Tuesday, May 12, 2026

သင်္ခါရ

❝ သင်္ခါရ ❞
( ပီမိုးနင်း )

ဦးဘိုးမြစ်သည် လွန်စွာနှမြောသော မြေပိုင်ရှင် သူဌေးကြီးတစ်ယောက် ဖြစ်လေ၏ ။ အစိုးရမင်းတို့က အလှူခံသည့်အခါ ငွေတစ်သိန်းနှစ်သိန်းကို လွယ်ကူစွာ ထည့်နိုင်သဖြင့် ဘွဲ့ နာမည်ကြီးများကို ရသူဖြစ်သော်လည်း ဆင်းရဲသောသူများအား တစ်ပြားတစ်ချပ် တစွတ်တာမျှ ပေးလေ့မရှိချေ ။ ၎င်း၏ စက္ကရီတေရီ စာရေး တစ်ယောက်မှာ လခသုံးဆယ်မျှ ရလေရာ တစ်ကျပ် နှစ်ကျပ်စီ လီ၍ ယူရသည်ပြင် တစ်ရံတစ်ခါ ငွေတောင်း ကြေးတောင်း အလွှတ်ခံရသည့်အခါများ၌ ၎င်းငွေများ ထဲမှ တစ်ကျပ်တစ်ပြားကို လန်ချားခ လက်ဖက်ရည်ဖိုး အတွက် အသုံးပြုခဲ့ရသည်များကို စာရင်းနှင့် တေးမှတ်ပြီး လကုန်သဖြင့် လီ၍ ယူရသော လခ အကြွင်းအကျန် ငါးကျပ်တစ်ဆယ်ထဲမှ နှိမ်၍ နုတ်လေ့ရှိ၏ ။ သို့ဖြစ်သောကြောင့် လခတိုးတက်၍ မရသော စာရေးမှာ ခိုးဝှက်ခြင်းဖြင့် ချမ်းသာ၍ နေကြာင်းကို မသိသော သူဌေးကြီးသည် ငါ လွန်စွာစေ့စပ်သော ယောက်ျားကောင်းတစ်ယောက် ဖြစ်သည်ဟု စိတ်ကျေနပ်၍ နေလေ၏ ။

၎င်း၏ စနစ်မှာ လူချင်းသာ ပေါင်းမည် ငွေချင်း မပေါင်းဟူသော စနစ်ဖြစ်သဖြင့် မိမိနှင့် အလားတူ စိတ်နေသဘောထားရှိသောလူ အနည်းငယ်မျှသာ ခင်မင်သူ ရှိလေ၏ ။

မယားကြီးနှင့် သားသမီး ရခဲ့သော်လည်း သမင် မွေးရင်း ကျားစားရင်း ဆိုဘိသကဲ့သို့ ဖြစ်ခဲ့လေရာ ယခု ပေါင်းသင်း၍ နေသော နောက်မိန်းမ နှင့်လည်း သားသမီး မရသဖြင့် လွန်စွာ ဟန်ကျ၍နေလေသတည်း ။

၎င်းသူဌေးကြီး စိတ်၌ ဟန်ကျသော်လည်း နေ့စဉ် စာရင်းကုတ်ကာ ဈေးဖိုး တစ်ကျပ်ငါးမတ်ကိုပင် အလွန်တရာ စစ်ကြောအားကြီးသဖြင့် စိတ်ညစ်၍ နေရှာသော မယားသည် မခင်စောမှာ ဘိုးသူတော်ကို ချစ်တီး နှင့် မှားသည့် အလား အထင်ကြီးနှင့် ခုတင်ကြီးပေါ်မှာ အိပ်ရရုံမှ တစ်ပါး မပိုင်သော လက်ဝတ်လက်စားကလေးများနှင့်သာ တင်းတိမ်ရောင့်ရဲ၍ နေရလေ၏ ။ ထိုလက်ဝတ်လက်စားများကိုပင် သူဌေးကြီးသည် မလိုသည့်အခါ ဆန်ကြွေးတောင်းတတ်သည့် လူပမာလို စိတ်ကတစ်မျိုး ထင်သည့်အခါ ထိုလက်ဝတ်လက်စားများကို ဖြုတ်၍ ထားတတ်သဖြင့် အမြဲ ဝတ်ခွင့်မရဘဲ ထိုလက်ဝတ်လက်စားတွေကို ကြည့်တိုင်း သင်္ခါရတရားကို အောက်မေ့ဆင်ခြင်မိလေသတည်း ။

ဤအတ္ထုပ္ပတ္တိ၏ အစဖြစ်သောည၌ကား မိမိ၏ မောင်ဖြစ်သူအတွက်နှင့် သူဌေးကြီးထံမှ လက်လှည့်သုံး ယူ၍ ပေးထားသော ငွေအနည်းငယ်မျှနှင့် ပတ်သက်၍ သူဌေးကြီးက နင့်မောင်ဟာ ဘာကောင်းသလဲ ၊ တစ်ခါ ဆက်ဆံ ဆယ်ခါလန်အောင်လုပ်တဲ့အကောင် ၊ ဆယ်ရက် အတွင်း ပြန်ပေးမယ် ဆိုတဲ့ ငွေဟာ အခု အရက်နှစ်ဆယ်ကျော်နေပါပကော ။ ဘာပြုလို့လာပြီး မပေးသေးသလဲ ၊ ငါ ငွေကို တွင်းထဲက နှိုက်ယူရတာမဟုတ်ဘူး ။ ငယ်ငယ်က ရှာဖွေလာခဲ့တဲ့ငွေ ၊ ငါ နင့်တစ်ယောက်သာ ကျွေးနိုင်မယ် နင့်မောင် တက်ကစီး လုပ်တာကိုင်တာ မခံနိုင်ဘူး စသည်ဖြင့် ဆူပူလေရာ ၊ မခင်စော က မခံနိုင်သဖြင့် မောင့် ဘက်က နေပြီးလျှင် မလွှဲမကင်းသာလို့ မပေးရကြောင်း ၊ မိမိ၏ မောင်ဟာ သူတစ်ပါး ငွေကို ဘယ်တော့မှ လိမ်လည်ကောက်ကျစ်သုံးစွဲတတ်သူ မဟုတ်ကြောင်းနှင့် ပြောဆိုရင်း အချင်းစကားများကြပြီးနောက် သူဌေးကြီးက ဦးခေါင်းကို ခြေနှင့်ခတ်သဖြင့် ပြုတ်၍ကျသော ဆံစုကလေးများကို ကောက်ယူကာ ဆံထုံးကို တစ်ပတ်လျှိုရစ် ထုံးပြီး အဖေလောက် ကြီးတာကြီးကိုလည်း ယူရသေးရဲ့ နှိပ်စက်တာကို မခံနိုင်ပါဘူး ။ အားကိုးရမလားလို့ ယူတာပါ ။ ခုလိုဖြင့် တစ်ယောက်တည်းနေတာက ကောင်းပါသေးတယ်ဟု ပြောပြီး အထုပ်အပိုးကလေးများကို ပြင်ဆင်၍ အိမ်ပေါ်မှ ဆင်းကာ လှေကားတွင် ဖိနပ်၌ ကပ်သော ဖုန်တို့ကို နင်းဆောင့်ကာခါ၍ ချပြီး မြင်းရထား တစ်စီးကို ခေါ်၍ မိမိ၏မောင် အိမ်သို့ ထွက်သွားလေ သတည်း ။

သူဌေးကြီးသည် စကားတစ်လုံးမှ မပြော ၊ တားလည်း မတား ခေါ်လည်း မခေါ် ၊ ဒင်း မပျော်လို့ သွားရင် နက်ဖန်ခါ ဆန်တစ်လုံး လျော့သေးရဲ့ ၊ ဒင်းကို မကျွေးရတဲ့ ထမင်းကို ကျောင်းပို့မယ်ဟု စိတ်က အောက်မေ့ကာ ဆေးလိပ်တိုကို ပက်လက်ကုလားထိုင် နံဘေးရှိ ကြီးသော ထွေးခံကြီး ထဲသို့ ထည့်ပြီး ဘုရားစင်ရှေ့သို့ သွားကာ ဘုရားကြည်ညိုလေ၏ ။ သူဌေးကြီးသည် ဥပုသ်သီတင်း ဘယ်အခါမှ လစ်ဟင်းသူ မဟုတ် ၊ ဘုရားရော လွန်စွာ ကြည်ညို၏ ။ သားမယားနှင့် အခြား ဆင်းရဲသားများ အပေါ်၌ စစ်စီသော်လည်း အစိုးရကို ကြည်ညိုသလောက် ရတနာသုံးပါးကိုလည်း ကြည်ညိုသူ ဖြစ်လေရာ ရတနာ သုံးပါးနှင့် ပတ်သက်ရာ၌ နှမြောစုံမက်ခြင်း ရှိသူ မဟုတ် ရက်ရောစွာ လှူဒါန်းလေ့ရှိ၏ ။

၎င်း၏ အယူမှာ ဆင်းရဲသောသူတို့သည် လူဆိုး လူမိုက်တွေဖြစ်ကြောင်း ၊ ၎င်းတို့အား ပေးကမ်းခြင်းသည် အဆိပ်ပင်ရေလောင်းသည်နှင့် တူ၏ ။ သားမယား ဆိုသည်မှာ မနေနိုင်၍ ထားရသော လူပိုတွေ ဖြစ်သည် ။ ၎င်းတို့ကို အလိုလိုက်လျှင် ကျေးဇူး မတင်သည်သာမက အမိုက်စော်ကားမည် ။ ငါ သေရင် ငါ့ပစ္စည်းကို သူတစ်ပါးအား ကျွေးမည် ။ ငါ ကဲ့သို့သော အဘိုးအိုကို ယူသော မိန်းမပျိုသည် ငါ့ကို မချစ် ။ ငါ၏ ပစ္စည်းကိုသာ ချစ်၍ ယူခြင်းဖြစ်သည် ။ သို့အတွက် ငါ့ကို လိမ်လို့ မရကြောင်းကို သိရအောင်ပြုမှ တော်မည်ဟု စိတ်၌ စွဲပိုက်၍ ထားလေ၏ ။ ငါသည် ညောင်ပင်နှင့် တူ၏ ။ ငါ၏ မိန်းမ သည်ကား နွယ်ပင်နှင့်တူ၏ ။ ညောင်ပင်သည်ကား မည်သူ၏ ပတ်ရစ်နွယ်ငုံခြင်းကိုမျှ မခံ ။ ညောင်ပင်ကသာ ငုံ၏ ။ ညောင်ပင်ကသာ အုပ်၏ ။ ငါသည်ကား အအုပ်ခံမယ် မဟုတ် ။ သင်းဘာသာ လင်နေနေ သားမွေးမွေး ငါ သူဌေးကြီး လိုချင်ရင် လက်ဖျောက်တီးရုံနဲ့ သင်းတို့လို ဟာမျိုးတွေကို တစ်ပြုံတစ်ခေါင်းကြီး ရနိုင်သည်ဟူသော အကြောင်းများကို ဘုရား ကြည်ညိုရင်း ဆင်ခြင်၍နေလေသတည်း ။

ဘုရားကြည်ညို၍ ပြီးသောအခါ ပုတီးကို ကိုင်လျက် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကာ တစ်ကိုယ်တည်း မှေး၍ နေလေသတည်း ။

သို့နေသော အခိုက်တွင် အနီးရှိ စားပွဲပေါ်က တယ်လီဖုန်းစကားပြော ဓာတ်ခေါင်းလောင်းသည် ဂျလင်လင် လင်လင် မည်၍ လာသဖြင့် ကုလားထိုင်ပေါ်မှ ထပြီး တယ်လီဖုန်းနားကြပ်ကိုကိုင်ကာ နားထောင်ရာတွင်

“ ဟယ်လို သူဌေးကြီးရှိလား ”

“ ဟုတ်ကဲ့ရှိပါတယ် ၊ ကျုပ်ပါပဲ ဘယ်သူလဲ ”

“ ကျုပ်လေ ကျွန်တော်လေ ။ မသိဘူးလား ”

“ နာမည်ပြောစမ်းပါ ၊ ဘာကိစ္စလဲ ”

“ ကျုပ်လေ မှော်ဘီက ”

“ သူဌေးကြီး ဘုရားရှိခိုးပြီးမှကိုး ။ ဘုရားတောင် ဖြောင့်ဖြောင့် အာရုံမပြုနိုင်ပါကလား ”

အင့် ဟင် ဘယ့်နဲ့ မှော်ဘီကနေပြီး တယ်လီဖုန်းနဲ့ စကားပြောပါလိမ့်မတုန်း ။ ဘယ်သူများပါလိမ့် တယ်လီဖုန်း မှော်ဘီကို ဆက်သွယ်တယ်လို့လည်း မကြားမိပါကလားဟု စိတ်ထဲမှာတွေးရင်း စကားမပြောဘဲ နေလေ၏ ။

“ တောင်တောင်မြောက်မြောက် တွေးမနေနဲ့ သူဌေးကြီး ၊ ကျုပ် ဆူးလေဘုရားကို မှော်ဘီက လာရင်း သူဌေးကြီးဆီ လှမ်းပြီးပြောတာပါ ”

အင့်ဟင် ဘယ့်နှယ်ပါလိမ့် ဟု တွေးပြီး ခင်ဗျား ဘယ်သူလဲဟု မေးလေ၏ ။

“ ကျုပ် မှော်ဘီနတ်ကြီးပေါ့ ကိစ္စကလေး ရှိတာနဲ့ သူဌေးကြီးကို တွေ့ချင်လို့ပါ ”

အင့်ဟင် ဘယ်က ရူးတူးတူး အကောင်တစ်ယောက် ငါ့ကိုလာပြီး နောက်နေပါလိမ့်ကရို ၊ မဟုတ်ပါဘူးလေ ရူးတယ်ဆိုရမှာလည်း အခက်ပဲ ၊ ငါ့စိတ်ထဲ တွေးတာတွေကိုလည်း သူသိပြီး ဖြစ်နေပါကလားဟု တွေးလေ၏ ။

“ ကျုပ် မရူးဘူး သူဌေးကြီးရဲ့  ၊ သူဌေးကြီး ရူးလို့ အခုလိုတွေးတာလား ၊ ကျုပ် လာရမလား ၊ သူဌေးကြီးကို ပြစရာကလေး တစ်ခု ရှိလို့ပါ ”

“ ဘာများ ပြမလို့လဲ ”

“ အို တကတဲ ပြစရာ ရှိလို့ပေါ့ ၊ မလာစေချင်ရင်လည်း မလာပါဘူး ”

သူဌေးကြီးသည် စဉ်းစား၍ နေလေ၏ ။ ကြောက် လည်း ကြောက်၏ ။ ထူးဆန်းသော စကားပြောသူကိုလည်း တွေ့ချင်၏ ။ ပြစရာရှိတယ် ဆိုတဲ့ စကားကလည်း ဘယ်လိုအရာများကို ပြမလို့ပါလိမ့်မလဲ ။ ငါ့အား သူဌေး ဖြစ်အောင် မ မလို့လား ။ ဓားပြတိုက်ဖို့များ ကြံသလား ။ စိတ်ကို သိတတ်တဲ့ မှော်အတတ်များကိုတော့ တတ်တဲ့ လူများလည်း ရှိနိုင်တာပဲ ။ သည်လို မှော်အတတ်ကို တတ်တဲ့ ဓားပြလူဆိုးများ ငါ့ကို တစ်မျိုးတစ်မည် ကြံလေသလား ။ ကြံရင်လည်း ကြောက်စရာတော့ မရှိပါဘူး ။ ငါ့မှာ လက်နက်နဲ့ပဲဟု တွေးကာ

“ ကိုင်း လာချင်လည်း လာတာပေါ့လေ ။ ကျုပ်မအိပ်သေးဘူး ။ ဘယ်တော့ လာချင်သလဲ ”

“ ခုပေါ့လေဗျာ လာဆို ဘာလုပ်နေရဦးမှလဲ ”

ကိုင်းလာ ကျုပ်အသင့်ပဲ စောင့်နေတယ်ဟု ပြောပြီး နားကြပ်ကို ပြန်၍ချလေ၏ ။ အိပ်ရာခန်းထဲသို့ သွားပြီး ခြောက်လုံးပြူးကို အိပ်ရာအောက်က ယူ၍ ကျည်ဆန်များ ထည့်လေ၏ ။ ခြောက်လုံးပြူးကို ခါးမှာ ထိုးပြီး ကုလားထိုင်ပေါ်၌ ထိုင်ကာ စောင့်၍ နေလေ၏ ။

ယီးတီးယားတား မစမ်းနဲ့ ၊ မှော်ဘီနတ်သော ဘာသော မရှောင်ဘူး ။ နားကင်းပြုတ်ကျအောင် ပစ်လိုက်မယ် ။ ဂျော့ဘုရင်ပေးတဲ့ ခြောက်လုံးပြူး ဘာမှတ်သလဲ ။

ဂျလင်လင် … ဂျလင်လင် …. ဂျလင်လင် သူဌေးကြီးသည် ထိတ်ခနဲ ဖြစ်ပြီး ထပ်၍ နားထောင်ပြန်လေ၏ ။

“ သူဌေးကြီး ခြောက်လုံးပြူးကို သူ့နေရာမှာ ပြန်ထားလိုက်ပါ ။ ကြောက်စရာ မရှိပါဘူး ။ သူဌေးကြီး ကျုပ်ကို မယုံသင်္ကာ ရှိရင် သူဌေးကြီး အကျိုးယုတ်မှာပေါ့ လာတော့မယ်နော် ”

“ ကောင်းပါပြီ ကောင်းပါပြီ ကြွသာကြွပါ ” ဟု ပြောပြီး အသံတိတ်၍ သွားလေ၏ ။

အင့်ဟင် ဘယ်လိုများ လာပါ့မလဲ ။ နတ်ဖြစ်ရင် ခေါင်းမိုးကများ ကျလာမလား ။ ကြောက်စရာကြီးများ ရုပ်ဆောင်၍ လာမလားစသည်ဖြင့် တွေးတောကာ နေလေသတည်း ။ ၎င်း၏ စိတ်၌ ထူးဆန်းသော နတ်ကို မြင်ချင်သော စိတ်နှင့် ကြောက်ရွံ့သော စိတ်ရောပြွမ်းကာ စိတ်ထဲ၌ ကြီးစွာသော လှုပ်ရှားခြင်းဖြစ်၍ နေလေသတည်း ။

တစ်ခါတစ်ခါ အထက်က ကျ၍ လာမည်လားဟု တွေးတောကာ မျက်နှာကြက်ကို မော်၍ကြည့်လေ၏ ရုပ်ရှင်ဇာတ်ကားများထဲမှာပေါ်၍ လာတတ်သလို လေထဲမှ ဘွားခနဲ ပေါ်၍လာမည်လားဟု တွေးတောကာ တထိတ်ထိတ်နှင့် တောင်မြောက်လေးပါးကို ကြည့်လေ၏ ။ လှေကားမှ သူလိုငါလို တက်၍ လာလိမ့်မလား ဟူ၍ အောက်မေ့လေ၏ ။ ကိုကင်းသမား အပေါက်ကို ကြည့်သလို ကြောက်ရွံ့ကာ ကြည့်လေ၏ ။ နောက်နားမှ အသံ လိုလို ကြားရသဖြင့် ကျောထဲမှာ ချမ်းစိမ့်စိမ့်ဖြစ်၍ သွားပြီး လှည့်၍ ကြည့်လေရာ ကြောက်နက်တစ်ကောင် ကြွက်ကို လိုက်ရင်း မှောင်ထဲ၌ ပျောက်သွားသည်ကို မြင်လိုက်ရ လေ၏ ။

ယောက်ျားပဲ ဘာကြောက်ရမှာတုန်းဟု စိတ်ကို ပြန်၍တင်းပြီး ပြတင်းပေါက်ကို ကြည့်လိုက်ရာတွင် မော်တော်ကားတစ်စင်း၏ အသံလိုလို ကြားရပြီးနောက် ပါးလွှာသော တိမ် ကာသဖြင့် မှိန့်တမှိန် နေသောလရောင် ထဲတွင် တိမ်လိပ်ပမာ ခပ်မှိုင်းမှိုင်းထွေးလုံး ရစ်ပတ်၍ လာသည်ကို မြင်ရလေ၏ ။

သူဌေးကြီးသည် စိုက်ကာ ကြည့်၍ နေလေ၏ ။ ထို တိမ်ထဲမှ ခေါင်းပေါင်းဖြူ ဖော့လုံးနှင့် တောင်ဝှေးကို ကိုင်လျက် လောက်စာလုံးခန့်ရှိသော သျှောင်ကလေးနှင့် အဘိုးကြီး တစ်ယောက်သည် လမ်းပေါ်၌ လမ်းလျှောက် ၍ လာသလို ပြတင်းပေါက်မှ ဝင်ပြီး သူဌေးကြီး၏ ရှေ့၌ တောင်ဝှေးကို ထောက်ကာ သူဌေးကြီး၏ မျက်နှာကို ပြုံးရယ်လျက် ငုံ့ကာ ကြည့်ပြီး မာရဲ့နော် ဟု ပြောလေ၏ ။

သူဌေးကြီးသည် ၎င်း၏ မျက်နှာကို စိုက်ကာ ကြည့်လျက် အံ့အားသင့်၍ စကား မပြောချင်အောင် မေးခိုင်နေလေ၏ ။

အဘိုးကြီးက ရှေ့သို့ တောင်ဝှေးကို ထောက်ရင်း ကုန်းကာကပ်လာပြီး ရုပ်သေးခေါင်း လှုပ်သလို လှုပ်ကာ ၊ ကျိုးတိုကျဲတဲနေသော သွားကြားမှ ထွက်ပေါ်သည့်အသံမျိုးနှင့် မာရဲ့ မဟုတ်လားဟု ထပ်ကာမေးပြန်လေရာ သူဌေးကြီးက မာပါတယ် ၊ မာပါတယ် ။ ထိုင်ပါထိုင်ပါဟု ပြော၍ မိမိ၏ နေရာကိုဖယ်ပေးပြီး အခြား ကုလားထိုင် တစ်လုံးကို ဆွဲယူ၍ ထိုင်လေ၏ ။

အောင်မယ်မင်း သူဌေးကြီး နေရာကို သိချင်လို့ တယ်လီဖုန်းစာအုပ်ထဲမှာ ရှာလိုက်ရတာ အင်္ဂလိပ်စာ မတတ်တာနဲ့ အတော်ကြာသွားတယ် ။ ဒါနဲ့ စတီးတိုက်က စာရေးတစ်ယောက်နဲ့ အခန့်သင့် တွေ့ပေလို့ မောင်ရယ် တစ်ဆိတ်လောက် ရှာပေးစမ်းပါဆိုတော့မှ သူက နံပါတ်ကို ရှာပေးလို့ တွေ့ ရပေတယ် ။ ဘုရားမှာလည်း ဘယ်သူမှ မရှိသေး ၊ ဒီလူ တစ်ယောက်ပဲ ဘုရားဖူးလာတာနဲ့ အခန့်သင့်သွားတယ် ဟု အမြဲ ရယ်၍နေသော မျက်နှာနှင့် ပြောလေရာ ၊ သူဌေးကြီးသည် အံ့သြ၍ နေ ပြန်လေ၏ ။

“ နို့ ဘာနဲ့ ကြွလာခဲ့သတုန်း ခြေလျင်ပဲလား ”

“ မဟုတ်ပါဘူး မော်တော်ကားတစ်စီးနဲ့ တွေ့တာနဲ့ ဘကြီးလိုက်ပါရစေကွယ်လို့ ပြောပြီး စီးလိုက်လာရတယ် ။ ခုတင်က ထွက်သွားတဲ့ကားပေါ့ ။ သူဌေးကြီး အိမ်ပေါ်ကိုတက်တော့မှ ခြေလျင် တက်လာရတာပဲ ”

“ နို့ နတ်မင်းဘာကိစ္စနဲ့ ကြွလာတာလဲ ”

“ ကိစ္စကတော့ အထူးမဟုတ်ပါဘူး ။ ရှေးက မိတ်ဟောင်းဆွေဟောင်း ဖြစ်ခဲ့တာနဲ့ တွေ့ချင်လို့ပါပဲ ။ လာလဗျာ အပြင်ကို ထွက်ပြီး လမ်းလျှောက်ရအောင် သူဌေးမ င်းမိန်းမက တယ်မိုက်သကိုး ဟု ပြောရင်း ထလေ၏ ။ သူဌေးကြီးလည်း မငြင်းဆန်ဘဲ ထလေရာ ရော့ရော့ တောင်ဝှေးကို ကိုင် ဟု ပြောကာပေးလေ၏ ။

သူဌေးကြီးသည် တောင်ဝှေးကို ကိုင်လေ၏ ။ ကိုင်လျှင်ကိုင်ချင်း ကိုယ်ဖျောက်ပြီး နှစ်ယောက်သား ပြတင်းပေါက် အပြင်သို့ ရောက်သွားကြလေရာ စက္ကန့်အနည်းငယ်အတွင်း အောက်ကိုငုံ့၍ ကြည့်လိုက်လေရာ သူဌေးကြီးသည် နောက်ဆုတ်ပြေးသလို လျင်မြန်စွာ ကျန်ရစ်သော မိမိ၏ အိမ်ခေါင်မိုးကို မြင်ရလေသတည်း ။

မကြာမီ ဆူးလေဘုရားထီးတော်၌ ရှိသော ဓာတ်မီးကို ပတ်ပတ်လည်၍ သွားကြလေ၏ ။

ထို့နောက် ဗိုလ်တထောင်ဘုရားသို့ ရောက်ပြီးလျှင် မြစ်ရိုးတစ်လျှောက် အပေါ်၌ လိုက်၍ သွားရာ မြစ်ထဲ၌ ရှိသော မီးများနှင့် မြို့ကြီးတစ်မြို့လုံးရှိ အလင်းရောင်တို့သည် အိုးထိန်းစက်တွင်လည်၍ လှည့်သလို ချာလည်လည်၍ ကျန်ရစ်ကြသည်ကို မြင်ရလေသတည်း ။

ထို့နောက် မီးရောင်များသည် တဖြည်းဖြည်း ပျောက်ကွယ်၍ သွားကြလေရာ ရွှေတိဂုံကိုယ်တော်ကြီး၏ မှေးမှိန်သောဓာတ်မီးရောင်များကိုသာ မြင်ရလေ၏ ။ နောက်အတန်ငယ်ကြာသောအခါ ထိုဓာတ်မီးရောင်များလည်း ပျောက်ကွယ်၍ သွားကြပြီးလျှင် ရုန်းရင်းဆန်ခတ် အသံတို့ကို ကြားရလေ၏ ။ အောက်သို့ ငုံ့၍ ကြည့်လိုက်သောအခါ တောင်လိုမောက်လျက် လရောင်ထဲတွင် ဝင်းခနဲ လက်ခနဲ ဖြတ်ခနဲနေသော ပင်လယ်လှိုင်းတို့ကို မြင်ရလေသတည်း ။

ထိုနေရာ၌ လေသံမှ တစ်ပါး တစ်စုံတစ်ရာကိုမျှ မကြားရချေ ။ အဘိုးကြီးက နောက်သို့ လှည့်ကာ ကြောက်သလား ၊ ဘာမှ မကြောက်စရာ မရှိပါဘူး ။ ရှေ့မှာ ကြည့်လိုက်စမ်း ၊ မြင်ရရဲ့လား မီးတောင်ကြီးကို ၊ တထိန်ထိန် လင်းမနေဘူးလား ဟု ပြောလေ၏ ။

သူဌေးကြီးသည်လည်း ပြိုးပြိုးပြက်ပြက် မိုး မျက်နှာကြက်ကို မီးစွဲ၍ နေဟန်ရှိသော အလင်းရောင် တို့ကို မြင်ရလျက် အံ့သြ၍ နေလေ၏ ။

အဘိုးကြီးက ဒါတွေ တခြား မဟုတ်ဘူး ။ ဟိမဝန္တာ တောင်ထိပ်က ဆီးနှင်းခဲတွေ အပေါ်မှာ လရောင်ဟပ်ပြီး နေတာ ၊ ဟောဟိုဘက်မှာ တိဘက်ပြည်ပဲ ၊ မြင်ရဲ့လား ဟု ပြပြန်လေ၏ ။

သူဌေးကြီးသည် လရောင်၌ လှုပ်ရှား၍ နေသော အလင်းတောင် ထွတ်တို့နှင့် ပြာပြာရစ်ခြုံ မှုန်မှုန်မွှားမွှား တောလိုလို တောင်လိုလို မိုးတိမ်လို လို မှတ်ထင်ရသော တောင်ကြီးများကို မြင်ရလေ၏ ။

ထိုတောင်များသည် လမ်းမီးရထားပေါ်မှ နေ၍ ကြည့်သည့်အခါ တောတောင်တွေ ဒုန်းစိုင်းပြေးသွား၍ နေရစ်ကြသလို နေရစ်ကြလေ၏ ။

ထိုကဲ့သို့ သွားရာတွင် ကမ္ဘာ၏ အစွန်းမှ စက်လှည်းဘီးကြီးလို နီနီဝင်းဝင်းကြီး ပေါ်၍လာသော နေမင်းကြီးကို မြင်ရလေ၏ ။ လမင်းသည် မီးယပ်သည်၏ မျက်နှာလို ပျော့သော အဆင်းဖြင့် ညှိုးငယ်စွာ တစ်ဖက်သော ကမ္ဘာအစွန်း၌ စောင်းလျက် အိမ်နိမ့်ကို ဆင်းရသော မိဖုရားလို မသာမယာ ဖြစ်၍ နေသည်ကို မြင်ရလေသတည်း ။

အဘိုးကြီးက သူဌေးကြီးကို လှည့်၍ ကြည့်ကာ လမင်းကို ကြည့်စမ်း ၊ ညဦးယံမှာ ထွန်းလင်းတဲ့ အရောင်နဲ့ တူသေးရဲ့လား ။ အပျိုရည် ပျောက် အအိုရည် ရောက် နေတာနဲ့ မတူလား သူဌေးကြီး ဟု ပြောလေ၏ ။

မှန်ပါတယ် နတ်မင်း ၊ အရောင်အဆင်း မရှိတော့ဘူး ။

ညဦးယံမှာ သနပ်ခါး တစ်ကိုယ်လုံး လိမ်းကျံပြီး နံနက်အိပ်ရာက အနိုးမှာ သနပ်ခါးခြောက်၍ ကွာပြီး မသာမကြည် ဖြစ်နေတဲ့ မီးယပ်သည် မျက်နှာနဲ့ မတူဘူးလား ။

မှန်ပါတယ် နတ်မင်း ၊ အရောင်အဆင်း ပျောက်ကင်းပြီး ခြောက်သွေ့သွေ့ ဖြစ်ပါတယ် ။

အဲ အခု တက်လာတဲ့ နေမင်းလည်း အခုအနေမှာ ကြည့်လိုက်တော့ ပတ္တမြားကျောက်၏ အဆင်းမျှမက မီးပုံလို ဝင်းဝင်းတောက်ပြီး ဟောဟို အထက်နားက တိမ် အတန့်အတန့်ကြီးများဟာ ဇမ္ဗူရစ်ရွှေကို မှတ်ပေါ်မှာ တင်ထားတာနဲ့ မတူလား သူဌေးကြီးရဲ့ ။

တူပါတယ် နတ်မင်း ၊ အံ့ဖွယ်သရဲ ထူးကဲတဲ့ ကျက်သရေအဆင်းပါပဲ ။

ဟုတ်ကဲ့ ဟုတ်ကဲ့ ၊ သို့သော်လည်း သူလည်း အချိန်ကျရင် ကွယ်ရသေးတာပဲနော် ၊ သင်္ခါရသဘော တရားကို နေနဲ့ လက အမြဲ ကောင်းကင်က နေပြီး ပြနေကြရပေတာပဲ ။

မှန်ပါတယ်နတ်မင်း ၊ သတ္တဝါတွေ တရားယူကြဖို့ရာ ကောင်းကင်က နေပြီး နေ့စဉ် တရားချ နေတာနဲ့ အလွန်တရာမှ တူလှပါတယ် ။

ထို့နောက် အာကာဝေဟင် ကောင်းကင်ခရီးဖြင့် အပြင်းနှင်ကြရာ တောကြီးတောင်ကြီးများ၏ နေ၌ ပြောင်ညီးလျက်ရှိနေသော သဏ္ဌာန်တို့ သည် တစ်မျိုးပြီး တစ်မျိုးပေါ်ကာ အံ့ဖွယ်ရာတို့ကို မြင်ရသော သူဌေးကြီးသည် မိမိ၏ ကိုယ်ကို လုံးလုံးကြီး မေ့လျော့ကာ ကမ္ဘာသစ်ဘဝသစ်သို့ ကူးပြောင်း၍ နေသည်ဟု မှတ်ထင်လာလေ၏ ။

ထိုကဲ့သို့ သွားကြ၍ စိမ်းစိုသောတောတောင်သို့ ကျရောက်လာလျှင် သွေ့ခြောက်လျက် သစ်ပင်တို့ကို မမြင်ရ ဖြူရော်ရော် အဆင်းရှိသော မြေကြီးများသည် အိုမင်းမစွမ်း ဖြစ်သည့် ဆံပင်မွေးညင်း ကျွတ်သော ဦးခေါင်းနှင့် တူသော တောင်ကြီး တစ်လုံးနှင့် တောင်ခေါင်းကြီးတွင် ပြိုလဲပျက်စီးလျက် ကျောက်တုံးကြီး ကျောက်တောင်ကြီးတွေကို ကြဲဖြန့်၍ ထားသည်နှင့် တူသော နေရာတစ်ခုကို မြင်ရလေလျှင် အဘိုးကြီးက အဲသည် နေရာဟာ ကမ္ဘာစစ်ကြီး မဖြစ်မီက အင်မတန် ကြီးကျယ်ပြီး အင်မတန် စည်ကားတဲ့ မြို့ကြီးပဲ ။ အခု သင်္ခါရလက်ချက်ကြောင့် အဘယ်ပုံ ဖြစ်နေတယ်ဆိုတာ လာကြည့်လိုက်စမ်း သူဌေးကြီး ဟု ပြလေ၏ ။

သူဌေးကြီးသည် ထိုနေရာကို ကြည့်ကာ လွန်စွာ အံ့သြလျက် တွေးတော၍ မဆုံးနိုင်အောင် ရှိနေလေသတည်း ။

ထိုကဲ့သို့ ဆက်လက်၍ ကောင်းကင်ခရီးဖြင့် အပြင်းနှင်၍သွားရာ ဖြူဖြူဖွေးဖွေးပြောင်ပြောင် နေရောင်ခြည်တွင် တောက်လောင်၍ နေသော ကျောက်သားအဆင်းနှင့်တူသည့် အဆောက်အအုံကြီးတို့နှင့် ပြည့်နှက်သော မြို့ကြီး တစ်မြို့ပေါ်သို့ ရောက်သွားလေ၏  ။

အဘိုးကြီးက ကြည့်စမ်း ၊ သည်မြို့ကြီးဟာ လွန်စွာ မကြီးကျယ်ဘူးလားဟု မေးလေ၏ ။ သူဌေးကြီးသည် ကြီးကျယ်ခမ်းနားဆန်းပြားသော ကျောက်သား အတိ ပြီးသော မြို့ကြီးကိုကြည့်၍ နေစဉ် ၊ ၎င်းမြို့ကြီး၏ တစ်ဖက်မှ သေးငယ်သော ရေအိုင်လိုလို ပေါ်၍ လာပြီး နောက် ၎င်းရေအိုင်သည် တဖြည်းဖြည်း ကျယ်၍ လာပြီးလျှင် ကမ်းတစ်လျှောက်၌ တဖွေးဖွေးဖြူ၍ လာပြီးလျှင် ငြိမ်သက်သော ရေသည် တောင်ကြီးတွေ ဖြစ်၍လာ လေ၏ ။

တဖြည်းဖြည်း ရေများသည် မြို့လယ်တာလမ်းပေါ်၌ ဖွေးဖွေးလှုပ်၍ တက်လာပြီးလျှင် တိုက်တာအဆောက်အဦတို့သည် ရေထဲသို့ လိမ့်ကာ လိမ့်ကာ ဆင်းကြသည်ဟု မှတ်ထင်ရလေ၏ ။ မကြာမီ ရေများ သည် အရှိန်ပြင်း၍ လာကြပြီးလျှင် ကြီးကျယ်သော ကျောက်သားပြကတော့ အဆောက်အအုံများသည် ကျောက်စရစ်ခဲပမာ လိမ့်လဲလွင့်စင်၍ သွားကြပြီးနောက် ကြည့်၍ နေသော အခိုက်တွင် တစ်မြို့လုံး ပျောက်ကွယ်၍ ပင်လယ်ပြင် တပြင်တည်း ဖြစ်၍ သွားလေရာ အဘိုးကြီးက ယခု မြင်ရတဲ့ နေရာဟာ အခြားမဟုတ် ၊ ဥရောပနှင့် အမေရိကန်စပ်ကြား ကမ်းရိုးတန်းကို ခြားပြီးထားတဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြီးပဲ ၊ အခုပျောက်ကွယ်သွားတဲ့ မြို့ ဟာ အတ္တလန်တားလို့ခေါ်တဲ့ အလွန်တရာ ကြီးကျယ်တဲ့ မြို့တော်ကြီးပဲဟု ပြောလေရာ သူဌေးကြီးသည် လွန်စွာ အံ့အားသင့်၍ နေလေ၏ ။

ထို့နောက် မဆုံးနိုင်သော ပင်လယ်ပြင်တွင် လေပြင်ခရီးဖြင့်သွားလေရာ အခြားသော နေရာများ၌ မြင့်မောက်သော တောင်ရိုးတောင်တန်းများနှင့် စိမ်းစိုညို့ မှိုင်းလျက်ရှိသော ကြီးကျယ်သော ကျွန်းကြီးများသည် မကြာမီက မြင်ခဲ့ရသော မြို့ကြီးနှင့် အလားတူစွာ ရေမျို ၍ ပျောက်ကွယ်ကြသည်ကို မြင်ရလေ၏ ။ အချို့သော နေရာများ၌ တောင်လို မောက်သော လှိုင်းတံပိုးများ ထကြွ လှုပ်ရှားလျက် ကြီးကျယ်သော ဝေလငါးကြီးများနှင့် ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးတို့ စစ်ဆင်၍ ကစားသလို မှတ်ထင်ရလောက်အောင် သောင်းကျန်း၍ နေရာမှ မောပန်းကာ ငြိမ်သက်၍ သွားသည့်ပမာ ငြိမ်သက်၍ လာပြီးလျှင် ရုတ်တရက် မီးတောက်မီးလျှံတွေ ပေါ်ထွက်ကာ အဝီစိငရဲမီးသည် ပင်လယ်ကို ခန်းခြောက်အောင်ချက်သကဲ့သို့ မီးနှင့် ရေ စစ်ခင်းကာ တစ်မိုးလုံး လင်းခနဲ မှောင်ခနဲ ဖြစ်ပြီးလျှင် အခိုးအလျှံတွေ ပျောက်ကွယ်၍ သွားသောအခါ၌ ကောင်းကင်ကို မျှော်၍ ကြည့်သော် ကျောက်တောင်ကြီးများနှင့် ပတ်ဝန်းကျင်၌ ကျွန်း များကို မြင်ရလေ၏ ။

ထို နောက် ဆက်လက်၍ သွားကြရာ ပင်လယ်ကမ်းရိုးပေါ်သို့ ရောက်လေလျှင် ကျောက်ကမ်းပါးတို့ကို တအား ရိုက်ခတ်လျက် မိုးချုန်း သလို တအုံးအုံး ဖြစ်၍နေရာမှ ကမ်းကို မျိုရန်လာသော လှိုင်းတံပိုးတို့သည် ခိုင်မာသော ကျောက်သားကမ်းခြေကို ကျောက်တောင် မမျိုနိုင်မငုံနိုင်သဖြင့် စိတ်လျှော့သည့်အလား ပြင်းထန်သော အဟုန်ဖြင့် နောက်သို့ ဆုတ်ခွာ၍ သွားကြလေရာ ရေများ ဆုတ်ခွာ၍ သွားသော နေရာများ၌ အသူတရာ နက်သော ချောက်ကြီးများနှင့် စုလစ်မွန်းချွန် အထွက် အတက်တွေလို မှတ်ထင်ရသော တောင်ကြီးကမ်းကြီး များ ပေါ်ပေါက်၍ လာသည်ကို မြင်ရလေသတည်း ။

ထိုအခါ အဘိုးကြီးက မြေကို ရေချို ၊ ရေကို မြေသောက် ၊ သွေ့ခြောက် တစ်ဖန် စိုပြန် တစ်လှည့် ၊ ဖြစ်သည် ဓမ္မတာ အိုဘဲ့ ပြောင်းလဲခြင်း သဘောတရားဟာ အံ့တစ်ပါး မဟုတ်ပေလား သူဌေးကြီး ဟု မေးလေ၏ ။

သူဌေးကြီးသည် အတိုင်းမသိ ကြီးလှစွာသော အံ့သြခြင်းနှင့် မိမိ၏ အောက်၌ မြင်ရသော လောကဓာတ်၏ ခမ်းနားခြင်းကိုကြည့်ကာ စကားပြန်၍ မပြောနိုင်ဘဲ နေလေသတည်း ။

ထိုမှတစ်ဖန် ဆက်လက်၍ ကမ်းခြေခရီးဖြင့် နှင်ပြန်လေရာ ပင်လယ်သည် ဝေး၍ ကျန်ရစ်လေလျှင် အလွန်ကြီးကျယ်သော ကျောက်အတိပြီးသည့် မြို့ကြီး နှစ်မြို့နှင့် ညို့ညို့မှိုင်းမှိုင်း မြူမင်ဆိုင်းသော တောင်တန်းကြီးကို မြင်ကြပြန်လေ၏ ။

မကြာမီ ထိုတောင်ထိပ်ကျောက်ဆောင် အထွတ် ပေါ်၌ ရပ်နားကြပြီးလျှင် မြို့နှစ်မြို့ကို ကြည့်၍ နေကြလေ၏ ။

အဘိုးကြီးက သည်မြို့မှာ ရှိတဲ့ လူသတ္တဝါတွေဟာ မစင်ဘင်ပုပ်နဲ့ တူတဲ့လောက စည်းစိမ်ထဲမှာ ပိုးလောက်တွေ မြူးသလို မြူးပြီးနေကြသည့်အတွက် နတ်များဟာ သူတို့၏ အနံ့ဆိုး ယုတ်မာတဲ့ အခိုးကို မခံနိုင် သဖြင့် ဖြိုဖျက်ရန် စည်းဝေးဆုံးဖြတ်ထားတဲ့ နေ့ဟာ ယနေ့ မွန်းတည့် အချိန်ပဲ ။ ကြည့်စမ်းသူဌေးကြီး ခရီးမဆုံးမီ ပွဲကြီးတစ်ပွဲကို ကြည့်ရဦးတော့မှာပဲဟု ပြောနေဆဲတွင် အနောက်ဘက်မှ စကောခန့် ပမာဏရှိသော တိမ်စုသည် တက်ပေါ်၍ လာပြီးလျှင် အတောင်ကို ဖြန့်သည့်အလား မည်းချိတ်သော အမိုးကြီးပမာ မြို့ကြီးနှစ်မြို့ကို လွှမ်းအုပ်လိုက်လေသတည်း ။

ထိုနောက် ညဉ့်ကဲ့သို့ဖြစ်ကာ မြို့ နှစ်မြို့ပျောက်ကွယ်၍ သွားပြီးလျှင် လျှပ်ပန်းလျှပ်နွယ်တို့ ပြိုးပြိုးပြက်ကာ လေမိုးဆင်၍ လာလေရာ ချုန်းထစ်ကြုံးဝါးသော မိုးကြိုးသံသည် ပြင်းထန်သောအာဏာနှင့် မြို့နှစ်မြို့ကို ခြိမ်းခြောက်ဟန် ပြုပြီးနောက် လေသည် တိုး၍ ပြင်းလေ၏ ။ မိုးချုန်းသံတို့သည် အစ၌ ရပ်ကာနားကာ ပေါ်လာကြ၏ ။ တဖြည်းဖြည်း ဆက်ကာ ဆက်ကာသာ ချုန်းထစ်ပစ်ခတ်လေ၏ ။ ထို့နောက် တောင်ကြီးပါ သိမ့်သိမ့်ခါ၍ ပြိုတော့မည့် လက္ခဏာလို မြည်တွန်လှုပ်ရှား သော အသံကြီး လည်၍ လာပြီးနောက် မြေငလျင်တော်လဲ မိုးကြိုးက သည်းပြီးလျှင် မြို့အထက် ကောင်းကင်၌ မီးလုံးကြီးများ ကူးယှက်ပျံသန်း၍ လာသည်ကို မြင်ရလေသတည်း ။

မကြာမီ မြို့ကြီး နှစ်မြို့မှ ယမ်းအိုးပေါက်သလို မီးတောင်ကြီးနှစ်လုံး ဟုန်းခနဲ ပေါက်ထွက်လေရာ ထောင်သောင်းမကသော လူတို့သည် ဆူကာ ညံကာ တောင်ခြေသို့ ပြေး၍ လာကြသည်ကို မြင်ရလေသတည်း ။ မကြာမီ မီးငြိမ်း၍ သွားသောအခါ ကြီးကျယ်သော မြို့ကြီးနှစ်မြို့၏ နေရာ၌ မျက်စိအဆုံးမြင်ရသော မည်းနက်သော ရေလှိုင်းတို့သည် ထကြွသောင်းကျန်း၍ နေသလို မြင်ရလေ၏ ။

အဘိုးကြီးက အင်မတန် ယုတ်မာဆိုးသွမ်းသည် အတွက် မြို့ ရွာလူပါ မီးလောင်တိုက် အသွင်းခံရတဲ့ ဆော်ဒေါ် နှင့် ဂေါ်မော် ဆိုတဲ့ မြို့နှစ်မြို့ဟာ တခြား မဟုတ်ဘူး ။ သည်မြို့များပဲ ။ ကိုင်းသွားကြဦးစို့ ဟု ပြောကာ တောင်ဝှေးကို ပေးပြီး နှစ်ယောက်သား ကောင်းကင်ခရီးဖြင့် ဆက်လက်၍ သွားကြပြန်လေသတည်း ။

ထိုကဲ့သို့ သွားရာ သွေ့ခြောက်ပျက်စီး ကျိုးတိုးကျဲတဲ ရှိနေသော တောကြီးနှင့် သွေ့ခြောက်သော တောင်တန်းများမှာ ရေပတ်လည်ဝိုင်း၍ နေသည်ကို မြင်ရလေလျှင် အဘိုးကြီးက သည်ကျွန်းဟာ ရှေးလွန်ခဲ့တဲ့ နှစ် ပေါင်း ၇ ထောင်ခန့် အခါက အင်မတန် ဘုန်းတန်ခိုး ကြီးကျယ်ပြီး ကမ္ဘာကို လက်နက်နှင့် စိုးမိုးအုပ်ချုပ်ခဲ့တဲ့ အင်္ဂလန်ကျွန်းကြီးပေါ့ သူဌေးကြီးရဲ့ ။ ဘယ်လိုပင် လက်နက်စွမ်းသော်လည်း သင်္ခါရ ကိုတော့ ခုခံလို့မရ ၊ တစ်နေ့သ၌ ပျက်စီးရခြင်းပဲ ဟု ပြောလေ၏ ။

ထိုအခါသူဌေးကြီးသည် အဘိုးကြီး၏ အံ့ဖွယ်သော စကားကို နားထောင်ကာ သင်္ခါရ သင်္ခါရ ဟူ၍သာ စဉ်းစား၍ နေလေ၏ ။

ကိုင်းပြန်ကြစို့ရဲ့ သူဌေးကြီး ။ ကျုပ်တို့ လာလိုက်တာ ခရီးအတော် ကြာပြီ ။ သူဌေးကြီး နေတဲ့ ရန်ကုန်မြို့တော် ရှိသေးရဲ့လား မသိဘူး ။ မရှိရင်လည်း ဘာပူစရာ ရှိသလည်းလေ ။ ကျုပ်နဲ့ အတူနေတာပေါ့ဟု အဘိုးကြီးက ပြောလေရာ သူဌေးကြီးက ကိစ္စ မရှိပါဘူး နတ်မင်း ။ ဤမျှလောက် အံ့ဖွယ် ရာတွေကို မြင်ရမှဖြင့် ကျွန်ုပ်၏ စည်းစိမ်ကလေးများဟာ နှမျောလောက်မယ် မဟုတ်ဘူး ဟု ပြော၍ စကားမှ အဆုံးမသတ်သေးမီ ကြီးစွာသော ဘုရားငုတ်တိုကြီး တစ်ခု၏ ကုန်းပေါ်သို့ ကျရောက်၍ လာကြလေသတည်း ။

“ ဒါ ဘယ်လို အရပ်လဲ နတ်မင်း ”

ဒါ ရန်ကုန်မြို့ဟောင်းပေါ့  ။ ခုမရှိဘူး ၊ အင်္ဂလိပ် မင်းများ လက်အောက်က လွတ်ပြီး နှစ်ပေါင်း ငါးထောင် နီးနီး ပြောင်ပြောင်ညီးညီးနှင့် အလွန်တရာ တန်ခိုးကြီးခဲ့ တာပေါ့ ။ အခုဘယ်ပုံဖြစ်နေတယ်ဆိုတာကို ကြည့်စမ်း ။ ဇနပုဒ်ရွာငယ် တံငါသည်ကလေးများသာ အနည်းငယ်မျှ အခုတော့ နေထိုင်လျက်ရှိကြတော့တာပဲ ။

“ သည်တံငါသည်တွေက ဘာလူမျိုးတွေလဲ ”

အရိုင်းအစိုင်းတွေပေါ့လေ ။ ရှေးက မြန်မာများ ပြောတဲ့ စကား အရိပ်အယောင်ကလေးများတော့ နည်းနည်းပါးပါး ကျန်ပါသေးရဲ့ ။ သို့သော်လည်း မြန်မာတော့ မဟုတ်ဘူး ။

ဒို့မြန်မာလူမျိုးများက ဘယ်ကို ရောက်သွားကြသလဲ ။ နေရာရွှေ့ သွားကြပြီ ၊ သို့သော်လည်း မြန်မာစကားတော့ မရှိတော့ဘူး ။ အခု ကာလ ကြီးကျယ်လျက်ပါပဲဟု ပြော၍ နေစဉ် ခပ်လှမ်းလှမ်းရှိ တောင်ကမူ အပေါ်၌ အဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင်ကာ ကျောက်ဆောင်တစ်ခုပေါ်တွင် ဆံပင်ကို ဖားယားချလျက် ထိုင်၍နေသော အလွန်ဖြူစင်သန့်ရှင်းလှပသော မိန်းမတစ်ယောက်၏ သဏ္ဌာန်ကို မြင်ရလေလျှင် သူဌေးကြီးသည် စိုက်ကာ ကြည့်၍ နေလေ၏ ။ သို့ကြည့်၍ နေလေရာ ထိုမိန်းမသည် ညဦးယံက အိမ်မှ ဆင်း၍သွားသော မိမိ၏ ဇနီးသည် ဖြစ်သည်ကို သိရလေ၏ ။

သူဌေးကြီးသည် သိလျှင်သိခြင်း အားရဝမ်းသာ လှမ်း၍ ခေါ်လေ၏ ။ ခေါ်သော်လည်း အလွန်ဣန္ဒြေရှိသော သဏ္ဌာန်သည် သူဌေးကြီးကို ပြန်၍ မကြည့် ၊ အဝေးကို ရှု၍သာ နေလေသတည်း ။

သူဌေးကြီးသည် တောင်ကုန်းပေါ်မှ ပြေး၍ ဆင်းကာ မိမိ၏မိန်းမ ထိုင်၍ နေသောနေရာနှင့် မနီးမဝေးသို့ ကပ်သွားပြီးလျှင် မိမိထက် မြင့်သော နေရာ၌ ထိုင်၍ နေသော မိန်းမအား ထပ်မံ၍ ခေါ်လေ၏ ။ မင်း ငါ့ကို စိတ်နာလို့ ပြန်ပြီး မထူးဘဲနေသလား ။ ငါ မှားပါပြီကွဲ့ မိန်းမရဲ့ ။ ငါ မင်းကို ဝန်ချဖို့လာပါတယ် ။ တစ်ဆိတ်ကလေး ခေါင်းငဲ့လို့ ကြည့်စမ်းပါဦးဟု တောင်းပန်လေ၏ ။

ငြိမ်သက်သော သဏ္ဌာန်သည်ကား မလှုပ်မရှားဘဲ နေလေ၏ ။

ထိုအခါ သူဌေးကြီးသည် ရှေ့ကို မတိုးဘဲ မြေပေါ် ၌ ထိုင်ကာ လက်နှစ်ဖက်ကို ဆန့်ကာ မခင်စောရဲ့ မင်း ဘာပြုလို့ သည်လောက်တောင် စိမ်းကားရတာတုန်းကွဲ့ ။ ငါ ဝန်ချပါပြီ ၊ ငါ မှားပါပြီ ၊ ငါ့ကို မင်း အခွင့်မလွှတ်တော့ဘူးလားဟု အတန်တန် တောင်းပန်လေရာ မခင်စော သည် ၎င်းကို လှည့်၍ ကြည့်လေ၏ ။ သို့ပင် လှည့်၍ ကြည့်သော်လည်း သူဌေးကြီးကို မမှတ်မိ ၊ အနည်းငယ်မျှ မသိသော အမူအရာမျိုးနှင့် မျက်နှာကို ပြန်၍ လှည့်သွားပြီးလျှင် မိမိ မျှော်မြဲတိုင်း အဝေးကိုသာ မျှော်၍ နေလေသတည်း ။

ထိုအခါ သူဌေးကြီးသည် ငိုကြွေးလျက် ပုဆိုးစနှင့် မျက်နှာကိုသုတ်ကာ တောင့်တချစ်ခင် အလွန်ခင်မင်သော မျက်နှာနှင့် မခင်စောကို ထပ်မံ၍ မခေါ်ဘဲ ကြေကွဲသောနှလုံးနှင့် မျက်ရည်တွေ စီးလျက် ကြည့်၍သာ နေလေရာ အဘိုးကြီးသည် အပါးသို့ ကပ်ကာ ပခုံးကို ပုတ်လျက် သူဌေးကြီး သားမယားလည်း သင်္ခါရပဲ ။ စိတ်လည်း သင်္ခါရပဲ ။ သတိဉာဏ်ကလည်း သင်္ခါရပဲ ။ သူဌေးကြီးကို သူ မမှတ်မိဘူး ။ လာ သွားကြစို့ဟု ပြော၍ဆွဲလေရာ သူဌေးကြီးက နတ်မင်း ကျွန်ုပ် မလိုက်တော့ဘူး ။ ကျုပ်မယားကို ကြည့်ရင်း သည်နေရာမှာ ပိုးပုရွက်ခြ စား ခံပြီး သေတော့မယ် ဟု ပြောခိုက်တွင် အဘိုးကြီးက ပခုံးကို နာနာပုတ်ကာ ထထ မဟုတ်တာပဲဟု တအား ဆွဲ၍ ထူလိုက်လေရာ သူဌေးကြီး ထ၍ အလာတွင် ဘယ့်နှယ်လည်း ဦးလေးရဲ့ ၊ ဦးလေး ဘယ့်နှယ် လုပ်တာလည်း ညကြီးမှာ သည်လိုပဲ မခင်စော ကို တစ်ယောက်တည်း လွှတ်လိုက်တာ ဘာကောင်းသလဲ ထပါ ။ အမယ်လေး သူ့မှာတော့ အိပ်နေလိုက်တာ ဟု ပြောသော သူဌေးကြီး၏ သူငယ်ချင်း ဒေါ်ညွန့်၏ အသံကို ကြားရသဖြင့် သူဌေးကြီးသည် မျက်နှာကို ပွတ်ကာ တောင်မြောက်လေးပါး ကြည့်ပြီး မနည်းကြီး စဉ်းစားပြီးမှ ကုလားထိုင်မှ ထကာ မခင်စော ဘယ်မလဲဟု မေးလေလျှင် ဒေါ်ညွန့်က အခန်းထဲမှာတော့ ၊ အခန်းထဲမှာ ဟု ပြောသောကြောင့် သူဌေးကြီးသည် ကပျာကယာ ပြေးဝင်၍ လိုက်သွားပြီး သူဌေးကတော်ကို မြင်လျှင်မြင်ချင်း ပွေ့ကာ ခုတင်ပေါ်သို့ တင်ပြီး မယ်မင်းကြီးမ နောက်တစ်ခါ သည်လို မလုပ်ပါနဲ့ ။ ငါ့ကို မင်းသ,တ်မလို့လား ဟု ပြောပြီး ...

ထိုနေ့မှစ၍ သူဌေးကြီးသည် မယားအား သော့ အပ်ပြီး နေ့စဉ်နေ့တိုင်း ဆင်းရဲသားတွေကို ပေးကမ်းစွန့် ကြဲကာ အမြဲဒါနကုသိုလ်ကို ပြုလျက် စွန့်လွှတ်ခြင်း၏ အေးချမ်းလှသော သုခစည်းစိမ်ကို အမြဲခံစား၍ နေလေသတည်း ။

▢  ပီမိုးနင်း
📖 ကဝိမျက်မှန် မဂ္ဂဇင်း
      ဇွန် ၊ ၁၉၂၈

No comments:

Post a Comment