Monday, May 11, 2026

အကောင်းအဆိုးများနှင့် အတူ


❝ အကောင်းအဆိုးများနှင့် အတူ ❞
          ( ဖူးသစ်မော် )

“ ဟုတ်ကဲ့ မင်းထွန်းပါ ”

“ ဟေ့ကောင် ငါ မျိုးကျော်ရယ် ။ အောင်ကျော် မင်းဆီရောက်နေသလား ”

“ ငါ့ဆီ မလာဘူးကွ ၊ ဘာဖြစ်လို့လဲ ”

“ ဒီကောင် အိမ်ကနေ ထွက်သွားတာ နှစ်ပတ်ကျော်ပြီ ၊ သူ သွားတတ်တဲ့ သူ့သူငယ်ချင်းတွေ ရွာကို စုံစမ်းကြည့်တော့ ပြန်သွားတာ နှစ်ရက်ရှိပြီတဲ့ ။ အိမ်လည် ပြန်မလာဘူးကွ ။ မင်းဆီများ ဆက်သွားနေသလားလို့ လှမ်းမေးကြည့်တာ ။ စိတ်လေနေမှာစိုးလို့ အလုပ် တစ်ခုခု လုပ်ပါလား ပြောမိရာက စကားအချေအတင် ဖြစ်သွားတာပဲ ။ ခုထိ ဘာမှလည်း စိတ်မဝင်စားဘူး ။ မင်းဆီ လာရင်လည်း လက်ချာလေး ဘာလေး ပေးလိုက်စမ်းပါဦး ။ မင်းကိုတော့ ဒီကောင်က လေးစားတယ်ကွ ”

“ ပြောသင့်ပြောထိုက်တာတော့ ပြောတာပဲကွာ ၊ သူကတောင် ငါ့ကို ပြန်ပြီး လက်ချာရိုက်တတ်သေးတယ် ။ ဟား ဟား တိတိကျကျ ထောက်ပြရအောင်ကလည်း ဘာမှ မလုပ်သေးတဲ့သူဆိုတော့ ဘာမှ မမှားသေးဘူးလေ ”

“ ဘာမလုပ်ရမှာလဲ ။ အခု ဒီကောင် သောက်တတ်နေပြီကွ ”

“ တစ်ခါတလေမို့လား ၊ Social Drinking အဆင့် လောက်က ဒီခေတ်မှာ ယဉ် ကျေးမှုတစ်ခုလိုတောင် ဖြစ် နေပြီ ။ အဆင့်ကျော် မသွားဖို့ သာ အရေးကြီးတာပါ ။ သူလည်း ခေတ်ပညာတတ်လူငယ် တစ်ယောက်ပဲ ။ သူ့ဘဝနဲ့ ယုံကြည်ချက်တွေ ဆုံးဖြတ်ချက်တွေထဲ ဝင်ပြီး ဆရာကြီး လုပ်လို့ မရတော့ဘူး ။ စကား ပြောရင်း ငြင်းခုံရင်း မသိမသာ နှိုက်ထုတ် ၊ ချေချွတ် ၊ ပြန် ဖြည့် ၊ အားပေး ၊ တည်ဆောက် နည်းတွေနဲ့ စိတ်ရှည်ရှည်သွား ရမယ့်ကိစ္စမျိုးကွ ”

“ ရှုပ်နေတာပဲကွာ ၊ မင်းနဲ့တော့ လိုက်ဖက်ပါတယ် ။ ဒီကောင်ကလည်း ကျောင်းပြီး ကတည်းက စာအုပ်တွေ နိုင်ငံတကာ သတင်းတွေနဲ့ နပန်းလုံးနေတော့တာ ။ စကားပြောလိုက်ရင်လည်း စကားလုံးတွေက ပါးစပ်နဲ့မဆံ့ဘူး ။ စာကြောင် ကြောင်နေသလား ထင်ရတယ် ။ ကဲ ၊ ဒါပဲကွာ မင်းကလည်း ငါ့ဆီတောင် လာဖော်မရတော့ဘူး ။ လူပျိုကြီး လုပ်နေပြီး ဘယ်သူ့ ကြောက်နေရလို့လဲ ”

“ မင်းလို ကြောက်ရမယ့် မိန်းမ မရှိပေမဲ့ စောင့်ရှောက်ရမယ့် အမေရှိသေးတယ်ကွ ။ ကဲ ၊ ငါလည်း အလုပ်သွားချိန်နီးပြီ ၊ ဒါပဲနော် ”

မျိုးကျော်နှင့် ဖုန်းပြော အပြီး အလုပ်ကို ထွက်လာစဉ် ကျွန်တော် ဖတ်ခဲ့ဖူးသော ကဗျာတစ်ပုဒ်ကို သတိရမိသည် ။ ဗြိတိသျှကဗျာဆရာ Paul Muldoon ၏ “ ဘရောင်လီ ” အကြောင်း ကဗျာဖြစ်ပါ သည် ။ ဘရောင်လီ အမည်ရှိ လယ်သမားလူငယ်လေးတစ်ယောက် လယ်တောအိမ်မှ ပျောက်သွားသည် ။ တစ်ရွာလုံး အဆန်းတကြယ်ဖြစ်ကြရသည် ။ ဘရောင်လီတွင် သူ့ဘဝ သူ ကျေနပ်လောက်စရာ မြေယာ ရှိသည် ။ စပါးနှင့် အာလူးစိုက်ခင်းတွေ ရှိသည် ။ လယ်ထွန်ရင်း တန်းလန်း အဆိုင်းပင် မဖြုတ်ရသေးသည့် ခိုင်းမြင်းနှစ်ကောင်ရှိသည် ။ သင်ပုန်းကျောက်မိုးအိမ်ရှိသည် ။ သို့သော် ဘရောင်လီ ဘာကြောင့် ထွက်သွားသည်ကို တစ်ရွာလုံးအဖြေရှာလို့ မရကြဘဲ ပဟေဠိ ဖြစ်ကျန်ရစ်ခဲ့ကြသည် ။

ကဗျာဆရာသည် စွန့်ဦး တီထွင်တတ်ကြသော လူ ငယ်ထု ကိုယ်စား ဘရောင်လီ၏ ရုပ်ပုံလွှာကို ဖန်တီးထင်ဟပ်ပြလိုက်ဟန်တူပါသည် ။

ပထမဘဝတွင် ပညာသင်ကြရသည် ။ ကိုယ့်ဘဝ ကိုယ့်အခြေအနေအလျောက် ထိုက်သင့်သည့် ပညာအရည် ယအချင်းလေးတွေကို အားပြုကာ ဘဝရှင်သန်မှုအတွက် ရေကြည်ရာ မြက်နုရာ ရှာဖွေကြသည် ။ များသောအားဖြင့်တော့ စက်မှုဖွံ့ဖြိုးပြီး ဈေးကွက်သက်ဝင်မှုကြီးမားသည့် မြို့ကြီးပြကြီးတွေဆီသာ ဦးတည်ချီတက်တတ်ကြသည် မဟုတ်လား ။ ယခုအခါ ခရီးဆောင်ကျောပိုးအိတ်ကိုယ်စီ နှင့် စောင့်ဆိုင်းနေတတ်ကြ သော လူငယ်တွေကို ရွာကား ဂိတ်နှင့် မြို့ပြကားဂိတ်တွေ အပြင် နိုင်ငံတကာလေဆိပ် တွေအထိပင် မြင်တွေ့နေကြရ ပါသည် ။

အောင်ကျော် ဆိုသည့် ခေတ်ပညာတတ် လူငယ်တစ်ယောက်ကတော့ ထိုမျှလောက် ခြေလှမ်းမကျယ်သေးဘူး ထင်သည် ။ သူ့ဇာတိမြို့ ပွင့်ဖြူနှင့် မိုင်နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင်လောက်သာ ခြေစကြာဖြန့်ကြက်လို့ ကောင်း တုန်းရှိပါသေးသည် ။

အောင်ကျော်၏ အစ်ကို မျိုးကျော် သည် ကျွန်တော်နှင့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည် ။ သူ မကွေးတက္ကသိုလ် ရောက်လာတော့ အတန်းတူ မေဂျာတူ ပေါင်းဖက်မိကြသည် ။ သူက ပထမနှစ်တွင် အဆောင်မှာနေခဲ့ပြီး ဒုတိယနှစ်မှ စ၍ သိင်္ဂါရပ် ထဲရှိ ကျွန်တော့် အိမ် သို့ ပြောင်းနေကာ ကျောင်းအတူ တက်ခဲ့ကြသည် ။ ကျောင်းပိတ်ရက်များတွင် သူ့ဇာတိမြို့ ပွင့်ဖြူသို့ မကြာခဏ ကျွန်တော် လိုက်လည်ခဲ့သည် ။ ထိုစဉ် ကတည်းက အထက်တန်း ကျောင်းသား အောင်ကျော် နှင့်ပါ ခင်မင်ရင်းနှီးခဲ့ပါသည် ။

ကျောင်းပြီးပြီးချင်း မျိုးကျော် အိမ်ထောင်ကျသည် ။ သူ အိမ်ထောင်ကျပြီး တစ်နှစ်ခန့် အကြာတွင် မိဘတွေ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသည် ။ သို့သော် သူတို့ ညီအစ်ကိုနှစ်ယောက် ကံကောင်းကြပါသည် ။ မိဘတွေက အလယ်လမ်းထဲတွင် တိုက်ခံအိမ်တစ်လုံးနှင့် ဈေးကြီး အပြင်တိုက်တန်းတွင် ကုန်စုံဆိုင်ကြီး တစ်ဆိုင် အမွေထားရစ်ခဲ့သည် ။ မျိုးကျော်တို့ လင်မယားက ကုန်စုံဆိုင်ကို ဆက်လက်ဦးစီးလုပ်ကိုင်ခဲ့ကြသည် ။

အောင်ကျော်က အစ်ကို ဖြစ်သူနှင့် အသက် သုံးနှစ် လောက် ကွာသည် ။ သူ မကွေးတက္ကသိုလ် လာတက် တော့ သူ့အစ်ကို နည်းတူ ကျွန်တော့် အိမ်မှာ နေပြီး ကျောင်းတက်သည် ။ သူ့ကို ကျွန်တော်က ညီငယ်တစ် ယောက်လို ဆက်ဆံကာ သူ ငယ်ချင်း တစ်ယောက်လို လည်း ပေါင်းခဲ့သည် ။ အောင်ကျော် ကျောင်းမပြီးမီ ကျွန်တော့် အဖေ ဆုံးသည် ။ အဖေ့လုပ်ငန်းကို ကျွန်တော်ဆက်လက် လုပ်ကိုင်ရင်း ပွင့်ဖြူမြို့နှင့် ဝေးကွာသွားခဲ့ပါတယ် ။

ကျောင်းပြီးသွားသော အောင်ကျော် ကမူ မကွေးမြို့ သို့ မကြာမကြာ ရောက်လာတတ်သည် ။ အိမ်တွင် အမေ နှင့် ကျွန်တော် နှစ်ယောက် တည်းသာ ရှိသဖြင့် သူ့အတွက် လွတ်လပ်နေသည် ။ အောင်ကျော်က သူ့အစ်ကိုနှင့် ဆန့်ကျင်ဘက်စရိုက် ရှိသည် ။ အရာရာ ပြီးပြည့်စုံသော လူငယ်တစ်ယောက်အနေအထား ရှိသော်လည်း နှလုံးသားရေးရာ ကိစ္စတွေကို စိတ်မဝင်စားပါ ။ လွတ်လွတ်လပ်လပ် နေထိုင်တွေးခေါ်တတ်သည် ။ စာဖတ်ဝါသနာ အတော်ကြီးသည် ။ ကျွန်တော် စုဆောင်းထားသမျှ စာအုပ်တွေက သူ့ အတွက် လောကသစ်တွေ ဖြစ်နေသည် ။ ကျွန်တော့်အပေါ် လေးစားခင်မင်နေသည်ကလည်း စာပေစိတ်နှင့် ဘာသာစကား တူညီနေသောကြောင့် ဖြစ်သည် ။ ကျွန်တော်နှင့် စရိုက်ချင်းဆင်တူသောကြောင့်လား မသိ ။ အောင်ကျော်ကို အမေကလည်း သားတစ်ယောက်လို ချစ်ခင်နေခဲ့ပါသည် ။

ထိုနေ့က အလုပ်သိမ်းပြီး အိမ်ပြန်ရောက်တော့ အောင်ကျော် ကြိုရောက်နေတာ တွေ့ ရသည် ။ ထုံးစံအတိုင်းစာအုပ်ပုံထဲတွင် ခေါင်းဝင် နေသည် ။ ကျွန်တော် အလုပ်သွားသည့် အခါ တစ်ယောက်တည်း ကျန်ရစ်ရှာသော အမေသည် အောင်ကျော် ရောက်လာလျှင် အဖော်ကောင်း တစ်ယောက် ရသလို သက်ဝင်လှုပ်ရှားနေ တက်သည် ။ ရေချိုးချိန်တန် လျှင် ရေချိုးခိုင်းမည် ။ ထမင်းချိန်တန်လျှင် ထမင်းကျွေးမည် ။ ပြီးတော့ လက်ဖက်သုပ်ဖြစ်စေ ၊ ချင်းသုပ်ဖြစ်စေ ၊ အပျင်းပြေ စားစရာ တစ်ခုခုကို ရေနွေးကြမ်းအိုးနှင့် အတူ အောင်ကျော့် ဘေးနားတွင် ထားပေးမည် ။ ပြီးတော့ သူ ပြောချင်တာတွေကို တဖောင်ဖောင် ထိုင်ပြောနေသည် ။ အောင်ကျော်က “ အင်း ၊ ဟုတ်ကဲ့ ” လိုက်ပေးမည် ။ သို့သော် သူ့အာရုံက စာအုပ်ထဲတွင် နစ်နေမည် ။

“ မင်း ရောက်လာလိမ့် ယမယ်လို့တော့ ထင်သား ”

“ အစ်ကိုက ဖုန်းဆက်တယ်မို့လား ”

“ အေး ၊ ဟုတ်တယ် ”

ဒါလောက်ပါပဲ ။ သူက သူ့အိမ်အကြောင်းကို စကား လုပ်ပြီး ပြောတတ်သူ မဟုတ် ။ အစ်ကိုလုပ်သူနှင့် မရီး အကြောင်းကို စကားစပ်မိ လွန်းမှ “ သမားရိုးကျလူသား တွေပါ ” ဟု တစ်ခွန်းတည်း ပြောတတ်သည် ။ သူ့စကားလုံးတွေက တစ်ခါတလေ ရယ်စရာ ကောင်းသလို ရံဖန် ရံခါ ထိတ်လန့်စရာလည်း ကောင်းပါသည် ။

“ ညီလေး ချိန်ဘာ မဆင်းသေးဘူးလား ”

“ မဆင်းဘူး အစ်ကို ”

“ ဘာဖြစ်လို့လဲ ။ ဟိုမှာ မဆင်းချင်ရင် ဒီမှာ ဆင်းပါ လား ”

“ ဘယ်မှာမှ မဆင်းချင်ဘူး ။ ကျွန်တော်မှ ရှေ့နေ မဖြစ်ချင်တာ ”

“ ဟင် ၊ ဒါဖြင့် ဘာလို့ ဥပဒေဘွဲ့ယူခဲ့တာလဲ ”

“ ဆယ်တန်းအောင်တုန်းက သိပ်နားမလည်သေးလို့ ဖြစ်မှာပါ ။ သူငယ်ချင်းတွေနဲ့အပြိုင် ကိုယ့်အောင်မှတ် မီရာ မေဂျာကို ယူလိုက်တာပဲ ။ ဘာရယ်လို့ မဟုတ်ဘူး ။ ကျောင်းပြီးမှ ဝါသနာ မပါ မှန်းသိတာ ။ ဥပဒေ ကိုတော့ စိတ်ဝင်စားပါတယ် ။ ရှေ့နေအလုပ်ကို စိတ်မဝင်စားတာ ။ လူတမ်းစေ့ ဘွဲ့တစ်ခု ရလိုက်တယ်လို့ပဲ သဘောထားတယ် ”

“ အေးအေးဆေးဆေး စဉ်းစားဦးပေါ့ ။ တို့ဆီမှာ ဆေး ဘွဲ့ယူပြီး ဆရာဝန်မလုပ်ဘဲ မင်းသား ၊ မင်းသမီး ၊ အဆိုတော် ၊ စာရေးဆရာ ၊ စီးပွားရေးလုပ်ငန်းရှင် လုပ်နေကြတာတွေ တစ်ပုံကြီး ၊ အစ်ကို့ သူငယ်ချင်းတစ်ယောက်ဆို ဥပဒေဘွဲ့ယူ ၊ တည်းခိုခန်း ဖွင့်ပြီး ကဗျာတွေရေးနေတယ် ။ တော်တော်တော့ ထော်လော် ကန့်လန့်နိုင်သလိုပဲ ”

“ တကယ်တော့ ဘာမှ မဆန်းပါဘူး အစ်ကိုရာ ။ အဖြူအမည်း ၊ အကောင်း အဆိုး ၊ အမှားအမှန် ဆိုတာ မျဉ်းတစ်ကြောင်းတည်းနဲ့ခြားထားလို့မှ မရတာလေ ။ လောကကြီးကိုက ထော်လော်ကန့်လန့်လောကကြီးပါ ”

“ ဟား ၊ အဘိဓမ္မာတွေ ဖွင့်လှချည့်လား ။ လုပ်စမ်းပါဦး ”

“ ကဲ ၊ ကျွန်တော် မေးမယ် ။ အပြေးပြိုင်တဲ့အခါ ဖိနပ်စီးပြေးသူနဲ့ ဖိနပ်မစီးဘဲ ပြေးသူ ဘယ်သူက ပိုသာ သလဲ ”

“ ဒါက ရှင်းပါတယ် ညီလေးရာ ၊ ဖိနပ်စီးပြီး တစ်ကမ္ဘာလုံး ပြိုင်နေကြတာ မဟုတ်လား ။ အားကစားသမားတိုင်း ဖိနပ်ပါသူက သာတယ် ပြောမှာပဲ ”

“ ကျွန်တော်လည်း အဲဒီလိုပဲ ထင်ခဲ့တာ ။ ကင်ညာ နိုင်ငံသားတွေ တန်းစီပြီး ခြေ ဗလာနဲ့ ပန်းဝင်လာကြတော့ ခက်ကုန်ရော ။ တာရာဟူမား ရား အင်ဒီးယန်းတွေက ဖိနပ်ပါပါ ၊ မပါပါ ယှဉ်ပြိုင်ရဖို့ သာ အဓိကလို့မြင်တယ် ။ သူ တို့ကိုယ်သူတို့ Rana Muri ပြေးနေတဲ့ခြေထောက်များလို့ ခေါ်ကြသတဲ့ ။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုမှာ မိုင်တစ်ရာ ခရီးရှည်ပြေးပွဲနှစ်စဉ်ကျင်းပတယ် ။ အပြေးဖိနပ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက စပွန်ဆာ လုပ်ပေးတယ် ။ မာရသွန်ပြိုင်ပွဲဆိုတာ ဖိနပ်ကြော်ငြာတဲ့ နေရာပဲ ။ ပြိုင်ပွဲဝင်သူတွေကို သူတို့ ကြော်ငြာတဲ့ ဖိနပ်တွေ စီးပြိုင်ခိုင်းတယ် ။ တကယ်လည်း ပြေးရော တာရာဟူးမားရားတွေက ဖိနပ်တွေ ချွတ်ပြေးသူပြေး ၊ တာရာဖိနပ် ပြောင်းစီးပြီး ပြေးသူပြေးနဲ့ ပန်းဝင်လာကြတော့ စပွန်ဆာတွေ ပက်လက်လန်ကုန်တယ် ။ ရှိသေးတယ် ။ ရတဲ့ဆုက ရွှေခါးပတ် ငွေခါးပတ်တွေတဲ့ ၊ အဲဒါတွေကို ဆိတ်တွေနဲ့လဲပြီး ဆိတ်သားဟင်း ချက်စားပစ်ကြတယ် ။ ဒီလို ဆုတံဆိပ်တွေက သူတို့အဖို့ ငွေသားလောက် လက်တွေ့ကျတာ မဟုတ်ဘူး ။ နောက်စာရေးဆရာကြီး ဟဲမင်းဝေး အဖြစ်ကလည်း ထော်လော် ကန့်လန့်ပဲ အစ်ကိုရ ”

“ ဟဲမင်းဝေးက ဘာဖြစ်လို့လဲ ”

“ သူ့ဝတ္ထု - The Old Man and the Sea ထဲမှာ သူ့ ဇာတ်ကောင် စန်တီယာဂို ရဲ့ လူ့ဘဝ လူ့အဖြစ်ကို ကြုံးဝါး ပြခဲ့တယ်လေ ။ လူသားကို ဖျက်ဆီးချေမှုန်းလို့ ရချင် ရမယ် ။ အနိုင်ယူလို့တော့ မရ ဘူးတဲ့ ။ သူကိုယ်တိုင်က သူ့ ကိုယ်သူ သ,တ်သေသွားခဲ့တာပဲ မဟုတ်လား ”

“ ဟဲမင်းဝေး အဖြစ်က ပြဿနာပေါ့ ။ အဲဒီအချိန်က သူ့အသက် ခြောက်ဆယ့်နှစ် ၊ အက်ဖ်ဘီအိုင် အေးဂျင့်တွေက တကောက်ကောက်လိုက်ပြီး စုံစမ်းထောက်လှမ်းခံနေရလို့ စိတ်ဓာတ်ပြိုကွဲသွားတယ် ။ မခံနိုင်တော့တဲ့အဆုံး သူ့ကိုယ်သူ သေနတ်နဲ့ နိဂုံးချုပ်ပစ်လိုက်တယ် ။ Depression ပေါ့ ။ ဆက်လက် ရှင်သန်ချင် စိတ် မရှိတော့လောက်အောင် ဆန္ဒက ကင်းမဲ့သွားတာ ”

“ ဗစ်တာဟူးဂိုး ပြောခဲ့သလိုပဲ ။ People do not Lack Strength. They Lack Will တဲ့ ။ လူတွေဟာ ခွန်အား မဲ့နေတာ မဟုတ်ဘူး ။ ဆန္ဒ ကင်းမဲ့နေတာ ။ အဲဒါက ကုစားရ ခက်တယ် ”

••••• ••••• •••••

ကျွန်တော်တို့ နှစ်ယောက်စကားအချေအတင်တွေ ဆက်တိုက် ဖြစ်ပေါ်လာ သည် ။ သူ၏ ထွက်ပြူလာစ အဆိုးမြင်ဝါဒကို ကျွန်တော် က ချေချွတ်မိသောကြောင့် ဖြစ်ပါသည် ။ ကျွန်တော်က ကျွန်တော်တို့ ရောက်ရှိနေသော ခေတ်ကို Globalization ကမ္ဘာလုံးဆိုင်ရာ တစ်သားတည်း ဆက်စပ်ပေါင်းစည်းမိသွား သော ကမ္ဘာ၏ ခေတ်အဖြစ် ရည်ညွှန်းသည် ။ အောင်ကျော် ကမူ လက်ရှိလူ့အဖွဲ့အစည်းသည် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခဘုံ Global Dystopia တစ်ခုဟု သတ်မှတ်ချေပသည် ။

“ လူမှာ အတွေးအမြင် ဆိုတာ ရှိနေမှတော့ အကောင်း မြင်တာ ရှိသလို အဆိုး မြင်တာလည်း ရှိရမှာပေါ့ ။ အမြဲတမ်း အရာရာကို အကောင်းမြင်ရမယ် ဆိုတာ အစွန်းရောက် သလို အမှန်တရားနဲ့ပါ ဝေးကွာနိုင်တယ် ။ လက်ရှိ ကမ္ဘာရဲ့ဈေးကွက်စီးပွားရေးစနစ်ကို ကြည့် ၊ ကုန်ပစ္စည်းကောင်းကောင်း ဈေးကြီးကြီးကို သုံးစွဲနိုင်မှ ကောင်းမွန်တဲ့ဘဝ ၊ သုံးစွဲသူအဓိက ၊ လွတ်လပ်တဲ့ ဒီမိုကရက်တစ် အခွင့်အရေး ၊ ဖုန်းနဲ့ စာနဲ့ အင်တာနက်နဲ့ မှာ ယူနိုင်တဲ့စနစ် ၊ အိမ်တိုင်ရာ ရောက် ပို့ဆောင်ပေးတဲ့ ဝန် ဆောင်မှုစနစ်တွေ ၊ ကြော်ငြာတွေနဲ့ တစ်ချိန်လုံး သာလွန် ကောင်းမွန်တိုးတက်တဲ့ ကမ္ဘာကြီး အဖြစ် အော်ဟစ်နေကြတယ် ။ ကျွန်တော် မြင်တဲ့ ဈေးကွက်စီးပွားရေးစနစ်က လူတိုင်းကို သာတူညီမျှသဘော မထားဘူး ။ ငွေများများ သုံးနိုင်သူကို ယဉ်ကျေးပျူငှာ ဆက်ဆံတယ် ။ ငွေမသုံးနိုင်သူကို သူခိုးကြမ်းပိုးလို စော်ကားတယ် ။ ရင်းနှီးမြှုပ်နှံနိုင်သူ တွေက အခွင့်အာဏာ ရှိတယ် ။ လူ့အဖွဲ့အစည်းကို စာပို့ သင်္ကေတတွေ ၊ အိတ်ချိန်းတွေ ၊ အသွေးအသားမဲ့စက်ရုပ်တွေ အဖြစ် ပြောင်းလဲပစ်တယ် ။ ဒါတွေကို အကောင်းမြင် မျက်လုံးတွေနဲ့ ဘယ်လို မြင်အောင်ကြည့်မလဲ ”

“ အကောင်းမြင်ဝါဒနဲ့ စာရင် အဆိုးမြင်ဝါဒက အမှန် တရားနဲ့ ပိုနီးစပ်စေပါတယ် ။ နှစ်ဖက်မျှအောင်တော့ ကြည့်တတ်ရမယ် ။ အဆိုးမြင်သက်သက်က လူကိုထွက်ပေါက် မဲ့စေတယ် ။ စိတ်ဓာတ်ကျစေတယ် ။ မွန်းကျပ်စေတယ် ။ ဟဲမင်းဝေးလို ရှင်သန်ချင်စိတ် ကင်းမဲ့တဲ့ အန္တရာယ်မျိုး ကျရောက်စေနိုင်တယ် ။ တစ်နည်းအားဖြင့် အနုတ်သဘော ဆောင်တဲ့ အတွေးအမြင်ကြောင့် လူ့သက်တမ်းကို တိုတောင်းစေတယ် ”

“ ဒီသဘောက နှစ်ဖက်လုံးမှာ ရှိပါတယ် ။ ငါဟာ လူသားကောင်းကျိုး အတွက် ဆောင်ရွက်နေတာ ။ ငါ့မှာ ရန်သူ မရှိ ဆိုတဲ့ အစွန်းရောက် အမြင်ကြောင့် စိတ်ချလက်ချ နေမိရင်း လုပ်ကြံသ,တ်ဖြတ် ခံရတဲ့ သာမန် ပြည်သူတွေ ၊ နိုင်ငံခေါင်းဆောင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေ ဘယ်လောက် များခဲ့ပြီလဲ ။ ၂၀၀၇ ၊ ဧပြီလထုတ် Time မဂ္ဂဇင်းတစ်အုပ်လုံး Global Warning အကြောင်းရေးထားတယ် ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ကို နားမလည်ရင် ကမ္ဘာကြီး ပူလာတဲ့အကြောင်းကို နားလည်မှာမဟုတ်ဘူး ။ ကာဗွန် ထွက်တာ ၊ ပတ်ဝန်းကျင်ညစ်ညမ်းတာ ၊ အက်စစ်မိုး ရွာတာ ၊ ရာသီဥတု ပြောင်းတာ ၊ အိုဇုန်းဓာတ်ငွေ့ လျော့ကုန်တာ ဘာကြောင့်ဖြစ်လာတာလဲ ။ တရားခံက လူတွေ ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ နိုက်ထရပ်စ်အောက်ဆိုဒ် ၊ မီးသိန်း ဓာတ်ငွေ့တွေနဲ့ ဟေလိုကာဗွန် CFC တွေ ထုတ်လုပ်ဖန်တီး နေကြတယ် ။ အဓိကကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေပေါ့ ။ ကျွန်တော်ပြောချင်တဲ့ အချက်က လူတွေဟာ ကမ္ဘာ ကြီးကို နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့ကြတယ် ။ ဆက်ပြီးလည်း ဖျက်ဆီးနေကြဆဲပဲ ။ လက်တွေ့ ထိထိရောက်ရောက် ဘာတွေ တားဆီးကာကွယ်နေကြပြီလဲ ။ ခုထိတော့ ကမ္ဘာကြီးကို ဘယ်လိုဘယ်ညာ ကယ်တင်ကြပါလို့ သွေးရူးသွေးတန်း အော်ဟစ်နေကြတုန်းပဲ ရှိတယ် ။ အဲဒါ အကောင်းမြင် ဝါဒလား ၊ အဆိုးမြင်ဝါဒလား ကျွန်တော် စဉ်းစားလို့မရဘူး ”

“ အမှန်တကယ် တိုးတက်တဲ့ အပိုင်းတွေကို အခြေခံစဉ်းစားကြတာပေါ့ ။ Global ကာလအတွင်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ ကုန်သွယ်မှုနည်းပညာ ၊ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြေခံကျတဲ့ ဆင်းရဲခြင်း လွတ်ကင်းဖို့ ၊ ဒီမိုကရေစီ တိုးတက်ဖို့ ၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေ တိုးချဲ့ဖြန့်ကြက်ဖို့ တဖြည်းဖြည်း ပုံဖော်လှုပ်ရှားလာနိုင်တယ် ။ မျှမျှတတ မြင်တတ်ဖို့ ဆိုရင် အဖွဲ့အစည်းတွေ ၊ ပူးပေါင်း ဆောင်ရွက်သူတွေ အနေနဲ့ ပိုမို ကျယ်ပြန့်တဲ့ လူမှုတာဝန် တွေကို သိတတ်ဖို့ လိုတယ် ။ ကျန်းမာရေး ၊ ပညာရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေကနေ အကျိုးအမြတ် ခံစားခွင့်တွေကို အလေးထားဖို့ လိုတယ် ။ အပြည်ပြည်ဆိုင်ရာအသင်းအဖွဲ့တွေရဲ့ စည်းရုံး ကူညီမှုတွေ ၊ ရင်းနှီးမြှုပ်နှံမှု တွေ ရရှိဖို့လိုတယ် ။ ကမ္ဘာကြီး ပျက်စီးနေပါပြီလို့ မြင်နေမယ့် အစား အခြေအနေတွေ ပြောင်းလဲသွားအောင် ပြုပြင်ဖို့ ဝိုင်းဝန်း ကြိုးစားကြတာ ပိုမကောင်းဘူးလား ”

“ အစ်ကိုက ကျွန်တော့်ကို အဆိုးမြင်သမားသက်သက်လို့ မြင်ရင် မြင်လိမ့်မယ် ။ ကျွန်တော်က အဆိုးမြင်ဝါဒ ရဲ့ ကောင်းကွက်တွေနဲ့ အကောင်းမြင်ဝါဒရဲ့ ဆိုးကွက်တွေကို သုံးသပ်ကြည့်နေတာ ၊ အလုပ်တော့ဖြစ်ပါ တယ် ”

သူ့အပေါ် ဝေဖန်ပိုင်းခြားမှု ပြင်းပြင်းထန်ထန် မလုပ်နိုင်ပါ ။ သမားရိုးကျ ရှင်သန်နေသော လူငယ်တချို့ နှင့် နှိုင်းစာလျှင် အောင်ကျော်၏ လေ့လာအားထုတ်မှုနှင့် အတွေးဖြန့်ကြက်မှုက ပို၍ လေးစားစရာကောင်းပါသည် ။ ထိုနေ့ ညဦးပိုင်းအချိန်တွင် မြို့ခံ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်နှင့် ဆုံမိပြီး အောင်ကျော် အပြင်သို့ လိုက်ပါသွားသည် ။ ညစာ ထမင်းစားချိန် အထိ ပြန်ရောက်မလာပါ ။ အမေကပါ စိတ်ပူနေ၍ ဆိုင်ကယ်ဖြင့် လိုက်ရှာရသည် ။ ကျွန်တော်တို့နှစ်ယောက် မကြာခဏရောက်ခဲ့ဖူးသည့် ဆိုင်တွေ အကုန်လိုက်ကြည့်သည် ။ သူတို့နှစ်ယောက်ကို မတွေ့ ။ ကျွန်တော် မသိသော တစ်နေရာကို ရောက်နေကြဟန်တူသည် ။

နောက်ဆုံး လက်လျှော့ကာ အိမ်ဘက်သို့ ပြန်အလှည့် တွင် ချောင်ကျကျ ကမ်းနား လမ်းဘက်ရှိ ကိုဖြူသီးဘီအီးဆိုင်ကို သတိရလိုက်မိသည် ။ ထိုဆိုင်သို့ အောင်ကျော်ကို နှစ်ခေါက် ခေါ်သွားဖူးသည် ။ ကိုဖြူသီးဆိုင်သည် အစိုးရ ဂိုထောင်ထုတ် ဘီအီးတစ်မျိုး သာရောင်းသော ကောင်တာ ခွဲဆိုင်ဖြစ်သည် ။ အရက်သား မှန်သည် ။ ထိုဘီအီးကို အောင်ကျော် အကြိုက်တွေ့ခဲ့သည် ။ ကာလာတွေထက် ပိုကောင်းသည်ဟု ပြောဖူးသည် ။ ညပိုင်းတွင် လူအစည်ဆုံး ဖြစ်သည် ။ ထိုဆိုင်သည် ပွဲရုံပြန် အလုပ်သမားများ ၊ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ ၊ ပျံကျအထမ်းသမားနှင့် လက်လုပ်လက်စား အများစုတို့ အနားယူ အပန်းဖြေရာ ဆင်စွယ်နန်းတော် တစ်ခုဖြစ်ပါသည် ။ ထိုဆိုင်သို့ အသော့နှင်လိုက်တော့မှ ကိုယ့်လူနှစ်ယောက်ကို တွေ့လိုက်ရသည် ။

သူတို့ နှစ်ယောက်က ဆိုင်အတွင်းသို့ ဝင်မထိုင်ကြပါ ။ ဆိုင်ရှေ့တွင် ပုံမှန် အမြည်းလာရောင်းသော ဒေါ် ထွေး တင် ခုံဘေးရှိ ထင်းရှူး သေတ္တာခွံကြီးကို စားပွဲလုပ် ထိုင်နေကြခြင်း ဖြစ်သည် ။ ဒေါ်ထွေးတင် ယူဆောင်လာ သော သစ်သားထိုင်ခုံပုလေး တွေကလည်း အဆင်သင့် ။

“ အစ်ကို လိုက်ရှာနေတာလား ။ လမ်းလျှောက် စကားပြောရင်း ပျင်းတာနဲ့ ဝင်ထိုင်နေကြတာ ။ အစ်ကို လုပ်ဦးမှာလား ”

“ ခပ်ပါးပါးပေါ့ကွာ ”

“ ဒီမှာထိုင်လေ ။ ဆိုင်ထဲက လူပြည့်ပြီးရှုပ်နေတာ ”

သစ်သားထိုင်ခုံပုလေး တစ်လုံးကို ဆွဲယူပြီးထိုင် လိုက်သည် ။ ဒေါ်ထွေးတင် က ကျွန်တော့်ကို မြင်တော့ သူ့ ဝသီအတိုင်း အသံကျယ်ကြီး နှင့် နှုတ်ဆက်ပါသည် ။

“ ဟဲ့ ၊ ဂေါ်မစွံလူပျိုကြီး ပါလား ။ မတွေ့တာတောင် အတော်ကြာပြီ ။ လိမ္မာနေတာပေါ့လေ ။ ကဲ ၊ ရောက်တုန်းရောက်ခိုက် အားပေးလိုက်စမ်းပါဦး ”

“ တိုးတိုး ပြောစမ်းပါဗျာ ၊ ရပ်ကျော်ရွာကျော် အသံကြီးနဲ့ ”

“ အမလေး ၊ ကိုယ့်စည်း စိမ်နဲ့ ကိုယ် ဘာဖြစ်သေးလဲ ။ ဒီမယ် လူပျိုကြီး ကြိုက်တတ် တဲ့ အမြည်းလေး ၊ စပါးစကု ဗျပ် ၊ မယားတစ်ခုလပ် ၊ လူမှာ ... ကြား ၊ ကြက်မှာတောင်ပံပြားတဲ့ ။ လူပျိုကြီးမေ့နေမှာ စိုးလို့ ပြောရတာ ဟား ဟား ဟား ”

အောင်ကျော်တို့ နှစ်ယောက်ကတော့ လူငယ်တွေ ပီပီ ဒေါ်ထွေးတင်၏ Dialogue ကို တခွီးခွီး သဘောကျနေကြ ပါသည် ။

“ ဟဲ့ ၊ မောင်မင်းထွန်း မင်းတို့အချစ်တော်ကြီး ဇော်မင်းပြန်လွတ်လာပါရော့လား ။ ဆိုင်ထဲ ဝင်သွားတာ တွေ့ လိုက်တယ် ။ ခုလောက်ရှိ ဝိုင်း တကာလှည့် မိုက်ကြေးခွဲ သောက်ရင်း တော်တော်မှန်နေလောက်ပြီ ”

“ ဟုတ်လား ၊ ဘယ်တုန်းက လွတ်လာတာလဲ ”

“ မသိပါဘူးကွယ်  ။ အဒေါ်လည်း ဒီနေ့မှ မြင်လိုက်တာ ”

ကျွန်တော်နှင့် ဒေါ်ထွေးတင်တို့ စကားကို နားထောင်ရင်း အောင်ကျော် အသံတိတ် မေးခွန်းထုတ်နေသည် ။ ကျွန်တော်က သူတို့နှစ်ယောက် ဆင်ခြင်တိုင်းထွာနိုင်ရန် ရာဇဝင်လူဆိုးစာရင်းဝင် ဇော်မင်းအကြောင်း ပြောပြလိုက်ရ သည် ။ သည်ဘက်ရပ်ကွက်သားတွေ ကတော့ ဇော်မင်း ဆိုလျှင် အော့နှလုံးနာစွာ ကျွမ်းဝင်ထားကြပြီးဖြစ်သည် ။ ဇော်မင်းသည် အသားညိုညို ထောင်ထောင်မောင်းမောင်း နှင့် ကျွန်တော့်ထက် သုံးနှစ် လောက် ငယ်သည် ။ အမေက မွေး ထောင်က ကျွေးဆိုသည် နှင့်အညီ အချုပ်ထောင်ကို ခြင်ထောင်လို သဘောထားကာ ဝင်ထွက်ရှင်သန်နေသူ ဖြစ်သည် ။ ခုလည်း ပြစ်မှု တစ်ခုကြောင့် နှစ်ရှည်ထောင် ဒဏ်ကျသွားရာမှ ပြန်လွတ်လာခြင်းဖြစ်သည် ။ အောင်ကျော်က ကျွန်တော်နှင့် ငြင်းခုံလက်စ အကောင်းမြင်အဆိုးမြင်ဝါဒအကြောင်းအရာ ထဲသို့ လူမိုက်ဇော်မင်းကိုပါ ဆွဲ ထည့်လာသည် ။

“ အစ်ကို အပါအဝင် သူ့ အကြောင်းကို သိသူတွေ အားလုံးက အကောင်းမြင်ဝါဒနဲ့ သည်းခံ ဆက်ဆံပေးနေကြတာ ။ စကားနည်းရန်စဲ သဘောလေ ။ တစ်နည်းအားဖြင့် အကျင့် ပျက်လူမိုက် တစ်ယောက်ကို ဝိုင်းဝန်းစောင့်ရှောက်ပေးနေကြတဲ့ သဘောပဲ ။ ဥပမာ အစ်ကို ကိုယ်တိုင်ကရော သူ့ကို ကြောက်သလား ”

“ လူချင်းသက်သက် ကတော့ ဘယ်ကြောက်လိမ့်မလဲ ”

“ ဒါပေမဲ့ ခွေးရူးနဲ့ဖက် မပြိုင်ချင်ဘူး ။ ဣန္ဒြေသိက္ခာ အပျက် မခံချင်ဘူး ။ ရုံးရောက် ဂတ်ရောက် မဖြစ်ချင်ဘူး ။ သူ့အဖို့က အကြောင်း မဟုတ်တော့ပေမဲ့ ကိုယ်က ဒီလို ပြဿနာမျိုးနဲ့ နှစ်ပါး မသွားချင်ဘူး ။ အစ်ကို့လိုပဲ အားလုံးက ခန္တီတရား လက်ကိုင်ထားပြီး အလျှော့ပေးနေကြတာမို့လား ။ သူကလည်း ဒီအချက်ကို အခွင့်ကောင်းယူပြီး ဒီလို နေရာဌာနမျိုးမှာ အစားချောင်နေတာ ။ ဒီလို လူမိုက်မျိုးတွေက အသိဉာဏ်မဲ့မိုက်လုံးကြီးရုံ သက်သက်ပါ ။ သတ္တိရှိကြတာ မဟုတ်ဘူး ”

“ ညီလေး ပြောတာ မှန်ပါတယ် ။ ဇယားမရှုပ်ချင်တော့ ရှောင်ရတိမ်းရသည်းခံရတာပေါ့ ။ ဒါက မင်္ဂလာ တရားနဲ့လည်း ညီပါတယ် ”

“ မဟုတ်သေးဘူး အစ်ကို ။ အဲဒီ ကျင့်စဉ်က လူမိုက် သက်ရှည်အောင် လုပ်ပေးနေတဲ့ သဘောဖြစ်နေတယ် ”

“ ထားတော့ ၊ ပြန်ကြရ အောင် ၊ အိမ်မှာ အမေစောင့် နေလိမ့်မယ် ”

“ ခဏလေး အစ်ကို ၊ သိပ်မကြာပါဘူး ”

အောင်ကျော်က ဆိုင်ထဲ ဝင်သွားပြီး နောက်တစ်ပိုင်း ထပ်ယူလာသည် ။ သူ ပြန်ထွက်လာပြီး မရှေးမနှောင်း ပင် ဇော်မင်းလည်း ပြန်ထွက် လာတာ မြင်ရသည် ။ အောင် ကျော်နှင့် သူ့သူငယ်ချင်းကို အသာ လက်တို့ပြရင်း ကျွန်တော် မျက်နှာလွှဲထားလိုက်သည် ။ သို့သော် ဇော်မင်းက ကျွန်တော့်ကိုမြင်သည် ။ တကယ်တော့ သူနှင့် ကျွန်တော်က အလွန် ခင်မင်ရင်းနှီးခဲ့သူတွေဖြစ် သည် ။ ဆိုးသွမ်းမိုက်မဲသည့် သူ့အကျင့်စရိုက်တွေ ၊ အမှု အခင်းတွေနှင့် မပတ်သက်ချင်သော ကျွန်တော့်အတွင်းစိတ်ကို သူ ကောင်းကောင်းသိ သည် ။ ထိုအချက်ကပင် သူ့အတွက် အခွင့်ကောင်း တစ်ခု ဖြစ်ခဲ့ပါလိမ့်မယ် ။ ဇော်မင်းက ဆက်မသွားဘဲ ခုံပုလေးတစ်လုံးကို ဆွဲယူကာ ကျွန်တော်တို့ ကြားထဲသို့ ဇွတ်တိုး ထိုင်လိုက်သည် ။

“ ကိုမင်းထွန်းက အပြင်မှာ ထိုင်နေတာကိုး ။ နည်းနည်းလောက် ပြုစုပါဦး ။ သိပ် မဝသေးဘူး ”

ပြောပြောဆိုဆို ထောင်ထားသော တစ်ပိုင်းပုလင်းကို လှမ်းဆွဲလိုက်သည် ။ သို့သော် ပုလင်းက သူ့လက်ထဲသို့ ပါမသွားပါ ။ အောင်ကျော်က သူ့ဘက်သို့ ဖျတ်ခနဲ ဆွဲယူလိုက်သောကြောင့်ဖြစ်သည် ။ ကျွန်တော် ဘာမှ မပြောဘဲ အသာ ပြုံးကြည့်နေလိုက်ပါသည် ။

“ ဘယ်သူက ခွင့်ပြုလို့ ခင်ဗျား ဝင်ထိုင်တာလဲ ။ ရိုင်းလှချည့်လား ”

အောင်ကျော် ပြုမူလိုက်ပုံက ဇော်မင်းလို လူတစ်ယောက်အဖို့ အံ့အားသင့်စရာ ဖြစ်သလို သဘာဝလည်း ကျ ပါသည် ။ ဇော်မင်းက တစ် ချက် ပြုံးလိုက်ရင်း ကျွန်တော့်ဘက်ကို လှည့်ကြည့်သည် ။

“ အစ်ကို့ကောင်လား ”

“ ကောင် ဆိုတာ တိရစ္ဆာန်ကို ရည်ညွှန်းတာ ။ ကျုပ်နဲ့ပတ်သက်ပြီး နောက်တစ်ခါ မသုံးပါနဲ့ ။ ခင်ဗျားနဲ့ ကျုပ်က အသိမိတ်ဆွေလည်း မဟုတ်ဘူး ။ ဒီဆိုင်ကို ဘယ်သူမှ ဥပုသ်လာစောင့်ကြတာ မဟုတ်ဘူး ။ အရက်လာ သောက်ကြတာ ။ အဲဒါ သဘောပေါက်ထားဗျာ ”

အောင်ကျော်က ချက်ခြင်းတုံ့ပြန်လိုက်သည် ။ ဇော်မင်း ကလည်း အောင်ကျော်ကို မထီတရီ အပြုံးနှင့် စိုက် ကြည့်လိုက်သည် ။ ဖြူဖြူ သန့်သန့် ဥပဓိရုပ်ပိုင်ရှင် အောင်ကျော်လို ငချွတ်တစ် ယောက်ကို သူက စာဖွဲ့နေ လိမ့်မည်မဟုတ် ။ အခြေအနေက နောက်ကို ပြန်ဆုတ်လို့ မရတော့ပါ ။ ဆိုင်ထဲရှိ ယမကာ ဝိုင်းအားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါသည် ။ လူမိုက်ဇော်မင်းအဖို့ အတော်ကြီး ခံရခက်နေမှာ သေချာသည် ။ သည်အတိုင်း အလျှော့ပေး ဆုတ်ခွာလိုက်ပါက လူမိုက်သိက္ခာကျတော့ မည် ။ သူအနိုင်ကျင့်တာကို အမြဲ ခံခဲ့ရတဲ့သူတွေက မလေးမခန့် လှောင်ပြောင်ရယ်မောကြတော့မည် ။

“ မင်းက ဘယ်သူလဲ ။ ဘယ်ကလဲ ”

“ အဲဒါခင်ဗျား အလုပ် မဟုတ်ဘူးထင်တယ် ”

“ အဟင်း ... ဟင်း ။ ငါ့ အကြောင်း မင်း မသိဘူးထင်တယ် ”

“ အဲဒါလည်း ကျုပ် အလုပ်မှ မဟုတ်ဘဲ ”

“ ဟား ဟား ၊ မင်းက တော်တော် ငယ်ပါသေးတယ် ”

ဇော်မင်း အကြောင်းကို ကျွန်တော် ကောင်းကောင်း သိသည် ။ ထိုသို့သော အခြေ အနေမျိုးတွင် ကြာကြာသည်းခံနေတတ်သူ မဟုတ် ။ စကား မဆုံးမီ လက်ဦးမှုယူ လှုပ်ရှားတတ်သည် ။ လှုပ်လည်း လှုပ်ရှားလိုက်ပါသည် ။ သို့သော် သူ့ထက် ပိုမြန်သော ခွေးခြေခုံစောင်းက သူ့ချိုစောင်းပေါ်သို့ “ ခွပ် ” ခနဲ ကျရောက်သွားသည် ။ ဒေါ်ထွေးတင်၏ အထိတ်တလန့် အော်ဟစ်သံနှင့်အတူ ဇော်မင်း လဲကျသွားသည် ။ သူ့ခေါင်းမှ သွေးများ ဖြာခနဲ ထွက်ကျလာသည် ။ ရုတ်တရက် ပြန်မထနိုင်ဘဲ မြေပြင်တွင် လူးလှိမ့်နေသည် ။ ဆိုင်ထဲမှ အလုပ်သမားအုပ်စုတွေ ပြေးထွက်လာပြီး ကျေနပ်အားရသော မျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြသည် ။

••••• ••••• •••••

ရာဇဝင်လူဆိုး ဇော်မင်း နှင့် ဆုံစည်းခဲ့ကြပြီး နောက်ပိုင်းတွင် အောင်ကျော်၏ စူးစမ်းလေ့လာမှုတွေက ကျွန်တော့်ဘက်သို့ လှည့်လာပြန်သည် ။ ကိုဖြူသီးဆိုင်မှ ဖြစ်စဉ်ကို ပိုင်းခြားဝေဖန်သုံးသပ်ရင်း ကျွန်တော့် စိတ်ကို အဖြေရှာ နေခြင်း ဖြစ်သည် ။ သူ၏ နောက်ဆုံးမေးခွန်း တစ်ခုကိုတော့ ကျွန်တော့် အဖြေ မပေးနိုင်ခဲ့ပါ ။

“ ကျွန်တော်က ပုလင်းနဲ့ တွယ်ထည့်မလို့ ကြံတုန်း အစ်ကို့လက်က မြန်လိုက်တာဗျာ ။ အစ်ကို လှုပ်ရှားလိုက်တာ အကောင်းမြင်စိတ်နဲ့လား ၊ အဆိုးမြင်စိတ်နဲ့လား ”

⎕ ဖူးသစ်မော်
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     ဇူလိုင် ၊ ၂၁၁၃

No comments:

Post a Comment