Wednesday, May 27, 2026

အဂ္ဂိရတ်ဆရာ ကပ်ဖကာ နှင့် ရထားပေါ်မှ လူများ


❝ အဂ္ဂိရတ်ဆရာ ကပ်ဖကာ နှင့် ရထားပေါ်မှ လူများ ❞
          ( မြတ်သစ် )

ရှေ့ဘူတာက ကပ်ဖကာဘူတာဟု ခရီးသည်တစ်ယောက်က ပြောလိုက်သည် ။

ယန်းပေါဆက်စီးကရက် ခဲထားသူက ပြုံးရုံလေး ပြုံးပြပြီး အဝေး တစ်နေရာကို ငေးကြည့်နေသည် ။

ရဲတိုက်တစ်ခု တောင်ကုန်းထိပ်တွင် ထီးထီး မားမား ရပ်နေသည် ။ ရွှေရောင် တောက်နေသောငှက်များ ရဲတိုက်အနီး ပျံဝဲနေကြသည် ။

ရထားသည် ဘူတာရုံ အနီးရောက်သည်နှင့် အရှိန်လျှော့လိုက်သည် ။ ခရီးသည်တွေ ဆင်းသွားကြသည် ။ ဘူတာရုံတွင် တက်မည့် ခရီးသည် တစ်ယောက်မျှ မရှိကြ ။ ရထားတွဲထဲမှာ လူလေးယောက် ရှိသည့်အနက် တစ်ယောက် ဆင်းသွားသဖြင့် သုံးယောက်သာ ကျန် တော့သည် ။

စမ္ပာနဂိုရ်ပြည်တွင် မြို့ပတ်ရထားသည် တစ်နာရီ တစ်ကြိမ် ထွက်သည် ။ ရထားစီး ခရီးသည်များမှာ များသောအားဖြင့် အချိန်ပိုနေသူများ ၊ ခရီးတစ်ခုကို ခပ်အေးအေး သွားလိုသူများ ဖြစ်ကြသည် ။ ရထားမှာ လည်း စီးသူ အလွန်နည်းပါးသည် ။ ခရီးသည်များသည် ဖြစ်စေ ၊ နည်းသည်ဖြစ်စေ ရထားကတော့ ထွက်ခွာရမည့် အချိန်ရောက်လျှင် ပုံမှန်ထွက်သည် ။

ရထားတွဲတွေကလည်း ခေတ်မီသည် ။ သပ်သပ်ရပ်ရပ် ရှိသည် ။ ဥရောပတိုက်တွင် တွေ့ ရသည့် ရထား ပုံစံမျိုး ။ ရထားတွဲ တစ်ခုလျှင် လူလေးယောက် စီးနင်းလိုက်ပါရသည့် တွဲတွေ များသည် ။ ခရီးသည် အများအပြား လိုက်နိုင်သည့် တွဲက တစ်တွဲလောက်ပဲပါသည် ။ ရွှေကိုင်းမျက်မှန် တပ်ထားသည့် မိန်းမတစ်ယောက်က နာမည်ကြီး စာရေးဆရာ ပေါ်လိုကိုလ်ဟိုး၏ အဂ္ဂိရတ်ဆရာဝတ္ထုကို သဲကြီးမဲကြီး ဖတ်နေသည် ။

လူတိုင်း နားလည်နိုင်တဲ့ ကမ္ဘာနဲ့တစ်ဝန်း ဆိုင်ရာ ဘာသာစကားရှိတယ် ။ ဒါပေမဲ့ လူတွေက အဲဒီ စကားကို မေ့လျော့နေကြပြီ ။ အဲဒီ ဘာသာစကားကို တခြား အရာတွေထဲမှာ ကျုပ် ရှာဖွေခဲ့တယ် ။ ဒါကြောင့် ဒီအရပ် ၊ ဒေသ ရောက်ခဲ့တာပေါ့ ။ အဲဒီ ဘာသာစကား နားလည်တဲ့ လူကို ရှာဖို့လာတာ ။ သူက အဂ္ဂိရတ် ဆရာလေ ဟူသော စာပိုဒ်ကို အသံထွက်အောင် ဖတ်လိုက်သည် ။

ကျန်နှစ်ဦးက ပြတင်းပေါက်ဘက် မျက်နှာမူထားရာမှ စာဖတ်နေသည့် အမျိုးသမီးကို လှည့်ကြည့်လိုက်သည် ။ နှုတ်ကတော့ ဘာတစ်ခွန်းမှ မဟကြပေမယ့် မျက်နှာပြင်မှာ သဘော မတွေ့ သည့် ပုံသဏ္ဌာန် အထင်သား ပေါ်လွင်လျက်ရှိသည် ။

ပြတင်းပေါက်နား ကပ်လျက် ထိုင်နေသူက တိုက်ပုံအင်္ကျီထဲမှ စီးကရက်ဘူး ထုတ်ယူသည် ။ စီးကရက်ဘူး အမည်က ကာမျူး ဖြစ်သည် ။ စီးကရက် တစ်လိပ် ထုတ်ယူပြီး ကျန်တစ်လိပ်ကို သူ့နံဘေးရှိ လူကို ပေးသည် ။

“ ကျွန်တော် ဆေးလိပ် မသောက်တတ်ဘူး ” ဟု ငြင်းပယ်လိုက်သည် ။

သို့သော် လှမ်းပေးသော စီးကရက်ကို ယူပြီး စေ့စေ့စပ်စပ် ကြည့်သည် ။ ဆေးလိပ်နာမည်ကို သေသေချာချာ ဖတ်ကြည့်သည် ။

“ ဆေးလိပ်နာမည်က ဆန်းတယ် ၊ ကာမျူး ဆိုပါလား ။ ဘယ်နိုင်ငံက ထုတ်သလဲ ” ဟု မေးလိုက် သည် ။

“ ဘယ်နိုင်ငံက ထုတ်တာလဲတော့ မသိဘူး ။ လမ်းဘေးက တွေ့လို့ ဝယ်လာတာ ။ ကျွန်တော်ကတော့ နာမည်က အရေးမကြီးဘူး ။ စီးကရက် ဖြစ်ဖို့ပဲ အရေးကြီးတယ် ”

ဟု ပြန်ပြောပြီး စီးကရက်ကို မီးညှိဖွာသည် ။

လက်ထဲမှ မီးခြစ်အမည်က ယန်းပေါဆတ် ဖြစ်သည် ။

မျက်နှာချင်းဆိုင်မှ ယောက်ျား နှစ်ယောက် အပြန်အလှန် ပြောဆိုနေပုံကို ရွှေကိုင်းမျက်မှန် တပ်ထားသည့် မိန်းမက စိတ်ဝင်တစား နားထောင်နေသည် ။ လက်ထဲမှ စာအုပ်ကို ပေါင်ပေါ်မှာ တင်ထားသည် ။ အနက်ရောင် ပြောင်ထဘီ ထက်တွင် ဝတ္ထုစာအုပ်က ငြိမ်သက်စွာ လဲလျောင်းနေသည် ။

ယောက်ျားနှစ်ယောက်သည် စာအုပ်ကို လည်းကောင်း ၊ နက်မှောင်ပြောင်ထဘီကို လည်းကောင်း စိုက်ကြည့် နေသည်ကို အမျိုးသမီး သတိပြုမိလိုက်သည် ။

အမျိုးသမီးက ကျောပြင်ကို ဆိုဖာမှ တစ်လက်မ သာသာခန့် ခွာလိုက်သည် ။ လျော့ရဲနေသော ခန္ဓာကိုယ် အထက်ပိုင်းသည် ဆန့်ဆန့်ရန့်ရန့် ဖြစ်သွားသည် ။ အမျိုးသား နှစ်ယောက်၏ အာရုံစူးစိုက်မှု ဇုန်သည်လည်း ပြောင်းရွှေ့သွားသည် ။ မိမိ ရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် အောင်မြင်သွားသည့် အထိမ်းအမှတ်ဖြင့် အမျိုးသမီးက ပြုံးလိုက်သည် ။

“ ကျွန်မ တစ်ခု ပြောချင်ပါတယ် ”

ဟု အမျိုးသမီးက ပြောသည် ။ သူ့အသံက ခပ်အောအော ။ သံလိုက်ဓာတ် ပါသောအသံ ။

“ ဟုတ်ကဲ့ ”

အမျိုးသား နှစ်ယောက်စလုံးက ပြိုင်တူ ပြောလိုက်ကြသည် ။

အမျိုးသမီးထံမှ ဘာများ ဆက်ပြောမလဲဟု စောင့်ဆိုင်းနေစဉ် ရထား ရပ်တန့်သွားသည် ။

ရထားတွဲ ထဲရှိ အသံချဲ့စက်မှ...

“ ရထား ဘက်ကက်ဘူတာ ရောက်ပါပြီရှင် ” ဟု ပြောလိုက်သည် ။

ခရီးသည်များ ရထားပေါ် တက်လာကြပြီး လူ သုံးယောက် ရှိသော တွဲထဲသို့ အသက် ( ၇ဝ ) ကျော် အဘိုးကြီး တစ်ယောက် ဝင်လာသည် ။ တံခါးဝတွင် ခေတ္တရပ်ပြီးမှ ခေါင်းတွင် ဆောင်းထားသောဦးထုပ် ချွတ်သည် ။ တွဲထဲရှိ ခရီးသည်သုံးယောက်ကို အကဲခတ်သည် ။

ပြီးမှ လွတ်နေသော ခုံတွင် ဖြည်းလေးစွာ ထိုင်ချလိုက်၏ ။ အဘိုးကြီး ထိုင်ချလိုက်ချိန်နှင့် ဘူတာမှ ရထားထွက်ချိန်သည် ချိန်ကိုက်ထားသလို ကွက်တိဖြစ်သည် ။

လှုပ်ရှားသည် ဆိုရုံမျှ လှုပ်လိုက်သည့် ရထားတွဲကြောင့် အဘိုးကြီး၏ ကိုယ်ခန္ဓာသည် အမျိုးသမီး ဘက်သို့ ယိမ်းယိုင်သွားသည် ။

အမျိုးသမီးက သူ့ ပခုံးကို ထိခိုက်သဖြင့် နာကျင် ရှက်ရွံ့ဟန် မပြဘဲ အားရပါးရ ပြုံးလိုက်သည် ။

အဘိုးကြီးက ….

“ ဆောရီးနော် ” ဟု ပြောသည် ။

အမျိုးသား နှစ်ယောက်ကတော့ ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသည့် ပုံစံမျိုးနှင့် ကြည့်နေသည် ။

စီးကရက် ဖွာနေသူက လက်ထဲမှ စီးကရက်ကို ရထားအပြင်ဘက် လွှင့်ပစ်လိုက်သည် ။ ယန်းပေါဆတ် စီးကရက်သည် လေထဲမှာ ဝဲလွင့်လျက် ရှိပြီးမှ မြေပြင် ထက် ကျသွားသည် ။

“ ခင်ဗျားပြောမယ့် စကားက ဘာပါလိမ့် ”

စီးကရက်ကို လွှင့်ပစ်လိုက်သူက မေးသည် ။

အမျိုးသမီးက ပြောမည့် စကားကို စဉ်းစားသည် ။

ပေါင်ပေါ် တင်ထားသည့် စာအုပ်ကို ဖယ်ရှားပြီ မိကျောင်းသားရေဖြင့် ချုပ်ထားသော လက်ကိုင် အိတ်ထဲထည့်သည် ။ ညာဘက်ပေါင်ပေါ်သို ဘယ်ဘက်ပေါင် ချိတ်လိုက်သည် ။ အနက်ရောင်ထဘီသည် ဒေါက်မြင့်ဖိနပ်စီးထားသည့် ခြေဖနောင့်မှ နှစ်လက်မတိတိ မြင့်တက်သွားသည် ။

မျက်နှာချင်းဆိုင်မှ ယောက်ျားနှစ်ဦး၏ အကြည့်သည် ဆင်စွယ်ကဲ့သို့ ဖြူဖွေးနေသော ခြေသလုံးသားများဆီ ရောက်ရှိနေသည် ။

“ ကျွန်မ ရဲတိုက်မှာ ဘာရှိသလဲဆိုတာ စူးစမ်းကြည့်ဖူးတယ် ”

“ အမျိုးသမီးက ရထားလမ်းနံဘေးရှိ လယ်ကွင်းပြင်များကို ငေးကြည့်ရင်း ပြောသည် ။

သူပြောသော ရဲတိုက် ဆိုတာကို ရထားတွဲ ထဲမှာ ရှိနေသူများ ဘယ်မှာ ရှိနေမှန်း မသိကြ ။ ခပ်စောစောက လမ်းတစ်နေရာမှာတော့ ရဲတိုက်တစ်ခု တွေ့မိသလိုလို ရှိသည် ။

“ ဒီတော့ ဘာတွေတွေ့ သလဲကွယ့် ၊ ကျုပ်မိတ်ဆွေ တစ်ယောက်ကတော့ ဝတ္ထုတွေထဲမှာ ပါတာတွေ စိတ်ကူးနဲ့ သွားကြည့်ဖူးတာပဲကွယ့် ”

အဘိုးကြီးက သူ့ ဘာသာသူ ဝင်ပြောလိုက်သည် ။

“ သဲရဲတိုက် ”

“ သဟေးရဲတိုက် ”

“ ဟုတ်ရဲတိုက် ”

“ သံမဏိရဲတိုက် ”

“ ရေခဲရဲတိုက် ”

“ စိတ်ကူးရဲတိုက် ”

“ အိပ်မက်ရဲတိုက် ”

“ ပန်းရဲတိုက် ”

“ မျှော်လင့်ခြင်းရဲတိုက် ”

ထိုရဲတိုက် အမည်များကို အဘိုးကြီးက စိတ်ထဲမှ တတွတ်တွတ် ရေရွတ်နေသည် ။

“ ကျွန်မ ရောက်ဖူးတဲ့ ရဲတိုက်က ပရပ်မှာ ရှိတယ် ”

ဟု အမျိုးသမီးက ပြောသည် ။

“ ဒါဆို မင်း ကပ်ဖကာနဲ့ တွေ့ ဖူးသလား ”

“ ဟင့်အင်း .. သူသေတာ ကြာလှပြီ ”

“ ဒါဆို မင်းရောက်ဖူးတဲ့ ရဲတိုက်က ကပ်ဖကာရဲ့ ရဲတိုက်မှ မဟုတ်တာဘဲ ”

“ ကျွန်မကလည်း ကပ်ဖကာရဲတိုက် ရောက်ဖူးတယ်လို့ မပြောပါဘူး ”

“ အေး .. မင်း မရောက်ဖူးတာဘဲ ကောင်းပါတယ် ။ ငါတော့ ဝတ္ထုဖတ်ပြီး ကတည်းက ရဲတိုက်ကို ကြောက်သွားတယ် ”

အဘိုးကြီးနှင့် အမျိုးသမီး ဘာတွေ ပြောနေကြမှန်း ကျန်နှစ်ယောက် မသိကြတော့ပေ ။ သူတို့အတွက် တခြား ဂြိုဟ်သားတွေ ပြောသည့်စကား ကြားနေရသလိုဖြစ်သည် ။

ဘာပဲဖြစ်ဖြစ် အမျိုးသမီး ပြောဆိုနေပုံကို ကြည့်ပြီး ကျေနပ်မှုရသည် ။

အဘိုးကြီးက စာရေးဆရာ ကပ်ဖကာ အကြောင်း ၊ ရဲတိုက်ဝတ္ထုအကြောင်း လုံးစေ့ပတ်စေ့ ပြောသည် ။

အမျိုးသမီးက စိတ်မဝင်စား သော်လည်း ဟန်မပျက် နားထောင်သည် ။

ကျန်နှစ်ယောက်ကတော့ ပျင်းလာသည် ။ တစ်ယောက်က ဆိုလျှင် တဝါးဝါး သမ်းသည် ။ ကျန် တစ်ယောက်က မျက်လုံးမှေးပြီး အိပ်ချင်ဟန်ဆောင်နေ သည် ။ သို့ပေမယ့် သူ့မျက်လုံးက ရှေ့တည့်တည့်ရှိ အမျိုးသမီးထံမှာ ရှိနေသည် ။

ရဲတိုက်ကထာ ဖွင့်နေသော အဘိုးကြီးက ဖြုန်းခနဲ ထိုင်ရာမှ ထလိုက်သည် ။ အိပ်ငိုက်နေသူ ဆတ်ခနဲ ဖြစ်သွားသည် ။ မျက်လုံးမှေးပြီး အိပ်ချင်ဟန် ဆောင်နေသူ ကတော့ ပုံစံမပျက် ။

အမျိုးသမီးကတော့ ထိုင်ရာမှ ထမည့်ဟန် ပြုလိုက်သည် ။

“ ထိုင်ပါ ၊ ကျုပ် ကိစ္စတစ်ခု သတိရလို့ ထလိုက်တာ ။ ကပ်ဖကာဘူတာရုံမှာ လူတစ်ယောက်နဲ့ ချိန်းထားတာ သတိရလို့ ။ ရထားမှား စီးလာတာ ခုမှပဲ သတိရမိတယ် ။ ရှေ့ဘူတာမှာ ဆင်းပြီး နောက်ကြောင်း ပြန်သွားရမယ် ။ ကဲ ... ကျုပ်ကို ခွင့်ပြုပါဦး ”

ဟု ပြောပြီး တွဲပြင်ပရှိ လူသွားစင်္ကြံမှာ မတ်တတ်ရပ်သည် ။

တွဲထဲတွင် မူလအတိုင်း လူသုံးဦးသာ ရှိနေသည် ။ အမျိုးသမီးက သူ့ မိကျောင်းသားရေအိတ်ထဲမှ ဟမ်းဖုန်းကို ထုတ်ပြီး တစ်နေရာသို့ ဖုန်းဆက်သည် ။

“ မစ္စခေးကိုလား ၊ ကျွန်မ စန္ဒာပါ ။ ပရပ်ကို ပြန်ရောက်နေပြီလား ”

စကားကို ခေတ္တရပ်ပြီး တစ်ဖက်မှ ပြောသံကို နားစွင့်နေသည် ။

သူက ချက် ဘာသာစကားဖြင့် ပြောနေသဖြင့် အခန်းထဲမှ လူနှစ်ဦး ဘာမှနားမလည် ။

“ ပရပ်နွေဦး နာမည်နဲ့ ရုပ်ရှင်ကား တစ်ကား ရိုက်ဖို့ စီစဉ်ထားတယ် ။ ဇာတ်လမ်းအကျဉ်းကို ဖက်စ်နဲ့ ပို့ပေးမယ်နော် ။ ဪ ... ဒါနဲ့ ကပ်ဖကာ တစ်ယောက်ကို ရထားပေါ်မှာ တွေ့လိုက်ရတယ် ။ ဟုတ်တယ် ။ သူက မြန်မာလူမျိုး တစ်ယောက် ပုံစံနဲ့ပေါ့ ။ ဒါပဲနော် ”

အမျိုးသမီးက ဟမ်းဖုန်းကို ပိတ်ပြီး ထိုင်ရာမှ ထလိုက်သည် ။ ရထားလူသွားစင်္ကြံ ရှိရာသို့ လျှောက်သွားသည် ။

လူသွားစင်္ကြံတွင် အဘိုးကြီး မရှိတော့ ။ ဘယ်ရောက် သွားသလဲဆိုသော သံသယဖြင့် နေရာအနှံ့ ကြည့်သည် ။

စင်္ကြံတွင်လည်း မရှိ ။

ကန်တွဲများတွင်လည်း လိုက်ရှာသည် ။ စောစောက သူနှင့် စကားပြောသည့် အဘိုးကြီး မတွေ့ရ ။

စိတ်ပျက်လက်ပျက်ဖြင့် မူလထိုင်ခဲ့သည့် ရထားတွဲသို့ ပြန်လာသည် ။

အမျိုးသမီး မိမိတို့ရှိရာ ပြန်ရောက်လာသည့် အတွက် ယောက်ျားသား နှစ်ယောက်က ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည် ။

အမျိုးသားနှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပြိုင်တူ ခေါင်းညိတ်ပြသည် ။

အိတ်ထဲကို ပြိုင်တူ နှိုက်ကြပြီး အမည် ၊ အလုပ်အကိုင် ရေးထားသော ကတ်ပြားကို ထုတ်ယူကြသည် ။ ပြီးသည်နှင့် အမျိုးသမီးကို လှမ်းပေးလိုက်ကြသည် ။

အမျိုးသမီးက ကတ်ပြားတွေကို ယူပြီး လက်ဆွဲအိတ်ထဲ ထည့်လိုက်သည် ။

ရထားက ခေမရဌ်ဘူတာတွင် ရပ်သည် ။

လမ်းက သည်မှာ ဆုံးပြီ ။

အမျိုးသမီးက အရှေ့ဘက်သို့ လျှောက်သွားသည် ။

အမျိုးသား သုံးယောက်တို့က တောင်ဘက်နှင့် မြောက်ဘက် ဆက်လျှောက်သွားသည် ။

ချုံနွယ်များ ပိတ်ဖုံးနေကြသည့် တောတောင်ထဲတွင် ရထားသည် ရပ်တန့်နေရာမှ ဆက်လက် မောင်းနှင်သွားသည် ။  ။

☐ မြတ်သစ်
📖မဟော်သဓာ မဂ္ဂဇင်း
     ၂၀၀၆ ၊ ဧပြီလ

No comments:

Post a Comment