Thursday, May 28, 2026

အဇ္ဈတ္တပြဇာတ်


❝ အဇ္ဈတ္တပြဇာတ် ❞
     ( ငြိမ်းသခင် )

ဟော ...

နေရာလွတ်တွေ အများကြီးပါလား ။ တံခါးပေါက် နားလေး ထိုင်လိုက်မယ် ။ တက်ရဆင်းရ လွယ်အောင် ။ ဟယ်.... မဖြစ်သေးပါဘူး ။ နောက်နား သွားထိုင်မှ ။ နို့မို့ အဘိုးကြီး အဘွားကြီးတွေ တက်လာတာ တွေ့ရင် လူကြီးတွေပဲလေ ဆိုပြီး နေရာဖယ်ပေးနေရဦးမယ် ။ ကဲ ... ဟိုနားလေး ထိုင်လိုက်မယ် ။ ဟယ် .. ဘေးကပ်လျက်ခုံက လူကြီးက ဝ , ပြဲနေတာပဲ ။ လူပေါ် လာဖိနေသလို ဖြစ်မှာ ။ ဖြဲကားပြီး ထိုင် နေလိုက်တာကလည်း နှစ်ယောက်ထိုင်ခုံက တစ်ယောက်ခုံ ကျနေတာပဲ ။ တော်ပါပြီ ... ဟိုပြတင်း ပေါက်နားက ထိုင်ခုံလေးပဲ ထိုင်လိုက်မယ် ။ အင်း ... ဒီအချိန် နေရောင်တော့ မထိုး တန်ကောင်းပါဘူး ။ ဟိုဘက်ခြမ်းက ထိုင်ခုံတွေပဲ နေရောင်တွေ နဲ့ မိတ်ဆက်နေမှာ ။

ဟူး ... တော်ပါသေးရဲ့ ။ အဝေးကြီး စီးရမှာ နေရာ လေး ရလို့ ။ အို ... ဟို ကလေးမလေးနှယ် နေရာတွေ အများကြီး ရှိနေတာ ထိပ်ဆုံးက ခုံမှာ သွားထိုင်ရတယ်လို့ ။ ဘုန်းကြီး ရဟန်း တက်လာရင် ဖယ်ပေးရမယ့်ဟာ ။ အနောက်နားက ခုံလွတ်တွေမှာ လွတ်လွတ်ကျွတ်ကျွတ် ထိုင်တာမဟုတ်ဘူး ။ ဟိုအဒေါ်ကြီးကလည်း ဒီဘက်လေး ထိုင်တာ မဟုတ်ဘူး ။ သူ ထိုင်နေတဲ့ ခုံက ပြတင်းပေါက်နားပေမဲ့ ဘီးဖုံးကြီး ခံနေတော့ သူ့ဗိုက်ခေါက်ကြီးနဲ့ ထိုင်ရတာ ဂေါက်ဂက်ကြီး ဖြစ်နေမှာပေါ့ ။ နောက်ဆုံးခုံက လူတွေကလည်း ပိုးလိုးပက်လက်တွေ ငိုက်နေလိုက်တာ မပူတဲ့ အတိုင်းပဲ ။ အဲဒီ နေရာကြီးက အင်ဂျင်ခန်းအပေါ်ဆိုတော့ ပူက ပူပါဘိနဲ့ ။

••••• ••••• •••••

ဟော ...

လူတွေ တက်လာကြပြန်ပြီ ။ တဖြည်းဖြည်း ကားကျပ်လာပြီ ။ တော်ပါသေးရဲ့ ၊ နေရာလေး ရထားလို့ ။ ဟို ကောင်လေးနှယ် ဘတ်စ်ကား မစီးတတ်ဘူးလား ။ ဘေးတန်း ကိုင်မထားဘူး ။ အလယ်ကောင်မှာ ကားရားကြီး ။ ကျောပိုးအိတ်ကလည်း ပါသေး ။ ရန်ကုန်ကတော့ မဟုတ်လောက်ဘူး ။ နယ်ကပဲ ဖြစ်မယ် ။ ဟော ... ဟို စုံတွဲနှယ် ဘယ်လို ဖြစ်နေတာပါလိမ့် ။ ကားပေါ်မယ် သူတို့ချည်းပဲ ရှိနေတယ်များ မှတ်နေလား မသိဘူး ။ ချစ်ကြည်နူး တစ်တီတူး နေကြတာ ။ အမယ်လေး ကောင်မလေးကလည်း ဝတ်ထားတဲ့ အင်္ကျီက ဗိုက်သား တစ်ထွာလောက် ပေါ်နေပြီ ။ အတွင်းက ဘရာစီယာတောင် ပေါ်လုပေါ်ခင် ။ သူ့ကိုယ်သူ ဟို ဆက်ဆီမင်းသမီးများ မှတ်နေလား မသိဘူး ။ ဗိုက်သား ဖွေးဖွေးလေး ဘာညာပဲ ကြားဖူးပါတယ် ။ ဒီကောင်မလေး ကျမှ မျက်စိပသာဒ မရှိလိုက်တာ ။ ကောင်မလေးက သူ့ကောင်လေး လက်မောင်းကို ခိုထားလိုက်သေး ။ ကိုင်စရာတန်းတွေ ပေါမှ ပေါနဲ့ ။ ဟိုကောင်လေးကလည်း ဒါကို သဘောတွေ ခွေ့လို့ ။ သူ့ကိုယ်သူ စူပါမင်း လိုလို ဘာလိုလို ထင်နေပုံပဲ ။

“ ကျွီ ...”

“ ဟဲ့ ... ဟဲ့ ”

“ အို”

“ ဘာတွေ ဖြစ်တာလဲ ”

“ ဟေ့ ... ဘယ်လိုလုပ် လိုက်တာလဲကွ ”

ကားဆရာရဲ့ ဒေါသသံကြီးက ဟိန်းခနဲ ။

အော်မှာပေါ့ ကားရှေ့ကနေ ဆိုက်ကားက ဖြတ်ဝင်သည်ကိုး ။ ရုတ်တရက် ဘရိတ် အုပ်လိုက်ရတော့ လူတွေ အကုန် ဟန်ချက် ပျက်သွားပြီ ။ ထင်မှတ် မထားဘဲ ရုတ်တရက် ဖြတ်ဝင်လိုက် တာ အမယ်လေး ကားသမား သတိ ရှိလို့သာပဲ ။ အားလုံး ဖရိုဖရဲကြားမှာ ဟို တစ်တီတူးစုံတွဲက အဆိုးဆုံး ။ အလဲလဲ အပြိုပြိုတွေ ဖြစ်ရော ။ အရုပ်မမျက်နှာလို မိတ်ကပ် အဖွေးသားနဲ့ ဆေးဆိုးပန်းရိုက် လုပ်ထား တဲ့ ကောင်မလေး မျက်နှာက ဆူရှီရေညှိ ထမင်းလိပ် ပေါ် တင်ထားတဲ့ ဆယ်လမွန် ငါးဥတွေလို ရဲရဲ နီသွားတာပဲ ။ အတော်ရှက်သွားတယ် ထင်ပါ့ ။ အေးလေ ဘေးဘက်က လူကြီးကိုယ်ပေါ်  ပြုတ်ကျသွားတာကိုး ။ ကောင်မလေးကသာ ရှက်နေတာ ၊ အမယ် လူကြီးက စပ်ဖြဲဖြဲ ။ ကောင်မလေးက ကောင်လေး လက်မောင်းကို ထုပြီး တခွိခွိ ရယ်နေကြပြန်ပြီ ။ သူတို့ကိုယ် သူတို့ ရုပ်ရှင်ရိုက်နေတယ်များ ထင်လေသလား မသိ ။ အေးလေ ရှက်ရမ်း ရမ်းနေကြတာ ထင်ပါ့ ။ ကောင်းတယ် ။ တစ်တီတူးချင်ကြတာကိုး ။

••••• ••••• •••••

ဟော ..

မှတ်တိုင် ရောက်ပြန်ပြီ ။ လူလည်း အတက်အဆင်း မရှိပါလား ။ ဒါတောင် ကားက မထွက်သေးဘူး ။ ကားဆရာ ဘာလုပ်နေပါလိမ့် ။ အင်း ဘတ်စ်ကားတွေထဲ ဒီကားတွေက လိတ်တက်စ်တွေ မဟုတ်သေးတော့ နည်းနည်းတော့ ပလန်အောက်တာပေါ့လေ ။ ခုလို ကသိကအောက် နည်းနည်း ဖြစ်ရတာ ဘာအရေးလဲ ။ ဟိုအရင် ဒီ့ထက်ဆိုးတာ ။ ထွက်ချင်တဲ့ အချိန် ထွက် ၊ ရပ်ချင်တဲ့ နေရာ ရပ် ၊ တင်ချင်သလို လူတင် ၊ ပိုက်ဆံကို တောင်းချင်သလို တောင်း ။ အင်း ... ပြောမယ့်သာ ပြောရတာပါ ။ ခုလို နည်းနည်း အောက်နေတဲ့ ကား တွေကို ဝန်ကြီးက မော်ဒယ် မြင့်တာလေးနဲ့ ပြောင်းပေးနိုင်ရင် ကောင်းမှာပဲ ။ ပိုကောင်းတဲ့ ကားတွေနဲ့ပေါ့ ။ ဝန်ကြီးသာ ပြောနေရတာပါ ဘယ် ဝန်ကြီး ဘယ်သူဘယ်ဝါ ဆိုတာ တိတိကျကျ သိတာ မဟုတ်ဘူး ။ အတွေးထဲ ပေါ် လာတာသာ ပြောရတာ ။ ဝန်ကြီးဆိုပြီး တွေးလိုက်တာနဲ့ မျက်လုံးထဲ သိုရင်းအင်္ကျီတွေ တဖားဖားနဲ့ ဇာတ်တွေ ထဲက ဝန်ကြီးပုံက ပေါ်လာရော ။ ဟင်း ... ဟင် .... ရယ်ရတယ် ။ ဘာတွေ တွေးနေမှန်းကို မသိဘူး ။ ဟော ... ကားထွက်ပြီ ။

••••• ••••• •••••

ဟော ..

ရပ်ပြန်ပြီ ။ ဪ မှတ်တိုင် တစ်မှတ်တိုင် ရောက်ပြန်ပြီကိုး ။ လူအတက်အဆင်း များသား ။ ဆင်းသွားတာ လည်း တစ်ထွေးကြီး ။ တက်လာတာလည်း တစ်အုပ်တစ်မကြီး ။ လူကျပ်တဲ့ဒဏ် သိသာ ခံစားရပြီ ။ ဒါတောင် နေရာရထားလို့ ။ အဒေါ်ကြီး တစ်ယောက် တောင်းတွေ ပလုံးတွေ တစ်ပြုံကြီးနဲ့ ကားအတွင်းပိုင်းထဲ တလိမ့်လိမ့် တိုးလာပြီ ။ ဘုရားရေ ... အနား ရောက်လာပါလား ။ ထိုင်ခုံတွေလည်း ဝေ့ကြည့်နေပြီ ။ ဘယ်သူများ ထ,ပေးမလဲပေါ့ ။ ဒုက္ခပါပဲ အဝေးကြီး စီးရဦးမှာ ။ အို မဖယ်ပေးနိုင်ပါဘူး ။ အသာလေး မသိချင်ယောင် ဆောင်နေမှ ။

အမယ်လေးလေးလေ့ အဒေါ်ကြီးနှယ် နေရာ မရတာနဲ့ပဲ သူ့ကိုယ်လုံးကြီးနဲ့ လူကို လာဖိထားရသလား ။ ဘုရား ဘုရား သူ့ဗိုက်ကြီးနဲ့ လက်တန်းပေါ် တင်ထားတဲ့ လက်ကို ဖိထားလိုက်တာ လက်တွေ ကျိုးမတတ်ပဲ ။ ဒါနဲ့ ကိုယ်လုံးကို အသာလေး တစ်ဖက်ကို ယို့ပေးလိုက်မိသည် ။ ပိုဆိုးသွားရော ။ ဘတ်စ်ကားနံရံနဲ့ အဒေါ်ကြီး ရဲ့ ကိုယ်လုံးကြီးကြား ညပ် လို့ ။ ငါးတွေလို အသက် တောင် ပါးစပ်လေး ဟ,စိ ဟ,စိ လုပ်ပြီး မနည်း ရှူနေရတဲ့ အဖြစ် ။ ဒါလည်း အဆင်မပြေပြန် ။ အသက်ရှူလိုက်တိုင်း အဒေါ်ကြီးရဲ့ ကိုယ်ညှဉ်းနံ့ ၊ ကိုယ်သင်းနံ့ မဟုတ် ။ စိတ်နှလုံး အကြည်ဓာတ်ကို ညှဉ်းဆဲသလို ဖြစ်နေလို့ ကိုယ်ညှဉ်းနံ့ ။ အဲဒါကြီးက နှာခေါင်းထဲ အလုံးအရင်း ရောက်လာတော့ ထိုင်နေရင်း နဲ့ အော်ဂလီဆန်နေရော ။ အော်ဂလီဆန်ရင်းနဲ့ပဲ အနံ့ရဲ့ သဘော သဘာဝကို ခွဲခြား နေမိပြန်ရော ။ ဒါက ဈေးနံ့ ၊ ဒါက ချွေးနံ့ ၊ ဒါက ချွေးနံ့နဲ့ သနပ်ခါးနံ့ ရောနေတဲ့ ပုပ်အဲ့အဲ့အနံ့ ။ ဒါက ဂေါ်ဖီပုပ်နံ့ ။ အနံ့တွေကြား ချောင်ပိတ်နေရင်းကို အနံ့သုတေသနလုပ် နေတာ လူ့စိတ်များ အံ့ဩစရာ အကောင်းသား ။

••••• ••••• •••••

ဟော ...

ကားရပ်သွားပြန်ပြီ ။ ဘာဖြစ်လို့ပါလိမ့် ။ ဪ လမ်းဆုံမီးပွိုင့် မိနေတာကိုး ။ လမ်းလေးခွဆုံ မီးပွိုင့် ဆို တော့ ကြာမှာပဲ ။ ရှေ့မှာ ကားတန်းကြီးကလည်း အရှည်ကြီး ။ အေးလေ စောင့်ရမှာပေါ့ ။ ကိုယ်တွေ တစ်ယောက်တည်း ကွက်ပြီး စောင့်ရတာမှ မဟုတ်တာ ၊ တစ်နိုင်ငံလုံး ဒီလို ယာဉ်ကြောပိတ်တာပဲ ။ ကိုယ်တွေနိုင်ငံမှ မဟုတ်ဘူး ၊ နိုင်ငံခြားမှာလည်း ဒီလိုပဲလို့ ပြောကြတာပဲ ။ အင်း ပြောကြတာပဲလေ ။ ကိုယ်တွေ ရောက်ဖူးတာမှ မဟုတ်တာ ။ ကားတန်းကြီးကို စောင့်ရင်း နည်းနည်းတောင် ငိုက်မျဉ်းလာသလိုပဲ ။

“ တင်းတောင် တင်း ... တောင် ”

ငိုက်မျဉ်းလုလု မျက်လုံးတွေက “ တင်းတောင် ” သံကြောင့် အလိုလို ပြန်ဖွင့်လာတယ် ။ ဪ ကားပေါ် က ဆင်းမလို့ အချက်ပေး ဘဲလ်တီးကြတာကိုး ။ အေးလေ ကားတန်းကြီးက တုတ်တုတ်မျှ မလှုပ်သေးတာ ။ မှတ်တိုင် မရောက်ခင် လမ်း ဆင်းလျှောက်လိုက်တာကမှ မြန်ဦးမယ် ။ ဆင်းတဲ့သူက ဆင်းသွားကြပြီမို့ အသာ လေး ပြန်ငိုက် နေလိုက်တယ် ။ အဒေါ်ကြီးရဲ့ ကိုယ်ညှဉ်းနံ့ လေး တသင်းသင်းနဲ့ ။

ကားတန်းကြီးကလည်း တရွေ့ရွေ့နဲ့ မှတ်တိုင်ကို ကျော်လာချိန် ငိုက်ကောင်းနေတုန်းလေး -

“ လူပါသေးတယ်လေ လူပါသေးတယ် ”

အလန့်တကြား အော်သံစူးစူးတစ်ခုကြောင့် ငိုက်နေတဲ့ မျက်လုံး အစုံက အော်တိုပြန် ပွင့်လာရော ။ ဇိမ်ပျက်သွားစေတဲ့ တရားခံ အသံရှင်ကို ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် ။ ညဝတ် အင်္ကျီလို ဝတ်စုံပွပွတစ်စုံနဲ့ ။ လက်ထဲမှ ဖေ့စ်ဘွတ်ခ် သုံးနေဆဲ ဖုန်းက ပွင့်လျက်သား ။ လူက အတက်အဆင်းနားက တိုင်ကို တစ်ကိုယ်လုံး မှီပြီး ရပ်နေတဲ့ပုံက နိုက်ကလပ်ထဲ တိုင်ပတ်အက က,နေတဲ့ ကလပ်မယ်လေးတွေ မြင်ယောင်မိသွားတယ် ။ ဟယ် ဘာတွေ တွေးနေမိပြန်ပြီတုံး ။ ကောင်မလေး ကြည့်လိုက်တော့လည်း တိုင်သာ ဖက်ထားတာ လူက ထိတ်ထိတ်ပျာပျာ ပုံစံနဲ့ ။ လူပါတယ်လေ အော်နေသေး ။ ဘာလဲ လူပါတယ်ဆိုတာ ။ တွေးလို့မှ မဆုံးသေး ။

“ လူပါသေးတယ်လေ လူပါသေးတယ် ”

ထပ်အော်ပြန်ရော ။ ဒီ တစ်ခါတော့ သူမ ဘာဆိုလို ချင်မှန်း တခြားသူတွေပါ သိသွားကြပုံပင် ။

“ မှတ်တိုင်ပါသေးတယ်တဲ့ ကားဆရာရေ ”

အဲဒီလို ဝိုင်းအော်ကြမှ ကားဆရာလည်း သဘော ပေါက်သွားပုံပင် ။ လူပါတယ် ဆိုတာကတော့ ကောင်မလေးရဲ့ အုန်းကျွမ်း ( ကိုယ်ပိုင် ဘာသာဗေဒ ) လား မသိ ။ ကောင်မလေးက သူ့ကိုယ်သူ လူပါတယ် ဆိုတော့ ကျန်တဲ့သူတွေက ဘာတွေတုံး ။ တခြား နေရာက လာတဲ့ ဂြိုဟ်သားတွေလား ၊ လူယောင် ဖန်ဆင်းထားတဲ့ ပရလောကသားတွေလား ။ တွေးရခက်ခက်နဲ့ တွေးမိပြန်ရော ။ တွေးမှာပေါ့ ၊ တွေးတယ်ဆိုတာ ပိုက်ဆံမှ မကုန်တာ ။ ကြိုက်သလောက် ဖောခြင်းသောခြင်း တွေးစမ်းပါလေ့ ။

••••• ••••• •••••

ဟော ...

နောက်ဘက်ထိုင်ခုံက လူ ထ , သွားပြီ ။ ရင်ခွင်မှီ အဒေါ်ကြီးလည်း အပြေး အလွှား သွားထိုင်လိုက်ပြီ ။ အမယ်လေး တော်ပါသေးရဲ့ ။ အခုမှ အသက်ဝဝ ရှူနိုင်တာ ။ သူမရဲ့ အိပဲ့အိပဲ့ ကိုယ်လုံးကြီးက နေရာဦးဖို့ကျ တော့ လွှားခနဲနဲ့ မြန်သားပင် ။ ခုမှပဲ စိတ်လက်ပေါ့ ပေါ့ပါးပါးနဲ့ ဆက်ငိုက်ရ တော့တယ် ။ ခရီးကလည်း အဝေးသား ။

မှတ်တိုင်တွေ တစ်ခုပြီး တစ်ခု ရပ်ပြီးပြီ ။ လမ်း အသွယ်သွယ်လည်း ဖြတ် လာပြီ ။ ဆင်းသူလည်း ဆင်း ၊ တက်သူလည်း တက်နဲ့ ။ ကားချောင်သွားလိုက် ၊ ကျပ်သွားလိုက်နဲ့ ဘတ်စ်ကားစီး တောလားက မပြီးသေး ။

••••• ••••• •••••

ဟော ...

ရပ်သွားပြန်ပြီ ။ မှတ်တိုင်ကိုး ။ ခပ်ချောချော စုံတွဲလေး တက်လာပြန်ပြီ ။ လျှောက်လာတယ် ၊ လျှောက်လာတယ် ၊ လျှောက်လာလိုက်တာ အနားကို ရောက်လာပြန်ပြီ ။ လာ မှီဦးနေမလား ၊ တစ်တီတူး လုပ်ပြလေဦးမလား ရင်တမမနဲ့ အသင့် ရှိနေမိပြန်ပြီ ။ အမယ် ဣန္ဒြေတစ်ခွဲသားနဲ့ ရပ်လို့ ။ ပီတိလေးဖြစ်ကာ ပြန်ငိုက်လိုက်ဦးမဟဲ့ စဉ်းစားတုန်း ။

“ ပေးလေ ၊ ကို ကိုင်ထားပေးမယ် ”

“ ရပါတယ် နေပါစေ ၊ ကိုယ့်ဘာသာ ကိုင်မယ် ”

“ ပေးပါ ၊ ကို ကိုင်ထားလိုက်မယ် ”

“ ရပါတယ်ဆို ၊ ကိုယ့် ဘာသာ ကိုင်မယ် ”

အယ် .. ကိုယ့်ဘာသာ ကိုင်မယ် ပြောပြီး လက်ထဲက ထမင်းချိုင့်နဲ့ ခေါက်ထီး ထည့်ထားတဲ့ ဆွဲခြင်းတောင်းက ဒီဘက်ကို ယိုင်တိုင်တိုင် ။ အသာ မျက်လုံးဖွင့် ကြည့်လိုက်တော့ ကောင်မလေးက ညာဘက် လက်ထဲက ဆွဲခြင်းကို ဟန်ပါပါ မြှောက်လျက် ဘယ်လက်ထဲ ဖျတ်ခနဲ ။ လှုပ်ရှားမှုနဲ့ စတိုင်လေးက ကြည့်ကောင်းသား ။ ဆွဲခြင်းက ထိုင်နေသူဘက် တယမ်းယမ်း ၊ တလှုပ်လှုပ် ။

“ ပေးပါ ၊ လေးနေမယ် ”

“ ရပါတယ်ဆို ”

ဒီတစ်ခါ “ ရပါတယ် ” ဆိုတာက စိတ်မရှည်သလို လို ဘာလိုလို ။ မျက်လုံးက “ ကို ” ဆိုတာဘက် မရှိ ။ ထိုင်နေသူဘက် မျက်တောင်က ဝင့်လို့ ။ ကိုင်ပေးစေချင်ပုံ ။ အသာလေး မသိချင်ယောင် ဆောင်ပြီး ပြန်ငိုက်လိုက်တယ် ။ ပြန်အိပ်ဖို့ ကြိုးစားနေတဲ့ မျက်လုံးတစ်စုံရဲ့ ထောင့်ကနေ တွေ့လိုက်သေးတာက ကောင်မလေးရဲ့ မဲ့တဲ့တဲ့ မျက်နှာပေး ။ ရောင်းမကုန် လို့ ကျန်နေတဲ့ အီကြာကွေးရှုံ့တွတွလိုပဲ ။ ချောတယ်ထင် နေတာလေးတောင် နည်းနည်း ရုပ်ဆိုးသွားသလိုလို ။ အို အများကြီး တွေးမနေတော့ပါဘူး ဖျတ်ခနဲ ဆက် ငိုက်နေလိုက်တယ် ။

••••• ••••• •••••

ဟော ...

လှုပ်တုပ်လှုပ်တုပ်နဲ့ ဦးလေးပိန်ပိန် တစ်ယောက် တက်လာပြီ ။ ခေါင်းလေးလှုပ်လှုပ် ကိုယ်လေးလှုပ် လှုပ်နဲ့ ။ ခန္ဓာကိုယ်က ယိုင် တိယိုင်တိုင် ။ ကြောင်စီစီ မျက်မှန်တစ်လက် တပ်ထားတဲ့ မျက်လုံးအစုံက ဟိုသည် ကြည့်လို့ ။ သေချာပါပြီ ၊ နေရာရှာနေတာ ။ ဒီပုံဆို နေရာက ဖယ်ပေးရတော့မယ် ထင်ပါရဲ့ ။ ဒီဦးလေးကြီးတွေက လှုပ်တုပ် လှုပ်တုပ်နဲ့ ဘာလို့များ အပြင်တွေ သွား နေရလဲ မသိပါဘူး ။ ထိုင်ခုံကို စွန့်လွှတ်ဖို့ အတွက်တော့ အသာလေး ကြည့်နေလိုက်ဦးမယ် ။ တစ်ချိန်ချိန်တော့ ကျောက်ချထားသလို ထိုင်နေတဲ့ နေရာကို စွန့်ခွာရမှာပေါ့ ။ စစ်ကားတွေထဲက စခန်းကို စွန့်ပြီး ချီတက်သွားကြတဲ့ စစ်ကြောင်းကြီးတွေကို မြင်ယောင်မိသေး ။ အင်း ဘာမှလည်း မဆိုင်ဘူး ။ မြင်ယောင်နေရင်းနဲ့ကို ငယ်ငယ်က ဖတ်ဖူးတဲ့ ဆရာအောင်သင်း စာအုပ် မဆီမဆိုင် သွား သတိရမိသေးတယ် ။ ဘာတဲ့ ။ သူ ထောင်ကျနေတုန်းက အကြောင်းလေးပါ ။ ထောင်ထဲမှာ အသားဟင်း က ခွဲတမ်းနဲ့ စားရတာ တစ်ယောက်ကို နှစ်တုံး ။ ထမင်းခဲ ထူလပျစ်ကြီးနဲ့ အသားဟင်းလေး နှစ်တုံးက ထောင်ထဲ မှာတော့ နတ်သုဒ္ဓါ သဖွယ်ပေါ့ ။ အဲဒီအသားဟင်းကလည်း တစ်ပတ်မှ တစ်ခါလောက် စားရဆိုတော့ တချို့ဆို အသားတုံးအကြီးကို အရင် ဦးအောင် ခပ်လိုက်တာတို့ ၊ သူများ ဝေစုကို လက်သွက်ခြေသွက် နှိုက်စားပစ်လိုက်တာတို့ စသဖြင့် မ,တစ်ရာသားတွေရဲ့အကြောင်း ရေးထားတာ ဖတ်လိုက်ရတယ် ။ အဲဒီမှာ ဆရာကြီးကလည်း သူ့ဝေစု အသားတုံးလေး နှစ်တုံးကို သူလည်း မက်ရေစုံရေ ရှိနေတာ ။ ဒါပေမဲ့ တစ်ရက်တော့ ဝေစုဟင်း တစ်တုံးပဲ စားမယ် ။ ကျန်တဲ့ တစ်တုံးကို စားချင်တဲ့သူ ယူစားပါစေ ဆိုပြီး ချန်ထားလိုက်မယ် ဆိုပြီး ဆုံးဖြတ်လိုက်တယ် တဲ့ ။ ဖတ်နေတုန်းကသာ ဘာမှ မဟုတ်တာ ။ အဲဒီအချိန်က ဆရာကြီးလည်း မက်မောနေတဲ့ အရာ တစ်ခုကို စွန့်လွှတ်ဖို့ ကျားကုတ်ကျားခဲ ဆုံးဖြတ်လိုက်ရပုံပဲ ။ အသားတုံး ဆိုတာကြီးက အဲဒီ အနေအထားမှာ မက်မောစရာကိုး ။ အဲဒီလို ချန်ထားလိုက်ပြီးတော့ ဖြစ်သွားတဲ့ စိတ်လေးကတဲ့ ချန်လိုက်ရင် ကောင်းမလား ၊ စားပစ် လိုက်ရင် ကောင်းမလား လွန်ဆွဲနေတဲ့အချိန်က စိတ်နဲ့ လားလားမှ မသက်ဆိုင်တော့ဘဲ အေးချမ်းသွားလိုက်တာ ဆိုပဲ ။ အဲဒီတုန်းက စွန့်လွှတ်နိုင်ခဲ့တဲ့ အောင်သင်းလေးရဲ့ စိတ်ကို အောင်သင်း ကိုယ်တိုင် ပြန်လေးစားခဲ့ရတယ်လို့ ဖတ်ခဲ့ရတာ ။ တွယ်တာမက်မောမှု အလျှင်းကင်းတဲ့ စွန့်လွှတ်တဲ့ စိတ်လေး လှလိုက်တာ ။ ဘယ်လောက်တောင် လှလိုက်သလဲ ။

ဟော ...

ချီတုံချတုံ တွေးနေတာနဲ့ပဲ ဦးလေးပိန်ပိန်ကို ကောင် လေးတစ်ယောက်က နေရာ ဖယ်ပေးလိုက်ရပြီ ။ ဟူး ... တော်ပါသေးရဲ့ ။ ကောင်လေးက အလိုက်တသိနဲ့ ဖယ်ပေးလိုက်လို့ ။ နို့မို့ ရထားတဲ့ နေရာလေး သွားပြီ ။ အမယ် နေရာကို နှမြောနေပြီး ကြီးကြီးကျယ်ကျယ်နဲ့ လှလိုက်တဲ့ စိတ်လေး ဘာလေး တွေးနေသေး ။ လူတွေ လူတွေ တရားကျဖို့ ကောင်းတယ် ။ လူတွေ ဆိုတာ ကိုယ့်ဘာသာ ကိုယ် ပြောတာပါ ။ အေးလေ လူပါဆိုမှ ရထားတဲ့ နေရာလေး ဘယ်လက်လွှတ်ချင်မလဲ ။ ကြိုက်နေတာပေါ့ ။ ကိုယ့်လိုပဲ နေရာကြိုက်လို့ ထိုင်ခုံက မဖယ်ချင်တဲ့ လူတွေမှ တစ်ပုံကြီး ။ အင်း ဘာပဲဖြစ်ဖြစ် ဆက်ငိုက်နေဦးမှ ။

••••• ••••• •••••

ဟော ...

ဟိုနား ရပ်နေတဲ့ ကောင်က ဘာလဲဟ ။ မျက်နှာက ပြည်တည်တည်နဲ့ ။ ကားက ယိမ်းတာက နည်းနည်း သူက ယိုင်တာကများများ ။ အမယ် မောင်မင်းကြီးသားက အရှေ့က မတ်တတ်ရပ်နေတဲ့ ကောင်မလေးပေါ် ယိုင်နေ တာကို အရသာတွေ့နေပုံပဲ ။ ကားက ယိမ်းလိုက် သင်းက ခါး ကော့တက်သွားလိုက်နဲ့ ။ တယ်လည်း သာယာနေပါလား ။ ရှေ့က ကောင်မလေး ကလည်း ဘာမှ မသိဘူးလား ။ ဪ ကောင်မလေးက မတ်တတ်စီးရင်း ဖေ့စ်ဘွတ်ခ်ကြည့် လာတာပါလား ။ မောင်မင်းကြီးသားက ကောင်မလေးဆံပင် မတိုမရှည်လေးတွေကို နှာခေါင်းနဲ့ မထိတထိ လုပ်ပြီး တစ်ယောက်တည်း ကလူတူတူ လုပ်နေသေးတာ ။ ဟင်း ဟင်း ရှန်ပူနံ့လေး မရဘဲနဲ့ ချဉ်ဖတ်နံ့လေး ရစေချင်တယ် … အော့အန်ထွက်သွားအောင် ။ ဒါလည်း မောင်မင်းကြီးသားက ရှုမယ့်ပုံ မပေါ်ဘူး ။ ခါးကော့ လေ့ကျင့်ခန်းကို ကြိုးကြိုးစားစား လုပ်နေသေးတာ ။ ကြည့်ရင်း အဇ္ဈတ္တမှာ ဒေါမနဿက ကပ်ပါလာပြီ ။ အမယ် ကောင်မလေး ကလည်း ပြန်လှည့်ကြည့်သဟ ။ ကောင်မလေးတောင် သတိထားမိသွားပြီ ဆိုတော့ မောင်မင်းကြီးသားရဲ့ ခါးကော့ လေ့ကျင့်ခန်းက နှစ်ဘူတာလောက် အရှိန်လွန်နေပုံပဲ ။ ဟော ကောင်မလေး မျက်လုံးက မီးတောက် မတတ် ဖြစ်နေပြီ ။ ဆိုင်မဆိုင်တော့ မသိဘူး ၊ ရုပ်ရှင်ထဲမှာ ဗီဆူးဗီးရပ်စ်မီးတောင်ကြီး အုန်းခနဲ ပေါက်ကွဲနေတဲ့ ဇာတ်ဝင်ခန်းကို သွား အမှတ်ရမိသေးတယ် ။ အသာလေး ကြည့်နေလိုက်တယ် ။ ဘာတွေ ဆက်ဖြစ်မလဲပေါ့ ။ မြန်မာရုပ်ရှင်ကားတွေ ထဲကလို ဖြောင်းခနဲ ပါးရိုက်သံများ ကြားရလေမလား ကြည့်နေတုန်း ဘာမှ ဆက်ဖြစ်မလာတော့ဘူး ။ အေးလေ ရုပ်ရှင်မှ မဟုတ်တာ ။ ရီရယ်လစ်တီ က ရီရယ်လစ်တီပဲ ။ မောင်မင်းကြီးသားက ကိုယ်ရှိန် နည်းနည်း သ,တ်သွားတယ် ။ စိတ်ထင်တာ များလား ။ အလို ကောင်မလေးက နေရာ ရွှေ့သွားပြီ ။

မောင်မင်းကြီးသားက အိမ်မြှောင် အမြီးပြတ်ရုပ်နဲ့ မရိုးမရွ ဖြစ်ကျန်ခဲ့လို့ ။ ကျန်တဲ့ သူတွေကလည်း ငိုက်တဲ့ သူငိုက် ၊ ဖုန်းကြည့်တဲ့သူ ကြည့်နဲ့ ကောင်မလေးရဲ့ အဖြစ်ကို သတိထားမိပုံ မပေါ်ဘူး ။ ဟူး ဘာမှန်းမသိဘဲ သက်ပြင်းတွေ အကြိမ် တစ်ရာမက ချမိတယ် ။

ဟော ...

ကောင်မလေး ဆင်းတော့မှာပါလား ။ ရန်အေးသွားတာပေါ့ ။ ဟော ဟော ဟိုကောင်လည်း ကောင်မလေးနောက် လိုက်ဆင်းသွားပြီ ။ သူဆင်းရမယ့် မှတ်တိုင်ရော ဟုတ်ရဲ့လား ၊ ဘာတွေ ဆက်ဖြစ်မှာပါလိမ့် ။ တွေးနေရတာနဲ့ ဆက်တောင် မငိုက်နိုင်တော့ဘူး ။ ရင်ထဲ အီလည်လည် ၊ စိတ်ထဲ နောက်ကျိကျိ ။ မျက်လုံးထဲ အမဲသားတစ် နောက် အာသာငမ်းငမ်း သွားရည်တများများနဲ့ တန်းတန်းလိုက်သွားတဲ့ မြေခွေး တစ်ကောင်ရဲ့ပုံက မဆီမဆိုင် ပေါ်လာတယ် ။ မြေခွေးက အစွယ် တဖွေးဖွေး ၊ သွားရည် တများများ ၊ အမြီးက ခပ်ကုပ်ကုပ် ၊ တစ်ကိုယ်လုံး ဝဲစော်နံနေသလိုပဲ ။ ဟူး ထိုင်နေရင်း ဘာတွေ တွေးနေပြန်လဲ မသိဘူး ။

••••• ••••• •••••

အိပ်လို့လည်း ဝ,ပြီ ။ ထိုင်ရတာလည်း ညောင်းပြီ ။ ငွေအကြွေ နှစ်ရာနဲ့လည်း အတော်ခရီးရောက်သွားပြီ ။

ဟော ...

မှတ်တိုင်လည်း ရောက်တော့မယ် ။ ဟန်နီ ဆင်းရတော့မှာပါလား ။ ထိုင်ခုံက ဖယ်ပေးရတော့မယ် ။ တွေးနေငေးနေလို့တော့ မရတော့ဘူး ။ ကျောက်ချနေလို့လည်း မရတော့ဘူး ။ အချက်ပေး ဘဲလ် ကြိုနှိပ်ထားဦးမှ ။

“ တင်းတောင် ... တင်း ... တောင် ”

⎕ ငြိမ်းသခင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဒီဇင်ဘာ ၊ ၂၀၂၀

No comments:

Post a Comment