝင်လာပြီး အဝတ်ဖြူဖြူ အုပ်ထားသော စားပွဲခင်းကို ယူလာပြီး အိမ်ရှေ့ခန်းစားပွဲပေါ်၌ တင်လေ၏ ။

ထွန်းမြိုင်သည် မချိုမချဉ်မျက်နှာနှင့် မိမိ၏ မယား လုပ်ကိုင်တာကို ကြည့်၍ နေလေ၏ ။
 
တစ်ဖန် မီးဖိုထဲကို မထွေး ပြန်ဝင်ပြီး စက္ကူထုပ်ကြီး တစ်ခုကို ယူလာသောအခါ ငါ့မိန်းမ စိတ်များ နောက်သလား ဟု တွေးကြောက်သော ကြည့်နည်းမျိုးဖြင့် ကြည့်၍ နေလေ၏ ။

အိမ်ရှေ့ခန်းမှ နေ၍

“ ကိုထွန်းမြိုင် လာလေ ၊ ပြင်ပြီးတာ ကြာလှပြီ ၊ ကျွန်မ မျှော်နေတယ် ။ လာလာ အမောပြေကလေး ” ဟု ပြော၍ ခေါ်လေရာ မိမိမယားကို မမှတ်မိသောနည်းမျိုး ဖြင့် လည်းကောင်း ၊ ဆေးဆရာသည် လူမမာကို ကြည့်သကဲ့သို့ လည်းကောင်း ၊ အပြင်သို့ ထွက်လျက် မျက်လှည့်ဆရာ လုပ်တာကိုင်တာကို စူးစိုက်စွာ ကြည့်သကဲ့သို့ လည်းကောင်း စားပွဲကို ကြည့်လျက် အုပ်၍ ထားသော အဝတ်အောက်မှ မြွေထွက်၍ ပေါက်လေမလားဟု တွေးတော ကြောက်ရွံ့သကဲ့သို့ ကပ်ကာ မတော်တဆ မြွေများ ထွက်၍ လာလျှင် နောက်သို့ ကပျာကယာ ဆုတ်တန် ဆုတ်ရတော့မှာ လိုလို မရဲတရဲ ရပ်၍ နေလေ၏ ။ 

“ ထိုင်ပါ ကိုထွန်းမြိုင်ရဲ့” ဟု ဧည့်သည်ကို အားပေးသလို မထွေးက ပြောမှ ကုလားထိုင်မှာ ထိုင်ပြီး မထွေး တစ်လှည့် ၊ စားပွဲ တစ်လှည့် အပြန်အလှန် ကြည့်လျက် နှာခေါင်းရှုံ့ကာ ရှုံ့ကာ ရှူ၍ နေလေ၏ ။

မထွေးသည် ထွန်းမြိုင်၏ အနီး၌ထိုင်ကာ အဝတ်ကို လှန်လိုက်လေလျှင် ပခြုပ်ထဲ ပါးပြင်ထောင်သော မြွေကို ထိတ်လန့်စွာမြင်ရသလို ဖြစ်ပြီး မျက်လုံးပြူး ပါးစပ် ဟလျက် စိုက်၍ ကြည့်နေလေ၏ ။

မထွေးသည် ပြုံးလျက် ၎င်း၏ မျက်နှာကို ကြည့်နေလေ၏ ။ နောက် တစ်မိနစ်လောက် ကြာမှ ထွန်းမြိုင် သည် မော့ကာ ကြီးစွာသောရာဇဝတ်မှုကို မထွေး ပြုမိသကဲ့သို့ ကြည့်ပြီး မထွေးဟု တစ်ခွန်းတည်းခေါ်လိုက် လေ၏ ။

အကြောင်းမူကား စားစရာ သောက်စရာ ယိုဘူး ထောပတ် ၊ ဘီစကစ်ချီစာမုန့် ၊ ဝက်ပေါင် ၊ သိုးသား သေတ္တာ ၊ ဝက်သားပေါက်ဆီ ၊ ကိုကိုး ၊ နို့ဆီ ၊ သကြား ၊ ပေါင်မုန့်များနှင့် သီးမွှေးငှက်ပျော ၊ သြဇာသီး ငါးလုံး ၊ ဒူးရင်းသီးများသည် အစားအသောက် ခြိုးခြံ၍နေသူကို ထိုးဟပ်ချင်စရာ မြူခေါ် ဖိတ်ကြား၍ နေလေသတည်း ။

ထို့နောက်မှ ရင်ကို ထုကာ ဟိုက် ... ငါ့မိန်းမ ရူးပြီဟု အောက်မေ့လျက် ဣန္ဒြေနှင့် ကိုကိုးဖျော်နေသော မထွေး၏ မျက်နှာကို အသေအချာ ကြည့်လေ၏ ။

မထွေးသည် ၎င်း၏ ခွက်ထဲသို့ လက်ဖက်ရည် ငှဲ့၍ ထည့်ပြီး လျင်မြန်သွက်လက်သော လက်ကလေးများနှင့် ဓားကို ကိုင်ကာ မုန့်ကို ထောပတ်သုတ်၍ ပေးပြီး –

“ သောက်လေ ဘာငေးနေသလဲ ” 

“ နေပါဦး မထွေးရဲ့ ၊ မင်း ဘယ့်နှာတွေ လုပ်နေတာတုန်း ၊ အမယ် မင်း မင်း လုပ်ပုံတွေဟာ ဒုက္ခဖြစ်မယ့် အတတ်တွေပါကလား မိန်းမရဲ့ ” 

“ အို ... စားသာ စားပါဆို ၊ ဘာတွေ လျှောက်ပြောနေပါလိမ့်မတုန်း ၊ ကျွန်မကို ရူးတယ်မှတ်လို့ ကြည့်နေတာလား ၊ ကျွန်မတို့ သူတော်ကောင်းမို့ နတ်လာပြီး မတယ် ကိုထွန်းမြိုင်ရဲ့ ” 

“ ဟင် ... ဘယ့်နှယ်ဖြစ်တာတုန်း ၊ ပြောစမ်းပါဦး ” 

ဟု ပြောသောအခါ 

“ ကျွန်မ တောကို မပြန်ရတော့ဘူး ” 

“ ဘာဖြစ်လို့လဲ ” 

“ ကိုထွန်းမြိုင် လခတိုးလို့ ” 

“ ဘယ်လို တိုးတာလဲ မိန်းမရဲ့ ၊ စိတ်ညစ်ရတဲ့ အထဲမှာ နောက်အောင် ရူးအောင် မလုပ်ပါနဲ့ဦးကွဲ့ ”

“ အို ... ဘယ်က ရူးရမှာတုန်း ၊ ကိုထွန်းမြိုင် သူဌေးဆီကို ကျွန်မ တစ်နေ့လုံး သွားနေတယ် ။ ခုတင်ပဲ ပြန်လာခဲ့တယ် ။ ကျွန်မ ပြောတာနဲ့ ရှင့်ကို အလုပ် ပြန်ပြီးလက်ခံတယ် ၊ လခလည်း ၅၀ တိုးတယ် ။ အဲဒါ နက်ဖြန် အလုပ် ပြန်ဝင်ရမယ် ” 

“ မင်း တစ်နေ့လုံး သွားနေတယ် ၊ ဘယ်နည်းနဲ့ မင်း သူ့ကို ပြောလို့ရသလဲ ၊ မထွေး မင်း ငါ့ကို ညာသလား ”

“ မညာပါဘူး ကိုထွန်းမြိုင်ရဲ့ ၊ အဟုတ်ပါ ။ ဒါကြောင့် ကိုထွန်းမြိုင် ပြန်လာရင် ဆာလာလိမ့်မယ်လို့ ထင်တာနဲ့ ညလည်းလေ ဝမ်းသာအားကြီးတာနဲ့ ချက်ပြုတ်အားတော့မှာ မဟုတ်ဘူးလို့ တွေးပြီး ညစာပါ အကုန် ဝယ်လာခဲ့တယ် ” 

“ မင်း ဘယ်နည်းနဲ့ သူ့ကို နားဝင်အောင် ပြောနိုင်သတုန်း ” ဟု စားပွဲကို ထုကာ ပြောလေ၏ ။

ထိုအခါ အကျိုးအကြောင်းကို စီကာပတ်ကုံး ပြော၍ ပြလေ၏ ။ စကားဆုံးသောအခါ ထွန်းမြိုင်သည် အူကို နှိပ်၍ ရယ်ပြီး

“ သူတို့ လင်မယား မဟုတ်ဘူးကွဲ့ ၊ သည်အကောင် ငါ့ကို ထုတ်ပစ်တဲ့ ဘိုပဲ ၊ မေမေစောကို သူ ပိုးနေတယ် ။ မင်းက သူတို့ကို တမင်သက်သက် သွားပြီး ပေးစားတာပေါ့လေ ၊ ဘိုက သဘောကျနေမှာပေါ့ကွဲ့ ၊ အဲဒါကြောင့် နေရာကျခဲ့တာ ” ဟု ပြောပြီး

“ အေးဟေ့ ငါတို့ သတိမရဘူး ၊ ဒီဘို မေမေစောကို ပိုးနေတာ ငါအသိသား ၊ မေမေစော နဲ့ မင်းနဲ့ သိတယ်ဆိုတာကိုလည်း ငါ အသိသား ၊ သတိကို လုံးလုံး မရလို့ ငါတို့ ပူနေတာကလား မိန်းမရဲ့ ၊ သြော် ... တကယ့် မိန်းမ ၊ ဇမ္ဗူမှာ နှစ်ယောက် မရှိတဲ့ မိန်းမကွဲ့ ” ဟု ပြောကာ မထွေးကို ပွေ့၍ ယုယလေ၏ ။

ထို့နောက် ပျော်ရွှင်စွာ စားကြလေ၏ ။ နောက် ရက်ပေါင်းများမကြာမီ ထွန်းမြိုင်၏ အလုပ်ခန်းသို့ အာလိပ်ဇန်ဒါ ဝင်၍ လာပြီး “ ဒါမင်းတို့ အတွက် စပါယ်ရှယ်ဖိတ်စာ ” ဟူ၍ မင်္ဂလာဆောင်ဖိတ်စာကို ပေးလေသတည်း ။

 ▢  ပီမိုးနင်း
📖 ဗြိတိသျှဘားမား မဂ္ဂဇင်း
     ဇူလိုင် ၊ ၁၉၂၇

No comments:

Post a Comment