❝ မူးယစ်သူ ❞
( ပီမိုးနင်း )
“ အစ်မကြီးတို့တော့ နေဝင်မှ ပြန်ကြမယ် ထင်တယ် ။ ပူလိုက်တာကလည်း အိုက်လို့ ။ နောက်ဘေးက ကန်ထဲ ဆင်းပြီး ရေကူးမှ တော်တော့မကိုး ” ဟု သာယာသော အသံနှင့် အိမ်ပေါ်မှ လျင်မြန်ပေါ့ပါးသော ခြေလှမ်းဖြင့် လှေကားကို လှမ်းနင်း၍ ဆင်းလာလေ၏ ။
“ သပြေပင် အရိပ်အောက်မှာ ကူးနော် ၊ နေပူထဲကို မထွက်နဲ့ ကြာလည်း မနေနဲ့ ။ ဟိုကောင်မတွေ ရောက်လာရင် ဆူလိမ့်ဦးမယ် ”
“ ဆူဆူ .. မမရယ် ၊ ဘာကြောက်ရမလဲ ။ သူတို့က ထစ်ခနဲရှိ ဆူချင်တာချည်းပဲ ”
“ သူတို့က အကြီးကိုအေ့ ၊ ‘ အစ်မကြီးက အမိအရာ ’ တဲ့ ။ ငါ့သမီးကတော့ ငယ်သေးတာကိုးအေ့ ၊ သူတို့ စကားကို နားထောင်မှပေါ့ ”
“ နားထောင်ရအားကြီးလို့ မမက သြဇာ မပေးရသေးဘူး ၊ သူတို့ချည်း ပေးတာပဲ ။ ကျွန်မကိုများဖြင့် သူတို့ ဘာထင်သလဲ မသိဘူး ”
“ ဘာထင်ရမှာလဲအေ ၊ မမက မာမှ မမာဘဲကိုး အေ့ ။ သည်တော့ အေးအေးနေရတာပဲ ၊ ညည်းကို မထိန်းကျောင်းချင်တော့ သူတို့ပဲ ထိန်းကျောင်းရတာပေါ့ ”
“ ကျွန်မကို သည်လောက် အနုံအအ ၊ အမိုက်အရူးလို သဘောထားပြီး ထစ်ခနဲ ရှိရင် ဆူတာဟာ ထိန်းကျောင်းတာလား ။ ကျွန်မကို ဘယ်သူမှ မထိန်းကျောင်းဘူး ၊ ကျွန်မဘာသာ ကျွန်မကိုယ်ကို ကျွန်မထိန်းကျောင်း ရတာပါ ”
“ သည်လို မပြောပါနဲ့ သမီးရယ် ၊ သမီးက ငယ်တယ်အေ့ ။ သူတို့က အကြီး နားထောင်မှပေါ့ ၊ သူတို့က ကောင်းစေချင်လို့ သမီးကို ပြောတာ ဆိုတာပါ ”
“ ကောင်းစေချင်လို့ မဟုတ်ပါဘူး မမရယ် ၊ သူတို့သာ အလိမ္မာ ၊ ကျွန်မကို အမိုက်တုံးကြီး လုပ်ထားပါတယ် ၊ ကျွန်မအရူးအပေါ ဝတ်ရမှန်း ၊ စားရမှန်း မသိတဲ့ အနေ ၊ သူတို့က အလိမ္မာအတတ် ၊ ဝတ်တတ် စားတတ်တွေ ကျွန်မမှာ သူတို့ အကျကိုမှ ဝတ်ရပါတယ် ”
“ သမီးက အခြား မိန်းမကလေးတွေနဲ့မှ မတူဘဲ ကိုးအေ့ ။ ညည်းကိုယ်ကို ဖီးလားလိမ်းလား မပြုတော့ သမီးကို မလှချင်ဘူးလို့ ထင်နေကြတာပေါ့ ၊ ဖီးပါလိမ်းပါလား ။ သည်တော့ ညည်း လှချင်မှန်း သိပြီး သူတို့ ဂရုစိုက်လာရမှာပေါ့ ”
“ ဟုတ်တယ် ကျွန်မ တခြား မိန်းမကလေးတွေနဲ့တော့ မတူဘူး ၊ သူတို့နဲ့ အရောဝင်တဲ့ ယောက်ျားကလေးတွေကိုလည်း ကျွန်မ မုန်းတယ် ။ ကျွန်မ သူတို့လို ယောက်ျားကြိုက်မ မဟုတ်ဘူး ။ ယောက်ျားမုန်းမ ” ဟု ပြောပြီး အိမ်ပေါ်မှ ဆင်းပြီး နောက်ဖေးခြံထဲသို့ လှည့်၍ ထွက်သွားလေ၏ ။ မကြာမီ ဖုန်းဖုန်း ဖုန်းဖုန်းမြည်သော ရေကူးသံကို ကြားရလေ၏ ။
အတန်ကြာ၍ အိမ်သို့ ပြန်လာသောအခါ စောတင် နှင့် စောရင် ပွဲထိုင်မှ ပြန်၍လာသည်ကို တွေ့ရလေ သတည်း ။
စောတင် ။ ။ “ ကြည့်စမ်း မမ ၊ ဒီကောင်မကို ဘာမှ မပြောဘဲ ပေါက်လွှတ်ပဲစား လွှတ်ထားသလား ကြည့်စမ်း ။ နေပူထဲမှာ ရေသွားပြီး ကူးနေလိုက်တာ ၊ မျက်နှာတွေ နီရဲလို့ ၊ နေလောင်လို့ ကျွမ်းကုန်ပြီ ”
စောရင် ။ ။ “ ဟုတ်တယ် မမ ၊ မမ ကလည်း ဘာမှ အဆိုအပြော မရှိဘူး ၊ အပူဝင်ပြီး ဘယ်တော့လဲ သေလိမ့်မလဲ ”
စောခင်သည် ၎င်းတို့ ပြောသော စကားများကို မကြားယောင်ပြုပြီး နှုတ်ခမ်းစူလျက် ငါ့ဘာသာ ၊ ငါ့လက် ငါ့ခြေနဲ့ ငါကူးတယ် ။ ဘာဖြစ်သလဲ ၊ သူတို့ လက်ကို ငှားပြီး ကူးတာလား ဟု ၊ နှုတ်ခမ်းစူကာ မကြားတကြား စွတ်စိုသော ကိုယ်နှင့် ထဘီမှ ရေစက်တွေ ကျလျက် အိမ်ရှေ့ခန်းကို ဖြတ်ပြီး အတွင်းခန်းသို့ ရေချိုးခန်းအထိ ဝင်သွားလေ၏ ။
ရင် ။ ။ “ ကြည့်စမ်းပါဦး ၊ တစ်အိမ်လုံး ရွှဲကုန်ပြီ ။ တကတဲ ငါ သိပ်ပြောလိုက်ရ မကောင်းတော့ဘူး ။ မမ မမသမီးကို ဘာမှမပြောတော့ဘူးလား ”
ဟု စောခင်သည် ရေချိုးထဲ၌ ထဘီကို လဲရင်း “ စိုကုန်ရင် လျှာနဲ့ လျက်ပစ်ပါလား ” ဟု မိမိ၏ စကားကို မိမိ ကြားရုံမျှ ရေချိုးခန်းတံခါးကို ရန်သူလို မျက်စောင်းထိုးကာ ပြောလေ၏ ။
စောခင်သည် အသက် ဆယ့်ခုနှစ်အရွယ်ခန့်သာ ရှိလေ၏ ။ အစ်မကြီး စောတင်မှာ အသက်နှစ်ဆယ့်ရှစ်နှစ် ရှိလေ၏ ။ စောရင်မှာ နှစ်ဆယ့်ငါးနှစ် ရှိလေ၏ ။ ၎င်းတို့မှာ လိုရာမရ ရ၍မလိုသဖြင့် အပျိုဟိုင်းကြီးတွေ ဖြစ်၍ နေလေရာ ပွဲထိုင်ဖိတ်စာရသမျှကို မလစ်မလပ်ရအောင် လိုက်ခြင်းဖြင့် မိမိတို့ ကိုယ်ကို စုံအောင် ကြော်ငြာခြင်း ပြု၍ နေကြလေ၏ ။ ညီမအငယ်ဆုံး စောခင် မှာမူ ငယ်သေးသဖြင့် နောင်ခါ ယောက်ျားတော့ ယူဖို့ရန် အချိန် ကောင်းစွာ ရှိလေသည်ဟု ၎င်းစိတ်၌ အောက်မေ့ကာ စောခင် ကို အိမ်၌ အပိုအလျှံ အသုံးမကျသော အရာတစ်ခု ကဲ့သို့ လှစ်လျူရှု၍ ထားကြလေ၏ ။
စောတင် နှင့် စောရင်သည် စောခင်ကို ပြောဆို၍ ဝကြသောအခါ အခန်းထဲသို့ ဝင်၍ စကားပြောရင်း အဝတ်များကို လဲကြလေ၏ ။
ရင် ။ ။ “ ကိုမောင်ခင်ကို သွားကြိုရရင် မကောင်းဘူးလား ”
တင် ။ ။ “ အေးအေး ဟုတ်တယ် ။ တို့နှစ်ယောက် တစ်ယောက်ယောက်တော့ ယောက်ျားရမှ ဖြစ်မယ်အေ့ ၊ ညည်းပဲရရ ငါပဲ ရရ ။ တစ်ယောက် ရရင် ပြီးတာပဲ ၊ သူများတွေက တို့ကို လင်မရနိုင်ဘူးလို့ ထင်နေကြတယ် ”
တင် ။ ။ “ ညည်းက နောက်မှ ယူအေ ၊ ငါက အကြီးအေ့ ။ ငါက အရင် ယူမယ် ။ ကိုမောင်ခင်ကို ငါ ရပြီးရင် ငါ ညည်းကို သူ့ညီ မောင်တင် နဲ့ စပ်ပေးမယ် ”
ရင် ။ ။ “ မောင်တင်က ကိုမောင်ခင် လို ချောရဲ့လား ”
တင် ။ ။ “ ငါ့မတ်က လူချောပါအေ့ ။ ကိုမောင်ခင် ထက်တော့ အသားကလေး နည်းနည်းညိုတယ် ”
ထိုအခိုက်တွင် စောခင်သည် တံခါး အနီးမှ နားထောင်လျက် တစ်ယောက်တည်း ပြုံးကာ “ အမယ် သူ့မတ်တဲ့ ၊ ဟိုက သူ့ကို ယူပါစေဦး ။ ကိုမောင်ခင်များ သူနဲ့ ညားရင် ကိုမောင်ခင် ဆိုတဲ့ လူမှာ ခေါင်းဆင်နင်းတာ ပဲ ။ ဒီလူဟာ ဘယ်လို လူပါလိမ့် ။ သူတို့ ကြိုက်တဲ့ လူကို တော့ ငါ ဘယ်တော့မှ မလိုချင်ဘူး ။ သူတို့ကို ကြိုက်တဲ့ လူဟာ ဟန်ကျမယ့် လူလည်း မဟုတ်ပါဘူး ” စသည်ဖြင့် တွေးတောကာ နေလေ၏ ။
ရင် ။ ။ “ ကိုမောင်ခင်က ညည်းကို မကြိုက်ဘဲ ငါ့ကို ကြိုက်ရင် ဘယ့်နှယ် လုပ်မလဲ ”
တင် ။ ။ “ ညည်းကို ကြိုက်ရင်လည်း ညည်းယူတာပေါ့ ။ ညည်း သူ့ကို ရရင် ညည်းမတ်နဲ့ ငါ့ကို စပ်ပေးရမယ် ”
ရင် ။ ။ “ ငါ့မတ်က ညည်းကို ကြိုက်ရင် တော်ပါရဲ့ ”
တင် ။ ။ “ ငါ့ကို မကြိုက်ရင် ညည်းကပဲ ထပ်ပြီး လိုချင်သေးသလား ”
ရင် ။ ။ “ အမယ်လေး တစ်ယောက်ပဲ ရအောင် ကြိုးစားပါဦး ” ဟု ပြောပြီး နှစ်ယောက်သား အပြင်သို့ ထွက်လာကြလေရာ ချောင်း၍ နားထောင်နေသော စောခင်ကို မြင်ရလေရာ
စောတင် ။ ။ “ စောခင် ၊ ညည်းဒီမှာ ဘာလုပ် နေတာလဲ ၊ ချောင်းနားထောင်နေတာပေါ့လေ ။ ညည်း အင်မတန်မကောင်းတဲ့ကောင်မ ၊ အမျိုးယုတ်မ ၊ မမ မမ သမီးလုပ်ပုံကြည့်ပါဦး ၊ ဒီအကျင့်မျိုးဟာ အင်မတန် သဘောဆိုးသူများကျင့်တဲ့ အကျင့်မျိုး သိရဲ့လား ။ သွား ... ဒီမှာ မနေနဲ့ ၊ မျက်စိစပါးမွှေးစူးတယ် ” ဟု ပြောကာ ထွက်သွားလေ၏ ။
စောခင်လည်း တစ်စုံတစ်ရာ ပြန်၍ မပြော ဆံပင်များကို ကိုင်တွယ်ကာ လှပသော မိမိ၏ ဦးခေါင်းပေါ်၌ ကပိုကရို ပတ်၍နေလေ၏ ။
စောတင် ။ ။ “ ဒီဆံပင် ဘာပြုလို့ မထုံးသလဲ ၊ ဆံပင်ကျီးကန်းသိုက်နဲ့ ။ လူမြင်ရင် အရူးမလို့ ထင်လိမ့်မယ် ”
“ ဒါ ဘယ်သူ့ ဆံပင်မှ မဟုတ်ဘူး ၊ ငါ့ဆံပင် ၊ ငါ ဖြီးချင်မှ ဖြီးမယ် ” ဟု နှုတ်ခမ်းစူကာ စောခင်သည် မေးငေါ့၍ ပြောလေ၏ ။
“ မျက်နှာလည်း နေပူလို့ အဖတ်အဖတ် လန်ကုန်ပြီ ၊ နောက်တစ်နေ့ နှာခေါင်းကျွတ်ကျလိမ့်မယ် ”
“ ငါ့နှာခေါင်း ကျွတ်ကျွတ် ၊ ဘယ်သူ့ အပူမှ မဟုတ်ဘူး ” ဟု ပြောပြီး စောခင်သည် အိမ်ပြင်ဘက်သို့ ထွက်ကာ ပန်းခြံထဲမှာ ထိုင်လျက် စဉ်းစား၍ နေလေ၏ ။
သို့နေခိုက်တွင် နှင်းဆီပန်းကလေး တစ်ပွင့်သည် မိမိ၏ နား၌ လေထဲတွင် လှုပ်ခါလှုပ်ခါ ငိုက်ခါငိုက်ခါ ကစား၍ နေသည်ကိုမြင်ရလေ၏ ။ ထိုအခါ အဖော်မရှိ တစ်ကိုယ်တည်း နေရသော စောခင်သည် ၎င်းကို အဖော် လုပ်ကာ ပန်းကို ကြည့်ပြီး “ ဟုတ်တယ်နော် ၊ သူတို့က သိပ်ပြီး ဆူတာပဲ ၊ ငါ ဒီအိမ်တောင် မနေချင်တော့ဘူး ။ မမက မမာလို့ပေါ့ ” ဟု ပြောပြီး ပန်းကလေးကို ငေးစိုက်ကာ စဉ်းစားသော မျက်လုံးများနှင့် ကြည့်၍ နေလေ၏ ။
ထို့နောက် ဆက်ကာ “ ဟုတ်သားပဲလေ ၊ သူတို့ ပြောလည်း ပြောချင်စရာ ငါက မိုက်တာကို ။ ပြီးတော့ သူတို့လိုလည်း မလှဘူး ။ သူတို့ကတော့ လှတယ် ၊ လှတဲ့ သူများဟာ လင်လိုချင်တတ်တယ် ထင်ပါရဲ့နော် ။ ငါတော့ မလိုချင်ပေါင် ၊ ငါ့ကို တခြား မိန်းမကလေးတွေနဲ့ မတူဘူးလို့ သူတို့က ပြောကြတယ် ၊ တခြား မိန်းမကလေးတွေက ကောင်းသလား ၊ ငါက ကောင်းသလား မသိပါ ဘူး ။ တခြား မိန်းကလေးလိုတော့ ဝတ်ချင်စားချင်စိတ် ငါ့မှာ မရှိဘူး ၊ ငါ တွေ့ရတဲ့ ယောက်ျားကလေးတွေကိုလည်း ငါ တစ်ယောက်မှ မကြိုက်ဘူး ၊ သူတို့ကလည်း ငါ့ကို ကြိုက်မှာ မဟုတ်ပါဘူး ထင်ပါရဲ့နော် ။ ဟဲ့ နှင်းဆီ ပန်းကလေး ၊ နင်လည်း ငါ့လိုပဲ တစ်ယောက်တည်း နေရတယ်နော် ၊ နင့်မှာ ရည်းစားရှိသလား ” ဟု မေးလေ၏ ။
နှင်းဆီပန်းကလေးသည် လေထဲတွင် ခေါင်းခါ သလို လှုပ်လေ၏ ။
“ ဪ မရှိဘူးလား ၊ မရှိရင် ညည်းနဲ့ ငါနဲ့ အတူတူ ပေါ့နော် ။ ကိုမောင်ခင် ဆိုတဲ့ လူ လာလိမ့်မယ် ။ လာရင် ဆီးပြီး မကြိုက်လိုက်နဲ့နော် ။ ငါတော့ မကြိုက်ဘူး ။ ကိုမောင်ခင် ဆိုတာ တို့များနဲ့ ဆွေနီးမျိုးစပ်ပဲ ၊ ဆွေမျိုးကို ယူလို့ကော ဘာအရသာ ရှိမှာတဲ့တုံး ၊ ကိုယ့်အိမ်က ခြံထဲမှာ စိုက်တဲ့ ချဉ်ပေါင်ရွက်လို နေမှာပေါ့နော် ။ တိုရေ ရှားရေ ဝယ်စားရတာလောက်တော့ ဘာအရသာ ရှိမှာလဲ ၊ ကိုယ်တိုင် အိမ်မှာ လုပ်တဲ့ မုန့်ကို ဝယ်စားရတာလောက် ကောင်းမှာ မဟုတ်ပါဘူး ” စသည်ဖြင့် ပြောလေ၏ ။
ထိုကဲ့သို့နေရာ အတန်ကြာသွားလေရာ နေသည် အနောက်ဘက် ကောင်းကင်ဝသို့ ရောက်သွားပြီးလျှင် ရွှေအဆင်းနှင့် တူသော ရောင်ခြည်ဖြင့် စောခင်၏ မျက်နှာကို လည်းကောင်း ၊ ပန်းခြံတစ်ခုလုံးကို လည်းကောင်း ဖျန်းပက်လေ၏ ။ စောခင်သည်ကား ခွေးခြေကလေးတစ်ခု ပေါ်တွင် ထိုင်ကာ တံတောင်ဆစ်နှစ်ဖက်ကို ပေါင်ပေါ် တင်ကာ မေးထောက်လျက် အနောက်ဘက်မှာလားဟု စဉ်းစားကာ တစ်ကိုယ်တည်း ပြုံး၍နေလေ၏ ။
တစ်ခါတစ်ခါ ရယ်သံများကို ကြားရလေ၏ ။ ထိုအခိုက်တွင် အိမ်ထဲသို့ ဝင်ကာ ပဆစ်ပစ်တာကို ကြည့်ဦးမည် ဟူသော အကြံနှင့် ထိုင်နေရာမှ ထ၍ လာလေ၏ ။ ထိုအခိုက်တွင် စောင်ကလေးတစ်ထည်ကို ပတ်ရုံလွှမ်းခြုံကာ ထွက်လာသော မိခင်ကို မြင်သဖြင့် “ မမ ဘယ်ကို သွားမလို့လဲ ” ဟု မေးရာ “ အနောက်နား မနန်းတို့ အိမ်ကို မမ သွားဦးမယ် ။ မြင်းရထားတစ်စင်း လှမ်းခေါ်လိုက်စမ်းပါ သမီးရယ် ” ဟု ပြောသဖြင့် စောခင်သည် လမ်းမဘက်သို့ ပြေးပြီး မြင်းရထားတစ်စင်းကို ခေါ်လေ၏ ။
မကြာမီ မိခင် ထွက်၍သွားသည်ကို ကြည့်ပြီး အိမ်ဘက်သို့လာ၍ အိမ်ထဲ ဝင်မည် ပြုပြီးမှ “ မဝင်ပါဘူးလေ ။ မတော်တဆ ။ သူတို့လင် ကြိုက်လို့ ထင်နေချင် ထင်နေဦးမှာ ” ဟု တွေးကာ အုတ်လှေကားပေါ်တွင် ထိုင်၍ နေလေ၏ ။
အတန်ကြာ ထိုင်၍နေပြီးသော် ထပြီး ခြံထဲမှာ လှည့်လည်၍ နေလေ၏ ။ မွှေးကြိုင်သော ပန်းပွင့်များမှ ထွက်ပေါ်လာသော ရနံ့တို့ကို ရှူ၍ လာကာ တစ်ကိုယ်တည်း နေရခြင်း၏ ဆိတ်ငြိမ်ခြင်းအရသာကို ခံစား၍ နေလေသတည်း ။ မကြာမကြာ လမ်းဘက်ရှိ ခြံတံခါးဝကို သွားပြီးလျှင် မိခင် ပြန်လာပြီလားဟု မျှော်ကြည့်လေ၏ ။ မိုးသားတို့သည် အနောက်တောင်ထောင့်မှ တက်၍ လာကြပြီးလျှင် လမင်းကို အနုကြမ်းစီးရန် ကြံကြလေ၏ ။ လမင်းသည် ကြောက်အားနှင့် ဖြူဖျော့ဖျော့ကလေးဖြစ်၍ သွားလေ၏ ။ ထိုတိမ်တို့ကို ဆောင်၍ လာသော လေ သည် သတင်းပေး ရှေ့တော်ပြေးပမာ တဖျတ်ဖျတ် ခုန်ပေါက်ကစား၍ လာပြီး စောခင်၏ အင်္ကျီ အကြိုအကြားကို ဝင်ရောက်ကာ ကလိထိုးလေ၏ ။ စောခင်သည် လေ နှင့် အတူတူ ပျံသန်းကာ ခြံတံခါးဝသို့ ရောက်ပြန်လေ၏ ။ မိခင်ပြန်လာသော ရထားကို မြင်ရမလားဟု တောင်မြောက်လေးပါးကို ကြည့်လေ၏ ။ ထိုအခိုက်တွင် ချွင်ချွင် မည်သော ပဆစ်သည် နားနှင့် ခပ်ဝေးဝေးကလေး ဖြစ်၍ သွားလေ၏ ။ ဖြုန်းခနဲ မော်တော်ကား တစ်စီးသည် အရက်မူးသောသူ၏ မျက်လုံးများနှင့် တူသော မျက်လုံးကြီးများနှင့် စောခင်၏ မျက်နှာကို ကြည့်ကာ အပါးသို့ ရောက်လာလေ၏ ။ စောခင်သည် အံ့အားသင့်လျက် ရပ်၍ ကြည့်နေလေ၏ ။ အရပ်မြင့်မြင့် ပြည့်ပြည့်ဝဝ ထွားထွားကျိုင်းကျိုင်း ဖြူစင်သော စောခင်၏ စိတ်၌ ကိုမောင်ခင် ဆိုတာ ဧကန် သူပဲ ထင်ပါရဲ့ ။ ဘာချောလို့လဲ ။ မြင်ရတာ ဂလိန်းဂလက်နဲ့ ။ ထွီ … ငါ မကြိုက်ပေါင် ။ သူတို့နှစ်ယောက် ဒီလူတွက် ရူးနေကြတာကိုး ။ ဟား .. ဟား ... ရယ်ချင်လိုက်တာ ။ ဒီလူကိုများ သူယူမယ် ငါယူမယ်နဲ့ လုနေကြတာကိုး ချောလည်း ချောတဲ့လူပါပဲ ။ ပိန်ပိန်မြင့်မြင့် ၊ ညိုညိုပြားပြား ၊ အသားအရောင်က မိုးကျ လက်ဖက်ရောင်လို ကိုယ်ဟန်က ဒင်ကြီးနဲ့ ခပ်ဆင်ဆင် ။ ယဉ် မလိုလို ဘာလိုလိုနဲ့ ။ နဂို ချောက်ချောက် ။ အပေါက် ထူထူ ၊ အပူရှပ်တဲ့ လူလို မော်လမြိုင်သား ရွှေကိုယ်နှယ် ဒီလိုပဲတဲ့လား ။ စိတ်များ ပျက်ပါရဲ့တော် ။ သူတို့မို့ ဒီလို လူမျိုးကို လိုချင်တယ် ။ ငါ့ဖြင့် ခဲအိုတောင် တော်ရမှာ ရှက်ပါရဲ့ စသည်ဖြင့် တွေးတောကာ မြင်ရသူ အပေါ်မှာ မကြင်နာ စိတ်ဆိုး ၊ ရန်ငြိုးများ ဖွဲ့၍ နေလေသတည်း ။
၎င်းလူသည် တောင်မြောက်လေးပါးကို လှည့်ကြည့်ရင်း စောခင်ကို မြင်သောအခါ အံ့အားသင့်ပြီး ခပ်ပြုံးပြုံး မျက်နှာနှင့် ရဲတင်းစွာ ကပ်၍ လာပြီး “ မစောတင်တို့ ရှိရဲ့လား ” ဟုမေးလေ၍ စောခင်က “ ရှိပါတယ် ။ ရှိပါတယ် ။ သွားသာသွားပါ ။ ရှင့်ကို … ” ဟုပြောပြီး “ သူတို့ မျှော်နေတယ် ” ဟု ဆက်၍ ပြောမည် ကြံပြီးမှ မဆက်ဘဲ စကားကို တန်းလန်းကြီး ရပ်၍ ထားလိုက်လေ၏ ။
၎င်းလူကလည်း စကားဆက်၍ ပြောဦးမလားဟု အောက်မေ့ကာ စောခင်ကို ကြည့်ကာ ရပ်နေလေရာ စောခင်က “ ရှိပါတယ် ” ဟု ပြန်ပြောလေရာ ၎င်းလူသည် ပေါ့ပါးသော ခြေလှမ်းနှင့် တက်၍ သွားလေ၏ ။
အိမ်ပေါ်သို့ရောက်လျှင်ရောက်ချင်း စောတင်နှင့် စောရင် ခရီးဦးကြိုပြုကာ “ ဪ .. ကိုကို ရောက်လာပလား ။ ဘယ်တုန်းကရောက်သလဲ ” ဟု မေးကြလေ၏ ။
စောခင်က မော်လမြိုင်ရထားက ဆင်းလာတာပဲ ၊ ဘယ်တုံးက ရောက်သလဲလို့ မေးနေရသေးသတဲ့လား ။ ဒီလို ပရိယာယ်မာယာနဲ့ မသိဟန်ဆောင်တာမျိုးဟာ မုန်းစရာ အကောင်းဆုံးပဲ ။ မျှော်နေရင် မျှော်နေတယ်လို့ ပြောလိုက်ပါလား ။ ဘာဖြစ်ရဦးမှာလဲနော် ဟု ပန်းပွင့် ကလေးအား မျက်စမျက်နနှင့် နှုတ်ခမ်းစူကာ မဲ့ကာရွဲ့ကာ ပြောနေလေ၏ ။
ထို့နောက် အတန်ငယ်ကြာသောအခါ ပဆစ် ပစ်သံကိုကြားရလေ၏ ။ ထိုအခါ စောခင်၏ စိတ်၌ ကိုမောင်ခင် ဆိုတဲ့လူချောတော့ နှစ်ယောက်ပြူးများ ရနေ ၊ ကောင်းကင်မှာ ရှိသော ရွှေတော - ရွှေတောင် ၊ ရွှေပင်လယ် ၊ ရွှေမြစ် ၊ ရွှေအင်း ၊ ရွှေအိုင် ၊ ရွှေကျွန်းများနှင့် ရွှေသင်္ဘော ၊ ရွှေလှေ တို့ကို ကြည့်ကာ ငေးစိုက်၍ နေလေ၏ ။ စောရင်သည် အပြင်သို့ ထွက်လာပြီး “ ညည်း အပင်းများ ဘာများ မရှိတော့ဘူးလား ။ ညည်းကို လာပြီး ပင့်မနေနိုင်ဘူး ” ဟု ပြောလေ၏ ။
“ ရှိုချင်တဲ့ အခါ ရှိုမယ် ။ ညည်းတို့ဘာသာ ညည်း တို့ ရှိုကြ ။ ထမင်းစားရမှ အသက်ရှင်တဲ့ အစားမျိုးမဟုတ် ”
“ ညည်းက နတ်သြဇာ စားနေတာပေါ့လေ ။ နေ ... ဘာမျှမချန်ဘူး ။ ကျန်ရင် ခွေးကျွေးပစ်မယ် ”
“ ခွေးမကလို့ ညည်းပဲ အကုန်မျိုမျို ။ သွား ညည်းဟာ ညည်း သွားဆို့ချေ ။ ငါအတွက် မပူနဲ့ ” ဟု ပြောလေရာ စောရင် ဝင်သွားလေ၏ ။
စောခင်သည် အပြင်၌ ဆက်လက်၍ ထိုင်နေလေ၏ ။ ကောင်းကင်၌ ရှိသော ရွှေရောင်တို့သည် မိုးကြိုးရောင် အစင်းအတန့်ကြီးတွေ ဖြစ်၍လေ၍ ထို့နောက် ဆက်လက်၍ ထိုင်နေရာ နေဝင်၍ သွားပြီး အမှောင်တည်း ဟူသော ညဉ့်၏ အတောင်ပံသည် မြေမျက်နှာပြင်ကို လွှမ်းအုပ်လာလေသတည်း ။
ထိုအခါ ထမင်းဆာ၍ လာသဖြင့် အိမ်ပေါ်သို့ တက်ပြီး မီးဖိုထဲသို့ဝင်ကာ ဓာတ်မီးကို ဖွင့်၍ ကြောင်အိမ် ထဲ၌ လှန်၍ရှာဖွေပြီး စားပွဲမှာ ထိုင်ကာ စားသောက်ပြီးသောအခါ တစ်ဖန်အိမ်ရှေ့သို့ ပြန်၍ ထွက်လာပြီး ပန်းခြံ ထဲမှာ နေပြန်လေ၏ ။
စောခင်သည် အိမ်မှာ နေရတာထက် ခုလို လသာသာမှာ ရောက်ရာ ပေါက်ရာ ထွက်၍သွားရလျှင် ကောင်းမှာပဲ ။ အခုနေများ ငါ့ကို လူတစ်ယောက် အတင်း လာခေါ်ပြီး မော်တော်ကား တင်သွားရင် မကြိုက်ပေမယ့် ငါ လိုက်သွားမှာပဲ ။ သင်းတို့ အရင် ငါ လင်ရတယ် ဆိုရုံ ဆိုရစေတော့ ။ အဟုတ် ယူမယ့် လူများ ပေါ်ရင် ယူလိုက်မှာပဲ ။ ယောက်ျားဆိုတာ အစက မကြိုက်ပေမယ့် ဥ မင်မိရင် ကြိုက်တတ်တယ်လို့ ပြောတာကို ငါ ကြားဖူးတယ် ။ ဒီအိမ်မှာ ဒီကောင်မတွေနဲ့ နေရတာ သိပ်ပြီး စိတ်ညစ်စရာ ကောင်းတာပဲ စသည်ဖြင့်တွေးတော၍ နေလေ၏ ။
ထိုအခိုက်တွင် လူတစ်ယောက် ဝင်၍ လာပြီး ခြံလယ်ရှိ လမ်းပေါ်မှာ ရပ်ကာ တောင်မြောက်လေးပါးကို ကြည့်လေ၏ ။ ယောက်ျားပျို တစ်ယောက်သည် ကားတံခါးကို ဖွင့်၍ ဆင်းပြီး ယိုင်ယိုင်ကလေး လှမ်းကာ စောခင် အပါး၌ လာ၍ ရပ်ပြီး “ မစောတင်တို့ ရှိကြသလား ။ ကလေးမ ” ဟု မူးသံထိုထိုနှင့် မေးလေ၏ ။
စောခင်သည် ကြောက်ကြောက်နှင့် ရပ်ကာ ၎င်း လူ၏ မျက်နှာကို ကြည့်လျက် လူတော့ လူချောပဲ ။ ဘယ့်နှယ့်များ အရက်မူးလာပါလိမ့်မလဲ ဟု စဉ်းစားကာ မေးသောစကားကို မကြားသလို ဖြစ်၍ နေလေ၏ ။ “ မစောတင်တို့ ရှိသလား ” ဟု ထိုလူက ထပ်၍ မေးပြန်လေ၏ ။
ထိုအခါမှ စောခင်သည် သတိရပြီးလျှင် “ ဟုတ်ကဲ့ ရှိပါတယ် ။ ဟိုမှာ လူတစ်ယောက်နဲ့ ပဆစ်ပစ် နေကြတယ် ။ အိမ်ထဲမှာ ”
“ ဪ ဪ ..ဟုတ်လား ။ ဪ .. နေပါစေ ။ ဒီလိုဖြင့် သွားနှောင့်ယှက်သလို ဖြစ်တော့မယ် ။ မင်းက ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ ”
စောခင်သည် ထိုချောမောခန့်ညားသော သူ၏ မျက်နှာကို ကြည့်ကာ ဪ ..ဒုက္ခ ၊ ဒုက္ခသနားစရာ ။ ဒီလောက် ချောပါလှပါလျက်နဲ့ အရက်မူးလာတာ သနားစရာ သိပ်ပြီးကောင်းတာပဲ ။ ဘယ်သူကများ သူ့ကို လွှတ်လိုက်ပါလိမ့်မတုန်း ။ မတော်တဆ မူးလို့များ လဲနေရင် သူ့ကို ငါ ထူမရမှာပဲဟု တွေး၍ နေလေ၏ ။
“ မင်း ဒီမှာ တစ်ယောက်တည်း ဘာလာလုပ်နေသလဲ ”
“ မမစောတင် ၊ မမစောရင် တို့က ကျွန်မကို သပိတ် မှောက်ထားတယ် ။ ရှင် ဘာပြုလို့ မေးတာလဲ ”
“ ဘာမှ မပြုပါဘူး ။ လေတွေထဲမှာ မင်းတစ်ယောက်တည်းနေလို့ မတော်တဆ မိုးတွေ ရွာလာရင် စိုကုန်မှာပေါ့ ။ ဒါထက် သူတို့က မင်းကို ဘာပြုလို့ သပိတ်မှောက်ရတာတုန်း ”
“ ကျွန်မ နေ့ခင်းက ရေကန်ထဲမှာ ရေဆင်းကူးလို့ ။ သူတို့က ကျွန်မကို ကြိမ်းမောင်းပြီး အပြင်မှာ တစ်ယောက်တည်း နေရမယ်တဲ့ရှင့် ”
" “ ဪ အပြစ်ကလည်း တကယ် ကြီးတဲ့ အပြစ်ကိုး ။ ရေကူးတဲ့ အပြစ်ဆိုပါတော့နော် ”
“ မင်းက ဘယ်မှာ သွားပြီး ရေကူးသလဲ ။ ရန်ကုန် မြစ်ကြီးထဲမှာလား ”
“ ကျွန်မ နောက်ဖေးက ကန်ထဲမှာ ကူးပါတယ် ”
“ ဪ .. ဟုတ်လား ။ အပြစ်ကလည်း တယ်ကြီးပါလား ။ မင်း အခုလို တစ်ယောက်တည်း နေရတာ စိတ်မညစ်ဘူးလား ။ မပျင်းဘူးလား ”
“ ကျွန်မ တစ်ယောက်တည်း နေရတာ သူတို့နဲ့ နေရတာထက် ပျော်ပါတယ် ”
“ မင်း ငါနဲ့ မော်တော်ကား လျှောက်စီးရရင် ပျော်မှာပေါ့ ။ အင်းလျားကို ပတ်ရအောင် ။ လာလိုက်မလား ”
“ ဟင့်အင်း ၊ ရှင် ဘယ်သူမှန်းလဲ မသိ ။ ဘယ်ကလဲ မသိနဲ့ ။ ကျွန်မ ဘယ့်နှယ့် လိုက်ရမလဲ ။ ပြီးတော့လည်း ရှင်က အရက်တွေ မူးနေတယ် ”
“ မမူးပါဘူး ။ လာသာလာပါ ။ မင်းကို ငါ ဘယ့်နှယ့်မှ မလုပ်ပါ ” ဟု ပြောကာ လက်ကို ကိုင်ဆွဲလေ၏ ။ စောခင်သည် လက်ကို ရုန်းရင်း တောင်မြောက်လေးပါးကို ကြည့်လေ၏ ။ ထို့နောက် ၎င်းလူ၏ မျက်နှာကို ကြည့်လိုက်သောအခါ လူပုံက သားနားပါဘိနဲ့ ။ ငါ ဘယ့်နှယ့်ရှိရှိ လိုက်သွားပြန်ရော့မယ် ။ ဒီကောင်မတွေနဲ့ ငါ မနေပါဘူးဟု စိတ်ထဲ၌ တွေးမိလေ၏ ။ ရုန်းအား လျော့၍ သွားလေ၏ ။ ထိုအခိုက်တွင် “ ငါ တခြားလူ မဟုတ်ဘူး ။ မင်းတို့ကို သိပါတယ် ။ ငါ မင်းကို မတရား သဖြင့် ဘာမှ မကြံစည်ပါဘူး ။ မင်းကို ချစ်လွန်းလို့ပါ ။ မင်းက ပြန်ချစ်ရင် တကယ် အတည်ယူမလို့ တမင်သက်သက် လာတာပါ ။ မရုန်းပါနဲ့ မစောခင် ။ မင်းကို မြင်မြင်ချင်း ငါ အရူးဖြစ်နေပါတယ် ။ မင်းကို မင်းအစ်မများက စိတ်ညစ်အောင် လုပ်ထားတယ် ဆိုတာကလည်း သိသည့်အတွက် သနားပြီး နေတာလည်း အတော်ကြာပါပြီ ။ မင်း အကြောင်းကို ငါ သတင်းရတယ် ။ အဟုတ် အသေအလဲ မင်းကို ချစ်မယ့် လူပါ ။ ငြင်းရင် မှားမှာပေါ့ ။ မင်း ချမ်းချမ်းသာသာနေရမယ် ။ မဆင်းရဲရစေဘူး ။ မင်း အစ်မတွေထက် မင်း မချမ်းသာချင်ဘူးလား ” ဟု လက်ကို လှုပ်ကာ ပြောလေ၏ ။
စောခင်သည် နေရာမှ မရွှေ့ဘဲ ရပ်တွေကာ နေလေ၏ ။ အကြောင်းမူကား ထိုလူ၏ ရဲရင့်ခြင်း ၊ ထိုလူ၏ ပြောဆိုပုံ ၊ ထိုလူ၏ ရိုးသားပုံ ၊ ထိုလူ၏ ချစ်တတ် ၊ ခင်တတ်သော အမူအရာတို့နှင့် မိန်းမတို့၏ စိတ်ကြိုက်ဖြစ်သော မြှောက်ပင့်ခြင်းနှင့် စည်းစိမ်ဥစ္စာတို့ အကြောင်းကို ကြားရပြီးနောက် ဟုတ်ပါလိမ့်မယ် ။ ဒီလူဟာ ငါ့ကို သိတဲ့ လူပဲ ထင်ပါရဲ့ ။ စောတင်တို့ စောရင် တို့ကိုလည်း သူသိတယ် ။ အရက်တော့ သောက်တာပဲ ။ လူဆိုးတော့ မဟုတ်ပါဘူး ထင်ပါရဲ့ ဟု စဉ်းစားကာ စိတ်ကို မပိုင်း ဖြစ်၍ နေလေပြီ ။
“ ကျွန်မ အစ်မများက မော်လမြိုင်က ကိုမောင်ခင်ကို ယူကြလိမ့်မယ် ။ ကိုမောင်ခင်က သူဌေး ရှင့် ။ သည်တော့ သူတို့ထက် ကျွန်မ ချမ်းသာဖို့ အခက်သားပဲ ”
“ သူတို့က နှစ်ယောက်စလုံးပဲ ဒီ ကိုမောင်ခင် ဆိုတဲ့ လူကို ယူကြတော့ မလို့လား ” ဟု ပြုံးရယ်ကာ မေးလေ၏ ။
“ မဟုတ်ဘူးလေ ။ တစ်ယောက်ယောက် ယူမှာ ပေါ့ ”
“ ဪ … ဒီလိုလား ။ နှစ်ယောက်စလုံးများ ယူကြရင် ကိုမောင်ခင် ဆိုတဲ့ လူမှာ ဒုက္ခဖြစ်မှာပဲ ”
“ ကြည့်နေပါ ။ တစ်ယောက်တည်း ယူတောင် သက်သာမှာမဟုတ်ပါဘူး ။ ကျွန်မအစ်မများပါပဲ ။ နို့ပေမယ့် ကိုမောင်ခင် ဆိုသူကို သနားပါရဲ့ ”
“ ဒီကိုမောင်ခင်ကို မင်း မြင်ဖူးသလား ”
“ ဒီကနေ့မှ မြင်ဖူးပါတယ် ။ အခု အိမ်မှာ ရှိပါတယ် ။ မမတို့နဲ့ ပဆစ်ပစ်နေတယ် ”
“ ဪ .. ဟုတ်လား ။ ကိုခင်မောင်လေ ။ ဒီလိုဖြင့် သူတို့ကတော့ သူတို့ ရည်းစားနဲ့ ပျော်လို့ ကစားနေကြတာ ။ မင်းကိုတော့ တစ်ယောက်တည်း ပယ်ထားတယ် ။ မင်းက စိတ်မနာဘူးလား ။ မင်းလည်း သူတို့လို သဘောထားပြီး ငါနဲ့မော်တော်ကား စီးရအောင် လိုက်ပါလား ”
“ အမယ်လေး မစီးဝံ့ပါဘူး ။ ကြောက်ပါတယ် ။ ရှင် ကျွန်မကို ကားနဲ့ အတင်း ခေါ်မလို့ ကြံတာလား ” ဟု ပြောရင်း နောက်သို့ လှည့်၍ ကြည့်လိုက်ရာ စောတင် ၊ စောရင်တို့နှင့် ၎င်းတို့၏ အဖော် ဧည့်သည်နှင့်အတူ ဆင်း၍ လာကြသည်ကို မြင်လေ၏ ။
ထိုအခါ ၎င်းယောက်ျားပျိုက “ ဟောဟော လာကုန်ပြီ ။ အပြင်ထွက်လာကြပြီ ။ မင်းနဲ့ ငါ့ကို မြင်တော့မယ် ။ လာပါ မကြောက်ပါနဲ့ ။ တစ်ခုခု ဖြစ်ရင် ငါ့ တာဝန် ။ မင်းမှာ မှည့်တစ်ပေါက် မစွန်းစေရဘူး ။ လာလာ ဟု ပြောပြောဆိုဆို စောခင်ကို သန်မာသော လက်များနှင့် ပွေ့ယူလိုက်လေရာ စောခင်၏ ပေါ့ပါးသော ကိုယ်ကလေးသည် ဝါဂွမ်းဆိုင်ကလေးလို လိုက်ပါ၍ သွားလေသတည်း ။
စောခင် သည်ကား ထိုလူ၏ ပွေ့ကိုင်တွယ်ခြင်းကို တစ်နည်းအားဖြင့် နှစ်သက်သလို ဖြစ်ကာ ဒီလူကို ငါချစ်ပါတယ်ထင်ပါရဲ့လေဟု စိတ်ထဲမှာ အောက်မေ့ရင်း ကားပေါ်သို့ မငြင်းဆန်သာဘဲ ရောက်၍ သွားလေ၏ ။ ကားလည်း လျင်မြန်စွာထွက်၍ သွားလေသတည်း ။
၎င်းယောက်ျားပျိုသည်ကား လက်နှစ်ဖက်နှင့် မော်တော်ကား မောင်းသော လက်ကို စုံကိုင်ကာ စောခင် ကို စောင်းငဲ့လျက်ကြည့်ပြီး ညီညွတ်လှပသော သွားများ ပေါ်အောင် ပြုံးလေ၏ ။
စောခင်၏ စိတ်၌ ထိုသူကို ချစ်၏ ။ ချစ်သဖြင့် အမှု ဖြစ်မှာကိုစိုးကာ သနားပြီး ငါအော်လိုက်ရင် သူဒုက္ခ ဖြစ်တော့မှာပဲ ၊ ဒုက္ခဖြစ်ရင် သိပ်သနားစရာ ကောင်းမှာပဲ ။ သူ ငါ့ကို တစ်မျိုးတစ်မည် ကြံတာတော့ မဟုတ်ပါဘူး ။ အဟုတ် ငါ့ကို ချစ်လို့ အတည်ယူမယ် ကြံတာနဲ့ တူတာပဲ ။ ငြိမ်ငြိမ်ကလေး လိုက်သွားရင် ငါ့မှာ ဘာမှဖြစ်မှာ မဟုတ် ။ ယောက်ျားချောချောတစ်ယောက်ကို ရဖို့ ရှိမှာပဲ ။ ဒီကောင်မတွေနဲ့ နေရတာထက်ဖြင့် အခုည ယောက်ျား တစ်ယောက်ရတာက ပိုပြီးကောင်းမှာပဲ စသည်ဖြင့် တွေးကာ စိတ်က မပါ နှုတ်ဖြင့်သာ ခရာပြီး “ ရပ်တော့ ။ ရှင် ကျွန်မကို ပြန်ပို့ ။ ဘာမှတ်သလဲ ။ ကျွန်မ အော်လိုက်ရင် တစ်ရပ်လုံး သိပြီး ထွက်လိုက်ကြလိမ့်မယ် ” စသည်ဖြင့် ငိုတော့မလို မဲ့ကာ ပြောလေ၏ ။
ထူးဆန်းသော ယောက်ျားပျိုသည်ကား စကား တစ်ခွန်းမှ ပြန်၍ မပြောဘဲ ၎င်းကို ကြည့်ကာ ပြုံးလျက်သာ ကားကို မောင်းသွားလေ၏ ။ သို့ မောင်းရာ အတော် ရောက်၍ သွားသော်လည်း စောခင်ကို လက်ဖျားနှင့်မှ မတို့ဘဲ နေလေ၏ ။
ထိုကဲ့သို့ နေ၍ နာရီဝက်ခန့်လောက် ကြာသောအခါ ခရီးအတော် ပေါက်ရောက်၍ သွားသဖြင့် သူ ငါ့ကို တစ်ခုခု လုပ်ရင် ဧက န်နေရာတစ်ခုခုကို ခေါ်သွားမှာပဲ ။ အခုတော့ ငါ့ကို လက်ဖျားနဲ့တောင်မှလည်း မထိဘူး ။ ဒီလူဟာ လူထူးဆန်းပဲ ။ ငါ့ကို သူ ကစားစရာကလေးလို မှတ်ထင်ပြီး ကြည့်၍သာ ပြုံးနေတာပဲ ။ ဒီလူဟာ ဘာမှ ကြောက်ရလန့်ရမှန်းလည်း သိမှာမဟုတ်ဘူး ။ ထင်သလို လုပ်တတ်တဲ့ လူတစ်ယောက်နဲ့ တူတာပဲဟု စိတ်ထဲ၌ အောက်မေ့ကာ တောင်းပန်၍ ရမည်မဟုတ်သည်ကို သိသည်နှင့် ငြိမ်သက်၍သာ ပါသွားရှာလေသတည်း ။
မော်တော်ကားသည် ကန်တော်ကြီးကို တစ်ပတ် ပတ်ပြီး ရွှေတိဂုံဘုရားဘက်သို့ မောင်းလေ၏ ။ ထို့နောက် ကုက္ကိုင်းလမ်းကြီးဘက်သို့ သွားလေ၏ ။ စောခင် သည် ငြိမ်သက်စွာလိုက်၍ သွားရာ ပူအိုက်သော ညဉ့်၌ လေအေးကလေးက မျက်နှာကို ဖြန်းပက်သဖြင့် တမှေးမှေးပျော်ကာ ယောက်ျားပျို၏ ပခုံးကို မှီမှန်းမသိ မှီမိလေ၏ ။ ယောက်ျားပျိုသည် အိပ်ပျော်၍ နေမှန်း သိသဖြင့် မျက်နှာကို ဝင်းခနဲ ဓာတ်မီးနှင့် ထိုး၍ကြည့်လေရာ အိပ်ရာ မှလန့်နိုးပြီး “ အို ဘယ့်နှယ် လုပ်တာလဲ ၊ ကျွန်မ မျက်နှာကို မပြချင်ပါဘူး ။ နေပူလောင်လို့ အဖတ်တွေ ကွာနေတယ် ။ အရုပ်ဆိုးတာကို ကြည့်ချင်လို့လား ” ဟု ပြောပြီး မှီရာမှ မတ်စွာ ထိုင်လေ၏ ။ ယောက်ျားပျိုလည်း ပြုံးရယ်လျက် ဓာတ်မီးကို ဖယ်ထားလိုက်လေ၏ ။
ထိုကဲ့သို့သွားရာ အင်းလျားကို တစ်ပတ် ပတ်ပြီး ကြည့်မြင်တိုင်ဘက်သို့ ရောက်သွားလေ၏ ။ တစ်ဖန် ကြည့်မြင်တိုင် မှ ရန်ကုန်သို့ ပြန်လာပြီး လွစ်လမ်းတံတား ဘက်သို့ ရောက်သွားရာ မော်တော်ကားကို ဆိတ်ငြိမ် ရိပ်မှောင်သော နေရာ၌ ရပ်ကာ ကားပေါ်မှ မဆင်းဘဲ မြစ်ဘက်မှလာသော လေညင်းကို ခံယူရှူရှိုက်ကာ ထိုင်၍ နေကြလေ၏ ။
ယောက်ျားပျိုသည် မြစ်ဘက်ကို ကြည့်ကာ တစ်စုံတစ်ရာကို စဉ်းစား၍ နေလေ၏ ။ စောခင်သည် ၎င်းကို ကြည့်ကာ ဘယ့်နှယ်လူပါလိမ့်မတုံး သူ့မှာ အေးအေးဆေးဆေး ဘာမှကြောက်ရ ရွံ့ရတို့ကို မတွေးမိဘူး ထင်ပါရဲ့ဟု တွေးပြီး ၎င်း၏ ငြိမ်သက်ရိုးသားခြင်းကို စိတ်ထဲမှာ ချီးမွမ်းမိလေ၏ ။
ထိုကဲ့သို့ မြစ်ဘက်ကို ငေး၍ နေရာမှ စောခင်ကို ရုတ်တရက် လှည့်၍ ကြည့်လိုက်သည့်အခါ စောခင် မိမိကို ကြည့်နေကြောင်း မြင်ရလေ၏ ။
“ အိမ်ကို ပြန်ချင်ပြီလား ”
“ ပြန်ချင်တာပေါ့ရှင် ၊ မပြန်ရင်တော့ ကျွန်မကို ဝိုင်းပြီး ဆူကြတော့မှာပဲ ”
“ ဆူပေမယ့် မင်း ငါ့ကို ချစ်ရင် ဘာပူစရာရှိသလဲ ”
“ ရှင် လူရမ်းကားကြီး ၊ ကျွန်မ မချစ်ချင်ပေါင် ၊ ပါးစပ်က အရက်စော်နဲ့ ဘာနဲ့ ”
“ အခု မမူးတော့ပါဘူးကွဲ့ ၊ ငါ မူးရင် ဘယ့်နှယ်ဟာကို သွားသွား လုပ်မိမှန်း မသိပါဘူး ။ အခု မင်းကို ငါ အတင်းခေါ်လာမိတာ တွေးပြီး စိတ်မကောင်း ဖြစ်နေတယ် ”
“ ရှင် ဒီလိုဖြင့် အရက်သောက်တိုင်း ဒီလို ထူးဆန်းတာတွေကို လုပ်ရင် ရှင်ဟာ လူ့ပြည်နဲ့ တော်တဲ့ လူမဟုတ်ဘူး ။ လူသတ္တဝါတွေကို တစ်နေ့သ၌ ဘေးအန္တရာယ် ဖြစ်အောင် လုပ်မိလိမ့်မယ် ။ သည်တော့ ရှင် ဒုက္ခရောက်မှာပဲ ။ ရှင် အတော်ခက်တဲ့ လူပါလား ”
“ မင်းကို ငါ အခု ခေါ်တာတော့ ဘာမှ မဖြစ်ပါဘူးနော် ။ မင်းငါ့ကို ချစ်တာကို မင်းမျက်လုံးထဲမှာ ငါ မြင်ရတယ် ၊ မင်းမလိမ်ရဘူး ။ လိမ်ရင် ပစ်သ,တ်လိုက်မယ်ဟု ပြောလေ၏ ။ မင်းကိုများ ငါ ရရင် အရက် မသောက်ဘူး ၊ အရက်ကို တစ်ခါတည်း ဘုရားကိုရော မယားကိုရော လှူပစ်မယ် ။ ငါက ရှောင်နိုင်တဲ့ အကောင်ကွဲ့ ”
“ ရှင်လား တကယ် ရှောင်နိုင်မှာ ။ ရှင့် စိတ်ကိုရှင် အစိုးမှ မရဘဲ ”
“ တကယ် ရှောင်နိုင်ရင် မင်း ငါ့ကို ချစ်မလား ”
“ တကယ်ရှောင်နိုင်ရင် ချစ်တော့ ချစ်ပါရဲ့ ၊ မချစ်ဝံ့ဘူး ”
“ ဘာပြုလို့လဲ ”
“ ရှင် ဓားပြလား ၊ လူဆိုး ဝရမ်းပြေးလား ကျွန်မ သိမှ မသိဘဲ ”
“ ဝရမ်းပြေး လူဆိုး မဟုတ်ပါဘူး ။ ငါ မင်းကို သိတဲ့ လူပါ ၊ မင်းအမေလည်း ငါ့ကို သိပါတယ် ။ ငါနဲ့ လည်တယ် ဆိုရင် မင်းအမေက မင်းကို ဆိုမှာ မဟုတ်ပါဘူး ။ မသကာ မင်းအစ်မများကသာ နည်းနည်းပါးပါး ဆူချင် ဆူမှာ ”
စောခင်သည် မယုံကြည်သော မျက်နှာနှင့် ၎င်းကို ကြည့်၍ နေလေ၏ ။ သို့ ကြည့်နေပြီးမှ “ ရှင် ပြောတဲ့ အတိုင်း မှန်ရင် ကျွန်မ ရှင့်ကို ယူမယ် ”
ထိုအခါ ၎င်းယောက်ျားပျိုသည် အားရဝမ်းသာသော အမူအရာနှင့် ငေါက်ခနဲ ထူထောင်၍ ထိုင်ကာ “ အဟုတ်လား ၊ တကယ်နော် ” ဟု ပြောကာ ပခုံးကို ကိုင်လေ၏ ။ မဟုတ်ရင် သူသည်လောက်တောင် စိတ်ချ လက်ချ ပြောနိုင်မှာ မဟုတ်ပါဘူး ဧကန် ဟုတ်ပါလိမ့်မယ် ။ ငါ့ကို တစ်မျိုးတစ်မည် ကြံရင်လည်း သည်လို ဘာမှ မလုပ်ဘဲ နေဖို့ မဟုတ်ပါဘူး ။ သူအရိုးပဲ ထင်ပါရဲ့လေဟု တွေးကာ စောခင်သည် လက်ကို ဖယ်၍မချဘဲ မိမိ ရှေ့၌ ရှိသော ဓာတ်မီးတိုင် ကိုသာ ကြည့်၍ နေလေ၏ ။
တကယ် ငါ့ကို သူ အတင်း ကြံချင်ရင် ခြံကြိုခြံကြား ထဲကတောင် အခုအနေ ထွက်ရမှာ မဟုတ်သေးဘူး ။
“ ရှင်ကျွန်မကို အခု အိမ်ပြန်ပို့မလား ”
“ မင်း ပြောတဲ့ စကား တည်ရင် ပို့တာပေါ့ ”
“ ရှင်အရက်ကို ဖြတ်မှတည်မှာ ”
“ အောရိုက် ၊ ကောင်းပြီ ၊ ပို့မယ် ၊ နည်းနည်းကလေး စောင့်ဦး ။ လေကလေး အေးလွန်းလို့နော် ” ဟု စောခင်၏ တင်းမာချောမော ပြည့်ဝသော ပေါင်ပေါ်သို့ လက်ကို တင်ကာနေလေ၏ ။
စောခင်၏ ရင်ထဲမှာ လေပြည်ဝှေ့ပြီး အကြောအခြင်တွေမှာလှုပ်ရှား၍ သွားပြီး ယောက်ျားပျို၏ မျက်နှာကို ငေးမောကာ မျက်တောင်မခတ်ဘဲ မော်၍ ကြည့်လေ၏ ။ ယောက်ျားပျိုလည်း ထို့အတူ ပြန်၍ ကြည့်ပြီး မျက်နှာချင်း နီးကပ်၍သွားလေ၏ ။ ထိုအခါ ယောက်ျားပျိုသည် နှင်းဆီပန်းကလေးပေါ်မှာ ပျားကောင်ကလေး နား သလောက်မှ လေးအောင် မဖိဘဲ ၊ စောခင်၏ ပါးကို နှုတ်ခမ်းနှင့် ထိရုံကလေးမျှ နမ်းလိုက်လေ၏ ။ ထိုအခါ စောခင်၏ စိတ်၌ ထို လူဘေးမဲ့ လူကောင်းတစ်ယောက် ဖြစ်ကြောင်းကို သာ၍ သိသဖြင့် စိတ်ထဲ၌ အားမလို အားမရ ဖြစ်၍ နေလေ၏ ။
ထို့နောက် မော်တော်ကားနှင့် တစ်ဖန် ထွက်ပြန်ရာ ၎င်း ဒါလဟိုဇီလမ်းရှိ နေအိမ်သို့ ပြန်၍ ရောက်သွားကြလေသတည်း ။
နှစ်ယောက်သား ကားပေါ်မှ ဆင်းကြ၍ အိမ်ဘက်သို့ ကြည့်လိုက်သောအခါ စောတင် ၊ စောရင် ၎င်းပြင် မိခင် ဖြစ်သူသည် အိမ်ရှေ့၌ သုံးယောက်သား ရပ်ကာ လမ်းဘက်ကို မျှော်၍ နေကြသည်ကို မြင်လေသတည်း ။ စောခင် သည် ထိတ်လန့်၍ သွားလေ၏ ။ ၎င်းတို့ အနားသို့ နှစ်ယောက်စလုံး ကပ်၍သွားကြလေ၏ ။ ယောက်ျားပျိုသည်ကား နောက်ချန်၍ လမ်းနံဘေး သစ်ပင်ရိပ်ကို ခို၍ လာလေ၏ ။ ၎င်းတို့၏ အနီးသို့ ရောက်လာကြသောအခါ မည်း၍ နေသော မန်ကျည်းပင် ကလေး၏ အရိပ်အောက်သို့ ယောက်ျားပျိုသည် ဝင်ရောက်လေ၏ ။
တင် ။ ။ “ ကိုင်း ညည်း ဘယ်လင်နဲ့ လိုက်သွားတာလဲ ”
ရင် ။ ။ “ ညည်း ဘာပြုလို့ အိမ်ကို ပြန်လာသေးသလဲ ၊ ဟိုဟာ ဘယ်သူလဲ ”
မိခင် ။ ။ “ ညည်း လုပ်တာ တော်ရဲ့လား သမီးရယ် ၊ ကြည့်စမ်း တစ်အိမ်သားလုံး ထိတ်လန့်ပြီး ဂါတ်တဲ တိုင်ရတော့ မလိုလိုတောင် ဖြစ်နေတယ် ။ ဟိုဒင်းက ဘယ်သူလဲ ၊ မင်း ဘယ်ကလဲ ၊ ငါ့သမီးကို မင်း အတင်း တင်သွားတာ မဟုတ်လား ”
ထိုအခါ ယောက်ျားပျိုသည် မှောင်ရိပ်မှ ထွက်လာပြီး ၎င်းတို့ရှေ့၌ မတ်တတ်ရပ်ကာ မိမိ၏ မျက်နှာကို ဓာတ်မီးနှင့် ထိုး၍ပြလေရာ အားလုံး အံ့အားသင့်၍ နေကြလေ၏ ။ ထို့နောက် “ စောခင် ကျွန်တော်နဲ့ ထွက်လည်တာ နှစ်နာရီ မကျော်သေးပါဘူး ” ဟုပြောကာ ရေဒီရမ်း လက်ပတ်နာရီကို ကြည့်လေ၏ ။
မိခင်နှင့် တကွ အစ်မ နှစ်ယောက်သည် အံ့အားသင့်၍ နေကြလေ၏ ။ စောခင် သည်ကား ပိုမို၍ အတွေး ခက်ပြီး ၎င်းလူပျို၏ မျက်နှာကို စိုက်ကာ ကြည့်လေ၏ ။ အမယ်ကြီးသည် ပါးစပ်ဟလျက် စောခင် နှင့် ၎င်းယောက်ျားပျိုကို ကြည့်၍နေလေ၏ ။ စောတင် နှင့် စောရင် သည် အံ့သြလျက် မိန်းမောတွေဝေ၍ နေလေ၏ ။ ထို့နောက် စောရင်က “ ကိုမောင်ခင် ၊ ကိုမောင်ခင် ဘယ့်နှယ်လုပ်တာလဲ ” ဟု ပြောကာ မောင်ခင်၏ အပါးသို့ ကပ်လာလေ၏ ။
“ ဘယ့်နှယ်မှ မလုပ်ပါဘူး ၊ ကျွန်တော် လာတော့ အိမ်ရှေ့မှာ စောခင်ကို တွေ့တယ် ၊ မစောတင်တို့ မစောရင်တို့ ရှိရဲ့လားလို့ မေးတော့ မော်လမြိုင်က ကိုမောင်ခင် ဆိုတာနဲ့ ပဆစ်ပစ်နေကြတယ်လို့ ပြောတယ် ။ ဒီတော့ ကျွန်တော်က မင်းတော့ ဘာပြုလို့ ပဆစ် မပစ်တာလဲလို့ မေးတော့ သူတို့က ကျွန်မကို ဝိုင်းပယ်ထားတယ်တဲ့ ။ သည်တော့ ကျွန်တော်က သနားတာနဲ့ ဝိုင်းပယ်ထားရင် အပျင်းပြေ ငါနဲ့ မော်တော်ကား စီးမလားလို့ မေးတော့ စီးတာပေါ့တဲ့ ပြောတာနဲ့ ကျွန်တော်တို့ လျှောက်လည်ကြတာပဲ ၊ နှစ်နာရီ မကျော်သေးပါဘူး ” ဟု ပြောလေ၏ ။
စောခင်၏ မျက်နှာသည် လင်း၍ လာလေ၏ ။ အကြောင်းမူကား မိမိ စွဲမှတ်သော ကိုမောင်ခင် ဆိုသူသည် တကယ့် ကိုမောင်ခင် အစစ် မဟုတ် ၊ တခြားက ဖြစ်နေကြောင်း သိရသဖြင့် ဝမ်းမြောက်လျက် မှတ်ကရော ကိုမောင်ခင်ကို လိုချင်လှတဲ့ ကောင်မတွေ ဟု စိတ်ထဲမှာ အောက်မေ့ကာ နှလုံးမှာ ဆွေ့ဆွေ့ခုန်၍ နေလေ၏ ။
တင် ။ ။ ကိုဘရှင်ကို ညည်းက ကိုမောင်ခင် လို့ သွားပြောတယ် ဆို ။
ခင် ။ ။ ပြောတယ် ဘာဖြစ်သလဲ ၊ မဟုတ်ရင် ပြီးရော မဟုတ်လား ဟု ပြောလေ၏ ။
မောင်ခင်သည် အမှတ်တမဲ့ ပန်းခြံထဲသို့ ဝင်၍ သွားသောအခါ ညီအစ်မသုံးယောက် အံတကြိတ်ကြိတ် ဖြစ်၍ နေကြလေ၏ ။ စောတင်နှင့် စောရင်က စောခင်ကို ဝိုင်း၍ အပြစ်တင်နေကြလေ၏ ။
“ ညည်းကို နှစ်နာရီတောင် ခေါ်သွားပြီး အလကား ပြန်ပို့တယ် ဆိုတာ ယုံမယ် ထင်သလား ”
“ မယုံချင်နေ ယုံချင်ယုံ ၊ ဟုတ်တယ် ။ ဟုတ်တယ် ။ ကိုမောင်ခင်နဲ့ ငါ ညားပြီးပြီ ။ ကိုမောင်ခင် နဲ့ ငါနဲ့ ယူတော့မယ် ၊ ကိုင်း - ဘာဖြစ်သလဲ ၊ ငါ ကြိုက်လို့ သူ ခေါ်ရာ လိုက်သွားတာ ၊ ညည်းတို့ ဒီလို ဆူကြီးပူကြီး လုပ်နေရင် အခု ပြန်လိုက်သွားဦးမယ် ” ဟု ပြောလေရာ မိခင် ဖြစ်သူက ကပ်၍ လာပြီး “ မဆူကြပါနဲ့အေ ၊ အိမ်နီးချင်းတွေ ကြားကုန်ပါ့မယ် ။ ညီအစ်မသုံးယောက် အနက် တစ်ယောက်ကို မောင်ခင် ယူရင် ပြီးတာပါပဲ ” ဟုပြောပြီး အိမ်ထဲသို့ ဝင်သွားလေ၏ ။ စောတင်နှင့် စောရင်လည်း ဝင်သွားကြလေ၏ ။
နောက်မကြာမီ စောခင်နှင့် မောင်ခင်သည် ပန်းခြံထဲတင် ယှဉ်တွဲကာ လှည့်လည် လမ်းလျှောက်ကြပြီး တစ်ခုသော ခုံတန်းပေါ်၌ ယှဉ်၍ ထိုင်ကြရာတွင် စောခင်သည် မောင်ခင်၏ ရင်ဘတ်ထဲသို့ ရောက်၍ နေလေသတည်း ။
▢ ပီမိုးနင်း
📖 ဗြိတိသျှဘားမား မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၁၉၂၈
No comments:
Post a Comment