Tuesday, May 5, 2026

အကြည့်မဲ့ sign တို့၏ အကြွေ


❝ အကြည့်မဲ့ sign တို့၏ အကြွေ ❞  
         ( ကြယ်လွဲမိုး )

၁ ။

အိမ်ပြတင်းပေါက်ကလေး တွန်းဖွင့်လိုက်သည်နှင့် နံနက် နေရောင်ခြည်တန်း နုနုလေးက ကိုယ်ပေါ်ကို နွေးခနဲ ဖြာကျလာသည် ။ အိမ်ရှေ့ဆီမှ “ ဖရဲသီးစိတ် ချိုချိုလေး ” ဟူသော အသံနှင့် အပြိုင် ဥသြတွန်သံ တစ်ခွန်းစ နှစ်ခွန်းစလည်း နားထဲမှာ ခပ်ချွဲချွဲလေး ကြားမိလိုက်သေးသည် ။ သေချာအောင် လမ်းဟိုဘက်က သရက်ပင်ကြီးကို လှမ်းမျှော်ကြည့်လိုက်တော့ ထင်ထားသည့် အတိုင်းပါပဲ ။ အရွက်တွေ ဝါလာပြီ ။ အညှာ မခိုင်သည့် တချို့ သစ်ရွက်တွေဆို တောင်လေယဲ့ယဲ့ ဖြတ်အတိုးမှာပင် တဖြောဖြော ကြွေကျနေသည်ကို လှမ်းမြင်ရသည် ။

နွေရောက်ပြီတဲ့ ။

ဟုတ်ပါသည် ။ သည်အသံ သည်မြင်ကွင်းတွေသည် နွေရောက်ပြီ ဆိုသည့် အကြောင်း သိသာထင်ရှားသည့် သင်္ကေတ ၊ အမှတ်လက္ခဏာ တစ်နည်းအားဖြင့် ဆိုင်းန် ( Sign ) တွေပဲ ဖြစ်ပါသည် ။ ကျွန်တော်သည် နွေရာသီ ရောက်တိုင်း အညာ ပြန်ပါသည်။ ထို့ကြောင့် နွေရာသီ၏ ဆိုင်းန် ( Sign ) တွေ မြင်ရလျှင် ကျွန်တော့်အဖေနှင့် အမေ ရှိရာ အညာက အိမ်ကလေးဆီ ပြန်ဖို့ သတိရလာတတ်ပါသည် ။ ထိုသို့ သတိရလာမိသည်နှင့် တစ်ပြိုင်နက် အညာ ပြန်ရမည့်အရေး တွေး၍ ပျော်နေမိလေသည် ။ ကျွန်တော့် အညာပြန်လျှင် နှစ်တိုင်းလိုပဲ အဖေ လာကြိုနေလိမ့်ဦးမည် ။ ထို့နောက် ကားလမ်းမမှ ဆယ့်ငါးမိုင် ဝေးသော ကျွန်တော်တို့ ရွာကလေးဆီ အဖေ့ဆိုင်ကယ်လေးနှင့် ပြန်ကြဦးမည် ။ ရွာအပြန် လမ်းသည် လမ်းဟူ၍ ပီပီသသ မရှိသောကြောင့် ယာခရိုးအစပ် ၊ လယ်ကန်သင်းရိုးပေါင် နှင့် တစ်ခါတစ်ခါ ဖုန်ထူထူ လှည်းလမ်းကြောင်း အတိုင်းလည်း ဖြတ်မောင်းကြရပေဦးမည် ။ လမ်းကြမ်းကြမ်းတွေပေါ် ဖြတ်မောင်းရသည့်အခါတိုင်း အဖေက “ ငါ့သားရေ ကိုင်ထား ၊ လမ်းကြမ်းတယ်ကွ ” ဟု စိုးရိမ်စွာ ပြောလာပါဦးမည် ။ ထိုအခါ ကျွန်တော်က အဖေ့ခါးလေးကို လိုအပ်သည်ထက်ပို၍ ဖက်ထားလိုက်ပါဦးမည် ။

အထက်ပါ ခံစားမှုတို့သည် နွေရာသီ၏ ဆိုင်းန်တွေ မြင်တွေ့ရာမှ ကျွန်တော် ခံစားမိသော ခံစားမှုဖြစ်သည် ဆိုခြင်းကို အထူး ပြောစရာ လိုတော့မည် မဟုတ်ပါ ။

၂ ။

ဆရာ ဇော်ဇော်အောင်၏ ရင်ထဲမှာ ဝေ စကားပြေ အယ်လ်ဘမ်စာအုပ် ထဲတွင် ဆိုင်းန် ( Sign ) ကို အဓိပ္ပာယ်ဖွင့် ဆိုပြထားသည်မှာ “ ကြိုတင်သတ်မှတ်ထားသည့် သတ်မှတ်ချက်များကို အခြေပြုပြီး အခြား တစ်ခုခုကို ရည်ညွှန်းဖော်ပြသည့် အရာ အားလုံးကို အမှတ် လက္ခဏာ ဆိုင်းန် ( Sign ) ” ဟု ဖွင့်ဆိုထားပါသည် ။

“ စကားလုံး ၊ စာသားတွေသာမက အရောင် ၊ ဘုရားစေတီ ၊ ဘာသာရေး အဆောက်အအုံနှင့် အကောင်အထည် မရှိသည့်ဒြပ်မဲ့တွေ ဖြစ်သည့် အချစ် ၊ မေတ္တာ ၊ အမုန်း ၊ မနာလိုမှု ၊ လွတ်လပ်ခွင့် ၊ ငြိမ်းချမ်းရေး စသည်တို့သည် တစ်ခုခုကို ရည်ညွှန်းဖော်ပြသည့် ဆိုင်းန် ( Sign ) တွေ ဖြစ်သလို လူ့ယဉ်ကျေးမှု အတွင်းမှာ ရှိသည့် ဘယ်အရာမဆို အားလုံးသည် ဆိုင်းန် ( Sign ) တွေ ဖြစ်သည် ”  ဟု ဖတ်ရပါသည် ။ ဆရာဇော် ဇော်အောင် ရေးသားထားသည် အကြောင်းအရာများကို ကျွန်တော် ဉာဏ်မမီ၍ အလုံးစုံ နားမလည်သည့်တိုင် ထိုစာအုပ်ထဲတွင် ပါဝင်သော စာပိုဒ်ကလေး တစ်ပိုဒ်ကိုတော့ စူးစူးစိုက်စိုက် ဖတ်ကြည့်မိသည် ။

“ လူရဲ့ ဟန်အမူအရာတွေဟာ Sign တွေပဲ ။ မျက်နှာရှုံ့နေတာ ဆိုင်းန် တစ်ခုပဲ ။ နာကျင်လို့ ၊ အလိုမကျလို့ ၊ မနှစ်သက်လို့ ၊ ဒုက္ခဝေဒနာ ခံစားနေရလို့ မျက်နှာ ရှုံ့နေတာ ။ ပြုံးရယ်နေတာလည်း ဆိုင်းန် တစ်ခု ဖြစ်တယ် ။ သဘောကျလို့ ၊ နှစ်သက်ကြည်နူးလို့ ၊ သုခ တစ်ခုခု ခံစားရလို့ ပြုံးရယ်နေတာပေါ့ ။ အလားတူပဲ အံကြိတ်တာ ၊ တောက်ခေါက်တာ ၊ ခေါင်းညိတ်တာ ၊ ခေါင်းခါတာ ၊ လက်သီးဆုပ်ပြီး လက်မောင်းတန်းတာတွေဟာ ဆိုင်းန်တွေပဲ ဖြစ်တယ် ”

ကျွန်တော် ထိုစာပိုဒ်ကလေးကို ဖတ်နေရင်း မည်သူရေး၍ မည်သည့်အတွက် ရည်ညွှန်းရေးသားထားမှန်း မမှတ်မိပေမဲ့ စာသားကလေး တစ်ခုကို ဖျတ်ခနဲ သတိရမိသည် ။ ထိုစာသားလေးက “ လှလှ အဖေဟာ နက္ခတ်ဗေဒ ပညာရှင် တစ်ဦးပါ။ ဒါပေမဲ့ တချို့ ကြယ်ကလေးတွေ အကြောင်း ကိုတော့ လှလှ လောက် မသိပါဘူး ” တဲ့ ။

ဆိုင်းန် ( Sign ) တွေ၏ အဓိပ္ပာယ်ကို ဖော်ဆောင်ရာတွင် ကျွန်တော် အမှတ်ရမိလာသော အကြောင်းလေးနှင့် ယှဉ်ထိုး စဉ်းစားကြည့်မိသည် ။ လှလှ အဖေက သူ သင်ကြားတတ်မြောက်ထားသော နက္ခတ်ဗေဒ ပညာရပ်များကို အသုံးချ၍ ကြယ်များသည် နေများပင်ဖြစ်၍ နေကဲ့သို့ပင် အလင်းရော အပူပါ လွှတ်သည် ဟု အခြေခံ တွေးတောကာ အဓိပ္ပာယ် ဖွင့်ဆိုကောင်း ဖွင့်ဆိုပါလိမ့်မည် ။ ဒါပေမဲ့ လှလှ ကတော့ ကြယ်များသည် သူမ ညစဉ်ညတိုင်း ကိုင်တွယ် ကစားနေကျ ဘောလုံးကလေးတွေဟု သတ်မှတ်ကောင်း သတ်မှတ်ထားပါလိမ့်မည် ။ ထို့ကြောင့် လှလှ သိထားသော ကြယ်ကလေးတွေ အကြောင်း လှလှအဖေ မသိတာ မထူးဆန်းနိုင်တော့ပါ ။

ကျွန်တော် ဆိုလိုသည်မှာ လူ့ယဉ်ကျေးမှု အတွင်းတွင် ရှိသည့် ဆိုင်းန် ( Sign ) တွေ မြောက်မြားစွာ ရှိသည့်အနက်မှ လူ့အမူအရာ ဆိုင်းန် ( Sign ) တွေကို အဓိပ္ပာယ် ဖော်ဆောင်ရာတွင် လှလှ၏ ခံစားမှုနည်းဖြင့် အဓိပ္ပာယ် ဖော်ဆောင်သည်က ပို၍ ယထာဘူတ နည်းကျမည်ဟု စဉ်းစားမိခြင်း ဖြစ်ပါသည် ။

••••• ••••• •••••

၃။

ထိုနေ့ညက ကျွန်တော် တာဝန်ကျရာ မြို့ပတ်ဘူတာလေး၏ ခရီးသည် နားနေဆောင်များ အတွင်းသို့ အခြေအနေမဲ့ မိသားစုများစွာ မိုးသံလေသံများနှင့် အတူ ဒရောသောပါး ရောက်ရှိ ခိုဝင်လာကြသည်။ သူတို့ဆီမှာ စားအိုးစားခွက်များလည်း ပါသည်။ လူမမည် ကလေးသူငယ်များလည်း ချီပိုးထားသူ တချို့ ၊ လက်မှ ဆွဲထားသူ တချို့ တွေ့နေရသည် ။ သက်ကြီးရွယ်အိုများကတော့ မိုးရေများ ရွှဲရွှဲစိုကာ နောက်မှ ရောက်ရှိလာကြသည် ။ ခြေပြတ်လက်ပြတ် ဒုက္ခိတများလည်း ဘူတာရုံကလေး ထဲသို့ တရွတ်ဆွဲ ရောက်လာကြပြန်သည် ။ ကျွန်တော့် ဘူတာလေးသည် ညသန်းခေါင်ကျော်တွင် ညည်းသံ ညူသံ ၊ ကလေးငိုသံများနှင့် ပွက်လောရိုက်သွားသည် ။

ကျွန်တော်လည်း သူတို့ ရောက်မလာခင် လူသံတွေ ကြားကတည်းက အပြင်ထွက် ကြည့်မိရာမှ ရောက်လာကြ ပြီးသည်အထိ ဘာဖြစ်တာပါလိမ့် ဆိုပြီး ကြောင်ကြည့်နေမိသည် ။ သိပ်မကြာလိုက်ပါဘူး ။ တာဝန်ကျ ရဲကင်းအဖွဲ့နှင့် ရပ်ကွက်လူကြီး တချို့ ရောက်လာကြမှ အကြောင်းစုံ သိရတော့သည် ။ တခြား မြို့နယ်တွေမှ အခြေအနေမဲ့ ခေါ်  အာဝါ ဒီးအာဝါဒါးတွေကို စီမံချက် တစ်ရပ် ချမှတ်ကာ မောင်းထုတ်လိုက်သောကြောင့် ကျွန်တော့် ဘူတာလေးဆီ စုပြုံရောက်လာကြခြင်း ဖြစ်သည် ။

ထို့နောက် ရပ်ကွက်လူကြီးများက တာဝန်ကျ ဘူတာစာရေး ဖြစ်သည့် ကျွန်တော့်ကို ခေါ်ကာ ထိုလူစုဆီ ဦး တည်လိုက်ကြသည် ။ ကျွန်တော်တို့အဖွဲ့ သူတို့နား ရောက်သွားတော့ တီဗွီကို ရီမုဒ်နှင့် နှိပ်ပိတ်ပစ်လိုက်သလို လှုပ်ရှားမှုရော အသံတွေပါ တိတ်ဆိတ်ငြိမ်သက်သွားသည် ။ ကျွန်တော့် ဘူတာရုံကလေးသည် သူတို့အတွက် တစ်ညတာ တည်းခိုစရာနေရာ ( သို့မဟုတ် ) ပြေးစရာ တစ်ခုတည်းသော မြေဟု ရွေးချယ်ခဲ့ကြခြင်းဟာ မှားပြီဆိုသည့်အကြောင်း သူတို့ မျက်ဝန်းတွေမှ တစ်ဆင့် ခံစားသိရသည် ။

စကားလုံးတွေ ထွက်မလာသည်က လွဲ၍ သူတို့၏ အမူအရာတို့သည် တောင်းပန်တိုးလျှိုးနေကြသည် ။ သူတို့၏ ခပ်ဖျော့ဖျော့ မျက်ဝန်းတွေသည် ကျွန်တော်တို့ကို ခယ နေကြပါသည် ။ အသက်ရှင်လျက်နှင့် ကျွန်တော်တို့ကို ကြည့်နေသော သူတို့၏ အကြည့်တွေသည် သေနေကြသည် ။

ထို့နောက် ထို့နောက်မှာတော့ ..

“ ထွက် ထွက် ”

“ ဒီဘူတာမှာ နေလို့ မရဘူး ၊ သွားပြန် ” ဆိုသည့် အော်ဟစ်မောင်းထုတ်သံတွေနှင့်အတူ ကလေးငိုသံ ၊ ညည်းညူသံ ၊ တောင်းပန်တိုးလျှိုးနေကြသည့် အသံတွေနှင့် တောက်ခေါက်သံများက အပြင်မှာ ကြားနေရသည့် မိုးခြိမ်းသံများနှင့် အပြိုင် ကျွန်တော့် ဘူတာရုံကလေးသည် တစ်ကျော့ပြန်လည် ဆူညံသွားပြန်ပါသည် ။

ကျွန်တော့်ဘူတာရုံ ကလေးတွင် ညကြီးမင်းကြီး တင်ဆက် ကပြလိုက်ရသော ကမ္ဘာပျက် ဇာတ်ဝင်ခန်း တစ်ခုသည် တစ်ခဏ အတွင်းမှာပင် ပြီးဆုံးသွားချေပြီ ။ ကံဆိုးသူတို့ သွားရာ မိုးလိုက် ရွာမရွာ မသိပေမဲ့ ကံဆိုးသူတို့ကတော့ မိုးရွာထဲကို ထွက်သွားကြလေပြီ ။

ဘူတာရုံကလေးထဲတွင် ရပ်ကွက်လူကြီးအချို့ ၊ တာဝန်ကျရဲကင်းမှ ရဲဘော်များနှင့် ကျွန်တော်သာ ကျန်နေရစ်ခဲ့ပါသည် ။ ထိုအချိန်တွင် ခရီးသည် နားနေဆောင်၏ ကွန်ကရစ်ခုံတန်းရှည် အောက်ဆီမှ “ အင့် ” ခနဲ ကလေးငိုသံလိုလို အသံ တစ်သံ ကြားလိုက်ရသောကြောင့် ထိုနေရာဆီ အပြေးအလွှား သွားကြည့်ကြသည် ။

ထိုကွန်ကရစ်ခုံတန်းရှည်အောက်တွင် မိုးကာ အစုတ်ပိုင်းကလေးဖြင့် တစ်ကိုယ်လုံး ခြုံကာ ပုန်းအောင်းနေသော လူတစ်ယောက်ကို ကျွန်တော်တို့ တွေ့လိုက်ရသည် ။ မိုးရေတွေကြောင့် ချမ်း၍ တုန်နေသလား ၊ ကျွန်တော်တို့ကို ကြောက်၍ပင် တုန်နေသလားတော့ မသိ ။ ပုန်းခြုံထားသော မိုးကာအစုတ်အပိုင်းလေးသည် တဖျပ်ဖျပ် လှုပ်ခါယမ်းနေသည် ။ ကျွန်တော်တို့ အဖွဲ့ထဲမှ တစ်ယောက်က “ သွား ပြန် ၊ ဒီဘူတာမှာ နေလို့မရဘူး ” ဟု အော်ဟစ်ငေါက်ငမ်း လိုက်ပေမဲ့ ထိုသူ့ဆီမှ ဘာမျှတုံ့ပြန်မလာ ။ ကျွန်တော်တို့ အဖွဲ့ထဲမှ လူတွေ စိတ်တိုသွား၍ ထင်ပါသည် ။ တစ်ယောက်တစ်ခွန်း အော်ဟစ်ငေါက်ငမ်းသံတွေ ညံစီသွားသည် ။ ထိုထဲမှ စိတ်မရှည်သူ တစ်ယောက်က ခြုံထားသော မိုးကာ အစုတ်ပိုင်းလေးကို ခပ်ကြမ်းကြမ်း ဆွဲလှန်လိုက်သည် ။ ထိုအခါမှ စကား တစ်ခွန်း စ , ကြားလိုက်ရသည် ။

“ မိုးချုပ်နေပြီ ဘယ်ပြန်ရမှာလဲ ” တဲ့ ။

ထိုသို့ ခပ်တိုးတိုး ခပ်ယဲ့ယဲ့လေးဖြင့် ပြောလိုက်သော အမျိုးသမီးတစ်ဦး၏ လေသံဖျော့ဖျော့ကလေးသည် ကျွန်တော်တို့ သူမကို ဘာပြန်ပြောရမှန်း မသိအောင် စကားတွေ ခန်းခြောက်သွားသည် အထိ အင်အား ပြင်းထန်သွားသည် ။

ထိုအမျိုးသမီးကို ကြည့်လိုက်တော့ ပိန်ကပ်ခြောက်သယောင်း နေသော လက်အစုံဖြင့် ရင်ခွင်ထဲမှ ကလေးငယ်လေးကို တစ်ပါးသူ လုယူသွားမှာ စိုးသည့်အလား အားကုန် ထွေးပွေ့ထားသည် ။ ရောဂါ တစ်ခုခုကြောင့် ဖြစ်မည် ထင်သည် သူမ၏ ခေါင်းတွင် ဆံပင် တွေက ဟိုတစ်ကွက် သည်တစ်ကွက် ကျွတ်ထွက်၍ စုတ်ဖွာနေသည်ကို တွေ့ ရသည် ။ သူမ အကြည့်တွေကတော့ မိုးသည်းည အမှောင်နက်နက်တွေဆီ ရီဝေဝေဖြင့် ငေးစိုက်ကြည့်နေသည် ။

ကျွန်တော်တို့လည်း သူမကို ကြည့်ကာ တူညီစွာ ငြိမ်သက်နေမိကြပါသည် ။ ငြိမ်သက်သထက် ငြိမ်သက်နေကြသော ကျွန်တော်တို့၏ ရင်အစုံ အစုံ မှာတော့ ခံစားမှုတွေက အမျိုးအစား ကွဲပြားနေပါလိမ့်မည် ။

ထိုအချိန်တွင် အပြင်မှာ ဟည်း၍ ဟည်း၍ ခြိမ်းနေသော မိုးခြိမ်းသံများသည် ကျွန်တော့်ဘူတာရုံကလေးအနား ရောက်မှ ချိန်ကိုက် ဖောက်ခွဲလိုက်သည့် အလား နှစ်ချက်ဆင့် မြည်ဟည်းကာ ဘူတာရုံကလေး သိမ့်သိမ့်တုန်သွားသည် ။ ထိုမိုးခြိမ်းသံများသည် ကောင်း ကင်မှ ထွက်ပေါ်၍ လာသလား ၊ ကျွန်တော့်ရင်ထဲမှပင် မြည်ဟည်းလိုက်လေ သလား ဆိုတာကိုတော့ ကျွန်တော် ကိုယ်တိုင်ပင် ဝေခွဲရ ခက်ခဲ့ပါသည် ။

••••• ••••• •••••

၄ ။

ကျွန်တော့် နံနက်စာသည် အိမ်တွင် ထမင်းကြော် ဖြစ်၍ ဘူတာရုံကလေးတွင် တာဝန်ကျသော နေ့များတွင် လက်ဖက်ရည်နှင့် အီကြာကွေးပင် ဖြစ်သည် ။ လက်ဖက်ရည်ကို စွဲလမ်း နှစ်ခြိုက်ပေမဲ့ အီကြာကွေး ကိုတော့ ကျွန်တော် အကြိုက်ကြီး မဟုတ်လှပါ ။ မုန့်ဟင်းခါး လိုမျိုး အစားအသောက်တွေက လက်မှတ် ရောင်းရင်း စားဖို့ သိပ်အဆင်မပြေလှတာကြောင့် ပန်းကန်ခွက်ယောက် က အစ ကရိကထ ပြင်ဆင်စရာ မလိုသော အီကြာကွေး ကိုပင် မှာယူလိုက်ခြင်း ဖြစ်သည် ။ မှာယူထားသော လက်ဖက်ရည် နှင့် အီကြာကွေး တစ်ချောင်း ရောက်လာလာချင်း အသင့် ဆောင်ထားသော ကြွေခွက်ကလေးတွင် လက်ဖက်ရည်အိတ်ကို ဖြေကာ စွပ်ချလိုက်ပြီး အီကြာကွေး တစ်ခြမ်း ဖဲ့ကာ လက်ဖက်ရည်တွင် နှစ်၍ စားနေမိသည် ။ ကျွန်တော် စားနေသော အစားအစာတွေက ဘာကြောင့် မှန်းမသိ လည်ချောင်းထဲတွင် ထစ်ခံ နေသည်ဟု ထင်နေသည် ။ မျိုမကျ ။ နောက်ထပ် စားဖို့ပင် တွန့်ဆုတ်နေမိ သလို ဖြစ်နေမိသည် ။ စိတ်ထဲမှာလည်း တစ်မျိုးကြီး ဖြစ်လာတာကြောင့် ကျွန်တော့် ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်တော့ ကျွန်တော် ထိုင်နေသည့် လက်မှတ်ရောင်းခုံ၏ ညာဘက် ပြတင်းပေါက်တွင် ကလေးငယ်လေးကို ရင်ခွင်ပိုက်ထားသော ညက ကျန်နေရစ်ခဲ့သည့် အမျိုးသမီး ကျွန်တော့်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည် ။

ကျွန်တော်နှင့် မျက်လုံးချင်း ဆုံမိလိုက်သည့် အချိန်တွင် သူမ အကြည့်တွေက ကျွန်တော် ကိုင်ထားသော အစားအစာတွေဆီ ရွှေ့သွားသည် ။ ကျွန်တော့် မျက်ဝန်း အစုံကို ဖြတ်ကြည့်သွားသော သူမ၏ အကြည့်တွေထဲက ဆာလောင်မွတ်သိပ်မှု ၊ အသနားခံ တောင်းခံနေသည့် အဓိပ္ပာယ် သက်ရောက် သည့် အမှတ်လက္ခဏာတို့သည် ကျွန်တော့် ရင်ကို ဓားထက်ထက်နှင့် ဝင်အယမ်းခံ လိုက်ရသလို စူးရှနာကျင်သွားပါသည် ။

ကျွန်တော် မခံစားနိုင်တော့သည့် အဆုံး လက်ထဲမှ အစားအစာတွေကို သူမဆီ ကမ်းပေးလိုက်ပါသည် ။ ကျွန်တော် ကမ်းပေးလိုက်သော အစားအစာ အကြွင်းအကျန်များကို သူမ မြိန်ရှက်စွာ စားသောက်ပြီး “ ပြန်တော့မယ် ” ဟု တိုးတိုးယဲ့ယဲ့လေး ပြောလိုက်တော့ ကျွန်တော် ဒုတိယအကြိမ် နာကျင်သွားရပြန်ပါသည် ။ ပြန်စရာ နေရာ မရှိသော သူမက ကျွန်တော့်ကို “ ပြန်တော့မယ် ” ဟု နှုတ်ဆက်သွားသော စကားသည် ရင်ထဲမှာ နင့်ကျန်ခဲ့သည် ။ ဒါပေမဲ့ ကျွန်တော် သူမကို စိတ်ထဲကနေ ပြန် နှုတ်ဆက်ခဲ့ပါသည် ။

“ ပြန်ပါ ၊ အရှေ့ဘက်မှာ တရုတ်နိုင်ငံ ၊ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ ၊ အဲဒီ နှစ်နိုင်ငံရဲ့ ကြားက စတုရန်းမိုင် နှစ်သိန်းခြောက်သောင်းကျော်ရှိတဲ့ မြန်မာလို့ နယ်နိမိတ် သတ်မှတ်ထားတဲ့ ဘယ် နေရာမဆို ပြန်လို့ ရပါတယ် ” ဟု ။

ကျွန်တော့် ဘူတာရုံကလေး ထဲ ကနေ သူမ တရွေ့ရွေ့ ထွက်ခွာသွားသည်ကို ကြည့်နေရင်း စိတ်ကူးလေး တစ်ခု ရလိုက်သည် ။ သူမ၏ ဆာလောင် မွတ်သိပ်မှု ၊ အားငယ် စိုးထိတ်နေမှု ၊ ခိုကိုးရာမဲ့နေ၍ သိမ်ငယ် ပျပ်ဝပ်နေမှု စသည့် လူမှုဒုက္ခ၏ အမှတ်လက္ခဏာ ဆောင်သည့် ကျွန်တော့်ကို ကြည့်ခဲ့သော အကြည့်မျိုးကို ကျွန်တော်တို့ နိုင်ငံ၏ ခေါင်းဆောင် တစ်ဦး ရင်ဘတ်ပေါ် တင်ကြည့်လိုက်ချင်ပါသည် ။

••••• ••••• •••••

၅ ။

နယူတန် ကတော့ ပန်းသီးလေး တစ်လုံး မြေပေါ် ကြွေကျသွားသည်ကို ကြည့်ပြီး မြေရဲ့ ဆွဲအား ဥပဒေ ( The Law of Universal Gravitation ) ကို ဖော်ထုတ်ခဲ့တာ တစ်ကမ္ဘာလုံး အသိပင် ဖြစ်သည် ။ ကျွန်တော် ကတော့ နယူတန် မမြင်လိုက်ရသည့် ပန်းသီးလေးတွေကို သနားနေမိသည် ။ ထိုပန်းသီးလေးတွေလည်း မြေပေါ်ကို တည့်တည့်ပဲ ကြွေကျခဲ့မှာတော့ သေချာပါသည် ။ မြေပေါ် ကို ကြွေကျတာချင်း အတူတူ နယူတန် မြင်ခွင့်ရလိုက်သည့် ပန်းသီးကလေးတွေက အဓိပ္ပာယ် ရှိသွားပြီး နယူတန် မမြင်လိုက်ရသည့် ပန်းသီးကလေးတွေကတော့ မြေပေါ်မှာ ပုပ်ပွသွားချင်သွား ၊ ဒါမှမဟုတ် သက်ရှိသတ္တဝါ တစ်ကောင်၏ ဝါးမျိုခြင်းကို ခံရရုံမှ တစ်ပါး တခြား အဓိပ္ပာယ် မရှိတော့ပြီ ။

ကျွန်တော်တို့ ဝန်းကျင်တွင် ဒုက္ခ ခံစားနေရ၍ မျက်နှာတွေ ရှုံ့မဲ့နေကြ ၊ ခံစားချက် ပြင်းထန်နေကြ၍ လက်သီးလက်မောင်း တန်းပြနေကြ ၊ ယုံကြည်ချက် တစ်ခုခုကြောင့် စီတန်းလမ်း လျှောက်နေကြ ဒါတွေသည် အဓိပ္ပာယ် လေးလေးနက်နက် ဆောင်နေသော လူတွေ၏ ဆိုင်းန် ( Sign ) တွေပဲ ဖြစ်ပါသည် ။ ထိုသို့ အမှတ်လက္ခဏာဆောင်သော လူအချို့သည် နယူတန် မမြင်လိုက်ရသော နေရာတွင် ပန်းသီး ကြွေသလို မြေပေါ် သို့ တည့်တည့် ကြွေကျခဲ့ဖူးပါသည် ။ ကြွေကျနေကြပါသည် ။

ထိုသို့ လူမသိ သူမသိ အကြည့်မဲ့စွာ အစိမ်းလိုက် ကြွေခဲ့ဖူးသော ၊ ကြွေကျနေကြသော ပန်းသီးကလေးတွေ အကြောင်း တွေးရင်း ကျွန်တော် ရင်နာနေမိပါသည် ။ ထိုပန်းသီးကလေးတွေသည် နယူတန်လို အတွေးအခေါ် ရင့်သန်သော ခေါင်းဆောင် တစ်ဦး ရှေ့မှောက်တွင် ကြွေဆင်းခွင့် ရခဲ့လျှင် ဘယ်လောက်များ အဓိပ္ပာယ် ရှိလိုက်လေမလဲ ဟုလည်း တွေးမိသည် ။

သို့ပေမဲ့ ကျွန်တော်တို့ ဝန်းကျင်က ကျွန်တော်တို့ နိုင်ငံမှာ နယူတန် ရှိနေဖို့တော့ လိုအပ်ပါသည် ။

⎕ ကြယ်လွဲမိုး
📖ရွှေအမြုတေ ရုပ်စုံ  
     မဂ္ဂဇင်း
     ဩဂုတ် ၊ ၂၀၁၅

No comments:

Post a Comment