Tuesday, May 19, 2026

စိန်စိန့် မာန

❝ စိန်စိန့် မာန ❞
    ( ပီမိုးနင်း )

ပန်းပိတောက်တို့သည် လျှမ်းတောက်လျက် နေရောင်ကို မြှူပလီကာ သာယာသော နွေဥတု နံနက် ခင်းအချိန်ကို ရွှင်ပြုံးသာယာခြင်း ဖြစ်စေသတည်း ။

ထိုပိတောက်ပင်ကြီး၏ ရိပ်ငြိမ်သာယာ အေးချမ်း လှစွာသော အကိုင်းအခက်တို့၏ အလယ်တွင် မိန်းမပျို ၊ ယောက်ျားပျိုတို့နှင့် မိန်းမကြီးတစ်ယောက် နှစ်ယောက်သည် ကောက်ညှင်းဆိုင်းထုပ်များကို ထုပ်၍ နေကြလေ၏ ။ ကလေးသူငယ် အချို့တို့သည်လည်း ထိန်ဝေတောက်လျှမ်း မွှေးရနံ့ဖျန်းလျက် ပန်းပွင့်တို့ကို လောင်းပက်၍ နေသော ကြီးမားသည့် ထိုပိတောက်ပင်ကြီး၏ အောက်၌ လိုက်တမ်းပြေးတမ်း ကစား၍ နေလေ၏ ။ ၎င်းပိတောက်ပင်ကြီးနှင့် ဝါးတစ်ရိုက်မျှ ကွာဝေးသော နေရာသည်ကား အိမ်ရှေ့တံစက်မြိတ် ဖြစ်လေရာ ၎င်းတံစက်မြိတ် အနီးတွင် မီးဖို၌ တပ်၍ ထားသော သံပုံးကြီးမှ ဖြူစင်သော အခိုးတို့သည် လှပသော ပဲသီး စည်းကြီးပမာ ကွေ့ကာကောက်ကာ လေထဲတွင် ယိမ်းယိုင်ရင်း ကြည်လင်သော ကောင်းကင်သို့ ပျံတက်၍ နေကြရာတွင် ကျက်စပြုသော ကောက်ညှင်းထုပ်များ၏ သင်းပျံ့သောရနံ့နှင့် ပိတောက်ပန်းတို့၏ ရနံ့သည် ရောစပ်ပေါင်းသင်းခြင်း ပြုကြလေသတည်း ။ အနီးအပါးရှိ သရက်ပင် ၊ မန်ကျည်းပင်ရိပ်များ၏ အောက်၌ကား လယ်ကိစ္စ ပြီးသဖြင့် အားလပ်လျက် ရောက်လာလတ္တံ့သော သင်္ကြန်အခါကြီး၏ အငွေ့အသက်ကို ခံလင့်ကာ ရယ်မော ပြောဆို၍ နေကြသူများသည် လည်းကောင်း ၊ အလှည့်ကျ သန်းတုပ်၍ နေကြသူများသည် လည်းကောင်း ၊ များမကြာမီက ဘိုးမောင်နှင့် ထွက်၍ ပြေးသော မယ်သုံ၏ အကြောင်းနှင့် ပတ်သက်ပြီး အရေးတကြီး ဆွေးနွေး၍ နေကြသူများသည် လည်းကောင်း တစ်စုံ တစ်ခုစီ ကြည်လင်သော လေထဲ၌ သာယာသော ရယ်မောသံတို့ကို လွှင့်၍ နေကြလေသတည်း ။

“ မစိန် .. ညည်းတို့ အိမ်ခေါင်းရင်းက မြန်မာပိန္နဲသီးကြီးဟာ ကြီးလုပါပကောအေ ၊ မွှေးလိုက်တာအေ ၊ မဆွတ်တော့ဘူးလား ” ဟု တစ်ယောက်သော မိန်းမကြီးက ကောက်ညှင်းထုပ်များကို ပြုတ်၍ နေသော အသက် နှစ်ဆယ်ခန့်ရှိ မိန်းမပျို အချောအလှလေး တစ်ယောက်အား မေးလိုက်လေ၏ ။

“ ကျွန်မက သပ်ရိုက်ပြီး အုပ်တာ မကြိုက်ဘူး ကြီးကြီးရဲ့ ။ သူ့ အလိုလို မှည့်မှ စားမယ်လို့ အပင်မှာပဲ ထားတယ် ”

“ ပိန္နဲသီးများဟာ လုံးကြီးပေါက်လှ အပျိုချောကလေးများနဲ့ အင်မတန် တူတယ်အေ့ ။ သတိထား မောင်မြင့် ကိုလည်း အားနာဦး ”

“ ကြီးကြီး ပြောတာကို ကျွန်မ နားမလည်ဘူး ။ နားလည်အောင် ပြောပါဦး ” ဟု စိန်စိန်က ပြောရင်း ကျက်ပြီးသား ကောက်ညှင်းထုပ်များကို ဆယ်ယူနေလေ၏ ။

“ ဪ …. ကြီးကြီးက သပ်ရိုက်မှ ကောင်းကောင်း မှည့်တာကို ဆိုတာပါ ။ သပ်မရိုက်ဘဲ အပင်မှာ ထားရင် ရှဉ့် ဖောက်တတ်တယ်အေ့ ။ ရှဉ့် ဆိုတဲ့ သတ္တဝါအကောင် မျိုးဟာ မျောက်ထက် တန်ခိုးကြီးတာမျိုးအေ့ ။ မျောက် ဟာ အုန်းသီးကို ရရင် ဘာလုပ်ရမှန်း မသိဘူး ။ ရှဉ့် ကတော့ ဖောက်ပစ်လိုက်တာပဲ ။ အုန်းသီးကို ဖောက်တဲ့ ရှဉ့် ဟာ ဗမာပိန္နဲသီး အလုံးမျိုးကိုတော့ ဘာပြောစရာ ရှိမလဲ ”

စိန် ... “ ကျွန်မတော့ သပ်ရိုက်ထားမယ့်အစား ရိုက်သ,တ်တာ ခံမှာပဲ ” ဟု ပြောရင်း မောင်မြင့် ဘက်သို့ လှည့်ကြည့်လိုက်လေ၏ ။

ထိုအခါ ပတ်ဝန်းကျင် အနီးအပါး မနီးမဝေးရှိ မိန်းမများက ရယ်မောကြလေ၏ ။

မောင်မြင့်သည် အိမ်ပေါ်၌ ခြေတွဲလွဲချကာ ထိုင်ရင်း ခြေနှစ်ဖက်ကို ယမ်းလျက် စိန်စိန် ကို ကြည့်ကာ ပြုံး၍နေလေ၏ ။

“ မင်းကို ဘယ်သူမှ ရိုက်မသ,တ်စေရပါဘူး စိန်ရယ် ။ ဒီမှာ သက်တော်စောင့်ကြီး တစ်ယောက်လုံး ရှိပါတယ် ”

“ အိပ်ဖန်များကော မစောင့်ဘူးလား ” ဟု ဒေါ်ညိုက ပြောပြီး ပိန္နဲသီးကို သွားရောက် လက်နှင့် တီးခတ်ကြည့် ပြီး “ စိန်စိန်ရေ ... သပ်ရိုက်ဖို့ မလိုတော့ဘူး ။ စည်တော်သံ ပေါက်နေပြီ ဘယ့်နှယ်လုပ်မလဲ ”

“ စည်တော်သံပေါက်ရင် စားတာပေါ့ ဒေါ်ညိုရယ် ” ဟု ပြောလိုက်ရာ တောင်းလောက်နီးနီး ကြီးပြီး မွှေးကြိုင်သော ပိန္နဲသီးကြီးကို ဒေါ်ညို အညှာမှ ဖြုတ်၍ ခူးလိုက်ရာ အနီးအပါးရှိ ကလေးမိန်းမကြီးငယ်တို့သည် ပြေး၍ လာကြလေ၏ ။ မကြာမီ ဝိုင်းအုံကာ ပိန္နဲသီးကြီးကို နွားဖျက်သလို ဖျက်နေကြလေ၏ ။ စိန်စိန်သည် ပြေး၍ လာပြီးလျှင် ငှက်ပျောပင် တစ်ပင်မှ အရွက်ကို ခင်းကာ ဒေါ်ညို ရော့ရော့ .. သူတို့ဖို့ဟု ပြောကာ ငှက်ပျောဖက်ကို ပေးလေ၏ ။

ထို့နောက် စိန်စိန်နှင့် မောင်မြင့်သည် အိမ်ပေါ်၌ စကားပြောရင်း ပိန္နဲသီးကို စား၍ နေကြလေ၏ ။

ထိုအခိုက်တွင် ဆူညံသံများကို ကြားရလေ၏ ။

“ မမိုးဟဲ့ မမိုး … ကလေး ငိုနေတာ မကြားဘူးလား ” 

“ ဟေ့ ... မိစု ဘယ်လင်နဲ့ စကားပြောနေလဲ ထမင်းအိုး ဆူနေပြီ ”

“ ဆွမ်းတော်ဗျို့ ”

“ မယ်တုတ်ရေ …. ကလေး နိုးနေပြီဟဲ့ ” စသည့် အော်သံခေါ်သံတို့ကို ကြားရလေ၏ ။ ငေးကာ စကား ပြော၍ နေကြသူတို့သည် ထ၍ ပြေးကြလေ၏ ။ စိန်စိန် နှင့် မောင်မြင့် သာ မီးဖိုနှင့် မနီးမဝေး နေရာတွင် ပိန္နဲသီး စားလျက် ကျန်ရစ်ကြလေရာ အညှာပြုတ်၍ ကျနေသော ပိန္နဲသီးကြီးမှာလည်း ကျန်ရစ်ခဲ့လေ၏ ။ ပိတောက်ပင် အောက်၌လည်း ဒေါ်ညို တစ်ယောက်သာ ကောက်ညှင်းထုပ်ကို ထုပ်ရင်း ကျန်ရစ်ခဲ့လေသည် ။

စိန်စိန်သည် ၎င်းရွာ အနီးရှိ မြို့တစ်မြို့၌ ကျောင်းဆရာမ ဖြစ်ခဲ့ပြီးနောက် ယခုအခါ ဝါသနာပါသော ဝတ္ထု ၊ ကဗျာ ၊ သတင်းတို့ကို ရေး၍ ရန်ကုန်မြို့ ၊ မန္တလေး မြို့များ၌ ရှိသော မဂ္ဂဇင်း ၊ ဂျာနယ် ၊ သတင်းစာများသို့ ရေးသား ပေးပို့ရာ ကျောင်းဆရာမ ဖြစ်စဉ်က ရရှိသော လခ ငါးဆယ်ထက် ပိုမို၍ ရနေသောကြောင့် တစ်ကြောင်း ၊ စာရေးခြင်း အလုပ်၌ ဝါသနာ စူးစိုက်သဖြင့် ကျောင်းဆရာမ အလုပ်၌ မပျော်ပိုက်ဘဲ ငြီးငွေ့သဖြင့် လည်းကောင်း ဆရာမ အလုပ်မှ ထွက်လေရာ လွတ်လပ်ခြင်းကို ရစပြုသဖြင့် များစွာ ပျော်ရွှင်လျက် မြို့သူ၏ အလေ့အကျင့်တို့ကို ဖျောက်ဖျက်ကာ ကမ္ဘာပေါ်မှာ ပျော်စရာ အကောင်းဆုံးဟု မိမိ၏ စိတ်၌ အယူရှိသောကြောင့် တောသူတို့၏ အသုံးအနှုန်း အနေအထိုင်မျိုးနှင့် တင်းတိမ်၍ နေသူ ဖြစ်လေ၏ ။ ၎င်းမိခင် မုဆိုးမကြီးနှင့် အစ်မ တစ်ယောက်မှာ လယ်ပိုင် ၊ မြေပိုင် ၊ အိမ်ပိုင် ရှိသဖြင့် စိန်စိန် စာရေး၍ ရသော ငွေကလေးနှင့် ၎င်းတို့၏ လယ်မြေမှ နှစ်စဉ် ရရှိသော ဝင်ငွေကို ပေါင်းလိုက်သော် သား အမိ သုံးယောက်မှာ လေလွင့်ဖြုန်းတီးမည့်သူ မောင် အပို မရှိသဖြင့် ပိုသည်ထက် ပို၍ နေသည့်ပြင် ကောက်ညှင်းထုပ် ထုပ်၍ ဒေါ်ညိုကို ဈေးသို့ လွှတ်ကာ အရောင်းခိုင်းခြင်းဖြင့် မိတ်ဆွေဒေါ်ညိုအား ငွေဝင် မှန်သော အလုပ်ကို ပေးနိုင်ရုံမက မိမိတို့ မှာလည်း အပျင်းပြေ လုပ်ရင်းကိုင်ရင်း အပိုအမို သုံးစွဲကြရလေ၏ ။

မောင်မြင့် မှာမူ ကျောင်းနေစဉ် ၇ တန်း၌ ဆရာမကလေး စိန်စိန်၏ တပည့် ဖြစ်ခဲ့လေရာ အသက်အရွယ်ချင်း တူသဖြင့် လည်းကောင်း ၊ တစ်ရွာတည်းနေ တစ်ရေတည်းသောက် ဖြစ်ခြင်းကြောင့် တစ်ကြောင်း ၊ စာပေ ရေးသား စီကုံးခြင်း အလုပ်၌ ဝါသနာ တူညီခြင်းကြောင့် တစ်ကြောင်း ၊ အလွန်ချစ်ချင်၍ နေလေရာ ဆရာမကလေး ကျောင်းမှ ထွက်ပြီးနောက် မောင်မြင့်မှာ ကျောင်းမှ မထွက်သေးသော်လည်း အားလပ်သည့်အခါ ဆရာမကလေးထံ လာရောက်ကာ မိမိ ရေးသားထားသော စာများကို ပြခြင်း ၊ စိန်စိန် ရေးသားထားသော စာများကို ဖတ်ခြင်း အပျင်းပြေရာမှ တစ်ယောက်ကို တစ်ယောက် အထူးအချွန် နီးစပ်၍ လာကြပြီးလျှင် တစ်ယောက်ကို တစ်ယောက် မကြာခဏ မတွေ့ ရလျှင် မနေနိုင်သလို ဖြစ်၍ နေလေသတည်း ။

မောင်မြင့်သည် စိန်စိန်ကို လွန်စွာ အားကျလျက် စိန်စိန် ကဲ့သို့ နာမည်ရလျှင် သေပျော်ပြီဟု မှတ်ထင်၍ နေလေ၏ ။ ၎င်းစာပေ ရေးသားခြင်း အလုပ်မှ အပ စိန်စိန် နှင့် မောင်မြင့်သည် တစ်ယောက်ကို တစ်ယောက် အဟုတ် တကယ် အမှန် မေတ္တာရှိကြောင်းကို ကောင်းစွာ သိကြလေ၏ ။ သိကြသော်လည်း မောင်မြင့်သည် ပညာအရာ၌ စိန်စိန်ဟာ မိမိထက် သာ၍ နေသဖြင့် တစ်နေ့ သူကဲ့သို့ ငါ ဖြစ်အောင် ကြိုးစားမည် ။ ကြိုးစား၍ ထမြောက် အောင်မြင်မှသာ သူ့ကို ငါ ယူမည်ဟု အောက်မေ့ကြံစည်ကာ စာရေးခြင်း အလုပ်ကိုသာ ကြိုးပမ်းအားထုတ်၍ လုပ်သောကြောင့် ကိုးတန်းကို မအောင်ဘဲ နှစ်နှစ်ကျော် ကြာ၍ နေလေ၏ ။ သို့ပင် စိတ်ဝင်စားလျက် သူလို ဖြစ်မှ သူ့ကို ငါ ယူမည်ဟု စိတ်ထဲမှာ အကြံပြုသော်လည်း အချစ်သည်ကား လူ့ပြည်၌ နေရသည်နှင့် မတူ ။ နတ်ပြည်၌ နေရသကဲ့သို့ မှတ်ထင်လောက်အောင် ကြီးမားသော စည်းစိမ်ကိုခံစား၍ နေရသကဲ့သို့ ထင်ရလေ၏ ။ စိန်စိန် ကျွေးသော အသီးသည် ကမ္ဘာပေါ်၌ ရှိသမျှသော အမွှေးအကြိုင်တို့ထက် မွှေးကြိုင်၍ နတ်သုဓာမက ချိုမြိန်၍ စိန်စိန်၏ လက်ကလေး တစ်ချက်မျှ ထိရခြင်း အရသာထက် မြတ်သော အတွေ့သည် ကမ္ဘာပေါ်မှာ မရှိချေ ။ စိန်စိန်၏ ကိုယ်ငွေ့သည် နွေအခါ အထူးချမ်းမြေ့စေ၍ ဆောင်းအခါ၌ သာခြင်းဖြစ်စေ၏ ။ တစ်ခါတစ်ခါ နီးကပ်စွာ စကားပြောရာ၌ စိန်စိန်သည် နတ်တို့၏ တူရိယာသံထက် သာယာလိမ့်မည်ဟု မှတ်ထင်ယုံကြည်လေသတည်း ။

သို့ဖြစ်သောကြောင့် ထိုနေ့၌ကား ငါ သူ့လို ဖြစ်အောင် စောင့်ရလျှင် အင်မတန် ကြာပြီး နေတော့မှာ ထင်ပါရဲ့လေဟု စိတ်၌ အောက်မေ့ကာ ဆရာမ ကျွန်တော် ကျောင်းထွက်တော့မယ် ။ ကျောင်းမှာ မနေချင်တော့ဘူးဟု ပြောလေ၏ ။

ဘာဖြစ်လို့လဲ ၊ ဆယ်တန်းအောင်အောင် မနေချင်တော့ဘူးလားဟု ပြောကာ ပိန္နဲသီးကို တစ်ပိုင်း ကိုက်ပြီး လက်၌ ကိုင်လျက် မောင်မြင့်၏ မျက်နှာကို ငေးကြည့်ကာ နေလေ၏ ။

မသင်နိုင်တော့ဘူး ထင်တယ် ဆရာမ ။ ဘာဖြစ်လို့လဲ ဆိုတော့ကာ ဟောဒီလို ဖြစ်နေတာဟု ပြောကာ ဆရာမက လက်ထဲမှ ပိန္နဲသီးကို လျင်မြန်စွာ ယူပြီး ဆရာမ ကိုက်၍ ထားသော ကိုက်ရာပေါ်ကို ထပ်၍ ကိုက်ရင်း ဆရာမကို ပြုံးစိစိနဲ့ ကြည့်၍ နေလေ၏ ။

ဆရာမသည် ၎င်းကို အပြစ်တင်သော မျက်နှာပေးမျိုးနှင့်ကြည့်ကာ အလကား ။ ဒါ ရူးတာ သိရဲ့လား ။

အချစ်ဆိုတာ ရူးစေတတ်တာမျိုးပဲ ။ ဆရာမ မှာတော့ ဘာရူးမလဲ ။ စာရေးတတ်တာကိုး ... စာနဲ့ ညားနေတယ် ။

မြင့်ကော မရေးတတ်ဘူးလား ။

ရေးတတ်ပေမဲ့ သူများလို နိုင်ငံကျော် မဖြစ်သေးလို့ စိတ်ပျက်နေပါပြီ ။ စာနဲ့လည်း မညားနိုင်တော့ ပါဘူး ။ စာကိုလည်း မချစ်တော့ပါဘူး ။ တကယ်ချစ်တဲ့ လူနှင့်သာ အေးအေးနေချင်တော့တာပါပဲ ။

အေးအေးနေရင် ဘာလုပ်စားမလဲ ။

ဘာလုပ် စားရမလဲ ။ ကိုယ်ပိုင် လယ်ဧက သုံးရာ ရှိတယ် ။ လယ်ထောက်ခ မချဘူး ၊ ကိုယ်တိုင် သူရင်းငှားနဲ့ လုပ်စားမှာပေါ့ ။

ဒီလိုဖြင့် လယ်သူကြီးပေါ့လေ ။

“ ဟုတ်ကဲ့ ၊ လယ်ငှား လယ်သူကြီး မဟုတ်ပါဘူး ။ ကိုယ်ပိုင် လယ်လုပ်တဲ့ လယ်သူကြီးပါ ။ ဆရာမကတော့ လယ်သူကြီးအလုပ်ကို သေးနုပ်တယ် ထင်မှာပေါ့ ။ အယ်ဒီတာတို့ ၊ မင်းတိုင်ပင်အမတ်တို့ ၊ ဝတ်လုံတို့ ၊ ငါးထောင်စားတို့မှ ဟုတ်တယ် ထင်မှာပဲ ။

ဪ ... ဒီလိုလည်း မဟုတ်ပါဘူး ။ အေးအေးဆေးဆေး ကိုယ့်ဘာသာ စာရေးပြီး နာမည်လည်းရ ဝမ်းလည်းဝ နေတဲ့အခါမှာ သခင် တစ်ယောက် ၊ လင် တစ်ယောက်ကို အကြောင်းမဲ့ ရှာပြီး လုပ်ကျွေးသမှု ပြုလျှင် မိုက်ရာကျမှာ စိုးလို့ပါ ။

စင်စစ်အားဖြင့်သော်ကား စိန်စိန်သည် မောင်မြင့်ကို ချစ်ခင်၏ ။ သို့သော်လည်း မိမိလောက် ပညာ မရှိ ဟု မှတ်ထင်ကာ အညတရဖြစ်သော ရွာငယ် ဇနပုဒ်သား တစ်ယောက်ကို ယူရမည်အတွက် ရှက်သလို ဖြစ်၍ နေသောကြောင့် အစဉ်းစားကြီး၍ နေလေ၏ ။

ထိုကဲ့သို့ စကားပြောဆို၍ နေခိုက်တွင် စာပို့ကု,လား တစ်ယောက်သည် စာတစ်စောင်ကို လာ၍ ပေးလေ၏ ။ ထိုစာကို ဖွင့်၍ ကြည့်လိုက်သောအခါ အောက်ပါအတိုင်း တွေ့ရှိရလေ၏ ။

        မိတ်ဆွေ ကိုမြင့်
        မိတ်ဆွေ မှာထားသဖြင့် သတင်းစာတိုက်ရှင် တစ်ဦးထံ ပြောပြရာ အင်္ဂလိပ်သတင်းစာများကို မြန်မာလို ကောင်းစွာ ပြန်ချင်ရင် တစ်လ ကျပ် ၈ဝ လောက် စ၍ ပေးချင်သည်ဟု ပြောပါသည် ။ မိတ်ဆွေ ပြန်၍ ပေးထားသော ဩစတြီးယားပြည် ၊ စုံထောက်အရာရှိများ အကြောင်းကို ကျွန်တော် ပြကြည့်ရာ လွန်စွာ သဘောကျသဖြင့် မိတ်ဆွေကို အမြန် မှာဖို့ရန် ပြောပါသည် ။ သို့အတွက် အလုပ်ကို လက်ခံလိုလျှင် မြန်ချင်သမျှ မြန်စွာ ရန်ကုန် သို့ လာရောက်ပါမည့်အကြောင်း ။
        မောင်သင်း

မောင်မြင့်သည် ထိုစာကို ဆရာမအား ပြရာ ဆရာမသည် များစွာ သဘောကျပြီး နာမည်ရအောင် ကြိုးစားဖို့ရန် အားပေးလေ၏ ။

နောက်တစ်နေ့ မောင်မြင့်သည် စိန်စိန် အား နှုတ်ဆက်ပြီးလျှင် ရန်ကုန်မြို့သို့ ထွက်သွားခဲ့လေသတည်း ။ ထိုနောက် တစ်နှစ်ကျော်ခန့် ကြာ၍ သွားလေ၏ ။ မောင်မြင့်သည် စိန်စိန်ကို တွေ့ရန် ရွာသို့ အားလပ်တိုင်း ပြန်၍ လာလေ၏ ။ စိန်စိန်မှာလည်း မောင်မြင့် အလုပ်လုပ်သော သတင်းစာ၌ မောင်မြင့်၏ ကူညီမှုကြောင့် ဆောင်းပါးများကို ရေး၍ ပေးသဖြင့် အတော်ကလေး နာမည် ပိုမို၍ ရလေ၏ ။ မောင်မြင့်မှာမူ အထူးနာမည် မရ ၊ ဘာသာပြန်ဆရာ အဖြစ်နှင့်သာ မထင်မရှား လုပ်ကိုင်၍ နေရရှာလေသတည်း ။

စိန်စိန်မှာ နဂရာစိန် ဟူသော အမည်ဖြင့် အတော်ပင် ရေးရသော်လည်း များစွာ တင်းတိမ်ရောင်ရဲခြင်း မရှိ ။ ဘယ်နည်းဖြင့် တစ်ဦးတည်း နိုင်ငံကျော်အောင် ကြိုးစားရမည် ကိုသာ ကြံစည်ခဲ့လေ၏ ။ သို့သော်လည်း တစ်ဦးတည်း နာမည်ကျော်မဖြစ် ။ မိမိကဲ့သို့ အတော်အတန် နာမည်ရသူ စာရေးဆရာတွေ များစွာ ရှိခဲ့သဖြင့် မိမိကိုယ်တိုင် အပေါ်၌ မကျေမနပ်သောစိတ် ပေါ်ပေါက်၍ နေလေသတည်း ။

မောင်မြင့်နှင့် တွေ့သည့် အခါမှာ ထိုအကျိုးအကြောင်းတို့ကို နှီးနှောလေရာ မောင်မြင့်မှာ ဗဟုသုတ အကြားအမြင် ရှိလာသဖြင့် စိန်စိန် အား များစွာ အကြံဉာဏ် ပေးလေ၏ ။ သို့သော်လည်း မောင်မြင့်၏ အမည်ဖြင့် တေးထပ်တစ်ပုဒ် ၊ ကဗျာတစ်ပုဒ် ၊ ဆောင်းပါးစာ တစ်ပုဒ်မျှ မရေးသောကြောင့် မောင်မြင့်၏ အကြံပြုချက် များကို များစွာ ကိုးစားအားထား မပြုရုံမက အချို့သော အကြောင်းများ၌ မောင်မြင့်နှင့် များစွာ အထင်အမြင် ကွဲလွဲ၍ နေလေ၏ ။

သည်လောက်တောင် ဘယ်အတွက် ၊ ဘယ်လောက် ပူရသလဲ ဆရာမရဲ့ ။ ရှေးက စိုက်ပေးသလောက် ဖြစ်ကြရတာပဲ ။ ဆရာမမှာ ကျော်စောဖို့ ကုသိုလ်ပါသလောက် ကျော်စောရမှာပေါ့ ။ ဒါတွေကို အသာထားပြီး ဝါသနာ ပါတဲ့ အလုပ်ကို ချစ်ချစ်ခင်ခင် လုပ်ရင်း ၊ ချစ်တဲ့သူ တစ်ယောက်နဲ့ ပျော်ပျော်ပါးပါး နေနေရတာဟာ အခုလို နေနေရတာထက် ပိုပြီး မကောင်းဘူးလား ပြောလေ၏ ။

သို့သော်လည်း စိန်စိန်၏ စိတ်၌ မောင်မြင့် အပေါ်၌ အထင်အမြင် ပိုမို၍ ယုတ်လျော့ပြီး အင်း မလုပ် ၊ အဲ မလုပ်သာ နေလေသည် ။ အဘယ်ကြောင့်ဆိုသော် မောင်မြင့် သတင်းစာတိုက်၌ အလုပ်လုပ်၍ နေရလျက် ကိုယ်တိုင် နာမည်တစ်ခု မရသည်မှာ စွမ်းရည်သတ္တိ မိမိ လောက် မရှိလို့ဘဲ ။ မိမိမှာ မိန်းကလေး ဖြစ်သောကြောင့်သာ အခုလို နေရသည် ။ မောင်မြင့်လို ယောက်ျားကလေး ဖြစ်ပြီး သတင်းစာတိုက်တစ်ခုခုမှာ ဝင်၍လုပ်ရ မည်ဆိုလျှင် ယခုထက် နာမည် ပို၍ကြီးမှာပဲဟု အစွဲ ပြုကာ ယုံကြည်၍ နေလေသတည်း ။

တစ်နေ့သ၌ စိန်စိန်သည် သတင်းစာ တစ်စောင်ကို ဖတ်၍ ကြည့်ရာ ဝတ္ထုရေးဆရာ အသစ်တစ်ယောက် ရေးသော ဝတ္ထုစာအုပ် အသစ်တစ်ခု အကြောင်းကို တွေ့ရှိရလေ၏ ။ ထိုဝတ္ထုနှင့် ပတ်သက်၍ သတင်းစာ အယ်ဒီတာများသည် များစွာ ချီးကျူး ရေးသားထားကြသည်ကို တွေ့ရှိရလေသတည်း ။

ထို့နောက် အခြား သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း တို့ကို ဆက်လက် ဖတ်ကြည့်ရာ၌ ထိုစာရေးဆရာသစ် မောင်သိုင်း၏ နာမည်သည် တစ်ပြည်ထောင်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်၍ လာသည်ကို တွေ့ရှိရလေသည့်ပြင် သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း ဟူသမျှတို့၌ လည်းကောင်း မောင်သိုင်း ရေးသော စာများ အမြဲ ပါရှိသည်ကို တွေ့ရ သောအခါ စိန်စိန်မှာ မခံချည့် မခံသာ ဖြစ်၍ နေလေသတည်း ။

အကြောင်းမူကား နှစ်ပေါင်းများစွာက အင်္ဂလိပ်စာ ၊ မြန်မာစာတို့ကို ဖတ်လျက် အမြဲမပြတ် ကြိုးစား ရေးသားခဲ့သော ငါ့မှာ ဤကဲ့သို့ မရ ။ မောင်သိုင်း ဆိုသူမှာ အဘယ်အခါကမှ နာမည် မကြားရဖူးဘဲလျက် ယခုလို ရုတ်တရက် ကျော်ကြားလာရလေခြင်း ။ သူနဲ့ ငါ ဘာများ ခြားနားသေးသတုံး ။ သူ ရေးတဲ့ စာမျိုးကို ငါ ရေးရင် မဖြစ်ဘူးလား စသည်ဖြင့် မခံမရပ်နိုင် ရှိနေလေ သတည်း ။

ထိုကဲ့သို့ မခံမရပ်နိုင်အောင် ရှိနေသည့် အတောအတွင်း မောင်မြင့် ရောက်၍ လာသောအခါ ထိုနိုင်ငံကျော် စာရေးဆရာကြီး မောင်သိုင်း၏ အကြောင်းကို ပြောဆိုကြလေရာ ၎င်းဆရာကြီး အကြောင်းနှင့် ပတ်သက်၍ စိန်စိန်က မေးသောအခါ မောင်မြင့်က လူကိုယ်တိုင် တစ်ခါမှ မတွေ့ရဖူးကြောင်း ၊ နာမည်ကိုသာ ကြားရကြောင်းနှင့် ပြောပြလေ၏ ။

သည်ဆရာကြီး နဲ့ စိန်စိန် တွေ့ရရင် အကြံကောင်း ဉာဏ်ကောင်းတော့ ရမှာပဲ ။ စိန်စိန် ဘယ်လို ကြံပြီး တွေ့ရပါမလဲ ။ တစ်ဆိတ် တွေ့ရအောင် ကြံမပေးနိုင်ဘူးလား ။ စိန်စိန် ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ကို ပို့ကြည့်ချင်တယ် ။

သည်ဆရာကြီး လိပ်စာတော့ သတင်းစာတိုက်မှာ မှတ်ထားတာ ရှိမှာပဲ ။ သူနဲ့ စာပေးစာယူ အရှိသားကိုး ။ တိုက်က တစ်ဆင့် သူ့ဆီ ပို့ပေးပါ ဆိုရင် ရောက်မှာပေါ့ ။ ဆရာကြီးနဲ့ ပတ်သက်တာ ရှိရင် အယ်ဒီတာတွေ အင်မတန် ဂရုစိုက်ကြရတာပဲ ။

နောက် တနင်္ဂနွေ တစ်ပတ်လောက် ကြာသောအခါ စိန်စိန်သည် မိမိ ရေး၍ ထားသော ဝတ္ထုကို ၎င်း ဆရာကြီး၏ အထံသို့ ပို့သလေ၏ ။

သို့ ပို့ပြီးသည့်နောက် အဘယ်သို့သော ပြန်စာကို ရရှိမည်လဲဟု တွေးတောကာ အထိတ်ထိတ်နှင့် နေလေ၏ ။ နောက် လေးရက် ကြာသောအခါ စာရောက်လာလေ၏ ။ စိန်စိန်သည် ထိုစာကို တုန်လှုပ်သော လက်များနှင့် ဖောက်၍ ကြည့်လေရာ အောက်ပါအတိုင်း တွေ့လေ၏ ။

        မိတ်ဆွေ ပေးပို့လိုက်သော ဝတ္ထုကလေး ကို ဖတ်၍ ပြီးပါပြီ ။ ဝတ္ထုကလေးကို သုံးရာ နှင့် ရောင်းချလျှင် ချက်လက်မှတ် ပို့လိုက်ပါ မည် ။ ပုံနှိပ်တိုက်ပိုင်ရှင် တစ်ဦးက ၎င်းဝတ္ထုကို ယူမည်ဟု ပြောပါသည် ။ စာပြန်လိုက်ပါ ။
        မောင်သိုင်း

စိန်စိန်သည် ထိုစာကို ဖတ်ရသောအခါ လွန်စွာ အားတက်၍ သွားလေ၏ ။ အကြောင်းမူကား နိုင်ငံကျော် စာရေးဆရာ တစ်ယောက်က သေးငယ်သော မိမိ၏ ဝတ္ထုကလေးကို အဖိုး သုံးရာ ဖြတ်သည် ။ မိမိ အဘယ်အခါမှ မတွေးမခေါ် မမြော်မြင်သောအရာ ဖြစ်လေ၏ ။ ထိုဆရာကြီးသည် မတရားသဖြင့် ကျော်ကြားသည်ဟု မှတ်ထင်ခဲ့ခြင်းများသည် ပပျောက်၍သွားပြီး အဟုတ်တကယ် သိလို့ ကျော်စောပေခြင်းပဲဟု စိတ်ထဲ၌ ဝန်ခံလျက် ထိုစာကို ရင်၌ ပွေ့ပိုက်လေ၏ ။ နဖူး၌တင်ကာ အရိုအသေ ပြုလေ၏ ။ ထိုနောက် ဆရာကြီးအား အလွန် တရာ ကျေးဇူးတင်ကြောင်း တပည့်ကလေး တစ်ယောက် ဟု အမှတ်ထားပြီး အမှားအယွင်း ရှိက ပြုပြင်ပြင်ဆင်ပြီး လျော်ကန်သင့်မြတ်သလို စီမံပါမည့် အကြောင်း ဆရာကြီး၏ ခြေရင်းသို့ ကန်တော့ရန် လာရောက်ချင်လှသဖြင့် အခွင့်ရ၍ နေ့ကောင်းရက်သာကို သိရလျှင် အမြန်ပင် ရန်ကုန်မြို့သို့ လာရောက်ချင်ကြောင်း စသည်ဖြင့် လျင်မြန်စွာ ပြန်စာကို ရေးပြီး ကလေး တစ်ယောက်ကို ခေါ်၍ စာကို ရေစစ္စရီ ပြုလုပ်၍ ပို့ရန် လွှတ်လိုက်လေသတည်း ။

နောက်ရက်များ မကြာမီ ငွေသုံးရာတန် ချက်လက်မှတ် တစ်ခု ရောက်လာလေရာ စိန်စိန်မှာ မိမိ၏ ထူးချွန်သော ကံကြမ္မာကို မယုံကြည်နိုင်လောက်အောင် ရှိရှာလေသတည်း ။

ထို့နောက် ၎င်းဆရာကြီးနှင့် စာပေးစာယူ များစွာ ပြုလုပ်ရသော်လည်း တွေ့ကြုံရန် အခွင့်မရသဖြင့် တစ်ဖန် စိတ်လက်မကျေမချမ်း ဖြစ်၍ လာပြန်လေ၏ ။

ဤဆရာကြီးသည် အလွန် မာနကြီးတဲ့ ဆရာကြီး နှင့် တူသည် ။ ငါ့ကို အဖက်လုပ်ချင်တဲ့ လက္ခဏာ မရှိဘူး စသည်ဖြင့် တစ်မျိုး ထင်မြင်ပြန်လေသတည်း ။

နောက် သုံးလေးလလောက် ကြာသောအခါ မိမိ ရေးသော ဝတ္ထု ထွက်ပေါ်၍ လာလေ၏ ။ ၎င်းဝတ္ထု အကြောင်းနှင့် ပတ်သက်၍ ဆရာကြီးဦးသိုင်း၏ ချီးမွမ်း ထောမနာပြုသော စာများနှင့် ထင်မြင်ချက်များကိုပါ သတင်းစာများ၌ ဖတ်ရလေ၏ ။ မိမိ ထံသို့လည်း စာအုပ် ငါးဆယ် ရောက်လာ၍ အတိုင်းမသိ အားရဝမ်းသာ ဖြစ်ပြီးလျှင် မိမိ၏ အသိအိမ် ဆွေမျိုးထံသို့ ထို စာအုပ်များကို လက်ဆောင်အဖြစ်နှင့် ပေးပို့ရာတွင် မောင်မြင့် ကို မမေ့ ။ ၎င်းထံသို့လည်း စာတစ်အုပ်ကို ပို့လိုက်လေရာ မောင်မြင့်ထံမှ ကျေးဇူးအထူးတင်လျက် ထိုစာအုပ်နှင့် ပတ်သက်၍ များစွာ ချီးမွမ်းသော စာကို ရရှိလေ၏ ။

ထို့နောက် ရက်များမကြာမီ မောင်မြင့် ရောက်လာလေ၏ ။ စိန်စိန်သည် မောင်မြင့်အား များစွာ ကျေးဇူးတင်သည့်အကြောင်းများကို ပြော၍ ပြလေ၏ ။

အကြောင်းမူကား မောင်မြင့်က အကြောင်းပြု ဆက်သွယ်၍ ပေးသောကြောင့်သာ ထိုစာအုပ်ကို ဆရာကြီးဦးသိုင်း ထံသို့ ရောက်အောင် ပို့ရသဖြင့် ထိုစာအုပ် ထွက်ပေါ်၍ လာသည်ကို ပြော၍ ပြလေသတည်း ။

မြင့် ။  ။ “ ကျေးဇူးတင်စရာ မရှိပါဘူး ဆရာမရဲ့ ။ မိမိ ပညာရှိလို့သာ အခုလို ထင်ပေါ်ကျော်စောခြင်း ဖြစ်တာပါ ။ ပညာမရှိလျှင် သည်ဆရာကြီးလည်း တစ်စုံတစ်ရာ တတ်နိုင်ဖို့ မရှိပါဘူး ”

“ သည်ဆရာကြီး အသက် ဘယ်လောက် ရှိပြီလဲ ။ ကိုမြင့် တစ်ခါမှ မတွေ့ရဘူးလား ”

“ တွေ့ရပါပြီ ။ လူငယ်ငယ် ရှိပါသေးတယ် ။ လူပျို ပါပဲ ။ သနားကမား လူချောလို့ ဆိုရမှာပေါ့ ”

“ ဪ .. ဟုတ်လား ၊ ဘာမှ မကြီးသေးဘူးပေါ့ ။ စိန်က အတော်ကြီးပြီလို့ ထင်နေတယ် ” ဟု မျက်နှာ၌ ဝင်းထိန်တောက်ပစွာနှင့် ပြန်၍ ပြောလေ၏ ။

နိုင်ငံကျော် ဆရာကြီးဟာ ဘာမျှ မကြီးသေးဘူး တဲ့ ။ လူချော ၊ လူပျိုတဲ့ စသည်ဖြင့် တွေးတော၍ နေလေသတည်း ။

“ ဘယ့်နှယ်လဲ ဆရာမရဲ့ ။ နာမည်လည်း ရပြီ မဟုတ်လား ၊ ဘာလိုသေးသလဲ ။ ဆရာမလို ပညာသည်ကလေးမျိုးဟာ အနန္ဒာငါးနဲ့ တူပါတယ် ။ ချောင်းကြို မြောင်းကြားများမှာ နေလျှင် အမြီး လှည့်စရာရှိမှာ မဟုတ်ဘူး ။ ရန်ကုန်မြို့ကို ပြောင်းပါ ။ ကျွန်တော်လည်း လစာကလေး ၊ အိမ်ကလေး ရနေပြီ ။ ဘာသာပြန်ဆရာ သက်သက် မဟုတ်တော့ပါဘူး ။ အယ်ဒီတာ တစ်ယောက်ပါ ”

စိန်စိန်သည် စကားပြန်၍ မပြောဘဲ စဉ်းစားလျက် မောင်မြင့်ကို အံ့ဩသော မျက်နှာနှင့် ကြည့်ကာ အယ်ဒီတာကတော့ အယ်ဒီတာပဲ ။ နိုင်ငံကျော်တော့ မဟုတ်သေးဘူး ။ အခုလောက်ကျလို့ မကျော်ကြားလျှင် နောက် ကျော်ကြားဖို့ ရှိပါတော့မလားဟု တွေးကာနေလေ၏ ။

စိန်စိန်သည် မောင်မြင့်ကို ချစ်၏ ။ မောင်မြင့်ကို မိမိ ချစ်ကြောင်းကိုလည်း မိမိကိုယ်တိုင် ကောင်းစွာသိ၏ ။ သို့သော်လည်း သတင်းနာမည် ကျော်ကြားခြင်းကို များစွာလိုလားသော မာန်မာနသည် မောင်မြင့်နှင့် စိန်စိန်၏ စပ်ကြား၌ ပင်လယ်ကြီး ခြားသလို ခြား၍ နေလေသတည်း ။

“ ဆရာမ ရန်ကုန်မှာ နေလျှင် သာ၍ အတွေ့အမြင် များမယ် ၊ အသိပညာ တိုးမယ် ။ သည်တော့ သာပြီး ကျော်ကြားထင်ရှားမယ် မဟုတ်လား ။ ဘယ်အထိ စဉ်းစားဦးမှာလဲ ။ စဉ်းစားတဲ့ အချိန်တွေကို ရတတ်ပါတယ် ဆရာမရဲ့ ။ ခေါင်းညိတ်လိုက်စမ်းပါ ။ ဆရာမ ခေါင်း တစ်ချက် ညိတ်လိုက်လျှင် ကျွန်တော့် စိတ်နှလုံးပေါ်မှာ တင်နေတဲ့ ပိဿာလေးကြီးဟာ တစ်ခါတည်း ကျသွားမှာပါပဲ ။ ပြောစမ်းပါ ၊ ရန်ကုန်ကို လိုက်မယ် မဟုတ်လား ” ဟု မောင်မြင့်သည် စိန်စိန်၏ လက်ကလေးကို ကိုင်ဆွဲလေ၏ ။

စိန်စိန်က ပြန်၍ ရုန်းလျက် “ မဖြစ်နိုင်ပါဘူး ထင်ပါရဲ့ မြင့်ရယ် ... နောက် သည်လို ကိုင်လား ဆွဲလားလုပ်လျှင် လက်ခံစကား မပြောဘဲ နေလိမ့်မယ် သိရဲ့လား ။ ဆရာနဲ့ တပည့် သိလား ။ အသက်ချင်း တူပေမဲ့ ဂုဏ်ချင်းမတူဘူး ။ စိတ်ထဲက မပြစ်မှားနဲ့ ။ ပြစ်မှားလျှင် ငရဲကြီးတတ်တယ် ”

“ မပြစ်မှားနဲ့ ဆိုတာက လွယ်လွယ်ကလေးရယ် ။ မပြစ်မှားဘဲ နေဖို့ဟာက မလွယ်ဘူး ။ ငယ်ငယ်ကလေးက အတူတူ ကစားပြီး အခုထက်ထိ အသည်းစွဲ ချစ်လာတဲ့သူ ဆရာမ ဖြစ်သွားတော့ သာပြီး ချစ်မိတာပဲ ။ အခုလို နာမည်ကျော်ကြား လာပြန်တော့ သာပြီး ချစ်ရတာမို့ ဆရာမ ကိုမှ ကျွန်တော် မရလျှင် သည်ဘဝမှာ ဘယ်မိန်းမ ကိုမှ မယူဘဲ တစ်သက်လုံး လူပျိုကြီး လုပ်နေတော့မှာပဲ ။ ဆရာမကို ယူမယ့် လူတစ်ယောက်ယောက် ပေါ်ပေါက်၍ လာလျှင်တော့ ကျွန်တော် ဘယ်လို လုပ်မိမယ်ဆိုတာ သေသေချာချာ မပြောနိုင်ဘူး ။ နောင်ခါကျမှ သိရမှာပဲ ”

“ တကယ် ကြောက်ရမှာလား ။ အယ်ဒီတာကြီး တစ်ယောက်လုံး လုပ်ပြီး သည်လို စိတ်သဘော သေးလျှင် စိတ်သဘော သေးတဲ့အတွက် ခံရမယ့် အပြစ်ဒဏ်ကို ထိုက်ထိုက်တန်တန် ခံရမှာပေါ့ ”

“ တကယ့်အချစ်ကို စိတ်သဘောသေးတဲ့ အပြစ်လို့ ဘယ်သူ ပြောသလဲ ။ ဆရာမက နာမည်သတင်း ကျော်ကြားတဲ့ အတွက် ကျွန်တော့်လို လူကို အဖက်မတန်ဘူး ထင်လျှင် နောင်ခါတော့ သိရမှာပါပဲ ” ဟု စပ်ဖြီးဖြီး ပြော လေ၏ ။

“ အဖက် မတန်ဘူးလို့ မြင့်ကို ဘယ်သူက ပြောသလဲ ။ မြင့်ကို ချစ်ပါတယ် ။ နို့ပေမဲ့ မြင့် ပြောတဲ့ အချစ်မျိုး မဟုတ်ဘူး ”

“ ဘယ်လို အချစ်မျိုးလဲ ”

“ ထောင့်ငါးရာ အချစ်မျိုး မဟုတ်ဘူးလို့ ပြောတာပါ ”

“ ဆရာမ ကိုယ်ကို ဆရာမ လိမ်နေတာပါ ။ ဆွေမျိုး ဉာတိ မောင်နှမ အရင်းအချာ မဟုတ်တဲ့ မိန်းမနဲ့ ယောက်ျား များဟာ တစ်ယောက်ကို တစ်ယောက် ချစ်ကြတဲ့ အခါမှာ ထောင့်ငါးရာ မဟုတ်လျှင် သောင်းငါးထောင်လို့ ဆိုရမှာလား ။ ငါးရာ့နှစ်ဆယ့်ရှစ်သွယ် ဆိုတာမျိုးတော့ ဆရာမ မှာဖြင့် ကျွန်တော် မသိဘူး ။ ကျွန်တော့်မှာတော့ မရှိဘူး ။ ထောင့်ငါးရာက ပိုချင် ပိုမယ် ၊ လိုတော့ မလိုဘူး ”

ဆရာမ၏ မျက်နှာမှာ နီမြန်းလျက် “ ပြောရင် သည်လို အတင်း ဇွတ်တရွတ်ချည်းပဲ ”

“ အို ... တကတဲ ... ကြိုက်မရှက် ဆိုတာ ဘယ်သွား ထားဦးမှာလဲ ။ ဒါမျိုးဟာ ရှက်နေလို့ ရတာမျိုး မဟုတ်ဘူး ဆရာမရဲ့ ။ ဪ ... သိပြီ သိပြီ ရိပ်မိပြီ ။ ကျေးဇူးရှင် ဆရာကြီး တစ်ယောက် ရှိသေးပေတာကိုး ။ အကျော်နဲ့ အမော်ကိုး ။ သို့သော်လည်း သည်လို ကျော်သူနဲ့ မော်သူများဟာ လောကမှာ အင်မတန် တွေ့ခဲတာမျိုးပဲ ”

“ တော်ပါ ၊ တွေ့ကရာတွေ မပြောပါနဲ့ ။ တွေ့ကရာ လူနဲ့ လူကို မပေးစားပါနဲ့ ”

“ ဒါတော့ ဆရာမ စဉ်းစားကြည့်ပါလေ ။ အဟုတ် တကယ်မျိုမလို ချစ်တဲ့သူ တစ်ယောက်ကို မိမိ စိတ်ထဲမှာလည်း ချစ်ရဲ့သားနဲ့ ။ လက်ဖျားကလေး ထိတာကိုမှ မခံချင်ဘဲ ငြင်းဆန်နေရင် တခြား အကြံတစ်ခုခု ရှိလို့ ဆိုရမှာပေါ့ ”

“ ဘာအကြံမှ မရှိဘူး ။ လင် မယူချင်သေးလို့ ၊ ကိုင်း .. ဘာပြောဦးမလဲ ”

“ သာဓု ခေါ်ရမှာပေါ့ ။ တော်တော်ကြာတော့သာ ယူချင်လှချည်ရဲ့ ဖြစ်မနေပါနဲ့ ။ မောင်မြင့်တဲ့ သိရဲ့လား ။ ရန်ကုန်မြို့ကနေပြီး ကက်ကင်းဓာတ် ပြန်ရိုက်လိုက်မယ် ။ ဟန်ကြီးပန်ကြီးလုပ်တဲ့ ဆရာမကလေးဟာ ငိုက်ခနဲ ဖြစ်သွားစေ့မယ် ”

နောက်တစ်လလောက် ကြာသောအခါ ရန်ကုန်မြို့ရှိ သတင်းစာဆရာ ၊ စာရေးဆရာကြီးများအသင်းမှ ဖိတ်စာတစ်စောင် ဆရာမထံ ရောက်၍ လာလေ၏ ။

၎င်းဖိတ်စာ၌ နိုင်ငံကျော် စာရေးဆရာကြီးဦးသိုင်း က မြန်မာစာပေပညာ တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်း အကြောင်းကို ဟောပြောလိမ့်မည် ဖြစ်၍ စာရေးပညာကို လိုလားလိုက်စား လေ့ကျင့်သူများ ကြွရောက်နားထောင် ကြရန်ဟု ပါရှိလေသည် ။ စိန်စိန် ထံသို့ လာသော ဖိတ်စာ မှာမူကား နာမည်ရ စာရေးဆရာ ဖြစ်သဖြင့် အထူး စပါယ်ရှယ် ဖိတ်ကြားသောစာ ဖြစ်လေ၏ ။

ထိုစာရသောအခါ စိန်စိန်သည် အတိုင်းထက် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏ ။ အကြောင်းမူကား စာရေးဆရာ ပညာရှိတို့၏ အသင်းကြီးများကပင် မိမိကို အထူးဂရုဓမ္မပြု၍ ဖိတ်ကြားထားသည် ။ ဆရာကြီး ဦးသိုင်းသည် ငါ့အပေါ် အထူးမေတ္တာထားတဲ့ လက္ခဏာ ပဲ စသည်ဖြင့် တွေးတောမိလေသတည်း ။

ထိုအစည်းအဝေးကြီး ဖြစ်မည့် နေ့ရက်သည် နီးကပ်၍ လာလေ၏ ။ စိန်စိန်မှာ မိမိ၏ ဆရာကြီးကို တွေ့မြင်ရတော့မည်ဟု အားတက်ကာ ရိုးရိုးရွရွ ဖြစ်၍နေလေသည် ။ လူပျို ၊ လူရွယ် ၊ လူငယ် ၊ လူချော ၊ သားမရှိ ၊ မယားမရှိ ၊ နိုင်ငံကျော် ပညာရှိတဲ့ ။ ငါ့ ကိုလည်း သူ အထူး ဂရုစိုက်တယ် ။ ယခု သူ့ကို ငါ တွေ့ ရတော့မယ် ။ တွေ့ရင် ဘယ်လိုများ နေမလဲ မသိဘူး စသည်ဖြင့် တွေးကာ ရင်ထဲမှာ ဝေရမ္ဘာ လေဝှေ့လျက် နေလေသတည်း ။

ရန်ကုန်မြို့သို့ ရောက်သွားပြီးနောက် မောင်မြင့် ထံ အရောက်သွားလေ၏ ။ မိခင်နှင့်အ တူ မောင်မြင့်၏ အိမ်၌ တည်းခိုနေထိုင်လေ၏ ။ အစည်းအဝေး မဖြစ်မီ ညမှာ ညကို မြန်မြန် ကုန်လွန်စေအောင် မနည်းကြီး ကြိုးစားပြီး မျက်စိကို မှိတ်၍ အိပ်ရလေ၏ ။

မိုးလင်းသောအခါ မောင်မြင့်သည် အစေခံ ဖြစ်သူအား စိန်စိန်တို့ သားအမိကို ကောင်းစွာ ချက်ပြုတ်ကျွေးမွေးရန် မှာကြားပြီး စိန်စိန်အား အစည်းအဝေးနှင့် ပတ်သက်၍ စီမံစရာတွေ ရှိသဖြင့် မိမိ စောစော သွားရမည် ။ ဆယ်နာရီမှာ ဝိုင် - အမ် - ဘီ - အေအသင်းတိုက်ကို အရောက်လာပါဟု ပြောပြီး လက်ဖက်ရည်သောက်ပြီး နောက် စောစောစီးစီး အိမ်မှ ထွက်၍ သွားလေ၏ ။

စိန်စိန်သည် နာရီကိုသာ မကြာမကြာ ကြည့်ရလေ၏ ။ အစေခံသည် နံနက်စာကို ဟင်းအမျိုးမျိုး ချက်ပြုတ်ပြင်ဆင် ကျွေးမွေးသော်လည်း စိန်စိန်မှာ မစားနိုင်ချေ ။ ဝမ်းသာလုံး ဝ၍ နေလေ၏ ။ နာရီလက်တံသည် လွန်စွာ နှေးလေ၏ ။ သို့သော်လည်း အချိန်သည် တဖြည်းဖြည်း နီးကပ်၍ လာလေသတည်း ။

ထိုအခါ စိန်စိန်သည် မိခင်နှင့် အတူ ဝိုင် - အမ် - ဘီ - အေ - တိုက်သို့ ထွက်သွားကြပြီးလျှင် အသင်းတိုက်သို့ ရောက်သောအခါ ရဟန်း ပရိသတ် ၊ လူပရိသတ် များစွာတို့ကိုလည်းကောင်း ၊ စင်မြင့်ပေါ်ရှိ ခန့်ညားသော ဆရာကြီး အချို့ကို လည်းကောင်း မြင်ရလေ၏ ။

စိန်စိန်မှာ များစွာသော ပရိသတ်တို့ အလယ်တွင် မြုပ်၍ နေလေ၏ ။ စင်မြင့်ပေါ်၌ ထိုင်၍ နေကြသူတို့ အထဲမှာ ဆရာကြီး ပါရှိမှာပဲ ။ ဘယ်ဆရာကြီးဟာ ငါ့ ဆရာကြီး ဖြစ်ပါလိမ့်မလဲ ။ လူပျို သနားကမားလို့ ကိုမြင့် က ပြောတယ် ။ အခုတော့ သနားကမား တစ်ယောက်ကမှ မတွေ့ရ ။ ပျိုပျိုရွယ်ရွယ်လည်း တစ်ကောင်မှ မရှိ ။ ခေါင်းပေါင်းကို ဖော့လုံးယောင်ပေါင်းပြီး ချည်ပုဆိုးရှည် ဒူးအထိဝတ် ထားတဲ့ ပိန်ပိန်ခြောက်ခြောက် ၊ သျှောင်ကျစ်စာ ကလိန်စေ့နဲ့ ဆရာညိုညိုကြီးဟာ ဆရာသိုင်း ဟုတ်မယ့် လက္ခဏာ မရှိပါဘူး ။ ဟို ဝဝတုတ်တုတ် အသားညို ပုပ်ပုပ်နဲ့ ပျဉ်ထောင်နံရံမှာ ရွှံ့ဆေးကို ပစ်ကပ်ထားသည်နှင့် တူသော လူရည် မချောတချောကြီးဟာ အနည်းဆုံး အသက် ငါးဆယ်တော့ ကျော်မှာပဲ ။ သူလည်း ငါ့ဆရာ ဟုတ်မယ် မထင်ဘူး စသည်ဖြင့် အကဲခတ်ကာ နေလေသတည်း ။

ထိုအခိုက်တွင် စင်မြင့်ပေါ်ရှိ လူများမှာ လှုပ်လှုပ်ရွရွ ဖြစ်၍ လာကြ၏ ။ ပရိသတ်များ တရွရွ ဖြစ်၍ လာကြ၏ ။ လက်ခုပ်လက်ဝါး တီးကာ ပဲ့တင်ခတ်လျက် ယောက်ျားပျို တစ်ယောက်သည် စင်မြင့်ပေါ်၌ အတွင်းဘက်မှ ပေါ်၍ လာလေသတည်း ။

စိန်စိန်သည် ၎င်းကို မြင်သောအခါ ကျောက်ရုပ်လို ဖြစ်၍နေလေ၏ ။ မျက်တောင်ခတ်ရမှန်း မသိ မေ့၍ နေလေ၏ ။ ကြက်သေသေလျက် အံ့သြခြင်းကြီးစွာ ဖြစ်၍ နေလေသတည်း ။

မကြာမီ ချယ်ယာမင် လုပ်သူက ထတဲ့၍ အပါး၌ ရပ်လာသော ထိုယောက်ျားပျိုအား လက်ဖြင့် ညွှန်ပြကာ ငယ်မည် ဦးမြင့် ၊ ယခု နိုင်ငံကျော် ဦးသိုင်း ဆိုတာ တခြားမဟုတ်ပါဘူး ။ ကျုပ်လက်ယာဘက်က ပုဂ္ဂိုလ်ပါပဲ ။ လူသာ ငယ် ၊ နာမည်က တုတ်ကြီးတဲ့ ခင်ဗျာ ။ တစ်ခေတ်မှာ နှစ်ယောက် မပေါ်တဲ့ အယ်ဒီတာ နိုင်ငံကျော် ဦးမြင့် ခေါ် ဦးသိုင်းက မြန်မာစာပေ ပရိယတ္တိ၏ တိုးခြင်း ၊ ဆုတ်ခြင်း အကြောင်းများကို ဟောပြောပါလိမ့်မည်ဟု စချီ၍ ပြောလိုက်လေရာ လက်ခုပ်သံတွေ ဆူညံ၍ သွားပြန်လေသတည်း ။

စိန်စိန်သည် မောင်မြင့်၏ လက်ချာများကို သေချာစွာ နားထောင်လေ၏ ။ လုံးစေ့ပတ်စေ့ အကုန်အစင် မှတ်မိလေ၏ ။ မောင်မြင့်၏ ခြေဟန်လက်ဟန်တို့နှင့် မျက်နှာထား အမူအရာတို့သည် စိန်စိန်၏ မျက်လုံးထဲမှာ မပျောက်နိုင်အောင် ထင်ပေါ်၍ နေလေသတည်း ။ အစည်းအဝေး ပြီးသောအခါ မောင်မြင့်မှာ နှုတ်ဆက်စကား ပြောဆိုသူတွေ ဝိုင်း၍ နေသဖြင့် စိန်စိန်မှာ အနားသို့ မကပ်နိုင်ဘဲ နေလေ၏ ။ သို့ဖြစ်သောကြောင့် မြင်းရထားတစ်စီးကို ငှားပြီး အိမ်သို့ အမြန် ပြန်သွားပြီးလျှင် ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ကာ မျက်လုံးများ မှေးပြီး ဖြစ်ပျက်ပုံကို တွေး၍ နေလေသတည်း ။

သို့တွေး၍နေရာ၌ မိမိ ကိုယ်ကို မိမိ အထင်ကြီးမိသမျှသော မာန်မာနတို့သည် အကုန်အစင် သက်လျှောကာ မိမိ၏ စိတ်ထဲ၌ ဆောက်လုပ်၍ ထားသော ဂုဏ်သတင်း နာမည်ကြီးခြင်း၏ တိုက်အိမ်ကြီးသည် ပြိုပျက်၍ သွားလေ၏ ။ အကြောင်းမူကား မိမိ၏ နာမည်ကလေးသည် စင်စစ်အားဖြင့် တကယ် အဖိုးတန်သောနာမည် မဟုတ် ။ မောင်မြင့်က တမင် လုပ်၍ ပေးသောကြောင့် ရရှိသော နာမည်ကလေးဖြစ်လေရာ မောင်မြင့်နှင့် စာလိုက်လျှင် မြင်းမိုရ်တောင်နှင့် တောင်ပို့ ဖြစ်သည်ကို တွေးမိလျက် ကြီးစွာ သံဝေဂရပြီး မာန်မာန ကျ၍ သွားလေသတည်း ။

ထိုအခိုက်တွင် လှေကားမှ ခြေသံကို ကြားရလေ၏ ။ မောင်မြင့်သည် အနားသို့ ရောက်၍လာသောအခါ စိန်စိန်သည် မျက်လုံးကို မဖွင့်ဘဲ မျက်နှာပေါ်၌ လက်မောင်းကို တင်ကာ အိပ်ပျော်ဟန် ဆောင်၍ နေလေ၏ ။ မောင်မြင့်သည် ကုလားထိုင် လက်ရန်းပေါ်၌ ထိုင်ကာ စိန်စိန်၏ လက်ကို ဖြည်းညင်းစွာ ကိုင်ယူလျက် စိန် ဟု ခေါ်လေ၏ ။

မကြာမီပင် မောင်မြင့်သည် စိန်စိန်ကို ထူမပွေ့ချီကာ ရင်ခွင်၌ တင်သိပ်လေရာ ဆရာမကလေး စိန်စိန်သည် သက်မကြီးချလျက် မောင်မြင့်၏ မျက်နှာကို မော့ကြည့်ကာ စိန် သည်နေ့က စပြီး စာမရေးတော့ဘူး ။ မြင့် မှာ ထမင်းချက် ကျွေးသူ ကောင်းကောင်း မရှိဘူးဟု ပြောရှာလေသတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၂ )

No comments:

Post a Comment