Saturday, May 16, 2026

အချစ်ဆိုသောအရာ ... စစ်ဆိုသောအရာ


❝ အချစ်ဆိုသောအရာ ... စစ်ဆိုသောအရာ ❞
         ( ကြယ်လွဲမိုး )

“ အနုပညာဟာ လူ့ယဉ်ကျေးမှုကို အထောက်အကူ ပြုပေးနေတယ် ။ ဒါပေမဲ့ ဇာခန်းဆီးပါးပါး ကွယ်ထားသလိုမို့ လူတွေဟာ ချက်ချင်း နားလည်ဖို့ မလွယ်ဘူး ” ဟု စိတ်ပညာရှင်တစ်ဦး ပြောဆိုခဲ့ဖူးသည်ကို အမှတ်ရနေမိသည် ။ အနုပညာသည် လူ့ဘဝ၏ တစ်ဖက်စွန်းကျမှုတွေကို ထိန်းညှိပေးတတ်သည် ။ ပစ္စုပ္ပန်ကာလ၏ အံချော်မှုတွေကိုလည်း တည့်မတ်ပေးတတ်ပြန်ပါသည် ။

ဟုတ်ပါသည် ။ ဘဝမှာ အဓိပ္ပာယ် အတိအကျ သိရှိဖို့ ခက်ခဲလှသည့် သစ္စာတရား ၊ အလှ ၊ အထီးကျန်ခြင်း ၊ မေတ္တာတရား ၊ ချစ်ခင်ခြင်း ၊ ပေးဆပ်ခြင်း ၊ တာဝန်ယူခြင်း ၊ ပျော်ရွှင်ခြင်းနှင့် သေခြင်းတရားတို့ကို အနုပညာကသာလျှင် ရှင်းပြနိုင်လိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည် ။ ထို့ကြောင့် ကျွန်တော်သည် စစ်ဖြစ်နေသည့် သူငယ်ချင်းမလေး တစ်ယောက်၏ မိသားစုအား ချစ်ခြင်းမေတ္တာတရားအကြောင်း ရှင်းပြရန် အနုပညာပစ္စည်း တစ်ခုဖြင့် ချဉ်းကပ်ကြည့်လိုက်ခြင်းသာ ဖြစ်ပါသည် ။

••••• ••••• •••••

၁ ။

ကျွန်တော်၏ ငယ်သူငယ်ချင်းမလေး အေးအေးပြုံးသည် အသည်းကွဲနေပါသည် ။

ညပေါင်း မည်မျှ ငိုကြွေးခဲ့လေသလဲတော့ မသိ ။ သူ၏ မျက်ခမ်းသားများသည် နီမို့နေသည် ။ အရင်က ပိရိ သေသပ်စွာ ဖြီးသင်ထုံးဖွဲ့ထားတတ်သော သူ့ဆံပင်ရှည်ရှည်ကြီးတွေသည် အခုတော့ ကပိုကရို နိုင်လှသည် ။ အမြဲတစေ ကြည်လင်တောက်ပနေခဲ့သော သူ့မျက်ဝန်းတစ်စုံသည်လည်း အုံ့မှိုင်းမှိုင်းနှင့် ကြေကွဲ ရောင်သန်းနေတော့သည် ။ ဒါတွေသည်ပင် အသည်းကွဲနေခြင်း ဖြစ်ကြောင်း သိသာထင်ရှားလွန်းနေပါသည် ။ သူ့နှုတ်ဖျားကလည်း ဖွင့်ဟ , ဝန်ခံခဲ့လေသည် ။ အသည်းကွဲနေသည်တဲ့လေ ။

မိန်းမတစ်ယောက် အသည်းကွဲနေသည်ကို အရင်က ကျွန်တော် အနီးကပ် မမြင်ဖူးပါ ။ အေးအေးပြုံး၏ အသည်းကွဲခန်းတွေသည် ယောက်ျားတစ်ယောက်လို အရက်ကို မူးအောင် သောက်ပစ်လိုက်တာမျိုးလည်းမဟုတ် ၊ သီချင်းတွေ အကျယ်ကြီး အော်ဆိုနေတာမျိုးလည်း မဟုတ်ပေ ။ မိန်းမတစ်ယောက်၏ အသည်းကွဲနည်းတွေ တိတ်ဆိတ်ခြောက်သွေ့ လွန်းလှသည် ။ ဥပမာ ကြာဆံသုပ်ကို ခက်ရင်းဖြင့် အပိုင်းပိုင်း ပြတ်အောင် အားထည့် လှီးဖြတ်နေသလိုမျိုး ၊ တုတ်ထိုးဆိုင်တွေမှာ အသည်းနှလုံးကို ရွေးပြီး ဝါးချွန်နှင့် ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်နေသလိုမျိုး ၊ နောက် သူ့အမျိုးသား ကိုထွန်းအောင် မကြိုက်သည့် စံပယ်ပန်းကို သူ့ဆံပင်မှာ တော်လှန်ပန်ဆင်သလိုမျိုး စသဖြင့် သူ့အသည်းကွဲနည်းတွေက ခြောက်အက်အက်နိုင်လွန်းလှသည် ။

“ နင် ကိုထွန်းအောင်ကို စိတ်နဲ့ တိုက်ခိုက်နေတာပေါ့လေ ” ဟု တစ်ခါက ကျွန်တော် မေးတော့ မပြုံးခဲ့သည်မှာ ကြာပြီဖြစ်သော အေးအေးပြုံး နှုတ်ခမ်းမှာ အပြုံးတစ်ပွင့် ပြန်လည်ဖူးပွင့်လာသည်ကို တွေ့မြင်ခဲ့ရသည် ။ ထိုအပြုံး ကိုပင် ကျွန်တော်က ခပ်စိမ်းစိမ်း အပြုံးတစ်ခုဟု မှတ်ချက်ပေးခဲ့ဖူးသည် ။

အေးအေးပြုံး ကတော့ သူ့ဝေဒနာ ဒီဂရီ မြင့်တက်လာ ပြီဆို ကီလီဆိပ်ကမ်းကို သွားတော့သည် ။ ထိုမှတစ်ဆင့် ဆိပ်ကြီးခနောင်တိုဘက်ကို နှစ်ရာပေး၍ စက်လှေစီးသည် ။ အေးအေးပြုံး၏ အပြုအမူကို တွေ့မြင်ကြသော အခြားသူငယ်ချင်းများက “ ကြောင်စီစီ နိုင်တဲ့ လုပ်ရပ်ပါဟယ် ” ဟု ပြောကြသည် ။ ကျွန်တော်ကတော့ အေးအေးပြုံးသည် ကိုထွန်းအောင် ရင်ခွင်နယ်နိမိတ်ထဲ ကနေ စမ်းသပ်ပြေးထွက်နေ ကြောင်း ရိပ်စားမိခဲ့သည် ။ သို့ပေမဲ့ နှစ်ရာတန် ခရီးတစ်ခုသည် ရင်ခွင်တစ်ခုက လွတ်မြောက်ဖို့ ဘယ်လောက်များ ဝေးဝေး ရောက်နိုင်မှာတဲ့လဲ ။ ထိုအကြောင်းကို အေးအေးပြုံးလည်း သိပါလိမ့်မည် ။

တစ်ခါက အေးအေးပြုံးတို့ အိမ်ထောင်ရေး ပြိုကွဲကြ တော့မည့် အခြေအနေထိ ရောက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်အမှတ်ရနေမိသည် ။ အိမ်ထောင်ရေးကို နှစ်ဦး သဘောတူ အဆုံးသတ်ကြ တော့မည်ဆိုတော့ နှစ်ဦးသားပိုင် အိမ်ထောင်ပစ္စည်းတွေကို ခွဲဝေကြသည်တဲ့ ။ အိမ်မှာရှိသည့် ဗီရို ၊ စားပွဲ ၊ ကုလားထိုင်တွေက အစ ခွဲဝေပြီး နောက်ဆုံး “ ကြောင် ” ကလေး တစ်ကောင်ကိုတော့ ငါမွေးမယ် ၊ သူမွေးမယ်နှင့် အချင်းများခဲ့ကြသည် ။ နောက်ဆုံး အေးအေးပြုံးက ကိုထွန်းအောင်ကို “ မဖြစ်သေးပါဘူး ၊ ကြောင်ကလေး နင့်ကို ပေးရင် သေသွားမှာပေါ့ ” တဲ့ ။

ကြောင်ကလေး တစ်ကောင်ကို အကြောင်းပြုပြီး သူတို့နှစ်ယောက် ပြန်လည် ပေါင်းစည်းမိသော ထိုနေ့က ဆရာ မျိုးမြင့်ဆွေ၏ လှိုင်းနှင့် ကျောက်ဆောင် ဆိုသော အောက်ပါကဗျာလေးကို သူတို့ နှစ်ဦးအား ကျွန်တော် ရွတ်ဆိုပြခဲ့တာကိုပင် အမှတ်ရနေမိသေးတော့သည် ။

မျက်ရည်ကိုသုတ် ၊
မင်းပြန်ဆုတ်လျှင်
ငုတ်တုတ်ငါ့မှာ ၊
မှိုင်ရမြဲ

ငါ့ကိုကျဉ်ဖဲ ၊
လှိုက်လှဲလှဲဖြင့်
မင်းလည်းလမ်းမှာ ၊
ငိုရမြဲ

ဝေးတသက်သက် ၊
နီးတကျက်က
စိတ်လက်ရွှင်ပုံ ၊
ရူးသူ့ဘုံမို့
ပြန်ဆုံဦးစို့
မင်းနဲ့ငါ ။  ။

ဟုတ်ပါသည် ။ တကယ်တော့လည်း လင်မယား နှစ်ယောက်၏ အဆုံးစွန်သော စမ်းသပ်မှုသည် လက်တွဲမြဲ လက်တွဲထားခြင်းပင် မဟုတ်ပါလား ။

••••• ••••• •••••

၂ ။

တစ်နေ့က အေးအေးပြုံးတို့အိမ်ဘက် ရောက်သွားတော့ ကိုထွန်းအောင်က ဧည့်ခန်းမှာရှိသည့် ပြတင်းပေါက် ကနေ အဝေးကို တိတ်ဆိတ် စွာ ငေးနေသည် ။ သူ့တိတ် ဆိတ်မှုတွေက ချိန်ကိုက်ဗုံး တစ်လုံး ဖောက်ခွဲပြီး အရာရာ ပြန်ငြိမ်သက်နေသလိုမျိုး ။ အေးအေးပြုံး ကတော့ အခန်းထောင့်မှာ ရှိုက်သံတွေ တဒိုင်းဒိုင်းမြည်ကာ မျက်ရည်တွေ တရွှဲရွှဲနှင့် ငိုကြွေးနေသည် ။ လက်ဆုံစားနေကျ ထမင်းစားပွဲလေးသည်လည်း ကြည်နူးသံမဲ့ကာ ဆွံ့အ , နေတော့ သည် ။ “ ပန်သူမဲ့လျှင် မမွှေးတော့ဘူး ” ဟု ကြွေးကြော်နေသော မှန်တင်ခုံပေါ်က နှင်းဆီပန်း လေးတွေနှင့် “ ကြည့်သူမဲ့လျှင် မလှတော့ဘူး ” ဟု ဆန္ဒပြနေကြသော အေးအေးပြုံး၏ အလှပြင်ပစ္စည်းလေးတွေ မြင်ရသည်မှာလည်း ချောက်ချားလွန်းလှသည် ။ ချစ်ခင်မှု ၊ ကြင်နာမှု ၊ ယုယမှု ၊ နားလည်မှုတို့သည် အမုန်း ကျည်သင့်ခဲ့၍ ထင်သည် ။ ကြေကွဲမှုတွေအဖြစ် တလူလူ အငွေ့ပြန်နေလေသည် ။

အထက်ပါ အကြောင်းအရာများသည် ကိုထွန်းအောင်နှင့် အေးအေးပြုံးတို့ အိမ်ကလေးကို ကျွန်တော်က စစ်တလင်း၏ အနိဋ္ဌာရုံတွေ အဖြစ် မြင်ယောင်မိခြင်းပင် ဖြစ်တော့သည် ။ တကယ် တော့လည်း အေးအေးပြုံးတို့ အိမ်ကလေးသည် မိသားစု ပြဿနာကို အခြေခံကာ အိမ်တွင်းစစ် ဖြစ်နေပါသည် ။

ကဗျာဆရာကြီး ဟိုးမားကတော့ လောကမှာ “ အချစ်ဆိုတဲ့ အရာနဲ့ စစ်ဆိုတဲ့ အရာဟာ အင်အားကြီးလှရဲ့ ” ဟု ဖွဲ့ဆိုဖူးပါသည် ။ လူငယ် ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်ကို ချစ်ကြိုက်ရာမှ စတင်ခဲ့သော လူသားမျိုးနွယ်တို့သည် ၄င်းတို့၏ စီးပွားရေးပြဿနာ ၊ နိုင်ငံရေးပြဿနာနှင့် လူမှုရေးပြဿနာများကို အခြေခံကာ ကမ္ဘာအရပ်ရပ်တွင် စစ်ခင်းလျက်ရှိကြပါသည် ။ ပြည်တွင်းစစ်ကအစ ကျူးကျော်စစ်တွေအဆုံး ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားလျက်ရှိသော အင်အားကြီး စစ်ပွဲတွေသည် လူငယ်လေး နှစ်ယောက်၏ အချစ်မှ စတင်ခဲ့သော လူသား မျိုးနွယ်တွေပင် ဖြစ်ပါသည် ။ ထို့ကြောင့် အချစ်နှင့် စစ်သည် အင်အားကြီးမားပုံချင်း တူညီသည်ဟု ကဗျာဆရာက ကွန့်ခဲ့လေသလား တွေးမိပြန်သည် ။

ပြည်တွင်းစစ် ဆိုသည် ကတော့ ဖြစ်ပြီ ဆိုသည်နှင့် အမှန်တရားနှင့် နိုင်ငံတစ်ခု ၏ အနာဂတ်ကို အကျအဆုံး စာရင်းထဲ သွင်းလိုက်ရမှာပဲ ဖြစ်ပါသည် ။

အိမ်တွင်းစစ် ဆိုသည်ကရော ... ။

အရင်က မျိုးစန္ဒီကျော် နှုတ်ခမ်းနှင့် တူလှပါသည်ဟု တဖွဖွ ချစ်ကြည်ခဲ့သော အေးအေးပြုံး၏ နှုတ်ခမ်းလွှာလေးကို ခုတော့ ကိုထွန်းအောင် က “ နှုတ်ခမ်းကြီးက စူပုပ်နေ တာပဲ ” ဟု မြင်နေသည် ။ အရင် ကိုထွန်းအောင်၏ ခြေနင်းသံက အိမ်ပေါ်တက်လာသော ကြားရလျှင် “ အားနှင့် မာန်နှင့် ယောက်ျားပီသလိုက်တာ ” ဟု ကြံဖန်ဂုဏ်ယူတတ်သော အေးအေးပြုံးသည် ခုတော့ “ ခြေနင်းကြမ်းလိုက်တာ ” ဟု မြင်လာသည် ။ အရင်က တစ်ယောက်စကား တစ်ယောက် နားက ကြားလို့ မဝ,နိုင်အောင် ဖြစ်ခဲ့သူတွေသည် ခုတော့ မကြားလိုကြတော့ပေ ။ တစ်ယောက် မျက်ဝန်းထဲ တစ်ယောက် အဖြေရှာခဲ့သော အကြည့်တွေသည်လည်း သွေဖည်ထားကြလေသည် ။ နောက်ဆုံးတော့ အတူ ရစ်ပတ်ခဲ့ကြသည့် သံယောဇဉ် ကြိုးလေး သူ့စည်း ကိုယ့်စည်း ဆွဲကြရင်း အေးအေးပြုံး ခေါက်ပေးနေကျ ကိုထွန်းအောင် အင်္ကျီလေးလည်း ခေါက်ရိုး မလှတော့ ။ မိသားစုဖိနပ်စင် လေးသည်လည်း အိပ်တန်း မစုံခဲ့သည့် ညတွေ များလာနေတော့သည် ။

မုန်းကြပြီ ဆိုတော့လည်း နားလည်မှုတွေ ပျောက်ဆုံးသွားကြပါသည် ။ အချစ် မှာ ဖြစ်စေ ၊ စစ် မှာ ဖြစ်စေ နား လည်မှုသည် အခရာကျသည် ထင်သည် ။ ခွင့်လွှတ်တတ်ခြင်း ၊ စာနာတတ်ခြင်းနှင့် ဖြည့်ဆည်းတွေးတော ပေးတတ်ခြင်းတို့သည် “ နားလည်မှု ” ဆိုသော စကားလုံး၏ သဘော သဘာဝတွေပဲ ဖြစ်ပါသည် ။ လူတစ်ဦးနှင့် တစ်ဦး ၊ မိသား တစ်စုနှင့် တစ်စု ၊ အဖွဲ့စည်း တစ်ခုနှင့် တစ်ခု ပေါင်းကူးနိုင်ရန်အတွက် နားလည်မှုဆိုသော တံတားကလေးသည် အသေအချာ ရှိပါလိမ့်မည် ။ ထိုနားလည်မှု တံတားကလေး၏ ဟိုမှာဘက်တွင် ငြိမ်းချမ်းမှုလည်း ရှိနေမည် ။

လူတစ်ဦးနှင့် တစ်ဦး ၊ မိသားစုတစ်စုနှင့် တစ်စု ၊ အဖွဲ့ စည်းတစ်ခုနှင့် တစ်ခု ငြိမ်းချမ်းမှု တည်ဆောက်ဖို့ဆိုလျှင်တော့ မိမိမှာ ရှိသော အာဃာတ ၊ အမုန်းတရားနှင့် အတ္တတွေ စွန့်ခွာပြီး တစ်ပါးသူကို ဖြည့်ဆည်းတွေးတောပေးတတ်သည့် စိတ်တွေဖြင့် နားလည်မှု တံတားထိပ်အရောက် လာခဲ့ဖို့တော့ လိုအပ်ပါလိမ့်မည် ။

••••• ••••• •••••

၃ ။

တစ်နေ့က အေးအေးပြုံးတို့အိမ်က အပြန် လူကူးမျဉ်း ကျား တစ်ခုတွင် ကျွန်တော် စောင့်ဆိုင်းနေပါသည် ။

လမ်းတစ်ဖက်ကို ကူးဖို့ အခြား စောင့်ဆိုင်းနေကြသော လူအုပ်ကြီးထဲ ကျွန်တော် တိုးဝင်လိုက်သည် ။ လမ်းတစ်ဖက်ကို တစ်ဦးတည်း ကူးရသည်ထက် အများနှင့် ရောနှောကူးရသည်က ကျွန်တော့် အတွက် ပို၍ လုံခြုံသည်ဟု ခံစားမိ၍လည်း ဖြစ်ပါသည် ။ ကျွန်တော် ရောက်သွားသော လူအုပ်ကြီးထဲတွင် လက်ဆွဲ မီးဖိုကလေးနှင့် လှည့်လည် ရောင်းချနေသော ဗယာကြော်သည်လင်မယား၏ အသံက သိသိသာ ကျယ်လောင်နေသည် ။ အမျိုးသားက ပြတ်သွားသော ဖိနပ်တစ်ဖက်ကို ကိုင်ကာ နောက်တစ်ဖက်ကို ကုန်းချွတ်နေသည် ။ အမျိုးသမီးက ဖိနပ်ကို ချွတ်စေချင် ပုံမရ ။ မိုးပေါ်ကို လက်ညှိုး ထိုးပြလိုက် ၊ လမ်းကို လက်ညှိုးထိုးပြလိုက်နှင့် သူတို့ ဘာသာစကားဖြင့် ကျွက်ကျွက်ညံအောင် ပြောဆိုနေကြသည် ။ သူတို့ဘာသာစကားကို နားမလည်သော်လည်း ချစ်ချစ်တောက် ပူနေသော နေရောင်ကြောင့် အရည်ပျော်လုမတတ် ပူလောင်နေသော ကတ္တရာ လမ်းပေါ်တွင် သူ့အမျိုးသားကို ခြေဗလာဖြင့် မလျှောက်စေလိုသည့်အကြောင်း ပြောဆိုသည်ဟု ကျွန်တော် နားလည်သလို အခြား လမ်းကူးသူများလည်း ထိုသို့ နားလည်ကြလိမ့်မည် ထင်ပါသည် ။

ထို့နောက် အမျိုးသမီးက ဖိနပ်ပြတ်လေးကို ဆွဲယူ လိုက်သည် ။ ပြီးတော့ သူ့ အပေါ်အင်္ကျီကို ဆွဲလှန်ကာ ချွေးခံအင်္ကျီမှာ ချိတ်တွယ် ထားသော “ တွယ်ချိတ် ”  ကလေးကို ဖြုတ်လိုက်သည် ။ ထို့နောက် ပြတ်တောက်နေ သော ဖိနပ်ကလေးကို သူ့ တွယ်ချိတ်ကလေးဖြင့် တယု တယ ချိတ်တွယ်ပေးနေလေ သည် ။ ထိုအခါတွင်တော့ လမ်းကူးဖို့ စောင့်ဆိုင်းနေကြ သော သူများ၏ အကြည့်တွေက သူတို့ နှစ်ဦးအပေါ် သိသိသာသာပဲ ရောက်ရှိလာကြသည် ။ နောက်ဆုံးတော့ တွယ်ချိတ်ကလေးနှင့် ချိတ်တွယ်ထားသော ဖိနပ်ကလေးကို စီးကာ သူတို့နှစ်ဦး လမ်းဟိုဘက်ကို ခရီးဆက်ကြလေသည် ။ ကျွန်တော်တို့လည်း သူတို့နှင့်အတူ လမ်းတစ်ဖက်ကို ကြည်နူးစွာဖြင့် ဖြတ်သန်းခဲ့ကြပါသည် ။

ထိုနေ့က သူတို့ နှစ်ဦး ပြောဆိုခဲ့သော စကားလုံးတွေကို ကျွန်တော် နားမလည်ခဲ့ပါ ။ ဖိနပ်ကလေးကို တွယ်ချိတ်ကလေးနှင့် ချိတ်တွယ်ပေးနေသော မြင်ကွင်း၏ ဘာသာစကားကိုတော့ ကျွန်တော်တို့ နားလည်ကြပါသည် ။ ချစ်ခြင်းမေတ္တာသည် ရွတ်ဆို ပြရန် မလို ၊ ထိတွေ့ကိုင်တွယ်ပြရန် မလိုသော ဘာသာစကား တစ်ခုဖြစ်ကြောင်း ထိုနေ့က ကျွန်တော်တို့ မြင်တွေ့ခံစား လိုက်ကြရပါသည် ။

••••• ••••• •••••

ဘဝမှာ အဓိပ္ပာယ် အတိအကျ သိရှိဖို့ ခက်ခဲလှ သည့် သစ္စာတရား ၊ အလှ ၊ အထီးကျန်ခြင်း ၊ မေတ္တာ တရား ၊ ချစ်ခင်ခြင်း ၊ ပေးဆပ်ခြင်း ၊ တာဝန်ယူခြင်း ၊ ပျော်ရွှင်ခြင်းနှင့် သေခြင်းတရားတို့ကို အနုပညာကသာလျှင် ရှင်းပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ကျွန်တော် ပြောဆိုခဲ့ပါသည် ။ ကမ္ဘာမှာ တစ်ဖက်စွန်းကျမှုနှင့် နားလည်မှုတွေ အံချော်နေသော သူငယ်ချင်း မလေး အေးအေးပြုံး တို့လို မိသားစုတွေမှသည် ငြိမ်းချမ်းမှု မတည်ဆောက်နိုင်ကြသေး သော လူမှုအသိုက်အဝန်း အတွက် ကျွန်တော့် အရေး အသားများတွင် ကြောင် ၊ တွယ်ချိတ် ၊ နားလည်မှု စသည်ဖြင့် ထည့်သွင်းကာ ချစ်ခြင်းမေတ္တာတရားအကြောင်းကို ရှင်းပြဖို့ ကြိုးစားကြည့်ခြင်းသာ ဖြစ်ပါတော့သည် ။

⎕ ကြယ်လွဲမိုး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇန်နဝါရီ ၊ ၂၀၂၀

No comments:

Post a Comment