❝ စွဲမက်သူ ❞
( ပီမိုးနင်း )
အထက်ထက်က မမြင်ခဲ့ဘူးသောကြောင့် တချို့မှာ ဤမျှလောက် ဖြစ်ရသလားဟု မေးဖွယ်ရှိ၏ ။ စင်စစ်အားဖြင့်သော်ကား အထက်ထက်က မမြင်ခဲ့ရဘူးသောကြောင့် မဟုတ်ချေ ။ အကြောင်းမူကား သာချိုသည် အမိန့်တော်ရ ဦးစော်ကဲ၏ အိမ်သို့ ရောက်၍ နေသည်မှာ ၃ လခန့် ကြာရှိခဲ့လေ၏ ။
ထိုသုံးလ အတွင်း၌ ဖြူဝင်းတောက်ပ အလှ၏ နမူနာ ။ လူ့ရွာမှာ ထူးခြားအောင် သူ့မိဘများ မွေးမြူ၍ ထားသော တိုးမြင့်၏ ကွင်းကွင်းကွက်ကွက် မျက်နှာကလေး ကိုသာ အကြိမ်ကြိမ်မြင်ခဲ့ရလေရာ လှတစ်မျက်နှာတွေမှာ ယခုခေတ် ယခုကာလ တရုတ်ကု,လား ကပြားတွေ ပေါများသဖြင့် မရှားသော မြင်ရခြင်းဖြစ် သဖြင့် ထူးမခြားနားဟု တိုးမြင့်ကို မှတ်ထင်ခဲ့လေ၏ ။ ယခု တနင်္ဂနွေတစ်ပတ် အတွင်း သာချိုမှာ တိုးမြင့်၏ ရူပါရုံဖြင့် အပြင်း ဖမ်းစားခြင်းကို ခံခဲ့ရခြင်းမှာမူကား နောက်ဖေးခန်း၌ ၎င်းဟာမကလေး၏ ဖွေးဖွေးနုနု အကာနှင့် အနှစ် ရောစုသည့် အဆင်းကြံအင်အသွင် ရူပကာကို ရင်တစ်ကိုယ်လုံး ဆိုသည့် စကားနှင့် ညီအောင် ရေချိုးရာမှာ မြင်ရသောကြောင့်ပေတည်း ။
သေးသွယ်သော ကိုယ်လုံးနှင့်အမျှ ပြည့်ဝမို့ မောက်သောရင်မှာ ရင်ရှားသော ထဘီ၏ အထက်ဆင့် နီနီကလေးသည် ဝှက်ထိန်၍ မရ ။ မဖော်ဘဲ ပြခြင်းသည် ဖော်၍ ပြသည်ထက် ရက်ရောသဖြင့် မက်မောခြင်းကို တစ်မျိုး ထအောင် နှိုးဆွ၍ ပေးလေသတည်း ။ ကျစ်လျစ်ဖြောင့်စင်း ၊ အကျအဆင် ပြေလှစွာသော ငါးရံ့ကိုယ်ကလေး၏ ခါးသည် ရွှေအဆင်းနှင့် တူသော ကောက်လှိုင်းသစ်၏ စည်းအပ် အေဟိုက် ပမာ ။ အောက် ဘက်၌ကား၍ လာပုံမှာလည်း ကြက်သွန်ဖြူဥ တစ်လုံး ပမာ အမြှေးကို ခွာ၍ အသားကို စမ်းရလျှင် အလွန်ပင် ချောမှာပဲ ။ နှလုံးထဲ၌ သွားရည် ရွှဲ၍ လာလေသတည်း ။ မပုမကွေး လေးကိုင်းနှင့် မတူ ။ ဆင်ဖြူနှာ မောင်းပမာ ။ ဖြောင့်စင်းနူးညံ့စွာ သက်ဆင်းသည့် မတိုလွန်း မရှည်လွန်းသော ခြေတို့မှာ အသားကိုကပ်သော ရေသနုပ်ထဘီက အတည်ပြသဖြင့် လုံးလုံးဝဝကလေးကို လုံးဝဥဿုံ အကုန်အစုံ မြင်ရလေသတည်း ။ လက်မောင်း လက်ချောင်း ပျောင်းပျောင်းပြေပြေ ခပ်ရှည်ရှည်တို့မှာမူကား လူလုပ်၍ ထားသည်နှင့် မတူ ။ နတ်လုပ်၍ ထားသည်နှင့် တူလေသတည်း ။
ထိုအချင်းအရာ အတွင်းရတနာတို့ကို အထက်ထက်က လင်းစွာ ရှင်းစွာ မမြင်မသိရသည်မှာကား အသားနှင့်ကွာ အလှကို ကာသော အဝတ်တန်ဆာတို့ကြောင့် ဖြစ်လေရာ ရေမိုးသုံးသပ်ရာ၌မူကား အငတ် ခေါင်းပါး၍ ဖယောင်းသားအလှ ယမင်းကလေး၏ လက္ခဏာတို့ကို မက်စရာ ဖြစ်အောင် ပြသည်နှင့် တူလေသတည်း ။ သို့ဖြစ်သောကြောင့် ထိုလက္ခဏာတို့ကို မတော်တဆ ပြတင်းဝမှ သာချို စ၍ မြင်ကတည်းက အသည်းနှလုံးထဲမှာ တလှပ်လှပ်နှင့် ချားရဟတ် လေပွေ လှည့်ကာ နှလုံးသွေး အသွားအလာ မမှန်အောင် ဝဲဝှေ့၍ နေခဲ့ခြင်းသည် နိုးရာမှ အိပ်ရာသို့ တိုင်ခဲ့လေ၏ ။ မှိတ်ရာမှ နိုးရာသို့ ရောက်ခဲ့လေသတည်း ။ သို့အတွက် စားဖို့သောက်ဖို့တောင် အခွင့်မရနိုင်ဘဲ အသည်းအသန် အပြင်းဖမ်းလာခဲ့သည်မှာ စဉ်တိုက်ကြီး ဖြစ်၍ နေသောကြောင့် အတက်အကျ များခြင်းနှင့်လည်းမတူ ။ ရက်ချန် ဖျားခြင်းနှင့်လည်း မခြား ၊ အင်ဖလူအင်ဇာရောဂါ ဖမ်းစား သလို တစ်လမ်းသွား စူးရောက်၍ နေရှာပေတော့ သတည်း ။
အဲ - ဤကဲ့သို့ စ၍ ဖြစ်ကတည်းက အချိန်မှန်မှန် ရေချိုးထွက်သူကလေးကို အချိန်မှန်မှန် စွဲစွဲမြဲမြဲ မျက်တောင်မခတ်ဘဲ နေ့စဉ်မလွဲ စောင့်၍ ကြည့်ခဲ့၏ ။ တိုးမြင့် က မူကား ရှေ့နေအိမ်၌ စာရေးယောင်ယောင် စာချီ ယောင်ယောင်နှင့် ခိုင်း၍ ထားသော သာချိုကို ဘာလိုလိုမှ စိတ်ထဲမှာ မဥပါဒါန်ဘဲ နုနုဖတ်ဖတ် မိမိ၏ အဆင်းကို ရေချိုးရင်း ပြရာ၌ ရှက်စရာကြောက်စရာ ဖြစ်လောက်အောင် လေးစားအပ်သည်ဟု အမှတ် မပြုဘဲ ထုံးစံအတိုင်း နံနက် မိုးလင်းစအခါ တက်သစ်စ နေရောင်ကို ဆင်မြန်းတန်ဆာပြုကာ ရေချိုးခြင်း အမှုကို နမော်မဲ့နမာမဲ့ ပြု၍သာ နေခဲ့ရှာလေသတည်း ။ အကြောင်းမူကား သာချို မှာ နာမည်နှင့် ညီအောင် သာသာယာယာချိုသော မျက်နှာထားမှ တစ်ပါး အားကိုးအားထား ပြုလောက်အောင် လှသူ မဟုတ်သည့်ပြင် ပညာမှာ မူကား ခေတ်ကာလ မမီ မြန်မာစာ ခြောက်တန်း ခုနစ်တန်းမျှ တတ်သူ ဖြစ်သည်ကို အကြားနှင့် သိပြီးဖြစ်သည့်ပြင် စာရေးယောင်ယောင် စာချီယောင်ယောင်နှင့် ရုံးစာအိတ်ကို လက်မောင်း အောက်၌ ညှပ်ကာ မိမိ၏ ဆရာ နောက်ကို တကောက်ကောက် လိုက်ရသည်အခါများမှ တစ်ပါး ထမင်းအိုး ဟင်းအိုးနှင့် မအားသူ ဖြစ်သည်ကို မြင်ရလေ၏ ။
သာချိုမှာမူ ဤကဲ့သို့ မဟုတ်ချေ ။ မမီတဲ့ပန်း တုံးခု၍ လှမ်းဟူသော စကားကို မယုံ ၊ တုံးချ၍ မမီလျှင် လှေကား ထောင်၍ တက်မည် ။ တံချူနှင့် ချူမည် ။ မရမက ပေါင်ချန်ထိုး၍ တက်မည်ဟု ကြံစည်ကာ သင်းက အင်္ဂလိပ်ကျောင်းဆရာကြီးသမီး ငါကလည်း ရှေ့နေစာရေးကြီးပဲ ။ ငါ သူ့ထက် သာတာကတော့ သင်းက မိန်းမ ၊ ငါက ယောက်ျား ၊ ရောက်လျှင် ကျားပဲ ၊ မရောက် လျှင် နွားပဲ ဟု စိတ်ထဲ၌ အားခဲပြီး ကြည့်ရုံနှင့်တော့ သင်း တရားစွဲနိုင်မှာ မဟုတ်ဘူး ဟူသော ဥပဒေကို လက်ကိုင် ပြုကာ မလျှော့သော လုံ့လနှင့် နေလေသတည်း ။
ထို့ပြင်မှ တစ်ပါးလည်း ချစ်တဲ့သူကို မည်သူမျှ ပြန်၍ မမုန်းနိုင် ၊ သူ့ကို လှောင်လား ပြောင်လား စာ ထောင်ပြလား လေချွန်လား မလုပ် ၊ အဟုတ် တကယ် ချစ်တဲ့ စိတ်အာရုံကိုသာ ကိုးစားပြီး ကြိုးကြိုးစားစား ၊ အပိုးအား သန်ချေက ရိုးသားသည့် အမှန်သဘောကို နောက်ဆုံး သိသောအခါ၌ မိသောအခါ ၊ ထိသောအခါ ဖြစ်မှာပဲဟု စိတ်ထဲ၌ အစွဲတစ်ခု ရဲရဲကြီး ပြု၍ထားလေ၏ ။
ထိုကဲ့သို့ နေ့ဆက် ရက်ဆက် မပျက်မကွက် မရှက်မကြောက် အထက်သို့ ရောက်အောင် အကြမ်းပိုးကာ ကြိုးပမ်း၍ နေလေရာ တစ်စတစ်စ တိုးမြင့်သည် သိစ ပြုလေ၏ ။ သိစ ပြုသောအခါ တခိခိ ရယ်စ ပြုလေ ၏ ။ ရယ်စ ပြုရုံမက နောက်ဘေး အိမ်မီးဖိုချောင်က အကောင်ဟာ ကျွန်မကို ပြောင်ပြောင် ပိုးနေတယ်မေမေရဲ့ဟု မိခင်အား တိုင်လေ၏ ။ မိခင်က စည်းစောင်း ကြည့်ရှုလေလျှင် သမီးစကား မှန်သည်ကို သိသောအခါ လင်ဖြစ်သူအား အိပ်ရာထဲ၌ တီးတိုး စကားပြောလေ၏ ။ သို့ပြောပြီး နှစ်ယောက်သား ကြိတ်ကြိတ်ပြီး ရယ်ကြ၏ ။ ထမင်းစားရာ၌ သားအမိသားအဖ သုံးယောက် သာချို အကြောင်းကို ပြောရင်း အူရွှင်သဖြင့် ထမင်းမြိန်ကြ၏ ။ သာချို မှာသာ စားလို့ သောက်လို့ မဝင်ရှာသူ ဖြစ်လေသတည်း ။
သို့ဖြစ်လေရာ အရေးမထားလောက်သဖြင့် မလေးမစားဘဲ နေကြရာတွင် တိုးမြင့် သည်လည်း ကလေးကလား ။ မထီပြင်ပြင် သဘောရိုးနှင့် ရေချိုးခြင်း အလုပ်ကို မဖြုတ်ဘဲ နေသည်သာမက မိန်းမပျိုတို့ ဓမ္မတာ ကြိုက်သူ ချစ်သူ ၊ ပိုးပန်းသူ ရှိသည်ကို သိသည့်အခါ သာ၍ အမူပိုတတ်သလို မြှူချိုသော မျက်နှာကလေးနှင့် မရသဖြင့် ဘယ်သူပဲ ငိုငို ရက်စက်စွာသဘော ထားပြီး မက်စရာ ဖြစ်သော အသွားမျိုးနှင့် တအား တိုးကာ တိုးကာ ကြာကြာ ရေချိုးလေသတည်း ။
တိုးမြင့်သည် ဤကဲ့သို့ တမင်သက်သက် သာချိုကို နှိပ်စက်ရုံနှင့် အားမရဘဲ အပျိုဖော်တို့နှင့် စကားဝိုင်းဖွဲ့ သည့်အခါ သာချို တစ်ယောက် အပိုးသန်သည့် အခြင်းအရာကို အပျင်းပြေ ပြောရှာလေရာ ထိုစကားများသည် အမိန့်တော်ရမင်းမယား၏ နားသို့ ပေါက်ရောက်၍ လာသဖြင့် အမိန့်တော်ရကတော်က
“ သာချို နင်မနက်တိုင်း ဒီတံခါးဝမှာ ဘာလုပ်မယ်လို့ သစ်ငုတ်တို လုပ်၍ နေရသလဲ ။ တိုးမြင့်ကို ကြည့်သလား ”
“ ကြည့်လဲ ကြည့် ၊ ကြိုက်လည်း ကြိုက်ပဲ မမရဲ့ ။ ကျွန်တော် လွန်သလား ”
“ ဟဲ့ စောက်ရူး ။ နင့်ကို ဟိုက ထဘီလျှော်ခိုင်းမှာ မဟုတ်ဘူး ။ မျှော်မနေနဲ့ ။ သွားရည်ကျရုံပဲရှိမယ် ။ နင် ဝမ်းသာအောင် ဟိုက အနံ့ပေးနေတာဟဲ့ ”
“ အနံ့ခံရ မနည်းဘူး မမရဲ့ ။ ထောင်သားများဟာ ထောင်မှူးအိမ်က ငါးပိဆီကြော်နံ့ကို ရတဲ့အခါ ထမင်း စားခိုက်နှင့် ကြုံရင် ထမင်းလုပ် ကြီးဖို့ရန် အတော် ကူဖော်လောင်ဖက် ရသတဲ့ မမရဲ့ ”
“ ထမင်းလုတ် မကြီးဘဲ ညှော်နံပြီး သေတတ်တယ် ”
“ တိုးမြင့်ကို မရရင် ညှော်နံသေတာကပဲ ကောင်းပါတယ် ”
ဤစကားသည် တိုးမြင့်နှင့် မိဘများထံ ရောက်သောအခါ တိုး၍ ရယ်မောကြပြန်လေသတည်း ။
သာချိုသည် စိတ်လျှော့သူ မဟုတ် ။ “ ယောက်ျားတံခွန် လူရည်ချွန် ကောင်းကင်တမွတ် ကြယ်ကို ဆွတ်လည်း မလွတ်စတမ်း ၊ ရမြဲတမ်း ”
“ ထက်ခွင်မိုးယံ ၊ ပစ်မည်ကြံ၍ အားအင်ဆင်ခြင် ၊ ထိုလုလင်ကား သစ်ပင်မျှမူ ၊ ပစ်မည်ဟူ၍ ကြံသူထက်ကဲ သာမျက်မြဲ ” ဟူသော စကားများကို အမြဲ နှလုံးသွင်းသူ ဖြစ်လေသတည်း ။
ထိုကဲ့သို့ နေ့စဉ်မပြတ် အကြံဉာဏ်ကို ထုတ်ရာ တစ်နေ့သ၌ လတ်ဆတ်လန်းဖြန်း မျက်နှာမှာ လျှမ်းလျှမ်းတောက်၍လာလေ၏ ။ အကြောင်းမူကား အကြံကောင်း တစ်ခုသည် လျှပ်စစ်ပြက်သလို ဝင်းလက်ကာ ၎င်း၏ ဦးခေါင်းထဲတွင် ပေါ်လာသဖြင့် ယောက်ျား မတစ်ထောင် တစ်ကောင်ဘွား တိုးမြင့် တဲ့လား ဟူ၍ အားတင်းမိလေ၏ ။
နောက်ရက် အနည်းငယ် ကြာ၍ သွားလေ၏ ။ ထိုအခါသည်ကား တပေါင်းလရာသီ၏ အစ ဖြစ်လေရာ နံနက်စောစော ဝေလီဝေလင်း အချိန်သည် လောကဓာတ်ကို အသစ်ပြုပြင်သော အချိန်နှင့် တူလေ၏ ။ သာချိုသည် လတ်ဆတ်သစ်လွင်သော လေကို ရှူရှိုက်ရင်း မြစ်ကမ်းပါး၌ ရပ်ကာ တစ်ကိုယ်တည်း ထင်မြင်၍ နေသည်မှာ အကျိုးအကြောင်းကို မသိသူတစ်စုံ တစ်ယောက် မြင်ရချေက မြစ်ထဲသို့ ခုန်ဆင်းပြီး သေဖို့ရန် အကြံယူ၍ နေသည်ဟု မှတ်ထင်ဖွယ်ရာ ရှိလေသတည်း ။
၎င်း၏ ရှေ့၌ ငြိမ်သက်ကြည်လင်သော ဧရာဝတီ မြစ်ရေမှာ အရှေ့ရောင်နီ၏ အဆင်းနှင့် ခြယ်လှယ်၍ ထားလေရာ ရွှေလှိုင်း ၊ ရွှေရေ ဖြစ်၍ နေလေ၏ ။ သုတ်ဖြူးသော မြောက်လေဦးမှာ တစ်ရပ်တစ်နယ်သို့ ရောက်လာစ ဖြစ်သဖြင့် မြူးရွှင်သော သူငယ်ပမာ မြစ်ကမ်းပါး တစ်ဖက်၌ ပေါက်၍ နေသော ကိုင်းတောကြီးများကို မြည်တွန်လှုပ်ရှားခြင်း ဖြစ်စေလျက် သစ်ပင်ကြီးငယ် တို့သည်လည်း တစ်ချက်တစ်ချက် ညည်းညူကာ ကိုယ်လက်ကို အညောင်းဆန့်လှုပ်ရှားသလို ခါရမ်းခြင်း ပြုကြလေ၏ ။
သာချိုသည် တစ်ကိုယ်တည်း လက်ပိုက်လျက် အတန်ကြာကြည့်၍ နေပြီးမှ ထွက်ဖို့ရန် ဟန်ပြင်လျှင် အမြီးကို ကော့ကာ ကသည်နှင့် တူသော ငွေဒေါင်းစက်ရှိန်၏ မီးကွက်ရောင်လျှံတို့ကို ကြည့်၍ နေလေ၏ ။ ထို့နောက် တစ်စုံတစ်ခုသော အကြံကို ရသည့် လက္ခဏာနှင့် နောက်သို့ လှည့်ကာ တစ်စုံ တစ်ခုသော အိမ်ကြားဖြင့် မြို့တွင်း လမ်းမကြီးသို့ ရောက်၍ သွားလေ၏ ။ နောက် အတန်ကြာသောအခါ တိုးမြင့်၏ အိမ်ရှေ့သို့ ရောက်၍ သွားသဖြင့် တစ်ခုသော ကုက္ကိုပင် အောက်၌ရပ်ကာ အိမ်အပေါ်ထပ်တို့ကို လှမ်း၍ ကြည့်လေ၏ ။ သို့ကြည့်သော်လည်း တစ်စုံတစ်ရာမျှ မမြင်ရ ။ ဆင်ဝင်မှ စ၍ နံဘေး ပတ်လည်၌ ပြတင်းတံခါးတို့မှာ အကုန်ပိတ်၍ ထားသည်ကို မြင်ရလေ၏ ။ အတွင်းမှ တစ်စုံတစ်ရာ အသံကို မကြားရချေ ။ အောက်ထပ်၌မူကား လှေကားဘက်ကို သွားသော အပေါက်မှာ ပွင့်၍ နေလေ၏ ။
ထိုအချိန်၌ တစ်လမ်းလုံး ရှိသမျှ အိမ်တို့မှာ ဆိတ်ငြိမ်၍ နေကြလေ၏ ။ အိမ်များမှာ အားလုံးလိုလို တံခါးပိတ်လျက် ရှိကြလေ၏ ။ တစ်ခုသော အိမ်မှ ချောင်းဟန့်ပြီး ကြေးစည်ထုလျက် ဘုရားရှိခိုးသော ယောက်ျားကြီး တစ်ယောက်၏ အသံနှင့် ကြေးစည်သံမှ တစ်ပါး မည်သည့် အသံကိုမျှ မကြားရချေ ။ အုန်းပင် တစ်ပင်ပေါ်၌ ရှိသော ကျီးကန်းတစ်ကောင်သည်ကား သာချိုကို မသင်္ကာသော အမူအရာနှင့် စောင်းကာ ကြည့်ရှု၍ နေလေ၏ ။
တိုးမြင့်၏ အိမ်နောက်ဖေးဘက်မှ လမ်းပေါ်သို့ လှည့်၍ တက်ကာ တစ်ဖက်ရှိ အိမ်သို့ ကူးသော ခွေးနက်မတစ်ကောင်သည် သာချိုကို မြင်သောအခါ အမြီးကို ကုတ်လျက် အတန်ကလေးဝေးစွာ ကွေ့ရှောင်ကွင်း ပိုက်၍ သွားလေ၏ ။ တိုးမြင့်တို့ အိမ်ပတ်ဝန်းကျင်၌ ရှိသော ပန်းခြံသည်ကား ပန်းအမျိုးမျိုးနှင့် ဝေ၍ နေသဖြင့် အချို့သော နေရာများမှာ နတ်ပန်းချီဆရာ၏ ဆေးခွက် မှောက်သလို အရောင်မျိုးစုံတို့သည် မရောမစပ်ဘဲ ရုန်းရင်းဆန်ခတ် နပန်းသတ်၍ နေကြသည်နှင့် တူလေ၏ ။ ထိုပန်းများကို စိုက်ပျိုးယုယသူသည်ကား တိုးမြင့် ပင် ဖြစ်လေရာ ၎င်း၏ စိတ်ကူးယဉ်ခြင်းကို သာချို တွေးတောရင်း ထိုခြံနှင့် ပတ်သက်၍ တိုးမြင့် နှင့် မိမိ အကြောင်းဆိုင်ရာ အထင်အမြင်တို့သည် မကုန်ချင်အောင် ပေါ်ပေါက်၍ လာလေသတည်း ။ အကြောင်းမူကား တိုးမြင့်သည် မိမိကို အဟုတ်တကယ် မချစ်သူ မှန်ချေက နေ့စဉ် နေ့တိုင်း မိမိ ကြည့်၍ နေမှန်းကို အသိ ဖြစ်ပါလျက် အမြဲ မပျက်မကွက် မိမိ၏ ရှေ့တွင် ကိုယ်ဟန်ကို ပြဖို့ မရှိချေ ။ ယခုမှာမူ ပြရုံမက တစ်နေ့ထက် တစ်နေ့ လှအောင်ပင် ကြံစည်၍ နေသည် စသည်ဖြင့် သာချိုမှာ မိမိ သဘောကျကာ စိတ်ကြိုက်ဖြစ်သော ထင်မြင် ဆုံးဖြတ်ချက်တို့ကို ပြု၍ နေလေသတည်း ။
သာချိုသည် အတန်ငယ် ကြာစွာရပ်၍ ကြည့်နေပြီး နောက် အိမ်ဘက်သို့ ဆင်း၍ သွားလေ၏ ။ လှေကား တစ်ဖက်သို့ ဝင်၍ သွားပြီး အတော် ဒူးတုန်လျက် အထက်ကို မော်ကြည့်နေလေ၏ ။ သာချိုသည် အဘယ်သို့သော အကြံကို ကြံစည်ခြင်းဖြစ်ပါသနည်း ။
ထို့နောက် မရဲတရဲ လှေကားကို တက်လေ၏ ။ လှေကားထိပ်သို့ ရောက်သောအခါ တံခါးကို မှီကာ ထိုင်လျက် နေလေ၏ ။ တိုးမြင့်၏ အခန်းသည် အဘယ်အနား မှာရှိပါသနည်း ။ အဘယ်မှာပင် ရှိစေကာမူ ခက်လှစွာ တကား ။ ဝင်ပြန်လျှင်လည်း တိုးမြင့် က လန့်၍ အော်သဖြင့် ပြတင်းပေါက်မှ ခုန်ဆင်း၍ ပြေးနေရမှာ ဖြစ်လျှင် ဇက်ကြိုး၍သေ ။ မသေလျှင် ဂါတ်ထဲကို ရောက်ပြီး အိမ်ဖောက်ထွင်းမှုနှင့် ထောင်နန်းစံရမှာကလား စသည့် သဘော တရားတို့ကို အနုလုံ ပဋိလုံ ဆင်ခြင်၍ နေလေသတည်း ။
အတန်ငယ် ကြာသောအခါ “ ဟဲ့ ... မည်းတူ မြန်မြန်လုပ် ။ ခုတောင် အိမ်သာက မဆင်းသေးဘူးလား ”
“ ဆင်းပါပြီအမေ ။ ဆန်ဆေးနေပါတယ် ”
“ အေးအေး … မျက်နှာလည်းသစ် ။ ဆန်လည်း ဆေး ၊ သေးလည်းပေါက် တစ်ပြိုင်တည်း သုံးလုပ် ပြီးအောင် လုပ်ပြီး မုန့်တောင်းကို ယူခဲ့ ။ နေထွက်နေပြီ ” ဟု ပြောသော အသံကို သာချို ကြားရသဖြင့် ထိတ်ခနဲ ဖြစ် ကာ လှမ်း၍ ကြည့်လိုက်ရာ မျက်နှာချင်းဆိုင် အိမ်ရှေ့၌ မုန့်ပျားသလက် လုပ်ရန် ပြင်ဆင်၍ နေသော ဒေါ်စိုး ကို မြင်ရလေ၏ ။
ကြာကြာနေလျှင် မဖြစ်ဘူး ပြေးမှ တော်မယ်ဟု အောက်မေ့ကာ သာချိုသည် ဆင်း၍ လာလေရာ လှေကားမှ အထွက်တွင် ဒေါ်စိုးက ၎င်းကို မြင်သဖြင့် “ ဟဲ့ကောင် နင် ဒီမှာ ဘာလုပ်နေတာလဲ ။ လာခဲ့ ၊ လာခဲ့ ” ဟု မသင်္ကာသော ပြုံးခြင်းမျိုးနှင့် ပြုံးကာ ခေါ်လေ၏ ။
သာချိုသည် ကပျာကယာ အပါးသို့ ကပ်သွားပြီး “ အဒေါ် ဘယ်သူမျှ မသိပါစေနဲ့ ။ အဒေါ် တစ်ယောက်သာ သိပါစေ ။ ရှိကြီး ခိုးပါရစေ အဒေါ် ” ဟု တောင်းပန် လေသတည်း ။
“ ဘာဖြစ်လို့လဲ ။ နင် ဟိုကောင်မလေးဆီက လာသလား ။ နင်တို့ ကြိုက်နေသလား ”
“ သိရင် အသာနေပါ အဒေါ် ။ ကျွန်တော့်အတွက် တောင်းပန်တာ မဟုတ်ပါဘူး ။ သူ့ခမျာကလေး အရှက်ကွဲမှာ စိုးလို့ပါ ။ အဒေါ် သိတဲ့အတိုင်း ကျွန်တော်က ဘာမျှ အသုံးကျတဲ့အကောင် မဟုတ်ဘူး ။ သူကတော့ အင်္ဂလိပ်ကျောင်းဆရာကြီးသမီး ၊ ကျွန်တော်က အစေခံ သာသာပါ ”
“ သူက နင့်ကို မှာသလား ”
“ အို .. အဒေါ်ကလည်း ဒါတွေ လျှောက်မေးမနေပါနဲ့ ။ အဒေါ်သိ ပြီးရောပေါ့ ။ သူ မမှာဘဲ ကျွန်တော် သူ့အိမ်ပေါ် ရောက်အောင် ဘယ့်နှယ့် လာနိုင်မှာတုန်း အဒေါ်ရဲ့ ။ ကျွန်တော် သူခိုးမှ မဟုတ်ဘဲ ”
“ ဟုတ်ကဲ့လား သာချိုရဲ့ ။ တိုးမြင့်ကို စပ်တဲ့ လူတွေက မြို့အုပ် ၊ စစ်ကဲ ၊ ဝတ်လုံတွေ ပါကလား ။ သူ့အဖေကလည်း ကျောင်းဆရာ ဆိုပေမယ့် အင်မတန် ချမ်းသာတာ ။ မကြာမီ အစိုးရဘက်ကို ကူးလိမ့်မယ် ။ သည်အတိုင်း မှန်ရင် နင် ထီပေါက်တာပေါ့ ”
“ အဒေါ့်ကို ကျွန်တော် မမေ့ပါဘူး ။ လုံသာလုံပါစေ ။ ကျွန်တော်ကလည်း ရဲတင်းအား ကြီးသွားတယ် ။ နို့မဟုတ်ရင် အဒေါ် သိမှာ မဟုတ်ဘူး ”
“ နင်တို့ဟာ ဖြစ်နေတာ ဘယ်လောက်ကြာပလဲ ”
“ ခြောက်လလောက် ရှိပြီ ။ အဒေါ် ကျွန်တော် စိတ်ချပါရစေနော် ”
“ စိတ်ချစေချင်ရင် နှုတ်ပိတ်ပေးမှပေါ့ ”
“ အဒေါ်ကလည်း နှုတ်ပိတ်တွေ ဘာတွေ လိုချင်ရသေးလား ။ ကျွန်တော် ကျေးဇူး မမေ့ပါဘူးဆို ပြီးရောပေါ့ ။ နှုတ်ပိတ်ပေးစရာလည်း ဘာမျှ မရှိလို့ပါ ။ ကျွန်တော် သွားပါဦးမယ် အဒေါ် ” ဟုပြောပြီး ထွက်သွားလေ၏ ။ ဒေါ်စိုးမှာ အံ့သြလျက် ပြုံးကာ ၎င်းကို ကြည့်၍ နေရစ်လေသတည်း ။
ထိုနေ့မှ စ၍ တနင်္ဂနွေ တစ်ပတ်လောက် သာချိုသည် နံနက်တိုင်း ၎င်းအိမ်မှ ထွက်လာလေရာ ဒေါ်စိုးသည် နံနက်တိုင်း မြင်လေ၏ ။ သာချိုက လက်ပြကာ ဘယ်သူ့မှ မပြောပါနဲ့ ဟူသော စကားအဓိပ္ပာယ်ကို ပေါ်အောင် ပြ၍ သွားလေ့ရှိ၏ ။
ဒေါ်စိုး၏ စိတ်၌ကား ဤလို အကြောင်းအရာမျိုး နှင့်ပတ်သက်သည့်အခါ ထမင်းကိုသာ မစားဘဲ နေနိုင်မည် ။ မပြောဘဲကား မနေနိုင် ။ လင် ကိုသာ ဝေ၍ မပေးနိုင်သည် ။ ဤသတင်းများကိုမူကား တွေ့သမျှ လူကို ဖောဖောသီသီ အတိုးအရင်းနှင့်တကွ ဝေငှပေးကမ်းနိုင်သူ ဖြစ်လေရကား သာချိုက အဘယ်မျှပင် ပိတ်သော်လည်း လက်ဖက်ရည်အိုး ဆူသည့်အခါ အဖုံး ကြွသလို ပြောချင်အား ကြီးသဖြင့် ကြွခနဲ ၊ ဟခနဲ ဖြစ်၍ နေရှာလေသတည်း ။ သို့ဖြစ်သောကြောင့် ရက်အနည်းငယ်မျှ အတွင်း အရပ်ထဲ၌ တိုးမြင့် နှင့် သာချို တို့၏ အကြောင်းသည် ယောက်ျား ၊ မိန်းမအပေါင်းတို့မှာ နှုတ်ခမ်းရော ၊ ပါးစပ်ရော လျှံ၍ နေလေသတည်း ။ မိဘများသည်ကား အနည်းငယ် ကြားရသော်လည်း မယုံကြည်သဖြင့် ရယ်မော၍ နေကြလေသတည်း ။ အကြောင်းမူကား ထိုကဲ့သို့သော သတင်းမျိုးမှာ အရပ်ထဲ၌ လျှံ၍ နေကာမှ မိမိတို့ နားသို့ အနည်းငယ် ရောက်လတ်သည်ကို မတွေးမိကြလေသတည်း ။ တိုးမြင့် မှာမူ အဟုတ်တကယ် နောက်ဖေးပေါ်၌ သာချို နှင့် တစ်ယောက်ကို တစ်ယောက် မြင်ရရုံမှ တစ်ပါး အကြိမ်တစ်ခါမျှ တွေ့ကြုံစကားပြောဆိုခြင်း မပြုရသဖြင့် သာ၍ ရယ်မောလေ၏ ။ ထို့ပြင် တိုးမြင့်မှာ အိမ်တွင်းမှာ အိမ်ပြင်သို့ ထွက်ရသူ မဟုတ်ဖြစ်လေရာ မိဘများ၏ စိတ်၌ ရူးလို့သာ ဤစကားများကို ပြောကြသည် ။ မည်သူမျှ ယုံကြည်မည် မဟုတ်ဟု အောက်မေ့ကြလေသတည်း ။
ထို့နောက် ဤသတင်းသည် အရပ်ထဲ၌ အတော် ပျံ့နှံ့၍ သွားသောအခါ သာချိုသည် တစ်နေ့သ၌ မိမိ၏ ဆရာ အပါးသို့ ကြောက်ဆုတ်ဆုတ်နှင့် ကပ်၍ လာပြီး ရိုသေစွာ ပုဆစ်တုပ်ကာ ဆရာကို ကြည့်၍ နေလေ၏ ။ ဆရာသည်ကား တင်ပျဉ်ခွေ ထိုင်လျက် အမှုတွဲများကို စီစဉ်၍ နေလေသတည်း ။
“ ဘာ လိုချင်သလဲ သာချို ၊ မင်း ဘာဖြစ်သလဲ ။ ဖျားသလား ၊ မျက်နှာများ မကောင်းပါကလား ”
“ ကျွန်တော် သိပ်စိတ်ညစ်နေတယ် ဆရာ ။ အခုတော့ မပြောမပြီးလို့ ဆရာ့ကို စွန့်ပြီး ပြောမယ်လို့ ကြံတာ ”
အမိန့်တော်ရမင်းသည် ၎င်း၏ မျက်နှာကို အံ့အားသင့်လျက် ကြည့်၍ နေပြီးမှ “ ဘာအကြောင်းလဲ ” ဟု မေးလေ၏ ။
“ တိုးမြင့်က သိပ်ပြီး ပူနေလို့ ပြောရတာပါ ဆရာရဲ့ ”
“ ဘာပူနေသလဲ ”
“ တိုးမြင့် အနေနဲ့ နောက်ဖေးက …. ”
“ တိုးမြင့် ဘာဖြစ်သလဲ ”
“ သူက တောင်းပါရမ်းပါလို့ ပူနေတယ် ”
အမိန့်တော်ရမင်းသည် သာလွန် အံ့အားသင့်လျက် သာချိုကို မယုံကြည်သော မျက်နှာဖြင့် သာချို မှ ဟုတ်ပါ့မလားဟု တွေးတောသော ကြည့်ခြင်းမျိုးနှင့် ၎င်း၏ မျက်နှာကို ကြည့်လေ၏ ။
“ သဲသဲကွဲကွဲ ပြောပါဦး ။ ငါ မင်းပြောတာကို နားမလည်ဘူး ။ တိုးမြင့်နဲ့ ဘာဖြစ်သလဲ ”
“ တိုးမြင့်နဲ့ ကျွန်တော်နဲ့ ကြိုက်နေတာ ခြောက်လ ကြာပါပြီ ။ အခုတော့ တိုးမြင့်က ခိုးပါလို့ ပြောတယ် ။ ခိုးရင် ဆရာတို့မှာ ကျွန်တော့်အတွက် မျက်နှာပျက်မှာ စိုးလို့ ။ ခိုးတော့ မယူဘူး တိုးမြင့် ။ တောင်းယူဖို့ရန် ဆရာကို ပြောလိုက်ဦးမယ်လို့ ကျွန်တော်က ပြောထားရတယ် ။ သည့်အတွက် သည်ကိစ္စကလေးကို ပြီးစီးအောင် ဆရာ ဆရာကတော်တို့ မှပဲ တတ်နိုင်မှာပဲလို့ အားကိုးပြီး စွန့်ပြီး ပြောရတာပါ ”
အမိန့်တော်ရမင်းသည် အံ့သြခြင်းနှင့် ကြက်သေ သေ၍ နေပြီးမှ ကြောက်ရွံ့သလို အမူအရာနှင့် တောင်မြောက်လေးပါးကိုကြည့်ကာ “ ဟဲ့ သာချို နင် ရူးသလား ။ ငါ့ကို မဟုတ်တာ လာပြီး ပြောတာလား ။ သူ့မိဘများ က မြို့အုပ်ဝန်ထောက် စစ်ကဲဝတ်လုံတွေကိုတောင် မပေးစားဘူး ။ နင့်လို အကောင်ကို တိုးမြင့်က ယူပါ့မလား ။ ဟေ့ မကျော့ လာပါဦးလကွယ့် ။ ခက်နေတော့တာပဲ ။ လာ နားထောင်စမ်းပါဦး ။ မင်းတူ ရူးပြီထင်တယ် ”
အမိန့်တော်ရကတော်သည် “ ဘာများ ဖြစ်သလဲ ” ဟု ပြောကာ အပါးသို့ လာ၍ ထိုင်လေ၏ ။ အမိန့်တော်ရသည် အကျိုးအကြောင်းကို ပြော၍ ပြလေရာ အမိန့်တော်ရကတော်က “ မဟုတ်ပါဘူး ။ ရှင့်အကောင် ရူးတာပါ ။ မဟုတ်တာတွေလာပြီး ပြောနေတယ် ထင်ပါရဲ့ ”
“ ဟုတ်ပါတယ် မမရယ် ။ ကျွန်တော် သည်လောက်တောင် မရူးပါဘူး ။ မတော်တာ မမရယ် ။ ဒီ အလုပ်ဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ ။ အလကား မဟုတ်တာကို ကျွန်တော် ပြောရဲပါ့မလား မမရဲ့ ။ စဉ်းစား ကြည့်ပါဦး ”
အမိန့်တော်ရမင်းသည် သာချိုကို အတန်ငယ် ကြာစွာ ကြည့်ပြီး အမိန့်တော်ရကတော် ဘက်သို့ လှည့်ကာ ပြုံးလျက် ။ “ အေး … ကျုပ် မစဉ်းစားတတ်အောင် ရှိတော့တာပဲ ။ မဟုတ်ဘဲနဲ့လည်း မပြောတန်ရာ ”
အမိန့်တော်ရကတော်လည်း သာချိုကို ကြည့်ပြီး
“ ကျုပ်လည်း မပြောတတ်ဘူး ။ ယီးတီးယားယားတော့ ကြားရတာပဲ ” ဟု ပြောပြီး သာချို ဘက်ကို လှည့်ကာ “ ဟုတ်မှပြော သာချို ။ နောင်မဟုတ်ဘဲနဲ့ မမတို့က သွားပြီး ပြောမိရင် အရူး ဖြစ်နေမှာ ။ ဒါထက် သူတို့ အိမ်ပေါ်ကို နင် တက်တယ် ဆိုတာ အဟုတ်ပဲလား ”
“ မမကို ဘယ်သူ ပြောသလဲ ။ ကျွန်တော် ... ”
“ ဘယ်သူပြောပြော နင် အဟုတ်ပဲလား တက်မိသလား ”
“ သူက မှာတာကို မမရဲ့ ။ ဘယ့်နှယ် လုပ်မလဲ ” ဟု ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့ကာ ပြောလေ၏ ။
အမိန့်တော်ရ ။ ။ “ အင်း ဟုတ်ပြီ ။ ဒါမှ ခက်တာပဲ ။ ငါတို့မပြောဝံ့ဘူး ။ ပြောရင် မိုးမီးလောင်သွားလိမ့်မယ် ”
“ ကောင်မလေးက မင်းကို အဟုတ် အတောင်းခိုင်းသလား ”
“ တကယ့်ကို အတောင်း ခိုင်းတာပါ ။ ကျွန်တော် မပြောဝံ့လို့ ဒီလောက် ကြာနေပါတယ် ”
ထို့နောက် သုံးယောက်သား ဆိတ်စွာ နေကြလေ၏ ။ အမိန့်တော်ရမင်းနှင့် အမိန့်တော်ရကတော်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးပြီး “ ကိုင်း ဘယ့်နှယ်လုပ်ပ ။ ဒါမှ အကြပ်ပဲ ” ဟု အမိန့်တော်ရမင်းက ပြောလေ၏ ။
“ အို … ဘာ ကျုပ် ပြောစရာရှိသလဲ ။ ကျုပ်တော့ မပြောဝံ့ပေါင်တော် ။ ရှင် သွားပြောချင်လည်း ပြော ။ ကျုပ်တော့ ကြောက်တယ် ။ ကျုပ်တော့ ဒါမျိုး နားလည်း မလည်ဘူး ”
အမိန့်တော်ရမင်းနှင့် အမိန့်တော်ရကတော်သည် ထိုအကြောင်းကို ရယ်မောကာ အတော်ကြာ တိုင်ပင် စဉ်းစားကြလေ၏ ။ ထိုအတွင်း၌ သာချို မှာ တမှိုင်မှိုင် နေလေ၏ ။ ထမင်းကို မစားဘဲ ကွယ်ရာ၌ သရေစာကိုသာ စား၍နေ၏ ။ ညဉ့်အခါ၌ မအိပ်ဘဲ တစ်ချောက်ချက်နေလျက် နေ့အခါ တခြား အိမ်တစ်အိမ်မှာ သွား၍ အိပ်လေ၏ ။ အတန်ကြာသောအခါ အမိန့်တော်ရနှင့် အမိန့်တော်ရကတော်မှာ သာချို အတွက် များစွာ စိတ်မကောင်း ဖြစ်ကြလေ၏ ။ အကြောင်းမူကား သာချိုသည် ဆရာသမား အပေါ်၌ လွန်စွာ ဝတ္တရားကျေသူ ဖြစ်လေရာ ။ ဆွေမျိုးပင် မတော်သော်လည်း သွေးရင်းသားရင်းလို ဖြစ်၍ နေလေသတည်း ။
သာချိုသည်ကား နောက်ဆက်လက်ကာ စိတ်မလျှော့ဘဲ အမိန့်တော်ရကတော်အား တောင်းရမ်း၍ ပေးဖို့ရန် ပြောလေရာ တစ်နေ့ အမိန့်တော်ရမင်းက “ ကိုင်း ... ဒီလောက်တောင် ဖြစ်ရင် ငါပဲ သွား နားဖောက်မယ် ။ လာလိုက်ခဲ့ ” ဟု ပြောပြီး ဆရာတပည့်နှစ်ယောက် တို့သည် တိုးမြင့်တို့ အိမ်သို့ သွားကြလေ၏ ။ အမိန့်တော်ရမင်းသည် သာချိုအား မိမိ၏ အကောင်းဆုံးသော အဝတ်များကို ဆင်၍ ပေးလေ၏ ။
သာချိုသည် လှေကားထိပ်မှာ ရပ်ကာ နေရစ်လေ၏ ။ အမိန့်တော်ရမင်းသည် အိမ်ထဲသို့ ဝင်၍ သွားလေ၏ ။
ကျောင်းဆရာကြီးက အမိန့်တော်ရမင်းအား ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ခေါ်ငင်၍ ကုလားထိုင်များ ပေးလေ၏ ။ ထို့နောက် လာရင်း၏ အကြောင်းရင်းကို မေးသောအခါ အမိန့်တော်ရမင်းက တခြား မဟုတ် ၊ ညီငယ်ကလေးရဲ့ အရေးကိစ္စနှင့် ပတ်သက်ပြီး ရောက်၍ လာရခြင်း အကြောင်းကို ပြောလေ၏ ။
“ ပြောစမ်းပါဦး အမိန့်တော်ရမင်းရဲ့ ။ ဘယ်မလဲ ဒီ ညီက ”
“ ပါလာပါတယ် ။ ဟေ့ သာချို ဝင်ခဲ့လေကွယ် ”
သာချိုသည် မျက်နှာပိုးသပ်လျက် ဝင်လာပြီး ခပ်လှမ်းလှမ်း ကုလားထိုင် တစ်ခုမှာ ထိုင်လေ၏ ။
ကျောင်းဆရာကြီးသည် သာချိုကို ကြည့်ကာ ခေါင်းညိတ်လျက် စဉ်းစားပြီး “ အကြောင်းကို အမိန့်ရှိပါ ဦး ” ဟု အမိန့်တော်ရမင်းအား ပြောလေ၏ ။
“ အကြောင်းက ဒီလိုပါ ။ ဒီ ညီငယ်ကလေးက ဆရာကြီးရဲ့ သမီး မတိုးမြင့် နဲ့ ကလေးချင်း ဘာဝ အကြောင်း သင့်မြတ်ကြလို့ ကလေးမက လူကြီးမိဘများထံ တောင်းရမ်းဖို့ အတန်တန် ပြောရှာသည့်အတွက် လာရခြင်းပါပဲ ”
ကျောင်းဆရာကြီးသည် ထိုစကားကို ကြားသောအခါ ဦးခေါင်းကို မြွေကိုက်သလို ဖြစ်၍ သွားပြီး သာချိုကို ကြောက်ရွံ့ခြင်း ၊ အံ့အားသင့်ခြင်း ရောပြွမ်းသော မျက်လုံးများနှင့် ကြည့်ကာ ပါးစပ်ဟလျက် ငေး၍နေလေ၏ ။
အမိန့်တော်ရမင်းလည်း သာချိုကို ကြည့်၍ နေလေ၏ ။ သာချိုသည်ကား ခေါင်းငုံ့၍ နေလေသတည်း ။
“ အမိန့်ရှိပါဦး အမိန့်တော်ရမင်း ။ ကျွန်တော် နားမလည်လိုက်လို့ပါ ”
“ ဒီသူငယ်က ကျွန်တော့် ညီငယ်ကလေးပါ ။ ဆရာကြီးသမီးနဲ့ ကလေးချင်းဘာဝ စုံမက်ကြသတဲ့ ဆရာကြီးရဲ့ ။ ဒီတော့ ကလေးမက ခိုးပါလို့ ပြောတယ် ။ ကျုပ်ညီက မခိုးဘဲ မိကောင်းဖခင် သားသမီးပီပီ တောင်းရမ်း ယူပါရစေဆိုလို့ လာပြီး အကြောင်းကြားရပါတယ် ”
“ ဟေ့ မတုတ် ။ လာစမ်းပါဦး ။ မင်းသမီးကို ဟောဒီ သူငယ်က လာပြီး တောင်းနေပါပကော ။ လာစမ်းပါဦး ”
ဆရာကတော်သည် ထိုစကားကို ကြားရုံနှင့် အံ့သြပြီး ကပျာကယာ လာ၍ ထိုင်လေရာ ကျောင်းဆရာကြီးက အကျိုးအကြောင်းကို ပြော၍ ပြလေ၏ ။
မတုတ် ။ ။ “ ဟင် ကျွန်မတို့လည်း ဘာမျှ မသိရပါကလား ”
ဆရာကြီး ။ ။ “ အေးကွယ် ။ မသိလို့လား ။ သမီးရည်းစားထားတာ မင်းထံ အခွင့်တောင်း နေရဦးမှာလား ။ ကြိုက်ရင်ထားကြတာမျိုးပဲ ။ သို့သော်လည်း အမိန့်တော်ရမင်းက ကလေးချင်းဘာဝ သူတို့ အချင်းချင်း စုံမက်ကြရာ ကျုပ်သမီးက မရရင် မနေနိုင်ပါဘူး ဆိုရင် ဘယ် ငြင်းနိုင်မလဲ ။ ပေးစားရသဟာပ ။ သို့သော်လည်း အခု အထိ ကျုပ်တို့ သမီးဟာ ယောက်ျားသနာ ယူချင်တဲ့ လက္ခဏာ မရှိသေးပါဘူး ။ အင်မတန် အဖိုးတန်တဲ့ ရုပ်ချောပညာရှိ ၊ မျိုးကောင်းဆွေကောင်းများ လာပြီး စပ်ဟပ်တာတောင် ငြင်းနေရှာတာပဲ ။ ကျုပ်တို့က ငြင်းရတာ မဟုတ်ပါဘူး ။ ကလေးမ ကိုယ်တိုင်က ငြင်းနေတာပါ ”
အမိန့်တော်ရ ။ ။ “ သူ မစုံမက်လို့ ငြင်းဟန် ရှိပါတယ် ။ ကလေးဆိုတာ သူတို့ မျက်စိကျချင်တာ ကျတာမျိုးပဲ ။ သည်အရာမှာတော့ နီးစပ်ရာ သဘောမျိုးပဲ ထင်ပါါရဲ့ ။ အိမ်ချင်းကလည်း ကပ်နေတာကိုး ။ ကျုပ်ညီငယ်က ပညာလည်း မရှိ ။ ရုပ် ဆိုတာတော့ အခု ဆရာကြီး မြင်တဲ့ အတိုင်းပါပဲ ။ သို့သော်လည်း ရှမ်းကြိုက်နွားချော ဆိုတာမျိုးလို ထင်ပါ့ခင်ဗျာ ”
“ မှန်ပါတယ် ။ မှန်ပါတယ် ။ တစ်ဆိတ် ကလေးမကို မေးကြည့်ပါရစေဦး ။ ကိုင်း မတုတ် မင်းသမီးကို မေးစမ်းပါဦး ။ ဟုတ်များ ဟုတ်သလား ”
“ အို ….မတော်တာဘဲ ။ မဖြစ်နိုင်တာဘဲ ။ ဟုတ်ရင် ရှင်က ပေးစား မလို့လား ”
“ ဟုတ်ရင် မပေးစား ။ ဘာလုပ်ထားဦးမှာလဲကွယ် ။ တစ်ယောက် ကြိုက်တဲ့အစာကို မစားနဲ့ ။ ဒီအစာမှ စား ဆိုလို့ ဘယ် တရားမလဲ ”
“ အို ... မဟုတ်တာ ဘယ့်နှယ့် ပြောပါလိမ့် မေးနေဖို့ မလိုပါဘူး ။ ကျုပ်သမီး ဒီလောက် မမိုက်ပါဘူး ။ အမိန့်တော်ရမင်း ညီက ဘယ်လို လူမို့ ဒီစကားကို ပြောသလဲ ဆိုတာ ကျွန်မ တွေးမရဘူး ။ သို့သော်လည်း ကျွန်မ သွား မေးကြည့်ပါဦးမယ် ။ ရှင်တို့ စိတ်ကျေနပ်အောင် ”
ဆရာကတော်သည် အခန်းထဲသို့ ဝင်၍ သွားလေ၏ ။ အိပ်ရာထဲ၌ တစောင်းလှဲကာ မဂ္ဂဇင်းစာအုပ်ကို ဖတ်၍ နေသော တိုးမြင့်၏ အနီးသို့ သွားရောက်ပြီး အကျိုးအကြောင်းကို ပြောပြ မေးမြန်းလေ၏ ။
တိုးမြင့်သည် အကြောင်းကို ကြားလျှင် ကြားချင်း ယမ်းပုံမီးကျသလို ဟုန်းခနဲဒေါသမီးတောက်လျက် မျက်ရည်တွေ လည်၍လာပြီး စာအုပ်ကို ချကာ ငေါက်ခနဲ ထပြီး ထဘီကို ပြင်၍ဝတ်လေ၏ ။ ဖိုးရိုးဖားရား နေသော ဆံပင်ကို လျင်မြန်စွာ ပြင်၍ပတ်ပြီး အခန်းထဲမှ ထွက်မည်ပြုလေရာ မိခင်ဖြစ်သူက “ လူကြားရင် ရှက်စရာကြီး ။ ဟိုအကောင် အရူးထင်ပါတယ် ။ သူ့ဆရာကလည်း မစဉ်းမစား လာပြောတာ မေမေ သိပ်ပြီး အံ့သြတာပဲ ” ဟု ချော့မော့ကာ ခုတင်ပေါ်၌ ပြန်၍ အထိုင်ခိုင်းပြီး တံခါးကို စေ့ခဲ့လျက် အခန်းမှ ထွက်လာပြီးလျှင် စောင့်၍နေသော သူများထံ လာပြီး “ ဒါကြောင့် ကျုပ် အပြောသားပဲ ၊ မဟုတ်နိုင်ပါဘူး ဆိုတာ ။ ကျွန်မသမီးက ဘာမှ သူမသိရဘူးတဲ့ ။ အင်မတန် စိတ်ဆိုးနေတယ် ။ အမိန့်တော်ရမင်း လူ စိတ်မကောင်းဘူး ထင်ပါရဲ့ ”
ကျောင်းဆရာကြီးသည် ခေါင်းညိတ်ကာ စဉ်းစား၍ နေလေ၏ ။ အမိန့်တော်ရမင်းသည်ကား အံအားသင့်လျက် သာချိုကို ကြည့်ပြီး “ ဘယ့်နှယ်လဲ သာချို မဟုတ်ဘူး ဆိုပါကလား ။ မင်း ငါ့ကို အရူးလုပ်တာပဲ ”
သာချိုသည် ခေါင်းငုံ့ နေရာမှ ။ မျက်နှာကို ပုဆိုး ခါးပုံစနှင့် သုတ်၍ မော်ကြည့်ပြီး “ ကျွန်တော် မရူးပါဘူး ခင်ဗျာ ။ အားလုံးပဲ စဉ်းစားကြည့်ပါ ။ ဆရာဝန်ကို ခေါ်ပြီး စစ်ဆေးကြည့်ပါ ။ ကျွန်တော် မရူးပါဘူး ဆရာရဲ့ ။ မဟုတ်ရင် ကျွန်တော် လာဝံ့ပါ့မလား ။ မတူမတန်တာတော့ မှန်ပါတယ် အဒေါ်ရဲ့ ။ သို့သော်လည်း အဒေါ်သမီး က တောင်းပါရမ်းပါ ဆိုလို့ လာရတာပါ ။ ကျွန်တော့်မှာ အညာသား တစ်ကောင်ကြွက်ပါ ။ ဆရာကိုပဲ အားကိုးပြီး နေရတာပါ ။ ဆရာဟာ ကျွန်တော့်ကျေးဇူးရှင်ပါ ။ ကျေးဇူးရှင်ကို ကျွန်တော် အရှက်ကွဲ အကျိုးနည်းအောင် မလုပ်ပါဘူး ။ ကျွန်တော့်ကို ခိုးယူဖို့တောင် ပြောပါတယ် ။ အခု မြေဟက်တက် ကွဲပြီး မြိုပါစေရဲ့ ။ မိုးကြိုးပစ်ချပါစေရဲ့ ။ ရေနစ်သေရပါစေရဲ့ ။ မဟုတ်တာကို ပြောရင် အခု အိမ်က ဆင်းရင် မြွေဆိုးမြွေဟောက် ကိုက် သေပါရစေရဲ့ ။ ကျွန်တော်ကတော့ ခိုးယူရင် ဦးလေးတို့ အဒေါ်တို့မှာ အရှက်ကွဲ အကျိုးနည်းမှာ စိုးပြီး လာတောင်းတာပါ ။အခုတော့ ကျွန်တော့်ကို သူ အရှက်ခွဲတာပါပဲ ။ တစ်ကောင်ကြွက် တစ်မျက်နှာမို့ ရက်ရက်စက်စက် လုပ်တာပါ ”
“ သူ ရှက်လို့ အတင်း ပြောင်ခံပြီး ငြင်းတာပါ အဒေါ် ။ အဒေါ့်သမီး ပြောတာကိုတော့ အဒေါ်က ယုံတယ် ။ ကျွန် တော် ပြောတာကိုတော့ မယုံဘူး ဆိုတာ တရားပါရဲ့လား အဒေါ် ။ စဉ်းစားကြည့်ပါဦး ။ သူ့ကိုတော့ ကျွန်တော် စိတ်မဆိုးပါဘူး ။ ကိုယ်တိုင်က ရှေးဘဝက သူ့ကို အရှက် ခွဲမိလို့ ၊ အခု ကျွန်တော့်ကို သူအိမ် အရောက်ခေါ်ပြီး အရှက်ခွဲတာပါပဲ ။ ကျွန်တော့် အကြောင်း မကောင်းဖို့ ဖြစ်ရတာပါ ” စသည်ဖြင့် ငိုကြီးချက်မနှင့် ကုလားထိုင်မှ ထပြီး လှေကားဘက်ကို ပြေးကာ လှေကားတိုင်ကို ဦးခေါင်းနှင့် ဆောင့်ကာ ခွေ၍ မည်တွန်တောက်တီး ရှာလေသတည်း ။
ထိုအခိုက်တွင် တိုးမြင့် သည် အခန်းထဲမှ ပြေးထွက်၍ လာပြီးလျှင် ကျွန်မကို မတရားသဖြင့် အကျိုးယုတ် အရှက်ကွဲ တမင် လာလုပ်တာပါ ။ ကျွန်မ သူ့ကို မြင်ရုံသာ မြင်ဖူးပါတယ် ။ ဘယ်ကမှန်းလဲ မသိပါဘူး ” ဟု ပြော၍ ငိုလေရာ ဆရာကတော်က “ တိတ်တိတ်နေပါအေ ” ဟု ပြောလေ၏ ။
သာချို ။ ။ “ အမယ်လေး တိုးမြင့်ရယ် ။ မင်း တတ်နိုင်ပါပေတယ် ။ ငါ မင်းကို သိပ်ပြီး အံ့သြတာပါပဲ ။ လူ့ဘဝမှာ အသက်နှစ်ဆယ် ကျော်ပါပြီ မတိုးမြင့် ရဲ့ ။ မင်းလို ဉာဏ်ကြီးတဲ့ မိန်းမကလေးမျိုး မတွေ့ခဲ့ရသေးပါဘူး ။ မင်းက ငါ့ကို ဘယ်ကလဲဆိုတာ မသိဘူးလို့ ပြောတာများ မတိုးမြင့်ရယ် ။ ကျုပ်အသည်းတွေ လှံသုံးစင်းနဲ့ ထိုးတာနဲ့ အတူတူပဲ ။ မင်း ငါ့ကို မချစ်ရင် မချစ်ဘူးလို့ အစက ပြောင်ပြောင်ကြီး ပြောရင် ငါက မင်းကို အတင်း ယူနိုင်မှာလား ။ ငါ့မှာ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်ပါကွယ့် ။ မင်းကို အတင်း ရအောင် ကြံချင်တဲ့ သတ္တိ မရှိပါဘူး ။ မင်းမှာ ဆွေမျိုးတွေ တစ်သိုက်တစ်ဝမ်းကြီးပါ ။ မျက်လုံး ထုတ်ရင် တစ်ပုတ် ပြည့်နိုင်ပါတယ် ။ တော်ပါပေတယ် မတိုးမြင့်ရယ် ။ မင်း ရက်စက်နိုင်ပါပေတယ် ” ဟု အံကြိတ်ကာ ရင်ကို ထု၍ ပြောပြီး ဆရာ - ဆရာကတော်တို့ ဘက်သို့ လှည့်ကာ “ ကျွန်တော် ဟော့ဟော့ရမ်းရမ်း လုပ်တတ်တဲ့အကောင် မဟုတ်ပါဘူး ။ သူ့ကို မေးကြည့်ပါ ။ စာကလေးတစ်စောင်မှ စွန့်စွန့်စားစားတောင် ပြရဲတာ မဟုတ်ပါဘူး ။ ပြောင်ဖို့ ပျက်ဖို့ ၊ ကလက်ဖို့ မတော်မတရား ကြံဖို့ဆိုတာ ဝေးလို့ပါ ။ လာပြီး တောင်းပါ ။ ကျွန်မ ရှိပါတယ် ။ ဘာမှ မကြောက်ပါနဲ့ ။ အားမငယ်ပါနဲ့ ။ ကျွန်မ သဘော တစ်ခုတည်းပါလို့ အတန်တန် သူက ပြောတာတောင် ကျွန်တော်က အတန်တန် ငြင်းပါ တယ် ” ဟု ပြောပြီး မချိသော အမူအရာနှင့် အံကြိတ်ကာ ရှိုက်လေ၏ ။
ဆရာကြီးက သာချို ကို လှမ်း၍ ခေါ်ပြီး “ နို့ … မင်းတို့ ဘယ်မှာ တွေ့ကြရလို့ ။ ငါ့သမီးနဲ့ စကားပြောရသလဲ ”
“ ကျွန်တော် ဦးနဲ့ဆံနဲ့ ကန်တော့ပါတယ် ။ ကျွန်တော်မပြောဘူးလို့ပါပဲ ။ အခုတော့ သူက ရက်စက်၍ ပြောရမှာပါ ။ ကျွန်တော် ဒီအိမ်မှာပဲ သူနဲ့ တွေ့ရပါတယ် ။ သူ ကိုယ်တိုင် တံခါးကို ဖွင့်ပေး၍ ဝင်ရတာပါ ”
ထိုအခါ အားလုံး အံ့အားသင့်၍ နေကြလေ၏ ။ မုန့်ပျားသလက် ဒေါ်စိုး ပြောသဖြင့် အရပ်ထဲ၌ ဖြစ်ပျက်၍ နေသော စကားများအနက် မိမိတို့ နားသို့ ရောက်သော သတင်းစကားအနည်းငယ်ကို ပြန်၍ သတိရကြလေ၏ ။
တိုးမြင့် သည်ကား ထိုစကားကို ကြားရသောအခါ တိုး၍ ပြင်းထန်စွာ ဒေါသထွက်ပြီး “ အမယ်လေး မေမေရဲ့ ။ ကျွန်မကို သ,တ်လိုက်ပါတော့ ။ အမယ်လေး မေမေရဲ့ မဟုတ်တာတွေကို တမင် လုပ်ကြံပြီး ပြောတာပါ ။ ကျွန်မ သူ့ကို အိပ်တောင် မမက်ပါဘူး ” ပြောကာ ဆံပင်များကို ဆွဲရင်း အခန်းထဲသို့ ပြန်၍ ဝင်သွားလေ၏ ။
“ ငြင်းပါ မတိုးမြင့် ။ ကြိုးစားပြီး ပြောင်ပြောင်ကြီး ငြင်းကွယ့်နော် ။ သက်သေမှ မရဘဲကိုး ။ ကျုပ်မှာတော့ သက်သေမရှိ၍ မျက်စဉ်းခတ်ခံရတဲ့ အဖြစ်မျိုး ရောက်နေတာပေါ့ ။ ကိုင်း -မတိုးမြင့် ၊ မင်းက သည်လောက်တောင် ရက်စက်မှဖြင့် ကျုပ်မင်းကို မေ့နိုင်ပါတယ် ။ ကျွန်တော့် အကြောင်းဆိုးတာကို ဦးလေးရယ် ။ ကျွန်တော် သွားပါ တော့မယ် ” ဟု ပြောပြီး သာချိုသည် ဆင်း၍ သွားလေ၏ ။ ကျန်ရစ်သူ သုံးယောက်သားတို့မှာလည်း မတွေးတတ် ၊ မကြံတတ်ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်လျက် ဆိတ်ငြိမ်စွာ နေကြတော့ သတည်း ။
နောက်အတန်ကြာသောအခါ အမိန့်တော်ရမင်းသည် စိတ်စက် မကောင်းသော အမူအရာနှင့် နှုတ်ဆက်၍ ဆင်းလာခဲ့လေသတည်း ။
ထိုအကြောင်းအရာတို့သည် မြို့ထဲ၌ ပျံ့နှံ့၍ သွားကြလေ၏ ။ ထိုအခါမှစ၍ တိုးမြင့်ကို တောင်းရမ်းရန် လာကြသူတို့သည် မပေါ်လာကြတော့ဘဲ တိုးမြင့်မှာ ရောင်း၍ ကျန်သော ကုန်စိမ်းပမာ ညှိုးငယ်သော အနေသို့ ရောက်၍ နေရှာလေသတည်း ။
တိုးမြင့်သည် ထိုနေ့မှ စ၍ ကြီးစွာ အရှက်နာ ရပြီး မစားချင် ၊ မသောက်ချင်နှင့် အခန်းတွင်းမှ မထွက်ဘဲ နေလေသတည်း ။
သာချို မှာလည်း ဆံပင်တစ်ပတ်လျှို ကပိုကရိုနှင့် တိုးမြင့်တို့အိမ်ရှေ့ ဒေါ်စိုး အိမ်၌ ထိုင်ကာ အပူသည် ရုပ်သွင်ဆင်ကာ နေထွက်မှ နေဝင်တိုင် တမျှော်မျှော် နေရှာလေသတည်း ။
သို့နေသည့်အတွင်း ဒေါ်စိုးအား တိုးမြင့် နှင့် မိမိ တွေ့ရပုံ ၊ ဖြစ်ပျက်ပုံ အလုံးစုံတို့ကို ရုပ်တူနာမ်တူ ပုံဆင်ကာ မဟုတ်တာတွေကို အဟုတ်ဖြစ်အောင် လုပ်ကြံကာ ဉာဏ်ရှိသလောက် ဝမ်းနည်းပက်လက် သနားစရာဖြစ်အောင် ပြောလေရာ ဒေါ်စိုးသည် ၎င်းစကားကို ယုံကြည်လျက် သာချို အပေါ်၌ ကြီးစွာသော သနားကရုဏာ ဖြစ်ပြီးလျှင် ၎င်းက တစ်ဆင့် အရပ်ထဲ၌ ဝမ်းနည်းဖွယ်ရာ သာချို အလွမ်းဇာတ်ကို လူစုံတိုင်း တခမ်းတနား ပြော၍ ပြလေ၏ ။
နောက်ဖေး၌ တိုးမြင့် ရေချိုးနေစဉ် အဘယ်ပုံ တစ်ယောက်နှင့် တစ်ယောက် စာပေးကြသည် ။ စကားစိမ်း ဟောဒီ ပန်းခြောက်ကလေးဟာ တိုးမြင့် ခေါင်းက နုတ်ပြီး မိမိထံ ပစ်၍ ပေးသော ပန်းကလေး ဖြစ်သည် ။ ညဉ့် အိမ်ပေါ် တက်သောအခါ တိုးမြင့်က အဘယ်ပုံ တံခါး ဖွင့်ပေးသည် ။ ဘယ်ပုံ ပြန်၍ ထွက်ရသည် ။ ညဉ့်အိပ်ရာထဲမှာ တိုးမြင့်က ဘာတွေကို ပြောသည် စသည်ဖြင့် သာချို ပြောသော အတ္ထုပတ္တိတို့ကို ဒေါ်စိုးသည် အတိုးချ၍ တစ်ဆင့် ပြောပြလေရာ တစ်ရပ်လုံးယုံကြည်ကြလျက် သာချိုမှာ နဂိုက လူပြောင် လူလှောင်ဖြစ်လေ ရကား ၎င်းကို လိုလားသူတို့က မျက်လျက် နေကြလေ သတည်း ။
တစ်နေ့တွင် ဒေါ်စိုး၏ အိမ်၌ သာချို ဝင်ရောက်နေခိုက်တွင် ဆရာကတော်သည် ဒေါ်စိုး၏ အိမ်သို့ ကူးရောက်လာပြီး ဒေါ်စိုးနှင့် စကားပြောကြလေရာ သာချိုသည် ရှောင်၍သွားလေ၏ ။
နောက်တစ်နေ့ ဒေါ်စိုး အိမ်သို့ သာချို လာသောအခါ ဒေါ်စိုးက သာချို အား အားရဝမ်းသာသော အမူအရာနှင့် “ ကိုင်း သာချို မင်း အတွက် ငါ့မှာ လှော်လိုက်တာ အခုဖြင့် နေရာကျပြီ ကျေးဇူးမမေ့နဲ့နော် ”
“ မမေ့ပါဘူး အဒေါ်ရဲ့ ပြောစမ်းပါဦး ။ ဘယ်လို အကြောင်းလဲ ”
“ ဘယ်လိုအကြောင်းလဲ သိချင်ရင် မင်းတို့ အိမ်ကို သွားမှာထားတယ် ”
“ ဟုတ်လား အဒေါ် သွားလို့ တော်ပါ့မလား ။ ကျွန်တော့်ကို တစ်ခုခုများ လုပ်ချင်လို့လား ”
“ ဘာမှ မလုပ်ပါဘူး ။ မင်းနဲ့ စကား ပြောချင်လို့တဲ့ ”
“ ဟုတ်ကဲ့လားအဒေါ် စိတ်ချရပါ့မလား ”
“ အို စိတ်ချရပါတယ် ဆိုမှပဲ ။ သွား မြန်မြန်သွား ”
သာချိုသည် အိမ်ကို ဝင်၍ သွားလေ၏ ။ အိမ်ရှေ့ခန်း၌ ဆရာကတော်ကြီးကိုသာ တွေ့ရလေ၏ ။ ဆရာကြီးကိုမူ မတွေ့ရချေ ။ ဆရာကတော်ကြီး မှာ သာချိုကို စောင့်၍ နေသော အမူအရာ ရှိလေ၏ ။
“ လာ လာ မောင် ထိုင်ပါ ။ မင်း ဦးလေးလည်း မရှိဘူး ။ ဒေါ်စိုးက ပြောသလား ”
“ ဟုတ်ပါတယ် အဒေါ် ”
ထို့နောက် စကားမပြောဘဲ အတန်ကလေး ကြာစွာ နေကြပြီးနောက်
“ တိုးမြင့်ရေ ကွမ်းအစ်များ ယူခဲ့အေ ”
တိုးမြင့်သည် လှပစွာ ဝတ်စားဆင်ယင်လျက် ဖလားစုံ ကွမ်းအစ်ကြီးကို ယူ၍ လာပြီး ချလေ၏ ။ သာချို မော့၍ ကြည့်လိုက်သောအခါ သာချို၏ ရင်ထဲ၌ တဒိန်းဒိန်း ဖြစ်၍ သွားလေ၏ ။ အကြောင်းမှာ တိုးမြင့်၏ မျက်နှာမှာ ရွှင်လန်းသော ပန်းလို ဖြစ်၍ နေလေသတည်း ။ တိုးမြင့်သည် အခန်းထဲသို့ ဝင်၍ သွားလေ၏ ။
“ ဒီလို မောင်သာချို အဒေါ်တို့လည်း ရိပ်မိပါပြီ ။ ကလေးမက မင်းကို ရှက်လို့ ငြင်းတာနဲ့ တူတာပဲ ၊ သူ့ အဖေကလည်း ဒီလိုပဲ သဘောရတယ် ။ အရပ်ထဲမှာလည်း ဆူကုန်ပြီ ၊ ထူးတော့မှာ မဟုတ်ဘူး ။ ကလေးမကလည်း အခုတော့ ဟုတ်ပါတယ်လို့ ဝန်ခံပြီ သည်တော့ .. ”
သာချိုသည် ထိုစကားကို ကြားရသောအခါ မယုံကြည်သလိုဖြစ်ကာ မော့်ကြည့်ပြီး
“ သူက ဝန်ခံပလား အဒေါ် ”
“ အေးကွယ် မမေးပါနဲ့တော့ ။ သည်တော့ မင်း ဆရာကိုလည်း ပြောလိုက် ။ မြန်မြန်ထက်ထက်ပဲ ကိစ္စ ပြီးပါစေ ။ သမီးရေ ကော်ဖီ ဖျော်အေ ”
“ ဟုတ်ကဲ့မေမေ ကျွန်မ လုပ်နေတယ် ” ဟု ပြန်၍ ပြောသောအသံကလေးသည် သာချို၏ နား၌ အေး၍ သွားလေ၏ ။
မကြာမီကော်ဖီနှင့် မုန့်များ ရောက်၍ လာလေ၏ ။ တိုးမြင့်သည် မနီးမဝေးမှ ထိုင်လျက်နေ၏ ။ ဆရာကတော်ကြီးက ကိုင်း - မင်းတို့ မောင်နှမ စကား ပြောကြဦး ။ အဒေါ်ဝတ်ကလေး ရှိသေးတယ် ။ တစ်နေ့ ဂုဏ်တော် နှစ်ထောင် မပြီးရင် အဒေါ် ညစာမစားဘူးလို့ ဓိဋ္ဌာန်ထားတယ်ဟု ပြောပြီး အခန်းထဲကို ဝင်၍ သွားလေ၏ ။
အပြင်၌ နှစ်ယောက်သား အတန်ကြာ စကား မပြောဘဲ နေကြလေ၏ ။
သာချိုသည် မရဲတရဲနှင့် မော့်၍ ကြည့်လေ၏ ။ တိုးမြင့် ကြည့်၍ နေသည်နှင့် ကြုံကြိုက်သဖြင့် မျက်နှာချင်း အဆိုင်တွင် တိုးမြင့်သည် မျက်နှာကို ချ၍ နေလေ၏ ။
“ ဘယ့်နှယ်မလည်း မတိုးမြင့် ။ မင်းက ငါ ပြောတာတွေ မှန်ကြောင်း ဝန်ခံလိုက်တယ်ဆို ”
“ ဟုတ်ကဲ့ ” ဟု လေသံကလေးနှင့် ပြန်၍ ပြောလေ၏ ။
“ ဘာပြုလို့ ငါ မဟုတ်တာတွေ ပြောတယ် ဆိုတာ မင်း အသိ မဟုတ်လား ”
“ ကိုသာချို ကျွန်မကို ချစ်လို့ မဟုတ်တာ ပြောတာ မဟုတ်လား ”
“ ဒါပေါ့ တိုးမြင့်ရယ် ၊ ဒါကြောင့် စွန့်ရတာပါ ၊ စိတ်မဆိုးပါနဲ့နော် ။ လူဟာ အဟုတ် ချစ်ရင် ဘာမှ မလုပ်ဝံ့တာ မရှိပါဘူး ”
“ ကျွန်မ သိပါတယ် ၊ ရှင် ပြောတာ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ အဟုတ်တကယ် ချစ်တာသာ ပဓာနပါ ”
“ နည်းနည်း ချစ်တာ မဟုတ်ပါဘူး မတိုးမြင့် ။ ပြောမပြနိုင်အောင် ချစ်လို့သာ သည်လောက် မောင် စွန့်ရဲတာပေါ့ ။ ဒီလိုဖြင့် မတိုး ကျုပ်ကို ချစ်တာပေါ့ ”
တိုးမြင့်သည် ခေါင်းညိတ်ပြပြီး မျက်နှာကို မော်၍ ကြည့်လေ၏ ။ သာချို၏ လက်သည် ထောက်၍ ထားသော တိုးမြင့်၏ လက်ကို ဆုပ်ကိုင်မိလေ၏ ။ တိုးမြင့်သည် ငြိမ်၍ နေလေ၏ ။
“ မင်း ဘာပြုလို့ ငါ့ကို ချစ်တာလဲ ၊ ငါ အရုပ်ဆိုးမှန်း မင်း မမြင်ဘူးလား ”
“ အရုပ် မဆိုးပါဘူး ၊ တော်တော် ချောပါတယ် ”
“ ငါ့ထက် ချောတဲ့လူတွေ မင်းကို လာပြီး စပ်တုန်းက ဘာလို့မယူလဲ ”
“ သူတို့က မိဘဂုဏ်နဲ့ ၊ မိဘသတ္တိအစွမ်း မိဘ သင်ပေးတဲ့ ပညာသာ ရှိတာပဲ ”
“ နို့ - ငါ့မှာတော့ ဘာအစွမ်း ရှိသလဲ ”
“ ရှင် ကျွန်မကို ရအောင် စွန့်စားရဲတဲ့ ရဲရင့်တဲ့ အစွမ်းနဲ့ အကြံကောင်း ဉာဏ်ကောင်း ရှိပါတယ် ။ ကျွန်မ အစကတော့ စိတ်ဆိုးမိတယ် ။ နောက်တွေးလေ တွေးလေ ကိုသာချို၏ အစွမ်းသတ္တိဉာဏ်တွေ ပေါ်လာလေ ဖြစ်ပြီး သနားလာတာနဲ့ ကိုသာချို ပြောတာတွေ အကုန် မှန်ပါတယ် ဆိုတာကို မေမေဆီမှာ ဝန်ချလိုက်ပါတယ် ”
“ ဒီလိုဖြင့် မတိုး ။ ကမ္ဘာပေါ်မှာ ကျုပ်လောက် ကုသိုလ်ထူးတဲ့လူ ရှိသေးရဲ့လား ။ မတိုးရဲ့” ဟု ပြောကာ တိုးမြင့် ကို ပွေ့ယူလိုက်လေရာ တိုးမြင့်သည် ၎င်း၏ ရင်ခွင်၌ ပြေပြေကလေး မော်ကာ ကြည့်ရင်း ကံကောင်းတာ မဟုတ်ပါဘူး ။ သတ္တိကောင်းတာပါဟု ညင်သာစွာ အပြောတွင် သဘောကျသော မျက်နှာထားဖြင့် နှစ်ယောက်သား ကြည်မွေ့၍ နေကြလေသတည်း ။
▢ ပီမိုးနင်း
📖ကဝိမျက်မှန် မဂ္ဂဇင်း
ဧပြီ ၊ ၁၉၂၉
No comments:
Post a Comment