❝ အခမဲ့ ဆေးရုံ ❞
( ယုယ )
လူသုံးဦး စကား ပြောနေကြသည် ။ တစ်ဦးမှာ အသက် ငါးဆယ်ကျော် အရွယ် ၊ ထိပ်အနည်းငယ် ပြောင်သယောင်ယောင်ရှိသည့် ဦးထွန်းသူ ဖြစ်ပြီး နောက်တစ်ဦးမှာ အသက်လေးဆယ် အရွယ် ၊ သန်တုန်းမြန်တုန်း ကိုမြဒင် ဖြစ်သည် ။ နောက်တစ်ဦးက စကား ပြောရာတွင် စဉ်းစဉ်းစားစားနှင့် ပြောတတ်သူ အသက် ခြောက်ဆယ်ကျော်အရွယ် ဆံပင် တစ်ခေါင်းလုံး ဖြူနေသည့် ဦးသက်တင် ဖြစ်သည် ။
သူတို့ သုံးယောက် ဒီစကားဝိုင်းကို စတင်ခဲ့သည်မှာ တစ်နာရီ နီးပါး ရှိပြီ ဖြစ်၏ ။ အခုထိ ငြင်းဆဲ ခုံဆဲပင် ။ ဆုံးဖြတ်ချက် ကတော့ အတည် မဖြစ်သေးပေ ။
“ ဒီမှာ ဒီမှာ အရေးကြီးတဲ့ တစ်ချက်ကို ထည့်ဖို့ မမေ့နဲ့ဦး ” ဟု အဘဦးသက်တင် က ဆိုတော့ လုပ်ဆောင်ရမည့် အချက်များကို စာအုပ်ထဲတွင် ချရေးနေသည့် ကိုမြဒင် က ရေးရန် အသင့် အနေထားဖြင့် ဦးသက်တင် ဘာပြောမလဲ ဆိုတာကို နားစွင့်နေ၏ ။ ဦးသက်တင်က စကား ပြောရာတွင် တိတိကျကျနှင့် တွေးတွေးဆဆ ပြောတတ်သူ တစ်ဦး ဖြစ်သည် ။
“ ကိုယ်ပိုင်ကား မရှိတဲ့ သူတွေ အတွက်က ကား လိုတယ်ဗျ ၊ နောက်ပြီး ဒီလောက် လမ်းကျပ် ၊ ကားကျပ်တဲ့ အနေထားမှာ ဆေးရုံကားက မရှိ မဖြစ်ပဲ ။ ဆေးရုံကားပါ စီစဉ်ပေးထားမှ ကျုပ်တို့ ဆေးရုံက One stop service ဖြစ်မှာ ဟုတ်တယ် မဟုတ်လား ”
ဟု အဘ ဦးသက်တင်က ပြောတော့ ဦးထွန်းသူ က ခေါင်းတညိတ်ညိတ် လုပ်ကာ ထောက်ခံသည် ။ တစ်ဆက်တည်းမှာပင် ရေးမှတ်နေသည့် ကိုမြဒင်ဘက်သို့ လှည့်ကာ -
“ ကဲကဲ မောင်မြဒင်ရေ ဆေးရုံကား သုံးစီး အဲ ... အဲ လိုရမည်ရ ဆေးရုံကား ငါးစီး ထည့်ထားလိုက်ကွာ ၊ ဘေးမှာ မှတ်ချက်နဲ့ ဓာတ်ဆီ အမြဲ ဖြည့်ထားရန်လို , လို့ ရေးထားလိုက် ”
ဟု ဦးထွန်းသူက ကိုမြဒင်ကို ရေးမှတ်ခိုင်းသည် ။ ကိုမြဒင်က ခပ်မြန်မြန် ရေးမှတ်လိုက်ပြီးမှ သူ့အမြင်ကို ဝင်ရောက် ဆွေးနွေးပြန်သည် ။
“ ဆေးရုံကားကတော့ ဟုတ်ပါပြီ ၊ အဘတို့ ဆေးရုံမှာ ဓာတ်လှေကား တပ်ဖို့ အစီ အစဉ်ရှိတယ် မဟုတ်လား ၊ ဓာတ်လှေကားကို လူစီးဖို့နဲ့ လူနာခုတင် , တင်ဖို့ သတ်သတ်စီတော့ လုပ်ပေးသင့်တယ် ထင်တာပဲဗျာ ”
ကိုမြဒင်၏ ဝင်ရောက် ဆွေးနွေးချက်ကို အဘ ဦးသက်တင် က -
“ ဟ , မထည့်လို့ ရမလား ၊ တချို့ အစိုးရ ဆေးရုံတွေမှာဆို ဓာတ်လှေကားကို လူနာသာ စီးရန်တို့ ၊ ဆေးရုံ ဝန်ထမ်းများသာ စီးရန်တို့ ကပ်ထားတာလေ လူနာရှင်တွေခမျာ စိတ်ပင်ပန်း ၊ လူပင်ပန်းရတဲ့ ကြားထဲ လှေကားနဲ့ ချည်း အတက်အဆင်း လုပ်ရတာ ဘယ်လောက် ဒုက္ခရောက်လဲ ”
ဟု ချက်ချင်းပင် ထောက်ခံသည့် စကားဆို၏ ။ တစ်ဆက်တည်းမှာပင် သူတို့ ၏ ကုန်ကျမည့် စာရင်းထဲတွင် ဓာတ်လှေကားဖိုး သိန်း ထောင် ဂဏန်းကို ပေါင်း ထည့်လိုက်၏ ။ သူတို့ ပြောပုံ အတိုင်းဆိုလျှင် သူတို့ ဆောက်မည့် ဆေးရုံက မနည်းမနော ကုန်ကျမည် ဖြစ်သည် ။ သို့သော် သူတို့ကို ကြည့်ရသည်မှာတော့ နည်းနည်းလေးမျှ နှမြောတွန့်တိုခြင်း မရှိချေ ။
“ မောင်မြဒင်ရေ တစ်ချက်လေး သတိရတုန်း ထည့် မှတ်စမ်းပါဦးကွာ ၊ အဘက အသက်ကြီးတော့ မေ့သွား မှာ စိုးလို့ ။ အချို့ ဆေးရုံတွေမှာလို လူနာတင်လှည်းတွန်းခ ၊ လူနာဝှီးချဲတွန်းခ အပြင် အခြား ဘာဖိုးညာဖိုးမှ တောင်းခြင်း မပြုပါ ဆိုတဲ့ ကတိဝန်ခံချက်နဲ့မှ ဆေးရုံအလုပ်သမား အဖြစ် ခန့်မယ် ဆိုတာလေး တေးထားစမ်းပါကွာ ။ ငါတို့ ဆေးရုံကလည်း လစာကောင်းကောင်း ပေးမယ့် အကြောင်း မှတ်ချက်လေး ထည့်ရေးဦးနော် ”
ဟု အဘဦးသက်တင် က ပြောတော့ ဦးထွန်းသူ က သဘောကျသဖြင့် အသံထွက်အောင် ရယ်တော့သည် ။
ပြီးနောက် သူ့ အတွေ့ အကြုံကိုပါ တစ်ဆက်တည်း ဝေမျှ၏ ။
“ ကျုပ်မြေးမလေး မွေးတုန်းကဆို တစ်ထောင်တန်အုပ်ကို လဲထားရတယ် ။ ရော့ .. တစ်ထောင် ၊ ရော့ ... တစ်ထောင်နဲ့ အလှူပေါ့ကွာ ”
ဦးထွန်းသူက ပြောရင်း သူ့ အိတ်ကပ်ထဲက တစ်ခုခုကို နှိုက်လိုက်သည် ။ ပြီးမှ ခေါင်းခါပြီး ပြုံးသည် ။ သောက်နေကျ ဆေးပေါ့လိပ်ကို ရှာခြင်းဖြစ်ပြီး တကယ် တမ်းတော့ သူ့ အိတ်ကပ်ထဲတွင် ဆေးလိပ် မဆိုထားနှင့် မီးခြစ်တောင် မပါချေ ။ အကျင့် ဆိုတာလည်း ဖျောက်ရ ခက်သားလား ။ ဦးထွန်းသူ သူ့အာရုံနှင့် သူ အလုပ်ရှုပ် နေတုန်း အဘဦးသက်တင် က ဆေးရုံနှင့် ပတ်သက်ပြီး သူ မကြိုက်သည့် အချက်ကို ပြောပြန်၏ ။
“ ဆေးရုံမှာ မရှိတဲ့ ဆေးတွေ အပြင်မှာ သွားသွား ဝယ်ရတာလည်း ကျုပ်ဖြင့် တယ်သဘော မကျဘူးဗျာ ။ ပိုက်ဆံ မရှိလို့ လာပါတယ် ဆိုမှ ဆေးထပ်ဝယ် ဆိုတော့ ပေါင်မုန့် မရှိ ကိတ်မုန့် စားပါလား ဆိုတဲ့ စကားလို ဖြစ် နေပြီ ၊ မောင်မြဒင် အဘကို စာအုပ် ပေးစမ်းကွာ ”
အဘဦးသက်တင်က ကိုမြဒင် မှတ်လက်စ စာအုပ်ကို ဆွဲယူပြီး စိတ်မြန်လက်မြန် သူ့ဘာသာ ကောက်ဖြည့် သည် ။ သူ ဖြည့်ထားသည့် စာကို သူ့ဘာသာ ကြည့်ပြီး ကျေနပ်သွား၏ ။ ဆေးရုံသို့ လာရောက် ကုသသူများသည် ရောဂါမှ လွဲ၍ မည်သည့် ငွေကြေး ၊ ပစ္စည်းမျှ ယူလာရန် မလို ။ ကျွန်ုပ်တို့ ဆေးရုံမှ သင့်အား အကုန် တာဝန်ယူမည် ။
စာကို အသံထွက် ဖတ်ရင်းက တစ်ဆက်တည်း စကားဆက်ပြန်သည် ။
“ အဲဒီစာကို ဆေးရုံရှေ့မှာ ထောင်ထားကွာ .. ဒီလို လုပ် ၊ အခုခေတ် သုံးသုံးနေတဲ့ ကြော်ငြာဘုတ်လို ဟာလေးလေ ၊ အဲဒီမှာ လူပုံကွာ ... ဆရာဝန်ဝတ်စုံနဲ့ မတ်တတ်ရပ်နေတဲ့ လူပုံ ထုတ်ပြီးရင် သူ ကိုင်ထားတဲ့ စာက စောစောက ကျုပ် ရေးထားတဲ့ စာ ဖြစ်ပါစေ ”
ကိုမြဒင်က လူကြီးနှစ် ယောက် ပြောနေသည်များကို တစ်သဝေမတိမ်း လိုက်နာမည့်သူ ပီပီ -
“ အဘတို့ အဲဒီဆရာဝန် လူပုံနေရာမှာ ဘယ်သူ့ကို ထည့်ရမလဲ ”
အဘဦးသက်တင် က ခေတ်နှင့် အဆက်မပြတ်သူ ပီပီ -
“ အင်း ... လောလောဆယ် ပရိသတ် အချစ်တော်ကွာ ၊ ကလေးတွေကို အခမဲ့ နှလုံးခွဲစိတ်ကုတာလား လုပ်ပေးနေတဲ့ ဆရာဝန် ၊ အဆိုတော် ချစ်သုဝေ ပုံကို လုပ်လိုက်ကွာ ၊ သူ့ဆီ ကတော့ ခွင့်ပြုချက် သွားတောင်းဦး ကြားလား ”
အဘ ဦးသက်တင်၏ စကားကို ဦးထွန်းသူ က အမှန်ပဲ ၊ အမှန်ပဲ ဟု ထောက်ခံသည် ။ ဦးသက်တင် ကတော့ ထောက်ခံလေ လိုအပ်မည့် အချက်လက်များကို ရှာဖွေလေ ဖြစ်သည် ။ အဘဦးသက်တင် မပြောခင် ကိုမြဒင် က တစ်ခုခုကို သတိရပြီး ကမန်းကတန်း ဝင်ပြောသည် ။
“ အဘတို့ ကျန်သေးတယ် ၊ ကျန်သေးတယ် ”
ရုတ်တရက် အသံ ကျယ်သွားသဖြင့် ဘေးဘီကို ကြည့်ပြီး ဦးထွန်းသူ က ကိုမြဒင် ကို တိုးတိုးဟု လှမ်းဟန့်သည် ။
ကိုမြဒင်က စောစောက ထက် လေသံကို လျှော့ပြီး -
“ ဆေးရုံတွေမှာဗျာ ကူးစက်ရောဂါ ရှိသူတွေကို နာ့စ် ငှားရင် နှစ်ဆ ၊ တချို့ ကုသစရိတ်တွေ ဆိုလည်း နှစ်ဆ ယူကြတယ် ။ တကယ်ဆိုဗျာ ကူးစက်ရောဂါ ဆိုတာလည်း ရောဂါပါပဲ ။ အဲဒီလို မခွဲခြားသင့်ပါဘူး ”
ဟု ဝမ်းနည်းဟန်ဖြင့် ဆို၏ ။ ဦးထွန်းသူ က -
“ ဒါက အထူးတလည် ထည့်စရာ မလိုဘူးလေ မောင်မြဒင်ရဲ့ ၊ ကျုပ်တို့ ဆေးရုံက အခမဲ့ဆေးရုံ ။ ဘာ ကုကု ပေးစရာ မလိုဘူး ၊ အကုန် အလကားကွာ ။ ရောဂါပဲ ယူခဲ့ပါလို့တောင် ချစ်သုဝေပုံ နဲ့ ဘုတ် ထောင်ထားပါမယ် ဆိုမှကွာ .. ”
ဟု ပြောတော့မှ ကိုမြဒင် က စိတ်ကျေနပ် သွားသဖြင့်ဘေးနားက ရေတစ်ခွက်ကို ငှဲ့သောက်လိုက်သည် ။ မတ် ခွက်မှာ သူ့နာမည် အတိုကောက် KMD လို့ တပ်ထား သည် ။ ကိုမြဒင်သည် သူ့ မတ်ခွက်ကို ခုံပေါ်သို့ ချ လိုက်ပြီး သူ စိတ်ပူသည့် ကိစ္စ တစ်ခုကို ထပ်တင်ပြပြန်၏ ။
“ အဘတို့ တစ်ခု သတိထားသင့်တယ်နော် ။ ချမ်းသာတဲ့ သူတွေက ပိုက်ဆံ နှမြောပြီး ကျွန်တော်တို့ အခမဲ့ဆေးရုံမှာ လာကုရင်ရောဗျာ ။ ဆင်းရဲတဲ့ သူတွေ အတွက် မနစ်နာဘူးလား ”
ကိုမြဒင်၏ စကားက နည်းနည်းတော့ စဉ်းစားရ ကျပ်စရာ ဖြစ်သည် ။ တကယ်ဆို သူတို့ သုံးယောက် တိုင်ပင် ထားသည့် အခမဲ့ ဆေးရုံသည် အယုတ်အလတ် အမြတ် မရွေး ကုသပေးသည့် ဆေးရုံ ဖြစ်သင့်၏ ။ ချမ်းသာသူများ မလာရဟု ဆိုင်းဘုတ် ထောင်ထားလို့လည်း မဖြစ်သေးပေ ။ ချမ်းသာသည် ဆိုခြင်းကို မည်သည့် ပေတံဖြင့် တိုင်း တာကြမည်နည်း ။ အချို့ လူများက စီးတော့ ကား အကောင်းစား ၊ နေတော့ တိုက်ကြီးတာကြီး သို့သော် လက်ထဲ ငွေမရှိ ၊ ဘဏ်ထဲ ငွေမရှိ ။ အကြွေးပတ်ချာ လည် ဝိုင်းနေသူများသာ ဖြစ်သည် ။ ထို့ကြောင့် တိတိကျကျ သတ်မှတ်ဖို့ရာ ခဲယဉ်းလှသည် ။ ဒီလိုအချိန်မျိုးတွင်တော့ သူတို့ နှစ်ယောက်ထက် ခေတ်မီသူ အဘ ဦးသက်တင် က -
“ ဒါများကွာ လွယ်လွယ်လေး ၊ အခုခေတ် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးတဲ့ သက္ကမိုးညိုတို့ ဘာတို့ကို သူတို့ ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် အခမဲ့ဆေးရုံ ဆိုပေမဲ့ ချို့တဲ့,တဲ့ လူနာတွေကို ဦးစား ပေးသင့်ကြောင်း ပိုစ့်တင်ခိုင်း လိုက်မှာပေါ့ကွာ ”
ဟု ဆို၏ ။ ကိုမြဒင်က ချက်ချင်းပင် -
“ ဟာ အဘ Social Influencer တွေက စာတစ် ပိုဒ်ကို ဘယ်လောက် ၊ Live လွှင့်ရင် ဘယ်လောက် ၊ ပွဲတက်ရင် ဘယ်လောက်လို့ တောင်းတာဗျ ။ ဒီတိုင်း ရေး ခိုင်းလို့ရမှာ မဟုတ်ဘူး ”
ဆိုကာ မသိမသာ ဝင် ငြင်းသည် ။ သူတို့ နှစ်ယောက် စကားကို ဦးထွန်းသူ က ဘာမှ ဝင်မပြောဘဲ နားထောင်နေ၏ ။
အဘဦးသက်တင် က လက်မခံဘဲ -
“ မောင်မြဒင် မင်းကလည်းကွာ ဆိုရှယ်မီဒီယာနဲ့ အဆက်မပြတ်စေနဲ့ကွ ။ သက္ကမိုးညိုရဲ့ Facebook wall ကို ငါ ဝင်ကြည့်ပြီးပြီ ။ သူက စီးပွားရေး ကြော်ငြာ အတွက်လို့ပဲ ပြောထားတာ ။ ငါတို့လို အခမဲ့ဆေးရုံ အတွက် ကတော့ အလကား Post တင်ပေးရုံ တင်မကဘူး သူ ကိုယ်တိုင်တောင် ဆေးရုံကို လာပြီး Live ကြော်ငြာပေးဦးမယ် ”
ဟု သူ့အမြင် မှန်ကန်ကြောင်း ချက်နှင့်လက်နှင့် ပြောတော့သည် ။ သူတို့ နှစ် ယောက်ငြင်းခုံနေစဉ် ဦးထွန်းသူ က သူ ပြောချင်တာလေး ရှိကြောင်း ဝင်ပြောသည် ။ သူ ပြောလာသည့် သူ့ဆန္ဒက ရိုးရှင်းသည် ။ သို့သော် တကယ် လိုအပ်သည့် အချက်ကလေးများပင် ဖြစ်၏ ။
“ ဒါနဲ့ ကျုပ်တို့ ဆေးရုံမှာ ကင်ဆာရောဂါကုဌာနလို နေရာမျိုးမှာ သီချင်းသံအေး အေးလေးတွေ ဖွင့်ပေးတာမျိုး ၊ ချာလီချက်ပလင်တို့ ၊ မစ္စတာဘင်းတို့လို ဟာသရုပ်ရှင်ကားတွေ အလှည့်ကျ ပြပေးတာမျိုး ၊ ကင်ဆာဝေဒနာကို အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်တဲ့ အနုပညာရှင်တွေထဲက သူတွေကို တစ်ပတ် တစ်ခါလောက် ဖိတ်ပြီး ဆွေးနွေးဝိုင်းလေးတွေ ၊ အားပေးစကားလေးတွေ ပြောတာမျိုးလည်း လုပ်သင့်တယ်ဗျ ။ ကင်ဆာဝေဒနာရှင် ဆိုတာ သေမိန့်ကျတဲ့ သူလို သူတို့ ကိုယ် သူတို့ သတ်မှတ်ထားကြတာ မဟုတ်လားဗျာ ”
ဟု ဦးထွန်းသူ က ဆွေးဆွေးမြည့်မြည့် ဆိုတော့ ဦးထွန်းသူ၏ အကြံပေးချက်ကို ကျန်နှစ်ယောက်လုံးက တစ်စက်ကလေးမှ မငြင်းဆိုဘဲ ချက်ချင်း လက်ခံလိုက်ကြသည် ။ ကိုမြဒင်က သူတို့ ပြောသမျှကို မှတ်ရင်း ကုန် ကျမည့် စရိတ်ကို တစ်ပြိုင်နက်တည်း တွက်ချက် နေပြန် သည် ။ ကုန်ကျသမျှငွေကြေးကို သုံးနှင့် စားပြီး သူတို့ သုံးယောက်က အချိုးကျ ထည့်ဝင်ကြမည် ဖြစ်သည် ။
“ ဒါနဲ့ နေဦး ၊ ကျုပ်တို့က လူနာ အတွက်ချည်းပဲ စဉ်းစားနေတာ လူနာရှင်တွေ အတွက်လည်း စဉ်းစားဦးမှ ဖြစ်မယ် ။ လူနာကို စောင့်ရင်း လူနာရှင်က ဗုန်းဗုန်းလဲတာ မြင်ဖူးတယ်ဗျ ”
ဟု အတွေ့အကြုံ အရရော အသက်အရွယ် အရပါ အကြီးဆုံးဖြစ်သူ အဘ ဦးသက်တင် က ဝင်သတိပေးသည် ။ စကားနည်းသော ဦးထွန်းသူ က -
“ ဒီလိုလုပ်ဗျာ ၊ ကျုပ်တို့ ဆေးရုံက လာသမျှ လူနာ အတွက် အမြဲတမ်း ရယ်ဒီ နာ့စ်တွေ ထားမယ်ဗျာ ။ ယောက်ျားလေး အတွက်ဆို ယောက်ျားနာ့စ် ၊ မိန်းမအတွက်ဆို မိန်းမနာ့စ်ပေါ့ ။ ဆေးရုံနာ့စ်တွေက အမြဲ ရယ်ဒီ စောင့်ပြီး တစ်လှည့်စီ လုပ်ပေးလိမ့်မယ် ။ အဲဒီအပြင် အိမ်က လိုက်လာတဲ့ လူနာစောင့် အတွက်လည်း လှဲလို့ပြုလို့ ရမယ့် ဆိုဖာခုံမျိုး တစ်ခုစီ ထားပေးမယ်ဗျာ ... ”
ဟု ထောင့်စေ့နေအောင် စဉ်းစားကာ ဝင်ပြော၏ ။ ဒါဆို ဆရာဝန်တွေ အတွက်က ရော ဟု ကိုမြဒင်က ဝင်ပြီး စောဒက တက်သည် ။
“ ဟ , ဆရာဝန် ကုပေးမှ လူနာက ကောင်းမှာ ၊ ဆရာဝန် ပျော်ရွှင်နေမှ လူနာလည်း စိတ်ချမ်းသာမှာ ၊ ဆရာဝန် အတွက်လည်း လုပ်ပေးရမှာပေါ့ မောင်မြဒင်ရ ။ ဆရာဝန်တွေ အတွက် စားသောက်ဆောင် ၊ နားနေဆောင်နဲ့ ရေမိုးချိုးဖို့ရယ် ၊ တစ်ရေးတစ်မော လှဲဖို့ရယ် ပြင်ဆင်ပေးထားမှ ဖြစ်မယ် ။ ဂျူတီကုတ် ကအစ အိမ်က ယူလာစရာ မလိုဘူးကွာ ဆေးရုံမှာ မီးပူထိုးပြီးသား ယူဝတ်ရုံကွာ ၊ အကုန် လုပ်ပေးမယ် ”
ကိုမြဒင်က သူ့စကားကို ထောက်ခံသဖြင့် ကျေကျေနပ်နပ်ကြီး သူတို့ မှတ်စု စာအုပ်တွင် ထည့်မှတ်လိုက်သည် ။ အောက်မှာ ကိုမြဒင် အကြံပေးသည်ဟု မှတ်ချက် ရေးရေးလေး ကောက်ရေး ထားလိုက်သေး၏ ။
ထိုစဉ် အဘဦးသက်တင် က ထိုင်နေရာမှ အနောက်သို့ အနည်းငယ် မှီလိုက်ပြီး သူ့ရင်ဘတ်ကို သူ ဖိသည် ။ ကိုမြဒင်က စ,ချင် နောက်ချင်သဖြင့် -
“ အဘက ဆေးရုံအတွက် ငွေကုန်တော့မယ် ဆိုပြီး ရင်ဘတ် ဖိတာလား ”
ဟု ဆိုတော့ အဘ ဦးသက်တင် က -
“ ဘယ်ကလာကွာ .. စကားပြောရတာ မောလို့ပါဟ ငါ့ကောင်ရ ”
ဆိုကာ ရယ်ရင်း ပြောသည် ။ ဦးထွန်းသူက သူတို့ နှစ်ယောက်ကို ကြည့်ပြီး သဘောကျနေ၏ ။ ဦးထွန်း သူက ချောင်းတစ်ချက် ၊ နှစ် ချက် ဆိုးရင်းက -
“ မောင်မြဒင် နေဦး ၊ တစ်ခုရှိသေးတယ် ၊ ဆေးရုံ ပတ်ဝန်းကျင်မှာ လူနာနဲ့ လူ နာရှင်တွေ လမ်းလျှောက် အညောင်းညာ ဖြေဖို့ ပန်းခြံလည်း လိုသေးတယ်နော် ။ လူနာနဲ့ လူနာရှင် ဆိုတာ ဆေးရုံတက်ပြီ ဆိုတာနဲ့ အပူ နဲ့ လာကြတာကွ ။ ဒီတော့ကွာ လမ်းလေးလျှောက် ၊ ပန်းပင်လေးဘာလေး ကြည့် ခဏ စိတ်အပန်းပြေအောင် နိုင်သလောက် လုပ်ပေးကြတာပေါ့ကွာ ”
ဆိုပြီး စကားကို မေ့မှာ စိုးသဖြင့် တရစပ် ပြောသွားသည် ။ ပြီးမှ အောင့်ထားသော ချောင်းကို ပြန်ပြီး ဆက် ဆိုးသည် ။ အဘ ဦးသက်တင် က -
“ ကဲပါကွာ ခဏ နားရအောင် ၊ လိုတာလည်း နောက်တော့ ဆက်ဖြည့်တာပေါ့ ”
ဟု သူ ကိုယ်တိုင်လည်း နားချင်သဖြင့် ဆွေးနွေးပွဲကို ခဏရပ်ရန် တောင်းဆိုလိုက် သည် ။ ဦးထွန်းသူ က သူ ပြောချင်တာလေး မပြောလိုက်ရ မရှိရလေအောင် -
“ ခဏလေး အဘ ဦးသက်တင် ကျွန်တော်တို့ အရေးကြီးဆုံး လုပ်ဖို့ ကျန် သေးတယ် ”
ဟု ဆိုတော့ ကျန်နှစ် ယောက်က ဘာလဲဟု စဉ်းစားသွားသည် ။ ထို့နောက် ဦးထွန်းသူ ကို ဘာဆက်ပြောလေမလဲ နှစ်ယောက်သား အပြိုင် ကြည့်နေကြသည် ။
“ နာမည်လေဗျာ ဆေးရုံ နာမည် ကျန်သေးတယ် ၊ အဲဒါကိုတော့ ဒီနေ့ ပြီးအောင် စဉ်းစားမှ ဖြစ်မယ် ။ ဘယ်အရာမှ တည်မြဲတာ မဟုတ်ဘူး ”
ဟု ဦးထွန်းသူက ဆေးရုံ နာမည်ကို အမြန် စဉ်းစားရန် တွန်းအားပေးသည် ။ ကိုမြ ဒင် ကလည်း အဝေးကို ငေး ရင်း စဉ်းစားနေသည် ။ အဘ ဦးသက်တင် ကလည်း ခေါင်း တညိတ်ညိတ်နှင့် တွေး၏ ။ ဦးထွန်းသူ ကလည်း ပါးစပ်က ရွတ်ကြည့်ရင်း စိတ်တိုင်း မကျသေးသဖြင့် ခေါင်းတခါခါ ဖြစ်နေပြန်သည် ။ ထိုစဉ် ဦးထွန်းသူ က တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် ပြောမည်ကြံစဉ် -
“ ကဲကဲ .. လူနာတွေ ကိုယ့် ခုတင် ကိုယ် နေကြ ၊ လူနာရှင်တွေ တစ်ယောက်ပဲနေ ။ မလိုရင် အပြင်ထွက် ၊ ဆရာဝန်ကြီး ခဏနေ လာမယ် ။ စောင်တွေလည်း ခြေရင်းမှာ ပုံမထားနဲ့ဦး ၊ သပ်သပ်ရပ်ရပ် ထားကြ ။ လိုမယ့်ဟာ ကြိုပြင်ထားကြနော် ။ ဆရာဝန် လာမှ ဟိုဟာဆွဲ ၊ ဒီ ဟာထုတ် မလုပ်ကြနဲ့ အချိန် ရှိတာ မဟုတ်ဘူး ”
ဆေးရုံ ဝန်ထမ်းတစ် ယောက်၏ ခပ်ကျယ်ကျယ် ၊ ခပ်ထန်ထန် အသံထွက် လာသဖြင့် သူတို့ သုံးယောက် လူ စုခွဲကာ ကိုယ့်ခုတင်ပေါ် ကိုယ် တက်ထိုင် နေလိုက်ကြသည် ။ သုံးယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးစိစိ လုပ်နေကြ၏ ။ အဆုတ်ကင်ဆာဝေဒနာသည် ဦးထွန်းသူက လက်မထောင် ပြကာ သူ ဆေးရုံ နာမည် ရပြီဖြစ် ကြောင်း အချက်ပြသည် ။ အသည်းရောဂါသည် ကိုမြဒင် က လက်ကို ဝိုင်းပြကာ အိုကေ ဟု ပြန်ပြောသည် ။ နှလုံးတွင် စတန့် ထည့်ထားသော အဘ ဦးသက်တင် ကတော့ သူ့ ခေါင်းအုံးအောက်က သူတို့ သုံးယောက် စပ်တူထိုးထားသည့် ထီလက်မှတ်လေးကို ထုတ်ပြကာ သိန်းတစ် သောင်းခွဲ ပေါက်မှာဟု လေသံ ခပ်တိုးတိုးဖြင့် လှမ်းပြောနေ၏ ။
မျှော်လင့်ချက်သည် တိုသည် မရှိ ၊ ဝေးသည် မရှိပေ ။ ဤခရီး နီးပါသည် ။
⎕ ယုယ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၊ ၂၀၂၀
No comments:
Post a Comment